ဒေါ်ဇာယု(စ/ဆုံး)
—————–
မြို့ကြီး ပြကြီး မျက်နှာကြီးတို့အိမ်မှ အတင်းပေါင်းစုံ အဖျင်းပေါင်းစုံ သတင်းပေါင်းစုံတို့သည် မော်တော်ကားဒရိုင်ဘာထံမှတစ်ဆင့် နီးစပ်ရာတွေကို ပေါက်ကြား ပျံ့နှံ့ကုန်သကဲ့သို့ ကျွန်ုပ်တို့ရွာကလေးအဖို့ အနှိပ်သည်ဒေါ်ဇာယုထံမှသာ အိမ်တိုင်းက အတွင်းရေးတွေကို ကြားသိနိုင်စရာရှိသည်။
ဒေါ်ဇာယုမှာ အသက်ငါးဆယ်ကျော်ခန့်ရှိပြီဖြစ်သော်လည်း သန်မာဖျတ်လတ်၍ အမြဲကျန်းမာလျက်ရှိသည်။ ရုပ်ရည်မှာလည်း သန့်သန့်ရှင်းရှင်း မွန်မွန်ရည်ရည်ပင် ဖြစ်သည်။ အကြောအခြင် နားလည်သည် မလည်သည်ကို ဒိဋ္ဌမပြောနိုင်သော်လည်း ခေါင်းကိုက်လျှင်လည်း ဒေါ်ဇာယုကိုသာ အနှိပ်ခိုင်းကြရသည်။ ဝမ်းနာ၊ လေထ ဘာပဲဖြစ်ဖြစ် နှိပ်လို့မှ မသက်သာလျှင် နင်းတန်နင်းပေးသည်။ အပူထုတ်တန် ထုတ်ပေးသည်။
ဒေါ်ဇာယုသည် အနှိပ်သည်သက်သက်သာမဟုတ်၊ ဝမ်းဆွဲ,မီးနေပညာတွင်လည်း အတော်ကျွမ်းကျင်သည်ဟု အယူရှိကြသည်။ ထိုပညာများမှာ ဒေါ်ဇာယု၏ အသက်မွေးမှု အသစ်ကလေးများသာ ဖြစ်သည်။ ထိုအလုပ်တွေအပြင် အပိုပညာလေးတွေလည်း ရှိပါသေးသည်။ နတ်ဝင်၊ စုန်းပူး၊ ဗေဒင်လက္ခဏာ ဒါတွေလည်း ဒေါ်ဇာယု မကြာမကြာ သမားဂုဏ်ပြတတ်ပေသေးသည်။
အမှန်စစ်စစ်ဆိုရလျှင် ဒေါ်ဇာယုသည် ဗဟုသုတကလေးတွေ အတော်ပြည့်ဝပါဘိသည်။ အကြောင်းစပ်မိတိုင်း ဘာပဲဖြစ်ဖြစ် သူတစ်ပါး နားထောင်လို့ကောင်းအောင် ယုတ္တိမရှိတာရော၊ ရှိတာရော စီကာစဉ်ကာ ပြောပြတတ်ပါသည်။ ဗုဒ္ဓဝင်အကြောင်း၊ သုံးဆယ်ခုနစ်မင်းအကြောင်း၊ ဇာတ်ကြီးဆယ်ဘွဲ့ အကြောင်း၊ ဘိုးစိန်၊ စိန်ကတုံး၊ ဆရာပု၊ ဦးဖူးညို၊ မထွေးလေး၊ အောင်ဗလ ဒါတွေကိုလည်း သူပြောတတ်သည်။ သရဲ၊ တစ္ဆေ၊ ဥစ္စာစောင့်အကြောင်းများ ပြောရမည်ဆိုလျှင်လည်း သူအနှိပ်ခံနေသော လူကိုသာမက အနားက လူတွေပါ တထိတ်ထိတ်နှင့် စိတ်ဝင်စားလာအောင် ဆွဲဆောင်နိုင်ပေသည်။ မပဋာ ကိုဒါသတို့ကဲ့သို့သော လွမ်းခန်းများဆိုလျှင်လည်း သူကိုယ်တိုင် မျက်ရည်ကလေး တစမ်းစမ်းနှင့် လွမ်းအောင်ဆွေးအောင် ကရုဏာသက်လာရအောင် စကားတန်ဆာဆင်နိုင်ပါသေးသည်။
ထို့ကြောင့် တစ်ရွာလုံးက ဒေါ်ဇာယုကို သူ့အနှိပ်ခံရင်း ဒဏ္ဍာရီတွေ၊ ပုံတိုပတ်စ ခုနစ်စဉ် အမျှင်တန်း စကားပြောကောင်းသည့်အတွက် ပို၍အသုံးပြုကြရသည်။ ထိုသို့သော ဒဏ္ဍာရီတွေကို ငြီးငွေ့ လာသောအခါ ရပ်ရွာထဲက အိမ်ထောင်ရေး၊ အိမ်တွင်းရေးကို တစ်အိမ်မှတစ်အိမ်သို့ ဖောက်သည်ချတတ်သည်။ ထိုအလုပ်က ပို၍ လူတွေကို စိတ်ဝင်စားစေသည်။ ပူပူနွေးနွေး သတင်းတွေ ဒေါ်ဇာယုထံတွင် အများကြီးရှိသည်။
“တစ်နေ့က မမင်းပုံ ဘေးထဲက ထိုးထိုးအောင့်တယ်ဆိုလို့ သွားနှိပ်ပါသတော်….၊ တကတဲ သူ့လင် ကိုရွှေလုံး မယားငယ်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လင်မယား ရန်ဖြစ်ကြတာနဲ့ ကျုပ်က ဝင်ဖြေရသေးတယ်၊ ကိုရွှေလုံးဆိုတဲ့ ကိုရွှေလုံးကလည်း ရိုးတယ် ရိုးတယ်နဲ့ မယားငယ်နေမယ့်နေတော့ မမင်းပုံရဲ့ တူမကလေးပါကလား၊ မမင်းပုံရဲ့ ညီမကမွေးတဲ့ ဟိုနန့်ပြာပြာ ကောင်မလေးဟာကော၊ သူ့နာမည်က ဘယ်သူတဲ့လေ အေးမေဆိုလား၊ အဲဒါ မမင်းပုံကတော့ သူ့အမျိုးဆို တယ်ပြီးပံ့ပိုးချင်တာ မဟုတ်လား။ ကောင်မလေးကို လုပ်လုပ်စားစားထားပြီး ခေါ်ခိုင်းထားရော၊ အဲဒါ ကိုရွှေလုံးက တစ်ညတော့ မီးဖိုချောင်ထဲမှာ ကောင်မလေးကို ဆွဲလား ဖက်လား လုပ်တာ သူကိုယ်တိုင် မြင်ရသတဲ့။ ဒီတုန်းကတော့ မမင်းပုံက အုပ်ထားသေးသပေါ့။ နောက်တော့ ကောင်မလေးကလည်း ခပ်ရွရွ၊ ကိုရွှေလုံးကလည်း ခပ်ထထ၊ တစ်အိမ်ထဲနေရင်း တွေ့ ကြရောပေါ့။ အဲဒါ ဆူကြတာပဲ၊ ဒါလည်း မမင်းပုံက ဆူမယ့်သာဆူတာတော်၊ သူကကော ကောင်းတာမှတ်လို့၊ ဟိုတလောက သူတို့အိမ်ကို ဆရာယောင်ယောင် ဘာယောင်ယောင် လူတစ်ယောက် ရောက်လာပါကောလား၊ အဲသည်ဆရာက မှော်လိုလို၊ အင်းလိုလို၊ ကမ္မဋ္ဌာန်းလိုလိုနဲ့ အိမ်ဦးခန်းမှာ ကန့်လန့်ကာကြီးချ ချပြီး ကန်တော့ပွဲတွေနဲ့ ထိုးလိုက်ရတဲ့ဆေး၊ ပေးလိုက်ရတဲ့လက်ဖွဲ့ ။ အဲဒါ တစ်နေ့တော့ ကျုပ်ကလည်း ငါးပိကလေး တစ်ကျိုလောက် သူတို့အိမ်သွားတောင်းတာ၊ ဟင့်အင်း မမင်းပုံအသံ မကြားပါကလားလို့ ကန့်လန့်ကာလည်း ဖွင့်ကြည့်မိရော၊ တကတဲ ပြော မပြောချင်ပါဘူး တော်ရေ၊ အဲသည် ဆရာရင်ခွင်ထဲမှာ မကြီးသားက အကြည်ဆိုက်နေလိုက်တာ။ ကျုပ်ဖြင့် မျက်စိမရဲလို့ ထွက်ပြေးလာခဲ့ရတယ်။ တော်တော်ကြာတော့ မမင်းပုံက ကပျာကယာ ခေါ်တဲ့ပြီး ငါးပိတစ်အိုးတောင် နှုတ်ပိတ်ခသဘောနဲ့ ပေးလိုက်သေးတယ် ဟဲ..ဟဲ…”
ဤလို အကြောင်းမျိုးကြားချင်လျှင် ဒေါ်ဇာယုကိုခေါ်၍ အနှိပ်ခံမှ ကြားနိုင်ကြပေသည်။ ထိုမှတစ်ပါး ဘယ်မိန်းကလေးနှင့် ဘယ်သူ့သား ကြိုက်နေကြသည်။ ဘယ်သူက ဘယ်သူ့ကို ခိုးပြေးသည် ဆိုတာမျိုးကိုလည်း ဒေါ်ဇာယုသာ အရင်ဆုံး သိလိုက်ပေသေးသည်။
ထိုကဲ့သို့ ဦးစွာပထမ သိလိုက်ခြင်းမှာ ဒေါ်ဇာယုတွင် ဒိဗ္ဗစက္ခု ဒိဗ္ဗသောတ ရှိ၍ကား မဟုတ်၊ သူတို့သူတို့ နှစ်ဦးကြားတွင် အောင်သွယ်ခ,စား၍ ဒေါ်ဇာယုကိုယ်တိုင် ဖူးစာရေးနတ် လုပ်ပေးမှုကြောင့်သာလျှင် ဖြစ်ပါသည်။ ကာယကံရှင်နှစ်ဦးကလွဲ၍ ဒေါ် ဇာယုသာ အတွင်းသိ အစဉ်းသိဆုံး ပုဏ္ဏားဒိုင်ကြီး မဟုတ်ပါလော။
ရွာထဲတွင် လင်ကောင်မပေါ်ဘဲ ကလေးမွေးခြင်း၊ ပဋိသန္ဓေကိုဖျက်ချရခြင်းတို့သည်ကား အဆမတန်သော နှုတ်ပိတ်လက်ခနှင့် ဒေါ်ဇာယု လုပ်ပေးရသည်။ ဒါပေမဲ့ တစ်ရက် နှစ်ရက်မကူးခင် ဒေါ်ဇာယုကား သူများကို တိုးတိုးတိတ်တိတ် ကျိတ်၍ပြောပြီး ဖြစ်တော့သည်။
“ညည်းကြားရင် ညည်းဝမ်းထဲ ထားနော်၊ ငါက ညည်းကိုယုံလို့ ပြောတာ”
အဲသည် ဒေါ်ဇာယု စကားလုံးများဖြင့် အစပြုပြီး နောက်ဆုံးပိတ်တွင်လည်း ဒီစကားလုံးနှင့်သာ ထပ်၍ ပိတ်လိုက်ခြင်းမှာ ဒေါ်ဇာယု၏ သောတရှင်တို့ လိုရာ ဓာတ်ပြားပင် ဖြစ်သည်။
ထို့ကြောင့် သူ့အကြောင်းကို လူတိုင်းလိုလို သိနေကြသဖြင့် “ဒေါ်ဇာယုကြီး ရှေ မှာ ဘာမှ မပြောကြနဲ့နော်၊ ဒီမိန်းမကြီးက တစ်အိမ်ကစကား တစ်အိမ်ပို့ပြီး ရွာလည် အတင်းပြောနေတော ကြားလား” ဟု ဆိုစမှတ်ပြုကြစေကာမူ ဒေါ်ဇာယုကြီးကိုတော့ ဘယ်သူမှ မမုန်းရက်ပေ။ အကြောင်းရှိရှိ၊ မရှိရှိ နည်းနည်းကလေး ညောင်းလျှင် အကြောအခြင်တောင့်တင်းလျှင်၊ ဒါမှမဟုတ်ဘဲ အပျင်းငြီးငွေ့ လျှင် ဒေါ်ဇာယုကိုသာ ခေါ်ကြရသည်။ ဒေါ်ဇာယုကိုသာ အဖော်ပြုကြရသည်။ စကားစမြီ ပြောကြရသည်။
တစ်နေ့သော် သူကြီးကတော်က ဒေါ်ဇာယုကို သူ့စိန်လက်စွပ် ခိုးသွားပါသည်ဟု စွပ်စွဲသော သတင်းမှာ တစ်မုဟုတ်ချင်း ရွာတွင်းသို့ ပျံ့နှံ့သွားတော့သည်။ ထိုသတင်းကို ဘယ်သူကပြောသနည်း၊ ဒေါ်ဇာယုကြီးပင် သူ့အကြောင်း သူလည်၍ ပြောပါသည်။ ဒေါ်ဇာယုဆိုသော ဒေါ်ဇာယုကား သူများအကြောင်း ဖောက်သည်ချ၍ အားရသည် မဟုတ်၊ သူ့အကြောင်းလည်း သူဖော်ပြပါသည်။
“တကတဲတော်၊ ၊ ဘုရားပေးပေး ကျမ်းပေးပေး ကျုပ်တို့များ သူတစ်ပါးပစ္စည်းဆို အပ်တစ်ချောင်းတောင်မှ မပေးဘဲ မယူခဲ့ပါဘူး၊ ယူဖို့ထားလို့ စိတ်ထဲကတောင် မပြစ်မှားခဲ့ဖူးပါဘူး၊ ကာလနာတိုက်သေရစေရဲ့။ သူက ကုတ်ကြောကလေး တစ်ချက် နှစ်ချက် လျှော့ပေးစမ်းပါ ခိုင်းလို နှိပ်ပေးနေပါတယ်၊ ကွမ်းတစ်ယာညက်လောက်ကျတော့ သူ အိပ်ပျော်သွားတာနဲ့ ထ ပြန်လာခဲ့တာပဲ၊ သူ့စိန်လက်စွပ်ဆိုလို့ မြင်တောင် မမြင်မိခဲ့ပါဘူး။ အေး ..တစ်ခုတော့ရှိရဲ့၊ ဆေးလိပ်တိုကလေး တစ်တိုတော့ ညှိသောက်ခဲ့မိတယ်။ မိဇာယု အသက်ခြောက်ဆယ်ပြည့်တော့မယ်၊ တစ်ခါမှ ဒီလို စွပ်စွပ်စွဲစွဲ မခံခဲ့ရပါဘူး။ တစ်သက်လုံး အိုးစွပ်မစား၊ ခွက်စွပ်မစားတော်၊ အံ့ အံ့ရသေး”ဟု ဒေါ်ဇာယုက ပြောလေသည်။
သူကြီးကတော် မရွှေဆင့်အပြောကတော့ “သူအိပ်ပျော်နေတုန်း စိန်လက်စွပ်ကို သူ့လက်သူကြွယ်က ဖြုတ်ယူသွားဟန်တူကြောင်း၊ ရေချိုးပြီး သနပ်ခါးလိမ်းနေစဉ် မီးယပ်ကြောတက်သလိုလို ရှိတာကြောင့် ဒေါ်ဇာယုကို ခေါ်၍ တစ်ချက်နှစ်ချက် အနှိပ်ခံမိကြောင်း၊ စကားတပြောပြောနှင့် နှိပ်နေရာက သူ အိပ်ပျော်ခါနီးတွင် ခြေတွေ လက်တွေ ချိုးပေးသေးကြောင်း၊ လက်စွပ်မှာ သူကြီးလုပ်ပေးကတည်းက ခပ်ချောင်ချောင်ဖြစ်နေ၍ အလွယ်တကူ ချွတ်ယူသွားနိုင်စရာရှိကြောင်း၊ အိပ်ရာကနိုး၍ ကြည့်လိုက်သောအခါ ဒေါ်ဇာယုရော လက်စွပ်ပါ မရှိတော့ကြောင်း၊ သူ့အိမ်ကိုလည်း ထိုနေ့က ဘယ်သူမှ မလာကြောင်း” တို့ကို သူ့လင် သူကြီးမင်းအား မကြွင်းမကျန် အစစ်ခံတော့သည်။
ထိုကိစ္စမှာ လွယ်လွယ်ကူကူနှင့် ပြီးပျောက်သွားနိုင်သော ကိစ္စမဟုတ်ပေ။ သူကြီးကတော်ရင့်မကြီး၏ အမှုတစ်ခုဖြစ်သောကြောင့် သူကြီးကိုယ်တိုင် ဒေါ်ဇာယုကို ခေါ်၍ စစ်ဆေးရပြန်သည်။
“မဟုတ်ရပါဘူး သူကြီးရယ်၊ တော်တို့ဥစ္စာက မရှိခိုးနိုးနိုး မလှစုန်းယိုး ထင်ကြတာကိုး”
“ကျုပ်က ရုံးတွေ ဂါတ်တွေ မရောက်စေချင်လို့ ကျိတ်မေးနေတာ ဒေါ်ဇာယုရေ၊ ဒါဟာ ပုဒ်မ ၃၇၈ ရာဇဝတ်မှုလို့ ခေါ်တယ်၊ နားလည်လား။ ထောင်ကျနိုင်တယ်၊ နောက်ပြီး ဂါတ်ရောက်သွားရင် ရဲတွေရိုက်နှက်ပြီး စစ်ချင်ရင် စစ်တတ်ကြတာ”
“ဒါတော့တော်၊ ဘုရားနဲ့သိကြားက ကြည့်မနေပါဘူး။ ကျုပ် မယူတာတော့ အိမ်တွင်းမဟာဂီရိလည်း သိမှာပဲ”
“ခင်ဗျား နတ်တွေကို တိုင်တည်မနေနဲ့၊ ဥပဒေနဲ့ စကားပြောရင် နတ်တွေက တရားဝင်တာမဟုတ်ဘူး၊ နို့ ဟိုတစ်နေ့က မြင်းခြံရှာနီ စောင်သည်တွေ လာလို့ စောင်နှစ်ထည်ကို ငွေတစ်ဆယ်နဲ့ ဝယ်လိုက်တာဟာ ဘယ်ကရတဲ့ ပိုက်ဆံတုံး”
ရွာသူကြီးကား ခေသူမဟုတ်ပါ၊ သူ့ရွာမှတော့ စုံထောက်မောင်စံရှားပင် ဖြစ်ပါသည်။ ဒီလိုမေးလိုက်တော့ ဒေါ်ဇာယုကြီးမှာ မျက်နှာပျက်၍ စကားများ ဆွံ့ ထစ်၍ သွားပါသည်။
“ဒါကတော့ မယုံရင် မေးကြည့်ပါ။ ဖိုးငွေသမီး တိတ်တိတ်ကလေး ကိုယ်ဝန်ဖျက်ပေးရလို့ ရတဲ့ ငွေစပါ” ဟု သက်သေထူပြလိုက်ပါသေးသည်။
သို့သော် သူကြီးကတော်က မကျေနပ်။ သူကြီးကိုယ်တိုင်လည်း မကျေနပ်၊ ထို့ကြောင့် ဒေါ်ဇာယုကို ချော့၍တစ်မျိုး၊ ချောက်၍တစ်သွယ် အမျိုးမျိုးစစ်ကြည့်ရာ ဒေါ်ဇာယုကတော့ “ဘူး”ခံ၍သာ နေတော့သည်။
“ရှင်-ကိုစံမင်းရဲ့၊ ဒီမိန်းမကြီးကို မြို့က ဂါတ်သာ ပို့လိုက်ပါ၊ ပေါ်ပါလိမ့်မယ်….” ဟု သူကြီးကတော် မရွှေဆင့်က သူ့ယောက်ျား အာဏာပိုင်ကို သွေးထိုး၍ပေးတော့သည်။
“ငါက သနားလို့ပါကွာ၊ သူ့ခမျာ အိုကြီး အိုမနဲ့”
“သနားတာက အရေးမကြီးဘူးတော့၊ ကျုပ်တို့အိမ်ပေါ်မှာ ပျောက်တာမှ ရအောင် မစစ်နိုင်ရင် တော် ခွေးဖြစ်မှာစိုးလို့ ပြောရတာ”
“မင်းဟာ ဘာစကားလဲကွ”
“တော့်ကို ခွေးလို့ ပြောတာမဟုတ်ပါဘူး၊ သူကြီးကတော်ပစ္စည်း သူကြီးအိမ်ပေါ် မှာ ပျောက်တာ တရားခံမမိရင် တော် စောက်ရှက် မကွဲပေဘူးလား”
သူကြီး ကိုစံမင်းသည် မဟာအရှက်တော်ကွဲမှာကိုတော့ သူကြီးကတော် ပြောပြမှ သတိရ၍ အတော်ကြီး စိုးရိမ်မိရှာသည်။
“အေးကွာ၊ အရုပ်ဆိုးလှတယ်”
မကြာခင်ပင် အဆင်သင့်ရောက်လာသော နယ်လှည့် ရဲအရာရှိများနှင့် ဒေါ်ဇာယုကို မြို့သို့ ထည့်လိုက်သည်။ သူကြီးအပြောတော့ မိန်းမကြီးကို ချောက်ရုံလှန်ရုံလောက်ပါပဲ။
နောက်တစ်ရက်ကျလျှင်ပင် ဒေါ်ဇာယုကြီး ရွာကို ပြန်ရောက်လာသည်။ ရဲဌာနတွင် ဘယ်လို လုပ်၍ ဘယ်လို အစစ်ခံခဲ့သည်ကိုတော့ ရွာသူရွာသားတွေ အတိအကျ မသိ။ သူကြီးကတော် စိန်လက်စွပ်ကို သူကိုယ်တိုင်ယူမိကြောင်း၊ ငွေတစ်ရာနှင့် ရောင်းစားလိုက်ပြီး ငွေခြောက်ဆယ်ကျန်သေး၍ သူကြီးကို ပြန်ပေးကြောင်း၊ လက်စွပ်မှာ တစ်ရာအစိတ်တန်ဖြစ်သောကြောင့် ကျန်ငွေ ခြောက်ဆယ့်ငါးကျပ်ကို တစ်လ ငါးကျပ် ပေးဆပ်ပါမည်ဟု ကတိခံဝန်နှင့်ပြန်လာရကြောင်း၊ ဟိုးဟိုးကျော်သွားတော့သည်။
ဒီစကားနှင့်ပတ်သက်၍ ဒေါ်ဇာယုကြီးထံမှကား…“ဘုရား သိပါသတော်” ဟူသော စကားတစ်လုံးသာ ဖြစ်တော့သည်။ ထိုစကားမှလွဲ၍ ဘာမှမကြားရ။ ခါတိုင်းပြောနေကျ အတင်းအဖျင်း စကားတို့ပင် ဒေါ်ဇာယုကြီး နှုတ်ပါးစပ်မှ ထွက်၍မလာတော့ပေ။ သူ့အမူအရာများမှာ ရက်ရှည်လများ နာတာရှည်ဖျားရာက မသေရုံတစ်မည်နှင့် နာလန်ထ,လာရသော လူမမာကြီးကဲ့သို့ ဖြစ်နေပေတော့သည်။ အိုမင်းခြင်းမှာ ထိုနေ့ကစ၍ ဒေါ်ဇာယုကို နှိပ်စက်လေတော့သည်။ ရှေးက ဖျတ်လတ်သမျှ ငိုင်တွေ ဝမ်းနည်း၍သာနေသည်။ အမယ်ကြီး ကြီးတောင့်ကြီးမားနဲ့မို့ ရွက်နာကျနေပြီဟု သူကြီးကတော်က အကြောင်းပြလေတော့သည်။
ခါတိုင်း ခါတိုင်းဆိုလျှင် အနှိပ်ခံလိုသူများက ဒေါ်ဇာယုကို တကူးတက သွား၍ သူ့တဲစုတ်ကလေးတွင် ခေါ်ကြရသည်။ ယခုကား … ဒေါ်ဇာယုကိုယ်တိုင် တစ်အိမ် တက်ဆင်း “အနှိပ်အနင်းကလေးများ ခံကြဦးမလား တော်ရေ” ဟုမေး၍ ငွေကလေး ကြေးကလေး ရအောင် စုရရှာတော့သည်။ သူ့ခမျာ စားစရာမရှိပေမယ့် လျော်စရာရှိရပေတော့မည် မဟုတ်လော၊ တစ်လလျှင် ငွေငါးကျပ်။
ဒီလို တစ်လမှ နှစ်လ၊ နှစ်လမှ သုံးလ။ ဒေါ်ဇာယုကြီး၏ဇရာမှာ ဗျာဓိပါတိုး၍ အမျိုးမျိုး ခံစားရတော့မည်။ လေးလစေ့ ရောက်သောနေ့တွင်ကား သူကြီးအိမ်ကို တုန်တုန်ယင်ယင်နှင့်လာ၍ ငွေငါးကျပ် မပေးနိုင်သေး၍ တောင်းပန်စကား ပြောကြားသေးသည်။ တကယ်ဆိုတော့ သူကြီးကတော်ကိုယ်တိုင် ဒေါ်ဇာယုကြီးကို ရက်စက်သူမဟုတ်ပါပေ။ မဟာအရှက်တော် ကွဲမှာစိုး၍သာ ခိုးသူကို မရအရ ရှာသည်။ ဒေါ်ဇာယုကြီး လက်သည်လုပ်ပေး၍ သားဦးကလေး ချောချောမောမောနှင့် မွေးခဲ့ရသည် မဟုတ်ပါလော။
နောက်တစ်နေ့ မိုးလင်းလျှင်မိုးလင်းချင်း ရွာထဲတွင် အုပ်မရဆိုင်းမရသောသတင်းကား သူကြီးသားကလေး ဆော့ရာက သူကြီးကတော် စိန်လက်စွပ် အိမ်အောက်က ပြန်တွေ့ သည် ဟူသော အကြောင်းပင် ဖြစ်သည်။
သူကြီးနှင့် သူကြီးကတော် မရွှေဆင့်တို့သည် ရင်ထုမနာဖြစ်ကာ ရေးကြီးသုတ်ပျာနှင့် ရွာဖျားက ဒေါ်ဇာယု တဲကလေးသို့ လိုက်ကြသည်။ သူတို့ကား ဒေါ်ဇာယုကို တွေ့ ပါ၏။
ဒေါ်ဇာယုမှာ စိတ်ဆင်းရဲ အထွတ်အထိပ်မှ ကျော်လွန်ကာ သူ့အိပ်ရာကလေးပေါ်တွင် အေးမြ တိတ်ဆိတ်ရာ ဘဝသို့ ကူးပြောင်းသက်ဝင်သွားပြီတကား။
—————
#သုခ
#သောကြာကြိုက်သောစာစုများမှ