နတ်နဂါးအင်း (စ/ဆုံး)
~~~~~~~~~~~~
မူရင်းရေးသူ_ ဆရာတာတေ
ဘိုးရာစီက ဘန့်ဘွေးကုန်းကဗျ။
ကျုပ်သူငယ်ချင်း သိန်းဇော်တို့နဲ့တောင်သားချင်းတော်တယ်။
ဘိုးရာစီ ဆယ့်ငါးနှစ်သားလောက်ကရိုးမထဲမှာ မြွေလာဖမ်းတဲ့
အလမ္မာယ်ဆရာတစ်ယောက်နဲ့တွေ့ပြီးတစ်ခါတည်း လိုက်သွားလိုက်တာ အသက်သုံးဆယ်မှရွာပြန်ရောက်လာတာဆိုပဲ။
ပြန်ရောက်လာပေမယ့် ခဏပဲတဲ့ဗျ။သူအမေကို သူရှာလို့
ရထားတဲ့ငွေတွေ လာပေးတာတဲ့။ငွေမှ မနည်းဘူးတဲ့ဗျို့။
တစ်သောင်းကျော် နှစ်သောင်းနီးပါးတဲ့ဗျ။
ဒီတုန်းက ငွေနှစ်သောင်းဆိုတာ နည်းတဲ့တန်ဖိုးမှ မဟုတ်တာ။
ဘိုးရာစီရဲ့ အမေက ရွာမှာ တိုက်တွေဘာတွေ ဆောက်ပစ်ပြီး
ယာတွေမှ ဝယ်ထားလိုက်တာ လက်ညှိုးထိုးမလွဲဘဲတဲ့ဗျို့။
ဘိုးရာစီ မြွေနိုင်ချက်တော့ဗျာ။ လမ်းမှာ သွားရင်းတွေ့တဲ့
မြွေတိုင်း ခေါင်းကို မြေကြီးမှာချပြီး အရိုအသေပေးကြတာတဲ့ဗျို့။
ဘိုးရာစီကတော့ ရွာမှာ ခဏပဲနေပြီး ပြန်သွားတာတဲ့ဗျ။
မြန်မာပြည်အနှံ့ လှည့်ပတ်ပြီး မြွေအလိမ္မာယ်ပြနေတာတဲ့ဗျာ။
ဘုရားပွဲကြီးတွေမှာဆိုရင် ဘိုးရာစီက ရုံသွင်းပြီးတော့ကို
ပြတာဆိုပဲ။ ဆိုင်းဝိုင်းနဲ့ တီးပြီး မြွေတွေနဲ့ သူနဲ့ ကပြတာဆိုပဲဗျာ။
ဘိုးရာစီက အသက်ခြောက်ဆယ်ပြည့်တော့
အလမ္မာယ်ဆရာအလုပ်ကို အပြီးတိုင် စွန့်လွှတ်ပြီး
ရွာမှာ ပြန်နေတာဗျ။ဘိုးရာစီက အိမ်ထောင်မရှိတဲ့
လူပျိုကြီးဆိုတော့ တူတွေ တူမတွေက သူ့ကိုစောင့်ရှောက်ကြတယ်။
ဘိုးရာစီ ဆောက်ပေးထားတဲ့ တိုက်မှာ နေကြပြီး
ဘိုးရာစီ ဝယ်ပေးထားတဲ့ ယာတွေမှာ လုပ်ကိုင်စားကြတာလေဗျာ။
ဘိုးရာစီကို သူတို့စောင့်ရှောက်ကြတာပေါ့။
ဘိုးရာစီက ဘန့်ဘွေးကုန်းမှာ ဘုန်းကြီးကျောင်း
ဆောက်လှူတယ်။ဥပုသ်နေ့တိုင်း ဥပုသ်စောင့်တယ်။
ဘယ်တော့မှ အသားမစားဘူး။သက်သက်လွတ်ပဲစားတယ်။
ဘိုးရာစီ အလွတ်နေတယ်လို့ ကျုပ်တော့ တစ်ခါမှ မမြင်ဖူးဘူး။
လက်ထဲမှာ ပုတီးတစ်ကုံးကိုင်ပြီး အမြဲစိတ်နေတဲ့
အဘိုးကြီးဗျ။ပိုးထိလို့ကတော့ ဘိုးရာစီကိုသာ
ပြေးပင့်ပေတော့ဗျာ။အသက်သာ မှီပစေ။ဘယ်တော့မှ
မသေစေရဘူးဗျ။
ကိုက်တဲ့မြွေကို ချက်ချင်း
အမိန့်ပြန်ပြီး ခေါ်လိုက်တာဗျ။ ရောက်လာတဲ့ မြွေကို …
“နင်အဆိပ် နင်ပြန်စုပ်”
ဆိုပြီး အမိန့်ပေးလိုက်တာနဲ့ ကိုက်တဲ့ မြွေက ချက်ချင်းကို
အဆိပ်စုပ်ပေးရတာဗျ။သူကိုက်ထားတဲ့ အစွယ်ရာကနေပြီး
အဆိပ်တွေကို စုပ်ပေးတာ။
အောက်က ငှက်ပျောဖက်တော့
ခံပေးထားရတယ်။အဆိပ်မည်းမည်းကြီးတွေက
ငှက်ပျောဖက်ပေါ်ကို စီးကျလာတော့တာပဲဗျာ။
အဆိပ်ကုန်ပြီဆိုရင် နောက်က သွေးလိုက်လာတယ်။
“နင်အဆိပ် ကျန်သေးလား။ကုန်အောင်စုပ်။
ကုန်ရင် သွားတော့”
လို့ အမိန့်ပေးတော့မှ လူကို ကိုက်တဲ့မြွေက
အိမ်ပေါ်ကနေ လျှောကနဲ ဆင်းသွားတာဗျို့။
အဆိပ်တက်နေတဲ့ လူလည်း သတိရလာပြီး
အကောင်းပကတိဖြစ်တော့တာ။မြွေက အဆိပ်ကို
စုတ်ချလိုက်တာနဲ့ အဆိပ်ပြန့်ပြီး ပြာနှမ်းနေတဲ့
အသားအရောင်ကနေ တဖြည်းဖြည်း သွေးရောင်
သမ်းလာပြီး နောက်ဆုံးတော့ သတိပြန်ရလာတော့တာပဲဗျ။
ကျုပ်တို့ရွာမှာ ကထိန်တို့ ဘုရားပွဲတို့ရှိမှ
ဘိုးရာစီ လာတာဗျ။တော်ရုံတန်ရုံ
အလှူအတန်းလောက်ဆိုရင်
မလာဘူးဗျ။ဘန့်ဘွေးကုန်းက သူဆောက်ပြီး
လှူထားတဲ့ ကျောင်းထဲမှာပဲ ပုတီးစိပ်နေတော့တာ။
သူ့လှူတဲ့ အုတ်ကျောင်းအဝင်ပေါက်မှာ
သူ့အလှူကို ကမ္ပည်းထိုးထားတာ။
“မြွေအလမ္ပာယ်ဆရာ မောင်ရာစီ ကောင်းမှု” တဲ့ဗျို့။
ကထိန်ဘုရားပွဲကို ဘိုးရာစီ လာပြီဆိုလို့ကတော့
ကျုပ်တို့လူငယ်တွေဆိုတာ ဘိုးရာစီနားမှာ
ဝိုင်းပြီး ဘိုးရာစီ ပြောပြတဲ့ မြွေတွေ အကြောင်းကို
တအံ့တသြ နားထောင်ကြရတာပေါ့ဗျာ။
အဲဒီအထဲမှာ အင်မတန်မှ စပ်စုတဲ့ တာတေဆိုတဲ့
ကျုပ်က ဘိုးရာစီရဲ့ ရှေ့တည့်တည့်ကပေါ့ဗျာ။
ပြောရဦးမယ်ဗျို့။တစ်ခါတုန်းက ကျုပ်တို့ဝိုင်းထဲကို
နဂါးဝင်လာတာကိုလည်း ဘိုးရာစီပဲ လာပြီးဖမ်းပေးတာဗျ။
အဲဒီနဂါးကို ရိုးမတောထဲအရောက် ဘိုးရာစီ
လွှတ်ပေးတာဗျို့။(အဲဒီအကြောင်းကို ဖတ်ချင်ရင်တော့
တစ္ဆေမျက်လုံးမဂ္ဂဇင်း ။ အမှတ် – ၃ မှာ ရှာပြီး
ဖတ်ကြည့်ဗျာ။ကျုပ်ရေးထားပါတယ်)
ဘိုးရာစီပြောပြတဲ့ မြွေတွေအကြောင်းက
တော်တော်ကို စိတ်ဝင်စားဖို့ ကောင်းတာဗျ။
“မြွေဆိုတာ တော်တော်ထူးဆန်းတဲ့ သတ္တဝါကွ။
မောင်တာတေရဲ့။တစ်ကမ္ဘာလုံးမှာ ပျံ့နှံ့နေတဲ့
မြွေအမျိုးအစားတွေ တော်တော်များတာကွ။
ဒါပေမဲ့ ထူးခြားတာက ဒေသတစ်ခုမှာရှိတဲ့
မြွေတွေဟာ တစ်ကောင်နဲ့တစ်ကောင်
စိတ်ချင်းဆက်သွယ်နိုင်တယ်ကွ”
“ဘိုးရာစီတို့ မြွေတွေဖမ်းရင်း ဘယ်လိုများ
လိုက်ရှာတာတုံးဗျ”
ကျုပ်ကလည်း လွှတ်စပ်စုတဲ့ကောင်လေဗျာ။
ကျုပ်က နှိုက်နှိုက်ချွတ်ချွတ်တွေမေး။ဘိုးရာစီက
စိတ်ရှည်လက်ရှည်နဲ့ဖြေ။ကျန်တဲ့ကောင်တွေက
မေးစေ့ကို လက်ထောင်ပြီး နားထောင်ကြပေါ့ဗျာ။
“ဒါကတော့ အလမ္ပာယ်ဆရာရဲ့
ပညာအဆင့်အတန်းပေါ်မှာမူတည်တာပေါ့ကွာ။တော်တော်များများကတော့တောထဲ တောင်ထဲတွေမှာ လိုက်ရှာကြရတာပေါ့ကွာ
ဘိုးကတော့ အဲဒီလို လိုက်ရှာစရာ မလိုပါဘူး။
ဘိုးရဲ့ဆရာက အင်မတန် ပညာမြင့်တာကွ။
သူ မသေခင်မှာ သူ့ပညာတွေ ဘိုးကို အားလုံးပေးခဲ့တော့
ဘိုးက သူမြွေရှာသလိုပဲ ရှာတာပေါ့ကွာ”
“ဟင်…ဘိုးက ဘယ်လိုရှာတာတုံးဗျ”
“တောနယ်ထဲကိုတော့ ဝင်ရတာပေါ့ကွာ။
တပည့်က မြွေပခြုပ်တွေထမ်းပြီး လိုက်ကြတာပေါ့။
တောထဲရောက်တာနဲ့ မန္တန်တွေ မန္တရားတွေ
ရွတ်ဖတ်ပြီး အမိန့်ပြန်လိုက်ရင် တစ်ထွာသာသာရှိတဲ့
မြွေနီလေးတစ်ကောင် ရောက်လာတယ်ကွ။
အဲဒီမြွေနီလေးကို အကောင်တိုတိုသေးသေးလေးဆိုပြီး
မထေမဲ့မြင်တော့ မလုပ်နဲ့ဟေ့။အဲဒီအကောင်ပေါက်ရင်
အစွယ်ချွတ်တာနဲ့ အသက်သေရောကွ”
“ဟာ အဆိပ်ပြင်းလှချည်လား ဘိုးရဲ့။
အဲဒါ ဘာမြွေတုံးဗျ”
“နဂါးလေကွာ။
တောင်နဂါးမျိုးပေါ့။သူက အဲဒီဒေသက
မြွေတွေအားလုံးရဲ့ အချုပ်ပဲ။မြွေအားလုံးကသူ့အမိန့်ကို နာခံကြရတယ်”
“အဲဒီ တောင်နဂါးတွေက အနီရောင်ချည်းပဲလား ဘိုးရဲ့”
“ဟာ မဟုတ်ဘူး မောင်တာတေရဲ့ အဖြူရောင်
အစိမ်းရောင်တွေလည်း ရှိတယ်။အဖြူရောင်က
အဆင့်အမြင့်ဆုံးကွ”
“သြော် ဒီလိုခွဲထားတာလား ဘိုးရဲ့”
“အေး ဟုတ်တယ် မောင်တာတေ ။
ဒါကြောင့် ဘိုးပြောတာပေါ့မြွေဆိုတာ စိတ်ဝင်စားစရာ
အကောင်းဆုံးသတ္တဝါပဲလို့”
“နေပါဦး ဘိုးရဲ့။စောစောကပြောတဲ့
တောင်နဂါးအနီလေးကို ဘိုးက ဘာလုပ်တာတုံး”
“သူကို ဘိုးလိုချင်တယ် မြွေတွေပြောပြရတာပေါ့ကွ။
မြွေဟောက်ကြီး ဘယ်နှကောင် လိုချင်တယ်။
အရှည်က ဘယ်နှပေလောက် ။
လုံးပတ်က ဘယ်လောက်
ပြီးတော့ ငန်းမြွေကြီးက ဘယ်နှကောင် လိုချင်တယ်
အရွယ်က ဘယ်လောက်ရှိရမယ်ပေါ့”
“ဟာ …ထူးဆန်းလှချည်လား ဘိုးရဲ့။
ဒီတောင်နဂါးက လူစကား နားလည်လို့လားဗျ”
“ဟာ …နားလည်ပါပြီလား မောင်တာတေရယ်
တောထဲကို ချက်ချင်းပြန်ဝင်သွားတယ် အေး ပြောရဦးမယ်ကွယ့်
အဲဒီလို မြွေလိုချင်တဲ့အကြောင်း ပြောတဲ့အခါမှာ
တစ်ခါတည်း ထည့်ပြောရတာရှိတယ်။
အဲဒါ ကတိပဲဟေ့ ။ အခု ယူသွားမယ့်မြွေတွေကို
နှစ်နှစ်ဖြင့် နှစ်နှစ် သုံးနှစ်ဖြစ် သုံးနှစ်ပေါ့ကွာ
ခိုင်းစားပါ့မယ် ရက်ပြည့်တာနဲ့ ပြန်လွှတ်ပေးမယ်လို့
ကတိပေးပါတယ်”
“သြော် …အဲဒီလို ပြောရတာကိုး”
“အေး…အဲဒီမြွေနီလေး ပျောက်သွားပြီ တော်တော်လေးကြာရင်
မြွေတွေရောက်လာပြီး ပခြုပ်တွေနားမှာ ခွေနေတော့တာကွ။
အဲဒီမှာ ကိုယ်က ဒီကောင်တွေကို စောစောက မြွေနီလေးကို
ပေးတဲ့ ကတိကို ထပ်ပြောရတယ်။
အဲဒီလို ပြောပြီးတာနဲ့ဒီမြွေတွေကို ဘိုးပိုင်သွားတာပဲ။
တစ်ကောင်ချင်းကောက်ပြီးပခြုပ်တွေထဲ ထည့်ရုံပဲကွ။
မြွေဟောက်တွေက ပခြုပ်တစ်လုံးငန်းမြွေတွေက ပခြုပ်တစ်လုံး။
စပါးအုံက တစ်လုံး။ငန်းတော်ကျားက တစ်လုံးပေါ့ကွာ။
အမျိုးအစားလိုက်ခွဲပြီးထည့်ရတာကွ။
ပြီးရင်တော့ မန္တန်တွေ ရွတ်ဖတ်ပြီး
ယဉ်ပါးလာအောင် သင်ရတာပေါ့ကွာ။နောက်ဆုံးတော့
ဆိုင်းတီးပေးရင်း သီချင်းဆိုပေးရင် ကတဲ့ကွာအဆင့်
ရောက်လာတော့တာပေါ့ကွာ။ဒီတော့မှ အလမ္ပာယ်ပြစားလို့
ငွေရတာပေါ့ကွာ”
ကျုပ်က ဘိုးရာစီ ပြောတာကို နားထောင်နေရင်းနဲ့
တစ်ခုခုကို တွေးမိသွားတယ်ဗျို့။
“ဘိုး ကျုပ် မေးပါရစေဗျာ”
“မေးလေ မောင်တာတေ ဘာများတုံး”
“အဲဒီမြွေတွေကို ရက်စေ့သွားလို့ ပြန်မလွှတ်ရင်
ဘာဖြစ်တုံးဗျ”
“အင်း မြွေအလမ္ပာယ်ဆရာ မြွေကိုက်လို့ သေတယ်ဆိုတာ
အဲဒါပဲ မောင်တာတေရဲ့ ။ နတ်နဲ့နဂါး မလှည့်စားနဲ့ဆိုတာ
ဒါကို ပြောတာပဲ။ဒီမြွေတွေကို ကြည်ကြည်ဖြူဖြူနဲ့
ထည့်ပေးလိုက်တဲ့ တောင်နဂါးက အချိန်စေ့ကာနီးရင်
နတ်မိစ္ဆာတစ်ကောင်ကို လွှတ်ပြီး သတိပေးခိုင်းတယ်”
“ဟင် ဟုတ်လား ဘိုး”
“အေး …ဟုတ်တယ် မောင်တာတေရဲ့ ။
အိပ်မက်ပေးတာပေါ့ကွာ။
ခေါင်းမှာ ရှပ်ပန်းထည်အနီပတ်ပြီး
ဘောင်းစနှစ်ဖက်ချည်ထားတဲ့
နတ်မိစ္ဆာက ကြောက်စရာကောင်းတဲ့
အကြည့်မျိုးနဲ့ ကြည့်ပြီး’ကိုယ်ကတိ ကိုယ်တည်ပြီး
မြွေတွေကို ပြန်လွှတ်ပေးတော့’လို့ ပြောပြီးပျောက်သွားတာကွ။
တကယ်လို့ ကိုယ်က
သတိတရနဲ့ ဘယ်နေ့ဘယ်ရက်မှာဖြင့် ရက်စေ့ပြီဖြစ်လို့
မင်းတို့ကို ပြန်လွှတ်ပေးမယ်လို့ ကိုယ်မြွေတွေကို
ပြောထားရင်တော့ အဲဒီနတ်မိစ္ဆာ မလာဘူးကွ။
ဘိုးကတော့ လွှတ်ရမယ့်ရက်စွဲကို
အမြဲရေးမှတ်ထားတာဆိုတော့ နတ်မိစ္ဆာလာဖို့ မလိုဘူးပေါ့ကွာ”
“သြော် …မြွေတွေက
တော်တော်အံ့သြစရာကောင်းတာပါလား ဘိုးရဲ့”
“အေး အဲဒီလို သတိပေးရဲ့သားနဲ့မှ ဂရုမစိုက်ဘဲ
ပြန်လွှတ်မပေးရင်တော့ မြွေလမ္ပာယ်ဆရာ
ဘာမန္တန်ရွတ်ရွတ် မစွမ်းတော့ဘူးကွ။
အဲဒီရက်ကျော်တဲ့မြွေ ကိုက်တာခံရပြီသေတော့တာပေါ့ကွာ”
“ဆေးမြန်မြန်ကုနိုင်ရင်တော့ အသက်ရှင်မှာပေါ့နော် ဘိုး”
“မရဘူး မောင်တာတေ ။အဲဒီလို ဖြစ်လို့ကတော့
ဘာဆေးမှကို မမှီဘူးကွဲ့။မြွေကို နတ်မိစ္ဆာဝင်စီးပြီး
ကိုက်တာလေ”
“ဟာ ဟုတ်လား ဘိုး”
“နတ်နဲ့ နဂါးကို မလှည့်စားရင် ကိုယ့်ကို အကူအညီပေးတဲ့
မြွေတွေအပေါ်မှာ မနှိပ်စက်ရင် မညှင်းပမ်းရင် သူတို့ကို
မေတ္တာအမြဲထားရင် အလမ္ပာယ်ဆရာကို ဘယ်မြွေကမှ
မကိုက်ဘူးကွာ”
ဘိုးရာစီနဲ့ တွေ့ရင် ကျုပ်တို့ သိပ်ပျော်တာဗျ။
ဘိုးရာစီပြောတဲ့ မြွေတွေအကြောင်းက လွှတ်နားထောင်လို့
ကောင်းတာလေဗျာ။
“မြွေဆိုတာ အင်မတန်ထူးခြားတဲ့ သတ္တဝါကွယ့်။
တစ်ခါတုန်းက ဘိုးအလမ္ပာယ်ပြစားခဲ့တဲ့
ငန်းဝါကြီးတစ်ကောင်ဆိုရင် ဘိုးကို ညဘက်မှာ
အိပ်မက်ပေးတယ်။အိပ်မက်ထဲမှာ သူက လူပုံစံပဲကွဲ့။
သူက ပြောတယ်…
‘ကျုပ်မှာ အရေးကြီးတဲ့ကိစ္စရှိလို့ တစ်ပတ်လောက်
တောထဲကို ပြန်ပါရစေ ။ တစ်ပတ်ပြည့်ရင်
ကျုပ်အရောက် ပြန်ခဲ့ပါမယ်’
ဘိုးကလည်း သူတို့ကို ခိုင်းစားနေပေမယ့် ဘယ်တော့မှ
မေတ္တာမပျက်ဘူး ။ ကိုယ်သားသမီးတွေလိုပဲ
ဆက်ဆံတာကိုး မောင်တာတေရဲ့။
ဒီတော့ ကျုပ်က အိပ်မက်ထဲမှာ ပြန်ပြောလိုက်တယ်။
‘ကိစ္စရှိလို့ သွားတာပဲကွယ် ဖြစ်ပါတယ်
သွားသာသွားပါ’
လို့ ပြောလိုက်တော့ ချက်ချင်း
ငန်းဝါကြီး ပုံစံဖြစ်ပြီး အိမ်ထဲကနေ လျှောကနဲ
ထွက်သွားတယ်။မနက်မိုးလင်းတော့ ဘိုးက
ငန်းဝါကြီးထားတဲ့ ငခြုပ်အနီကြီးကို
သွားဖွင့်ကြည့်လိုက်တော့ အထဲမှာ
ဘာမှကို မရှိတော့ဘူးကွယ်။ဒါနဲ့ ဘိုးလည်း
ဒီအတိုင်း ထားလိုက်ပြီး တစ်ပတ်ကြာတော့မှ
ပခြုပ်အနီကြီးကို သွားကြည့်တယ်”
“ရွှီ”
ဘိုးတောင်မှ ပခြုပ်မဖွင့်ရသေးဘူး။
အထဲကနေ ငန်းဝါကြီးက အသံပေးသကွယ်။
မြွေဆိုတာ ကတိအင်မတန်တည်တဲ့သတ္တဝါတွေ
မောင်တာတေရဲ့။ဒါကြောင့် မြွေနဲ့ပတ်သတ်ရင်
ဘယ်တော့မှ မလှည့်စားနဲ့ ကတိမပျက်စေနဲ့ကွယ့်”
အဲဒီလို ထူးဆန်းတဲ့ မြွေတွေအကြောင်းလည်း
ကြားရတာကိုးဗျာ။ဒါကြောင့်လည်း ဘိုးရာစီနဲ့ဆုံရင်း
ထမင်းမေ့ ဟင်းမေ့ချည်းပဲဗျ။
“ဘိုးနဲ့ သက်တူရွယ်တူလောက်ရှိတဲ့ မြွေအလမ္ပာယ်ဆရာ
တစ်ယောက် ရှိသကွယ့် ။ သူ့နာမည်က ‘စိုင်းယက္ခ’တဲ့။
ဒီကောင်က မြွေဟောက်ကြီးတစ်ကောင်နဲ့ ကပြတာ။
ကလို့ပြီးရင် ဒီကောင်က မြွေကို နှုတ်ခမ်းချင်းတေ့ပြီး
နမ်းပြတာ။မြွေကလည်း သူ့ကို နမ်း။သူကလည်း
မြွေကို နမ်းပေါ့ကွာ။အဲဒီနေ့က ပြန်လွှတ်ရမယ့်
မြွေဟောက်ကြီးကို မလွှတ်ဘဲ တစ်ရက်ကျော်သွားတာ
တစ်ရက်ကလေးပဲ ကျော်သွားတာပါ။
အဲဒီနေ့ ခါတိုင်းလို မြွေဟောက်ကြီးနဲ့ ကပြီး
ပါးစပ်ချင်းတော့ နမ်းတယ်။မြွေဟောက်ကြီးရဲ့ခေါင်းကို
သူ့ပါးစပ်ထဲထည့်ပြီး ငုံပြတယ်။
ဒီမှာတင် မြွေဟောက်က
စိုင်းယက္ခရဲ့လျှာကို ကိုက်လိုက်တာ ပြန်ဖြုတ်လို့ကို
မရတော့ဘဲ နောက်ဆုံးလျှာကို
ဓါးနဲ့ဖြတ်ထုတ်ပစ်ရတော့တာပဲ မောင်တာတေရေ”
“ဟာ ဒီလောက်တောင်ပဲလား ဘိုးရယ်”
“ဟုတ်ပါ့ဗျာ မြွေများ လွှတ်သစ္စာရှိတာကွယ့်။
သူတို့အပေါ်မှာ သစ္စာရှိမှလည်း ကြိုက်တာဗျ။
ကတိသစ္စာထားပြီး ပျက်လို့ကတော့ နဂါးမျက်စောင်း
အကြောင်းမရွေးဆိုသလိုပဲ မောင်တာတေရေ”
“ဟုတ်ပါ့ ဘိုးရယ်။ဘိုးပြောပြမှပဲ မြွေတွေ နဂါးတွေအကြောင်း
ကောင်းကောင်းသိရတော့တာ ဘိုးရဲ့”
“အင်း…မောင်တာတေတို့လို လူငယ်တွေ ဗဟုသုတပွားတာ
ကောင်းတာပေါ့ကွယ်။ဘိုးလည်း ကြုံတဲ့အခါတိုင်း
ဘိုးရဲ့ အတွေ့အကြုံတွေကို ပြောပြပါ့မယ်ကွယ်”
‘နေ့ပူလို့ ညချမ်း တပေါင်းလသရမ်း’လို့ တပေါင်းလကို
မကြိုက်တဲ့သူတွေက ပြောကြတာပေါ့ဗျာ။
တပေါင်းလကိုကြိုက်တဲ့သူတွေကတော့
‘တပေါင်းသာခေါင် လများနောင်’လို့တောင်ပြောကြတာလေဗျာ။
တကယ်တော့ တပေါင်းလမှာက
တောပန်း တောင်ပန်းတွေ အကုန်ပွင့်ပြီး ဆေးရောင်စုံပန်းချီ
တစ်ကားလို လှတယ်ဆိုတာကိုတော့ တောထဲတောင်ထဲ
ရောက်တဲ့သူတွေမှ သိကြတာကိုးဗျ။
အခုလို တပေါင်းလမှာ
တောထဲတောင်ထဲ ရောက်သွားလို့ကတော့
လွှတ်လွမ်းတာဗျ။ဘာကိုလွမ်းမှန်းလည်း ကျုပ်တော့
မသိပါဘူးဗျာ။ကျုပ်တော့ ဒီလိုတပေါင်းလမှာ
တောတက်ရရင် လွှတ်ပျော်တာဗျို့။
နဂါးဆေးပေါ့လ်ိပ်ကလေးသောက်ရင်း တောင်ရောက်မြောက်ရောက် တွေးနေတဲ့ ကျုပ်အတွေးတွေက တစ်ချက် တစ်ချက်
မီးဖိုဘက်ကိုရောက်သွားသေးဗျ။
မီးဖိုထဲက အမေချက်နေတဲ့
ဝက်လက်ဟင်းအနံ့က ကျုပ်နှာခေါင်းထဲကို
ဝင်လာတာကိုဗျ။ခေါက်ဆွဲကြော်ဆိုင်က
ကိုပိန်လာခေါ်လို့ အမေ လိုက်သွားပြီး
ဝက်လက်နှစ်ချောင်းတောင် ဝယ်လာတာဗျ။
ဝက်လက်ကို ကိုပိန်က သေသေချာချာသန့်ရှင်းပြီး
အနေတော် ခုတ်ပေးလိုက်တာဗျ။အမေက အိုးထဲမှာ
ဆီနည်းနည်းထည့်ပြီး ဝက်လက်တုံးပြီသားတွေ ထည့်တယ်။
ဆီပူထိုးတာပေါ့ဗျာ။ရေနည်းနည်းထည့်ရသေးတယ်ဗျ။
နည်းနည်းလေးပါ။ခေါ်ရေပေါ့ဗျာ။
ဒီတော့မှ ဝက်လက်ထဲက ရေတွေထွက်လာတာဗျ။
အသားထဲက ရေကို ထုတ်ပစ်တာပေါ့ဗျာ။
အဲဒီရေထုတ်ပြီးချက်မှ ဝက်သားက နူးလွယ်တာဗျ။
အရသာလည်း ပိုရှိတယ်။
ပထမတစ်ရေခမ်းသွားလို့ ဒုတိယရေထည့်ကာနီးမှာ
အမေက မရမ်းသီးစိမ်းလေးတွေ ထက်ခြမ်း,ခြမ်းပြီး
ထည့်လိုက်တာဗျို့။ပြီးမှ ရေထည့်တာ ။
ဒုတိယရေလည်းခမ်းရော ဝက်လက်တွေ နူးရုံမဟုတ်ဘူး။
အိနေတော့တာဗျ။အရသာကလည်း ချဉ်ဖြုံးလေး။
အနံ့ကလည်း မွှေးလို့။မရမ်းသီးခြောက်ထည့်လည်း
ကောင်းတာပဲဗျ။ကျုပ်က နဂါးဆေးပေါ့လိပ်ကလေးဖွာရင်း
အမေ့ရဲ့ဝက်သားဟင်းနံ့ မွှေးမွှေးလေးကို ရှူနေတုန်း
ရှိသေးသဗျ။
“တာတေရေ။တာတေ”
ဝိုင်းဝကနေ ကျုပ်နာမည်ကို အသံကျယ်ကျယ်ကြီးနဲ့
လှမ်းအော်နေတာဗျို့။တန်းလျားပေါ်မှာ
ပက်လက်ကလေးလှန်ပြီးဝက်သားဟင်းနံ့လေး ရှူနေတဲ့
ကျုပ်တောင် လန့်သွားပြီးချက်ချင်း ထကြည့်မိတာဗျို့။
ဟာ ဘန့်ဘွေးကုန်းက ကိုစံအေးကြီးဗျ။
လူကပိန်ပိန်ရှည်ရှည် ကလန်ကလားကြီးနဲ့ စကားပြောရင်း
အော်ကျယ် အော်ကျယ်နဲ့ပြောတာ ။ဘန့်ဘွေးကုန်းမှာ
စံအေးနှစ်ယောက်ရှိတယ်။သူ့ကိုအာကျယ်စံအေးလို့ခေါ်တာဗျ။
ကိုစံအေးရဲ့အဖေက ဘိုးစံလေဗျာ။လွှတ်စိတ်တိုတဲ့
အဘိုးကြီးဗျ။ဘန့်ဘွေးကုန်းက ကောင်တွေက
ဘိုးစံမောင်ကို ကွယ်ရာမှာ ဘိုးစိတ်တိုလို့ ခေါ်ကြတာ။
“ကိုစံအေးကြီး လာလေဗျာ။အိမ်ပေါ်မှာဗျ”
ဝိုင်းထဲမှာ ဟိုကြည့် ဒီကြည့် လုပ်နေတဲ့ ကိုစံအေးကို
လှမ်းခေါ်လိုက်တယ်။ကိုစံအေးက လက်ပြင်ကိုင်းကိုင်းကြီးနဲ့
အိမ်ပေါ်တက်လာရောဗျ။
“ဟာ …မွှေးလှချည်လား ။အရီးငွေစိန်။
ဘာဟင်းကောင်းတွေ ချက်နေတုန်း”
ကိုစံအေးက အသံကျယ်ကျယ်ကြီးနဲ့
လှမ်းမေးလိုက်တာဗျို့။
ကိုစံအေးအသံကို ကျုပ်တို့တစ်ရွာလုံးက
မှတ်မိပြီးသားလေဗျာ။
“ဟဲ့ စံအေးကြီးပါလား ။ ကိုစံမောင်တို့
နေထိုင်ကောင်းကြလားဟဲ့”
“ကောင်းပါ့ဗျာ။ကျုပ်တို့ကို လက်ညှိုးတထိုးထိုးနဲ့
ခိုင်းကောင်းတုန်း။ကုန်းအော်တုန်းဗျို့”
ကိုစံအေးက သူ့အဘ ဘိုးစံမောင်ကို ပြောတာလေဗျာ။
အမေက ကိုစံအေးကြီး ပြောတာကို ရယ်နေရောဗျို့။
“ဟား ဟား ဟား ဟုတ်ပါ့ စံအေးရေ။
နင့်အဘစံမောင်ကတော့
လွှတ်စိတ်တိုတဲ့အကောင်ဟဲ့။ နင့်အမေနဲ့ မရခင်ရှေ့မှာ
ရည်းစာသုံးယောက်လောက် ရှိသေးတာ။
သူစိတ်တိုတာနဲ့အဆက်ပြတ်ကုန်ကြတာဟဲ့။
ဟား ဟား ဟား”
အမေက သူ့သူငယ်ချင်း ဘိုးစံမောင်အကြောင်းကို
ပြောရင်း ရယ်တော့တာပဲဗျာ။ကိုစံအေးက ကျုပ်တည်တဲ့
နဂါးဆေးပေါ့လိပ်ကလေးကို သုံးလေးဖွာ ဆက်တိုက်ဖွာပြီး
အားရပါးရ ရှိုက်လိုက်တယ်ဗျ။ဆေးလိပ်သောက်ရင်
အမောမခံနိုင်ဘူးဆိုတာ အားလုံးသိကြတာလေ။
ဒါပေမဲ့ ဆေးလိပ်သောက်တဲ့ လူတိုင်းကို ခင်ဗျား
မေးကြည့်ဗျ။မောလာလို့ကတော့ ဆေးလိပ်ကလေး
မီးညှိပြီး နှစ်ရှိုက် သုံးရှိုက် ရှိုက်လိုက်ရရင် အမောကို
ပြေသွားတာဗျာ။
“ကိုကြီးစံအေး ကျုပ်ဆီလာတာ ကိစ္စရှိလို့လား”
ကျုပ်က ကိုကြီးစံအေးကို မေးလိုက်တော့ ကိုစံအေးက
သောက်လက်စ ရေနွေးကြမ်းပန်ကန်ကို ကုန်အောင်
မော့လိုက်ပြီးမှ ပြောသဗျ။
“မင်းဆရာကြီး ရောက်နေလို့ကွ တာတေရေ”
“ဟင် ဘိုးလူပေ ရောက်နေတယ် ဟုတ်လား”
“ဟုတ်ပါ့ဗျာ မနက်အစောကြီး သျှောင်တစောင်းလေးမှာ
ပဝါအဖြူလေးပေါင်းလို့ လွယ်အိတ်ကြီးတစ်လုံးလွယ်ပြီး
ဝိုင်းထဲ ဝင်ချလာတာကွ”
“ဟား ဟား ဟား ဘိုးလူပေကတော့ ဒီအတိုင်းပဲဗျ
ကိုကြီးစံအေးရဲ့ ဆိုင်းမဆင့် ဗုံမဆင့် ရောက်လာတာချည်းပဲ”
“ဟုတ်ပါ့ကွာ ။ငါ့အဘ ဗိုက်စိတ်တိုကတော့
သူ့ဆရာရောက်လာလို့ ပျော်နေလေရဲ့။တို့အိမ်မှာကလည်း
ဒီနေ့ ကောက်ညှင်းပေါင်းတယ်လေကွာ။အဲဒါ အဘက
ငါးရံ့ခြောက်မီးဖုတ်နဲ့ ကောက်ညှင်းပေါင်းနဲ့ဘိုးလူပေကို
ဧည့်ခံနေလေရဲ့။
ဘိုးလူပေကလည်း
ဖျာပေါ်ထိုင်လိုက်ပြီးတာနဲ့ ‘ကိုရင်စံအေး
မင်းသူငယ်ချင်းမောင်တာတေကို သွားခေါ်ကွယ်’
ဆိုပြီး တန်းလွှတ်တော့တာပဲဟေ့”
“ဟား ဟား ဟား ကျုပ်လည်း ဘိုးလူပေကို
သတိရနေတာ သုံးလေးရက် ရှိပြီဗျ။ကိုကြီးစံအေးရဲ့”
ကျုပ်က အမေ့ကို အကျိုးအကြောင်းပြောပြီး
အဝတ်အစား လဲလိုက်တယ်။ အဘကတော့
မနက်အစောကြီးကတည်းက ရွှေတောင်ကုန်းဘုရားပွဲအတွက်
အစည်းအဝေးလုပ်ဖို့ ရွာဦးကျောင်းကို သွားလေရဲ့။
ကိုစံအေးကြီး အော်ကျယ် အော်ကျယ်နဲ့ စကားတွေပြောပြီး
ရှေ့ကသွား ကျုပ်က နောက်ကလိုက်ပေါ့ဗျာ။ကိုစံမောင်ရဲ့
ဝိုင်းထဲကို ဝင်လိုက်တာနဲ့ …
“ဟော ပါလာပါပြီဗျာ။သရဲမကြောက် တစ္ဆေမကြောက်
ကဝေမကြောက် စုန်းမကြောက်တဲ့ တာတေ”
ဘိုးစံမောင်က ကျုပ်ကို စတာဗျို့။
ကျုပ်က ရယ်နေလိုက်တယ်။အိမ်ပေါ်ရောက်တော့
အိမ်ဦးခန်းမှာ တင်ပလ္လင်ခွေထိုင်ပြီး ကျုပ်ကို
ပြုံးကြည့်နေတယ်။
ဘိုးလူပေကတော့ဘယ်တော့ကြည့်ကြည့် ပိန်ပိန်ပါးပါးပဲဗျ။
နှုတ်ခမ်းမွေးလေးသဲ့သဲ့နဲ့ မျက်လုံးတွေကကြည်ပြီးတောက်နေတာဗျို့။
“မောင်တာတေ နေကောင်းလားကွယ့်။
မင်းအဘနဲ့ အမေရော နေထိုင်ကောင်းရဲ့လား”
“ဟုတ်ကဲ့ ကောင်းကြပါတယ် ဆရာကြီး”
ကျုပ်က ဘိုးလူပေ မေးတာကို ဖြေရှင်းနဲ့
ဘိုးလူပေကို ဦးချပြီး ကန်တော့လိုက်တယ်။
“ဆရာကြီးရော နေကောင်းရဲ့လားဗျ”
“အေး ကောင်းပါတယ် မောင်တာတေ။
ကျုပ်က ချင်းတောင်ပေါ်ကို ရောက်နေလို့
ဒီဘက်မရောက်ဖြစ်တာကွယ့်။အခုတော့
ကိစ္စပေါ်လာတော့လည်း ရောက်ရပြီပေါ့ကွယ်
မောင်တာတေ ကျုပ်နဲ့ လိုက်ခဲ့နိုင်မလားကွယ့်”
“အခုအချိန်တွေက အားနေတဲ့အချိန်ပဲ ဆရာကြီးရယ်
ကျုပ် လိုက်နိုင်ပါတယ်”
“ဟာ…ဒါဆိုရင်တော့ ဟန်ကျပြီပေါ့ကွယ်
ကျုပ်တို့နတ်နဂါးအင်းကြီး သွားရလိမ့်မယ် မောင်တာတေ။
နတ်နဂါးသိုက်ထဲက ကြေးပုရပိုက် သုံးဆူကို
သွားယူရမှာကွယ့်”
“ဟာ ဟုတ်လား ဆရာ။နို့ အဲဒီ နတ်နဂါးအင်းက
ဘယ်နေရာမှာ ရှိတာတုံး ဆရာ”
“ရခိုင်ပြည်မှာကွယ်။သဘာဝအင်းကြီးတစ်ခုပဲ
မောင်တာတေရဲ့။ရခိုင်တောင်ကြီးတွေကြားမှာ ရှိတာ။
အင်းကြီးရဲ့ ဘေးပတ်ပတ်လည်မှာ တောင်အမြင့်ကြီးတွေ
ကာထားသလို ဖြစ်နေတာ။ဒါပေမဲ့ ဒီအင်းကြီးက
အောက်မှာ အနက်ကြီးဆိုပဲ။ဒီအင်းကြီးရဲ့အောက်ခြေက
ပင်လယ်အထိ ပေါက်သတဲ့။ဒါကြောင့်လည်း
ဒီအင်းထဲမှာ နဂါးနေတာပေါ့ကွယ်”
“နို့ နေပါဦး ဆရာကြီးရဲ့။နဂါးဆိုတာ တကယ်ရော
ရှိလို့လားဗျ။ကျုပ်က ပုံပြင်အနေနဲ့ ပြောတာလို့ပဲ
ထင်နေတာ”
“အို…ရှိပါပြီလား မောင်တာတေရယ် ပုံပြင်ထဲမှာ
ရှိတာမဟုတ်ပါဘူးကွယ် အပြင်မှာလည်း
တကယ်ရှိပါတယ်ဒါပေမဲ့ ပုံပြင်တို့
ဝတ္ထုတို့ ဇာတ်နိပါတ်တို့ထဲမှာကတော့
လူစိတ်ဝင်စားအောင် ပိုပိုမိုမို
ပြောတာတွေတော့ ရှိသပေါ့ကွယ်”
“သြော် …ဒါဆိုရင် နဂါးဆိုတာ တကယ်ရှိတာပဲ”
ဘိုးလူပေက ရေနွေးကြမ်းပန်းကန်လေးကိုယူပြီး
သောက်လိုက်တယ်။ပြီးတော့မှ စကားဆက်တယ်ဗျ။
“နဂါးဆိုတာ သုံးမျိုးရှိတယ် မောင်တာတေရဲ့။
ကုန်းနဂါး ရေနဂါးနဲ့ အာကာသနဂါးလို့ ခွဲထားတယ်။
ကုန်းနဂါးကတော့ တောထဲတောင်ထဲမှာ နေကြတယ်။
တချို့ကတော့ ကုန်းနဂါးကို တောင်နဂါးလို့လည်း
ခေါ်ကြတယ်ကွယ့်။အကောင်အရွယ်အစားက
မြွေလောက်ပဲ ရှိပါတယ်။
အမောက်ကတော့ ပါတယ်။ရေမှာနေတဲ့ နဂါးကတော့
ပင်လယ်ထဲမှာ နေတာပေါ့ကွယ်။ပင်လယ်နဲ့ဆက်နေတဲ့
အင်းတွေ အိုင်တွေထဲမှာလည်း နေကြတယ်ကွယ့်။
အရွယ်အစား ကြီးတာပေါ့ကွယ်။လုံးပတ်က
ထန်းပင်လုံးလောက်ရှိပြီး ခေါင်းက
ခွဲတောင်းလောက်ရှိတယ်ကွယ့်။
အရှည်ကတော့ ပေလေးဆယ်လောက်ကို ရှည်တာဗျ။
အာကာသနဂါးဆိုတာကတော့ မြင်ဖူးတဲ့လူ အင်မတန်
ရှားပါတယ်။ရှိတယ်လို့ပဲ ကျုပ်တို့တော့ သိရတာကွယ့်
သေသေချာချာတော့ မသိဘူး။ကောင်းကင်မှာ
သွားလာနေတယ်လို့ပဲ ကြားဖူးတာ”
“ဒါဆိုရင် အခု ကျုပ်တို့သွားမယ့် နတ်နဂါးအင်းကြီးက
နဂါးတွေက ရေနဂါးမျိုးပေါ့နော် ဆရာကြီး”
“ဟုတ်တာပ မောင်တာတေ ။
ရေနဂါးမျိုးတွေပေါ့ အရွယ်အစား အကြီးကြီးတွေကွယ့်။
ပြီးတော့ သူတို့က ရိုးရိုးနဂါးတွေ မဟုတ်ဘူး။
နတ်နဂါးတွေကွယ့်”
“ဟင် နတ်နဂါးဆိုတာက ဘယ်လိုမျိုးတုံး ဆရာကြီးရဲ့”
“သူတို့က ရေအောက်မှာ ဗိမာန်နဲ့ နေကြတာကွယ့်။
သူတို့နေဖို့ ဗိမာန်ကို သူတို့ရဲ့ တန်ခိုးနဲ့ ဖန်ဆင်းနိုင်ကြတယ်။
ပြီးတော့ နတ်နဂါးမျိုးတွေဟာ ကြိုက်တဲ့အချိန်မှာ
လူယောင်ဖန်ဆင်းနိုင်ကြတယ်။လူအသွင်သဏ္ဌာန်နဲ့
လူတွေကြားမှာ ရောနှောသွားလာနေနိုင်တယ်။
သူတို့ကို သာမန်လူတွေကတော့ မသိဘူးပေါ့ကွယ်။
ဒါပေမယ့် အဆင့်မြင့်တဲ့ လူပုဂ္ဂိုလ် ရဟန်းပုဂ္ဂိုလ်တွေကတော့
သူတို့ကို မြင်တာနဲ့ သိကြတယ်ကွယ့်”
“သြော် …ဒီလိုကိုး။လောကကြီးမှာ ထူးဆန်းတာတွေ
တော်တော်များတာပါလား ဆရာကြီးရယ်”
“ဟုတ်ပေတယ် မောင်တာတေ။အခု ကျုပ်တို့သွားရမှာက
မင်းဘူး ရွှေစက်တော်ဘက်ကနေ သွားရမှာကွယ့်။
မောင်တာတေ မိဘများကို ခွင့်တောင်းပေတော့ကွယ်
ခုလာမယ့်လပြည့်မတိုင်ခင် နတ်နဂါးအင်းကို
ကျုပ်တို့ရောက်ဖို့လိုတယ်။ဟိုမှာ ပြင်စရာဆင်စရာတွေ
ရှိသေးတယ်ကွယ့်”
“ကောင်းပါပြီ ဆရာကြီး ။ ဆရာကြီး ခရီးထွက်မယ့်နေ့ကိုသာ
အမိန့်ရှိပါ ကျုပ်ဘက်က အဆင်သင့်ဖြစ်စေရပါမယ်”
“ဒါဆိုရင် သန်ဘက်ခါ မနက်စောစော
ခရီးစထွက်ကြတာပေါ့ကွယ်”
ဘိုးလူပေနဲ့ ကျုပ်နဲ့ မကွေးရောက်တော့ မြသလွန်ဘုရားကို
ဝင်ဖူးကြတယ်။မင်းဘူးဘက်ကမ်းကို သင်္ဘောနဲ့
ကူးရတာဗျ။ရေလယ်သောင်တွေကို ကွေ့ပတ်ပြီးတော့ပေါ့ဗျာ။
မင်းဘူးရောက်တော့ ရွှေစက်တော်ကို သွားပြီး
ရခိုင်ဘက်ကို ဝင်ခဲ့ကြတယ်။ခြေတော်ရာကိုတော့
ဝင်ဖူးဖို့ အချိန်မရခဲ့ဘူးဗျ။
ရခိုင်ရောက်တော့ ရွာလေးတစ်ရွာကနေ
ရခိုင်လမ်းပြတစ်ယောက် ငှားရတယ်။
အသက်လေးဆယ်လောက်ရှိတဲ့ ကိုညီချေဆိုတဲ့လူဗျ။
ဒီလူက မုဆိုးလေဗျာ။လွှတ်လမ်းကျွမ်းတာဗျ။
ကိုညီချေ လမ်းပြပေးလို့ ဘိုးလူပေနဲ့
ကျုပ်နဲ့တစ်ရက်တစ်ည သွားပြီးတာနဲ့
နတ်နဂါးအင်းကြီးကို ရောက်ခဲ့ကြတယ်။
အို…အင်းကြီးမှ နဲတာကြီးမဟုတ်ဘူးဗျာ။
ဘေးပတ်လည်မှာ တောင်ကမ်းပါးယံကြီးတွေဗျ။
မတ်မတ်ကြီးတွေဗျာ။အခု ကျုပ်တို့ရောက်တဲ့ဘက်ကတော့
တောင်ကြားလမ်းလေးရှိလို့ အင်းထဲအထိ ဆင်းနိုင်တယ်ဗျ။
“ကိုကြီးညီချေ။ဒီခြေသွားလမ်းလေးက လူတွေ
အင်းထဲဆင်းတဲ့လမ်းထင်တယ်။လူတွေ သွားပါများလို့
လမ်းဖြစ်တာလားဗျ။ဒီလူတွေက အင်းထဲမှာ
ငါးဆင်းဖမ်းတာလား”
“ဟာ မဟုတ်ပါ။ဒီလမ်းက လူသွားလမ်း မဟုတ်။
နဂါးသွားလမ်းပါ နဂါးဗိုက်ရာကြီးကနေ ခုလိုလမ်းဖြစ်နေတာ
လူတွေ ဒီအင်းမှာ ငါးမဖမ်းရဲကြဘူး”
“ဗျာ ဒါ နဂါးဗိုက်ရာကြီး ဟုတ်လား”
ကျုပ်ဆိုတာ ကြက်သီးတွေတောင် ဖျန်းကနဲ
ထသွားလိုက်တာဗျာ။ကျုပ်မြေကြီးကို သေသေချာချာ
ငုံကြည့်တယ်။ဟုတ်ပါ့ဗျာ။ဒါ နဂါကြီးတစ်ကောင်ရဲ့
ဗိုက်ရာကြီးပဲဗျ။ဘုရား ဘုရား ဘာတွေများ
တွေ့ရဦးမလဲ။ဘိုးလူပေက ကိုညီချေကို ခေါ်ပြီး
အင်းစပ်ကို ဆင်းတယ်။ကျုပ်လည်း လိုက်ရတာပေါ့ဗျာ။
ဘိုးလူပေက နေရာတစ်ခုကိုပြတယ်။
ကိုညီချေကို သစ်ပင်တွေ ခုတ်ခိုင်းတယ်။
ဆယ့်ငါးပေလောက်ကျယ်တဲ့ မြေပြောင်ရလာတော့မှ
ဝါးခုတ်ခိုင်းပြီး နှစ်တောင်လောက်မြင့်တဲ့စင်ကို
ဝါးနဲ့ထိုးခိုင်းတယ်။ကိုညီချေက တောထဲမှာ
လင့်စင်ထိုးနေကျဆိုတော့ ခဏလေးနဲ့
ဘိုးလူပေ လိုချင်တဲ့စင် ပြီးသွားတယ်။
ဘိုးလူပေက ကန်တော့ပွဲပြင်ဖို့ ဝါးနဲ့
ခံတောင်းဖက်ကလေးတွေ ယက်ခိုင်းတယ်။
ဒါကတော့ ကျုပ် ကျွမ်းပြီးသားဗျ။
ကျုပ်က အဘတောင်းယက်ရင် ဝင်ပြီး
လုပ်နေကြလေဗျာ။ကျုပ်ကတော့ ပွဲပြင်ဖို့
ဝါးခံတောင်းလေးတွေ ယက်လိုက်တယ်။
ကျုပ်ကတော့ ပွဲပြင်ဖို့ ဝါးခံတောင်းလေးတွေ
ယက်လိုက်တယ်။ကျုပ်တောင်းယက်နေတုန်းမှာ
မုဆိုး ကိုညီချေကို ဝါးပိုးခုတ်ပြီး ဖောင်ဖွဲ့ခိုင်းတယ်။
ဖောင်က ဆယ်ပေပတ်လည် ဝါးပိုးသုံးဆင့်ခံနဲ့ဗျ။
ကျုပ် တောင်းတွေယက်ပြီးတော့ ကိုညီချေ
ဝါးဖောင်ဖွဲ့တာကို ကူလုပ်ပေးလိုက်တယ်။
ဘိုးလူပေက ဖောင်ကို သေသေချာချာ
စစ်ဆေးကြည့်ပြီးမှ သဘောကျသွားတယ်။
မုဆိုးကိုညီချေကလည်း ဖောင်ကို နွယ်ကြိုးတွေ
ကြိမ်တွေနဲ့ အထပ်ထပ်ချည်ပြီး ဖွဲ့တာဗျ။
ဖောင်ဖွဲ့ပြီးတာနဲ့ ကိုညီချေ တောထဲဝင်ပြီး
အုန်းသီးငါးလုံးနဲ့ ငှက်ပျောခိုင်တွေ ခုတ်ရတယ်။
ကျုပ်က လိုက်ပြီး ငှက်ပျောခိုင်ကူထမ်းရတာပေါ့ဗျာ။
ပြီးတာနဲ့ ဘိုးလူပေက ပွဲတွေပြင်တယ်။
ဘုရားတစ်ပွဲ ငှက်ပျောသုံးဖီး ရှင်ဥပတ္တတစ်ပွဲ
ငှက်ပျောသုံးဖီး တောင်ပိုင်နတ်ကြီးတစ်ပွဲ
ငှက်ပျောသုံးဖီး တောစောင့်နတ်တစ်ပွဲ
ငှက်ပျောနှစ်ဖီး နဂါးပွဲတစ်ပွဲ ငှက်ပျောနှစ်ဖီးဗျ။
ပွဲတွေကို စောစောက ကိုညီချေ
ထိုးထားတဲ့ စင်ပေါ်မှာ စီပြီးတင်တယ်။
အားလုံးပြီးတော့ ညနေစောင်းပြီ။
ဘိုးလူပေက ကိုညီချေကို မေးတယ်။
ဒီည ဒီမှာ အိပ်ချင်သလား ပြန်ချင်သလားမေးတော့
ကိုညီချေက ပြန်မယ်လို့ ပြောတယ်ဗျ။
ဒါနဲ့ ဘိုးလူပေက ကိုညီချေကို ငွေတွေပေးတယ်။
ကိုညီချေတောင်းထားတာရဲ့ နှစ်ဆပေးလိုက်တယ်။
ပြီးတော့ ကျေးဇူးတင်စကားကိုလည်း ဘိုးလူပေက
ထပ်ခါထပ်ခါ ပြောသဗျ။ကိုညီချေ ပြန်သွားတော့
နတ်နဂါးအင်းကြီးရဲ့ ကမ်းစပ်မှာ ဘိုးလူပေရယ်
ကျုပ်ရယ် ကန်တော့ပွဲ ငါးပွဲရယ်ပဲ ကျန်တာပေါ့ဗျာ။
ဘိုးလူပေက ရေစပ်အထိဆင်းပြီ အင်းကို
အကဲခတ်တယ်။
“မောင်တာတေ ဟောဒီအင်းက အလျားတစ်မိုင်ကျော်တယ်
အနံက တစ်မိုင်မပြည့်တတ်ဘူးကွယ့်။ညကို လမွန်းတည့်တာနဲ့
ကျုပ်က ရေထဲကို ဖောင်နဲ့ထွက်မယ်။ဖောင်ပေါ်မှာ
မန္တန်တွေ မပြတ်ရွတ်ရမယ်။ဟောဒီစင်ကို မောင်တာတေက
စောင့်ရှောက်ပြီး ကမ်းပေါ်မှာ နေခဲ့ရလိမ့်မယ်”
“ဟုတ်ကဲ့ပါ ဆရာကြီး”
“ဘယ်နှယ့်တုံး မောင်တာတေ နေဝံ့ပါမလား”
“ဟာ နေဝံ့ပါတယ် ဆရာကြီး”
“အင်း…မောင်တာတေကတော့ အာဂလူပေပဲကွယ်
ပွဲစင်ပေါ်မှာ ဖယောင်းတိုင်မီးကို မပြတ်အောင်
ထွန်းထားကွယ့်။ငြိမ်းရင် ထပ်ထွန်း ပြီးတော့
ခပ်လှမ်းလှမ်းမှာ မီးဖို ဖိုထား
မီးကို မပြတ်သာထည့်ပေတော့
ကျုပ်မသွားခင် ဟောဒီနေရာကို
စည်းချထားခဲ့ပါမယ်။
ဖြစ်တယ်မို့လား မောင်တာတေ”
“ဟာ ဖြစ်ပါတယ် ဆရာကြီးရဲ့”
ဘိုးလူပေက ကျုပ်ကို စိတ်မချသလိုနဲ့
ထပ်မေးတယ်ဗျ။မိုးမချုပ်ခင် ကျုပ်က တောထဲဝင်ပြီး
ထင်းချောင်းတွေ စုလိုက်တယ်။မီးဖိုမယ့်နေရာကိုလည်း
သေသေချာချာ ရှင်းထားလိုက်တယ်။မိုးချုပ်ပြီဆိုတာနဲ့
ကျုပ်က မီးဖိုကို မီးမွှေးတော့တာဗျို့။
ဝင်ကာနီး နေရောင်အောက်မှာ နတ်နဂါးအင်းကြီးရဲ့
ရေပြင်ကြီးမှာ လှိုင်းကြက်ခွပ်တွေ တဖျတ်ဖျတ်လာနေတာ။
ကျုပ်ငေးကြည့်နေမိတယ်။ကျုပ်တို့ ဆရာတပည့်နှစ်ယောက်
ပါလာတဲ့ ကောက်ညှင်းကျည်တောက်တွေခွဲပြီး
ငါးခြောက်ဖုတ်နဲ့ ညစာစားလိုက်ကြတယ်။
ပြီးတာနဲ့ ဘိုးလူပေက ပွဲတွေမှာ ဖယောင်းတိုင်
မီးထွန်းတယ်။ကျုပ်ကို ဝါးစင်ပေါ်မှာ ခပ်ကျဲကျဲ
ဖယောင်းတိုင် ထွန်းထားဖို့ ပြောတာနဲ့ ကျုပ်က
ဝါးလုံးပေါ်မှာ ဖယောင်းတိုင်တွေ
စီတန်းပြီး ထွန်းလိုက်တယ်။
အင်းစပ်မှာ ဖယောင်းတိုင်မီးရောင်နဲ့
လင်းထိန်သွားရောဗျို့။
ကျုပ်ရဲ့ မီးလင်းဖိုကလည်း မီးတောက်တွေ
ထပြီး လင်းနေတာဗျို့။မီးအလင်းရောင်က
အင်းရေပြင်ထဲအထိ လင်းနေတာဗျ။
ဘိုးလူပေက ပွဲစင်ရှေ့မှာ အဝတ်ကလေးတစ်ထည်ခင်းပြီး
ရွတ်ဖတ်တော့တာပဲဗျို့။ဟော လထွက်လာပြီ။
လပြည့်ည လမင်းကြီးက ဝိုင်းဝိုင်းစက်စက်
ပြည့်ပြည့်ဝဝကြီးပေါ့ဗျာ။လကမြင့်လာလေ
အင်းရေပြင်ကြီးက ပိုပြီးလင်းလာလေ။
ဘိုးလူပေရဲ့ မန္တန်ရွတ်သံက ပိုကျယ်လာလေပဲဗျ။
ကျုပ်ကတော့ ပွဲစင်ပေါ်က ဖယောင်းတိုင်နဲ့
အမွှေးတိုင်တွေကို မပြတ်အောင် ထွန်းပေးနေရတာဗျ။
အမွှေးတိုင် ထွန်းဖို့ ညနေတည်းက ကျုပ်က
ကျုပ်က ဝါးဆစ်ကလေးတွေ လုပ်ထားတာလေဗျာ။
လမွန်းတည့်ပြီဗျို့။
“ကဲ ဟေ့ မောင်တာတေ။
ဝါးဖောင်ကို တွန်းကြစို့ဟေ့”
ရေစပ်မှာ ချထားတဲ့ ဝါးဖောင်ကို ရေထဲရောက်အောင်
ဘိုးလူပေနဲ့ ကျုပ်နဲ့ တွန်းချကြတယ်။ဖောင်က ရေထဲ
ရောက်သွားပြီ။
“ကဲ…ငါ့တပည့် ဆရာကြီး စည်းတွေချထားခဲ့ပြီ
ဘာမှမကြောက်နဲ့”
ဘိုးလူပေက ဖောင်ပေါ်တက်ပြီး ဝါးလုံးတွေပေါ်မှာ
ဖယောင်းတိုင် အကြီးကြီးတွေ လိုက်ထွန်းလိုက်တယ်။
ဖောင်လေးက လင်းထိန်သွားရောဗျို့။
“ကဲ ဟေ့ မောင်တာတေ။မောင်ညီချေ
လုပ်ပေးခဲ့တဲ့ ဝါးပိုးခြမ်း ပေးစမ်းကွယ်”
ကိုညီချေက ဘိုးလူပေ ဖောင်ကိုလှော်ဖို့ဆိုပြီး
ဝါးပိုးခြမ်းကို လှော်တက်ခုတ်ပေးခဲ့တာဗျ။
ကျုပ် ဝါးပိုးခြမ်းလှော်တက်ကို ယူပေးလိုက်တယ်။
ဘိုးလူပေက မီးတွေလင်းနေတဲ့ ဝါးဖောင်ကိုလှော်ပြီး
အင်းရေပြင်ကြီးထဲကို ထွက်သွားတယ်။
ရေလယ်လောက်ရောက်တော့ ဘိုးလူပေက
ဝါးဖောင်အလယ်တည့်တည့်မှာထိုင်ပြီး
မန္တန်တွေ ရွတ်တော့တာပဲဗျာ။
ဘိုးလူပေ မန္တန်ရွတ်တဲ့အသံကို လေသင့်ရင်
သဲ့သဲ့ကလေး ကြားနေရတယ်ဗျ။
ကျုပ်ကတော့ မီးဖိုကို ထင်းထည့်ပေးလိုက်
ပွဲစင်က ငြိမ်းသွားတဲ့ ဖယောင်းတိုင်တွေ
ပြန်ထွန်းလိုက် ။ကုန်သွားတဲ့ဖယောင်းတိုင်ကို
အသစ်စိုက်လိုက်နဲ့ပေါ့ဗျာ။ဘိုးလူပေကိုလည်း
မျက်ခြည်မပြတ်အောင် ကျုပ် ကြည့်နေသေးတာဗျ။
ကြည့်သာကြည့်နေရတာဗျ။ဘိုးလူပေ တစ်ခုခုဖြစ်ရင်
ကျုပ် ဘာမှကူညီနိုင်မှာ မဟုတ်ဘူးလေ။
“ဝုန်း”
ဟာ ရေထဲက လှိုင်းလုံးကြီးတစ်လုံး ထသွားတာဗျို့။
ဘိုးလူပေက မန္တန်ကို မပြတ်ရွတ်တယ်။
“ဝုန်း ဝုန်း”
ရေလှိုင်းကြီးတွေက ဘိုးလူပေရဲ့ဖောင်နဲ့
ခပ်လှမ်းလှမ်းပေါ်မှာ ပေါ်ပေါ်လာတာဗျ။
“ဝုန်း ရွှီး”
ဟာ မီးတန်းကြီးဗျာ ။မီးတန်းကြီး။
ဟာ နဂါးက မီးနဲ့မှုတ်နေပြီဗျို့။
‘ဝုန်း’ဆိုပြီး လှိုင်းလုံးကြီးတစ်လုံး ထသွားပြီး
အဲဒီလှိုင်းလုံးထဲကနေ မီးတန်းကြီး ထွက်လာတာဗျို့။
လိမ္မ်ာရောင် မီးတန်းကြီးဗျ။
ဒါပေမဲ့ ဘိုးလူပေဘက်ကို မှုတ်တာတော့ မဟုတ်ဘူးဗျ။
အပေါ်ကို မှုတ်ထုတ်တာ ။ ကျုပ်စိတ်ထင် မီးတန်းကြီးက
အပေါ်ကို ပေနှစ်ဆယ် အစိတ်လောက် တက်သွားတယ်
ထင်တာပဲဗျ။ဘိုးလူပေကို ကြည့်လိုက်တော့
တင်ပလ္လင်ခွေ မပျက်ဘဲဗျ။မန္တန်တွေကို
အသံကျယ်ကျယ်နဲ့ ရွတ်နေတာ။
“ဝုန်း” “ဝုန်း” “ဝုန်း” “ဝုန်း”
“ရွှီ ရွှီ ရွှီ ရွှီ”
ဟာ နဂါးတွေ ဘယ်နှကောင်တောင် ရောက်လာပြီလည်း
မသိဘူးဗျို့။အင်း ရေပြင်ကြီးရဲ့ ဟိုနားမှာ ဝုန်းကနဲ
လှိုင်းလုံးကြီး ထလာလိုက် ။ ဒီနားမှာ လှိုင်းလုံးကြီး
ထလာလိုက်။မီးတန်းတွေ ရွှီကနဲ ရွှီကနဲ မှုတ်ထုတ်လိုက်နဲ့
အင်းကြီးရဲ့ နေရာအနှံ့မှာကို ပေါ်လာတော့တာဗျို့။
ကျုပ် ဘိုးလူပေအတွက် စိုးရိမ်လို့ မျက်တောက်မခတ်ကို
ကြည့်နေမိတာဗျ။ကျုပ်က ပွဲစင်ပေါ်မှာ ဖယောင်းတိုင်
အမွှေးတိုင်တွေကို ကျုပ်ဆရာ မှာတဲ့အတိုင်း
မပြတ်ထွန်းပေးတယ်။ဖယောင်းတိုင်ထွန်းပြီး
ဘိုးလူပေကို ကျုပ်လှည့်ကြည့်လိုက်တော့…
“ဟာ အောင်မယ်လေးဗျာ”
ကျုပ်ပါးစပ်က လွှတ်ကနဲတောင် အော်လိုက်မိတယ်ဗျို့။
“ဝုန်း ဝုန်း ဝုန်း ဝုန်း”
ဟာ ဘိုးလူပေရဲ့ ဝါးဖောင်ကို ကြိုးနဲ့ချီပြီး
ဆွပြေးနေသလိုပဲဗျ။ဝါးဖောင်က ရေပြင်ကြီးထဲမှာ
ရိပ်ကနဲ ရိပ်ကနဲ ပြေးနေတာဗျို့။
အရှေ့ဘက်ရောက်သွားလိုက်။တောင်ဘက်ရောက်သွားလိုက်။
အနောက်ဘက်ရောက်သွားလိုက်နဲ့ ဝါးဖောင်က ရေပေါ်မှာ
ပြေးနေတာဗျာ။ကိုညီချေ ဖောင်ကို သေသေချာချာ
လုပ်ပေးခဲ့ပေလို့ပဲဗျာ။
ဟာ …ပစ်လိုက်ပြီဗျို့။ပစ်လိုက်ပြီ။ဝါးဖောင်ကိုလွှဲပြီး
ပစ်လိုက်တာဗျ။ဝါးဖောင်က လေထဲမှာ ပျံတက်ပြီး
တော်တော်ဝေးဝေးကို ရောက်သွားတယ်။
“ဝုန်း”
ဝါးဖောင်က ရေထဲကို ‘ဝုန်း’ကနဲ
ပြန်ကျသွားတယ်။ဘိုးလူပေကတော့
တင်ပလ္လင်ခွေထိုင်လျက်ပဲဗျ။
ဝါးဖောင်မှာ ထွန်းထားတဲ့ ဖယောင်းတိုင်ကတော့
အားလုံးငြိမ်းသွားပြီဗျ။လရောင်နဲ့ပဲ နေရတာ။
နဂါးတွေက ဖောင်ကို ဆွဲပြေးလိုက်
လွှဲပစ်လိုက်နဲ့ လုပ်နေကြတာ။
နာရီတွေကို မနည်းတော့ဘူးဗျ။
ကျုပ်လည်း ဘာလုပ်ရမှန်း မသိဘူးလေဗျာ။
ဘိုးလူပေက ကျုပ်ကို မှာထားတာက
ပွဲစင်ကို မီးမငြိမ်းဖို့ပဲလေဗျာ။
နောက်တော့ ကျုပ် သတိရသွားတယ်ဗျ။
ပရိတ်ကြီးဆယ့်တစ်သုတ်ထဲက ခန္ဓသုတ်က
နဂါးတွေကို မေတ္တ္တာပို့တာလေဗျာ။
ကျုပ်ခန္ဓသုတ် ရတယ်ဗျ။ကျုပ် ခန္ဓသုတ်ကို
မပြတ်ရွတ်တော့တာပေါ့ဗျာ။
“ဝုန်း”
“ဟာ နဂါးကြီးဗျို့။နဂါးကြီး ပေါ်လာပြီ”
ဘိုးလူပေရဲ ဖောင်နဲ့ ဆယ်ပေလောက်အကွာမှာ
နဂါးခေါင်းကြီး ပေါ်လာတာဗျ။
ခေါင်းက တင်းတောင်းတစ်လုံးစာလောက်
ရှိမယ်ဗျို့ ။ ခေါင်းမှာ အထစ်ထစ်တွေနဲ့ အမောက်ကြီး
ပါတယ်ဗျ။
ရေထဲမှာ ခေါင်းကြီး ထောင်ထားတာ။
ကျုပ်စိတ်ထင် ခုနှစ်ပေ ရှစ်ပေလောက် ပေါ်နေတယ်လို့
ထင်တယ်ဗျ။မျက်လုံးက နီနီကြီးတွေက
ဟင်းသောက်ပန်ကန်ကြီးတွေလောက် ရှိမယ်ဗျ။
မေးစေ့မှာ လူမုတ်ဆိတ်မွေးလို့
အမွေးအမျှင်တွေလည်း ပါတယ်။
ဘိုးလူပေက အသံကျယ်ကြီးနဲ့ အော်ပြောတယ်။
“အသင် နတ်နဂါးမင်း ပထမံပုဂ္ဂိုလ်ကြီးများ
သာသနာတော် အဓွန့်ရှည်အောင်
စည်းဝေးတိုင်ပင်ပြီး လုပ်ဆောင်နေကြပါတယ်
အဲဒီအထဲမှာ သင်လည်း
ပါဝင်ပါလို့ ပထမံဆရာကြီးတွေက
သင့်ကို ဖိတ်မန္တကပြုကြပါတယ်။
သင်ရဲ့ ဗိမာန်ထဲမှာ
သင်စောင့်ရှောက်သိမ်းဆည်းထားတဲ့
ကြေးပုရပိုက်သုံးဆူကို ကျုပ်ကို ပေးပါ နဂါးမင်း။
ကျုပ်ကတစ်ဆင့် ပထမံပုဂ္ဂိုလ်ကြီးတွေဆီကို
အရောက်ပို့ပေးပါ့မယ်။ဗုဒ္ဓရဲ့ သာသနာတော်ကြီး
အဓွန့်ရှည်ဖို့အတွက် အဲဒီကြေးပုရပိုက်တွေကို
သင့်ထံမှ ကျုပ်လာယူရတာပါ
နတ်နဂါးမင်းကြးဗျာ”
နဂါးကြီးက ရေထဲကနေ ခေါင်းကြီးထောင်ပြီး
ဘိုးလူပေကကို စိုက်ကြည့်နေတုန်းပဲဗျ။
ကျုပ်စိတ်ထဲမှာတော့ နဂါးကြီးက ဘိုးလူပေကို
မီးတောက်ကြီးနဲ့များ မှုတ်လိုက်တော့မလားလို့
တွေးနေမိတာဗျို့။ခန္ဓသုတ်ကိုလည်း ကျုပ် မနားတမ်း
ရွတ်နေတယ်။
“အောက် အီး အီး အီး အွတ်”
ဟော တောကြက်တွေတောင် တွန်ပြီဗျ။
မကြာခင် အာရုံလာတော့မှာ။
“ဝုန်း”
နဂါးကြီး ရေထဲကို ပြန်ငုတ်သွားတယ်။
ရေပေါ်လှိုင်းတွေ ထကျန်ခဲ့တယ်။
ဘိုးလူပေရဲ့ ဝါးဖောင်လေးက လှိုင်းတွေပေါ်မှာ
လူးနေတော့တာပေါ့ဗျာ။ အချိန်တော်တော်ကြာသွားပြီဗျ။
ရေပြင်ကြီးတစ်ခုလုံး ငြိမ်နေတယ်။နည်းနည်းလေးတောင်
မလှုပ်တော့ဘူး။ ဘိုးလူပေကတော့ မန္တန်တွေ
အဆက်မပြတ် ရွတ်နေဆဲပဲဗျို့။
ကျုပ်ကလည်း ခန္ဓသုတ်ရွတ်ရင်းနဲ့ ပွဲစင်က
မီးကို မငြိမ်းအောင် ထွန်းနေတုန်းပဲဗျ။
“ဝုန်း”
ဟာ ရေလှိုင်းကြီးတစ်ခု ထသွားတယ်ဗျို့။
ဘိုးလူပေက ဖောင်ပေါ်မှာ ထိုင်လျက်ကနေပြီး
တစ်ခုခုကို လှမ်းဖမ်းယူလိုက်တာကို တွေ့လိုက်ရတယ်။
ဟော ငြိမ်သွားပြီ။ ငြိမ်သွားပြီ။ အင်းကြီးတစ်ခုလုံး
ငြိမ်ကျသွားပြီဗျို့။
“အောက် အီး အီး အွတ် ”
“အောက် အီး အီး အွတ်”
တစ်တောလုံးမှာ လင်းကြက်တွန်ပြီဗျို့။
တောကြက်ဖတွေ အတောင်တဖျန်းဖျန်းခတ်ရင်း
တောအနှံ့တွန်ကြလို့ဗျာ။
ဟာ ဘိုးလူပေ ပြန်လာပြီဗျို့။
ဝါးခြမ်းလှော်တက်ကလေးကို
လှော်ပြီး ဘိုးလူပေ ပြန်လာနေပြီ ။
ဝါးဖောင်လေးက ကျုပ်ရှိတဲ့ဘက်ကို တရွေ့ရွေ့နဲ့
မျောလာတယ်။
ဝါးဖောင် ကမ်းစပ်ရောက်ခါနီးတော့ ကျုပ်က
ပြေးဆင်းပြီး ဖောင်ကို ဆွဲတယ်။ ကမ်းစပ်မှာ
ဖောင်ကို ဆွဲတင်ပေးလိုက်တော့ ဘိုးလူပေ
လွတ်အိတ်ကြီး စလွယ်သိုင်းလျက်နဲ့ ဖောင်ပေါ်က
ဆင်းလာတယ်။ ပွဲစင်ရှေ့ရောက်တော့ လွတ်အိတ်ထဲကနေ
ကြေးပုရပိုက်ကြီးကို ဆွဲထုတ်ပြီး နဂါးပွဲပေါ်ကို
တင်လိုက်တယ်။
“နတ်နဂါးမင်းကြီး သင်နဲ့ ကျုပ်နဲ့ ကတိပြုခဲ့တဲ့အတိုင်း
ဒီနေ့ကစ ရေတွက်လို့ တစ်နှစ်ပြည့်တဲ့နေ့မှာ
ဒီကြေးပုရပိုက်သုံးဆူကို ပြန်လာပို့ပေးပါ့မယ်”
ဟုတ်တယ်ဗျ။ကျုပ် သေသေချာချာ ကြည့်လိုက်တော့
ကြေးပုရပိုက်က သုံးချပ်ဗျ။ ရွှေကြိုးနဲ့ ကြက်ခြေခတ်
ချည်ထားတာ။
“မောင်တာတေရေ နဂါးနဲ့ ကျုပ်နဲ့ ကတိထားပြီးကြပြီ
တစ်နှစ်ပြည့်တဲ့အချိန်မှာ ကျုပ်တို့ ဒီကြေးပုရပိုက်သုံးဆူကို
ဟောဒီနတ်နဂါးအင်းအရောက် လာပို့ကြရမယ်ကွယ့်
နတ်နဲ့ နဂါး မလှည့်စားနဲ့လို့ ရှေးလူတွေ မှာခဲ့တယ်မို့လား
ဒီပုရပိုက်တွေကို ပြန်မပို့ဘဲ ထားလို့ကတော့ ကျုပ်တို့
ဆရာတပည့်နှစ်ယောက်စလုံး မီးသွေးတုံးကြီးလို မဲပြီး
သေကြရမှာကွယ့်”
“ဟာ …ဟုတ်လား ဆရာကြီး။ အဲဒီစကားကို
ဘိုးရာစီလည်း ပြောဖူးတယ်ဗျ”
“ဟင် ဟုတ်လား ။ အလမ္ပာယ်ပြတဲ့ ကိုရာစီကို
ပြောတာလား ။ သူက ဘယ်မှာနေလို့တုံးကွယ်”
“ဟာ ဘိုးရာစီက ဘန့်ဘွေးကုန်းသားလေ ဆရာကြီးရဲ့။
အခု ဘန့်ဘွေးကုန်းမှာ နေတာ။ မြွေတော့ လွှတ်နိုင်တဲ့
အဘိုးကြီးဗျ”
“ဟုတ်တယ် မောင်တာတေ။
ကျုပ်ငယ်ငယ်က ကိုရာစီပြတဲ့ မြွေလမ္ပာယ်ပွဲကို
သုံးလေးခါလောက် ကြည့်ဖူးတယ်။
မြွေ လိမ္ပာယ်ပြ သိပ်တော်တဲ့လူကွယ့်။
သူက မြွေလိမ္ပာယ်ကို လမ်းဘေးမှာ
ပြတာ မဟုတ်ဘူးကွယ့်။
ရုံသွင်းပြီးတော့ ဆိုင်းနဲ့ ဝိုင်းနဲ့ ပြတာ။
ကြည့်တဲ့လူမှ ကြိတ်ကြိတ်တိုးနေတာကွယ့်။
သူ့ရုံအဝမှာ ‘မောင်ရာစီ မြွေလမ္ပာယ်ပွဲ’ကို
အမြဲတပ်တယ်။သူ့ပုံရော သူ့မြွေကြီးတွေရဲ့
ပုံရော ပန်ချီးဆွဲပြီး ချိတ်ထားတာ”
“ဟာ ဒါဆိုရင် ဆရာကြီးက ဘိုးရာစီကို
ကောင်းကောင်း သိတာပေါ့”
“လူချင်းတော့ မသိဘူးပေါ့ကွယ်
ဆရာက ကိုရာစီကို ကောင်းကောင်းမှတ်မိတာပေါ့
တကယ်တော်တဲ့ အလမ္ပာယ်ဆရာကြီးပါ မောင်တာတေ”
တစ်ရက် တစ်ည ကြာတော့မုဆိုး ကိုညီချေတို့ရွာကိုပြန်ရောက်တယ်။အပြန်မှာတော့ဘိုးလူပေနဲ့ ကျုပ်နဲ့ ရွှေစက်တော်ကိုဝင်ပြီး
ဖူးကြတယ်။ ဒီတစ်ခေါက်တော့ ဘိုးလူပေက ကျုပ်ကို
အိမ်အရောက် ပြန်ပို့ပေးတယ်ဗျို့။
ပြီးပါပြီခဗ်ာ
ဆရာ တာတေ
စာဖတ်ပရိတ်သတ်များ အားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ။
ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် like and share လေး
နဲ့အားပေးသွားပါအုံးဗျာ။
နတ္နဂါးအင္း (စ/ဆုံး)
~~~~~~~~~~~~
မူရင္းေရးသူ_ ဆရာတာေတ
ဘိုးရာစီက ဘန္႔ေဘြးကုန္းကဗ်။
က်ဳပ္သူငယ္ခ်င္း သိန္းေဇာ္တို႔နဲ႔ေတာင္သားခ်င္းေတာ္တယ္။
ဘိုးရာစီ ဆယ့္ငါးႏွစ္သားေလာက္က႐ိုးမထဲမွာ ေႁမြလာဖမ္းတဲ့
အလမၼာယ္ဆရာတစ္ေယာက္နဲ႔ေတြ႕ၿပီးတစ္ခါတည္း လိုက္သြားလိုက္တာ အသက္သုံးဆယ္မွ႐ြာျပန္ေရာက္လာတာဆိုပဲ။
ျပန္ေရာက္လာေပမယ့္ ခဏပဲတဲ့ဗ်။သူအေမကို သူရွာလို႔
ရထားတဲ့ေငြေတြ လာေပးတာတဲ့။ေငြမွ မနည္းဘူးတဲ့ဗ်ိဳ႕။
တစ္ေသာင္းေက်ာ္ ႏွစ္ေသာင္းနီးပါးတဲ့ဗ်။
ဒီတုန္းက ေငြႏွစ္ေသာင္းဆိုတာ နည္းတဲ့တန္ဖိုးမွ မဟုတ္တာ။
ဘိုးရာစီရဲ႕ အေမက ႐ြာမွာ တိုက္ေတြဘာေတြ ေဆာက္ပစ္ၿပီး
ယာေတြမွ ဝယ္ထားလိုက္တာ လက္ညႇိဳးထိုးမလြဲဘဲတဲ့ဗ်ိဳ႕။
ဘိုးရာစီ ေႁမြႏိုင္ခ်က္ေတာ့ဗ်ာ။ လမ္းမွာ သြားရင္းေတြ႕တဲ့
ေႁမြတိုင္း ေခါင္းကို ေျမႀကီးမွာခ်ၿပီး အ႐ိုအေသေပးၾကတာတဲ့ဗ်ိဳ႕။
ဘိုးရာစီကေတာ့ ႐ြာမွာ ခဏပဲေနၿပီး ျပန္သြားတာတဲ့ဗ်။
ျမန္မာျပည္အႏွံ႔ လွည့္ပတ္ၿပီး ေႁမြအလိမၼာယ္ျပေနတာတဲ့ဗ်ာ။
ဘုရားပြဲႀကီးေတြမွာဆိုရင္ ဘိုးရာစီက ႐ုံသြင္းၿပီးေတာ့ကို
ျပတာဆိုပဲ။ ဆိုင္းဝိုင္းနဲ႔ တီးၿပီး ေႁမြေတြနဲ႔ သူနဲ႔ ကျပတာဆိုပဲဗ်ာ။
ဘိုးရာစီက အသက္ေျခာက္ဆယ္ျပည့္ေတာ့
အလမၼာယ္ဆရာအလုပ္ကို အၿပီးတိုင္ စြန္႔လႊတ္ၿပီး
႐ြာမွာ ျပန္ေနတာဗ်။ဘိုးရာစီက အိမ္ေထာင္မရွိတဲ့
လူပ်ိဳႀကီးဆိုေတာ့ တူေတြ တူမေတြက သူ႔ကိုေစာင့္ေရွာက္ၾကတယ္။
ဘိုးရာစီ ေဆာက္ေပးထားတဲ့ တိုက္မွာ ေနၾကၿပီး
ဘိုးရာစီ ဝယ္ေပးထားတဲ့ ယာေတြမွာ လုပ္ကိုင္စားၾကတာေလဗ်ာ။
ဘိုးရာစီကို သူတို႔ေစာင့္ေရွာက္ၾကတာေပါ့။
ဘိုးရာစီက ဘန္႔ေဘြးကုန္းမွာ ဘုန္းႀကီးေက်ာင္း
ေဆာက္လႉတယ္။ဥပုသ္ေန႔တိုင္း ဥပုသ္ေစာင့္တယ္။
ဘယ္ေတာ့မွ အသားမစားဘူး။သက္သက္လြတ္ပဲစားတယ္။
ဘိုးရာစီ အလြတ္ေနတယ္လို႔ က်ဳပ္ေတာ့ တစ္ခါမွ မျမင္ဖူးဘူး။
လက္ထဲမွာ ပုတီးတစ္ကုံးကိုင္ၿပီး အၿမဲစိတ္ေနတဲ့
အဘိုးႀကီးဗ်။ပိုးထိလို႔ကေတာ့ ဘိုးရာစီကိုသာ
ေျပးပင့္ေပေတာ့ဗ်ာ။အသက္သာ မွီပေစ။ဘယ္ေတာ့မွ
မေသေစရဘူးဗ်။
ကိုက္တဲ့ေႁမြကို ခ်က္ခ်င္း
အမိန္႔ျပန္ၿပီး ေခၚလိုက္တာဗ်။ ေရာက္လာတဲ့ ေႁမြကို …
“နင္အဆိပ္ နင္ျပန္စုပ္”
ဆိုၿပီး အမိန္႔ေပးလိုက္တာနဲ႔ ကိုက္တဲ့ ေႁမြက ခ်က္ခ်င္းကို
အဆိပ္စုပ္ေပးရတာဗ်။သူကိုက္ထားတဲ့ အစြယ္ရာကေနၿပီး
အဆိပ္ေတြကို စုပ္ေပးတာ။
ေအာက္က ငွက္ေပ်ာဖက္ေတာ့
ခံေပးထားရတယ္။အဆိပ္မည္းမည္းႀကီးေတြက
ငွက္ေပ်ာဖက္ေပၚကို စီးက်လာေတာ့တာပဲဗ်ာ။
အဆိပ္ကုန္ၿပီဆိုရင္ ေနာက္က ေသြးလိုက္လာတယ္။
“နင္အဆိပ္ က်န္ေသးလား။ကုန္ေအာင္စုပ္။
ကုန္ရင္ သြားေတာ့”
လို႔ အမိန္႔ေပးေတာ့မွ လူကို ကိုက္တဲ့ေႁမြက
အိမ္ေပၚကေန ေလွ်ာကနဲ ဆင္းသြားတာဗ်ိဳ႕။
အဆိပ္တက္ေနတဲ့ လူလည္း သတိရလာၿပီး
အေကာင္းပကတိျဖစ္ေတာ့တာ။ေႁမြက အဆိပ္ကို
စုတ္ခ်လိုက္တာနဲ႔ အဆိပ္ျပန္႔ၿပီး ျပာႏွမ္းေနတဲ့
အသားအေရာင္ကေန တျဖည္းျဖည္း ေသြးေရာင္
သမ္းလာၿပီး ေနာက္ဆုံးေတာ့ သတိျပန္ရလာေတာ့တာပဲဗ်။
က်ဳပ္တို႔႐ြာမွာ ကထိန္တို႔ ဘုရားပြဲတို႔ရွိမွ
ဘိုးရာစီ လာတာဗ်။ေတာ္႐ုံတန္႐ုံ
အလႉအတန္းေလာက္ဆိုရင္
မလာဘူးဗ်။ဘန္႔ေဘြးကုန္းက သူေဆာက္ၿပီး
လႉထားတဲ့ ေက်ာင္းထဲမွာပဲ ပုတီးစိပ္ေနေတာ့တာ။
သူ႔လႉတဲ့ အုတ္ေက်ာင္းအဝင္ေပါက္မွာ
သူ႔အလႉကို ကမၸည္းထိုးထားတာ။
“ေႁမြအလမၸာယ္ဆရာ ေမာင္ရာစီ ေကာင္းမႈ” တဲ့ဗ်ိဳ႕။
ကထိန္ဘုရားပြဲကို ဘိုးရာစီ လာၿပီဆိုလို႔ကေတာ့
က်ဳပ္တို႔လူငယ္ေတြဆိုတာ ဘိုးရာစီနားမွာ
ဝိုင္းၿပီး ဘိုးရာစီ ေျပာျပတဲ့ ေႁမြေတြ အေၾကာင္းကို
တအံ့တၾသ နားေထာင္ၾကရတာေပါ့ဗ်ာ။
အဲဒီအထဲမွာ အင္မတန္မွ စပ္စုတဲ့ တာေတဆိုတဲ့
က်ဳပ္က ဘိုးရာစီရဲ႕ ေရွ႕တည့္တည့္ကေပါ့ဗ်ာ။
ေျပာရဦးမယ္ဗ်ိဳ႕။တစ္ခါတုန္းက က်ဳပ္တို႔ဝိုင္းထဲကို
နဂါးဝင္လာတာကိုလည္း ဘိုးရာစီပဲ လာၿပီးဖမ္းေပးတာဗ်။
အဲဒီနဂါးကို ႐ိုးမေတာထဲအေရာက္ ဘိုးရာစီ
လႊတ္ေပးတာဗ်ိဳ႕။(အဲဒီအေၾကာင္းကို ဖတ္ခ်င္ရင္ေတာ့
တေစၦမ်က္လုံးမဂၢဇင္း ။ အမွတ္ – ၃ မွာ ရွာၿပီး
ဖတ္ၾကည့္ဗ်ာ။က်ဳပ္ေရးထားပါတယ္)
ဘိုးရာစီေျပာျပတဲ့ ေႁမြေတြအေၾကာင္းက
ေတာ္ေတာ္ကို စိတ္ဝင္စားဖို႔ ေကာင္းတာဗ်။
“ေႁမြဆိုတာ ေတာ္ေတာ္ထူးဆန္းတဲ့ သတၱဝါကြ။
ေမာင္တာေတရဲ႕။တစ္ကမာၻလုံးမွာ ပ်ံ႕ႏွံ႔ေနတဲ့
ေႁမြအမ်ိဳးအစားေတြ ေတာ္ေတာ္မ်ားတာကြ။
ဒါေပမဲ့ ထူးျခားတာက ေဒသတစ္ခုမွာရွိတဲ့
ေႁမြေတြဟာ တစ္ေကာင္နဲ႔တစ္ေကာင္
စိတ္ခ်င္းဆက္သြယ္ႏိုင္တယ္ကြ”
“ဘိုးရာစီတို႔ ေႁမြေတြဖမ္းရင္း ဘယ္လိုမ်ား
လိုက္ရွာတာတုံးဗ်”
က်ဳပ္ကလည္း လႊတ္စပ္စုတဲ့ေကာင္ေလဗ်ာ။
က်ဳပ္က ႏႈိက္ႏႈိက္ခြၽတ္ခြၽတ္ေတြေမး။ဘိုးရာစီက
စိတ္ရွည္လက္ရွည္နဲ႔ေျဖ။က်န္တဲ့ေကာင္ေတြက
ေမးေစ့ကို လက္ေထာင္ၿပီး နားေထာင္ၾကေပါ့ဗ်ာ။
“ဒါကေတာ့ အလမၸာယ္ဆရာရဲ႕
ပညာအဆင့္အတန္းေပၚမွာမူတည္တာေပါ့ကြာ။ေတာ္ေတာ္မ်ားမ်ားကေတာ့ေတာထဲ ေတာင္ထဲေတြမွာ လိုက္ရွာၾကရတာေပါ့ကြာ
ဘိုးကေတာ့ အဲဒီလို လိုက္ရွာစရာ မလိုပါဘူး။
ဘိုးရဲ႕ဆရာက အင္မတန္ ပညာျမင့္တာကြ။
သူ မေသခင္မွာ သူ႔ပညာေတြ ဘိုးကို အားလုံးေပးခဲ့ေတာ့
ဘိုးက သူေႁမြရွာသလိုပဲ ရွာတာေပါ့ကြာ”
“ဟင္…ဘိုးက ဘယ္လိုရွာတာတုံးဗ်”
“ေတာနယ္ထဲကိုေတာ့ ဝင္ရတာေပါ့ကြာ။
တပည့္က ေႁမြပျခဳပ္ေတြထမ္းၿပီး လိုက္ၾကတာေပါ့။
ေတာထဲေရာက္တာနဲ႔ မႏၲန္ေတြ မႏၲရားေတြ
႐ြတ္ဖတ္ၿပီး အမိန္႔ျပန္လိုက္ရင္ တစ္ထြာသာသာရွိတဲ့
ေႁမြနီေလးတစ္ေကာင္ ေရာက္လာတယ္ကြ။
အဲဒီေႁမြနီေလးကို အေကာင္တိုတိုေသးေသးေလးဆိုၿပီး
မေထမဲ့ျမင္ေတာ့ မလုပ္နဲ႔ေဟ့။အဲဒီအေကာင္ေပါက္ရင္
အစြယ္ခြၽတ္တာနဲ႔ အသက္ေသေရာကြ”
“ဟာ အဆိပ္ျပင္းလွခ်ည္လား ဘိုးရဲ႕။
အဲဒါ ဘာေႁမြတုံးဗ်”
“နဂါးေလကြာ။
ေတာင္နဂါးမ်ိဳးေပါ့။သူက အဲဒီေဒသက
ေႁမြေတြအားလုံးရဲ႕ အခ်ဳပ္ပဲ။ေႁမြအားလုံးကသူ႔အမိန္႔ကို နာခံၾကရတယ္”
“အဲဒီ ေတာင္နဂါးေတြက အနီေရာင္ခ်ည္းပဲလား ဘိုးရဲ႕”
“ဟာ မဟုတ္ဘူး ေမာင္တာေတရဲ႕ အျဖဴေရာင္
အစိမ္းေရာင္ေတြလည္း ရွိတယ္။အျဖဴေရာင္က
အဆင့္အျမင့္ဆုံးကြ”
“ေၾသာ္ ဒီလိုခြဲထားတာလား ဘိုးရဲ႕”
“ေအး ဟုတ္တယ္ ေမာင္တာေတ ။
ဒါေၾကာင့္ ဘိုးေျပာတာေပါ့ေႁမြဆိုတာ စိတ္ဝင္စားစရာ
အေကာင္းဆုံးသတၱဝါပဲလို႔”
“ေနပါဦး ဘိုးရဲ႕။ေစာေစာကေျပာတဲ့
ေတာင္နဂါးအနီေလးကို ဘိုးက ဘာလုပ္တာတုံး”
“သူကို ဘိုးလိုခ်င္တယ္ ေႁမြေတြေျပာျပရတာေပါ့ကြ။
ေႁမြေဟာက္ႀကီး ဘယ္ႏွေကာင္ လိုခ်င္တယ္။
အရွည္က ဘယ္ႏွေပေလာက္ ။
လုံးပတ္က ဘယ္ေလာက္
ၿပီးေတာ့ ငန္းေႁမြႀကီးက ဘယ္ႏွေကာင္ လိုခ်င္တယ္
အ႐ြယ္က ဘယ္ေလာက္ရွိရမယ္ေပါ့”
“ဟာ …ထူးဆန္းလွခ်ည္လား ဘိုးရဲ႕။
ဒီေတာင္နဂါးက လူစကား နားလည္လို႔လားဗ်”
“ဟာ …နားလည္ပါၿပီလား ေမာင္တာေတရယ္
ေတာထဲကို ခ်က္ခ်င္းျပန္ဝင္သြားတယ္ ေအး ေျပာရဦးမယ္ကြယ့္
အဲဒီလို ေႁမြလိုခ်င္တဲ့အေၾကာင္း ေျပာတဲ့အခါမွာ
တစ္ခါတည္း ထည့္ေျပာရတာရွိတယ္။
အဲဒါ ကတိပဲေဟ့ ။ အခု ယူသြားမယ့္ေႁမြေတြကို
ႏွစ္ႏွစ္ျဖင့္ ႏွစ္ႏွစ္ သုံးႏွစ္ျဖစ္ သုံးႏွစ္ေပါ့ကြာ
ခိုင္းစားပါ့မယ္ ရက္ျပည့္တာနဲ႔ ျပန္လႊတ္ေပးမယ္လို႔
ကတိေပးပါတယ္”
“ေၾသာ္ …အဲဒီလို ေျပာရတာကိုး”
“ေအး…အဲဒီေႁမြနီေလး ေပ်ာက္သြားၿပီ ေတာ္ေတာ္ေလးၾကာရင္
ေႁမြေတြေရာက္လာၿပီး ပျခဳပ္ေတြနားမွာ ေခြေနေတာ့တာကြ။
အဲဒီမွာ ကိုယ္က ဒီေကာင္ေတြကို ေစာေစာက ေႁမြနီေလးကို
ေပးတဲ့ ကတိကို ထပ္ေျပာရတယ္။
အဲဒီလို ေျပာၿပီးတာနဲ႔ဒီေႁမြေတြကို ဘိုးပိုင္သြားတာပဲ။
တစ္ေကာင္ခ်င္းေကာက္ၿပီးပျခဳပ္ေတြထဲ ထည့္႐ုံပဲကြ။
ေႁမြေဟာက္ေတြက ပျခဳပ္တစ္လုံးငန္းေႁမြေတြက ပျခဳပ္တစ္လုံး။
စပါးအုံက တစ္လုံး။ငန္းေတာ္က်ားက တစ္လုံးေပါ့ကြာ။
အမ်ိဳးအစားလိုက္ခြဲၿပီးထည့္ရတာကြ။
ၿပီးရင္ေတာ့ မႏၲန္ေတြ ႐ြတ္ဖတ္ၿပီး
ယဥ္ပါးလာေအာင္ သင္ရတာေပါ့ကြာ။ေနာက္ဆုံးေတာ့
ဆိုင္းတီးေပးရင္း သီခ်င္းဆိုေပးရင္ ကတဲ့ကြာအဆင့္
ေရာက္လာေတာ့တာေပါ့ကြာ။ဒီေတာ့မွ အလမၸာယ္ျပစားလို႔
ေငြရတာေပါ့ကြာ”
က်ဳပ္က ဘိုးရာစီ ေျပာတာကို နားေထာင္ေနရင္းနဲ႔
တစ္ခုခုကို ေတြးမိသြားတယ္ဗ်ိဳ႕။
“ဘိုး က်ဳပ္ ေမးပါရေစဗ်ာ”
“ေမးေလ ေမာင္တာေတ ဘာမ်ားတုံး”
“အဲဒီေႁမြေတြကို ရက္ေစ့သြားလို႔ ျပန္မလႊတ္ရင္
ဘာျဖစ္တုံးဗ်”
“အင္း ေႁမြအလမၸာယ္ဆရာ ေႁမြကိုက္လို႔ ေသတယ္ဆိုတာ
အဲဒါပဲ ေမာင္တာေတရဲ႕ ။ နတ္နဲ႔နဂါး မလွည့္စားနဲ႔ဆိုတာ
ဒါကို ေျပာတာပဲ။ဒီေႁမြေတြကို ၾကည္ၾကည္ျဖဴျဖဴနဲ႔
ထည့္ေပးလိုက္တဲ့ ေတာင္နဂါးက အခ်ိန္ေစ့ကာနီးရင္
နတ္မိစာၦတစ္ေကာင္ကို လႊတ္ၿပီး သတိေပးခိုင္းတယ္”
“ဟင္ ဟုတ္လား ဘိုး”
“ေအး …ဟုတ္တယ္ ေမာင္တာေတရဲ႕ ။
အိပ္မက္ေပးတာေပါ့ကြာ။
ေခါင္းမွာ ရွပ္ပန္းထည္အနီပတ္ၿပီး
ေဘာင္းစႏွစ္ဖက္ခ်ည္ထားတဲ့
နတ္မိစာၦက ေၾကာက္စရာေကာင္းတဲ့
အၾကည့္မ်ိဳးနဲ႔ ၾကည့္ၿပီး’ကိုယ္ကတိ ကိုယ္တည္ၿပီး
ေႁမြေတြကို ျပန္လႊတ္ေပးေတာ့’လို႔ ေျပာၿပီးေပ်ာက္သြားတာကြ။
တကယ္လို႔ ကိုယ္က
သတိတရနဲ႔ ဘယ္ေန႔ဘယ္ရက္မွာျဖင့္ ရက္ေစ့ၿပီျဖစ္လို႔
မင္းတို႔ကို ျပန္လႊတ္ေပးမယ္လို႔ ကိုယ္ေႁမြေတြကို
ေျပာထားရင္ေတာ့ အဲဒီနတ္မိစာၦ မလာဘူးကြ။
ဘိုးကေတာ့ လႊတ္ရမယ့္ရက္စြဲကို
အၿမဲေရးမွတ္ထားတာဆိုေတာ့ နတ္မိစာၦလာဖို႔ မလိုဘူးေပါ့ကြာ”
“ေၾသာ္ …ေႁမြေတြက
ေတာ္ေတာ္အံ့ၾသစရာေကာင္းတာပါလား ဘိုးရဲ႕”
“ေအး အဲဒီလို သတိေပးရဲ႕သားနဲ႔မွ ဂ႐ုမစိုက္ဘဲ
ျပန္လႊတ္မေပးရင္ေတာ့ ေႁမြလမၸာယ္ဆရာ
ဘာမႏၲန္႐ြတ္႐ြတ္ မစြမ္းေတာ့ဘူးကြ။
အဲဒီရက္ေက်ာ္တဲ့ေႁမြ ကိုက္တာခံရၿပီေသေတာ့တာေပါ့ကြာ”
“ေဆးျမန္ျမန္ကုႏိုင္ရင္ေတာ့ အသက္ရွင္မွာေပါ့ေနာ္ ဘိုး”
“မရဘူး ေမာင္တာေတ ။အဲဒီလို ျဖစ္လို႔ကေတာ့
ဘာေဆးမွကို မမွီဘူးကြဲ႕။ေႁမြကို နတ္မိစာၦဝင္စီးၿပီး
ကိုက္တာေလ”
“ဟာ ဟုတ္လား ဘိုး”
“နတ္နဲ႔ နဂါးကို မလွည့္စားရင္ ကိုယ့္ကို အကူအညီေပးတဲ့
ေႁမြေတြအေပၚမွာ မႏွိပ္စက္ရင္ မညႇင္းပမ္းရင္ သူတို႔ကို
ေမတၱာအၿမဲထားရင္ အလမၸာယ္ဆရာကို ဘယ္ေႁမြကမွ
မကိုက္ဘူးကြာ”
ဘိုးရာစီနဲ႔ ေတြ႕ရင္ က်ဳပ္တို႔ သိပ္ေပ်ာ္တာဗ်။
ဘိုးရာစီေျပာတဲ့ ေႁမြေတြအေၾကာင္းက လႊတ္နားေထာင္လို႔
ေကာင္းတာေလဗ်ာ။
“ေႁမြဆိုတာ အင္မတန္ထူးျခားတဲ့ သတၱဝါကြယ့္။
တစ္ခါတုန္းက ဘိုးအလမၸာယ္ျပစားခဲ့တဲ့
ငန္းဝါႀကီးတစ္ေကာင္ဆိုရင္ ဘိုးကို ညဘက္မွာ
အိပ္မက္ေပးတယ္။အိပ္မက္ထဲမွာ သူက လူပုံစံပဲကြဲ႕။
သူက ေျပာတယ္…
‘က်ဳပ္မွာ အေရးႀကီးတဲ့ကိစၥရွိလို႔ တစ္ပတ္ေလာက္
ေတာထဲကို ျပန္ပါရေစ ။ တစ္ပတ္ျပည့္ရင္
က်ဳပ္အေရာက္ ျပန္ခဲ့ပါမယ္’
ဘိုးကလည္း သူတို႔ကို ခိုင္းစားေနေပမယ့္ ဘယ္ေတာ့မွ
ေမတၱာမပ်က္ဘူး ။ ကိုယ္သားသမီးေတြလိုပဲ
ဆက္ဆံတာကိုး ေမာင္တာေတရဲ႕။
ဒီေတာ့ က်ဳပ္က အိပ္မက္ထဲမွာ ျပန္ေျပာလိုက္တယ္။
‘ကိစၥရွိလို႔ သြားတာပဲကြယ္ ျဖစ္ပါတယ္
သြားသာသြားပါ’
လို႔ ေျပာလိုက္ေတာ့ ခ်က္ခ်င္း
ငန္းဝါႀကီး ပုံစံျဖစ္ၿပီး အိမ္ထဲကေန ေလွ်ာကနဲ
ထြက္သြားတယ္။မနက္မိုးလင္းေတာ့ ဘိုးက
ငန္းဝါႀကီးထားတဲ့ ငျခဳပ္အနီႀကီးကို
သြားဖြင့္ၾကည့္လိုက္ေတာ့ အထဲမွာ
ဘာမွကို မရွိေတာ့ဘူးကြယ္။ဒါနဲ႔ ဘိုးလည္း
ဒီအတိုင္း ထားလိုက္ၿပီး တစ္ပတ္ၾကာေတာ့မွ
ပျခဳပ္အနီႀကီးကို သြားၾကည့္တယ္”
“႐ႊီ”
ဘိုးေတာင္မွ ပျခဳပ္မဖြင့္ရေသးဘူး။
အထဲကေန ငန္းဝါႀကီးက အသံေပးသကြယ္။
ေႁမြဆိုတာ ကတိအင္မတန္တည္တဲ့သတၱဝါေတြ
ေမာင္တာေတရဲ႕။ဒါေၾကာင့္ ေႁမြနဲ႔ပတ္သတ္ရင္
ဘယ္ေတာ့မွ မလွည့္စားနဲ႔ ကတိမပ်က္ေစနဲ႔ကြယ့္”
အဲဒီလို ထူးဆန္းတဲ့ ေႁမြေတြအေၾကာင္းလည္း
ၾကားရတာကိုးဗ်ာ။ဒါေၾကာင့္လည္း ဘိုးရာစီနဲ႔ဆုံရင္း
ထမင္းေမ့ ဟင္းေမ့ခ်ည္းပဲဗ်။
“ဘိုးနဲ႔ သက္တူ႐ြယ္တူေလာက္ရွိတဲ့ ေႁမြအလမၸာယ္ဆရာ
တစ္ေယာက္ ရွိသကြယ့္ ။ သူ႔နာမည္က ‘စိုင္းယကၡ’တဲ့။
ဒီေကာင္က ေႁမြေဟာက္ႀကီးတစ္ေကာင္နဲ႔ ကျပတာ။
ကလို႔ၿပီးရင္ ဒီေကာင္က ေႁမြကို ႏႈတ္ခမ္းခ်င္းေတ့ၿပီး
နမ္းျပတာ။ေႁမြကလည္း သူ႔ကို နမ္း။သူကလည္း
ေႁမြကို နမ္းေပါ့ကြာ။အဲဒီေန႔က ျပန္လႊတ္ရမယ့္
ေႁမြေဟာက္ႀကီးကို မလႊတ္ဘဲ တစ္ရက္ေက်ာ္သြားတာ
တစ္ရက္ကေလးပဲ ေက်ာ္သြားတာပါ။
အဲဒီေန႔ ခါတိုင္းလို ေႁမြေဟာက္ႀကီးနဲ႔ ကၿပီး
ပါးစပ္ခ်င္းေတာ့ နမ္းတယ္။ေႁမြေဟာက္ႀကီးရဲ႕ေခါင္းကို
သူ႔ပါးစပ္ထဲထည့္ၿပီး ငုံျပတယ္။
ဒီမွာတင္ ေႁမြေဟာက္က
စိုင္းယကၡရဲ႕လွ်ာကို ကိုက္လိုက္တာ ျပန္ျဖဳတ္လို႔ကို
မရေတာ့ဘဲ ေနာက္ဆုံးလွ်ာကို
ဓါးနဲ႔ျဖတ္ထုတ္ပစ္ရေတာ့တာပဲ ေမာင္တာေတေရ”
“ဟာ ဒီေလာက္ေတာင္ပဲလား ဘိုးရယ္”
“ဟုတ္ပါ့ဗ်ာ ေႁမြမ်ား လႊတ္သစၥာရွိတာကြယ့္။
သူတို႔အေပၚမွာ သစၥာရွိမွလည္း ႀကိဳက္တာဗ်။
ကတိသစၥာထားၿပီး ပ်က္လို႔ကေတာ့ နဂါးမ်က္ေစာင္း
အေၾကာင္းမေ႐ြးဆိုသလိုပဲ ေမာင္တာေတေရ”
“ဟုတ္ပါ့ ဘိုးရယ္။ဘိုးေျပာျပမွပဲ ေႁမြေတြ နဂါးေတြအေၾကာင္း
ေကာင္းေကာင္းသိရေတာ့တာ ဘိုးရဲ႕”
“အင္း…ေမာင္တာေတတို႔လို လူငယ္ေတြ ဗဟုသုတပြားတာ
ေကာင္းတာေပါ့ကြယ္။ဘိုးလည္း ႀကဳံတဲ့အခါတိုင္း
ဘိုးရဲ႕ အေတြ႕အႀကဳံေတြကို ေျပာျပပါ့မယ္ကြယ္”
‘ေန႔ပူလို႔ ညခ်မ္း တေပါင္းလသရမ္း’လို႔ တေပါင္းလကို
မႀကိဳက္တဲ့သူေတြက ေျပာၾကတာေပါ့ဗ်ာ။
တေပါင္းလကိုႀကိဳက္တဲ့သူေတြကေတာ့
‘တေပါင္းသာေခါင္ လမ်ားေနာင္’လို႔ေတာင္ေျပာၾကတာေလဗ်ာ။
တကယ္ေတာ့ တေပါင္းလမွာက
ေတာပန္း ေတာင္ပန္းေတြ အကုန္ပြင့္ၿပီး ေဆးေရာင္စုံပန္းခ်ီ
တစ္ကားလို လွတယ္ဆိုတာကိုေတာ့ ေတာထဲေတာင္ထဲ
ေရာက္တဲ့သူေတြမွ သိၾကတာကိုးဗ်။
အခုလို တေပါင္းလမွာ
ေတာထဲေတာင္ထဲ ေရာက္သြားလို႔ကေတာ့
လႊတ္လြမ္းတာဗ်။ဘာကိုလြမ္းမွန္းလည္း က်ဳပ္ေတာ့
မသိပါဘူးဗ်ာ။က်ဳပ္ေတာ့ ဒီလိုတေပါင္းလမွာ
ေတာတက္ရရင္ လႊတ္ေပ်ာ္တာဗ်ိဳ႕။
နဂါးေဆးေပါ့လ္ိပ္ကေလးေသာက္ရင္း ေတာင္ေရာက္ေျမာက္ေရာက္ ေတြးေနတဲ့ က်ဳပ္အေတြးေတြက တစ္ခ်က္ တစ္ခ်က္
မီးဖိုဘက္ကိုေရာက္သြားေသးဗ်။
မီးဖိုထဲက အေမခ်က္ေနတဲ့
ဝက္လက္ဟင္းအနံ႔က က်ဳပ္ႏွာေခါင္းထဲကို
ဝင္လာတာကိုဗ်။ေခါက္ဆြဲေၾကာ္ဆိုင္က
ကိုပိန္လာေခၚလို႔ အေမ လိုက္သြားၿပီး
ဝက္လက္ႏွစ္ေခ်ာင္းေတာင္ ဝယ္လာတာဗ်။
ဝက္လက္ကို ကိုပိန္က ေသေသခ်ာခ်ာသန္႔ရွင္းၿပီး
အေနေတာ္ ခုတ္ေပးလိုက္တာဗ်။အေမက အိုးထဲမွာ
ဆီနည္းနည္းထည့္ၿပီး ဝက္လက္တုံးၿပီသားေတြ ထည့္တယ္။
ဆီပူထိုးတာေပါ့ဗ်ာ။ေရနည္းနည္းထည့္ရေသးတယ္ဗ်။
နည္းနည္းေလးပါ။ေခၚေရေပါ့ဗ်ာ။
ဒီေတာ့မွ ဝက္လက္ထဲက ေရေတြထြက္လာတာဗ်။
အသားထဲက ေရကို ထုတ္ပစ္တာေပါ့ဗ်ာ။
အဲဒီေရထုတ္ၿပီးခ်က္မွ ဝက္သားက ႏူးလြယ္တာဗ်။
အရသာလည္း ပိုရွိတယ္။
ပထမတစ္ေရခမ္းသြားလို႔ ဒုတိယေရထည့္ကာနီးမွာ
အေမက မရမ္းသီးစိမ္းေလးေတြ ထက္ျခမ္း,ျခမ္းၿပီး
ထည့္လိုက္တာဗ်ိဳ႕။ၿပီးမွ ေရထည့္တာ ။
ဒုတိယေရလည္းခမ္းေရာ ဝက္လက္ေတြ ႏူး႐ုံမဟုတ္ဘူး။
အိေနေတာ့တာဗ်။အရသာကလည္း ခ်ဥ္ၿဖဳံးေလး။
အနံ႔ကလည္း ေမႊးလို႔။မရမ္းသီးေျခာက္ထည့္လည္း
ေကာင္းတာပဲဗ်။က်ဳပ္က နဂါးေဆးေပါ့လိပ္ကေလးဖြာရင္း
အေမ့ရဲ႕ဝက္သားဟင္းနံ႔ ေမႊးေမႊးေလးကို ရႉေနတုန္း
ရွိေသးသဗ်။
“တာေတေရ။တာေတ”
ဝိုင္းဝကေန က်ဳပ္နာမည္ကို အသံက်ယ္က်ယ္ႀကီးနဲ႔
လွမ္းေအာ္ေနတာဗ်ိဳ႕။တန္းလ်ားေပၚမွာ
ပက္လက္ကေလးလွန္ၿပီးဝက္သားဟင္းနံ႔ေလး ရႉေနတဲ့
က်ဳပ္ေတာင္ လန္႔သြားၿပီးခ်က္ခ်င္း ထၾကည့္မိတာဗ်ိဳ႕။
ဟာ ဘန္႔ေဘြးကုန္းက ကိုစံေအးႀကီးဗ်။
လူကပိန္ပိန္ရွည္ရွည္ ကလန္ကလားႀကီးနဲ႔ စကားေျပာရင္း
ေအာ္က်ယ္ ေအာ္က်ယ္နဲ႔ေျပာတာ ။ဘန္႔ေဘြးကုန္းမွာ
စံေအးႏွစ္ေယာက္ရွိတယ္။သူ႔ကိုအာက်ယ္စံေအးလို႔ေခၚတာဗ်။
ကိုစံေအးရဲ႕အေဖက ဘိုးစံေလဗ်ာ။လႊတ္စိတ္တိုတဲ့
အဘိုးႀကီးဗ်။ဘန္႔ေဘြးကုန္းက ေကာင္ေတြက
ဘိုးစံေမာင္ကို ကြယ္ရာမွာ ဘိုးစိတ္တိုလို႔ ေခၚၾကတာ။
“ကိုစံေအးႀကီး လာေလဗ်ာ။အိမ္ေပၚမွာဗ်”
ဝိုင္းထဲမွာ ဟိုၾကည့္ ဒီၾကည့္ လုပ္ေနတဲ့ ကိုစံေအးကို
လွမ္းေခၚလိုက္တယ္။ကိုစံေအးက လက္ျပင္ကိုင္းကိုင္းႀကီးနဲ႔
အိမ္ေပၚတက္လာေရာဗ်။
“ဟာ …ေမႊးလွခ်ည္လား ။အရီးေငြစိန္။
ဘာဟင္းေကာင္းေတြ ခ်က္ေနတုန္း”
ကိုစံေအးက အသံက်ယ္က်ယ္ႀကီးနဲ႔
လွမ္းေမးလိုက္တာဗ်ိဳ႕။
ကိုစံေအးအသံကို က်ဳပ္တို႔တစ္႐ြာလုံးက
မွတ္မိၿပီးသားေလဗ်ာ။
“ဟဲ့ စံေအးႀကီးပါလား ။ ကိုစံေမာင္တို႔
ေနထိုင္ေကာင္းၾကလားဟဲ့”
“ေကာင္းပါ့ဗ်ာ။က်ဳပ္တို႔ကို လက္ညႇိဳးတထိုးထိုးနဲ႔
ခိုင္းေကာင္းတုန္း။ကုန္းေအာ္တုန္းဗ်ိဳ႕”
ကိုစံေအးက သူ႔အဘ ဘိုးစံေမာင္ကို ေျပာတာေလဗ်ာ။
အေမက ကိုစံေအးႀကီး ေျပာတာကို ရယ္ေနေရာဗ်ိဳ႕။
“ဟား ဟား ဟား ဟုတ္ပါ့ စံေအးေရ။
နင့္အဘစံေမာင္ကေတာ့
လႊတ္စိတ္တိုတဲ့အေကာင္ဟဲ့။ နင့္အေမနဲ႔ မရခင္ေရွ႕မွာ
ရည္းစာသုံးေယာက္ေလာက္ ရွိေသးတာ။
သူစိတ္တိုတာနဲ႔အဆက္ျပတ္ကုန္ၾကတာဟဲ့။
ဟား ဟား ဟား”
အေမက သူ႔သူငယ္ခ်င္း ဘိုးစံေမာင္အေၾကာင္းကို
ေျပာရင္း ရယ္ေတာ့တာပဲဗ်ာ။ကိုစံေအးက က်ဳပ္တည္တဲ့
နဂါးေဆးေပါ့လိပ္ကေလးကို သုံးေလးဖြာ ဆက္တိုက္ဖြာၿပီး
အားရပါးရ ရႈိက္လိုက္တယ္ဗ်။ေဆးလိပ္ေသာက္ရင္
အေမာမခံႏိုင္ဘူးဆိုတာ အားလုံးသိၾကတာေလ။
ဒါေပမဲ့ ေဆးလိပ္ေသာက္တဲ့ လူတိုင္းကို ခင္ဗ်ား
ေမးၾကည့္ဗ်။ေမာလာလို႔ကေတာ့ ေဆးလိပ္ကေလး
မီးညႇိၿပီး ႏွစ္ရႈိက္ သုံးရႈိက္ ရႈိက္လိုက္ရရင္ အေမာကို
ေျပသြားတာဗ်ာ။
“ကိုႀကီးစံေအး က်ဳပ္ဆီလာတာ ကိစၥရွိလို႔လား”
က်ဳပ္က ကိုႀကီးစံေအးကို ေမးလိုက္ေတာ့ ကိုစံေအးက
ေသာက္လက္စ ေရေႏြးၾကမ္းပန္ကန္ကို ကုန္ေအာင္
ေမာ့လိုက္ၿပီးမွ ေျပာသဗ်။
“မင္းဆရာႀကီး ေရာက္ေနလို႔ကြ တာေတေရ”
“ဟင္ ဘိုးလူေပ ေရာက္ေနတယ္ ဟုတ္လား”
“ဟုတ္ပါ့ဗ်ာ မနက္အေစာႀကီး ေသွ်ာင္တေစာင္းေလးမွာ
ပဝါအျဖဴေလးေပါင္းလို႔ လြယ္အိတ္ႀကီးတစ္လုံးလြယ္ၿပီး
ဝိုင္းထဲ ဝင္ခ်လာတာကြ”
“ဟား ဟား ဟား ဘိုးလူေပကေတာ့ ဒီအတိုင္းပဲဗ်
ကိုႀကီးစံေအးရဲ႕ ဆိုင္းမဆင့္ ဗုံမဆင့္ ေရာက္လာတာခ်ည္းပဲ”
“ဟုတ္ပါ့ကြာ ။ငါ့အဘ ဗိုက္စိတ္တိုကေတာ့
သူ႔ဆရာေရာက္လာလို႔ ေပ်ာ္ေနေလရဲ႕။တို႔အိမ္မွာကလည္း
ဒီေန႔ ေကာက္ညႇင္းေပါင္းတယ္ေလကြာ။အဲဒါ အဘက
ငါးရံ႕ေျခာက္မီးဖုတ္နဲ႔ ေကာက္ညႇင္းေပါင္းနဲ႔ဘိုးလူေပကို
ဧည့္ခံေနေလရဲ႕။
ဘိုးလူေပကလည္း
ဖ်ာေပၚထိုင္လိုက္ၿပီးတာနဲ႔ ‘ကိုရင္စံေအး
မင္းသူငယ္ခ်င္းေမာင္တာေတကို သြားေခၚကြယ္’
ဆိုၿပီး တန္းလႊတ္ေတာ့တာပဲေဟ့”
“ဟား ဟား ဟား က်ဳပ္လည္း ဘိုးလူေပကို
သတိရေနတာ သုံးေလးရက္ ရွိၿပီဗ်။ကိုႀကီးစံေအးရဲ႕”
က်ဳပ္က အေမ့ကို အက်ိဳးအေၾကာင္းေျပာၿပီး
အဝတ္အစား လဲလိုက္တယ္။ အဘကေတာ့
မနက္အေစာႀကီးကတည္းက ေ႐ႊေတာင္ကုန္းဘုရားပြဲအတြက္
အစည္းအေဝးလုပ္ဖို႔ ႐ြာဦးေက်ာင္းကို သြားေလရဲ႕။
ကိုစံေအးႀကီး ေအာ္က်ယ္ ေအာ္က်ယ္နဲ႔ စကားေတြေျပာၿပီး
ေရွ႕ကသြား က်ဳပ္က ေနာက္ကလိုက္ေပါ့ဗ်ာ။ကိုစံေမာင္ရဲ႕
ဝိုင္းထဲကို ဝင္လိုက္တာနဲ႔ …
“ေဟာ ပါလာပါၿပီဗ်ာ။သရဲမေၾကာက္ တေစၦမေၾကာက္
ကေဝမေၾကာက္ စုန္းမေၾကာက္တဲ့ တာေတ”
ဘိုးစံေမာင္က က်ဳပ္ကို စတာဗ်ိဳ႕။
က်ဳပ္က ရယ္ေနလိုက္တယ္။အိမ္ေပၚေရာက္ေတာ့
အိမ္ဦးခန္းမွာ တင္ပလႅင္ေခြထိုင္ၿပီး က်ဳပ္ကို
ၿပဳံးၾကည့္ေနတယ္။
ဘိုးလူေပကေတာ့ဘယ္ေတာ့ၾကည့္ၾကည့္ ပိန္ပိန္ပါးပါးပဲဗ်။
ႏႈတ္ခမ္းေမြးေလးသဲ့သဲ့နဲ႔ မ်က္လုံးေတြကၾကည္ၿပီးေတာက္ေနတာဗ်ိဳ႕။
“ေမာင္တာေတ ေနေကာင္းလားကြယ့္။
မင္းအဘနဲ႔ အေမေရာ ေနထိုင္ေကာင္းရဲ႕လား”
“ဟုတ္ကဲ့ ေကာင္းၾကပါတယ္ ဆရာႀကီး”
က်ဳပ္က ဘိုးလူေပ ေမးတာကို ေျဖရွင္းနဲ႔
ဘိုးလူေပကို ဦးခ်ၿပီး ကန္ေတာ့လိုက္တယ္။
“ဆရာႀကီးေရာ ေနေကာင္းရဲ႕လားဗ်”
“ေအး ေကာင္းပါတယ္ ေမာင္တာေတ။
က်ဳပ္က ခ်င္းေတာင္ေပၚကို ေရာက္ေနလို႔
ဒီဘက္မေရာက္ျဖစ္တာကြယ့္။အခုေတာ့
ကိစၥေပၚလာေတာ့လည္း ေရာက္ရၿပီေပါ့ကြယ္
ေမာင္တာေတ က်ဳပ္နဲ႔ လိုက္ခဲ့ႏိုင္မလားကြယ့္”
“အခုအခ်ိန္ေတြက အားေနတဲ့အခ်ိန္ပဲ ဆရာႀကီးရယ္
က်ဳပ္ လိုက္ႏိုင္ပါတယ္”
“ဟာ…ဒါဆိုရင္ေတာ့ ဟန္က်ၿပီေပါ့ကြယ္
က်ဳပ္တို႔နတ္နဂါးအင္းႀကီး သြားရလိမ့္မယ္ ေမာင္တာေတ။
နတ္နဂါးသိုက္ထဲက ေၾကးပုရပိုက္ သုံးဆူကို
သြားယူရမွာကြယ့္”
“ဟာ ဟုတ္လား ဆရာ။ႏို႔ အဲဒီ နတ္နဂါးအင္းက
ဘယ္ေနရာမွာ ရွိတာတုံး ဆရာ”
“ရခိုင္ျပည္မွာကြယ္။သဘာဝအင္းႀကီးတစ္ခုပဲ
ေမာင္တာေတရဲ႕။ရခိုင္ေတာင္ႀကီးေတြၾကားမွာ ရွိတာ။
အင္းႀကီးရဲ႕ ေဘးပတ္ပတ္လည္မွာ ေတာင္အျမင့္ႀကီးေတြ
ကာထားသလို ျဖစ္ေနတာ။ဒါေပမဲ့ ဒီအင္းႀကီးက
ေအာက္မွာ အနက္ႀကီးဆိုပဲ။ဒီအင္းႀကီးရဲ႕ေအာက္ေျခက
ပင္လယ္အထိ ေပါက္သတဲ့။ဒါေၾကာင့္လည္း
ဒီအင္းထဲမွာ နဂါးေနတာေပါ့ကြယ္”
“ႏို႔ ေနပါဦး ဆရာႀကီးရဲ႕။နဂါးဆိုတာ တကယ္ေရာ
ရွိလို႔လားဗ်။က်ဳပ္က ပုံျပင္အေနနဲ႔ ေျပာတာလို႔ပဲ
ထင္ေနတာ”
“အို…ရွိပါၿပီလား ေမာင္တာေတရယ္ ပုံျပင္ထဲမွာ
ရွိတာမဟုတ္ပါဘူးကြယ္ အျပင္မွာလည္း
တကယ္ရွိပါတယ္ဒါေပမဲ့ ပုံျပင္တို႔
ဝတၳဳတို႔ ဇာတ္နိပါတ္တို႔ထဲမွာကေတာ့
လူစိတ္ဝင္စားေအာင္ ပိုပိုမိုမို
ေျပာတာေတြေတာ့ ရွိသေပါ့ကြယ္”
“ေၾသာ္ …ဒါဆိုရင္ နဂါးဆိုတာ တကယ္ရွိတာပဲ”
ဘိုးလူေပက ေရေႏြးၾကမ္းပန္းကန္ေလးကိုယူၿပီး
ေသာက္လိုက္တယ္။ၿပီးေတာ့မွ စကားဆက္တယ္ဗ်။
“နဂါးဆိုတာ သုံးမ်ိဳးရွိတယ္ ေမာင္တာေတရဲ႕။
ကုန္းနဂါး ေရနဂါးနဲ႔ အာကာသနဂါးလို႔ ခြဲထားတယ္။
ကုန္းနဂါးကေတာ့ ေတာထဲေတာင္ထဲမွာ ေနၾကတယ္။
တခ်ိဳ႕ကေတာ့ ကုန္းနဂါးကို ေတာင္နဂါးလို႔လည္း
ေခၚၾကတယ္ကြယ့္။အေကာင္အ႐ြယ္အစားက
ေႁမြေလာက္ပဲ ရွိပါတယ္။
အေမာက္ကေတာ့ ပါတယ္။ေရမွာေနတဲ့ နဂါးကေတာ့
ပင္လယ္ထဲမွာ ေနတာေပါ့ကြယ္။ပင္လယ္နဲ႔ဆက္ေနတဲ့
အင္းေတြ အိုင္ေတြထဲမွာလည္း ေနၾကတယ္ကြယ့္။
အ႐ြယ္အစား ႀကီးတာေပါ့ကြယ္။လုံးပတ္က
ထန္းပင္လုံးေလာက္ရွိၿပီး ေခါင္းက
ခြဲေတာင္းေလာက္ရွိတယ္ကြယ့္။
အရွည္ကေတာ့ ေပေလးဆယ္ေလာက္ကို ရွည္တာဗ်။
အာကာသနဂါးဆိုတာကေတာ့ ျမင္ဖူးတဲ့လူ အင္မတန္
ရွားပါတယ္။ရွိတယ္လို႔ပဲ က်ဳပ္တို႔ေတာ့ သိရတာကြယ့္
ေသေသခ်ာခ်ာေတာ့ မသိဘူး။ေကာင္းကင္မွာ
သြားလာေနတယ္လို႔ပဲ ၾကားဖူးတာ”
“ဒါဆိုရင္ အခု က်ဳပ္တို႔သြားမယ့္ နတ္နဂါးအင္းႀကီးက
နဂါးေတြက ေရနဂါးမ်ိဳးေပါ့ေနာ္ ဆရာႀကီး”
“ဟုတ္တာပ ေမာင္တာေတ ။
ေရနဂါးမ်ိဳးေတြေပါ့ အ႐ြယ္အစား အႀကီးႀကီးေတြကြယ့္။
ၿပီးေတာ့ သူတို႔က ႐ိုး႐ိုးနဂါးေတြ မဟုတ္ဘူး။
နတ္နဂါးေတြကြယ့္”
“ဟင္ နတ္နဂါးဆိုတာက ဘယ္လိုမ်ိဳးတုံး ဆရာႀကီးရဲ႕”
“သူတို႔က ေရေအာက္မွာ ဗိမာန္နဲ႔ ေနၾကတာကြယ့္။
သူတို႔ေနဖို႔ ဗိမာန္ကို သူတို႔ရဲ႕ တန္ခိုးနဲ႔ ဖန္ဆင္းႏိုင္ၾကတယ္။
ၿပီးေတာ့ နတ္နဂါးမ်ိဳးေတြဟာ ႀကိဳက္တဲ့အခ်ိန္မွာ
လူေယာင္ဖန္ဆင္းႏိုင္ၾကတယ္။လူအသြင္သဏၭာန္နဲ႔
လူေတြၾကားမွာ ေရာေႏွာသြားလာေနႏိုင္တယ္။
သူတို႔ကို သာမန္လူေတြကေတာ့ မသိဘူးေပါ့ကြယ္။
ဒါေပမယ့္ အဆင့္ျမင့္တဲ့ လူပုဂၢိဳလ္ ရဟန္းပုဂၢိဳလ္ေတြကေတာ့
သူတို႔ကို ျမင္တာနဲ႔ သိၾကတယ္ကြယ့္”
“ေၾသာ္ …ဒီလိုကိုး။ေလာကႀကီးမွာ ထူးဆန္းတာေတြ
ေတာ္ေတာ္မ်ားတာပါလား ဆရာႀကီးရယ္”
“ဟုတ္ေပတယ္ ေမာင္တာေတ။အခု က်ဳပ္တို႔သြားရမွာက
မင္းဘူး ေ႐ႊစက္ေတာ္ဘက္ကေန သြားရမွာကြယ့္။
ေမာင္တာေတ မိဘမ်ားကို ခြင့္ေတာင္းေပေတာ့ကြယ္
ခုလာမယ့္လျပည့္မတိုင္ခင္ နတ္နဂါးအင္းကို
က်ဳပ္တို႔ေရာက္ဖို႔လိုတယ္။ဟိုမွာ ျပင္စရာဆင္စရာေတြ
ရွိေသးတယ္ကြယ့္”
“ေကာင္းပါၿပီ ဆရာႀကီး ။ ဆရာႀကီး ခရီးထြက္မယ့္ေန႔ကိုသာ
အမိန္႔ရွိပါ က်ဳပ္ဘက္က အဆင္သင့္ျဖစ္ေစရပါမယ္”
“ဒါဆိုရင္ သန္ဘက္ခါ မနက္ေစာေစာ
ခရီးစထြက္ၾကတာေပါ့ကြယ္”
ဘိုးလူေပနဲ႔ က်ဳပ္နဲ႔ မေကြးေရာက္ေတာ့ ျမသလြန္ဘုရားကို
ဝင္ဖူးၾကတယ္။မင္းဘူးဘက္ကမ္းကို သေဘၤာနဲ႔
ကူးရတာဗ်။ေရလယ္ေသာင္ေတြကို ေကြ႕ပတ္ၿပီးေတာ့ေပါ့ဗ်ာ။
မင္းဘူးေရာက္ေတာ့ ေ႐ႊစက္ေတာ္ကို သြားၿပီး
ရခိုင္ဘက္ကို ဝင္ခဲ့ၾကတယ္။ေျခေတာ္ရာကိုေတာ့
ဝင္ဖူးဖို႔ အခ်ိန္မရခဲ့ဘူးဗ်။
ရခိုင္ေရာက္ေတာ့ ႐ြာေလးတစ္႐ြာကေန
ရခိုင္လမ္းျပတစ္ေယာက္ ငွားရတယ္။
အသက္ေလးဆယ္ေလာက္ရွိတဲ့ ကိုညီေခ်ဆိုတဲ့လူဗ်။
ဒီလူက မုဆိုးေလဗ်ာ။လႊတ္လမ္းကြၽမ္းတာဗ်။
ကိုညီေခ် လမ္းျပေပးလို႔ ဘိုးလူေပနဲ႔
က်ဳပ္နဲ႔တစ္ရက္တစ္ည သြားၿပီးတာနဲ႔
နတ္နဂါးအင္းႀကီးကို ေရာက္ခဲ့ၾကတယ္။
အို…အင္းႀကီးမွ နဲတာႀကီးမဟုတ္ဘူးဗ်ာ။
ေဘးပတ္လည္မွာ ေတာင္ကမ္းပါးယံႀကီးေတြဗ်။
မတ္မတ္ႀကီးေတြဗ်ာ။အခု က်ဳပ္တို႔ေရာက္တဲ့ဘက္ကေတာ့
ေတာင္ၾကားလမ္းေလးရွိလို႔ အင္းထဲအထိ ဆင္းႏိုင္တယ္ဗ်။
“ကိုႀကီးညီေခ်။ဒီေျခသြားလမ္းေလးက လူေတြ
အင္းထဲဆင္းတဲ့လမ္းထင္တယ္။လူေတြ သြားပါမ်ားလို႔
လမ္းျဖစ္တာလားဗ်။ဒီလူေတြက အင္းထဲမွာ
ငါးဆင္းဖမ္းတာလား”
“ဟာ မဟုတ္ပါ။ဒီလမ္းက လူသြားလမ္း မဟုတ္။
နဂါးသြားလမ္းပါ နဂါးဗိုက္ရာႀကီးကေန ခုလိုလမ္းျဖစ္ေနတာ
လူေတြ ဒီအင္းမွာ ငါးမဖမ္းရဲၾကဘူး”
“ဗ်ာ ဒါ နဂါးဗိုက္ရာႀကီး ဟုတ္လား”
က်ဳပ္ဆိုတာ ၾကက္သီးေတြေတာင္ ဖ်န္းကနဲ
ထသြားလိုက္တာဗ်ာ။က်ဳပ္ေျမႀကီးကို ေသေသခ်ာခ်ာ
ငုံၾကည့္တယ္။ဟုတ္ပါ့ဗ်ာ။ဒါ နဂါႀကီးတစ္ေကာင္ရဲ႕
ဗိုက္ရာႀကီးပဲဗ်။ဘုရား ဘုရား ဘာေတြမ်ား
ေတြ႕ရဦးမလဲ။ဘိုးလူေပက ကိုညီေခ်ကို ေခၚၿပီး
အင္းစပ္ကို ဆင္းတယ္။က်ဳပ္လည္း လိုက္ရတာေပါ့ဗ်ာ။
ဘိုးလူေပက ေနရာတစ္ခုကိုျပတယ္။
ကိုညီေခ်ကို သစ္ပင္ေတြ ခုတ္ခိုင္းတယ္။
ဆယ့္ငါးေပေလာက္က်ယ္တဲ့ ေျမေျပာင္ရလာေတာ့မွ
ဝါးခုတ္ခိုင္းၿပီး ႏွစ္ေတာင္ေလာက္ျမင့္တဲ့စင္ကို
ဝါးနဲ႔ထိုးခိုင္းတယ္။ကိုညီေခ်က ေတာထဲမွာ
လင့္စင္ထိုးေနက်ဆိုေတာ့ ခဏေလးနဲ႔
ဘိုးလူေပ လိုခ်င္တဲ့စင္ ၿပီးသြားတယ္။
ဘိုးလူေပက ကန္ေတာ့ပြဲျပင္ဖို႔ ဝါးနဲ႔
ခံေတာင္းဖက္ကေလးေတြ ယက္ခိုင္းတယ္။
ဒါကေတာ့ က်ဳပ္ ကြၽမ္းၿပီးသားဗ်။
က်ဳပ္က အဘေတာင္းယက္ရင္ ဝင္ၿပီး
လုပ္ေနၾကေလဗ်ာ။က်ဳပ္ကေတာ့ ပြဲျပင္ဖို႔
ဝါးခံေတာင္းေလးေတြ ယက္လိုက္တယ္။
က်ဳပ္ကေတာ့ ပြဲျပင္ဖို႔ ဝါးခံေတာင္းေလးေတြ
ယက္လိုက္တယ္။က်ဳပ္ေတာင္းယက္ေနတုန္းမွာ
မုဆိုး ကိုညီေခ်ကို ဝါးပိုးခုတ္ၿပီး ေဖာင္ဖြဲ႕ခိုင္းတယ္။
ေဖာင္က ဆယ္ေပပတ္လည္ ဝါးပိုးသုံးဆင့္ခံနဲ႔ဗ်။
က်ဳပ္ ေတာင္းေတြယက္ၿပီးေတာ့ ကိုညီေခ်
ဝါးေဖာင္ဖြဲ႕တာကို ကူလုပ္ေပးလိုက္တယ္။
ဘိုးလူေပက ေဖာင္ကို ေသေသခ်ာခ်ာ
စစ္ေဆးၾကည့္ၿပီးမွ သေဘာက်သြားတယ္။
မုဆိုးကိုညီေခ်ကလည္း ေဖာင္ကို ႏြယ္ႀကိဳးေတြ
ႀကိမ္ေတြနဲ႔ အထပ္ထပ္ခ်ည္ၿပီး ဖြဲ႕တာဗ်။
ေဖာင္ဖြဲ႕ၿပီးတာနဲ႔ ကိုညီေခ် ေတာထဲဝင္ၿပီး
အုန္းသီးငါးလုံးနဲ႔ ငွက္ေပ်ာခိုင္ေတြ ခုတ္ရတယ္။
က်ဳပ္က လိုက္ၿပီး ငွက္ေပ်ာခိုင္ကူထမ္းရတာေပါ့ဗ်ာ။
ၿပီးတာနဲ႔ ဘိုးလူေပက ပြဲေတြျပင္တယ္။
ဘုရားတစ္ပြဲ ငွက္ေပ်ာသုံးဖီး ရွင္ဥပတၱတစ္ပြဲ
ငွက္ေပ်ာသုံးဖီး ေတာင္ပိုင္နတ္ႀကီးတစ္ပြဲ
ငွက္ေပ်ာသုံးဖီး ေတာေစာင့္နတ္တစ္ပြဲ
ငွက္ေပ်ာႏွစ္ဖီး နဂါးပြဲတစ္ပြဲ ငွက္ေပ်ာႏွစ္ဖီးဗ်။
ပြဲေတြကို ေစာေစာက ကိုညီေခ်
ထိုးထားတဲ့ စင္ေပၚမွာ စီၿပီးတင္တယ္။
အားလုံးၿပီးေတာ့ ညေနေစာင္းၿပီ။
ဘိုးလူေပက ကိုညီေခ်ကို ေမးတယ္။
ဒီည ဒီမွာ အိပ္ခ်င္သလား ျပန္ခ်င္သလားေမးေတာ့
ကိုညီေခ်က ျပန္မယ္လို႔ ေျပာတယ္ဗ်။
ဒါနဲ႔ ဘိုးလူေပက ကိုညီေခ်ကို ေငြေတြေပးတယ္။
ကိုညီေခ်ေတာင္းထားတာရဲ႕ ႏွစ္ဆေပးလိုက္တယ္။
ၿပီးေတာ့ ေက်းဇူးတင္စကားကိုလည္း ဘိုးလူေပက
ထပ္ခါထပ္ခါ ေျပာသဗ်။ကိုညီေခ် ျပန္သြားေတာ့
နတ္နဂါးအင္းႀကီးရဲ႕ ကမ္းစပ္မွာ ဘိုးလူေပရယ္
က်ဳပ္ရယ္ ကန္ေတာ့ပြဲ ငါးပြဲရယ္ပဲ က်န္တာေပါ့ဗ်ာ။
ဘိုးလူေပက ေရစပ္အထိဆင္းၿပီ အင္းကို
အကဲခတ္တယ္။
“ေမာင္တာေတ ေဟာဒီအင္းက အလ်ားတစ္မိုင္ေက်ာ္တယ္
အနံက တစ္မိုင္မျပည့္တတ္ဘူးကြယ့္။ညကို လမြန္းတည့္တာနဲ႔
က်ဳပ္က ေရထဲကို ေဖာင္နဲ႔ထြက္မယ္။ေဖာင္ေပၚမွာ
မႏၲန္ေတြ မျပတ္႐ြတ္ရမယ္။ေဟာဒီစင္ကို ေမာင္တာေတက
ေစာင့္ေရွာက္ၿပီး ကမ္းေပၚမွာ ေနခဲ့ရလိမ့္မယ္”
“ဟုတ္ကဲ့ပါ ဆရာႀကီး”
“ဘယ္ႏွယ့္တုံး ေမာင္တာေတ ေနဝံ့ပါမလား”
“ဟာ ေနဝံ့ပါတယ္ ဆရာႀကီး”
“အင္း…ေမာင္တာေတကေတာ့ အာဂလူေပပဲကြယ္
ပြဲစင္ေပၚမွာ ဖေယာင္းတိုင္မီးကို မျပတ္ေအာင္
ထြန္းထားကြယ့္။ၿငိမ္းရင္ ထပ္ထြန္း ၿပီးေတာ့
ခပ္လွမ္းလွမ္းမွာ မီးဖို ဖိုထား
မီးကို မျပတ္သာထည့္ေပေတာ့
က်ဳပ္မသြားခင္ ေဟာဒီေနရာကို
စည္းခ်ထားခဲ့ပါမယ္။
ျဖစ္တယ္မို႔လား ေမာင္တာေတ”
“ဟာ ျဖစ္ပါတယ္ ဆရာႀကီးရဲ႕”
ဘိုးလူေပက က်ဳပ္ကို စိတ္မခ်သလိုနဲ႔
ထပ္ေမးတယ္ဗ်။မိုးမခ်ဳပ္ခင္ က်ဳပ္က ေတာထဲဝင္ၿပီး
ထင္းေခ်ာင္းေတြ စုလိုက္တယ္။မီးဖိုမယ့္ေနရာကိုလည္း
ေသေသခ်ာခ်ာ ရွင္းထားလိုက္တယ္။မိုးခ်ဳပ္ၿပီဆိုတာနဲ႔
က်ဳပ္က မီးဖိုကို မီးေမႊးေတာ့တာဗ်ိဳ႕။
ဝင္ကာနီး ေနေရာင္ေအာက္မွာ နတ္နဂါးအင္းႀကီးရဲ႕
ေရျပင္ႀကီးမွာ လႈိင္းၾကက္ခြပ္ေတြ တဖ်တ္ဖ်တ္လာေနတာ။
က်ဳပ္ေငးၾကည့္ေနမိတယ္။က်ဳပ္တို႔ ဆရာတပည့္ႏွစ္ေယာက္
ပါလာတဲ့ ေကာက္ညႇင္းက်ည္ေတာက္ေတြခြဲၿပီး
ငါးေျခာက္ဖုတ္နဲ႔ ညစာစားလိုက္ၾကတယ္။
ၿပီးတာနဲ႔ ဘိုးလူေပက ပြဲေတြမွာ ဖေယာင္းတိုင္
မီးထြန္းတယ္။က်ဳပ္ကို ဝါးစင္ေပၚမွာ ခပ္က်ဲက်ဲ
ဖေယာင္းတိုင္ ထြန္းထားဖို႔ ေျပာတာနဲ႔ က်ဳပ္က
ဝါးလုံးေပၚမွာ ဖေယာင္းတိုင္ေတြ
စီတန္းၿပီး ထြန္းလိုက္တယ္။
အင္းစပ္မွာ ဖေယာင္းတိုင္မီးေရာင္နဲ႔
လင္းထိန္သြားေရာဗ်ိဳ႕။
က်ဳပ္ရဲ႕ မီးလင္းဖိုကလည္း မီးေတာက္ေတြ
ထၿပီး လင္းေနတာဗ်ိဳ႕။မီးအလင္းေရာင္က
အင္းေရျပင္ထဲအထိ လင္းေနတာဗ်။
ဘိုးလူေပက ပြဲစင္ေရွ႕မွာ အဝတ္ကေလးတစ္ထည္ခင္းၿပီး
႐ြတ္ဖတ္ေတာ့တာပဲဗ်ိဳ႕။ေဟာ လထြက္လာၿပီ။
လျပည့္ည လမင္းႀကီးက ဝိုင္းဝိုင္းစက္စက္
ျပည့္ျပည့္ဝဝႀကီးေပါ့ဗ်ာ။လကျမင့္လာေလ
အင္းေရျပင္ႀကီးက ပိုၿပီးလင္းလာေလ။
ဘိုးလူေပရဲ႕ မႏၲန္႐ြတ္သံက ပိုက်ယ္လာေလပဲဗ်။
က်ဳပ္ကေတာ့ ပြဲစင္ေပၚက ဖေယာင္းတိုင္နဲ႔
အေမႊးတိုင္ေတြကို မျပတ္ေအာင္ ထြန္းေပးေနရတာဗ်။
အေမႊးတိုင္ ထြန္းဖို႔ ညေနတည္းက က်ဳပ္က
က်ဳပ္က ဝါးဆစ္ကေလးေတြ လုပ္ထားတာေလဗ်ာ။
လမြန္းတည့္ၿပီဗ်ိဳ႕။
“ကဲ ေဟ့ ေမာင္တာေတ။
ဝါးေဖာင္ကို တြန္းၾကစို႔ေဟ့”
ေရစပ္မွာ ခ်ထားတဲ့ ဝါးေဖာင္ကို ေရထဲေရာက္ေအာင္
ဘိုးလူေပနဲ႔ က်ဳပ္နဲ႔ တြန္းခ်ၾကတယ္။ေဖာင္က ေရထဲ
ေရာက္သြားၿပီ။
“ကဲ…ငါ့တပည့္ ဆရာႀကီး စည္းေတြခ်ထားခဲ့ၿပီ
ဘာမွမေၾကာက္နဲ႔”
ဘိုးလူေပက ေဖာင္ေပၚတက္ၿပီး ဝါးလုံးေတြေပၚမွာ
ဖေယာင္းတိုင္ အႀကီးႀကီးေတြ လိုက္ထြန္းလိုက္တယ္။
ေဖာင္ေလးက လင္းထိန္သြားေရာဗ်ိဳ႕။
“ကဲ ေဟ့ ေမာင္တာေတ။ေမာင္ညီေခ်
လုပ္ေပးခဲ့တဲ့ ဝါးပိုးျခမ္း ေပးစမ္းကြယ္”
ကိုညီေခ်က ဘိုးလူေပ ေဖာင္ကိုေလွာ္ဖို႔ဆိုၿပီး
ဝါးပိုးျခမ္းကို ေလွာ္တက္ခုတ္ေပးခဲ့တာဗ်။
က်ဳပ္ ဝါးပိုးျခမ္းေလွာ္တက္ကို ယူေပးလိုက္တယ္။
ဘိုးလူေပက မီးေတြလင္းေနတဲ့ ဝါးေဖာင္ကိုေလွာ္ၿပီး
အင္းေရျပင္ႀကီးထဲကို ထြက္သြားတယ္။
ေရလယ္ေလာက္ေရာက္ေတာ့ ဘိုးလူေပက
ဝါးေဖာင္အလယ္တည့္တည့္မွာထိုင္ၿပီး
မႏၲန္ေတြ ႐ြတ္ေတာ့တာပဲဗ်ာ။
ဘိုးလူေပ မႏၲန္႐ြတ္တဲ့အသံကို ေလသင့္ရင္
သဲ့သဲ့ကေလး ၾကားေနရတယ္ဗ်။
က်ဳပ္ကေတာ့ မီးဖိုကို ထင္းထည့္ေပးလိုက္
ပြဲစင္က ၿငိမ္းသြားတဲ့ ဖေယာင္းတိုင္ေတြ
ျပန္ထြန္းလိုက္ ။ကုန္သြားတဲ့ဖေယာင္းတိုင္ကို
အသစ္စိုက္လိုက္နဲ႔ေပါ့ဗ်ာ။ဘိုးလူေပကိုလည္း
မ်က္ျခည္မျပတ္ေအာင္ က်ဳပ္ ၾကည့္ေနေသးတာဗ်။
ၾကည့္သာၾကည့္ေနရတာဗ်။ဘိုးလူေပ တစ္ခုခုျဖစ္ရင္
က်ဳပ္ ဘာမွကူညီႏိုင္မွာ မဟုတ္ဘူးေလ။
“ဝုန္း”
ဟာ ေရထဲက လႈိင္းလုံးႀကီးတစ္လုံး ထသြားတာဗ်ိဳ႕။
ဘိုးလူေပက မႏၲန္ကို မျပတ္႐ြတ္တယ္။
“ဝုန္း ဝုန္း”
ေရလႈိင္းႀကီးေတြက ဘိုးလူေပရဲ႕ေဖာင္နဲ႔
ခပ္လွမ္းလွမ္းေပၚမွာ ေပၚေပၚလာတာဗ်။
“ဝုန္း ႐ႊီး”
ဟာ မီးတန္းႀကီးဗ်ာ ။မီးတန္းႀကီး။
ဟာ နဂါးက မီးနဲ႔မႈတ္ေနၿပီဗ်ိဳ႕။
‘ဝုန္း’ဆိုၿပီး လႈိင္းလုံးႀကီးတစ္လုံး ထသြားၿပီး
အဲဒီလႈိင္းလုံးထဲကေန မီးတန္းႀကီး ထြက္လာတာဗ်ိဳ႕။
လိမၼ္ာေရာင္ မီးတန္းႀကီးဗ်။
ဒါေပမဲ့ ဘိုးလူေပဘက္ကို မႈတ္တာေတာ့ မဟုတ္ဘူးဗ်။
အေပၚကို မႈတ္ထုတ္တာ ။ က်ဳပ္စိတ္ထင္ မီးတန္းႀကီးက
အေပၚကို ေပႏွစ္ဆယ္ အစိတ္ေလာက္ တက္သြားတယ္
ထင္တာပဲဗ်။ဘိုးလူေပကို ၾကည့္လိုက္ေတာ့
တင္ပလႅင္ေခြ မပ်က္ဘဲဗ်။မႏၲန္ေတြကို
အသံက်ယ္က်ယ္နဲ႔ ႐ြတ္ေနတာ။
“ဝုန္း” “ဝုန္း” “ဝုန္း” “ဝုန္း”
“႐ႊီ ႐ႊီ ႐ႊီ ႐ႊီ”
ဟာ နဂါးေတြ ဘယ္ႏွေကာင္ေတာင္ ေရာက္လာၿပီလည္း
မသိဘူးဗ်ိဳ႕။အင္း ေရျပင္ႀကီးရဲ႕ ဟိုနားမွာ ဝုန္းကနဲ
လႈိင္းလုံးႀကီး ထလာလိုက္ ။ ဒီနားမွာ လႈိင္းလုံးႀကီး
ထလာလိုက္။မီးတန္းေတြ ႐ႊီကနဲ ႐ႊီကနဲ မႈတ္ထုတ္လိုက္နဲ႔
အင္းႀကီးရဲ႕ ေနရာအႏွံ႔မွာကို ေပၚလာေတာ့တာဗ်ိဳ႕။
က်ဳပ္ ဘိုးလူေပအတြက္ စိုးရိမ္လို႔ မ်က္ေတာက္မခတ္ကို
ၾကည့္ေနမိတာဗ်။က်ဳပ္က ပြဲစင္ေပၚမွာ ဖေယာင္းတိုင္
အေမႊးတိုင္ေတြကို က်ဳပ္ဆရာ မွာတဲ့အတိုင္း
မျပတ္ထြန္းေပးတယ္။ဖေယာင္းတိုင္ထြန္းၿပီး
ဘိုးလူေပကို က်ဳပ္လွည့္ၾကည့္လိုက္ေတာ့…
“ဟာ ေအာင္မယ္ေလးဗ်ာ”
က်ဳပ္ပါးစပ္က လႊတ္ကနဲေတာင္ ေအာ္လိုက္မိတယ္ဗ်ိဳ႕။
“ဝုန္း ဝုန္း ဝုန္း ဝုန္း”
ဟာ ဘိုးလူေပရဲ႕ ဝါးေဖာင္ကို ႀကိဳးနဲ႔ခ်ီၿပီး
ဆြေျပးေနသလိုပဲဗ်။ဝါးေဖာင္က ေရျပင္ႀကီးထဲမွာ
ရိပ္ကနဲ ရိပ္ကနဲ ေျပးေနတာဗ်ိဳ႕။
အေရွ႕ဘက္ေရာက္သြားလိုက္။ေတာင္ဘက္ေရာက္သြားလိုက္။
အေနာက္ဘက္ေရာက္သြားလိုက္နဲ႔ ဝါးေဖာင္က ေရေပၚမွာ
ေျပးေနတာဗ်ာ။ကိုညီေခ် ေဖာင္ကို ေသေသခ်ာခ်ာ
လုပ္ေပးခဲ့ေပလို႔ပဲဗ်ာ။
ဟာ …ပစ္လိုက္ၿပီဗ်ိဳ႕။ပစ္လိုက္ၿပီ။ဝါးေဖာင္ကိုလႊဲၿပီး
ပစ္လိုက္တာဗ်။ဝါးေဖာင္က ေလထဲမွာ ပ်ံတက္ၿပီး
ေတာ္ေတာ္ေဝးေဝးကို ေရာက္သြားတယ္။
“ဝုန္း”
ဝါးေဖာင္က ေရထဲကို ‘ဝုန္း’ကနဲ
ျပန္က်သြားတယ္။ဘိုးလူေပကေတာ့
တင္ပလႅင္ေခြထိုင္လ်က္ပဲဗ်။
ဝါးေဖာင္မွာ ထြန္းထားတဲ့ ဖေယာင္းတိုင္ကေတာ့
အားလုံးၿငိမ္းသြားၿပီဗ်။လေရာင္နဲ႔ပဲ ေနရတာ။
နဂါးေတြက ေဖာင္ကို ဆြဲေျပးလိုက္
လႊဲပစ္လိုက္နဲ႔ လုပ္ေနၾကတာ။
နာရီေတြကို မနည္းေတာ့ဘူးဗ်။
က်ဳပ္လည္း ဘာလုပ္ရမွန္း မသိဘူးေလဗ်ာ။
ဘိုးလူေပက က်ဳပ္ကို မွာထားတာက
ပြဲစင္ကို မီးမၿငိမ္းဖို႔ပဲေလဗ်ာ။
ေနာက္ေတာ့ က်ဳပ္ သတိရသြားတယ္ဗ်။
ပရိတ္ႀကီးဆယ့္တစ္သုတ္ထဲက ခႏၶသုတ္က
နဂါးေတြကို ေမတၱၱာပို႔တာေလဗ်ာ။
က်ဳပ္ခႏၶသုတ္ ရတယ္ဗ်။က်ဳပ္ ခႏၶသုတ္ကို
မျပတ္႐ြတ္ေတာ့တာေပါ့ဗ်ာ။
“ဝုန္း”
“ဟာ နဂါးႀကီးဗ်ိဳ႕။နဂါးႀကီး ေပၚလာၿပီ”
ဘိုးလူေပရဲ ေဖာင္နဲ႔ ဆယ္ေပေလာက္အကြာမွာ
နဂါးေခါင္းႀကီး ေပၚလာတာဗ်။
ေခါင္းက တင္းေတာင္းတစ္လုံးစာေလာက္
ရွိမယ္ဗ်ိဳ႕ ။ ေခါင္းမွာ အထစ္ထစ္ေတြနဲ႔ အေမာက္ႀကီး
ပါတယ္ဗ်။
ေရထဲမွာ ေခါင္းႀကီး ေထာင္ထားတာ။
က်ဳပ္စိတ္ထင္ ခုႏွစ္ေပ ရွစ္ေပေလာက္ ေပၚေနတယ္လို႔
ထင္တယ္ဗ်။မ်က္လုံးက နီနီႀကီးေတြက
ဟင္းေသာက္ပန္ကန္ႀကီးေတြေလာက္ ရွိမယ္ဗ်။
ေမးေစ့မွာ လူမုတ္ဆိတ္ေမြးလို႔
အေမြးအမွ်င္ေတြလည္း ပါတယ္။
ဘိုးလူေပက အသံက်ယ္ႀကီးနဲ႔ ေအာ္ေျပာတယ္။
“အသင္ နတ္နဂါးမင္း ပထမံပုဂၢိဳလ္ႀကီးမ်ား
သာသနာေတာ္ အဓြန္႔ရွည္ေအာင္
စည္းေဝးတိုင္ပင္ၿပီး လုပ္ေဆာင္ေနၾကပါတယ္
အဲဒီအထဲမွာ သင္လည္း
ပါဝင္ပါလို႔ ပထမံဆရာႀကီးေတြက
သင့္ကို ဖိတ္မႏၲကျပဳၾကပါတယ္။
သင္ရဲ႕ ဗိမာန္ထဲမွာ
သင္ေစာင့္ေရွာက္သိမ္းဆည္းထားတဲ့
ေၾကးပုရပိုက္သုံးဆူကို က်ဳပ္ကို ေပးပါ နဂါးမင္း။
က်ဳပ္ကတစ္ဆင့္ ပထမံပုဂၢိဳလ္ႀကီးေတြဆီကို
အေရာက္ပို႔ေပးပါ့မယ္။ဗုဒၶရဲ႕ သာသနာေတာ္ႀကီး
အဓြန္႔ရွည္ဖို႔အတြက္ အဲဒီေၾကးပုရပိုက္ေတြကို
သင့္ထံမွ က်ဳပ္လာယူရတာပါ
နတ္နဂါးမင္းၾကးဗ်ာ”
နဂါးႀကီးက ေရထဲကေန ေခါင္းႀကီးေထာင္ၿပီး
ဘိုးလူေပကကို စိုက္ၾကည့္ေနတုန္းပဲဗ်။
က်ဳပ္စိတ္ထဲမွာေတာ့ နဂါးႀကီးက ဘိုးလူေပကို
မီးေတာက္ႀကီးနဲ႔မ်ား မႈတ္လိုက္ေတာ့မလားလို႔
ေတြးေနမိတာဗ်ိဳ႕။ခႏၶသုတ္ကိုလည္း က်ဳပ္ မနားတမ္း
႐ြတ္ေနတယ္။
“ေအာက္ အီး အီး အီး အြတ္”
ေဟာ ေတာၾကက္ေတြေတာင္ တြန္ၿပီဗ်။
မၾကာခင္ အာ႐ုံလာေတာ့မွာ။
“ဝုန္း”
နဂါးႀကီး ေရထဲကို ျပန္ငုတ္သြားတယ္။
ေရေပၚလႈိင္းေတြ ထက်န္ခဲ့တယ္။
ဘိုးလူေပရဲ႕ ဝါးေဖာင္ေလးက လႈိင္းေတြေပၚမွာ
လူးေနေတာ့တာေပါ့ဗ်ာ။ အခ်ိန္ေတာ္ေတာ္ၾကာသြားၿပီဗ်။
ေရျပင္ႀကီးတစ္ခုလုံး ၿငိမ္ေနတယ္။နည္းနည္းေလးေတာင္
မလႈပ္ေတာ့ဘူး။ ဘိုးလူေပကေတာ့ မႏၲန္ေတြ
အဆက္မျပတ္ ႐ြတ္ေနဆဲပဲဗ်ိဳ႕။
က်ဳပ္ကလည္း ခႏၶသုတ္႐ြတ္ရင္းနဲ႔ ပြဲစင္က
မီးကို မၿငိမ္းေအာင္ ထြန္းေနတုန္းပဲဗ်။
“ဝုန္း”
ဟာ ေရလႈိင္းႀကီးတစ္ခု ထသြားတယ္ဗ်ိဳ႕။
ဘိုးလူေပက ေဖာင္ေပၚမွာ ထိုင္လ်က္ကေနၿပီး
တစ္ခုခုကို လွမ္းဖမ္းယူလိုက္တာကို ေတြ႕လိုက္ရတယ္။
ေဟာ ၿငိမ္သြားၿပီ။ ၿငိမ္သြားၿပီ။ အင္းႀကီးတစ္ခုလုံး
ၿငိမ္က်သြားၿပီဗ်ိဳ႕။
“ေအာက္ အီး အီး အြတ္ ”
“ေအာက္ အီး အီး အြတ္”
တစ္ေတာလုံးမွာ လင္းၾကက္တြန္ၿပီဗ်ိဳ႕။
ေတာၾကက္ဖေတြ အေတာင္တဖ်န္းဖ်န္းခတ္ရင္း
ေတာအႏွံ႔တြန္ၾကလို႔ဗ်ာ။
ဟာ ဘိုးလူေပ ျပန္လာၿပီဗ်ိဳ႕။
ဝါးျခမ္းေလွာ္တက္ကေလးကို
ေလွာ္ၿပီး ဘိုးလူေပ ျပန္လာေနၿပီ ။
ဝါးေဖာင္ေလးက က်ဳပ္ရွိတဲ့ဘက္ကို တေ႐ြ႕ေ႐ြ႕နဲ႔
ေမ်ာလာတယ္။
ဝါးေဖာင္ ကမ္းစပ္ေရာက္ခါနီးေတာ့ က်ဳပ္က
ေျပးဆင္းၿပီး ေဖာင္ကို ဆြဲတယ္။ ကမ္းစပ္မွာ
ေဖာင္ကို ဆြဲတင္ေပးလိုက္ေတာ့ ဘိုးလူေပ
လြတ္အိတ္ႀကီး စလြယ္သိုင္းလ်က္နဲ႔ ေဖာင္ေပၚက
ဆင္းလာတယ္။ ပြဲစင္ေရွ႕ေရာက္ေတာ့ လြတ္အိတ္ထဲကေန
ေၾကးပုရပိုက္ႀကီးကို ဆြဲထုတ္ၿပီး နဂါးပြဲေပၚကို
တင္လိုက္တယ္။
“နတ္နဂါးမင္းႀကီး သင္နဲ႔ က်ဳပ္နဲ႔ ကတိျပဳခဲ့တဲ့အတိုင္း
ဒီေန႔ကစ ေရတြက္လို႔ တစ္ႏွစ္ျပည့္တဲ့ေန႔မွာ
ဒီေၾကးပုရပိုက္သုံးဆူကို ျပန္လာပို႔ေပးပါ့မယ္”
ဟုတ္တယ္ဗ်။က်ဳပ္ ေသေသခ်ာခ်ာ ၾကည့္လိုက္ေတာ့
ေၾကးပုရပိုက္က သုံးခ်ပ္ဗ်။ ေ႐ႊႀကိဳးနဲ႔ ၾကက္ေျခခတ္
ခ်ည္ထားတာ။
“ေမာင္တာေတေရ နဂါးနဲ႔ က်ဳပ္နဲ႔ ကတိထားၿပီးၾကၿပီ
တစ္ႏွစ္ျပည့္တဲ့အခ်ိန္မွာ က်ဳပ္တို႔ ဒီေၾကးပုရပိုက္သုံးဆူကို
ေဟာဒီနတ္နဂါးအင္းအေရာက္ လာပို႔ၾကရမယ္ကြယ့္
နတ္နဲ႔ နဂါး မလွည့္စားနဲ႔လို႔ ေရွးလူေတြ မွာခဲ့တယ္မို႔လား
ဒီပုရပိုက္ေတြကို ျပန္မပို႔ဘဲ ထားလို႔ကေတာ့ က်ဳပ္တို႔
ဆရာတပည့္ႏွစ္ေယာက္စလုံး မီးေသြးတုံးႀကီးလို မဲၿပီး
ေသၾကရမွာကြယ့္”
“ဟာ …ဟုတ္လား ဆရာႀကီး။ အဲဒီစကားကို
ဘိုးရာစီလည္း ေျပာဖူးတယ္ဗ်”
“ဟင္ ဟုတ္လား ။ အလမၸာယ္ျပတဲ့ ကိုရာစီကို
ေျပာတာလား ။ သူက ဘယ္မွာေနလို႔တုံးကြယ္”
“ဟာ ဘိုးရာစီက ဘန္႔ေဘြးကုန္းသားေလ ဆရာႀကီးရဲ႕။
အခု ဘန္႔ေဘြးကုန္းမွာ ေနတာ။ ေႁမြေတာ့ လႊတ္ႏိုင္တဲ့
အဘိုးႀကီးဗ်”
“ဟုတ္တယ္ ေမာင္တာေတ။
က်ဳပ္ငယ္ငယ္က ကိုရာစီျပတဲ့ ေႁမြလမၸာယ္ပြဲကို
သုံးေလးခါေလာက္ ၾကည့္ဖူးတယ္။
ေႁမြ လိမၸာယ္ျပ သိပ္ေတာ္တဲ့လူကြယ့္။
သူက ေႁမြလိမၸာယ္ကို လမ္းေဘးမွာ
ျပတာ မဟုတ္ဘူးကြယ့္။
႐ုံသြင္းၿပီးေတာ့ ဆိုင္းနဲ႔ ဝိုင္းနဲ႔ ျပတာ။
ၾကည့္တဲ့လူမွ ႀကိတ္ႀကိတ္တိုးေနတာကြယ့္။
သူ႔႐ုံအဝမွာ ‘ေမာင္ရာစီ ေႁမြလမၸာယ္ပြဲ’ကို
အၿမဲတပ္တယ္။သူ႔ပုံေရာ သူ႔ေႁမြႀကီးေတြရဲ႕
ပုံေရာ ပန္ခ်ီးဆြဲၿပီး ခ်ိတ္ထားတာ”
“ဟာ ဒါဆိုရင္ ဆရာႀကီးက ဘိုးရာစီကို
ေကာင္းေကာင္း သိတာေပါ့”
“လူခ်င္းေတာ့ မသိဘူးေပါ့ကြယ္
ဆရာက ကိုရာစီကို ေကာင္းေကာင္းမွတ္မိတာေပါ့
တကယ္ေတာ္တဲ့ အလမၸာယ္ဆရာႀကီးပါ ေမာင္တာေတ”
တစ္ရက္ တစ္ည ၾကာေတာ့မုဆိုး ကိုညီေခ်တို႔႐ြာကိုျပန္ေရာက္တယ္။အျပန္မွာေတာ့ဘိုးလူေပနဲ႔ က်ဳပ္နဲ႔ ေ႐ႊစက္ေတာ္ကိုဝင္ၿပီး
ဖူးၾကတယ္။ ဒီတစ္ေခါက္ေတာ့ ဘိုးလူေပက က်ဳပ္ကို
အိမ္အေရာက္ ျပန္ပို႔ေပးတယ္ဗ်ိဳ႕။
ၿပီးပါၿပီခဗ္ာ
ဆရာ တာေတ
စာဖတ္ပရိတ္သတ္မ်ား အားလုံးပဲ စိတ္႐ႊင္လန္းပါေစခဗ်ာ။
ဤဝတၱဳေလးအား ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and share ေလး
နဲ႔အားေပးသြားပါအုံးဗ်ာ။