နာဂရာဇာ၏အငြိုး(စ/ဆုံး
————————-
လောကတွင် လူသာမန်တို့ စဥ်းစား၍ ဉာဏ်မမှီနိုင်သော အံ့သြစရာဖြစ်ရပ်များ ရှိခဲ့ဖူးပါသည်။ ယခုကာလထက် ရှေးခေတ်က ပို၍ ကြုံဖူးကြပါမည်။ လူအများစုတို့အတွက် နားမလည်နိုင် မတတ်ကျွမ်းနိုင်သော ဂမ္ဘီရပညာရပ်များအဖြစ် တွေ့ကြုံလေ့ ရှိတတ်ပါသည်။ ထိုသို့သော ဖြစ်ရပ်များထဲမှ ကြားဖူးသည့် အဖြစ်အပျက်တစ်ခုကို ရေးဖွဲ့တင်ပြလိုက်ပါသည်။
ကျွန်တော်သည် တောအုပ်ကြီးအဆင့်ဖြင့် ဆေးပင်စင်ယူပြီး မွေးရပ်မြေ နမ့်တောင်းမြို့ ၌ နေထိုင်ခဲ့ပါသည်။ ပင်စင်ယူပြီးနောက် သီးပင်စားပင် စိုက်ပျိုးရင်းအချိန်ကုန်ခဲ့ပါသည်။ ထိုသို့ နေထိုင်ရင်း ကျွန်တော်၏ ဝါသနာဖြစ်သော တောပစ်ထွက်ရန် အကြောင်းဖန်လာပါသည်။
တစ်နေ့ ကျွန်တော်ရှိရာသို့ ယခင်က အလုပ်အတူလုပ်ခဲ့ဘူးသည့် ဦးဇော်တူး ရောက်လာသည်။ သူနှင့်အတူ အသက် ၄၀ ခန့် ဧည့်သည်နှစ်ဦး ပါလာသည်။ ထိုသူတို့သည် မွန်းကြပ်လှသော မြို့ပြလူနေမှုမှ ခေတ္တခဏ ပြေပျောက်လို၍ ရောက်လာကြခြင်းဖြစ်သည်။ ကျွန်တော်မှာ ပျင်းရိနေသည့်အတွက် ဦးဇော်တူး ခေါ်ဆောင်ရာ တောထဲသို့ လိုက်မည်ဟု ဂတိပေးလိုက်သည်။
” ကျွန်တော်တို့ တစ်ရက်နားပြီးမှ တောတက်ဖို့ ပြင်ဆင်ကြမယ်။ တောထဲမှာ လေးငါးရက် ကြာမှာဆိုတော့ စားစရာတွေပါ ထည့်သွားရမယ်။ မကောင်းဘူးလား ဦးကြည်အောင် ”
” ဒီနယ်က ခင်ဗျားရဲ့ နယ်ဆိုတော့ ခင်ဗျားကောင်းသလို စီစဥ္ပါ ”
” အဲဒီလိုလဲ မဟုတ်သေးဘူးဗျ။ ကျုပ်က တောထဲ ဝင်နေကျ မဟုတ်တော့ ခင်ဗျားကိုပါ လာခေါ်တာ ”
ကျွန်တော်လည်း ရေငတ်တုန်းရေတွင်းထဲကျ ဆိုသလို တောပစ်ထွက်ချင်စိတ်များ တက်ကြွနေ၍ မည်သို့မျှ ပြန်မပြောတော့ပေ။
” ဟောဟိုက ခပ်ပြပြ မြင်နေရတာ ဆင်ခေါင်းတောင်ပေါ့ ”
“ဟုတ်တယ် ဒီတောင်ကြီးကို အနီးကပ်ကြည့်ရင် ဆင်ကြီးတစ်ကောင် ဝပ်နေတာနဲ့ တူတယ်။ ဦးခေါင်းပိုင်းက ပိုပြီး ထင်ရှားတယ်။ အတက်ပြေပြေလေးက ဆင်နှာမောင်းပေါ့။ အပေါ်ရောက်လေ ဆင်ခေါင်းနဲ့တူလေပဲ။ ဒါကြောင့် ဆင်ခေါင်းတောင်လို့ ခေါ်ကြတာ ”
” တောကောင်တွေရော ပေါလား ”
” သမင် ဒရယ် ဆတ်တို့ပေါတယ်။ တောကောင်ကြီးတွေတော့မရှိဘူး ”
ကျွန်တော်တို့ လေးယောက် မှာ လျင်မြန်ဖြတ်လတ်သည့် အရွယ်မို့ ခပ်သွက်သွက်လျှောက်ခဲ့ရာ ဆင်ခေါင်းတောင်ခြေသို့ ရောက်လာသည်။ ကျွန်တော်တို့သည် ဆင်ခေါင်းတောင်အတွင်းရှိ တောကောင်များ လာတတ်သော နေရာများတွင် စောင့်ဆိုင်းကာ နေရာယူထားသည်။ သို့သော်လည်း ညနေစောင်းရောက်သည့်တိုင် ပစ်စရာသားကောင် တစ်ကောင်တစ်မြီးမှ မတွေ့ရချေ။ ကျွန်တော်တို့ လေးဦး သားကောင်စောင့်ရင်း မိုးစုန်းစုန်းချုပ်ခဲ့သည်။
နောက်တစ်နေ့ နံနက်စောစော၌ ကျွန်တော်တို့ ပါလာသော အစားအစာများကိုစားရင်း တိုင်ပင်ကြသည်။
” ဒီတောက သားကောင်တွေ ဘယ်ရောက်ကုန်လည်းမသိဘူး ”
” ဒီတောက လူတွေနဲ့နီးတယ်။ လူတွေနဲ့ဝေးတဲ့ နဂါးတောင်ဘက်ကို ရောက်သွားလားမသိဘူး ”
” အဲဒီတောင်က ဘယ်မှာလဲ ”
” ဒီတောင်နဲ့ တစ်တောင်ကျော်ပေါ့ ”
” ဦးဇော်တူး ပြောတာ ဖြစ်နိုင်တယ်။ ဒီတောင်က သစ်ခုတ်ဝါးခုတ်သူတွေနဲ့ ဆိုတော့ စားကျက်ပြောင်းသွားကြတာနေမှာ ”
” ဒါဆို ကျွန်တော်တို့ နဂါးတောင်ဘက် လိုက်သွားရင် မကောင်းဘူးလား ”
ကျွန်တော်လည်း တောပစ်ချင်၍ ဝင်ပြောလိုက်သည်။
” ကျုပ်တော့ အဲဒီတောင်ဘက်တစ်ခါမှ မသွားဖူးဘူး။ ဒီတောင်မှာပဲ အမဲလိုက်ခဲ့တာ ”
” မသွားဖူးလည်း ကိစ္စမရှိပါဘူး။ ကျွန်တော်တို့ လေးယောက်တောင် သွားကြည့်ကြတာပေါ့ ”
လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဒီတောင်ပေါ်မှာ ရွှေကြောတွေ့တယ် လို့ သတင်းကြားပြီး ရွှေရှာတဲ့သူတွေ တဖွဲဖွဲရောက်လာတယ်။ ရွှေရမရတော့မသိဘူး။ ရွှေရှာသွားတဲ့သူတွေ ပြန်လာတာ မတွေ့ရဘူး ”
“ဒါဆို ဒီလူတွေ ရွှေရပြီး တခြားလမ်းကနေ ပြန်သွားကြတာပေါ့ ”
“မဖြစ်နိုင်ဘူး ဒီတောင်ရဲ့နောက်မှာ ဒီထက်မြင့်တဲ့တောင်တွေပဲ ရှိတော့တယ်။ လမ်းမရှိဘူး။ ဒါကြောင့် ရွှေရလို့ပြန်လာရင် ဒီကိုပဲ ပြန်လာရမှာ။ ဒီလူတွေ ဒီတောင်ကြီးရဲ့ တစ်နေရာမှာ သေဆုံးကုန်တာ ဖြစ်လိမ့်မယ်”
ဦးဇော်တူးကို ကြည့်ရသည်မှာ သွားလိုစိတ်မရှိ။ သို့သော်လည်း ကျွန်တော်က သွားချင်နေသည်။ အတူပါလာသူနှစ်ယောက်ကလည်း
” ရောက်ပြီးမှတော့ မထူးပါဘူး ကျုပ်တို့မှာ ရိက္ခာတွေလည်း ပြည့်ပြည့်စုံစုံပါတာပဲ သွားကြည့်ရအောင်ဗျာ ”
” ဟုတ်တယ် နဂါးတောင်မှာ သားကောင်လည်းပေါတယ်။ ရွှေလည်းထွက်တယ်လို့ ပြောသံကြားဖူးတယ်။ ဒီနားရောက်မှတော့ သွားကြည့်ကြတာပေါ့ ”
ဟု ကျွန်တော့စကားကို ထောက်ခံသဖြင့် ကျွန်တော်တို့ နဂါးတောင်ဘက်ကို ဆက်သွားကြသည်။
ကျွန်တော်တို့အဖွဲ့ သစ်ပင်များ ထူထပ်သည့် နဂါးတောင် တောကြီးထဲသို့ ရောက်နေကြသည်။ ဆောင်းဦးကာလဖြစ်၍ စိမ်းညို့နေသောသစ်တောအုပ်ကြီးမှာ မြူနှင်းများ ေဝဆိုင်းနေသည်။ တောရိပ်တောင်ရိပ်ကြောင့် အလွန်တစ်ရာမှ အေးချမ်းလှပြီး နှင်းငွေ့နှင်းမှုန်များက ဝေ့ဝဲလျက်ရှိနေသည်။
နဂါးတောင် ဆိုသည့်အတိုင်း တောင်စဥ္တောင်တန်းများလှသည်။ ကျွန်တော်တို့သည် တစ်တောင်ဆင်း တစ်တောင်တက်နှင့် ခရီးဆက်ခဲ့ရာ အတန်ငယ်မြင့်မားသော တောင်တန်းအနီးသို့ ရောက်ခဲ့လေသည်။ တောင်ခြေတွင် တောင်ကို ရစ်ပတ်ခွေကာ စီးနေသော ချောင်းကလေးတစ်ခုရှိသည်။ ချောင်းကလေးမှာ ဝါးနှစ်ပြန်ခန့်ကျယ်ပြီး ငါးပေခန့်နက်မည်ဟု ထင်ရသည်။ ချောင်းရေမှာ ကြည်လင်လှသည်။ ချောင်းထဲတွင် ရွှေရောင် ကျောက်စရစ်ခဲများနှင့် ရွှေရောင်အဆင်းရှိသော ငါးများ ကူးခတ်နေကြသည်ကို တွေ့ရသည်။ ဒီလိုတောကြီးထဲ ချောင်းကလေးရှိသည်မှာ အံ့သြစရာ ကောင်းလှသည်။ ဒီချောင်းကလေးရှိ၍ ရွှေထွက်သည်မှာ ဖြစ်နိုင်သည်။ တောင်တန်းကြီးပေါ်သို့ တက်လာသောအခါ လမ်းခုလပ်တွင် ဒယ်အိုးသဏ္ဌာန်ရှိပြီး သစ်ကြီးဝါးကြီးများ ပိန်းပိတ်အောင်ထူထပ်နေသည့် နေရာတစ်နေရာကို တွေ့လိုက်ရသည်။ ကျွန်တော်တို့ ထိုနေရာကိုရောက်သောအခါ ပို၍ အ့ံသြစရာကောင်းသည်ကိုမြင်တွေ့ရသည်။
မြင်လိုက်ရသည့်အရာက လူတစ်ရပ်ခန့်မြင့်သော မြွေနဂါးကြီးတစ်ကောင် မြေကြီးထဲမှ ဖောက်ထွက်လာသော ပုံစံဖြစ်နေသည်။ သေချာကြည့်သောအခါ ကျောကုန်းတွင် အကြေးခွံ အထပ်ထပ်နှင့် သက်ရှိမြွေနဂါးတစ်ကောင်အလား ထင်မှတ်မိလေသည်။ နဂါးကြီးတစ်ကောင်၏ ကျောက်ဖြစ်ရုပ်ကြွင်းလားဟု ထင်မှတ်ရလောက်အောင်ပင် ဆန်းကြယ်စွာ တည်ရှိနေသည်။ ကျွန်တော်တို့မှာ ကျောက်နဂါးကြီးကို ကြည့်၍ ငေးမောကာ အံ့သြမဆုံး ဖြစ်နေရသည်။
ကျောက်နဂါးကြီးနား အနားယူ စားသောက်ပြီး ရှေ့ဆက်ထွက်လာခဲ့ရာ မျက်စိအမြင်မှားသလားဟု ထင်ရအောင် ပို၍ ထူးဆန်းသည့် အဖြစ်အပျက်တစ်ခုကို တွေ့လိုက်ရသည်။ ထိုအဖြစ်အပျက်မှာ ချိုင့်ဝှမ်းအတွင်းတွင် ဖရိုဖရဲပြိုပျက်နေသော ရွာကလေးတစ်ရွာကို တွေ့လိုက်ရခြင်းဖြစ်သည်။ အိမ်ခြေ သုံးဆယ်ခန့်ရှိပြီး တချို့တဲများမှာ သစ်ကြီးဝါးကြီးများဖြင့် ဆောက်လုပ်ထားသည်ကို တွေ့ရသည်။ ကျွန်တော်တို့ လမ်းအတိုင်း လျှောက်လာခဲ့ကြရာ ပြိုလဲကျနေသော တဲကလေးများကိုသာတွေ့ရပြီး လူမဆိုထားနှင့် ခွေးတစ်ကြောင် ကြောင်တစ်မြီးပင် မတွေ့ရပေ။
တစ်ရွာလုံး အိုးပစ်အိမ်ပစ် ထွက်ပြေးသွားကြသည့် အနေအထားပင်ဖြစ်သည်။
” ဒါဆို ရွှေရှာသွားတဲ့သူတွေ ဒီမှာ နေသွားတဲ့ပုံပဲ ”
” သူတို့ ဘယ်ရောက်သွားကြတာလဲ”
ချောင်းအတိုင်း ဆက်သွားကြရာ ကျောက်ဂူကြီးတစ်ဂူကို တွေ့လိုက်ရသည်။ ဂူ၏ ဘေးတွင် အင်ပင်ကြီးတစ်ပင်ရှိသည်။ သူတို့ထွက်လာသည်မှာ နှစ်ရက်ရှိပြီ။ ယခုချိန်ထိ သားကောင်တစ်ကောင်မှ မရသေး။ အင်ပင်ကြီးအောက်တွင် အရွက်ကြွေများ အများအပြားရှိသည်။ အရွက်များမှာ စိုစိစိနှင့်။ သူတို့အဖွဲ့ထိုင်မည့်နေရာရှာရင်း သစ်ဆွေးတုံး တစ်တုံးတွေ့လိုက်ရသည်။ ထိုအတုံးပေါ်ထိုင်ရင်း ဂူထဲဝင်ရန် တိုင်ပင်နေကြသည်။ ထိုင်နေရင်း သစ်တုံးကြီး လှုပ်သွား၍
” ဟာ ငလျင်လှုပ်ပြီ ”
” ပြေးကြဟေ့ ”
အထိတ်တလန့်နှင့် ဂူကြီးနှင့်ဝေးရာသို့ ထွက်ပြေးကြသည်။ အတော်လှမ်းလှမ်းရောက်မှ နောက်သို့ ပြန်ကြည့်လိုက်ရာ သူတို့ကို စိုက်ကြည့်နေသော မြွေခေါင်းကြီးတစ်ခေါင်းကို တွေ့လိုက်ရသည်။ ထို မြွေခေါင်းကြီးလှုပ်လာပြီး ကိုယ်လုံးကြီးက တလိမ့်လိမ့်ဖြင့် တဖြည်းဖြည်းပေါ်လာသည်။ မြွေကြီး၏ ကိုယ်လုံးက လူကြီး လက်နှစ်ဖက်စာရှိမည်။ ကိုယ်လုံးကြီးမှာ မည်းမည်းအကွက်အကွက်တွေနှင့် ဖြစ်သည်။ မြွေကြီးပေါ်လာသည့် နေရာကို ကြည့်လိုက်ရာ သူတို့ထိုင်နေသည့်နေရာတည့်တည့်ဖြစ်နေသည်။
” ဟာ ကျုပ်တို့ ခုနက ထိုင်နေတဲ့နေရာကနေ မြွေကိုယ်လုံးကြီးပေါ်လာပါလား ”
” ဒါဆို ကျုပ်တို့ ထိုင်နေတာ သစ်ဆွေးတုံးမဟုတ်ဘဲ မြွေခေါင်းကြီးပေါ့ ”
” ငလျင်လှုပ်တာလည်း မဟုတ်ဘူး မြွေကြီးလှုပ်လာတာ ”
” အမလေး အသည်းယားလိုက်တာ ”
မြွေကြီးသည် အင်ရွက်များအောက်မှပေါ်လာကာ သူတို့ကို ရန်မမူဘဲ သူတို့ဘက်မလာဘဲ ဂူကြီးဘက်သို့ တရွေ့ရွေ့ဆင်းသွားကာ တဖြည်းဖြည်းပျောက်ကွယ်သွားတော့သည်။
သူတို့လည်း ဂူကြီးအတွင်းသို့ ဝင်ရန် စိတ်မကူးတော့ဘဲ လှည့်ပြန်လာခဲ့ကြသည်။
ကျောက်နဂါးကြီးအနားတွင် အဖိုးအိုတစ်ဦး ထိုင်နေသည်ကိုတွေ့ရသည်။ အလာတုန်းက မတွေ့ခဲ့ပေ။ အသက်အရွယ်အားဖြင့် ခုနှစ်ဆယ်နီးပါးရှိပြီး ဥပဓိရုပ်မှာ ဖြူဖြူမြင့်မြင့် ပိန်ပိန်ပါးပါး။ မေးမှာ သိသိသာသာချွန်နေပြီး ပါးစပ်နှင့် ပါးတို့မှာ အရေးအကြောင်းများဖြင့် ပြည့်နေသည်။ မျက်ပေါက်မှာ ကျဥ္းနေပြီး မျက်လုံးများမှာ အရွယ်နှင့် မလိုက်အောင်ပင် မည်းနက် တောက်ပနေသည်။ အဖိုးအို၏ မျက်လုံးများမှာ စွမ်းအားတစ်မျိုးရှိနေသလိုပင်။ ချည်သားအပါး လက်ရှည်အဖြူနှင့် ပုဆိုးအဖြူကို ဝတ်ဆင်ထားသည်။
” အဘ တစ်ယောက်တည်းလား။ ဘယ်ရွာကလဲဗျ ”
” ကျွန်တော်တို့ တောလည်လာတာပါဗျ ”
ကျွန်တော်တို့အဖွဲ့ ယူလာတဲ့ ရိက္ခာထုပ်ထဲက မုန့်ခြောက်နဲ့အချိုရည် တို့ကို အဘအား ရိုရိုသေသေ ပေးလှူလိုက်တယ်။
” သာဓု သာဓု သာဓု ပါ ”
ကျွန်တော်တို့ မိတ်ဆက်မှုကြောင့်
” အဘက ဟိုးအထက်ဘက်ကပါ။ အဘတို့က သစ်ခုတ် ဝါးခုတ်တယ် ”
“လူလေးတို့က ဆေးပင် ရှာတာလား။ တောကောင် ပစ်ဖို့လာတာလား။ ဘာပဲ လုပ်လုပ်ပါ။ အဘ တစ်ခုတော့ သတိပေးလိုက်မယ်။ မြွေ တွေ့ရင် ကြီးကြီးသေးသေး မပစ်ပါနဲ့ ”
” ဟုတ်ကဲ့ဗျ ကျွန်တော်တို့က ဆေးပင်လေးတစ်မျိုး နှစ်မျိုးနဲ့ တောကောင်လေးတွေ ပစ်ဖို့ လာတာပါ ”
” ဒါနဲ့ ဟို ချိုင့်ထဲမှာ နေတဲ့လူတွေ ဘယ်ရောက်သွားတယ် ဆိုတာ အဘ သိလားဗျ ”
အဖိုးအို၏ မျက်နှာမှာ မိှုင်းမှုန်ရီဝေသွားပြီး အတန်ကြာမှ စကားသံထွက်လာသည်။ အောက်ပါ အဖြစ်အပျက်များမှာ အဖိုးအို ပြောပြသည့် အကြောင်းအရာများဖြစ်သည်။
ရွှေလာရှာသူများ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်လာကြပြီး ချောင်းနှင့် မနီးမဝေးတွင် နေထိုင်ကြရာမှ ရွာငယ်လေး သဖွယ်ဖြစ်လာသည်။ တစ်နေကုန် တစ်နေခန်း ရွှေရှာကြပြီး တခြားေနရာဒေသနှင့် ဆက်ဆံမှု မရှိသလောက် နည်းပါးလာသည်။ ရွှေရောင်းရန်နှင့် လိုအပ်သည့်စားနပ်ရိက္ခာများဝယ်ရန်ကိုမူ အဘစံနှင့် အောင်ကြီးတို့ကို တာဝန်ပေးထားသည်။ အဘစံမှာ သူတို့ လူစုထဲတွင် သမာသမတ်အရှိဆုံးဟု သတ်မှတ်ထားသောကြောင့်ပင်ဖြစ်သည်။
ထိုသို့ ပတ်ဝန်းကျင်နှင့် ပြတ်တောက်နေ၍လည်း ကိုးကွယ်စရာ ဘာသာမရှိသူများ ဟုလည်း ဆိုနိုင်သည်။ သူတို့နေထိုင်ရာ သူတို့ကမ္ဘာဟု သတ်မှတ်ထားပြီး ရွှေကိုသာ ရှာဖွေကြသည်။ သဘာဝတရားကြီးက ပေးထားသော သယံဇာတများကြောင့်လည်း ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းနေကြသူများဖြစ်သည်။
ကိုးကွယ်ရာဟူ၍ ပြောနိုင်သည်မှာ ရွာအပြင်ဘက်ရှိ မြွေနဂါးကျောက်ရုပ်ကြီးသာဖြစ်သည်။ ထို အရုပ်ကြီးကို လကွယ်ည ရောက်တိုင်း သားငါးတို့ဖြင့်ပူဇော်ကြသည်။ ရွှေများများရအောင် သားရဲတိရစ္ဆာန်တို့ဘေးရန်မှ ကာကွယ်ပေးရန် ဆုတောင်းကြသည်။
တစ်ခုသော လကွယ်ညတွင် အဖိုးအို တစ်ဦးရောက်လာသည်။ အဖိုးအိုက
ဤနေရာဒေသသည် နတ်နဂါးတို့ ကျင်လည်ကျက်စားရာ နေရာဖြစ်သောကြောင့် ရိုင်းစိုင်းကြမ်းကြုတ်စွာ ဆဲဆိုခြင်းမပြုရန် သားကြီးငါးကြီး အထူးသဖြင့် မြွေများ တွေ့ပါက သတ်ဖြတ်စားသောက်ခြင်းမပြုရန် ပြောဆိုခဲ့သည်။ ရွာသူရွာသားများက ဂရုမစိုက်ကြပေ။ ထို အဖိုးအို မည်သည့်နေရာမှ လာသည်ကိုလည်း စိတ်ဝင်စားမှု မရှိကြ။
ထိုအဖိုးအို ရောက်လာပြီးနောက်တွင် မြွေများတစ်ကောင်စ နှစ်ကောင်စ တွေ့လာသည်။ မိုးရွာသွန်းမှုမှာ ယခင်နှစ်တွေနှင့်မတူ။ ဆက်တိုက်ရွာနေ၍ မြို့ဘက်မသွားဖြစ်ပေ။ ရိက္ခာများလည်း မရှိတော့။ တောလည်ထွက်သော်လည်း သားကောင်များမတွေ့သဖြင့် တွေ့သည့်မြွေများ သတ်စားရာမှ မြွေသား အရသာ သိသွားကြသည်။ မိုးကြီးနေ၍ ရွှေလည်း မရှာဖြစ်ကြ။ သောက်သောက်စားစားနှင့် နေထိုင်လာကြသည်။
တစ်ရက်တွင် ရွာသားများ သားကောင်ရှာရင်း မျက်စိလည် လမ်းမှားကာ ချောင်းအထက်ဘက်သို့ ရောက်သွားကြသည်။ ထိုနေရာကို ယခင်က မရောက်ဖူးကြပေ။ ထိုသို့သွားရင်း ဂူကြီးတစ်ဂူကို တွေ့လိုက်ရသည်။ ဂူနံရံ၏ အက်ကွဲကြောင်းမှ အလင်းရောင်ထွက်နေ၍ သွားချောင်းကြည့်ရာ အထဲတွင် ပတ္တမြားကဲ့သို့ နီရဲတောက်ပနေသည်ကို တွေ့လိုက်ရသည်။ ထိုသို့ ကြည့်နေစဥ္ပင် မျက်စိစူးခနဲ ဖြစ်သွားပြီး ကြည့်နေသူ၏ မျက်စိကန်းသွားခဲ့သည်။ နောက်တစ်ယောက်ကလည်း ကြည့်မိသောကြောင့် မျက်စိကန်းသွားပြန်သည်။ တောလည်သည့်ရွာသားများလည်း သူတို့နေထိုင်ရာသို့ အပြေးပြန်လာခဲ့ကြသည်။
ထို့နောက် ကြက်ဖတစ်ကောင်ရှာကာ အဆိပ်များသုတ်လိမ်းပြီး ထိုဂူကြီးသို့ ပြန်သွားကြသည်။
နှစ်ရက်ကြာသော်
ရွာသူရွာသားများ အုတ်အုတ်ကျက်ကျက် ဖြစ်နေကြသည်။ ကြီးမားသော မြွေကြီးတစ်ကောင် ချောင်းဘေးသို့ လှိုင်းတွေ လေတွေနှင့် မျောပါလာသည်။ ထိုမြွေကြီးကို ကြည့်ရသည်မှာ ရွာပြင်ရှိ သူတို့ ကိုးကွယ်သည့် ကျောက်ရုပ်ကြီးနှင့်တူလှသည်။ သို့သော် မြွေကြီးမှာ ဖုတ်လှိုက်ဖုတ်လှုက်နှင့် အသက်ရှုနေသေးသည်။
အဘစံမှ
” မြွေကြီးကို ဆယ်ပြီး ဘေးလွတ်ရာ ပို့ပေးရအောင်။ မြွေကြီးက ငါတို့ ကိုးကွယ်နေတဲ့ မြွေကြီးနဲ့တူနေတယ် ”
သို့သော် သားကြီးငါးကြီး မစားရသည်မှာ ကြာနေပြီဖြစ်သော ရွာသားများက နားမထောင်ကြပေ။
ထိုမသေမရှင်ဖြစ်နေသော မြွေကြီးကို ရွာသူရွာသားများက ခဲရာခဲဆစ် ဆွဲယူကြသည်။ မြွေကြီးမှာ ပေအရှည် ၃၀ အလေးချိန် အချိန် လေးရာ ခန့်ရှိမည် ဟု ခန့်မှန်းကြသည်။ ကျောပြင်တစ်ခုလုံး မည်းမှောင်နေပြီး ဝမ်းဗိုက်သည် ဖြူဖွေးနူးညံ့နေသည်။ ပြူးထွက်နေသည့် မျက်လုံးကြီးများမှာ ကြီးမားဝိုင်းစက်နေသည်။
“ကဲ ကဲ ဒီမှာပဲ ကိုယ်လိုသလောက် ခုတ်ထစ်ပြီးယူကြရအောင် ”
” လာကြဟေ့ မြွေသား စားရအောင် ကြိုက်သလောက် လာယူကြ ”
ရွာလုံးကျွတ် ထွက်လာပြီး ချောင်းနဘေးသို့ ဓားကိုယ်စီကိုင်၍ ပြေးသွားကြသည်။ မြွေကြီးဆီမှ အသားများကို ခုတ်သူက ခုတ် တချို့က သစ်ပင်ခုတ်သော လွှကြီးများဖြင့် လှီးဖြတ်ယူကြသည်။ တောင်းကြီးတောင်းငယ်များဖြင့် ရွာထဲသို့ယူဆာင်သွားကြသည်။ မြွေကြီး၏ သွေးများသည် ချောင်းဘေးတွင် အိုင်ထွန်းနေပြီး သွေးချောင်းစီးနေသည်။
ထိုနေ့က ရွာသားအားလုံး မြွေသားဟင်းချက်ပြီး တစ်ရွာလုံး သွေးညှီနံ့များ ထောင်းထောင်းထနေသည်။ ထို ချက်ပြုတ်စားသောက်သည့်ထဲတွင် အဘိုးစံ မပါ။ အဘိုးစံ ကပစ္စည်းများကို လှေပေါ်သို့ တင်နေသည်။ သူတို့ကိုကြည့်၍ ရွာသားများ အ့ံသြနေကြသည်။
“အဘိုးစံ ဘယ်သွားမလို့လဲ။ အဘိုးက အိမ်ပြောင်းမလို့လား။ ပြောင်းရင်လည်း စားရခဲတဲ့ မြွေသားဟင်း စားသွားဦးလေ။ ကျွန်တော် သွားယူခဲ့မယ် ”
အဘိုးစံနှင့် အိမ်နီးချင်းဖြစ်သူ အန်းကူ ကပြောသည်။
“တော်ပါကွာ။ မင်းတို့က ငါပြောတာကို နားမထောင်ကြဘူး။ တောင်ပိုင်ကြီးစကားကို နားမထောင်ဘူး။ သူတို့မျိုးနွယ်ကိုသတ်လိုက်ကြတယ်။ ပြီးတော့ သူ့အသားကို ချက်စားကြတယ်။ မင်းတို့ နားမလည်ကြဘူး။ မကြာခင် မင်းတို့ရွာလည်း နဂါး တွေရေနှစ်ခံရတော့မယ်။ အသက်မသေချင်ရင် ဒီက မြန်မြန်ပြေးတော့။ ငါတော့ ပြေးတော့မယ်။ မင်းတို့ လိုက်ချင်လိုက် မလိုက်ချင်လည်း နေခဲ့ကြတော့။ မင်းတို့ ဟင်းလည်း ငါမစားဘူး။ သွားမယ်ဟေ့ သတိထားကြ နတ်နဲ့ နဂါး ဆိုတာ မလှည့်စားရဘူး ”
အဘိုးစံက ပြောပြောဆိုဆို သူ၏လှေပေါ်တက်၍ ခတ်တက်ဖြင့်လှော်ကာ ထွက်ခွာသွားတော့သည်။ အဘိုးစံကို ကြည့်၍ ရွာသားများ တဟား ဟားနှင့် ရယ်မောကျန်ခဲ့ကြသည်။ အန်းကူလည်း အဘိုးစံပါသွားသော လှေကြီးကို မျက်စိတစ်ဆုံး ကြည့်ပြီး ကျန်ခဲ့သည်။ မကြာခင် အဘိုးစံ၏ လှေကလေး မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။
“အလကား အဘိုးကြီးပါကွာ။ မိုးတွင်းကွာ ချောင်းရေ ကြီးချင်ကြီးမယ်။ သူ့ သဘာဝအတိုင်း ဖြစ်နေတာပဲ။ တို့ ဒီမှာ နေလာတာ ဆယ်နှစ်လောက်ရှိပြီ။ ဘယ်တုန်းက ရေကြီးဖူးလို့လဲ။ မြွေဆိုတာ အကြီးလည်းရှိတယ် အသေးလည်းရှိတယ်။ တို့ အဘိုးတို့ခေတ်တုန်းကဆို ရထားတွဲလောက်ရှိတဲ့ မြွေကြီးတွေတောင်ရှိတာ။ နှစ်ချို့လေ မြွေကကြီးလေပဲ။ သူ့ကျမှ မြွေကြီးရင် နဂါး ဆိုပြီး ပြောနေတာ။ သူ့စကား နားထောင်ရင် တစ်ရွာလုံး နေစရာတောင် ရှိတော့မှာ မဟုတ်ဘူး။ နဂါးနှစ်လို့ သေချင်လည်း သေကွာ ”
” ဝေါ ”
ရုတ်တရက် သစ်ပင်ကြီးငယ်တို့မှာ နားနေသော ငှက်အုပ်တို့ လန့်ဖျပ်၍ ပျံပြေးသံ ကြားလိုက်ရသည်။ မိုးကောင်းကင်၌ ငှက်အုပ်တို့ မည်းမည်းလှုပ်မျှ ပျံဝဲနေကြပြီး ဟိုးအဝေးဆီသို့ ပျံသန်းသွားကြသည်။ ချောင်းရေ အော်သံသည် ခါတိုင်းထက်ပိုပြီး မြည်ဟည်းလာသည်။ မိုးက သည်းထန်စွာ ရွာလာသည်။ မိုးနှင့်အတူ လေပါ ပါလာပြီး လေပြင်းမုန်တိုင်း တိုက်ခတ်တော့သည်။ မိုးခြိမ်းသံတို့သည်လည်း နေရာအနှ့ံ မြည်ဟည်း၍ ထွက်ပေါ်နေသည်။ မိုးကောင်းကင် တစ်ခွင်လုံး မည်းမည်းမှောင်နေပြီး ပြင်းထန်သော လေတို့သည် မိုးတို့ကို သယ်ဆောင်လာသည်။ နဂါးအော်သံသည် မိုးခြိမ်းသံကဲ့သို့ မြည်ဟည်းသည်ဟု တချို့က ပြောကြသည်။ မိုးသည် သည်းထန်စွာရွာသည်။ လေသည် ပြင်းထန်စွာတိုက်သည်။ မိုးချုန်းသံတို့သည် ဆူညံစွာ မြည်ဟည်းလာသည်။
” ရေတွေ ဝင်လာပြီဟေ့ ။ တို့ရွာကြီး ရေမြုပ်တော့မယ်။ ပြေးကြဟေ့ ”
” မှောင်မည်းနေတာပဲ။ ဘာမှ မမြင်ရဘူး ”
ရွာသူရွာသားများမှာ တစ်ယောက်တစ်ပေါက် အော်သာအော်နေကြသည်။ ဘယ်ကို ပြေးရမှန်းမသိ။ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မည်းနေသည်။
” ဝေါ ဝေါ ဝေါ ”
ဆူညံသော အသံကြီးက မြည်ဟည်းလာသည်။ မြေြကီးတစ်ပြင်လုံး ယိမ်းထိုး လှုပ်ရှားလာပြီး ချိုင့်ဝှမ်းအတွင်းရှိတဲကလေးများ ပြိုကျလာသည်။ အရှိန်အဟုန်ပြင်းစွာနှင့် ဝင်လာသော ရေအရှိန်ကြောင့် တစ်ရွာလုံး ပြေးမလွတ်သာတော့ဘဲ ရေအောက်သို့ တဖြည်းဖြည်းရောက်နေသည်။ ရွာသူရွာသားတို့၏ အော်သံများမှာလည်း တဖြည်းဖြည်းနှင့် တိတ်ဆိတ်သွားသည်။ ထို့နောက် ရွာကလေးသည် ရေလှိုင်းတို့၏ ဝါးမျို တိုက်ခိုက်မှုကြောင့် ရေပြင်အောက်သို့ ငုတ်လျှိုးပျောက်ကွယ်သွားတော့သည်။ ချိုင့်ဝှမ်းတစ်ခုလုံး ရေပြင်ကြီး ဖြစ်သွားတော့သည်။ ရွာကလေးသည် ရေပြင်အောက်၌ ငြိမ်းချမ်းစွာ အိပ်စက်အနားယူသွားတော့သည်။
အဖိုးအို စကားဆုံးသည်နှင့် ဦးဇော်တူးက
“အဘက အဘစံလား”
အဖိုးအိုက ခေါင်းယမ်း၍
” မဟုတ်ပါဘူးကွာ။ ကဲ မင်းတို့လည်း ပြန်မယ်ဆို ပြန်ကြတော့ ဒီတောင်မှာ သားကောင်တွေ မရှိဘူး ဟိုး မြင်နေရတဲ့ နမ့်ခုံးတောင်ကို ရောက်သွားပြီ။ မိုးချုပ်ရင် ဒီနေရာက နေလို့မကောင်းဘူး သွားကြ သွားကြ ”
ကျွန်တော်တို့လည်း ထိုအဖိုးအိုကို ဦးချကန်တော့လိုက်ကြသည်။
” သာဓု သာဓု သာဓု ”
ခေါင်းမော့ကြည့်လိုက်သည့်အခါ ထိုအဖိုးအို နေရာတွင်မရှိတော့ပေ။ ကျွန်တော်တို့အဖွဲ့ ကြက်သီးဖျန်းခနဲ ထသွားကြသည်။ ဘေးဘယ်ညာကို ကြည့်သော်လည်း မတွေ့ရပေ။ မျက်စိအောက်မှ ပျောက်ခြင်းမလှ ပျောက်သွားခဲ့ပေသည်။
အပြန်လမ်းတွင် ကျွန်တော်တို့စကားမပြောဖြစ်ကြပါ။ သားကောင်ရှာရန်လည်း မပြောတော့ဘဲ တိတ်ဆိတ်နေကြသည်။ ကျွန်တော့်အတွေးထဲတွင် ကျောက်နဂါးရုပ်နားတွင်ပျောက်ကွယ်သွားသည့်အဖိုးအို နှင့် ကျောက်ဂူကြီးနား တိုးဝင်သွားသည့်မြွေကြီးကိုသာ မြင်ယောင်နေတော့မည်ဖြစ်သည်။
မီးမီး(လားရှိုး)