နိဗ္ဗာန်ရွာ

*စုန်းထီးကြီး ဦးဘသာနှင့် နိဗ္ဗာန်ရွာ*📖📖📖

****************************************

(၁)

နိဗ္ဗာန်ရွာကြီးက မနက်ဆိုရင်တော့စည်ကားလိုက်တာမှ ပြောမနေပါနဲ့ဗျာ၊ ဘုန်းကြီးကျောင်းက အုန်းမောင်းခေါက်သံထွက်လာပြီးပြီဆိုတာနဲ့ လူတွေအကုန်လှုပ်ရှားနိုးထလာကြတော့တာပဲ၊ ညတုန်းက ခြောက်ကပ်နေတဲ့အဖြစ်နဲ့ ကွာပါ့ဗျာ၊ မကြာပါဘူး ဆွမ်းတော်ဗျို့ဆိုတဲ့အော်သံနဲ့အတူ ကြေးစည်သံတနောင်နောင်ကြားလိုက်ရတယ်၊ ကျုပ်လည်း နိုးလာတာပေါ့ဗျာ၊ ရွှေမိက သဘက်ကလေးပုခုံးပေါ်တင်ပြီးတော့ ကြွေရည်သုတ်ခွက်ကလေးတွေ လင်ဗန်းထဲထည့်ကိုင်ပြိး အိမ်ရှေ့ထွက်သွားတာပါပဲ၊ ခြံံံအပြင်မှာ မတ်တပ်ကလေးရပ်ပြီးတော့ ဟိုကြည်ဒီကြည့်လုပ်နေတာကို ကျုပ်မျက်နှာသစ်ရင်းတွေ့လိုက်သဗျ၊ နောက်တော့ သံဃာတော်တွေ ကြွလာပါရောဗျာ၊ ရွှေမိက ဆွမ်းလောင်းလှူပြီးတော့ လက်အုပ်ချီပြီးဆုတောင်းနေလေရဲ့။

“ကိုအလတ်ကောင်၊ ပြီးရင် မနက်စာစားရအောင်၊ ဟိုကောင်လေးတွေနှိုးပြီးတော့ အိမ်ပေါ်ခေါ်ခဲ့ပါရှင်”

“ဟာဗျာ၊ ကျုပ်ကိုဘယ်လိုခေါ်လိုက်တာလဲ”

“ကိုအလတ်ကောင်လို့ခေါ်တာလေ”

“ကျုပ်နာမည်ခင်မောင်ပါဗျ၊ ခေါ်ချင်ရင်တော့ ကိုခင်မောင်၊ ဒါမှမဟုတ် နာမည်ကိုအဖျားဆွတ်ပြီးတော့ ကိုမောင်၊ အဲဒီလိုခေါ်ပေါ့”

ရွှေမိက ခေါင်းခါပြီးတော့

“မခေါ်တတ်ပါဘူး၊ ချိုတူးခေါ်သလို ကိုအလတ်ကောင်လို့ခေါ်တာပဲ ပါးစပ်တွေ့ပါတယ်၊ ကဲပါ အခေါ်အဝေါ်တွေက အရေးမကြီးပါဘူး၊ ပြီးရင်အိမ်ပေါ်တက်လာခဲ့ကြ”

ကျုပ်လည်း ချိုတူးနဲ့ငညိုကို နှိုးပြီးတော့ မျက်နှာတွေဘာတွေ ထသစ်ခိုင်းပြီး အိမ်ပေါ်တက်ခဲ့တာပေါ့ဗျာ၊ မနက်ခင်း ခြောက်နာရီလောက်ရှိပြီပေါ့။ အိမ်ပေါ်မှာတော့ ပြတင်းတံံံံခါးတွေအကုန်ဖွင့်ထားလို့ လင်းချင်းနေတာပဲဗျာ၊ အိမ်ကြီးက တော်တော်ကောင်းကောင်းဗျ၊ ကြမ်းတွေဆိုရင်လည်း လျှာထိုးကျွန်းသစ်တွေခင်းထားပြီးတော့ ဖယောင်းတိုက်ထားလို့ ပြောင်လက်နေတာပဲ၊ အိမ်ပေါ်မှ စားပွဲဝိုင်းကြီးတစ်ခုချထားပြီးတော့ မုန့်ဖတ်တွေ၊ ဟင်းရည်တွေကိုတွေ့လိုက်ရတယ်။ ကျုပ်တို့တက်လာတော့ ဦးလူလှက ပြံံုံးပြံံုံးရွှင်ရွှင်နဲ့ကြိုသဗျ။

“ကိုဘသာ လာဗျာ၊ ကျုပ်သမီးကတော့ မနက်စောစောစီးစီး မုန့်ဟင်းခါးချက်ထားတယ်၊ စားကြပါအး”

ကျုပ်တို့လည်းဝင်ထိုင်လိုက်ကြတာပေါ့ဗျာ၊ ပဲဟင်းခါးအနံံံ့ကလေးက မွှေးနေတာပဲဗျာ၊ ကျုပ်တို့အညာမုန့်ဟင်းခါးကတော့ ပဲကိုပဲအဓိကထားပြီးချက်တာဗျ၊ ငါးကိုသိပ်ထည့်လေ့မရှိဘူး၊ ငါးက မိုးတွင်းလောက်မှသာစားရတာကိုးဗျ၊ အခု ရွှေမိချက်တဲ့မုန့်ဟင်းခါးကတော့ ငါးနံံံ့လေးကိုသင်းနေတာပဲဗျာ၊ ဟင်းရည်သောက်ကြည့်တော့လည်း ချိုသဗျ။

“ကောင်းတာပေါ့ လူလှရာ၊ တို့ဆီမှာက မုန့်ဟင်းခါးစားရခဲတယ်ကွ၊ အလှူအတန်းတွေ၊ အသုဘတွေရှိမှ စားရတာ၊ မုန့်ဖတ်က ဝယ်လို့မှမလွယ်ဘဲကိုး”

ဦးဘသာက ပြောရင်း မုန့်ဖတ်တွေခူးထည့်ပြီးတော့ ဟင်းရည်နည်းနည်းဆမ်းတယ်ဗျ။ ဦးလူလှလည်း ခေါင်းညိတ်ရင်း

“ဒီရွာမှာက မုန့်ဖတ်ဖို၊ မုန့််လက်ဆောင်းဖိုရှိတယ်ဗျ၊ ဒီတော့ မုန့်ဖတ်တို့ ခေါက်ဆွဲတို့က ရပြီးသားလေ၊ စားကြဗျာ အားမနာနဲ့”

ကျုပ်လည်း နှစ်ဇွန်းလောက်စားပြီးတော့

“ဟင်းရည်ကလည်း ချိုသဗျာ၊ ဒါနဲ့ ဒီလိုရေခမ်းတဲ့အချိန် ငါးကဘယ်ကရတာလဲဗျ”

“ငါ့တူမေးရင်လည်း မေးချင်စရာပဲ၊ ဟောဒီနိဗ္ဗာန်တိုက်နယ်အဖျားလောက်မှာ ကွေးကောက်အင်း ဆိုတဲ့ အင်းကြီးတစ်ခုရှိတယ်၊ နွေရာသီတောင် ရေမခမ်းတတ်ဘူးဟေ့၊ တံံငါတွေက အင်းကနေငါးဖမ်းပြီးတော့ ရွာကို မနက်စောစောလာရောင်းကြတာပေါ့၊ ငါးဘတ်၊ ငါးကြင်းလို ငါးကြီးငါးကောင်းတွေတောင် ရတတ်တယ် ငါ့တူရ”

ကျုပ်လည်း ခေါင်းမဖော်တမ်းစားတာပေါ့ဗျာ၊ ရွှေမိက တက်လာပြီးတော့ ကျုပ်တို့ဘေးနားမှာလာထိုင်တယ်၊ ပြီးတော့ ကျုပ်တို့စားတာကို ပြံုံးစိစိနဲ့ကြည်နေလေရဲ့ဗျာ၊ ဟိုကောင်ချိုတူးဆို  သိပ်စားနိုင်တာဗျ၊ သူ့ပန်းကန်ထဲကိုမုန့်ဖတ်ငါးဆယ်သားလောက်ထည့်ပြီးတော့ ဟင်းရည်ဆမ်းပြီး လက်နဲ့နယ်ဖတ်ပြီးစားတာပဲဗျာ၊ ငညိုကလည်း လူကောင်သာသေးတာ  စားနိုင်သဗျ။ ကျုပ်တို့လူတစ်သိုက်စားလိုက်တာ စားပွဲပေါ်မှာ ပြင်ထားတဲမုန့်ဟင်းခါးတွေ အကုန်ပြောင်ပါရောဗျာ။ ကျုပ်လည်းစားပြီးတော့မှ

“အားနာစရာကြီးဗျာ၊ မုန့်တွေစားလို့ကုန်သွားပြီ ဟီး ဟီး”

“စားပါ၊ စားပါ ဧည့်သည်တွေအကြောင်းသိလို့ ကျွန်မက ကိုယ်စားဖို့ဖယ်ထားပြီးသား၊ စားတုန်းကတော့ အားမနာပဲနဲ့”

ဒီတော့ ဦးလူလှက ရွှေမိကိုမျက်စောင်းထိုးကြည့်ပြီးတော့

“သမီး၊ ဧည့််သည်တွေကို ဘယ်လိုပြောလိုက်တာလဲ”

ရွှေမိလည်းခေါင်းငုံ့လိုက်တယ်။ ဦးဘသာက ဟိုဟိုဒီဒီကြည့်ရင်း

“လူလှ၊ မင်းက ဆိုင်းဆရာဆိုတော့ ဆိုင်းမလိုက်ဘူးလားကွ”

ရွှေမိက သက်ပြင်းချပြီး

“ပြောမနေပါနဲ့တော့ ဦးကြီးရယ်၊ အဖေက ဆိုင်းမလိုက်နိုင်တာ ကိုးလလောက်ရှိပြီ၊ အရင်ကဆို ကျွန်မတို့အိမ်က ဒီလိုမဟုတ်ဘူး၊ အဖေ့ရဲ့တပည့််တပန်းတွေ၊ ဆိုင်းပညာသင်တဲလူတွေနဲ့ စည်ကားနေတတ်တာ၊ အနယ်နယ်အရပ်ရပ်က ဆိုင်းလာငှားတဲ့သူတွေဆိုရင်လည်း အိမ်ကို ဥဒဟိုဝင်ထွက်သွားလာနေကြတာပဲ၊ အခုဦးကြီးတို့နေတဲ့ အောက်ကအခန်းတွေဆိုရင် အရင်က အဖေ့တပည့််တွေနေကြတဲအခန်းပေါ့”

ဦးဘသာက ခေါင်းညိတ်ရင်း

“ဒါကတော့ ဟိုဂမုန်းသူယောင်ကြောင့် ဖြစ်မယ်လို့ထင်တာပဲဗျာ၊ ကဲ အခုရော ဆိုင်းပြန်လိုက်ဖို့ အစီအစဉ်မရှိဘူးလား”

ဦးလူလှက ခေါင်းညိတ်ရင်း

“ဆိုင်းသမားပဲဗျာ၊ ဆိုင်းအလုပ်ပဲလုပ်တတ်တာပဲ၊ ပြန်လုပ်ရမှာပေါ့”

ဒီအချိန် ရွှေမိက

“ဒါနဲ့ ဦးကြီးနာမည်ကလည်း ဦးသာဒင်နော်၊ အခုရက်ပိုင်း သာဒင်ဆိုတဲ့နာမည်နဲ့လာမယ့်လူကို ရွာကာလသားခေါင်း ကိုဖိုးကွန့်တို့က စောင့််ပြီးရှာဖွေနေကြတယ်”

ဦးလူလှက ရွှေမိဘက်ကိုကြည့်လိုက်ရင်း

“သမီး၊ ဒီကိစ္စကိုဒီမှာတင်ရပ်နော်၊ သူတို့ရှာနေတဲ့သာဒင်က ဟောဒီက ဦးသာဒင်မဖြစ်နိုင်ပါဘူး”

“သိပါတယ်အဖေရဲ့၊ အသမီးလည်းပြောပြတာပါ”

ကျုပ်လည်း မနေနီုင်တော့ဘူး။

“နေစမ်းပါအုံး၊ ကာလသားတွေက ဘာဖြစ်လို့ သာဒင်ဆိုတဲ့လူကို ရှာနေကြတာလဲ”

“ဒါတော့မပြောတတ်ပါဘူး၊ သူကြီးအမိန့််အရလို့ပြောတာပဲ၊ ညဆိုရင်လည်း မဟုတ်တဲ့လူမဝင်အောင်လို့ဆိုပြီး ရွာကိုစောင့််ကြပ်နေတတ်တယ်”

ကျုပ်လည်း ဦးဘသာကိုကြည့်လိုက်တော့ ဦးဘသာက တစ်ခုခုကိုတွေးနေတဲ့ပံံုံပဲဗျ၊ ပြီးတော့မှ

“ဒါနဲ့ လူလှရေ၊ ဒီရွာမှာ အရင်က အကြားအမြင်ဟောတဲ့ အဘွားကြီးတစ်ယောက်ရှိခဲ့တယ်မဟုတ်လား”

“ရှိပါ့ဗျာ၊ ဒေါ်မိုးကြီးလို့ ခေါ်သဗျ၊ ဘာလဲ ကိုဘသာက ဒါတွေစိတ်ဝင်စားလို့လား”

“သတိရလို့ပါကွာ၊ ဒါနဲ့ သူဟောတုန်းပြောတုန်းက တော်တော်မှန်တာနော်၊ တို့ မြိုင်သာဘက်က သူဌေးတွေဆိုရင် ကားတွေမောင်းပြီး ဒီအထိအောင်လာမေးကြတယ်မဟုတ်လား”

“ဒါပေါ့ ကိုဘသာရ၊ အခုတောင် သူ့မြေးမလေးက ဆက်ဟောနေတယ်လေ၊ သူလည်း မှန်တာတော့မှန်တယ်၊ ဒါပေမယ့် ဒေါ်မိုးကြီးလို လူတိုင်းကိုမဟောတာခက်တာဗျ”

“ဟုတ်သလား၊ သူကဘယ်လိုလူတွေကိုဟောတာလဲဗျ”

“သူဓါတ်ကျတဲ့သူကို ဟောတယ်လို့ပြောတာပဲဗျာ၊ အဲ၊ တစ်ခါတုန်းကတောင်မှ ကျုပ်ကိုဟောဖူးသေးတယ်၊ ကျုပ်အခုမှပဲ မှတ်မိတယ်ဗျို့၊ အသက်ငါးဆယ်ကျော်အပိုင်းအခြားရောက်ရင် ဆိုင်းအလုပ်နားရပြီး စီးပွားပျက်တတ်တယ်တဲ့ဗျာ၊ အဲဒီအချိန်တုန်းက ကျုပ်က အသက်လေးဆယ်ကျော်၊ ဆိုင်းဆိုတာကလည်း အမြဲလိုက်နေရတယ်ဆိုတော့ ဒီအကြောင်းကို မယုံမိဘူးပေါ့ဗျာ၊ ခုပြန်တွေးကြည့်မှ ကျုပ်အသက် ငါးဆယ်ကျော်လို့ ငါးဆယ့်နှစ်ထဲရောက်ပြီ၊ ဆိုင်းအလုပ်နားလိုက်ရပေမယ့် စီးပွားတော့ မပျက်သေးဘူးဗျ”

“အဖေရယ်၊ အဖေဆိုင်းမလိုက်တဲ့ ကိုးလ၊ ဆယ်လလောက်အတွင်းမှာ အိမ်မှာစုထားဆောင်းထားတဲ့ ငွေကြေးတွေ၊ လက်ဝတ်လက်စားတွေ ထုခွဲရောင်းချပြီး ဝမ်းရေးဖြေရှင်းနေရတာပဲမဟုတ်လား၊ ဒါလည်း စီးပွားပျက်တာပဲပေါ့”

ဦးလူလှလည်း ခေါင်းညိတ်ပြီး

“ကျုပ်မိုက်ခဲ့တာတွေပါဗျာ”

“အိုဗျာ၊ ဒါတွေ ပြောမနေပါနဲ့ လူလှရာ၊ ပြီးခဲ့တာတွေပြီးပြီ၊ ကဲ အခုမင်းဆိုင်းပြန်လိုက်တော့မယ်မဟုတ်လား”

ဦးလူလှကခေါင်းညိတ်တယ်ဗျ။

“ဒါဆို တပည့််တစ်ယောက်လောက်ရော စပြီး မမွေးကြည့်ချင်ဘူးလား”

ဦးလူလှက ဦးဘသာကိုကြည့်ရင်း

“ကိုဘသာက ဘယ်သူ့ကိုတွေ့ထားလို့လဲဗျ”

ဦးဘသာက ချိုတူးပုခုံးကိုပုတ်ရင်း

“ဟောဒီကောင်လေးဗျာ၊ ဆိုတာ၊ ကတာ သိပ်ဝါသနာပါတာဗျ၊ သူ့ကို အတီးအမှုတ်ဖြစ်ဖြစ်၊ အဆိုအကဖြစ်ဖြစ် သင်ပေးပြီးတော့ တစ်နေရာရာသံံုံးကြည့်ပေါ့ဗျာ”

ချိုတူးမျက်လံုံးတွေပြူးသွားတယ်ဗျ။ ဦးလူလှကတော့ ချိုတူးကိုအကဲခတ်သလိုကြည့်နေရင်း

“ဒီလို ကိုဘသာရဲ့၊ ဆိုင်းဆိုတာ ဇာတ်မဟုတ်တော့ မင်းသမီးလောက်ပဲလိုတာ၊ မင်းသမီးကလည်း ကျုပ်သမီးရွှေမိရှိပြီးသားပဲလေ၊ အင်း၊ ဒါပေမယ့်် အငြိမ့်ထွက်ရင်တော့ လူပြက်လူရွှင်တော် လိုသေးတာပဲ၊ သူဝါသနာပါရင်တော့ လုပ်နိုင်မယ်ထင်ပါတယ်”

ချိုတူးက ပြာပြာသလဲနှင့်

“ဝါသနာပါတယ်ဗျာ၊ ကျုပ် . . . ကျုပ်လုပ်ချင်ပါတယ်၊ ဆရာကြီး ကျုပ်ကိုကြိုက်တာခိုင်းပါ၊ ကျုပ်က ငယ်ငယ်ကတည်းက ဆိုင်းတို့၊ ဇတ်တို့၊ အတီးအမှုတ်တို့ဆိုရင် ဝါသနာပါလွန်းလို့ပါဗျ”

ဦးလူလှက ပြုံးရင်း

“အေးပါ၊ မင်းကတိနဲ့မင်းနော်၊ ငါ့တပည့်လုပ်ရင် ငါခိုင်းတာကိုလုပ်၊ ငါပြောတာကို နားထောင်နိုင်မှရမယ်ကွ”

“နားထောင်ပါ့မယ်ဆရာကြီး”

ဦးဘသာက ပြုံးရင်း

“ဟား၊ ဟား၊ ဟန်ကျသကွဟေ့၊ ဇာတ်ရူးတစ်ကောင်နဲ့ ဆိုင်းဆရာတို့တော့ တွေ့ကြပြီကွ ဟား၊ ဟား”

ကျုပ်တို့လည်းထိုင်ရင်း ရယ်မောလိုက်ကြတာပေါ့ဗျာ။

(၂)

“ကံတရားက သိပ်ကြောက်ဖို့ကောင်းတာပဲ”

ဦးဘသာက ကျုပ်တို့တည်းခိုတဲ့အခန်းရောက်တော့ ကွမ်းအစ်ထဲက ကွမ်းသီးစိတ်တွေကို ကွမ်းညှပ်အသေးလေးနဲ့ညှပ်ရင်းပြောတယ်ဗျ၊ အခန်းထဲမှာတော့ ကျုပ်နဲ့ဦးဘသာနဲ့ပဲရှိတာ၊ ဟိုကောင်ချိုတူးကတော့ ဦးလူလှနဲ့ ဆရာတပည့်နှစ်ယောက် ဘာတွေပြောနေသလည်းတော့ မသိပါဘူးဗျာ၊ ငညိုကတော့ ကလေးဆိုတော့ ခြံထဲမှာပြေးလွှားဆော့လို့ဗျ။

“ကံံတရားက ဆန်းကြယ်တယ်လုပ်စမ်းပါ ဦးဘသာရဲ့၊ ဘယ့်နှယ့်ကြောက်ဖို့ကောင်းရတာတုန်း”

“အေးလေ၊ ဆန်းကြယ်တာထက်လွန်သွားရင် ကြောက်ဖို့ကောင်းသွားတာပေါ့ကွ”

“ဆန်းကြယ်တာတော့ ပြောမနေပါနဲ့ဦးဘသာရာ၊ ဟိုကောင် မင်းသားရူးသဒိုးက အခုဆိုင်းဆရာကြီးဆီရောက်ပြီး တပည့်ဖြစ်သွားလိမ့််မယ်လို့ ဘယ်သူတွေးမိမှာလဲဗျ၊ ကျုုပ်ဖြင့် မနက်က အဲဒီအကြောင်းကိုစဉ်းစားနေရင်း တော်တော်အံ့သြနေတာ၊ ကျုပ်နဲ့ဦးဘသာသာ ငညိုနဲ့မတွေ့ခဲ့ရင်၊ ဒီကောင်နဲ့တွေ့မှာမဟုတ်ဘူးဗျ၊ ပြီးတော့ ဒီကောင်လည်း သဒိုးအလုပ်က ကျွတ်မှာမဟုတ်ဘူး”

ဦးဘသာက ကွမ်းသီးစိတ်လေးတွေ ညှပ်ထည့်ရင်း

“ပြောစမ်းပါအုံးကွာ”

“သဒိုးကနေ လွတ်တော့လည်း၊ ကျုပ်တို့ နိဗ္ဗာန်ရွာကို လာဖို့အကြောင်းဖြစ်တယ်ဗျာ၊ နိဗ္ဗာန်ရွာလာရင်းနဲ့ ဦးလူဝနဲ့တွေ့ဖို့ ဖြစ်လာပြန်ရော၊ ဦးလူဝနဲ့မတွေ့ခဲ့ရင် အခု ဦးလူလှတို့အိမ်ကိုလည်း ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာဖို့ အကြောင်းမရှိဘူးနော်ဗျ၊ ကျုပ်တို့ဖြစ်ခဲ့သမျှ အားလုံးက ကွင်းဆက်တွေလိုပဲဗျ၊ ခဏတဖြုတ်ကြည့်ရင်တော့ သူ့အလိုလိုအစီအစဉ်တကျမဟုတ်ဘဲ ဖြစ်ပျက်နေတယ်ဆိုပေမယ့် သေချာစဉ်းစားကြည့်ခါမှ အရာအားလုံးက သွားသွားပြီးတော့ ဆက်နွယ်နေတယ်ဗျ၊ ကျုပ်အဲဒါကိုတွေးမိတော့ ကံတရားက ဆန်းကြယ်လိုက်တာဆိုပြီး တွေးမိတာပဲ”

ဦးဘသာက ကွမ်းရွက်နှစ်ရွက်ကို ခပ်ချဲချဲကလေးထပ်ကိုင်လိုက်ပြီးတော့

“အဲဒါပေါ့ကွ၊ အကြောင်းကြောင့် အကျိုးဖြစ်၊ အကျိုးကြောင့် အကြောင်းဖြစ်တယ်ဆိုတာပေါ့”

အဲဒီလိုပြောပြီးတော့ ထံုံးဘူးကလေးထဲကနေ ထုံးကိုလက်ညှိုးနဲ့ကလော်ပြီးတော့ ကွမ်းရွက်အနှံံ့ကိုဖြန့်နေတယ်။

“ဒါပေမယ့် ငါလည်း တွေးနေတာတစ်ခုရှိတယ်ကွ”

“ဘာတွေးနေတာလဲဗျ”

“လှသောင်ငါတို့ကိုလှည်းနဲ့လာကြိုတာ၊ ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင် ဗျဂ္ဃလေးက ငါတို့လှည်းကို ဓါးပြတိုက်တာ၊ ပိုပြီးတိုက်ဆိုင်တာကတော့ ဗျဂ္ဃကြီးက ငါ့ကိုလက်စားချေဖို့စောင့်နေတယ်ဆိုတာပဲ၊ ကဲ ပြောစမ်း၊ ဒါတွေကရော မထူးဆန်းဘူးလား”

ကျုပ်လည်း တွေးရင်းခေါင်းညိတ်လိုက်တယ်။

“ဦးဘသာပြောမှ ကျုပ်လည်းတွေးမိတယ်ဗျ၊ ကျုပ်တို့ ဒီနေ့ဒီအချိန်၊ ဒီနေရာကို လှည်းနဲ့ဖြတ်သွားမယ်လို့ ဗျဂ္ဃကြီးကဘယ်လိုသိသလဲ၊ သူအနှစ်သုံးဆယ်လံံုံးလံုံးတော့ တစ်ရက်မှမပျက်ဘဲ စောင့်နေနိုင်မှာမဟုတ်ဘူးဗျ၊ ကျုပ်တောင် တော်တော်ထူးဆန်းသွားပြီ ဦးဘသာရာ”

“ငါ့အထင်တော့ ဒီကိစ္စတွေရဲ့ နောက်ကွယ်မှာ တစ်ယောက်ယောက်ကတော့ ကြိုးကိုင်နေပံံုံရတယ်၊ ခုနကလည်း ရွှေမိပြောတာ မင်းကြားလိုက်တယ်မဟုတ်လား၊ သာဒင်ဆိုတဲ့နာမည်နဲ့လူကို ရှာနေတယ်ဆိုတာလေ၊ ဒါအကောင်းတော့မဖြစ်နိုင်ဘူး၊ ငါလည်း ဘာရယ်မဟုတ်ဘူး၊ နိဗ္ဗာန်ရွာအဝင် ကာလသားတွေစစ်မေးတော့ သာဒင်လို့မပြောချင်တာနဲ့ သာစလို့ ဖြေလိုက်တာလေ၊ မင်းမှတ်မိပြီလား”

“မှတ်မိပြီဗျို့၊ ကျုပ်တောင်အဲဒီတုန်းက ထူးဆန်းသွားသေးတယ်၊ သာစံံဆိုတဲ့နာမည်ကို ဦးဘသာက မကြိုက်ဘူးဆိုပေမယ့် ဘာလို့ သူတို့မေးတော့ ပြောလိုက်ရတာလဲဆိုပြီး တွေးနေမိသေးတာ၊ ဒါနဲ့ ဦးသာဒင် ဘယ်လိုသိတာလဲဗျ”

“မနောအသိပေါ့ကွာ”

ကျုပ်လည်း ခေါင်းကုပ်ရင်း

“မနောအသိဆိုတာဘာလဲဗျ၊ စိတ်က ကြိုသိနေတာကိုပြောတာလား”

ဦးဘသာက ကွမ်းယာထဲကို ကွမ်းသီးစိတ်လေးတွေထည့်တယ်၊ ပြီးတော့ အမှုန်ဖြစ်လုနီးပါးလုပ်ထားတဲ့ ဆေးရွက်ကြီးထည့်တယ်၊ စမုန်စပါးနည်းနည်းဖြူးပြီးတော့ ကွမ်းကိုယာနေရင်း

“ဒီလိုကွ၊ မင်းနားလည်အောင်ပြောရမယ်ဆိုရင် လူတွေလက်ခံထားတဲ့ စိတ်နှစ်မျိုးရှိတယ်၊ တစ်မျိုးက သိစိတ်နဲ့ တစ်မျိုးက မသိစိတ်လို့ခေါ်တယ်”

“ဒါတော့ ကျုပ်သိတာပေါ့ဗျာ”

“သိစိတ်ဆိုတာက တစ်ခုခုကိုလုပ်နေတာကို သိတာ၊ စိတ်ကနေ စေခိုင်းလို့ လုပ်နေရတာကိုပြောတာ၊ ဥပမာ လယ်လုပ်စမ်း၊ စားစမ်း။ သွားစမ်း အဲဒါတွေကို သိစိတ်က စေခိုင်းနေတာပဲ”

“ဒါဆို မသိစိတ်ကရောဗျ”

“မသိစိတ်ဆိုတာ အသိစိတ်က မသိလိုက်ဘဲ သူ့အလိုလိုဖြစ်နေတာကိုပြောချင်တာ၊ ဆိုကြပါစို့ကွာ၊ အသက်ရှူတယ်ဆိုတာ မသိစိတ်ကလုပ်နေတာ၊ မင်းရဲ့စိတ်ထဲမှာ အချိန်နဲ့အမျှ အသက်ရှူနေတယ်ဆိုတာကို သတိမထားမိ၊ မသိဘူးမဟုတ်လား၊ ဒါထက်ပြောရရင်  တို့တွေရဲ့နှလုံးက စက္ကန့်နဲ့အမျှ ခုန်နေတယ်ဆိုတာကို သတိမထားမိကြဘူး၊ သွေးတွေ၊ လေတွေက ခန္ဓာကိုယ်တစ်ခုလံုံးကို လည်ပတ်နေတယ်ဆိုတာကို သတိမှမထားမိဘဲ၊ အဲဒါကို မသိစိတ်လို့ခေါ်တယ်၊ မသိစိတ်ကို မနောလို့ ခေါ်ကြတာပေါ့”

ကျုပ်လည်း လေရှှုနေတာကို သေချာအာရုံခံရင်း

“ဟာဗျာ၊ အခုလိုသေသေချာချာအာရံံုံစူးစိုက်လိုက်တော့လည်း အသက်ရှူတာ၊ ဝင်လေဝင်တာ၊ ထွက်လေထွက်တာကို သိပြီမဟုတ်လားဗျ”

“အေးပေါ့၊ အဲဒီလို မသိစိတ်က သူ့အလိုလိုစေခိုင်းပြီး ဖြစ်ပျက်နေသမျှကို သိစိတ်က သိအောင်အာရုံစိုက်တာကို သတိလို့ခေါ်တယ်ကွ၊ ဒါကြောင့် သတိကပ်၊ သတိကပ်ဆိုတာ ကြားဖူးတယ်မဟုတ်လား”

ကျုပ်လည်း ခေါင်းညိတ်လိုက်ရတော့တယ်။ ဦးဘသာက ကွမ်းယာကို ပါးစောင်ထဲထည့်လိုက်ပြီးတော့

“မသိစိတ်က ခိုင်းစေနေတဲ့အရာတွေကို သိစိတ်က သိအောင် သတိနဲ့ယှဉ်ပြီးမှတ်တာကိုတော့ သမထလို့ခေါ်သကွ၊ မသိစိတ်မှာ ဖြစ်ပေါ်နေတဲ့အရာတွေကို သိစိတ်နဲ့ ထိုးထွင်းသိမြင်ပြီးတော့ အချိန်ကြာလာတဲ့အခါ ဘာဖြစ်လာသလဲဆိုတော့ အဲဒီမသိစိတ်ကိုပါ စေခိုင်းလို့ရနိုင်လာတယ်၊ အဲဒါကိုတော့ သမထအောင်တယ်၊ မနောပေါက်တယ်လို့ ဆိုတာပေါ့ကွာ”

ကျုပ်လည်းခေါင်းကို တဗြင်းဗြင်းကုပ်မိတယ်။

“ဦးဘသာပြောမှ ခေါင်းရှုပ်လာပြီ၊ ကျုုပ်တော့ ဘာမှနားမလည်တော့ဘူး”

“မင်းနားလည်အောင် ဥပမာပေးမယ်ကွာ၊ အိပ်မက်ဆိုတာ မသိစိတ်ထဲမှာ ဖြစ်ပျက်နေတဲ့အရာတွေကွ၊ အပြင်မှာတကယ်ဖြစ်တာမဟုတ်ဘူးနော်၊ ကိုယ့်မသိစိတ်ထဲမှာ သူ့အလိုလိုဖြစ်နေတာ၊ ဒါပေမယ့် ကိုယ့်ရဲ့သိစိတ်က အဲဒီအိပ်မက်ကိုသိသွားတဲ့အခါကျတော့ ကိုယ်လန့်နိုးသွားရင်လည်း အိပ်မက်ကိုမှတ်မိနေတာပေါ့ကွာ၊ အဲဒါကြောင့် အိပ်မက်မက်တယ်ဆိုတာ မသိစိတ်ထဲမှာ ဖြစ်နေတဲ့အရာတွေကို သိစိတ်က မှတ်မိနေတာပဲ၊ တကယ်လို့ မသိစိတ်ထဲမှာဖြစ်နေတဲ့အရာတွေကို သိစိတ်က မမှတ်မိဘူးဆိုရင် အိပ်မက်ကိုမမှတ်မိဘူးပေါ့ကွာ၊ အိပ်မက်က မမက်တာမဟုတ်ဘူးကွ၊ သိစိတ်က မမှတ်မိတာ၊ နားလည်လား”

“နားလည်သလိုလိုတော့ရှိပြီ၊ ဒါကြောင့်ဖြစ်မှာဗျ၊ တစ်ခါတစ်လေကျရင် ညကဘာအိပ်မက်မယ်တယ်ဆိုတာကို မျက်လုံးထဲပြန်မြင်ယောင်နေရသလိုကို မှတ်မိနေပေမယ့် တစ်ခါတစ်လေကျတော့ အိပ်လိုက်ပြီး အိပ်ရာကနိုးလာတော့ ဘာအိပ်မက်မှ မမှတ်မိဘူး၊ ဒါဆိုရင် ဦးဘသာပြောပုံအရ အိပ်မက်မမက်တာမဟုတ်ဘဲ၊ သိစိတ်က မမှတ်မိတာပဲနေမှာ”

“မှန်တာပေါ့ကွာ၊ ခုနက ပြောသလို သမထကျင့်စဉ်တွေကျင့်ပြီး သမထအားကောင်းတဲ့လူကျတော့ သိစိတ်က မသိစိတ်ကိုနိုင်သွားပြီကွ၊ အဲဒီတော့ ဘာဖြစ်သလဲဆိုရင် အိပ်မက်ကိုတောင်မှ ကိုယ်ကြိုက်သလို စေခိုင်းလာနိုင်တယ်၊ ပြီးတော့ ကိုယ့်အိပ်မက်တောင်မဟုတ်ဘူး၊ အခြားသူရဲ့မသိစိတ်ကိုတောင်မှ ကိုယ်ဖြစ်စေချင်သလို ခိုင်းစားနိုင်တယ်၊ ဥပမာ အိပ်မက်ပေးတယ်လို့ ပြောကြတာရှိတယ်မဟုတ်လား၊ ဒါက သူများရဲ့မသိစိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့အိပ်မက်ကို  ကိုယ့်ရဲ့အသိစိတ်နဲ့ ဘယ်လိုမက်ပါ၊ ဘယ်လိုပြောပါဆိုပြီးတော့ သွားခိုင်းစားတာမျိုးပေါ့”

“ဟုတ်ပြီ၊ ကျုပ်နားလည်ပါပြီ”

“သိစိတ်က တို့ရုပ်နမ်ခန္ဓာရှိသူတွေမှာ ဦးဆောင်နေတတ်ပေမယ့် တခြားဘုံသား၊ ပရလောကသားတွေကိုတော့ မသိစိတ်က ဦးဆောင်နေတယ်၊ ဒါကြောင့် မသိစိတ်ကို သိစိတ်က ထိန်းချုပ်နိုင်အောင်ကြိုးစားတယ်ဆိုတာ တန်ခိုးစွမ်းအားရဲ့ ပထမဆုံးအဆင့်ပဲ၊ ကမ္မဇိဒ္ဓိအစွမ်းမှာလည်း ဒိအဆင့်တွေပါတာပေါ့၊ ငါခုနကပြောတဲ့ မနောအသိဆိုတာကတော့ အဲဒီမသိစိတ်ကပြောတဲ့အရာတွေကို သိစိတ်က သိလိုက်တာကို ဆိုလိုတာပဲကွ”

“ထူးဆန်းတယ်ဗျာ”

“ဘာမှမထူးဆန်းပါဘူးကွာ၊ တကယ်တော့ သတိရှိဖို့ပဲလိုတာ၊ မနောဆိုတဲ့ မသိစိတ်က တစ်ခုခုဖြစ်လာတော့မယ်ဆိုတာကို သူကကြိုသိပြီးအချက်ပေးလေ့ရှိတယ်၊ ကားမှောက်တဲ့သူတွေ၊ ဘေးအန္တရာယ်နဲ့ ကြုံခဲ့တဲ့သူတွေကို မေးကြည့်ရင် သူတို့အဖြစ်အပျက်တွေမဖြစ်ခင် စိတ်ထဲမှာ ဖြစ်တော့မယ်ဆိုပြီး ကြိုသိနေသလိုမျိုး ဖြစ်တယ်တဲ့ကွ၊ အဲဒါ မသိစိတ်က စကားပြောတာ၊ မနောက အသိပေးတာပေါ့၊ တစ်ချို့ကတော့ ကိုယ်စောင့်နတ်က သတိပေးတယ်ဆိုပြီး ပြောတတ်ကြတယ်၊ အဲဒီလို မနောက အသိပေးတာကို သတိရှိတဲ့လူကျတော့ သိလိုက်လို့ ရပ်တန့်လိုက်ရင်း ဘေးအန္တရာယ်ကင်းသွားတဲ့လူတွေအများကြီးရှိသလို၊ မနောက အသိပေးတာကို သတိမထားမိလို့ အဲဒီအတိုင်းဖြစ်ပျက်သွားကြတဲ့သူတွေလည်း မနည်းဘူးကွ”

“ဟုတ်ပြီဗျ၊ ဒါဆိုရင် ဦးဘသာရဲ့မနောက ဦးဘသာကို သာဒင်လို့မပြောနဲ့လို့ အသိပေးမယ်ဗျာ၊ ဦးဘသာက သတိရှိလိုက်လို့ အဲဒီအသိကိုရလိုက်ပြီးတော့ ဟိုလူတွေနာမည်မေးတဲ့အခါကျတော့ သာဒင်လို့မပြောဘဲ သာစံလို့ပဲ ပြောခဲ့တာပေါ့၊ ဒီလိုလား”

“အစစ်ပေါ့အလတ်ကောင်ရာ”

“ဒီမနောရဲ့အပေါ်မှာ အနန္တမနောလို့ခေါ်တဲ့ အလွှာတစ်ခုရှိတယ်ကွ၊ အဲဒီအလွှာကတော့ မနောကိုစေခိုင်းနိုင်တဲ့အလွှာပေါ့ကွာ၊ ဒါတွေကို တန်ခိုးရှိတဲ့ နတ်တွေ၊ ဘိုးတော်တွေ၊ အထက်ဝိဇ္ဇာ၊ အောက်ဝိဇ္ဇာတွေပဲ အသုံးပြုနိုင်ကြတယ်ကွ၊ အနန္တမနော ဆိုတဲ့အတိုင်း အတိုင်းအဆမရှိကျယ်ပြန့်တယ်၊ ဘိုးတော်တွေ နတ်တွေဟာ အဲဒီမနောအလွှာကနေပြီးတော့ လူတွေနဲ့ဆက်သွယ်ကြတယ်၊ အဲဒါကို ဓါတ်စီးတယ်၊ နတ်ပူးတယ်လို့ဆိုကြတာပေါ့ကွာ”

“ဒါဆို စုန်းတွေရော အဲဒီလိုမျိုး သုံးနိုင်ကြသလားဗျ”

“စုန်းကြီးရင် ကဝေဆိုတဲ့အတိုင်း အချို့ကဝေတွေတော့ အဲဒီလိုမျိုး ဆက်သွယ်နိုင်တယ်လို့ဆိုသကွ၊ ဒါပေမယ့် ရိုးရိုးစုန်းကဝေတွေမှာတော့ မနောအသိကို ထိန်းချုပ်နိုင်တဲ့ပညာတွေရှိတယ်ကွ”

“အဲဒီမနောတွေထားပါတော့ ဦးဘသာရယ်၊ အခုကျုပ်တို့ နိဗ္ဗာန်ရွာကိုရောက်လာပြီမဟုတ်လား၊ ဟိုကောင်လေး ငညိုကို ဘာဆက်လုပ်မှာလဲဗျ”

“အေးအေး၊ ခဏနေရင် ငညိုကိုခေါ်ပြီး  ခြေလက်သန့်စင်ပေးလိုက်ကွာ၊ ငါတို့ အကြားအမြင်ရတယ်ဆိုတဲ့ မိန်းကလေးဆီကိုသွားကြမယ်ဟေ့”

“ဦးဘသာကလည်းဗျာ၊ ဘာလဲ ငညိုကို အကြားအမြင်ကြည့်ပေးမလို့လား”

“ဟိုရောက်ရင် သိမှာပေါ့ကွာ”

ဦးဘသာက ကွမ်းကိုဝါးနေပြီဗျ၊ ဦးဘသာကွမ်းဝါးရင် စကားဖြတ်ပြောလို့မကောင်းတော့ဘူးမဟုတ်လား၊ ဒါနဲ့ ကျုပ်လည်း ငညိုကိုခြံထဲကနေခေါ်ပြီးတော့ ခြေလက်ဆေးပေးပြီး အဝတ်အစားလဲခိုင်းလိုက်တယ်ဗျာ။

(၃)

ရွာထဲကို ကျုပ်ရယ်၊ ငညိုရယ်၊ ဦးဘသာရယ် သုံးယောက်ထဲထွက်လာခဲ့ကြတယ်၊ ရွာလမ်းမှာလည်း ကလေးတွေဆော့ကစားနေသလို၊ ခွေးတွေကလည်း ပြေးလွှားနေကြတာဗျ၊ ရွာကြီးက စည်စည်ကားကားပါပဲဗျာ၊ မျက်နှာစိမ်းတွေမို့ထင်တယ် ရွာကလူတွေက ကျုပ်တို့ကိုလှည့်ကြည့် လှည့်ကြည့်လုပ်နေသေးတာ။

“ဦးဘသာ သူတို့ကြည့်နေတာကလည်း တစ်မျိုးကြီးဗျ၊ ဟိုးခြံထဲက ထမင်းစားနေတဲ့အဒေါ်ကြီးဆိုရင် ကျုပ်တို့ကိုမျက်လုံးစိမ်းကြီးနဲ့ ကြည့်နေတာပဲ”

“သွားလိုက်မကြည့်နဲ့အလတ်ကောင်၊ ကိုယ့်လမ်းကိုယ်သွား”

ခြံတစ်ခြံရှေ့ရောက်တော့ အဘွားကြီးတစ်ယောက်က ကွပ်ပျစ်မှာထိုင်နေတယ်ဗျ၊ ကွပ်ပျစ်အောက်မှာတော့ ခွေးနက်သုံးကောင်က ခွေခွေကလေးအိပ်လို့ဗျ၊ ကျုပ်တို့ကိုမြင်တာနဲ့ ခွေးနက်တွေက ခေါင်းထောင်လာတယ်၊ ပြီးတော့ အဘွားကြီးက ဘာပြောတယ်မသိဘူး၊ ခွေးတွေက ကျုပ်တို့ဆီကို တဂူးဂူးတဂဲဂဲနဲ့ ကိုက်မယ်ဆွဲမယ်ဆိုပြီး ပြေးလာပါရော၊ ခွေးကြီးတွေက အကြီးကြီးတွေဗျ၊ အင်းခွေးလို ခွေးအမျိုးအစားပေ့ါဗျာ၊ တစ်ကိုယ်လုံးလည်း နက်မှောင်နေတာမှ မပြောပါနဲ့၊ ကျုပ်လည်း ကြောက်တာပေါ့၊ ငညိုဆိုရင် ကျုပ်ပုဆိုးစကိုဆွဲထားတာဗျ၊ ဒီကောင်ကြီးတွေက တကယ်ကိုက်မယ့်ပုံပဲ။

ဒါပေမယ့် ကျုပ်တို့နဲ့ ခြေငါးလှမ်းလောက်အကွာရောက်တော့ အဲဒီခွေးကြီးတွေက မြေမှာစင်းစင်းကြီးဝပ်သွားတယ်ဗျ၊ ပြီးတော့ ခေါင်းတွေကိုငုံ့ပြီးအမြှီးတွေလည်း ကုပ်လို့ဗျာ၊ ကျုပ်ကတော့ ဦးလသာလုပ်လိုက်တယ်ထင်တာပါပဲ၊ ခွေးတွေက အသေကောင်ကြီးတွေလို မလှုပ်မယှက် တောင့်တောင့်ကြီးဗျ။ အဘွားကြီးကတော့ ကျုပ်တို့ကိုကြည့်ပြီး ပွစိပွစိနဲ့ပြောနေတာပဲ၊

ဟော နောက်တစ်အိမ်ကိုလည်းဖြတ်ရော ခြံထဲမှာ အဝတ်လှန်းနေတဲ့မိန်းမကြီးက ခြံပြင်ကိုပြေးထွက်လာပါရောဗျာ၊ ပြီးတော့ဘာလုပ်တယ်ထင်သလဲဗျ၊ သူ့ထမီကို မလှန်ပြီးတော့ သူ့ပစ္စည်းကို ပြတာဗျာ၊ ပါးစပ်ကလည်း အယုတ္တအနတ္တတွေ ဆဲလိုက်တာ မိုးမွန်နေတာပဲ၊ ဦးဘသာက လှည့်တောင်မကြည့်ဘူး။

“ဟဲ့ကောင်မ၊ ဒီအသက်အရွယ်ရောက်နေတာတောင် ထမီမနိုင်ဘူးလား”

ဦးဘသာပြောပြီးတော့ ဒီမိန်းမရဲ့ထမီကြီးက လှန်မရတော့ဘူးဗျာ၊ သူလည်းဆွဲလှန်ပေမယ့် ထမီက သူ့ခြေသလုံးတွေမှာ ကော်နဲ့ကပ်ထားသလို ကပ်နေပါရော၊ ဒါနဲ့ ခါးထောက်ပြီး ဆဲတာပေါ့။

“နင့်အသံမကြားချင်ဘူး”

ဦးဘသာပြောပြီးဆက်လျှောက်သွားတယ်၊ အဒေါ်ကြီးက ပါးစပ်ကြီးပြဲနေအောင်ဟပြီးတော့ ဆဲဆိုနေပေမယ့် ဘာအသံမှ မထွက်ဘူးဗျာ၊ အံ့ပါရဲ့၊ ပါးစပ်ကြီးတော့ ဖြဲကားပြီးပြောနေတာပဲ၊ မသိရင် တီဗွီကို အသံပိတ်ပြီးကြည့်နေသလိုပေါ့ဗျာ၊ ဆက်လျှောက်လာရင်း ရွာအနောက်ပိုင်းကိုရောက်လာတယ်ဗျ၊ ဦးဘသာက အိမ်ကြီးတစ်အိမ်ရှေ့မှာရပ်ပြီးတော့

“အိမ်ရှေ့မှာ မန်ကျည်းပင်ကြီးနဲ့ဆိုတော့ ဒီအိမ်ပဲဖြစ်မယ်ကွ”

ဦးဘသာက အိမ်ထဲလှမ်းဝင်ဖို့လုပ်လိုက်တော့ ခြံတံခါးက လူမရှိဘဲ ဂျိန်းဆိုပိတ်သွားတယ်ဗျာ၊ ခြံဝင်းတစ်ခုလုံးကို ဝါးကပ်တွေနဲ့ကာထားတာဗျ၊ ခြံတံခါးကိုတော့သစ်သားချောင်းကလေးတွေနဲ့လုပ်ထားတာပေါ့၊ ဦးဘသာလည်း ခြံတံခါးကိုကြည့်ပြီး

“အောင်မာ၊ ငါ့ကိုဒီလောက်နဲ့များ တားလို့ရမယ်တဲ့လား”

ဦးဘသာလည်း ခြံတံခါးကိုကြည့်လိုက်တော့ ခြံတံခါးက ဝုန်းခနဲပြန်ပွင့်သွားတယ်၊ ပြီးတာနဲ့ ချက်ချင်းပဲ ပြန်ပိတ်သွားတာပဲ၊ ဒါနဲ့ ဦးဘသာလည်း ခြံတံခါးကိုလက်ညှိုးထိုးလိုက်တော့ ခြံတံခါးက ဝုန်းဆိုပွင့်ထွက်ပြီးတော့ တစ်စစီဖြစ်သွားပါရောလား။ ပွဲကတော့ကြမ်းပြီဗျာ၊ ဦးဘသာ အိမ်ထဲဝင်သွားတော့ အိမ်ပေါက်ဝမှာ မိန်းမတစ်ယောက်က ကျောပေးပြီးတော့ ငုတ်တုတ်ထိုင်နေသဗျ။

“ရှင်ပြန်တော့၊ ရှင့်ကို ကျုပ်တို့မကြိုဆိုဘူး”

“ငါနင်တို့နဲ့ ရန်ဖြစ်ရအောင် လာခဲ့တာမဟုတ်ဘူး၊ မိမိုးကြီးနဲ့ ငါတွေ့ချင်တယ်”

“မိမိုးကြီးက သေတာကြာပြီ၊ ရှင်တွေ့ချင်ရင် တမလွန်ကိုလိုက်သွားပေါ့”

“သူမသေဘူးဆိုတာ ငါသိတယ်၊ သူက ရုပ်အနေနဲ့မရှိတော့ပေမယ့် နာမ်လောကထဲမှာကျင်လည်နေတယ်၊ တစ်နည်းပြောရရင် သူက ထုံကူးသွားတာပဲမဟုတ်လား၊ မင်းတို့နဲ့အဆက်အသွယ်ရှိနေတယ်မဟုတ်လား”

“ငါ ပြဿနာမဖြစ်ချင်ဘူး ကလေးမ၊ ငါအရေးကြီးတဲ့ကိစ္စတစ်ခုနဲ့လာခဲ့တာပဲ၊ မင်းလမ်းဖယ်ပါ”

“ကျုပ်သေသွားမှ ကျုပ်အလောင်းပေါ်ကကျော်ပြီး ဒီအိမ်ထဲကိုဝင်သွားပေါ့တော်”

ဦးဘသာက တွေဝေနေတယ်ဗျ၊ ကျုပ်ကတော့ ဒီမိန်းမကို တော်တော်မျက်မုန်းကျိုးနေပြီ၊ ကျုပ်သာ ပညာတတ်လို့ကတော့ ဒီမိန်းမကိုလုပ်တော့မှာ။

“ငါတောင်းပန်ပါတယ်ကလေးမ၊ မိမိုးကြီးနဲ့ တွေ့ခွင့်ရအောင်လုပ်ပေးပါ”

ကျုပ်လည်း ဦးဘသာအနားကိုကပ်လိုက်ပြီးတော့

“အိုဗျာ၊ ဦးဘသာကလည်း သူက မချေမငံံပြောနေပြီပဲဗျ၊ ပြန်ကြမ်းလိုက်ပေါ့”

“မဖြစ်ဘူးအလတ်ကောင်ရ၊ သူကျောပေးထိုင်ထားတာ အလကားမဟုတ်ဘူး၊ စုန်းလိပ်သွင်းထားတာ၊ လိပ်ရဲ့နောက်ကျောက မာတယ်မဟုတ်လား၊ အခုလည်း အဲဒီလိုပဲပေါ့ကွာ၊ တော်ရုံလူ သူ့ကိုမထိခိုက်နိုင်အောင် စုန်းလိပ်လုပ်နေတာဟေ့”

“ဟာဗျာ၊ ဦးဘသာက သူ့ကိုမနိုင်ဘူးလား”

“ငါလုပ်လိုက်ရင် သူသေရင်သေ၊ မသေရင် ဒုက္ခိတဖြစ်မှာကွ၊ ငါမလုပ်ချင်ပါဘူး”

ဒီအချိန်မှာ ခြံဘေးကနေ မိန်းကလေးတစ်ယောက်ထွက်လာတယ်ဗျ၊ ရေစိုထမီကို ထမီရင်လျားလုပ်ထားတာ၊ ကျုပ်တို့ကိုတွေ့တော့ လန့်သွားတဲ့အကြည့်နဲ့ကြည့်နေတယ်၊ ပြီးတော့ ချက်ချင်းပဲ မျက်သားက အပေါ်ကိုတက်သွားပြီးတော့ မျက်ဖြူလန်သွားတာပဲဗျာ။

“သြော်၊ ငါထင်ထားတဲ့အတိုင်းပါပဲလား၊ ကိုင်း လာလာ အိမ်ပေါ်တက်ကြ”

ဒီတော့ အိမ်တံခါးကို နောက်ပြန်ထိုင်နေတဲ့မိန်းကလေးက

“မမလေး၊ သူတို့က လူဆိုးတွေ၊ သူတို့ကိုဝင်ခိုင်းလို့ဖြစ်ပါ့မလား”

“ဖြစ်ပါတယ်ဟဲ့၊ ဒင်းကိုငါသိပါတယ်၊ နင်ဖယ်စမ်း”

မိန်းကလေးအသံက ခပ်သြသြကြီးဗျ၊ သူပြောတော့ တံခါးက မိန်းကလေးလည်း ဖယ်ပေးလိုက်တာပေါ့ဗျာ၊ အဲဒီ ရေစိုထမီဝတ်ထားတဲ့ မိန်းကလေးအနောက်ကနေ ကျုပ်တို့ကုပ်ချောင်းကုပ်ချောင်းနဲ့လိုက်သွားတာပေါ့၊ ဟိုမိန်းကလေးကတော့ ကျုပ်တို့ကိုမကျေနပ်လို့ ဘုကြည့်ကြည့်နေတယ်ဗျ၊

အိမ်ခန်းထဲမှာတော့ ဘုရားစင်လိုစင်ကြီးတစ်ခုရှိတယ်၊ ဒါပေမယ့် စင်ပေါ်မှာတော့ ဘုရားဆင်းတုမရှိဘူးဗျ၊ မိန်းမကြီးတစ်ယောက်ပုံစံ ရုပ်တုကိုတင်ထားတာ၊ ပြီးတော့ အနက်ရောင်အစတွေ၊ အဝါရောင်အစတွေ၊ အနီရောင်အစတွေနဲ့ ရှုပ်ရှက်ခပ်နေတာပဲဗျာ၊ ခုနကအရုပ်အရှေ့မှာတော့ တောင်ဝှေးတစ်ချောင်းကို အလျားလိုက်တင်ထားတယ်ဗျ။

ခုနက စင်အရှေ့မှာ စားပွဲအသေးလေးတစ်လုံးချထားတယ်၊ ရေစိုထမီနဲ့မိန်းကလေးက စားပွဲခုံပေါ်တက်ပြီးတော့ ဆောင့်ကြောင့်ကြီးထိုင်လိုက်ပါရောဗျာ။

“ကဲ သာဒင် နင်ဘာထူးလို့ တို့ဆီရောက်လာတာလဲ”

“ထူးတာကတော့ ဟောဒီကလေးပါ၊ ဟောဒီကလေးက မွေးရာပါ မောက်လုံးကလေးဖြစ်နေပါတယ် မိမိုးကြီး၊ သူ့ကိုတစ်ချက်လောက်စစ်ဆေးပေးပါ”

“အေး အရှေ့နားတိုး”

ဦးဘသာက ကြောက်လန့်နေတဲ့ငညိုကို အရှေ့တိုးခိုင်းလိုက်တယ်၊ အဲဒီမိန်းကလေးက ငညိုရဲ့ငယ်ထိပ်ပေါ်ကို လက်ဝါးနှစ်ဖက်ဖြန့်ပြီးတင်တယ်ဗျ၊ ပြီးတော့ လက်ဝါးကို မှောက်လိုက်၊ လှန်လိုက် လုပ်နေပါရော။

“ဟဲ့သာဒင် ဒီကလေးမှာ ဘာပညာစက်မှ မရှိပါဘူးဟဲ့”

“ဟာ၊ မဟုတ်တာပဲ မိမိုးကြီးရာ သေသေချာချာစစ်ဆေးကြည့်စမ်းပါ”

“အလိုတော်၊ ငါ့နာမည် မိမိုးကြီးပါဟဲ့၊ မှော်ပညာအရာမှာ ဝိဇ္ဖာပေါက်ပြီး ဆရာနေရာရောက်နေတဲ့ အောက်ဝိဇ္ဇာပါ၊ ငါတပ်အပ်ပြောရဲတယ်၊ ဒီကလေးမယ် ဘာပညာ၊ ဘာစက်မှ မရှိဘူးဟဲ့”

ဦးဘသာက ခေါင်းကုပ်နေတယ်ဗျ။

“ကျုပ်ပညာစက်တွေကို ဖးဖိထားလို့များ မိမိုးကြီးမသိနိုင်တာလား”

“နင်က ငါ့ကိုတော်တော်အထင်သေးနေတာပဲ၊ နင်ငါ့အကြောင်း မသိဘူးလား”

“သိပါတယ် မိမိုးကြီး၊ ဒါပေမယ့် ဒီကလေးမှာ ပညာစက်မရှိဘူးဆိုတာတော့ အတော်ထူးခြားနေတယ်၊ ကျုပ်သူ့ကို စမ်းသပ်တုန်းက သူ့မှာအမောက်လံံုံးတစ်ခုရှိတယ်၊ ပြီးတော့ လေတွေ၊ ရေတွေကိုလည်း ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့တယ်”

အဲဒီမိန်းကလေးက မျက်လုံးကိုစူးစူးစိုက်စိုက်မှိတ်ထားတယ်ဗျ။ မျက်လုံုံးဘေးနားမှာတောင် အစင်းကြောင်းတွေပေါ်လို့ဗျာ။

“ဆက်ပြောစမ်း၊ ငါစိတ်ဝင်စားလာပြီ”

ဦးဘသာကလည်း ခေါင်းညိတ်ရင်း

“ပညာသည်တွေထဲမှာ ရေတို့၊ လေတို့ကို ထိန်းချုပ်နိုင်တယ်ဆိုတာ နှယ်နှယ်ရရအစွမ်းမှမဟုတ်ဘဲ မိမိုးကြီးရဲ့၊ ဝမ်းတွင်းပါတဲ့ ပညာသည်တွေတောင်မှ သဘာဝဓါတ်ကြီးလေးပါးကိုထိန်းချုပ်ဖို့က အတော်ကြာအောင် လေ့လာလိုက်စားနိုင်မှမဟုတ်လား၊ အခု ဒီကလေးကတော့ ဝမ်းတွင်းပါတဲ့ကလေးဗျ၊ လေကိုထိန်းချုပ်လိုက်တာလည်း ထူးဆန်းတာမပြောပါနဲ့၊ ဆိုင်ကြီးတစ်ခုလံုံးကို လေပေါ်အစိတ်စိတ်အမွှာမွှာဖြစ်ပြီး မြောက်တက်သွားအောင် လုပ်နိုင်သဗျ၊ သူလုပ်လိုက်လို့ ပျက်စီးသွားတဲ့အရာတွေကို ကျုပ်တောင်မှ မနည်းပြန်လိုက်ဆယ်ပြီးတော့ နဂိုအတိုင်းဖြစ်အောင်ထားရတယ်”

“ဒီကလေး ပညာမသေးဘူးပဲ၊ မှန်းစမ်း၊ ငါတို့စမ်းနေတာသိလို့ တင်းခံနေတာများလား”

မိန်းကလေးက မျက်လံုံးတွေပြန်ဖွင့်လိုက်တယ်ဗျ၊ ပြီးတော့ ခုနက အိမ်တံခါးကို နောက်ပြန်ထိုင်နေတဲ့ မိန်းကလေးကိုကြည့်ပြီးတော့

“ဟဲ့ ငါ့ကိုပုဝါပေးစမ်း”

အဲဒီမိန်းကလေးက ပြာပြာသလဲနဲ့ ဘုရားကျောင်းဆောင်လို စင်ကလေးဆီပြေးပြီးတော့ အနီရောင်၊ အနက်ရောင်၊ အဝါရောင်အစတွေကို သိမ်းကြံုံးပြီး ဆွဲယူလိုက်တယ်ဗျ၊ ပြီးတော့ မိမိုးကြီးဝင်ပူးတဲ့ မိန်းကလေးကိုပေးလိုက်ပါရော၊ မိန်းကလေးက ပုဝါစတွေကိုလှမ်းယူပြီးတော့ သူ့ကိုယ်လံုံးမှာ တစ်ပတ်ပတ်တယ်၊ ဘယ်ပုခံံုံးကနေ ဘေးစောင်းတင်ပြီးတော့ ချိုင်းအောက်ကနေထွက်ပြီး ဘယ်ပုခုံးကိုပဲ ပုဝါကိုပြန်တင်ပြီး အနောက်ကိုအစပြန်ချတယ်ဗျ၊ အဲဒီလိုလုပ်တာကို ထုံရစ်တယ်လို့ ခေါ်တယ်တဲ့ဗျာ၊ ဒါက ဦးဘသာက နောက်မှပြောပြတာပါ။

“တောင်ဝှေးပေးစမ်း”

ခုနက မိန်းကလေးက စင်ပေါ်မှာတင်ထားတဲ့ တောင်ဝှေးကိုလှမ်းပေးလိုက်တယ်ဗျ။ မိမိုးကြီးက တောင်ဝှေးကိုလှမ်းယူလိုက်တယ်၊ တောင်ဝှေးက သိပ်မရှည်ပါဘူးဗျာ၊ တစ်လံလောက်ပဲရှိပရတယ်၊ ကျပ်ပြားလုံးလောက်ရှိတဲ့ သစ်သားနဲ့လုပ်ထားတဲ့ တောင်ဝှေးပါ။ တောင်ဝှေးကိုလှမ်းယူပြီးတော့ ငညိုရဲ့ခေါင်းကို တောင်ဝှေးနဲ့ခေါက်ရင်း “အိပ်စမ်း” လို့ပြောလိုက်တာနဲ့ ငညိုတစ်ယောက် တုံးခနဲလဲကျသွားတာပဲဗျာ၊ ငညိုကို သူ့ခြေထောက်အနားကို ခေါင်းထားပြီးအိပ်စေရင်း သူကတော့ စားပွဲခုံပေါ် ဆောင့်ကြောင့်ထိုင်ပြီးတော့ ငညိုရဲ့ရင်ဘတ်ကို တောင်ဝှေးစတစ်ဖက်နဲ့ လှမ်းထောက်ထားလိုက်တယ်။

ပြီးတော့ မန္တန်တွေကို ရွတ်တော့တာပဲဗျာ၊ အသံနေအသံထား အဖြတ်အတောက်မှန်မှန်နဲ့ကို ရွတ်တာဗျ၊ ရွတ်နေရင်းနဲ့ အသံံက အံကြိတ်ထားသလိုမျိုး တင်းတင်းကြီးဖြစ်လာတယ်။

“သာဒင်၊ နင်တော့ ပြဿနာရှာလာပြီ၊ နင်တော့ပြဿနာကို တို့ရွာကိုသယ်လာခဲ့ပြီဟဲ့”

ပြောရင်းနဲ့ မိမိုးကြီးဆံပင်တွေက လေတိုက်သလို တဝူးဝူးဖြစ်လာတယ်၊ အစကတော့ ဖြည်းဖြည်းပဲဗျ၊ နောက်တော့ ဆံပင်တွေအကုန်လံံုံး လေတွေလှန်ပြီးတော့ လွင့်နေတာပဲဗျာ၊ မျက်နှာကြီးကလည်း မဲ့လို့ဗျ၊ ဒီအချိန် တောင်ဝှေးထိပ်နားက အဖြူရောင်အလင်းတန်းတွေထွက်လာတယ်၊ အဖြူရောင်အလင်းတွေက နေရောင်ခြည်လို အတော်စူးစူးဗျ၊ ဘေးကကြည့်နေတဲ့ကျုပ်တို့အကုန်လုံး ကိုယ့်မျက်လံံုံးကိုယ် ပိတ်ထားလိုက်ရတယ်၊ ပြီးတာနဲ့ ငညိုကလေးက ရွှီးခနဲအသံအကျယ်ကြီးမြည်ပြီးတော့ မိုးပေါ်ကိုထောင်တက်သွားတာပဲဗျာ၊ အိမ်ခေါင်မိုးကြီးဆိုရင် ဝုန်းခနဲပွင့်ပြီးတော့ အပေါက်ကြီးအကြီးကြီး ကျန်နေခဲ့တယ်၊ ခုံပေါ်မှာ ဆောင့်ကြောင့်ထိုင်နေတဲ့ မိမိုးကြီးလည်း အနောက်ကိုပက်လက်လန်ပြီးတော့ ခြေလွတ်လက်လွှတ်လဲကျပါရောလား။

“မမလေး၊ မမလေး”

ဟိုမိန်းကလေးက ပြေးဆွဲပြီးထူတယ်ဗျ၊ မိမိုးကြီးဝင်ပူးတဲ့မိန်းကလေးက အတော်မောနေပံုံရတယ်၊ သူ့ရင်ဘတ်က ဖားဖိုကြီးလို ပိန်လိုက်ဖောင်းလိုက်နဲ့ အသက်ကိုမနည်းလုပြီးရှူနေရတယ်ဗျာ။

“တောင်ဝှေး . . . တောင်ဝှေး . . . ပါသွားပြီ”

ဟုတ်ပါ့ဗျာ၊ ကျုပ်တို့ကြည့်လိုက်တဲ့အချိန် ခုနက တောင်ဝှေးကြီးလုံးဝမရှိတော့ဘူးဗျ။ သူပြောပံုံအရဆိုရင် တောင်ဝှေးကို ငညိုက ဆွဲယူသွားတဲ့ပုံပဲ။ ကျုုပ်လည်း ဘာတွေဖြစ်နေမှန်းကို နားမလည်တော့ပါဘူးဗျာ၊ မိမိုးကြီးပူးတဲ့မိန်းကလေးက မျက်လုံးတွေကိုပြန်မှိတ်ပြီး အာရုံစူးစိုက်တယ်ဗျာ၊ ဒါပေမယ့် သူဘာမှလုပ်မရဘူးဖြစ်နေတယ်၊ ပြီးတော့ မျက်ရည်တွေကျလာတယ်။ ဦးဘသာဆို တော်တော်ထိတ်လန့်နေတာ။

“နင့်ပညာတွေကွယ်သွားပြီ၊ နင့်ကို မိမိုးကြီးမစီးမကပ်တော့ဘူးမဟုတ်လား”

ဒီမိန်းကလေးက ခေါင်းညိတ်တယ်ဗျ။

“ဘာတွေဖြစ်နေတာလဲ၊ ဒီကိစ္စကို မိမိုးကြီးသိသလို နင်လည်းတစ်ခုခုတော့ သိမယ်ထင်တာပဲ ကလေးမ၊ ပြောစမ်းပါ”

အဲဒီမိန်းကလေးက အားယူပြီး ထိုင်ရင်း

“မိမိုးကြီးက ဒီလိုအဖြစ်မျိုးကို သတိပေးနေတာကြာပြီ”

(၅)

“ဘာကိုသတိပေးနေတာလဲ ကလေးမ”

“သာဒင်ဆိုတဲ့လူတစ်ယောက် ရွာကိုလာလိမ့်မယ်၊ ဘယ်လ၊ ဘယ်အပတ်မှာလာမယ်လို့ အတတ်ဟောထားတယ်၊ အဲဒီလူလာရင် ရွာမှာပြဿနာကြီးဖြစ်မယ်တဲ့၊ ဒါကြောင့် ရွာက ကာလသားခေါင်း ကိုဖိုးကွန့်တို့ကို ပြောဆိုပြီး သာဒင်ဆိုတဲ့လူရွာကိုလာရင် ရွာထဲကိုမသွင်းဖို့ ကြိုတင်မှာထားပြီးသား”

ကျုပ်လည်း ခေါင်းညိတ်လိုက်ရင်း

“ဒါကြောင့်ကိုး၊ ဒါကြောင့် ရွာထိပ်မှာ ကာလသားတွေက လူတွေကိုရှာဖွေနေတာကိုး”

“ဒါဆို မိမိုးကြီးက တစ်ခုခုကိုကြိုသိနေလို့ပဲကွ၊ သူက ဘာကိုကြိုသိနေတာလဲ”

ဦးဘသာလည်း ပဟေဠိဖြစ်သွားတယ်ထင်တယ်။

“ဘေးဆိုးကြီးတစ်ခုတဲ့၊ အထူးသဖြင့် ဒီရွာမှာရှိတဲ့ စုန်းတွေ၊ ကဝေတွေအတွက် အလွန်ကြီးမားတဲ့ ဘေးဆိုးကြီးတစ်ခုတဲ့”

ကျုုပ်လည်း သိချင်တာနဲ့

“ဘာဘေးလဲဗျ”

မိန်းကလေးက ခေါင်းခါရင်း

“ဒါကတော့ မိမိုးကြီးပဲသိမှာ”

“နေပါအုံးဗျ၊ အဲဒီမိမိုးကြီးဆိုတာ ဘယ်သူလဲ”

ဦးဘသာက ကျုပ်ဘက်ကိုလှည့်ကြည့်ပြီး

“အထက်လမ်းပညာရပ်တွေကို တစ်ဖက်ကမ်းခတ်တတ်မြောက်သွားတဲ့လူကို အထက်ဝိဇ္ဇာလို့ခေါ်တယ်ကွ၊ ဒီလိုပဲ အောက်လမ်းပညာရပ်တွေ စုန်းပညာရပ်တွေကို တစ်ဖက်ကမ်းခတ်တတ်မြောက်သွားတဲ့လူကို အောက်ဝိဇ္ဇာလို့ခေါ်ကြတယ်၊ မိမိုးကြီးက အရင်ကတည်းက ကဝေမြောက်တစ်ဦးပဲကွ၊ ဒါပေမယ့် သူက ကဝေပညာကို မကောင်းတဲ့နေရာမှာ အသုံးမချဘဲနဲ့၊ မင်းကိုမနက်ကပြောခဲ့တဲ့ အနန္တမနောကိုထိုးဖောက်သိမြင်ပြီးတော့ အကြားအမြင်ဟောပေးနေခဲ့တာပဲ”

“သြော်၊ ဒီလိုကိုး”

“သူသေသွားသေမယ့် သူရဲ့နာမ်က မသေခဲ့ဘူး၊ ဘိုးတော်တွေ ထွက်ရပ်ပေါက်သလိုမျိုး၊ သူကလည်း ထွက်ရပ်ပေါက်သွားခဲ့တယ်၊ အခုတော့ သူက အနန္တမနောအတွင်းမှာ နာမ်ခန္ဓာနဲ့အသက်ရှင်ရင်း နေထိုင်တယ်၊ ဘိုးတော်တွေ ဓါတ်စီးသလိုမျိုး ဟောဒီက ကလေးမကို ဓါတ်စီးပြီးတော့ အကြားအမြင်တွေ ဆက်ဟောပေးနေတာပဲ”

“ကျုပ်နားလည်ပြီ၊ ဒါနဲ့ ဦးဘသာက ငညိုကို ဒီကိုခေါ်လာတယ်ဆိုတာကရောဗျာ”

“ခုနက ငါပြောခဲ့တယ်မဟုတ်လား၊ ငညိုက မွေးရာပါထူးခြားတဲ့သူပဲ၊ ဒါကြောင့်မို့လို့ သူ့ကိုငါ့ပညာချည်းသက်သက်နဲ့ ပညာဖျက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ နွားသန်ညိုးရင် တိုးတတ်တယ် ဆိုတဲ့စကားအတိုင်း ပညာကြမ်းတဲ့ ငညိုကို ငါက အကိုင်အတွယ်မတော်ခဲ့ရင် ငညိုရော၊ ငါရော တစ်ခုခုဖြစ်တတ်တယ်၊ အခန့်မသင့်ရင် နှစ်ယောက်စလုံးသေရင်သေ၊ မဟုတ်ရင် တစ်ယောက်သေတတ်တယ်ကွ၊ ဒါကြောင့်မို့လို့ မိမိုးကြီးဆီကိုလာခဲ့တာ”

“ဒါဆိုရင် မိမိုးကြီးတစ်ယောက်ပဲ သူ့ကိုလုပ်ပေးနိုင်တဲ့သဘောလား”

“အေးပေါ့၊ ခုနက တောင်ဝှေးကို “ကဝေမှုတ်ပြောင်း” လို့ခေါ်ကြတယ်၊ အတတ်ပညာတွေအားလုံးကို ဒီတောင်ဝှေးနဲ့သပ်ချလိုက်ပြီး ဖြိုဖျက်ဆီးရတယ်”

“ဒါဆို အခုဘာဆက်ဖြစ်မှာလဲ၊ ငညိုကရော ဘယ်ရောက်သွားတာလဲ”

ဦးဘသာ ပြန်မဖြေနိုင်တော့ဘူးဗျ၊ ပြီးတော့ မိမိုးကြီး ဝင်စီးတတ်တဲ့  မိန်းကလေးကိုလှည့်ကြည့်လိုက်တယ်။

“မိမိုးကြီးအဆိုအရဆိုရင်တော့ တော်တော်ဆိုးရွားတဲ့အဖြစ်တစ်ခုဖြစ်တော့မှာမို့လို့ပဲ”

“ဒါနဲ့စကားမစပ်၊ ကျွန်မနာမည်က ယဉ်မြိုင်ပါ၊ ဟိုကတော့ ကျွန်မရဲ့တပည့် စုလှိုင်လို့ခေါ်ပါတယ်”

ဦးဘသာက ခေါင်းညိတ်လိုက်ရင်း

“ဗွေခုံလောက်ဆိုင် ယဉ်မြိုင်ဆိုတာမှတ်တယ်”

မိမိုးကြိး ဝင်စီးတဲ့မိန်းကလေးက ယဉ်မြိုုင်တဲ့ဗျာ၊ ရုပ်ရည်ကလည်း ချောချောကလေးဗျ၊ ခုနက စုန်းလိပ်သွင်းထားတယ်ဆိုတဲ့ မိန်းကလေးကတော့ စုလှိုင်ပေါ့ဗျာ၊

“ဒါဆို ဘာဆက်ဖြစ်နိုင်မလဲ ဆရာကြီး”

ယဉ်မြိုင်ကမေးတယ်၊ ဦးဘသာလည်း ချက်ချင်းတော့မဖြေနိုင်သေးဘူးဗျ။ ခေါင်းကိုတွင်တွင်ခါရင်း

“တစ်ခုခုတော့ ထူးတော့မှာ အမှန်ပဲဟေ့”

ဒီလိုနဲ့ ကျုပ်တို့လည်း သူတို့အိမ်ကနေပြန်လာခဲ့တာပေါ့ဗျာ၊ နေ့လည်တောင်ရောက်နေပြီဆိုတော့ ဦးလူလှတို့အိမ်ကိုရောက်သွားတဲ့အခါ ထမင်းဝိုင်းက အသင့်စောင့်နေပြီဗျ။

“ကိုဘသာတို့၊ အချိန်ကိုက်ရောက်လာတာပဲ၊ လာဗျာ၊ စားကြရအောင်”

ထမင်းဝိုင်းမှာထိုင်နေတဲ့ ချိုတူးက ကျုပ်တို့ကိုလှမ်းကြည့်ပြီး

“ဒါနဲ့ ငညိုတစ်ယောက်ကောဗျ”

ကျုပ်ကတော့ မျက်နှာကွက်ခနဲပျက်သွားတယ်၊ ဦးဘသာကတော့ အေးအေးလူလူပါပဲ။

“အေးကွာ၊ ရွာထဲမှာကလေးတွေဆော့နေတာကိုတွေ့တော့ သူလည်းပါချင်တယ်ဆိုပြီးတော့ ရောဆော့နေလေရဲ့၊ သူဗိုက်ဆာတော့ ပြန်လာပါလိမ့်မယ်”

ကျုပ်တို့လည်း ထမင်းဝိုင်းမှာထိုင်လိုက်တယ်၊ ဟင်းကတော့ ကောင်းတယ်ဗျာ၊ ဝက်သားသုံးထပ်သားကို အာလူးနဲ့ဆိမ့်ဆိမ့်ကလေးချက်ထားတာဗျ၊ ပြီးတော့ မန်ကျည်းသီးအစိမ်းကို ငါးပိချက်ချက်ထားတယ်၊ တို့စရာကတော့ သခွားသီးစိတ်ကလေးတွေနဲ့ သီဟိုရ်ညွန့်လေးတွေပေါ့ဗျာ။ ဖရုံညွန့်၊ ဖရုံကင်းလေးတွေကို အရည်သောက်ကလေးချက်ထားတာလည်း ပါသေးသဗျ။ ရွှေမိကတော့ ဧည့်သည်တွေရှေ့မို့ထင်တယ် ထမင်းမစားဘဲ ဘေးကနေယပ်တောင်တစ်ချောင်းနဲ့ထိုင်ပြီးတော့ ယင်ကောင်တွေမောင်းနေတယ်ဗျ။

ကျုုပ်လည်း ဆာဆာနဲ့ ထမင်းကိုစားလိုက်တယ်၊ ဦးဘသာကြည့်ရတာ စိတ်နဲ့လူနဲ့ကပ်ပုံမရဘူးဗျာ၊ ထမင်းပန်းကန်ထဲ လက်နှိုက်ပြီးတော့ ငေးနေလေရဲ့၊ ဦးလူလှက ဒါကိုတွေ့တာနဲ့။

“ကိုဘသာ၊ စားလေဗျာ၊ ဘာတွေငေးနေတာလဲဗျ၊ ဝက်သားမစားလို့လား”

ဒီတော့မှ ဦးဘသာက သတိဝင်သွားပြီး

“စားပါတယ်၊ စားပါတယ်”

ှုဦးလူလှက ဝက်သားဟင်းပန်းကန်ထဲက ဝက်သားတုံးကြီးတစ်တုံးကို ဇွန်းနဲ့ခပ်လိုက်ပြီးတော့ ဦးဘသာပန်းကန်ထဲကိုလှမ်းထည့်တယ်ဗျ၊ ဒါပေမယ့် ဝက်သားတုံးက ဦးဘသာပန်းကန်အနားကိုရောက်တော့ လက်ကရပ်သွားတယ်ဗျ၊ ကျုုပ်လည်း ဘာဖြစ်တာလဲဆိုပြီးကြည့်နေတာပေါ့ဗျာ၊ ဟင်းတုံးထည့်ပေးတဲ့ ဦးလူလှရဲ့လက်က လေပေါ်မှာတန်းလန်းကြီးရပ်နေတယ်၊

“ဦးလူလှ၊ ထည့်လေဗျာ”

ကျုပ်ကတောင် မနေနိုင်လို့ပြောလိုက်တယ်၊ ဦးလူလှက ကျောက်ရပ်ကြီးတစ်ရုပ်လို ရပ်သွားတာပဲဗျာ၊ ဦးဘသာက လက်ကို လက်သုတ်ပုဝါနဲ့သုတ်ရင်း ချိုတူးဆီကိုမေးငေါ့ပြတယ်ဗျာ၊ ပါးစပ်ထဲကို ထမင်းလုပ်ထည့်နေတဲ့ချိုတူးလည်း ထမင်းလုပ်တန်းလန်းကြီးနဲ့ ရပ်နေတာပဲဗျာ။ ဒါနဲ့ ဘေးနားက ရွေမိကိုကြည့်လိုက်တော့ ရွှေမိလည်း မျက်လုံးကြီးပြူးလို့ ယပ်တောင်ကြီးကိုင်ရင်း ရပ်နေတာပဲ။

“ဦး၊ ဦးဘသာ သူတို့ကိုဘာလုပ်လိုက်တာလဲ”

“ငါလုပ်တာမဟုတ်ဘူးကွ”

ဒီအချျိန်ရွာလမ်းပေါ်မှာ လူတွေရုံးစုရုံးစုနဲ့ ပြေးလာကြပါရောဗျာ၊ ကောင်းကင်ကြီးကလည်း ပုံမှန်ထက်ပိုပြီး လင်းလင်းထိန်ထိန်ကြီးဖြစ်နေသလိုပဲ၊ ဦးဘသာလည်း ထထွက်သွားတာနဲ့ ကျုပ်လည်း လက်ကိုကမန်းကတမ်းဆေးပြီးတော့ ဦးဘသာအနောက်ကိုလိုက်ခဲ့တော့တာပဲဗျာ၊ ရွာလယ်လမ်းမှာ သွားလာနေကြတဲ့လူတွေ၊ လုပ်ကိုင်နေကြတဲ့လူတွေလည်း အကုန်လုံးရပ်နေတယ်ဗျ၊ ဒါပေမယ့် မရပ်တဲ့လူတွေတော့ရှိတယ်။

“ဦးဘသာ၊ ဘာဖြစ်နေတာလဲဆိုတာ ကျုပ်ကိုပြောစမ်းပါ”

“တစ်ယောက်ယောက်က ရပ်ဝန်းတစ်ခုကိုဖန်တီးလိုက်ပြီအလတ်ကောင်”

“ဘာရပ်ဝန်းလဲ”

“စုန်းပညာတတ်တဲ့လူတွေပဲ သွားနိုင်လာနိုင်ပြီးတော့ ပညာမတတ်တဲ့လူတွေအကုန်လုံး အိပ်မောကျရပ်တန့်နေတဲ့ ရပ်ဝန်းတစ်ခုပေါ့ကွာ”

“ဗျာ၊ ဒါ . . . ဒါကို ဘယ်သူကလုပ်တာလဲဗျ”

ဦးဘသာက ခေါင်းခါရင်း

“ဒါကိုလုပ်တဲ့လူက နှယ်နှယ်ရရတော့မဟုတ်ဘူးကွ၊ ပုံမှန်အားဖြင့် ဒီလိုရပ်ဝန်းကို အိမ်ခန်းတစ်ခန်းစာ၊ တစ်အိမ်လုံးစာ၊ တစ်ခြံလုံးစာလောက်ပဲ လုပ်နိုင်ကြတာ၊ အခုတစ်ရွာလုံးကို လုပ်တယ်ဆိုတော့ ဒီလူကတော်တော်စွမ်းအားထက်တဲ့လူပဲဖြစ်ရမယ်”

ဒီအချိန်မှာပဲ အသံနက်ကြီးနဲ့ ရယ်မောတဲ့အသံကိုကြားလိုက်ရတယ်ဗျ၊ ရယ်သံက ကောင်းကင်ကနေလာတာ၊ ကျုပ်တို့ကြည့်နေတုန်း သစ်ပင်တစ်ပင်အမြင့်လောက်မှာ အဖြူရောင်အလင်းလုံးတစ်ခုပေါ်လာတယ်။

“ဟား၊ ဟား၊ ဟား နင်တို့တွေအကုန်လုံး ပြန်ပေးဆပ်ရလိမ့်မယ်”

ကျုပ်တို့နဲ့အတူတူပြေးလာတဲ့သူတွေက အယောက်ငါးဆယ် ခြောက်ဆယ်လောက်တော့ရှိသဗျ၊ ဦးဘသာပြောသလိုဆိုရင် ဒီလူတွေက စုန်းတွေ၊ ကဝေတွေများလား။ အလင်းလုံးကြီးက တဖြည်းဖြည်းနိမ့်ဆင်းလာရင်းနဲ့ လူတစ်ယောက်အသွင်ဖြစ်သွားတယ်။

“ဟာ၊ ငညို . . . ငညိုပါလား”

ကျုပ်ဖြင့်လန့်ပြီးအော်မိတယ်၊ မိုးပေါ်ပျံနေတာက ငညိုဗျ၊ လက်ထဲမှာလည်း ခုနက တောင်ဝှေးကြီးကိုင်လို့ဗျ။ ရွာခံစုန်းအဘိုးကြီးတစ်ယောက်က အရှေ့ကိုတက်သွားပြီးတော့

“ဟေ့ကောင်၊ မင်းဘယ်သူလဲ၊ မင်းဘာလို့ ဒီလိုလုပ်ရတာလဲ”

ငညိုက မျက်မှောင်ကြီးကြုုတ်ပြီးတော့

“အောင်မာ၊ ငါ့ကိုများ ဟေ့ကောင်လေး ဘာလေးနဲ့”

ငညိုက ပြောဆိုရင်း တောင်ဝှေးနဲ့လှမ်းညွှန်လိုက်တာနဲ့ ဒီအဘိုးကြီးက တုန်တုန်ယင်ယင်ဖြစ်လာပြီးတော့ ရှဲခနဲအငွေ့ဖြစ်ပြီး ပျောက်သွားတာပဲဗျာ၊ မျက်စိရှေ့တင်ကလေးဖြစ်သွားတာဗျ၊ ကျန်တဲ့စုန်းတွေထဲက အဘွားကြီးတစ်ယောက်က အရှေ့ကိုပြေးထွက်လာပြီးတော့

“အောင်မယ် နင့်ကိုနင်ဘာမှတ်နေသလဲ စုန်းပြူးလေးရဲ့”

အဘွားကြီးက သူ့ခေါင်းမှာစိုက်ထားတဲ့ နံ့သာဘီးကိုဖြုတ်ပြီးတော့ လှမ်းလွှတ်လိုက်တယ်ဗျ၊ ဘီးက လေထဲပျံသွားပြီးတော့ ငညိုကိုသွားထိတာပဲ၊ ဒါပေမယ့် ငညိုက ဘာမှမဖြစ်ဘူးဗျ၊ သူ့လက်တစ်ဖက်နဲ့ အဲဒီသစ်သားနံ့သာဘီးကို ဖမ်းယူလိုက်ပြီး လက်ဝါးထဲထည့်ညှစ်ပြီးတော့ တစ်စစီဖြစ်အောင် ချိုးချလိုက်တာပဲဗျာ၊ ပြီးတာနဲ့ အဘွားကြီးကို ဘီးအစအနတွေနဲ့ လှမ်းပစ်ထည့်လိုက်တော့တာပါပဲ။ အဘွားကြီးကလည်း မခေဘူးဗျ၊ ဘီးအစတွေအကုန်လုံးကို လက်နဲ့ပုတ်ချပြီးတားလိုက်တယ်၊ ဒီတော့ ငညိုက အဘွားကြီးကို တောင်ဝှေးနဲ့လှမ်းညွှန်လိုက်တော့ အဘွားကြီးကိုယ်လုံးက တဆတ်ဆတ်တုန်ယင်လာတယ်ဗျ။

“မလုပ်နဲ့၊ ရပ်လိုက်”

ဦးဘသာကြီးက အဘွားကြီးအရှေ့ကိုခုန်ဝင်လိုက်တယ်ဗျ၊ ဒီအချိန်မှာ ဝုန်းခနဲပေါက်ကွဲသံံကြီးနဲ့အတူ အဘွားကြီးလွင့်ထွက်သွားတယ်၊ ကျန်တဲ့စုန်းတွေက အဘွားကြီးကို ဝိုင်းပြီးဖမ်းထားပေးရတယ်၊ ဦးဘသာကတော့ တဆတ်ဆတ်တုန်နေတယ်ဗျ၊ ဒီတော့မှ ငညိုက တောင်ဝှေးကိုပြန်ချလိုက်တယ်။

“တော်ပါတော့အမေ၊ ဒီလိုတွေဆက်လုပ်မနေပါနဲ့”

ဦးဘသာက ငညိုကိုကြည့်ပြီးပြောတယ်၊ ငညိုက ဟက်ဟက်ပက်ပက်ရယ်မောရင်း

“သား၊ ဒီကိစ္စမှာ နင်ဝင်မပါနဲ့၊ နင်ဖယ်နေစမ်း”

“အမေ၊ ဒီလိုမလုပ်ပါနဲ့”

ငညိုက ဒေါသထွက်ထွက်နဲ့

“ဟဲ့သား၊ ဒီရွာကလူတွေ အမေတို့ကို ဘယ်လိုဆက်ဆံခဲ့တယ်ဆိုတာ နင်သိသလား၊ မိမိုးကြီးက အမေ့ကိုဘယ်လောက် နိုင်စားသလဲဆိုတာ နင်သိတယ်မဟုတ်လားဟဲ့”

“သိပါတယ်၊ အဲဒါတွေက အမေလုပ်ခဲ့တဲ့ ပြဿနာတွေပဲ”

“အောင်မယ်၊ ငါ့သားက အသက်ကလေး နည်းနည်းရလာတော့ ငါ့ကိုပြန်ပြီးအာခံနေပြီပေါ့”

ငညိုကပြောဆိုပြီးတော့ ဦးဘသာကိုလက်ညှိုးထိုးပြီး လက်ကိုဝှေ့ယမ်းထည့်လိုက်တော့ ဦးဘသာက လွင့်ထွက်သွားပြီးတော့ သစ်ပင်တစ်ပင်ရဲ့ခြေရင်းမှာ ခွေခွေကလေးကျသွားတယ်။ ငညိုက ရွာကစုန်းတွေကိုကြည့်ပြီးတော့

“ဟဲ့ စုန်းတွေ၊ နင်တို့ငါ့နာမည်ကိုမှတ်ထား၊ ငါ့နာမည် မယ်ပျင်းတဲ့၊ အခုနင်တို့ စုန်းသိုက်ကို အမြစ်ဖြတ်ပေးဖို့လာခဲ့တာဟဲ့”

နိဗ္ဗာန်ရွာက စုန်းတွေက ငညိုကိုကြည့်ပြီးတော့ အတော်အံ့သြနေကြတာဗျ။

“နင်တို့တစ်ချိန်က မိမိုးကြီးအစွမ်းကိုအသုံးချပြီးတော့ ငါ့ကိုအနိုင်ယူခဲ့တယ်၊ အခု ငါပြန်လာပြီ၊ နင်တို့အားကိုးတဲ့ မိမိုးကြီးလည်းမရှိတော့ဘူး၊ ပြီးတော့ မိမိုးကြီးကိုင်ဆောင်ခဲ့တဲ့ ကဝေမှုတ်ပြောင်းကိုလည်း ငါရထားပြီဟေ့၊ နင်တို့တွေအကုန်လုံးကို အမှုန့်ချေပစ်မဟဲ့”

ကျုပ်လည်း နားမရှင်းတော့ဘူးဗျာ။

“နေစမ်းပါအုံး ဒေါ်ပျင်းရ၊ ဒါဆို ငညိုကဘာလဲ၊ ငညိုက ဘာမှမတတ်ဘူးလား”

“ဟား၊ ဟား တော်တော်တုံးအတဲ့ကောင်လေးပဲ၊ အေးအေး၊ ငါကလည်း နင်ဒီလိုမျိုးတုံးအလို့ နင့်ကိုသိပ်ချစ်တာဟဲ့”

“ဗျာ၊ ကျုပ်ကဘာလုပ်လို့လဲ”

ဒီတော့ ဦးဘသာက ကုန်းထလာပြီးတော့

“ဒီလိုအလတ်ကောင်ရ၊ ငါထင်နေတာ အခုတော့တကယ်မှန်နေပြီ”

“ဘာကိုမှန်တာလဲဗျာ”

“ဒီကိစ္စတွေဟာ တကယ်မဟုတ်ဘူး၊ ငါနွားဝယ်ချင်စိတ်ဖြစ်လာအောင်လည်း ငါ့အမေလုပ်ခဲ့တာ၊ ငါတို့ပေတောရွာရောက်တယ်၊ လှည်းလမ်းခွရောက်အောင်ကိုလည်း ငါ့အမေပဲ ဆွဲခေါ်ခဲ့တာ၊ နောက်တော့ ငညိုနဲ့တွေ့အောင် အမေပဲစီမံခဲ့တာမဟုတ်လား”

“သိပ်ဟုတ်တာပေါ့၊ တကယ်တော့ ငညိုစိတ်ဆိုးလို့ ဆိုင်ကြီးလေပေါ်မြောက်တက်သွားတာမဟုတ်ဘူး၊ အဲဒါအကုန်လုံး ငါလုပ်နေတာ”

“ဟာဗျာ၊ ငညိုက မောက်လုံးဆို သူ့မှာလည်း အမောက်ကြီးရှိတာ ကျုပ်အမြင်ပဲမဟုတ်လား”

ဒီအချိန်မှာပဲ သစ်ပင်တစ်ပင်အနောက်ကနေ လူတစ်ယောက်ထွက်လာတယ်ဗျ၊ ဦးဘသာက အဲဒီလူကိုလှမ်းကြည့်ပြီး

“သြော်၊ တုတ်ကြီး၊ မင်းပါလား”

ဒီလူက တုတ်ကြီးဆိုတဲ့ လူဗျ၊ သဒိုး ဂေါရာစဉ်းအတုရောင်းတာ မကျေနပ်လို့ လာခဲ့တဲ့ အောက်လမ်းဆရာပေါ့။

“သူနဲ့က ဘာဆိုင်လို့လဲဗျ”

“မြိုုင်သာက ဆရာတုတ်ကြီးဆိုတာ ငါ့အမေရဲ့ တူဝမ်းကွဲတော်တယ်၊ ငါသိပြီ၊ ဒီဇာတ်လမ်းမှာ မင်းလည်းပါတယ်မဟုတ်လား တုတ်ကြီး”

တုတ်ကြီးက ရယ်တယ်ဗျ။

“အစစ်ပေါ့ဗျာ၊ ကျုပ်ဆီက ပုံရိပ်ယောင်သွင်သဲနဲ့ ပက်လိုက်တာကိုးဗျ၊ ဒီတော့ ငညိုရဲ့ခေါင်းမှာ မောက်လုံးကြီးတစ်ခု ပေါ်လာခဲ့တာပေါ့၊ ဒီတော့မှ ခင်ဗျားတို့က ဒီကလေးမှာ ပညာတွေရှိတယ်ဆိုတာ ပိုပြီးယုံကြည်သွားမယ်မဟုတ်လား”

ဦးဘသာကြီး စိတ်တိုသွားတယ်ဗျ။

“တုတ်ကြီး၊ မင်းက ဘာဖြစ်ချင်နေတာလဲ”

“ရှင်းရှင်းလေးပါ ဦးဘသာရာ၊ ကျုုပ်အဒေါ် ဒေါ်ပျင်း လူ့ဘဝကိုတစ်ဖန်ပြန်ပြီးတော့ ထုံကူးလို့ရအောင် ကျုပ်ကူညီမယ်၊ ကျုပ်တို့တူဝရီးနှစ်ယောက် ဒီနယ်တစ်ကြောက အောက်လမ်းလောက၊ စုန်းလောကကို ချုပ်ကိုင်မယ်ဗျာ၊ အရင်က နိဗ္ဗာန်ရွာက ခင်ဗျားအမေကို နှိပ်ကွပ်ဖူးထားတော့ သူကလက်တုံ့ပြန်ချင်တယ်၊ ဒီလောက်ပါပဲ”

“ဟေ့ကောင်တုတ်ကြီး၊ မင်းမှားနေပြီနော်၊ ငါက သူ့ရဲ့သား၊ သူ့အကြောင်းကို မင်းထက်သိတယ်ကွ၊ ငါ့အမေနဲ့ပေါင်းလို့ မင်းကောင်းဖို့ရှိမှာမဟုတ်ဘူးနော်”

“တော်စမ်းပါ ဦးဘသာရာ၊ ခင်ဗျားကိုပဲ ကျုုပ်ကအံ့သြနေတာဗျ၊ ခင်ဗျားမှာ ဒီလိုအမေလည်းရှိတယ်ဗျာ၊ ဒီလောက်အစွမ်းထက်တဲ့ပညာရပ်တွေလည်း ရှိရဲ့သားနဲ့ ဘာလို့ ဒီလောကကို မအုပ်စိုးချင်တာလဲဆိုတာကို ကျုပ်က အံ့သြနေတာ”

“မင်းနားမလည်ပါဘူး တုတ်ကြီးရာ”

ကျုပ်လည်း အတော်ထူးဆန်းသွားတာပေါ့။

“နေပါအုံး၊ ဒေါ်ပျင်းကြီးက ဦးဘသာဆီအစွမ်းတွေပေးပြီးသွားတော့ သေသွားပြီမဟုတ်ဘူးလား”

ငညိုက ဒေါ်ပျင်းအသံနဲ့ ရယ်တယ်ဗျ။

“မသေပါဘူး၊ ငါ့ဆီမှာ မင်းရှိနေတယ်လေ”

“ဘယ်လိုဗျ”

“ဟုတ်တယ်၊ ငါက မင်းကိုယ်ထဲမှာ နေနေတယ်၊ ဒါကြောင့် ဒီခရီးစဉ်မှာ မင်းမပါရင် ငါ့ရဲ့အစီအစဉ်တွေအကုန်လုံး အောင်မြင်မှာမဟုတ်ဘူး”

“ဒါဆို ဦးဘသာပြောသလိုမျိုး မနောကိုစေခိုင်းပြီး ပြောခိုင်းလိုက်တာများလား၊ ကျုပ်တို့ရဲ့မနောကို ထွင်းဖောက်ပြီးတော့ စေခိုင်းတာမျိုးလား”

“သိပ်မှန်တာပေါ့၊ မိမိုးကြီးပဲ အနန္တမနောကို ထွင်းဖောက်နိုင်တာမဟုတ်ဘူး၊ ငါလည်း အဲဒီနယ်ပယ်ကို ထိုးဖောက်သွားနိုင်တယ်ဆိုတာ မင်းတို့မသိလို့ပါ”

တုတ်ကြီးက ငညိုကိုမော့ကြည့်ပြီးတော့

“ဒေါ်ပျင်းရာ ပြောနေကြာပါတယ်၊ အရင်ဆုံး နိဗ္ဗာန်ရွာကစုန်းသိုက်ကို အရင်ရှင်းမယ်၊ ပြီးရင် လှည်းလမ်းခွ၊ ပေတော၊ မြိုင်သာ . . . အိုဗျာ၊ ရှိရှိသမျှ စုန်းတွေအားလုံးကိုရှင်းမယ်၊ စုန်းဆိုရင် ကျုပ်တို့တူဝရီးပဲ လောကမှာကျန်နေရမယ်၊ စုန်းပညာတတ်ချင်ရင် ကျုပ်တို့ဂိုဏ်းမှာပဲ လာပြီးသင်ရစေမယ်ဗျာ”

ငညိုက နိဗ္ဗာန်ရွာက စုန်းတွေကိုကြည့်ရင်း မထေ့တထေ့ပြုံးတယ်ဗျ။

“ကောင်တွေ၊ ကောင်မတွေ၊ နင်တို့အားလုံး ပြာဖြစ်ပြီသာမှတ်တော့ဟဲ့၊ ဟား၊ ဟား၊ ဟား”

ပြီးပါပြီး

ရွင်လန်းချမ်းမြေ့ကြပါစေ