နှင်းဆီမွေ့ယာ

” နှင်းဆီမွေ့ယာ “(စ-ဆုံး)

__________________

ခင်နှင်းယု

 

“ညီညီဟာ လူ့ဘဝကို အမှောင်နဲ့စခဲ့တာပဲ ဆရာမ”

 

ညီညီ၏ဖခင်သည် ဆရာမ ပထမဆုံးရောက်သည့်နေ့က ညီညီ့အကြောင်းကို ဤစကားနှင့်စခဲ့လေသည်။

 

“သူ့ကိုတွေ့တဲ့အခါ ညီညီဟာ ဘယ်လိုလူကလေး လည်းဆိုတာ ဆရာမသိပါလိမ့်မယ်။ ကျွန်တော့် သားကလေးအပေါ်မှာ ဆရာမဟာ နားလည်နိုင်ပါစေ သည်းခံနိုင်ပါစေလို့ ဆုတောင်းပါတယ်ဆရာမ”

 

“ကျွန်တော့်ခြံဝင်းမှာတော့ ဆရာမပျော်ပါလိမ့်မယ်။ ခြံနောက်မှာလည်း စမ်းချောင်းတခု စီးနေပါတယ်။ ကျွန်တော့် ခြံဝင်းကိုလည်း လာကြည့်ပါဦး။ သိပ်မဆိုးပါဘူး။ ဟောဒီ ပြတင်းကကြည့်ပါ။ကဲ…ညီညီကို သွားခေါ်အုံးမယ်”

 

ညီညီ့ဖေဖေသည် အခန်းထဲမှထွက်သွားသည်။ ဆရာမသည် သူညွှန်ပြခဲ့သော ပြတင်းမှခြံဝင်းကို လှမ်း၍ကြည့်၏။ မိုးဦးဖြစ်၍ မြက်ခင်းများလည်း စိမ်းလန်းစပြုလာကြသည်။ အိမ်နောက်ဖက်တွင်

တောအုပ်ညိုညိုလေးသည် စမ်းချောင်း၏တဖက်တွင်ရှိ၏။ အိမ်ရှေ့တွင် မျှော်မဆုံးသော လယ်ကွင်းကြီးမှာ မိုးကုပ်စက်ဝိုင်းသို့ ထိလုနီးဖြစ်နေတော့သည်။

 

ဆရာမသည် ကြည့်ရင်း ညီညိီ့အကြောင်းကို တွေးမိ၏။တော၏သဘာဝကို နှစ်သက်သည့်အတွက် ညီညီအားစာပြရန် အလုပ်ကို လက်ခံမိသည်။ သို့သော် ညီညီသည် ဘယ်လိုကလေးဆိုသည်ကို

ဆရာမသည်မသိပေ။

 

လယ်ကွင်းကို ဖြတ်၍လာသော မိုးဦးလေသည် ရနံ့တခုကို ဆောင်ယူခဲ့၏။ ဆရာမသည် လေကိုရှူရှိုက်ရင်း သူ့ရင်ထဲတွင် သံသယများကင်းရှင်းသွားသလို လန်းဆတ်လာ၏။ လေသည်အေး၍

လတ်ဆတ်၏။ မွှေး၏။

 

လေထဲတွင် စကားဝါပန်းရနံ့များပါလာပေသည်။

ခြံအရှေ့ဘက်ထောင့်ရှိ မြက်ခင်းပြင်ပေါ်တွင်ရွှေပွင့်လေးများ ကြွေနေကြသည်။အပင်ထက်တွင် စကားပွင့်များသည် ရွှေဝတ်လွှာများကိုခြုံ၍နေကြ၏။

 

လေတိုက်လိုက်တိုင်း ပိုးဝါကောင်လေးများ ပျံ့၍လာကြသလို ပွင့်ဖတ်ဝါများသည် မြက်ခင်းပေါ်သို့ ခုန်ဆင်းကြ၏။ ပင်ခြေတွင် မြက်ခင်းကစိမ်း၍ ပန်းပွင့်ကားဝါနေသည်။ အစိမ်းတွင် အဝါဖောက်ထားသော မြေကော်ဇောကို နှစ်သက်မိ၏။ တကယ်ဆိုတော့ ဤအိမ်ဝင်းသည် သာယာလှပသောရှုခင်းတခုဖြစ်၏။

 

. “ဆရာမရေ…ဟောဒါ ကျွန်တော့်သားညီညီ”

 

ဆရာမသည် အခန်းတွင်းသို့ လှည့်လိုက်၏။ ဆရာမဆီသို့ ဖေဖေက ညီညီကိုဆွဲခေါ်လာ၏။ ညီညီသည် ဘာကိုကြည့်နေပါလိမ့်။ဘာကိုမျှ ကြည့်ပုံမပေါ် သူ့မျက်လုံးများသည် ဘာအဓိပ္ပာယ်ကိုမှမပေါ်ပေ။

 

ဆရာမသည် ညီညီ လက်ကိုလှမ်း၍ ဆုပ်သောအခါ ညီညီသည် ငြိမ်၍နေ၏။

 

“ဒါဟာ…သားရဲ့ ဆရာမပဲ။ သားဟာ နောင်ကိုမပျင်း

တော့ဘူး”

 

ညီညီသည် ဖြည်းဖြည်းပြုံး၏။ ဆရာမရင်ထဲတွင် တင်းကြပ်ကြပ်နှင့် မောသလိုဖြစ်နေ၏။ ။

 

“ဆရာမ ခြံဝင်းကို သဘောကျပြီမဟုတ်လား”

 

အမှန်တော့ ညီညီသည် ဒီအလှတွေကို ဘာမှမမြင်ပါဘူး။ဆရာမသည် သူ့တပည့်ဖြစ်ရမည့် ညီညိီ့အကြောင်းကို သိ၍လာသည်။ ညီညီသည် ဆရာမဘက်တိုးလာရင်း ဆရာမလက်ကို သူ့ပါးနှင့်ပွတ်၏။

 

“ကျွန်တော့် ဆရာမလက်ဟာ သိပ်နုတာဘဲနော် ”

 

ဆရာမသည် ဝမ်းသာသွား၏။ ညီညီသည် အတွေ့တွင် အတော်ကျွမ်းကျင်၏။

 

“ကျွန်တော် မျက်စိမမြင်ဘူး ဆရာမရဲ့၊ ဘယ်တုန်းက စမမြင်တာလဲမသိဘူး။ ကျွန်တော်တို့အခန်းကို သွားရအောင်”

 

ဆရာမသည် ညီညီက ယခုလို သူ့ဘဝကို ဖွင့်ထုတ်ပြောလိုက်သောအခါ ပို၍ဆွေးသွား၏။

 

“ကဲ… ဆရာမလဲ အပန်းဖြေရအောင် ညီညိီအခန်းထဲ

သွားမယ်။ ညီညီနဲ့ တခန်းထဲပဲ ဆရာမဖို့ ပြင်ထားတယ်”

 

ညီညီ့ အဖေကပြော၏။

 

ဆရာမသည် ဘာကိုမျှ ပြန်မပြောနိုင်။ ညီညိီ့အခန်းထဲ ရောက်သည့်အထိ ရင်ထဲမှာဆို့နေသည်။ ညီညီ ဖေဖေထွက်သွားချိန်တွင် အခန်းလေးမှာ တိတ်၍ကျန်ရစ်သည်။ ညီညီသည် ကုလား

ထိုင်ပေါ်တွင် ထိုင်ရင်းမျက်နှာကပြုံးနေသည်။

 

“ဆရာမက ကျွန်တော်နဲ့နေရင် ပျော်မှာလား”

 

“ပျော်မှာပေါ့။ ညီညီပျော်ဖို့အတွက် ဆရာမလာခဲ့တာပဲ”

 

“ညီညီနဲ့နေရင် ပျော်မယ်”

 

သူသည် ခဏငေးရင်း…

 

“မဟုတ်ပါဘူး။ ကိုကိုနဲ့ညီလေး၊ ညီမလေးတွေကတော့ ညီညီနဲ့နေရတာ မပျော်ဘူးတဲ့ သူတို့အားလုံး စမ်းချောင်းဘက်ကို ကစားရအောင်သွားတယ် ညီညီနဲ့ ဘယ်သူမှမကစားကြဘူး။ ညီညီ

ကလည်း ဘာကိုကစားရမှန်း မသိပါဘူး”

 

“ညီညီ့ မေမေကော”

 

“မေမေ နေမကောင်းလို့ အိပ်နေတယ်။ ညနေကျရင်

ဆရာမနဲ့တွေ့ရမှာပေါ့”

 

ဆရာမသည် ညီညီဘေးတွင်ထိုင်ရင်း စိတ်မောမိ၏။ ညီညီမျက်နှာသည် ချစ်စရာကောင်းပေမယ့် မျက်လုံးများသည် အရောင် ကင်းမဲ့နေ၍ မျက်နှာသည် တန်ခိုးမရှိပေ။ မျက်မမြင်စာကိုလည်း

ဆရာမကမတတ်၊ ဤကလေးကို ဘယ်လိုလုပ်၍ စာသင်ရပါ့။ ဘယ်လိုပင်ဖြစ်စေ တယောက်တည်း ခြောက်သွေ့နေရှာသော ကလေးငယ်

အဖော်ဖြစ်ရသည်ကို သူဝမ်းမြောက်၏။ ညီညီသည် သူ့ကြောင့် ပျော်ရွှင်လာပေပြီ။

 

ညဉ့်ဦးတွင် ညီညီ့မေမေနှင့်တွေ့ပြီး ဆရာမသည် အိပ်ရာကို အစောကြီးဝင်၏။ သူသည် အိပ်မရ၊ ညီညီကုတင်ကို ထလာသည်။ညီညီသည် မအိပ်သေးပေ။ ပါးစပ်မှ သီချင်းကိုညည်းနေ၏။ သူ့သီချင်း

သံလေးမှာ အေးလှသည်။

 

“မောင်လေးရေ ထပါတော့၊ ရောင်နီလာလှပေါ့”

 

“ညီညီသီချင်းဆိုတာ သိပ်ကောင်းတာပဲ”

 

ဆရာမသည် သူ့ဘေးတွင် ဝင်ထိုင်၍ လက်ကလေးများကို ဆုပ်ပေးသည်။ ညီညီသည် ပြုံးနေ၏။

 

“သီချင်းတွေက အများကြီးရပါတယ်။ ဒါပေမယ့် ဘာကိုမှန်းလည်းမသိဘူး”

 

“ဘာကိုလည်း ညီညီ”

 

“အကုန်လုံးကို ပြောတာပေါ့။ ရောင်နီလာလှပေါ့ဆိုတာ ဘာလဲဆရာမ ကိုကိုကပြောတော့ မိုးလင်းခါနီးရင်ကောင်းကင်က နီလာတယ်တဲ့။ ကောင်းကင်ဆိုတာဘာလဲ နီတာဆိုတာ ဘာလဲဟင်”

 

“ဘုရား…ဘုရား” ဆရာမသည် ရင်ထဲမှဘုရားတမိ၏။ထိုကြောင့် ညီညီ့ဖေဖေက သူ့သားသည် အမှောင်နှင့် ဘဝကိုစခဲ့သည်ဟု ဆိုခြင်းပေပဲ။

 

“ညီညီ အခုအသက်ဘယ်လောက်လဲ”

 

“၁၂-နှစ်လို့ ဖေဖေကပြောတယ်။ ညီညီဖြင့် ဘာကိုမှ

မမြင်ဘူး၊ မိုးလင်းတယ်ဆိုတာကော ဘာလဲဆရာမ။ ပြီးတော့ “နေ”ဆိုတာကကော”

 

ဒုက္ခပါပဲ။ ဆရာမသည် ညီညီမေးခွန်းများကို ဘယ်လိုမှစ၍ မဖြေတတ်ပေ။

 

“ဒီည ညီညီ အိပ်လိုက်အုံးနော်။ နက်ဖြန်မှ ဆရာမ

အားလုံးပြောပြမယ်”

 

“တကယ်လားဟင် . .အို ညီညီတော့ သိပ်ပျော်တာပဲ

သူတို့က ညီညီနဲ့စကားမပြောချင်ဘူးတဲ့၊ မနက်ကျရင် သူတို့သွားတဲ့ စမ်းချောင်းဆိုတာကိုပဲ ဆရာမနဲ့ညီညီနဲ့သွားမယ်၊ စမ်းချောင်းဆိုတာကော ဘာလဲဆရာမ။ အေးလေ မနက်ကျတော့မှပဲပြောပါ။ ဆရာမ အိပ်တော့နော်”

 

ညီညီသည် စိတ်ပျော်လွန်း၍ စကားကို သွက်သွက်ကြီးပြောနေသည်။ သူကလေးအတွက် ဆရာမစိတ်မောမိ၏။ ညီညီသည် လူကောင်းကလေးပေပဲ။ ငြိမ်ငြိမ်သက်သက်ပင် အိပ်ပျော်သွား၏။

 

* * * * *

 

မနက်ကော်ဖီသောက်ချိန်တွင်မူ ညီညီသည်စားပွဲဝိုင်းတွင် စကားအများဆုံး စပြောလာ၏။ သူ့မျက်နှာသည် ရွှင်၍ပါးမို့လေးများပင်

သွေးရောင်လွှမ်းလာသလို ထင်ရသည်။ ဖေဖေနှင့်မေမေသည် သူတို့သားကလေး ယခုလို့ရွှင်လာသည်ကို အတော်ဝမ်းသာမိ၏။ မောင်နှမ

တွေအားလုံးလည်း ညီညီကိုအံ့ဩနေသည်။

 

“ညီညီဟာ အရင်တုန်းကဆို အင်မတန်တိတ်ဆိတ်တာပဲ ဆရာမရယ်။ ကျွန်မကလည်း ကလေးများပြီးမမာတော့ သူ့အပေါ်မှာ သိပ်ပြီးအရေးမပေးနိုင်ဘူး။ သူ့အဖေကလည်း မြို့နဲ့တောကို ကူးနေရတာနဲ့ မအားဘူး။ ညီညီ တိတ်တိတ်ဆိတ်ဆိတ်နေတာဟာ

ကျွန်မတို့မှာ အပြစ်မကင်းပါဘူး”

 

ညီညီ့အမေသည် သူ့အပြစ်များကို ဖွင့်ဟဝန်ခံ၏။ ကလေးများ အားလုံး အခန်းထဲမှထွက်သွားသည်ကို ညီညီကကြား၏။

 

“သူတို့ သွားကြပြီဆရာမ ညီညီတို့လည်း အပြင်ထွက်ရအောင်နော်”

 

ဆရာမသည် ညီညီခေါ်ရာသို့ လိုက်လာသည်။ သူ့ရင်ထဲတွင် ညီညီ့အတွက် အစီအစဉ်ကို တီထွင်နေ၏။ သူ့မိဘများက စာသင်ဖို့ခေါ်လာသော်လည်း ယခုအိမ်ကြီးကို ရောက်ချိန်တွင် စာပေအကြောင်းကို ဘာကိုမျှမပြောသေးပေ။ မျက်မမြင် စာသင်နည်းကို

မတတ်ကြောင်း၊ ညီညီ့ဖေဖေကို ဖွင့်ဟပြောပေမယ့်လည်း ဘာမျှ မပြောကြ၊ ညီညီပျော်အောင်သာ လုပ်ပေးဖို့ ပြောကြ၏။ သူသည် နာနီ လုပ်ရမည်လား။ ဘာကိုမျှမမြင်ဘူး ဘာကိုမျှမသိသော ကလေးစိတ်

ကိုဘယ်လိုပျော်ရွှင်အောင် လုပ်ရပါ့၊ စိတ်၏ပျော်ရွှင်မှုဆိုသည်မှာ ဘယ်အပေါ်မှာတည်ပါလိမ့်။

 

မြင်ခြင်းအပေါ်တွင်တည်၍ ရယ်မိ၏။ ငိုင်မိ၏။ ငိုမိ၏။

 

ကြားခြင်းကလည်း စိတ်နှလုံးကို ပြောင်းသေးသည် မဟုတ်ပါလော။

 

အတွေ့အထိများကတော့….. ။

 

ဆရာမခေါင်းထဲတွင် အလင်းရောင်သည် ပြက်ခနဲဝင်လာသည်။ ညီညီကိုတွဲ၍ မြက်ခင်းပေါ်လျှောက်လာချိန်တွင် ဆရာမသည် ညီညိီ့အတွက် နည်းသစ်တခုကို တီထွင်လိုက်သည်။ ညီညီစကား

ပြောတတ်ခြင်းကပင် ဘဝမဆုံးသေးကြောင်းကို ဖော်ပြနေ၏။

 

“ညီညီနဲ့ ဆရာမ စကားဝါပင်ကြီးအောက်ကို သွားရအောင်နော်။ အခုနေလမ်းလျှောက်တုန်း ဆရာမတို့ ဖိနပ်ချွတ်ထားရအောင်”

 

ညီညီသည် ဖိနပ်ကိုချွတ်၍ မြက်ခင်းပေါ်နင်းလာသည်။ မိုးဦးကျစပြုပေမယ့် မြက်ခင်းတွင် ရွှံ့များသိပ်မရှိပေ။ လေများသည်အေး၍

ပတ်ဝန်းကျင်သည် စိမ်းလမ်းစိုပြည်လှသည်။ စကားဝါ ပွင့်တို့သည်လည်း မိုးဦးကိုကြို၍ပွင့်နေကြပေပြီ။ တောအုပ်ဘက်ဆီမှာလည်း မှိုင်း၍

နေသည်။ ရှေ့လယ်ကွင်းဘက်မှာမူ နေခြည် သည်နွေးရုံဖြာကျနေသည်။ တောပန်းရနံ့လေးများမှာလည်း လေထဲမှာတချက်တချက်ရော၍ပါလာ၏။ ဩကာသလောကသည် သာယာစိုပြည်လှပါတကား။ခြံစည်းရိုးတွင်လည်း တောနှင်းဆီအရိုင်းများမှာ ဆယ့်နှစ်ရာသီပွင့်နေကြသည်။ သစ်ရွက်များပေါ်တွင် ညကရွာထား‌သော မိုးစက်များသည် နံနက်နေခြည်နှင့် တွေ့ကြပြန်လေသည်။ လေဝှေ့လိုက်တိုင်း ပုလဲပွင့်များလို ကြွေ၍ ကျလာကြပြန်၏။

 

“လှလိုက်တာကွယ်”

 

. ဆရာမသည် ရင်ထဲမှ နှစ်သိမ့်မှုကို ဖွင့်လိုက်မိ၏။

 

“ဘာကိုလဲဟင် ဆရာမ။ ဘာလှတာလဲ”

 

ဆရာမသည် ရင်ထဲတွင် ဆို့သွား၏။ ညီညီ့လက်များကို ညှစ်၍ဆုပ်ကိုင်ရင်း ဘာပြောရမည်ကို မတွေးတတ်ပေ။ သူတို့သည် စကားဝါပင်အောက်ကို ရောက်၍လာကြသည်။

 

“ကဲ ခဏထိုင်ရအောင်နော်၊ ညီညီ ဖိနပ်ချွတ်လျှောက်တော့ ညီညီ့ခြေထောက် ဘယ့်နှယ်လဲဟင်”

 

ညီညီသည် မြေကိုစမ်း၏။ မြက်ပင်ကလေးများကို လက်နှင့်ထိကြည့်၏။

 

“ကျွန်တော့် ခြေထောက်အောက်မှာ သူတို့ရှိတာပေါ့နော်”

 

“ဟုတ်တယ်။ ကိုင်ကြည့်စမ်း။ အဲဒါလေးတွေက မြက်ပင်လို့ခေါ်တယ်။ သူတို့ကြောင့် ညီညီ့ခြေထောက် မနာတာပေါ့”

 

ညီညီသည် ခြေထောက်နှင့်ရော၊ လက်နှင့်ရော၊ မြက်ကိုစမ်း၏။ အရင်တုန်းက ခြံထဲဆင်းချိန်တွင် ဖိနပ်ကို အမြဲစီးထားရ၍ သူသည် မြက်ပင်၏နူးညံ့မှု အတွေ့အထိကိုမသိပေ။ မြက်ရွက်၏

အရှည်ကိုဆွဲ၍ ကြည့်ပြန်၏။ သူ့စိတ်ထဲတွင်မူ မြက်ခင်းကို ဘာရောင်များ ဆိုးကြည့်မည်မသိပေ။သို့သော် မြက်ပင်၏ အနေအထားကိုမူ

လက်နှင့်စမ်း၍ စိတ်ကူးတွင် ပုံသဏ္ဍာန်ကို မှတ်မိနေလေပြီ။

 

“အဲဒီ မြက်ပင်လေးတွေဟာ ဘယ်လောက်ရှိလဲ။ ဟောဒါကကော ဘာလဲဟင်”

 

ညီညီသည် မြက်ခင်းပေါ်တွင် ကြွေကျနေသော စကားဝါပန်းတပွင့်ကို စမ်းမိ၍ မေးခြင်းဖြစ်၏။

 

“အဲဒါကို စကားဝါပန်းလို့ ခေါ်တယ်။ နမ်းကြည့်စမ်း ညီညီ”

 

ညီညီသည် ပန်းပွင့်လေးကိုနမ်းရင်း၊ မျက်နှာရွှင်လာသည်။သူ့နှာခေါင်းသည် ရနံ့ကိုအာရုံခံစားတတ်လေပြီ။ သူသည် ပွင့်ဖတ်ကို အထပ်ထပ်စမ်းကြည့်၏။

 

“ဒီအပွင့်လေးက မြက်ထက်နုတယ်။ မွှေးလည်းမွှေးတယ်နော်”

 

“ဟုတ်တယ်။ ဒါကြောင့် လေထဲမှာမွှေးနေတာပေါ့။ အဲပန်းရနံ့မွှေးပြီး လေကအေးလာရင် မိုးဦးကျတယ်လို့ ခေါ်တာပေါ့

 

“မိုးဆိုတာ ဘာလဲဟင် ဆရာမ”

 

“ကောင်းကင်က ရေတွေကျလာတာပေါ့”

 

“ကောင်းကင်”

 

ညီညီသည် ကောင်းကင်ဆိုသော စကားလုံးအတွက် သံသယ ရှိရှာပေမည်။ သို့သော် သူသည် ကောင်းကင်၏အပြာကိုသော်လည်းကောင်း၊ စကားဝါပွင့်၏ အဝါကိုလည်းကောင်း၊ ဘယ်လိုမှ နားလည်လိမ့်မည်မဟုတ်ပေ။ ညီညီကို စကားဝါပင်စည်အောက်တွင် ရွှေ့ထိုင်ထားချိန်တွင်မူ ညီညီသည် ပင်လုံးကို လက်နှင့်စမ်းကြည့်၏။ ဆရာမသည် ညီညီကိုထားခဲ့၍ ခြံစည်းရိုးမှ တောနှင်းဆီပွင့်တပွင့်ကို သွား၍ခူးသည်။ ဆရာမသည်ပြန်လာ၍ နှင်းဆီပွင့်ကို ညီညီ့လက်ထဲထည့်လိုက်သည်။ သူသည် အတွေ့သစ်တခုကို တွေ့ရပြန်သည်။ သူ့လက်များသည် နှင်းဆီပွင့်နှင့် စကားဝါပွင့်ကိုယှဉ်၍ ထပ်ကာထပ်ကာ ကိုင်ကြည့်၏။ ပန်းပွင့်လေးများသည် သူ့လက်ထဲတွင် ကြေမွလာသည်။

တဖတ်ချင်းပွင့်ဖတ်ရှိသော စကားဝါပွင့်နှင့် ပွင့်ဖတ်အထပ်များသော နှင်းဆီ၏သဏ္ဌာန်ကို ညီညီက စမ်းသပ်၍သိလေပြီ။ နှင်းဆီရနံ့နှင့်

စကားဝါရနံ့ကိုလည်း သူခွဲတတ်သည်။ ခဏအကြာတွင် မိုးဖွဲဖွဲ့ရွာလာ၏။ ဆရာမသည် ညီညီ့ကို မိုးရွာထဲလျှောက်စေချင်၏။

 

. “ညီညီ ပြန်စို့”

 

ညီညီသည် ပန်းပွင့်များကို လက်ထဲမှာ ဆုပ်ထား၏။ သစ်ပင်အောက်မှအထွက်တွင် သူ့ကိုယ်ပေါ်သို့ မိုးပေါက်များကျလာသည်။

 

“ဟာ ဘာတွေလဲဆရာမ ချိုးတဲ့ရေတွေလား”

 

“ဟုတ်တယ်။ အဲဒါမိုးရေပေါ့။ ဆရာမ ခုနကပြောတဲ့ မိုးရွာတယ်ဆိုတာလေ ကောင်းကင်က ကျလာတာပေါ့”

 

ညီညိီ့အဖို့ ယနေ့တွေ့သမျှမှာ အထူးအဆန်းများ ဖြစ်နေသည်။ သူအိမ်ထဲရောက်ချိန်တွင်မူ ကလေးများသည် အိမ်ထဲမှာ အော်ဟစ်ကစားနေကြသည်။

 

“ပုတ်သင်ညို အပျိုလိုချင်ခေါင်းညိတ်”

 

ညီညီသည် သူ့အခန်းထဲရောက်သည်အထိ တခြားကလေးများအော်သလို “ပုတ်သင်ညို အပျိုလိုချင် ခေါင်းညိတ်”ဟူ၍အော်လာသည်။ အဝတ်အစားများကိုလည်း ဆရာမလဲပေးချိန်တွင် ညီညီသည်

တွေးနေပြန်သည်။ ။

 

“ပုတ်သင်ညို ဆိုတာပါလဲဟင်”

 

သည်မေးခွန်း၏အဖြေမှာ နည်းနည်းမျှ မလွယ်ပေ၊ ပုံသဏ္ဍာန်နှင့်နှိုင်းပြရအောင်လည်း ညီညီသည် ဘာကောင်ကိုမျှ မမြင်ဘူးပေ။

 

“ဘာလဲဟင် ဆရာမ”

 

“အကောင်လေးတကောင်ရဲ့အမည်ပဲ။ သူ့ခေါင်းက စိမ်းပြီး၊သူ့ကိုယ်က သစ်ရွက်ခြောက်အရောင်လိုပဲ”

 

“ဘာ…ဘာ စိမ်းတယ်ဆိုတာ ဘာလဲဟင်”

 

ဆရာမသည် အမှားကိုပြောမိပြန်သည်။ ညီညီအတွက် အဖြေမှာ အရောင်နှင့်ပြော၍မရ။ လက်နှင့်ထိတွေ့မှ ညီညီက သိပေမည်။

 

“နေအုံးကွယ်။ ညီညိီ့အတွက် ဆရာမ တဖြည်းဖြည်းပြောပြမယ်နော်”

 

“ပုတ်သင်ညိုဟာ ညီညီတို့အိမ်က ကြောင်လေးလို လား”

 

ဪ ဒုက္ခပေပဲ။ ညီညီ၏ စိတ်ကူးပန်းချီတွင် ပုတ်သင်ညိုပုံကို ဘယ်လိုများ ဆွဲထားပါလိမ့်။

 

“မဟုတ်ဘူး။ ဒါပေမယ့် ပုတ်သင်ညိုဟာ ကြောင်လို

တိရစ္ဆာန်မျိုးထဲမှာပါတယ်”

 

နေ့လယ်တွင် မိုးသည်း၍ ညီညီတို့အပြင်သို့ မထွက်ရပေ။စမ်းချောင်းလေးရှိရာသို့ သွားချင်ကြောင်းကိုသာ ပူဆာနေသည်။နေသာသော တညနေတွင်ပို့ရန်ကို ဆရာမက ကတိပေးမှ ညီညီသည် ငြိမ်ငြိမ်လေးလှဲနေ၏။

 

ညီညီကို ပုံလေးများ စမ်း၍ပြောသောနေ့တွင် ဆရာမမှာစိတ်မောလှ၏။

 

“ရှေးရှေးတုန်းက အဘိုးကြီးနဲ့ အဖွားကြီးရှိတယ်”

 

“အဘိုးကြီးဆိုတာ ဘာလဲ”.

 

“ညီညီတို့ ဖေဖေသိပ်အသက်ကြီးသွားတော့ အဖိုးဖြစ်ပေါ့။ အဖိုးကြီးဆိုရင် လက်တွေဟာ ညီညီတို့လို တင်းမနေဘူး။လျော့နေတယ်။ ခါးကြီးက စန့်မနေဘူး ကုန်းနေတယ်။ ညီညီလိုလည်း လမ်းမလျှောက်နိုင်ဘူး၊ ပါးတွေလည်း ဖောင်းမနေဘူး။ ပိန်နေတယ်”

 

ဆရာမပြောသမျှ ညီညီသည် သူ့ကိုယ်ကိုစမ်းစမ်းကြည့်၏။အဖိုးကြီးဆိုသည်ကို သူဘယ်လို သဘောပေါက်ရှာမည်ကိုမသိပေ။

 

“သူတို့မှာ သိပ်လှတဲ့သမီးလေး တယောက်ရှိတယ်”

 

“လှတယ်ဆိုတာ ဘာလဲဟင်”

 

“အို မေ့လို့၊ မေ့လို့ ညီညီ အဲဒီသမီးလေး အသားတွေ

ဟာ စကားဝါပန်းရဲ့ ပွင့်ဖတ်လို နူးညံ့နေတာပဲ”

 

“ဪ ”

 

ယခုအခါတွင်မူ ညီညီသည် နှိုင်းယှဉ်ချက်ထဲ မှ

မိန်းကလေးပုံကို ဖော်နေလေပြီ။

 

. “သူ့ကိုယ်ကကော စကားဝါပွင့်လိုမွှေးလား”

 

“မွှေးတာပေါ့”

 

ပုံပြောစကမူ အတော်ပင်ခက်ခဲ၏။ သို့သော် နောက်များတွင် ညီညီ့ဖေဖေသည် အရုပ်များတခုပြီးတခု ဝယ်ပေး၏။ ညီညီသည် သူ့အခန်းထဲတွင် စီထားကာ လက်နှင့်စမ်း၍ ဆရာမကို ပြောပြ၏။

ပန်းပွင့်မျိုးစုံကိုလည်း ကိုင်၍နမ်းကာ အမျိုးအမည် ခွဲပြသောနေ့တွင်မူ ဆရာမသည် ဝမ်းသာလာ၏။ ပုံထဲတွင် ဆင်ကြီးတကောင်ပါလျှင်

ညီညီသည် ဆင်ရုပ်ကိုစမ်း၍ နားထောင်၏။ မင်းသမီးအကြောင်းပါလျှင် မင်းသမီးရုပ်ကလေးကို စမ်းကြည့်ရင်းနားထောင်၏။ ပုံပေါင်းမြောက်မြားစွာကို ညီညီက နားထောင်တတ်လာ၏။ ဝတ္ထုလေးကိုဖတ်ပြလျှင်လည်း ညီညီကနှစ်သက်၏၊ သို့သော်ဝတ္ထုများတွင် လောက

အလှနှင့်လူ့အလှများကို ဖော်ပြချိန်တွင်မူ အရောင်အဆင်းတို့အတွက် ညီညီသည် စိတ်မကူးနိုင်ပဲ စိတ်ဆင်းရဲရပြန်၏။ ထို့ကြောင့် ဆရာမသည် ဝတ္ထုများကိုပြင်၍ ညီညီကိုပြောပြရ၏။ နူးညံ့ခြင်း၊ ကြမ်းခြင်း၊မွှေးခြင်း၊ နံခြင်း၊ အသံသာခြင်း၊ မသာခြင်းတို့ နှင့်သာ ဝတ္ထုလေးများ ပုံလေးများကို တန်ဆာဆင်ရ၏။

 

* * * * *

 

နွေဦးပေါက်ချိန်တုန်းကမူ စမ်းချောင်းဘေးတွင် ညီညီ သည် နှစ်သိမ့်နေ၏။ ရေစီးသံကိုလည်း သူသိပြီ။ စမ်းရေကိုလည်း လက်နှင့်ထိကြည့်၏။ ရေစပ်သို့ဆင်းရသောအခါတွင်လည်း သူပျော်လာသည်။

ဥဩ၏သီချင်းဆိုသံတွင် ညီညီသည် ကြည်နူးလာတတ်သည်။

 

စမ်းချောင်းတဘက်ကိုကူး၍ တောစပ်သို့ သွားစဉ်တွင်းလည်း ညီညီသည် သစ်ရွက်ခြောက်ကလေးများကို ကိုင်ကြည့်၏။ သစ်ရွက်များကို

စမ်းကြည့်၏။

 

အမှန်တော့ ယခင်ကလို သူ့ဦးနှောက်သည် ခြောက်သွေ့၍ ဟင်းလင်းမနေတော့ပေ။ ပန်းပွင့်များ ရနံ့များ၊ စမ်းချောင်း၊ တောအုပ်၊ ငှက်ကလေးများအသံဖြင့် စိုပြည်ရွှင်လန်း၍လာသည်။

 

နောက်တနှစ် ဆောင်းဦးပေါက်တွင်မူ ကရမက်ရနံ့များကိုပင် သူမှတ်မိနေလေပြီ။

 

“ဆရာမရေ လေတွေကလည်း အေးတယ်။ စကားပန်းကလည်းမွှေးလာပြန်ပြီ၊ မိုးကျပြီထင်တယ်နော်”

 

နောင်နှစ်မိုးဦးကျချိန်တွင် ညီညီသည် ယခုလိုပြောလာ၏။ ညီညီစိတ်လေးများသည် ခံစားတတ်လာပြီကော။ ဆရာမသည် ကျေနပ်ပျော်ရွှင်မိ၏။

 

* * * * *

 

ညီညီနှင့် ဆရာမအတူနေ၍ လေးနှစ်မြောက်သောနေ့တွင်မူ တအိမ်လုံး အံ့သြကြပြန်၏။

 

“ဖေဖေ ကျွန်တော် ညတုန်းက ၀တ္ထုရေးထားတယ်”

 

“ဟေ”

 

ညီအစ်ကို မောင်နှမများက ညီညီကိုအရူးလေးဟု ထင်ကြ၏။ ဖေဖေက အံ့သြ၍ အမေ့မျက်လုံးများကမူ တောက်ပလာသည်။

 

“သားဟာ ဝတ္ထုရေးတတ်တယ်”

 

“ဟုတ်တယ်။ ခုတိုတိုလေး ရေးတယ်။ နောက်ဆိုရင်ဆရာမဖတ်ပြတဲ့ ဝတ္ထုတွေလို အရှည်ကြီးရေးမယ်”

 

ဖေဖေသည် ရင်ထဲမှ ဘုရားတမိသည်။

 

“ညီညီပြောတာ ဟုတ်သလား ဆရာမ”

 

“ဟုတ်ပါတယ်။ ညတုန်းက သူပါးစပ်က ပြောပြတာကို ကျွန်မက လိုက်ရေးပါတယ်။ ဒါပေမယ့် စာစီစာကုံးပုံက ရေးစဆိုတော့ နည်းနည်းလိုသေးတယ်။ စကားပြောသလိုပဲ ဖြစ်နေပါတယ်”

 

“ဖေဖေတို့က သားကို မယုံဘူးလား။ ဆရာမရယ် အခန်းထဲမှာ သွားယူပြီး ဖတ်ပြလိုက်ပါ။ ကျွန်တော့်ရင်ထဲမှာ အားလုံးရှိပါတယ်ဖေဖေ။ ပြီးတော့ ကျွန်တော့်ဝတ္ထုဟာ ဆရာမဖတ်ပြတဲ့ ဝတ္ထုလေးတွေ

ထက်တောင် ဆန်းသေးတယ်”

 

မှန်၏။ ညီညီ၏ဝတ္ထုထဲတွင် အရောင်နှင့်မြင်နိုင်သော အလှများမပါပေ။

 

“ကျွန်တော် အခုအသက် ၁၆-နှစ်ရှိလာပြီ။ ဖေဖေ မြင်သလို မမြင်ပေမယ့် ကျွန်တော့်ရင်ထဲမှာ စမ်းချောင်းလေးလည်းရှိတယ်။ပန်းပွင့်တွေလည်းရှိတယ်။ ပုံတွေလည်း ရှိပါတယ် ဖေဖေ”

 

ညီညီသည် ယခင်ကလို မယုံမရဲ အားလျော့နေသော

ကလေးငယ်တယောက် မဟုတ်တော့ပြီကို အမေ သည် ညီညီ့ဝတ္ထုတိုကလေးကို ယူလာ၍ စားပွဲတခု လုံးကြားအောင် အသံကျယ်ကျယ်ဖတ်ပြ၏၊ အမြင်အာရုံမပါသော ညီညီ၏ဝတ္ထုကားစလေပြီ။

 

* * * * *

 

ကျွန်တော့်မှာ ခရီးလမ်းစဉ်ရယ်လို့မရှိပါဘူး။ ဘယ်မှာဘာရှိတယ်ဆိုတာ မသိတော့ ဘယ်ကိုမှလည်း မသွားချင်ဘူး။

 

ကျွန်တော့်အနီးမှာ ရေစီးသံတွေ ကြားနေရတော့ စမ်းချောင်းနားမှာ ကျွန်တော်ရောက်နေတယ်ဆိုတာ သေချာပါတယ်။ သစ်ပင်ကြီးတခုရဲ့ပင်စည်ကိုမှီနေတုန်း ကျွန်တော့်ကိုယ်ပေါ် သစ်ရွက်တွေက

ကြွေကျနေတယ်။ လေကလည်း ခပ်ဖြည်းဖြည်း တိုက်နေတော့ ကျွန်တော့်အသားတွေဟာ အေးနေတယ်။

 

ကျွန်တော်ခြေသံတခုကို ကြားရတယ် လေထဲမှာလည်း နှင်းဆီးပန်းရနံ့ဟာ ဆုပ်ကြဲလိုက်သလို တပြိုင်နက် မွှေးလာတော့ ရင်ထဲမှာ အေးသွားတာပဲ။ အမွှေးနံ့ဟာ ကျွန်တော့် စိတ်တွေကို

ရွှင်လာအောင်လုပ်ပေးတယ်။ ခြေသံရှင်ဟာ ဒီနှင်းဆီနံ့ကို ယူလာတယ်ထင်ပါရဲ့။

 

“ကျွန်တော့်အနားကို လာနေတာ ဘယ်သူလဲဗျာ”

 

ကျွန်တော်မေးလိုက်ရင်ပဲ အသံတခုဟာ ကျွန်တော့်အနားက ပေါ်လာတယ်။ သူ့အသံဟာ ဥဩငှက်သံထက် သာယာပါတယ်ဗျာ။အေးပြီးတော့ အသံဟာနွဲ့ လွန်းလို့ ကျွန်တော့် ရင်ထဲမောလှိုက်သွားတာပဲ။

 

“ကျွန်မ မနှင်းဆီပါ”

 

“မနှင်းဆီ အင်း နှင်းဆီ ရနံ့တွေကလည်း သိပ်မွှေးတာပဲ”

 

“ဟုတ်တယ်။ ကျွန်မရဲ့တဘက်က နှင်းဆီပွင့်ရဲ့ပွင့်ဖတ်တွေကို ဆက်ပြီး ချုပ်ထားတာပေါ့။ ရှင်တယောက်တည်း ဘာလုပ်နေလဲ။မိုးချုပ်လှပြီ”

 

“မိုးချုပ်တာကိုတော့ မပြောပါနဲ့ကွယ်။ ကိုယ့်လောကမှာ မိုးချုပ်တာနဲ့ မိုးလင်းတယ်ဆိုတာ မရှိပါဘူး”

 

သူ့အသံဟာ တိတ်သွားပြီး အသက်ရှူသံပြင်းပြင်းကို

ကျွန်တော် ကြားရပြန်တယ်။

 

“ရှင်က မျက်စိမမြင်ပဲကိုး။ ဒီမှာပဲနေရစ်မှာလား”

 

“ကျွန်တော်က ဘယ်ကို သွားရမှာလဲ”

 

“လိုက်ချင်တယ်ဆိုရင်တော့ စမ်းချောင်းကိုဖြတ်ပြီး ဟိုတောအုပ်ဘက်ကို ကျွန်မသွားမလို့၊ အတူလိုက်နိုင်ပါတယ်”

 

“အတူ”

 

ကျွန်တော့်ရင်ထဲမှာ သိပ်လှုပ်ရှားသွားတယ်။ ကျွန်တော်ဟာ သူ့အသံကို နှစ်သက်တယ်။ သူ့ကိုယ်က အမွှေးရနံ့မှာလည်း ကြည်နူးမိတယ်။ ကျွန်တော်နောက်ဆုံးသတိပြုမိတာကတော့ သူ့နောက်ကို

သိပ်လိုက်ချင်တာပဲ။

 

“ကျွန်တော့်ကို တွဲခေါ်ရင်တော့ ခင်ဗျားနောက်ကိုလိုက်ပါရစေ”

 

“လာပါလေ၊ ကျွန်မတွဲခေါ်ပါ့မယ်”

 

ကျွန်တော့်လက်ကို လာထိတဲ့ အတွေ့ကဖြင့် နူးညံ့လွန်းလို့ ကျွန်တော့်ရင်ထဲမှာ လှိုင်းခတ်သွားတာပဲ။ ပန်းပွင့်ဖတ်ထက် နူးညံ့ပါတယ်။

 

ကျွန်တော် သူခေါ်ရာကိုလိုက်ရင်း ခြေထောက်နဲ့ရေနဲ့တွေ့တဲ့အခါ စမ်းချောင်းလေးကို ဖြတ်နေပြီဆိုတာသိပါတယ်။ ချောင်းဟိုဘက်ကိုရောက်ပြီး လျှောက်လာလိုက်တာ ရေစီးသံတွေကို မကြားရတော့

ဘူး။ အဝေးကနေ သစ်ရွက်ကို လေးတိုးသံတွေ ကြားရတာ တောအုပ်ဟာ တဖြည်းဖြည်း နီးလာပြီလို့သိပါတယ်။

 

“မင်းတို့ အိမ်ရောက်လာပြီလားကွယ်”

 

“ကျွန်မမှာ အိမ်မရှိဘူး။ ဒီတောစပ်မှာနေတယ်”

 

“မင်းမှာ အိမ်ရှိတယ်ဆိုတောင် အိမ်ဆိုတာ ဘာမှန်းလည်းမသိဘူး”လို့ ကျွန်တော်က ပြောမိတယ် ။

 

“ရှင်မောရင် ဒီမှာနားဦးပေါ့။ တောစပ်လည်း ရောက်ပြီ”

 

ကျွန်တော် မြေကြီးပေါ်မှာ ခဏထိုင်နေတုန်း လက်ထဲကို ငှက်ပျောသီးတလုံး ရောက်လာတယ်။ သူပေးတာပဲထင်ပါရဲ့။ငှက်ပျောသီးရဲ့ အရသာဟာ အမေပေးတာထက် ကောင်းပါကလားလို့

စိတ်ထဲမှာထင်မိတယ် သူ့ခြေသံကတော့ ကျွန်တော့်အနားမှာ ကြားနေရတာပဲ။

 

“ကျွန်မ တဘက်ကို ခင်းပေးမယ်။ ဒီအပေါ်မှာ ရှင်အိပ်နော်”

 

သူဟာ ကျွန်တော့်ကို တွဲခေါ်ပြီး အိပ်ခိုင်းတယ်။ ကျွန်တော် လှဲလိုက်တော့ သူ့တဘက်ကလေးဟာ ပန်းမွေ့ရာလေးဖြစ်သွားတယ်။

 

လေကလည်းအေး၊ ပန်းရနံ့ကလည်းမွှေး၊ အိပ်ရာကလည်း နူးညံ့နဲ့ စိတ်ဟာသိပ်ပြီး သာယာတာပဲ။

 

ဘုရား…ဘုရား သူ့ခြေသံကို ကျွန်တော့်နားမှာ မကြားရတော့ဘူး။ သူဘယ်ရောက် သွားပါလိမ့်။

 

ပန်းဖတ်လေးတွေနဲ့ လုပ်ထားတဲ့မွေ့ရာကလည်း ဘယ်လိုဖြစ်လာပါလိမ့်။ ဆူးလေးတွေဟာ ကျွန်တော့်အသားကို စူးလာတယ်။နှင်းဆီရဲ့ သတ္တိကို ပြကြပါပကောလား။ မွှေးတယ်၊ နူးညံ့တယ်၊

ဆူးလည်းရှိတယ်။ အမယ်လေး ကျွန်တော် ဘယ်နေရာကို မှရွေ့လို့မရဘူး။ ဟာ ဆူးတွေစူးလာတယ်

 

“မနှင်းဆီ မနှင်းဆီ”

 

ကျွန်တော် အသံကုန်ဟစ်ပေမယ့် သူ့အသံကို မကြားရတော့ဘူး၊ တောဘက်ကပြန်လာတဲ့ ကျွန်တော့်အသံကြီးသာ ကျွန်တော်ပြန်ကြားရတယ်။ လေတွေကလည်းတိုက်လိုက်တာ ကျွန်တော့်ကိုယ်

လွင့်သွားမတတ်ဘဲ၊ အေးလာလိုက်တာလည်း မပြောပါနဲ့တော့။

 

ကျွန်တော့်ကို ဘယ်သူလာခေါ်ပါ့မလဲ။ ကျွန်တော် ဘယ်ကိုမှလည်း မသွားတတ်ဘူး။ ခုမှအိမ်ကို ကျွန်တော်လွမ်းတယ်။ အမေ့ကို သတိရတယ်။ ရင်ထဲမှာလည်း မောလာတယ်။

 

“ကျွန်တော့်ကို လာခေါ်တဲ့ သစ်ပင်ရင်းမှာပဲ ထားခဲ့ပါတော့”

 

ကျွန်တော် ဟစ်အော်ပေမယ့် ကျွန်တော့်ပတ်ဝန်းကျင်မှာ သစ်ပင်တွေ လေတိုးသံကလွဲလို့သည့်ပြင် ဘာသံမှ မကြားရတော့ဘူး။

 

* * * * *

 

ညီညီဝတ္ထုကား ဆုံးသွားပေပြီ။

 

အမေ့မျက်လုံးများသည် တောက်ပမြဲ တောက်ပနေပေ၏။ဖေဖေကတော့ တွေးနေသည်။ ညီညိီ့မျက်နှာကလည်း ငြိမ်၍စိတ်ကူးယဥ်နေပုံရသည်။ ဆရာမတယောက်သာ စိတ်ထဲမှာလှုပ်ရှားသလို မျက်နှာ

ကလည်း ဣန္ဒြေမရပေ။

 

“ကဲလေ မေမေ ညီညီ့ဝတ္ထုဟာ မေမေတို့ဖတ်တဲ့ ဝတ္ထုတွေနဲ့တူပါတယ်နော်”

 

“အမေသည် ခပ်သွက်သွက်ဖြေပေမယ့် ဖေဖေက ငြိမ်နေသည်။

 

“ဆရာမ ကျွန်တော် အခန်းထဲသွားချင်တယ်”

 

ဆရာမသည် ညီညိီ့ကို စာရွက်များနှင့်အတူ အခန်းထဲသို့ခေါ်သွား၏။ ဆရာမပြန်လာချိန်တွင်လည်း ဖေဖေနှင့်မေမေသည် စားပွဲမှာ ငြိမ်ငြိမ်သက်သက် ထိုင်နေတုန်းပင်ဖြစ်၏။ သူတို့ ရင်ထဲတွင်

ဘာဖြစ်နေသည်ဟုလည်း သူတို့မပြောတတ်ပေ။

 

ဆရာမသည် ကုလားထိုင်တလုံးတွင် ဖြည်းဖြည်းဝင်ထိုင်ရင်း အသံတိုးတိုးနှင့် သူစကားစပြောလိုက်၏။

 

“ကျွန်မ ညီညီကို စာသင်တာ ဒီလောက်နဲ့ပဲ တော်လောက်ပြီ ထင်ပါတယ်”

 

“ဟင်”

 

သူတို့ နှစ်ယောက်လုံးသည် ဆရာမကို ပြိုင်တူကြည့်ကြ၏။

 

“အမှန်တော့ ကျွန်မ သင်တာဟာ စာလည်းမဟုတ်ပါဘူး”

 

“စာမဟုတ်ပေမယ့် ကျွန်တော် ကျေနပ်ပါတယ်။ ဆရာမဘာဖြစ်လို့ ဆက်မသင်ချင်တာလဲ”

 

“ဒါထက်တိုးပြီး ကျွန်မ မသင်တတ်လို့ပါ။ ညီညီဟာ အရွယ်ရောက်လာပြီ။ သူ့ စိတ်ကူးတွေကလည်း သူ့ဘဝကို သာယာအောင် လုပ်တတ်ပါပြီ”

 

“သူ စာရေးချင်တဲ့အခါတိုင်း တယောက်ယောက် အနားမှာရှိရင် ညီညီဟာ စိတ်ကျေနပ်မှာပါပဲ”

 

နောက်တပတ်တွင်မူ ဆရာမသည် ညီညီ၏အိမ်ကြီးမှထွက်၍ မြို့သို့ပြန်ခဲ့လေသည်။

 

ခြောက်လလောက်တွင် ညီညီ့ဖေဖေထံမှ

စာတစောင်ရောက်လာ၏။ စာထဲတွင် ဆရာမကို သတိရကြောင်းနှင့်ညီညီ့အကြောင်းများ အများကြီးပါ၏။ ညီညီသည် မျက်စိမမြင်သည်မှလွဲ၍ သားများထဲတွင် အလှဆုံးလူပျိုလေးတယောက်ဖြစ်ကြောင်းကိုဖော်ပြထား၏။ ညီညီရေးခိုင်း၍ သူကိုယ်တိုင် ရေးပေးထား‌သော ဆရာမထံသို့ ညီညီပေးစာတစောင်လည်း ပူးတွဲပါလာ၏။ဆရာမသည် ညီညီ့စာလေးကိုဖတ်လိုက်၏။

 

* * * * *

 

ဆရာမ

 

ညီညီမျက်စိမမြင်ရတာကို ကျေးဇူးတင်တယ်။ အစတုန်းက ဆရာမသင်ကြားပြသတာတွေကို ညီညီကျေးဇူးတင်မိတယ်။ဝမ်းသာမိတယ်။

 

အခုတော့ ညီညီဟာ ဆရာမကိုစိတ်ဆိုးတယ်။ ဝတ္ထုထဲကနှင်းဆီကို စိတ်ဆိုးသလို၊ စိတ်ဆိုးမိတယ်။ အမှန်တော့ နားလည်းကြား၊ တွေ့တဲ့အာရုံကိုလည်းမသိ အနံ့လည်းမခံတတ်ရင် ညီညီ ဘယ်လောက်ပျော်လိုက်မလဲ ခုတော့ ညီညီဟာ အတွေ့၊ အနံ့နဲ့အသံ

သာယာမှုကို အလွန်ခံစားချင်တာပဲ။

 

ဘုရားတန်ခိုးကြောင့် မျက်စိမမြင်တာပဲကျေးဇူးတင်ရဦးမယ်၊မျက်စိသာမြင်ရင် မြင်ရတဲ့အာရုံနဲ့ ပတ်သက်ပြီး ကျွန်တော်ဘယ်လောက် စိတ်ဆင်းရဲရမလဲ။ မမြင်ရခြင်းဟာ ဒုက္ခတခုငြိမ်းတာပဲ။

 

ဆရာမရေ အရင်တုန်းကလို ဘာမှမသိတဲ့အဖြစ်မျိုးမှာ ညီညီ့ကို ပြန်ထားခဲ့ပါဦး။

 

ဆရာမ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာပါစေ။

 

ညီညီ

 

ဆရာမသည် စာရွက်ကို ဆုတ်၍ချေပစ်လိုက်၏။

 

ဆရာမ စေတနာသန့်ပါတယ်ညီညီ။နှင်းဆီလို ဆူး မပါဘူး။စကားဝါပန်းလို နူးညံ့ပြီး မွှေးပါတယ်။

 

ဆရာမသည် အထက်ပါ စာကြောင်းလေးသာ ညီညီထံသို့ပြန်၍ရေးလိုက်ပါသည်။

————-

ခင်နှင်းယု ( ၁၉၉၄၊ ဇွန်လ )