နှလုံးသားထဲကအိမ်(စ/ဆုံး)
————————–
သမီးသေချာဆုံးဖြတ်ပီးပါပြီအမေ…
ပြည်ပကိုထွက်ပြီးအလုပ်လုပ်ပါတော့မယ်….
အိမ်လေးတစ်လုံးဘိုးရမှပြန်လာခဲ့မယ်….
အိမ်ငှားဘဝစိတ်ဆင်းရဲစရာအတော်ကောင်းပါတယ်။
အိမ်စပြီးငှားခါစက အိမ်စပေါ်ကတစ်မျိုး။
အိမ်ပြောင်းလာပြီးခြောက်လလောက်နေတော့အိမ်စပေါ်ကိုထပ်တိုးတောင်းတာနဲ့ကြုံရတယ်။
အိမ်လခလဲတိုးပေးရတယ်။
သူတို့တောင်းသလောက်ကိုယ်မပေးနိုင်ရင်ပေးနိုင်တဲ့လူကလဲအသင့်ရှိတယ်။
ကိုယ်တွေကလဲနေသားကျနေတော့ သူတို့တောင်းသလောက်ပေးလိုက်တယ်။
စီးပွားရေးကထင်မလောက်အဆင်မပြေဖြစ်လာတဲ့အခါ အိမ်လခ အိမ်စပေါ်နည်းတဲ့နေရာကိုရှာပြီးနေရတယ်။
အဖေအမေနဲ့ ညီအကိုမောင်နှမလေးယောက်ပေါင်းမိသားစုခြောက်ယောက်ရှိတယ်။
ကျမကပဲအရွယ်ရောက်ပြီးသားဖြစ်နေပြီး ကျန်တဲ့ကလေးတွေကလူမမယ်အရွယ်လေးတွေဖြစ်နေတယ်။
အဖေကလဲအလုပ်အကိုင်မယ်မယ်ရရအတည်တကျမရှိပဲ ကုန်ထမ်းလိုက် ဆိုက်ကားပြေးနင်းလိုက် ပန်းရန်လူကြမ်းပြေးလုပ်လိုက်နဲ့ နှဲသမားများလို ပိန်လိုက်ဖောင်းလိုက်ပါပဲ။
ရောဂါတွေအစုလိုက်အပြုံလိုက်ဖြစ်နေကြတဲ့အချိန်မှာ အလုပ်လက်မဲ့ဖြစ်ပြီးဒုက္ခတွေပင်လယ်ဝေခဲ့တယ်။
ရရစားစားဘဝတွေမို့
စုဆောင်းထားတဲ့ငွေကလဲတစ်ပြားတစ်ချပ်မှမရှိတဲ့အချိန်။
မနက်မိုးလင်းမှာကိုကြောက်နေမိတယ်။
ကလေးတွေကမျက်စေ့နှစ်လုံးပွင့်တာနဲ့ဗိုက်ဆာနေကြပြီ။
လူကြီးတွေက ဟန်ဆောင်နိုင်ကြပေမယ့်ကလေးတွေက ဆာလောင်တော့ငိုယိုကြတယ်။
ရေအိုးထဲကရေကိုတဂွပ်ဂွပ်သောက်ချရင်း ကလေးတွေရဲ့ ငိုယိုနေမှု့ကို မျက်ရည်စို့စို့နဲ့ကြည့်နေမိတယ်။
ထမင်းအိုးထဲကထမင်းတွေကိုနှစ်ခြမ်းခြမ်းလိုက်တယ်။
တစ်ဝက်ကမနက်စာ တစ်ဝက်ကညနေစာ။
ယောင်းမနဲ့ထမင်းတွေကိုချိန်ဆခူးပြီးပန်းကန်ပြားတွေထဲထည့်လိုက်တယ်။
ပန်ကန်ပြားတွေထဲအကုန်ထည့်ပြီးတဲ့အခါမှာတော့ ထမင်းအိုးထဲမှာတစ်ခဲစာလောက်ပဲကျန်တော့တယ်။
အဖေပိုစားပါစေ။
အဖေကအလုပ်လုပ်ရတာပင်ပန်းတယ်။
ကျမပန်းကန်ထဲကထမင်းအနည်းငယ်ကိုဖဲ့ယူပြီးအမေ့ပန်းကန်ထဲထည့်ပေးလိုက်တယ်။
အမေကမျက်လုံးစွေပြီးပြန်ကြည့်တယ်။
အငယ်ကောင်ကအလိုက်ကန်းဆိုးမသိစွာနဲ့ ထမင်းထပ်ယူအုံးမယ်ဆိုပြီးသူ့ပန်ကန်ပြားကိုထိုးပေးတယ်။
ကျမပန်းကန်ပြားထဲကလက်သီးဆုပ်လောက်ကျန်နေသေးတဲ့ထမင်းခဲကိုသူ့ကိုထည့်ပေးလိုက်တယ်။
ကျမ အမှန်ကထမင်းစားအလွန်မြန်ပါတယ်။
ဘယ်သူများထမင်းထပ်ယူချင်မလဲဆိုတဲ့စိတ်နဲ့ ကျမဆီကထမင်းကိုပေးချင်လို့ တမင်ဖြည်းဖြည်းချင်းစားနေတာပါ။
ကျမလုပ်ရပ်ကိုအမေကတော့သိတယ်။
အမေသိပါတယ် အေးမေရယ်ဆိုတဲ့မျက်နှာလေးနဲ့ကျမကိုကြည့်နေတယ်။
.
.
ကျမတို့အရပ်မှာအရင်တုန်းကကျွေးလိုက်တဲ့စတုဒီသာ။
တနေ့တစ်မျိုးမရိုးရအောင်စားလိုက်ရတာဆိုတာလေ။
အိမ်မှာမနက်စာပဲချက်စားကြရတာ။
ညနေဘက်ဆိုဟိုကဒီကကျွေးလိုက်တဲ့စတုဒီသာ တစ်ခါတလေကျွေးတဲ့နေရာတွေကများနေတော့ဘယ်မှာသွားစားရမှန်းမသိလောက်အောင်ကိုဝေခွဲမရဖြစ်နေတယ်။
ရောဂါတွေအဖြစ်များနေတော့ ကျမတို့လဲကြောက်လန့်ပြီးအိမ်ထဲမှာပဲနေကြရတယ်။
အဖေကလဲအလုပ်မရှိဘူး။
စတုဒီသာလဲဘယ်မှာမှမကျွေးတော့ဘူး။
အိမ်မှာကရောင်းစရာ ပေါင်စရာပစ္စည်းကနတ္တိ။
ကလေးတွေမှာ လူစုံအောင်တောင်ဘိနပ်မရှိကြဘူး။
သူတို့ကလဲခြေဗလာနဲ့နေကြတာများပါတယ်။
အိမ်စပေါ်အနည်းငယ်လေးကိုလက်ထဲဆုတ်ကိုင်ထားပြီး ကျူးတွေဘက်ဆီကိုခြေဦးလှည့်ရပြန်တယ်။
အိမ်စပေါ်မပေးရဘူး။
အိမ်လခပဲပုံမှန်ပေးရင်ရပြီတဲ့။
အဲဒီကိုရောက်တဲ့လမှာပဲအဖေကကျန်းမာရေးဖောက်လာတယ်။
စားစရာကမရှိ။
အလုပ်ကလဲနေရာသစ်မှာဘာလုပ်လို့လုပ်ရမှန်းမသိနဲ့။
နောက်ဆုံးမှာတော့သန်လျင်ဘက်ကအဖေ့အမကြီးဆီမှာအကူအညီတောင်းပြီးသူတို့နေတဲ့ရွာဘက်ကိုပြောင်းရွှေ့နေဖို့ဖြစ်လာခဲ့ကြတယ်။
အဖေ့ဘက်ကအမျိုးတွေကလဲရွာတွေဘက်မှာတော်တော်များများရှိကြသေးတယ်။
အဖေလဲသူ့အမျိုးတွေနဲ့တွေ့ဆုံရလို့ နေထိုင်ကောင်းလာတယ်။
အမျိုးတွေက စားစရာတွေဟိုကနည်းနည်းဒီကနည်းနည်းပေးကမ်းလာတော့ ကျမတို့မိသားစုလဲအူစိုလာတယ်။
ကြီးမေကကျမတို့မိသားစုကို သူ့ခြံဝင်းကြီးထဲမှာ တဲကလေးထိုးပြီးနေစေတယ်။
အမေကကြီးမေမိသားစုရဲ့အဝတ်တွေကိုနေ့တိုင်းလျှော်ဖွတ်ပေးတယ်။
ခိုလှုံခွင့်ပေးတာကိုကျေးဇူးတင်တဲ့အနေနဲ့ပါ။
ကျမကတော့ သူများခြံထဲမှာသူများမျက်နှာကြည့်နေရမှာထက်စာရင် ကိုယ်ပိုင်ခြံဝင်းလေးနဲ့နေရဖို့ကိုသာအာသီသရှိနေတယ်။
ကိုယ့်မိသားစုလေးကိုသူတို့စိတ်ကအခန့်မသင့်တဲ့တနေ့ဘယ်အချိန်နှင်ထုတ်ပါ့မလဲဆိုတဲ့အသိကလဲရင်ထဲမှာတထိတ်ထိတ်နဲ့ပါ။
.
.
မြို့မှာနေခဲ့စဉ်က အိမ်ရှင်နဲ့လွတ်ကင်းအောင်မငြိုငြင်အောင်အတော်နေခဲ့ရတယ်။
ကလေးတွေများလို့မငှားချင်တဲ့အိမ်တွေကလဲရှိတယ်။
ကလေးဘယ်နှစ်ယောက်ပါလဲကစမေးတာ။
မိသားစုခြောက်ယောက်လို့ပြောလိုက်ရင်နှာခေါင်းရှုံ့သွားကြပြီးခေါင်းခါလိုက်ကြတယ်။
မြို့မှာနေရေးကလဲပထမဦးစားပေးလေ။
စားဖို့ရှာဖွေစားလို့ရတယ်။
လကုန်ခါနီးဆို အိမ်လခပေးရဖို့အရေးရင်တုန်ရင်ခုန်နေရပြီ။
ငပိရည်ကိုအကန်းမျက်ရည်လိုကျိုပေတော့။
ခပ်ပေါပေါရတဲ့ဂေါ်ဖီရွက်ကိုရေနွေးဖြောပြီးတို့စရာဖန်တီးကြ။
ဒီလိုနဲ့အိမ်လခလေးပေးပြီးပြန်တော့ ရင်ထဲပေါ့သွားပြီးသက်ပြင်းအခါခါချရပြန်နဲ့ ဘယ်တော့များမှအိမ်လေးတစ်လုံးလောက်ပိုင်ဆိုင်နိုင်ပါ့မလဲ။
စိတ်ကူးယဉ်ကြည့်ဖူးပါတယ်။
ကိုယ်ပိုင်အိမ်ကလေးတစ်လုံးလောက်ပိုင်ဆိုင်ဖြစ်ခဲ့ရင် အိမ်ရှေ့ကိုသံဇကာလေးတပ်မယ်။
လေဝင်လေထွက်ကောင်းအောင်ပေါ့။
မျက်စေ့အေးအောင်သံဇကာကိုဆေးအစိမ်းနုရောင်လေးသုတ်မယ်လို့စိတ်ကူးတယ်။
စပါယ်ပန်းမွှေးမွှေးလေးတွေကိုတော့ခေါင်းရင်းဘက်မှာစိုက်မယ်။
အိမ်ရှေ့မှာ ကွပ်ပြစ်ကြီးတစ်ခုထားမယ်။
ညဘက်ကျရင်မောင်နှမတွေစုပြီးအိပ်ကြရင်းကြယ်တွေကိုကြည့်မယ်။
သောကြာကြယ်ဆိုတာဟိုမှာ။
ခုနှစ်စင်ကြယ်ဆိုတာဟောဟိုကဟာဆိုပြီးပြောကြမယ်။
ကြယ်ကြွေတာတွေ့ရင်မျင်နှာကိုလက်ဝါးနဲ့အုပ်ပြီးဆုတောင်းကြမယ်။
.
.
ကြီးမေကြီးက ကျမကိုမလေးရှားမှာအလုပ်သွားလုပ်ဖို့စီစဉ်တယ်။
ပိုက်ဆံမလိုဘူးတဲ့။
အကြွေးနဲ့သွားလို့ရတယ်တဲ့။
မိဘတွေကိုလဲတစ်လစားစရိတ်ငါးသောင်းပေးထားဦးမှာတဲ့။
တနှစ်ခွဲလောက်ကုမ္မဏီကိုလုပ်ပေးပြီးရင်ရပြီတဲ့။
ကျန်တာကိုယ့်ပိုက်ဆံတဲ့။
စဉ်းစားဖို့တောင်မလိုတဲ့အကြံကောင်းပါလား။
ဒီလိုအခွင့်အရေးဆိုတော့ တန်တာမတန်တာအပထား။
ကိုယ့်မှာကအရင်းအနဆိုလို့တစ်ပြားမှမရှိတာလေ။
ပတ်စပို့စာအုပ်ကအစ လေယာဉ်ပေါ်တက်တဲ့အထိ အလုပ်ပါအပြီးအစီးဆိုတော့ ငါ့လောက်ကံကောင်းတဲ့သူမရှိဘူးပဲ။
အိမ်ကိုလဲတစ်လစားရိတ်ငါးသောင်းပေးထားဦးမှာတဲ့။
ဟိုမှာဝတ်ဖို့ဘေထုတ်ထဲကအင်္ကျီလေးဘာရွေးထားရမယ်။
ကြီးမေကငွေတစ်သိန်းအရင်းအနှီးပြုတယ်။
တူတူတန်တန်ဆိုလို့
ကျမမှာစီးစရာဘိနပ်တောင်မရှိဘူး။
တကိုယ်ရည်သုံးဖို့အတွက်လဲဝယ်သင့်တာဝယ်ရဦးမယ်။
မနက်ဖြန်လေယာဉ်တက်မယ်ဆိုတော့ ညဘက်မိကတွေကိုကန်တော့တယ်။
အဖေနဲ့အမေကောကျမပါ ဝမ်းနည်းမှု့တစ်စုံတရာမဖြစ်ဖူး။
ရုပ်ရှင်တွေထဲကလို မျက်ရည်လဲမကျကြဘူး။
ကျမက ငွေရှာဖို့သွားမှာလေ။
မျက်ရည်လေးစမ်းစမ်း စမ်းစမ်းနဲ့ဘာလုပ်မှာလဲ။
နောက်ဆံငင်တယ်။
.
.
သူများတွေတိုင်းပြည်များ လှလိုက်တာ။
စိမ်းလန်းစိုပြေနေတာပဲ။
လူတွေရဲ့မျက်လုံးတွေကလဲကြည်လင်ပြီးတောက်ပနေတယ်။
အသားအရည်တွေကအစစိုပြေနေကြတယ်။
တွေ့မိတဲ့နေရာတိုင်းမှာ သန့်ရှင်းနေပြီး အမှိုက်တစ်စမှ မရှိတာတွေ့ရတယ်။
ဟိုင်းဝေးလမ်းမကြီးတွေဆိုတာကလည်းကောင်းလိုက်တာ။
ချိုင့်ခွက်ပိစိလေးတောင်မရှိတာ အံ့သြရတယ်။
သူတို့ဆီကစည်ပင် အလုပ်သမားတွေက သူ့အဆိုင်းနဲ့သူအလုပ်လုပ်ရတယ်ထင်ရဲ့။
ညဘက်မှာလဲအလုပ်လုပ်နေကြတာတွေ့ရတယ်။
လမ်းဘေးဝဲယာမှာလဲသစ်ပင်ကြီးတွေကိုတွေ့ရတယ်။
သက်တမ်းရင့်အပင်မျိုးတွေကိုမခုတ်ပြစ်ပဲထားတာကိုက ဂုဏ်ယူစရာ။
ဘယ်နေရာကိုကြည့်ကြည့် စိမ်းလန်းနေတယ်။
ရာသီဥတုမရှိတဲ့အတွက် မိုးရွာချင်တဲ့အချိန်ရွာတယ်။
နေပူတယ်။
ဒါပေမယ့်နေပျော်တယ်။
ဝင်ငွေနဲ့ထွက်ငွေ အချိုးကျတယ်။
.
.
ကျမ စက်ရုံတစ်ခုမှာအလုပ်လုပ်ရပါတယ်။
အစားအသောက်လည်းကောင်းမွန်စွာကျွေးတယ်။
ယူနီဖောင်းလည်းပေးတယ်။
အင်ဒိုမလေးတစ်ယောက်နှင့်အတူနေရတယ်။
သူကအင်္ဂလိပ်စကားကိုမွှတ်နေအောင်ပြောတတ်တယ်။
ကျမက အလယ်တန်းအထိပဲစာသင်ခဲ့ရသူပါ။
မိဘတွေက မပြေလည်ကြတော့ အတန်းကျောင်းတက်ဖို့ထက် စျေးထဲမှာစျေးအကူရောင်းပြီးငွေရဖို့ကိုသာ စိတ်ကရှိနေတာ။
မိကတွေကလဲ သေစာရှင်စာသာတတ်ကြတာလေ။
နောင်တစ်ချိန်မှာ ဘွဲ့ရပြီးလခစားလုပ်မှ ရလာမယ့်ပိုက်ဆံထက် ခုလောလောဆယ်ရမယ့်ပိုက်ဆံကိုပိုပြီးသူတို့က မက်မောကြတယ်။
သားသမီးပညာတတ်ဖို့ဆိုတာ မိဘနဲ့လည်းဆိုင်တယ်လို့ ကျမထင်တယ်။
မိဘဆင်းရဲတော့ သားသမီးဆင်းရဲတယ်။
မိဘချမ်းသာမှ သားသမီးချမ်းသာမယ်လို့ ငယ်ရွယ်တဲ့ကျမနှလုံးသားမှာ စွဲနေတယ်။
ဆင်းရဲ့ချို့ငဲ့တဲ့
မိသားစုတွေမှာ သားသမီးတွေမများသင့်ဘူးလို့လဲ ကျမတွေးမိတယ်။
အဖေဖြစ်သူကိုကြည့်လိုက်တော့လည်းအရိုးပေါ်အရေတင်ပြီး မျက်လုံးကချောက်ထဲကျနေပြီ။
နေပူပူမှာ ကျောပြောင်ပြောင်နဲ့ဆိုက်ကားကို ကုန်းရုန်းနင်းလို့။
အမေကို ကြည့်လိုက်ပြန်တော့လည်း မူလရုပ်ကမမှတ်မိချင်စရာ။
အုန်းဆီနဲ့ကင်းကွာနေတာကြာတဲ့ဦးခေါင်းပေါ်ကဆံပင် ဖွာလန်ကျဲ။
အရောင်အဆင်းမဲ့နေတဲ့ အကွက်မပေါ်ထမီကိုဝတ်ပြီး
အငယ်ဆုံးကလေးကိုခါးထစ်ချီ။
ကျန်တဲ့ကလေးတစ်အုပ်တစ်မကိုဦးဆောင်ပြီးခြေဗလာနဲ့ စတုဒီသာကျွေးတဲ့အရပ်သုတ်ခြေတင်နေတာတွေ့ရတော့…. အင်း…
ဘယ်သူ့ကိုအပြစ်တင်ရမလဲမသိအောင်ကိုဖြစ်သွားတယ်။
အိပ်ခါနီးအတွေးတွေကို ဖြတ်ချလိုက်တယ်။
လကုန်တော့ အမေတို့ဆီငွေငါးသောင်းလာပေးသွားတယ်တဲ့။
တော်သေးတာပေါ့။
ဆန်ဖိုးလောက်တော့ကာမိမှာပဲ။
.
.
ကျမအလုပ်ချိန်က မနက်ကိုးနာရီကနေညနေလေးနာရီအထိဆိုတော့ ကျန်တဲ့အချိန်က ကိုယ်ပိုင်အချိန်ဖြစ်သွားပြီ။
အခန်းဖော်အင်ဒိုမလေးနဲ့ အင်္ဂလိပ်လို ဘရုပ်ကင်း ဆွဲပြောကြရင်း သူ့စကားကိုယ်နားလည်လာပြီ။
ညနေဘက်စားသောက်ဆိုင်တစ်ခုမှာ အချိန်ပိုင်းဝင်လုပ်ကြဖို့ တိုင်ပင်လိုက်ကြတယ်။
အနီးအနားကစားသောက်ဆိုင်မှာ ပန်းကန်ဆေးဖို့လူလိုတယ်ဆိုတာနဲ့ ဝင်လုပ်ကြတယ်။
အင်ဒိုမလေးက အင်္ဂလိပ်လိုရတော့ သူကရှေ့ဘက်မှာအလုပ်လုပ်ရတယ်။
ကျမက နောက်ဘက်မှာပန်းကန်ဆေးရတယ်။
ပန်ကန်ဆေးရတယ်ဆိုပေမယ့် ကျမတို့ဆီက ဘုရားပွဲစျေးမှာ စျေးရောင်းပန်ကန်ဆေးရသလိုမဟုတ်ဖူးလေ။
အင်ဖရွန်လှလှလေးကိုဝတ်ပြီးခေါင်းဆောင်းလေးနဲ့ ဘေစင်မှာစမတ်ကျကျလေးပန်ကန်ဆေးရတာများ စမတ်ကိုကျလို့။
သဘောတောင်ကျနေသေး။
ကိုယ့်ကိုကိုယ်တောင်စိတ်ကြီးဝင်မိသေးတော့တယ်။
ညကိုးနာရီထိုးလို့အိမ်ပြန်တော့ ဆိုင်ရှင်တရုပ်မကြီးက အစားအသောက်တွေထည့်ပေးလိုက်တယ်။
အင်ဒိုမလေးနဲ့ကျမလဲတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးကျေနပ်တဲ့အပြုံးတွေနဲ့ပီတိတွေကျလို့ပေါ့။
လကုန်ပြန်တော့ စားသောက်ဆိုင်က လခသုံးရာ ရတယ်။
မိဘတွေဆီကို အကုန်ပေးလိုက်တယ်။
ကြီးမေကဝမ်းသာနေတယ်။
အိမ်ဝိုင်းလေးရအောင်ဝယ်ဖို့ကျမဆန္ဒကို ကြီးမေသိအောင်ဖုန်းနဲ့ပြောပြထားတယ်။
နောက်လ နောက်လတွေမှာလဲဒီလိုပဲ ငွေတွေပို့လိုက် အလုပ်တွေလုပ်လိုက်နဲ့နေလာခဲ့တာ ကုမ္မဏီက အကြွေးတွေလည်းသူတို့သတ်မှတ်ထားတဲ့နှစ်အပိုင်းအခြားမှာ ကျေသွားခဲ့တယ်။
အချိန်ပိုင်းအလုပ်ကရတဲ့ငွေကြေးတွေနဲ့ အိမ်ကမိသားစုလဲ အဆင်ပြေတဲ့အကြောင်း ကြီးမေဆီကတဆင့်သိခဲ့ရတယ်။
ကုမ္မဏီအကြွေးကျေပြီဆိုတာသိရတဲ့နေ့က ပျော်လွန်းလို့အိပ်လို့တောင်မပျော်ဘူး။
နောက်လကစပြီးရတဲ့ငွေကကိုယ်ပိုင်ဖြစ်ပြီ။
အချိန်ပိုင်းအလုပ်က အိမ်စားရိတ်နဲ့လောက်ငှတယ်ဆိုရင် မူလစက်ရုံကပိုက်ဆံက အိမ်ဝိုင်းဝယ်ဖို့စုလို့ရပြီ။
မျှော်လင့်ချက်အလင်းရောင်လေးကတော့ရောင်ခြည်သန်းလာပြီ။
.
.
သူငယ်ချင်းတွေကပိတ်ရက်ကို KLCC သွားဖို့ခေါ်ကြတယ်။
မလိုက်ဖြစ်ခဲ့ဘူး။
ပိုက်ဆံကုန်မှာစိုးလို့။
ဒီမှာကဝယ်စရာ စားစရာတွေဆိုတာအပြည့်လေ။
အင်္ကျီအဝတ်အစား အလှပြင်ပစ္စည်း မိန်းကလေးအသုံးအဆောင်ဆိုတာ ပေါမှပေါပဲ။
ပိုက်ဆံရှိဖို့ပဲလိုတာလေ။
ကျမကတော့အဝတ်အစားဆိုလဲ အိမ်ကယူလာခဲ့တာအပြင် ညနေစျေးတွေမှာပေါပေါလောလောရောင်းတဲ့တစ်ထည်ကို မလေးရင်းဂစ်စ်ငါးကျပ်ပေးရတဲ့ တီရှပ်တွေကိုဝယ်ဝတ်တယ်။
အစားအသောက်ဆိုလည်း ကုမ္မဏီကကျွေးတာစားလိုက်။
စားသောက်ဆိုင်က ယူလာလိုက်နဲ့
သူငယ်ချင်းတွေက ကျမကိုကပ်စေးနည်းလွန်းသူလို့မျက်စောင်းချီကြတယ်။
ခွင့်လွှတ်ပါသူငယ်ချင်းတို့။
ငါ့ဝမ်းနာ ငါသာသိသူမို့ပါ။
ခုဆိုအဖေနဲ့ရောအမေနဲ့ပါဖုန်းပြောခွင့်ရပြီ။
အိမ်ဝိုင်းဝယ်ဖို့ကို ဖုန်းဆက်တိုင်းအမြဲပြောရတယ်။
သားအဖတွေစိတ်ကူးယဉ်ကြတယ်။
ကျမတို့ဆန္ဒတွေမကြာခင်ပြည့်ဝကြတော့မှာပါ။
အိမ်ဝိုင်းကလေးဝယ်ပြီးလို့ အိမ်ဆောက်ပြီးရင် စျေးပဲရောင်းရောင်း သူများဆီမှာပဲအလုပ်လုပ်ဦးတော့ နေစရာအတွက်မပူပန်ရတော့ဘူး။
စားဖို့ပဲရှာရတော့မယ်။
စိတ်အေးလက်အေးလေးတော့ အနည်းငယ်ရှိသွားတာပေါ။
အရင်တုန်းကဆိုရင် ရလာတဲ့ပိုက်ဆံကို အိမ်လခအတွက် ချန်ဟဲ့ စုဟဲ့နဲ့ ထမင်းနဲ့ဟင်းကိုတောင်ဝလင်အောင်စားခဲ့ရတယ်မရှိဘူး။
ဟင်းဆိုတာကလဲ အမည်ခံသက်သက်ပါ။
အာဗြဲခြောက်ကိုမီးဖိုမှာထည့်ကင်ပြီး နည်းနည်းလောက်ကျွတ်တာနဲ့ပန်းကန်ပြားထဲထည့်လိုက်။
ဆီဆမ်းဖို့များဝေလာဝေး။
ငပိရည်ကျိုသုံးရာဖိုးကိုမနက်ညမိသားစုစားလောက်အောင် ကျဲတောက်တောက်ကျို။
စျေးပေါပေါရတဲ့ ပေါက်ပန်းဖြူ ဂေါ်ဖီရွက် ကန်စွန်းရိုးနီတွေကိုဝယ်။
ဝယ်ဆိုတဲ့နေရာမှာလည်း မနက်စောစောစျေးစည်တဲ့အချိန်မှာသွားဝယ်တာမဟုတ်ဖူး။
မနက်ဆယ်နာရီလောက်စျေးပေါင်ကျိုးချိန်ကျမှ သွားဝယ်တာ။
စျေးသည်ကအိမ်ပြန်ချင်နေပြီ။
အဲဒီတော့ အကုန်လုံးဘယ်၍ဘယ်မျှသာပေးပါတော့ဆိုပြီး ပေးခဲ့တာ။
မိသားစုတွေ ဒီလိုပဲစားခဲ့ကြရတာပါပဲ။
.
.
ဒီတစ်ခါလကုန်လို့လခရတာ ဒင်ပြည့်ကျပ်ပြည့်ရတာမို့ အပျော်ဆုံးပါပဲ။
ကုမ္မဏီအကြွေးလဲကျေပြီ။
အိမ်ကိုငွေများများပို့နိုင်ပြီ။
တအားစိတ်ချမ်းသာစရာကောင်းနေတယ်။
ကြီးမေကိုဖုန်းလှမ်းဆက်လိုက်တယ်။
အဖေတို့ကိုအိမ်စားရိတ်ပေးပြီးကျန်တဲ့ငွေကိုကြီးမေ သိမ်းထားပေးပါ။
သင့်တင့်တဲ့ခြံဝိုင်းလေးလဲရောင်းဖို့ရှိရင်စုံစမ်းထားပေးပါ။
အိမ်ကလေးပါရင်တော့အတိုင်းထက်အလွန်ပေါ့။
ကြီးမေက သူစီစဉ်ထားပေးမယ်။
စိတ်ချလက်ချနေပြီးအလုပ်လုပ်ပါဆိုလို့ ကြီးမေကို ကျေးဇူးတင်ရပြန်တယ်။
သင်္ကြန်တို့ သီတင်းကျွတ်တို့ တန်ဆောင်မုန်းတို့ဆိုရင် အိမ်ကိုလွမ်းပါတယ်။
ကိုယ်နိုင်ငံကအလုပ်လာလုပ်သူတွေအချင်းချင်းတွေ့ကြရင် မျက်ဝန်းမှာမျက်ရည်လေးတွေကိုယ်စီဝေ့ရင်း အိမ်ပြန်ချင်တဲ့အကြောင်းလေးတွေ စုပြောကြတယ်။
အမေကဘယ်လို ညီအစ်ကိုမောင်နှမတွေကဘယ်လိုဆိုပြီးတစ်ယောက်အကြောင်းတစ်ယောက်နားထောင်ပေးရင်း အိမ်ပြန်ချင်တဲ့လွမ်းဆွတ်မှု့တွေကိုဖြေသိမ့်ကြတယ်။
ရုပ်ဝတ္ထုတွေတအားတိုးတက်ပါတယ်။
မြင်မြင်သမျှငေးမောပြီးပြန်ပြောပြဖို့ခက်လောက်အောင်ကိုတိုးတက်လှပပါတယ်။
ဒါပေမယ့် ကိုယ့်မြေ ကိုယ့်ရေမဟုတ်တဲ့အတွက် နေမပျော်ဘူး။
မျက်နှာစိမ်းတွေအလယ်မှာ သူ့စကားကိုယ်မသိ ကိုယ့်စကားသူမသိနဲ့ နွေးထွေးခြင်းကင်းမဲ့စွာ နေကြရတယ်။
ကိုယ့်ပြည်ကိုယ့်ရွာမှာတုန်းက ရင်ကလေးကော့ ခေါင်းလေးမော့ပြီးထင်တိုင်းကျဲ အတားဆီးမဲ့သွားချင်တာသွားလို့ရတယ်။
သူများအရပ်မှာ နေချင်သလိုနေလို့မရပါဘူး။
စကားပြောတာ အပြင်ထွက်တာကအစသတိဝိရိယရှိရပါတယ်။
အဲဒီတော့ အားတဲ့အချိန်ဆိုအဆောင်ထဲမှာကြိတ်မှိတ်နေပြီး
အိမ်အလွမ်းပြေ ဓာတ်ပုံလေးတွေထုတ်ကြည့်လိုက် အမေ့ဆီကိုစာတစ်ကြောင်းနှစ်ကြောင်းလောက်ရေးထားလိုက်နဲ့ သတိရစိတ်ကိုချိုးနှိမ်ခဲ့ရပါတယ်။
ငါ့မိသားစုအတွက်ငွေလာရှာတာ။
ငါ့မိသားစုဘဝက ငါ့အပေါ်မှာမူတည်နေတယ်။
ငါပျော့ညံ့နေလို့မဖြစ်ဖူး။
ငတ်တလှည့်ပြတ်တလှည့်ဘဝကိုငါမုန်းတယ်။
တခါများဆို အဖေနေမကောင်းတာဆေးခန်းပြဖို့ငွေမရှိလို့ ဆေးဆိုင်ကဆေးမြီးတိုဝယ်တိုက်ပြီးဒီအတိုင်းကြည့်နေရတယ်။
အိမ်နောက်လမ်းကအိမ်တစ်အိမ်ကအဝတ်ငှားလျှော်ဖို့ခေါ်လို့ သွားလျှော်ရတယ်။
မီးနေသည်ရဲ့ထမီတွေ။
အန်ချင်တဲ့စိတ်တွေကိုမြိုချရင်းမျက်ရည်တွေလဲဖြိုင်ဖြိုင်ကျလာရင်း အင်မတန်မှရွံစရာကောင်းတဲ့မီးနေသည်ရဲ့မီးတွင်းထမီတွေကိုလျှော်ခဲ့ရတယ်။
သူတို့က ပိုက်ဆံပိုပေးပါတယ်။
အိမ်ကိုအမြန်ပြန်လာခဲ့တယ်။
အဖေ့ကိုဆေးခန်းပို့ဖို့အမေ့ကိုပြောလိုက်တယ်။
ကိုယ်ကတော့ရေကပြင်မှာတဝေါ့ဝေါ့နဲ့ထိုးအန်ပါတော့တယ်။
ဆေးခန်းနှစ်ရက်လောက်ပြပြီးတော့အဖေနေကောင်းသွားတယ်။
အဖေနေကောင်းသွားတယ်ဆိုရင်ကျေနပ်ပြီလေ။
ကိုယ်လုပ်ခဲ့ရတဲ့အလုပ်ကဘာမှမဟုတ်ပါဘူး။
ဒီလိုပဲ ဖြေတွေးတွေးလိုက်ရတယ်။
ဘယ်အရာနဲ့မှ အစားထိုးမရနိုင်တာမိဘပဲလေ။
.
.
အချိန်ကာလတွေကိုတစ်ရက်ပြီးတစ်ရက်ကျော်ဖြတ်ခဲ့ပြီးပြီ။
အမိမြေကိုပြန်ဖို့အချိန်လဲနီးကပ်လာပြီ။
အိမ်ကိုငွေပို့ထားတာလဲအိမ်ဝိုင်းတစ်ဝိုင်းစာမကရှိနေပြီ။
အိမ်ကလေးပါ ပါတယ် ပြန်ပြင်ရင်ငွေသိပ်မကုန်ဘူးလို့တော့အဖေကပြောတယ်။
ဟေးးးးးး
ဒီတသက်တော့အိမ်ပိုင်ယာပိုင်နဲ့နေရပြီကွ။
ဘယ်သူ့မျက်နှာမှကြည့်နေစရာမလိုတော့ဘူး။
ကလေးတွေကဆူလိုက်တာဆိုပြီးအပြစ်တင်သံ။
ဆော့လိုက်တာမျောက်တွေကျနေတာပဲဆိုပြီးမျက်စောင်းခဲဟန်။
ဧည်သည်လေးတစ်ခါတစ်ရံလာမိပါတယ်။
ဘယ်နှစ်ရက်နေမှာလဲ ဘယ်နှစ်ယောက်လဲဆိုပြီးမေးငေါ့ခံရတာတွေနဲ့ဝေးပြီကွ။
ကိုယ့်အိမ်နဲ့ကိုယ့်ခြံမှာ မိုးပျံအောင်ပဲဆော့ဆော့ နားလျှံအောင်ပဲစကားပြောပြော လွတ်လပ်ခြင်းရဲ့အရသာကို အပြည့်အဝခံစားရတော့မယ်။
အိမ်ခြံဝင်းကလေးလဲဝယ်ပြီးပြီဆိုတော့ စားဖို့ပဲရှာရမယ်။
ကလေးတွေကိုကျောင်းဆက်ထားရမယ်။
ပညာတတ်မှဖြစ်မယ်။
အဖေ့ကိုတော့အလုပ်မခိုင်းတော့ပါဘူး။
ငါပဲအလုပ်ထွက်လုပ်မယ်။
ခြံထဲမှာသီးပင်စားပင်စိုက်မယ်။
ပန်းပင်တွေစိုက်မယ်။
ငါ့မိသားစုလေးအေးချမ်းပါပြီ။
နေပူပူမှာချွေးတလုံးလုံးနဲ့ဆိုက်ကားနင်းနေတဲ့အဖေ့ကိုကျောပြောင်ကြီးနဲ့တွေ့တဲ့နေ့ကဆို ရင်ထဲဆို့လာလာလိုက်တာ။
အဖေ့ကိုသနားလွန်းလို့ မငိုနိုင်ဘူးဖြစ်ခဲ့ရတယ်။
အဖေနဲ့အမေကို အိမ်ကောင်းကောင်းလေးနဲ့ထားချင်တာပါ။
အရိပ်ကောင်းကောင်းလေးမှာနေစေချင်တာပါ။
အိမ်လခမပေးနိုင်လို့အိမ်ရှင်ကိုမျက်နှာငယ်လေးနဲ့သွားတောင်းပန်နေတဲ့အမေ့မျက်နှာလေးကို ဒီနေ့ထိဟောဒီရင်ထဲမှာမေ့မရနိုင်ခဲ့ဘူး။
အိမ်အတွက်လိုအပ်တဲ့ပစ္စည်းလေးတွေလျှောက်ဝယ်နေမိတယ်။
မီးခိုးရောင်ခန်းဆီး လိုက်ကာလေးတွေလဲဝယ်လိုက်တယ်။
ပြူတင်းပေါက်တွေမှာတပ်မယ်။
အိမ်ပေါက်ဝမှာချိတ်ဖို့ တွဲလောင်းကျနေတဲ့ လှုပ်လှုပ်လေးတွေပါတဲ့ ခရစ်စတယ်လေးတွေလဲဝယ်လိုက်တယ်။
ကြီးမေနဲ့အမေ့အတွက် ကီမိုနိုထမီစတွေဝယ်လိုက်တယ်။
အဖေကသူ့အတွက်နာရီလိုချင်တယ်လို့မှာထားတယ်။
ကလေးတွေအတွက်ကတော့ ချောကလက်နဲ့တိုလီမိုလီ ကစားစရာတွေပေါ့။
လက်ကျန်ငွေကိုတော့အေးဂျင့်ကိုပဲလွဲထားလိုက်တယ်။
ဗမာပြည်ပြန်ရောက်မှ ကိုယ်တိုင်လာထုတ်ယူမယ်လို့။
.
.
ဒီနေ့လေဆိပ်ဆင်းရပြီ။
ရင်ထဲမှာပျော်လိုက်တာ။
ရုပ်ဝတ္ထုတွေအရမ်းတိုးတက်နေတဲ့သူတို့တိုင်းပြည်။
ပြန်ချင်စရာတကွက်မှမရှိဘူး။
တစ်ကိုယ်ထဲသမားဆိုရင်တော့ပြန်ကိုမပြန်ဘူး။
တသက်လုံးနေမှာ။
အဲဒီလောက်အထိဆွဲဆောင်မှု့ကောင်းတာ။
ခုတော့သံယောဇဉ်အမျှင်တွေကတန်းနေတော့ ပြန်ရပါပြီအမိမြေကို။
လေယာဉ်ပြူတင်းပေါက်ကနေအောက်ကိုငုံ့ကြည့်မိနေတယ်။
ရွှေရောင်ဝင်းနေတဲ့ဘုရားတွေကိုမြင်ရတယ်။
စိမ်းမြနေတဲ့လယ်ကွင်းတွေကိုလဲတွေ့ရတယ်။
ငါ့မြေငါ့ရေ ငါ့ပိုင်နက်ကိုပြန်ရောက်ပြီ။
လေယာဉ်ပေါ်ကအဆင်းမှာတော့တိုက်ခတ်လာတဲ့လေနုအေးလေးကြောင့် နွေးထွေးခြင်းဆိုတဲ့ခံစားမှု့လေးကိုရလိုက်တယ်။
လေဆိပ်ထဲအဝင်မှာတော့လာကြိုတဲ့လူတွေကိုတွေ့ရတယ်။
အရောင်အသွေးစုံပါတယ်။
မျက်လုံးတွေမှာအရောင်မဲ့နေသလိုခံစားမိတယ်။
ကိုယ့်အစီအစဉ်နဲ့ပဲအိမ်ကိုပြန်လိုက်တယ်။
ခြံဝကနေ အမေ အဖေ ဆိုပြီးသံကုန်ဟစ်လိုက်တယ်။
ကလေးတွေပြေးထွက်လာတယ်။
အဖေနဲ့အမေကနောက်က လိုက်လာတယ်။
ကြီးမေတို့အိမ်ကိုလဲလှမ်းပြီးအသံပြုလိုက်တယ်။
တဘက်တစ်ထည်ခေါင်းပေါင်းပြီးကြီးမေထွက်လာတယ်။
အဖေနဲ့ကြီးမေတို့အမူအရာကတစ်မျိုးပါလား။
မျက်လုံးတွေကခပ်စိမ်းစိမ်းဖြစ်နေသလိုပဲ။
ညနေစာကိုတော့ အမေချက်တဲ့ခရမ်းချဉ်သီးငပိချက် ဘဲဥကြော်
တို့စရာတလှေကြီးနဲ့ဗိုက်ကားအောင်စားလိုက်တယ်။
မိဘအရိပ်မှာဆိုတော့ နေရတာနွေးထွေးလိုက်တာ။
အစစအရာရာလုံခြုံနေသလိုခံစားရတယ်။
စကားစမြည်တွေတဝကြီးပြောကြပြီးအိပ်ယာဝင်ခဲ့ကြတယ်။
.
.
မနက်မိုးလင်းတော့ အဖေ့ကိုပြောတယ်။
သမီးတို့ဝယ်တဲ့ခြံကိုသွားကြရအောင်အဖေ..
သမီးကြည့်ချင်လှပြီ..
ကဖေက အင်းမလှုပ် အဲမလှုပ်နဲ့။
အမေကလဲဘာစကားမှမဆို မျက်နှာထားတင်းတင်းနဲ့ရေနွေးအိုးကိုတည်နေတယ်။
အဖေနဲ့အမေ သမီးပြောတာကြားလား..သွားကြမယ်လေ..
ကလေးတွေကမျက်နှာငယ်လေးတွေနဲ့ကျမကိုကြည့်နေကြတယ်။
ဘာအမူအရာတွေလဲ။
မဟုတ်သေးပါဘူး။
အဖေကအင်္ကျီတစ်ထည်ကောက်ဝတ်ပြီးအပြင်ကိုထွက်သွားတယ်။
..အမေ…
ကျမလေသံမြှင့်ပြီးခေါ်လိုက်တယ်။
ဘာတွေဖြစ်နေကြတာလဲ..
သမီးတို့ဝယ်ထားတဲ့ခြံကိုသွားကြည့်မယ်လေ..
လိုအပ်တာတွေပြင်ဆင်ရအောင်..
အေးမေ..ဘာခြံမှညည်းအဖေမဝယ်ဖြစ်ဖူးအေ့..
..ဘာ…
ခြံဝိုင်းမဝယ်ဖြစ်ဖူးဟုတ်လား..
ဒါဘာစကားလဲ..
ဟုတ်တယ်..မဝယ်ဖြစ်ဖူး..
ကျမ ကြီးမေအိမ်ကိုပြေးသွားမိတယ်။
ကြီးမေက..
လာ..အေးမေ..ထိုင်..
ဘာတွေလဲကြီးမေ..သမီးကိုပြောပါဦး..သမီးဘာမှမသိရပါလား..
ညည်းအဖေက ငါ့ဆီကိုညည်းပိုက်ဆံတွေပို့ထားတာကိုမကျေနပ်ဖူးအေ့…
သူတို့ကိုင်သုံးချင်တယ်တဲ့…
ငါက ထုတ်မပေးဘူးလေ..
ညည်းနဲ့ငါတိုင်ပင်ထားသလိုအိမ်ဝိုင်းဝယ်ဖို့စုထားတာလေ..
အဲဒါသူက ရပ်ကျေးဥက္ကဌကိုတိုင်တန်းပြီး ငါ့ဆီကငွေတွေကိုတောင်းတယ်..
တရားတဘောင်ဖြစ်ရတာငါမကြိုက်ဖူး..ရှက်တယ်..
ငါ့သားသမီးတွေကလဲ သူဒီလိုလုပ်တာကိုမကြိုက်ဖူး..
ငါ့ကိုလဲဆူတယ်..
ငါလဲစိတ်ရှုပ်မခံနိုင်လို့ငွေတွေကိုပြန်ပေးလိုက်တယ်..
သူတို့နှစ်လုံးထီဒိုင်ကိုင်တယ်..
သုံးလုံးထီလောင်းကစားလုပ်တယ်…
ငါသိတာဒါပဲ…
သူတို့ကိုတော့ငါ့ခြံဝင်းထဲမှာပေးနေသေးတယ်..ဘယ်မှာမှနေစရာမရှိဘူးလေ..
အခုနင်ပြန်လာပြီဆိုတော့ နင်တို့ကောင်းသလိုသာကြည့်စီစဉ်တော့..
ကျမရင်ထဲမှာအသဲနှလုံးတွေတစ်ခုမှမရှိတော့သလိုခံစားလိုက်ရတယ်။
ဟာတာတာကြီးဖြစ်သွားတယ်။
ခြေတွေလက်တွေလဲမသယ်ချင်လောက်အောင်တစ်စစီပြုတ်ကျသွားသလိုဖြစ်သွားတယ်။
ဘယ်လိုအဖြစ်မျိုးတွေလဲ။
ငါရှာထားတဲ့ငွေတွေကော။
အကောင်အထည်ဘာမှမရှိပဲသဲထဲရေသွန်ဖြစ်သွားပြီလား။
မိဝေးဖဝေးနဲ့တစိမ်းတွေအလည်မှာမျက်နှာငယ်ငယ်နဲ့ အငတ်ခံပြီးချွေတာစုဆောင်းခဲ့ရသမျှဘာမှအရာမထင်ဖြစ်သွားပြီလား။
လူကလဲအငွေ့ပျံပြီးပျောက်ကွယ်သွားချင်မိသလိုဖြစ်သွားတယ်။
ခေါင်းငိုက်စိုက်ချပြီးအိမ်ကိုပြန်လာမိတယ်။
ဘယ်သူ့ကိုမှလည်းစကားပြောချင်စိတ်မရှိတော့ဘူး။
ပို့ထားတဲ့တဲ့ငွေတွေကိုဒီလိုလုပ်ပြစ်တာကတော့ မဖြစ်သင့်ဘူးပဲ။
သားသမီးတစ်ယောက်အနေနဲ့ မိဘကိုမှမယုံကြည်ရရင် ဘယ်သူ့ကိုယုံကြည်ရမလဲ။
မိဘကိုသားသမီးကငွေအပ်ခြင်းမအပ်ခြင်းကလည်းမိဘနဲ့ဆိုင်တယ်လေ။
ကိုယ့်မိဘ အကျင့်စရိုက်ကဘယ်လိုရှိလဲဆိုတာလဲသားသမီးကသိနေရမယ်။
နင်က ငါတို့ဆီငွေကိုမပို့ပဲ အမကြီးဆီကိုပို့နေတယ်..
ငါတို့ကသူ့ဆီကတဆင့်လက်ဖြန့်သုံးနေရတယ်..
ငါတို့ကဒါကိုသဘောမကျဘူး…
ဟုတ်ပြီ..ခုအဲငွေတွေဘယ်မှာလဲ..
ငါတို့လဲ ပွားလာအောင်လုပ်တာပဲ..
ကံပေါ့ဟာ.
စကားကိုလွယ်လွယ်ပြောတတ်လိုက်တာအဖေရာ..
ကံကိုပုံမချပါနဲ့..
ကံဆိုတာလူကလုပ်တာပါ..
မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်..
ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်..
ဒါကျမခံယူချက်ပဲ..
အရပ်ထဲမှာ အမကြီးဆီကလက်ဝေခံပြီးငွေတောင်းသုံးနေရတယ်လို့အပြောခံရတယ်..
သားသမီးကမိဘဆီကိုဒါရိုက်ငွေပို့ရမှာပေါ့တဲ့…
သမီးလေးကမိဘကိုငွေဘယ်လောက်ပို့ထားပြီလဲမေးကြတယ်။
မိဘကိုသားသမီးကငွေများများပို့ထားမှလိမ္မာတယ်ဆိုပါတော့။
ကျမကတော့မထင်ဘူး။
ဥာဏ်အမြော်အမြင်ရှိပြီးမိသားစု
ကိုသိပ်ချစ်တဲ့သူတွေဟာ ပိုက်ဆံကိုအပ်သင့်မှအပ်ပါတယ်။
ကိုယ်တသက်လုံးဒီမိသားစုနဲ့နေလာတာလေ။
အဖေအမေဘယ်လို့အကျင့်စရိုက်ရှိတယ်ဆိုတာကိုယ်သာအသိဆုံး။
ပတ်ဝန်းကျင်ကလူတွေသိတယ်ဆိုတာကလည်းအပေါ်ယံပဲသိတာပါ။
ကိုယ့်လောက်အတွင်းကျကျဘယ်သိနိုင်မှာလဲ။
သားသမီးရဲ့အနာဂတ်အတွက်မိဘရဲ့စီမံခန့်ခွဲမှု့ကအဓိကကျတယ်လို့ကျမထင်တယ်။
ကိုယ့်မိဘက သူများကိုအယုံလွယ်တယ်။
သူများမှာငွေမရှိရင်ကိုယ့်ရှိတာကိုချေးချင်ငှားချင်တယ်။
ကိုယ့်ရှိတာလေးကိုနေ့ဖို့ညစာချန်သင့်တာချန်ပြီးကျစ်ကျစ်ကလေးထားမယ်ဆိုတာမရှိဘူးပဲ။
ပိုယ့်ဆီကယူသွားတဲ့လူတွေကတော့ ကတိကဝတ်အမျိုးမျိုး မက်လုံးအမျိုးမျိုးပေးပြီးယူသွားကြလေ၏။
အချိန်တန်ပြန်မရတော့ မိတ်ဆွေလဲဆုံး ငွေလဲဆုံး။
ဒေါသတွေ ပူလောင်ခြင်းတွေသာကိုယ်မှာအဖတ်တင်တယ်။
မိဘတွေရဲ့အားနည်းချက်တွေကိုသိလို့ ကြီးမေနဲ့တိုင်ပင်ပြီးဒီလိုလုပ်ခါမှ တရားတဘောင်ဖြစ်ပြီးငွေပြန်တောင်းရတဲ့အထိ ဖြစ်ရသလား။
ကြီးမေခမြာလဲ ခြံထဲမှာလဲထားရသေးတယ်။
ကိုယ့်ကိုလဲတရားပြန်စွဲတာခံရသေးတယ်။
ကြီးမေမှာလဲသားသမီးတွေရှိတယ်လေ။
ဒီလိုလုပ်ရပ်ကိုဘယ်သည်းခံပါ့မလဲ။
ညည်းမိဘများအေ..ငွေဒဏ်ကိုမခံနိုင်ကြဘူး..စားလိုက်ကြတဲ့ဟင်းကောင်းကျွဲကောင်းတွေ..
ပုစွန်ထုတ်ကြီးတွေဆိုသီလဝါဘက်မှာတောင်သွားဝယ်တာ..အံရော..ကြက် ဘဲဆိုကောင်လုံးထိုးဝယ်ချက်တာ..
လာလိုက်တဲ့အပေါင်းအသင်းတွေဆိုတာလဲတဝုန်းဝုန်းတရုန်းရုန်းနဲ့…
ညည်းအမေ ငါ့ယောင်းမကလဲအမြှောက်ကြိုက်ပါလားအေ..
ငါတို့များတသက်လုံးတောမှာနေလာတာ..ချည်ထမီအပေါစားအေးတာပဲဝတ်လာတာအေ..
သူ့ကျမှ ညွန့်ပေ့ဆိုတာတွေတနေ့တစ်မျိုးမရိုးနိုင်အောင်ဝတ်နေတာတွေ့ရပါ့..
သမီးကိုဒီအကြောင်းတွေလှမ်းမပြောတာငါ့ကိုအပြစ်မဆိုနဲ့အေ..
ညည်းအဖေက ငါ့သမီးကိုလှမ်းတိုင်ရဲရင်တိုင်ကြည့်ဆိုပြီးတနေ့သုံးခါဓားကြီမ်းကြိမ်းနေတာ..
ငါ့ယောင်္ကျား ငါ့သားသမီးတွေကိုထောင်တန်းမကျစေချင်ဘူးအေ..
လုပ်လိုက်ရင်လဲမကောင်း..ခံရရင်လဲမကောင်း..အကုန်သူကငါ့သွေးသားတွေလေ..
ပတ်ဝန်းကျင်ကတော့လက်ခုတ်တီးဘို့စောင့်နေတာပေါ့အေ..
ဂုန်းစကားပြောမယ်..ဂျိုထိုးမယ်..
ညာစားမယ်..မဟုတ်တာအဟုတ်လုပ်ပြောမယ်..
မတည့်ကြရင်ကြိတ်ပြီးဝမ်းသာမယ်….
ဒါကိုညည်းအဖေက ပါးရည်နပ်ရည်မရှိပဲ ငါ့ကိုချည်းရန်လုပ်နေတာ ငါမခံနိုင်ဘူးအေ့..
ငါ့မှာလဲစိတ်ရှိတယ်…
ကျမဘာဆက်လုပ်ရမလဲ အကြိမ်ကြိမ်အခါခါတွေးနေမိပါတယ်။
အိမ်ရှေ့ခန်းမှာနှစ်ခြိုက်စွာအိပ်ပျော်နေတဲ့အဖေ့ကိုကြည့်ပြီးမျက်ရည်တွေလဲဝဲလာမိတယ်။
အရင်တုန်းက နေပူပူမှာ ကျောပြောင်ကြီးနဲ့ ဆိုက်ကားထွက်နင်းနေတဲ့အဖေ။
ဆိုက်ကားဂိတ်မှာအဖေ့ကိုစောင့်ပြီးပိုက်ဆံသွားယူတော့ နဖူးကကျလာတဲ့ချွေးကို မသုတ်အားပဲ ပြုံးနေတဲ့မျက်နှာလေးနဲ့ ခါးပိုက်ဆောင်ထဲက ပိုက်ဆံလေးကိုအတင်းထုတ်ပေးတဲ့အဖေ။
အိမ်မှာဟင်းချက်ရင် သမီးကြီးကျမအတွက် အမြဲချန်ထားတဲ့အမေ။
ထမီအသစ်ကလေးနှစ်ထည်ရှိရင် ကျမကိုပဲဝတ်စေပြီး အမေကတော့ အရောင်အဆင်းမရှိ အကွက်မပေါ်တော့တဲ့ရေလဲသာသာထမီကိုအမြဲဝတ်နေတဲ့အမေ။
ဘယ်သူ့ဘယ်သူကိုမှ ကျမအပြစ်မမြင်ရက်တော့ပါ။
ရှေ့ကိုကျမဘာဆက်လုပ်ရမယ်ဆိုတာကိုသာ ခေါင်းအေးအေးထားပြီးစဉ်းစားလိုက်တယ်။
ကြီးမေကိုလဲခွင့်တောင်းလိုက်တယ်။
အဖေတို့ကိုဒီခြံထဲမှာနေခွင့်ပြုပါဦးကြီးမေရယ်..လခလဲယူပါ..ဒါမှလဲကျမစိတ်ချမ်းသာမှာပါ…
ကြီးမေက သဘောတူတယ်။
အဖေနဲ့အမေကိုလဲပြောပြတယ်။
အဖေတို့လုပ်ရပ်တွေကိုဒီနေ့ကစပြီးရပ်လိုက်ပါတော့။
ခုဆိုလက်ထဲမှာလဲငွေအနည်းအကျဉ်းပဲကျန်တော့တယ်။
သုံးလစာလောက်စားဖို့ပဲရှိတော့တယ်ဆိုရင်အဲဒါနဲ့လောက်အောင်စားပါ။
သမီးဟိုကိုပြန်သွားမယ်။
သမီးမှာအလုပ်ကလည်းအဆင်သင့်ရှိနေတယ်။
သူဌေးကလဲပြန်ခေါ်တယ်။
အဖေနဲ့အမေကကျမပြန်သွားမယ်ဆိုတော့မျက်နှာငယ်လေးနဲ့ဒီမှာပဲရရာကျပမ်းလုပ်စားကြမယ်သမီးကြီးရယ်တဲ့။
သူ့အမှားတွေအတွက်ကျမကိုအလီလီအဖန်ဖန်တောင်းပန်ပါလို့ကျမရင်တွေကွဲကျေနေပါပြီ။
ကျမအသက်ရှင်နေသေးသမျှငွေကပြန်ရှာလို့ရနေသေးတာပဲ။
ဘဝတသက်တာမှာမိဘဆိုတာအစားထိုးလို့မှမရတာ။
.
.
ကျမဟိုကနေလွှဲထားတဲ့ငွေတွေကိုသွားထုတ်လိုက်တယ်။
ကြီးမေတို့နဲ့အလှမ်းမကမ်းကရောင်းမယ်ဆိုတဲ့ခြံဝင်းကိုတခါတည်းစရံပေးလိုက်တယ်။
ကျန်ငွေကိုဟိုကနေ ကျမလစဥ်လွှဲပေးမယ်လို့ပြောပြထားတယ်။
ကျေးရွာလူကြီးတွေဆီမှာ ရှေ့နေရှေ့ရပ်တွေနဲ့ သက်သေအခိုင်အမာထားပြီး စာချုပ်စာတမ်းလုပ်လိုက်တယ်။
ကျမအတော်လေးစိတ်လက်ချမ်းသာသွားတယ်။
နောက်ကျောလုံသလိုလဲခံစားလိုက်ရတယ်။
မိသားစုအတွက်လေနုအေးလေးတိုက်ခတ်လာသလိုအေးမြမြလေးရင်ထဲမှာဖြစ်နေမိတယ်။
အဖေနဲ့အမေကတော့ကျမလုပ်ရပ်တွေကိုမျက်ရည်ဝဲဝဲလေးတွေနဲ့ပီတိကျရင်းပြုံးပြီးကြည့်နေတယ်။
နောက်တပါတ်လောက်အကြာမှာတော့ ကျမလေဆိပ်ကိုဆင်းပါတယ်။
ဒီတစ်ခါလေယာဥ်ပေါ်အတက်မှာတော့ ခေါင်းမော့ရင်ကော့ပြီးအားမာန်တွေအပြည့်နဲ့ပါ။
စိတ်ဖြောင့်ဖြောင့်နဲ့ထွက်ခွာလာတဲ့ပြည်ပခရီးပါ။
လူတွေအားလုံးအတွက်နွေးထွေးမှု့တွေအပြည့်နဲ့အိမ်လေးတစ်လုံးလိုအပ်ပါတယ်။
ပြီးပါပြီ