နှောင်ကြိုးလေးတစ်မျှင်

နှောင်ကြိုးလေးတစ်မျှင်(စ/ဆုံး)
—————————-

ဒုန်း ! … ဒုန်း !

ဒီအသံက နတ်ကတော် မနှဲမိရဲ့ အိမ်ကြမ်းပြင်နဲ့ နဖူးဆောင့်တိုက်တဲ့အသံ။

သူများ နတ်ကတော်တွေ ဘယ်လို နတ်ဟောလည်း မသိဘူး။ မနှဲမိတို့ နတ်ဝင်ရင် အဲ့သလို ကြမ်းပြင်ကို နဖူးနဲ့ တဒိုင်းဒိုင်းဆောင့်တော့တာပါပဲ။

တခဏကြာရင် မနှဲမိတစ်ယောက် မျက်စိကို စုံမှိတ်၊ ပြာတာတာ အသံပျက်တစ်ခုနဲ့ နတ်အဟောတွေ သူ့ပါးစပ်ဖျားကနေ ခရားရေလွှတ် တသီတတန်းကြီး ထွက်လာပါလိမ့်မယ်။

” အေးခင် … နင့်ယောက်ကျားက ကိုယ်တော်ကြီး မကြိုက်တဲ့ အသားကို အိမ်ပေါ်ယူစားတယ်မဟုတ်လား ”

မအေးခင်က ထိုကိစ္စကို သူ မသိသလိုအမူအယာဖြင့် … ၊ (အမှန်ကတော့ မအေးခင် သိပါ၏)

” ရှင် … အဲ့ အဲ့တာ ကျမ မသိပါဘူး ကိုယ်တော်ကြီးရယ် ”

နတ်ကတော်မနှဲမိက ထုံးစံအတိုင်း ခါးကို လက်နှစ်ဖက်ထောက်၊ ကိုယ်ကို ယိမ်းခါပြီး …

“အောင်မယ် … နင်က နင့်လင်ဘက်က ကာချင်သေးတယ်ပေါ့ ၊ အေး အခု ကိုယ်တော်ကြီးက သူမကြိုက်တာလုပ်လို့ နင်တို့ကို ဒဏ်ခတ်တာပဲဟေ့၊ ကိုင်း အခုတော့ ဘယ့်နှယ်ရှိစ …”

နတ်မေးသူ မအေးခင်ခမျာ သူမတို့မိသားစုအပေါ် နတ်ကြီးက စိတ်ကွက် ဒဏ်ခတ်သည်ဆိုတာနဲ့ ဖင်ကို မီးစနဲ့ထိုးလိုက်သလိုပါပဲ။ ပြာပြာသလဲဖြင့် မနှဲမိအား လက်အုပ်ချီကန်တော့ကာ၊

“ကိုယ်တော်ကြီးရယ် အမိုက်အမဲလေးမို့ ဗွေမယူပါနဲ့ ။ နောက်နောင် ကိုယ်တော်ကြီး မကြိုက်နှစ်သက်တာကို ရှောင်ကြဉ်ပါ့မယ်လို့ ကတိပေးပါတယ် …”

မနှဲမိရဲ့ နုတ်ထွက်စကားက မှန်သော်ရှိ ၊ မမှန်သော်ရှိ မအေးခင်ခမျာမှာတော့ အလွန် ကြောက်ရွံနေရှာသည်။ ဘာပြောပြော နတ်ကတော်မနှဲမိ၏ စကားသည် တိုက်ဆိုင်လွန်းနေ၏။

လွန်ခဲ့တဲ့ ၃လခန့် ၊ တိတိပပ ဆိုရသော် နတ်တော်လက သူမ သတိပေး တားမြစ်ထားပါလျက်ကယ်နဲ့ ခင်ပွန်းဖြစ်သူ လက်သမားဆရာကိုပန်က အရက်ဆိုင်ကအပြန် အိမ်ကို အသားသုပ်တစ်ပွဲ ပါဆယ်ဆွဲလာခဲ့တယ်မဟုတ်လား။

‘ နတ်တော် စစ်ထွက် ‘ ။ သူတို့နယ်မှာက နတ်တော်လ တစ်လလုံး ကိုယ်တော်ကြီး၊ကိုယ်တော်လေး မကြိုက်နှစ်သက်သည့် ဝက်သားကို တစ်မိသားစုလုံး မစားရ၊ ရှောင်ကြဉ်ရသည့်ဓလေ့ ရှိ၏။

ကိုပန်က မူးမူးနဲ့ ယူလာတော့ လင်မယား ရန်မဖြစ်ချင်တာနဲ့၊ မအေးခင် ဘာမှ မပြောပဲ နေလိုက်မိတာပေါ့။

ကိုပန်က မူးလာရင် သွေးအလွန်ဆိုး။ ရန်ဖြစ်ရင် လက်ပါတတ်၏။ တွေ့ရာနဲ့ ကောက်ထု ရိုက် တတ်သေး၏။ဒါကြောင့် မအေးခင်က စကားနည်း ရန်စဲသဘောဖြင့် ငြိမ်နေလိုက်ခြင်းပင်။ အဲ့ဒီ အသားသုပ်ကိုလည်း ဘယ်သူမှ မစားပါဘူး။ လင်တော်မောင် ကိုပန် တစ်ယောက်တည်း စားသွားခဲ့တာ။

အဲ့ဒါကြောင့်လားမသိ။သိပ်မကြာခင် ရက်ပိုင်းလောက်မှာပဲ ကိုပန်ရဲ့ ထူထဲလှတဲ့ ဆံပင်ဘုတ်သိုက်ဟာ အလယ်ခေါင်မှာ ကွက်ပြီး ဆံချည်မွှေးတွေ ကျွတ်ကုန်၏။ ကျွတ်ပါများတော့ ထိပ်ကွက်လုနီးပါး ဖြစ်လာ၏။ နားလည်တဲ့ လူကြီးသူမများ ပြောတာတော့ ‘ နတ်ကွတ်သည် ‘တဲ့လေ။ ဒါတင်လားဆိုတော့ မဟုတ်။မအေးခင်ရဲ့လင် ကိုပန်က လက်သမားဆရာ။ သူ အလုပ်လုပ်သည့် အိမ်တစ်အိမ်က အိမ်ရှင်ရဲ့ ရွှေထည်ပစ္စည်းများ ပျောက်မှုကြောင့် အခု ကိုပန်ကို ရဲက မသင်္ကာမှုနဲ့ ဖမ်းထား၏။ အကုသိုလ်ဆိုတာကလည်း အဖော်အပေါင်းနဲ့ လာတတ်တာကလား။ ဆက်တိုက်ဆိုသလိုပါပဲ မအေးခင် ဘက်မွေးထားတဲ့ ဝက်ကလေးတွေလည်း အနာကျပြီး အကုန်သေပါလေရော ။ ဒါကြောင့် အခု မအေးခင်တစ်ယောက် နတ်ကတော် မနှဲမိဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာတာ့တာပေါ့ ။

” ကောင်းပြီလေ ၊ နောက်နောင် မစော်ကားမိစေနဲ့ပေါ့ ၊ အခုလည်း ဒင်း မှတ်လောက်ပါပြီ ၊ နင့်ယောက်ကျား ငါ့ညီဘွားကြီး မကြာမတင်မှာ အချုပ်အနှောင်က လွတ်စေရမယ်ဟေ့ ၊ အေး လွတ်ခဲ့ရင်တော့ ကိုယ်တော်ကြီးကို ပျော်ပွဲဆက် ၊ ဟုတ်ပြီလား ”

” မှန်ပါ … ကိုယ်တော်ကြီး မ,မယ်ဖြင့် မြန်မြန် မ,စတော်မူပါ ။ ကိုပန်တစ်ယောက် ထောင်ထဲမှာ အနှိပ်စက် မခံရအောင်လည်း ကူညီမှိုင်းမတော်ပါ ။ နှမကြီးယောက်ကျား လွတ်လာရင် ကိုယ်တော်ကြီးအတွက် ပျော်ပွဲဆက်ပါ့မယ်လို့ ကတိခံပါတယ်နော် ”

နတ်ဟောတဲ့ နတ်ဝင်သည်နဲ့ နတ်မေးလာသူ ဒုက္ခသည်တို့ကတော့ အတိုင်အဖောက် ညီလို့။

ဒီလိုနဲ့ တစ်လမပြည့်တပြည့်မှာ မအေးခင်ရဲ့ယောက်ကျား လက်သမားဆရာ ကိုပန် လွတ်လာ၏။ ကိုယ်တော်ကြီးပဲ မ,စတာလား ။ တရားကို နတ်စောင့်တာလား မပြောတတ်ဘူး။ အမှန်တရားက ပေါ်ပေါက်လာ၏။

ပျောက်နေတဲ့ ရွှေထည်ပစ္စည်းတွေနဲ့အတူ အိမ်ပိုင်ရှင်ရဲ့ တူဖြစ်သူကို လက်ရဖမ်းမိတော့ ကိုပန်ကို ပြန်လွှတ်ပေးလိုက်ကြတာပါတဲ့။

ဒါပေမယ့် မအေးခင်ကတော့ နတ်ကတော် မနှဲမိရဲ့ နတ်အဟောအပြောတွေက ဘယ်လို မှန်ကြောင်း၊ ဒက်ထိကွက်ထိ ဟောနိုင်ကြောင်း တစ်ရွာလုံးကို လှည့်ပြောတော့တာပေါ့။ နတ်ကတော်မနှဲမိရဲ့ သတင်းက တစ်ရွာလုံး ဟိုးဟိုးကျော် ဆိုကြပါစို့။

မနှဲမိက စွမ်းတော့ စွမ်းတာ အမှန်ပဲ။ရွာထဲ ပစ္စည်းပျောက် ၊ နွားပျောက် သူ့သွားမေး ၊ ဆယ်ရေး ကိုးရေးလောက်က သူပြောတဲ့အတိုင်း မှန်နေတယ်။

သူက ပြန်ရမယ်ဆိုရင် သေချာပေါက် ပြန်ရတယ်။ အဲ … သူက မရနိုင်တော့ဘူး ၊ မလွယ်ဘူးလို့ ဟောရင်တော့ ပြန်မရတာ သေချာ၏။

ရွာထဲက မိန်းမကြီးအချို့ ပြောတာကတော့ မနှဲမိက နတ်ချုပ်တဲ့ ဂါထာဆိုလား၊ ဝိဉာဉ် ချုပ်တဲ့ မန္တာန်ဆိုလား ပိုင်နိုင်သတဲ့။ ဆိုလိုရင်းကတော့ သူ ခေါ်ချင်တဲ့ ဝိဉာဉ်ကို သူ လိုအပ်တဲ့အခါ အချိန်ပိုင်းနဲ့ ခေါ်နိုင်စွမ်းတယ်ပေါ့။ အဲ့ဒီ ဝိဉာဉ် သို့မဟုတ် အစိမ်းနတ်ရဲ့ အကူအညီနဲ့ သူ ဟောသမျှဟာ မှန်နေတာလို့လည်း ပြောကြ၏။

ဘာပြောပြော ဟောဒီ မန်းကျီးကန်ရွာတစ်ရွာလုံးမှာတော့ နတ်ကတော် မနှဲမိသည် ရဲဌာနထက်ပင် ပို၍ အားကိုးရသူ ဖြစ်ပါ၏။

_________

( ၂ )

ဦးဘိုးရင်ဆိုတာက တကယ် လက်ပေါက်ကပ်သည့် လူကြီး။ဒုန်း ပြောရရင် ဘုန်းကြီးလူထွက်သာ ဆိုတယ် ကွန်မြူနစ်ကြီးလို့တောင် ဆိုရမလားမသိပါဘူး။နံနက်ခင်း ဆွမ်းလောင်းရင်တောင် သံဃာရွေး လောင်းတတ်တာ။ သူ မတည့်တဲ့ ကိုယ်တော်ဆို အိမ်ရှေ့ ဆွမ်းလာရပ်လည်း မသိသလို နေတယ်။

ရေဒီယိုတစ်လုံးကို အိပ်ချိန်မှလွဲ တနေကုန် ဖွင့်နားထောင်လေ့ရှိတယ်။ဦးဘိုးရင်အကျင့်က တော်ရုံ ဘယ်သူက ဘာလာပြောပြော တန်း မယုံတတ်ဘူး။ ချက်ကျလက်ကျ မေးမြန်းတယ်။ ဟာကွက်လွတ်ကွက်ကို ထောက်ပြတတ်တယ်။ လူမှန် လူ့ဂွစာကြီး။

သူ့ဆီများ ဟုတ်နိုးနိုးဆိုတဲ့ ကောလဟာလသတင်း သွားမပြောမိစေနဲ့။ မသေချာလို့ကတော့ ငါကိုင်တုပ်ပြီး အဆဲခံရမှာ အသေအချာပဲ။ ဘာဖြစ်ဖြစ် သူက လက်တွေ့သဘောပါမှ ယုံကြည်တာ။ ဦးဘိုးရင်ဆိုတာက အဲ့သလို လူမျိုး။

ဦးဘိုးရင် မိန်းမ အရီးပေါက်စကတော့ သူနဲ့ ဆန့်ကျင်ဘက်။ နတ်လည်း ယုံ၊ ဗေဒင်လည်း ယုံ ။ဘယ်သူက ဘာပြောပြော ယုံတတ်သူ။ စေးကုပ်တယ်။ နှမြောတွန့်တိုတတ်တယ်။ ရှိထားပြီး ဥစ္စာကို ကျစ်ကျစ်ပါအောင် ကုပ်ကပ်ထားတတ်၏။

သူတို့က အသက်ကြီးမှ အိမ်ထောင်ပြုကြတာဆိုတော့ သားသမီး မရှိကြဘူး။ဘုန်းကြီးလူထွက်နဲ့ အရွယ်လွန်အပျိုကြီး ညားကြတာကိုး။ အရီးပေါက်စ ငယ်တုန်းက သိပ်လှတယ်လို့ သူတို့နဲ့ ရာယ်တူတန်းတူ လူကြီးတွေက ပြောကြတယ်။ မာနလည်း သိပ်ကြီးသတဲ့။

အရီးလေးပေါက်စ ငယ်စဉ်က ချစ်သူရည်းစား ရှိဖူးသတဲ့ ။ နာမည်က ကိုမောင်ကြီးဆိုလားပဲ။ ညိုညိုချောချော ထောင်ထောင်မောင်းမောင်းကြီးတဲ့။ လက်ထပ်ဖို့အထိ ရည်ရွယ်ထားပြီးမှ အဲ့ဒီ ကိုမောင်ကြီးဆိုတာ လူသတ်ခံရလို့ သေသွားတာတဲ့။ကိုမောင်ကြီးက နွားပွဲစား။ အရောင်းအဝယ်တစ်ခုမှာ အချေအတင် စကားများ ရန်ဖြစ်ပြီး တစ်ဖက်က သုံးလေးယောက် ဓားနဲ့ဝိုင်းခုတ်ကြလို့ သေရတာလို့ ပြောကြတာပဲ။အရီးလေး ခမျာ အပြေးလိုက်သွားရှာပေမယ့် ၊ သွေးသံတရဲရဲနဲ့ ကိုမောင်ကြီးရဲ့ အလောင်းကိုပဲ မှီလိုက်သတဲ့။ ချစ်သူကို ရင်ခွင်ထဲပိုက်ပြီး ငိုလိုက်တာများဆို၊ ဘေးကကြည့်နေတဲ့သူတောင် မျက်ရည်ကျသတဲ့။ အဲ့ဒါ အရီးလေး အသက်၂၀ ဝန်းကျင်ကပေါ့ ။

အသက် ၃၇နှစ်လောက်မှာ အရီးပေါက်စက စီးပွားရှာတတ်တော့ ဥစ္စာတောင့်တင်းတယ်ပြောရမယ်။ ဆိုချင်တာက ဥစ္စာပစ္စည်း လက်ရင်းက အရီးပေါက်စ။ ဦးဘိုးရင်က လူထွက်ဘဝနဲ့ ယောင်လည်လည် ဖြစ်နေစဉ်မှာ အမှီရှာလိုက်တဲ့သဘော။ အဲ့ဒါကလည်း ရွာထဲက ပြောကြတာပါပဲ။

ထားလိုက်တော့ ၊ အခု ဦးဘိုးရင်ဆိုတာကလည်း တောင်သူ လုပ်နေတော့ အချောင် နေစားတယ် ပြောမရတော့ဘူး။ကျားကုတ်ကျားခဲ ရှာဖွေတာမျိုး မဟုတ်ပေမယ့် ၊ စိုက်ပျိုးရေးဆိုတာကလည်း ရုန်းရကန်ရတာပေါ့။

သူတို့မှာ နွားတစ်ရှဉ်း ရှိတယ်။ငညိုနဲ့ငနီလို့ အမည်ပေးထားတယ်။ ငညိုက ငယ်မွေးခြံပေါက်။ငညိုကို အရင် နွားမကြီး မိပိန်က ဒီခြံထဲမှာပဲ မွေးတာလေ။ ငညို မွေးတဲ့နေ့က သူတို့ရွာမှာ မိုးကြီးလေကြီး ကျတဲ့နေ့ ။ သစ်ပင်တွေများဆို လေပြင်းကြောင့် အပိုင်းပိုင်း ကျိုးကျကုန်တာ ။ ငနီကတော့ ငညို အရွယ်ရာက်လို့ ခိုင်းချိန်တန်မှ ၊ ဘက်ရွေးဝယ်သည့် နွား။

အဲ့ဒီနွားနှစ်ကောင်က သူတို့သားသမီးပဲ။ အရမ်း ချစ်ကြတယ်။ အရီးပေါက်စက နွားစာကို ကိုယ်တိုင် နှယ်ဖတ်ကျွေးတတ်သလို ၊ ဦးဘိုးရင်ကလည်း နွားစာစဉ်းရင် ကိုယ်တိုင်စဉ်းရမှ။လက်တိုလက်တောင်း ခိုင်းရတဲ့ တူတော်မောင် ဖိုးချိုရှိတာတောင် နွားစာစဉ်းတဲ့အခါမှာတော့ လုံးဝမခိုင်းဘူး။ငညိုနဲ့ငနီ နွားနှစ်ကောင်အတွက်ဆို သူများလုပ်တာ မကြိုက်ဘူး။

လင်မယားနှစ်ယောက် အနောက်ချောင်း ရေသွားချိုးရင် ငညိုနဲ့ငနီကိုပါ ခေါ်သွားတတ်ကြတယ်။ ချောင်းရောက်ရင် ဦးဘိုးရင်က နွားတစ်ကောင် ၊ အရီးပေါက်စက နွားတစ်ကောင် ကိုယ်စီ ရေချိုးပေးကြ၊ အမွှေးအမှင်တွေကို ဘရွတ်နဲ့တိုက်ပေးတတ်ကြပေါ့။ ငညိုကို အရီးလေးက ဘရွတ်ကလေးနဲ့ ရွရွလေး ပွတ်တိုက်ပေးရင် အဲ့ဒီကောင်ကြီးက ငြိမ်ငြိမ်လေး ဇိမ်ခံတာများ လူတကာက သဘောကျတယ်။

ဒါကြောင့် ငညိုရော ငနီရောက အမွှေးအရောင် တောက်ပြောင်ပြီး အရမ်းချောတာကိုး။

ညဘက်ဆိုလည်း နွားတွေကို ဖြုတ် ခြင် ယင် မကပ်ရအောင် ဘက်ထရီ မီးချောင်း ထွန်းထားပေးလေ့ရှိတယ်။ ဘယ်အချိန် သွားကြည့်ကြည့် နွားတင်းကုတ်နေရာဟာ အမြဲ သန့်ရှင်းတောက်ပြောင်နေတယ်။

ဒါ့အပြင် အရီးပေါက်စက ငညိုနဲ့ငနီတို့ကို ဘယ်လောက်ထိ ဂရုစိုက်လဲဆို ညအိပ်ချိန်မှာ မီးသွေးအိုးလေးနဲ့ နနွင်းတက်တောင် ထည့်ပေးထားတတ်သတဲ့။

အထူးသဖြင့် ငညိုက အရီးပေါက်စမရဲ့ အသည်းကျော်။ သူက ချွဲတတ်တယ်။ အရီးပေါက်စကို ပိုချွဲတယ်လို့ ပြောရမယ်။ ခရီးဦးကြိုတာ ၊သူ့ ခေါင်းနဲ့ အရီးပေါက်စမကို အသာအယာ တွန်းထိုးစတတ်တာလေးတွေက သားသမီးငတ်နေတဲ့ အရီးပေါက်စမရဲ့ အသည်းကို ခြွေယူနေသလိုပေါ့။ဒါကြောင့် အရီးပေါက်စမက ငညိုကို ပိုချစ်တယ်ထင်ပါရဲ့။

တခါတလေများဆို ငညိုရဲ့ မျက်လုံးအပေါ်နားက မွေးရာပါ အမာရွတ်လို အကြောင်းကြီးကို အရီးလေးပေါက်စဟာ ပွတ်သပ်ပြီး မျက်ရည်ဝဲနေလေ့ရှိတယ်။အဲ့ဒီအခါမျိုးဆို ဦးဘိုးရင်ကိုယ်တိုင်က စိတ်မကောင်းသလို အမူအယာနဲ့ ရှောင်ထွက်သွားလေ့ရှိတယ်။

အော် … ဦးဘိုးရင်နဲ့အရီးပေါက်စတို့က

လင်မယားလို့သာ ပြောတာ သူတို့က စီးပွားကျ မတူဘူး။ တစ်စီးပွားစီလေ။

ဦးဘိုးရင်က လယ်ထဲကိုင်းထဲ ဆင်းပြီး နွားနဲ့ဖက် စီးပွားရှာတယ်။ အရီးပေါက်စက အိမ်ရှေ့မှာ ငပိ ငါးခြောက် ဆီ ဆန် ဆား ငရုတ် ကြက်သွန် ကုန်စုံဆိုင်လေး ဖွင့်တဲ့အပြင် ၊ မြို့က ထမိန်တို့ ပုဆိုးတို့ကို နေ့ပြန်အကြွေးရောင်းသေးတယ်။

နေ့ပြန်အကြွေးဆိုတာက ပုဆိုးဖိုးအင်္ကျီဖိုးကို နေ့တိုင်း နည်းနည်းဆီ လာသွင်းရတာကို ပြောတာ။ဥပမာ_ ပုဆိုးက လက်ငင်းဆို ၃၀၀၀ကျပ်၊ အဲ … နေ့ပြန်ကြွေးဆို ၅၀၀၀ကျပ်လောက် ဖြစ်သွားတယ်။ လူတွေကလည်း တစ်ရက်မှ လေးငါးခြောက်ရာလောက်ပဲ သွင်းရတာဆိုတော့ တချို့များဆို တပြိုင်တည်း သုံးလေးကွင်း ယူတတ်ကြတယ်။

အဲ့သည်တော့ အရီးပေါက်စဆိုတာကလည်း ငွေသဲ့ဝင်သည်မို့ ဦးဘိုးရင်ကို သိပ်အရေးမလုပ်တာ အဆန်းတော့ မဟုတ်ဘူးပေါ့။

ဟုတ်တယ်။အရီးပေါက်စက ဦးဘိုးရင်ကို ကြောက်ရတာ မဟုတ်ဘူးလေ။ အဲ့ဒီတော့ သူထင်ရာ သူလုပ်တာ။ အိမ်မှာ နတ်အိုးလည်း ဆွဲသလို၊ ဘုရားကျောင်းဆောင်မှာလည်း ဘုရားပန်းတွေ ဝေနေအောင် ထိုးတယ်။

ဦးဘိုးရင်က မျက်စောင်းတခဲခဲနဲ့ မကြိုက်ပေမယ့် မပြောရဲဘူး ။ အထူးသဖြင့် နတ်ကတော် မနှဲမိ အိမ်အလည်လာရင် ဦးဘိုးရင် ပိုပြီး စိတ်တိုဒေါသထွက်လေ့ရှိတယ်။ထွန်တုံးတွေ ဆောင့်ချတာ ၊ နွားစာခွက်ကို အသံမြည်အောင် ရိုက်တာ စသဖြင့် လုပ်တတ်တယ်။ ဒါပေမယ့် အရီးပေါက်စက မျက်စောင်းဝင့်လိုက်ရင် ခမျာမှာ ငြိမ်ကုပ်သွားပြန်လေရော။

နတ်ကတော် မနှဲမိဆိုတာက အရီးပေါက်စရဲ့ လက်ဆွဲ။ အရီးပေါက်စက မနှဲမိ အိမ်ကို သွားလည်တတ်သလို၊ မနှဲမိကလည်း အရီးပေါက်စအိမ်ကို အိမ်ဦးနဲ့ကြမ်းပြင် မကြာခဏ ပေါက်ချလာတတ်တယ်။ တူရာတူရာ ပေါင်းဖက်ကြတဲ့သဘောပေါ့။

တစ်နေ့မှာ … မနှဲမိက အရီးပေါက်စအတွက် ဆိုင်ရာနတ်တွေကို ကိုးနေရင်း ၊ ကန်တော့ပွဲကို အလေးအပေါ့ မ, ကာ ၊

” အစ်မ … တော် အထုပ်နဲ့အထည်နဲ့ ဝင်ကိန်း ရှိသတော့ ၊ အတိတ်ဘဝက မောင်တော်နှမတော်တွေက အစ်မကို ဆောင်မကြည့်ရှု့မယ်သဘောထင်ရတာပဲ ၊ သေချာတယ် အစ်မ ၊ မြေကြီးလက်ခတ်တာမှ လွဲချင်လွဲဦးမယ် ၊ ကျုပ်ပြောရင် မလွဲစေရဘူး … ”

အရီးပေါက်စက ဝမ်းသာလုံးဆို့ပြီး…

” ဟယ် … တကယ်လား နှဲမိရယ်၊ အိုအေ … ငါ့ကိုသာ အထုပ်လိုက်အထည်လိုက် ဆောင်မလို့ကတော့ အိမ်ရှေ့မှာ ကန္နားပွဲကြီး ပေးပစ်လိုက်ဦးမယ် ၊ မောင်တော်နှမတော်များအတွက်လည်း သိုက်ပွဲတွေ မြိုင်ဆိုင်အောင် ထိုးပြီး ၊ သူတို့အတွက် ရည်စူး ကုသိုလ်အမျှ ဝေမှာပေါ့အေ ”

မနှဲမိက ကန်တော့ပွဲကို အောက်သို့ အသာချပြီး ၊ အရီးပေါက်စဘက်သို့ လှည့်ကာ ၊

” အစ်မ စကားကို အလွယ်မပြောနဲ့။ နတ်နဲ့နဂါးကို မလှည့်စားကောင်းဘူးတဲ့။ အစ်မ လိုတာရရင် တကယ်ပဲ ကန္နားတီး အလှူပေးမှာ သေချာလား ”

မနှဲမိက အရီးပေါက်စကို အပိုင်ချုပ် ကတိတောင်းခံလိုက်ခြင်းပင် ။ ဒါကို အရီးပေါက်စက သိပေမယ့် ၊ အထုပ်ကြီးအထည်ကြီး ရမယ်ဆိုတော့ ငြင်းမနေပါဘူး။ ဝန်ခံကတိပေးလိုက်မိတယ်။

” ငါ ကတိပေးတယ် နှဲမိ ၊ နင်ပြောတဲ့အတိုင်းသာ ဖြစ်ရင် ကန္နားတီးမယ်၊ အလှူပေးမယ်အေ ”

မနှဲမိ ကျေနပ်သွားတယ်။ဆိုင်ရာပိုင်ရာနတ်တွေဆီမှာ အရီးပေါက်စအတွက်လည်း ပိုပိုသာသာလေး ဆုတောင်းပေးလိုက်တယ်။ အရီးပေါက်စကတော့ မျှော်လင့်ချက်တွေ တသီကြီးနဲ့ ပြုံးနေတော့တာပေါ့ ။

___________

(၃)

လဆန်းပိုင်း ၁ရက်နေ့ ၊ နေ့လယ် ၁၁နာရီခွဲလောက်မှာ အရီးပေါက်စမ အိမ်ရှေ့ကို မော်တော်ဆိုင်ကယ်တစ်စီးနဲ့ လူစိမ်းယောက်ကျားလေးတစ်ယောက် ရောက်လာတယ်။

အရပ်က ၅ပေ၄လက်မလောက် ၊ အသားဖြူဖြူ ရည်ရည်မွန်မွန်ပါပဲ။ကိုယ်ပေါ်မှာလည်း သားရေလွယ်အိတ်အနက်ကို တစောင်း လွယ်ထားတယ်။ သူက အရီးပေါက်စမကို တအားရင်းနှီးကျွမ်းဝင်တဲ့ လက္ခဏာနဲ့ …

” အရီးရေ … အရီး ၊ အရီးတော့ ချမ်းသာပြီဗျို့ ၊ ကျနော် အရီးအတွက် ဝမ်းသာစရာ သတင်း လာပို့တာဗျို့ ”

အရီးပေါက်စ တစ်ယောက်တည်း ရှိနေချိန်လေ။ အဲ့ဒီ လူစိမ်းကို အရီးပေါက်စက မမှတ်မိဘူး ဖြစ်နေတယ်။ မြို့က လူလိမ်လား ဘာလားလို့တောင် သံသယဝင်မိနေတာပေါ့။

ဒါပေမယ့် အရီးပေါက်စ ထင်ထားသလိုမဟုတ်ပါဘူး ။ အဲ့ဒီလူစိမ်းက လွန်ခဲ့သော ဆယ်ရက်ခန့်က သူ့အိမ်ရှေ့မှာ ထီလာရောင်းသွားတဲ့သူ ။ အခု သူလာတာက အရီးပေါက်စမ ထိုးထားတဲ့ ဆယ်စောင်တွဲထီလက်မှတ်ထဲက တစ်စောင်က သိန်း၅၀၀ဆု ဆွတ်ခူးတယ်လို့ လာပြီး ပြောတာ ဖြစ်နေတယ်။

ထီဆုကြီးမဟုတ်ပေမယ့် သိန်း၅၀၀ဆိုတာကလည်း နည်းနည်းနောနောမှ မဟုတ်တာလေ။ အရီးပေါက်စမမှာ ဝမ်းသာလွန်းလို့ ထတောင် ခုန်မိတယ်။

လူက ကတုန်ကရင်နဲ့ ဟုတ်ကော ဟုတ်ရဲ့လားလို့ ထီရောင်းတဲ့ ကောင်လေးကိုလည်း မေးလိုက်ရတာ အမောသား။ ကောင်လေးက ထီပေါက်စဉ်ကိုပြပြီး အရီးပေါက်စမရဲ့ ထီလက်မှတ်နဲ့ တိုက်ပြ သက်သေထူတယ်။ အဟုတ် ထီပေါက်နေတာဆိုတော့ အရီးပေါက်စမ ပျော်တာ မျက်ရည်တောင် တွေတွေကျတယ်။

အရီးပေါက်စမ မှတ်မိသွားပြီလေ။ သူမရဲ့ အိမ်ရှေ့ကို ထီရောင်းတဲ့ ကောင်လေးလာတုန်းက နွားစာ ကျွေးနေချိန်။ ထီဆိုတာ တစ်ခါဖူးမျှ ပေါက်ဖူးတာမဟုတ်တော့ ထိုးဖို့လည်း သိပ်စိတ်မဝင်စားဘူး။ အဲ့ဒီအချိန် အစာစားနေရာကနေ ငညိုက သူမအား ခေါင်းဖြင့် တွန်းကာတိုက်ကာဖြင့် ခြံရှေ့ကို အတင်းလွှတ်နေတယ်။

” ဟဲ့ … သားငညို ဘာဖြစ်တာလဲ ၊ ကိုယ့်ဘာသာ အစာ စားတာမဟုတ်ဘူး ၊ ဘယ့်နှယ်ကြောင့် အမေကို တွန်းထိုးနေရတာလဲ ၊ ရော် … ခက်နေပြီ ”

 

အဲ့သည်အချိန် ခြံရှေ့မှာ ထီလှည်းက သီချင်းတွေဖွင့် ထီလက်မှတ်ရောင်းနေချိန်ပေါ့။ ငညိုက ခါတိုင်းလို ခေါင်းခွေ့ ချွဲတာမျိုး မဟုတ်ဘူး။ အရီးပေါက်စမကို ခြံအပြင်ဘက်ရောက်အောင် တမင် တွန်းပို့နေတာ။ ဒါနဲ့ အရီးပေါက်စမ ခြံပြင်က ထီလက်မှတ်ရောင်းတဲ့တွန်းလှည်းနားကို ရောက်သွားရှာတယ်။

ထီရောင်းတဲ့ ကောင်လေးက ထီလာထိုးတယ်လို့ အောက်မေ့ပြီး ဝမ်းသာအယ်လဲ ကြိုရှာတယ်။ ဘယ်ဂဏန်း ဘယ်အက္ခရာ ကြိုက်လဲ ၊ အရီး စိတ်ကြိုက် ရွေးယူပါဆိုပြီး ထီဝယ်ရန် တိုက်တွန်းပါလေရော။

အရီးပေါက်စလည်း မထူးပါဘူးဆိုပြီး ၊ ဆယ်စောင်တွဲ တစ်တွဲ ရွေးပြီး ထိုးလိုက်တာပေါ့ ။ ငညို တိုက်တွန်းလို့ ထိုးမိတဲ့ ထီလက်မှတ်က အခု ကံပေါ်ပြီလေ။

အရီးပေါက်စမ စဉ်းစားမိတာ တစ်ခုက မနှဲမိ ပြောတော့ အတိတ်က မောင်တော်နှမတော်တွေက ဆောင်မမယ်တဲ့။ အခုကျ သူမရဲ့ သားသဖွယ် ချစ်ခင်ရသော အဟိတ်တိရစ္ဆာန် နွားငညိုက ပေးသည်ဟု ဒက်ထိ ယူဆရမည်ဆိုတော့ …။ငညိုဟာ အတိတ်ဘဝက သားချင်းဆွေမျိုးများလား … ဘာများလဲ။

“အို … ဘာပဲဖြစ်ဖြစ် ၊ ငါ နှဲမိကို ကတိခံထားတဲ့အတိုင်း အိမ်ရှေ့မှာ ကန္နားပွဲကြီး ကျင်းပမယ် ၊ သိုက်ပွဲတွေ မြိုင်နေအောင် ထိုးမယ် ၊ ပြီးရင် လှူမယ် ။ ငါ့သား ငညိုကိုလည်း လယ်ထဲ မဆင်းခိုင်းတော့ဘူး ၊ သူနဲ့ ငနီကိုလည်း ကောင်းကောင်းမွန်မွန် အနားပေးထားတော့မယ် ”

အရီးလေးရဲ့စိတ်ကူးကတော့ အဲ့သလို ။ ထီပေါက်တယ် ကြားလို့ ဆွေမျိုးတွေနဲ့ အသိမိတ်ဆွေတွေ လာလိုက်ကြတာ အိမ်လုံးကို ပြည့်လို့ ။ အဲ့ဒီထဲမှာ နတ်ကတော် မနှဲမိကတော့ အရီးလေးရဲ့ အထူးဧည့်သည်ပဲပေါ့ ။

နွားစာခုံအနီးက ငညိုကတော့ အရီးလေး ပျော်နေတာကိုကြည့်ပြီး သူပါ ဝမ်းသာပီတိ ဖြစ်နေသလား မပြောတတ်ဘူး ။ ခေါင်းကို လည်တိုင်ကနေ တခါခါနဲ့။ပြီးတော့ သူ့နှာဝကလည်း ဖူးကနဲ ဖူးကနဲ မှုတ်ထုတ်နေတယ်။ လူစကားများ ပြောတတ်မယ်ဆိုရင် ‘ ဝမ်းသာလိုက်တာ အမေရယ် ‘ လို့ ဆိုလေမလားမသိ။

______________

(၄)

နတ်ကန္နားပွဲကြီးကို အိမ်ရှေ့ မဏ္ဍပ်ထိုးကာ ၃ရက်တိုင်တိုင် အကြီးအကျယ် ကျင်းပတယ်။ စည်လိုက်တာဆိုတာကလည်း တစ်ရက်တစ်ရက် ဟောဆန်တစ်အိတ် ဟောဆီတစ်ပုံး လျောကနဲ လျောကနဲ ကုန်တာ။ စားလိုက်ကြ သောက်လိုက်ကြတာလည်း ဝက်ဝက်ကွဲ။

” မပေါက်စ … ကျုပ် ကန္နားပွဲ ကျင်းပနေချိန် ၃ရက်လောက် ရွာဦးကျောင်းမှာ သွားနေချင်တယ် ၊ မင်း ကျုပ်ကို ခွင့်ပြုပေးပါလား ”

နတ်ကန္နားပွဲအတွင်း ဦးဘိုးရင်က အိမ်မှာ မနေချင်ဘူးဆိုလို့ ၊ အရီးလေးပေါက်စက ခွင့်ပြုလိုက်ပါတယ်။ ဦးဘိုးရင် အကြောင်း သိနေတော့ ၊ သူ့ကို ကဏ္ဍကောဇ မတိုက်တာပဲ ကျေးဇူးတင်ရဦးမယ်မဟုတ်လား။

ဦးဘိုးရင်က နွားနှစ်ကောင်ကို ခေါ်သွားမယ်ဆိုတာလည်း အရီးက သဘောတူတယ်။

ဒါပေမယ့် အံဩစရာက ငညို။ နွားငညိုက ဦးဘိုးရင် ခေါ်ရာကို မလိုက်ဘူးဆိုပြီး အတင်း ယက်ကန်ကန် လုပ်နေတယ်လေ။ ဘယ်လိုခေါ်ခေါ် ငညိုက မလိုက်ချင်ရှာဘူး ။ ဒါနဲ့ပဲ အရီးက ဦးဘိုးနောက် မလိုက်ချင်ရှာတဲ့ ငညိုကို ကြည့်ပြီး စိတ်မကောင်းဖြစ်တာနဲ့ ငညိုကို စိတ်ချလက်ချ ထားခဲ့ပါလို့ ဦးဘိုးရင်ကို တောင်းပန်လိုက်တယ်။

နောက်ဆုံး ဦးဘိုးရင်လည်း မတတ်သာတာနဲ့ ၊ နွားငညိုကို အိမ်မှာပဲ ထားခဲ့ပြီး ငနီကို ကြိုးနဲ့ဆွဲ ထွက်သွားခဲ့ရတာပေါ့။ ဦးဘိုးရင် ထွက်သွားပြီဆိုတော့မှ ရုန်းကန်နေတဲ့ နွားငညို ငြိမ်သွားတာလည်း တကယ် အံဩစရာ။

ကန္နားစီးက မနှဲမိ။ အရီးလေးက မနှဲမိကို အကုန်အပ်ထားတာ။ မနှဲမိ စိတ်တိုင်းကျ အကုန် လုပ်စေတယ်။ နတ်ကန္နားပွဲမှာ ကြဲလိုက်တဲ့ ပိုက်ဆံတွေကလည်း ဖွေးဖွေးလှုပ်လို့ ။ နတ်တွေလည်းပျော် ၊ လူတွေလည်းပျော်တဲ့ပွဲကြီးလို့ ဆိုရမယ်ထင်တယ်။

အရီးလေး ပေါက်စခမျာ ၃ရက်လုံးလုံး မနားမနေ ဧည်ခံရတာရယ်၊ ဆိုင်းသံဗုံသံတွေကြား ၊ လူတွေရဲ့ကြားမှာ အပျော်လွန်နေလေတော့ သားကြီး ငညိုကို မေ့လျော့နေမိတယ်။ ခါတိုင်းဆို ကိုယ်တိုင် နွားစာနယ်ဖတ် ကျွေးနေကျ။ အခု ဒီ၃ရက်မှာ ပထမတစ်ရက်ပဲ အရီးလေးကိုယ်တိုင် ငညိုကို ကျွေးအားတယ်။ ဒုတိယနေ့နဲ့ တတိယနေ့တွေမှာတော့ တူတော်သူ မောင်ဖိုးချိုနဲ့ ငညိုရဲ့ အစာကိစ္စကို လွှဲထားမိလိုက်တယ်။

ဒုတိယနေ့ ညနေပိုင်းမှာ ကန္နားပွဲထဲကို ဖိုးချို ရောက်လာသေးတယ်။ ဖိုးချိုက …

” အရီးလေး … ငညို ဘာဖြစ်မှန်း မသိဘူးဗျ ၊ အစာကို ခါတိုင်းလို မစားဘူး ၊ အီနေတယ် ”

အဲ့ဒီအချိန် နတ်ကတော် မနှဲမိ ကိုယ်တိုင် နတ်ကနေတာဆိုတော့ ၊ အရီးလေး ခမျာ ချက်ချင်း မလိုက်အားဘူး ။ ဒါနဲ့ ခဏနေ ငါလာခဲ့မယ်လို့ ဖိုးချိုကို ပြောလွှတ်လိုက်ရတယ်။

အရီးလေးဟာ အားပြီဆိုတာနဲ့ နွားတင်းကုပ်ကို အပြေးလေးရောက်လာတယ်။ ငညိုဟာ တကယ် အစာမစားဘူးဆိုတာ အရီးလေး မြင်တွေ့သွားတယ်။

ခွေခွေကြီး လှဲနေတဲ့ ငညိုကို ကျောသပ်ရင်သပ်ပြီး အစာစားဖို့ ချော့ပြောရှာတယ်။ ဒါပေမယ့် ငဟိုက ဘာဖြစ်တယ် မသိတတ်ဘူး။ အရီလေးကို သနားစရာ မျက်လုံးလေးနဲ့ပဲ မော်ကြည့်ပြီး ထ,မလာဘူး။

” အံမယ် … သားကြီးက အမေ့ကို စိတ်ကောက်နေတာထင်တယ် ။ အမေကိုယ်တိုင် နယ်မကျွေးလို့ မစားတာ မဟုတ်လား ၊ ကဲ ကဲ အမေ ကိုယ်တိုင် နှမ်းဖတ်နဲ့ နယ်ပေးမယ် ၊ ထ,စားလှဲ့ သားငညို ”

အရီးလေးက ပြောပြောဆို နှမ်းဖတ်တွေနဲ့နွားစာကို ခါတိုင်းလို ရေနဲ့ သမအောင် နယ်ဖတ်ပေးတယ်။ အံဩစရာ… နွားငညိုက အရီးလုပ်ပေးတာကို ကြည့်ပြီး မျက်ရည်တွေ ကျလာတယ်။ ဒါပေမယ့် အစာကို ခါတိုင်းလို ဟက်ဟက်ပက်ပက် မစားပါဘူး။ အရီးလေး ကျေနပ်အောင် ထင်ပါရဲ့၊ တို့ကန်းဆိတ်ကနန်းလောက်ပဲ စားပြီး ပြန်လှဲနေတယ်။ အရီးလေးလည်း သူဆာရင် ထ,စားလိမ့်မယ်လို့ ထင်ပြီး ၊ ငညိုကို ကျောသပ်ရင်သပ်လုပ်ပေးပြီး ကန္နားပွဲဆီကို ခပ်သုတ်သုတ် ပြန်သွားလေရဲ့ ။

အဲ့ဒီညက ထူးထူးဆန်းဆန်း အိမ်မက်တစ်ခု အရီးလေးပေါက်စမ မက်တယ်။ အိမ်မက်ထဲမှာ ဝတ်ကောင်းစားလှတွေနဲ့ သူ့အရင် ချစ်သူဟောင်း ကိုမောင်ကြီးကို မြင်တွေ့လိုက်သတဲ့။ကိုမောင်ကြီးက သူ့ကို စကားတွေ လာပြောတယ်တဲ့။

” ညီမ … အစ်ကိုတော့ ညီမနားမှာ နေခွင့်ရှိသလောက် လာနေခဲ့ပြီးပြီကွယ်။ အခု အခွင့်ကုန်လို့ ခွဲရတော့မယ် ။ မခွဲခင် တစ်ခုလောက် မှာခဲ့ပါရစေ ။ ထီပေါက်တဲ့ ငွေနဲ့ ရွာထဲက ဆင်းရဲတဲ့ မိသားစုဝင်တွေရဲ့ သားသမီးတွေကို ရှင်ပြုရဟန်းခံ အလှူလုပ်ပေးပါနော် ။ အလှူကြီး ထမြောက်အောင်မြင်ပြီးလို့ ရေစက်ချအမျှဝေရင်လည်း ကိုမောင်ကြီးကို မမေ့မလျော့ ကုသိုလ်အမျှဝေပေးပါကွယ် ။ ညီမလည်း အသက်အရွယ် ရနေပြီ။ ကုသိုလ်ကောင်းမှုတွေ မပြတ်လုပ်၊ ပြီးရင် ကိုယ့်နောက် တကယ်ပါမယ့် တရားဘာဝနာများ ကြိုးစားအားထုတ်စေချင်တယ် ။ ဒါနနဲ့သီလ မပါရင် ဘဝကူး မကောင်းဘူးဆိုတာ အစ်ကို ကိုယ်တိုင်ကြုံရလို့ အခုလို ညီမကို လာသတိပေးရတာပါကွယ် … ”

အဲ့သလို ပြောပြီး ၊ ကိုမောင်ကြီးဟာ အရီးလေးကို နုတ်ဆက်ပြီး အိမ်ထဲက ထွက်သွားသတဲ့ ။ အရီးလေးက ကိုမောင်ကြီး ကိုမောင်ကြီး ခဏနေပါအုံး ဆိုတာတောင် လှည့်မကြည့်ဘူးတဲ့။

ကိုမောင်ကြီး ထွက်သွားရာကို အရီးလေးဟာ တမ်းတစိတ်နဲ့ လိုက်ကြည့်တာပေါ့။ ကိုမောင်ကြီးက အရီးလေးတို့ အိမ်ထဲက ထွက် ၊ ပြီးတော့ ခြံအနောက်က နွားတင်းကုပ်ထဲ ဝင်ပြီး ပျောက်သွားပါလေရောတဲ့ ။

အရီးလေးဟာ သူခေါ်တာကို မစောင့်ပဲ ထွက်သွားတဲ့ ကိုမောင်ကြီးကို မကျေမချမ်းနဲ့ နွားတင်းကုပ်ထဲထိ လိုက်ကြည့်တော့ တင်းကုပ်ထဲမှာ ငညို တစ်ကောင်တည်း လှဲအိပ်နေတာကို တွေ့ရတယ်။ ကိုမောင်ကြီးကိုတော့ ရှာမတွေ့တော့ဘူး ။

ကိုမောင်ကြီးကို မတွေ့ရတော့ အရီးလေးဟာ စိတ်ပျက်လက်ပျက်နဲ့ အိမ်ဘက်ကို ပြန်လှည့်လာခဲ့တယ်။ အဲ့တုန်းကသာ အရီးလေး နောက်ကို ပြန်လှည့်ကြည့်မယ်ဆိုရင် မျက်ရည်တွေ တွေတွေကြီးကျနေတဲ့ ငညိုကို ခေါင်းထောင်လျက်သား တွေ့လိုက်ရမှာ မလွဲဘူးရယ် ။

______________

(၅)

ကန္နားပွဲကြီးလည်း အောင်မြင်စွာ ပြီးလေပြီ။ ရွာစာလည်း ကျွေးပြီးသွားပြီ ။ အပါယ်ဘုံသားတွေကိုလည်း အမျှအတန်း ဝေပြီးပြီ။

ဒီညတော့ အရီးလေးပေါက်စ စိတ်ဒုံးဒုံးချ အိပ်ပျော်နိုင်ပြီ။ ရွာစာ ချ ၊ အပါယ်ဘုံသားတွေ အမျှဝေတော့ ထူးဆန်းစွာ ရွာထဲက ခွေးတွေ ရှည်လျားစွာ အူဟစ်ကြတယ်။

ခွေးအူသံရှည်ကြီး တိကနဲ ရပ်သွားတော့ အရီးလေး ခြံအနောက်ဘက်မှ လက်ပံပင်ပေါ်က ညဉ့်ငှက်တွေ ဆူညံစွာ အသံပြုပြီး ထပျံကုန်ကြပြန်တယ်။

အရီးလေးရော ကန္နားပွဲသိမ်း ကျန်ရစ်သူအားလုံးဟာ ကြက်သီး ဖျန်းဖျန်း ထသွားကြတယ်။

နတ်ကတော် မနှဲမိက ဘာများခံစားမိလို့လဲ မသိပါဘူး။ အရီးလေး အနီး တိုးကပ်လာပြီး …၊

” အစ်မ … ကျုပ် ရင်ထဲ တစ်မျိုးကြီးပဲတော် ၊ ဒါမျိုး တစ်ခါမှ မခံစားဖူးဘူး ။ ထူးဆန်းနေသလားပဲ …”

” ဟင် ! ဘာလဲဟဲ့ … နှဲမိရဲ့ ၊ မထိတ်သာမလန့်သာတော့ မလုပ်နဲ့အေ ”

” မဟုတ်ဘူး အမ ၊ ကျုပ်ကို တစ်စုံတစ်ယောက်က အစ်မခြံထဲက ချက်ချင်း ထွက်သွားစေချင်တဲ့ပုံပဲ ၊ ကျုပ် သိနေတယ်နော် အစ်မ ၊ ကျုပ် သိကို သိနေတယ် ”

အိပ်ရေးပျက်တာရယ် ၊ ပင်ပန်းတာရယ် ကြောင့် နဂိုကမှ စိတ်မကြည်တဲ့ အရီးလေးဟာ မနှဲမိရဲ့ ပဟေဠိဆန်တဲ့ စကားတွေကြောင့် စိတ်တိုဒေါသထွက်ကာ …

” ကဲ … ဒါဆိုလဲ ပြန်အေ ၊ ငါလည်း နားချင်ပြီ ၊ ပြန်တော့ … ပြန်တော့ ”

ဒါနဲ့ မနှဲမိလည်း ယောင်တောင်ပေါင်တောင်နဲ့ ပြန်သွားရော။ အဲ့ဒီည အိပ်ရာဝင်ခါနီး အရီးလေးဟာ သတိတရနဲ့ နွားတင်းကုပ်ကို သွားကြည့်သေးတယ်။ ငညိုက ပုံမှန်ပါပဲ ။ သူလာတာကို ခရီးဦးကြိုရှာတယ် ။ အရီးလေးကိုယ်ကို သူ့ခေါင်းကြီးနဲ့ ကလေးငယ်ပမာ တိုးခွေ့နေတယ်။ အရီးလေးက သဘောကျစွာ ငညိုကို ပွတ်သပ်ပေးရင်း စိတ်ထဲ ဘာဖြစ်တယ်မသိပါဘူး ။ ငညိုရဲ့ မျက်လုံး နှစ်လုံးကြားက နှာရင်းကို မြတ်မြတ်နိုးနိုး နမ်းလိုက်မိတယ် ။

အို … ငညိုဆိုတာများ ကျေနပ်လွန်းလို့ ထင်ပါရဲ့ ၊ အမြီးကို တဘုတ်ဘုတ် ပုတ်၊ ခေါင်းကို တငြိမ့်ငြိမ့်နဲ့ပေါ့။

အဲ့ဒီည အရီးလေး အိပ်ပျော်တော့ အိမ်မက် ထပ်မက်ပြန်တယ်။ အိမ်မက်က မိုးလင်းခါးနီးမှ မက်တာ ။ အိမ်မက်ထဲမှာ အရင်တစ်ခါ မက်သလိုပဲ ကိုမောင်ကြီးကို အဝတ်သစ်သစ်လွင်လွင်နဲ့ မြင်တွေ့ရတယ်။

ဒီတစ်ခါ ကိုမောင်ကြီးက ပြုံးပြုံးကြီး။ အလွန် ကျေနပ်နေတဲ့ပုံပဲ ။

” နှမရေ … မောင်ကြီး မင့်ကို စိတ်မချလို့ ၊ မင့်တို့အိမ်မှာ အဟိတ်တိရစ္ဆာန်ဘဝနဲ့ နေလာခဲ့တာ သက်တမ်းစေ့ပြီကွဲ့ ။ ဒါကြောင့် မကြာခင်မှာ ဘဝတစ်ခုကို ကူးပြောင်းရအုံးမယ် ။ ဒီဘဝထက် သာလွန်မွန်မြတ်တဲ့ ဘဝကို ရောက်ဖို့ဆိုတာ နှမလေးပေါ် မူတည်တယ်နော် ။ မောင်ကြီး ပြောသလို ရှင်ပြုရဟန်းခံ အလှူကြီးပေးပြီး ရေစက်ချ ကုသိုလ်အမျှဝေတဲ့အခါ မောင်ကြီးနာမည်ကို ခေါ်ပြီး အမျှဝေပေးပါနော် ”

” မောင်ကြီးက နှမကို ဘာကြောင့် စိတ်မချတာလဲ ”

” အော်ကွယ် … ဘာကြောင့်ရမှာလဲ ၊ နှမက ငယ်နုတုန်းကတည်းက နတ်တွေ သိုက်တွေ အရမ်းကိုးကွယ်ယုံကြည်တာမဟုတ်လား ၊ အဲ့ဒါတွေကို အယုံလွန် သဒ္ဓါကျွံရင်ဖြင့် ၊ ရတနာမြတ်သုံးပါးအပေါ် အလေးမထားမိမှာ မောင်ကြီးက တွေးပူရတာပါ့ ။

ဘုရား၊တရား၊သံဃာ ရတနာမြတ်သုံးပါးကို ယုံကြည်မြတ်နိုးရင် ၊ဒါန သီလ ၊ ဘာဝနာကို ကျင့်ကြံကြိုးကုတ် အားထုတ်မယ်ဆိုရင် ၊ အပါယ်မလားနိုင်တော့ဘူးပေါ့ နှမရယ်။ မောင်ကြီးလိုလည်း အဟိတ်တိရစ္ဆာန်ဘဝ မရောက်စေလိုတဲ့ စေတနာနဲ့ပါကွယ် ”

” ကောင်းပါပြီ မောင်ကြီးရယ် ၊ ဒါဖြင့်ရင်တော့ နှမကို စိတ်ချပါတော့ ၊ ဒီက ရှေ့လျှောက်ဖြင့် သေလွန်ပြီး ကိုယ့်နောက်ပါမယ့် ဒါနမျိုးစေ့ ကြဲဖျန့်ခြင်း ၊ သီလဆောက်တည်ခြင်း ၊ ဘာဝနာတရားများကို အပတ်တကုတ် လေ့ကျင့်အားထုတ်ခြင်းတို့နဲ့ သေတပန်သက်တဆုံး နေထိုင်သွားပါ့မယ်လို့ ကတိပြုပါတယ် ။ မောင်ကြီးလည်း ဘဝတစ်ပါးကို ဖြောင့်ဖြောင့် ကူးနိုင်ပါစေရှင် …”

ကိုမောင်ကြီးဟာ ကျေနပ်ဝမ်းမြောက်တဲ့ အမူအယာကို နောက်ဆုံးပြပြီး ပျောက်ကွယ်သွားပြန်တယ်။

အဲ့ဒီအချိန် အရီးလေးဟာ အိပ်ရာကနေ နိုးလာတယ်။ နိုးနိုးခြင်း သူမဟာ စိတ်ဇောအဟုန်တစ်ခုကြောင့် နွားတင်းကုပ်ဆီကို ပြေးထွက်သွားတယ်။

နွားတင်းကုပ်ထဲ သူမ ဝင်လိုက်တဲ့အခါ သူမ ထင်ထားသလိုပါပဲ ။ နွားကြီးငညိုဟာ အသက် မရှိတော့ပါဘူး ။

အရီးလေးပေါက်စမဟာ နွားငညိုကို ဖက်ပြီး ရှိုက်ကြီးတငင် ငိုကြွေးရင်း …၊

စိတ်ချလက်ချသာ သွားနှင့်ပါ မောင်ကြီးရေလို့ နုတ်ဆက်လိုက်သတဲ့။

ပြီးပါပြီ။

ပီပီ(မန္တလေး)