နှောင်းနောင်တ

နှောင်းနောင်တ(စ/ဆုံး)

————————

ဒီနေ့ ဖေဖေ့မျက်နှာကြီး ပြုံးပျော်နေပုံက အရင်နေ့တွေနဲ့မတူ။တိုက်ပုံကြီးတကားကား။ရွှေသွားကြီး တဝင်းဝင်းနဲ့။ရယ်လိုက်ရင်နားရွက်တက်ချိတ်တော့မယ့်အတိုင်း။မိကဲ ဖေဖေ့ကိုကြည့်ပြီး မျက်ရည်တွေ စီးကျနေမိတယ်။ဒါကို ဖေဖေကတော့မသိ။သတိရပုံလည်းမပေါ်။အပျော်တွေထဲ နစ်မွန်းပျော်ဝင်နေခဲ့တယ်။

“ဟာ မမ ဟိုမှာဖေဖေ။သားသားတို့ ဖေဖေ့ဆီသွားရအောင်”

“ဟဲ့ဟဲ့မောင်လေး မသွားနဲ့။အဲ့ဒီ မမတို့သွားလို့မရဘူးလေ”

ရုတ်တရက် မောင်လေးက ဖေဖေ့ကိုမြင်တော့ ပြေးထွက်သွားခဲ့တယ်။ မိကဲ မောင်လေးကို အမြန်လိုက်ဖမ်းထိန်းလိုက်ရတယ်။မောင်လေးမကျေနပ်။ငိုမဲ့မဲ့မျက်နှာလေးနဲ့ အော်ဟစ်ရုန်းကန်ရင်း ဖမ်းချုပ်ထားတဲ့ မိကဲလက်တွေကို တွန်းထိုးဆွဲဖြုတ်နေခဲ့တယ်။ဒါကိုဖေဖေကမြင်သွားပြီး ပြုံးနေတဲ့မျက်နှာကြီး ချက်ချင်းဆိုသလို တည်တင်းမည်းမှောင်သွားခဲ့တယ်။ပြီးတော့ အလိုမကျတဲ့ ဒေါသမျက်လုံးတွေနဲ့လည်း စူးစိုက်ကြည့်နေခဲ့တယ်။မိကဲကြောက်လိုက်တာလွန်ရော။ဒါဖေဖေ မိကဲတို့မောင်နှမ ဒီလာတာကို မကြိုက် မနှစ်သက် အလိုမကျဘူးဆိုတဲ့သဘော။ရှစ်နှစ်သမီးအရွယ်ဖြစ်တဲ့ မိကဲက ဒီလောက်တော့ အကဲဖမ်းမိခဲ့တာပေါ့။ဒါနဲ့ မိကဲ မောင်လေးကိုချော့မော့ခေါ်ပြီး အိမ်ပြန်ဖို့ပြင်လိုက်တယ်။

“လာလာ မောင်လေး မမတို့ အဲ့ဒီကိုသွားလို့မရဘူး။အိမ်ပြန်ကြရအောင်နော်။မောင်လေးကလိမ္မာပါတယ်”
“အာ ပြန်ဘူး ပြန်ဘူး သားသား ဖေဖေ့ဆီပဲသွားချင်တယ် အီးးအီးး”

မောင်လေးက ခေါ်တော့မှပိုဆိုး။အော်ဟစ်ငိုယိုရင်း ဖေဖေ့ဆီပဲသွားဖို့ တကဲကဲလုပ်နေခဲ့တော့တယ်။

“ဟေ့ ဘယ်သူမှမရှိကြဘူးလား။ဟိုမှာ ဟိုကလေးနှစ်ကောင်ကို အမြန်ခေါ်ထုတ်သွားပြီး သူတို့အိမ်ကို ပြန်ပို့ပေးလိုက်ကြစမ်း။ပြီးရင် ဒီနေရာဒီအနားတဝိုက်ကို လုံးဝမလာရဘူးလို့လည်း တစ်ခါထဲပြောခဲ့။သင်းတို့ကြောင့် ငါ့မင်္ဂလာပွဲ အပျက်အစီးမခံနိုင်ဘူးဟေ့ ကြားကြလား”

“ဟင်”
ရုတ်တရက် ဖေဖေ့ဆီက ဟိန်းကနဲထွက်လာတဲ့ အသံကိုကြားတော့ မိကဲ ဆတ်ကနဲ တုန်သွားခဲ့တယ်။ပြီးတော့ အံ့လည်းအံ့ဩသွားမိတယ်။ကြည့်ပါအုံး ဖေဖေတို့ရက်စက်လိုက်ပုံများ။သူ့မင်္ဂလာပွဲပျက်မှာစိုးပြီး ကိုယ့်သားသမီးအရင်းဖြစ်တဲ့ မိကဲတို့မောင်နှမကို မညှာမတာ ခွေးမောင်းသလို ဆွဲထုတ်ခိုင်းရက်ခဲ့တယ်။မိကဲတို့မောင်နှမ ဆွဲခေါ်သူတွေရဲ့လက်ထဲမှာ ယက်ကန်ယက်ကန်နဲ့ ပါသွားခဲ့ကြတယ်။မိကဲရင်တွေနာလိုက်တာ။ရက်စက်လွန်းလှတဲ့ ဖေဖေ့ကိုလည်း ရင်ထဲတဆစ်ဆစ် နာကျင်သွားခဲ့မိတယ်။ဒါတွေကို မိကဲထက်သုံးနှစ်ငယ်တဲ့ မောင်လေးကတော့ ဘာမှမသိရှာ။ဆွဲခေါ်သူတွေရဲ့ လက်ထဲမှာ ငိုယိုပြီးသာ ပါလာခဲ့ရှာတယ်။

တကယ်ဆို ဖေဖေဒီလောက်အထိ မိကဲတို့မောင်နှမအပေါ် မလုပ်သင့်။မရက်စက်သင့်။မိကဲတို့ ဒီလာတယ်ဆိုတာက ဖေဖေ့မင်္ဂလာပွဲကို နှောက်ယှက်ဖျက်ဆီးချင်လို့ မဟုတ်။သတို့သားဝတ်စုံကြီးနဲ့ ပြုံးပျော်ရွှင်နေတဲ့ ဖေဖေ့မျက်နှာလေးကို ကြည့်ချင်မြင်ချင်လွန်းလို့ မေမေနဲ့အဖွားတားနေတဲ့ကြားက အလစ်ခိုးထွက်လာခဲ့ကြတာ။ပြီးတော့ အဝေးတစ်နေရာကနေ ချောင်းမြောင်းကြည့်နေခဲ့ကြတာ။ဒါကို ဖေဖေက သူ့မင်္ဂလာပွဲဖျက်မည်အထင်နဲ့ မိကဲတို့မောင်နှမကို ရက်ရက်စက်စက် အတင်းဆွဲထုတ် ပြန်ပို့ခိုင်းရက်ခဲ့တာ။မိကဲ ရင်တွေ အတိုင်းမသိ နာကျင်သွားခဲ့ရတယ်။

×××××××××

“ဟင် ဒီလောက်မသွားပါနဲ့လို့ အတန်တန်ပြောနေတားနေတဲ့ကြားက ဒီလူစိတ်မရှိ တိရစ္ဆာန်အကောင်ရဲ့ ခွေးဇာတ်ခင်းတဲ့ပွဲကို နင်တို့ကသွားတယ် ဟုတ်လား။ကဲ သွားချင်အုံး သွားချင်ကြအုံး ဖြောင်း ဖြောင်း”

“အားး”

“အမလေးးကြောက် ကြောက်ပါပြီးအဖွားရဲ့။နောက် မ မသွားတော့ပါဘူးဗျ အီးးးအီးး”

အိမ်ရောက်တော့ အဖွားက တုတ်တစ်ချောင်းနဲ့ စောင့်နေပြီး မိကဲတို့မောင်နှမကို လိမ့်နေအောင် ပြောဆိုရိုက်နှက်ပါတော့တယ်။မိကဲတို့မောင်နှမ အဖွားရဲ့ရိုက်ချက်တွေအောက်မှာ အလူးအလိမ့် ခံခဲ့ကြရတယ်။ ဒါပေမယ့် မိကဲအဖွားကို စိတ်မဆိုး။မိကဲရင်ထဲ အဖွားရိုက်လို့ အသားနာတာထက် ဖေဖေရိုက်လို့ အသည်းနာတာက ပိုနေခဲ့ပါတယ်။မောင်လေးကတော့ ဘာမှမသိရှာ။အဖွားရိုက်တာနာလို့ အော်ဟစ်ငိုယိုနေခဲ့ရှာတယ်။မိကဲ မောင်လေးကို သနားလိုက်တာ။ဒါ့ကြောင့် မိကဲ မောင်လေးကိုဖက်ပြီး အဖွားရဲ့ရိုက်ချက်တွေကို အသားအနာခံ ကာကွယ်ပေးခဲ့လိုက်တယ်။

“တော် တော်ပါတော့အမေရယ် ကလေးတွေမှာ ဘာ ဘာအပြစ်မှ မရှိရှာကြပါဘူး”

ဖေဖေ့စိတ်နဲ့ နှလုံးရောဂါရပြီး အိပ်ရာထဲလဲနေတဲ့ မေမေကထလာပြီး မိကဲတို့မောင်နှမကို အိမ်ထဲဆွဲခေါ်ခဲ့တယ်။

“ငါ့သမီးရယ် ဒီလူစိတ်မရှိတဲ့လူရဲ့ပွဲဆီကို ဘာဖြစ်လို့များ သွားချင်ရတာလဲကွယ်။အခုတော့ ငါ့သမီးလေးတို့အသားနာရရှာပြီ”

မေမေက မိကဲတို့မောင်နှမဒဏ်ရာတွေကို လူးဆေးကလေးလူးပေးရင်း ပြောငိုရှာတယ်။မိကဲ မေမေ့ကိုကြည့်ပြီး သနားလိုက်တာ။အခုအချိန် မေမေ့ရင်ထဲ ဘယ်လောက်တောင်များ နာကျင်ခံစားလိုက်ရှာလေမလဲ။ဘာလို့ဆို မေမေ က ဖေဖေ့ကို သိပ်ချစ်သိပ်မျှော်လင့်ခဲ့တာ မဟုတ်လား။ဖေဖေနဲ့စကားများရန်ဖြစ်ပြီး မိကဲတို့မောင်နှမကိုလက်ဆွဲ အိမ်ပေါ်ကဆင်းလာခဲ့တာတောင် တစ်နေ့ဖေဖေအသိဝင် ပြန်လာခေါ်နိုးကို တိတ်တဆိတ်စောင့်မျှော်နေခဲ့တာ မိကဲသိတာပေါ့။ဒါပေမယ့် ဖေဖေကအသိဝင် ပြန်လာခေါ်ဖို့ နေနေသာသာ နောက်မိန်းမတောင် ကောက်ယူပြလိုက်သေးတာ။ယူတာတောင် ရိုးရိုးမဟုတ်။ဓာတ်စက်ကြီး အော်ကြီးဟစ်ကျယ်ဖွင့်ပြီး လူသိရှင်ကြားကို ယူပြခဲ့တာ။မိကဲတို့မောင်နှမမျက်နှာကိုတောင် မထောက်။ဖေဖေ သိပ်ရက်စက်လွန်းခဲ့တယ်။

“မေမေ ဖေဖေက နောက်မိန်းမယူသွားပြီဆိုတော့ သမီးတို့ဆီကို ဘယ်တော့မှမလာတောဘူးပေါ့နော်”

“သမီးရယ်”

မိကဲရဲ့အမေးကို မေမေက ပြန်မဖြေ။မိကဲကိုဖက်ပြီး ရှိုက်ကြီးတငင်သာ ငိုကြွေးနေခဲ့တယ်။မိကဲလည်း မေမေ့ကိုကြည့်ပြီး သနားလွန်းလို့ မေမေနဲ့အတူ ငိုချခဲ့လိုက်တယ်။ဒီအချိန် မောင်လေးကတော့ ငိုရလွန်းလို့မောပြီး ဘေးနားမှာအိပ်ပျော်နေခဲ့ရှာတယ်။မကြာပါဘူး မေမေ နှလုံးရောဂါဝေဒနာနဲ့ မိကဲတို့မောနှမကို အပြီးတိုင် ထားသွားခဲ့ပါတော့တယ်။မိကဲတို့ဘဝ ရွှေတောင်ကြီးပြိုကျခဲ့ရပြီး အားကိုးရာရင်ခွင် မဲ့ခဲ့ရပြန်တယ်။

“ငါ့သမီးလေး အခုမှဝဋ်ကျွတ်သွားရှာတော့တယ်။သမီးရေ ဖြစ်လေရာဘဝတိုင်းမှာ လူစိတ်မရှိ သစ္စာမရှိတဲ့ လင်ဆိုးလင်ယုတ်နဲ့ကင်းဝေပြီး လူစိတ်ရှိသစ္စာရှိတဲ့ လင်သူတော်ကောင်း လင်ကောင်းလင်မြတ်နဲ့ တွေ့ဆုံပေါင်းဖက်နိုင်ပါစေကွယ်”

အဖွားက မေမေ့အလောင်းကိုဖက်ပြီး ယူကျုံးမရနဲ့ ပြောပြောငိုခဲ့ရှာတယ်။ဖေဖေကတော့ မေမေ့အလောင်းမြေချလို့ ရက်လည်ပြီးသည်အထိ တစ်ခေါက်ပေါ်မလာ။မိကဲတို့မောင်နှမကိုလည်း လာမကြည့်။သူ့နောက်မယားနဲ့သာ အပျော်ကြီးပျော်မြူးနေခဲ့တယ်။မိကဲ ဥပေက္ခာပြု နေနိုင်ရက်စက်နိုင်လွန်းတဲ့ဖေဖေ့ကို အံ့ဩမိတယ်။ဘယ်လိုစိတ် ဘယ်လိုနှလုံးသားနဲ့များ ဖေဖေဥပေက္ခာပြု ရက်စက်နိုင်ရတာလဲ။မိကဲသိချင်စမ်းတယ်။

ဒီအထဲ ဖေဖေ့အမေ မိကဲတို့အဖွားနဲ့အဒေါ်အပျိုကြီးတွေကလည်း ရွာလေး ဟိုဘက်ဒီဘက် လှည်းလမ်းကလေးခြားတာတောင် တစ်ခေါက်ပေါ်မလာ။မိကဲတို့မောင်နှမကိုလည်း လှည့်မကြည့်။မေတ္တာမထား။သူစိမ်းပမာ ဥပေက္ခာပြု နေနိုင်လွန်းခဲ့ကြတယ်။မိကဲလေ ရင်တွေနာပြီးရင်းနာ ဖြစ်ခဲ့ရတယ်။

“ငါ့မြေးတို့ ဘာမှအားမငယ်ကြနဲ့။ငါ့မြေးတို့အနား အဖွားတစ်ယောက်လုံးရှိတယ်။အဖွားငါ့မြေးတို့ကို ကျွေးမွေးပြုစုစောင့်ရှောက်သွားမယ် ကြားလား”

ဆင်းရဲပေမယ့် မေတ္တာတရားကြီးမားတဲ့ မေမေ့အမေအဖွားက မျက်ရည်တွေကြားကနေ မိကဲတို့မောင်နှမကို အားပေးနှစ်သိမ့်ခဲ့တယ်။နှစ်သိမ့်ခဲ့တဲ့အတိုင်းလည်း သူတတ်ကျွမ်းတဲ့ မုန့်ပဲသရေစာကလေးတွေ လုပ်ရောင်းပြီး ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တယ်။မိကဲတို့မောင်နှမ အဖွားရဲ့မေတ္တာအရိပ်အောက်မှာ နွေးထွေးလုံခြုံစွာ နေခဲ့ကြရတယ်။ဒါပေမယ့် မပြည့်စုံ ဆင်းရဲခါးသီးမှုဒဏ်ကိုတော့ မိကဲတို့ ခံစားခဲ့ရတာ အရွယ်တွေနဲ့မမျှ။
××××××××

“အဖြား”

“ဟေ ပြောလေငါ့မြေး”

တစ်နေ့အဖွားမုန့်လုပ်နေတာကိုကူလုပ်ရင်း မိကဲသိချင်တာကို အရဲစွန့်မေးခဲ့လိုက်တယ်။

“ဟို ဟိုလေ ဖေဖေနဲ့ဖေဖေ့အမေ အစ်မတွေက မေမေနဲ့သမီးတို့ကို ဘာ ဘာလို့မချစ်ကြတာလဲဟင်”

“ဘာ”

မိကဲအမေးကြောင့် အဖွားကလုပ်လက်စမုန့်ကိုပစ်ချရင်း မိကဲကို ဒေါသမျက်လုံးတွေနဲ့ စိုက်ကြည့်နေခဲ့တယ်။မိကဲအဖွားမျက်လုံးထဲက ဒေါသရိပ်တွေကိုမြင်တော့ လန့်သွားခဲ့တယ်။
“ဟို ဟို အဖွားမဖြေချင်လည်းနေပါ။သ သမီးက ဘာရယ်မဟုတ်ပါဘူး။သိ သိချင်လို့ မေးလိုက်မိတာပါ”

“အဆင့်အတန်းမတူ ဆင်းရဲလို့ပေါ့အေ”

“ဟင်”

ရုတ်တရက် အဖွားက မျက်ရည်တွေစီးကျရင်း ပြန်ဖြေလိုက်တယ်။မိကဲအဖွားကိုကြည့်ပြီး အံ့ဩသွားခဲ့တယ်။

“အဆင့်အတန်းမတူ ဆင်းရဲလို့ဟုတ်လားအဖွား”

“ဟုတ်တယ်။သူတို့နဲ့အဖွားတို့ရဲ့ အခြေအနေ အဆင့်အတန်းက မိုးနဲ့မြေလိုကွာခြားတယ်။ပြီးတော့ အလုပ်ရှင်အလုပ်သမား သခင်နဲ့ကျွန်အဆင့်လည်း ဖြစ်နေခဲ့တယ်”

“ဟင် ဘယ် ဘယ်လို အလုပ်ရှင်အလုပ်သမား သခင်နဲ့ကျွန် ဟုတ်လားအဖွား”

မိကဲ အဖွားပြောတဲ့စကားကို နားမလည်။နားထဲအထူးအဆန်း ဖြစ်သွားခဲ့တယ်။

“အေး ဟုတ်တယ်။ သူတို့ကဒီရွာတဝိုက်မှာ လယ်ယာခြံမြေကျွဲနွားတွေ လက်ညှိုးထိုးမလွဲပိုင်တဲ့ ရွာ့မျက်နှာဖုံး အလုပ်ရှင်တောင်သူကြီးတွေ။အဖွားတို့က လက်လှုပ်မှပါးစပ်လှုပ်ရတဲ့ တစ်နေ့လုပ်တစ်နေ့စား အလုပ်သမား လူဆင်းရဲသား။သူတို့ တောင်သူကြီးတွေကို မှီခိုရပ်တည်နေရတဲ့သူတွေပေါ့အေ။ဒီတော့ ရွှေပေါ်မြတင်ထားတဲ့ သူတို့သားနဲ့ အလုပ်သမားဖြစ်တဲ့ ငါ့သမီးလေးကို ဘယ်သဘောတူ ကြည်ဖြူကြပါ့မလဲအေ”

“ဟင်”

အဖွားပြောမှ ဖေဖေနဲ့မေမေ့ရဲ့ ကွာခြားလွန်းတဲ့ ဘဝအခြေအနေနဲ့ အဆင့်အတန်းကို မိကဲသဘောပေါက် နားလည်ခဲ့လိုက်ရတော့တယ်။

“ဒါ ဒါပေမယ့် မေမေနဲ့ဖေဖေ ရခဲ့ကြတယ်မဟုတ်လား အဖွားရဲ့”
“အေး အဲ့ဒါသူ့သားက ဇွတ်ခိုးပြေးလို့ မပေးစားချင်ပဲ ပေးစားခဲ့ကြရတာ။ဒါပေမယ့် ငါ့သမီးလေး ကံမကောင်းခဲ့ရှာပါဘူးအေ။သင်းတို့သားမိတွေရဲ့ အငြှိုးနဲ့ ဝိုင်းနိုင်စား အနိုင်ကျင့်ဗိုလ်ကျ နှိပ်စက်တဲ့ဒဏ်ကို အလူးအလဲခံခဲ့ရတယ်။အချိန်တွေကြာ ကလေးသာနှစ်ယောက်ရတယ် တစ်ရက်မှ စိတ်ချမ်းသာတယ်ဆိုတာ မရှိခဲ့ရှာဘူး။ဒီအထဲ မွေးလာတဲ့ကလေးတွေကအစ အောက်တန်းစား ကျွန်သွေးဆိုပြီး မေတ္တာမထား မချစ်နိုင်ခဲ့တော့ ပိုစိတ်ဆင်းရဲ ပင်ပန်းခဲ့ရရှာတယ်”

အဖွားကပြောရင်း မျက်ရည်စတွေကို တဘက်ကလေးနဲ့ တို့သုတ်လိုက်တယ်။ဒီတော့မှ မိကဲ သူတို့မောင်နှမကို အဖွားနဲ့အဒေါ်တွေက ဘာကြောင့်မချစ် မေတ္တာမထား ဥပေက္ခာပြုနိုင်ခဲ့တာလည်းဆိုတာကို ကောင်းကောင်းကြီး သဘောပေါက်နားလည်ခဲ့ရတော့တယ်။ေဩာ် ငွေ ငွေ။လောကမှာ ငွေဟာလေ သွေးသားအရင်းကိုတောင် မမြင်နိုင်အောင် စိတ်အမှောင် ဖုံးလွှမ်းစေနိုင်ခဲ့ပါလား။ကြောက်စရာကောင်းလိုက်တာ။ဒါဆို ဖေဖေကရော။မေမေနဲ့မိကဲတို့အပေါ် မချစ်ခဲ့တာဟာ ဒီငွေကြောင့်ပဲလား။မိကဲသိချင်စမ်းလှတယ်။
“ဟို ဒါ ဒါဆို ဖေ ဖေဖေကရော–”

“မမေးနဲ့ ညည်းအဖေလည်း သူတို့နဲ့အလိုတူအလိုပါ။ဒီပုတ်ထဲကဒီပဲပဲ။ဆင်းရဲနွမ်းပါးတဲ့ ငါ့သမီးလေးကို အစကတော့ သူပဲမရရင်မနေနိုင် ချစ်သလိုလို ကြင်နာသလိုလိုနဲ့ နောက်ဆုံးမအေနဲ့အစ်မတွေစကားနားယောင်ပြီး အနိုင်ကျင့်ဗိုလ်ကျ ချောင်ထိုးနိုင်စားခဲ့လိုက်တာလွန်ရော။ဒီကြားထဲ သင်းက လူပျိုစိတ်ကမကုန်။ဘာသောက်လုပ်မှလည်းမလုပ်။အမေနဲ့အစ်မတွေအပေါ် ကလေးဆိုးလိုဆိုး လက်ဖြန့်တောင်းပြီးး ဆိုင်ကယ်တစ်စီးနဲ့ အိမ်မကပ်။အရက်ကလေးတမြမြလုပ်နေခဲ့တာ။ဒီအထဲ လောင်ကစားက ဝါသနာထုံ။မိန်းမကိစ္စကလည်း ရှုပ်ချင်သေး။ငါ့သမီးလေးခမျာ ယောက္ခမ ယောင်းမကံ မကောင်းရတဲ့ကြားထဲ လင်ကံကပါဆိုးလွန်းနေတော့ တစ်ပူပေါ်နှစ်ပူဆင့် စိတ်ဆင်းရဲကိုယ်ဆင်းရဲနဲ့ ဒူးနဲ့မျက်ရည်သုတ်နေခဲ့ရရှာတယ်”

“ဒါတောင် တည်မိတဲ့ဘုရား ဠင်းတနားနားဆိုသလို မေတ္တာစိတ်နဲ့ ကလေးတွေမျက်နှာငဲ့ရင်း ခေါင်းငုံ့သည်းခံပေါင်းခဲ့ရှာပါတယ်။ဒါကို ညည်းတို့အဖေက မေတ္တာကိုနားမလည်။ဂရုမစိုက်။မွေးထားတဲ့သားသမီးတွေအပေါ်လည်း ချစ်ရကောင်းမှန်း ခင်တွယ်ရကောင်းမှန်းမသိ။ဂရုစိုက်ဖို့ဆိုတာ ဝေးလာဝေး။သူ့ကိုယ်သူလူပျိုလုပ် တကိုယ်ကောင်းဆန်ဆန် သောက်စားမူးရူးပျော်ပါးပွေရှုပ်နေခဲ့တာ။မအေနဲ့အစ်မတွေကလည်း သိပေမယ့် မဆုံးမ။မတား။အားပေးအားမြှောက်တောင် လုပ်နေလိုက်ခဲ့သေးတာ။ဒီတော့ညည်းတို့အဖေ ဇောင်းထဲကမြင်း လွှတ်လိုက်တဲ့အတိုင်းပေါ့အေ။တစ်နေ့ညည်းတို့အဖေ ပွေရုံရှုပ်ရုံတင်မက မိန်းမတစ်ယောက်နဲ့ ဖောက်လွဲဖောက်ပြန် လုပ်နေခဲ့တယ်လေ။ငါ့သမီးလေးသိတော့ ဘယ်သည်းခံနိုင်ပါတော့မလဲ။လင်မယားစကားအကြီးအကျယ်များရန်ဖြစ်ပြီး နောက်ဆုံးကလေးနှစ်ယောက်လက်ဆွဲ အိမ်ပေါ်က ဆင်းလာခဲ့တော့တာ။အခုတော့ ငါ့သမီးလေး ဝဋ်ကျွတ်သွားရှာပြီပေါ့အေ”

အဖွားကမိကဲမေးမယ့်အမေးကို ကြိုသိနေသည့်အလား ဒေါသချောင်းချောင်းထွက်ရင်း ပြောပြနေခဲ့ရှာတယ်။မိကဲ အကြောင်းစုံ သိလိုက်ရတော့ မေမေ့ကိုသိပ်သနားသွားခဲ့မိတယ်။ဖေဖေဆိုးတယ်။မကောင်းဘူး။မိကဲတို့မောင်နှမအပေါ်လည်း မချစ်ဘူး ဂရုမစိုက်ဘူးဆိုတာ သိပေမယ့် ဒီလောက်အထိ ဆိုးနေမိုက်နေလိမ့်မယ်လို့ မထင်။အဲ့ဒါကြောင့် မေမေငယ်ငယ်ရွယ်ရွယ်နဲ့ နှလုံးရောဂါဝေဒနာ ရခဲ့ဟန်တူရဲ့။ကံဆိုးလိုက်တဲ့မေမေ။အခုတော့ မေမေတစ်ယောက် အဖွားပြောသလို ဒီဝဋ်ဒုက္ခဆိုးကြီးတွေကနေ ကင်းဝေးလွတ်မြောက်သွားခဲ့ရှာပြီပေါ့။မိကဲတို့မှာသာ ဖေဖေ့ရဲ့ဥပေက္ခာပြု စိမ်းကားရက်စက်မှုတွေကို အခုချိန်အထိ ခံစားစံစားနေကြရဆဲဖြစ်တယ်။

ဒါပေမယ့် မိကဲ ဖေဖေ့ကို မုန်းလာဆို မမုန်း။မေတ္တာလည်းမပျက်။တစ်ခါမှမရဘူးတဲ့ ဖေဖေ့ဆီက တန်ပြန်လာမယ့်မေတ္တာတွေကို တစ်နေ့ရလိုဇောနဲ့ မရဲတရဲလေး စောင့်မျှော်တမ်းတနေခဲ့မိတယ်။ဒါပေမယ့် မိကဲမျှော်လင့်ချက်ဆန္ဒတွေ မပြည့်ခဲ့။ဖေဖေက မိကဲတို့မောင်နှမကို ဖုတ်လေတဲ့ငါးပိ ရှိတယ်တောင်မထင်။သူ့နောက်မယားနဲ့ရတဲ့ သားလေးကိုသာ သားသမီးလိုသတ်မှတ်ပြီး အရိပ်တကြည့်ကြည့်နဲ့ ဖူးဖူးမှုတ် အလိုလိုက်ချစ်နေခဲ့တယ်။မိကဲ ရင်ထဲနင့်နေအောင် ခံစားခဲ့ရတယ်။ဖေဖေဘာဖြစ်လို့ သားသမီးချင်းတူတာတောင် မိကဲတို့မောင်နှမကို မချစ်နိုင် မေတ္တာမထားနိုင်ရတာလဲ။မိကဲ နားမလည်။စဉ်းစားမရ။

အဖွားနဲ့အဒေါ်တွေကလည်း ဘာထူးလဲ။ ထိုနည်းလည်းကောင်း။နောက်မိန်းမနဲ့ရတဲ့ကလေးကိုသာ မြေးအဖြစ် တူအဖြစ် သွေးသားအဖြစ် သတ်မှတ်ပြီး ချစ်လိုက်ကြတာ သည်းသည်းလှုပ်။မိကဲတို့မောင်နှမမှာတော့ ကံဆိုးလိုက်တာ။ပိုက်ဆံရှိသားသမီး မြေးချင်းတူတာတောင်အချစ်မခံရ။မေတ္တာအထားမခံရ။အောက်တန်းစား ကျွန်သွေးပါတယ်ဆိုပြီး ဥပေက္ခာပြု လစ်လျူရှု ခံခဲ့ရတယ်။ဆိုးလိုက်တဲ့ ကံတရား။ဘယ်ဘဝဝဋ်ကြွေးလေရယ်မသိ။

ဒီလိုနဲ့ မိကဲတို့မောင်နှမ မပြည့်စုံတဲ့ အဖွားရဲ့လောင်းရိပ်အောက်မှာ မုန့်ကလေးတွေကူလုပ်ရောင်းရင်း ဘဝကို ဆင်းဆင်းရဲရဲနဲ့ ကျားကုပ်ကျားခဲ ကြီးပြင်းရှင်သန်ခဲ့ကြရတယ်။ဘယ်ပညာ ဘယ်ကျောင်း ဘယ်စာမှလည်း မသင်ခဲ့။မတတ်ခဲ့ရ။
××××××××××

“မောင်လေးရယ် မင်းသွားမယ့်လမ်းကြောင်းကြီးက အန္တရာယ်သိပ်များလွန်းတယ်ကွယ်။မသွားချင်စမ်းပါနဲ့။ဒီမှာပဲ မမတို့နဲ့အတူ ဒိုးတူပေါင်ဖက် လုပ်ကိုင်စားစမ်းပါကွယ် နော်”

“ဟုတ်တယ်ငါ့မြေး အဖွားလည်းခွင့်မပြုချင်ဘူး။ငါ့မြေးသွားမယ့် ခရီးလမ်းက အန္တရာယ် သိပ်များသနဲ့ကွယ်။အဖွားစိတ်မချပါဘူး။ပြီးတော့ အခုအဖွားကလည်း အသက်ကြီးပြီ။ကျန်းမာရေးကလည်း သိပ်ကောင်းတာ မဟုတ်ဘူး။မတော် ဒီကြားထဲ အဖွားတစ်ခုခုဖြစ်သွားရင် မင်းအစ်မတစ်ယောက်ထဲ ဒုက္ခရောက်ကျန်ခဲ့မှာ။မဖြစ်ပါဘူးငါ့မြေးရယ် မသွားချင်စမ်းပါနဲ့ကွယ်”

တစ်နေ့မောင်လေးက တစ်ဖက်နိုင်ငံကို အန္တရာယ်သိပ်များတဲ့ တရားမဝင်အောက်လမ်းကြောင်းကြီးကနေ စွန့်စွန့်စားစားသွားပြီး အလုပ်သွားလုပ်ဖို့ပြောလာခဲ့တယ်။ မိကဲတို့မြေးအဖွား မောင်လေးကိုစိတ်မချ။မသွားစေချင်။အမျိုးမျိုးဖြောင့်ဖျ နားချတားခဲ့ကြတယ်။ဒါပေမယ့် ခေါင်းကြောမာတဲ့ မောင်လေးက တားမရ။

“အဖွားကလည်း ဘာစိတ်မချစရာရှိလဲ။သူများတွေလည်း ဒီလိုသွားနေကြတာပဲ။သား ယောက်ျားပါ။စွန့်စားရဲပါတယ်။ပြီးတော့အဖွားလည်း ဘာမှမဖြစ်ဘူး။အသက်ရှည်ကျန်းမာအုံးမှာ စိတ်ချ ဘာမှမပူနဲ့”

“မမလည်း မောင်လေးကို စိတ်မချမဖြစ်နဲ့။အခုမောင်လေး သွားတယ်ဆိုတာ မမနဲ့အဖွားကို ဒီမုန့်ကလေးလုပ်ရောင်းပြီး ဆင်းရဲတွင်းနက်နေတဲ့ ဘဝကြီးထဲကနေ ဆွဲထုတ်ကယ်ချင်လို့။အဆင်ပြေပြေ ချောင်ချောင်လည်လည် နေစေချင်လို့။မမပြောသလို ဒီမှာ မောင်လေး မမတို့နဲ့အတူ ဒိုးတူပေါင်ဖက် ကြုံရာကျပန်းအလုပ်နဲ့ ဘဝကို လုပ်ကိုင်စားလို့ရတာမှန်ပေမယ့် ဒီဆင်းရဲတွင်းနက်နေတဲ့ဘဝကြီးထဲကနေတော့ ရုန်းထွက်နိုင်မှာ မဟုတ်ဘူး။အဲ့ဒါကြောင့် မောင်လေးက စွန့်စားထွက်သွားချင်တာ။မောင်လေးဆန္ဒကို မတားချင်ပါနဲ့မမရယ်။မောင်လေးကို ခွင့်ပြုပေးပါနော်”

ရည်ရွယ်ချက်ပြင်းပြတဲ့မောင်လေးက သူ့ဆန္ဒတွေကိုပြောပြပြီး ပြည်ပကို တရားမဝင်လမ်းကြောင်းကြီးကနေ စွန့်စားထွက်ခွာသွားခဲ့တော့တယ်။မိကဲတို့မြေးအဖွား ဘာမှမတတ်နိုင်။ရင်တမမနဲ့သာ မောင်လေးသတင်းကို နားစွင့်စောင့်စားနေခဲ့ကြရတယ်။ဒါပေမယ့် မောင်လေး ကံကောင်းခဲ့ပါတယ်။မိကဲတို့စိုးရိမ်သလို မဖြစ်ခဲ့။တစ်ဖက်နိုင်ငံကို အန္တရာယ်ကင်းကင်း အဆင်ပြေပြေ ရောက်ရှိသွားခဲ့တယ်။အလုပ်လည်းရခဲ့တယ်။ဒီတော့မှ မိကဲတို့မြေးအဖွား အလုံးကြီးကျ သက်ပြင်းချနိုင်ခဲ့ကြတယ်။

“မမရေ မောင်လေးငွေပို့ပေးလိုက်တယ်နော်”

“အေးအေးမောင်လေး”

မောင်လေးပြည်ပရောက်ပြီး မကြာခင်လပိုင်းမှာပဲ မိကဲတို့မြေးအဖွားဆီ လစဉ်ငွေပို့ပေးနိုင်ခဲ့တယ်။မိကဲတို့ မောင်လေးပို့ပေးတဲ့ငွေလေးတွေကိုစုစောင်းရင်း အိမ်ဆိုင်ကလေးကို ဖွင့်ခဲ့တြယ်။ပြီးတော့ တစ်ဖက်တစ်လမ်းကနေလည်း တနိုင်တပိုင် လုံးတိုးနဲ့ နေ့ပြန်တိုး ငွေတိုးကလေးတွေ ပေးခဲ့လိုက်ကြတယ်။မိကဲတို့ အချိန်တိုအတွင်း ဆင်းရဲတွင်းလွတ် အဆင်ပြေချောင်လည်ခဲ့ကြတယ်။အဖွားလည်းမုန့်ကလေးတွေ လုပ်ရောင်းခြင်းကနေ အပြီးတိုင်အငြိမ်းစားရခဲ့ပြီး တရားဘာဝနာကို မပူမပင် ဇောင်းပေးလုပ်နိုင်ခဲ့တယ်။ဒါတွေဟာ ပြည်ပကို အောက်လမ်းကနေ စွန့်စွန့်စားစား ထွက်ခွာသွားတဲ့ မောင်လေးရဲ့ သိတတ်လိမ္မာတဲ့ အကျိုးကျေးဇူးတွေကြောင့်ပဲ မဟုတ်လား။မိကဲ မောင်လေးကို ကျေးဇူးတွေ တင်နေမိခဲ့ရပါတယ်။
××××××××××××

ဒီအချိန် ဖေဖေတို့ရဲ့အိမ်ထောင်ရေးဟာ အဆင်မပြေ။ စီးပွားရေးကလည်းကျဆင်း။တစ်ချိန်က ရွာ့မျက်နှာဖုံး လက်ညှိုးထိုးမလွဲရှိခဲ့တဲ့ လယ်ယာခြံမြေကျွဲနွားတွေဆိုတာ ဘယ်ရောက်လို့ဘယ်ပျောက်ကုန်မှန်းမသိ။တရိပ်ရိပ် ပျက်ပြုန်းကုန်ဆုံး ကျဆင်းလာလိုက်တဲ့ စီးပွားရေးဟာ အံ့ဩစရာ။တကယ်တော့ ဒါတွေဟာ ဘယ်သူမပြု မိမိအမှု။ ဖေဖေနဲ့သူ့နောက်မိန်းမရဲ့ စနက်တွေဆိုရင်မမှား။လောင်းကစားကို စီးပွားရေးပမာ ဦးနှောက်မရှိ အတွဲညီညီလုပ်ခဲ့ကြတဲ့ ရလဒ်တွေရဲ့ အကျိုးကျေးဇူးတွေပဲ မဟုတ်လား။။ဒီတော့ဒီစီးပွား မပျက်ခံနိုင်ရိုးလား။

ဒီကြားထဲ ဖေဖေ့နောက်မိန်းမက အနေမတတ်အထိုင်မတတ်။အသုံးအစွဲကလည်း မတတ်။ငွေကိုရေလိုသုံးပြီး အိမ်ထောင်မှုလည်းမနိုင်နင်း။ဒီအထဲ မိန်းမတန်မဲ့ သောက်လိုက်တဲ့အရက်သေစာကလည်း ယောက်ျားနဲ့အပြိုင်။ဖေဖေ့ထက်တောင်သာချင်သေး။အဆိုးဆုံးကလင်ယောက်ျားအပေါ် ဂရုမစိုက်။သစ္စာမရှိတာပဲ။ဒါကြောင့် အိမ်ထောင်တစ်ခုမှာ အသွင်မတူ အိမ်သူမဖြစ်လို့ ဆိုခဲ့ကြတာထင်ရဲ့။

မေမေ့တုန်းကဆို ဘယ်ဒီလိုဟုတ်လိမ့်မတုန်း။အရက်သေစာနဲ့လောင်းကစားလုပ်ဖို့ဆိုတာဝေး။နှစ်လုံးသုံးလုံးတောင် ထိုးတတ်ခဲ့တာမဟုတ်။အိမ်ထောင်မှုနဲ့အသုံးအစွဲကျစ်လစ်နိုင်နင်းတဲ့နေရာမှာလည်း နှစ်ယောက်မရှိ။အထူးသဖြင့် မိန်းမကောင်းပန်းပန် တစ်ပွင့်ပန် ဆိုတဲ့အတိုင်း မိမိအပေါ်ဆိုးဝါးနေတဲ့ လင်ယောက်ျားအပေါ်ကိုတောင် သစ္စာတစ်စက်မပျက်။မေတ္တာလည်းမပျက်ခဲ့။အရာရာကို မေတ္တာစိတ်နဲ့ သီးခံခွင့်လွှတ်နားလည်ပေးတတ်ခဲ့တာ။ဒါတွေကို ဖေဖေက နားမလည်။တန်ဖိုးမထား။ဥပေက္ခာပြုစွန့်ပစ်ခဲ့ပြီး နောက်မယားအသစ် ကောက်ယူခဲ့တာ။

အခုတော့ ဖေဖေ မေမေ့ဝဋ်တွေ လည်နေခဲ့ပြီထင်ရဲ့။အသက်ကကြီး ဇရာထောင်း ကျန်းမာရေးမကောင်းရတဲ့ကြားထဲ နောက်မယားရဲ့ဒုက္ခတွေကို ခါးဆီးခံနေရတယ်။အဖွားနဲ့အဒေါ်အပျိုကြီးတွေလည်း ထိုနည်းလည်းကောင်း။မေမေ့အပေါ် အနိုင်ကျင့်ဗိုလ်ကျနိုင်စားခဲ့လေသမျှ နောက်ချွေးမနဲ့ကျ တစ်ခွန်းမှမဟရဲ။ဟလို့လည်းမရ။ ငြိမ်ကုပ်နေခဲ့ရပြီး လက်မြှောက်အရှုံးပေးနေခဲ့ကြရတယ်။ဒီအထဲ သူတို့ဖူးဖူးမှုတ် အလိုလိုက်အကြိုက်ဆောင် သည်းသည်းလှုပ်ချစ်ခဲ့တဲ့ မြေးဖြစ်သူကလည်း အရွယ်လေးရလာတာနဲ့အမျှ ပြောစကား နားမထောင်။ဂျစ်ကန်ကန် ပေကပ်ကပ်။ကျွတ်ဆတ်ဆတ်နဲ့ အတတ်ပေါင်းစုံတွေတတ်ပြီး ဆိုးလိုက် မိုက်လိုက် ရိုင်းလိုက်တာဆိုတာလွန်ရော။ရှင်းလိုက်ရတဲ့ ပြသနာတွေဆိုတာမနည်း။အဖွားနဲ့အဒေါ်တွေ တစ်နေ့မှ စိတ်အေးချမ်းသာစွာ နေရတယ်ဆိုတာ မရှိ။

ဝဋ် ဝဋ်။ဝဋ်များကြောက်စရာ။နောင်ဘဝတောင် မကူး။မေမေနဲ့မိကဲတို့အပေါ် အနိုင်ကျင့်ဗိုလ်ကျ ဥပေက္ခာပြု နိုင်စားခဲ့လေသမျှ အားလုံးစိတ်ဆင်းရဲကိုယ်ဆင်းရဲနဲ့ ပေးဆပ်ခံစားနေခဲ့ကြရပေပြီ။ဒါတွေကို မိကဲတွေးမိတိုင်း ကြက်သီး ဖြန်းဖြန်းထမိပါရဲ့။

×××××××××××

“သမီး”

“ဟင်”

တစ်နေ့ မိကဲ အိမ်ရှေ့ဆိုင်လေးထဲစျေးရောင်းနေစဉ် အနားကပ်ခေါ်လိုက်တဲ့အသံကြောင့် အံဩသွားခဲ့မိတယ်။ဒီအသံ မိကဲ နှစ်ပေါင်းများစွာ မျှော်လင့်တောင့်တနေခဲ့တဲ့အသံ။ဖေဖေ့ရဲ့အသံ။မိကဲ ဖြတ်ကနဲလှည့်ကြည့်လိုက်တော့ တကယ်ပဲ ဖေဖေ့ကိုတွေ့လိုက်ရတယ်။ဒါပေမယ့် ဖေဖေ့ပုံစံက အရင်လိုမဟုတ်။ညှိုးညှိုးမှိန်မှိန် ပိန်ပိန်ပါးပါး တုန်တုန်ချိချိနဲ့။ကျန်းမာရေး အတော်ဖိဆီးနေပုံ။

“သမီး ဖေဖေ့ကို သိပ်စိတ်နာပြီး မုန်းတီးနေခဲ့ပြီလားကွယ်။ဖေဖေ ငါ့သမီးတို့အပေါ် တာဝန်မကျေ။ဖခင်မပီသ။သစ္စာမရှိတဲ့ လုပ်ရပ်တွေကို လုပ် လုပ်ခဲ့မိပါတယ်။အခု ဖေဖေ အဲ့ဒီလုပ်ရပ်တွေရဲ့အပြစ်ဒဏ်ကို ခံ ခံစားနေရပါပြီကွယ်။ဖေဖေ့ကို ခွင့် ခွင့်လွှတ်ပါသမီးရယ်”

မိကဲ ဖေဖေ့ကို အံ့ဩစိတ်နဲ့ ကြောင်ငေးကြည့်နေစဉ်မှာပဲ ဖေဖေက မျက်နှာလေးညှိုးညှိုးငယ်ငယ်နဲ့ သူ့အပြစ်သူ့အမှားတွေကို ဝန်ချတောင်းပန်နေပါတော့တယ်။မိကဲ ဖေဖေ့ကိုကြည့်ပြီး ရင်ထဲဆို့နင့်သွားခဲ့မိတယ်။တကယ်ဆို မိကဲ ဖေဖေ့ကိုနာကျည်းစိတ်နဲ့ မုန်းတီးချင်မိခဲ့ပါတယ်။ဒါပေမယ့် သနားစရာဖေဖေ့ကိုမြင်တော့ မိကဲမုန်းမရ။သွေးကစကားပြောနေတယ်ထင်ပါရဲ့။

“အို ဖေဖေရယ် ဖေဖေ သမီးကို တောင်းပန်စရာမလိုပါဘူး။သ သမီး ဖေဖေ့ကို ဘယ်တုန်းကမှ မနာကျည်းခဲ့သလို မုန်းလည်း မမုန်းခဲ့ပါဘူးဖေဖေရယ်”

“ဝမ်း ဝမ်းသာလိုက်တာသမီးရယ်။တကယ်တော့ ဖေဖေ ဒီစကားတွေကို သွားလေသူသမီးမေမေ သူတော်ကောင်းမကြီးကို တောင်း တောင်းပန်ချင်တာပါကွယ်”

ဖေဖေကပြောရင်း မျက်ရည်လေးတွေ စီးကျနေခဲ့တယ်။မိကဲ နောင်တတွေနဲ့ ပြည့်နေတဲ့ ဖေဖေ့ကိုကြည့်ပြီး စိတ်မကောင်း။ဒါပေမယ့် ဘာမှလည်းမတတ်နိုင်။ဖေဖေ့နောင်တတွေက နှောင်းနောင်တတွေ ဖြစ်နေခဲ့ပြီ မဟုတ်လား။အော် ကိုယ်စိုက်တဲ့အပင် ကိုယ်ပြန်ရိတ်သိမ်းရတယ်ဆိုတာ ဒါမျိုးပြောတာထင်ရဲ့။

“ဟဲ့အကောင် နင်ကအခုချိန်ကျမှ ငါတို့ဆီ ဘာလာလုပ်တာလဲ။သွား သွား ထွက်သွား။ကျက်သရေယုတ်တဲ့ နင့်မျက်နှာကို ငါမမြင်ချင်ဘူး သွား ထွက်သွား လူယုတ်မာရဲ့”

“ဟင် အဖွား”

ဒီအချိန် အဖွားကရောက်လာပြီး ဖေဖေ့ကို စိတ်ဆိုးမာန်ဆိုးနဲ့ ပြောဆိုနှင်လွှတ်ပါတော့တယ်။ဖေဖေချက်ချင်းဆိုသလို အဖွားရှေ့ ဒူးထောက်ထိုင်ချလိုက်တယ်။

“ပြော ပြောပါအမေရယ် ပြောပါ။ကျွန်တော်က အမေ့သမီးနဲ့ ကလေးတွေအပေါ် လူမဆန် တာဝန်မဲ့လုပ်ရပ်အမှားတွေ လုပ်ခဲ့မိတဲ့သူပါ။အပြစ်ရှိသူပါ။အမေ ဒီထက်မက ပြင်းထန်တဲ့စကားလုံးတွေနဲ့ ပစ်ပေါက်ပြောဆိုသင့်ပါတယ်။ဒါပေမယ့် အမေရယ် ကျွန်တော် အခုလာခဲ့တာက ကျွန်တော့်အပြစ်တွေအမှားတွေကို ဝန်ချတောင်းပန်ချင်လို့ လာခဲ့တာပါ။အဲ့ဒါကိုတော့ အမေလက်ခံခွင့်လွှတ်ပေးပါ။ ကျွန် ကျွန်တော် အမေ့သမီးနဲ့ကလေးတွေအပေါ်လုပ်ခဲ့တဲ့ အပြစ်တွေအတွက် အမေ့ကို ဝန်ချကန်တော့တောင်းပန်ပါတယ် အမေရယ်”

ဖေဖေက ပြောပြောဆိုဆို အဖွားကို သူ့အမှားသူ့အပြစ်တွေအတွက် ဝန်ချကန်တော့တောင်းပန်ပါတော့တယ်။ဒါကို အဖွားကလက်မခံ။မကျေနပ်။

“ဟဲ့အကောင် နင့်သောက်ပြစ်တွေကို ခုချိန်ကျမှ ဝန်ချကန်တော့တောင်းပန်တော့ရော ငါ့သမီးလေးက အသက်ပြန်ရှင်လာမှာလားဟဲ့။မလိုချင်ဘူး သွား သွားထွက်သွား။နင့်မျက်နှာကို ငါမြင်ရတာ အော့နှလုံးနာလွန်းလို့ သွား ထွက်သွား လူယုတ်မာ လူ့တိစ္ဆာန်အကောင်ရဲ့”

အဖွားက မကျေနိုင်မခဲနိုင်နဲ့ ဖေဖေ့မျက်နှာကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ပစ်ပေါက်ပြောဆို နှင်ထုတ်လိုက်ပြန်တယ်။ဒါပေမယ့် ဖေဖေထွက်မသွား။ခေါင်းကြီးငိုက်ဆိုက်ချပြီး တရှုံ့ရှုံ့ငိုကြွေးနေခဲ့ပါတယ်။ဒီလိုဆိုတော့လည်း ဖေဖေ့ပုံစံက သနားစရာ။
“အဖွားရယ် ဖေဖေက သူ့အမှား သူ့အပြစ်တွေကိုသိလို့ ဝန်ချကန်တော့တောင်းပန်နေပြီပဲ နားလည်ခွင့်လွှတ်ပေးလိုက်ပါ အဖွားရယ် နော်။ဖေဖေ့ သနားပါတယ်”

“ဘာ ဘာအေ့။ ညည်း ညည်းက သနားတယ် ဟုတ်လား”
ဖေဖေ့ဘက်ကနေ ဝင်ကူပြောလိုက်တဲ့မိကဲကို အဖွားက အသားတွေတဆတ်ဆတ်တုန်ပြီး ဒေါသတွေ ပိုထွက်သွားခဲ့ပါတော့တယ်။

“အေးလေ ညည်းက အဖေဆိုတော့ ဖြစ်ပြီးခဲ့သမျှတွေကို ဘယ်နာမလဲ။သနားနိုင်မှာပေါ့အေ။အေးးငါကတော့ ငါ့သမီးနဲ့ငါ့မြေးတွေအပေါ် လူစိတ်မရှိလုပ်ခဲ့တဲ့ ဒီလူယုတ်မာ လူ့တိရစ္ဆာန်အကောင်ကို ဒီတစ်သက် သနားဖို့ဝေးစွ ခွင့်လည်းမလွှတ်နိုင်ဘူးဟေ့ ဒါပဲ”

အဖွားက မိကဲကို ဒေါနဲ့မောနဲ့ပြောပြီး အိမ်ထဲဝင်သွားခဲ့တယ်။မိကဲ အဖွားကိုကြည့်ပြီး စိတ်မကောင်း။အပြစ်လည်းမမြင်။ဖေဖေ့ကြောင့် အသည်းတွှေနာကျင်ပြီး သမီးတစ်ယောက်လုံးဆုံးရှုံးထားခဲ့ရတာ မဟုတ်လား။ဘယ်ကျေနပ်ခွင့်လွှတ်နိုင်ရှာပါ့မလဲ။

“ကဲ သမီး ဖေဖေပြန်တော့မယ်။အခုလို ဖေဖေ့အမှားတွေကို မသေခင် လာတောင်းပန်လိုက်ရလို့ ဖေဖေ့ရင်တွေပေါ့ပါးသွားပြီး အသေလည်းဖြောင့်သွားပါပြီကွယ်။အော် ဒါနဲ့ သားလေးရော ဟိုမှာအဆင်ပြေတယ်မဟုတ်လား။သားလေးနဲ့ အဆက်အသွယ်ရရင် ဖေဖေက လာတောင်းပန်သွားတယ်ဆိုတဲ့အကြောင်းလေး ပြောလိုက်ပါအုံးကွယ် နော်”

ဖေဖေကပြောပြီး လှည့်ထွက်ဖို့ပြင်လိုက်တယ်။

“ဖေဖေ ခ ခဏ”

မိကဲဖေဖေ့ကိုတားရင်း ပိုက်ဆံသေတ္တာလေးကို အမြန်ဖွင့်လိုက်တယ်။

“ရော့ ဖေဖေ ဒါဖေဖေ လိုရာသုံးဖို့ သမီးကကန်တော့တာ”

မိကဲ ဖေဖေ့ကို ငွေတစ်ထပ်ကမ်းပေးရင်း ထိုင်ကန်တော့လိုက်တယ်။

“သာဓု သာဓု သာဓုပါကွယ်။ဒါပေမယ့် သမီးရယ် ဖေဖေ ဒီငွေတွေကိုတော့ လက်မခံပါရစေနဲ့ကွယ်”

“ဟင်”

ပိုက်ဆံကလေးတွေ ပြန်ပေးရင်းပြောလိုက်တဲ့ ဖေဖေစကားကြောင့် မိကဲ အံ့ဩသွားခဲ့တယ်။

“ဘာ ဘာဖြစ်လို့လဲဖေဖေရယ်”

“ငါ့သမီးတို့ရဲ့ သိတတ်လိမ္မာမှု မေတ္တာ စေတနာတွေနဲ့ ဖေဖေက မထိုက်တန်လို့ပါသမီးရယ်”

ဖေဖေကပြောရင်း ဝမ်းနည်းသွားသည်ထင်။မျက်ရည်ကလေးတွေ စီးကျလာပြန်ပါတယ်။မိကဲဖေဖေ့ကိုကြည့်ပြီး ရင်ထဲနင့်ကနဲ ဖြစ်သွားမိတယ်။

“အို ဖေဖေရယ် ဒီလိုစကားမျိုးတွေမပြောပါနဲ့။မိဘနဲ့သားသမီးကြားမှာ မထိုက်တန်ဘူးဆိုတာ မရှိပါဘူး။သမီးတို့ကုသိုလ်ရအောင် ဖေဖေ ဒီငွေကလေးတွေကို လက်ခံယူသွားပေးပါနော်။မောင်လေးသိရင်လည်း သိပ်ဝမ်းသာရှာမှာ သိလားဖေဖေ”

“သမီးရယ် လိမ္မာသိတတ်လိုက်ကြတာကွယ်။မိဘအပေါ် အပြစ်မမြင် သိတတ်လိမ္မာတဲ့ ငါ့သမီးလေးတို့ ကျန်းမာချမ်းသာ ဘေးဘယာကင်းဝေးကြပါစေကွယ်။ကဲ ဖေဖေ သွားပြီနော်သမီး”

“ဟုတ်ကဲ့ဖေဖေ”

ဖေဖေ မိကဲကို ဆုတွေပေးပြီး လှည့်ထွက်သွားခဲ့တယ်။မိကဲ နှောင်းနောင်တတွေအပြည့်နဲ့ တရွေ့ရွေ့ထွက်ခွာသွားတဲ့ ဖေဖေ့နောက်ကြောပြင်လေးကိုကြည့်ပြီး မျက်ရည်တွေ စီးကျနေမိတယ်။ပြီးတော့ တဆက်ထဲ သွားလေသူမေမေ့ကိုလည်း သတိက ရနေခဲ့မိတယ်။ဒီအချိန် မေမေရှိရင် ဘယ်လိုများ ဆုံးဖြတ်မှာပါလိမ့်။အရင်လို ဖေဖေ့ကို နားလည်ခွင့်လွှတ်ပေးနိုင်ပါအုံးမလား။မိကဲ သိချင်စမ်းလှတယ်။။။

(မှတ်ချက်။တလောက “တန်ရဲ့လား” စာစုလေးဖတ်ပြီး ရေးတင်ပေးဖို့ တောင်းဆိုတဲ့စာချစ်သူလေးတစ်ဦးရဲ့ဇာတ်ကြောင်းလေးပါ။တောင်းဆိုသူလေး ကျေနပ်နိုင်ပါစေရှင်)

#လှအုံးမယ်(တတရ)
28-3-2023(tue)