ပဌာန်းမရွတ်နဲ့

ပဌာန်းမရွတ်နဲ့ (စ/ဆုံး)

—————–

 

“အဆောင်လေးကတော့ သန့်တယ်နော် …အဆင်ပြေမဲ့ပုံလေးပါပဲ…”

 

“ပြေပါတယ်…နွယ်နီရယ်..ဒီအချိန် ပြည်မှာဒီဈေးနဲ့ရတဲ့အခန်းကို ထမင်းထုပ်ရွက်ရှာတောင်မတွေ့ဘူး…”

 

သူငယ်ချင်းနှစ်ယောက်သား နေရမဲ့အခန်းလေးကိုကြည့်ကာသဘောကျနေကြသည်..။ တကယ်တော့ နွယ်နီနှင့် ပပ က ကွန်ပျူတာတက္ကသိုလ်တက်ကြမည့်ကျောင်းသူတွေဖြစ်သည်..။ ပြီးတော့ ဒီနေရာလေးကကျောင်းနဲ့လဲနီးကာ အခန်းထဲမှာ ထမင်းဟင်းလဲ ချက်စားလို့ရသည်မို့ ပိုပြီးကျေနပ်နေကြသည်..။ နှစ်ယောက်ခန်းဖြစ်ကာ အခန်းထဲမှာ ကုတင်နှစ်လုံးနှင့်စာကြည့်စားပွဲတစ်လုံးရှိသည်..။ အနောက်ဘက်တစ်ဆက်ထဲအခန်းမှာက ထမင်းဟင်းချက်လို့ရကာ ရေချိူးတာကတော့အပြင်မှာပဲ အဆောင်သူအားလုံးရေချိူးရတာဖြစ်သည်…။

 

ရောက်ကာစနေ့လဲဖြစ်ကာ ခရီးလဲပန်းလာကြသည်မို့ပစ္စည်းတွေနေရာချပြီးသည်နှင့်ကုတင်ပေါ်ခဏလှဲကာ တစ်ချိုးထဲအိပ်ပျော်သွားကြတာ ညမှောင်စပျိူးမှနိုးလာကြသည့်အဖြစ်…။ သူမတို့အခန်းပြတင်းပေါက်မှနေပြီး ညနေဆည်းဆာအရောင်လေးပင် ခပ်ဖျော့ဖျော့ဝင်တော့သည့်အချိန်…။

 

“အမလေး…တို့နှစ်ယောက်ကလဲအိပ်လိုက်တာ….မိုးချုပ်မှကိုနိုးကြတယ်…ထ ထ ရေချိုးကြမယ်…”

 

အမြဲတမ်းသွက်သွက်လက်လက်ရှိသည့် ပပ ကခပ်သွက်သွက်ပင်လောကာ ရေချိုးမည့်နေရာသို့ထွက်ခဲ့ကြသည်…။ ရေကန်က အိမ်အနောက်ဘက်မှာဖြစ်ကာ ခြံစည်းရိုးနှင့်ကပ်လျက်က အိမ်သာ ငါးလုံးယှဉ်လျက်ရှိကာ ရှေ့မှာက ရေချိူးကန်အကြီးနှစ်လုံးတွဲလျက်..။

 

ပပ ကသူ့ထုံးစံအတိုင်းခပ်သွက်သွက်ချိုးပေမဲ့ နွယ်နီကတော့ ရေမချိူးခင် ၂၄ ပစ္စည်းအကျဉ်းကိုရွတ်ကာ မျက်နှာသစ်ပြီးမှချိုးသည်..။ဒါက နွယ်နီ့ရဲ့ပုံမှန်အကျင့်..။ ဘာလုပ်လုပ် မလုပ်ခင်၂၄ ပစ္စည်းအကျဉ်းရွတ်ကာ အိပ်ယာဝင်ကာနီးဆို ပဌာန်းအကျယ်ကိုအမြဲရွတ်လေ့ရှိသည်..။

 

“ဟေတုပစ္စယော…အာရမ္မဏပစ္စယော…”

 

“ဝုန်း…ဒုန်း…”

 

ပဌာန်းအကျဉ်းစရွတ်ချိန်မှာပင် အိမ်သာတံခါးတစ်ခုက လူတစ်ယောက်ထွက်သွားသလိုဝုန်းခနဲပွင့်ကာသွားတော့ နှစ်ယောက်သားပြိုင်တူပင်ကြည့်ကြပေမဲ့ ဘာမှမတွေ့…။ ခပ်သာသာလေးတိုက်ခတ်နေသောလေတိုက်တာဖြစ်မည်ဟုယူဆက ရေသွက်သွက်ချိုးပြီးအပေါ်တက်ခဲ့လိုက်သည်…။

 

ကပျာကယာပင်ထမင်းချက်ကြကာ ညစာကိုဖြစ်သလိုစားလိုက်ရင်းကျောင်းတင်ရမည့်အကြောင်းကိုဆွေးနွေးမိကြသည်…။ကျောင်းတက်ကြမဲ့အကြောင်းပြောရင်းကနေ အချိန်ကုန်မှနးမသိကုန်ကာ နာရီကြည့်မိချိန်မှာ ညကိုးနာရီထိုးနေပေပြီ..။

 

“အိပ်တော့မယ်နွယ်နီရေ….တို့တွေမနက်ကျ လိုတာတွေဝယ်ဖို့ မြို့ထဲလဲသွားရအုံးမှာ…”

 

“အေးပါ…ငါလဲ ဘုရားရှိခိုးပြီးတာနဲ့အိပ်တော့မှာ…”

 

ထုံးစံအတိုင်းဝတ်မပျက်ဘုရားရှိခိုး ပဌာန်းရွတ်သူက နွယ်နီ…။ အခန်းလေးထဲမှာက ခပ်တိုးတိုးဘုရားရှိခိုးသံလေးသာလွှမ်းခြုံနေကာ ပတ်ဝန်းကျင်ကတော့တိတ်ဆိတ်ငြိမ်သက်နေလျက်…။

 

“ဒုန်း…ဒုန်း…”

 

“ဝေါ…ဖရော…ဖရော….”

 

“ရှပ်…ရှပ်…ဘုတ်…ဘုတ်…”

 

ပဌာန်းစရွတ်ချိန်မှာပင်အခန်းအပြင်မှဒရောသောပါးပြေးထွက်သွားသလိုအသံမျိုးကြားလိုက်ရကာ ကြက်သီးတွေလဲဖြန်းခနဲထသွားရသည်…။ ပြင်ပမှာက ပုရစ်အော်သံစူးစူးမှလွဲ၍ဘာမှမကြားရ…။ရုတ်တရက်စိမ့်တက်သွားသောအအေးဓာတ်နှင့်အတူ ကြောက်စရာကောင်းအောင်တိတ်ဆိတ်သွားသည့်ပတ်ဝန်းကျင်…။

 

ဘာမှတော့ထွေထွေထူးထူးမစဉ်းစားတော့ပဲ အိပ်ယာဝင်လိုက်မိတော့သည်…။

 

______________

 

“ငါပြောစရာရှိတယ်…”

 

တရွတ်တိုက်ဆွဲလာသောခန္ဓာကိုယ်က ပိန်လှီသေးကွေးနေကာ…ကြိုးတို့ကျဲတဲ ဆံပင်ဖြူတွေက မျက်နှာပေါ်မှာပါဖုံးနေလျက်..။ ညှီစို့စို့အနံ့ကြီးက တစ်ခန်းလုံးဖုံးနေကာ ကြမ်းပြင်မှာ တရွတ်ဆွဲကြောင်းကြီးက နီညိုညိုသွေးပုပ်တွေထင်းနေသည်…။ မြင်ရတာကိုက အော်ဂလီဆန်စရာကောင်းလွန်းကာ… တုံ့ပြန်စကားပြောဖို့ နှုတ်ခမ်းတွေကဖွင့်ဟမရ..။

 

“နင် ပဌာန်းမရွတ်ပါနဲ့..ငါတို့တွေပဌာန်းရွတ်သံကြားရင်ချက်ချင်းထွက်ပြေးရတယ်…”

 

“အေး…သတိပေးထားရဲ့သားနဲ့ ရွတ်လို့ကတော့ ငါ့အကြောင်းသိမယ်…နင့်ကိုထိလို့ရတဲ့အချိန်မှာနင့်ကိုထိခိုက်အောင်လုပ်မယ်…”

 

“ဒီမှာနေတဲ့အချိန်အတွင်း ပဌာန်းမရွတ်ပါနဲ့…”

 

ပြောနေတာကိုကြားနေရပေမဲ့ ပြန်ပြောနိုင်စွမ်းမရှိ..။နှုတ်ခမ်းတွေကစေးကပ်နေကာ ဖွင့်ဟလို့မရ…။ထိုအချိန်မှာပင်..ထိုတရွတ်တိုက်နေသော အဘွားကြီးနောက်မှာပေါ်လာသူများက ကျိုးပဲ့နေသော ခေါင်းတွေရွဲ့စောင်းနေကာ သွေးရဲရဲသံရဲရဲနှင့် မကောင်းဆိုးဝါးတစ်စု…။ပုပ်ဟောင်နံစော်နေသောအနံ့အသက်များ..ပျက်စီးနေသောမျက်နှာများကြောင့် လန့်ထိတ်ကာ အသံကုန်အော်လိုက်မိတော့သည်…။

 

“အမလေး….”

 

“နွယ်နီ…နွယ်နီ….ဘာဖြစ်တာလဲ…”

 

တစ်ယောက်ယောက်ရဲ့လှုပ်နှိုးမှုမှာ ဆတ်ခနဲထထိုင်လိုက်မိတော့ သူမတစ်ကိုယ်လုံးချွေးတွေရွှဲနစ်နေလျက်..။ အခန်းထဲမှာတော့ ညှီစို့စို့အနံ့ကြီးရနေလျက်…။

 

“ပပ…. ပပ…နင်အနံ့ရလားဟင်…အခန်းထဲမှာလေ…ငါ…ငါအိပ်မက်မက်တာ…ဒီအခန်းထဲမှာသရဲရှိတယ်…”

 

“ဟယ်…မဟုတ်ပါဘူး….နွယ်နီရယ်…နင်အိပ်ယာပြောင်းလို့အိပ်မက်ဆိုးတွေမက်တာပါ…လာ…လာ…ရေသောက်လိုက်…”

 

ပပ ခပ်ပေးသော ရေခွက်နှင့်ရေကိုသောက်လိုက်မိပေမဲ့…ရင်ထဲမှကြောက်စိတ်ကလျော့ပါးမသွားပဲ..အခန်းကြီးကိုမသတီနေလျက်…။စိတ်ထဲမှာတွေးမိတာကတော့ သူ့ဦးလေးဆီသွားမှဖြစ်တော့မှာဆိုတာပင်..။

 

သူ့ဦးလေးက နာမည်ကြီးပယောဂဆရာကြီးဖြစ်သူ ဆရာကြိုင်ပင်..။ သရဲတစ္ဆေ အမှောင့်ပယောဂအကုန်နိုင်သည်ဟုနာမည်ကြီးသော ပယောဂဆရာကြီး ဆရာကြိုင်..။

 

—————–

 

သူမတို့နေနေကျအခန်းက ခုတော့အမွှေးတိုင်တွေ ဖယောင်းတိုင်တွေနှင့် အနံ့တွေမွှန်ထူနေလျက်…။ အဆောင်အပြင်ဘက်မှာကတော့ မိုးတဖျောက်ဖျောက်ရွာကာ…ပုရစ်အော်သံ တစ်ကျစ်ကျစ်နှင့်…။

 

“နွယ်နီ…ဒါကဘာတွေလဲ…”

 

အခုမှပြန်ရောက်လာသည့်ပပ က အံ့ဩတကြီးနှင့်မေးကာ အခန်းတွင်းကိုကြည့်ရင်းမျက်လုံးပြူးနေရှာသည်…။ကြည့်ပါအုံး…စာကြည့်စားပွဲပေါ်မှာ ဖယောင်းတိုင် အဝါရောင်တစ်ချောင်းနှင့်အမွှေးတိုင်ဝါဝါများ…။ နောက်ဖက် မီးဖိုခန်းထဲမှာလဲထိုနည်းတူစွာပင်…။

 

“ငါ…လေးလေးကြိုင်ကိုပြောပြလိုက်တော့ လေးလေးက ဒီလိုလုပ်ထားဆိုလို့…ငါလုပ်ထားတာ…ငါကျန်တာမကြောက်ပေမဲ့…သရဲတစ္ဆတော့ငါကြောက်တယ်…”

 

“ဪ…နွယ်နီရယ်… နင့်လောက်ဘုရားတရားလုပ်တာလဲနင်ပဲ….တအားကြောက်နေတာလဲနင်ပဲ…”

 

“ဘာဖြစ်ဖြစ်ငါနည်းနည်းစိတ်သက်သာတာပေါ့ဟယ်…”

 

တိုက်ဆိုင်တာလား..ဘာလားတော့မသိ…။ သာမန်ကြားနေကြ ခြေသံတရှပ်ရှပ်တောင်မကြားတော့ပဲ ထိုညမှစ၍အေးအေးဆေးဆေးနေရတာတော့အမှန်ပင်…။ဒါပေမဲ့ ပရလောကသားတွေဆိုတာကတော့….။

 

—————

 

ထိုဖြစ်ရပ်များဖြစ်ပြီး…တစ်လအကြာ…

 

“နွယ်နီ…ခုညနေဆေးခန်းသွားပြရအောင်…ရောဂါတိုးအောင်မနေနဲ့တော့…”

 

“အေးပါ…ငါခုညမသက်သာရင်မနက်ကျသွားကြမယ်…”

 

ပြောင်းလဲနေသော နွယ်နီ့ကိုသိပ်မပြောချင်တော့…။အရင်ကဆို ဘုရားမှတပါးယုံကြည်မှုမရှိသောနွယ်နီဟာ..ဆေးဖယောင်းတိုင်နှင့် ဦးလေးဖြစ်သူပယောဂဆရာကြီးဦးကြိုင်အား..ယုံကြည်မှုပိုသွားသောအခါ..ပဌာန်းရွတ်သည့်ဝတ်ကိုတောင် ပျက်တစ်လှည့်လုပ်တစ်လှည့်ဖြစ်လာသည့်အဖြစ်…။ခုတော့ ကိုယ်ငွေ့ငွေ့နွေးကာ..ဖျားနေသည်..။

 

ဆေးတိုက်ကာ…နွယ်နီနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မှ ပပလဲအိပ်လိုက်သည်…။ အမြဲတမ်းမခွဲမခွာအတူနေလာသူမို့..သူငယ်ချင်းကိုတော့စိတ်ပူမိတာအမှန်ပါ….။

 

“အင်း….ဟင်း….ဟင်း….”

 

ညီးညူသံရှည်ကြီးကြောင့် အိပ်နေရာမှလန့်နိုးသွားသူက နွယ်နီ..။ နံဘေးကိုကြည့်မိတော့..ပပက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလျက်…။

 

“အီး…ဟီး…ဟီး…”

 

“ဖေရာ…ဖေရာ…”

 

ကြမ်းပြင်ကိုတရွတ်တိုက်ဆွဲလာသည့်အသံနှင့်အတူ ပုပ်ဟောင်နေသော အနံ့ဆိုးကြီးကြောင့် ကိုက်ခဲနေသော ခေါင်းကိုထောင်ကာကြည့်မိတော့…

 

“အမလေး….သရဲ…သရဲမကြီး…”

 

အိပ်မက်ထဲမှာတွေ့ခဲ့သော သရဲမကြီး…။ တရွတ်တိုက်ဆွဲလာနေတာက သူမကုတင်ရှိရာသို့ဖြစ်ကာ နေရာမှကုန်းထဖို့လုပ်ပေမဲ့..ခြေတွေလက်တွေလုံးဝလှုပ်မရတော့..။ ပါးစပ်ကလဲ အာစေးမိနေသလို့စေးကပ်နေကာ ဟလို့တောင်မရ…။

 

“ဟင့်အင်း…မလာနဲ့..သွား…သွား….”

 

“ဟီး…နင့်ကိုငါနိုင်တဲ့အချိန်ရောက်ပြီ…ပဌာန်းရွတ်ပြီးငါနဲ့ငါ့မိသားစုမနေနိုင်အောင်လုပ်တယ်…ဒါတင်မကဘူး ပယောဂဆရာနဲ့ငါ့ကိုနှင်တယ်…နင့်ကိုငါနိုင်မဲ့အချိန်ရောက်ပြီ…ဟီး….ဟီး…”

 

ကွဲရှရှအက်ကွဲကွဲအသံကြီးက သွေးတွေယိုစီးကာ ပုပ်ဟောင်နံစော်နေသော ပါးစပ်ကြီးအတွင်းမှထွက်လာလျက်…။တဖြေးဖြေးတိုးလာကာ ကုတင်ပေါ်ကို မည်းညစ်နေသော လက်ချောင်းကြီးများတင်ချိန်အထိ..သူမရုန်းကန်လို့မရသလို..အသံလဲထွက်မလာခဲ့..။

 

“အား….မလာနဲ့.. ငါ့ဆီမလာနဲ့….သွား… သရဲမကြီး…သွား…”

 

အတင်းအော်ဟစ်နေပေမဲ့လဲလှုပ်မရပဲဖြစ်နေကာ….သရဲမကြီးကတော့ သူမအပေါ်ကိုတရွေ့ရွေ့တက်လာလျက်…။ ပုပ်ဟောင်နေသော အရည်များသူမအပေါ်ကို တတောက်တောက်ကျလာသလို ရင်ဘတ်ပေါ်မှာခွစီးထားသော သရဲမကြီး…။ လက်တွေက သူမလည်ပင်းပေါ်ရောက်လာကာ…တဖြည်းဖြည်းအသက်ရှုကြပ်လာရင်း…အတင်းရုန်းနေပေမဲ့ အရာမထင်ပဲ…မြင်ကွင်းတွေကဝေဝါးသွားတော့သည်…။

 

——————

 

“အား….လာကြပါအုံး…”

 

မနက်စောစော အကျည်းတန်စွာထွက်ပေါ်လာသောအသံကြောင့် အဆောင်မှလူများစုရုံးရောက်ရှိလာတာက နွယ်နီတိုအခန်းကိုဖြစ်ကာ…မြင်ရသည့်မြင်ကွင်းကမလှပ…။

 

ကုတင်ပေါ်မှာက အဆမတန်ပြူးထွက်နေသည့်မျက်လုံးများ…အပြင်သို့ထွက်နေသောလျှာဖြင့် လည်ပင်းအညိုအမဲစွဲလျက်သေနေသူက နွယ်နီ…။ ကုတင်ဘေးမှာရပ်လျက် ကြောင်နေသူက ပပ ဖြစ်ကာ မျက်ရည်တွေကျနေလျက်…။

 

“ဟယ်…ဘာဖြစ်ကြတာလဲ…”

 

“အမလေး…”

 

“အမလေး… ကြောက်စရာကြီးတော့…”

 

အကုန်လုံးကြောက်လန့်တကြားဖြစ်သွားကြကာ…မျက်နှာတွေလွှဲလိုက်ကြသည့်အဖြစ်…။ နွယ်နီ့အဖြစ်က မမြင်ရက်စရာအဖြစ်တစ်ခုမဟုတ်လား…။

 

—————–

 

“ဒီနေရာက အရမ်းမြေကြမ်းတယ်လို့အန်တီမဝယ်ခင်ထဲက အရင်ပိုင်ရှင်ကသတိပေးခဲ့ပါတယ်…ဒီနေရာမှာနေရင်ပဌာန်းမရွတ်ရဘူး…အရမ်းပြင်းတဲ့ ပရိတ်တွေမရွတ်ရဘူး…ဒီနေရာမှာရှိတဲ့ မကျွတ်မလွတ်တဲ့သူတွေရှိတာသိပေမဲ့ အန်တီတော့တစ်ခါမှအခြောက်မခံရဘူး…ဒါပေမဲ့…နွယ်နီလေးကိုသတိမပေးမိတာအန်တီ့အမှားပါ…သူတို့သတိပေးခဲ့ပေမဲ့..နွယ်နီက ပယောဂဆရာနဲ့ပါလုပ်လိုက်တော့ နွယ်နီ ကံနိမ့်တဲ့အချိန်မှာဒီလိုဖြစ်သွားတာပေါ့…စိတ်မကောင်းဖြစ်ရပေမဲ့ အန်တီတို့နွယ်နီ ကောင်းရာမွန်ရာရောက်ဖို့ပဲလုပ်ပေးနိုင်တာပေါ့ကွယ်…”

 

အဆောင်ရှင်အန်တီကြီးစကားမှာ အကုန်လုံးနားလည်သွားကြကာ…ထိုဖြစ်ရပ်ဖြစ်ပြီးနောက်ပိုင်းမှာ ထိုအဆောင်မှာလူနည်းသွားတာတော့အမှန်ပင်ဖြစ်တော့သည်..။

 

**ပြီးပါပြီ**