အောင်မြတ်သာနှင့်ပါရမီဖြည့်လမ်း
“ဒုတ် ဒုတ် ဒုတ်”
“ခွပ် ခွပ်”
သစ်သားတုံးကို တစ်ခုခုနဲ့ထွင်းထုလိုက်တဲ့အသံက လူနေထူထပ်နေတဲ့ ရပ်ကွက်တစ်ခု အတွင်းကနေ စည်းချက်မှန်မှန် ပေါ်ထွက်လာခဲ့တယ်။
“ ကိုဝင်းမောင် ရှင့်ကိုမနေ့က လာအပ်ထားတဲ့ စရန်ငွေတွေ ဘယ်မလဲ”
အိမ်ထဲကနေ ဆံပင်ကိုတစ်ပတ်လျှိုထုံးကာ ထွက်လာတဲ့ မိန်းမဖြစ်သူစကားကြောင့် ကိုဝင်းမောင် လုပ်လက်စအလုပ်တွေကို ရပ်လိုက်ပြီး
“ ဘယ်ကစရန်ငွေလဲ မနေ့က လာမပေးပါဘူး”
“ ဘာလို့မပေးရမှာလဲ ပိုက်ဆံအိတ်ထဲက ငွေတွေထုတ်လိုက်တာ ကျုပ်မြင်ပါတယ်”
“အာ စရန်ပေးမလို့ဆိုတာဟုတ်တယ် ဒါပေမယ့် သူတို့မှာတဲ့အသားက ရုတ်တရက်ရှာလို့မှ မရတာ စရန်ယူထားပြီး ရှာမတွေ့ရင် မျက်နှာပျက်စရာကြီးဖြစ်နေပါဦးမယ်”
“အော် မျက်နှာပျက်စရာမဖြစ်အောင် ရှင်က လိုက်ရှာပေးရမှာပေါ့ တကထဲတော် အိမ်မှာရှိတဲ့ သားသမီးတွေကို ကျွေးဖို့ စားစရာမရှိတာတောင် သူတော်ကောင်းလုပ်ချင်နေသေးတယ်”
ဗျစ်တောက်ဗျစ်တောက်ပြောဆိုပြီး အိမ်ထဲပြန်ဝင်သွားတဲ့ မိန်းမဖြစ်သူရဲ့ နောက်ကျောကို ကြည့်ပြီး ကိုဝင်းမောင် သက်ပြင်းရှည်တစ်ချက်ချလိုက်မိတယ်။
ကိုဝင်းမောင်က အသက်၁၇နှစ်မှာ အိမ်ကသဘောမတူတဲ့သူတဲ့ယူလို့ တစ်အိမ်လုံးရဲ့ စွန့်ပစ်ခြင်းကိုခံထားရတဲ့သူတစ်ယောက်။ ယူမိတဲ့မိန်းမကလဲ အစကဟုတ်မလိုလို ဟုတ်မလိုလိုနဲ့ နောက်ပိုင်းကျတော့ ရှာသမျှဖွေသမျှကို မစုဆောင်းတတ်ပဲ သုံးဖြုန်းနေတာကြောင့် ဘယ်လောက် အလုပ်လုပ်လုပ် ငွေကတော့ အမြဲတမ်းပြတ်လပ်နေတတ်တယ်။ ဒီကြားထဲ လူမမယ်ကလေး နှစ်ယောက်ရဲ့ စရိတ်ကလဲ ရှိသေးဆိုတော့ နေ့ရောညပါ အလုပ်လုပ်မှ မိသားစုစားဝတ်နေရေး ပြေလည်နိုင်တဲ့အခြေအနေဖြစ်နေခဲ့တယ်။
ကိုဝင်းမောင်ရဲ့ မျိုးရိုးက ပန်းပုပညာရှင်တွေဖြစ်တဲ့အတွက် ငယ်စဉ်ထဲက ထိတွေ့ ကျွမ်းဝင်ခဲ့တဲ့ ပန်းပုပညာနဲ့ မိသားစုကိုရှာကျွေးရင်း မိန်းမဖြစ်သူရဲ့ဆူသမျှဆဲသမျှကိုသည်းညဉ်းခံပြီး နေလာခဲ့တာ အိမ်ထောင်သက် ရှစ်နှစ်အတွင်းတောင် ရောက်လာပါကောလား။ ငယ်သူငယ်ချင်း တွေကတော့ မိဘဖြစ်သူဆီ အရင်းအနှီးလေးတောင်းပြီး စီးပွားရေးလုပ်ဖို့ပြောပေမယ့် ခေါင်းမာတဲ့ ကိုဝင်းမောင်ကတော့ မိဘတွေကိုအပူအကပ်ချင်ဘူး၊ ငါလုပ်ခဲ့တဲ့အလုပ်ကို ငါကိုယ်တိုင်ပြည့်စုံ အောင်လုပ်မယ်ဆိုပြီး အမြဲပြောတတ်တဲ့လူတစ်ယောက်။ တကယ်တော့ ကိုဝင်းမောင်ဖြစ်ချင်တာက ရဟန်းအဖြစ်ခံယူဖို့ပဲ။ ဒီကိစ္စကလဲ ဇနီး၊သားသမီးတွေရဲ့မျက်နှာကြောင့် အကောင်အထည်ဖော်နိုင်ဖို့ မဖြစ်နိုင်မှန်း သဘောပေါက်ခဲ့တယ်။ ဒါကြောင့် ရှိသမျှအလုပ်တွေကို တစ်ဝမ်းတစ်ခါးအတွက် ရှာကြံလုပ်ရင်း တစ်နေ့ပြီးတစ်နေ့ကုန်ဆုံးလာခဲ့တယ်။
တစ်ညမှာတော့ ထူးဆန်းတဲ့အိမ်မက်တစ်ခုကို ကိုဝင်းမောင် မြင်မက်ခဲ့တယ်။ အိမ်မက်ထဲမှာ လူတွေနေထိုင်တဲ့ ကမ္ဘာလုံးကြီးက သူ့ရဲ့ခြေဖဝါးအောက်မှာ ဖန်ဂေါ်လီအရွယ်လောက်သာရှိနေပြီး ဘေးပတ်ပတ်လည်မှာလဲ ကိုယ်ရောင်ကိုယ်ဝါတောက်ပနေတဲ့ သူတွေက လက်အုပ်ချီပြီး ရှိခိုးနေကြတယ်။ ဒီအိမ်မက်ကိုမြင်မက်ပြီးထဲက ကိုဝင်းမောင်တစ်ယောက် ရဟန်းဝတ်ချင်စိတ်တွေ တစ်ဖွားဖွားဖြစ်ပေါ်နေခဲ့တာ အစားအသောက်ကအစ၊ အိပ်ရေးကအထိ ပျက်လာခဲ့တယ်။
မိန်းမဖြစ်သူကတော့ နေရင်းထိုင်ရင် တစ်မှိုင်မှိုင်တစ်ထွေထွေဖြစ်နေတဲ့ ယောင်္ကျားဖြစ်သူကို ကြည့်ပြီး
“တော်က ဘာတွေလုပ်နေရလို့ ဒီလောက် မှိုင်တွေနေရတာလဲ၊ အလုပ်လုပ်လားဆိုတော့လဲ ဟုတ်တိပတ်တိမလုပ်၊ ဆန်အိုးထဲကမှာ ဆန်ကကုန်တော့မယ်၊ ဝယ်စရာပိုက်ဆံလဲမရှိဘူး။ ညနေမှ ပိုက်ဆံမရဘူးဆိုရင် တစ်အိမ်လုံးဗိုက်မှောက်ရေသောက်နေကြတာပေါ့”
ခပ်ထေ့ထေ့ ပြောလိုက်တဲ့ မိန်းမဖြစ်သူစကားကြောင့် အိမ်ရှေ့မှာ ငိုင်နေတဲ့ ကိုဝင်းမောင် တစ်ယောက် လုံချည်ကိုပြင်ဝတ်လိုက်ပြီး
“ငါ့ရစရာရှိတဲ့ပန်းပုဖိုးတွေသွားတောင်းမလို့ အပြင်ခဏသွားလိုက်ဦးမယ် ပိုက်ဆံရလာရင် အိမ်အတွက်ဆန်ဝယ်လာခဲ့မယ်”လို့ပြောပြီး လမ်းထိပ်ဘက်ကိုထွက်သွားခဲ့တယ်။
တကယ်တော့ ပန်းပုဖိုးလဲရစရာရှိတာမဟုတ်၊ အိမ်မှာနေရင် မိန်းမဖြစ်သူရဲ့စကားသံကြောင့် ရန်ဖြစ်မှာစိုးတဲ့အတွက်ထွက်လာရခြင်းပဲဖြစ်တယ်။ လမ်းထိပ်ရောက်တော့ မြင်းလှည်းဂိတ်မှာ လူတွေစုရုံးစုရုံးဖြစ်နေတဲ့အတွက် ဘာများဖြစ်လဲဆိုပြီး သွားကြည့်လိုက်တော့ သူ့နဲ့အသက်မတိမ်း မယိမ်းအရွယ်လောက်ရှိတဲ့ လူငယ်တစ်ယောက်က ပိုက်ဆံအထပ်လိုက်ကို ယပ်တောင်သဖွယ် ယပ်ခပ်ရင်း
“ ကျုပ်မေးတဲ့ မေးခွန်းကို မှန်အောင်ဖြေနိုင်ရင် ဟောဒီက ငွေစက္ကူတစ်ရွက်ရမယ်ဗျာ၊ ဒီခေတ်ဒီကာလကြီးမှာ မေးခွန်းသုံးခုလောက်မှန်အောင် ဖြေနိုင်ရုံနဲ့ ဆန်တစ်အိမ်စာတန်ကြေးရှိတဲ့ ငွေကိုရမှာနော်… ဘယ်သူများစိတ်ဝင်စားကြလဲ”
“ကျုပ်ဖြေမယ်ဗျာ…”
မြင်းလှည်းသမားကိုဘအိုက လက်သီးလက်မောင်းတန်းပြီး လူငယ်အရှေ့မှာဝင်ထိုင်လိုက် တယ်။
“ဟုတ်ပြီ ဦးလေးက ဖြေမယ်ဆိုတော့လဲ ကျုပ်ကမေးရတာပေါ့…..ဒါနဲ့ ဦးလေးက ဗုဒ္ဓဘာသာ လား”
“ဒါပေါ့ကွ ငယ်စဉ်ထဲက မိရိုးဖလာကိုးကွယ်လာတာ.. ဗုဒ္ဓဘာသာစစ်စစ်ဗျ”
“ဟုတ်ပြီ ဒါဆိုရင် ကျုပ်မေးပြီ…. ရဟန္တာတိုင်းက စျာန်ပျံနိုင်လား”
“ ဟဟဟ ကောင်လေး မင်းပိုက်ဆံ ငါ့ပေးတော့ .. ဒီလောက်လွယ်တဲ့ မေးခွန်းကို ကလေးတောင်ဖြေနိုင်တယ်။ ရဟန္တာတိုင်းက စျာန်ပျံနိုင်တာပေါ့။ စျာန်ပျံနိုင်လို့ ရဟန္တာဖြစ်နေတာလေ”
ဦးဘအိုက အောင်နိုင်သူတို့ရဲ့လေသံနဲ့ ပြောပြီး လူငယ်ဆီက ငွေစက္ကူကို လှမ်းကြည့်လိုက် တယ်။
“မှားတယ်ဦးလေး ဒါကြောင့် ဒီငွေကို ကျုပ်မပေးနိုင်ပါဘူး”
လူငယ်ရဲ့အဖြေကြောင့် ဦးဘအိုရှူးရှူးရှဲရှဲဖြစ်သွားပြီး
“မှားတယ်ဆိုရင် သက်သေပြလေ ဘယ်မလဲသက်သေ”
“ဦးလေးတို့နားလည်အောင်ပြောရရင် အခုခေတ် ကလေးတွေ အစိုးရအထက်တန်းစာမေးပွဲ ကိုဖြေဆိုကြတယ်ဗျာ အဲဒီထဲမှာ ရိုးရိုးအောင်မြင်တဲ့သူရှိသလို၊ အမှတ်တွေများပြီး ဂုဏ်ထူးနဲ့ အောင်မြင်ကြတဲ့သူတွေလဲရှိတယ်။ ရဟန္တာတွေမှာလဲ ဒီလိုပဲဗျ… သမထကနေ ဝိပဿနာကိုကူးပြီး ရဟန္တာဖြစ်တဲ့ပုဂ္ဂိုလ်တွေသာစျာန်ပျံနိုင်တဲ့အစွမ်းတွေရှိကြတယ်.. သူတို့ကတော့ ဂုဏ်ထူးနဲ့ အောင်တဲ့သဘောပေါ့။ ဝိပဿနာကနေပဲ ရဟန္တာဖြစ်တဲ့ ရဟန္တာတွေကတော့ စျာန်မပျံနိုင်ကြဘူး.. သူတို့ကတော့ ရိုးရိုးအောင်မြင်တဲ့သဘော… ကဲ ဘယ်လိုလဲ ဦးလေး လက်ခံပြီလား”
လေသံအေးအေးနဲ့ တစ်လုံချင်းရှင်းပြနေတဲ့ လူငယ်ကိုကြည့်ပြီး ကိုဝင်းမောင် ပြုံးလိုက်မိတယ်။ စိတ်ထဲကနေလဲ တကယ်တော်တဲ့ လူ ဆိုပြီး ချီးကျူးလိုက်တဲ့အချိန်
“ ဟိုမှာရပ်နေတဲ့ အစ်ကိုကြီး မေးခွန်းလေးတွေ ဝင်မဖြေချင်ဘူးလား”
ကိုဝင်းမောင်က သူ့ကိုကြည့်ပြီးမေးလိုက်တဲ့ လူငယ်ရဲ့စကားကြောင့် ခေါင်းကုတ်လိုက်ပြီး
“ကျုပ်က ဗဟုသုတနည်းတော့ ဖြေနိုင်မယ်မထင်ပါဘူးဗျာ”
“ဟောဟော ခင်ဗျားက စစ်မရောက်ခင်ထဲက မြှားကုန်နေတာပဲ… လာဖြေစမ်းပါဗျာ ဒီငွေတွေကို ယူနိုင်မယ့်သူ အခုထိမရှိသေးဘူးနော်”
ငွေဆိုတဲ့စကားကြောင့် အိမ်မှာကျန်ရစ်ခဲ့တဲ့ မိန်းမနဲ့ကလေးဖြစ်သူတွေရဲ့မျက်နှာကို ပြန်မြင် ယောင်မိပြီး
“ဒါဖြင့်လဲ ဖြေမယ်ဗျာ….ရတာမရတာက တစ်ပိုင်းပေါ့”
ကိုဝင်းမောင်လဲ လူငယ်အရှေ့မှာ ဝင်ထိုင်လိုက်ပြီး
“ကဲ.. မေးတော့ဗျာ”
“ ဟုတ်ပြီ ဒီကအစ်ကိုကြီးနာမည်က…”
“အော် ကျုပ်နာမည် ဝင်းမောင်ပါ”
“ကိုဝင်းမောင် ပရိတ်တွေဘာတွေ ရွတ်ဖူးလား”
“အင်း ငယ်ငယ်က မိဘတွေသင်ပေးလို့တော့ ရွတ်ဖူးတယ် ပရိတ်ကြီး၁၁သုတ်ထဲက အကြောင်းတွေများမေးမလို့လား……”
“ဒါဖြင့် ကျုပ်မေးပြီဗျာ ပရိတ်ရွတ်သူပြည့်စုံရမယ့်အင်္ဂါဘယ်နှစ်ပါးရှိလဲ”
လူငယ်စကားကြောင့် ကိုဝင်းမောင် မျက်မှောင်ကြုတ်ကာစဉ်းစားလိုက်တဲ့အချိန် မနေ့က အိမ်မှာထိုင်နေတာပျင်းတာနဲ့ အငယ်မလေးဆော့နေတဲ့ ပရိတ်ကြီး၁၁သုတ်စာအုပ်ကိုယူပြီး ဖတ်ကြည့်မိတဲ့အတွေးက ရုတ်တရက်ဝင်လာခဲ့တယ်။
“ ကျုပ်သိတယ် ကျုပ်သိတယ် ဒါပေမယ့် အပြည့်အစုံတော့မရဘူးနော်… ပရိတ်ရွတ်သူပြည့်စုံရမယ့်အင်္ဂါက သုံးပါးရှိတယ်။ အတိုချုပ်ပြောရရင် ရွတ်ဆိုသမျှစာလုံးတွေကို ဌာန်ကရိုဏ်းကျကျပီပြင်အောင်ရွတ်ဆိုဖို့ရယ်၊ ကိုယ်ရွတ်ဖတ်တဲ့ပရိတ်တော်ကို ယုံကြည်ရမယ် ဆိုတာရယ်၊ နောက်တစ်ချက်က …. နောက်တစ်ချက်က…..”
ကိုဝင်းမောင် နောက်ဆုံးတစ်ချက်ကို မေ့နေတဲ့အတွက် စဉ်းစားနေတဲ့အချိန်
“ ကိုယ်ရွတ်ဖတ်တဲ့ ပရိတ်တရားတော်ကို ကြားနာတဲ့သူတွေအပေါ် မေတ္တာ၊ ဂရုဏာ အပြည့်အဝထားရမယ်၊ လာဘ်လာဘကိုမငဲ့ကွက်ပဲရွတ်ဖတ်ရမယ်တဲ့”
လူငယ်ရဲ့ စကားကြောင့် ကိုဝင်းမောင် ခေါင်းတစ်ငြိမ့်ငြိမ့်လုပ်ပြီး
“ဟုတ်တယ် ဟုတ်တယ် အဲဒီအတိုင်းပဲ…. ကျုပ်ဖြေတာ အဲဒီတစ်ချက်လိုသွားတယ်ဗျာ”
“ခင်ဗျားအဖြေကမှန်ပါတယ်… ကျုပ်ကဘယ်ပါးရှိလဲပဲပြောတာ၊ ခင်ဗျားက သိတဲ့အချက် နှစ်ချက်ကိုပါဖြေနိုင်တဲ့အတွက် ဒီဆုငွေကို ခင်ဗျားရပါတယ်”
လူငယ်ရဲ့စကားကြောင့် ဘေးမှာရပ်ကြည့်နေတဲ့သူတွေဆီကနေ “ဝေး”ခနဲအော်တဲ့အသံတွေ ထွက်လာခဲ့တယ်။
ကိုဝင်းမောင်လဲ လူငယ်ပေးတဲ့ ငွေကိုဝမ်းသာအားရနဲ့ယူပြီး မြင်းလှည်းဂိတ်နားမှာရှိတဲ့ စတိုးဆိုင်ကနေ ဆန်လေးပြည်ဝယ်ကာ အိမ်ကိုပြန်လာခဲ့လိုက်တယ်။ အိမ်ရောက်တော့ ရေမိုးချိုးပြီး ဆီမပါဆားမပါကြော်ထားတဲ့ ကန်စွန်းရွက်ကြော်နဲ့ထမင်းစားကာ ထိုင်နေရင်း ညနေက အဖြစ် အပျက်တွေကို ပြန်ပြောင်းစဉ်းစားနေခဲ့မိတယ်။
“ ကိုဝင်းမောင်……”
“ဟေ ဘာတုန်း”
“နောက်တစ်ပတ်ဆိုရင် ဘေးအိမ်က ဒေါ်ရင်မြ မြေးလေးတွေ ရှင်ပြုဖို့ရှိတယ်တဲ့… အဲဒါ ကျုပ် ဝတ်ဖို့ အဝတ်အစားဖိုးလေးရှာပေးပါဦး”
“ဟ ဟိုတစ်လကပဲ တစ်စုံချုပ်ထားတယ်မဟုတ်လား…”
“ဟုတ်တယ်လေ အဲဒါက ……”
“အေအေ ငါကြံဖန်လိုက်ပါဦးမယ် … ရရင်တော့ ဝယ်ပေးမယ်။ အခုတစ်လော အပ်ထည်တွေ မလာတာနင်သိသားနဲ့”
“ရှင်က ယောင်္ကျားပဲ ကြံဖန်ကြည့်ပေါ့”
မကျေနပ်တဲ့လေသံနဲ့ပြောပြီး အိမ်ထဲပြန်ဝင်သွားတဲ့ မိန်းမဖြစ်သူကိုကြည့်ပြီး ခေါင်းကို ဖြေးညှင်းစွာခါရမ်းလိုက်မိတယ်။
နောက်တစ်နေ့မနက်ရောက်တော့ ညကကျန်တဲ့ ထမင်းကြမ်းကို ဆီနဲ့ဆားနဲ့နယ်ဖတ် စားသောက်ပြီး အလုပ်ရလိုရငြား လမ်းထိပ်ကို ထွက်လာခဲ့လိုက်တယ်။ ဒီတစ်ခါမှာတော့ မြင်းလှည်း ဂိတ်က လူသူတစ်ယောက်မှမရှိပဲ ရှင်းလင်းနေတာမြင်တော့
“ဒီနေ့ ဂိတ်ကလူတွေ ဘယ်များသွားကြပါလိမ့်….ထူးဆန်းနေပါလား”
ကိုဝင်းမောင်စိတ်ထဲကနေရေရွတ်ပြီး ဂိတ်ထဲဝင်ကြည့်လိုက်တဲ့အချိန် ကွပ်ပြစ်ပေါ်မှာ မျက်နှာကိုယပ်တောင်နဲ့ဖုံးပြီး အိပ်နေတဲ့လူတစ်ယောက်ကိုမြင်လိုက်ရတယ်။
“ ဘာလဲ မိန်းမက ဝမ်းဆက်ဖိုး ရှာခိုင်းလိုက်လို့ ဒီရောက်လာတာလား”
အိပ်နေတဲ့လူဆီကနေထွက်လာတဲ့အသံကြောင့် ကြည့်လိုက်တော့ မနေ့က သူ့ကို မေးခွန်း မေးတဲ့လူဖြစ်နေတာကိုသိလိုက်ရတယ်။
“ကိုယ့်လူက ဘယ်လိုဖြစ်လို့ သိနေတာလဲ”
“သိဆို ခင်ဗျားမလာခင်ကပဲ ဟိုနားက ကုန်စုံဆိုင်မှာ ခင်ဗျားမိန်းမက ပိတ်စလာကြည့် သွားတယ်လေ…. အခုခင်ဗျားကိုမြင်တော့ မျက်နှာကမသာမယာနဲ့ဆိုတော့ ဒီကိစ္စပဲဖြစ်မယ်ဆိုတာ ကြိုသိနေတာဗျ”
“ဟုတ်တယ် ကိုယ့်လူရေ ကျုပ်ဖြင့် ဘာအလုပ်ပဲ လုပ်လုပ် အဆင်မပြေတော့ အိမ်က မိသားစု ကိုလဲ သနားလှပြီ”
ကိုဝင်းမောင်စကားကြောင့် အိပ်နေတဲ့လူငယ်က ဆတ်ခနဲထရပ်လိုက်ပြီး
“ခင်ဗျားက ပိုက်ဆံချမ်းသာချင်လို့လား”
“ဟုတ်တယ်ဗျ ဒီအချိန်ကျုပ်ထီများပေါက်လို့ကတော့ ရသမျှငွေတွေအားလုံး မိန်းမကိုပေးပြီး ဘုန်းကြီးသွားဝတ်လိုက်မှာ”
“ဟားဟားဟား ခင်ဗျားကတော့ တကယ့်လူပဲ… လောလောဆယ် ထီထိုးဖို့တောင် ပိုက်ဆံ မရှိဘူးမဟုတ်လား”
“ဟက်ဟက် အေးဗျာ … ကျုပ်အဖြစ်က ထီမထိုးပဲ ထီပေါက်ချင်တဲ့လူလိုဖြစ်နေတာဗျ”
“ဒီလောက်လဲ အားမငယ်ပါနဲ့ဗျာ…ရော့ ဒီငွေကိုယူသွား ဟိုမှာ စက်ဘီးနဲ့ထီရောင်းနေတဲ့ အဘိုးကြီးကိုတွေ့တယ်မဟုတ်လား.. သူ့ဆီကနေ ထီသွားထိုးဗျာ”
“ဟေ့လူ ခင်ဗျားက မနေ့ကလဲ ကျုပ်ကိုပိုက်ဆံပေးတယ်၊ အခုလဲ ထီထိုးဖို့ငွေပေးပြန်ပြီ.. ကျုပ်မယူပါရစေနဲ့ဗျာ”
“အော် ခင်ဗျားနဲ့တော့ခက်နေပြီ … ခင်ဗျားပဲပြောတော့ ထီပေါက်ချင်တယ်ဆို”
“အင်းလေ”
“ဒါဖြင့် စကားမများပဲ သွားထိုးဗျာ။ ပေါက်ရင်တော့ ခင်ဗျားကတိအတိုင်း တောထွက်ဖို့ ပြင်ထား”
ကိုဝင်းမောင်လဲ လူငယ်ပေးတဲ့ ငွေစက္ကူကိုယူပြီး ထီသည်အဘိုးကြီးဆီကနေ နှစ်စောင်တွဲ ထီတစ်စောင်ထိုးလာခဲ့ပြီး ပြန်လာတော့ မြင်းလှည်းဂိတ်မှာ အိပ်နေတဲ့ လူငယ်ကို မတွေ့ရတော့တာ ကြောင့်
“အခုပဲရှိနေပြီး ဘယ်ကိုထွက်သွားပြန်လဲမသိဘူး” ဆိုပြီးရေရွတ်ကာ အိမ်ကိုပြန်လာခဲ့ လိုက်တယ်။
အိမ်ရောက်တော့ မိန်းမဖြစ်သူက ထီစာရွက်ကိုမြင်ပြီး
“ထီကျတော့ ထိုးဖို့ပိုက်ဆံရှိတယ်။ ဟင်းစားကုန်နေတာကျတော့ ဝယ်ဖို့စိတ်ကူးမရှိဘူး” စသဖြင့်ဆူပူသောင်းကျန်းပါလေရော။ ကိုဝင်းမောင်လဲ ပြန်မပြောတဲ့ထုံးနှလုံးမူပြီး အိမ်ရှေ့ကွပ်ပြစ် မှာယပ်တောင်လေးတစ်ဖျတ်ဖျတ်ခပ်ပြီး မှေးလိုက်တာ တစ်ရေးထဲအိပ်ပျော်သွားခဲ့တယ်။
နောက်တစ်နေ့ နေ့လည်လောက်ရောက်တော့
“ဝင်းမောင်ရေ ဝင်းမောင် …. “ဆိုတဲ့အသံကြောင့် အိမ်ထဲကနေထွက်ကြည့်လိုက်ရာ မြင်းလှည်းသမားကိုဘအိုဖြစ်နေခဲ့တယ်။
“ကိုဘအို ဘာဖြစ်တာလဲ”
“မင်း…. မင်း… မင်းမိန်းမ လမ်းမအလယ်မှာ အော်ငိုနေလို့ကွ”
ကိုဘအိုစကားကြောင့် ဝင်းမောင် ကမန်းကတမ်း လမ်းထိပ်ထွက်ကြည့်လိုက်တော့ မြေကြီးပေါ်လူးလိမ့်ပြီး အော်ငိုနေတဲ့မိန်းမဖြစ်သူကိုမြင်လိုက်ရတယ်။
“ မိန်းမ မိန်းမ ဘာဖြစ်တာလဲ… ဘာဖြစ်တာလဲလို့”
“ကိုဝင်းမောင်ရယ် ကျွန်မကိုခွင့်လွှတ်ပါ .. ခွင့်လွှတ်ပါ..”
“အော် ဘာဖြစ်တာလဲလို့ မေးနေတယ်လေ”
“ကျွန်မလေ ဟင်းစားမရှိလို့ မနေ့ညက ရှင်ထိုးလာတဲ့ ထီစာရွက်ကို မလှသန်းဆီမှာ သွားရောင်းလိုက်တာ အခုအဲဒီထီစာရွက်က သိန်းဆုကြီးပေါက်လို့တဲ့ အဟီးဟီး”
မိန်းမဖြစ်သူစကားကြောင့် ဝင်းမောင် အရုပ်ကြိုးပြတ်သလိုဖြစ်သွားပြီး ခေါင်းထဲမှာ မိုက်ခနဲ ဖြစ်သွားခဲ့တယ်။ စိတ်ထဲမှာတော့ ယူကြုံးမရဖြစ်ပေမယ့် ရောင်းစားထားပြီးသားဖြစ်နေတဲ့အတွက် ဘာမှလုပ်မရမှန်းသိနေတော့
“ကဲကဲ မင်းလဲ ကြံရာမရဖြစ်လို့ လုပ်လိုက်မိတာပဲ အိမ်ပြန်ကြရအောင် လမ်းလယ်ခေါင်မှာ လူတွေဝိုင်းကြည့်နေတာ ရှက်စရာကြီးပါကွာ”
ဝင်းမောင်က မိန်းမဖြစ်သူကို တွဲပြီး အိမ်ကိုပြန်ခေါ်လာခဲ့တယ်။ အိမ်ရောက်တော့ လေသံ အေးအေးနဲ့
“ နင်လဲ နင်လုပ်ချင်တာလုပ်ခဲ့ပြီးပြီမဟုတ်လား ဒီတော့ ငါလဲ ငါလုပ်ချင်တာ လုပ်မယ်”
“ရှင်က ဘာလုပ်မလို့လဲ”
“ငါ ငါ ဘုန်းကြီးသွားဝတ်တော့မယ်….”
“ရှင် တကယ်ကြီးပြောနေတာလား ရှင်ထွက်သွားရင် ကျွန်မတို့မိသားစုကို ဘယ်သူကျွေးမွေး တော့မလဲ အဟီးဟီး”
မိန်းမဖြစ်သူက ရင်ဘတ်စည်တီးပြီး ငိုယိုနေတဲ့အချိန်
“ ဒီအိမ်က ကိုဝင်းမောင်တို့အိမ်လား”
“ဟုတ်ပါတယ် ဘယ်သူများလဲ”
“မနေ့က ခင်ဗျားကို ထီရောင်းပေးလိုက်တဲ့သူပါ”
ထီရောင်းပေးသူဆိုတဲ့အသံကြောင့် ဝင်းမောင် အိမ်ရှေ့ကိုထွက်လာပြီး
“ကျုပ်ထိုးထားတဲ့ ထီပေါက်တယ်ဆိုပြီးလာပြောတာလား”
“ဟုတ်တယ်ဗျ ကျုပ်ဖြင့်မယုံနိုင်အောင်ပဲဗျို့ ခင်ဗျားထိုးထားတဲ့ထီက ဆုအမြင့်ဆုံးထဲ ပါသွားတာ”
“ဟူး ဦးလေး အဲဒီထီက ကျွန်တော့်ဆီမှာမရှိတော့ဘူး မနေ့ညက ကျွန်တော့်မိန်းမ က မလှသန်းဆီမှာသွားရောင်းစားပြီပြီ သူ့ဆီမှယူပြီး သူ့ကိုပဲထုတ်ပေးလိုက်ပါဗျာ”
ဝင်းမောင်က စိတ်မကောင်းတဲ့လေသံနဲ့ပြောပြီး လှည့်ထွက်ဖို့အလုပ်
“ဟေ့ကောင်လေး မင်းထိုးထားတာ ထီဘယ်နှစ်စောင်လဲ”
“နှစ်စောင်လေ ဦးလေး ဘာဖြစ်လို့လဲ”
“မလှသန်းဆီမှာရှိတာက တစ်စောင်ပဲလေ… သူ့မှာရှိတဲ့ထီစာရွက်က သိန်းဆုအသေးပဲ ပေါက်တာ။ နောက်တစ်စောင်ကမှ အမြင့်ဆုံးဆုပေါက်တာကွ”
ထီသည်အဘိုးကြီးပြောလိုက်တဲ့စကားကြောင့် ဝင်းမောင် မျက်လုံးပြူးမျက်ဆန်ပြူးဖြစ်သွား ပြီး
“မနေ့က ငါ့အိမ်ထဲမှာ ထည့်ထားတဲ့ ထီနှစ်စောင်…..”
ကမန်းကတမ်းနဲ့ နံရံမှာချိတ်ထားတဲ့ အင်္ကျီအိတ်ကပ်ထဲကိုစမ်းကြည့်လိုက်ရာ အိပ်ကပ်ထောင့်အစွန်းမှာကပ်နေတဲ့ ထီစာရွက်တစ်ရွက်ကိုတွေ့လိုက်ရတယ်။
“ဦးလေး ဦးလေး ဒါဆို ကျွန်တော်ထိုးထားတဲ့ ထီနှစ်စောင်လုံးက ဆုကြီးပေါက်တာပေါ့”
“ဟုတ်တာပေါ့ ငါ့တူရာ … မင်းလောက် ကံကောင်းတဲ့သူ ငါတစ်ခါမှမမြင်ဘူးဘူး နောက်နေ့ ဆုကြေးငွေထုတ်ဖို့ ထီဆိုင်က တာဝန်ရှိသူတွေ မင်းဆီလာလိမ့်မယ်ဆိုတာ ငါကလာပြောပြတာ”
“ဟာ ကျေးဇူးတင်လိုက်တာ ဦးလေးရယ်……”
ထီသည်ဦးလေးကြီးပြန်သွားတော့ မိန်းမဖြစ်သူက မှိုရတဲ့မျက်နှာနဲ့
“ ကျွန်မတို့ ထီပေါက်ပြီပေါ့နော် ဝမ်းသာလိုက်တာ…. ညကမှောင်ကမဲမဲနဲ့မို့ ထီကတစ်စောင်ပဲပါသွားတာဖြစ်မယ် ကံကြီးပေလို့..ဘုရားမပေလို့သာပဲ”
မိန်းမဖြစ်သူရဲ့ ဝမ်းသာအားရအော်ဟစ်ပျော်ရွှင်နေတဲ့ပုံကိုကြည့်ပြီး ဝင်းမောင် သက်ပြင်း တစ်ချက်ချကာ
“မိန်းမ ဒီလောက်ဆိုရင် ငါဘုန်းကြီးဝတ်ဖို့ လုံလောက်ပြီမဟုတ်လား”
“အို မဟုတ်တာ ကျုပ်တို့ချမ်းသာပြီလေ ရှင်လဲ အေးအေးလူလူထိုင်စားလို့ရနေတာကို ဘာကြောင့်ဘုန်းကြီးဝတ်ဦးမှာလဲ”
“ဒီမယ် မိန်းမ အခုရမယ့် ငွေတွေအားလုံးကိုယူပြီး မင်းတို့မိသားစု ပျော်ပျော်ရွှင်ရွှင်နေထိုင် ကြပါ ငါ့ကိုတော့ ဘုန်းကြီးဝတ်ခွင့်ပေးပါ”
ဝင်းမောင်စကားကို မိန်းမဖြစ်သူက တစ်ခါနှစ်ခါလောက်အထိ တားပေမယ့် နောက်ဆုံးမှာတော့
“ရှင်ဝတ်ချင်သပဆိုလဲဝတ်လေ ဒါနဲ့ ဘယ်တော့ဝတ်မှာလဲ”
“ မနက်ဖြန်ငါသွားဝတ်မယ် မင်းကတော့ ငွေထုတ်ပေးမယ့် လူကြီးတွေနဲ့လိုက်သွားလိုက်ပါ”
“ ဒါဖြင့်လဲ ရှင့်သဘောပဲ စည်းစိမ်းကိုမှမခံစားချင်တာ ဝတ်ပေါ့ ဝတ် ဝတ်….တစ်သက်လုံးသာ ဝတ်”
+++++++++++++++++++++++++++++++++++
“ချမ်းသာအေးပရိယတ္တိစာသင်တိုက်”
မထင်မရှားစာသင်တိုက်အတွင်းမှာရှိတဲ့ သိမ်တော်အတွင်းမှာတော့ ကမ္မဝါဖတ်သံ၊ ဥပဇ္ဇျာယ် ဆရာတော်ရဲ့မေးသံ၊ ရဟန်းလောင်းရဲ့ ဖြေသံတွေက လေအဝှေ့နဲ့အတူ သိမ်အပြင်ဘက်ကို ပျံ့လွင့် လာခဲ့တယ်။ မကြာမီ သိမ်အတွင်းကနေ ကနေကထိုင်လေးပခုံးပေါ်တင်ကာ သပိတ်ပိုက်ပြီး ဆင်းလာတဲ့ သံဃာတော်အချို့ကိုမြင်တွေ့လိုက်ရတယ်။
ဉူးဝိစိတ္တ တစ်ဖြစ်လဲ ကိုဝင်းမောင်က ဆရာတော်ဘုရားထံမှာ ပရိယတ္တိစာပေတွေအပြင် ဝိပဿနာတရားတော်တွေကိုပါ အချိန်ရရင်ရသလို အားထုတ်ခဲ့တာ တစ်နှစ်တိတိပြည့်လာခဲ့တယ်။ တစ်ရက်မှာတော့ တစ်ပါးထဲတောထွက်ပြီး တရားကျင့်ကြံချင်တယ်ဆိုတဲ့အကြောင်း ဆရာတော်ကို လျောက်ပြီး လူသူအရောက်ပေါက်နည်းတဲ့ မြေဇာတောင်ဘက်ကို သင်္ကန်းသုံးစုံ၊ သပိတ်တစ်လုံးနဲ့ ထွက်တော်မူခဲ့တယ်။
မြေဇာတောင်ခြေရင်းကိုရောက်တော့ အရိပ်ရတဲ့သရက်ပင်အောက်မှာ ထိုင်နေတဲ့ လူတစ်ယောက်က ဉူးဝိစိတ္တအနီးကို လျောက်လာပြီး
“အရှင်ဘုရား တပည့်တော်ကို မှတ်မိပါသေးရဲ့လား”
လူငယ်စကားကြောင့် ဉူးဝိစိတ္တက ချထားတဲ့မျက်လွှာကို အသာပင့်ကြည့်လိုက်ပြီး
“ဒကာတော်က ဉူးဇင်လူဝတ်ကြောင် ဘဝတုန်းက ထီလက်မှတ်ဖိုးပေးခဲ့တဲ့သူမဟုတ်လား”
“တင်ပါ့ဘုရား အခုတော့ အရှင်ဘုရားဖြစ်ချင်တဲ့ဘဝကိုရပြီမို့ တစ်ပါးတည်းတောရ ဆောက်တည်ရင် လိုအပ်တဲ့ဝေယျာဝစ္စတွေကူလုပ်ပေးမလို့ ဒီနေရာမှာ လာစောင့်နေရတာပါဘုရား”
“ဉူးဇင်းအတွက်ကတော့ ထွေထွေထူးထူးလုပ်စရာမရှိပါဘူး ဒကာတော်အနေနဲ့ လိုက်ပါချင် သပဆိုလဲ မတားပါဘူး”
“တင်ပါ့ဘုရား တပည့်တော် နာမည်က အောင်မြတ်သာလို့ခေါ်ပါတယ်၊ အရှင်ဘုရား လိုအပ်တဲ့အမှုကို ခိုင်းတော်မူပါဘုရား”
ဉူးဝိစိတ္တလဲ အောင်မြတ်သာစကားကိုကြားတော့ သာဓု သုံးကြိမ်ခေါ်ဆိုပြီး မြေဇာတောင်ပေါ်ကိုတက်လာခဲ့လိုက်တယ်။
တောင်ပေါ်ကိုရောက်တော့ အသင့်ဆောက်ထားတဲ့ ဝါးတဲလေးကိုမြင်ပြီး
“ဒီတစ်ပါးကျောင်းက ဒကာလေးကိုယ်တိုင်ဆောက်လုပ်ထားတာလား”
“တင်ပါ့ဘုရား တပည့်တော် တတ်နိုင်သလောက်ကုသိုလ်ပြုတာပါဘုရား”
“သာဓု သာဓု သာဓု ဒီအလှူကို ဉူးဇင်းအသိမှတ်ပြုပါတယ်”
ဉူးဝိစိတ္တက အလှူကိုဝမ်းမြောက်ဝမ်းသာ လက်ခံပြီး တစ်ပါးကျောင်းထဲဝင်ရောက် သီတင်း သုံးတော်မူခဲ့တယ်။ အောင်မြတ်သာလဲ ကျောင်းအနားတစ်ဝိုက်ရှိ ခြုံနွယ်ပိတ်ပေါင်းတွေကို နိုင်သလောက်ရှင်းလင်းပြီးချိန်မှာတော့
“ဒကာလေး ဒီအရပ်ဒေသကို ဉူးဇင်းကအခုမှရောက်ဖူးတယ်ဆိုတော့ ကျောင်းပတ်ပတ်လည် လည့်ပြီး မေတ္တာပို့သလိုက်ဦးမယ်”လို့ပြောကာ တစ်ပါးထဲထွက်သွားခဲ့တယ်။
ဒီလိုနဲ့ အောင်မြတ်သာလဲ ဉူးဇင်းလေးအနားမှာ ဝေယျာဝစ္စကူလုပ်ရင်းနေလာခဲ့တာ သုံးလမြောက်တဲ့နေ့မှာတော့ တစ်ပါးကျောင်းအထဲကနေ မျက်စိကြိမ်းစပ်မတတ်အလင်းရောင်တွေ ထွက်ပေါ်နေတာကိုမြင်တွေ့လိုက်ရတယ်။
အောင်မြတ်သာလဲ အလင်းရောင်ပျောက်ဆုံးသွားတဲ့ထိ စောင့်ဆိုင်းပြီး အထဲဝင်သွားတော့ ဉူးဇင်းလေးက ကျိမ်းစက်ဖို့ အိပ်ယာပြင်နေတာကိုမြင်လိုက်ရတယ်။
“အရှင်ဘုရား တပည့်တော်ကို စကားအနည်းငယ်မေးခွင့်ပြုပါ”
“မေးပါဒကာလေး”
“ခုနက အရှင်ဘုရားကျောင်းထဲကနေ အလင်းရောင်တန်းတွေ မြင်လိုက်ရလို့ ဘာများ အနှောက်အယှက်ကြုံရတာလဲဘုရား”
“အနှောက်အယှက်မဟုတ်ပါဘူး ဒကာလေး … ဒီကျောင်းအနောက်ဘက်က ပျဉ်းမပင်မှာ စောင့်ကြပ်နေတဲ့ ဘုမ္မစိုးတစ်ပါးကြွလာပြီး သူ့ရဲ့လက်မောင်းတစ်ဖက်နဲ့ ဉူးဇင်းရဲ့လက်မောင်း တစ်ဖက်ကိုလဲမလားဆိုပြီး လာမေးတာပါ”
“အဲဒီတော့ အရှင်ဘုရားက ဘယ်လိုမိန့်လိုက်လဲဘုရား”
“ ဉူးဇင်းက အခုလတ်တလော သမာဓိကို ဦးစားပေးကျင့်ကြံနေတဲ့အတွက် သူက ဉူးဇင်း စိတ်ညွှတ်မလားဆိုပြီး လာစမ်းသပ်တာဖြစ်လိမ့်မယ်။ ဉူးဇင်းကတော့ ဒီအဆင့်မှာ မရပ်ချင်တဲ့ အတွက် မလဲဘူးလို့ မိန့်လိုက်တယ်”
ဉူးဇင်းလေးစကားကိုကြားတော့ အောင်မြတ်သာက လက်အုပ်ချီပြီး
“ အရှင်ဘုရား ရည်မှန်းချက် အမြန်ပြည့်မှီအောင် လုပ်ပါဘုရား ကျန်တာ တပည့်တော် အစွမ်းကုန်ကူညီပေးပါ့မယ်”လို့လျောက်တင်ကာ ကျောင်းပေါ်ကနေ ပြန်ဆင်းလာခဲ့လိုက်တယ်။
နောက်ရက်တွေမှာ ဆရာတော်နေတဲ့ ကျောင်းအနီးမှာ ခိုးခိုးခစ်ခစ်ရယ်သံတွေကြားလို့ ကြည့်လိုက်ရာ တရားထိုင်နေတဲ့ ဆရာတော်ကို တံခါးပေါက်ကနေ ချောင်းကြည့်နေကြတဲ့ မိန်းမ အချို့ကိုမြင်လိုက်ရတယ်။
“ဟိတ် ဒါဘာလုပ်နေကြတာလဲ”
အောင်မြတ်သာအသံကြောင့် မိန်းမအချို့က ရှက်ကိုးရှက်ကမ်းဖြစ်သွားပြီး
“ဟို ဟို ဉူးဇင်းလေးကို ဖူးမလို့လာကြတာပါရှင်”
“ငါ့ကို ပလီပလာတွေလာမလုပ်နေနဲ့ … နင်တို့လို ဝေမာနိကတွေက ဉူးဇင်းလေး သမာဓိ ပျက်အောင် လာနှောက်ယှက်နေတာ ငါမသိဘူးထင်နေလား ဟမ်”
အောင်မြတ်သာစကားကြောင့် မိန်းမအချို့ မျက်စိမျက်နှာပျက်သွားပြီး
“ အို…မဟုတ်တာ နှမတော်တို့က တောင်စောင့်နတ်မင်းရဲ့ ညီမတော်တွေပါ..”
“တယ်…. ငါ့ကိုတောင် လာလိမ်နေသေးတယ် အခု ဆိုင်ရာပိုင်ရာတွေနဲ့ ခေါ်ရိုက်ခိုင်းလိုက်လို့ မြေကြီးထဲကျွံဝင်သွားမယ်….ပြန်ကြစမ်း နောက်တစ်ခါထပ်တွေ့ရင် ငါ့အဆိုးမဆိုနဲ့”
အောင်မြတ်သာရဲ့ ဟိန်းဟောက်မှုကြောင့် မိန်းမအချို့ မျက်နှာငယ်လေးနဲ့ ကျောင်းအနောက်မှာ ရှိနေတဲ့တောထဲကို ပြေးဝင်ပျောက်ကွယ်သွားကြတယ်။
………………………..
ဉူးဇင်းလေးက အခုဆိုရင် ကျောင်းထဲကနေမထွက်တော့ပဲ သမထအလုပ်ကို ပြင်းပြင်းထန်ထန်ကြိုးစားနေတဲ့အတွက် အောင်မြတ်သာကပဲ သစ်သီးသစ်ဖုတွေကို ရှာဖွေပြီး ကပ်လှူခဲ့ရတယ်။ တစ်နေ့မှာတော့ အောင်မြတ်သာ သစ်သီးရှာပြီးပြန်လာတော့ ကျောင်းပေါ်မှာရှိတဲ့ ဝါးလုံးလေးကိုမှီပြီးထိုင်နေတာမြင်တော့
“အရှင်ဘုရား နေများမကောင်းလို့လား”
“မဟုတ်ပါဘူး ဒကာလေး ….. တရားထိုင်နေရင်း နောက်စေ့ကနေ တစ်ဆစ်ဆစ်နဲ့ ကိုက်လာလို့ ခဏနားနေတာပါ”
“ ကျန်းမာရေးမကောင်းရင် နားလိုက်ပါဦး ဘုရား တပည့်တော် ဆေးမြစ်အချို့ သွားရှာ လိုက်ပါဦးမယ်”
အောင်မြတ်သာလဲ ဆရာတော်ကိုလျောက်ပြီး ကျောင်းပေါ်ကပြန်ဆင်းလာတဲ့အချိန် အမျိုး အမည်အသိတဲ့ လှိုင်းတစ်ခုက ခန္ဓာကိုယ်ကိုလာရောက်ရိုက်ခတ်တာကိုခံစားလိုက်ရတယ်။ ဒီလောက်ဆိုအောင်မြတ်သာသဘောပေါက်သွားတဲ့အတွက် ချက်ချင်းဆိုသလို ကျောင်းနဲ့ အတန် ဝေးတဲ့နေရာကိုသွားပြီး
“ဉူးဇင်းလေးရဲ့ နောက်စေ့ကို ထိခိုက်အောင်လုပ်တဲ့ကောင် ငါ့အရှေ့အခုလာစမ်း…” လို့ မြေကြီးကိုဖနောင့်နဲ့ပေါက်ကာခေါ်လိုက်တယ်ဆိုရင်ပဲ မနီးမဝေးမှာရှိတဲ့ သစ်ပင်ပေါ်ကနေ အရောင်အဆင်းညိုးနွမ်းတဲ့ အဆင်တန်ဆာကိုဝတ်ဆင်ထားတဲ့ ရုက္ခစိုးတစ်ပါးဆင်းလာခဲ့တယ်။
“အခုလာတာ ဘယ်သူလဲ”
“ကျွန်တော်က ဥသျှစ်ပင်စောင့်ရုက္ခစိုးပါ… ဆရာကို ပြောစရာရှိလို့ဆင်းလာတာပါ”
“သင်က ကျုပ်ကိုဘာများပြောစရာရှိလို့လဲ”
“ဟို.. ဟို …ဉူးဇင်းလေးကို တရားမထိုင်နိုင်အောင်လုပ်တဲ့သူက တောစိုးနတ်ကြီးပါ”
“ဟေ… တောစိုးနတ် ဟုတ်လား… သူက ဘာကြောင့် အခုလိုလုပ်ရတာလဲ”
“သူက တရားသံတွေကိုမကြိုက်ဘူး… ဒီတော ဒီတောင်ထဲမှာ တရားလာအားထုတ်တဲ့ ရသေ့ ရဟန်းတွေကိုလဲ အခုလိုပဲနှောက်ယှက်ပါတယ်”
“တယ် ဒီသကောင့်သားတော့ ငရဲအိုးထဲဆင်းချင်နေပြီထင်တယ်… အခုဒီကောင် ဘယ်မှာနေလဲ”
“အခုသူမရှိပါဘူးဆရာ… သူ့လုပ်ရပ်ကြောင့် အခြားတန်ခိုးကြီးရုက္ခစိုးတွေအကုန် စိတ်ဆိုး နေကြပါတယ်”
“သင်တို့လောကသားကို သင်တို့ကိုယ်တိုင်ပဲဆုံးမကြပါ.. နောက်တစ်ခါ ဉူးဇင်းလေးကို အနှောက်အယှက်ပေးရင်တော့ ကျုပ်အကြောင်းသိမယ်လို့ပြောထားလိုက်”
အောင်မြတ်သာလဲ ဥသျှစ်ပင်စောင့်ရုက္ခစိုးကို မှာကြားပြီး ကျောင်းကိုပြန်လာတော့ ဉူးဇင်းလေးက သစ်ကိုင်းခြောက်တံမျက်စည်းနဲ့ အမှိုက်သရိုက်တွေကို လှဲကျင်းနေတာမြင်လိုက် ရတယ်။
“အရှင်ဘုရား သက်သာပါရဲ့လား”
“အခုတော့ အတော်သက်သာသွားပြီ ဒကာလေး… ဒါနဲ့ ဉူးဇင်းအတွက်စိတ်ပူပြီး တောစောင့် တောင်စောင့်နတ်တွေကို မဆူမငေါက်ပါနဲ့”
ဉူးဇင်းလေးစကားကြောင့် အောင်မြတ်သာ လက်အုပ်ချီလိုက်ပြီး
“တင်ပါ့ဘုရား အရှင်ဘုရားက တပည့်တော်အကြောင်းတောင် သိနေပြီဆိုတော့ အဆင့်တစ်ခု ကိုရောက်နေပြီထင်ပါတယ်ဘုရား”
“မှန်ပါတယ် ဒကာလေး … ဉူးဇင်းအနေနဲ့ အခုဆို လမ်းနှစ်ခွဆုံကိုရောက်နေပြီ။ တစ်လမ်းက အမှောင်ထုဖုံးလွှမ်းနေပေမယ့် လမ်းကညီညာပြန့်ပြူးနေတယ်၊ နောက်တစ်လမ်းက လင်းထိန်နေပြီး လမ်းကအတော်ကိုဆိုးရွားလွန်းတယ်”
“တင်ပါ့ဘုရား ဒါဆို အရှင်ဘုရားက ဘယ်လမ်းကိုရွေးချယ်ဖို့စိတ်ကူးထားသလဲဘုရား”
“ဉူးဇင်းကတော့ အမှောင်ထုဖုံးလွှမ်းပြီး ညီညာပြန့်ပြူးတဲ့လမ်းကိုပဲရွေးဖို့ဆုံးဖြတ်ထားတယ်၊ ဒါမှလဲ လိုတဲ့ခရီးကိုအမြန်ရောက်မှာမဟုတ်လား”
“တင်ပါ့ဘုရား တပည့်တော် သဘောပေါက်ပါပြီ”
“ဒကာလဲ လုပ်စရာရှိတဲ့အမှုကို လုပ်ပါဦး… ဒီရောက်ထဲက ဉူးဇင်းရဲ့ ဝေယျာဝစ္စတွေ လုပ်နေတာနဲ့ အခြားကိစ္စတွေမလုပ်ဖြစ်ဘူးမဟုတ်လား”
“တင်ပါဘုရား အရှင်ဘုရားလဲ စိတ်ချမ်းသာစွာနဲ့ တရားအားထုတ်နိုင်ပါစေ”
အောင်မြတ်သာစကားအဆုံးမှာ ဉူးဇင်းလေးက ကျောင်းပေါ်ပြန်တက်ပြီး အာနာပါန ဝိပဿနာလမ်းစဉ်ကိုစတင်ကျင့်ကြံခဲ့တယ်။
ဉူးဇင်းလေးစတင်ကျင့်ကြံခဲ့တဲ့အချိန်ကနေ ရေတွက်ရင် ငါးလတိတိပြည့်တဲ့နေ့မှာတော့ တစ်တောလုံးမှာရှိတဲ့ အစောင့်အရှောက်တွေရဲ့ သာဓုခေါ်သံကို ပထမအကြိမ်ကြားလိုက်ရတယ်။ အောင်မြတ်သာလဲ သာဓုအကြိမ်ကြိမ်ခေါ်ဆိုပြီး စိတ်ထဲကနေ
“ပထမမဂ်ဖြစ်တဲ့ သောတာပတ္တိမဂ်ကိုရသွားခဲ့လေပြီ”လို့ရေရွတ်လိုက်မိတယ်။
ဉူးဇင်းလေးလဲ သေတာပတ္တိမဂ်ရသွားတဲ့အချိန်ကစပြီး ပြင်းပြင်းထန်ထန် ထပ်မံ ကျင့်ကြံ အားထုတ်ခဲ့ရာ နောက်ထပ်သုံးလအကြာ မွန်းတည့်ချိန်မှာတော့ ဒုတိယမဂ်ဖြစ်တဲ့ သကဒါဂါမ်မဂ်ကို ထပ်မံရရှိခဲ့တယ်။
ဒီလိုနဲ့ နောက်ထပ် လေးလအကြာ ညဦးယံအချိန်မှာတော့ တတိယမဂ်ဖြစ်တဲ့ အနာဂါမ်မဂ်ကိုထပ်မံရရှိခဲ့တယ်။ ဉူးဇင်းလေးလဲ နောက်ဆုံးအဆင့်ကို အောင်မြင်စွာကျင့်ကြံနိုင်ဖို့ နေ့မအိပ်ညမအိပ်ကြိုးစားလာခဲ့တာ ခြောက်လတိတိပြည့်တဲ့နေ့အထိ ထူးခြားမှုမရှိခဲ့ဘူး။ တစ်ည မှာတော့ ဉူးဇင်းလေးကို နှိပ်နယ်ပေးနေတုန်း အထက်ကောင်းကင်ယံကနေ လောကပါလ နတ်မင်းကြီးလေးပါး လက်အုပ်ချီတဲ့အနေအထားနဲ့ပေါ်လာပြီး
“အရှင်ဘုရား နောက်ဆုံးဘဝချုပ်ငြိမ်းဖို့ အခြားတစ်နေရာကို ကြွရောက်သီတင်းသုံးပေးတော် မူပါ”လို့လျောက်ထားတာကို ကြားလိုက်ရတယ်။
ဉူးဇင်းလေးကလဲ နတ်မင်းကြီးလေးပါးကို ကြည့်ပြီး
“ဒကာတော်နတ်မင်းတို့ပြောတဲ့ အခြားနေရာဆို ဘယ်နေရာများလဲ”
“တင်ပါဘုရား အရှင်ဘုရားရဲ့ အတိတ်ဘဝက တော်စပ်ခဲ့ဖူးတဲ့ အမျိုးအဆွေတွေရှိတဲ့ ကြောင်တစ်ရာစေတီကိုကြွရောက်သီတင်းသုံးတော်မူပါရန် တပည့်တော်တို့ ရိုသေလေးမြတ်စွာ လျောက်ထားအပ်ပါတယ်ဘုရား”
“အိမ်း ဉူးဇင်းနားလည်သဘောပေါက်ပါပြီ”
ဉူးဇင်းလေးစကားအဆုံးမှာ နတ်မင်းကြီးလေးပါးက ရိုသေစွာဦးချပြီး ပျောက်ကွယ်သွားခဲ့ တယ်။ နတ်မင်းကြီးတွေပျောက်သွားတာနဲ့ ဉူးဇင်းလေးက
“ဒကာလေးက ကြောင်တစ်ရာစေတီသွားတဲ့လမ်းကို သိတယ်မဟုတ်လား ဉူးဇင်းကို လမ်းပြပြီးခေါ်သွားပေးပါဦး”လို့ပြောတော့ အောင်မြတ်သာက လက်အုပ်ချီကာ
“မနက်ဖြန် မိုးသောက်တာနဲ့ တပည့်တော် ခေါ်ဆောင်သွားပေးပါမယ်”လို့လျောက်တင် ခဲ့တယ်။
အောင်မြတ်သာလဲ မနက်မိုးသောက်တာနဲ့ ဉူးဇင်းလေးကိုပင့်ဆောင်ကာ ကြောင်တစ်ရာ စေတီဘက်ကိုခရီးဆက်ခဲ့ကြတယ်။ ခရီးထွက်လာစဉ် လမ်းတစ်လျောက်လုံးမှာရှိကြတဲ့ နတ်ဒေဝါ အပေါင်းတို့က ဉူးဇင်းလေးကို ဖူးမျှော်ကြပြီး လမ်းခရီးတစ်လျောက်အခက်အခဲမရှိအောင် ကူညီ ပေးခဲ့ကြတယ်။ ညနေ နေဝင်ခါနီးအချိန်ရောက်တော့ ကြောင်တစ်ရာစေတီအစပ်ကို ရောက်လာခဲ့ ကြတယ်။
ဉူးဇင်းလေးလဲ ကြောင်တစ်ရာစေတီအစပ်ကိုခြေချလိုက်တာနဲ့ တောရဲ့အနောက်ချောင်းရိုး တစ်လျောက်မှာနေထိုင်ကြတဲ့ နဂါးမျိုးနွယ်တွေက လှိုင်းတံပိုးကြီးတွေ ဖန်ဆင်းပြီး ဉူးဇင်းလေးကို ကြိုဆိုခဲ့ကြတယ်။ ဉူးဇင်းလေးလဲ ကြောင်တစ်ရာစေတီမှာသီတင်းသုံးနေထိုင်ရင်း တရားကျင့်ကြံ အားထုတ်ခဲ့သလို ကျွတ်ထိုက်သူအပေါင်းကိုလဲ ချေချွတ်ဆုံးမတော်မူခဲ့တယ်။
ဒီလိုနဲ့ ကြောင်တစ်ရာစေတီမှာ တစ်နှစ်တိတိ သာသနာပြုပြီးတဲ့ညမှာတော့ လောကတစ်ခွင် အမှောင်ထုက ရုတ်တရက်ဖုံးလွှမ်းလာခဲ့တာကို အောင်မြတ်သာသတိထားမိခဲ့တယ်။ အမှောင်ထု ဖုံးလွှမ်းတာနဲ့ ဉူးဇင်းလေးအနားမှာ ခစားနေတဲ့ တောစောင့်နတ်၊ တောင်စောင့်နတ်တွေ အပြင် အခြားအစောင့်အရှောက်တွေအကုန် ခြေဦးတည့်ရာထွက်ပြေးကြကုန်တယ်။ အောင်မြတ်သာလဲ အခုလိုအဖြစ်အပျက်ကိုတစ်ခါမှမမြင်ဖူးတော့ အံ့သြပြီးကြည့်နေတုန်း အမှောင်ထုထဲကနေ ကြောက်မက်ဖွယ်အော်ဟစ်ခြိမ်းခြောက်သံ၊ ကြမ်းတမ်းစွာကြိမ်းဝါးသံတွေ၊ တစ်ခါမှမမြင်ဖူးတဲ့ နနာရုပ်သွင်တွေက အရပ်လေးမျက်နှာကနေ ထွက်ပေါ်လာခဲ့တယ်။
အကြောက်အလန့်မရှိတဲ့ အောင်မြတ်သာကိုယ်တိုင် အခုဖြစ်နေတဲ့အရာတွေကို တစ်ခါမှ မမြင်ဖူးမကြားဖူးတဲ့အတွက် အနည်းငယ်ထိတ်လန့်မှုဖြစ်နေတာမြင်တော့ ဉူးဇင်းလေးက
“ဒကာလေး မစိုးရိမ်ပါနဲ့ အားလုံးကိုမေတ္တာပဲ ပို့လိုက်ပါ” လို့ပြောတော့မှ အောင်မြတ်သာလဲ စိတ်ကိုတည်ငြိမ်စွာထားပြီး မေတ္တာကိုသာ နိုင်နိင်ပို့နေလိုက်တယ်။
ဉူးဇင်းလေးကတော့ ကြားသမျှ၊ မြင်သမျှအရာတွေကို သည်းခံခြင်း၊ မေတ္တာထားခြင်းဆိုတဲ့ လက်နက်ကိုအသုံးပြုပြီး ပြန်လည်တိုက်ခိုက်ခဲ့ရာ နှောက်ယှက်သူတွေအားလုံး ကြောက်လန့် တစ်ကြားအော်ဟစ်ထွက်ပြေးခဲ့ရတယ်။ အနှောက်အယှက်တွေအားလုံး ပျောက်ကွယ်သွားတဲ့ အချိန် မှာတော့ ကောင်းကင်အထက်ဘဝဋ်တစ်ခွင်ကနေ တော်လဲသံကြီးနဲ့
“ လူ့လောကမှာ ရဟန္တာတစ်ပါးပွင့်ထွန်းတော်မူပြီ လာရောက်ဖူးမြင်ကြ လာကြလော့ ဖူးကြလော့”ဆိုပြီးဝမ်းပမ်းတစ်သာအော်ဟစ်တဲ့အသံကို ကြားလိုက်ရတယ်။
အဲဒီတော့မှ အောင်မြတ်သာလဲ ဝမ်းသာလွန်းအားကြီးတဲ့ဟန်နဲ့ ဉူးဇင်းလေးကို အကြိမ်ကြိမ် ဉီးညွှတ်ကန်တော့နေခဲ့တာ အကြိမ်ရေဘယ်လောက်ရှိမှန်းမသိတော့တဲ့ထိဖြစ်ခဲ့ရတယ်။ နောက်မှ သတိပြန်ဝင်ပြီးကြည့်လိုက်တော့ ဉူးဇင်းလေးဘေးပတ်ပတ်လည်မှာ မျက်စိကြိမ်းမတတ် အရောင်အဝါတွေနဲ့ ဗြဟ္မာမင်းတွေ၊ နတ်မင်းတွေအပြင် တောစောင့်နတ် ၊ တောင်စောင့်နတ်၊ ရုက္ခစိုး၊ ဘုမ္မစိုး၊ ဂုမ္ဘာန်၊ ယက္ခတွေကိုပါမြင်လိုက်ရတယ်။ ဉူးဇင်းလေးကတော့ ကြွရောက်လာတဲ့ ပုဂ္ဂိုလ်တွေ ကို တရားရေအေးအမြိုက်ဆေးကို တိုက်ကျွေးခဲ့တယ်။
အဲဒီအချိန် အောင်မြတ်သာနားထဲမှာ
“ သင်၏တာဝန်ပြီးဆုံးပြီဖြစ်တဲ့အတွက် ဆရာတော်အားနောက်ဆုံးအကြိမ်ဖူးမျှော်ကန်တော့ ပြီး မဟာမြိုင်တောကို ခေတ္တပြန်လာခဲ့ပါ…”ဆိုတဲ့အသံကိုကြားလိုက်ရတယ်။
ဉူးဇင်းလေးကတော့ အောင်မြတ်သာရဲ့အဖြစ်တွေကို သိရှိနားလည်တဲ့အလား
“ဒကာလေး သင်၏ဖြစ်တည်မှုအရ သတ္တဝါတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ ပြန်သွားပါ၊ တစ်နေ့နေ့ တစ်ချိန်ချိန် သင်သည်လဲ ကျွတ်တမ်းဝင်မယ့် ပုဂ္ဂိုလ်မလွဲဧကန်ဖြစ်လာ ပါလိမ့်မယ်”ဆိုတဲ့ဗျာဒိတ်စကားကိုမိန့်တော်မူခဲ့တယ်။
ဒီစကားကိုကြားတော့ အောင်မြတ်သာလဲ မျက်ရည်လည်တဲ့ထိ ဝမ်းသာပီတိဖြစ်ခဲ့ပြီး ဉူးဇင်းလေးကို နောက်ဆုံးအကြိမ် ဦးချကန်တော့ကာ ကြောင်တစ်ရာစေတီကနေ ထွက်ခွာလာပါ တော့တယ်။
အောင်မြတ်သာလဲ မဟာမြိုင်တောကို ခေတ္တပြန်သွားပြီးတဲ့နောက် လူဘောင်ပတ်ဝန်းကျင် ကို ပြန်ဝင်လာမယ့် ဝတ္တုကိုတော့ အောင်မြတ်သာနှင့်မိစ္ဆာနှင်တဲ့ညလို့နာမည်ပေးထားပါတယ်။ စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်။
လေးစားစွာဖြင့်
ဇေယန(ရာမည)
#ညမဖတ်ရ