“ပျိုတို့ လင် “
*ဆရာ/မများရဲ့ ၀တ္တုတွေနဲ့ ခေါင်းစဉ်တူနေခဲ့ရင် ခွင့်လွှတ်နားလည် ပေးကြပါရှင် *
******************
“ရှေးထုံးလဲမပယ်နဲ့ … စျေးသုံးလဲ မလွယ်နဲ့ “
စျေးခြင်းတောင်းကို ခုံပေါ်ကို ခပ်ဆောင့် ဆောင့်ချလိုက်ပြီး ဆိုင်းမဆင့်ဗုံမဆင့်ပြောလိုက်တဲ့ ကြီးတော်ဖြစ်သူရဲ့ စကားကြောင့် မက်ဆင်ဂျာကနေ ပို့ရန် ဆိုတဲ့ မြှားကို နှိပ်ဖို့ပြင်နေတဲ့ ကျွန်မရဲ့ လက်တွေ တွန့်ဆုတ်သွားရတယ်။ ကြီးတော်ကြီးတို့များ ပြောလဲပြောတတ်ပ ။ ဘ၀မှာ ပထမဆုံးအနေနဲ့ အွန်လိုင်းပေါ်ကနေ ၀မ်းဆက်တစ်စုံလောက် ဇွတ်ဇွတ်ရွတ်ရွတ်ဝယ်ဖို့ ဆုံးဖြတ်လိုက်တဲ့ ကျွန်မ စိတ်ကို သိနေသလိုကို ပြောလိုက်တာလေ။ တကယ်ဆို ကျွန်မက အွန်းလိုင်းပေါ်ကနေ စျေးဝယ်လေ့ရှိသူမဟုတ်ဘူး။ လိုချင်တာရှိခဲ့ရင် အနီးနားက ဈေးကို သွားရင်သွား ဒါမှမဟုတ်ရင် အနီးဆုံးမှာရှိတဲ့ ကုန်တိုက် တစ်ခုခုကိုသွားတယ်။ အိ မ်ဆိုင်တစ်ဖက်နဲ့ဆိုတော့ ဒီထက်ဝေးဝေးလဲသွားလို့မရဘူးလေ။ ဒါပေမဲ့ ပြောမဲ့သာပြောရတာ ဈေးပဲသွားသွား ၊ ကုန်တိုက်ပဲသွားသွား ကျွန်မအတွက် အ၀တ်အစားအသစ်ရယ်လို့လဲ မဝယ်ဖူးပါဘူး ။လင်တော်မောင်နဲ့ သားဖြစ်သူအတွက်ဝယ်ပြီးရင် ငွေက ဘယ်မှာကျန်လို့တုန်း ။မှတ်မှတ်ရရ အိမ်ထောင်သက် ရှစ်နှစ်အတွင်းမှာ ဝတ်စုံသစ် ရှစ်စုံဆိုတော့ တစ်နှစ် တစ်စုံတော့ ချုပ်ဖြစ်တယ်ပြောရမလားပဲ ။ အိမ်နေရင်းဝတ်ဖို့အတွက်ကတော့ အပျိုဘဝက အင်္ကျီတွေကိုပဲ သီစာဖြုတ်တာရယ်ပြီးတော့ စျေးပေါပေါ အဝတ်တွေကိုပဲ ဝယ်ဝတ်နေရတာပေါ့လေ။ဒီလိုဝတ်နေရလို့လဲ တစ်ခါမှတော့ ကိုယ့်ဘ၀ကိုယ် စိတ်မပျက်မိပါဘူး။ ဒါပေမဲ့ ဒီစိတ်က မနေ့ကမနက်က အထိ စိတ်လို့ပဲပြောရမလား ။ မနေ့က နေ့လယ်က သူငယ်ချင်းဖြစ်သူကေသီ လာလည်သွားပြီးကတည်းက ကျွန်မရဲ့စိတ်တွေ မရိုးမရွနဲ့ပြောင်းလဲခဲ့တယ်လို့ပြောရမလားပဲ။ မပြောင်းလဲခံနိုင်ရိုးလာရှင် ။ သက်တူရွယ်တူ သူငယ်ချင်းက ခုချိန်ထိလှတုန်းပတုန်းနုပျိုတုန်းလေ ။ကျွန်မမှာသာ အိုဇနာ ကျနေတာမဟုတ်ပေမဲ့ အရင်က ချပ်ချပ်ရပ်ရပ်ဗိုလ်လေးက သားလေးကို မွေးပြီးကတည်းက မသိမသာတက်လာတဲ့ အဆီ ။ လူက ၀တုတ်ပြဲကြီးဖြစ်မနေပေမဲ့ လှလှပပတော့ ဖြစ်မနေတော့တာ ကျိန်ပြောစရာကို မလိုဘူးလေ။
“နင်ဟယ် ဘယ်လိုဖြစ်ရတာလဲ နွယ်နီရယ် …အရင်ကလိုလှလှပပနေစမ်းပါဟဲ့ … တို့တွေ အသက်က အခုမှသုံးဆယ့်ငါးနှစ် ရှိသေးတာလေ … ဘာလို့ အဘွားကြီး ပုံစံနေနေရတာလဲ “
“ဒါကတော့ သူငယ်ချင်းရယ် …အရင်နဲ့တော့ ဘယ်တူမလဲဟာ …အခုက လင်နဲ့ သားနဲ့ဆိုတော့ လှချင်ပချင်စိတ်တွေလဲ မရှိတော့ပါဘူးဟယ် “
ကျွန်မ စိတ်ထဲရှိတဲ့အတိုင်းပြောလိုက်တော့ သူငယ်ချင်းကေသီက မျက်လုံးပြူးမျက်ဆန်ပြူးနဲ့
“ဟဲ့ မိနွယ် ..အဲ့ဒီလင်နဲ့သားနဲ့မို့ပြင်ရမှာပေါ့ဟဲ့ …ခေတ်အခြေအနေကိုလဲကြည့်လေ … တစ်လောကလုံး လှနေပြီး ကိုယ်တစ်ယောက်တည်း ကြည့်ရ ဆိုးနေမှဖြင့် …ယူထားတဲ့ယောကျာ်းကို လူသူတော်ကောင်း ထင်နေတာလား …ငါတောင် ဒီလောက် ပြင်နေတဲ့ကြားက အိမ်ကကောင်က စမောဆွဲချင်နေတာဟဲ့ … နင်လဲ ဒီတိုင်း ပစ္စလက်ခတ် မနေနဲ့ … လှလှပပ ပြင်ပြင်ဆင်ဆင်နေ … ယောက်ျားတွေများ လျှော့မတွက်နဲ့ မိနွယ်ရဲ့ ” သူငယ်ချင်းကေသီ ပြောသွားတဲ့ စကားတွေကို ပြန်ကြားယောင်လာတော့ မက်ဆင်ဂျာက မြှားလေးကို အရဲစွန့်ပြီး နှိပ်လိုက်ဖို့ ကျွန်မ စဉ်းစားမိပြန်တယ် ။
“ဟဲ့ မိနွယ် ..ဘာတွေစဉ်းစားနေတာတုန်း…ငါ ပြောတာ မကြားဖူးလား “
“ရှင် ကြီးကြီး … ဘာ ..ဘာပြောတာလဲ “
ဒုတိယအကြိမ်မြောက် ကြိုးစားနေတဲ့ ကျွန်မရဲ့ လက်တွေက ကြီးတော်ဖြစ်သူရဲ့ အော်သံကြောင့် တုံ့ခနဲ ရပ်တန့်သွားရပြန်ပါတယ်။
“ဪ … ဘာပြောရမလဲဟဲ့ ….ဟင်းသွားချက်တော့လေ … ကျုပ် ဈေးဆိုင် ကိုကြည့်ထားပေးမယ်လို့ ပြောတာပေါ့ … ဒီကလေးမ အူတိအူကြောင်နဲ့ ဘာဖြစ်နေတာလဲ တကတည်းမှ “
~~~~~~~~~~~~~~~~
ကြီးတော်တစ်ယောက်ရှိလို့ တော်သေးတယ်ပြောရမှာပဲ။မဟုတ်ရင် ထမင်းဟင်းချက် ၊ အဝတ်လျှော်လဲ
ကျွန်မ ။ အိမ်သန့်ရှင်းရေးလုပ်လဲ ကျွန်မ ။ ဈေးဝယ်ထွက်လဲကျွန်မ ။ယောက်ျားဖြစ်သူကို အများနဲ့တန်းတူဖြစ်အောင် ပြင်ပေးရဆင်ပေးရတာလဲ ကျွန်မ ။သားဖြစ်သူကို ကျောင်းပို့ ကျောင်းကြိုလုပ်ရတာလဲ ကျွန်မ ပဲလေ ။ ဒီကြားထဲ မိသားစုစားဝတ်နေရေးချောင်လည်အောင် တစ်ဖက်တစ်လမ်းက အိမ်ဆိုင်လေးဖွင့်ထားတော့ ပိုအလုပ်များရတာလဲ ကျွန်မပဲ။စဉ်းစားကြည့်တော့ ကျွန်မကမှ အိမ်ဆိုင်ဖွင့်ထားတာမို့ ဆိုင်တစ်ဖက်နဲ့ အိမ်အလုပ် ဘာညာလုပ်လို့ရသေးတယ် ။တစ်ချို့အမျိုးသမီးတွေများဆို အပြင်မှာလဲ အလုပ်ထွက် လုပ်ရ။ အိမ်အလုပ်လဲ လုပ်ရနဲ့ တွေးသာကြည့်ပါတော့ ။ ဒီကြားထဲ ကေသီ ပြောသလို လင်တော်မောင်ကို စောင့်ကြည့်ရတဲ့ အလုပ်ကိုပါ လုပ်ရမယ်ဆိုရင်ဖြင့် တွေးကြည့်ရင်းနဲ့တောင် မွန်းကြပ်ပါသဘိနဲ့။ ကံကောင်းလို့ ကျွန်မနဲ့အတူလာနေပေးတဲ့ ကြီးတော်ကြီးရှိနေလို့ ဈေးသွားပေး ဖော် ၊ ဈေးဆိုင်စောင့်ပေးဖော် ရှိနေလို့ပေါ့။မဟုတ်ရင် ဟော့ဒီက ကျွန်မဘ၀လဲ ဖက်ဖက်ကို မောနေမှာသေချာတယ်။
စဉ်းစားရင်းတွေးရင်းနဲ့ လင်တော်မောင်အကြိုက် ကြက်သဲမြစ်ကို ချက်ဖို့ပြင်ဆင်ရပြန်တယ် ။ သိတယ်မဟုတ်လား။ ကြက်သဲကြက်မြစ်ကိုင်ရတာ ဘယ်လောက် လက်ဝင်တယ်ဆိုတာကို။ ပိုဆိုးတာက ကိုယ်တော်ချောက ကြက်အူကိုမှ ပိုကြိုက်သတဲ့လေ။ဟော့ဒီက မရွှေချောလုပ်ပေရောပေါ့။ကြက်အူကို သန့် ရှင်းသွားအောင်လုပ်ဖို့ဆိုတာ လွယ်တာမှတ်လို့။ပြောလို့ ပြောတာ မဟုတ်ဘူး ကိုယ့်ဟာကိုယ်ဆို ကြက်သဲမြစ်ကို ချက်ကို မချက်စားချင်ဘူး။ပြီးတော့ ကိုယ်တော်ချောက ကင်ပွန်းရွက်ချဉ်ရည်ဟင်းလေးပါမှ ထမင်းမြိန်သတဲ့လေ။ခြွေလိုက်စမ်းဟဲ့ ကင်ပွန်းချဉ်ရွက်။ ဒါထက်ဆိုးတာက ကြက်ပဲတို့ ကြက်ဘူးတို့ဆိုတာလဲ သူ့အကြိုက်ပဲ။ပြိးတော့ မီးသွေးမီးဖို့နဲ့ တစ်နေကုန်တစိမ့်စိမ့်ချက်ရတဲ့ အမဲရွတ်ဟင်းကိုလဲကြိုက်ပြန်တယ်လေ။ချက်လိုက်စမ်းဟဲ့လို့ပဲ ကျွန်မကိုယ်ကျွန်မ ပြောရတော့တာပေါ့။ ဒါတင်လားဆိုတော့ မဟုတ်သေးဘူးလေ။ဟိုငရှဉ့်ဆိုတဲ့ ရှည်ရှည် ချွဲချွဲနဲ့ ကိုင်ရခက်တဲ့ ငရှဉ့် ဟင်းကိုလဲကြိုက်ပြန်တာပဲလေ။ ကြိုက်တတ်ရင် ရုံးပိတ်ရက်မှာ ကိုယ်ဘာသာချက်စားဆိုတော့လဲ မဟုတ်ပြန်ဘူး။အိမ်မှုကိစ္စက သူတို့နဲ့ မဆိုင်ဘူးတဲ့လေ။ တရားများ ကျပါဘိ။အဲ့ဒီတော့လဲ ကျွန်မမှာ မကိုင်ရဲကိုင်ရဲနဲ့ပဲ လင်တော်မောင်အကြိုက် ချက်ရတာပဲပေါ့ ။ သူတို့ကျတော့ ပန်းကန်လေးတစ်ချပ်ကူ ဆေးပေးရရင်တောင် ယောကျာ်း သိက္ခာကျတယ် ထင်ကြတာဆိုတော့ ဘာပြောသာမှာတဲ့လဲ။အပြစ်ပြောတာ မဟုတ်ပါဘူးရှင် ။ သူတို့က ကိုယ်ချွတ်လိုက်တဲ့ အဝတ်ကို အဝတ်လျှော်ခြင်းတောင်းထဲကိုတောင် ရောက်အောင် မထည့်ချင်ပေမဲ့ အဝတ်အစားဝတ်ရင်တော့ မီးပူကို ကော့နေအောင် ထိုးပေးထားမှ ဝတ်ချင်တာလေ။ စဉ်းစားသာကြည့် ကျွန်မ မှာ ဒီလောက်ဇယ်စက်သလို အလုပ်တွေ များတဲ့ကြားကနေ သူ့အရိပ်အကဲကို တစေ့တစောင်းချောင်းမြောင်း အကဲခတ်ရအုံးမယ် ဆိုတော့ တွေးကြည့်ရင်တောင် အသက်ထွက်သွားလိုက်ချင်တယ် ။ဒါပေမဲ့လဲ ဘယ်တတ်နိုင်မလဲရှင် ကျွန်မကိုယ်တိုင် ကိုယ်က ဒါမျိုးတွေကို ကျေကျေနပ်နပ် ပျော်ပျော်ရွှင်ရွှင်နဲ့ ကို လုပ်ပေးချင်နေတာလေ။ သူ့ခများ အဝတ်အစားအဟောင်း အနွမ်းလေးများ ဝတ်သွားရင် ကျွန်မ မှာ ရင်တွေနာလို့။သူများ ထမင်း သိပ်မစားရင် ကျွန်မမှာ တပူပူတပင်ပင်နဲ့။ပင်ပန်းတာချင်းအတူတူ နှိပ်ပါအုံးဟဲ့ ။ နင်းပါအုံးဟဲ့ဆိုလဲ ကျွန်မကပဲ ဒိုင်ခံ နင်းပေး နှိပ်ပေးရသူ။အသောက်အစားများလုပ်ရင် ကျွန်မမှာ မိန်းမသားပီပီမကြိုက်ချင်ပေမဲ့ လင်တော်မောင် အကြိုက် အကြော်အလှော်မျိုးစုံကို အမြည်းအဖြစ် ကြည်ကြည်ဖြူဖြူလုပ်ပေးတာပါရှင်။အဓိက က သူ့အပြင် မသွားရင် ပြီးရောဆိုပြီး ကိုယ့်ဒုက္ခကိုယ်ရှာတာပေါ့ရှင်။ သူက အလိုက်မသိဘဲ သူ့အပေါင်းအသင်းတစ်ပြုံတစ်မကြီးပါ ခေါ်လာတဲ့နေ့ဆိုရင်တော့ ကျွန်မ ကံဆိုးတဲ့နေ့ပေါ့။
~~ ~~~~~~~~~~~~~
“ဟယ်တော့ “
ထမင်းဟင်းတွေ ချက်ပြုတ်ပြီးလို့ အဝတ်တွေ တစ်ဇလားကြီး လျှော်ဖွပ်ပြီးချိန်မှာတော့ ခြံထဲကို အဝတ်တွေလှန်းဖို့ ဆင်းလာခဲ့ရင်း တစ်ဖက်ခြံက မြင်ကွင်းကိုကြည့်ပြီး ကျွန်မရင်တုန်ပန်းတုန်ဖြစ်သွားမိတယ်။ မတုန်ခံနိုင်ရိုးလားရှင် ။ မနေ့တစ်နေ့ကမှ တစ်ဖက်ခြံကို ပြောင်းလာတဲ့ မိသားစုထဲမှာ ဒီလောက် လှတဲ့ အမျိုးသမီးတစ်ယောက် ပါလာမယ်လို ထင်ကို မထင်မိခဲ့တာ။အမျိုးသမီးကိုကြည့်ပြီး ကျွန်မမှာ မဆီမဆိုင် လင်တော်မောင်ရဲ့ မျက်နှာကို မြင်ယောင်လာမိတယ်။ ဒုက္ခ ။ ဒုက္ခ ။ အချစ်ရဲ့ဒုက္ခ။ သံယောစဉ်ရဲ့ဒုက္ခ ။ကျွန်မရဲ့ ဒုက္ခတွေကလဲ မသေးလှပါလားနော် ။
~~~~~~~~~~~~~~~~~~~
“ချောလိုက်တာ “
အမျိုးသမီးကိုကြည့်ပြီး ကျွန်မစိတ်ထဲကနေရေရွတ်လိုက်မိတယ် ။ချောတယ်ဆိုတာထက် ဘယ်လိုပြောရမလဲရှင် ဒီခေတ်စကားနဲ့ပြောရရင် ကိတ်တယ်လို့ပဲ ပြောရမလား မသိဘူး။ အသက်က သုံးဆယ်ပြည့်သေးပုံမရဘူး ။ကျွန်မအထင် သူမက အိမ်ထဲကို စရောက်ကတည်းက ကျွန်မနဲ့ သားလေးမျက်နှာကို တစ်ချက်ပဲ ကြည့်ပြီးကျွန်မယောကျာ်းမျက်နှာကိုပဲ လိုက်ကြည့်နေတယ်လို့ ထင်နေမိတာက ကျွန်မစိတ်အထင်များလားတော့မသိဘူး။သေချာတာက ဒီအမျိုးသမီးကို အရင်က လင်တော်မောင်ရဲ့ရုံးမှာ မမြင်ဖူးဘူးဆိုတာပဲ ။ သူ့ရုံးမှာ သူတို့ သူဌေးအပါအဝင် အလုပ်သမား ဆယ်ဦး တောင် မပြည့်လေတော့ သူဌေးကအစ ကျွန်မ အကုန်သိတယ်။ကျွန်မ လင်တော်မောင်နဲ့ သူဋ္ဌေး အပါအ၀င် ယောကျာ်းလေးက ငါးယောက်။အမျိုးသမီးက သုံးယောက်ပဲရှိတာ။ရှိတဲ့ အဒီအမျိုးသမီးသုံး ယောက်ကလဲ ကျွန်မနဲ့ရင်းနှီးနေကြတယ်လေ။ ရင်းနှီးဆို အိမ်မှာဘာလုပ်လုပ် ယောကျာ်းက သူတို့ တစ်ရုံးလုံးကို အိမ်ခေါ် လာနေကြလေ ။အခုလဲ အိမ်မှာ ဘုန်းကြီးဆွမ်းကပ်အလှူလေးလုပ်လို့ လင်တော်မောင်က သူ့တစ်ရုံးလုံးကို ဖိတ်ထားတာလေ။
“နွယ် လာပါအုံး … သူက မောင်တို့ ရုံးကို အသစ်ရောက်လာတဲ့ စာရေးမလေ ခင်ခင်လေးတဲ့ ..”
“ဟုတ်ကဲ့ရှင့် …. အစ်မတို့ အိမ်ကို အချိန်မရွေးလာလည်နိုင်ပါတယ်နော် ညီမ “
လင်တော်မောင်က မိတ်ဆက်ပေးတော့ ကျွန်မအလိုက်သင့်ဆက်ဆံရတာပေါ့ရှင်။ စိတ်ထဲတော့ တအုံနွေးနွေးပါပဲ။ကျွန်မကပဲ အကဲပိုနေလို့လားမသိဘူး ။အဲ့ဒီအမျိုးသမီးရဲ့ မျက်လုံးတွေက တစ်ချိန်လုံးအိမ်က ကိုယ်တော်ချောကိုပဲ လိုက်ကြည့်နေတယ်လို့ ထင်နေမိတယ်။အယ်လေ တစ်ချက်တစ်ချက်တော့ ကျွန်မဆီကိုလဲ လှမ်းကြည့်နေတာကို တွေ့ရပြန်တယ်။ သူ့ကြည့်တာလဲ အပြစ်တော့ မဆိုသာဘူး။ သူတို့ရုံးမှာရှိတဲ့ ယောကျာ်းငါးယောက်မှာ အိမ်ကကိုယ်တော်ချောကသာ ကြည့်လို့အကောင်းဆုံး မဟုတ်လား။ကြည့်မကောင်းခံနိုင်ရိုးလား ။ဟော့ဒီက ကျွန်မက လက်မောင်းပြုတ်ထွက်မတတ် လျှော်ဖွပ်ထား၊ မီးပူတိုက်ပေးထားတဲ့ အဝတ်အစားနဲ့ ခြေမွှေးမီးမလောင်လက်မွှေးမီးမလောင်ထားခဲ့တာလေ။ရုံးက အဲကွန်းခန်းထဲမှာကွန်ပျူတာနဲ့အလုပ်လုပ်ပြီး အိမ်ရောက်တာနဲ့ “ပင်ပန်းလိုက်တာ မိန်းမရာ “ဆိုပြီး တီဗီရှေ့က မထတဲ့ ယောကျာ်းလေ။အသားတွေ စိုလက်နေမှာပေါ့ ။အဝတ်အစားတွေကြော့ကော့နေမှာပေါ့။ဟော့ဒီကမိန်းမက တစ်နေ့ထက်တစ်နေ့ လင် တော်မောင်ကြည့်ကောင်းနေဖို့ ဖက်ဖက်မောအောင်ပြင်ပေး ဆင်ပေးနေရတာလေ။ ဒီပုံစံကို နဂို အသွေးအမွေးလို့တော့ မထင်လေနဲ့ ဟော့ဒီက နွားမရဲ့ကောင်းမှုပါတော် ။ကျွန်မယောကျာ်းကို မျက်လုံးရွှဲကြီးတွေနဲ့ ကြည့်ပြီး လှုပ်လီလှုပ်လဲ့ ဟန်ပန်နဲ့ ရှိနေတဲ့ အမျိုးသမီးကိုကြည့်ပြီး ကျွန်မစိတ်ရိုင်းတွေ ဝင်လာမိတယ်။ဘယ်နှယ့် ကာမပိုင်မိန်းမကြီးကို ရှေ့မှာထားပြီး သူက ဘာကိစ္စ ကျွန်မယောက်ကျာ်းကို ကြည့်နေရတာလဲ ။အိမ်ကဟာကြီးဆိုတာလဲ သွားတွေကို ဖြီးလို့။ တကယ်ပါ စိတ်တိုတိုနဲ့ လက်ထဲကဟင်းလိုက်တဲ့ ယောက်ချိုဇွန်းနဲ့ နှစ်ယောက်လုံးကို ထုရိုက်ပစ်လိုက်ချင်တာပါပဲ။
~~~~~~~~~~~~~~~~~~~~
အလှူပွဲကြောင့် ပင်ပန်းကြတာချင်းအတူတူ ကျေးဇူးရှင်ကတော့ အိပ်လိုက်တာများ တခူးခူးတခေါခေါကိုမြည်လို့ ။ကျွန်မသာ ဆေးလို့ကြောလို့ မပြီးနိုင်ဖြစ်နေရတာ။
အိပ်ရာပေါ်စန့်စန့်ကြီးအိပ်နေတဲ့ သူ့ကိုကြည့်ပြီး ကျွန်မစိတ်တွေတိုလာမိတယ်။သူ့ဘေးမှာ ငူငူချည်းထိုင်နေမိရာကနေ အသာထလိုက်ပြီး ခုံပေါ်က သူ့ဖုန်းကို ယူလိုက်တယ်။ပြီးတော့ အခန်းပြင်ကို ခြေဖျားထောက်ပြီးထွက်ခဲ့လိုက်တယ် ။
~~~~~~~~~~~~~~~~~~
“အစ်ကို့မိန်းမက ချောသားပဲ …”
စာအရေးအသားနဲ့ ပရိုဖိုင်ပုံကိုကြည့်ပြီး ကျွန်မ ချက်ချင်းသိလိုက်တယ်။အဲ့ဒီအမျိုးသမီးရဲ့ အကောင့်မှန်းသိလိုက်တာနဲ့ အရင်ရက်တွေက ပို့ထားတဲ့စာတွေကို လိုက်ဖတ်ကြည့်လိုက်တယ်။
“အစ်ကို ..ခင်လေးစိတ်အရမ်းညစ်နေလို့ ဖုန်းဆက်လို့ရလား …အစ်မအနားမှာ ရှိနေတာလား “
” သူက ဆိုင်ထဲမှာ ဈေးရောင်းနေတာ …ကိုယ်ခေါ်လိုက်မယ်လေ “
စာတွေကိုဖတ်ပြီး ကျွန်မ အံကိုတင်းတင်းကြိတ်ထားမိတယ်။
“ခင်လေး စိတ်ညစ်တယ် အစ်ကိုရယ် …အိမ်က တစ်မိသားစုလုံးရဲ့တာဝန်ကို ခင်လေးက ထမ်းနေရတာလေ …. “
“အစ်ကို့ဆီကို ဖုန်းမဆက်သင့်မှန်းသိပါတယ် …ဒါပေမဲ့ ခင်လေး အစ်ကိုနဲ့ စကားမပြောဘဲမနေနိုင်ဘူး …အဲ့ဒီလိုဖြစ်နေတဲ့ ကိုယ့်ကိုယ်ကို အရမ်းမုန်းတာပဲ “
“မဟုတ်တာကွာ … ကိုယ်တို့က ရိုးရိုးသားသားခင်တာပဲကို “
မက်ဆင်ဂျာကနေ ညစဉ်ညတိုင်းပြောထားတဲ့စာတွေကို ဖတ်ပြီး ကျွန်မရင်ထဲတဆစ်ဆစ်နာကျင်လာမိတယ်။အလုပ်ကပြန်ရောက်တာနဲ့ “ပင်ပန်းလို့ပါကွာ”ဆိုတဲ့ သူ့စကားတွေကို ကျွန်မ အပြည့်အ၀ ယုံကြည်ထားခဲ့တာလေ။ သူကတော့ အိမ်ပေါ်မှာ ဖုန်းတစ်လုံးနဲ့ တခြားအမျိုးသမီးနဲ့ ကလူကြည်စယ်စကားတွေပြောနေချိန်မှာ ကျွန်မမှာတော့ တစ်နေကုန်တစ်နေခန်း မပြီးနိုင်မစီးနိုင်တဲ့ အလုပ်တွေကို လုပ်ရတုန်း ။ စျေးဆိုင်ထဲမှာ အူယားဖားယားနဲ့ဈေးရောင်းလို့ကောင်းတုန်းပေါ့။တွေးကြည့်တော့ ရင်နာစရာကောင်းလှတယ်။ကျွန်မက ဘာအတွက် ဘယ်သူ့အတွက် ပေးဆပ်နေရမှန်းတောင် မသိတော့ဘူး ။ကျွန်မခွန် ၊ကျွန်မအားနဲ့ ကလေးတစ်ယောက်နဲ့ ကျွန်မဘ၀ကို ရှေ့ဆက်မယ်ဆိုရင် ဒီဒုက္ခတစ်ချို့တဝက်ကများ လွတ်မြောက်လေမလားလို့ မရေမရာ တွေးမိပြန်တယ်။
~~~~~~~~~~~~~
ဟိုအရင် ရုံးပိတ်ရက်တွေကဆို တစ်နေကုန် တစ်နေခန်း လည်လိုက် ပတ်လိုက် ၊ အိမ်မှာနေရင်တီဗီရှေ့က ဆိုဖာခုံမှာ အိပ်လိုက်၊ ထိုင်လိုက် ၊ ဂိမ်းဆော့လို လိုက် ၊ ဗိုက်ဆာရင် တစ်ခုခုထစားလိုက်နဲ့ ဇိမ်ကျနေတတ်တဲ့ ကျွန်မရဲ့ လင်တော်မောင်တစ်ယောက် ဒီနေ့အဖို့မှာတော့ သူ့ဧည့်သည်တွေကို ဧည့်ခံရင်းနဲ့ ကျွန်မလုပ်သမျှတွေကို မသိမသာလှမ်းကြည့်နေတဲ့သူတို့ အကြည့်တွေကို ကျွန်မသိနေတယ်။”ကြည့်ထားကြစမ်းပါလေ ..ဒီလို ကြည့်စေချင်လို့ကို တမင်ကို မိုးလင်းကတည်းကနေ ထမင်းဖိတ်ကျွေးမယ်ဆိုပြီး ခေါ်ခိုင်းထားတာပဲဟာ ။ဘယ်သူလာလာမလာလာ သေချာတာက ခင်ခင်လေးဆိုတဲ့အမျိုးသမီးကတော့ ကျိန်းသေ လားမယ်ဆိုတာကိုသိနေတယ်လေ။ နောက်ဆုံးတော့ ထင်တဲ့အတိုင်းပဲလေ တစ်ရုံးလုံးကိုးဖိတ်ခိုင်းခဲ့ပေမဲ့ သူဋ္ဌေးလဲမလာဘူး ။ကျန်တဲ့အမျိုးသမီးနစ်ယောက်ကလဲ အကြောင်းအမျိုးမျိုးနဲ့ မလာနိုင်ဘူး။ လာတာဆိုလို့ မိသားစုမရှိ၊ ချစ်သူမရှိတဲ့ ယောက်ျားနှစ်ယောက်ရယ် ကျွန်မနဲ့ ရင်းနှီးခင်မင်နေတဲ့ အစ်မရယ် အဲ့ဒီအမျိုးသမီးရယ်ပဲ လာခဲ့ကြတာ။
” လက်ဖက်သုတ်လေး စားကြပါအုံး …”
“ရပါပြီ နွယ်နီရယ် ဒီလောက် အလုပ်တွေ များနေတာကိုကွယ် … ဘာတွေ လုပ်စရာရှိသေးလဲ … အစ်မဝိုင်းကူးပါ့မယ် “
သူတို့ဝိုင်းမှာ လက်ဖက်သုတ်ပန်းကန် သွားချပေးတော့ မနီလာက အားနာသလိုပြောတယ်။ကျွန်မ ခပ်ပြုံးပြုံးပဲ ပြန်ပြောလိုက်တယ်။
” အားမနာပါနဲ့ မနီလာ ရယ် …ဒါတွေက နွယ်နီနေ့တိုင်း လုပ်နေရတဲ့အလုပ်တွေပါ … မနီလာတို့လာလို့ ပိုလုပ်ရတယ်ဆိုတာလဲ မရှိပါဘူး … ဒီနေ့က နွယ်နီတို့ရဲ့ ရှစ်နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့လေ … ပြောရရင် ဒီလို တစ်ရက်မပျက်လုပ်လာတာ ရှစ်နှစ်တောင် ရှိလာပြီလေ မနီလာ “
ကျွန်မက ပြောရင်းကနေ ခင်ခင်လေးကို မသိမသာ အကဲခတ်ကြည့်လိုက်တယ် ။ သူမကို ကြည့်ရတာ စပန့်ဂါဝန်အဟောင်းကို ဝတ်ပြီး များနှာပေါ်မှာ သနပ်ခါး ပါးကွက်ကြားနဲ့ ဆံပင်ရှည်တွေကို ခပ်တင်းတင်းစုထုံးထားပြီး အဒေါ်ကြီးပုံပေါက်နေတဲ့ ကျွန်မကို နှာခေါင်းရှုံချင်နေပုံရတယ်။သူမကတော့ ကိုယ်လုံးကိုပေါ်စေတဲ့ စကပ်ရှည်ရှည်နဲ့ လည်ဟိုက်အင်္ကျီလေးနဲ့သိပ်ကိုလှပပြီး ကျွန်မ ပုံစံနဲ့ အကွာကြီးကွာနေတာပေါ့ရှင်။ ကျွန်မယောကျာ်း အိမ်ဦးနတ်ကြီးကလဲ ဒီလိုအလှချင်း ကွာခြားနေတဲ့ ကျွန်မတို့နှစ်ယောက်ရဲ့ကွာခြားမှုကိုကြည့်ပြီး သူ့စိတ်ထဲမှာ မျောက်အိုမကြီးနဲ့ နတ်သမီးလို့ ထင်ချင်ထင်နေကြမှာပေါ့လေ။ ကျွန်မ လစ်တာနဲ့ ခင်ခင်လေးကို သူခိုးကြည့်နေတာ ကျွန်မက မသိဘဲ နေမလားရှင်။
” ယောကျာ်းရေ …ရှင် ရေချိုးပြီးရင် ဝတ်ဖို့ အဝတ်အစား အဆင်သင့် ထုတ်ပေးထားတယ်နော် … မနီလာတို့ ..ကိုသီဟတို့ ညီမခင်လေးတို့လဲ အားမနားကြပါနဲ့ လွတ်လွတ်လပ်လပ်နေကြနော် .. နွယ်နီ ဒီအဝတ်တွေ လျှော်လို့ ပြီးတာနဲ့ အပြင်သွားကြစို့ …သီချင်းသွားဆိုကြမယ်လေ “
“မိသားစုလေးယောက်တည်းနဲ့ အဝတ်တွေက များလိုက်တာ နွယ်နီရယ် “
“ဟုတ်တယ် မနီလာရေ … ဟို သားအဖပေါ့ …တစ်နေ့ကို အနည်းဆုံးသုံးစုံ လောက်လဲကြတာလေ .. သူတို့ကြောင့် နွယ်နီမှာ အားရတယ်ကို မရှိပါဘူးရှင်… ယောကျာ်းယူရတာ ဒီလောက်ပင်ပန်းမယ်မှန်းသိရင် မယူခဲ့ပါဘူးမနီလာရယ် ဟင်း …ဟင်း “
မနီလာစကားကို ကျွန်မ အရွှန်းဖောက်ပြီး ပြန်ပြောလိုက်တယ် ။
“ယောကျာ်းမယူလို့တော့ မရဘူးလေးနွယ်နီရဲ့ …ဒါပေမဲ့ယူတာမှားသွားတာများလား …တကယ်ဆို သူဋ္ဌေးတစ်ယောက်ယောက်ကို ယူလိုက်ရမှာ “
“ယူချင်တာပေါ့ မနီလာ ရယ် .. ကိုယ့်ကို လာကြိုက်တဲ့ သူဋ္ဌေးတွေက ကာမပိုင်တွေ …ရည်းစားတွေ ကိုယ်စီ ရှိနေကြတော့ ဆင်းရဲချင်မှဆင်းရဲဟယ်ဆိုပြီး ဇွတ်မိုက်ခဲ့မိတာကို “
ခင်ခင်လေး ခေါင်းကို မသိမသာငုံ့သွားတာကို ကျွန်မသတိထားလိုက်မိတယ်။မတတ်နိုင်ဘူးလေ။ ဒါတွေကို သိစေ မြင်စေ ကြားစေချင်လွန်းလို့ ဒီလိုတမင်ဖိတ်လိုက်တာပဲကို ။
~~~~~~~~~~~~~~~~~
ကျွန်မ ရေမိုးမချိုးရသေးခင် သားလေးကို အရင်လုပ်ပေးပြီး ဘွားအေ ဖြစ်သူနဲ့ အမျိုးတွေအိမ်ကို အရင်လွှတ်လိုက်ရတယ် ။ဒီနေ့က ကျွန်မရဲ့နေ့မို့ ကျွန်မ အားလုံးကို အစီအစဉ်တကျလုပ်ထားပြီးသားလေး။
ကျွန်မရဲ့ ခန္ဓာကိုယ်ကို မှန်ထဲမှာ တစ်ပတ်နှစ်ပတ်လောက် လှည့်ပတ်ကြည့်လိုက်ပြီးတော့ ကျွန်မ ကျော်ကျနပ်နပ်ပြုံးလိုက်မိတယ်။ခရမ်းရောင်အပွင့်နုပ်နုပ်လေးတွေပါတဲ့ စကပ်ရှည်ရှည်တွဲတွဲလေးကို ခရမ်းရောင်ဖျော့ဖျော့ အင်္ကျီလေးနဲ့ တွဲဝတ်လိုက်တဲ့အခါ အပြောင်းလဲကြီးပြောင်းလဲသွားတဲ့ ကျွန်မရဲ့ပုံစံ ။တစ်နေကုန် စုထုံးထားတဲ့ ဆံပင်ကို ဖားလျားချလိုက်တဲ့ အခါ နဂိုလှိုင်းတွန့် ကောက်တွေရှိတဲ့ ဆံပင်က ကျောပေါ်မှာဝဲခနဲ ကျလာတယ်။ မိန်းမတိုင်း သူ့အလှနဲ့ သူကိုယ်စီလှကြတယ်။ဒီထဲကမှ ရုပ်တင်မကဘဲ စိတ်ရင်းပါလှတဲ့မိန်းမကိုရထားတဲ့ ယောကျာ်းကတော့ ကုသိုလ်ကံအင်မတန် ကောင်းလှသူပေါ့။
~~~~~~~~~~~~~~~~
“ဟယ် လှလိုက်တာ နွယ်နီရယ်…လူတောင် မှားတယ်ကွယ် “
အိမ်က လင်တော်မောင် အပါအ၀င် သူတို့အားလုံး ကျွန်မကို တအံ့တဩနဲ့ ကြည့်နေလိုက်ကြတာများ ကျွန်မမှာ အထူးအဆန်းကို ဖြစ်လို့ ။ခင်ခင်လေးတစ်ယောက်ကတော့ ကျွန်မကို ကြည့်လိုက် အိမ်က ကိုယ်တော်ချောကိုကြည့်လိုက်နဲ့ဗျာတွေ များနေရှာတာပေါ့လေ။ ကျွန်မကတော့ ခပ်တည်တည်ပဲ အားလုံးကို မသိချင်ယောင်ဆောင်ပြီး မနီလာရဲ့လက်ကိုဆွဲလို့ ရှေ့က ထွက်ခဲ့လိုက်တယ်။
“သွားကြစို့လေ …သမ္မတမှာ ရုပ်ရှင်သွားကြည့်ကြအုံးမှာ မဟုတ်လား …လာလေမနီလာ …ဒီနေ့ကတော့ မောင့်လခထဲကမဟုတ်ဘဲ… နွယ်နီ ငွေနဲ့ ဧည့်ခံမှာနော် “
ဒီစကားကို အိမ်ကကိုယ်တော်ကြားအောင် တမင်ကို ပြောလိုက်တာ။
အိမ်ကလူကြီးရေ ရှင်သိရဲ့လား ။ရှင်ရဲ့ ခင်ခင်လေးတင်လှတာမဟုတ်ဘူး ။မိန်းမမှန်သမျှ ပြင်ပြင်ဆင်ဆင်နေလိုက်ရင် လှကြတယ်။အခြားယောကျာ်းတစ်ယောက် မကကို ဆွဲဆောင်နိုင်တယ်ဆိုတာရှင်သိရဲ့လား အိမ်ဦးနတ်ကြီးရဲ့ ။ရှင့် မျက်စိထဲမှာ ခင်ခင်လေးတစ်ယောက်တည်းကိုပဲ မြင်နေရင်တော့ ရှင့် ကံပေါ့လေ။
~~~~~~~~~~~~~~~~~
“အဝတ်အစားဟောင်းထုတ်ကြီးနော်ဦးကံ .. ..လမ်းမှာလိုချင်တဲ့သူရှိရင်လဲ ပေးလိုက်ပါရှင် …အဟောင်းဆိုပေမဲ့ အစုတ်အပြတ်တွေတော့ မဟုတ်ပါဘူး “
အဝတ်အစား အဟောင်းထုတ်ကြီးကို ဆိုက်ကားပေါ်ကိုတင်ပေးလိုက်တဲ့ ကျွန်မကို သေချာကြည့်ပြီး အိမ်က ကိုယ်တော်ချောက အံ့သြနေပုံရတယ် ။
” အဲ့ဒီအင်္ကျီတွေကို မင်းအရမ်းကြိုက်တာမဟုတ်လား “
“မကြိုက်ပါဘူးတော် … စျေးသက်သာလို့သာ ဝတ်နေရတာလေ ….အဲ့ဒီအဝတ်တွေဝတ်လိုက်ရင် ကျွန်မရဲ့ အပေါ်ယံအလှကို ပျောက်သွားစေလို့ မကြိုက်ပါဘူးရှင် မတတ်သာလို့ ဝတ်နေရတာ …အခုတော့ ဆုံးဖြတ်လိုက်ပြီး … ဘာပဲဖြစ်ဖြစ် ကျွန်မအတွက် အဆင်မပြေဘူးထင်ရင် မနှမြောဘဲ စွန့်လွှတ်ပစ်တော့မယ်….ရှေ့လျှောက် ကျွန်မဘ၀ကို ကျွန်မစိတ်တိုင်းကျ အလှပဆုံးပဲရှင်သန်တော့မယ် … စကားတွေကောင်းနေလိုက်တာ …ရှင် ဒီနေ့ အပြင်မသွားဘူးလား … ကျွန်မတော့ အွန်လိုင်းမှာ သင်တန်းအပ်ထားလို့ တက်လိုက်အုံးမယ် “
“ဟင် … သင်တန်း ဟုတ်လား … ဘာသင်တန်းလဲ “
“အမျိုးသမီးအိမ်တွင်းမှုသင်တန်းတဲ့ …စင်ဂယမားသားဘ၀ကို ပျော်ရွှင်စွာဖြတ်သန်းခြင်းဆိုတဲ့ သင်တန်းလေ “
ကျွန်မ ခပ်ပြုံးပြုံးပဲပြန်ဖြေလိုက်တယ် ။
“ဘာ ..ဘာကွ …စင်ဂယ် မားသား ဟုတ်လား …မင်းက ဘာလို့ အဲ့ဒီသင်တန်းကို တက်ရမှာလဲ “
” အို ဘာလို့ရမှာလဲ …ခေတ်စားနေတဲ့သင်တန်းမို့လေ …ပြီးတော့ ခုခေတ်မှာ စနိုက်ကျော်တွေဘယ်လောက်များလဲ … ဖောက်ပြန်တတ်တဲ့ ယောကျာ်းတွေ ဘယ်လောက်များလဲ… ကျွန်မလဲ လိုလိုမယ်မယ် တက်ထားရမှာပေါ့ “
“ဟာကွာ ရှုပ်ရှုပ်ယှက်ယှက် ‘
သူစိတ်တိုတိုနဲ့ အိမ်ထဲကို ပြန်ဝင်သွားတယ်။ခဏကြာတော့ အိမ်ထဲက သူ့အသံကို ကြားလိုက်ရတယ်။
“မိန်းမရေ … ယောကျာ်းအိမ်သန့်ရှင်းရေးလုပ်လိုက်မယ်နော် “
====================
ဇနီးမောင်နှံတိုင်း ထာဝရလက်တွဲမြဲနိုင်ကြပါစေ
ဧကြည်ဖြူ