ဖိနပ်ကလေးနှစ်ရံ

ဖိနပ်ကလေးနှစ်ရံ(စ/ဆုံး)

————————

“ဟဲ့ကုလား ဒီမယ်ကြက်သွန်တွေအာလူးတွေသေချာလာစီအုံးလေကွယ်”
“ဟုတ်အဘွား”
“အချိန်တွေသေချာမှတ်ထားစာအုပ်ထဲမှာ ပြီးငါ့ဆီလာပေးလှဲ့”
“ဟုတ်ကဲ့အဘွား”
အဘွားဒေါ်ညိုမှာဒေါ်ညိုဆိုတဲ့အတိုင်းအသားခပ်ညိုညို ပိန်ပိန်သွယ်သွယ်။
အသက်ကခြောက်ဆယ်ကျော်လို့ခုနှစ်ဆယ်တွင်း။
ရုပ်ရည်မလှရှာပေမယ့် စိတ်ကောင်းလေးရှိရှာတော့ တူတွေတူမတွေတပြုံတမကြီးကို တင်ကျွေးထားရတာ ပန်းတယ်လို့မငြီးငြူမိ။
အရင်ကတော့ ကုန်ခြောက်ဆိုင်ဖွင့်ထားပြီး ဒေါ်ညိုအိမ်လာစားနေကြတဲ့တူတွေတူမတွေကို ဝဝလင်လင်စားခွင့်ပေးထားရှာတာပါ။

ညီမဖြစ်သူဒေါ်ပျိုမွေးထားတာဆယ့်တစ်ယောက်။
ဒေါ်ညိုကတော့ ညီမကိုပြောင်ပြောင်နောက်နောက် ချစ်စနိုးခေါ်တာ ရှင်မွေးလွန်း။
ဒေါ်ညိုကအပျိုကြီး။
တူတွေတူမတွေအိမ်ထောင်ကြတော့ သူတို့မွေးထားတဲ့မြေးတချို့က ဒေါ်ညိုစီမှာ။
ကုလားက တူကမွေးတဲ့မြေးပါ။

တူရဲ့မိန်းမသေ သွားရှာတော့ ငါးနှစ်သားလေး ကုလားကို ဒေါ်ညိုလက်ထဲထည့်ပေးပြီး တူပါသူ့မိန်းမရဲ့မရဏလမ်းအပြီးလိုက်သွားရှာတာ။
ကုလားကြီးလာတော့ ဒေါ်ညိုရဲ့လက်ကတုံးတောင်ဝှေး အစစအရာရာအားကိုးနေရပြီ။

မသိအောင်တစ်မျိုး သိအောင်တစ်မျိုး ထင်းမီးသွေးကအစ လာလာယူတတ်တာ ညီမဒေါ်ပျို။
အစစအရာရာ စျေးနှုန်းတွေမြင့်တက်လာတော့ ဒေါ်ညိုစီစစ်ရပြီ။
ညီမအရင်းရယ်လို့ လာတိုင်းမယူရအောင် ကုလားကိုသေချာမှာထားရပြီ။
ဒေါ်ညို စိတ်ပုတ်သူမဟုတ်ပါ။
ကျွေးနိုင်တုန်းက တပြုံတမကြီးကို ကျွေးမွေးပေးကမ်းခဲ့ပြီးပြီ။
ခုလို အစစစီစစ်ခဲ့ရတော့ ကွယ်ရာမှာ ကပ်စီးနည်းအဘွားဆိုပဲ။
ဒေါ်ညို မသိမဟုတ် သိပါတယ်။
ပေးတန်သလောက်ပေးသော်လည်း လောဘအတောမသတ်ကြသူ တူနဲ့တူမတွေ။
“ဟဲ့ကုလား ကြီးညိုရော ကြီးညို”

“ရှိတယ် နောက်ဘက်မှာ ဟင်းချက်နေတယ်”
“ဝေး မိတာ ဘာလဲဟေ့”
“ကြီးညိုရယ် လုပ်ပါအုန်း ကိုတင်မြင့်မမာလို့ ငွေငါးသောင်းလောက်”
“ဟင် ဟိုနေ့ကပဲငါ့ဆီလာသေးတယ်လေ ဘာများဖြစ်တာတဲ့လဲ”
” အဆုတ်အအေးပတ်ပြီးဖျားတာ ကြီးညိုရဲ့”
“သြော် ငါ့မှာငါးသောင်းတော့မရှိဘူး မိတာ တစ်သောင်းတော့ရှိတယ်ယူသွား ပြန်လဲမပေးတော့နဲ့”
“ငါးသောင်းရမှဖြစ်မှာကြီးညို တစ်သောင်းမရဘူး”
“ဟဲ့ တစ်သောင်းဆိုရပြီလေ မလောက်နင့်အမေဆီသွားယူပေါ့”
“အမေကမရှိဘူးတဲ့ သွားမေးပြီပြီ”
“ဆေးခန်းသွားတာငါးသောင်းမကုန်ပါဘူးဟယ် ညည်းတို့လဲ တစ်စိတ်ရှိ ငါ့ပဲအားမကိုးနဲ့ ခြေစောင့်လက်စောင့်လေးလဲထားကြအုန်း”
“ကြီးညို…”
“တော်ပြီဆက်မပြောတော့နဲ့ ရော့တစ်သောင်းပြန်တော့”
“ကြီးညိုကလဲ”
“ဘာလဲမယူတော့ဘူးလား”
“အဲယူမှာ ပေးပေးကြီးညို သွားပြီ”
“ဟင်း”
အဝေးရောက် တူ တူမ သုံးယောက်ကလွဲဲပီး ကျန်တဲ့သူတွေအကုန်ငွေလိုရင် ဒေါ်ညိုဆီ စုပြုံလာကြတာများပါတယ်။
ကုလားကတော့ “အဘွား သူတို့တောင်းတိုင်းပေးမနေနဲ့ ပေးပြီးလဲ ပြန်ဆပ်ကြတာမဟုတ်ဘူး”
“ကျန်းမာရေးကလွှဲပြီး သူတို့တောင်းတိုင်းမပေးပါဘူးကုလားရယ်”
“အလကားအဒေါ်တွေ အဘွားဆီငွေလာညှစ်နေကြတာ အလုပ်ကြ တစ်ယောက်မှဝိုင်းကူလုပ်ပေးဖို့မစဥ်းစားဘူး”

အခန်း(အခန်း၂)

“အဘွား အဘွား”
“ဟေ”
“အဘွားဒေါ်ပျို ကသူ့အိမ်ဝိုင်းရောင်းတော့မလို့တဲ့အဘွား”
“ဟဲ့ သူ့ဝိုင်းရောင်းဘယ်သွားနေမှာလဲ ဒီကောင်မ မဟုတ်တာလုပ်ပြီ”
“ကျွန်တော်ပွဲစားမန်းကြီးဆီကကြားလာတာ အိမ်ဖိုးငွေတွေ သားသမီးတွေအကုန်ခွဲပေးပြီး သမီးတွေဆီတလှည့်စီလိုက်နေမယ်ဆိုပဲ”
“မဟုတ်သေးပါဘူးဟယ် ငါသွားမေးအုံးမှပါ”
“ဟဲ့မိပျို နင့်အိမ်ဝိုင်းရောင်းတော့မယ်ဆို”
“ဟုတ်တယ်အမညို မရောင်းလို့မဖြစ်တော့ဘူး ရှင်ကျန်နေတဲ့ခုနှစ်ယောက်မှာ သုံးယောက်ကဘယ်လိုမှပြေလည်တာမဟုတ်ဘူး စားရမဲ့မဲ့သောက်ရမဲ့မဲ့ဘဝဖြစ်နေတာ ကျွန်မဘယ်လိုနှလုံးသားနဲ့ကြည့်နေရမလဲအမညိုရယ်”
“နင့်သမီးတွေကအိမ်ထောင်တွေပဲကျနေပြီဟယ် သူတို့ယောက်ကျားတွေရှိတာပဲ”
“အမညိုမသိတာလည်းမဟုတ် ယူထားတဲ့ယောက်ကျားတွေက အရက်သမားနဲ့ဖဲသမားလက်ကြောမတင်း သမီးတွေပဲဖတ်ဖတ်မောရှာကြွေးနေရတာ ရှာကြွေးနေတဲ့မိတာယောက်ကျားကျ မမာမချာ”
“နင့်အိမ်ရောင်းပြီးအမွေခွဲပေး သူတို့အိမ်လိုက်နေလုပ်မလို့ဆို သူတို့တောင်အနိုင်နိုင်ဘယ်လိုသွားနေမှာလည်းမိပျိုရယ် ကြည့်လည်းလုပ်ပါဦး”
” ကုလားမနဲ့တရုတ်မက ကျွန်မဆီကအမွေရရင်သူတို့ယောက်ကျားတွေကွာပစ်ပြီး စီးပွားရေးလုပ်မယ် အမေအတူလာနေလို့ခေါ်တာ ကျွန်မလုပ်ပေးရမှာပေါ့ အမညိုရယ်”
“ငါ့တော့ရင်လေးတယ် မိပျိုရယ် နင့်သားအကြီးကောင်နဲ့အငယ်ကောင်ကမွေးထားတဲ့မြေးတွေရော ပင်လုံမှာအလုပ်အကိုင်အဆင်ပြေကြတယ်ပြောတယ် တောင်းကြည့်ပါအုံး အိမ်ဝိုင်းရောင်းဖို့နင်စဥ်းစားပါ သားသမီးယုံစုံလုံကန်းမဖြစ်စေချင်ဘူး”
“အင်းပါ အမညိုရယ်”

အခန်း(အခန်း၃)

တစ်နှစ်ကြာပြီးသည့်နောက်…

“အဘွား ဘွားပျို ဘွားပျိုလေ ဘွားပျို ကျိုးကျိုးတာ..”
“ဟဲ့ကုလား ပြောလေ မထိတ်သာမလန့်သာ အရေးထဲစကားထစ်နေသေးတယ်”
“ဒေါ်ကုလားမကသူ့ယောက်ကျားနဲ့ပြန်ပေါင်းထုတ်လို့ဘွားပျိုနဲ့စကားအခြေအတင်ဖြစ်ကြတာ ဒေါ်တရုတ်မပါ ဝင်ပြောတော့ ညီမနှစ်ယောက်ရန်ထသတ်ကြပါရော ဘွားပျိုကိုတွန်းလှဲလိုက်သလိုဖြစ်သွားတာ အဲဒါဘွားပျို
ပေါင်ရိုးကျိုးသွားလို့”
“ဟယ်ဒုက္ခပါပဲ လာကုလားဆိုင်ပိတ်ပြီးတစ်ခါထဲငါနဲ့လိုက်ခဲ့”

“မိပျို လာဆေးရုံသွားမယ် ကုလားဆိုက်ကားပေါ်ပွေ့တင် တရုတ်မညည်းပါတစ်ခါထဲလိုက်ခဲ့ ဟိုကောင်မ ကုလားမဘယ်မှာလဲ”
“ငိုနေတယ်ကြီးညို သူ့ကြောင့်အမေဖြစ်ရပါတယ်ဆိုပြီး”
“ထားလိုက် အမေဆီကအမွေတွေယူပြီးကတိမတည် လင်ဆာမငိုပါစေ”

ဆေးရုံရောက်တော့ ကျိုးသွားတဲ့ပေါင်ရိုးက ကျောက်ပတ်တီးစည်းရုံနဲ့မဖြစ်တော့ စတီးချောင်းထည့်ရမှာမို့ ဆေးရုံမှာတင်ဆယ်ရက်နေရပါတယ်။
ညီမဖြစ်သူဆေးရုံကဆင်းတော့ ဒေါ်ညိုပဲအိမ်ခေါ်လာလိုက်ပါတော့တယ်။
အရေးကြီး သွေးနီးရပါပြီ။
ညီမဖြစ်သူဒုက္ခကို ဒေါ်ညိုလျစ်လျူမရှုရက်ပါပြီ။
ပြေးကြည့်မှ ဒီညီအမနှစ်ယောက်သာ။
ညီမဖြစ်သူကမွေးထားတဲ့သားသမီးတွေကို ဒေါ်ညို စိတ်တို စိတ်ကုန်မိတယ်လေ။
မြေးဖြစ်သူ ကုလားလိမ္မာရေးခြားရှိလို့ ကုလားကိုတော့စိတ်တိုင်းကျမိပါတယ်။

ပြုစုကြသူက ဒေါ်ညို ကုလားနဲ့တရုတ်မ။
ကျန်သားသမီးတွေက မလာတစ်ချက်လာတစ်ချက်။
အဆိုးဆုံးကမိတာ။
တမြို့ထဲနေတာတောင် ဆေးရုံကဆင်းတဲ့အချိန်လေးတစ်ခါသာလာပြီး ပေါ်မလာတော့။
ဒေါ်ညိုကတော့ သူ့ဝသီအတိုင်းပြစ်ပြစ်နှစ်နှစ်ပြောတတ်သေးတာ”အလကား ရတာနာကလေးတွေ အမွေယူတော့တပြုံတမလုံး အမေမမာတော့ လာသူမရှိ လူ့တိရစ္ဆာန်တွေ”တဲ့။

အခန်း(အခန်း၄)

သေသွားတဲ့ဦးလေးနှစ်ယောက်ရဲ့သား ပင်လုံမြို့မှာနေတဲ့ ဒေါ်ပျိုမြေးတွေကတော့ အဘွားဆေးကုစရိတ်အတွက်ငွေလှမ်းပို့ရှာပါတယ်။
လူကတော့မလာနိုင်ကြ။
မြေးမို့လိုထားပါ။
အဘွားဒေါ်ပျို ရဲ့အဝေးရောက်သားသမီးတွေဖြစ်ကြတဲ့ ဦးမြင့် ဒေါ်ခရေ ဒေါ်မိထား တို့ကငွေတစ်ခါလှမ်းပို့ပြီး တစ်ခါမှမရောက်လာ။
အိမ်ဝိုင်းရောင်းတုန်းကတော့ တပတ်ကြိုပြီးရောက်လာကြတာလူစုံတက်စုံ။

ကုလားတို့လိုမြေးတွေကတော့ ဘာရယ်မဟုတ် ဦးလေးတွေအဒေါ်တွေကိုတွေ့ရတော့ပျော်ခဲ့ရပါသေးတယ်။

အဘွားဒေါ်ပျိုသား ဦးငယ်လေးတစ်ယောက်ကတော့ အလုပ်လုပ်မယ်ဆိုပြီးထွက်သွားတာ ဘာသတင်းမှမကြားရတော့တာနှစ်ချီနေပါပြီ။

အဘွားဒေါ်ပျိုကို စတီးချောင်းပြန်ထုတ်ရင် အသက်အရွယ်ကြောင့်ခံနိုင်ရည်မရှိမှာမို့ မထုတ်ဖြစ်တော့။
လမ်းလျောက်ရင်အကူအတွဲပါမှသာ သွားနိုင်တော့တာပါ။

ညီမကို ပြုစုရင်း အဘွားဒေါ်ညို ပါကျန်းမာရေးဖောက်လာတော့ အိမ်ဝိုင်းကိုအခြမ်းခြမ်းပြီး ဆေးကုသစရိတ်လုပ်ရတော့တာပေါ့။

မာတဲ့အချိန်အဘွားဒေါ်ညိုဆီငွေလာတောင်းသူတွေ အဘွားဒေါ်ညိုမကျန်းမာတဲ့အချိန် ဘယ်သူမှရောက်မလာတော့ပါ။

အဘွားဒေါ်ပျိုလည်းအိမ်ရာထက်ပက်လက်။
ဒေါ်ကုလားမကတော့နောက်ပိုင်းရောက်လာပြီး အဘွားဒေါ်ညိုနဲ့ဒေါ်ပျိုကို တစ်လှည့်စီပြုစုပါသေးတယ်။

အပင်ပန်းဆုံးသူက ကုလား။

ဆိုင်ကတဖက် ချီးအိုးသေးအိုးဆိုမရွံမရှာသွားသွန်ပေးရတာပါ။

တစ်နေ့…

“ကုလား”
“ဗျာအဘွား”
“အဘွားရဲ့ကျန်တဲ့အိမ်နဲ့ဝိုင်းတစ်ဝက်ကို စာချုပ်ချုပ်ပြီး ငါ့မြေးကိုပေးခဲ့မယ်”
“ဟာမယူပါဘူးအဘွားရယ်”
“မယူလို့မဖြစ်ဘူး အဘွားဝိုင်းကိုမျက်စောင်းလှမ်းထိုးနေကြလောက်ပြီ မိပျိုလည်းအိပ်ရာထက်ကမထနိုင်တော့ဘူး အဘွားသေသွားရင် မြေးပဲဆက်တာဝန်ယူရမှာ တာဝန်ကြေတဲ့ငါ့မြေးကုလားရသင့်ရထိုက်တာ”
“ကုလား”
“ဗျာ”
“ရော့ သံသေတ္တာသော့ သေတ္တာထဲမှာ အဘွားတစ်သက်လုံးစုထားတဲ့ ရွှေနဲ့ ပတ္တမြား နီလာအလုံးတွေရှိသေးတယ် မိပျို အတွက် တာဝန်ဆက်ယူပေးနော် အဘွားမိပျိုကိုစိတ်မချဘူး မိပျိုဘဝသနားစရာပါ အဘွားကိုမိဘတွေက အိမ်ထောင်ချပေးတာ မယူချင်လို့ထွက်ပြေးတော့ မိပျိုနဲ့ပဲပေးစားလိုက်ရလို့ သူအိမ်ထောင်ကျပြီး သားသမီးဆယ့်တစ်ယောက်မွေးခဲ့တာ သူ့ယောက်ကျားက အစောသေရှာတာ နို့မို့ဆို သူ့နေရာမှာအဘွားပေါ့ အဘွားစိတ်ချပါရစေ တရုတ်မ ကုလားမတို့ မသိစေနဲ့နော်”

အဘွားဖြစ်သူဒေါ်ညိုရဲ့ နောက်ဆုံးမှာတမ်းပါ။

အခန်း(အခန်း၅)

အဘွားဒေါ်ညိုဆုံးပြီးနောက် တစ်လအတွင်းမှာပဲ ဒေါ်ပျိုလည်း ဒေါ်ညိုနောက်ကိုလိုက်သွားပါတော့တယ်။

ရက်လည်မှာတော့ အဘွားဒေါ်ပျိုရဲ့သားသမီးများစွာ အကုန်စုံလင်စွာ။
ဦးလေးငယ်တစ်ယောက်တော့မလာပါ။
သေရှာပြီထင်ပါတယ်။

ပေါင်းခြောက်ယောက်။
ဦးမြင့် ဒေါ်ခရေ ဒေါ်မိထား ဒေါ်မိတာ ဒေါ် ကုလားမ ဒေါ်တရုတ်မ။ ဦးမြင့်က “ကုလား ငါတို့ရှင်းရှင်းပဲပြောတော့မယ် အဘွားဒေါ်ညိုထားသွားတဲ့အိမ်ဝိုင်းစာချုပ်နဲ့အတွင်းပစ္စည်းတွေမင်းဆီမှာရှိရင်ငါတို့ကိုပေး မင်းအတွက်လည်းမနစ်နာစေရဘူး”
“သိတယ် ကျွန်တော်ဒါတွေအကုန်လုံးသိလို့ ဆေးကုစရိတ် အသုဘစရိတ် ရက်လည်အတွက်စရိတ်တွေအကုန်ဖယ်ထားပြီး ပိုတဲ့ငွေမှန်သမျှ ဘုန်းကြီးကျောင်းမှာ ရိပ်သာလုပ်ဖို့အတွက် ကျောင်းဆောက်လုပ်တဲ့အထဲမှာ ရေစက်ချလှူပြီးသွားပြီ ရိပ်သာဆောက်နေတာရှေ့လဆိုပြီးပြီ အဘွားနှစ်ယောက်နာမည်ကို ကျောင်းဆောင်သစ်ကြီးအရှေ့မုဒ်မှာ ရွှေစာလုံးတွေနဲ့လှလှပပမြင်ကြရမှာပါ ကျွန်တော်ကတော့ လောဘ မောဟတွေနဲ့ အမှောင်ဖုံးပြီး မေတ္တာ စေတနာကိုတောင် ပြန်လည်တုံ့ပြန်ရမှန်းမသိကြတဲ့ လူမဟုတ်တဲ့ လူးတွေကိုစိတ်ကုန်လွန်းလို့ မနက်ဖြန်သာ့သနာဘောင်ထဲအပြီးဝင်တော့မှာပါ ဒီဝိုင်းလည်း ဆန်စက်သူဌေးဦးမင်းမင်း ကိုရောင်းထားပြီးသား ငွေအပြီးချေပြီးသား ညနေကြရင်လာလိမ့်မယ် ”
“မင်း.. မင်း”
“ကုလား နင်လုပ်တာတွေမဟုတ်ဘူးနော်”

“ဒေါ်ကြီးမိတာအသိဆုံးပါ ဟုတ်လားမဟုတ်လားဆိုတာ အဘွားဆေးရုံဆင်းလာတော့ အဘွားဒေါ်ညို သံသေတ္တာထဲက ပစ္စည်းတွေနှိုက်ယူနေတာ ကျွန်တော်မြင်လိုက်ပါတယ်”

“နင်..နင်”

“မိတာ ငါတို့ကိုမပြောဘူး နင်ဘာတွေရသွားလဲ”

“ဟဲ့ ငါမယူဘူး ကုလားလျောက်ပြောတာ”

“ကုလားကမဟုတ်တာမပြောဘူး နင်ပြော ”

“….”

“ကဲ ကြီးဒေါ်တို့ ဘကြီးတို့တော်ကြပါတော့ အဘွားနှစ်ယောက်အမွေကျန်ပါသေးတယ် ဟိုမှာနံရံထောင့်ထောင်ထားတဲ့ စက္ကူဘူးကြီးထဲမှာ ဦး သူ ရမှာပါဗျာ”

မောင်နှမတစ်တွေ အပြေးအလွှားသွားပြီး အလုအယက်ဖွင့်ကြည့်ကြတော့ စက္ကူဘူးထဲမှာ အဘွားဒေါ်ညိုနဲ့ အဘွားဒေါ်ပျိုတို့ အမြဲစီးနေကြ ခုံဖိနပ်နောက်မြီးပြတ်လေးနှစ်ရန်က စီစီရီရီ ညီညီညာညာ။

စံဌာနီထွန်း