ဖိုးတေတူးတဲ့မသာကျင်း(စ/ဆုံး)
——————————
သူ့နာမည်က ဖိုးတေ ။ နာမည်နဲ့ လိုက်အောင်ပင် ပေတေတေ ပေကပ်ကပ် လုပ်တတ်တဲ့ လူစား ။ လူက ပုပျက်ပျက် ဂင်တိုတိုနဲ့ စိတ်ရင်းသဘောထားတော့ ကောင်းရှာလေသည်။ မိမဲ့ ဖမဲ့ တစ်ကောင်ကြွက် ဖိုးတေ အတွက် အဖော်တွေကတော့ သင်္ချိုင်းထဲမှာ ရှိတဲ့ အလောင်းကောင် တွေသာ ဖြစ်လေ၏။ အဘယ်ကြောင့် သူ့ အဖော် အပေါင်းတွေက အလောင်းကောင်တွေ ဖြစ်နေရလည်း ဆိုသည်မှာတော့ ထွေထွေထူးထူး မဟုတ်ပေ။ သူသည် မသာကျင်းတူး မသာမြေချ ပေးရသော သုဘရာဇာ တစ်ယောက်ဖြစ်သောကြောင့်ပင်။
ဖိုးတေ၏ အိမ်ကား သင်္ချိုင်းဇရပ် ဖိုးတေ၏ အိပ်ရာ ၊ ကုတင်ကား လှည်းကျင်းထားတဲ့ အုတ်ဂူတွေ။ ဖိုးတေ နဲ့ သေမတူရှင်မကွာ ရှိနေတဲ့ အဖော်ကောင်းကတော့ မီးတောက်အရက် ခပ်ပြင်းပြင်း တစ်လုံး ။ အလုပ်မရှိပါက ဇရပ်ထဲသော်လည်း ကောင်း အုတ်ဂူကြီးများပေါ်သော် လည်းကောင်း ဒူးကြီး တစ်ဖက်မြောက်ကာ ထိုင်နေတတ်သည်က သူ၏ စတိုင် ။ အရက်ကိုတော့ ဘာကြိုက်သလဲ မမေးနှင့် ။ ရေဆာတိုင်းသောက်တတ်သော သူ ။ အမြဲ လိုလို ဖွာရှိုက်တတ်သည့် နဂါး ဆေးပေါ့လိပ် တိုကြီးကလည်း ဖိုးတေ နားကြားတွင် နေရာ အမြဲယူထားတတ်သေး၏။
ယနေ့က တန်ဆောင်မုန်းလပြည့်ကျော် သုံးရက်။ ရာသီဥတုက သိပ်မအေးလှသော်လည်း အနည်းငယ်တော့ အေးစက်စက်နိုင်သည်။ ဖိုးတေမှာတော့ တစ်မနက်ခင်းလုံး အုတ်ဂူပေါ်တက်ကာ အရက်သောက် နေပူဆာ လှုံရင်း အချိန်ဖြုန်း နေ၏။ မွန်းလွဲ တစ်နာရီလောက်လည်း ကျရော ကြေးစည်သံ တစ်ညံညံ နှင့်အတူ ဖိုးတေ ရှိရာ သင်္ချိုင်းဆီသို့ လူစုလူဝေး တစ်ခုက ဦးတည်လို့ လာပါတော့သည်။ ၎င်းကြေးစည် ထုသံကို လွှမ်းမိုးထားသည်ကား အရက်သမား ဖိုးလုံး၏ မယား ခွေးမ ဆိုသူပင် ။
“အမလေး … ကိုဖိုးလုံးရဲ့ … အသေစောလှချည်လား … ကျုပ်ကို တစ်ယောက်တည်း ထားခဲ့တော့ မပေါ့လေ အီးဟီးဟီး ”
မခွေးမ အသံက စူးရဲစွာထွက်ပေါ်လာသည်။ ဖိုးတေ အတွက် အဆန်းမဟုတ်သော်လည်း သင်္ချိုင်းလိုက်ပို့ ကြသည့် လူပရိသတ် အပေါင်းကတော့ တကျွတ် ကျွတ် နှင့်စုတ်သပ် သနားကြသည်။ မခွေးမ မှာတော့ ရှိုက်ကာ ရှိုက်ကာ ငိုရင်း တစ်ချက်တချက် တက် တက်လို့ ပင်သွားသေးသည်။
“ကိုဖိုးလုံးရဲ့ … ဂစ် … ဂစ် … ဂစ် ”
“ဟာ …ခွေးမ တက်ပဟ … ဝိုင်းနှိုပ်ပေးကြပါအုံး ”
“ခွေးမ … သတိထား ”
“သွားလေသူကို … စိတ်ဖြောင့်ဖြောင့် သွားပါစေဟယ် ”
လိုက်ပါ ပို့ဆောင်သူ အပေါင်းကလည်း ခွေးမ အား နှိပ်သူနှိပ် နယ်သူနယ် နှာနှပ်သူ နှပ် နှင့် ၀ရုန်းသုန်းကား ဖြစ်ကုန်ကြသည်။ ခွေးမ မှာတော့ အားရပါးရ ငိုထားသဖြင့် မျက်လုံးကြီး နှစ်လုံးမှာ ကျွတ်ထွက်ကျလုမတတ် မို့အစ်နေသည်။ ဖိုးတေ မှာတော့ ခွေးမ အားကြည့်ကာ ရယ်ချင်ချင်ပင် ဖြစ်နေ၏။ လိုက်ပါပို့ဆောင် သူများကလည်း ဇရပ်အောက်ဖက်တွင် အခေါင်းကြီးကို အသာ ချလိုက်တော့ ခွေးမ မှာ ထိုအခေါင်းကြီးပေါ် တက်ခွ လုနီးပါး ဖက်ကာ ဖက်ကာ ကျုံးငိုလေတော့၏။ ဖိုးတေမှာတော့ ၎င်း၏ လက်စွဲတော် ပေါက်တူးကြီးကို ကိုင်ပြီး မသာရှင် ဖြစ်သူ မခွေးမ ထံသို့ ဇရပ်ပေါ် မှ ဆင်းလာလိုက်တော့သည်။
“မခွဲနိုင်ဘူး …. ငါ့ယောက်ျားမသေရဘူး …. အမလေး ကျုပ်ကိုသာ သတ်လိုက်ပါတော့လား …မိုးနတ်မင်းရယ် …အီးဟီးဟီး ”
ဖိုးတေက
“မခွေးမရယ် … စိတ်ကို ထိန်းပါ ခင်များယောက်ျားက သေပြီ … လူဆိုတာ သေမျိုးချည်းပါပဲ ”
“နင် မသိလို့ပါဟယ် … ငါ့ယောက်ျား က ငါ့အပေါ် သိပ်ကောင်းရှာတာ အဟင့် အဟင့် ”
“ဒါတော့ ဟုတ်သားဗျ …ခင်များ ယောကျာ်း ကောင်းတာ ခင်များပဲ သိမပေါ့ … ဘယ်နှယ့် လုပ်ကျုပ်က သိရမတုန်း ”
ဖိုးတေလည်း အဖြစ်သည်းလှသည့် မခွေးမ ကို ထိုသို့ ဟိုမရောက်ဒီမရောက် ကောက်ပြောချလိုက်တော့ မသာလာပို့သူများမှာ ရယ်ရ အခက်ငို ရအခက်ဖြင့် ပြုံးစိစိ ဖြစ်ကုန်ကြတော့သည်။ မခွေးမ မှာတော့ ဖိုးတေ အား မျက်လုံးစိမ်းကြီးဖြင့် ကြည့်ကာ
“ဖိုးတေ … နင် … နင် …ဂစ် ဂစ် ”
“ဟာ … တက်ပြန်ပီဟေ့ … လုပ်ကြအုံး ”
“ခွေးမ … စိတ် ထိန်း … စိတ်ထိန်း ”
မခွေးမတစ်ယောက်ကတော့ ငိုလည်းငိုရ စိတ်လည်း စိုးရဖြင့် တဂစ်ဂစ် တက်ပြန်တော့သည်။ ဖိုးတေ မှာတော့ ရယ်ကျဲကျဲ ဖြင့် ။ ခွေးမ လင် ဖိုးလုံးကား တစ်နေ့က ဆုံးသွားခြင်းဖြစ်သည်။ အကြောင်းမှာတော့ အမူးလွန်ကာ ခြေမျက်စိသာသာ နက်သော ဗွက်ထဲ နှာခေါင်းနစ်ကာ ပြန်မထ နိုင်ဘဲ အသက်ပျောက်သွားခဲ့သည်မဟုတ်ပါလား။ ထိုအကြောင်းကိုလည်း ဖိုးတေသိသည်။ အလားတူ ခွေးမသည်လည်း ယခုမှသာ တစ်ဖိုးလုံးတည်း လုံးနေတာ ရွာထဲလည်း သူ့လင်ငယ် တွေ မနည်းရှိကြောင်းကို ဖိုးတေက သိနှင့်ထားပြန်သည်။ ထို့ကြောင့်လည်း ယခု မခွေးမ၏ မစားရ ၀ခမန်း အိုက်တင်များကြောင့် ဖိုးတေ မှာ သနားဖို့ ထက် စိတ်ပင် အတော်ပျက်နေလေ၏။
လူများက ဝိုင်း၀န်း နှိပ်နယ်ကြတော့ ခွေးမ သတိပြန်လည်လာကာ တစ်ဖန် ငိုပြန်တော့သည်။ ဖိုးတေမှာတော့ မသာမြေချကိုပင် စကား စချိန် မရ ။
“ကဲကဲ … မခွေးမ ငိုတာလည်း လျှော့ … ခင်များ ယောကျာ်း ဖို့ ကျင်းတစ်ခါတည်း တူးထားတယ် ”
ဖိုးတေလည်း ကွယ်လွန်သူ ကိုဖိုးလုံးအတွက် ခြောက်ပေကျင်း ခပ်နက်နက် ကို မနေ့ည လာပြောသည့် အချိန် တည်းက အရံသင့် တူးထားပြီးဖြစ်သည် ။ ခွေးမ မှာ ငိုလို့မစဲသေး ။
“ကဲပါဗျာ …နောက်လူတွေလည်း စောင့်နေလောက်ရောပေါ့ … အခေါင်းကို တခါတည်း မြေချဖို့ လုပ်ပါ ”
ဖိုးတေလည်း ထိုသို့ပြောတော့ ယောကျာ်းကြီး သုံးလေ ယောက်က အခေါင်းကြီးကို မြေမြုပ်ဖို့ ပြင်ဆင်ကြတော့သည်။ ခွေးမ မှာတော့ အခေါင်းကြီး နောက်ကို ငိုရင်းသား လိုက်ပါလို့။
“မသေရဘူး … ကိုဖိုးလုံး ကျုပ်ကို မထားခဲ့ပါနဲ့ … ကျုပ်ပါလိုက်မယ် … ကျုပ်ကိုပါသတ် ”
“ခွေးမ စိတ်ထိန်း စိတ်ထိန်း ”
ခွေးမ သည်လည်း ပြောလေကဲလေ မန်းလေ ပြဲလေ ဆိုသလို ဖိုးလုံး အခေါင်းကြီး ကျင်းထဲချလိုက်သည့် နှင့် သူပါ တစ်ပါတည်း ခုန်ဆင်းလေတော့သည်။
“ဟာ … ”
“ခွေးမ … ပြန်တက်ခဲ့ … ညည်း အဲ့လို လုပ်နေတာတွေက ဖိုးလုံး အတွက် သံသရာ မကောင်းဘူးနော်”
“ကျုပ် … ကိုဖိုးလုံးနဲ့ မခွဲနိုင်လို့ပါရှင် ”
ဖိုးတေလည်း စိတ်ကမရှည်လာတော့။
“ကဲဗျာ … တားမနေနဲ့ … သေချင်သပ ဆို သူ့ပါ ရောမြုပ်ပေးမယ် … ”
ဟုဆိုကာ ပေါက်ပြားဖြင့် မြေကြီးကို သုံးလေးချက် ယက်ကာ ကျင်းထဲ သို့ချလိုက်တော့သည်။ ထိုအခါမှ ခွေးမလည်း ကျင်းပေါ်ကို ကမန်းကတမ်း တွယ်တက်ပြီး ဖိုးတေအား မျက်စောင်းကြီးဖြင့် ကျိန်ဆဲလိုက်တော့သည်။ ဖိုးတေက လွဲ၍ မည်သူမျှ သိလိုက်မည် မထင် ။ ကိစ္စ ဝိစ္စများပြီးတော့ မခွေးမ နှင့် မသာလိုက်ပါ ပို့ဆောင်သူများ သင်္ချိုင်းထဲမှာ အလျှိုလျှို ထွက်သွားကြချေပြီ ။ ဖိုးတေ မှာတော့ လက်ကျန် အရက်ပိုင်းလေးကို ဆွဲကာ ဇရပ်ပျက်ကြီးပေါ် သို့တက်သွားပါတော့၏။
( ၂ )
” ကိုဖိုးတေ ရေ … ဗျို့ ကိုဖိုးတေ ”
“ဟေ့ … ဘယ်သူတုန်းဟ ”
ဖိုးတေလည်း ဖိုးလုံး အလောင်းမြေချပြီး နောက် အရက်သောက်ကာ ဇရပ်ပေါ် မှိန်းခနဲ အိပ်ပျော် နေတုန်းရှိသေးသည်။ တစ်စုံတစ်ယောက်၏ ခေါ်သံကြောင့် နိုးလာခဲ့ရတော့၏။ အသံပိုင်ရှင်မှာ ရွာထဲက နွားကျောင်းသားလေး သာထူး ပင်။
“အေ့ … သာထူး … ဘာကိစ္စလဲ ”
“ကိစ္စကတော့ ထွေထွေ ထူးထူး မဟုတ်ပါဘူးဗျာ … မခင်မြင့် သားလေး ထွန်းထွန်း ၀မ်းရောဂါနဲ့ ဆုံးသွားလို့တဲ့ဗျ ”
“ဟေ … ဟုတ်လား … ကလေးက ခုမှ ဘယ်နှစ်နှစ် ပဲရှိသေးတာ ”
“သုံးနှစ် မပြည့်တပြည့်ပဲ ရှိသေးတယ် … ကိုဖိုးတေ ရ ၀မ်းရောဂါဆိုတော့ … ရွာထဲက လူတွေကလည်း ကူးမှာကြောက်လို့ မနက်ဖြန်ပဲ အားချင်း မြေချ မလို့ … အဲ့ဒါ ကျုပ်ကို ကျင်းအပ် ဖို့ လူလွှတ်လိုက်တာပဲ ”
“ဟ … မင်းတို့ ဟာကလည်း ခုရက်ထဲ ၀မ်းရောဂါနဲ့ချည်းသေနေကြပါလား … တနေ့ကမှ တစ်ယောက် ”
“အဲ့ဒါကြောင့်ပြောတာပေါ့ဗျာ … ကျင်းလေး တစ်ကျင်းသာ လုပ်ထားပေးလိုက် … ကျုပ်လည်း နွားတွေ သွားသိမ်းရအုံးမယ် ”
“အေအေ … ငါလုပ်ထားလိုက်မယ် ”
နွားကျောင်းသား သာထူးလည်း ဖိုးတေအား နှုတ်ဆက်ကာ ခပ်သုတ်သုတ် ပြန်ထွက်သွားလေတော့သည်။ ဖိုးတေမှာတော့ တဇွတ်ဇွတ်မွေး တဇွတ်ဇွတ်သေနေကြသော ပုထုဇဉ်များကို ကြည့်ကာ နေ့စဉ်သံဝေဂ ရနေလေတော့သည်။ ထူးခြားသည်ကား ယခုရက်ပိုင်းထဲတွင်ပင် နေ့တိုင်းလိုလို လူများသေနေသည့် အချက်ပင် ။ လူများများ သေသည့် အလျောက် ဖိုးတေ ကျင်းများများတူး ဂူများများ လုပ်ကာ ပိုက်ဆံများများရသော်လည်း အတော် တော့ပင်ပန်းလေသည်။
“အော် လူတွေ လူတွေ အားတိုင်းသေနေကြတာပဲ … ငါလို သုဘ ရာဇာကို မသနားဘူးထင်တယ်ဟေ့ … ဟားဟားဟား ”
ဖိုးတေလည်း လက်ကျန် အရက်ပိုင်းလေး ကိုရှင်းကာ မသာကျင်းအသစ်တူးရန် ဇရပ်ပေါ်မှ ဆင်းခဲ့လိုက်တော့သည်။ ထိုကလေး မသာအတွက် ကျင်းတူးနေစဉ်မှာပင် နောက်ထပ် ၀မ်းရောဂါနဲ့ သေတဲ့ ပိုင်ရှင်မဲ့အလောင်းတစ်လောင်းလည်း ဇရပ်ပေါ်သို့ရောက်လာခဲ့တော့သည်။
အမှန်ပင် ရွာထဲ၌လည်း ကာလ၀မ်းရောဂါများ အချိန်အခါ မဟုတ်ဖြစ်ကာ လူများလည်း နေ့တိုင်း နီးပါးသေနေသည်ကို ဖိုးတေ အသိဆုံးပင် ။ ကူးစက်တတ်သော ရောဂါလည်း ဖြစ်သည်မို့ ယနေ့သေ ပါက နက်ဖြန် အားချင်းချ နှင့် ဖိုးတေ မှာ အလုပ်ရှုပ်မှန်းမသိ ရှုပ်ခဲ့ရပါတော့၏။
( ၃ )
” ဖိုးတေ … သယ်ရင်း … သောက်ကွာ ”
“မြတ်သာရေ … နောက်တစ်လုံးလောက် ထပ်ချဟေ့ ”
ဖိုးတေ နှင့်တာတီး တို့နှစ်ယောက် မြတ်သာ အရက်ဆိုင် တွင် ဆုံမိကြ၏။
“ငါ … မနေ့က နှစ်လုံးပေါက်ထားတာကွ … မင်းကို မပြုစုရတာလဲ ကြာနေပြီမို့ … ငါ့ကောင်ရေ ”
တာတီးက ထိုသို့စကားစလိုက်တော့သည်။
“ဟ … တယ်ဟုတ်ပါလား … မင်းက နှစ်လုံးတွေ ဘာတွေ တောင် ပေါက်နေတယ်ပေါ့ ”
“ငါးဆယ် ဖိုးတည်းပါကွာ … ”
ထိုအခါ အရက်ဆိုင် ပိုင်ရှင် မြတ်သာလည်း ပုလင်းတစ်လုံးကိုဆွဲကာ သူတို့ အနားရောက်လာလေတော့သည်။
“အမြည်းကော … ဘာယူအုံးမလဲ ကိုဖိုးတေ ”
“သံပုရာသီးနဲ့ … ဆားနဲ့ ချကွာ ”
“ဟာ … မင်းကလည်း ငါကျွေးပါမယ်ဟ … မြတ်သာ ကြွက်ကြော် ကျွပ်ကျွပ်လေး နှစ်ကောင် လောက်ယူခဲ့ကွာ ”
“ရမယ် ကိုတာတီး ”
မြတ်သာလည်း အမြည်းယူရန် ထွက်သွားတော့သည်။ ထိုအခါ ဖိုးတေက
“မင်း နှစ်လုံးပေါက်တယ် ဆိုမှ ငါသတိရတယ် … ငါလည်း အောင်ဘာလေ ထီထိုးထားတယ်ကွ ”
လို့ ပြောပြီး ၎င်း၏ ခပ်နွမ်းနွမ်း အင်္ကျီ အိပ်ကပ် အတွင်းမှ ထီလက်မှတ်လေး တစ်စောင်ကို တာတီးအား ထုတ်ပြလိုက်တော့သည်။
“ဟား … သုဘရာဇာက ထီတွေ ဘာတွေတောင် ထိုးနေပါပေါ့လား ”
“သုဘရာဇာ ဖြစ်တိုင်း ထီမထိုးရဘူးလို့ … ဘယ်သူအမိန့်ထုတ်ထားလို့လဲ တာတီးရ ”
ဖိုးတေ၏ အပြောကို တာတီးလည်း နားထောင်ရင်းမှ
“မင်းက … နေ့တိုင်း မသာကောင်တွေနဲ့ ပတ်သက်နေရတာလေ … ဘယ်နှယ့်လုပ် လာဘ်ရှိပါ့မလဲ … အဲ့တော့ မင်းထိုးထားတဲ့ ထီက ပေါက်နိုင်ပါ့မလား ”
ဟူ၍ ချေပပြောဆိုလေ၏။
“မင်းမလည်း ခက်ပါ့ကွာ … ငါပြောပြမယ် … သုဘရာဇာ ရဲ့ အဓိပါယ်ကော မင်းသိရဲ့လား ”
“သုဘရာဇာ ဆိုမှတော့ … မသာကျင်းတူးတဲ့ သင်္ချိုင်းစောင့်ပေါ့ကွာ … ဘာကို ထွေထွေထူးထူး ပြောချင်လို့လဲ ”
“အဲ့မှာခက်တာပေါ့ … တာတီးရာ … မင်းတို့ လူတွေက မသာဆိုကြောက်ကြတယ် … သင်္ချိုင်း ဆို မသတီကြဘူး … ဒါပေမယ့်လည်း မင်းတို့ ဒီ သင်္ချိုင်း ဆိုတာနဲ့ … ရှောင်လွှဲနိုင်လို့လား … နောက်ပြီး မင်းတို့တွေက သင်္ချိုင်းဆိုရင် ဘာလိုလို ညာလိုလို ရွံသလိုလို ကြောက်သလိုလိုနဲ့ … နေ့တိုင်း အကောင်သေတွေ ပစ်သွင်းနေတဲ့ မင်းတို့ ပါးစပ်ပေါက်တွေကမှ တကယ့် သင်္ချိုင်းကွ …”
ထိုအခါတာတီးလည်း ခေါင်းတဆတ်ဆတ် ငြိမ့်ကာ ထောက်ခံလိုက်တော့သည်။
“အေးမင်းပြောတာလဲ … ဟုတ်တုတ်တုတ်ရှိသား ..
ဒါနဲ့ သုဘရာဇာ ဆိုတဲ့ အဓိပါယ်ရော ပြောစမ်းပါအုံး ”
“အေး … ငါပြောပြတယ် … မင်္ဂလာကို “အ ” ထည့်လိုက်ရင် ဘာလဲ ”
“အမင်္ဂလာပေါ့ကွ ”
“အမင်္ဂလာဆိုတော့ … ကောင်းလား ဆိုးလား ”
“ဆိုးတယ် …. ဖိုးတေ ”
“အေ … အဲ့လိုပဲကွ အသုဘ ဆိုတာ ရှေ့မှာ ဗျည်းအက္ခရာ “အ ” ဆိုတာ ပါလို့ မကောင်းမြတ်ခြင်း မင်္ဂလာ မရှိခြင်းလို့ အဓိပါယ်ရတယ် … ကဲ ငါက သုဘ ရာဇာ … သုဘ ဆိုတာ အသုဘ ကို ” အ ” ဖြုတ်ထားတော့ မကောင်းမြတ်ခြင်းရဲ့ ဆန့်ကျင့် ဘက် ကောင်းမြတ်ခြင်းပေါ့ …. ရာဇာ ဆို ဘုရင် ၊ မင်း ၊ လို့အဓိပါယ်ရပြန်တယ် … အဲ့တော့ သုဘရာဇာ ဆိုတာ ကောင်းမြတ်ခြင်းတွေ ရဲ့ အရှင်သခင် ကောင်းမြတ်ခြင်းတွေ ရဲ့ ဘုရင် လို့ အဓိပါယ်ရသကွ … အဲ့တော့ ငါထိုးထားတဲ့ ထီက ဒီလ ကုန် ငါးသိန်း ဆုကြီး ပေါက်မှာ … အဲ့ချိန်ကျ ငါမင်းကို အရက်အ၀တိုက်မယ်ကွာ ”
“မင်းပြောတော့လည်း … ဟုတ်နေတာပဲ … ဒါပေမယ့် ရှုပ်တယ်ကွာ …မသိချင်တော့ဘူး ”
တာတီးလည်း စိတ်ရှုပ်သွားဟန်ဖြင့် ခေါင်းကို တဗျင်းဗျင်းကုပ်ရင်း အရက်ခွက်ကို ကွက်ကနဲနေအောင် ကောက်မော့ပစ်လိုက်တော့သည်။
“ခုရက်ပိုင်းထဲ … ရွာကလူတွေ ၀မ်းရောဂါနဲ့ အတော်သေနေကြတယ်နော် … ”
“အေ … ဟုတ်တယ် ဖိုးတေရ … ၀မ်းရောဂါဆိုတော့ သိတဲ့ အတိုင်းပဲ ကူးလွယ်ဖြစ်လွယ်သေလွယ်တယ် ”
“ဟုတ်ပကွာ … ငါ့မလည်း တစ်ရက်ကို မသာကျင်း သုံးကျင်းထက် မနည်းတူးနေရတာ လူလည်းကြာရင် လက်ပြုတ်တော့မယ် …. ကန်ထရိုက်ဆွဲပြီး ကျင်းတွေ ကြိုတူးထားမှ ထင်တယ်ဟေ့ … ဟားဟားဟား ”
ဖိုးတေ ထိုသို့ အရွှန်းဖောက်ကို ပြောသည်ကို တာတီးက သဘောမကျဟန်နှင့်
“မသာကျင်း ကြိုတူးတာကတော့ … သဘာ၀ မကျဘူး ဖိုးတေ … ပြီးရင် ရှေးလူကြီးတွေပြောတာကတော့ ကြိုမတူးကောင်းဘူးတဲ့ … ဘာဖြစ်တတ်တယ်တော့ ငါလဲ မသိဘူး … ”
“အယူအဆတွေပါ ကွာ ”
“အဲ့လို ပြောလို့မရဘူးကွ … ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမကြွယ်နဲ့တဲ့ … မလုပ်ကောင်းတာကိုတော့ မလုပ်တာပဲ ကောင်းပါတယ် ဖိုးတေရာ ”
ထိုအခါ ဖိုးတေလည်း တာတီးစကားကို ထောက်ခံသည့် အလား ခေါင်းကို တဆတ်ဆတ်ငြိမ့်ပြလိုက်တော့သည်။
“အေ … နောက်တစ်ခုရှိသေးတယ် ဖိုးတေရ … ဟိုတလောက သေသွားတဲ့ ဖိုးလုံးမယား … ခွေးမ အကြောင်းလေ ”
“ဘာလဲ … ခွေးမ လင်နောက်လိုက်သွားလို့လား ”
ဖိုးတေ ထိုသို့ပြောလိုက်တော့ တာတီးလည်း လှန်နေသော သူ့ပေါင်သူ ဖြန်းခနဲရိုက်လိုက်ပြီး
“အမှန်ပဲ … ငါ့ကောင်ရေ … လင်သေတာ တစ်လ မပြည့်သေးဘူး … ဒင်းက ရွာတောင်ပိုင်းက ငမဲတိုးမောင် လိုက်ပြေးသွားပြီတဲ့ဟ ”
“ဟဟ … ထင်တော့ထင်သားကွ … ဒါတွေကြောင့် ငါခုချိန်ထိ မိန်းမ မယူတာ တာတီးရေ ”
ဖိုးတေက ကြော်ညာ၀င်လိုက်သေးသည်။ တာတီး ကလည်း ဖိုးလုံးမယား ခွေးမအကြောင်းကို ပြောရင်း မာန်ပါသွားဟန်တူသည်။
“အဲ့ဒါပြောတာ … မိန်းမတွေများ … ခုတစ်မျိုး တော် ကြာတစ်မျိုးနဲ့ … မရှိမကောင်း ရှိမကောင်းတွေပါကွာ ”
“အောင်မာ … မင်း မိန်းမ ဂျမ်းစိန်ကြီးက ဘယ်သွား ပို့ထားသတုံး ”
“အချိုးမပြေလို့ … ဖနောင့်နဲ့ ပေါက်ခဲ့တယ် … အိမ်မှာ ငိုပြီး ကျန်ရစ်ခဲ့ထင်ပ ”
စကားပင် မဆုံးလိုက် “တာတီး …..” ဆိုပြီး သံရှည်ဆွဲလိုက်တဲ့ အသံကြီး ထွက်ပေါ်လာလေတော့သည် ။ အသံမှာ အရက်ဆိုင် အပြင်ဖက်က ဖြစ်ဟန်တူသည်။
“ဟာ … ဂျမ်းစိန်မကြီး လိုက်လာပဟ ”
တာတီးလည်း သောက်နေရင်းမှ ပျာယာ ခတ်သွားလေတော့သည်။ တာတီးမယား ဂျမ်းစိန်မကြီးမှာ အရက်ဆိုင်ထဲသို့ ခြေလှမ်းကျဲကြီးဖြင့် တဒိုင်းဒိုင်း ၀င်ရောက်လာချေပြီ ။
“ကိုတာတီး …. ရှင် ခွေးမသောက်တဲ့ အရည်တွေ သောက်နေပြန်ပလား ”
“မ …မဟုတ်ပါဘူး …. မိန်းမရယ် … ဖိုးတေ နဲ့ဆုံတုန်းလေး ”
“ကျပ်ကျပ်လုပ်နော် … တလောကပဲ အရက်ကသတ် လို့ ရှင့် ငယ်ပေါင်း ဖိုးလုံးလည်း ကြွသွားပြီ … သူ့နောက်လိုက်သွားချင်လို့လား … လာ အခုထ ”
“ငါ … ငါသွားတော့မယ်နော် ဖိုးတေ … ဟီးဟီ ”
တာတီးလည်း ဖိုးတေအား စပ်ဖြီးဖြီး မျက်နှာထားဖြင့် နှုတ်ဆက်လိုက်ပြီး ဆောင့်ကာဆောင့်ကာ ထွက်သွားသော မယားဖြစ်သူ ဂျမ်းစိန်မ နောက်သို့ လိုက်သွားလေတော့သည်။ ယှဉ်ပြီးလျှောက် လိုက်တော့ ဂျမ်းစိန်မ နှင့် တာတီးမှာ ဆင် နဲ့ ဆိတ်ပမာ ။ ဂျမ်းစိန်မကြီးမှာ နာမည်နဲ့လိုက်အောင်ပင် လူကောင်ထွားထွား ခပ်ကြမ်းကြမ်းကြီးပင် ။ တာတီးမှာတော့ ဆန့်ကျင်ဖက် ။ ဖိုးတေလည်း ခပ်သုတ်သုတ် ထွက်သွားသော သူတို့ လင်မယား နှစ်ယောက်အား ကြည့်ကာ ပြုံးလျက်သား ကျန်ခဲ့ပါတော့သည်။ ပါးစပ်မှလည်း
“အော် …မိန်းမ … မိန်းမ … မင်းပြောသလိုပဲ မရှိမကောင်း ရှိမကောင်းပါလား … တာတီးရေ … ဟားဟား ဟား ”
ဟူ၍ ရေရွတ်ရယ်မောလိုက်လေပါတော့၏။
( ၄ )
ယနေ့က ဒီဇင်ဘာလ တစ်ရက်နေ့ ။ ရာသီဥတုက ခပ်မှိုင်းမှိုင်းလေး သိပ်မကြည်လင်သည့်အနေအထားပင် ။ မနက်ခင်း ကိုးနာရီကျော် လာသည့်တိုင် နေရောင်မှာ တစ်ပြောက်မှ မကျသေး။ သင်္ချိုင်းကုန်းကြီးထဲမှာလည်း တိတ်ဆိတ်ခြောက်ကပ်လို့ နေ၏။ ဇရပ်နံဘေး ညောင်မုတ်ဆိတ် ပင်ကြီးပေါ်မှ ကျီးကန်းတစ်အုပ်ကလည်း တအအ နှင့် မြည်သံပေးကာ တစ်စုံတစ်ယောက်ကို စောင့်မျှော်နေသလို ။ ယနေ့ တိုက်ခတ်တဲ့ လေတွေက ဆောင်းရဲ့ အအေးဓာတ်ကို ပိုမိုယူဆောင်လာသည့် အလား စိမ့်ကာ စိမ့်ကာ။
ထိုအချိန်မှာပင် သင်္ချိုင်းထဲသို့ လူလေးယောက်ခန့်က ဦးတည်၀င်လာလေတော့သည်။ ထိုလူလေးယောက်မှာ ရွာထဲက လူများဖြစ်ပြီး သူကြီး ဦး ဩဘာလည်း ရှေ့ဆုံးက ပါလေ၏။ ဧကန္တ တစ်စုံတစ်ယောက်များ သေသွား၍လား ။ ဖိုးတေ မှာတော့ ၎င်း၏ နေရာ ဇရပ်ပေါ်တွင် ရှိမနေပါ ။ ပေါက်တူးလေးနှင့်အတူ ပေါက်တူးဘေးမှ အရက်ပုလင်း ခပ်ညိုညိုလေး တစ်လုံးကိုတော့ သူကြီးတို့ အဖွဲ့ လှမ်းမြင်နေရသည်။
“ဖိုးတေ … ဟေ့ဖိုးတေ ”
သူကြီးဦးဩဘာ လှမ်းအသံပြုလိုက်သော်လည်း ဖိုးတေ ထံမှ တုံ့ပြန်သံမကြားရ ။ တနေရာသို့ အပေါ့ အလေးသွားနေဟန်တူသည်။
“သာထူး …. ဇရပ်ပေါ်တက်ကြည့်စမ်းပါ … ဖိုးတေ ရှိရင် ခေါ်လာခဲ့ ”
“ဟုတ် … သူကြီး ”
နွားကျောင်းသား သာထူးလည်း သူကြီး ပြောသည့်အတိုင်း ဇရပ်ပေါ်ပြေးတက်သွားကာ ဘေးဘီဝဲယာ ကို ကျီးကန်းတောင်းမှောက် ရှာဖွေသော်လည်း ဖိုးတေ အားမတွေ့ရ ။
“ကိုဖိုးတေ …မရှိဘူး … သူကြီး ”
“ဟာ … အရေးကြီး ကိစ္စပြောစရာရှိတယ် ဆိုမှ ဒီကောင်ကလည်း ဘယ်သဝေထိုးနေလည်း မသိဘူး ”
“ကျွန်တော် ဒီနားတစ်ဝှိုက်ရှာကြည့်လိုက်မယ် … သူကြီး ”
ဖိုးတေ၏ သူငယ်ချင်း တာတီးလည်း သူကြီး တို့နှင့် အတူပါလာလေသည်။ သူကြီး ဦးဩဘာ ၊ တာတီး ၊ သာထူး နှင့်အတူ ကျန်တစ်ယောက်မှာ လွယ်အိတ်တစ်လုံးကို လွယ်ထားသည့် မျက်နှာစိမ်း ယောက်ျားကြီး တစ်ဦးပင် ။ ထိုအခါသူကြီး လည်း ထိုယောကျာ်းကြီးဖက်လှည့်ကာ
“ခနနော် … မောင်ရင် … ဖိုးတေ အပေါ့ အလေးသွားနေတယ် ထင်တယ် ”
“ဟုတ် … ဟုတ် ရပါတယ် သူကြီး … မင်္ဂလာသတင်းပြောဖို့ပဲ ကျုပ်စောင့်ရမာပေါ့ ”
“အေးကွယ် … ခါတိုင်း ဒီကောင်ဘယ်မှ မသွားတတ်ပါဘူး ”
သူကြီး လည်းထိုသို့ ရေရွတ်ရင်း
“တာတီး တွေ့ပလား ”
“မတွေ့ဘူး … သူကြီး ”
“ဖိုးတေရေ … ဖိုးတေ … ဖိုးတေ ”
တစ်အောင့်လောက်ကြာတော့ သာထူးက
“သူကြီးရေ … ဒီမှာဗျို့ … ဒီမှာ ”
ဟူ၍ လှမ်းအော်လေတော့သည်။ ထို့ကြောင့် သူကြီး တို့သုံးယောက်လည်း သာထူးခေါ်ရာ သင်္ချိုင်း မြေကွက်လပ်တစ်နေရာ ဆီသို့ ရောက်သွားကြတော့သည်။ သူတို့မြင်လိုက်ရသော အရာမှာ အခြားမဟုတ် လူမမြုပ်ရသေးသော မသာကျင်း အသစ်ကြီး ။
“ဟာ … သာထူးရ … မင်းကလည်း မသာကျင်းတွေ့တာကို အလန့်တကြား ”
တာတီးက သာထူးဆိုသော ကောင်လေးက ငေါက်လိုက်လေ၏ ။ ထိုအခါ သူကြီးက
“ဒီတစ်ရက်…နှစ်ရက်ထဲ ရွာမှာ လူသေသေးလား တာတီး ”
“မသေဘူးသူကြီး … လွန်ခဲ့တဲ့ နှစ်ရက်က မြမောင် ဆုံးပြီး ထပ်မသေသေးဘူး … ”
“မသာအိမ် ဘာညာကော မရှိဘူးလား ”
“မရှိဘူး သူကြီး ”
တာတီး၏ အပြောကြောင့် သူကြီးလည်း ဖိုးတေ တစ်ယောက် မသာကျင်း ကြိုတူးထားသည် ဖြစ်ကြောင်း ရိပ်မိသွားလေတော့သည်။ ထိုစဉ်မှာပင်
“ကို …ကို တာတီး နဲ့ သူ.. သူ ကြီး ဒီကို အမြန်လာကြပါအုံးဗျို့”
သာထူး၏ အသံက တစ်ဖန် ထွက်ပေါ်လာပြန်တော့သည် ။ သာထူး၏ အသံကား ပုံမှန် မဟုတ်ပေ။ ထိတ်လန့်တုန်လှုပ်နေဟန်တူလေသည်။ သူကြီးတို့လည်း နွားကျောင်းသားလေး သာထူးခေါ်ရာ မလှမ်းမကမ်းကို ရောက်တော့
“ဟာ …”
“ဖိုးတေ … ”
မှန်ပေသည်။ စောစောက မသာကျင်း ကြီး နှင့် မလှမ်းမကမ်း အုတ်ဂူဖွေးဖွေးလေးတွင် ကျောမှီကာ ငြိမ်သက်နေသော ဖိုးတေ ။ သူကြီးတို့ ရောက်လာသည်ကိုပင် သူသိဟန်မတူ ။
“တာတီး … ဒီကောင် မူးပြီး အိပ်ပျော်နေတာလားမသိဘူး … နှိုးလိုက်စမ်း ”
တာတီးလည်း အုတ်ဂူလေးပေါ်တွင် ကျောမှီထားသော ဖိုးတေ၏ လက်မောင်းကို အသာကိုင်လိုက်လေတော့သည်။ ဖိုးတေ၏ လက်မောင်းများမှာ အေးစက် တောင့်တင်းလို့ ။
“ဟေ့ကောင် … ဖိုးတေ … ဖိုးတေ ”
ဖိုးတေ မှာပြန်မထူးနိုင်တော့ ။ တာတီး လှုပ်နိုးလိုက်သည့် အတိုင်း ဖိုးတေမှာတော့ ကျောမှီထားသည့်နေရာမှ တစ်ဖက်ကို လှဲကျသွားတော့သည်။ သူကြီးလည်း ဖိုးတေနား အမြန်တိုးကပ်သွားလိုက်ပြီးနောက်
“ဖိုးတေ … အသက်မရှိတော့ဘူး …. တာတီး”
“ဗျာ …. ဖိုးတေ အသက်မရှိတော့ဘူး ဟုတ်လား သူကြီး ”
“ဖိုးတေ … သေပြီဟ ”
“ဟာ … မဟုတ်ဘူးလေဗျာ … ကျုပ်သူငယ်ချင်း ဖိုးတေက အကောင်းကြီးပါဗျ … ဘာကိစ္စသေရမှာလဲ … ဟေ့ကောင် ဖိုးတေ ထပါဟ … ထစမ်းပါ … မင်းမသေတာ ငါသိတယ် … တွေ့လား ဟောဟို မှာ မင်း ထီ ငါးသိန်းဆုကြီးပေါက်လို့ … မင်္ဂလာသတင်း လာပြောတဲ့ ထီသည်ကြီး … မင်းလိပ်စာ မေးလို့ ငါခေါ်လာပေးပြီလေကွာ … မင်းပြောတော့ ငါ့ကို အရက်အ၀တိုက်မှာဆို … ထပါကွာ … ဟေ့ကောင် … ဟေ့ကောင် ဖိုးတေ ”
တာတီးမှာတော့ ယောကျာ်းကြီး တန်မယ့် မျက်ရည်ဝိုင်းကာ ငိုသံကြီးဖြင့် ဖိုးတေအား လှုပ်ကာ လှုပ်ကာ နှိုးလေတော့သည်။ သူကြီးမှာလည်း ခေါင်းငိုက်စိုက်လို့ ။ တာတီး တို့ နှင့်အတူ ပါလာသည့် ထီသည်ကြီးမှာလည်း စိတ်မကောင်းဖြစ်ကာ အခက်တွေ့နေ တော့သည်။
ဖိုးတေမှာတော့ လဲကျနေသည့်တိုင် ထီလက်မှတ်ကလေးကို ညာဖက်လက်တွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လို့ ။ ထီလက်မှတ်လေးမှာတော့ နှင်းများ ရွှဲကာ စိုစွတ်နေချေပြီ။ ဖိုးတေ မှာ အသက်မရှိတော့။ သူအရာ အားလုံးကို ကျောခိုင်းလို့သွားချေပြီ ။ ညက မူးမူးနှင့် မသာကျင်းကြိုတူးကာ အရက်သောက်ရင်း အိပ်ပျော်သွားဟန်တူ၏ ။ အရက်၏ တန်ခိုးက အအေးဒဏ်ကို အံတုနိုင်သည်ဟု ဖိုးတေ ထင်မှတ်ခဲ့လေသလား ။ သို့မဟုတ် ….
“မိုက်ပ … ဖိုးတေရာ … ငါမင်းကို မပြောဘူးလား … မသာကျင်း ဆိုတာ ကြိုတူးလို့ ကောင်းတဲ့ အရာ မဟုတ်ဘူး လို့ ငါပြောခဲ့တယ်လေကွာ … ငါပြောခဲ့ဖူးတယ် ဖိုးတေရ မင်း … မင်းကွာ ”
တာတီးပြောသလိုပင် ဖိုးတေ တစ်ယောက် မသာကျင်း ကြိုတူးမိ၍လား ။ ဤသို့ဆိုလျှင် ဖိုးတေ မှာသူကြိုတူးသည့် ကျင်းကား သူ့အတွက် ဖြစ်သွားစေခဲ့ပြီ မဟုတ်ပါလား ။ တိုက်ဆိုင်၍လား ဖိုးတေ၏ မူးမူး နှင့် မဆင်မခြင်ပြုမိတဲ့ အချက်ကြောင့်လား တာတီး ပြောသလိုပင် မလုပ်သင့်သည့် အရာကို လုပ်ခဲ့မိ၍ တမလွန်ကနေ ဖိုးတေ တစ်ယောက် နောင်တ ရနေမည်ဆိုလျှင် ။
(၅ )
ရွာဦးဘုန်းကြီးကျောင်း ဆီမှ ထုံးစေတီ အသစ်ကလေးက ဖြူဖွေးတောက်ပြောင်လို့ ။ လေအဝေ့ တချွင်ချွင် မြည်သွားသော စေတီထိပ်ပိုင်း မှ ဆည်းလည်းသံလေးများက သာယာနာပျော်ဖွယ်ကောင်းလှသည်။ ထိုစေတီလေး၏ အခြေဖက်တွင်တော့ သေသပ်လှပစွာ ထွင်းထုထားသည့် အမည်နာမလေး တစ်ခု ” သုဘရာဇာ ဖိုးတေ အားရည်စူး ၍ ” ဟုပင် ဖြစ်လေပါတော့သတည်း ။
( ပြီးပါပြီ )
( စာကြွင်း ။ ။ ဖိုးတေ ကံထူးခဲ့သည့် ထီလက်မှတ်လေး မှ ငါးသိန်းဆုကြီးကို သူကြီး နှင့် တာတီး တို့ သဘောတူ ထုတ်ယူခဲ့ကြပြီးနောက် ရွာထဲမှ လမ်းတံတားများ ကို ဖိုးတေ အမည် ဖြင့် ရည်စူး ကောင်းမှုပြုပေးကြသည်။ အလားတူ ရေတွင်း ရေကန်များ စုပေါင်းရှင်ပြု အလှူများ အတွက် ဒါယိကာ ဖိုးတေ ဟူ၍ လည်းကောင်း ကောင်းမှုပြုပေးကြပြန်သည် ။ )
” သုဘရာဇာ ကိုဖိုးတေ တစ်ယောက် ကောင်းရာသုဂတိ လားပါစေ ”
စာဖတ်သူတို့အား အစဉ်လေးစားလျက်
လျှပ်ပန်းအိမ် ( လားရှိုး )