“ဖုတ်သရဲ”(စ/ဆုံး)

“ဖုတ်သရဲ”(စ/ဆုံး)
—————————

အမေသည်အသက်ရှစ်ဆယ့်ငါးနှစ်ရှိပြီဖြစ်သည်။အသက်ငယ်ငယ်အရွယ်ကောင်းတုန်းကတည်းကခင်ပွန်းသည်ကျွန်တော့်အဖေဆုံးသွားသဖြင့်ဆင်းဆင်းရဲရဲစျေးတောင်းခေါင်းရွက်လုပ်ကျွေးခဲ့သဖြင့်ကျွန်တော်လူလားမြောက်လာရသည်။ကျွန်တော်အိမ်ထောင်ကျပြီးသမီးလေးဆယ်နှစ်အရွယ်တွင်ကျွန်တော့အမျိုးသမီးမှာမီးယပ်ရောဂါဖြင့်ဆုံးပါးခဲ့ရသည်။ကျွန်တော်လည်းမိန်းမသေဆုံးပြီးလေလွင့်နေသဖြင့်သမီးအားဂရုမစိုက်အားပါ။အချိန်တန်ငွေရှာပေးပြီး အမေနဲ့သာသမီးကိုအပ်ထားကာ အလုပ်၌သာအချိန်ကုန်သည်ကများသည်။သမီးလေးအရွယ်ရောက်လာပြီးတစ်နေ့တွင် အမေ နေမကောင်းဖြစ်ပါတော့သည်။

   အမေကနဂိုပင်ကိုယ်စိတ်ရင်းအလွန်နူးညံသည်။အမဲသားနှင့်ဝက်သားကိုမစားပေ။ကြက်သားနှင့်ငါးကလေးများကိုသာစားသည်။သို့သော်ကျွန်တော်ကဆန့်ကျင်ဖက်အမဲသားနှင့်ဝက်သားကိုအလွန်ကြိုက်သည်။
အမေ့ခမျာ ကျွန်တော်ကြိုက်သောဟင်းများကိုချက်ကျွေးရှာသည်။

   အမေအိပ်ရာထဲတွင်လဲသောအခါတွင်သမီးကအမေ့အားပြုစုရသည်။ကျွန်တော်ကမိသားစုစားဝတ်နေရေးအတွက်ငွေရှာသောနေရာ၌သာအာရုံစိုက်နေရသဖြင့်အမေ့အပေါ်ဝတ္တရားမကြေပွန်ခဲ့ပေ။ အိပ်ရာပေါ်တွင်ပက်လက်မြောနေရသောအမေသည် အိပ်ရာနာများဖြစ်ကာအသားများပွန်းပဲ့လျှက်ရှိသည်။ အမေ့အရပ်ငါးပေခန့်ရှိပြီးပိန်ပါးပြီး အသက်အရွယ်အိုနေပြီဖြစ်သဖြင့်ခါးအနည်းငယ်ကုန်းသည်။အမေနေမကောင်းဖြစ်ပြီးတစ်လခန့်အကြာတွင်ကျွန်တော့်သမီးမှာ ပင်ပန်းလွန်းသဖြင့်သိသိသာသာပိန်ကျသွားခဲ့လေည်။နဂိုအသားဖြူသောသမီးမှာ သွေးရောင်မရှိလောက်အောင်ဖြူလာသဖြင့် အရက်သမားကျွန်တော်က သတိထားမိသည်။

သမီးလေးကလူမမာ ပြုစုရလွန်းသောကြောင့်ပင်ပန်းသည်ဟုထင်နေသည်။အမေ့အခြေအနေက
တဖြည်းဖြည်း လန်းဆန်းလာသည်။အထူးသဖြင့်ညဦးပိုင်းတွင်ပိုပြီးအစားအသောက်ဝင်သဖြင့်ကျွန်တော်ပျော်ရသည်။သမီးကိုသနားသဖြင့်သမီးကိုယ်စားညပိုင်းတွင်ကျွန်တော်ကလူမမာအမေ့တာဝန်အားလွဲပြောင်းယူလိုက်သည်။အထူးသဖြင့်အမေသည် နေ့ခင်းပိုင်းတွင်အတော်ကလေးနွမ်းလျသည်။ရာသီဥတုပူအိုက်သဖြင့်စိတ်မသက်မသာဖြစ်ပြီးသာမန်ရိုးရိုးနေမကောင်းဟုကျွန်တော်ထင်သည်။အမှန်အတိုင်းဝံခံရလျှင်ကျွန်တော်ကဘာသာရေးပိုင်းတွင်အားနည်းသည်။

နာနာဘာဝလည်းအယုံအကြည်မရှိအယူမသီးတတ်ပါ။တစ်နေ့အမဲသားမစားဝယ်မစားသည်မှာကြာပြီဖြစ်သဖြင့်ရွာဖက်ကမိတ်ဆွေတစ်ဦးကျွန်တော့်အားအမဲသားတစ်ပိဿာ ယူလာသဖြင့်ကျွန်တော်အိမ်သို့ဝယ်လာခဲ့သည်။
အမှောင်လောကသားပရလောကမှတစ္ဆေနာနာဘဝတို့သည်အမဲသားကိုအလွန်ကြိုက်ကြသည်။တခြားသောအသားတို့ထက်ညှီသည်။သွေးအားကောင်းသည်။အားပိုရှိသည်။ကျွန်တော်သည်အမဲသားအားတစ်အိုးချက်ပြီးအသားခပ်ကောင်းလေးကောင်းတုံးလောက်အားတစို့ဖြင့်ကင်ထားခဲ့သည်။အမဲကင်နှင့်မြေး၍အရက်သောက်ရလျှင်ကျွန်တော့်အကြိုက်။သမီးက သူ့အဖွားနဲ့တူသည်အမဲသားမစားပါ။ကျွန်တော်တစ်ယောက်တည်းသာစားသည်။

ကျွန်တော်သည်ထိုနေ့ကအမဲသားနဲ့အရက်သောက်လိုက်မိသဖြင့်ညအချိန်တွင်အမေ့အားသတိမထားမိပဲအရက်အရှိန်ကလေးနှင့်စောစောအိပ်ပျော်သွားသည်။မနက်မိုးလင်းသောအခါ အမဲသားတစ်အိုးလုံးပြောင်သလင်းခါသွားသည်။သေသေချာချာဖုံးအုပ်သိမ်းထားပါရက်နဲ့ အမဲသားကုန်သွားခြင်းကိုစိတ်ထဲကဘဝမကျပါ။အိမ်တွင်ကြောင်လည်းမမွေးပါ။ဟင်းအိုးဖွင့်စားမည့်ခွေးလဲမရှိ။ဘဝင်မကျမိသည်ကအမှန်။တိုက်တိုက်ဆိုင်ဆိုင်အမေက အမဲသားစားချင်သည်ဟုကျွန်တော့်အားပြောသည်။ကျွန်တော်ကအမေ့အမဲသားစားချင်သူဟုပြောသဖြင့်ဝမ်းသာပါသည်။နေမကောင်းသောအမေအတွက်အားဖြစ်စေသည်မဟုတ်ပါလော။

သို့သော်ယခင်ကအမဲသားအစားသောအမေသည်
ယခုလိုအမဲသားစားချင်သည်ဟုပြောခြင်းကိုအံ့သြမိသည်။ထိုနေ့ကစျေးမှအမဲသားဝယ်ကာအမေ့အတွက်ပြုတ်ကြော်ကလေးလုပ်ပေးထားသည်။စိတ်ထဲတွင်တော့ငါ့အမေဖုတ်များဝက်နေသလားဟု တွေးမိသည်။သို့သော် ကျွန်တော်၏ချစ်လှစွာသောအမေအား ဖုတ်ဝင်သည်ဟုမစွတ်စွဲရက်ပါ။

သမီးမှာ ညဖက်တွင်လူနာစောင့်ကျွန်တော်ရှိသဖြင့်အသားအရေသွေးသားရောင်ပြန်တောက်နေပါပြီ။ကျွန်တော်သည်မိတဆိုးသမီးလေးအားယခုလိုဂရုမစိုက်အားပဲလူမမာအားတစ်ယောက်တည်းပြုစုနေရသည်ကိုသနားလာသည်။ကိုယ်ချင်းလဲစာတတ်ပါပြီ။ညဖက်တွင်အနည်းဆုံးသုံးလေးငါးကြိမ်ခန့် အမေ့အားဝေယာဝိစ္စပြုလုပ်ပေးရသည်မဟုတ်ပါလော။အမေ့အားလူနာစောင့်ပြုနေရသောကာလအတွင်းကျွန်တော်အရက်မသောက်မိအောင်ဂရုစိုက်နေသည်။ကိုယ့်ဘဝကိုယ်အားငယ်စိတ်ပျက်မိတိုင်းတစ်ခုတည်းသောစိတ်ထွက်ပေါက်အဖြစ်ကျွန်တော်အရက်ဖြင့်ရေစုံမြောမိခဲ့ခြင်းသာ။ကျွန်တော်သည်အရက်အသောက်ထားသဖြင့်ကောင်းကောင်းအိပ်မပျော်ပါအတွေးထဲတွင် အမေသေဆုံးပြီးလူ့ဘဝကထွက်ခွာသွားမည်ကိုတကယ်ကြောက်လန့်နေသည်။မှေးခနဲအိပ်ပျော်မိဆဲဆဲတွင်အိမ်နောက်ဖေးမီးဖိုချောင်က အိုးခွက်လွတ်ကျသံကြားလိုက်ရသည်။

ကျွန်တော်သည်ခြေသံလုံလုံဖြင့်ဂရုတစိုက်လျှောက်လာပြီးမီးဖိုခန်းဖက်သို့ထွက်လာသည်။
ရုတ်တရက်မြင်လိုက်ရသောမြင်ကွင်းကြောင့်ဆံပင်များပင်ထောင်ပြီးနားရွက်တွေပူထူသွားသည်။အမှောင်ထဲတွင်တစုံတစ်ယောက်ကအမဲသားအိုးကိုဖွင့်ကာစားနေလေသည်။ကျွန်တော်ဘာလုပ်ရမည်နည်း မီးဖွင့်လိုက်ရမလား ဒါမှဟုတ် ထွက်ပြေးရမလား ဟူသောအတွေးများကားရှုပ်ထွေးလျှက်။သမီးနိုးသွားမည်ကိုလည်းစိုးရိမ်သည်။အခန်းထဲသို့ခြေသံလုံလုံဖြင့်လျှောက်လာပြီးဟန်မပျက်အိပ်နေလိုက်သည်။ရင်ထဲတွင်နှလုံးခုန်သံတဒိန်းဒိန်းမြည်လျှက်။နာရီဝက်ခန့်ကြာပြီးနောက်အိမ်နောက်ဖေးကလည်းအသံတိတ်သွားသည်။

ကျွန်တော်သည်ချောင်းဆိုးဟန်ဆောင်လိုက်ပြီးမီးအခန်းမီးကိုဖွင့်လိုက်သည်။အမေ့ဆီသွားကြည့်သောအခါတွင်အမေက ဟန်မပျက်အိပ်ပျော်နေဟန်ရှိသည်။ပါးစပ်တွင်ဆီစက်များပေကျံလျှက်ရှိသည်။ကျွန်တော်သိလိုက်ပါသည်။လမ်းမလျှောက်နိုင်၍အိပ်ရာထဲတွင်လဲနေသောအမေသည်ညဖက်ထကာသူတစ်ခါမှစားလေ့မရှိသောအမဲသားဟင်းကိုစားသည်။ကျွန်တော်လည်းဘာဆက်လုပ်ရမှန်းမသိတော့ခြေ သမီးကိုပို၍စိုးရိမ်လာသည်။သမီးကအမေနှင့်အိမ်မှာနှစ်ယောက်တည်းနေရတာ။မတော်တဆတစ်ခုခုများဖြစ်ခဲ့သော်။သမီးကိုအမေ့အကြောင်းဖွင့်ပြောပြန်လျှင်လည်းကြောက်လန့်နေရှာမည်။

   မနက်ပိုင်းတွင်သမီးအားဘုန်းကြီးငါးပါးပင့်ဖိတ်ပြီးဆွမ်းကပ်ချင်ကြောင်းကိုပြောပြသည်။သမီးကကြေကြေဖြူဖြူပင်ဝမ်းသာနေရှာသည်။အမေ့ကိုမူပြော၍မရပါ။သဘောတူမည်မဟုတ် ကိုယ့်အမေအားရက်ရက်စက်စက်ဖုတ်ဝင်သည်ဟုလည်းမစွတ်စွဲရက်ပါ။
ရင်ထဲတွင်ဝမ်းနည်းကြေကွဲနေသည်။အပေါင်းအသင်းဆွေမျိုးများနှင့်ရင်းနီးသောမိတ်ဆွေတချို့ကိုဖုန်းဖြင့်လှမ်းဖိတ်ပြီးရပ်ကွက်နာရေးကူညီမှုအသင်းအားအကျိုးအကြောင်းကိုပြောပြထားလိုက်သည်။

အိမ်သို့သံဃာတော်များကကြွလာသောအခါတွင် အမေမှာအိပ်ရာထဲမှလှုပ်လှုပ်ရှားရှားသွေးပျက်နေရှာသည်။ကျွန်တော်လည်းမသိကျိုးညွန်ပြုကာ အမေ့အားတရားနာရန်ပြောလိုက်သည်။အမေကပါးစပ်မှဝူးဝူးဝါးဝါးအော်ကာ ဒေါသထွက်လာသည်။တရားမနာဘူးဟုခေါင်းကိုခါရမ်းနေသဖြင့်ဆံပင်များစည်းနှောင်ထားရာမှပြုတ်ထွက်ကာပွယောင်းယာင်းသရဲမကြီးကဲ့သို့ဖြစ်နေသည်။

တရားနာလာသူများမှလည်းထူးဆန်းသောအပြုအမူများကိုအံ့သြထိတ်လန့်နေဟန်ကြည့်နေကြသည်။သမီးကဖွားဖြစ်သူအားကြောက်လာသဖြင့်ကျွန်တော့ဘေးတွေကပ်နေရှာသည်။ဘုန်းကြီးငါးပါးမှပရိတ်တရားနာပြီးနောက်အမေသည်ပို၍အသံကျယ်ကာအော်ဟစ်သည်။အမေအိပ်သောဖျာအောက်သို့ဖဲချပ်နှင့်ဖိနပ်စုတ်ကိုကျွန်တော်ကတိတ်တိတ်ကလေးထည့်ထားလိုက်သည်။

ဖုတ်သရဲသည်ဖိနပ်စုတ်နဲ့ဖဲချပ်အားကြောက်သည်ဟုကျွန်တော်ကြားဖူးသည်။အမေဘုန်းကြီးများရွတ်ဖတ်သောဘုရားစွာရွတ်သံအဆုံးတွင် အော်ဟစ်ရုန်းကန်နေရာမှတဖြေးဖြေးငြိမ်သက်သွားသည်။ချက်ချင်းပင်အမူအရာများပြောင်းလဲကုန်သည်။မျက်တွင်းများချိုင့်ဝင်ကာအသားများပိန်ကပ်မဲပြာနေသည်။အနံဆိုးများနံနေလေပြီ။

နာရေးကူညီမှူအသင်းမှအဖွဲ့ကအလောင်းအားချက်ချင်းဆိုသလိုပင်အသုဘချဖို့စီမံရသည်။သမီးကငိုကြောက်စိတ်ဖြင့်ငိုဖို့တောင်မေ့နေသည်။ကျွန်တော်လည်းနာရေးရှင်ဖြစ်သောသောကြောင့်မြန်မြန်အသုဘချနိုင်ရေးအတွက်သေစာရင်းလုပ်ရန်ဟိုရုံးပြေးဒီရုံးပြေးရအလုပ်ရှုပ်ကုန်သည်။

မသေခင်မည်မျှပင်ချစ်ပါသော်လည်း အနံဆိုးထွက်လာပြီဖြစ်သောအပုတ်ကောင်အလောင်းကောင်ကြီးအားမြတ်နိုးတွယ်တာစိတ်မရှိတော့ပါ။နံစော်သောအနံပသက်တွေကြောင့်မြန်မြန်အသုဘချရေးကိုသာအာရုံထားရသည်။အမေ့အလောင်းအားမီးသဂျ်ိုပြီးနောက်သံဝေဂတရားရမိသည်။သမီးတစ်ခုအဖေတစ်ခုဘဝဖြင့်သမီးလေးအားအမေ့ကိုယ်စား၊အဖွားကိုယ်စားစောင့်ရှောက်ရမည်ဆိုသောအသိစိတ်ဓာတ်များဝင်ရောက်လာကာ အရက်ကိုလည်းရာသက်ပန်ဖြတ်ပြစ်လိုက်သည်။ဘာသာရေးအလုပ်ကိုလည်းကျွန်တော်ယုံယုံကြည်ကြည်လုပ်ဖြစ်လာသည်။နာနာဘဝနှင့်မြင်အပ်မမြင်အပ်သောအရာတို့ကိုလည်း ကိုယ်တိုင်မျက်ဝါးထင်ထင်ကြုံဖူးမှကျွန်တော်ယုံကြည်လက်ခံသွားသည်။

        ပြီးပါပြီ

#ညမဖတ်ရ
#crd