ဖောက်ပြန်ခြင်း

*ဖောက်ပြန်ခြင်း*📖📖📖

************************

  ခုခေတ်ကြီးမှာ ယောကျ်ား၊ မိန်းမတွေဟာ အရမ်းဖောက်ပြန်ကြတယ်။
အိမ်ထောင်သည် ယောကျ်ားနဲ့အပျို
အိမ်ထောင်သည်အမျိုးသမီးနဲ့လူပျို
ကာမပိုင်လင်ယောကျ်ားရှိတဲ့ အမျိုးသမီးနဲ့
ကာမပိုင်အမျိုးသမီးရှိရက်နဲ့ဖောက်ပြန်တဲ့ယောကျ်ား..
အစုံပါပဲဗျာ။ဘယ်နေရာမှာကြည့်ကြည့် ဖောက်ပြန်တယ်ဆိုတဲ့
စကားလုံးက ကျနော်တို့နဲ့တောင် ရင်နှီးသလို
ဖြစ်နေပါပြီ။

တလောက သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောဖြစ်
ကြတော့.. ဖောက်ပြန်ရေး လမ်းကြောင်းပေါ် စကားက
ရောက်သွားတယ်ပေါ့။
ဘယ်သူက ဘယ်ကောင်နဲ့ နောက်မီးလင်းတယ်။
ဟိုဘဲကြီးက ဘယ်သူ့မိန်းမကို စားနေတယ်။
အမျိုးမျိုးပါပဲ သူပြောတာ။

”မင်းသိလား မောင်ပီ လက်ဘက်ရည်ဆိုင် ရှေ့တည့်တည့်က
ကွမ်းရောင်းတဲ့ဆော်..

”အင်း သိတယ်လေ နေ့တိုင်းမြင်နေတာပဲ..ဘာလို့လဲ..

”အေး..အာ့ဆော်ကို ဟိုကောင် တင်မျိုးအောင် စားနေတာ
မင်းသိလား…

‘ဟ..ဟုတ်ရဲ့လားကွာ..သူ့မိန်းမလေးကမသိဘူးလား..

”သိရင် ပွဲကြမ်းပြီပေါ့ မင်းကလဲ..ခေတ်ကိုက
မိန်းမတွေက လွယ်နေတာ..

သူနဲ့လမ်းခွဲပြီးတော့..ကျနော်စဥ်းစားတယ်။
ခုခေတ် မိန်းမတွေ အညှာလွယ်တယ်ဆိုတဲ့စကား။
ကျနော်တော့ သိပ်သဘောမကျဘူး။
ခေတ်ဆိုတဲ့ စကားလုံးနဲ့ မိန်းမတွေကို သိမ်းကျုံးပြီး
အထင်မသေးသင့်ဘူးပေါ့။
ခေတ်တိုင်းမှာ လော်လည်တဲ့ မိန်းမတွေရှိသလို။
ခေတ်တိုင်းမှာ ဖောက်ပြန်တတ်တဲ့ မိန်းမတွေရှိကြတာပါပဲ။
မိန်းမဆိုပြီး အားလုံးကို ပတ်ရမ်းလို့တော့ မရဘူးပေါ့။
ပိုပြီး ပွင့်လင်းမြင်သာတဲ့ ခေတ်ဆိုတာတော့ လက်ခံပါတယ်။

ဖောက်ပြန်မှု့တွေ များလာတယ်ဆိုရင်တောင်..လက်ခုပ်က
နှစ်ဖက်တီးမှ မြည်တာပါ။
ဒီတော့ ယောကျ်ားတွေလည်း ဖောက်ပြန်တဲ့အထဲ ထည့်ရပါမယ်။
အထက်က ပြောခဲ့သလိုပါပဲ။
ခေတ်တိုင်းမှာ ကြာကူလီခိုတဲ့ ယောကျာ်းတွေရှိသလို..
ခေတ်တိုင်းမှာ မယားပိုးတွေရှိကြတာပါပဲ။
ခေတ်ကြောင့်..ခေတ်ကြောင့်လို့ ပြောနေကြလို့ပါ။

ကျနော် story. လေးတစ်ခု ပြောပြပါ့မယ်။

ဟိုး…ရှေးရှေးတုန်းက…လင်မယားနှစ်ယောက်
ခရီးတစ်ခုကို အတူ ထွက်လာကြတယ်။
ယောကျ်ား နာမည်က ကိုလူရိုး၊ မိန်းမနာမည်က မသူဇာတဲ့။
နာမည်တွေကို ကျနော်အဆင်ပြေသလို
ပေးထားတာပါ။(စာရေးသူ)
တနေရာရောက်တော့  ရေပြင်ကျယ်တဲ့ မြစ်တစ်ခုကို
ဖြတ်ကူးဖို့ ဖြစ်လာတယ်။
ဒါပေမဲ့ နှစ်ယောက်လုံးက ရေကြောက်ကြတော့
မကူးရဲကြဘူး။
ဒီလိုဖြစ်နေတုန်း မြစ်ကမ်းနားကို လူတစ်ယောက် ရောက်
လာတယ်။ဒါနဲ့ အဲဒီလူကို ကိုလူရိုးတို့ လင်မယားက
မြစ်တစ်ဖက်ကမ်းကို ပို့ပေးဖို့အကူညီတောင်းကြတော့..အဲဒီလူက..

”မြစ်ရေက နက်တယ် ဒီတော့ နှစ်ယောက်စလုံးကို တပြိုင်တည်း ခေါ်ဖို့ အဆင်မပြေဘူး။
ဒီတော့ ခင်ဗျား ဒီဘက်နေခဲ့ ခင်ဗျားမိန်းမကို ကျုပ်
ဟိုဖက်ကမ်း အရင်ပို့ပေးမယ်။ပြီးမှ ခင်ဗျား လာခေါ်မယ်..

ဒီလိုနဲ့ သဘောတူပြီး မြစ်တစ်ဖက်ကမ်းကို ပို့ဖို့
မသူဇာကို အဲဒီယောကျ်ားက ပွေ့ချီပြီး မြစ်ရေထဲ
ဆင်းသွားတယ်။ပထမ ဒူးလောက်..တဖြည်းဖြည်းနဲ့
ရှေ့တိုးလေ မြစ်ရေက နက်လာပြီး လည်ပင်းလောက်ကို
ထိရောတဲ့။မြစ်လယ်လောက်ရောက်တော့ ပွေ့ချီလာတဲ့
ငနဲက မသူဇာရဲ့..
ဘာညာသာတာကာတွေကို ထိကိုင်တယ်ထင်ပါတယ်။
ဒါက ကျနော့်ဖာသာ ဖြည့်တွေးကြည့်တာပါ။
အဲဒီမှာ မသူဇာက မငြင်းဆန်တဲ့အပြင် လိုက်လျောတော့
ရေထဲမှာတင် တစ်ယောက်နဲ့တစ်ယောက် စုံမက်သွားကြတယ်။
ချစ်တာမဟုတ်ပဲ တဏှာရမ္မက်ကြောင့် စုံမက်တယ်လို့
ကျနော်ရေးလိုက်တာပါ။
ဟိုဖက် ကမ်းစပ်လည်းရောက်ရော ဒီဘက်က လင်ကြီး
ကိုလူရိုးကို မသူဇာက ဘိုင့်ဘိုင့်​ပြပြီး အသစ်စက်စက်
လင်ငယ် လက်ကိုဆွဲပြီး ထွက်သွားပါတော့တယ်။
ဒီတင်ကျနော် စဥ်းစားမိတာက အမြန်ဆုံးကြာကူလီခိုတဲ့
ဒီဘဲနဲ့ အမြန်ဆုံး နောက်မီးလင်းတဲ့ မသူဇာတို့ရဲ့
စံချိန်ကို အဲဒီတုန်းကဂင်းနစ်မှတ်တမ်းသာရှိခဲ့ရင်
စံချိန်တင်ပြီး မှတ်တမ်းအတင်ခံရမှာ အသေချာပါပဲ။
တစ်ဖက်ကမ်းမှာ ကျန်ခဲ့တဲ့ ကိုလူရိုးလည်း မိန်းမ လူလု
အူနုကျွဲခတ်ဖြစ်ပြီး သွေးရူးသွေးတန်းနဲ့ မြစ်ကမ်းစပ်မှာ
ပြေးလွှားဆဲဆိုကျန်ခဲ့ပါတယ်။
နောက်တော့ ခံပြင်းစိတ်တွေဖြစ်လာပြီး မြစ်ရေကို ရအောင်
ကူးမယ်..မိန်းမထားခဲ့တဲ့ဘဝ သေလိုက သေစေတော့
ဆိုပြီး ရေထဲဆင်းလိုက်တော့မှ ရေအနက်က ခါးလောက်ပဲ
ရှိပါသတဲ့။ဒီလောက်တုံးတဲ့ ငနာလည်း ရှိသေးတယ်နော်..
ဆိုပြီး ကျနော် တွေးလိုက်မိသေးတယ်။

ကိုလူရိုးက ထွက်သွားတဲ့ မယားခိုးနဲ့သူ့မိန်းမနောက်ကို
အတင်းဖိလိုက် လိုက်တာ..မြို့တစ်မြို့ရောက်တော့ မှီပါလေရော။

ဒီတင် ဟေ့ကောင် မင်းဘာလို့ ငါ့မိန်းမကို ခိုးရတာလဲ..
ဆိုပြီး ဟိုကြာကူလီငနဲနဲ့ ပြဿနာတွေဘာတွေဖြစ်ပြီး
ထိုးလားကျိတ်လား..အက်ရှင်တွေ ဖိုက်တင်တွေ ပလေး
ကြတာပေါ့။

ဒီတင် ရဲမက်တွေရောက်လာပြီး…တရားရုံးတစ်ခုကို
သုံးယောက်စလုံးကို ခေါ်သွားတယ်။
လူတွေကလည်း သူ့မယားငါ့မယား ငြင်းခုံရန်ဖြစ်ကြတဲ့
ပွဲကို စိတ်ဝင်စားတော့ တရားရုံးအထိလိုက်စပ်စုကြတယ်။
ဒီနေရာမှာပြောချင်တာလေးက ပွဲဖြစ်ပြီဆို စပ်စုချင်ကြတာ
ခုခေတ်မှမဟုတ်ပါဘူး။ဟိုး..ခေတ်ကလည်း လူတွေလည်း
စပ်စုချင်ကြတာပါပဲ။

တရားရုံးမှာ တရားခွင်ကိုစီရင်တာက အလွန်ပညာဥာဏ်
ကြီးမားတဲ့ သုခမိန် ပညာရှိတစ်ယောက်ဖြစ်တယ်။
ဖြစ်စဥ်ကို မေးမြန်းတော့..ကိုလူရိုးက..မြစ်တစ်ဖက်ကို
ကူးဖို့ အကူညီတောင်းရာက သူ့မယားကို ဒီလူက
ခိုးသွားပါတယ်ဆိုပြီး ဖြစ်စဥ်အကုန်လုံးကို ပြောပြရှာတယ်။
ဒါနဲ့ ပညာရှိ သုခမိန်က မသူဇာကို မေးမြန်းတယ်။
ဘယ်သူက သင့်လင်လဲ..ဆိုတော့ မြစ်ထဲမှာ ပွေ့ချီပြီး
လက်သရမ်းတဲ့ ကြာကူလီငနဲကို လက်ညိုးထိုးပြီး..
သူက ကျွန်မလင်ယောကျ်ားပါလို့ ပြောတယ်။
လူတွေရဲ့ အနေအထားကိုမြင်တာနဲ့ ဘယ်သူက ကာမပိုင်
လင်အစစ် ဘယ်သူက မယားခိုးဆိုတာ သုခမိန်က သိတယ်။ဒါပေမဲ့ လာစပ်စုတဲ့ လူတွေ ထင်သာမြင်သာ
ရှိအောင် ပညာနဲ့ အဖြေထုတ်ဖို့ မသူဇာနဲ့ မယားခိုးတဲ့လူကို
ရုံးအပြင်ကို ထုတ်သွားစေပြီး ကိုလူရိုး တစ်ယောက်သာ
ရုံးထဲ နေခဲ့စေတယ်။

”ကဲ..မောင့်နာမည်ပြောပါအုံးကွဲ့…

”ကိုလူရိုးလို့ ခေါ်ပါတယ်ခဗျာ…

”မောင့် မိန်းမနာမည်ကတော့ ဘယ်လိုခေါ်တုန်း..

”မသူဇာလို့ ခေါ်ပါတယ်ခဗျာ..

”မောင်တို့ အကြင်လင်မယားဖြစ်တာ ဘယ်လောက်
ကြာပြီတုန်းကွဲ့…

”သုံးနှစ် ရှိပါပြီခဗျာ..

”အေး..ဟုတ်ပြီ..
အမောင်တို့ ဟိုယောကျ်ားကို ခေါ်သွင်းခဲ့..

ရဲမက်တွေက ကြာကူလီခိုတဲ့ ယောကျ်ားကို ရုံးထဲခေါ်
သွင်းလာခဲ့တယ်။

”မောင့်နာမည် ဘယ်သူခေါ်လဲကွဲ့..

”မောင်စံဖဲခေါ်ပါတယ်..

”မောင်စံဖဲကို ဟောဟိုက ကိုလူရိုးက သူ့မယား ခိုးပါတယ်လို့ ပြောနေတယ်။
အဲဒါ မောင်စံဖဲ ဘာပြောချင်လဲ…

”မဟုတ်တာဗျာ..ကျုပ်မယားနဲ့ကျုပ် အတူသွားလာနေတာကို ဒီလူက သက်သက်မဲ့ နှောက်ယှက်တာပါ တရားသူကြီးခဗျာ..

”ဟုတ်ပါပြီကွယ်..ဒါနဲ့ မောင့်မယားနာမည် ဘယ်လို
ခေါ်သတုန်း..

ပညာရှိသုခမိန်က မေးလိုက်တော့ ကြာကူလီငနဲ ဖြေဖို့
အခက်တွေ့သွားတယ်။
မိန်းခလေးကို နာမည်တွေ ဘာတွေ သူမမေးရသေးတော့
မသိဘူးလေ။ဒီတော့ သူစိတ်ကူးထဲ ရှိတဲ့အတိုင်း..
ဖြေလိုက်တယ်။

”မဆမူ လို့ခေါ်ပါတယ်…

ကျနော် စဥ်းစားမိပြန်တယ်။ဒီဘဲက ဘာလို့ မသူဇာကို
မဆမူလို့ ပြောလိုက်ပါလိမ့်ပေါ့။
ရေထဲမှာ ဆမူနဲ့ရင်းနှီးခဲ့ဟန်တူပါတယ်။
ဆမူဆာတို့ ပေါက်စီတို့ ဆိုတာ အဲဒီအချိန်ကတည်းက
ရှိနေပြီလားပေါ့။(စာရေးသူ)

”ဟုတ်ပါပြီကွယ်..ညားကြတာ ဘယ်လောက်ကြာပြီတုန်း..

”ခဏ..အဲ..ဟုတ်ပါဘူး..တစ်လပဲရှိပါသေးတယ်။

”ရပါပြီကွယ်…ကဲ..မိန်းခလေး ခေါ်သွင်းခဲ့ကြ…

ဒီလိုနဲ့ မသူဇာ ရုံးထဲရောက်လာတယ်။

”သမီး နာမည် ပြောပါအုံးကွယ်…

”မသူဇာပါရှင်…

”ဟောဟိုက ယောကျ်ား နှစ်ယောက်ထဲမှာ ဘယ်သူက
သမီးရဲ့ လင်ယောကျ်ားလဲကွဲ့…

”သူက ကျွန်မရဲ့ လင်ပါရှင်..ဆိုပြီး
ကြာကူလီ စံဖဲကို မသူဇာက
လက်ညိုးထိုးပြတယ်။ကြာကူလီ စံဖဲက မသူဇာနဲ့ မဆမူ
ဘာမှလဲ မဆိုင်ဘူး..လွဲပြီဆိုပြီး မျက်နှာငယ်လေးနဲ့
ဖြစ်နေတယ်။ကိုလူရိုးကတော့ ချစ်ဇနီးလေးက ရက်စက်
လေခြင်းဆိုပြီး မျက်ရည်တွေ လုံးဝ ရေလည် ရစ်သိုင်း
နေတာပေါ့။

”ညားကြတာ ဘယ်လောက်ကြာပြီလဲကွယ့်…

”ဆယ်နှစ် ဆယ်မိုးတိုင်ခဲ့ပါပြီရှင်..

အဲ…လွဲပြီ..တစ်လနဲ့ဆယ်နှစ် သိပ်လည်း မကွာပဲနဲ့…
တွေးရင်း စံဖဲက ငိုချင်လာတယ်။

”သမီး လင်နာမည်ကရော…ဘယ်သူခေါ်တုန်း..

ဒီတော့ မသူဇာလည်း စဥ်းစားရတော့တယ်။
သူ့နာမည်မှ ငါမသိသေးတာ..ဘယ်လိုပြောရပ..ဆိုပြီးပေါ့။ ရေထဲ ပွေ့ချီလာတုန်းက အဖြစ်ကိုတွေးပြီး မသူဇာ
ပြုံးလိုက်ရင်း ဖြေလိုက်တယ်။

”ကျွန်မလင် နာမည်က ကိုညိုတုတ်ပါရှင်..

ဒီနေရာမှာ ပြောချင်လာပြန်တယ်။
မသူဇာက ကိုညိုတုတ်လို့ ပြောလိုက်ခြင်းဟာ
အကြောင်းမဲ့မဖြစ်တန်ရာ။
စံဖဲတင် လက်သရမ်းတာမဟုတ်ပဲ ရေထဲမှာ မသူဇာကပါ
လက်ကမြင်းခဲ့ဟန်တူပါတယ်။
ဘာလို့လဲဆိုတော့ သူတို့နှစ်ယောက်လုံးက မသိတဲ့
နာမည်တွေကို တွေးရင်း တွေးရင်း ပြောခဲ့ကြလို့ပါပဲ။

ဒီတင် ပညာရှိ သုခမိန်လည်း ရောက်လာတဲ့သူအပေါင်းကို
ဘယ်သူက လင်အစစ်ဖြစ်ကြောင်းနဲ့ ဘယ်သူက မယားခိုး
ဆိုတာ သင်တို့သိလောက်ပေပြီ။
ဒီတော့ သူမယားကို ကာမပိုင်လင်ရှိပါလျက်နဲ့ ခိုးယူဖို့ ကြိုးစားတဲ့ ငစံဖဲကို ဖမ်းဆီးချုပ်နှောင်ပြီး ကိုလူရိုးအား
သူ့မယားသူပြန်အပ်စေ..
ဆိုပြီး အမိန့်ချမှတ်လိုက်တယ်။
ခုခေတ်လိုဆို live တွေဘာတွေလွှင့်ပြီး ကောင်မ
လင်တရူးကိုပါ ဖြဲပြီး ဘာလုပ်ပစ် ညာလုပ်ပစ်ဆိုပြီး..
ဘာညာတွေ မဆီမဆိုင် ဝင်ပြီးလောင်ကြမှာ
သေချာတယ်။

ပြောချင်တာက ခေတ်ကြောင့် ပျက်တာမဟုတ်ပါဘူး။
ရှေးတုန်းကလည်း ပြည်တန်ဆာဆိုပြီး ခန္ဓာကိုယ်ကို
ရင်းပြီးလုပ်စားတဲ့မိန်းမတွေရှိတယ်။
ကာလရွေ့လျားလာတော့ ပြည်တန်ဆာကနေ..
ပြည့်တဆာ…ခုနောက်ပိုင်း ဇယား၊ပူစီ၊ရွှေကြာ၊ဖာ
အခေါ်တွေသာပြောင်းတာပါ။
ရှိခဲ့ကြတာပါပဲ။
ဘယ်ခေတ်မှာနေနေ..အဓိကက ဟိရိသြတပ္ပဆိုတဲ့
အရှက်အကြောက်တရား နှစ်ပါးရှိဖို့ပါပဲ။
အရှက်အကြောက်ဆိုတဲ့နေရာမှာ..နေရာတိုင်း
ရှက်ရမယ်..ကြောက်ရမယ် ပြောတာမဟုတ်ပါဘူး။
မကောင်းတဲ့အလုပ်ကို လုပ်ဖို့ ရှက်ရမယ်..
မကောင်းတာကို လုပ်ဖို့ ကြောက်တတ်ရမယ်လို့
ပြောခြင်းသာဖြစ်ပါတယ်။
လူမှန်ရင် ဟိရိသြတပ္ပတရား ရှိရပါမယ်။
မကောင်းသောအကျင့်
မကောင်းသောအပြောအဆို
မကောင်းသောအလုပ်တွေကို လုပ်ဖို့ ရှက်တတ်
ကြောက်တတ်ကြပါစေ။

✍11. 7. 2024
⏱11:57 AM

ပီယ_ရွှေညာမြေ