ဖဲမှော်အောင်သူခေါ်မလား (စ/ဆုံး)
——————————
၁၉၈၀ခုနှစ်ကကျွန်ုပ်သဲကုန်းဝန်းကျင်တွင်အလုပ်လုပ်ခဲ့စဥ်ကဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။
တောင်နဝင်းဆည်စီမံကိန်းတွင်ဝင်ရောက်အမှုထမ်းခဲ့စဥ်ကဖြစ်ပါသည်။ကျွန်ုပ်တို့လုပ်ငန်းကမြောင်းတူးခြင်း၊အုတ်စီခြင်း၊တံတားဆောက်ခြင်း၊ဆိုင်ဖွန်တူးခြင်းစသည်ဖြင့်အလုပ်ကစုံလေရာ၊မြေတူးသမားအဖွဲ့၊ပန်းရံအဖွဲ့၊လက်သမားအဖွဲ့၊သံချီသံကွေးအဖွဲ့စသည်ဖြင့်စုံလင်အောင်ခေါ်ယူရပါသည်။
ကျွန်ုပ်ပြောလိုသည်မှာမြေတူးအဖွဲ့တစ်ဖွဲ့မှပါလာသောလူတစ်ယောက်အကြောင်းဖြစ်ပါသည်။
တစ်နေ့သ၌ကျွန်ုပ်၏အဖွဲ့ဝင်ဖြစ်သောမြေတူးအဖွဲ့တစ်ဖွဲ့မှလူတစ်ယောက်၏အကြောင်းကိုကျွန်ုပ်၏တပည့်တစ်ယောက်မှကျွန်ုပ်ကိုဤသို့ပြောလာပါသည်။
“ဆရာ..ကိုချစ်ညိုအဖွဲ့ကျွန်တော်တို့ဆီရောက်လာတာငါးရက်ရှိပါပြီဆရာ။ဒါပေမဲ့သည်အဖွဲ့ထဲမှာပါလာတဲ့လူတစ်ယောက်ကသည်နေ့အထိအလုပ်မလုပ်ဖဲထိုင်စားနေပါတယ်။သူ့ကိုကြည့်ရတာသန်သန်မာမာပါပဲ။အသက်ကလည်း(၃၀)လောက်ပဲရှိပါသေးတယ်။ကျန်းမာရေးလည်းကောင်းပုံပါပဲ။ကျွန်တော်သွားပြောတော့လုပ်မှာပါ၊ခဏပဲစောင့်ပေးပါလို့ပြန်ပြောပါတယ်။ဆရာ့ကိုကျွန်တော်အသိပေးတာပါ။ကျွန်တော်ဘာဆက်လုပ်ရမလည်းဆရာ”
“မင်း.ကိုချစ်ညိုနဲ့တွေ့ပြီးပြီလား”
“ဟုတ်ကဲ့တွေ့ပြီးပါပြီ”
“တွေ့တော့သူကဘာပြောလည်း”
“ကိုချစ်ညိုပြောတာကလည်းသူပြောသလိုပါပဲဆရာ။ဒါ့ကြောင့်ကျွန်တော်ဆရာ့ကို
လာပြောရတာပါ”
“သူ့နာမည်ကဘယ်သူတဲ့လည်းကွ”
“ကိုထွန်းငွေ လို့ပြောပါတယ်ဆရာ”
“ကောင်းပြီလေ၊ဒါဆိုရင်အဲသည်ထွန်းငွေနဲ့ကိုချစ်ညိုကိုငါ့ဆီခေါ်လာခဲ့”
“ဟုတ်ကဲ့ပါကျွန်တော်အခုသွားပြီးခေါ်လိုက်ပါမယ်”
ကျွန်ုပ်ကိုဤသို့ပြောပြီးထွက်သွားကာခဏအကြာတွင်ကိုချစ်ညိုနှင့်ထွန်းငွေဆိုသူရောက်လာပါသည်။
သည်လူငယ်ကလူရည်သန့်လေးပါ။လူရည်သန့်ဟုပြောရခြင်းမှာကိုချစ်ညိုဦးစီးသောအဖွဲ့မှာမြေတူးအဖွဲ့ဖြစ်နေ၍သန့်ပြန့်ချိန်မရှိပဲအားလုံးလိုလိုပေပေတေတေနေကြသူများကိုသာတွေ့ရပါသည်။
ထိုလူစုထဲတွင်ယခုကျွန်ုပ်ထံလိုက်လာသည့်ထွန်းငွေဆိုသူကပုံစံတစ်မျိုးဖြစ်နေသည်ကိုတွေ့ရပါသည်။
အသက်ကငယ်ငယ်။ဝတ်ဆင်ထားပုံကရှိုးကြကြ။ရုပ်ကလေးကလည်းအသင့်အတင့်ဆိုတော့သူ့ပုံစံကကိုချစ်ညိုအဖွဲ့တွင်ထင်
ရှားစွာပေါ်လွင်နေပါသည်။ထို့ကြောင့်ကျွန်ုပ်ကလူရည်သန့်လေးဟုပြောရခြင်းဖြစ်ပါသည်။
“ကဲ.ကိုချစ်ညိုရေကျွန်တော်ဘာ့ကြောင့်ခေါ်တယ်ဆိုတာကိုကိုချစ်ညိုသိမှာပါ။ကျုပ်နားလည်သွားအောင်လင်းပါဦးဗျာ”
“သည်လိုပါဆရာ။မောင်ထွန်းငွေကလုပ်မှာပါ။ရက်ကလေးနည်းနည်းစောင့်နေရလို့ပါ”
“ကိုချစ်ညို”
“ဗျာ..ကျွန်တော်နားထောင်နေပါတယ်ဆရာ”
“ခင်ဗျားနဲ့ကျုပ်ဆည်မြောင်းမှာအတူတွဲပြီးလုပ်ခဲ့တာဘယ်နှစ်နှစ်ရှိပြီလည်း”
“ကြာခဲ့ပါပြီဆရာမြောက်နဝင်းဆည်ကစပြီးအခုတောင်နဝင်းဆည်ဆိုတော့(၁၀)နှစ်ဝန်းကျင်ရှိပြီပေါ့ဆရာရယ်”
“ဟုတ်ထာပေါ့ကိုချစ်ညိုရယ်။အလုပ်သမားအဖွဲ့တွေဘယ်လောက်များများမြောက်နဝင်းဆည်ကတဲကကိုချစ်ညိုအဖွဲ့ကိုပဲကျုပ်ကခေါ်လာတာခင်ဗျားကိုအမြင်ကပ်လို့တော့ဟုတ်လောက်ပါဘူးနော်”
“ဟာဗျာ..ဆရာကလည်း”
“သည်မှာကိုချစ်ညို.ခင်ဗျားနဲ့ကျုပ်အတူ
လက်တွဲလာကြတာဆယ်စုနှစ်ရှိနေပြီ။ခင်ဗျားဘယ်လိုလူ၊ဘယ်လိုစရိုက်ရှိတယ်ဆိုတာကျုပ်သိနေသလိုကျုပ်အကြောင်းကိုလည်းခင်ဗျားသိနေတာပဲ။ထွန်းငွေကိစ္စမှာခင်ဗျားကကျုပ်ကိုတစ်ခုခုဖုံးထားတယ်ဆိုတာကိုကျုပ်သိနေတယ်ကိုချစ်ညို။အခုခင်ဗျားပြောတာဟာခင်ဗျားစရိုက်နဲ့တော်တော်ကြီးကိုလွဲနေတယ်ကျုပ်အမှန်ကိုသိချင်တယ်”
ကျွန်ုပ်၏စကားဆုံးသော်ကိုချစ်ညိုကကျွန်ုပ်ကိုအားတုံ့အားနာအကြည့်ဖြင့်ကြည့်ရင်းကမြက်နှာလွှဲ၍သွားပါသည်။ထိုအချိန်တွင်သူနှင့်အတူလိုက်ပါလာသောကိုထွန်းငွေဆိုသူကဤသို့ဝင်၍ပြောလာပါသည်။
“ကျွန်တော်ပဲပြောပါရစေတော့ဆရာ။အခုကိစ္စကကိုချစ်ညိုနဲ့ဘာမှမပါတ်သက်ပါဘူးဆရာကျွန်တော်အကုန်လုံးပြောပြပါမယ်သည်လိုပါဆရာ”
“တရက်နှစ်ရက်ကြာရင်ကျွန်တော်အလုပ်လုပ်မှာပါဆိုတာမြေတူးမှာမဟုတ်ပါဘူးကျွန်တော်ကဖဲသမားပါဖဲရိုက်ရအောင်လိုက်လာတာပါ။ဆရာတို့အံ့သြကောင်းအံ့သြသွားပါလိမ့်မယ်။မအံ့သြပါနဲ့ဆရာ။ဆရာ့ကိုကျွန်တော်တတ်ထားတဲ့ပညာအချို့ကိုအခုပြမှာပါ။အခုဆရာခေါ်လို့လာခဲ့ပေမဲ့ဆရာမခေါ်ရင်လည်းသည်ညမှာဆရာ့ဆီကိုကိုချစ်ညိုကိုခေါ်ပြီးကျွန်တော်လာတော့မှာပါဆရာ”
“ကဲ.ပြောစမ်းပါဦးမင်းဖဲရိုက်ထာဘယ်လောက်ကြာပြီလည်း။ငါသိထားတာကတော့ဖဲသမားဟာနှဲသမားလိုပိန်လိုက်ဖောင်းလိုက်ဆိုတာပဲကြားဖူးပါတယ်”
“ဟုတ်ပါတယ်ဆရာ။ဖဲသမားအများစုကတော့ဆရာပြောသလိုပိန်လိုက်ဖောင်းလိုက်ပါပဲဆရာ။ကျွန်တော်ဖဲရိုက်လာတာ(၇)နှစ်ရှိနေပါပြီ။ဆရာယုံပါ့မလားမသိဘူ။ကျွန်တော်ဖဲကိုစပြီးကစားစဥ်ကတည်းကအခုထိကျွန်တော်တစ်ခါမှမရှုံးခဲ့ပါဘူး။သည်အကြောင်းကိုအခုဆရာ့ကိုပြောပြပါမယ်။ဆရာ့ဆီမှာဖဲထုပ်အသစ်ရှိပါသလားဆရာ။ရှိရင်ကျွန်တော့်ကိုခဏပေးပါ”
ကျွန်ုပ်ကထမင်းချက်ဦးကံဦးကိုလှမ်း၍မေးလိုက်ပါ၏။အလုပ်ချိန်ဖြစ်နေ၍စခန်းတွင်လူမရှိပါ။
“ရှိပါတယ်ဆရာ။မနေ့ကမှဖဲထုပ်အသစ်(၃)ထုပ်ဝယ်လာပြီးကျွန်တော့်ကိုအပ်ထားပါတယ်”
“မောင်ထွန်းငွေ..မင်းဘယ်နှစ်ထုပ်ယူမှာလည်း”
“တစ်ထုပ်ဆိုရင်ရပါပြီဆရာ”
မောင်ထွန်းငွေကဦးကံဦးဆီမှဖဲထုပ်အသစ်ထုပ်ကိုယူကာသူ့စိတ်ကြိုက်ပြင်ဆင်ပါသည်။သူပြင်ဆင်၍စိတ်တိုင်းကြသောအခါဖဲထုပ်ကိုစားပွဲပေါ်တွင်မှောက်ထားပြီးသူ့လက်နှင့်ပင်အလျားလိုက်ဖြန့်လိုက်ပြီးကျွန်ုပ်တို့ကိုဤသို့ပြောလာပါသည်။
“ကဲ..ဆရာတို့နှစ်ယောက်နဲ့ကိုချစ်ညိုတို့ကကျွန်တော်ဖြန့်ထားတဲ့ဖဲထုပ်ထဲကကြိုက်တဲ့ဖဲတစ်ချပ်ကိုကြိုက်တဲ့နေရာကယူပြီးကျွန်တော်မသိအောင်ကြည့်ပြီးကျွန်တော်မမြင်အောင်မှောက်ထားပေးပါ”
ကျွန်ုပ်တို့(၃)ယောက်ကသူပြောသလိုဖဲချပ်တစ်ယောက်တစ်ချပ်ကိုယူပြီးကြည့်ကာမှောက်ထားလိုက်ကြပါသည်။ထိုအခါမောင်ထွန်းငွေကဤသို့ပြောပြန်သည်။
“ဆရာ့ဖဲကိုအရင်ပြောပါမယ်။မပြောခင်ဆရာကကျွန်တော်မသိအောင်ဖဲတစ်ချပ်ထပ်ဆွဲပြီးမှောက်ထားပေးပါဦး”
ကျွန်ုပ်ကသူပြောသလိုလုပ်ပြီးသော်သူကဤသို့ပြောလာပါသည်။
“ဆရာနောက်ဆွဲတဲ့ဖဲချပ်ကဒိုင်မွန်း7ပါ
ဟုတ်ရဲ့လားဆရာလှန်ပြပါဦး”
ကျွန်ုပ်ကအံ့သြစွာဖြင့်သူ့ကိုကြည့်ရင်းလှန်ပြလိုက်ရာဒိုင်းမွန်း7ဖြစ်နေသည်ကိုတွေ့ရ၍ဦးကံဦးနှင့်ကိုချစ်ညိုတို့နှစ်ဦးမောင်ထွန်းငွေကိုအံ့သြစွာဖြင့်ပြုံးပြီးကြည့်နေကြပါသည်။
မောင်ထွန်းငွေကဆက်၍ဤသို့ပြောပြန်သည်။
“ဆရာ.ပထမယူထားတဲ့ဖဲကစပိတ်ကင်းပါ”
ဤသို့သူ့ဟာသူပြောလည်းပြောပြီးသူကိုယ်တိုင်လှန်လိုက်ရာသူပြောသလိုစပိတ်ကင်းဖြစ်နေ၍ဦးကံဦးတို့နှစ်ယောက်ထအော်ပါတော့သည်။
“ဟားဟားဟားဦးလေးနဲ့ကိုချစ်ညိုတို့အရမ်းမအံ့သြနဲ့ဦး။နောက်ထပ်လာဦးမယ်ဦးလေးဖဲကညှင်း6။ကိုချစ်ညိုကဟပ်3။ဟုတ်ရဲ့လားလှန်လိုက်ပါဦး”
အားလုံးဟုတ်နေ၍ကျွန်ုပ်တို့သုံးဦးစလုံးမောင်ထွန်းငွေကိုလေးစားမိသည်။သို့သော်လည်းကျွန်ုပ်ကလေးစားဟန်မပြပဲဤသို့ပြောလိုက်ပြန်သည်။
“ဟုတ်ပါတယ်။တော်ပါတယ်။ဒါပေမဲ့မင်းလိုလုပ်တတ်တဲ့သူမျိုးလည်းရှိနေဦးမှာပဲ။
အဲသည်လိုလူမျိုးနဲ့တွေ့ရင်မင်းကဘယ်လိုလုပ်ပြီးနိုင်မှာလည်းပြောပါဦး”
“အခုဆရာ့ကိုပြတာဟာလူအများစုကဘယ်လိုမှမသိနိုင်တဲ့ပညာတစ်ခုပါ။ဒါပေမဲ့သည်ပညာခန်းကလူတွေကိုလွယ်လွယ်နဲ့ပြလို့ရတဲ့ပညာလေးတစ်ခုကိုပြလိုက်ထာပါ။ဒီထက်မြင့်တဲ့ပညာရပ်တွေအများကြီးရှိနေပါသေးတယ်ဆရာ”
“တယ်ဆိုတဲ့စာပါလားကွ။မင်းကဘယ်တော့ဖဲသွားရိုက်မှာလည်း”
“သည်နေ့ည၉နာရီမှာသွားရိုက်မှာပါ။သည်နေ့ညရိုက်။ပြီးတော့မနက်ဖန်ညရိုက်။၂ညရိုက်ပြီးရင်ကျွန်တော်ပြန်တော့မှာပါ။နောက်ထပ်ဖဲဝိုင်းထပ်ရှာရဦးမှာပေါ့ဆရာရယ်”
“သည်မြို့မှာပဲရှိနေသေးရင်ထပ်ရိုက်လို့မရဘူးလားကွ”
“မရဘူးဆရာကျွန်တော်ဖဲစရိုက်တဲ့နေ့ကတည်းကတစ်မြို့ကို၂ရက်ပဲရိုက်မယ်လို့သစ္စာဆိုခဲ့ပါတယ်ဆရာ”
“တယ်ဟုတ်ပါလား။သည်ညမင်းပြောသလိုဟုတ်မဟုတ်ကြည့်ရသေးတာပေါ့ကွာ”
ဤသို့ဖြင့်ဖဲသမားထွန်းငွေနှင့်ကိုချစ်ညိုတို့နှစ်ဦးည၇နာရီလောက်တွင်ကျွန်ုပ်ထံလာပြောပြီးထွက်သွားကြပါသည်။စခန်းမှကျွန်ုပ်၏တပည့်၂ယောက်၃ယောက်လောက်ကသူတို့လည်းလိုက်သွားချင်ကြောင်းပြောလာသော်လည်းမနက်ဖန်တံတားအောက်ခြေfoundationကွန်ကရိလောင်းရန်ရှိနေကြောင်းပြော၍ကျန်ခဲ့ပါသည်။
မနက်မိုးလင်းသော်ကျွန်ုပ်တို့စခန်းရှိဧည့်
ဆောင်တွင်စားစရာသောက်စရာအပြည့်ဖြင့်ထိုင်စောင့်နေကြသောကိုချစ်ညိုနှင့်မောင်ထွန်းငွေတို့နှစ်ဦး။
“ဟာ.ကိုချစ်ညိုတို့ဘယ်အချိန်ကတည်းကစောင့်နေတာလည်း”
“သိပ်မကြာသေးပါဘူး။သည်မှာဆရာနဲ့ဆရာ့အဖွဲ့သားတွေစားဘို့ကောက်ညှင်းကျည်တောက်နဲ့အကျော်စုံတွေဝယ်လာခဲ့ပါတယ်”
“တယ်ဟုတ်ပါလားဗျ။ညကဘယ်လောက်နိုင်လာသလည်း”
“တစ်ခုကျော်ကျော်(တစ်သိန်းကျော်ကျော်)ရလာပါတယ်။အခုညထပ်သွားပြီးရင်တော့ပြီးပါပြီ”
“အေးကွာ..နောက်တစ်ညထပ်ကြည့်ဦးမယ်”
ကျွန်ုပ်ကဟန်လုပ်၍ပြောလိုက်ရသော်လည်းတစ်သိန်းကျော်ဆိုသည့်ပိုက်ဆံမှာမနည်းလှချေ။ထိုခေတ်ကအရာရှိတစ်ဦး၏လစာမှာ၄၅၀.ကျပ်မျှသာဖြစ်ပါသည်။
ထိုနေ့ကုန်၍နောက်နေ့မိုးလင်းချိန်တွင်လည်းကျွန်ုပ်တို့စခန်းသို့စားသောက်ဖွယ်ရာများဖြင့်ရောက်လာပြန်ပါသည်။ကျွန်ုပ်နိုးလာသောအခါမင်းတို့ဘယ်လောက်နိုင်ခဲ့သလည်းဟုတန်း၍မေးလိုရာမောင်ထွန်းဝေက၂သိန်းကျော်နိုင်လာခဲ့ကြောင်းပြောပြီးကျွန်ုပ်ကိုဦးချသဖြင့်ကျွန်ုပ်ကဤသို့ပြောလိုက်ပါသည်။
“မင်းရဲ့ပညာကိုတော့ငါကတကယ်လေးစားသွားပြီမောင်ထွန်းငွေရေ။မင်းတတ်ထားတဲ့ပညာတွေထဲကနေပြီးငါ့ကိုနည်းနည်းလောက်မမျှချင်ဘူးလားကွ”
“ရပါတယ်ဆရာရယ်။ကျွန်တော်ကကျွန်တော့ကိုသင်ပေးခဲ့တဲ့ဆရာဆီမှာသုံးနှစ်သုံးမိုးကျွန်ခံပြီးသင်လာခဲ့ရတာပါ။ဆရာလည်းကျွန်တော့်လိုတတ်ချင်ရင်ကျွန်တော့ဆီမှသုံးနှစ်ကျွန်လာခံပါလားဆရာ:”
ဤသို့စပ်ဖြီးဖြီးနှင့်ကျွန်ုပ်ကိုပြောရင်းပြန်သွားပါတော့သည်။ကိုယ့်အတတ်နှင့်ကိုယ်အစူးခံခဲ့ရသောကျွန်ုပ်ကလည်းမချိပြုံးပြုံးရင်းနှင့်ကျန်ခဲ့ရပါတော့သတည်း။ ။
ကျွန်ုပ်၏ဝတ္ထုကိုဖတ်မိကြသူတိုင်း
လိုအင်ဆန္ဒ
လိုအပ်သောဆန္ဒ
လိုနေသေးသောဆန္ဒ
လိုလေသေးမရှိအောင်ပြည့်စုံနိုင်ကြပါစေသတည်း။
အောင်ပြည့်စုံ
၄.၁. ၂၀၂၄။