ဖြတ်လမ်း

ဖြတ်လမ်း(စ/ဆုံး)

———————————–

ဝါးလုံးခေါက်သံများ တဟေးဟေး အော်ဟစ်ချောက်လှန့်သံများသည် အဆက်မပြတ် ထွက်ပေါ် လာပါသည်။

 

ထို့နောက် စက္ကန့်ပိုင်းအတွင်း၌ပင် အလန့်တကြား ရှဉ့်များ၏ တောသံပေးသံ စုတ်သပ်သံများနှင့်အတူ တောကြက်များ၏ ဟိုမှ ဒီမှ ကြက်ကတော်သံ၊ အရေးတကြီး ပျံသန်းသံများက ဆင့်ကာ ဆင့်ကာ ထွက်ပေါ်လာပါသည်။

 

ကျွန်တော်သည် မျက်ကွယ် တောငှက်ပျောပင် နှစ်ပင်ကို ကပ်၍ ကျွန်တော်၏ ရှေ့နှင့် ဝဲယာတဝိုက်ကို မျက်ခြည်မပြတ်တမ်း အကဲခပ် ကြည့်ရှုနေမိသည်။

 

ရှေ့တည့်တည့်တလျှောက် ဝါးပင်များ၊ တော ငှက်ပျောပင်များ တလျှောက်မှ လှုပ်ရှားသံ၊ တောတိုးသံများကို ကြိုတင်မြှော်လင့်မိသလို အရေးရှိခဲ့လျှင် လက်မနှေးတမ်း ပစ်ခတ်ရန် .၄၇ဝ ရိုက်ဖယ်ကို ပစ်ရန်အသင့် အနေအထားအရ ကိုင်တွယ်ထားခဲ့ပြီးဖြစ်သည်။

 

တဖြောဖြောနှင့် တောတိုးသံများကို ချက်ကနဲ ကြားလိုက်ရသလို အမဲကြီးပစ် .၄၇၀ ရိုင်ဖယ်ကို မကာ ပစ်ကွင်းနယ်နိမိတ်ဆီသို ထိုးကာ ချိန်လိုက်သည်။

 

တောတိုးသံများနှင့်အတူ တလှုပ်လှုပ် သားကောင် ကြီးတကောင်၏ အရိပ်မှုန်ဝါးဝါးကို မြင်လိုက်ရပြီးနောက် စက္ကန့်ပိုင်းအတွင်း၌ ဘွားကနဲ ဝါတာတာ သားကောင်ကြီးတကောင်ကို တွေ့လိုက်ရပေ၏။

 

ကျွန်တော်၏ ညာဘက်လက်ညှိုးက ရိုက်ဖယ်၏ ရှေ့မောင်းကွင်းကို နေရာယူပြီးမှပင် ရုတ်တရက် လက်ညှိုးကိုပြန်၍ ဆန့်ကာ လျှော့လိုက်ရသည်။

 

ကျွန်တော်၏ ပစ်ကွင်းပစ်ကွက်အတွင်းသို့ အပိုင် ရောက်ရှိနေသည့် ဆတ်တင်ပါးနီ အမကြီးကို ကျွန် တော်က လွတ်လပ်ခွင့်ပေးလိုက်ရသည်။ အကြောင်းမှာ ကျွန်တော်တို့၏ အဓိကပစ်မှတ် သားကောင်မှာ ဆတ်လည်းမဟုတ်၊ တောဝက်လည်းမပါဘဲ ထိုနယ် တဝိုက် တုန်လှုပ်အောင် သောင်းကျန်းနေသော နှုတ် ခမ်းမွေး (သို့မဟုတ်) တောကောင်ကြီးဟူ၍ နာမည် ကြီးချင်တိုင်း ကြီးနေသော ကျားဆိုးကြီးပင် ဖြစ်ပါ သည်။

 

‘ဘုရားတောင်ပိုတက်’ စသည့် အလယ်ရိုးမ၏ အရှေ့ဘက်ကို မေးတင်နေသော ထိုရွာနှစ်ရွာအဖို့ တောဆင်၊ ကျား၊ ပြောင်၊ စိုင်၊ ကြံ့များနှင့် ဒွန်တွဲ နေရသည်မှာ အဆန်းမဟုတ်ပါ။

 

သို့ရာတွင် ဤကြီး ငါးကြီးတို့သည် မနုဿလူသားများကို အချိန်ကြာမြင့်စွာ ရင်မဆိုင်ဝံ့ဘဲ လွတ်ရာကင်းရာသို့ အမြန်ဆုံး တိမ်းရှောင်ခဲ့ကြသည်။ သို့ရာတွင် ယခုနှစ် ဆောင်းဦးပေါက်အချိန်မှစ၍ ကျားဆိုး တကောင်သည် ထိုရွာနှစ်ရွာအနီးသို့ ချဉ်းကပ်ရောက်ရှိခဲ့ပြီး ကျွဲ နွားမှ စ၍ လူအထိပင် ကိုက်သတ်စားသောက်ခဲ့လေသည်။

 

ထူးခြားချက်တရပ်မှာ ယခင်ကာလများက သောင်း ကျန်းခဲ့သော ကျားဆိုးများသည် လူသူနှင့် ကျွဲနွားများကိုသာ ဖမ်းချီစားသောက်ခဲ့သော်လည်း ယခု ကျားဆိုးမှာမူ တွေ့ကရာ ဆိတ်နှင့် ခွေးပါမကျန် လစ်လျှင် လစ်သလို ကျွဲ၊ နွား လူသူအထိ စားသောက်လေ့ရှိသဖြင့် စည်းကမ်းပျက်ကျားဟူ၍ ရွာသူ ရွာသားများက ခေါ်ဝေါ်သမုဒ်ခဲ့ကြသည်။

 

ကျွန်တော်နှင့် ဦးဘိုးဟန် ခေါင်းဆောင်သော မုဆိုးအဖွဲ့မှ အချိန်မှီ ထိုဒေသသို့ အရေးတကြီး ချီတက် ရောက်ရှိခဲ့ပြီး ခြိမ်းချောက်ညှဉ်းပန်းနေသော ကျား သောင်းကျန်းကို နည်းအမျိုးမျိုးနှင့် ထိုးစစ်ဆင်ခဲ့ ကြသည်။

 

ပထမဦးစွာ ခြေရာခြေကြောင်းကို လေ့လာကြည့်ရှူပြီး ချောင်းမြောင်းခဲ့သည်။

 

ဒုတိယ ၎င်းကျားဆိုး သွားလာရာလမ်းဆုံများတွင် လင့်စင်ထိုးပြီး စောင့်ခဲ့သည်။

 

တတိယနည်းအရ တောစပ်လမ်းဆုံများတွင် ကျွဲနွားများကို ချည်နှောင်ပြီး လင့်ပေါ်မှ ပုန်းကွယ်စောင့်ခဲ့ကြသည်။

 

ကျားဆိုးကား အင်မတန်လိမ်မာပါးနပ်စွာဖြင့် ကျွန်တော်တို့၏ လုပ်ကြံမှုကို တိမ်းရှောင်ခဲ့သည်။

 

အကြောင်းမှာ ကျွန်တော်တို့စောင့်နေရာသို့ မလာရောက်ဘဲ ပိုတက်ရွာလယ်တဲမှ နွားတကောင်ကို ရဲရဲတင်းတင်း ကိုက်ချီသွားခဲ့သည်။ လုပ်ရပ်က ထင်ရှားစွာ သက်သေခံခဲ့လေသည်။

 

နောက်ဆုံးတွင် ကျွန်တော်တို့မုဆိုးချင်း စုဝေးတိုင်ပင်ခဲ့ပြီးနောက် ကျားဆိုးခိုအောင်းနိုင်မည့် ဖုံးဆိုးကွက်များ (တောင်ယာဟောင်း)၊ မြိုင်တောများ၊ သက်ငယ်တောများကို လူအားနှင့် ချီ၍ ပင့်၍ တောချောက်ထုတ်သော လုပ်ငန်းကို လုပ်ဆောင်ခဲ့ကြသည်။

 

နောက်ဆုံး တောကိုချောက်၍ ထုတ်ခဲ့ကြပါသည်။ သို့ရာတွင် မလိုလားသော ဆတ်၊ တောဝက်နှင့် ဂျီများကိုသာ တစုတဝေးကြီး တွေ့ရှိခဲ့ရသလို ကျွန်တော်တို့၏ အဓိကပစ်မှတ်ဖြစ်သည့် ကျားဆိုးကိုမူ အရိပ်အရောင်မျှပင် မတွေ့ခဲ့ရပေ။

 

“တွေအောင်ရှာရမယ်၊ ဒီကျားဆိုးကို မတွေ့ရင် မဖြစ်ဘူး။ လူတွေကို ဆက်ပြီး ဒုက္ခပေးနေမယ့် အကောင်ဗျ”

 

တောချောက်သော အဖွဲ့ခေါင်းဆောင် ဦးရွှေဘော်က ပြောလိုက်ရာတွင် ဦးဘိုးဟန်သည် .၅၀၀ ဘို့ နှစ်လုံးပြူးရိုက်ဖယ်ကို ပခုံးပေါ်သို့ တင်လိုက်ပြီးနောက်

 

“တွေအောင်ရှာမယ်ဗျို့။ မရ ရအောင် ပစ်မယ်ဗျို့။ ခင်ဗျားတို့ကျား သူ့ခြေရာကို ခေါင်းပေါ်ရွက်ပြီး ကျုပ်တို့လူစုကို လွတ်အောင် မပုန်းနိုင်ပါဘူး။ ဘယ်ဘက်ကို ခြေဦးလှည့်ပြီး ဘယ်ရွာက ကျွဲ နွားတွေ ဆွဲတယ်ဆိုတာကို သတင်းအမြန်ပို့ခိုင်း”

 

သတိပေး ပြောကြားလိုက်သည်။

 

ကျွန်တော်တို့ မုဆိုးအဖွဲ့ဝင်များသည် ပိုတက်ရွာ ဘက်သို့ ခြောက်ပေလမ်းအတိုင်း တတန်းကြီး ပြန်ခဲ့ ကြသည်။

 

ရွာနှင့် မိုင်ဝက်ခန့်အရောက်တွင် လှည်းလမ်းနှင့် လူသွားလမ်း နှစ်ခွဆုံရာ၌ ရှေ့ဆုံးမှ ဦးဘိုးဟန်နှင့် ဦးရွှေဘော်တို့က တန့်ကနဲ ခြေစုံရပ်လိုက်ကြပြီးနောက် လူသွားလမ်းဘက်ဆီ လက်ညှိုးညွှန်ကာ ပြသအချက်ပေးလိုက်သည်။

 

“သရက်ပင်း လယ်တဲဘက်ကို သွားနေတဲ့ နွား အုပ်နောက်က ကျားလိုက်သွားပြီဗျို့”

 

အရေးတကြီး သတိပေး အော်ဟစ်လိုက်သည်။

 

တောချောက်သမားများက နွားအုပ်ခြေရာများနှင့် ကျားခြေရာကို စေ့စေ့စပ်စပ် ဝါးတရိုက်ခန့် လေ လာစစ်ဆေးကြပြီး……

 

“ခုတင်ကလေးမှ သွားတဲ့ခြေရာဗျ။ သိပ်မဝေးဘူး၊ လိုက်ကြရအောင်ဗျို့”

 

တညီတညာတည်း ပြောလိုက်ကြသည်။

 

“ကျုပ်တို့လူစု သေနတ်သမားတွေက ရှေ့ကတက်မယ်။ ခင်ဗျားတို့က နောက်က လူသံမပေးဘဲ အသာကျိတ်ပြီး လိုက်ခဲ့ကြ။ လူစုလူဝေးနဲ့ လိုက်တဲ့အခါ ကျုပ်က လေချွန်ပြီး အချက်ပေးခေါ်မယ်”

 

ဦးဘိုးဟန်က အရေးတကြီး မှာလိုက်ပြီး ကျွန်တော့်အား ရှေ့မှတက်ရန် အချက်ပေးလိုက်သည်။

 

ကျွန်တော်နှင့် ဦးဘိုးဟန်တို့က ရင်ဘောင်တန်း ချီတက်ကာ ရှေ့နှင့် ဝဲယာဖက်တချက်ကို အကဲခပ်ကြည့်ရှုရင်း ခပ်သုတ်သုတ် ချီတက်ခဲ့ကြသည်။ ဦးရွှေဘော်က ကျွန်တော်တို့နောက်မှ ကပ်၍လိုက်ပါ သည်။

 

ကျားကြီး၏ ခြေရာကိုခံကာ မှတ်ကာ လိုက်ခဲ့သည်။

 

နွားအုပ်၏ ခြေရာများသည် တောကျဉ်းမှ ကျားနံ့ကို ရရှိပုံဖြင့် လယ်တောဆီသို့ လွင်သာရာဘက်ကို တအားလုကာ ပြေးနေသော ခြေအခွက်များတွေ့ရသလို ကျားကြီး၏ ခြေရာများမှ တော၏ ညာဘက်အတွင်း နွားအုပ်နောက်မှ ခွဲထွက်သွားသည့် ပြောင်းလွဲမှုတရပ်ကို တွေ့ရပါသည်။

 

ဤတွင် ဦးဘိုးဟန်သည် တစုံတရာကို သတိရမိပုံဖြင့်-

 

“လယ်ကွင်းစဆီကို အရောက်ပြေးတက်ကြဗျို့။ ကျားက ဖြတ်လမ်းက ဖြတ်ဆင်းပြီး လယ်ကွင်း အထွက်က ဆီးကြိုစောင့်နေလိမ့်မယ်”

 

အရေးတကြီး သတိပေးလိုက်သည်။

 

ထို့ကြောင့် ဦးရွှေဘော်က လယ်ကွင်းစဆီ နီးရာတော တွင်းမှ ဖြတ်ကာ ကျွန်တော်တို့ မုဆိုးများကို လမ်းပြပေးပါသည်။ မနားမနေ အပြေးတက်ခဲ့ကြသည်။

 

နောက်ဝခုနှစ်မိနစ်ခန့် အကြာတွင် လယ်ကွင်းစဆီသို့ ရောက်ခဲ့ကြသည်။ ကျွန်တော်တို့က ရိတ်ပြီးစ ရိုးပြတ်များနှင့် တောစပ်တို့ ဆုံတွေ့ရာ နယ်နိမိတ်တလျှောက်ဆီသို့ အရေးတကြီး ရှာဖွေကြည့်ရှုမိကြသည်။

 

ပြေးလွှားနေသော အကောင်သုံးဆယ်ခန့် နွားအုပ်နှင့်တကွ တောစပ် သက်ငယ်တောစုစုထဲတွင် တုံးလုံး လဲနေသော နွားပေါက်နှစ်ကောင်ကို တွေ့လိုက်ရပေ၏။

 

ကျွန်တော်နှင့် ဦးဘိုးဟန်တို့က သောင်းကျန်းနေသော ကျားဆိုးကြီးကို အရေးတကြီး ရှာဖွေကြည့်ရှုလိုက်သည်။

 

ဦးဘိုးဟန်သည် ကျွန်တော့်ကို လက်ပြကာ အချက်ပေးခေါ်ယူ၍ မှီလိုမှီငြား ဆီးမိလို ဆီးမိငြား သဘောမျိုးဖြင့် ကျားကြီး ဆုတ်ခွာပုန်းရှောင်မည့် လယ်ကွင်းနှင့် တဆက်တည်း တောတွင်းဆီသို့ ဖြတ် ၍ ပိုင်း၍ အပြေးချီတက်ခဲ့ကြသည်။

 

တပ်ကြပ်ကြီးသန်းထွန်းတို့ လူစုကလည်း နွားသေနှစ်ကောင်ရှိရာ အပြေးတက်ခဲ့ကြသည်။

 

ကျွန်တော်တို့နှစ်ယောက်သည် ဝါးပင်များအောက်မှ ဖြတ်၍ ကျားကြီး ဆုတ်ခွာနိုင်မည့် နေရာများတလျှောက်ကို အရေးတကြီး စူးစူးစိုက်စိုက် ကြည့်ရှုရှာဖွေရှင်း ခပ်သွက်သွက်တက်ခဲ့သည်။

 

တောငှက်ပျောပင်စုစုအနီးသို့ ကျွန်တော်တို့နှစ်ယောက် ရောက်ရှိခဲ့သည့် ကာလတွင် “ဟင်း” ကနဲ သံရှည်ကြီးဆွဲကာ တုန်လှုပ်စရာ အသံဆိုးကြီးဖြင့် ကျားတကောင်၏ စားမာန်ခုတ် ဒေါသသံကြီး ရောနှောလျက် ဟိန်းသံကြီးတချက် ထွက်ပေါ်လာပါသည်။

 

ကျွန်တော်သည် .၄၇ဝ ရိုက်ဖယ်နှင့် အသံဆိုးကြီး ထွက်ပေါ်လာရာဘက်သို့ လိုက်၍ ချိန်ရင်း မိမိရရ ပစ်ကွင်းကို ရှာဖွေမိသည်။ ကျားဟိန်းသံကြီးကား တောငှက်ပျောပင်များကြားမှ နွယ်တန်းများ ရှုပ်ထွေးနေသော ထွေးတောဆီသို့ ရွေ့လျားဆုတ်ခွာသွားပါသည်။

 

ကျားဆိုးကြီး၏ သဏ္ဌာန်ကိုမူ မမြင်ရချေ။

 

ထို့ကြောင့် အသံထွက်ပေါ်ရာဆီသို မှန်းဆ၍ ပစ်ခတ် ရန် ထိုး၍ အားရပါးရ ချိန်လိုက်မိသည်။

 

“မမြင်ရရင် မပစ်နဲ့ဗျို့။ မထိတထိမှန်ရင် ဒီအကောင် ပိုဆိုးပြီး ဒုက္ခပေးလိမ့်မယ်။ နောက်ကလူတွေခေါ်ပြီး ချောက်ထုတ်ရအောင်”

 

ဦးဘိုးဟန်က ကျွန်တော်၏ ဘယ်ဘက် ဆယ်လှမ်းကွာမှ ရိုက်ဖယ်နှင့် အသံကြားရာဆီ ချိန်ရင်းက အချိန်မှီ သတိပေးလိုက်ပါသည်။

 

မကြာမီ ဦးဘိုးဟန်၏ လေချွန်၍ အချက်ပေးခေါ် ယူသံ ထွက်ပေါ်လာသလို မိနစ်ပိုင်းကလေးအတွင်း၌ ကျွန်တော်ရောက်ရှိနေသည့် တောကို လူအားနှင့်ချီ၍ ခိုအောင်းနေမည့် ကျားဆိုးကြီးကို တောချောက်၍ မောင်း၍ ပစ်ခတ်ရန် စီစဉ်လိုက်ပါသည်။

 

ကျွန်တော်တို့ သေနတ်သမားများက ရှေ့ဂိုက်နှစ်ရာ ကွာရှိ တောဆတ်ခြေသွားလမ်းမှ စောင့်ကြရန် တော ၏ဘေးမှ ကွေ့ကာ အပြေးအလွှား တက်ခဲ့ကြသည်။

 

ဦးဘိုးဟန်နှင့် ဦးရွှေဘော်တို့နှစ်ယောက်က ခြေသွားလမ်းတလျှောက်ပေါ်တွင် ခြေရာ ခြေချောင်းများကိုကြည့်ရှုရင်း သေနတ်သမားများကို နေရာချပေးနေသည်။

 

တော၏ အလယ်ဗဟိုသို့ အရောက်တွင် နှစ်ယောက်စလုံးက ခြေသွားလမ်းပေါ်သို တချက် ငုံ့၍ ကြည့် လိုက်ပြီးနောက်….

 

“ဖြတ်ကူးသွားပြီဗျို့၊ သိပ်ပါးတဲ့ အကောင်စုတ် ကြီး”

 

လွှတ်ခနဲ ပြောလိုက်ပြီး တောက်တချက် ခေါက်လိုက်သည်။

 

ခြေသွားလမ်း ဖွေးဖွေးပေါ်၌ကား ရှေ့ပိုင်းမှ ဖုကလေး လေးဖု၊ နောက်ပိုင်းမှ ကြီးမားသော ဖုကြီး တဖုအဖြစ် ကြီးမားသော ကျားတကောင်၏ ခြေရာများကို လတ်လတ်ဆတ်ဆတ် တွေ့နေရပေ၏။

 

“သိပ်ပါးတဲ့ လျင်တဲ့ အကောင်ဗျား။ သူ့ကို ချောက်ထုတ်မှာသိလို့ တချိုးထဲ လစ်ပြေးပြီ”

 

ကျွန်တော်က မကျေမချမ်းသံနှင့် ပြောလိုက်မိသည်။

 

“အသာနေ … အသာနေ ဗိုလ်မှူး။ ချက်မကောင်းဘဲ ပစ်မိရင် ကျားနာဖြစ်ပြီး တွေ့ကရာလူရော ကျွဲ နွားပါ ဖိကိုက်နေမယ်။ ဒါကြောင့် ကျုပ်က အချိန်မှီ တားလိုက်တာဗျို့။ ကိုင်း … တောချောက်မယ့်လူတွေ ပြန်စုလိုက် ခေါ်လိုက်အုံးမှဘဲ”

 

ဦးဘိုးဟန်က ပြောလိုက်ပြီး တောချောက်မည့်ဘက်သို လှည့်၍ လေချွန်ကာ ခေါ်ယူလိုက်၏။

 

“သိပ် ဒုက္ခပေးတဲ့အကောင်ကြီး။ ဘိုးသာအောင် နွားအုပ်ထဲက နွားပေါက်နှစ်ကောင်တော့ ဆုံးပြီ။ သိပ်ယုတ်မာတဲ့ ကျားဗျ။ စားချင် သောက်ချင်ရင် နွား တကောင် ကိုက်ရင် အပြီးသားနဲ့ ခုတော့ နွားနှစ် ကောင်ကို ဆက်တိုက် ကိုက်သတ်ပစ်ခဲ့တယ်”

 

ဦးရွှေဘော်က မခံမရပ်နိုင်သော အသံကြီးဖြင့် ပြောလိုက်ြပီး

 

“လာကြဟေ့ … ဒီကို … ဒီကို၊ တောကောင်ကြီးထွက် သွားပြီဟေ့”

 

အသံကုန် အော်ဟစ်ကာ တောချောက်သမားများကို ခေါ်ယူလိုက်၏။

 

“တွေ့အောင် ရှာမယ်၊ ကြိုးစားမယ်။ ဒီလို လည်လွန်းတဲ့ကျားတွေ ကျုပ်တို့လူစု လိုက်ပြီးပစ်တာ များခဲ့ပြီ။ တွေ့ကြသေးတာပေါ့ နှုတ်ခမ်းမွေးရာ”

 

ဟူ၍ ဦးဘိုးဟန်က ကြိမ်းဝါးကြွေးကြော်လိုက်သည်။

 

မုဆိုးနှင့် ကျားဆိုးတို့၏ ဉာဏ်ခြင်းပြိုင်ပွဲ ပရိယာယ်ပြိုင်ပွဲကား စတင်ကာ အကြိတ်အနယ် ကျင်းပလေပြီ တကား။

 

xxx xxx xxx

 

လင့်စင်ပေါ်မှ ပုန်းကွယ်စောင့်ခြင်း၊ တောချောက်ထုတ်ခြင်း စသည့် ကျားဆိုးကို သုတ်သင်ရေးလုပ်ငန်းနှစ်ရပ်တို့ကို လုပ်ဆောင်ခဲ့သော်လည်း ကျားဆိုးကား လိမ္မာပါးနပ်စွာဖြင့် မုဆိုးအဖွဲ့ကို ရှောင်တိမ်းရင်း အလစ်တွင် နောက်ပိုင်းမှ လှည့်ဝင်ကာ တွေ့ရှိသည့် နွားအုပ်ကို ပြောက်ကျားစနစ်အရ တိုက်ခိုက်သတ်ဖြတ်ခဲ့လေပြီတကား။

 

ထို့ကြောင့် ကျွန်တော်တို့ မုဆိုးများအဖို့ ကျားဆိုးကို ဆက်လက်ထိုးစစ်ဆင်ရေးအတွက် နည်းပရိယာယ် တရပ်ကို ကျင့်သုံးလိုက်ရပြန်သည်။

 

နည်းပရိယာယ်မှာ ကျွန်တော်တို့မုဆိုးအဖွဲ့မှ နှစ်ယောက်တတွဲစီ ပိုတက်ရွာကို ဗဟိုပြုကာ ရွာပတ်ပတ်လည် လေးငါးမိုင်ခန့်အထိ တောကောင်များကို ခြေရာခံရင်း တိတ်တဆိတ် ချောင်းမြောင်းရှာဖွေသော လုပ်ငန်းပင် ဖြစ်ပါသည်။

 

မုဆိုးအားလုံးကိုလည်း ရှာဖွေချောင်းမြောင်းကာ လှည့်လည်ကြစဉ် မည်သည့်သားကောင်ကိုမှ မပစ်စေရန်နှင့် တောကြိုတောကြား နေရာကွက်လပ် မကျန် ကျားဆိုးကို ရှာဖွေရန်နှင့် ကျားဆိုးကို တွေ့ရှိခဲ့ပါလျှင် လက်မနှေးတမ်း မိမိရရ ပစ်ခတ်ရန် သတိပေးလိုက်ရပေ၏။

 

လေးရက်မြောက်သောနေ့၏ တနံနက်၊ သို့မဟုတ် ဆိတ်ငြိမ်စွာ ချောင်းမြောင်းရှာဖွေသော လေးရက်မြောက်ကာလ။

 

နတ်တော်လပိုင်း၏ နံနက်ရှစ်နာရီအချိန်ပေမို့ နှင်းငွေ့များက တတောလုံး တတောင်လုံးကို ရိုက်ခတ်ကာ အေးမြသော မြစိမ်းရင့်ရောင်အဖြစ် ဖန်တီးလျက် ဦးဘိုးဟန်နှင့် တပ်ကြပ်ကြီးသန်းထွန်းတို့က ရွာ၏ မြောက်ဖက်နယ်နိမိတ်ကို လည်းကောင်း၊ ဦးဘိုးရံနှင့် တပ်ကြပ်မောင်ပုတို့က ရွာအရှေ့ခြမ်းကိုလည်း ကောင်း၊ ဦးနုနှင့် တပ်ကြပ်မောင်နုတို့က ရွာအနောက် နယ်မြေကိုလည်းကောင်း၊ ကျွန်တော်နှင့် ရဲဘော် ကျော်လှိုင်တို့က ရွာ၏ တောင်ဘက်ဒေသတို့ကို တာ ဝန်ယူကာ ကင်းလှည့်ရင်း ပိုက်စိတ်တိုက်ကာ ရှာဖွေချောင်းမြောင်းခဲ့ကြသည်။

 

ကျွန်တော်သည် လက်ပတ်နာရီကို ငုံ့၍ကြည့်လိုက်ပြီးနောက် ရွာဘက်သို့ ပြန်လည်ထွက်ခွာရန် ရဲဘော်ကျော်လှိုင်ကို အချက်ပေးလိုက်ပြီးနောက် တောတွင်း ခြောက်ပေလမ်းအတိုင်း ပြန်လာခဲ့သည်။

 

ပိုတက်ရွာသို့ရောက်ရန် မိုင်ဝက်ခန့်အရောက်တွင် လှည်းလမ်း၏ လက်ျာဘက်အစွန် ခပ်ရေးရေးဖဲ့ထွက်သွားသော ခြေသွားလမ်းကလေး တလမ်း (ဝါ) ဖြတ်လမ်းဟောင်းကလေးကို အမှတ်မထင် တွေ့လိုက်ရသည်။

 

လှည်းလမ်းမှာ ပိုတက်သို့ဝင်ရန် လေးဆယ့်ငါးဒီကရီ တဒေါင်ဆစ်ချိုး ကွေးသွားသည်ကို သတိရမိသလို ဖြတ်လမ်းကလေးမှာမူ အတက်အဆင်းများလှသော လျှိုငယ် မြှောင်ငယ်များကို ဖြတ်လျက် သပြေပင် ယာခင်းတဲများကို ဖြတ်ကာ ပိုတက်ရွာသို့ သွားလာနိုင်သည်ကို ကျွန်တော့်ခေါင်းထဲ၌ စဉ်းစားမိခဲ့သည်။

 

ထို့ကြောင့် လှည်းလမ်း (သို့မဟုတ်) ခြောက်ပေလမ်းကို စွန့်ခွာခဲ့ပြီးနောက် သပြေပင်ယာတဲက ရွာသားတွေကို ကျားသတင်း ခြေရာခြေကြောင်း အစအန သတင်းများ စုံစမ်းမေးမြန်းရန်အတွက် ဖြတ်လမ်းပေါ် သို့ ခပ်သွက်သွက်နင်းခဲ့သည်။

 

တောင်ကုန်းနှစ်ကုန်းကို ကျော်တက်ခဲ့ပြီးနောက် ခင်တန်းခပ်ပြေပြေနှင့် အင်တိုင်းဆန်လှသော တော ကလေးအတိုင်း ချီတက်ခဲ့ကြသည့်နောက် ကျွန်တော်၏ ညာဘက်မှ ချမ်းချမ်းစီးစီး နံနက်ခင်းကာလတွင် နေရောင်ခြည်ရိပ်များ၌ နေပူစာလှုံနေသော ဂျီပေါက်ကြီးတကောင်က ကျွန်တော်နှင့် ရဲ ဘော်ကျော်လှိုင်တို့ကို တွေမြင်သွားကာ ခပ်သုတ်သုတ် အပြေးကလေးပင် ဖြတ်လမ်းကလေး၏ အရှေ့ဘက် အနိမ့်ပိုင်းဆီသို ဆင်းပြေးသွားပါသည်။

 

ကျွန်တော်သည် အဓိကသားကောင်ပစ်မှတ်ဖြစ်သည့် ကျားဆိုးကိုသာ အာရုံစိုက်နေသူဖြစ်၍ ဂျီပေါက်ကြီးကို လုံးဝ ဂရုမစိုက်မိပါ။

 

မကြာမီ စက္ကန့်ပိုင်းအတွင်း၌ ဆယ်ပေခန့် နက်ဆင်းသွားသော ဝါးပင်ငယ်များနှင့် အင်ပင်ပေါက်များ ရောနှောပေါက်နေရာ လျှိုကလေးအတွင်းမှ ဂျီပေါက်ကြီး၏ စူးရှသော တကျီကျီအော်သံရှည်ကြီး သည် ရုတ်တရက် ထွက်ပေါ်လာတော့သည်။

 

မုဆိုးသံသရာကို နှစ်ရှည်လများ ကျင်လည်ခဲ့သော ကျွန်တော်သည် သေခါနီး အချိန်အခါမျိုးတွင် ငယ်သံပါအောင် အော်မြည်တတ်သည့် ဂျီများ၏ သဘာဝကို ကောင်းစွာ သိရှိခဲ့သည့်အလျောက် နောက်ပိုင်းမှ ပုန်းကွယ်နေသော အဖြေကို ချက်ချင်း စဉ်းစားမိသလို ရဲဘော်ကျော်လှိုင်အား ကျွန်တော့်နောက်မှ ကပ်၍ သတိနှင့်လိုက်ရန် အချက်ပေးလိုက်ပြီးနောက် ကျွန်တော်၏ ဘယ်လက်တွင်း၌ အသင့်ကိုင်ထားသည့် .၄၇ဝ နှစ်လုံးပြူးရိုက်ဖယ်၏ တွတ်ပီ ကလေးကို လက်မနှင့်မကာ ရှေ့သို တွန်းတင်လိုက် ခြင်းဖြင့် ပစ်ရန် အသင့်အနေအထားအရ မောင်း တင်လိုက်ပြီး အခြေအနေသို့ စီစဉ်လိုက်ပေပြီတကား။

 

ခြေသံကို လုံနိုင်သမျှ လုံအောင် ကြိတ်၍နင်းရင်း ကျွန်တော်၏ မျက်စိနှစ်လုံးက ဝါးရွက်များနှင့် အင်ဖက်များအကြားမှ ဖောက်၍ ဂျီပေါက်ကြီး အော်သံ ထွက်ပေါ်ရာဆီ အရေးတကြီး ရှာဖွေကြည့်ရှုလိုက်သည်။

 

အရှေ့ဘက်ဆီက ထိုးကျနေသော နေရောင်ခြည်တန်းများအောက်ဝယ် မမြှော်လင့်သော မြင်ကွင်းတရပ်ကို ရုတ်တရက် တွေ့မြင်လိုက်ရပေ၏။

 

သဲဆန်လှသော မြေဝါနုနုကလေးများပေါ်၌ ဝါးပင် နှစ်ပင်နှင့် အင်ပင်တပင်၏အကြား၌ အဝါရင့်ပေါ်၌ အနက်စင်းကြီးများဖြင့် တောက်ပြောင်လှသော ကိုယ်လုံးကြီးများဖြင့်ပြီးသော သတ္တဝါကြီးတကောင် က အားရပါးရ သတ္တဝါငယ်တကောင်၏ လည်ဂုတ် ကို တအားခဲရင်း ကိုက်ရင်း လည်ချောင်းသွေးကို စုတ်ယူသော မြင်ကွင်းပင် ဖြစ်ပါသည်။

 

ခြေကားယား လက်ကားယား ဖြစ်နေသော ဂျီပေါက်ကြီးမှာ ယခုအခါ၌ ကျားကြီးကကောင်၏ ပါးစပ်တွင်း၌ အသက်ငင်ကာ ဘဝဆုံးလုအခြေအနေသို့ရောက်ရှိနေပါပြီ။

 

ကျားကြီးကား ဂျီပေါက်ကြီး၏ လက်ပြင်ပေါ်တွင် လက်သည်းရှည်ကြီးများဖြင့်ပြီးသော ရှေ့လက်နှစ် ဖက်ကို တအားကုတ်ခြစ် ဖိနှိပ်ထားရင်း ဇိမ်နှင့် ဂျီ ပေါက်ကြီး၏ လည်ဂုတ်ကိုခဲကာ သွေးစုတ်နေသဖြင့် သူ၏ ကြောပြင်ကျယ်ကြီးမှာ တသိမ့်သိမ့် တုန်လှုပ်နေပါတော့သည်။

 

ကျွန်တော်၏ ရိုက်ဖယ်ပြောင်းဝနှစ်လုံးက သစ်ကိုင်းကြားမှ ဖျပ်ကနဲ ထိုး၍ ချိန်လိုက်ရာတွင် ရိုက် ဖယ်ပြောင်းဝနှစ်လုံးနှင့် သစ်ကိုင်းများတို့က ထိခတ် မိသည့်အလျောက် ဖြောက်ကနဲ အသံကလေးတသံ ထွက်ပေါ်သွားပါသည်။

 

အင်မတန် နားပါးလှသော ကျားကြီးသည် အစားမာန်ခုသော စိတ်ဓာတ်ဖြင့် မျက်လုံးကြီးနှစ်လုံးစလုံး ဝင်းကနဲ ဒေါသရောင်ဖျန်းကာ သူ၏ပါးစပ်တွင်းမှ ခဲထားသော ဂျီပေါက်ကြီးကို ဖျပ်ကနဲ လွှတ်ချလိုက်ပြီး ခပ်တင်းတင်း လေးဖက်ထ၍ ရပ်လိုက်ရင်း ကျွန်တော့်ဘက်သို့ မော့်၍ တဟဲဟဲ မာန်သွင်းသံရှည်ကြီး ထွက်ပေါ်လာလျက် အရေးပေါ်ရန်သူကို ရင်ဆိုင်လိုက်ပါသည်။

 

မိမိရရ ချိန်ရွယ်ချိန်ရွယ်ထားသော မှန်ချိန်အတွင်းမှ ကျွန်တော်၏ ညာလက်ညှိုးသည် .၄၇ဝ ရိုက်ဖယ်​၏ ရှေ့မောင်းကွင်းကို ညင်ညင်သာသာပင် ညှစ်ချလိုက်သည့်တခဏ၌ ဂရိမ်ငါးရာ ယမ်းအား၏ တခဲနက် ပေါက်ကွဲသံကြီးသည် နံနက်ခင်း၏ တချိန်လုံး ငြိမ်းချမ်းမှုကို ဖြိုခွင်းတုန်လှုပ်စေတော့၏။

 

ကျားကြီး၏ ခေါင်းဝိုင်းဝိုင်းကြီးသည် တုန်လှုပ်သွားသလို သူ၏ ခါးလျားရှည်နှင့် ကိုယ်ကြီးသည် မြေပေါ်သို့ ဆောင့်ကာ ပစ်ကာ ကျသွားပါသည်။

 

သို့ရာတွင် စက္ကန့်ပိုင်းအတွင်း၌ မြေတုန်ဟည်းသွားစေသော ညည်းတွားဟိန်းဟောက်သံကြီးနှင့်အတူ ကျားဆိုးကြီးသည် လေးဘက်ပစ်ကျရာမှ ရုန်းကနဲ လှုပ်ရှားလိုက်သည့်တခဏ၌ ကျွန်တော်၏ ဘယ်ဘက်ဘေးမှ ရပ်နေသော ရဲဘော်ကျော်လှိုင်၏ .၃၇၅ မက်နမ်ရိုက်ဖယ်၏ ဆင့်ကာ ဆင့်ကာ ပစ်ခတ်သံများ ဆက်တိုက် ထွက်ပေါ် လာပြန်တော့သည်။

 

ကျားကြီးကား မြေပျော့ပျော့ပေါ်သို့ ခေါင်းစိုက်ကာ ပြန်လည်ကျသွားသလို ထာဝရငြိမ်သက်ခြင်းအဖြစ် နောက်ဆုံး တွေလိုက်ရပေသည်။

 

“တော်ပြီဟေ့ … မပစ်နဲ့ ”

 

ကျွန်တော်က အချိန်မှီ ရဲဘော်ကျော်လှိုင်ကို “အပစ်ရပ်” ခိုင်းလိုက်ရပေ၏။

 

ဝေရီနေသော နှင်းမှုန်များနှင့်အတူ ကော်ဒိုက်ယမ်းငွေ့ များက ပတ်ဝန်းကျင်တဝိုက်ကို ရောနှော၍ ရီဝေမှိုင်းပြာ နေပါတော့သည်။

 

ကျွန်တော်သည် နှစ်လုံးပြူးရိုက်ဖယ်၏ ခါးကို ချိုး လိုက်ပြီး ပစ်ပြီးသား ကျည်ဆံခွံကို အလိုအလျောက် အပြင်သို့ ထုတ်လိုက်ပြီး နောက်ထပ်ကျည်ဆံ အသစ်တတောင့်ကို ညာဘက်ပြောင်းဝအတွင်းသို့ ထည့်လိုက်ရင်း ရိုက်ဖယ်၏ခါးကို ချက်ခနဲမြည်အောင် ပြန်စေ့လိုက်ရပေ၏။

 

ဆူဆူညံညံ လူသံများနှင့် ပြေးလွှားတက်လာသောခြေသံများကို ကျွန်တော်က ကြားလိုက်ရပေ၏။ ရှေ့ဆုံးမှ တပ်ကြပ်ကြီးသန်းထွန်း၊ ဦးဘိုးဟန်တို့ လူစုက ရိုက်ဖယ်ကြီးများကိုထမ်းရင်း အပြေးတက်လာ ကြသည်။

 

နောက်ပိုင်းက သပြေပင်ယာတဲက ယာသမားများကို တသီကြီး တွေ့လိုက်ရသည်။

 

ကျွန်တော်က ပရိယာယ်အလွန်များလှသော ကျား ဆိုးကြီးကို ခဲတလုံးနှင့် ပေါက်၍ ကြည့်လိုက်ပြီးနောက် တလှမ်းချင်း ချဉ်းကပ်ခဲ့သည်။

 

ကျွန်တော်၏ ပစ်ခတ်ချက်သည် ကျားကြီး၏ နှာယောင်ရင်း နောက်ပိုင်းကျကျကို လှပသော မတ်စေ့တစေ့ အဝိုင်းအဖြစ် .၄၇ဝ ကျည်ဆံက ဖောက်ထွင်း ချေမှုန်းခဲ့ကြောင်းကို တွေ့လိုက်ရပေ၏။

 

ဦးဘိုးဟန်ကြီးသည် ကျားကြီးနှင့် ဂျီပေါက်ကြီးတို့၏ အခြေအနေကို အားရပါးရ ကြည့်လိုက်ပြီး

 

“ကောင်းကွာ … ဂျီပေါက်ကြီးက ခင်ဗျားတို့နှစ်ယောက် လာတာကိုမြင်ပြီး လျှိုထဲဆင်းပြေးတော့ ဖြတ်လမ်းက အသင့်စောင့်နေတဲ့ ကျားပါစပ်ထဲ တန်းတိုးလိုက်တယ်။

 

ဂျီအော်သံကို နားစွင့်ပြီး ဗိုလ်မှူးက လိုက်ချောင်းပြီး ပစ်ထည့်တယ်။ ပြီးတော့ ဗိုလ်မှူးတို့က ရွာကို လှည်းလမ်းအတိုင်း မပြန်ဘဲ ဖြတ်လမ်းက ပြန်လာကြတာကိုး။ ကျားကလဲ ပိုတက်ရွာကို မလာဘဲ ဟောဒီဖြတ်လမ်းက စောင့်ပြီး သပြေပင်ယာတဲကို ချောင်းရင်း အသာပုန်းနေတုန်း ဂျီ တိုးမိတော့ ဖြတ်လမ်းက အစာရှာလိုက်တာဗျ။

 

ဘာကြောင့်ဆိုရင် ကျားကြီးက ငတ်နေပြီလေ။

 

ကျုပ်တို့ မုဆိုးတွေက ခြေတိုခမန်း ဒီတဝိုက်မှာ မနားမနေ လိုက်မွှေနေကြတာကလား”

 

အားရပါးရ ပြောလိုက်ပါသည်။

 

“ဘုရား … ဘုရား၊ ဗိုလ်မှူးတို့ကျေးဇူး ကြီးပါပေတယ်။ ဒီဂျီနဲ့သာ ဒီအကောင်ကြီး မတိုးမိရင် ကျုပ်တို့ယာတဲက လူလား နွားလား တယောက်ယောက် တကောင်ကောင် ဒီအကောင်ကြီးပါးစပ်ထဲ ရောက် ပြီးသားဘဲဗျာ”

 

သပြေပင်ယာတဲမှ ဘကြီးထူးက တုန်ယင်နေသော အသံကြီးဖြင့် ပြောလိုက်တော့သည်။

 

တပ်ကြပ်ကြီးသန်းထွန်းသည် ကျားတလှည့် ဂျီ တလှည့် ကြည့်ရင်း …

 

“မှတ်ကရောကွ၊ ဒို့တတွေ ဒီကျားစုတ်ကြောင့် အသားငတ်နေတာ ခုနစ်ရက်ရှိသွားပြီ။ ကိုင်း … ဒင်း အစာ ဂျီသားကိုဘဲ ခပ်အေးအေး ဖျက်စားရပြီဟေ့”

 

ခပ်ဝဲဝဲ ထားဝယ်သားတဦး၏ အသံဩကြီးဖြင့် သူ၏ဆန္ဒကို ကြွေးကြော်ဖော်ထုတ်လိုက်ပါတော့ သည်။

 

ငွေတာရီမဂ္ဂဇင်း ၊ ဇန်နဝါရီလ ၊ ၁၉၇၂

 

– ပြီး –

 

စာရေးသူ – ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)