ဘကြီးအောင်မိုး (စဆုံး)
(ဖြစ်ရပ်မှန်)
(၁)
အဖြစ်ကတော့ ကျုပ်ငယ်ငယ်ဆယ့်လေးနှစ်သားအရွယ်လောက်ကဖြစ်တာဗျ၊ ကျုပ်အဖေက စစ်သားဆိုတော့ ရှေ့တန်းထွက်လိုက်၊ သင်တန်းတက်လိုက်နဲ့ အိမ်မှာနေရတယ်ကိုမရှိပါဘူးဗျာ၊ အမေက တပ်လိုင်းခန်းတွေက ကျဉ်းတယ်ဆိုပြီး တပ်ထဲမှာမနေဘဲ ရွာပြန်နေတယ်၊ ရွာမှာက အမေ့အမျိုးတွေချည်းပဲဆိုတော့ နေရထိုင်ရ လုပ်စားကိုင်စားအဆင်ပြေတယ်၊ ဒီလိုနဲ့ကျုပ်တို့လည်း လူမှန်းသိတတ်စကတည်းကနေ အခုအချိန်အထိ အမေ့ရွာမှာပဲ ကြီးပြင်းခဲ့ရတာပေါ့။
ရွာက အိမ်ကြီးက အကျယ်ကြီးဗျ၊ ခန်းဖွဲ့တွေဘာတွေကျုပ်မပြောတတ်ပေမယ့် အိမ်ပေါ်ထပ်မှာ ဘုရားခန်း၊ အိမ်ရှေ့ခန်းအပြင် အခန်းသုံးခန်းပါသေးတယ်၊ တိုင်လုံးကြီးတွေဆိုရင်လည်း ခြောက်ပတ်လည်တိုင်လုံးကြီးတွေဗျ၊ အဲဒီအိမ်မှာ အမေရယ်၊ အဘွားရယ်၊ အမေ့အကို ဘကြီးရယ်ပဲနေကြတာ၊ ကျုပ်အသက်ငါးနှစ်လောက်မှာ အဘွားဆုံးသွားတယ်၊ ဒီတော့ အိမ်မှာအမြဲနေတာက ကျုပ်တို့မိသားစုနဲ့ ဘကြီးနဲ့ပဲပေါ့၊ တစ်ခါတစ်ခါတော့ အမေ့ဆွေမျိုးတွေ တူမတွေဘာတွေ လာနေတတ်တယ်၊ အမြဲတော့မဟုတ်ဘူးပေါ့။
ကျုပ်တို့မိသားစုမှာက အမေရယ်၊ ကျုပ်ရယ်၊ ညီမလေးရယ် သုံးယောက်ပဲရှိတာ၊ အဖေက တစ်ခါတလေမှ ခွင့်ယူပြီးတော့ ရွာကိုလာလည်တယ်၊ သုံးလေးရက်ထက် ပိုမကြာပါဘူး၊ ရွာရောက်ရင်လည်း အဖေနဲ့ဘကြီးက စကားမပြောဘူး၊ မတည့်တာများတယ်ဗျ၊ သူတို့ကြားထဲမှာ မကျေလည်တဲ့ကိစ္စလေးတွေတော့ ရှိပုံပဲ၊ ကျုပ်တို့ကိုတော့ အခုထိမပြောပြဘူး၊ ဒါပေမယ့် သူများပြောတာကတော့ အမေ့ကြောင့်တဲ့ဗျ၊ အဖေနဲ့အမေကို အမေဘက်ကဆွေမျိုးတွေက လုံးဝသဘောမတူဘူးဆိုပဲ၊ အဲဒါကြောင့် အဖေလာရင် ဆွေမျိုးတွေက သိပ်မကြည်တာဖြစ်မယ်၊ အဖေကလည်း အလာနည်းတော့ ကျုပ်တို့မှာ အဖေထက် ဘကြီးကိုပဲပိုပြီးခင်ကြတယ်၊ ဒီလိုနဲ့အဖေက ခြောက်လတစ်ခါ၊ သုံးလတစ်ခါလောက်လာရင်း ကျုပ်အသက်ဆယ့်လေးနှစ်လောက်ရောက်တော့ အဖေရွာကိုမလာတော့ဘူးဗျ၊ မလာတာအခုအချိန်အထိပဲ၊ သူများပြောတာကတော့ နောက်မိန်းမယူလိုက်တာလို့ပြောတယ်၊ အဖေနဲ့အမေနဲ့ကွဲတော့ အမေက ငိုတောင်မငိုပါဘူး။ ကျုပ်တို့လည်း မိဘတွေကွဲတယ်ဆိုပြီး ဘယ်လိုမှကိုမခံစားရဘူးဗျ၊ အဖေ့အကြောင်းတွေတော့ ထားလိုက်ပါတော့ဗျာ။
ကျုပ်ဘကြီးနာမည်က ဦးအောင်မိုးတဲ့ဗျ၊ အမေတို့မွေးချင်းတွေထဲ အကြီးဆုံးပေါ့၊ ကျုပ်အသက် ဆယ့်နှစ်နှစ်သားအရွယ်လောက်မှာ ဘကြီးအောင်မိုးက အသက်ငါးဆယ်လောက်ရှိပြီ၊ ဘကြီးအောင်မိုးက မိန်းမတစ်ယောက်ရှိခဲ့တယ်ဆိုပေမယ့် သူ့မိန်းမက တစ်နှစ်လားပဲပေါင်းလိုက်ရတယ် နောက်ယောက်ျားနဲ့ဖောက်ပြန်ပြီးလိုက်ပြေးလို့ ကွဲသွားတယ်ပေါ့ဗျာ၊ ဘကြီးက လောကကြီးကိုစိတ်ကုန်တယ်ဆိုပြီးတော့ ဆယ်နှစ်လောက်ဘုန်းကြီးဝတ်လိုက်သေးတယ်၊ နောက်တော့မှ လူပြန်ထွက်လာတာတဲ့ဗျာ။
ဆုံးသွားတဲ့အဘွားကို အနီးကပ်ပြုစုရင်း ဒီအိမ်ကြီးမှာနေခဲ့တာပေါ့၊ ကျုပ်တို့ရောက်တော့ ကျုပ်တို့နဲ့ဆက်နေတယ်၊ ကျုပ်အသက် ဆယ့်နှစ်နှစ်မှာ ညီမလေးက သုံးနှစ်လားပဲရှိသေးတယ်၊ အိပ်တဲ့အခါကျတော့ ဘကြီးက အိမ်ရှေ့ခန်းမှာအိပ်တယ်၊ ကျုပ်တို့သားအမိသုံးယောက်က အခန်းထဲအိပ်ကြတယ်ပေါ့။
ကျုပ်မှာက မကောင်းတဲ့အကျင့်တစ်ခုရှိတယ်၊ အဲဒါက ညဘက်ဆိုရင် ဝမ်းထထသွားတတ်တာပဲ၊ မျက်စိအကျင့် ဝမ်းအချင့်ဆိုပေမယ့် အဲဒီအကျင့်ကို ကျုပ်လုံးဝမပြင်နိုင်ဘူးဗျို့၊ တစ်နေ့လုံးကျောင်းသွားလိုက် ကစားလိုက်လုပ်နေရင် ဝမ်းမသွားချင်ဘူး၊ ညအိပ်လို့ ဆယ့်နှစ်နာရီ၊ တစ်ချက်တီးလောက်ဆိုရင်တော့ ဗိုက်ကရစ်ရစ်ပြီးနာလာရော၊ တောရွာအိမ်သာဆိုတာကလည်း ဟိုးခြံထောင့်ဘက်ဆောက်ထားကြတာဆိုတော့ အိမ်နဲ့အိမ်သာနဲ့က ပေနှစ်ရာလောက်ဝေးတယ်၊ အိမ်သာသွားတဲ့လမ်းမှာလည်း နွားတင်းကုပ်တို့၊ ကောက်ရိုးပုံတို့ ဝါးရုံတောတွေက ဖြတ်ရသေးတယ်။
ဒီလိုအဝေးကြီးကို ကျုပ်ဘယ်သွားရဲမှာလဲဗျာ၊ အရင်က အမေ့ကိုနှိုးပေမယ့် နောက်ပိုင်းကျတော့အမေက အရမ်းဆူတယ်၊ အမေကျုပ်ကိုဆူတာကို ဘကြီးကမကြိုက်ဘူးဗျ၊ ဆီးတွေဝမ်းတွေဆိုတာ ချုပ်ထားလို့မကောင်းဘူး ဆီးချုပ်ဝမ်းချုပ်ဖြစ်တတ်တယ်ဆိုပြီးတော့ နောက်ဆို အိမ်သာသွားရင် သူ့ကိုခေါ်နှိုးဖို့ပြောတယ်၊ ဒီလိုနဲ့ပဲ ကျုပ်အိမ်သာသွားချင်တိုင်း ဘကြီးကိုပဲ ခေါ်နှိုးသွားတယ်၊ ဘကြီးကလည်း မညည်းမညူပဲလိုက်ရှာပါတယ်၊ တစ်ခါတလေ ဘကြီးကိုနှိုးဖို့အခန်းထဲကထွက်လိုက်တာနဲ့ ဘကြီးက နိုးတောင်နေပြီ၊ သူပြောတာကတော့ မင်းအိမ်သာတက်မယ့်အချိန်ဆိုရင် ဘယ်လောက်အိပ်မောကျနေပါစေ ငါ့စိတ်ထဲက အလိုလိုနိုးနေပြီးသားပဲတဲ့ဗျာ။
အဖေနဲ့ဝေးခဲ့တဲ့လူဆိုတော့ ဘကြီးကိုအဖေတစ်ယောက်လိုသဘောထားပြီး ချစ်ရတယ်ဆိုရင်လည်းမမှားပါဘူး၊ ကျောင်းပြေးတာတို့ ကျောင်းမှာရန်ဖြစ်တာဆိုရင် ဘကြီးပဲလိုက်ရှင်းပေးရတာ၊ အမေ့ကိုတော့အသိမပေးဘူး၊ အမေက သိပ်ဆူတာကိုး၊ ဘကြီးကိုကျုပ်ကချစ်သလို ဘကြီးကလည်း ကျုပ်ကိုသားတစ်ယောက်လိုချစ်ရှာပါတယ်။
ဒီလိုနဲ့ ငယ်ငယ်ကတည်းက ဘကြီးနဲ့အတူတူကြီးပြင်းလာခဲ့ရာကနေ ဘကြီးတစ်ယောက် ကျုပ်အသက်ဆယ့်လေးနှစ်လောက် ရောက်တော့ ကျုပ်ချစ်တဲ့ဘကြီးတစ်ယောက် ပိုးထိပြီးသေပါရောဗျာ။ ပြဿနာက အဲဒီတော့မှစတာဗျ။
(၂)
ဘကြီးနာရေးကိစ္စတွေပြီးတော့ လေးငါးဆယ်ရက်လောက်အထိ ကျုပ်ညဘက်ဆို အိမ်သာမတက်ရဲဘူး၊ အိမ်သာတက်ချင်လာရင်လည်း အောင့်အောင့်ထားရတယ်၊ လဝက်လောက်ကြာတော့ ကျုပ်ဝမ်းက အကျင့်ဖြစ်သွားပြီ၊ ညနက် အိမ်သာတက်ချင်လာတယ်ဆိုရင် ကြိတ်မှိတ်ပြီးတော့ တစ်ခါတည်းအိပ်ချလိုက်တာပါပဲ။
တစ်ရက်ကျတော့ အိမ်မှာပဲဟင်းချက်တယ်၊ ငါးခြောက်ထောင်းကြော် ငရုတ်သီးစပ်စပ်ကလေးနဲ့ သရက်သီးကုလားတည်ကလေးကလည်းပါတော့ စားလို့မြိန်ချက်ဗျာ၊ မနက်အစောကတည်းက ချက်ထားတဲ့ပဲဟင်းဆိုတော့ ညနေခင်းကျတော့ နည်းနည်းချဉ်သလိုလိုဖြစ်နေပြီ၊ မလတ်တော့ဘူးပေါ့ဗျာ၊ ဒါပေမယ့်လည်း ဘာမှမဖြစ်ပါဘူးဆိုပြီးစားထည့်လိုက်တာ ညသန်းခေါင်ကျော်ကျတော့ ဗိုက်ကပြဿနာတက်ပါရော၊ အရင်နေ့တွေက အောင့်အည်းသည်းခံလို့ရပေမယ့် ဒီနေ့ကျတော့ ဘယ်လိုမှမရတော့လို့ အိပ်ရာထဲကနေ ကမန်းကတန်းလူးလဲထရတယ်။
ပထမတော့ အမေ့ကိုနှိုးမလို့ပဲ၊ ဒါပေမယ့် ကိစ္စထိပ်ဝရောက်နေတာရယ်၊ အသက်နည်းနည်းကြီးလာပြီဆိုတော့ ကိုယ့်ကိုယ်ကိုယ်မကြောက်တတ်တော့ဘူးလို့ထင်တာရယ်ကြောင့် ရေနံဆီမီးခွက်ကလေးထွန်းပြီးတော့ အိမ်သာကိုပြေးရတော့တာပေါ့။
အသွားတုန်းကတော့ ဘာမှကိုမသိလိုက်ဘူး၊ ဝမ်းကထွက်ကျတော့မှာမို့လို့ တအားကျုံးပြေးလိုက်တာ အိမ်သာကိုဘယ်လိုရောက်သွားမှန်းမသိဘူး၊ အိမ်သာထဲရောက်ပြီး ထိုင်လိုက်တော့မှ ခေါင်းထဲအတွေးဝင်လာတယ်၊ဘယ်လိုအတွေးလဲဆိုတော့ ကြောက်တဲ့အတွေးပေါ့ဗျာ။ ညကြီးသန်းခေါင် ငါတစ်ယောက်တည်း အိမ်သာထဲထိုင်နေရတာပါလား၊ အိမ်သာအနောက်မှာလည်း ကွင်းကြီး၊ အိမ်နဲ့လည်းအဝေးကြီးဆိုပြီး ဘာကြောင့်မှန်းမသိကြောက်စိတ်တွေဝင်လာတယ်၊ ဝါးရုံပင်ကြီးကို လေတိုက်လို့တရှဲရှဲလှုပ်နေတဲ့အသံတွေ၊ ရွာထဲက ခွေးလေခွေးလွင့်တွေ တစ်ချက်တစ်ချက်ထဟောင်တဲ့အသံတွေကို နားထောင်ပြီး သရဲကြီးများ ဘွားခနဲပေါ်လာမလား ဆိုပြီးတော့ အတွေးနဲ့တင် ကြောက်နေပြီ၊ အိမ်သာတက်ပြီးရင်တော့ တစ်ခါတည်းအိမ်ကို ဒုန်းစိုင်းပြေးမယ်လို့ဆုံးဖြတ်ချက်ချလိုက်ပြီ။
ဒီအချိန် ဝါးရုံပင်အောက်နားမှာ တဂွတ်ဂွတ်နဲ့လမ်းလျှောက်သံကြားလိုက်ရတယ်၊ အိမ်နောက်ဖေးကိုဆင်းရင် စီးတဲ့ဖိနပ်က သရက်သားကိုခုတ်ထားတဲ့ ခုံဖိနပ်တွေမို့လို့ မြေမာမာနဲ့တွေ့ရင် ခုံဖိနပ်သံကို ခပ်ကျယ်ကျယ်ကြားရတယ်၊ အခုလည်း ခုံဖိနပ်ကို တဂွတ်ဂွတ်နဲ့လျှောက်လာတဲ့အသံပဲ။ ကျုပ်စိတ်ထဲမှာတော့ အမေများအိမ်သာထသွားတာလား၊ ကျုပ်လိုပဲဟင်းမလတ်တာစားထားတဲ့ အမေ့တူမတွေများ အိမ်သာထတက်တာလားပေါ့၊ ဒါပေမယ့် ခြေသံက အိမ်သာဆီကိုမလာဘဲနဲ့ အဲဒီဝါးရုံပင်အောက်တွင် ခေါက်တုံ့ခေါက်ပြန်လျှောက်သလိုကြားနေရတယ်၊ ကျုပ်ခြေသံနားထောင်ပြီး ခေါင်းနားပန်းတွေကြီးလာတယ်။
ဒီအချိန် ခွေးတွေကလည်းထအူတယ်ဗျာ၊ ကျုပ်ဖြင့် ကြောက်ပြီး ကြက်သီးတွေထလာလို့ လူတောင်တုန်တက်သွားတယ်။
“ငါ့တူ ဘာမှမကြောက်နဲ့၊ ဘကြီးရှိတယ်”
ဝါးရုံပင်အောက်ကနေ ပီပီသသထွက်လာတဲ့ ဘကြီးအသံကိုကြားလိုက်ရပြီးတော့ ကျုပ်ခေါင်းကဆံပင်မွှေးတွေအကုန်လုံး မိုးပေါ်ထောင်တက်သွားသလိုခံစားလိုက်ရတယ်၊ ဘကြီးအသံမှ ဘကြီးအသံအစစ်ဗျာ၊ သေချာစဉ်းစားကြည့်တော့မှ အရင်က ကျုပ်အိမ်သာတက်ရင် ဘကြီးက အိမ်သာအရှေ့ခပ်လှမ်းလှမ်း ဝါးရုံပင်အောက်မှာ ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်နေတတ်တာပဲ၊ တစ်ခါတလေဆိုရင် သီချင်းကလေး ညည်းနေတတ်သေးတယ်။
အိမ်သာတက်ပြီးပေမယ့် ကျုပ်အိမ်သာထဲကနေ မထွက်ရဲတော့ဘူး။ ဘကြီးက အိမ်သာရှေ့လမ်းမှာရောက်နေပြီဆိုတော့ အိမ်သာထဲကထွက်လိုက်လို့ ဘကြီးနဲ့ဘွားခနဲတွေ့လိုက်ရရင်ဆိုတဲ့ ကြောက်စိတ်နဲ့ အိမ်သာထဲဆက်ပြီးထိုင်နေမိတယ်။ ကျုပ်ထိုင်နေတာ ဘယ်လောက်ကြာသွားတယ်မသိပေမယ့် ဘကြီးကတော့ ဝါးရုံပင်အောက်မှာ လျှောက်နေဆဲပဲ၊ တစ်ခါတစ်ခါတော့ ချောင်းဟန့်သံ ချောင်းဆိုးသံလုပ်သေးတယ်၊ ပြီးတော့ သီချင်းကလေးကိုလည်း ညည်းနေပြန်ပါရော။
ဆောင်းလယ်ညကြီးမှာ ကျုပ်တစ်ယောက် အိမ်သာထဲထိုင်ပြီး ဇောချွေးတွေပြန်နေမိတယ်၊ ခင်ဗျားတို့ဆိုရင်ရော ဘယ်လိုလုပ်ကြမလဲ တွေးသာတွေးကြည့်ပေါ့ဗျာ၊ ဒါနဲ့ကျုပ်လည်း အိမ်သာထဲကမထွက်တော့ဘူးလို့ဆုံးဖြတ်လိုက်ပြီးတော့ ပေပြီးဆက်ထိုင်နေတယ်၊ မိုးမြန်မြန်လင်းပါစေဆိုပြီးတော့လည်း ဆုတောင်းနေမိတယ်၊ အဲဒီညကျမှ အချိန်တွေက အတော်နှေးနေတယ်လို့ထင်မိတယ်ဗျာ၊ အိမ်သာထဲထိုင်နေရာ ပေါင်တွေတောင့် ခြေထောက်တွေဆိုကျင်နေပြီ၊ ဘကြီးများ အိမ်သာတံခါးလာဆွဲဖွင့်မလားဆိုပြီး ကြောက်ကြောက်နဲ့ ပုဆိုးကိုလည်း ခေါင်းမြီးခြုံထားရသေးသဗျာ။
အိမ်သာထဲထိုင်နေတာ တစ်ညလုံးကုန်ပါရော၊ မနက်မိုးလင်းလို့ ငါးနာရီထိုးလောက်ကျတော့ အမေကချက်ပြုတ်ဖို့အတွက်ထလာတယ်၊ အိမ်သာတံခါးကိုလာဆွဲတော့မှ ကျုပ်လည်း အမေလား . . . အမေလားဆိုပြီးမေးလိုက်ရတယ်၊ အမေပြန်ဖြေတဲ့အသံကြားရတော့မှ ကျုပ်ဝမ်းသာလုံးဆို့ပြီး အိမ်သာတံခါးဖွင့်ပြီးတော့ အမေ့ကိုပြေးဖက်လိုက်တယ်၊ တစ်ညလုံးငုတ်တုတ်ထိုင်နေရတာဆိုတော့ ခြေထောက်တွေကျင်ပြီး ထောက်လို့တောင်မရပါဘူး၊ အမေက အိမ်သာထဲကထွက်လာပြီးတော့ သူ့ကိုဖက်ပြီး တွဲလောင်းကြီးဖြစ်နေတဲ့ကျုပ်ကို တအံ့တသြနဲ့ကြည့်နေတုန်းမှာပဲ ကျုပ်လည်း စိတ်ကိုဒုံးဒုံးချလိုက်တော့ လောကကြီးနဲ့အဆက်အသွယ်ပြတ်သွားတော့တယ်။
ဘကြီးကတော့ ကျုပ်ကြောက်မှာစိုးရိမ်လို့ စောင့်ပေးတာပဲဗျာ၊ ဒါပေမယ့် သူ့ကိုပြန်ပြီးကြောက်ရတဲ့အဖြစ်ကို တွေးမိရင် ဒီနေ့အထိ ပြုံးနေမိတုန်းပါပဲ။
(၃)
ဘကြီးက မကျွတ်ဘူးတဲ့ဗျ၊ ကျုပ်ကိုကြောက်မှာစိုးလို့မပြောပေမယ့် သူတို့အမျိုးတွေကြားထဲတော့ ကြိတ်ပြီးပြောနေကြတယ်၊ ကျုပ်က ကလေးဆိုပေမယ့်လည်း အမေ့အမျိုးတွေမွေးထားတဲ့သားသမီးတွေနဲ့တွေ့ကြဆုံကြတဲ့အခါ သူတို့ပြောတဲ့စကားတွေကို ပြန်ကြားရတာပေါ့ဗျာ၊ ဟိုလူ့ကိုပြတယ်၊ ဒီလူ့ကိုအရိပ်ပြတယ် အဲဒါမျိုးတွေ ကြားကြားနေရတယ်။
ကျုပ်ကြောက်မှန်းသိလို့လားတော့မသိဘူး၊ အိမ်သာစောင့်ပေးပြီးကတည်းက မပြတော့ဘူး၊ ဒါပေမယ့် အိမ်မှာ ဘကြီးရှိနေတာကိုတော့သိတယ်၊ ဘကြီးသွားလာလှုပ်ရှားနေတဲ့အသံတွေ အမြဲကြားကြားနေရတာကိုး၊ ဘကြီးအတွက်ရည်စူးပြီးတော့ ဆွမ်းအုပ်ပို့၊ သင်္ကန်းတွေဘာတွေကပ်ပေး၊ ဆွမ်းကပ်ပေးတာတွေ လုပ်ပေးပေမယ့် ဘကြီးက အမျှမရတာလား၊ အမျှမယူတာလားတော့မသိဘူးဗျ၊ အလှူအတန်းတွေလုပ်ပြီး ပရိတ်တရားနာအမျှဝေပြီးရင် ဘကြီးက သုံးရက်လောက်တော့ငြိမ်သွားတယ်၊ နောက်ရက်တွေ ထပ်ပြီး ကြားရမြင်ရတာပါပဲ။
ဘကြီးကျုပ်ကိုအကောင်အထည်ပြတာကတော့ ကျုပ်စာမေးပွဲကျတဲ့အချိန်ပဲဗျ၊ ဒီဇင်ဘာ နှစ်ဝက်စာမေးပွဲကျပါရော၊ အဲဒီတုန်းက ကျုပ်ကခုနစ်တန်းပဲရှိသေးတယ်၊ ကျောင်းက စာမေးပွဲကျတဲ့လူတွေရဲ့ မိဘတွေကိုခေါ်လာခိုင်းတော့ အရင်က ဘကြီးကိုခေါ်သွားပေမယ့် အခုအမေ့ကိုခေါ်သွားရတယ်၊ အတန်းပိုင်ဆရာမနဲ့တွေ့တော့မှ အရင်က ကျောင်းပြေးတာတွေ၊ ရန်ဖြစ်တာတွေပါ အမေသိသွားပြီးတော့ အိမ်ရောက်တော့ကျုပ်ကိုဆော်ပလော်တီးပါရော။
ကျုပ်စိတ်ထဲ တော်တော်ဝမ်းနည်းသလို တော်တော်လည်းစိတ်တိုတယ်၊ ကြီးကောင်ဝင်နေပြီဆိုတော့ သိပ်တော့မငိုတော့ဘူး၊ ကြိတ်တော့ငိုတာပေ့ါဗျာ၊ အမေ့ကိုစိတ်တိုလို့ အမေနဲ့စကားမပြောတော့ဘူး မျက်နှာချင်းမဆိုင်တော့ဘူးဆိုပြီး အဲဒီနေ့တစ်နေ့လုံး အိမ်နောက်ဖေး ကွင်းစပ်မှာထိုင်နေလိုက်တယ်၊ ထမင်းလည်းမစားဘူး ရေလည်းမသောက်ဘူး၊ အမေကလည်း ကျုပ်ကိုတော်တော်စိတ်တိုတယ်ထင်ပါတယ်၊ ဒီအတိုင်းပဲ မသိချင်ယောင်ဆောင်နေတယ်။
ညနေစောင်းတော့ အတော်အေးလာပြီ၊ ကွင်းကိုဖြတ်တိုက်တဲ့လေတွေကလည်း တော်တော်အေးအေးပဲဗျ၊ မှောင်ကလည်းမှောင်နေပြီ၊ ဒါပေမယ့် ကျုပ်က အိမ်မပြန်ဘဲဆက်ပြီးထိုင်နေတယ်၊ ကျုပ်စိတ်ထင် ညခုနစ်နာရီလောက်ရှိမယ်ထင်တယ်၊ ဒီအချိန် အနောက်ဘက်ကနေ ခုံဖိနပ်အသံကြားတယ်၊ ကျုပ်ထင်တာကတော့ အမေက ကျုပ်ကိုလာပြန်ခေါ်တယ်ပဲထင်တာ၊ ဒါနဲ့အနောက်လှည့်ကြည့်လိုက်တော့မှ ကျုပ်မျက်လုံးတွေပြူးပြီး ကြက်သေ သေသွားမိတယ်ဗျာ။
ကျုပ်အနောက်ရောက်လာတာက အမေမဟုတ်ဘဲ ဘကြီးဖြစ်နေတယ်ဗျာ၊ ဘကြီးက သူဝတ်နေကျရှပ်အင်္ကျီအဖြူစင်းကွက်ကလေးနဲ့ ပုဆိုးကိုခပ်တိုတိုဝတ်ထားတယ်၊ ဒါပေမယ့် အဝတ်အစားတွေက မှိုတွေစွဲနေသလိုလို၊ ဖုန်တွေလူးထားသလိုလို မှိုင်းမှိုင်းကြီးနဲ့ ညှိုးညှိုးနွမ်းနွမ်းဖြစ်နေတယ်။
သရဲဖြစ်နေတဲ့ဘကြီးကို အကောင်လိုက်ကြီးတွေ့လိုက်တော့ အစပိုင်းတော့ ကျုပ်တော်တော်ကြောက်သွားတယ်၊ ဘကြီးက ကျုပ်ကိုကြည့်ပြီး ဆုံးမတယ်ဗျ၊ ဘာတွေပြောတာလဲတော့ ကျုပ်သေချာမမှတ်မိတော့ပေမယ့် မင်းအမေက သနားဖို့ကောင်းတယ်၊ မင်းကိုက ဆိုးတာကိုး၊ လိမ်လိမ်မာမာနေပါဆိုပြီး အမျိုးစုံဆုံးမတယ်ဗျ၊ ကျုပ်လည်း ဘကြီးကိုမကြောက်တော့ဘဲ ဘကြီးစကားတွေနားထောင်ရင်း စိတ်ထဲငိုချင်သလိုလိုဖြစ်လာတယ်၊ မတွေ့တာ သုံးလလောက်ကြတဲ့ဘကြီးကိုတွေ့လိုက်ရလို့ စိတ်ထဲလွမ်းသွားတာလဲပါတယ်။ အဲဒါနဲ့ကျုပ်ဘကြီးဆီပြေးပြီး ဘကြီးကိုဆွဲဖက်လိုက်တယ်။
အထိအတွေ့က ဘယ်လိုကြီးလဲမသိဘူးဗျာ၊ ပြန်မပြောပြတတ်ဘူး၊ ကြွပ်ကြွပ်အိတ်ထဲကို လေတွေအပြည့်ဖြည့်ပြီးတော့ ကိုင်ရသလိုကြီး ပေါ့ပေါ့ကြီးနဲ့ ခပ်ကြမ်းကြမ်းအထိအတွေ့ပဲ၊ ကျုပ်ဖက်ပြီးမကြာဘူး ဘကြီးလဲပျောက်သွားတယ်၊ လက်ထဲတင်ပျောက်ကွယ်သွားတာဗျ၊ ဘကြီးစကားတွေနားထောင်ပြီးတော့ ကျုပ်လည်း အမေ့ဆီပြန်လာခဲ့တယ်၊ အမေက ထမင်းဝိုင်းအသင့်ပြင်ပြီးကျုပ်ကိုစောင့်နေတာ၊ ကျုပ်လည်း အမေ့ကိုသနားသွားတယ်၊ တကယ်ဆိုအမေက ယောက်ျားရှိတယ်ဆိုတဲ့နာမည်ပဲရှိတာ ကျုပ်တို့ကို ဟိုးကလေးဘဝကနေ အခုအရွယ်အထိ လူလားမြောက်အောင် ရှာဖွေကျွေးမွေးခဲ့တာအမေပဲဗျ။
ကျုပ်တောင်းပန်စရာရှိတာတောင်းပန်ပြီးတော့ သားအမိနှစ်ယောက်ဖက်ပြီးငိုကြတယ်၊ ညီမလေးက ငယ်သေးတော့ သိပ်တော့နားမလည်သေးဘူး၊ သူလည်းပြူးကြောင်ပြီး ကျုပ်တို့သားအမိကိုကြည့်နေကြတယ်၊ ကျုပ်အမှတ်တမဲ့လှမ်းကြည့်လိုက်တော့ လှေကားအတက် ပုဏ္ဏားကွယ်ကလေးကနေ ဘကြီးမျက်နှာကလေးကို ခပ်ရေးရေးကလေးမြင်ရတယ်၊ ဘကြီးမျက်နှာက ပြုံးလို့ရယ်ဗျ။
(၃)
တပေါင်းလဆိုရင် ဟိုဘက်ရွာမှာ ဘုရားပွဲရှိတယ်၊ သိပ်စည်ကားတဲ့ဘုရားပွဲပေ့ါဗျာ၊ ကျုပ်တို့ရွာနဲ့ဘေးရွာနဲ့က သိပ်တော့မဝေးဘူးဗျ၊ ဒီဘက်ရွာကနေလှမ်းကြည့်ရင် ကွင်းကြီးတွေဟိုးဘက်က ရွာတန်းနဲ့ စေတီကိုလှမ်းမြင်ရတယ်။
ပွဲဆိုတော့လည်း သွားချင်တာပေါ့ဗျာ၊ အရင်ကဆိုရင် အမေနဲ့သွားနေကျ၊ အခုတော့ လူကောင်လည်းနည်းနည်းကြီးပြီ၊ လူပျိုလည်းဖြစ်နေပြီဆိုတော့ အမေနဲ့သွားရတာပျော်ဖို့ကောင်းတယ်မထင်တော့ဘူး၊ ရွာက ကာလသားတွေနဲ့ ဟေးလားဝါးလားသွားရတာကိုက ပျော်စရာလို့မြင်တတ်လာတဲ့အရွယ်ပေါ့ဗျာ။
ဒီနှစ်တော့ ရွာက ကာလသားသူငယ်ချင်းတွေနဲ့သွားဖို့အမေ့ကိုခွင့်တောင်းတယ်၊ အမေကလည်း ခွင့်ပြုပါတယ်၊ ဆွေမျိုးထဲကလူတွေလည်းပါတာကိုးဗျ။ ဒီလိုနဲ့ ညနေငါးနာရီလောက် နေစောင်းတော့ ရွာကနေအုပ်လိုက်ထွက်ခဲ့ကြတယ်၊ စုစုပေါင်း အယောက်နှစ်ဆယ်လောက်ရှိမယ်ထင်တယ်၊ စကားပြောလိုက် စကြနောက်ကြနဲ့ပေါ့၊ လူငယ်တွေဆိုတော့ လက်တည့်လည်းစမ်းချင်တယ်၊ ရွာနှစ်ရွာအကြားကိုရောက်တော့ တစ်ဖက်ရွာက ကာလသားအုပ်နဲ့တွေ့တယ်။
ကျုပ်တို့ရွာက ထွက်လာကြတဲ့ ကာလသမီး အပျိုလေးတွေကို ဒီကောင်တွေအုပ်စုက လမ်းလယ်မှာစောင့်ပြီး စကြနောက်ကြလုပ်ကြတာပေါ့ဗျာ၊ ကျုပ်တို့က လူငယ်လည်း လူငယ်၊ လူအုပ်စုကလည်းတောင့်တော့ မိုက်သွေးတွေကြွနေတာပေါ့၊ အဲဒီမှာ ဟိုဘက်ကလူအုပ်နဲ့တွေ့တော့ ဘယ်သူက ဘယ်လိုစတယ်မသိဘူး ရန်တွေဖြစ်ပြီး ထိုးကြကြိတ်ကြနဲ့ဆော်ကြတော့တာ။
ကျုပ်တို့လူအုပ်က လူပိုများတော့ ဟိုကောင်တွေခံလိုက်ရတယ်၊ ရန်ဖြစ်နေရင်း ရွာက လူကြီးတွေနဲ့တွေ့တော့မှ ရန်ပွဲကပြီးသွားတယ်၊ ဟိုဘက်ရွာက ကောင်တွေကတော့ မကျေနပ်ဘူးပေါ့။
ပွဲခင်းထဲရောက်တော့ သူငယ်ချင်းတစ်ယောက်က အရက်သောက်ကြည့်ရအောင်ဆိုပြီးပြောတယ်၊ လူအုပ်ကလည်း လူစုကွဲသွားပြီး သူ့အစုနဲ့သူဖြစ်သွားပြီ၊ ကျုပ်တို့အဖွဲ့က သုံးယောက်၊ ကျုပ်ရယ်၊ ထိပ်နီလို့ခေါ်တဲ့ ဆံပင်ဆေးဆိုးထားတဲ့သူငယ်ချင်းရယ်၊ နောက်တစ်ယောက်ကတော့ ဆွေမျိုးထဲကပဲ ကျုပ်ထက်အသက်တစ်နှစ်ကြီးတဲ့ ကိုထက်ဆိုတဲ့အကိုကြီးရယ်ပေါ့၊ အရက်သောက်မယ်ဆိုတာက အဲဒီကိုထက်ကစတာ၊ ကျုပ်တို့က လက်တည့်စမ်းလေ့မရှိတော့ အရက်ဆိုတာ အခုထိမသောက်တတ်သေးဘူး။
အရက်ရဲ့မကောင်းမှုတွေကို ဘကြီးကလည်းပြောပြထားဖူးတယ်၊ အမေကလည်း အရက်မသောက်ရဘူးဆိုပြီးပြောထားတော့ ကျုပ်စိတ်ထဲကြောက်နေတာအမှန်ပဲ၊ ကိုထက်က သူသုံးလေးခါသောက်ဖူးကြောင်း၊ အခုလိုညနေခင်းသောက်ပြီး ညဘက်ပွဲကြည့်ပြီးရင် မမူးတော့တဲ့အကြောင်း၊ ရွာမဝင်ခင် ရေကန်ရေနဲ့ပလုပ်ကျင်း မျက်နှာသစ်ပြီးတော့ မာလကာရွက်ဝါးလိုက်ရင် အရက်သောက်ထားတယ်ဆိုတာ လုံးဝမသိသာဘူးဆိုပြီးတော့ အဆွယ်ကောင်းတာနဲ့ ကျုပ်တို့လည်း ချကွာဆိုပြီး အရက်ဆိုင်ဘက်ချီတက်ခဲ့ကြတယ်။
အရက်ဆိုင်တွေက ပွဲခင်းရဲ့တစ်ဖက် အပြင်ဘက်ဆုံး ကုက္ကိုပင်ကြီးတွေ၊ ထနောင်းပင်ကြီးတွေအောက်မှာ ထရံပိုင်းကလေးကာပြီး တဲထိုးရောင်းကြတယ်၊ ကျုပ်တို့သုံးယောက် မအူမလည်နဲ့ လူရှင်းတဲ့ဆိုင်တစ်ခုထဲဝင်ခဲ့ကြတယ်၊ အဲဒီဆိုင်က သစ်ပင်အောက်မှာရောင်းတဲ့ဆိုင်ကလေးဗျ၊ တခြားဆိုင်တွေလို ထရံတောင်ကာမထားဘူး၊ ကျုပ်တို့သုံးယောက် အရက်တစ်ပုလင်းဝယ်တော့ ရောင်းတဲ့သူက တစ်ပုလင်းဘာလုပ်မှာလဲဆိုပြီး သုံးပုလင်းရောင်းလိုက်တယ်၊ အဲဒီလူတွေကလည်း ကလေးဖြစ်ဖြစ်ဘာဖြစ်ဖြစ် အရက်ရောင်းရဖို့အဓိကဆိုပြီး ရောင်းတဲ့လူတွေကိုး။
အရက်ပုလင်းနဲ့ အမြည်းဝယ်ပြီးတော့ ရောင်းတဲ့လူက ထိုင်ခုံလေးတွေဆီကိုမေးငေါ့ပြလိုက်တယ်၊ ဆိုလိုတာကတော့ အဲဒီထိုင်ခုံလေးတွေမှာ ကိုယ့်ဖာသာသွားသောက်ဆိုတဲ့သဘောပဲ၊ ထိုင်ခုံကလေးတွေက သစ်သားနဲ့အဖြစ်ရိုက်ထားပြီး လယ်ကွင်းစပ်နားခင်းထားတာဗျ၊ အလယ်မှာ သစ်သားစားပွဲကလေးတစ်လုံးလည်းရှိသေးတယ်၊ ကျုပ်တို့သုံးယောက် ထိုင်ချလိုက်ပြီးတော့ ကိုထက်က အရက်ငှဲ့ပြီးတစ်ကျိုက်သောက်ပြတယ်၊ ပြီးတော့ ကောင်းတယ်ဟဆိုတဲ့ပုံစံနဲ့ လက်မထောင်ပြတော့ ကျုပ်နဲ့ထိပ်နီနဲ့လည်း အရက်တစ်ခွက်စီ သောက်လိုက်ကြတာပေါ့။
အရက်က ပြင်းတယ်ဗျ၊ ခါးပြီးတော့ လည်ချောင်းထဲပူဆင်းသွားတာ၊ အနံ့ကလည်းတော်တော်ဆိုးဆိုးပဲ၊ အမြည်းမြေပဲဆန်တွေကောက်ပြီး ပါးစပ်ထဲဝါးထည့်လိုက်တော့မှ လျှာထုံပြီး နည်းနည်းအခါးသက်သာတယ်၊ တစ်ခွက်သောက်ပြီးတော့ ကိုထက်က ကျုပ်ကိုအရက်ငှဲ့ပေးတယ်။ အရက်ငှဲ့ပေးနေရင်း ကိုထက်က မျက်လုံးကြီးပြူးပြီးတော့ ဘာကြောင့်မှန်းမသိ ထပြေးပါရောဗျာ၊ ကျုပ်တို့လည်း အပေါ့အပါးသွားချင်လို့လားများဆိုပြီးတော့ ကြောင်ကြည့်နေမိတယ်၊ ကိုထက်ငှဲ့ပေးတဲ့အရက်ခွက်ကို ကျုပ်က ကောက်ပြီးသောက်မယ်အလုပ်မှာဘဲ ကျုပ်ရဲ့ဇက်ပိုးကို ဖြောင်းခနဲအုပ်ခံလိုက်ရတယ်။
လက်သံကတော်တော်ပြောင်တာဗျာ၊ ကျုပ်လည်းပူထူသွားပြီး အနောက်ကိုလှည့်ကြည့်တော့ ဘယ်သူမှမရှိဘူး၊ ကျောတွေတော့ ချမ်းတက်လာပြီး ကြက်သီးတွေထလာတယ်၊ အနားကခုံတွေမှာလည်း လူတစ်ယောက်မှမရှိဘဲ ကွင်းစပ်မှာ ကျုပ်တို့တွေချည်းရှိတာဆိုတော့ ကျုပ်တို့လည်း သရဲခြောက်ခံရတာလားဆိုပြီး ပြေးကြတာတန်းနေတာပါပဲ၊ နောက်တော့ ကိုထက်ပြောပြတာက ကျုပ်အနောက်မှာ ဘကြီးအောင်မိုးက မတ်တပ်ရပ်နေတာဆိုပဲဗျ၊ အဲဒါကိုသူမြင်တော့ ထွက်ပြေးတာတဲ့၊ ဘကြီးအောင်မိုးက ဘုန်းကြီးလူထွက်ဆိုတော့ အရက်မသောက်ဘူးလေ၊ ကျုပ်အရက်သောက်မယ်လုပ်တော့လည်း သူကတားဆီးတဲ့အနေနဲ့ ကျုပ်ဇက်ပိုးကိုဆော်သွားတာပဲဖြစ်မှ။
ကျုပ်နဲ့ထိပ်နီနဲ့ ကြောက်ကြောက်နဲ့ထွက်ပြေးလာလိုက်ကြတာ ပွဲခင်းအစွန်နားရောက်ခဲ့တယ်။ အဲဒီနေရာမှာ လှည်းဝိုင်းကြီးတွေဖွဲ့ပြီး အဝေးကလာတဲ့လူတွေနေကြတဲ့နေရဗျ၊ အဲဒီအနားရောက်တော့ မောမောနဲ့ နားနေတုန်း လူငါးယောက်လောက်က ကျုပ်တို့ကိုဝိုင်းလာတယ်၊ သူတို့လက်ထဲမှာလည်း တုတ်တွေကိုယ်စီကိုယ်စီနဲ့ဗျ၊ ကျုပ်နဲ့ထိပ်နီးလည်း ဒီလူတွေကိုကြည့်ပြီးလန့်သွားတယ်၊ အဲဒီအထဲက လူတစ်ယောက်က ကျုပ်တို့ကိုလက်ညှိုးထိုးပြီးတော့ မင်းတို့ကိုဆော်သွားတာ ဒီလူတွေလားဆိုပြီးမေးတယ်၊ လူငါးယောက်ထဲက တစ်ယောက်က ခေါင်းညိတ်ပြတယ်။ ကျုပ်သိလိုက်ပါပြီ၊ ဒီလူတွေက ဒီဘက်ရွာက ရွာခံလူမိုက်တွေဖြစ်မယ်။ ဘုရားပွဲအလာ လမ်းမှာရန်ဖြစ်တော့ သူတို့လူတွေခံရတာကိုမကျေနပ်လို့ လာကြတာပဲဖြစ်မယ်၊ ကျုပ်တို့ကို ရိုက်မယ်နှက်မယ်တကဲကဲလုပ်နေကြလို့ ကျုပ်တို့အမျိုးမျိုးတောင်းပန်ပေမယ့် တောင်းပန်လို့မရဘူးဗျ၊ တကယ်တမ်းရိုက်ကြရင် ကျုပ်တို့ကနှစ်ယောက်တည်း၊ သူတို့ငါးယောက်က တုတ်တွေနဲ့ဆိုတော့ ကျုပ်တို့နိုင်ဖို့ကမလွယ်ဘူး။
ဒီအချိန်မှာပဲ လေထဲကနေ ထနောင်းကိုင်းခြောက်ကြီးတစ်ကိုင်းပြုတ်ကျလာပြီး လူတစ်ယောက်ရဲ့ခေါင်းကိုထိပြီး မြေပေါ်ကိုပြုတ်ကျသွားတယ်၊ ထနောင်းပင်က အကိုင်းကြွေတယ်လို့ပြောရအောင်ကလည်း အဲဒီအနားမှာ ထနောင်းပင်ကြီးကြီးမားမားကလည်းမရှိ၊ ဒီလူတွေကြောင်ပြီး ဟိုကြည့်ဒီကြည့် ကြည့်နေတုန်း မြေပေါ်ကျနေတဲ့ထနောင်းကိုင်းက သူ့အလိုလိုလေပေါ်ဝဲပျံလာပြီးတော့ ဝှေ့ယမ်းနေရင်း ဒီလူတွေကိုလိုက်ရိုက်တော့တာပါပဲ၊ သုံးလေးချက်ရိုက်မိတော့ ဟိုလူတွေလည်း သရဲခြောက်တယ်ဆိုပြီးတော့ပြေးကြ၊ ကျုပ်နဲ့ထိပ်နီလည်းထပ်ပြေးရတာ ပွဲခင်းထဲရောက်တော့မှပဲ အမောဖြေနိုင်တယ်၊ အဲဒီတုန်းကတော့ ကျုပ်လည်း သရဲခြောက်တယ်ထင်တာ၊ ရွာပြန်ရောက်လို့ ကိုထက်ပြောတဲ့အဖြစ်ကြားမှ အဲဒါဘကြီးကျုပ်ကိုကယ်သွားတာပဲလို့သိလိုက်ရတယ်။ ဘကြီးသာမကယ်ရင်တော့ ကျုပ်တို့နှစ်ယောက်အဖို့ ဟိုလူတွေဝိုင်းရိုက်တာခံရပြီး သေရင်သေ မသေရင်တောင်မှ မသေမရှင်ဖြစ်ပြီး ကျိုးကန်းမှာတော့အသေအချာပဲဗျ။
ဘကြီးကတစ်နေ့တော့ အမေ့ကိုအိပ်မက်ပေးသတဲ့ဗျာ၊ သူမကျွှတ်ရတာ ကျုပ်ကြောင့်တဲ့ ကျုပ်ကိုစိတ်မချဘူး၊ ကျုပ်ရှင်မပြုရသေးတာကို စိတ်စွဲနေလို့တဲ့၊ အမေကလည်း အရင်တုန်းက စီးပွားရေးနဲ့လုံးလည်လိုက်နေလို့ ကျုပ်ကိုအခုအရွယ်အထိ ရှင်မပြုပေးရသေးဘူးဗျ၊ စုပေါင်းရှင်ပြုတွေဘာတွေကျတော့လည်း စိတ်မချလို့ဆိုပြီးမထည့်ဘူး။
ဒီလိုနဲ့တန်ခူးလရောက်တော့ ကျုပ်ကိုသင်္ကန်းစည်းပေးတယ်၊ ရွာဘုန်းကြီးကျောင်းမှာ အလှူလေးတစ်ခုလုပ်ကြတယ်၊ ကျုပ်ကိုရင်ဖြစ်သွားတာပေါ့၊ အဲဒီမှာ သံဃာတွေကိုဆွမ်းကပ်ပြီး အမျှအတန်းဝေကြတော့ တရားနာနေကြတဲ့လူတွေဟိုးအနောက်မှာ ဘကြီးကိုကျုပ်လှမ်းတွေ့လိုက်ရတယ်၊ ဘကြီးက ဘုန်းကြီးကျောင်းအဝင်အထွက် ဖိနပ်ချွတ်ဘေးနားမှာ ဆောင့်ကြောင့်ကလေးထိုင်နေတာ၊ အဝင်အထွက်တံခါးဘေးနားက အုတ်နံရံနဲ့တစ်ဝက်ကွယ်နေတော့ သေချာတော့မမြင်ရဘူး၊ ဘကြီးမျက်နှာကတော့ ကျောင်းထဲကိုလှမ်းပြီးကြည့်နေပုံပဲ၊ မျက်နှာကလည်း ရယ်လို့ပြုံးလို့ပါပဲ။
ကျုပ်လည်း အမေတို့ကိုပြမယ်ဆိုပြီး အမေ့ဆီကြည့်လိုက်တယ်၊ နောက်ပြန်ကြည့်တော့ ဘကြီးကိုမတွေ့ရတော့ဘူး၊ အဲဒီတစ်ခေါက်က ကျုပ်တစ်သက်မှာ ဘကြီးကိုနောက်ဆုံးမြင်ခဲ့ရတဲ့အခေါက်ပါပဲ၊ သူဖြစ်ချင်တာဖြစ်ခဲ့ရို့ ဘကြီးတစ်ယောက် ကျွတ်လွှတ်သွားတဲ့ပုံပါပဲ၊ ကျုပ်ကိုအမြဲအိမ်သာလိုက်စောင့်ပေးတဲ့ဘကြီး၊ ကျုပ်ကိုအဖေတစ်ယောက်လို ကာကွယ်ပေးတတ်တဲ့ဘကြီးတစ်ယောက် ကောင်းရာမွန်ရာရောက်ပါစေလို့ပဲ ကျုပ်အမြဲဆုတောင်းပေးဖြစ်ပါတယ်၊ စိတ်ထားကောင်းတဲ့ဘကြီးတစ်ယောက် ကောင်းရာမွန်ရာရောက်မယ်လို့လဲ ကျုပ်ယုံကြည်ပါတယ်ဗျာ။
ပြီးပါပြီ။