ဘဝသစ်မှာ(စ/ဆုံး)
————–
“အို…ငါ…ငါ…အခု ဘယ်ကိုရောက်နေတာ
ပါလိမ့်”
သတိရလျှင်ရချင်း ပတ်ဝန်းကျင်ကို မျက်လုံး
ဝေ့ကြည့်လိုက်တော့ မီးဖွားဖို့ ဆေးရုံတက်နေ
တဲ့ ကျမဟာ ရွာပြင်က ကုက္ကိုလ်ပင်ကြီးရဲ့ ခွ
ဆုံပေါ်ကို ရောက်နေတယ်။
“ဒီကို ငါ ဘယ်လိုလုပ်ပြီး ရောက်နေတာပါလိမ့်၊
ဟင်း…ဘာကောင်တွေမှန်း မသိဘူး၊ ရုပ်တွေက
ဆိုးလိုက်တာနော်”
အသားမဲမဲ၊ နှာခေါင်းချွန်ချွန် ပိပိပြားတွေ၊
ပါးစပ်ပြဲပြဲ မျက်လုံးပြူးပြူး ပုကွကွ ရှည်
မျှောမျှောနဲ့ ခန္ဓာကိုယ်တစ်စက်ကလေးမှ
မချိုးမကျတဲ့ လူလား၊ တိရစ္ဆာန်လား ခွဲခြား
မရတဲ့ အကောင်ဘလောင် စုံလင်စွာကို
ကုက္ကိုလ်ကိုင်းတွေပေါ်မှာ နေနေတာကို
တွေ့ရတယ်၊ ဒါပေမဲ့ ကျမ မကြောက်လန့်
မိ။ ကျမ ဘာကြောင့် မကြောက်လန့်ရသ
လဲဆိုတာကိုတောင် ကျမကိုယ်ကျမ မသိ။
“ဟား…ဟား…ဟား ဟီး… ဟီး…. ငါ့အခိုင်း
အစေတစ်ယောက် တိုးလာပြီပဲ”
ထိုစဥ် ကုက္ကိုလ်ပင်ထိပ်ဖျားမှ အရပ်ရှည်ရှည်
အရုပ်ဆိုးဆိုးနဲ့ ငါးနှပ်ခြောက်လိုလို၊ ငါးကျည်း
ခြောက်လိုလို မိန်းမကြီးတစ်ဦး လျှောဆင်းလာ
ကာ ကျမကို ကြည့်ပြီး ပြောလိုက်သည်။ ထို
မိန်းမကြီးကို မြင်တော့ ကြောက်လန့်တကြား
ထွက်ပြေးဟန်ပြင်လိုက်သော်လည်း ကျမတစ်
ကိုယ်လုံး လှုပ်ရှားလို့မရ။
ငါးကျည်းခြောက်မိန်းမကြီးသည် သူ၏ နီရဲ
သော ပါးစပ်ထဲမှ တစ်တောင်ခန့်ရှည်သော
လျှာနီနီကြီးကို ထုတ်ချည် သွင်းချည်လုပ်နေ
ရာမှ နီရဲသော မျက်လုံးအစုံဖြင့် ကျမကို စိုက်
ကြည့်နေသဖြင့်
“အဟင်…ဟင်၊ ကြောက်တယ်…ကြောက်တယ်
ကြောက်ပါပြီရှင်”
မျက်လုံးတွေကို စုံမှိတ်လိုက်သော်လည်း မရ။
မိန်းမကြီးက ကျမအား သဘောကျပြီး အား
ပါးတရ ရယ်မောရင်း
“ဟား…ဟား…ဟား ဟား…ဟီး …ဟီး… ဟီး
ဒီနေ့က စပြီး နင်ဟာ ငါ့ရဲ့အစေအပါးဖြစ်
သွားပြီ ကောင်မရဲ့၊ နင် ဒီက ဘယ်ကိုမှ သွား
လို့မရဘူး၊ ငါခိုင်းတာ လုပ်ရမယ်၊ ဟိုမှာတွေ့
လား၊ ငါခိုင်းစားထားတဲ့ အကောင်တွေ”
ဟု စောစောက အချိုးမကျတဲ့ အကောင်ဘ
လောင်တွေကို ညွှန်ပြလိုက်သည်။
“တချို့ဆို ဒီမှာပဲ ကလေးတွေဘာတွေရလို့”
ကုက္ကိုလ်ပင်ကိုင်းများတွင် ပြေးလွှားဆော့က
စားနေသော ခေါင်းကြီးကိုယ်သေး ကလေး
များကို တွေ့တော့ ကျမရဲ့သားလေးကို သတိရ
သွားသည်။ ပြီးတော့ ကျမ ချစ်သောကိုကို
ကိုမင်းအောင်။ သားလေးကို ကျမ မမြင်ဘူး
သေး။
အဲဒီနေ့က သားဦးလေးမွေးဖို့ ကျမဗိုက်နာနေ
တာ၊ ငါးရက်မြောက်တဲ့နေ့။ ကလေးက ခုထိ
မမွေးနိုင်သေး။ ထိုးထိုးပြီးနာနေလို့ ညှစ်နေရ
တာ။ အားအင်ပင် ကုန်ခန်းနေပြီ။ ထို အာဝေ
နိက ဝေဒနါကို ကျိတ်မှိတ်ခံစားရင်း သားဦး
လေး မွေးဖွားလာဖို့ ကြိုးစားနေရသည်။
“ဟဲ့ မခါတွန်၊ နင်နိုင်ရဲ့လား၊ ဆရာမခေါ်မလား။
မနိုင်ရင်လည်း အားမနာနဲ့၊ ဆေးရုံပို့ရအောင်”
ဝမ်းဆွဲသည် ဒေါ်ခါတွန်ကလည်း တစ်ယူသန်
မို့ မာန်ကို မလျှော့။ မနိုင်မှန်းသိပေမယ့် နာမည်
ပျက်မှာ စိုးပုံရသည်။
“အို… နိုင်ပါတယ် မမသင်ရယ်။ ဟော ရေမြွှာ
ပေါက်ပြီ။ မွေးတော့မှာပါ”
“နင် လက်သည်းနဲ့ ဆိတ်မဖောက်နဲ့နော်”
“မဟုတ်တာ မမသင်ရယ်၊ သူ့ဟာသူ အချိန်
တန်လို့ ပေါက်တာပါတော့်။ သမီး ဝါဝါရေ
နည်းနည်းလေး အားစိုက်ပြီး ညှစ်လိုက်ပါဦး
ထွက်တော့မယ်၊ ထွက်တော့မယ်၊ ကလေး
ခေါင်းတောင် တွေ့နေရပြီ”
ယောက္ခမကြီးနဲ့ မခါတွန်တို့ အချီအချ ပြော
ဆိုနေတာ ကျမ ကြားနေရသည်။ ရိုသမျှ
အားလေးစိုက်ပြီး ကြိုးစားညှစ်ကြည့်သည်။
ငါးရက်လုံးလုံး အားစိုက်ခဲ့ရသဖြင့် အားအင်
ကုန်ခမ်းကာ မျက်ဖြူလန်ပြီး သတိမေ့သွား
ပြန်သည်။
သတိပြန်ရတော့ ကျမ ဆေးရုံကိုရောက်နေမှန်း
သိသည်။ ဆေးရုံက ဆရာမတွေ အလုပ်ရှုပ်
နေသည်ကို သိတစ်ချက် မသိတစ်ချက်။
“မွေးပြီဟေ့…ယောကျ်ားလေးဟဲ့”
ဆရာမတို့၏ အသံကြောင့် ကျမ သားဦးလေး
မွေးလိုက်သည်ကို သိလိုက်သည်။ တင်းထား
သော စိတ်ကိုလည်း အဆုံးစွန်ထိ လျော့ချ
လိုက်သဖြင့် ကျမသတိမေ့သွားပြန်သည်။
တစ်ကိုယ်လုံး အမှောင်ထုထဲကို လျင်မြန်စွာ
ဖြတ်သန်းနေသည်ဟု ခံစားနေရသည်။ အ
မှောင်ထဲမှာ မည်မျှကြာအောင် ဖြတ်သန်းနေ
သည်ပင် မသိတော့။ အလင်းရောင်ထဲကို
ဘွားခနဲရောက်လာပြန်သည်။ ထိုအခါမှ သ
တိဝင်လာပြီး ပတ်ဝန်းကျင်ကို မြင်တော့မှ
ကျမ ကုက္ကိုလ်ပင်ခွကြားကို ရောက်နေမှန်း
သိလိုက်ရတော့သည်။
“ဒါဆို သားလေး…ကျမသားလေးရောဟင်”
မွေးဖွားပြီး ကျမ မမြင်လိုက်ရသေးသော သား
ဦးလေးကို သတိရသွားသည့်အတွက် ငါးကျည်း
ခြောက်လိုလို မိန်းမကြီးကို မေးကြည့်လိုက်သည်။
“ဒါတော့ ငါ မသိဘူးဟဲ့”
“သူတို့ ဆေးရုံမှာပဲ ဖြစ်မယ်၊ ကျမကို ဆေးရုံ
ကို သွားခွင့်ပြုပါ အဒေါ်ကြီးရယ်၊ ယောကျ်ား
နဲ့ သားလေးကို တွေ့ချင်လွန်းလို့ပါ”
ယောကျ်ားနဲ့ သားဆိုတဲ့ ချစ်ခြင်းတဏှာဟာ
ကျမကို ကြိုးတစ်ချောင်းနဲ့ နွားတွေကို ချည်
ပြီး လှန်ထားသလို သွယ်တန်းနေတဲ့အတွက်
သားနဲ့ ကိုကို့ကို ဘယ်ဘဝရောက်ရောက် မေ့
နိုင်မည်ဟု ကျမ မထင်။ ထိုကြိုးကြောင့်ပင်
ကြိုးချည်ပြီး လှန်ထားသော နွားတစ်ကောင်
နှယ် ချည်တိုင်ကို မလွန်နိုင်ဘဲ တဝဲလည်
လည် ဖြစ်နေရသည်။
ကျမ၏ ထွက်သက် ဝင်သက်တိုင်းမှာ ကိုကို
နဲ့ သားကိုသာ အမှတ်ရနေပါတယ်။
“အေးလေ…မင်းမှာ ခုနှစ်ရက်လောက်တော့
သွားခွင့်ရှိပါသေးတယ်။ သွားချင် သွားပေါ့၊
ဒါပေမယ့် ဘုန်းကြီးတွေ ဘာတွေ တရား
ဟောရင် သာဓုမခေါ်ပါဘူးလို့ ကတိပေးရ
လိမ့်မယ်”
“ပေးပါတယ်ရှင်…ပေးပါတယ်”
မိန်းမကြီးစကားကို ကျမ သိပ်သဘောမပေါက်
ပေမယ့် ကိုကိုနဲ့ သားကို တွေ့ချင်ဇောနဲ့ ကတိ
ပေးလိုက်သည်။
“ကိုင်း…ဒါဆို သွားပေတော့”
မိန်းမကြီးသည် ကုက္ကိုလ်ပင်ထိပ်ဖျားသို့ စွေ့
ခနဲ နောက်ပြန်ခုန်တက်သွားသည်။ ကျမလည်း
ကုက္ကိုလ်ပင်အောက်သို့ ပေါ့ပါးစွာ ခုန်ချလိုက်
သည်။ ဆေးရုံသွားမည်ဟု စိတ်ကူးလိုက်
သည်နှင့် ရုပ်ရှင်ထဲက တန်ခိုးရှင်တွေလို ဆေး
ရုံသို့ ကျမ ချက်ချင်းရောက်သွားလေသည်။
ဆေးရုံတွင် လူတွေ ဝင်ထွက်သွားလာနေသည်။
ကုက္ကိုလ်ပင်ပေါ်မှာ တွေ့ခဲ့သော ပုံပျက်ပန်းပျက်
လူလိုလို ဘာလိုလို အကောင်တွေသည် အမှိုက်
ပုံတွင် အုံပြီး စားကြွင်းစားကျန်တွေကို ကောက်
စားနေကြသည်။ ကျမတက်ခဲ့သော ခုတင်ကို
တစ်ခန်းဝင် တစ်ခန်းထွက် ရှာသည်။
“ဟော…ဟိုမှာ ငါတက်ခဲ့တဲ့ ခုတင်ပဲ”
ခုတင်ပေါ်တွင် တခြား လူမမာတစ်ဦးကို တွေ့
သည်။
“ဒီမှာ… ဒီမှာ စောစောက ဒီခုတင်ပေါ်မှာ မီးဖွား
သွားတာ ကျမပဲရှင့်၊ ကျမယောကျ်ားနဲ့ သား
လေးကို မတွေ့မိဘူးလားရှင့်”
လူနာစောင့်ဖြစ်သူကို ကျမ မေးလိုက်သည်။
သူက ကျမကို ဘာမှပြန်မပြောဘဲ သူ့လူနာ
နှင့်သာ စကားပြောနေသဖြင့် သူ မကြားဘူး
ဟု ထင်ကာ အနားနားကပ်ပြီး ပခုံးကို ပုတ်
ကာ မေးလိုက်သော်လည်း သူက မသိချင်ဟန်
ပင် ဆောင်နေပြန်သည်။
“ဟွန်း…ဘယ်လိုလူစားမျိုးတွေလဲ မသိဘူး၊
အခြောက်တိုက် ဘဝင်မြင့်နေလိုက်တာ၊
အမြင်ကတ်ဖို့ကောင်းတယ်”
သူတို့ ရွာကို ပြန်သွားကြပြီထင်တယ် ငါလည်း
ရွာကိုလိုက်သွားမှဟု စိတ်ကူးလို့မဆုံးခင်ပင်
ကျမ ရွာထိပ်ကို ရောက်သွားသည်။ ရွာထဲဝင်
မယ်အလုပ်…
“ဟိတ်…ရပ်စမ်း၊ နင် ရွာထဲဝင်ခွင့်မရှိဘူး”
ရွာထိပ်တွင် ကင်းစောင့်နေသော လူနီနီကြီးနှစ်
ယောက်က ကျမကို အပြင်ဆွဲထုတ်လိုက်သဖြင့်
လမ်းဘေးသိူ့ လွင့်စင်သွားသည်။ ယခင်က
ရွာတွင်းသို့ မည်သူမဆို ဝင်၍ ရသော်လည်း
ယခု ဘာကြောင့် အစောင့်တွေ ဘာတွေနှင့်
ဖြစ်ကုန်သလဲဆိုတာကို ကျမ မတွေးတတ်
တော့။
“ကျမကို ဝင်ခွင့်ပြုပါရှင်။ ကျမသားလေး
နို့မစို့ရသေးလို့ပါ”
“ပေးဝင်လိုက်ပါကွာ၊ သူ့အိမ်ကို ခုနှစ်ရက်တော့
ပြန်ခွင့်ရှိတာပဲ”
လူကြီးတစ်ဦးက ဝင်ပြောလိုက်သည်။
“ကောင်းပြီလေ၊ ဒါဆို ဝင်ပေတော့၊ အပြင်က
ကောင်တွေက ရွာတွေကို ဒီလို နေဝင်ရီတရော
အချိန်ဆို ခိုးခိုးဝင်တတ်တယ်။ ဒီကောင်တွေ
က ဒို့အစည်းအဝေးတက်တဲ့အချိန်၊ တာဝန်လဲ
လှယ်တဲ့အချိန်တွေဆို ရွာထဲ ခိုးဝင်ပြီး လူတွေ
ကို နှောင့်ယှက်တတ်လို့ အလွတ်မပေးဘဲ စောင့်
နေရတာကွယ့်။ မင်းကို ရွာထဲမှာ နေခွင့်ရဖို့
အစည်းအဝေးမှာ တင်ပြပေးမယ်။ ကဲ…ကဲ
သွားပေတော့”
ကျမမှာ ဒီရွာက အိမ်ထောင်စုစာရင်း မှတ်ပုံတင်
ရှိတယ်ဟု ပြောမည်ကြံသော်လည်း မပြောဝံသ
ဖြင့် ရွာလယ်လမ်းမအတိုင်း လျှောက်ခါ အိမ်
ပြန်ခဲ့သည်။ ရွာထဲမှာလည်း ဘယ်တုန်းကတည်း
က ရောက်လာမှန်းမသိသော ပုံပျက်ပန်းပျက်
အကောင်တွေ နေရာအနှံ့တွေ့ရသည်။
“ကြီးကြီးမြ ကြီးကြီးမြ၊ အမေတို့အိမ်ကို ပြန်
လာကြတာ တွေ့လားဟင်”
အိမ်ရှေ့ထွက်ပြီး ဆန်ကောတစ်ချပ်နှင့် ဆန်ပြာ
နေသော ကြီးကြီးမြကို တွေ့သဖြင့် ကျမ အော်
မေးလိုက်သည်။ ကြီးကြီးမြသည် ကျမအသံကို
ကြားဟန်မတူ၊ မြင်ဟန်လည်း မပြဘဲ အိမ်ထဲ
သို့ ပြန်ဝင်သွားသည်။
“အမယ်လေး…ကြီးကြီးမြရယ်၊ ထီပေါက်တာ
ကျနေတာပဲ၊ ဘဝင်မြင့်နေလိုက်တာ”
ကြီးကြီးမြကို မကျေမနပ်နှင့် စူပွစူပွလုပ်ရင်း
လမ်းထဲကို ချိုးကွေ့ဝင်လိုက်သည်။
“ဟင်…အိမ်ရှေ့မှာ ဘာတွေလုပ်နေကြပါလိမ့်၊
စုစု စုစုနဲ့”
ကာလသားခေါင်း ကိုအောင်ကြီးတို့အဖွဲ့ အိမ်
ရှေ့တွင် ကုလားဖျင်းထိုးနေကြသည်။
“အဲဒါ… ဘာလုပ်ဖို့လဲဟင် ကိုအောင်ကြီး”
တာလပတ်မိုးတင်ဖို့ လုပ်နေသော ကိုအောင်ကြီး
ကို ကျမ မေးလိုက်သည်။ ဒီလောက် အနီးကပ်
မေးနေတာတောင် မသိကျိုးကျွံပြုနေသော ကို
အောင်ကြီးကို စိတ်တိုစွာဖြင့် တွန်းပစ်ပြီး အိမ်
ထဲဝင်လိုက်သည်။ ဒါကို ကိုအောင်ကြီး သိဟန်
ပင်မပြ။
“လာပြန်ပြီတစ်ယောက်။ ဘယ်လိုဟာတွေနဲ့
လာတွေ့နေမှန်းကို မသိဘူး၊ တစ်ယောက်ပြီး
တစ်ယောက်”
ခြံထဲကို စွေ့ခနဲ အဝင် တစ်စုံတစ်ယောက်က
ဆွဲယူပစ်ထုတ်ခြင်းကို ခံလိုက်ရပြန်သည်။ခြံ
ဝမှာ လူဝဝကြီးတစ်ယောက် တင်းပုတ်ကြီး
ကိုင်လျက် ရပ်နေသည်။
“နင် ဘာဖြစ်လို့ ခွင့်မတောင်းဘဲ ဝင်လာရတာလဲ”
အမယ်…အိမ်မှာ ခြံစောင့်တွေ ဘာတွေနဲ့ ကြီး
ပွားနေလိုက်ကြတာ၊ ဘယ်တုန်းက ဘယ်သူ
ခန့်ထားတာပါလိမ့်၊ ကိုယ်အိမ် ကိုယ်လာတာ
ကိုများ မသိဘူးလား၊ ကျမ ဒေါပွသွားသည်။
“ဒါ ကျမအိမ်လေ၊ ကျမက အိမ်ရှင်ဆိုတာ ရှင်
မသိဘူးလား။ ကိုယ့်အိမ်ကို ပြန်လာတာ ခွင့်
တောင်းစရာ လိုသေးလား။ ရှင်မယုံရင် ကျမ
နာမည်ကို သန်းခေါင်စာရင်းထဲမှာ ရှာကြည့်။
ရပ်ကွက်လူကြီးကို မေးကြည့်”
“အဲဒါ ငါမသိဘူး။ နင်က တခြားသူပဲ၊ မင်း
ဝင်ရဲဝင်ကြည့်။ ဒီမှာတွေ့လား… ထုပစ်မယ်”
ထိုသူက တင်းပုတ်ကြီးကို မြှောက်ကာ မြှောက်
ကာ လုပ်နေသဖြင့် ကိုအောင်ကြီးတို့ထံမှ အကူ
အညီ ရလိုရငြား ကြည့်သော်လည်း သူတိူ့က
ကျမကို မြင်ဟန်ပင်မတူ။ ဒီအတိုင်းဆို ကျမ
ဝင်ခွင့်ရမည်မဟုတ်၊ မာန်မာနကို လျှော့ပြီး
တောင်းပန်မှရမည်။ အိမ်ထဲရောက်ဖို့ အရေး
ကြီးသည် မဟုတ်ပါလား။
“အို…ဒီလိုမလုပ်ပါနဲ့ရှင်၊ အိမ်ထဲမှာ ကျမသားရဲ့
ယောကျ်ားရှိတယ်ရှင့်။ ကျမကို ပေးတွေ့ပါရှင့်”
“အေး…ဒါဆိုဝင်။ ခုနှစ်ရက်ပြည့်လို့ အထက်က
ဆက်နေဖို့ အမိန့်ရရင် ဆက်နေပေါ့၊ မရရင်တော့
ဂျောင်းပေတော့”
“ဟုတ်…ဟုတ်…ဟုတ်ကဲ့ပါရှင့်”
အိမ်ပေါ်တွင် ကျမဝတ်နေကျ ထဘီနှင့် အကျီ
ကို လွှမ်းထားသော မသာအလောင်းတစ်လောင်း
ကို တွေ့သည်။ မျက်နှာတွင် ပဝါအုပ်ထားသဖြင့်
ဘယ်သူမှန်း မသိရ။
“ဒါကြီးက ဘယ်သူ့မသာပါလိမ့်”
မသာအလောင်းဘေးတွင် ယောက္ခမကြီးနှင့်
လူလေးငါးဆယ်ဦးခန့် အကြမ်းသောက်ရင်း
စကားပြောနေကြသည်။ အိမ်ပေါ်ကို ကျမ
တက်လာသည်ကို မြင်ကြဟန်မတူသေး။
“အမေ…အမေ့ ဒါ ဘယ်သူ့အသုဘလဲဟင်။
အိမ်မှာ ဘာတွေဖြစ်နေတာလဲ။ သမီးကိုလည်း
ဘယ်သူမှ လာမကြိုကြဘဲ ပစ်သွားကြတယ်၊
ဒါနဲ့ ကိုကိုနဲ့ သားလေး ဘယ်ကိုရောက်နေသ
လဲဟင်”
ယောက္ခမကြီးကလည်း ကျမကို ဘာမှ ပြန်မပြော
ဘဲ မျက်ရည်လေးစမ်းစမ်းနဲ့ ဧည်သည့်တွေနဲ့သာ
စကားပြောနေသည်။ ကျမ စိတ်တိုတိုနဲ့ အိမ်ပေါ်
မှ ဆောင့်ကာ ဆောင့်ကာ ခုန်လိုက်သည်။ မသာ
အလောင်းနားရောက်တော့…
“ဒီမသာက ဘယ်က မသာမကြီးလဲ၊ ကျက်သ
ရေယုတ်လိုက်တာ”
ဟု ဆိုတာ မျက်နှာတွင် အုပ်ထားသော ပဝါကို
ဆွဲလှန်ဟန်အပြု ကလေးငိုသံ ကြားလိုက်သဖြင့်
မလှန်ဖြစ်တော့…
“ကိုမင်းအောင်ရေ…ရှင့်သားလေး နိုးသွားပြီ။
နို့ဘူးတိုက်ပေးစမ်းပါဦး။ ကျမ အနှီးတွေ
လျှော်ပေးနေလို့။ လက်မအားလို့ပါ”
တစ်ဖက်အိမ်က အပျိုကြီး မလှသွယ်၏အသံ
ကြောင့် ကိုကိုနဲ့သားလေး တစ်ဖက်အိမ်ကို
ရောက်နေတာဖြစ်မယ်ဟု ထင်ကာ တစ်ဖက်
အိမ်သို့ ကျမ ကူးလိုက်လေသည်။
xxxxx
“ဟင်း…ဟင်း. ..ကလေးမချစ်တတ်ဘူး။
သံယောဇဥ်အပိုမရှာဘူးဆိုတဲ့ အပျိုကြီး။
ခုတော့ ကလေးသေးနှီး ချေးနှီးတွေ လျှော်
နေတယ်တဲ့”
မမလှ၏အဖြစ်ကို တွေးရင်း ကျမ ပြုံးလိုက်
မိသည်။ တစ်ဖက်အိမ်မှ အပျိုကြီး မလှသွယ်
သည် ကိုကိုနှင့် ရွယ်တူဖြစ်သည်။ စက်ချုပ်
သည်။ ကျမကို ညီအရင်းနှယ် ချစ်သူဖြစ်သည်။
ဒါကြောင့် ကျမ မရှိတုန်း သားလေးကို ထိန်း
ပေးတာဖြစ်မည်။ ကျမက မမလှကို အိမ်နီးချင်း
ကိုကို့ကို မရလို့ အပျိုကြီးဖြစ်နေတာ မဟုတ်
လားဟု စလေ့ရှိသည်။ သူကလည်း…
“ငါ မလိုချင်လို့ နင်နဲ့ရတာပါ ဝါဝါရယ်”
ဟု ပြန်ပြောလေ့ရှိသည်။
ကျမက
“ဒါပေမယ့် သားလေးမွေးရင် ကိုကို့ကိုယ်စား
ချစ်ပေါ့မမလှရယ်၊ သားလေးကို မလှလှကို
ပဲ ထိန်းခိုင်းမယ်”
“အောင်မယ်လေး ဝါဝါရယ်၊ ညည်းတို့လို အ
တွယ်အတာ သံယောဇဥ်တွေ မထားချင်လို့
လင်ယူသားမွေး မလုပ်ဘဲ တစ်ကိုယ်တည်း
အပျိုကြီးလုပ်နေတာတော့။ ဘယ်သူ့ကလေး
ကိုမှ မပူမယူဘူး။ ငါ့ညီမအရင်းက မွေးတဲ့
ကလေးတောင် အကပ်မခံဘူး သိလား”
မမလှတို့အိမ်ကိုရောက်တော့ ကိုကိုသည်
သားလေးကို ချီပြီး နို့ဘူးတိုက်နေသည်။
သားလေးက ဖြူဖြူဖွေးဖွေး ချစ်စရာလေး။
“ကိုကို…သားလေးကို ဝါဝါ့ကိုပေး။ ဝါဝါ့နို့ပဲ
တိုက်မယ်”
ကိုကို့လက်ထဲက သားလေးကို ကျမ လုချီလိုက်
သည်။ သို့သော် ကလေးက ကျမလက်ထဲ ရောက်
မလာ။ ကျမ ထပ်ချီပြန်သည် မရ။
“ကိုကို ဘာဖြစ်နေတာလဲ၊ သားကို ဝါဝါ့ကို
ပေးလေ။ နို့တိုက်ရမယ်”
မသိသလိုလုပ်နေသော ကိုကို့ကို စိတ်တိုတိုနဲ့
လက်ထဲက ကလေးကို ခပ်ကြမ်းကြမ်းလေး
ဆွဲလုလိုက်သည်။ ကလေး ပယမလာသည့်
အပြင် ရုတ်တရက် ထငိုလေသည်။ ကိုကို
ချော့မြှူသော်လည်း မရ။ ကျမ ချော့မြှူသော်
လည်း မရ။ မလုပ်တတ် မကိုင်တတ် ဖြစ်နေ
သည်။ ထိုစဥ် မမလှ အပြေးကလေး ရောက်
လာသည်။
“အို…ကိုမင်းအောင်ရယ် ကလေးကို ဘယ်လို
များ လုပ်လိုက်တာတုန်း တိတ်တိတ်… သား
လေးတိတ်”
“ကျနော် ဘာမှမလုပ်ဘူးဗျ၊ ဘာဖြစ်မှန်း
မသိဘဲ ရုတ်တရက် ထင်ိုတာ”
“ဖတ်…ဖတ်၊ ဖွဟဲ့…ဖွဟဲ့၊ ဒါဆို ဘုရားစင်ပေါ်
က ပရိတ်ရေဘူးကို ယူပေးစမ်းပါ”
ပရိတ်ရေကို ခေါင်းပေါ်မှ သပ်ချပေးလိုက်မှ
အငိုတိတ်သွားသည်။ ထိုစဥ် ခြံစောင့်ကြီး
ရောက်လာကာ ကျမကို တင်းပုတ်ကြီးနှင့်
ရွယ်ပြီး….
“နင် အိမ်သားတွေကို မနှောင့်ယှက်နဲ့ နောက်
တစ်ခါ ဒီမှာတွေ့လား၊ အိမ်ပြင်ထွက်နေ”
တင်းပုတ်ကြီး တရွယ်ရွယ်နှင့် ကြိမ်းမောင်း
နေသဖြင့် ကြောက်ကြောက်နှင့် အပြင်မှာ
ထွက်နေလိုက်သည်။
ကိုယ်မွေးထားတဲ့ ကိုယ့်ကလေး ကိုယ်မပိုင်
တဲ့ဘဝမို့ အိမ်ရှေ့မှာပင် ကျမ ထိုင်ငိုနေလိုက်
မိလေသည်။ အိမ်စောင့်ဆိုတဲ့ လူကြီးရဲ့
တင်းပုတ်ကြီးကို ကြောက်လို့ သားလေး
အနား ကပ်ခွင့်မရသော်လည်း ယောက္ခမ
အိမ်ဘက်သို့ မသွားတော့ဘဲ မလှသွယ်တို့
အိမ်ဝန်းကျင်မှာပင် တဝဲလည်လည်နဲ့
အဝေးမှ အရိပ်တကြည့်ကြည့်နေရသည်။
xxxxx
ဒီအတောအတွင်း ကိုကိုနဲ့ မလှသွယ်တို့ အနေ
အထိုင်ကို ကျမ မကြိုက်။ အနေသိပ်ရင်းနှီး
လွန်းသည်။ လိုတာထက် ပိုနေသည်ဟု ကျမ
ထင်မိသည်။ ဒါပေမယ့် သူက သားလေးကို
ငါကိုယ့်စား စောင့်ရှောက်နေတာပဲလေဟု
ဖြေသိမ်ရသည်။
ဘာလိုလိုနဲ့ ဒီနေ့ဆို ကျမကို ဒီမှာနေခွင့်ပြု
ထားတာ ခြောက်ရက်ပြည့်ပြီ။ မနက်ဖြန်
တစ်ရက်သာ ကျမ နေခွင့်ရတော့မယ်။
သားလေးနဲ့ မခွဲချင်။
ကျမကို ဆက်နေဖို့ ခွင့်ပြုပါစေဟု ဆုတောင်း
ရသည်။ ဒီညတော့ သားလေး မျက်နှာကို
တစ်ဝကြီး သွားထိုင်ကြည့်မည်။ ထို့ကြောင့်
မလှသွယ်နှင့် သားလေးအိပ်တဲ့ အခန်းဆီသို့
ကျမ သွားချောင်းသည်။ အခန်းထဲတွင် ကို
ကို ရောက်နေသည်။ သားလေးသည် ပုခက်
ထဲမှာ အိပ်နေသည်။
“သားလေးကို အခုလို မိခင်ရင်းနဲ့ မေတ္တာနဲ့
စောင့်ရှောက်ပေးတာ ကျေးဇူးတင်လိုက်
တာ သွယ်ရယ်”
“ကျေးဇူးတင်စရာမလိုပါဘူး ကိုအောင်ရယ်၊
ကျမက ကိုအောင့်ကို သံယောဇဥ်ရှိပြီးသား
မို့ ကိုအောင့်သားကို ကျမသားလိုပဲ သဘော
ထားပါတယ်ရှင်”
မလှသွယ်သည် သူ့စကားကိုသူ ရှက်စနိုးဖြစ်
နေပုံရသည်။ ကျမက မိန်းမသားအချင်းချင်း
မို့ မြွေမြွေချင်း ခြေမြင်သည်။
“ခုတလော ဒီနားမှာ ဝါဝါ့ကို တွေ့ရတယ်လို့
လူတွေပြောကြတယ်၊ သူများ ဒီနားမှာရှိမလား
မသိဘူးနော်”
မလှသွယ် မျက်လုံးလေးဝိုင်းသွားသည်။
“ဟုတ်…ဟုတ်လား ကိုအောင်၊ သွယ် သွယ်
ကြောက်တယ်ကွယ်”
မလှသွယ်က ကိုကိုနှင့် အသားချင်းထိအောင်
ပူးကပ်နေလိုက်သည်။ အံ့သြခြင်း၊ ဝမ်းနည်း
ခြင်း၊ ဒေါသဖြစ်ခြင်းတို့နဲ့အတူ အခန်းထဲ
ပြေးဝင်ပြီး ကိုကို့ကျောပြင်ကို အဆက်မပြတ်
ကျမ ထုနေလိုက်သည်။
ဒါ ကိုကိုက သိဟန်မတူ။ နှစ်ယောက်သား အ
ကြည်ဆိုက်နေလိုက်တာ။ ကိုကို့လက်တစ်ဖက်
က မမလှ ပခုံးပေါ်တင်လို့။ ထိုစဥ် တင်းပုတ်
ကိုင်ထားသောအိမ်စောင့်နတ်ကြီး ရောက်
လာကာ…
“နင်…မနှောင့်ယှက်နဲ့”
ဟု ဆိုကာ အိမ်ပြင်ကို ဆွဲပစ်လိုက်သဖြင့် ကျမ
အိမ်အပြင်ရောက်သွားသည်။
“ကိုကိုရော၊ မမလှရော သစ္စာမရှိဘူး။ ကျမ
အပေါ် သစ္စာမရှိဘူး။ မုန်းတယ်…မုန်းတယ်”
ခံပြင်းစွာ အော်ဟစ်ရင်း ခဲတစ်လုံးကောက်
ကာ အိမ်ကို ဘုန်းခနဲ ပေါက်လိုက်မိသည်။
“ဟင်…သ…သရဲ ခြောက်တယ်ထင်တယ်
ကိုအောင်၊ ကြားလား”
“အို…မဟုတ်ပါဘူး သွယ်ရယ်”
“ဟော…နောက်တစ်ချက်၊ မကြားဘူးလား
အို…သွယ်ကြောက်တယ် ကိုအောင်ရယ်။
သွယ့်ကို ဖက်ထားပါ ကိုရယ်၊ ဒီည ကိုဘယ်
မှမသွားနဲ့နော်။ သွယ့်အနားမှာပဲ နေပါနော်
အရေးအကြောင်းဆို…”
“အင်းပါ…သွယ်ရယ်”
အိမ်ထဲမှ အသံတွေတိတ်သွားသည်။ ‘ပေါ့
စေလိုလို့ကြောင်ရုပ်ထိုး၊ ဆေးကြောင့်လေး’
ဆိုသလို မကျေမနပ်နဲ့ ခဲနဲပေါက်မှ ထိုည
သူတို့နှစ်ယောက်အတွက် အခွင့်ကောင်းကို
ဖန်တီးပေးသလို ဖြစ်သွားသည်။
ကိုကိုသည် ထိုည အိမ်ပြန်မအိပ်မှ သေချာ
လေသည်။
xxxxx
အိမ်ရှေ့က အုန်းပင်ရင်းမှာ တစ်ညလုံး ထိုင်ငို
ရင်း မိုးလင်းခဲ့သည်။ ယောက္ခမကြီး၏အိမ်
တွင် နံနက်စောစောကတည်းက ချက်ဟယ်
ပြုတ်ဟယ်နဲ့လူတွေ လှုပ်လှုပ်ရွရွနှင့် ပြင်ဆင်
နေကြသည်။ အိမ်ထဲကို လူတွေ တဖွဲဖွဲ ဝသ်
လာကြသည်။ မကြာခင် သံဃာတော်များ
ကြွလာကြသည်။ သံဃာတော်များကို ဆွမ်း
ကပ်နေကြတာကို ကျမမြင်နေရပါသည်။
“ရပ်ကွက်အတွင်းရှိ ဆွေမျိုး မိတ်သဂ်ဟအပေါင်း
တို့ခင်ဗျား၊ လွန်ခဲ့တဲ့ တစ်ပတ်ခန့်က ကွယ်လွန်
သွားသော မဝါဝါ၏ အသုဘရက်လွန်ဆွမ်းကျွေး
တရားတော်နာသို့ ကြွရောက်ကြွပါရန် လေး
စားစွာ ဖိတ်ကြားအပ်ပါသည်ခင်ဗျား”
အသံချဲ့စက်မှ တရားနာဖိတ်သံကြောင့် ကျမ
လန့်ဖျပ်သွားမိသည်။
“ဟင်…မဝါဝါတဲ့။ ဒါဆို… ငါ…ငါ…”
“သမီး…ဝါဝါရေ…အမေနဲ့အတူ တရားနာလာ
ဖို့ ဖိတ်ခေါ်ပါတယ်ကွယ်။ ဒီနေ့ သမီးကိုရည်
စူးပြီး ပြုတဲ့ကောင်းမှုကုသိုလ်ကို သာဓုခေါ်
ပါကွယ်”
“ဒါ…ငါ…ငါ..သေပြီပဲ။ ဟိုမသာကြီးဟာ
ငါပေါ့”
စုတေခါနီးမှာ ဇနီး သားသမီး ခင်ပွန်းနဲ့ ပစ္စည်း
ဥစ္စာတစ်စုတစ်ရာကို စွဲလန်းမှုကြောင့် သေ
တဲ့အခါ ပြိတ္တာဖြစ်တယ်တဲ့။ ဒါဆို ကျမဟာ
ကွယ်လွန်ပြီး သားသမီး ခင်ပွန်းကို စွဲလန်း
စိတ်နဲ့ ပြိတ္တာဘဝကို ရောက်နေပါပေါ့လား။
အရာရာသည် အရှုံးချည်းပဲမို့ ဝမ်းနည်းပက်
လက်နှင့် ကျမ ငိူရှိုက်လိုက်မိသည်။ မိသား
စုနှင့် ကျမဘဝ ခြားပြီပဲ။
ကျမကသာ စွဲလန်းနေသည်။ သူတို့က ကျမကို
မစွဲလန်းကျတော့။သူတို့အဖို့ သေသူကို စွဲလန်း
နေလို့ အကျိုးမရှိ။
တဏှာပေမဆိုတဲ့ သမုဒယ သံယောဇဥ် ဒါမှ
မဟုတ် လောဘ ဆိုတာ တရားနှင့်ထိန်းကာမှ
တန်ကာကျမည်။ သူတို့အလိုဆန္ဒအတိုင်းသာ
လွှတ်ထားခဲ့လျှင် ကျမ ဤဘဝက လွတ်လမ်း
မမြင်။
ဆရာတော်၏တရားသံကို နားစိုက်ထောင်ရင်း
အတွေးနယ်ချဲ့နေမိသည်။ သညာဆိုတာ အ
မှားကို အမှန်၊ အမှန်ကို အမှားလို့ ထင်မှတ်တတ်
တဲ့အတွက် နက်နဲကျယ်သန်းပါတယ်
ဒါကြေယင့်လည်း သံသရာမှာ ကြာရှည်စွာ
ကျင်လည်နေရတာပါပဲ၊ အဝိဇ္ဇာဆိုတဲ့ တဏှာ
ကြောင့် နှစ်သက်ဖွယ်ဆိုပြီး အမှတ်လွဲ အ
ယူလွဲနေကြတာကြောင့်လည်း သံသရာမှာ
လည်နေရတာလို့ ဆိုပါတယ်။
“မိန်းကလေး တရားကို နှလုံးသွင်းပါ။ မင်း
အတွက် သူတို့က ကောင်းမှုကုသိုလ်တွေ
ပြုပေးနေတယ်၊ မင်းလိုရာ ဘဝကို စိတ်ညွတ်
ပြီး သာဓုခေါ်ပါ။ မခေါ်နိုင်ရင် ဒီဘဝက
ကျွတ်မှာ မဟုတ်ဘူး။ မင်းဟာ သေခါနီး
အစွဲအလန်းတွေကြောင့် ဒီဘဝမှာ သြပပါ
တိက ပဋိသန္ဓေနဲ့ ခန္ဓာကိုယ် ဘွားခနဲပေါ်ပြီး
ပြိတ္တာဖြစ်ရတာ၊ သာဓုခေါ်နိုင်ရင် မင်းရဲ့
ပြိတ္တသက်တမ်း ဒီနေ့နောက်ဆုံးပဲ။ ဘဝ
သစ်မှာ ပဋိသန္ဓေနေရတော့မယ်”
ဝတ်ဖြူစင်ကြယ်နဲ့ လူဖြူကြီး တစ်ယောက်က
အနားနားကပ်ပြီး သူ့ကို သတိပေးလိုက်သည်။
“အဘိုးက ဘယ်သူလဲ”
“ငါ့ကို ရုက္ခစိုးဘိုးဘိုးကြီးလို့ လူတွေက ခေါ်
ကြတယ်။ ငါလည်း မင်းလို ပြိတ္တာပဲ။ ဒါပေ
မယ့် ငါက ကမ္မဝိတ္တိတန်ခိုးရှိတဲ့ ဝေမာနိက
ပြိတ္တာမျိုး၊ ပြိတ္တာထဲမှာ အမြင့်ဆုံးပေါ့၊
အခု ငါလည်း တရားလာတာပဲ”
“ကျမ ဘယ်ဘဝကို သွားရမလဲ အဘိုး”
“အကောင်းဆုံးကတော့ လူ့ဘဝပဲပေါ့၊ လူ့
ဘဝမှာ ဒါန သီလ ဘာဝနာကောင်းမှုတွေနဲ့
မင်းအတွက် ကုသိုလ် ပါရမီတိုးအောင်
ပြုနိုင်တယ်၊ သောတပန်ကအစ နိဗ္ဗာန်ကို
မျက်မှောက်ပြုပြီး သံသရာ လွတ်အောင်
ကြံဆောင်နိုင်တယ်ကွယ့်၊ ဟော…တရား
ကျပြီ သာဓုခေါ်လိုက်ကြစို့၊ တချို့ဆို
သာဓုခေါ်ခွင့်တောင် မရှိဘူးကွယ့်”
တရားကျတော့ သာဓုသုံးကြိမ် ကောင်းစွာ
ခေါ်ဆိုနိုင်ခဲ့သည်။ သံဃာတွေလည်း ပြန်ကြွ
သွားလေပြီ။
“အဲဒီ အမျိုးနောက်ကို လိုက်သွားကွယ့်။ သူက
မင်းအတွက် ဘဝသစ်တဖန် ပဋိသန္ဓေနေဖို့ အခွင့်
ကောင်းပဲကွယ့်။ ပဋိသန္ဓေနေတယ်ဆိုတာ အဲဒီ
မိခင်လောင်းဟာ ရာသီပန်းပွင့်ပြီးခါစဖြစ်လို့
သားအိမ်စင်ကြွယ်နေတဲ့ အချိန်ဖြစ်ခြင်း၊ မိဘ
နှစ်ဦး ပျော်မြူးတူး ပေါင်းသင်းခြင်း၊ သန္ဓေ
သားလောင်းကလည်း ဘဝဟောင်းက စုတေ
ခြင်းဆိုတဲ့ အကြောင်းသုံးပါးနဲ့ ပြည့်စုံရတယ်၊
သူ့ဆီမှာ ခွင့်တောင်းပြီး နေပေတော့”
အဘိုး ညွှန်ပြသော အမျိုးသမီးသည် ကျမ၏
အစ်မဝမ်းကွဲ ဖြစ်နေသည်။ ကျမ သူတို့နောက်
မှ ကပ်လိုက်သွားသည်။ အိမ်ရောက်တော့…
“မောင်ရေ…ကျမတော့ အလှူအိမ်က စား
လာတာ ဗိုက်ပြည့်နေလို့ ခဏမှိန်းလိုက်ဦးမယ်”
ဟု ဆိုကာ ခုတင်ပေါ်တွင် လဲလျောင်းနေလိုက်
သည်။ သူအိပ်ပျော်နေတုန်း…
“အစ်မရယ်…အစ်မနဲ့အတူ ကျမ လာနေပါ
ရစေ”
ဟု ခွင့်တောင်းလိုက်သည်။ အစ်မက ကျမကို
နေခွင့်ပြုလိုက်သည်။ ထိုစဥ်မှာပင် သူမ လန့်
နိုးကာ အိပ်မက်အကြောင်းကို ခင်ပွန်းဖြစ်သူ
ကို ပြောပြလိုက်သည်။
ခင်ပွန်းဖြစ်သူက သောက်ရေခွက် ခပ်ပေး
လိုက်သည်။
ထိုစဥ်မှာပင် မြူမှုန်လေးအဖြစ်နှင့် ဖန်ခွက်
ထဲတွင် ကျမ ဝင်နေလိုက်သည်။ သူမ ရေ
တစ်ခွက်လုံး သောက်ချလိုက်ပြီးသောအခါ
ကျမသည် ဘဝသစ်တစ်ခုအတွက် ဇာတိ
ခရီးကို စတင်လေတော့သတည်း။
ပြီးပါပြီ
မူရင်းရေးသူ ဆရာ သျှင်ရဲထွဋ်(တောင်စွန်း)
စာဖတ်သူကို ကူးယူဝေမျှသူ လက်ခ(ရွှေပေါက်ကံ)
credit
ရုက္ခစိုးပေးသော အသပြာ နှင့် ဝရမ်းပြေး
တစ္ဆေ စာအုပ် ကောက်နုတ်တင်ပြထားသည်။