ဘဝဟောင်းကသံယောဇဉ်

ဘဝဟောင်းကသံယောဇဉ်(စ/ဆုံး)
———————————-

“ ဝူးးးး…..ကျီ…..”

အိမ်ရှေ့ကနေ ရုတ်တရက်ထွက်လာတဲ့ ဆင်အော်သံကြောင့် အိပ်ပျော်နေတဲ့ လှလေးစိန်တစ်ယောက် လန့်နိုးလာပြီး အသံကြားရာဘက်ကို ကြည့်လိုက်ရာ လှပတဲ့အဆင်တန်ဆာတွေကိုဆင်ယင်ထားတဲ့ စွယ်စုံဆင်ကြီးတစ်ကောင်ကိုမြင်လိုက်ရတယ်။

ဆင်ရဲ့ ကုန်းနှီးပေါ်မှာတော့ တစ်လက်လက်တစ်ဖျက်ဖျက် တောက်ပနေတဲ့ လက်ဝတ်လက်စားတွေကိုဝတ်ဆင်ထားပြီး ဝါဖျော့ဖျော့အရောင်အဝတ်အစားကိုဝတ်ဆင်ထားတဲ့ လူတစ်ယောက်က အမိန့်သားထိုင်ကာ အိမ်ကိုစူးစိုက်ကြည့်နေခဲ့တယ်။

“ ဟင် …. ဒီလူကို ရင်းရင်းနှီးနှီးမြင်ဖူးနေသလိုပဲ ၊ ဘယ်မှာမြင်ဖူးပါလိမ့်”

လှလေးစိန်တစ်ယောက် ထရံပေါက်ကနေချောင်းကြည့်ပြီး စဉ်းစားနေတဲ့အချိန်

“ နှမတော်… ဒီက မောင်ကြီးဆီကို ပြန်လာဖို့အချိန်သင့်ပြီနော်။ ဒီ မောင်မှာ နှမတော် ထွက်သွားထဲက အခုချိန်ထိ တစ်ရက်မှမေ့မရခဲ့တာ သိရဲ့လား..”

လူတစ်ယောက်ရဲ့ စိတ်ကိုညို့ယူနိုင်စွမ်းရှိတဲ့အသံနဲ့ပြောနေတဲ့လူကိုမြင်တော့ လှလေးစိန်ရဲ့ စိတ်ထဲမှာ သာယာမှုအနည်းငယ်ဖြစ်ပေါ်လာခဲ့သလို အပြင်ကိုထွက်ပြီးကြည့်ချင်တဲ့စိတ်တွေ တဖွားဖွားပေါ်ပေါက်လာကာ ခြင်ထောင်ထဲကနေထွက်ဖို့အလုပ် ဘေးမှာ အိပ်မောကျနေတဲ့ ယောင်္ကျားဖြစ်သူကိုမြင်တော့မှ

“ ငါဘာဖြစ်နေတာပါလဲ… အို… ငါ့မှာ ကာမပိုင်လင်ယောင်္ကျားရှိနေပြီပဲ..ဒီလိုစိတ်တွေမဝင်သင့်ပါဘူး” လို့တွေးကာ ခြင်ထောင်ထဲပြန်ဝင်ပြီး နားနှစ်ဖက်ကို ခေါင်းအုံးနဲ့ဖိကာ လှဲအိပ်လိုက်တယ်။ အဲဒီအချိန် အိမ်ရှေ့ကနေ ကျယ်လောင်စွာအော်လိုက်တဲ့ ဆင်ကျီသံနဲ့အတူ ယောင်္ကျားတစ်ယောက်ရဲ့ တောက်ခတ်သံတစ်ချက် ထွက်ပေါ်လာခဲ့တယ်။

လှလေးစိန်လဲ မနက်မိုးလင်းတော့ ညကအဖြစ်အပျက်ကို ပြန်တွေးရင်း ထမင်းဟင်းချက်နေတဲ့အချိန် နှာခေါင်းထဲကို ကံ့ကော်ပန်းရနံ့နဲ့တူတဲ့ အမွှေးနံ့တစ်ခုဝင်ရောက်လာခဲ့တယ်။

“ အို… မွှေးလိုက်တဲ့ ကံ့ကော်အနံ့လေးပါလား၊ ဒီအချိန်က ကံ့ကော်ပွင့်ချိန်လဲမဟုတ်ပဲနဲ့ ဘယ်လိုကြောင့် ရနံ့တွေမွှေးကြိုင်နေရတာလဲမသိပါဘူး”

ထမင်းအိုးငှဲ့ရင်း တစ်ယောက်ထဲ ရေရွတ်နေတဲ့အချိန် အိမ်နောက်မှာရှိတဲ့ အင်တောထဲကနေ လူတစ်ယောက် စူးစိုက်ကြည့်နေသလိ ခံစားလိုက်ရတယ်။

“ ငါ ဘာတွေဖြစ်နေပါလိမ့်… စိတ်ထဲဂယောင်ချောက်ချားတွေဖြစ်နေပါရောလား… ဟင်းးးး”

ရေစစ်လုနီးပါးဖြစ်နေတဲ့ ထမင်းအိုးကို နှစ်ချက်သုံးချက်လောက် ခါလိုက်ပြီး ထင်းမီးဖိုပေါ်တင်ကာ အိမ်ရှေ့ကိုထွက်သွားတဲ့ချိန်မှာတော့ အင်ပင်တစ်ပင်ရဲ့အနောက်ကနေ ရွှေအိုရောင်ပိုးချည်ကို မင်းညီမင်းသားတွေသဏ္ဉာန်ဝတ်ဆင်ထားတဲ့ လူတစ်ယောက် ထွက်လာပြီး လှလေးစိန်နေတဲ့အိမ်ကို မျက်တောင်မခတ်တမ်း စူးစိုက်ကြည့်နေခဲ့တယ်။

+++++

“ ကိုရင်မောင်… တော် ဒီနေ့ ထမင်းစားတာ နည်းလှချည်လား။ ဘာလဲ ဟင်းမကောင်းလို့ နည်းနည်းပဲစားတာလား”

“ ငါ ဗိုက်တင်းနေလို့ပါ လှလေးစိန်ရာ… မင်းချက်တဲ့ ဘဲဥဟင်းနဲ့ ဘူးသီးဟင်းခါးလေးက အရမ်းစားလို့ကောင်းပါတယ်”

“ မသိပါဘူးတော်.. ကျုပ်က ဟင်းမကောင်းလို့ တော် နည်းနည်းပဲစားတယ်ထင်နေတာ”

“ ဟာ ဒီမိန်းမကတော့ ပေါက်ကရတွေးဖို့ဆိုထိပ်ဆုံးကပဲ… ညနေကျရင် ချက်စူတို့ အိုင်ပက်တဲ့ဆီကနေ ဟင်းစားရလာမှာမို့ သေချာချက်ပေးဖို့ပြင်ထား”

ကိုရင်မောင်က ပြောပီးတာနဲ့ အိမ်ရှေ့လှေကားရင်းမှာ ချိတ်ထားတဲ့ ထန်းလက်ခမောက်ကိုယူကာ အိမ်ပေါ်ကနေဆင်းသွားခဲ့တယ်။

လှလေးစိန်ကတော့ ထမင်းစားပွဲဝိုင်းမှာ ကိုရင်မောင် မစားပဲချန်ထားတဲ့ ဘဲဥ တစ်ခြမ်းကိုကြည့်နေတဲ့အချိန် မျက်လုံးအိမ်ထဲကနေ မျက်ရည်အချို့ ဖြတ်ခနဲကျဆင်းလာခဲ့တယ်။
+++++++

“ ချက်စူ … မင်းတို့ ယူလာတဲ့ထဲက ဘာတွေကျန်သေးလဲကွ”

ထန်းလျက်ခမောက်ကို ချွတ်ပြီးမေးလိုက်တဲ့ ကိုရင်မောင်စကားကြောင့် အိုင်ပက်နေတဲ့ ချက်စူက မျက်မှောင်ကျုံ့လိုက်ပြီး

“ မင်း ထမင်းစားပြန်သွားတာ ဘာမှမစားလာဘူးလား”

“ အေးကွာ အိမ်မှာက ဘဲဥ တစ်လုံးပဲချက်ထားတော့ ငါစားလိုက်ရင် လှလေးစိန် ငတ်မှာကွ.. ဒါကြောင့် နည်းနည်းပဲစားပြီး ဗိုက်ပြည့်တဲ့ဟန်နဲ့ ထွက်လာခဲ့တာပဲ။ လုပ်စမ်းပါကွာ … မနေ့က မင်းတို့ တာရိုးဘက်မှာ ငါးပြေမတွေမိလို့ ချက်လာတာ ငါသိပါတယ် ဟဲဟဲ”

ကိုရင်မောင်ရဲ့ ရယ်ကျဲကျဲမျက်နှာပေးကြောင့် ချက်စူက ပယ်ပယ်နယ်နယ်ဆဲဆိုပြီး

“ ဟိုခြင်းတောင်းထဲမှာ ငါးပြေမဟင်းတွေကျန်သေးတယ်၊ ထမင်းနဲ့ ငါးပိထောင်းလဲရှိသေးတယ်။ စားနိုင်သလောက်စားသွား….စားပြီးရင်တော့ အိုင်လာဝိုင်းပက်ပေးဦး”

“ အေးပါကွ… စားပြီးတာနဲ့ ဆင်းလာခဲ့ပါ့မယ်၊ ခုတော့ ဝမ်းအရင်ဖြည့်လိုက်ဦးမယ်”

ကိုရင်မောင်က ချက်စူထည့်လာတဲ့ ထမင်းနဲ့ဟင်းကို ထည့်ကာမြိန်ရည်ယှက်ရည်စားနေလိုက်တယ်။

++++++++

“ နှမတော်… အိပ်နေပီလား…ထပါဦးကွယ့်”

အိမ်ရှေ့ကနေ ခေါ်နေတဲ့အသံကြောင့် အိပ်ပျော်နေတဲ့ လှလေးစိန် လန့်နိုးလာပြီးကြည့်လိုက်ရာ ဘယ်သူကိုမှမြင်ရတဲ့အတွက် အိမ်မက်မက်နေတာဖြစ်မယ်ဆိုပြီး ပြန်အိပ်ဖို့အလုပ်…

“ နှမတော်က မောင်ကြီးကို မြင်ရမှာမဟုတ်ဘူး… မောင်ကြီးကတော့ နှမတော်ကိုမြင်နေရတယ်။ အခုလို နှမတော် ဒုက္ခတွေခံစားနေရတာ မကြည့်ရက်လို့ မောင်ကြီး နိုင်သလောက်လေး လာကူညီပေးတာပါ” ဆိုတဲ့အသံကို အတိုင်းသားကြားလိုက်ရတယ်။

“ ရှင်…ဘယ်သူလဲ… နေ့ခင်းကြောင်တောင် သရဲခြောက်နေတာတော့မဟုတ်ပါဘူးနော်”

“ နှမတော်က မောင်ကြီးကို ရုတ်တရက်ဆိုတော့ မမှတ်မိတာဖြစ်မှာပါ… ကဲကဲ ဒါတွေက ရှိပစေတော့၊ ညနေ နေမဝင်ခင်အချိန် ဓါးခုတ်ရာပေးထားတဲ့ အင်ပင်အောက်ကို လာခဲ့ပါ။ အပင်အောက်မှာ နှမတော်အတွက် လက်ဆောင်ပစ္စည်းတစ်ခု ချန်ထားပေးတယ်”

“ အို… ရှင်က လူရုပ်တောင်မပြပဲ ကျွန်မက ဘာလို့လာရမှာလဲ… နောက်ပြီး ဒီလိုကိစ္စတွေ ကျွန်မမလုပ်ရဲဘူး၊ ရှင်ပြန်ပါတော့ နောက်လဲ ကျွန်မဆီထပ်မလာနဲ့”

လှလေးစိန်လဲ စိတ်ထဲရှိတဲ့အတိုင်း ပြောချလိုက်တဲ့အချိန် ဟီးးခနဲဆိုပြီး မြင်းဟီသံနဲ့အတူ ခြံထဲမှာ လှည့်ပတ်ပြေးလွှားနေတဲ့ မြင်းခွါသံအချို့ကိုပါ ကြားလိုက်ရတယ်။

“ လှလေးစိန်… ဟေ့ လှလေးစိန်”

အိမ်ရှေ့လှေကားကို သစ်ကိုင်းခြောက်နဲ့ ခေါက်ရင်း ခေါ်လိုက်တဲ့အသံကြောင့် ဖြတ်ခနဲလန့်နိုးလာပြီးကြည့်လိုက်ရာ ငါးတစ်တွဲကိုကိုင်ထားတဲ့ ဘစံကိုမြင်လိုက်ရတယ်။

“ လှလေးစိန် နင်လဲနော် နေ့လည်ဘက်ကြီး ဘာတွေယောင်ပြီးအော်နေတာလဲ… ဒီမှာ နင်တို့အိမ်အတွက် ဟင်းစားလာပေးတာ အမြန်လာယူ”

ဘစံ စကားကြောင့် လှလေးစိန်က ကပိုကရိုဖြစ်နေတဲ့ ဆံပင်ကို တစ်ပတ်လျှိုထုံးလိုက်ပြီး ငါးတွဲကိုဆင်းယူလိုက်တဲ့အချိန် ခြံထဲမှာ ပြန့်ကျဲနေတဲ့ မြင်းခွါရာတွေကို ထူးဆန်းစွာမြင်လိုက်ရတယ်။

“ ဟဲ့ လှလေးစိန်… နင်ဘာတွေလိုက်ကြည့်နေတာလဲ”

“ အဲ… ဘာမှမကြည့်ပါဘူး ကိုစံဘရယ်.. အိပ်ချင်မူးတူးနဲ့ဆိုတော့ အံ့ဩသွားလို့ပါ၊ ဒါနဲ့ ဟင်းစားက ဘယ်သူပေးခိုင်းလိုက်တာလဲ”

“ ဘယ်သူရှိရမလဲ နင့်ယောင်္ကျားပေါ့… ချက်စူတို့အိုင်ပက်တဲ့နေရာမှာဝိုင်းလုပ်ရင်း အိမ်အတွက်လာပေးခိုင်းလိုက်တာ.. ရော့”

လှလေးစိန်လဲ တဖျတ်ဖျတ်လှုပ်နေတဲ့ ငါးတွဲကိုလှမ်းယူပြီး ကျေးဇူးတင်စကားဆိုကာ အိမ်နောက်ဘေးဘက်ကိုထွက်လာလိုက်တယ်။

“ ငါးတွေက လတ်လိုက်တာ… ဒီညတော့ ထမင်းမြန်ပြီထင်ပါတယ်”

လှလေးစိန်လဲ ရလာတဲ့ငါးတွေကို အကြေးခွံတွေဖယ်ပြီး ခုတ်ထစ်နေတုန်း မျက်လုံးက အိမ်နောက်ဘက်မှာရှိတဲ့ အင်တောတွေဘက်ကိုရောက်သွားခဲ့တယ်။

“ ဟင်… ပင်စည်မှာ ဓါးခုတ်ရာအမှတ်အသားဖြစ်နေပါလား.. ဒါ ငါ့ကိုအိမ်မက်ထဲမှာပြောသွားတဲ့အပင်ပဲ၊ သူပြောတာက အပင်အောက်မှာ ငါ့အတွက် လက်ဆောင်ရှိတယ်ဆိုပဲ… အို … ဘာပဲဖြစ်ဖြစ် သွားကြည့်လို့ အရှုံးမရှိလောက်ပါဘူး”

လှလေးစိန်က လုပ်လက်စငါးတွေကိုပစ်ချပြီး ဓါးခုတ်ရာပေးထားတဲ့ အင်ပင်ရှိတဲ့ဘက်ကိုထွက်လာခဲ့လိုက်တယ်။ အပင်အောက်ကိုရောက်တော့ လက်နှစ်လုံးစာလောက်ရှိတဲ့ ယွန်းဘူးတစ်ဘူးကို အင်ဖက်တွေနဲ့ အုပ်ပြီးချထားတာကိုမြင်လိုက်ရတယ်။

“ ဟယ် ယွန်းဘူးလေးပါလား… လှလိုက်တာ”

လှလေးစိန်က ယွန်းဘူးကိုကောက်ကိုင်ပြီး ဖွင့်ကြည့်လိုက်ရာ အထဲမှာ အရောင်တဖိတ်ဖိတ်တောက်နေတဲ့ ရွှေဒင်္ဂါးတစ်ပြားကိုမြင်လိုက်ရတယ်။

ရွှေဒင်္ဂါးကိုလဲမြင်ရော ကပြာကယာ ချွေးခံအိတ်ထဲထိုးထည့်လိုက်ပြီး ဟန်မပျက်အိမ်ပေါ်ကိုပြန်တက်လာခဲ့လိုက်တယ်။
++++
ညရောက်တော့ ငါပြေမဟင်းနဲ့ လင်မယားနှစ်ယောက် ထမင်းစားပြီး ရောက်တတ်ရာရာပြောနေကြတဲ့အချိန် လှလေးစိန်နှာခေါင်းထဲမှာ ကံ့ကော်ပန်းရနံ့တွေ လှိုင်ခနဲရလာခဲ့တယ်။ အမွှေးရနံ့တွေရပြီးမကြာခင်မှာပဲ လင်မယားနှစ်ယောက်လုံး မျက်လုံးတွေမှေးစင်းလာပြီး အိပ်ယာတောင်မခင်းနိုင်ပဲ အိပ်ပျော်သွားခဲ့ကြတယ်။

” နှမတော် ထစမ်းပါဦး… ဟောဒီမှာ မောင်ကြီးနဲ့ နှမတော်တို့ တူတူစီးခဲ့တဲ့ တိုင်းလုံးကျော်လေ..”

ညို့ဓါတ်အပြည့်ပါတဲ့အသံကြောင့် လှလေးစိန် တစ်ယောက် အိပ်ပျော်နေရာကနေ ထထိုင်ပြီးကြည့်လိုက်ရာ အုန်းခွံရောင်မြင်းရဲ့ လည်ဆံမွှေးတွေကို လက်နဲ့ပွတ်သပ်နေတဲ့အမျိုးသားတစ်ယောက်ကိုမြင်လိုက်ရတယ်။

“ နှမတော် ဘာလုပ်နေတာလဲ… ဟောဒီ တိုင်းလုံးကျော်ရဲ့ ကျောပေါ်မှာ မောင်ကြီးနဲ့ နှမတော်တို့ တူတူထိုင်စီးခဲ့ကြတာ မှတ်မိသေးရဲ့လား… လာပါ မောင်ကြီးနဲ့အတူတူ အတိတ်အကြောင်းတွေ ပြောကြရအောင်လေ”

ဒီတစ်ခါမှာတော့ လှလေးစိန်က သူစိမ်းအမျိုးသားရဲ့ စကားတွေကိုလွန်ဆန်နိုင်ခြင်းမရှိတော့ပဲ အိမ်အောက်ကို ဆင်းလာမိခဲ့တယ်။

“ နှမတော် မောင်ကြီးကို မှတ်မိပြီလား…”

ဆင်စွယ်ရောင်သိုရင်းင်္အကျီနဲ့အဝါဖျော့ရောင်ချိတ်လုံချည်ကိုကျနစွာဝတ်ဆင်ထားတဲ့ လူရဲ့စကားကြောင့် လှလေးစိန် ခေါင်းကိုဖြေးညှင်းစွာခါယမ်းလိုက်ပြီး

“ ဒီက အစ်ကိုကို ညီမ မသိတာတော့အမှန်ပဲ… ဒါပေမယ့် စိတ်ထဲမှာ ရင်းနှီးနေသလိုတော့ရှိပါတယ်”

“ ဟက်ဟက် နှမတော်ကသာ မောင်ကြီးကို မေ့နေတာပါ၊ ဟောဒီက မောင်ကြီးကလေ နှမတော်ထွက်သွားပြီးထဲက တစ်ရက် တစ်ညမှမေ့မရခဲ့ပါဘူး”

“ ရှင် .. ရှင် ဘာတွေပြောနေတာလဲ၊ အခု ကျွန်မမှာ ကာမပိုင်လင်ယောင်္ကျားရှိတယ်ရှင့်… အခုလိုတွေ ဆက်ပြောနေမယ်ဆိုရင် ကျွန်မဆီထပ်မလာပါနဲ့”

လှလေးစိန်ရဲ့ ပြတ်သားလှတဲ့စကားကြောင့် အုန်းခွံရောင်မြင်းကို ပွတ်သပ်နေတဲ့ လူရဲ့ မျက်နှာ ရုတ်တရက်တင်းမာသွားပြီးကာမှ ဟန်မပျက်ပြုံးလိုက်ပြီး

“ နှမတော် အတိတ်က အဖြစ်တွေကို မေ့ပျောက်နေလို့ အခုလိုတွေပြောတယ်ဆိုတာ မောင်ကြီးနားလည်ပါတယ်၊ နှမတော် လူ့ဘဝကို သွားချင်ပါရဲ့ဆိုပြီး အပူကပ်လို့ မောင်ကြီးက သွားခွင့်ပြုပေးခဲ့တာလေ။ ဒါတွေက နှမတော်ကို အရမ်းချစ်လို့ ရင်ကွဲခံပြီး ခွင့်ပြုပေးခဲ့တာ။ အခုမောင်ကြီးရုပ်ရည်နဲ့ နှမတော် ပေါင်းသင်းနေတဲ့ သူရဲ့ ရုပ်ရည်ကိုယှဉ်ကြည့်ပါဦး”

လှလေးစိန်အနေနဲ့ သူ့အရှေ့မှာရပ်နေတဲ့ သူကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး

“ ရှင်က ဘယ်လောက်ပဲချောမောလှပနေပါစေ… လှလေးစိန်က ကိုရင်မောင် တစ်ယောက်ထဲကိုပဲ ချစ်တယ်ရှင့်။ ဒါကြောင့် နောက်ထပ် ကျွန်မဆီလဲမလာပါနဲ့၊ ကျွန်မလဲ ရှင်ခေါ်တဲ့နောက်ကို မလိုက်ဘူး”

“ ရော်… တယ်ခက်သကိုးကွယ်၊ နှမတော်အနေနဲ့ လူ့ဘဝမှာနေရတာ အရမ်းကြပ်တည်းနေတာ မောင်ကြီးသိပါတယ်။ ဒါကြောင့် နှမတော်ကို အိမ်မက်ပေးပြီး ရွှေဒင်္ဂါးတွေပေးခဲ့တာပေါ့။ နောက်နောင်လဲ မောင်ကြီးက နှမတော်တို့ စားသောက်လို့မကုန်တဲ့ ရတနာပစ္စည်းတွေထပ်ပေးဦးမှာ။ ဒါကြောင့် မောင်ကြီးကိုတော့ နှင်မထုတ်ပါနဲ့ကွယ်”

မျက်နှာငယ်လေးနဲ့ပြောနေတဲ့ လူရဲ့စကားကြောင့် လှလေးစိန်စိတ်ထဲ သနားစိတ်လေးအနည်းငယ်ဝင်လာခဲ့ပြီး

“ ရှင့်အနေနဲ့ ကျွန်မတို့လင်မယားကို ဘာမှမနှောက်ယှက်ဘူးဆိုရင် ရပါတယ်။ ရှင်ပေးထားတဲ့ ရွှေဒင်္ဂါးကိုလဲ အဆင်ပြေတာနဲ့ပြန်ဆပ်ပါ့မယ်”

လှလေးစိန်စကားကိုကြားတော့ မြင်းဇက်ကြိုးကို ဆွဲထားတဲ့လူက မပွင့်တပွင့်လေးပြုံးပြီး မြင်းပေါ်ကိုခုန်တက်လိုက်တယ်။ ပြီးတော့ လှလေးစိန်ကို နှုတ်ဆက်ကာ လျှင်မြန်တဲ့အရှိန်နဲ့ ခြံဝိုင်းထဲကနေ ဒုန်းစိုင်းမောင်းထွက်သွားခဲ့တယ်။

“ လှလေးစိန်… လှလေးစိန်… နင် အိမ်တံခါးပေါက်နား ဘာရပ်လုပ်နေတာလဲ”

အနောက်ကနေ ပခုံးကိုပုတ်ပြီး မေးလိုက်တဲ့ ကိုရင်မောင်အသံကြောင့် လှလေးစိန် သတိပြန်ဝင်လာပြီး

“ အဲ… ဘာမှမလုပ်ပါဘူး.. ဒါနဲ့ ကျွန်မက ဘယ်လိုလုပ် ဒီနားကိုရောက်နေတာလဲ”

“ ငါလဲမသိဘူးလေ … အပေါ့သွားဖို့ထလိုက်တော့ နင်က အိမ်တံခါးပေါက်ရှေ့မှာ ငြိမ်ပြီးရပ်ကြည့်နေတာတွေ့လို့ လှမ်းမေးလိုက်တာ။ အိမ်မက်တွေမက်ပြီး ယောင်နေပြန်ပီနဲ့တူပါတယ်၊ ကဲကဲ အရုဏ်လဲတက်တော့မှာဆိုတော့ ပြန်မအိပ်နဲ့တော့”

လှလေးစိန်လဲ ကိုရင်မောင် စကားကြောင့် အိပ်ယာကို ကောက်စိမ်းကာ မီးဖိုချောင်ဘက်ကိုထွက်သွားခဲ့တယ်။ စိတ်ထဲမှာတော့ အိမ်မက်ထဲကို ခဏခဏလာတတ်တဲ့ လူရဲ့မျက်နှာကိုမြင်ယောင်လျက်…
++++++++

ဒီလိုနဲ့ အချိန်တွေကြာလာတော့ လှလေးစိန်နဲ့ အိမ်မက်ထဲကိုလာတတ်တဲ့သူတို့ကြားမှာ ရင်းနှီးမှုတွေရလာခဲ့တယ်။ တစ်ရက်မှာတော့ ကိုရင်မောင် တစ်ယောက် သစ်ခုတ်သွားရင်း ငုတ်ဆူးတဲ့ဒဏ်ကနေ ပိုးဝင်ပြီး အပြင်းဖျားပါလေရော။
ကိုရင်မောင် ဒဏ်ရာက မေးခိုင်ပိုးဝင်လုဆဲဆဲဖြစ်နေတာမို့ ဆေးရုံရောက်တာနဲ့ လိုအပ်တဲ့ကုသမှုတွေခံယူနေခဲ့ရာ ဆယ်ရက်လောက်အထိကြာသွားခဲ့တယ်။ လှလေးစိန်တို့ရွာပြန်ရောက်တဲ့ညမှာပဲ ခြံဝင်းထဲကနေ ယောင်္ကျားတစ်ယောက် တောက်ခတ်သံတွေအပြင် အံကြိတ်ကြိမ်းဝါးသံတွေကိုအတိုင်းသားကြားလိုက်ရတယ်။

ညဘက်အိပ်မောကျတဲ့အချိန်မှာတော့ လှလေးစိန်ဆီကို အစိမ်းပုတ်ရောင်သိုရင်းအင်္ကျီဝတ်ထားတဲ့ လူရောက်လာပြီး

“ နင်က ငါ့ကိုကျတော့ အဖက်မလုပ်ဘူး… နင့်လင်ကိုကျတော့ သေမှာကြောက်နေတယ်ပေါ့လေ ဟမ်…” ဆိုပြီးကျိန်းဝါးပါလေရော။

လှလေးစိန်အနေနဲ့ ဒီလောက်ဒေါသထွက်နေတဲ့ မျက်နှာကို မမြင်ဖူးတာမို့ အရမ်းကိုကြောက်လန့်သွားပြီး မေးတဆတ်ဆတ်တုန်ကာ ဘာမှပြန်မပြောနိုင်ပဲ ကြည့်နေမိခဲ့တယ်။ အိမ်မက်ထဲရောက်လာတဲ့လူက ပြန်ခါနီးအချိန်မှာတော့ လှလေးစိန်မျက်နှာကို စေ့စေ့ကြည့်ပြီး

“ နောက်သုံးလပြည့်တဲ့နေ့ကျရင် နင့်ကိုခွင့်ပြုထားတဲ့ ရက်ကုန်ပြီမို့ ငါနဲ့ပြန်လိုက်ခဲ့ရမယ်၊ မဟုတ်တာ တစ်ခုခုလုပ်ဖို့ကြံတာနဲ့ နင်ရော နင့်လင်ပါ အသေဆိုးနဲ့သေအောင်လုပ်ပြမယ်” လို့ပြောပြီး ဖျတ်ခနဲပျောက်ကွယ်သွားခဲ့တယ်။

လှလေးစိန်လဲ ဒီအကြောင်းအရာတွေကို ဘယ်သူ့ကိုမှမပြောရဲပဲ စိတ်ထဲတနုံ့နုံ့ဖြစ်နေရာကနေ တစ်ပတ်လောက်ကြာတော့ ဗိုက်ထဲကနေ စူးပြီးအောင့်တဲ့ဝေဒနာတစ်ခုကိုစတင်ခံစားလာခဲ့ရတယ်။

အစကတော့ သာမန်ဖြစ်ရိုးဖြစ်စဉ် လေအောင့်တယ်ထင်ပြီး လျက်ဆားလေးစားလိုက်၊ လေဆေးလေးသောက်လိုက်နဲ့ နေလာခဲ့ပေမယ့် တစ်လလောက်ကြာတော့ ရောဂါကမသက်သာလာပဲ ပိုပိုဆိုးရွားလာခဲ့တယ်။

ကိုရင်မောင်လဲ အနီးနားမှာရှိတဲ့ ကျန်းမာရေးမှူးတွေအပြင် တိုင်းရင်းဆေးဆရာတွေနဲ့ပြသပေမယ့် သာမန်လေထိုးလေအောင့်တာဖြစ်မယ်ဆိုတဲ့အဖြေကိုသာ ရရှိခဲ့တယ်။ လှလေးစိန်အနေနဲ့ ဗိုက်အောင့်တဲ့ဝေဒနာကြောင့် အစာမဝင်တော့ပဲ တစ်ဖြေးဖြေးပိန်ချုံးလာကာ အားပြတ်ပြီး အိပ်ယာထဲလဲတဲ့အဆင့်ကိုရောက်ရှိလာခဲ့တယ်။

လှလေးစိန် အိပ်ယာထဲလဲနေတဲ့တစ်ရက်မှာတော့ အိမ်မက်ထဲကို ပတ္တမြားကျောက်တွေစီထားတဲ့ ခေါင်းပေါင်းကိုကျနစွာဝတ်ဆင်ထားပြီး အခြားကျောက်သံပတ္တမြားတွေစီခြယ်ထားတဲ့ ဝတ်စုံကိုဝတ်ထားတဲ့ လူရောက်လာပြီး ခနဲ့တဲ့တဲ့အပြုံးနဲ့ စူးစိုက်ကြည့်နေတာကိုမြင်လိုက်ရတယ်။

လှလေးစိန်ကတော့ သူ့ကိုစိုက်ကြည့်နေတဲ့လူကို မုန်းတီးတဲ့မျက်လုံးအစုံနဲ့ကြည့်ပြီး ရှိသမျှခွန်အားကိုစုစည်းကာ
“ နင်ငါ့ကို ဘာလုပ်ထားလဲ ငါသိတယ်… နင် ဒီလိုလုပ်လို့ ငါ့ဆီကကြည်ဖြူခွင့်လွှတ်မှုကို ဘဝဆက်တိုင်းရမယ်မထင်နဲ့”လို့ပြောလိုက်တော့ ရပ်နေတဲ့လူက ရယ်ကျဲကျဲမျက်နှာထားလုပ်ပြီး အိမ်ပေါ်ကနေ ဆင်းသွားခဲ့တယ်။
+++++

ကိုရင်မောင်လဲ လှလေးစိန် ရောဂါပျောက်ကင်းဖို့အတွက် အနောက်တိုင်းဆေးတွေရော တိုင်းရင်းဆေးတွေနဲ့ပါ ကုသပေးခဲ့ပေမယ့် ရောဂါက ထင်သလောက်မသက်သာပဲ တစ်ဖြေးဖြေးဆိုးရွားလာခဲ့တယ်။

ဒီလိုနဲ့တစ်နေ့မှာတော့ ဘေးချင်းကပ်ရွာမှာ သီတင်းသုံးနေတဲ့ ဘုန်းကြီးတစ်ပါးက ဗိုက်အောင့်ဗိုက်နာတဲ့ရောဂါတွေကို တစ်ထိုင်ထဲပျောက်အောင်ကုပေးနိုင်တယ်ဆိုတဲ့သတင်းကြောင့် လှလေးစိန်ရောဂါကိုပြသဖို့အတွက် ရွာကနေထွက်လာခဲ့ကြတယ်။

သွားရတဲ့လမ်းက ရွာရိုးလမ်းဖြစ်တဲ့အပြင် နွားလှည်းကလဲ ခုန်နေတာကြောင့် လှလေးစိန်ရဲ့ ဗိုက်အောင်ဝေဒနာက ပိုဆိုးလာခဲ့သော်လည်း ဆေးကုရင်ပျောက်သွားလိမ့်မယ်ဆိုတဲ့ အတွေးနဲ့ ကြိတ်မှိတ်လိုက်လာစဉ် ရွာအထွက်လမ်းဆုံကိုရောက်တော့ နွားနှစ်ကောင်က ဆက်မသွားတော့ပဲ နှာမှုတ်ပြီး ကြောက်လန့်တကြားရုန်းကန်ပါလေရော။

နွားလှည်းမောင်းသူကလဲ နဖားကြိုးကိုဆွဲပြီး အတတ်နိုင်ဆုံးထိန်းပေမယ့် အကြောက်အကန်ရုန်းနေကြတဲ့ နွားနှစ်ကောင်ကို အပြည့်အဝထိန်းချုပ်နိုင်ခြင်းမရှိခဲ့ဘူး။ အဲဒီအချိန် လှလေးစိန်က လှည်းပေါ်ကနေ ခေါင်းထောင်ပြီး ကြည့်လိုက်ရာ အရှေ့တာဆုံပေါ်မှာ လူတစ်ယောက်ခါးထောက်ပြီး လှည်းကို လက်ညိုးထိုးနေတာမြင်လိုက်ရတယ်။

“ ဟင်း… ဒီကောင်က နည်းအမျိုးမျိုးနဲ့ကို နှောက်ယှက်နေတော့တာပဲ”

လှလေးစိန်တစ်ယောက်စိတ်ထဲကနေ ရေရွတ်ပြီး သက်ပြင်းရှည်တစ်ချက်ကိုချလိုက်တဲ့အချိန်

“ ဟေးးးး အရှေ့က နွားလှည်းဆရာ …. ဘာဖြစ်နေတာလဲဗျ” ဆိုတဲ့အသံတစ်ခုကိုကြားလိုက်ရတယ်။

လှလေးစိန်လဲ ဖြတ်သွားဖြတ်လာ ရွာသားတွေလှမ်းမေးတယ်အထင်နဲ့ မျက်လုံးကိုဖွင့်မကြည့်တော့ပဲ စုတ်တသတ်သတ်နဲ့ ဗိုက်ကိုလက်နဲ့ဖိကာ ညဉ်းတွားနေခဲ့တယ်။

“ မသိပါဘူးဗျာ… နွားနှစ်ကောင်က ဘာတွေ့လို့ ဒီလောက်ကြောက်နေလဲ မပြောတတ်ပါဘူး။ ဒီလမ်းက နေ့စဉ်ရက်ဆက်လိုသွားနေတာဘာမှမဖြစ်ပဲ လူနာဆေးသွားကုမယ့်နေ့မှ ဖြစ်ရတယ်လို့”

“ ခင်ဗျား နွားနှစ်ကောင်က တစ်ခုခုကိုမြင်လို့ဖြစ်မှာပါ.. ဖယ် ဖယ် ကျုပ်လုပ်ပေးမယ်”

အသံပိုင်ရှင်က စကားဆုံးတာနဲ့ နွားနှစ်ကောင်ရဲ့ ခေါင်းကိုလက်နဲ့ပုတ်လိုက်ပြီး

“ ဘာမှမကြောက်နဲ့တော့ မင်းတို့ကို ခြောက်လှန့်နေတဲ့အရာတွေအားလုံး ထွက်ပြေးသွားကြပီကွ” ပြောကာ လှည်းပေါ်ကိုလှမ်းကြည့်လိုက်တော့ ညဉ်းညူနေတဲ့ လှလေးစိန်ကို မြင်တွေ့သွားခဲ့တယ်။

“ လှည်းပေါ်က လူနာက ဘာဖြစ်တာလဲဗျ”

“ ဗိုက်အောင့်နေတာ အတော်ကြာပြီ ဆရာတွေလဲစုံအောင်ပြပေမယ့် မသက်သာဘူးဗျာ..အခုလဲ ဟိုဘက်ရွာက ဘုန်းကြီးဆီသွားပြကြည့်မလို့ ထွက်လာခဲ့တာ”

ကိုရင်မောင် စကားကြောင့် လှလေးစိန်က လှဲနေရာကနေ ထထိုင်လိုက်ပြီး

“ ဆက်မသွားရင်ပိုကောင်းမယ်ထင်တယ်… လှည်းဆောင့်တဲ့အရှိန်နဲ့ ဗိုက်ကပိုအောင့်လာသလိုပဲ.. အားး ကျွတ် ကျွတ် ကျွတ်”

လှလေးစိန်က ခေါင်းပေါ်ကနေ ပခုံးပေါ်ကိုပြေကျနေတဲ့ သဘက်ကို ကျွမ်းကျင်စွာပေါင်းလိုက်တဲ့အချိန်

“ မောင်ကောင်း… ဘာများဖြစ်တာလဲ”ဆိုတဲ့အသံ ထွက်ပေါ်လာခဲ့တယ်။

အသံရှင်ကိုကြည့်လိုက်တော့ နက်မှောင်နေတဲ့ဆံပင်တွေကို သေသပ်စွာစည်းပြီးထုံးထားတဲ့ သက်လတ်ပိုင်းလူတစ်ယောက်ကိုမြင်လိုက်ရတယ်။

“ ဒီလူနာက ဗိုက်အောင့်တဲ့ဝေဒနာခံစားနေရလို့ ဆေးကုသွားတဲ့အချိန် လှည်းဆွဲတဲ့နွားတွေကို ကြောက်လန့်အောင်လုပ်ထားတဲ့ အတိုက်လေးတစ်ခုကိုမြင်လို့ပါဆရာ”

“ ဒါဆိုရင် ဒီအမျိုးသမီး ဖြစ်ပေါ်နေတဲ့ဝေဒနာက သွေးရိုးသားရိုး မဟုတ်လောက်ဘူး… မှန်းစမ်း”

သျောင်တစ်စောင်းနဲ့လူက လှလေးစိန်ရဲ့ ဝမ်းဗိုက်ပေါ်ကို လက်ဝါးနဲ့ရွယ်လိုက်ပြီး ဘေး ဘယ်ညာ ယမ်းလိုက်ရာ..

“ ဆရာ… ဗိုက်ထဲမှာ အလုံးတစ်လုံး ဆရာရဲ့ လက်သွားတဲ့နောက်ကို ရွေ့နေတယ်ရှင့်”

“ သေချာပြီ ဒါ ပယောဂကြောင့်ဖြစ်တဲ့ ဝေဒနာပဲ… ကာယကံရှင်တွေ ခွင့်ပြုမယ်ဆိုရင် ရောဂါအရှင်းပျောက်အောင်ကုသပေးပါ့မယ်”

“ ဘယ်နှယ့် ခွင့်မပြုရမှာလဲဆရာရယ်… အခုလိုကုပေးဖို့ပြောတာကိုပဲ ပျော်နေပါပြီ။ ဒါဆို ကျွန်တော်တို့ အိမ်ကိုပဲ ပြန်ရမှာလားဆရာ”

“ အိမ်ကိုပြန်တာကပိုသင့်တော်ပါတယ်၊ လူနာလဲ နေရထိုင်ရ သက်သာတာပေါ့ဗျာ။ လှည်းက အရှေ့ကနေ ဖြေးဖြေးမောင်းသွားလိုက်ပါ၊ ကျုပ်တို့ လိုက်လာခဲ့ပါမယ်”

လှည်းသမားလဲ နွားတွေကိုပြန်လှည့်ပြီး ရွာထဲဝင်သွားတဲ့အချိန် သျောင်တစ်စောင်းနဲ့လူက ဘေးမှာရပ်နေတဲ့ တစ်ယောက်ကိုကြည့်ပြီး

“ ဒီတစ်ကြိမ် ကုတဲ့ပွဲက မင်းအတွက် ဗဟုသုတအများကြီးရမှာသေချာတယ်” လို့ပြောကာ လှည်းအနောက်ကိုလိုက်ပါသွားခဲ့တယ်။

အိမ်ကိုရောက်တော့ လူမမာကို လှည်းပေါ်က ချပြီး အိမ်ဦးခန်းပေါ်ကို တွဲတင်နေတဲ့အချိန် လမ်းလျောက်လိုက်လာတဲ့ ဆရာနှစ်ယောက်က ခြံဝိုင်းထဲကို ရောက်လာခဲ့တယ်။

“ ဆရာတို့ အိမ်ပေါ်ကြွပါဦး… “

ကိုရင်မောင်က ဆရာနှစ်ယောက်ကို အိမ်ဦးခန်းပေါ်ကို လိုက်ပို့ပေးတဲ့အချိန်

“ လူနာက ဘာနေ့သမီးလဲ”

“ ဗုဒ္ဓဟူးသမီးပါဆရာ”

“ နာမည်ကရော ဘယ်လိုခေါ်လဲ”

“ လှလေးစိန်ပါဆရာ”

“ ကောင်းပြီ အခု ခန္ဓာကိုယ်ထဲမှာရှိတဲ့ ပယောဂကို မကုခင် လူနာရှင်ရဲ့ အသက်နဲ့ခန္ဓာအပြင် အိမ်ခြံကိုပါ အပ်ထားရပါမယ်၊ ကာယကံရှင်အနေနဲ့ ခွင့်ပြုပါသလား”

“ ကောင်းဖို့လုပ်တာပဲ… ခွင့်ပြုပါတယ်ဆရာ”

လူနှစ်ယောက်ထဲကမှ ဆရာဖြစ်ဟန်တူတဲ့လူက ခွင့်ပြုချက်ရတာနဲ့ ဘုရားကျောင်းဆောင်ပေါ်မှာ ဆီမီးပူဇော်ပြီး နှုတ်ကနေတတွတ်တွတ်နဲ့ တီးတိုးရွတ်နေရာကနေ တင်ပလ္လင်ခွေထိုင်လိုက်ပြီး

“ ဗုဒ္ဓဟူးသမီးကိုယ်ထဲမှာ စွဲကပ်နေတဲ့ ဝေဒနာက သာမန်ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့အတွက် ဆရာတို့မေးတာကို အမှန်တိုင်းဖြေစေချင်ပါတယ်။ ဒါမှ ဘာကြောင့်ဖြစ်တယ်ဆိုတာ ဆန်းစစ်လို့ရမှာမဟုတ်လား”

“ ဟုတ်ကဲ့ဆရာ … သိချင်တာရှိ မေးပါ.. ကျွန်မအနေနဲ့ မခြွင်းမချန်ဖြေပေးပါ့မယ်… အားး ကျွတ် ကျွတ်”

“ ဗိုက်အောင့်တာက ခုထိမသက်သာသေးတာလား”

“ အမြဲတမ်းမဟုတ်ပေမယ့် ခုလို တစ်ချက်တစ်ချက် စူးပြီးအောင့်တတ်ပါတယ်”

လှလေးစိန်စကားအဆုံးမှာ အရှေ့မှာထိုင်နေတဲ့ လူက ဦးခေါင်းပေါ်ကိုလက်ဝါးနဲ့ရွယ်ပြီး

“ ဤဗုဒ္ဓဟူးသမီး ခန္ဓာကိုယ်မှာစွဲကပ်နေတဲ့ ဝေဒနာသည် သွေးရိုးသားရိုးမဟုတ်ပဲ တစ်ပါးသူနှောက်ယှက်ထားပါက မူလအတိုင်းဖြစ်စေ” လို့ပြောလိုက်ရာ အချိန်ခဏလေးအတွင်းမှာပဲ ဗိုက်အောင့်နေတဲ့ဝေဒနာက ချက်ချင်းသက်သာသွားခဲ့တယ်။

“ ဆရာ … ထူးဆန်းလိုက်တာ၊ ကျွန်မ ဗိုက်ထဲ ဘာမှမဖြစ်တော့ဘူး”

“ ဒါက ခဏတာ သက်သာအောင် လုပ်ထားတာဖြစ်လို့ ရောဂါအရှင်းပျောက်အောင် ထပ်ပြီးကုသးလိမ့်မယ်။ အမိအနေနဲ့ ဒီရောဂါမဖြစ်ခင်မှာ ဘာတွေကြုံတွေခဲ့လဲ၊ ဘယ်လိုအိမ်မက်တွေမက်ခဲ့လဲဆိုတာ ပြောပြစေချင်တယ်”

“ ဟုတ်ကဲ့ပါ ဆရာ… “

လှလေးစိန်လဲ သူမက်ခဲ့တဲ့အိမ်မက်အကြောင်းတွေအပြင် ရခဲ့ဖူးတဲ့ ရွှေဒင်္ဂါးပြားအကြောင်းတွေကို မခြွင်းမချန်ပြောပြလိုက်ရာ နားထောင်နေတဲ့သူက ခေါင်းတစ်ဆတ်ဆတ်ငြိမ့်ပြီး

“ ဒါဆို အမိက သိုက်ကိုစွဲပြီးဖြစ်နေတဲ့ ပယောဂပဲ… ဒါကြောင့် အမိအနေနဲ့ အိမ်မက်ထဲကို အမြဲတစ်စေ လာရောက်သွေးဆောင်နေတဲ့သူဆီပြန်လိုက်မလား.. ဟောဒီက လင်ယောင်္ကျားနဲ့ပဲဆက်နေမှာလား”

“ သူ့ဆီတော့ပြန်မလိုက်ပါဘူး… ကိုရင်မောင်နဲ့ပဲနေပါမယ်ဆရာ”

ဆရာလုပ်သူက လှလေးစိန်ကို သုံးကြိမ်သုံးခါတိတိမေးပြီးတော့မှ နဖူးကိုလက်ဝါးနဲ့ရွယ်ပြီး

“ ပွင့်တော်မူပြီးသော ဘုရားလေးဆူတို့ရဲ့ အမိန့်၊ ဂိုဏ်းကိုစောင့်ကြပ်တော်မူသော အထက်ဆရာကြီးများရဲ့ အာဏာအရ… ဤဗုဒ္ဓဟူးသမီးကို ဝေဒနာခံစားရအောင်လုပ်ထားသူ အခုချက်ချင်း ကျုပ်အရှေ့ရောက်လာစေ” လို့ပြောပြီး လှလေးစိန်ရဲ့မျက်လုံးကို လက်နဲ့သပ်ချပေးလိုက်တယ်။

“ အမိအနေနဲ့ မျက်လုံးကိုဖွင့်မကြည့်ပဲ မြင်ရတာတွေကို ပြောပြပါ”

“ ဟုတ်ကဲ့ဆရာ… ခြံရှေ့မှာ လူတစ်ယောက် ရောက်နေပါတယ်ဆရာ..သူက အိမ်ပေါ်ကိုမတက်ပဲ မျက်ထောက်နီကြီးနဲ့ စိုက်ကြည့်နေတယ်”

“ ဒါဖြင့် ဆိုင်ရာအစောင့်အရှောက်တွေက ဝင်ခွင့်ပေးလိုက်ကြ”

“ သူဝင်လာပြီဆရာ… ကျွန်မ ဘေးမှာ ထိုင်ပြီး ရယ်နေတယ်”

“ ကဲ အခုရောက်လာတဲ့သူ ဘုရားကို ဦးအရင်တိုက်ပါ”

“သူ ဘုရားရှိခိုးနေတယ်ဆရာ… ပြီးတော့ ကျွန်မကို စိုက်ကြည့်နေတယ်”

“ သင်ဘာကြောင့် ဒီကလေးမကို အခုလိုဖြစ်အောင်လုပ်ရတာလဲ… “

“ သူကပြောတယ် ကျွန်မကို ပြန်ခေါ်မယ့်နေ့မှာ မြို့ပေါ်ကိုတက်သွားလို့ စိတ်တိုပြီးလုပ်ရတာပါတဲ့”

“ ဟာ ဒီကောင်တော့ မင်းစိတ်ဆိုးတိုင်းလုပ်လို့မရဘူးလေ.. မင်းနဲ့သူနဲ့က အတိတ်ဘဝက ဘာတော်စပ်တာလဲ”

“ ဆရာ သူကပြောနေတယ်.. ကျွန်မက သူ့ရဲ့ ဇနီးတဲ့”

“ အေး ဘယ်လိုဇနီးပဲဖြစ်ဖြစ် အခုဘဝမှာ ကာမပိုင်လင်ယောင်္ကျားရှိနေပြီ၊ သင်လဲ စိတ်လျော့ပါတော့”

“ ဆရာ သူက ဆရာကိုကြည့်ပြီးရယ်နေတယ်… ဘာမှမပြောဘူး”

“ ကဲ အမိ သင်သူကိုမြင်ရတာ ဘယ်လိုရုပ်ပုံရှိလဲ”

“ မျက်နှာက အတော်ကိုချောတဲ့ထိပါပါတယ်… ဒါပေမယ့် ကျွန်မသူ့ကိုစိတ်မဝင်စားပါဘူး”

“ ဟုတ်ပြီး အရမ်းကိုချောမောလှပတဲ့သူအဖြစ် ဟန်ဆောင်ပြီးလာတဲ့သူ အခုချက်ချင်း မူလရုပ်သွင်ပေါ်စေ”

“ ဆရာ သူ့ သူ့ မျက်နှာပေါ်ကနေ အရည်ပြားတွေအဖတ်လိုက်ကွာကျလာတယ်… ဆံပင်တွေလဲ ကျွတ်ထွက်ပြီး ကွက်ကျားကြီးဖြစ်လာတယ်။ အရမ်းကိုကြည့်ရဆိုးတဲ့ လူအဖြစ်ပြောင်းသွားတယ်ဆရာ။ ဆရာ…. သူ သူထွက်ပြေးသွားတယ် ဘေးမှာမရှိတော့ဘူး”

“ ဟိတ် ထွက်ပြေးသွားတဲ့ကောင်ကို ကြိုးပိုင်တွေက ကြိုးနဲ့တုပ်ပြီးပြန်ခေါ်လာခဲ့”

“ သူ ပြန်ရောက်လာပြီဆရာ … လက်ကိုလဲနောက်ပြန်ကြိုးတုပ်ခံထိထားတယ်”

“ ကဲ … သင့်အနေနဲ့ ဗုဒ္ဓဟူးသမီးကို ဘယ်တော့မှမနှောက်ယှက်တော့ဘူးလို့ ကတိပေးရင် ပြန်လွှတ်ပေးမယ်၊ ဘယ်လိုလဲ ကျုပ်တို့ ကောင်းကောင်းပြောနေတုန်း လက်သင့်ခံမလား သိုက်ချုပ်အဖိုးကိုခေါ်ပြီး ဆုံးမခိုင်းရမလား”

“ ဆရာ သူက ကျွန်မကိုပြန်ခေါ်မယ်ပဲပြောနေတယ်… သူ့မျက်လုံးတွေက နီရဲပြီး ကျွတ်ထွက်တော့မယ့်အတိုင်းပဲ ကြောက်ဖို့ကောင်းလိုက်တာ”

“ ကဲ ဒါဖြင့် စကားကောင်းပြောမရရင်တော့ ငရဲမီးစက်တွေ တစ်ကိုယ်လုံးမှာ လောင်ကျွမ်းစေ… အသက်မသေစေနဲ့”

“ သူ့တစ်ကိုယ်လုံး မီးတွေစွဲလောင်နေတယ်ဆရာ၊ သူထပြေးလို့လဲမရအောင် ကြိုးတွေနဲ့လဲတုပ်ထားတယ်။ သူ ပြောမယ်တဲ့ ဆရာ ပြောမယ်တဲ့”

“ ဒါဖြင့် ပလီပလာပြောတာမဟုတ်ဘူးဆိုရင် မီးတောက်တွေအားလုံးငြိမ်းစေ… သင်က ဘယ်သိုက်ကလာတာလဲ”

“ ဟင်… ဆရာ သူပြောတာက ဘုရားလေးသိုက်ကတဲ့”

“ ဟုတ်ပီ အခုချက်ချင်း လုပ်ထားတဲ့ဝေဒနာတွေကိုယူမယ်၊နောက်နောင် မနှောက်ယှက်ဘူးဆိုရင် ကျုပ်တို့ပြုသမျှ ကုသိုလ်တွေကိုအမျှဝေပေးမယ်။ ဘယ်လိုလဲ လုပ်မှာလား”

“ သူငိုနေတယ်ဆရာ… “

“ ကဲကဲ အချိန်မရှိဘူး ဘယ်လိုလဲ အမြန်ဖြေဦး”

“ သူ သစ္စာရေသောက်ပါမယ်တဲ့”

“ ဒါဖြင့် သစ္စာရေခွက်ကို စောင့်ကြပ်တဲ့ ပုဂ္ဂိုလ်ကြွရောက်စေ”

“ တောင်ဝှေးကိုင်ထားတဲ့အဖိုးအိုတစ်ယောက် ရွှေခွက်ကို ကိုင်ပြီးရောက်လာတယ်ဆရာ… သူ့လက်ထဲ ထည့်ပေးနေပြီ”

သစ္စာရေခွက်လက်ထဲရောက်တာနဲ့ ဆရာဖြစ်သူက လိုအပ်တဲ့ အချက်တွေကို အရှေ့ကနေတိုင်ပေးပြီး လိုက်ဆိုစေခဲ့တယ်။( သစ္စာဆိုရာတွင် ပါဝင်သည့်အချက်များအား ဂိုဏ်းရဲ့စည်းမျဉ်းအရ ဖော်ပြလို့မရပါသဖြင့် ထည့်သွင်းရေးသားခြင်းမပြုတာကို နားလည်ပေးစေချင်ပါတယ်)

“ သူ လိုက်ဆိုနေတယ်ဆရာ… ဆိုနေရင်း သူ ရှိုက်ကြီးတငင်ငိုကြွေးနေတယ်”

“ အိမ်း ဘဝဟောင်းက သံယောဇဉ်ကို တွယ်မိတဲ့သူအဖို့လဲ သနားစိတ်ဖြစ်မိပါတယ်။ ကဲကဲ သစ္စာဆိုပြီးရင်တော့ ကျုပ်ပြုပြုခဲ့သမျှ ကုသိုလ်အဖို့ကို အမျှပေးဝေပါတယ်”

အမျှဝေပေးပြီးချိန်မှာတော့ လှလေးစိန်ဘေးမှာရှိနေတဲ့ ပုဂ္ဂိုလ်ပျောက်ကွယ်သွားပြီး နာကျင်ခံစားနေရတဲ့ ဝေဒနာတွေကလဲ ယူပစ်သလိုပျောက်ကင်းသွားခဲ့တယ်။

“ ဆရာတို့ ခဏနေပါဦး… ကျွန်မ ဆရာတို့ကို ကန်တော့ပါရစေ”

လှလေးစိန်က ကမန်းကတမ်းနဲ့ ခေါင်းအုံးအောက်မှာ သိမ်းထားတဲ့ယွန်းဘူးကိုထုတ်ယူလာပြီး

“ ဒီပစ္စည်းက ခုနက မြင်ရတဲ့သူ လာပေးထားတာပါ၊ အခု ရောဂါလဲပျောက်ပီဆိုတော့ ဆရာတို့ကိုပဲကန်တော့လိုက်ပါတယ်။ သူ့ဆီကနောက်ထပ်ဘာမှမလိုချင်တော့ပါဘူး”လို့ပြောကာ လှူဒါန်းပေးခဲ့တယ်။

အဲဒီကိစ္စတွေဖြစ်ပြီးနောက်ပိုင်း လှလေးစိန် ခံစားနေရတဲ့ ဝေဒနာတွေယူပစ်သလိုပျောက်ကင်းသွားခဲ့သလို ဆေးလာကုပေးခဲ့တဲ့ ဆရာနှစ်ယောက်ရဲ့သတင်းကလဲ အစအနပင်မကြားရအောင် ပျောက်ကွယ်သွားခဲ့တယ်။
+++++++++

ဒီလိုနဲ့ လေးလလောက်ကြာတဲ့အခါမှာတော့ ဆရာတပည့်နှစ်ယောက် ကိုးတိုင်ဆိုတဲ့ ရွာတစ်ရွာကိုရောက်လာခဲ့တယ်။ အဲဒီရွာမှာကလဲ လွန်ခဲ့တဲ့ နှစ်ပေါင်း၅၀လောက်က အသက်ရှင်ခဲ့တဲ့ အောက်လမ်းဆရာကြီးတစ်ယောက်ရဲ့ ပညာစက်အကြွင်းအကျန်တွေက လူတွေကို ဒုက္ခပေးရာကနေ ဆရာတပည့်နှစ်ယောက်ဆီ ဘယ်လိုလမ်းမှားပြီးရောက်လာကြမလဲ။

သေဆုံးသွားပြီဖြစ်တဲ့ အောက်လမ်းဆရာကြီးရဲ့ အစွဲကို ဘယ်လိုနည်းလမ်းတွေနဲ့ ကုသပေးမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့် အာဏာပြင်းစက်အောက်ဘဝဂ် ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)
#မူရင်းရေးသားသောသူများနှင့်
စာရေးဆရာ-ဇေယန(ရာမည)အားလေးစားလျက်မေတ္တာဖြင့်မျှဝေသည်။