” ဘဝဟောင်းက ဥစ္စာ ” (စ/ဆုံး)

” ဘဝဟောင်းက ဥစ္စာ ” (စ/ဆုံး)

================================

“မာဂရေ… မာဂ ”
”ဗျို့… ဘယ်သူလဲဗျ… အိမ်ပေါ်တက်ခဲ့လေ”
ကျွန်ုပ်သည် မိခင်အား နှိပ်ပေးနေသည်မို့ အိမ်ပေါ်မှ အသံပြုလိုက်ရာ အိမ်ပေါ်သို့ လူတစ်ယောက်တက်လာ၍ ကျွန်ုပ်အနီးတွင် ဝင်ထိုင်လေသည်။
” ဟာ… ဦးလေးစိုးပါလား… ဘယ်ကလှည့်လာတာလဲ”
” သား… ရေနွေးအိုးချပေးလိုက်ဦးလေ ”
” ရတယ် မမြ… လုပ်မနေနဲ့တော့… ကျုပ်လည်း အိမ်ပေါက်စေ့နေပြီ… အလုပ်သမားလိုက်ခေါ်တာ ဘယ်ကမှမရဘူး ဖြစ်နေလို့… မာဂကို အမှတ်ရတာနဲ့ ဝင်လာတာ… မနက်ဖြန် မင်းမအားဘူးလား မာဂ”
” အားတယ်ဗျ… မနက်ဖြန် အလုပ်မဆင်းရမှာကို ညနေကမှ လာပြောတော့ ဘာမှလုပ်ချိန်မရလိုက်ဘူး”
” အေးကွ… ဒါဆို အတော်ပဲ… မင်း ထင်းခုတ်လိုက်နိုင်မလား ”
” လိုက်နိုင်တာပေါ့… ထင်းက အိမ်အတွက်လား”
” အိမ်အတွက်ပေါ့ကွာ… အိမ်မှာ မိုးတွင်းစာမရှိသေးဘူး”
” ကိုအောင်မောင်းတို့ ခုတ်နေတာလားလို့… မပြီးသေးတာလားဗျ ”
” အချို့တစ်ဝက်တော့ အိမ်ရောက်နေပါပြီ… မနက်က ဗေဒါ ခြေထောက်ခိုင်းမိလာလို့ မနက်ဖြန် မလိုက်နိုင်ဘူးလေ”
” ဒါနဲ့ ဘယ်တောမှာ ခုတ်နေကြတာလဲ”
” တောင်နီလေးတစ်ဝိုက်ပေါ့ကွာ”
” ဟုတ်… ဒါဆို ကျွန်တော် မနက်ဖြန် ထွက်ခဲ့လိုက်မယ်”
” အေးကွာ … မင်းက လိုက်ခုတ်ပေးရုံပါပဲ… ကျန်တာ အောင်မောင်းတို့ စီစဉ်လိမ့်မယ်… ခုမှပဲ စိတ်အေးရတော့တယ်… ငါလည်း နေမစောင်းခင်ကတည်းက ထွက်လာတာ… ပြန်ဦးမှပါ… မမြရေ… ကျုပ်ပြန်မယ်ဗျို့… မာဂ… မနက်တော့ သွားဖြစ်အောင် သွားလိုက်ပါနော် ”
” စိတ်ချပါဗျာ ”
ထိုသို့ဆိုလိုက်သော် ဦးလေးစိုးတစ်ယောက် အမေနှင့် ကျွန်ုပ် အား ထပ်မံနှုတ်ဆက်ကာ အိမ်ပေါ်မှ ဆင်းသွားလေသည်။
“သား ”
” ဗျာ… အမေ ”
” ငါ့သားကိုကြည့်ရတာ အမေပင်ပန်းလိုက်တာကွယ်… တစ်ရက်တစ်လေ နားပါဦးလား ”
” ရပါတယ် အမေရယ်… အလုပ်က ရှိတုန်းလုပ်ရတာ… မရှိရင် အမေမနားခိုင်းရင်တောင် နားရမှာ ”
” ဒါတော့ ဒါပေါ့ကွယ်… အမေလည်း နေကောင်းတာနဲ့ အကြော်ပြန်ရောင်းရမယ် ”
” ဟာ… အမေ့… အကြော်တော့ ပြန်မရောင်းပါနဲ့ဗျာ… နောက်ပြီး အမေ့ရောဂါက အညှော်ခံလို့လည်း ဖြစ်တာမဟုတ်ဘူး … အိမ်မှာပဲ အေးအေးဆေးဆေးနေပြီး ဘုရား တရားလုပ်ပါ အမေရယ် ”
” ငါ့သားလေးခမျာ ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်တွေလုပ်ပြီး မိသားစုဝမ်းစာ ရှာနေရတာ အမေဘယ်လိုမှ စိတ်မကောင်းနိုင်ဘူး”
” ဒါတွေ တွေးမနေပါနဲ့ အမေရယ်… ကျွန်တော်တို့မှာ ပြေးကြည့်မှ သားအမိနှစ်ယောက်တည်းရှိတာ… အမေ့ကို လုပ်ကျွေးခွင့်ရတာကိုပဲ ကျွန်တော်က ကျေနပ်နေရတာ ”
” အေးပါ သားရယ်… အမေကိုသိတတ်တဲ့ သားလေးရတာ အမေသိပ်ကံကောင်းတာပဲ… ကဲ… သားလည်းအိပ်တော့… မနက် အလုပ်သွားရဦးမယ် ”
” ဟုတ် အမေ ”
ထို့နောက် ကျွန်ုပ်သည် မိခင်အနားမှထကာ အိပ်ရာဖြန့်၍ လှဲချလိုက်သည်။ ခဏအကြာတွင် အမေမီးမှုတ်လိုက်သဖြင့် တစ်အိမ်လုံး အမှောင်ကျသွားသည်။ သို့သော် ထရံများကြားမှ လရောင်အစက်အပြောက်များသည် အိမ်အနှံ့ ကျရောက်၍နေသည်။ ကျွန်ုပ် အိပ်မပျော်နိုင်သေး။ ကိုယ့်ဘဝအကြောင်းကို ပြန်တွေးနေမိသည်။ ကျွန်ုပ် သိတတ်စအရွယ်မှာပင် မိခင်သည် ကျွန်ုပ်အား အကြော်ရောင်းကျွေးကာ လူလားမြောက်စေခဲ့သည်။ ကျွန်ုပ်၏ ဖခင်ကိုမူ ကျွန်ုပ် မမြင်တွေ့လိုက်ရပေ။ ဆင်းရဲချို့တဲ့စွာ ဘဝကို ဖြတ်သန်းခဲ့ရပြီး အဖက်ဖက်မှ လိုအပ်ချက်များဖြင့်သာ ရှင်သန်ခဲ့ရသည်။ သို့သော် ကျွန်ုပ်သည်ထိုဘဝဖြစ်တည်မှုအပေါ်တွင် ရောင့်ရဲနိုင်သည်။ လက်ရှိဘဝတွင် ပျော်အောင်နေသည်။ တစ်နေ့စာ တစ်နေ့ ရုန်းကန်နေရသော ဘဝတွင် လူပင်ပန်းဆင်းရဲခဲ့သော်လည်း စိတ်ချမ်းသာခဲ့သည်။ ကျွန်ုပ်၏ဘဝတွင် အရေးအကြီးဆုံးသည် ကျွန်ုပ်၏ မိခင်ပင်။ ကျွန်ုပ်သည် မိခင်အား မတောင့်မတ၊ မကြောင့်မကြဖြစ်အောင် မထားနိုင်သော်ငြားလည်း အပူအပင်ကင်းမဲ့စွာဖြင့် အေးအေးချမ်းချမ်း နေစေလိုသည်။ ထိုသို့ဖြစ်အောင်လည်း ကျွန်ုပ် ကြိုးစားရပေလိမ့်မည်။
ညက အတွေးကောင်းနေသဖြင့် အမေနှိုးမှ ကျွန်ုပ် နိုးခဲ့ရသည်။ ကျွန်ုပ်နိုးသော် အမေက ချုက်ပြုတ်ပြီးစီးနေပြီ။ ကျွန်ုပ်သည် ထမင်းကြမ်းစားသောက်ပြီးသော် အမေပြင်ဆင်ထားပေးသော ထမင်းထုပ်နှင့် အခြားလိုအပ်သည်များကိုယူ၍ အိမ်မှ ထွက်လာခဲ့သည်။ ကိုအောင်မောင်းအိမ်သို့ဝင်မေးရာ စောစောကပင် ထွက်သွားပြီဖြစ်ကြောင်းနှင့် တောင်နီလေးတောက ညောင်ပင်ဝိုင်းသို့ လိုက်လာရန် မှာခဲ့ကြောင်းပြောသဖြင့် ကျွန်ုပ်လည်း တစ်ကိုယ်တည်း ပင် ထွက်လာခဲ့သည်။
တောင်နီလေးတောသို့ရောက်ရန် ၂ နာရီခန့် လျှောက်ရပေမည်။ ရွာထဲမှထွက်သည်နှင့် စိုက်ခင်းအများအပြားကို တွေ့ရပြီး ထိုမှ တစ်စတစ်စ တောဖြင့်နွယ်လာကာ အဆုံးတွင် တောလုံးလုံး ဖြစ်သွားသည်။ တောဟုဆိုသော်လည်း အနီးအနားတွင်မူ သစ်ပင်ငယ်အချို့နှင့် ချုံပုတ်လောက်သာ ကျန်တော့သည်။ ထင်းကောင်းကောင်းရနိုင်ရန်မူ တောင်နီလေး တစ်ဝိုက်ရှိ တောသာ ရှိသဖြင့် ထင်းခုတ်သူများသည် တောင်နီလေး အထိ သွားရခြင်းဖြစ်သည်။ ကျွန်ုပ်သည် ပုံမှန်ခြေလှမ်းဖြင့် လျှောက်လာရာ မကြာမီ တောင်နီလေးတောစပ်သို့ ရောက်လာခဲ့သည်။
တောင်နီလေး။ တောင်ကုန်းတောင်တန်းများ ပေါများသော ထိုတောအစပ်တွင် အတန်ငယ်မြင့်မားသော ကျောက်တောင်တစ်လုံး ရှိသည်။ မြင့်မားမတ်စောက်ကာ ကျောက်သားများဖြင့် ဖွဲ့စည်းထားသော ထိုတောင်၏ ခါးပန်းတွင် အင်းကြင်း အဖြူ၊ အနီ နှစ်မျိုးရှိရာ အနီပင်များ ပေါက်ရောက်နေသည်။ ကျောက်တောင်ခါးပန်းတွင် ပေါက်ရောက်နေသဖြင့် ခုတ်ယူရန် မလွယ်ကူလှသည့် အခက်အလက်များလှသော နှစ်ချို့အပင်ကြီးများမို့ နွေဦးပေါက်လျှင် အနီရောင်ရွက်သစ်များ ထိုးကာ တစ်တောင်လုံး နီစွေးစွေးသဏ္ဌာန် ရှိနေတတ်သည်။ ဤသည်ကို အစွဲပြုကာ ထိုတောင်အား တောင်နီလေး၊ ထိုတောင်နှင့် အနီးတစ်ဝိုက်ရှိတောအား တောင်နီလေးတောဟု ခေါ်ဆိုခဲ့ကြဟန် ရှိလေသည်။
ကျွန်ုပ်သည် တောထဲဝင်သော လှည်းလမ်းကြောင်းအတိုင်း လျှောက်လာရာ တောစပ်ရှိ ကြီးမားသော ညောင်ပင်ကြီးဆီအရောက် တွင် ကိုအောင်မောင်းနှင့် သီဟတို့ ထိုင်နေသည်ကို တွေ့လိုက်ရသည်။ ညောင်ပင်ကြီးသည် အင်မတန်ကြီးမားကာ အရိပ်အာဝါသ ကောင်းလှသောကြောင့် တောတက်သူတို့၏ စခန်းထောက်ရာ နေရာဖြစ်ပြီး ညောင်ပင်ဝိုင်းဟု အလွယ်ခေါ်ကြသည်။
” ကိုအောင်မောင်းတို့… တယ်စောပါလားဗျ ”
ကျွန်ုပ်လည်း သူတို့အနီးရှိ အမြစ်တစ်ခုပေါ်တွင် ထိုင်လိုက်ရင်း စကားဆိုလိုက်သည်။
” စောဆို မနေ့က အလုပ်အပြန် ယုန်ထောင်ခဲ့လို့ ဝင်ကြည့်တာလေ ”
” ရခဲ့လားဗ် ”
” ဘယ်ကသာ… ယုန်ချေးတောင် မမြင်ခဲ့ရဘူး ”
” ဟုတ်တယ် ကိုမာဂ… ဒီကနေ့တော့ နေရာပြောင်းထောင်ခဲ့ တယ် ”
ထို့နောက် သုံးဦးသား ခေတ္တအမောဖြေရင်း စကားပြောကြသည်။ အမောပြေလောက်သော် လှည်းလမ်းကြောင်းမှ ဖဲ့၍ လူသွားလမ်းကျဉ်းလေးအတိုင်း တောတိုးခဲ့ကြသည်။ အတန်ငယ်လျှောက်ပြီးသော် ကိုအောင်မောင်းတို့ စခန်းချရာ မြေစိုက် မိုးကာတဲလေးရှိရာသို့ ရောက်လာခဲ့ကြသည်။ ပါလာသော ထမင်းထုပ်များအား တဲအတွင်းထားရင်း သီဟမှာ ရေဘူးယူ၍ အနီးအနားရှိ စမ်းချောင်းရှိရာသို့ ထွက်သွားလေသည်။ ကျွန်ုပ်နှင့် ကိုအောင်မောင်းမှာ ရဲဒင်းနှင့် ဓားများကို သ ရသည်။
” ကိုအောင်မောင်း… ထင်းတွေသယ်ထုတ်ရမှာ မဝေးဘူးလားဗျ ”
” ပြီးသွားရင်တော့ လှည်းဝင်သာအောင် လမ်းရှင်းပေးရမှာပေါ့… ဒီအတိုင်း သယ်ထုတ်ရင် မလွယ်လောက်ဘူး ”
” ဟုတ်တာပေါ့ ”
” ဒါနဲ့ မင်းက နောက်နေ့ ပါဦးမှာလား ”
” မပါဘူးဗျ… ကျောက်မိုင်းခွဲတာ ဒီနေ့နားလို့ ဒီကိုပါလာတာ ”
ကျွန်ုပ်တို့ စကားပြောနေစဉ်မှာပင် သီဟ ပြန်ရောက်လာလေသည်။
” ကဲ မာဂ… ဒီနေ့တော့ မနက်ပိုင်းပဲ ထင်းခုတ်မယ်… ညနေပိုင်းက ထင်းစုပြီး လှည်းလမ်းရှင်းကြတာပေါ့… ကဲ… သွားစို့ ”
ထို့နောက် ယမန်နေ့က ခုတ်လက်စနေရာသို့ ထွက်ခဲ့ကြသည်။ ခုတ်ပြီးသား ထင်းအချို့ကို ဟိုသည်တစ်စု တွေ့နေရပြီး ၎င်းနောက် တစ်ယောက်တစ်နေရာစီခွဲကာ လက်မောင်းလုံး ပေါင်လုံးခန့်ရှိသော တွေ့ရာ ထင်းပင်များကို ခုတ်လှကြသည်။ ရလာသော ထင်းချောင်းများ အား သင့်တော်သလိုပင်ပုံ၍ ခုတ်လာခဲ့ရာ တောမှာ အောက်ခြေ မရှုပ်သောကြောင့် အလုပ်တွင်လှသည်။
မွန်းတည့်သော် ထမင်းစားရန် တဲရှိရာသို့ ပြန်လာကြရသည်။ နေ့လည်စာ စားပြီးသော် တဲထဲတွင် တရေးတမော အိပ်ကြသည်။ တဲအနေအထားမှာ များစွာ မကျယ်ဝန်းလှသောကြောင့် ကျွန်ုပ်မှာ တဲနှင့် မနီးမဝေးရှိ သပြေပင်ကြီးအောက်တွင် အနည်းငယ်ရှင်းလင်း၍ ကျောဆန့်လိုက်သည်။ လုပ်နေကျအလုပ်မို့ ပင်ပန်းသည်ဟု မဆိုသာ သော်လည်း ဗိုက်လေးနေသဖြင့် မှေးကနဲ့ အိပ်ပျော်သွားသည်။
” အမောင်… ထ… ထ… ”
နားတွင် ကြားလိုက်ရသော အသံကြောင့် ကျွန်ုပ် ဆတ်ကနဲ့ ထထိုင်လိုက်ရာ ကျွန်ုပ်၏အနီးတွင် ရပ်နေသော အဖိုးအိုတစ်ဦးကို တွေ့လိုက်ရသည်။ အသက်အရွယ်ကြီးရင့်လှကာ ဝတ်ဖြူစင်ကြယ် ဝတ်ထားသော ထိုအဖိုးအိုမှာ သျှောင်တစောင်းထုံးထားပြီး ပကတိ ငြိမ်းအေးမှုအသွင်ကို ဆောင်နေလေသည်။ ကျွန်ုပ်သည် အဖိုးအိုအား အံအားတသင့် ကြည့်နေစဉ်မှာပင် အဖိုးအိုထံမှ စကားသံ ထွက်ပေါ် လာသည်။
” အမောင်… ကျွန်ုပ်နောက်က လိုက်ခဲ့ပါ ”
ထိုသို့ဆိုကာ လှည့်ထွက်သွားသဖြင့် ကျွန်ုပ်လည်း မေးမြန်းချိန် မရဘဲ အဖိုးအိုနောက်သို့ ကမန်းကတန်းပင် လိုက်သွားမိသည်။ အဖိုးအိုသည် တစ်နေရာသို့ ဦးတည်သွားနေပြီး ကျွန်ုပ်တို့သွားရာ လမ်းတစ်လျှောက်တွင် ချုံနွယ်ပိတ်ပေါင်းတို့ ကင်းရှင်းကာ ယုတ်စွအဆုံး မြက်ရိုင်းပင်များပင် မရှိဘဲ ရှင်းလင်းကာနေသည်။ အတန်ကြာသော် အဖိုးအိုသည် လျှိုကြီးတစ်ခုအတွင်းသို့ ဦးတည်ကာ ဆင်းနေကြောင်း ကျွန်ုပ် သတိပြုမိလာသည်။ အကျိုးအကြောင်း မေးရန်မှာလည်း အဖိုးအိုမှာ ကျွန်ုပ်ရှေ့ မလှမ်းမကမ်းမှ လျှောက်နေ သောကြောင့် အခွင့်မသာချေ။
သို့ဖြင့် လျှိုကြီး၏အခြေသို့ ကျွန်ုပ်တို့ ရောက်လာခဲ့ကြသည်။ ဤတွင် အံအားသင့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို ကျွန်ုပ် မြင်တွေ့လိုက် ရလေသည်။ လျှိုကြီးအောက်ခြေတစ်နေရာတွင် အတန်အသင့်ကျယ် ဝန်းသော ဂူပေါက်တစ်ခုရှိနေပြီး အဖိုးအိုသည် အဆိုပါ ဂူပေါက်အတွင်း သို့ ဝင်သွားခြင်းဖြစ်သည်။ ကျွန်ုပ်သည် လိုက်ဝင်ရကောင်းနိုး၊ ပြန်လှည့်ရကောင်းနိုးဖြင့် တဒင်္ဂ တွေဝေနေပြီး အဆုံးတွင် မထူးဇာတ်ခင်းကာ ဂူတွင်းသို့ ဝင်လိုက်၏။
ကျောက်ဂူအမျိုးအစားမို့ အထဲတွင် ရှင်းလင်းနေပြီး များစွာ မကျယ်ဝန်းလှပေ။ အဖိုးအိုသည် ကျောက်ဂူအလယ်တွင် ရပ်နေသဖြင့် ကျွန်ုပ်လည်း အဖိုးအိုအနီးသို့ ချဉ်းကပ်သွားရာ မြင်လိုက်ရသော မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
” ဟင်… ရ… ရတနာတွေပါလား ”
အံ့သြလွန်းသောကြောင့် နှုတ်မှပင် မြည်တမ်းလိုက်မိသည်။ ကျွန်ုပ်တို့ရှေ့တွင် ရတနာမျိုးစုံတို့ဖြင့် စီရင်အပ်သော အထူးထူးသော လက်ဝတ်တန်ဆာများ အစုလိုက် အပြုံလိုက်ပင် ရှိနေသည်။ ထိုမျှ မကသေးဘဲ ရွှေတုံး ရွှေခဲများ၊ ရွှေဒင်္ဂါး ငွေင်္ဒါးတို့နှင့်အတူ ရွှေထည် ပစ္စည်း အသုံးအဆောင်အချို့ကိုပါ မြင်လိုက်ရသဖြင့် ကျွန်ုပ်၏ တစ်သက်တာတွင် မြင်တွေ့ဖူးခြင်းမရှိသော ပစ္စည်းများအားကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်၍နေသည်။ ကျွန်ုပ်အဖို့ အဆိုပါပစ္စည်းများ သည် လောဘစိတ်ကို မနှိုးဆွနိုင်ဘဲ အံ့သြနဘမ်းသာ ဖြစ်စေ၍ ထိုပစ္စည်းများအပေါ်တွင် ရယူပိုင်ဆိုင်လိုစိတ် အလျဉ်းမရှိချေ။
” အမောင်… ဒါ အမောင်ပိုင်တဲ့ ပစ္စည်းတွေပဲ ”
” ခင်ဗျာ… ”
အဖိုးအို၏စကားကြောင့် ကျွန်ုပ်ပင် အူကြောင်ကြောင် ဖြစ်သွားသည်။
” ဟုတ်တယ်အမောင်… ဒီပစ္စည်းတွေဟာ ဘဝဟောင်းတစ်ခု မှာ အမောင်ပိုင်ဆိုင်ခဲ့တဲ့ ပစ္စည်းတွေပဲ ”
ကျွန်ုပ် အဖိုးအိုအား ကြည့်လိုက်ရာ တည်ငြိမ်သောအသွင်ဖြင့် အဝေးသို့ငေးကာ ထိုစကားများကို ပြောနေခြင်းဖြစ်သည်။ ကျွန်ုပ်သည် ဗုဒ္ဓဘာသာဝင်ပီပီ ကံ ကံ၏အကျိုး၊ သံသရာ ဝဲဂယက် တွင် တဝဲလည်လည် ကျင်လည်ကြရခြင်းနှင့် သေလွန်ခြင်း၏နောက် ဘဝသစ်ဖြစ်တည်မှုကို လက်ခံထားသူဖြစ်သည်။ သို့သော် ပုထုဇဉ် လူသား(အနည်းငယ်မှလွဲ၍) တို့မည်သည် ဇာတိဿရဉာဏ်ကို မရနိုင်ကြ၍ ဘဝဟောင်းမှ အဖြစ်အပျက်များအား မှတ်မိနိုင်ခြင်း မရှိကြပေ။ ဤသည်မှာလည်း လောကီလူသားများအတွက် ကောင်းကျိုးတစ်ခုဟု ဆိုရချေမည်။ သို့မဟုတ်ပါက ငါစွဲ၊ အတ္တစွဲများ ပိုမိုဖြစ်ထွန်းလာနိုင်ဖွယ်ရာ ရှိချေလိမ့်မည်။
ကျွန်ုပ်သည် ယခင့် ယခင်ဘဝများ၌ မည်သို့မည်ပုံ ကျင်လည်ခဲ့ ရသည်ကို မှတ်မိနိုင်စွမ်းမရှိသည်မှာ အမှန်ပင်ဖြစ်သော်လည်း တစ်ချိန် က ကျွန်ုပ်သည် ဤရတနာဥစ္စာများ ပိုင်ဆိုင်ခဲ့သည်ဟူသော အဆိုကိုမူ လွယ်လင့်တကူ လက်မခံနိုင်ပေ။ လူသူနှင့်ဝေးသော တောနက်ကြီးအတွင်းရှိ ကျောက်ဂူထဲမှ ထိုရတနာများသည် အဘယ်ကဲ့သို့သော လူတန်းစားက ပိုင်ဆိုင်ခဲ့လေသနည်းဟု ကျွန်ုပ် မတွေးတောတတ်အောင် ရှိနေသည်။
အခြားတစ်ဖက်မှတွေးသော် ကျွန်ုပ် ယခု ကြုံတွေ့နေရခြင်း သည် အစစ်အမှန် ဟုတ်၊ မဟုတ် ဆိုတာကိုပင်။ လူကြီးသူမများ၏ ပြောစကားအရ တောတောင်များ၏ လှည့်စားခြင်းလည်း ဖြစ်နိုင်သလို လူကဲ့သို့ ဖန်ဆင်းသွားလာနိုင်သော ကျတ်နှင့် နာနာဘာဝတို့၏ သွေးဆောင်ခြင်းလည်း ဖြစ်တန်ရာ၏။ ထို့ကြောင့် ကျွန်ုပ်၏ဘေး၌ ရပ်နေသော အဖိုးအိုအပေါ်၌ပင် သံသယဝင်လိုက်မိသည်။
” အမောင်… အများကြီးမတွေးပါနဲ့… အဘလည်း လူယောင်ဆောင်ထားတဲ့ နာနာဘာဝမဟုတ်ပါဘူး ”
” ဗျာ… ”
ကျွန်ုပ်၏ အတွေးများအား သိနေခြင်းကြောင့် အံ့သြစိတ်နှင့် အတူ အဖိုးအိုအပေါ်တွင် ထိုသို့ သံသယဖြင့် ထင်မြင်မိခြင်းအတွက် လည်း အားတုံ့အားနာ ဖြစ်သွားသည်။
” ဒါ… ဒါပေမယ့် အဘ… ဒီပစ္စည်းတွေက အရင်ဘဝက ကျွန်တော်ပိုင်တဲ့ ပစ္စည်းတွေဆိုတာ ကျွန်တော်ဘယ်လိုမှ လက်မခံနိုင်လို့ပါ ”
” အင်း… အတော်လည်း ရိုးသားတဲ့ သူငယ်ပေကိုး… ဒီလိုကြောင့်လည်း ဆိုင်ရာပိုင်ရာတွေက ငါ့ကို လွှတ်လိုက်ပေတာပဲ ဲ… ဒီမှာ အမောင်… ဒီပစ္စည်းတွေက အမောင်ကျင်လည်ခဲ့တဲ့ ဘဝပေါင်းများစွာထဲက ဘဝတစ်ခုခုမှာ အမောင် အမှန်တကယ် ပိုင်ဆိုင်ခဲ့တဲ့ ပစ္စည်းတွေပဲ… အဘနဲ့ အမောင် ခုလိုဆုံရတာကလည်း ရေစက်ရှိလို့ပဲ… အမောင် ခုလို ဘဝဟောင်းက ဥစ္စာပစ္စည်းတွေ မြင်ခွင့်ရတာဟာလည်း အမောင့်ရဲ့ ကုသိုလ်ကံကြောင့်ပဲ… အမောင့် ရဲ့ လက်ရှိဘဝဘုန်းကံကြောင့် အမောင်ပိုင်ဆိုင်ခဲ့ဖူးတဲ့ ဟောဒီ ဥစ္စာပစ္စည်းတွေကို အမောင် အလိုရှိသမျှ ယူဆောင်နိုင်ပါတယ် ”
အဖိုးအို၏နှုတ်မှ ထွက်ကျလာသော စကားလုံးများသည် ကျွန်ုပ်အား အံ့သြပြီးရင်း အံ့သြစေခဲ့သည်။ သို့သော် ထိုစကားများအား တစ်ထစ်ချယုံကြည်ရန်မှာမူ ကျွန်ုပ်အဖို့ များစွာ ခက်ခဲလှပေသည်။
” ဒီအခွင့်အရေးဟာ အမောင့်ဘဝအတွက် ပထမဆုံးနဲ့ နောက်ဆုံးအခွင့်အရေးပဲ အမောင်… နောင်ကို ဘယ်တော့မှ အမောင် မတွေ့နိုင်တော့ပါဘူး… အဲ့ဒါကြောင့် အခွင့်သာတုန်း ယူပါအမောင်… အမောင်အလိုရှိသမျှ ယူဆောင်ပါ ”
အဖိုးအို၏စကားကြောင့် ကျွန်ုပ် ကြက်သီးမွေးညင်းများပင် ထမိသည်။ ဘဝတစ်လျှောက်လုံး ထိတွေ့ကိုင်တွယ်ဖူးခြင်းမရှိသော ရတနာပစ္စည်းများအား မိမိသဘောကျ ယူဆောင်ရန် ကျွန်ုပ်မှာ အင်အားမရှိချေ။ တစ်ကိုယ်လုံး အေးစက်တောင့်တင်းကာ လက်ဖျားများပင် မသိမသာ တုန်ယင်နေခဲ့သည်။ ဒါ တကယ်မှ ဟုတ်ရဲ့လား ဟူသော သံသယစိတ်သည်လည်း ကျွန်ုပ်၏ မသိစိတ်ထဲတွင် ပုန်းလျှိုးကွယ်လျှိုးဖြင့် ရှိနေသေးသဖြင့် ကျွန်ုပ်အဖို့ စိတ်များ ဒွိဟဖြစ်နေသည်။
” ယူပါအမောင်… အချိန်မရှိတော့ဘူး ”
ကျွန်ုပ်သည် ယူရန် လက်လှမ်းလိုက်ပြီးမှ မယူဖြစ်လိုက်ပြန်။ မယုံမရဖြင့် လက်ကိုပြန်ရုတ်လိုက်သည်။
” အဘ… အဘပဲ သင့်တော်သလိုပေးပါ အဘ ”
” ဟောဒီပစ္စည်းတွေဟာ အဘပိုင်ဆိုင်တာမဟုတ်လို့ အဘ ပေးခွင့်မရှိပါဘူး… ပိုင်ရှင်ဖြစ်တဲ့ အမောင်ကိုယ်တိုင်ယူမှသာ ရနိုင်ပေလိမ့်မယ် ”
ကျွန်ုပ် တွေဝေရပြန်သည်။
” ကျွန်တော်… ကျွန်တော် တစ်ခုယူရင် ဘာပြန်ပေးရမလဲ အဘ ”
” အမောင် ခုထိ အခြေအနေကို လက်မခံနိုင်သေးပဲကို… အဘ ပြောနိုင်တာတစ်ခုက ဟောဒီပစ္စည်းတွေယူလိုက်လို့ အမောင့်အတွက် ဘာအန္တရာယ်မှ မရှိနိုင်ပါဘူး… အချိန်မရှိတော့ဘူး အမောင်… အမြန်ယူပါ ”
ထို့ကြောင့် ကျွန်ုပ်လည်း ဖြစ်လိုရာဖြစ်ဟု သဘောပိုက်ကာ ကြီးမားသော ရွှေတုံးကြီး၏ အစွန်းတစ်ခုအား ဖဲ့လိုက်သည်။ ထိုအခါ ကျွန်ုပ်၏ လက်တွင်းဝယ် အရွယ်တော် တယ်သီးခန့် အရွယ်အစားရှိ ရွှေတုံးလေး ပါဘာလေသည်။
” ကျေနပ်ပြီလား အမောင် ”
” ဟုတ်ကဲ့ အဘ ”
ကျွန်ုပ်အဖို့မှာ ထူးခြားဆန်းကြယ်သော အဖြစ်အပျက်များကို နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်နေရသည့်အပြင် ကြားသိရသမျှမှာလည်း မယုံကြည်နိုင်ဖွယ်ရာ အကြောင်းအရာများပေမို့ ထိုထက်ပို၍ လောဘ မရှိချေ။
” ကဲ ဒါဆို သွားကြစို့ ”
အဘိုးအိုသည် ဂူပြင်သို့ ဦးဆောင်ထွက်သွားလေသဖြင့် ကျွန်ုပ်လည်း အဖိုးအိုနောက်မှ လိုက်ထွက်လာခဲ့သည်။ ကျွန်ုပ်တို့ ဂူပြင်ရောက်သဖြင့် နောက်သို့ လှည့်ကြည့်လိုက်ရာ ဂူပေါက်မှာ ပျောက်ကွယ်သွားသည်ကို ထူးဆန်းစွာ မြင်လိုက်ရသည်။ အဖိုးအိုသည် ကျွန်ုပ်၏ဖြစ်ပျက်နေမှုအား အမှုမထားဘဲ လာရာလမ်း အတိုင်း တရွေ့ရွေ့ဆန်တက်သွားသဖြင့် ကျွန်ုပ်သည် ပုဆိုးကို ပြင်ဝတ်ကာ လက်ထဲမှ ရွှေတုံးအား ခါးပုံစာတွင် ကျစ်နေအောင်ထုပ် ၍ အဖိုးအိုနောက်မှ လိုက်လာခဲ့သည်။
” ကဲ အမောင်… ဒီလမ်းအတိုင်းဆက်သွားရင် အမောင်တို့ တည်းတဲ့နေရာ ရောက်လိမ့်မယ်… သွားပေတော့ ”
” အဘ… ကျေး… ကျေးဇူးတင်ပါတယ်… အဘရဲ့ နာမည် လေးများ သိခွင့်ရှိမလား ”
” နာမည်သိလို့ ဘာမှထူးမသွားပါဘူး အမောင်… အဘမှာချင် တာ ရတနာသုံးပါးကို မမေ့နဲ့… ကုသိုလ်ကောင်းမှုကို တတ်နိုင်သမျှ ပြုပါ… နောက်ပြီး အဘကိုရော… ဘဝဟောင်းက ရတနာတွေကိုပါ မေ့လိုက်ပါတော့… လိုက်လည်း မရှာပါနဲ့.. ရှာရင်လည်း ဘယ်တော့ မှ ထပ်တွေ့နိုင်မှာမဟုတ်ပါဘူး… သွားတော့အမောင် ”
ကျွန်ုပ်လည်း အဖိုးအိုအား တစ်ချက်ကြည့်ပြီးနောက် အဖိုးအို ညွှန်ပြသော လမ်းအတိုင်း လျှောက်လာခဲ့သည်။ ခြေလှမ်း ငါးလှမ်းမျှ လှမ်းပြီးချိန်ဝယ် နောက်သို့ လှည့်ကြည့်လိုက်ရာ အဖိုးအိုကို မတွေ့ရ တော့ပေ။ ထို့နောက် ကျွန်ုပ်၏ အသိအာရုံတစ်ခုလုံး အမှောင်ကျသွား လေတော့သည်။
” မာဂ… မာဂ… ”
တစ်စုံတစ်ယောက်၏ လှုပ်နှိုးမှုကြောင့် ကျွန်ုပ်လန့်နိုးလာခဲ့ သည်။ ထိုအခါမှ စောစောက အဖြစ်အပျက်များသည် အိမ်မက်တစ်ခု ဖြစ်ကြောင်း ကျွန်ုပ် သိလိုက်ရသည်။ ကျွန်ုပ်သည် ယာယီတဲနှင့် မနီးမဝေးရှိ သပြေပင်ကြီးအောက်တွင် အိပ်ပျော်သွားခြင်း မဟုတ်ပါလား။
” ထင်းအရင်စုကြမယ် မာဂ… ဟိုဖက်ကို လာခဲ့နော် ”
” ဟုတ်ကဲ့ ကိုအောင်မောင်း ”
အောင်မောင်းနှင့် သီဟတို့ ထွက်သွားကြသဖြင့် ကျွန်ုပ်လည်း တဲဆီသို့ ကပျာကသီသွားကာ ရင်မောဖွယ်ရာ အိမ်မက်ကြောင့် ရေတစ်ခွက် သောက်လိုက်ရသည်။ ထို့နောက် အင်္ကျီလက်ရှည်ဝတ်၊ ခမောက်ဆောင်းကာ ပုဆိုးကို ပြင်ဝတ်လိုက်သည်။
” ဘုတ်… ”
ပုဆိုးကို ဖြန့်ဝတ်လိုက်စဉ် ပုဆိုးထဲမှ တစ်စုံတစ်ရာ ထွက်ကျ လာသဖြင့် ကြည့်လိုက်ရာ…
” ဟင်… ရွှေတုံး… အိမ်မက်ထဲက ရွှေတုံးပါလား… ဒါ… ဒါဆိုရင်… ”

(ပြီး)

– ဂျူပီတာကိုကို

#crd