ဘိုးတော်ပေ နှင့် ညှို့ကဝေနိဂုံး
အခန်း (၁)
မြိုင်တောမြို့၏လက်ဖက်ရည်ဆိုင်လေးတဆိုင်တွင် လူနှစ်ယောက် စကားပြောနေသည်။ထိုလူနှစ်ယောက်အနက် အသက််ပိုငယ်သောလူငယ်မှာ အညိုရောင်ယောဂီအင်္ကျီကိုဝတ်ဆင်ထားပြီး ပုတီးတကုံးကို လည်ပင်းတွင်ဆွဲထားလေသည်။သူနှင့် မျက်နှာချင်းဆိုင်တွင်ထိုင်နေသောလူရွယ်သည်ကား သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားသော မြို့သားတယောက်ဖြစ်သည်။သူတို့ သည် လက်ဖက်ရည်ဆိုင်ထောင့်ရှိ ချောင်ကျသောစားပွဲ၀ိုင်းလေးတွင်ထိုင်ပြီး တယောက်နှင့်တယောက်စကားဆိုနေကြသည် ။
“ငါ့ညီ အ၀တ်က အရောင်ပြောင်းသွားပါလား အရင်လိုပိတ်ဖြူစင်ကြယ် မဟုတ်တော့ဘူး”
“ဟုတ်တယ် စုံထောက်ကြီးရေ ကျုပ်အနေအထားက ပိတ်ဖြူ စင်ကြယ်ဝတ်လောက်တဲ့အနေအထား မဟုတ်သေးဘူးလေဗျာ”
“ဟိုတလောကတော့ သာမာန်လူလိုပြန်ဝတ်နေလို့လေ”
“အဲ့ဒီတုန်းက ကျုပ်မှာ အပူလုံးတွေကြွနေတာလေဗျာ ကိုယ့်အပူကိုယ်မငြိမ်းနိုင်ပဲ စင်ကြယ်တဲ့ဒီအဝတ်တွေကို ဝတ်ဖို့က မသင့်ဘူးထင်လို့”
“ဒါနဲ့ ငါ့ညီ အကို့ကိုလာရှာတဲ့ ကိစ္စက “
“ဦးသောင်းကို ရှာလို့တွေ့ပြီလား မေးချင်လို့ပါ “
“သတင်းရထားတာတော့ ရှိတယ် “
“အဲ့တာဆိုလည်း ကျုပ်တို့ သူ့ကိုသွားတွေ့ကြရအောင်ဗျာ”
“အကိုလည်း အဲ့လိုတွေးထားပါတယ် သက်သေအထောက် အထားက မပြည့်စုံသေးတော့ ဖမ်းဖို့က အဆင်မပြေပေဘူး”
“ကျုပ်တို့သွားမှာ သူ့ကိုဖမ်းဖို့မဟုတ်ဘူးနော် စုံထောက်ကြီး သူ ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရလဲဆိုတာ သိချင်ရုံပဲ”
ဘိုးတော်ပေမှ စုံထောက်မောင်မောင်ကျော်အား ထိုသို့ပြောလိုက်သောအခါ မောင်မောင်ကျော်သည် လက်ဖက်ရည်ကို ဇိမ်ခံသောက်နေရင်း ခေါင်းကိုတဆတ်ဆတ်ညိတ်လိုက်ကာ
“အကိုလည်း အဲ့တာစိတ်ဝင်စားနေတာ ကဲ အဲ့တာဆို သူ့သတင်းရထားတဲ့နေရာကို အလွတ်သဘောနဲ့သွားကြတာပေါ့”
ဤသို့ဖြင့် ဘိုးတော်ပေနှင့် မောင်မောင်ကျော်တို့သည် လက်ဖက်ရည်ဆိုင်လေးမှ အတူထွက်လိုက်ကြပြီး လမ်းမပေါ်တွင် ပြေးဆွဲနေသောမြင်းလှည်းများအနက် မြင်းလှည်းတစီးကိုတားစီးလိုက်ကြပါလေတော့သည်။
အခန်း (၂)
လူသူအရောက်အပေါက်နည်းပြီး လှည်းလမ်းပင်မပေါက်ပဲ လူချည်းသက်သက်သာ သွားလာလို့ရသော တောင်ပေါ်ကျေးရွာလေးတရွာတွင် ဖြစ်သည်။ကျေးရွာလေးအား အဝေးမှကြည့်လျှင် မြူမှုန်များအကြားမှ အိမ်လေးများကိုပင် မထင်မရှားမြင်နေရသည်။ရွာသားများသည် တောင်ခြေတွင် လှည်းနှင့် တောင် ယာသုံးပစ္စည်းပစ္စယများကို တဲများဆောက်ပြီး ထားလေ့ရှိသည်။ယခု ထိုရွာလေးရှိသော တောင်ခြေရှိ တဲတလုံးထဲတွင် လူတစုသည် ရေနွေးကြမ်းသောက်ရင်း စကားစမြည်ပြောနေကြသည်။သူတို့သည် ဖိနပ်များကို ဖင်ခုထိုင်ထားပြီး တချို့သောသူများမှာ ဆောင်းထားသော ဝါးခမောက်များနှင့် လေအေးရစေရအလိုငှာ့ ယပ်ခပ်နေကြသည်။မကြာသောအချိန်တွင် တဲရှိရာသို့ သူတို့ဒေသခံမဟုတ်သော မျက်နှာစိမ်းလူနှစ်ယောက် ရောက်လာလေသည်။ထိုလူနှစ်ယောက်မှာ ဘိုးတော်ပေနှင့် မောင်မောင်ကျော်ပင်ဖြစ်၏။သူတို့နှစ်ယောက်ကိုဖြင့် တဲထဲတွင်ထိုင်နေကြသော ရွာသားကြီးများသည် မည်သည့်စကားမှ မပြောသေးပဲ အကဲခတ်နေကြသည်။ထို့နောက် ဘိုးတော်ပေသည် ယဥ်ကျေးစွာဖြင့် စကားဆိုလိုက်လေ၏။
“ဦးကြီးတို့ တခုလောက်မေးလို့ရမလားဗျ”
“မေးပါ မေးပါ “
“တောင်စွန်းရွာကို ဘယ်လမ်းကသွားရမလဲဗျ”
“တောင်စွန်းရွာဆိုတာ ငါတို့ရွာပဲ ငါတို့က ရွာကိုပြန်ကြမှာ လိုက်ခဲ့ကြပေါ့ မောင်ရင်တို့”
“သာလို့အဆင်ပြေတာပေါ့ ဦးကြီးရာ”
“ကဲ ကဲ တောင်စွန်းက လမ်းတော့ကြမ်းသကွယ် ဂရုစိုက်ပြီးတော့ လိုက်ခဲ့ကြပေတော့”
ရွာသားကြီးများသည် တောင်ခြေတွင် လယ်လာထွန်ခြင်းဖြစ်သည်။ထို့နောက် ဘိုးတော်ပေနှင့် မောင်မောင်ကျော်သည် ရွာသားကြီးများ၏နောက်မှ တောင်စွန်ရွာသို့ လိုက်သွားကြပါ တော့သည်။
“တောင်စွန်းရွာ”
အမည်နှင့်လိုက်ဖက်စွာပင် ရွာသားများသည် တောင်ကမ်း ပါးယံအစွန်များတွင် ခြံခတ်ပြီးအိမ်များဆောက်ကာ နေထိုင်ကြသည်။ရွာတလျှောက် သွားရသည့်လမ်းမှာလည်း တောင်ကမ်း ပါးယံလမ်းလေးဖြစ်ပြီး တောင်ကိုပတ်ကာတက်ရလေသည်။တချို့သောအိမ်လေးများသည် တောင်တက်သောလမ်းဘေးတွင်ရှိပြီး ဘိုးတော်ပေတို့၏ရှေ့မှသွားနေကြသော ရွာခံလူကြီးများအား နှုတ်ဆက်စကားဆိုကြသည် ။
“ဗျို့ ကိုရင်လှမြိုင်တို့ ရေနွေးကြမ်းသောက်သွားဦးလေ”
“မသောက်တော့ဘူး ကိုရင်သာမောင်ရေ အိမ်ကမဟေသီက နောက်ကျရင် ရေနွေးကြမ်းသောက်နေတယ်လို့မထင်ဘူးဗျ ဆေးလုံးသောက်တယ်ပဲ ထင်နေတာ”
ဘိုးတော်ပေသည် ရွာသားကြီးပြောသော ဆေးလုံးကိုသိချင်သွား၏။ထို့ကြောင့် ရွာသားကြီးတယောက်အနား ကပ်သွားလိုက်ကာ အသံခပ်အုပ်အုပ်ဖြင့် မေးလေသည်။
“ဦးကြီး ကျုပ် တခုလောက် မေးချင်တယ်ဗျ”
“မေးလေ မင်းမမေးခင် ငါ အရင်မေးပါရစေ မင်းက လူလိမ်လားကွ”
“ဗျာ ဘာလို့လဲ “
“ငယ်ငယ်ရွယ်ရွယ်နဲ့ ယောဂီဝတ်စုံနဲ့ဆိုတော့လေ “
“ခက်တယ် ဦးကြီးရာ ကျုပ်ဖြင့် အဲ့လိုအမြဲအထင်ခံနေရတော့ ရိုးသလိုတောင်ဖြစ်နေပြီ။ကျုပ် ပြောပြပါ့မယ်ဗျာ ကောင်းတဲ့အလုပ်တွေလုပ်တယ်ဆိုတာ အရွယ်နဲ့မဆိုင်ပါဘူး ဦးကြီးတို့က အသက်ငယ်ရင် ကောင်းတာတွေ မလုပ်နိုင်ဘူးလို့ ထင်နေတာမလား အဲ့တာကြောင့်လည်း ဘိုးတော်အယောင် ဆောင်တွေက အသက်ကြီးကြီးတွေဖြစ်နေတာပေါ့ ကျုပ် အထင် လူတယောက်ဆိုးသည်ကောင်းသည်ကို အသက်အရွယ်နဲ့ မဆုံးဖြတ်သင့်ဘူး ကျုပ်တို့မြတ်စွာဘုရားတောင် အသက် အရွယ်နုပျိုစဥ်မှာပဲ တောထွက်ခဲ့တာမဟုတ်လား”
“အဲ့တာတော့ ဟုတ်တယ် ငါ့တူရ အေး အေး ကောင်းတာလုပ်နေတာဆိုရင်တော့ အားပေးပါတယ်ကွာ”
“ကျုပ်လည်း ကောင်းတာတွေချည်းလုပ်မယ်လို့ တွေးထားပါတယ် “
“ဒါနဲ့ ငါ့တူ ဦးကြီးကိုမေးမယ်ဆိုတာက”
“ဦးကြီးတို့ပြောတဲ့ ဆေးလုံးဆိုတာက ဘာလဲဗျ”
“သြော် အဲ့တာလား ညောင်းရင်ကိုက်ရင် တချို့သူတွေက ဆေးလုံးသောက်ရတယ်မလား”
“ဟုတ်တယ် ဦးကြီး”
“ဦးကြီးတို့က လယ်ယာလုပ်နေတာဆိုတော့ တခါတခါ ညောင်းတာကိုက်တာရှိတာပေါ့ အဲ့တော့ အညောင်းအညာပြေတခွက်တဖလားမှီဝဲရတယ်လေကွာ ဆေးဖြစ်ဝါးဖြစ်ပေါ့ ဒီအရွယ်ကြီးကျမှ အရက်သောက်တယ်ဆို လူကြားလို့မကောင်းဘူးလေ အဲ့တာကြောင့် ဦးကြီးတို့အပေါင်းအသင်းတွေအချင်း ချင်းက အရက်ကို ဆေးလုံးလို့နာမည်ပေးလိုက်တာပဲကွ”
ဘိုးတော်ပေသည် ရွာသားကြီးပြောပြလာသောဆေးလုံးအကြောင်းသိသွားသောအခါ အတော်လေးသဘောကျနေမိ သည်။သူ့နည်းတူ မောင်မောင်ကျော်လည်း သဘောကျနေ၏။ ဤသို့ဖြင့် တောင်ကမ်းပါယံလမ်းလေးအတိုင်း တောင်ပေါ်သို့တက်လိုက်ရာ များမကြာသောအချိန်တွင်တော့ တောင်စွန်းရွာသို့ ရောက်ရှိလာပါလေတော့သည်။
အခန်း(၃)
တောင်စွန်းရွာလေး၏မလှမ််းမကမ်းရှိ တောင်ထိပ်တွင် ရွာဦးဘုန်းတော်ကြီးကျောင်းတကျောင်း တည်ရှိလေသည်။သစ်သားများနှင့်တည်ဆောက်ထားသောကျောင်းလေးသည် တောင် ကမ်းပါးယံတွင်တည်ရှိပြီး ကျွန်းတိုင်တို့ဖြင့် ထိုတောင်ကမ်းပါး ယံကို ခပ်စိတ်စိတ်ကာရံထားသည်။ထိုကျွန်းတိုင်ငုတ်များအနက် တိုင်တတိုင်တွင် လူကြီးတယောက်ထိုင်နေပြီး တိမ်စိုင်များဖုံးလွမ်းနေသော တောင်တန်းများကို ငေးမောနေသည်။ထိုလူကြီးမှာ ဦးသောင်းဖြစ်သည်။ဦးသောင်းသည် သက်ပြင်းအကြိမ်ကြိမ်ချလျက် တောင်တန်းများကိုငေးနေစဥ်
“ဦးကြီး ငေးလှချည်လားဗျ”
ဦးသောင်းသည် အသံလာရာဆီသို့ကြည့်လိုက်သောအခါ ပေတူးခေါ် ဘိုးတော်ပေနှင့်အတူ စုံထောက်မောင်မောင်ကျော်တို့အား တွေ့လိုက်ရသဖြင့် အံ့သြနေပြီး အနည်းငယ်မျက်နှာ ပျက်ယွင်းသွားလေသည်။ထို့နောက် ဦးသောင်းသည် အနည်း ငယ်ပျက်ယွင်းသွားသော သူ၏မျက်နှာက်ို ချက်ချင်းပြင်လိုက် ကာ
“မောင်ပေတူးနဲ့ စုံထောက်ကြီးတို့ပါလား ဘယ်ကနေဘယ်လိုရောက်လာတာလဲ”
“ဒီလိုပါပဲ ဦးသောင်းရာ တွေ့ချင်တဲ့သူတွေဆိုတော့ မရရအောင်ရှာပြီး လာခဲ့ရတာပေါ့”
မောင်မောင်ကျော်သည် ထိုသို့ပြောပြီးသည်နှင့် ဦးသောင်းအနားတိုးကပ်သွားလိုက်ပြီး လွတ်နေသောကျွန်းတိုင်ငုတ် အလွတ်တခုပေါ်တွင် ထိုင်လိုက်သည်။သူ့နည်းတူ ဘိုးတော်ပေသည်လည်း ဦးသောင်း၏ဘေးရှိ ကျွန်းတိုင်ငုတ်တွင်ထိုင်လိုက်လေသည်။သူတို့နှစ်ယောက်ထိုင်လိုက်ပြီးသည်နှင့် ဦးသောင်းမှ မောင်မောင်ကျော်အားကြည့်လိုက်ကာ
“ဦးလေးသမီးကို သတ်သွားတဲ့ကောင်ကို မိပြီလား”
ဦးသောင်း၏စကားကြောင့် မောင်မောင်ကျော်ပြုံးလိုက်ပြီးလျှင် ဘိုးတော်ပေအား မေးငေါ့ပြလိုက်သည်။ထိုအချိန်တွင် ဘိုးတော်ပေသည် သက်ပြင်းတချက်ချလိုက်ပြီး ဦးသောင်းကိုကြည့်ကာ စကားဆိုလေသည်။
“ဦးကြီး ကျုပ်တို့ ဒီကိုလာတာ ဦးကြီးမှာ ဘယ်လိုအခက်အခဲရှိလို ဘာ့ကြောင့်အခုလိုလုပ်ရတာလဲဆိုတာ သိချင်လို့ပဲ”
“မောင်ပေတူး ဘာတွေပြောနေတာလဲ “
“ဦးကြီး ကျုပ်အကြောင်းစုံသိပြီးပါပြီ စုံထောက်ကြီးကလည်း အလုပ်ကိစ္စကြောင့် လာတာမဟုတ်ပါဘူး ဦးကြီးမှာ ဘာအခက်ခဲတွေရှိလို့ ဒီလိုလုပ်ရတာလဲဆိုတာကို သိချင်လို့ လာခဲ့တာပါ”
ဘိုးတော်ပေမှ ထိုသို့ပြောလိုက်သောအခါ မောင်မောင်ကျော်သည် ခေါင်းကိုညိတ်လိုက်ပြီး
“ဟုတ်တယ် ဦးလေး ကျုပ် အလုပ်ကိစ္စနဲ့ လာတာမဟုတ်ပါဘူး ဦးကြီးအနေနဲ့ ဘယ်လို အခက်ခဲတွေကြောင့် ဒီလိုလုပ်ရလဲဆိုတာ သိချင်ရုံပါ”
ဦးသောင်းသည် သူ၏တချို့သောကိစ္စများကို သိနေပုံရသော ဘိုးတော်ပေနှင့် မောင်မောင်ကျော်တို့အား မလိမ်တော့ဘူးဟု စိတ်ဆုံးဖြတ်လိုက်ကာ သက်ပြင်းတချက်ကို လေးပင်စွာချလိုက်ပြီး
“မှားလားမှန်လားတော့ ဦးကြီး မသိတော့ဘူး ဒါပေမဲ့ ဒီအရွယ်ရောက်မှ ထောင်ထဲလည်းမသွားချင်ဘူးကွာ “
ဦးသောင်း၏စကားအား မောင်မောင်ကျော်နှင့် ပေတူးသည် ခွန်းတုန့်ပြန်ခြင်းမရှိပဲ နောက်ထပ်ပြောမည့်စကားများကိုသာ အာရုံစိုက်နားထောင်လို့နေသည်။ထို့နောက် ဦးသောင်းသည် သူကြုံတွေ့ခဲ့ရသော ဖြစ်ရပ်များကို ပြန်ပြောင်းပြောပြလာပါလေတော့သည်။
အခန်း (၄)
ထို့နေ့က ဦးသောင်းတယောက် မြိုင်တောနှင့် အနည်းငယ်လှမ်းသော ရွာလေးတရွာရှိအလှူတခုသို့ သွားဖြစ်သည်။အလှူသို့ရောက်သောအခါ အပေါင်းသင်းမိတ်ဆွေများနှင့် စကားကောင်းနေရာ အလှူမှပြန်သောအချိန်သည် နောက်ကျသွားသည်။ထိုအခါ အလှူရှင်နှင့်တခြားသောအပေါင်းသင်းမိတ်ဆွေများမှ ညအိပ်နေရန် ပြောလာကြသည်။
“ကိုသောင်း ခင်ဗျားပြန်ရမှာ မိုးချုပ်နေပြီ ဒီမှာပဲ ညအိပ် လိုက်တော့ဗျာ”
“မဖြစ်ဘူးဗျ အိမ်မှာက ကလေးနှစ်ယောက်ပဲရှိတာ “
“ဘာမှမဖြစ်ပါဘူးဗျာ အိပ်လိုက်စမ်းပါ မြိုင်တောသွားတဲ့ ကားလမ်းဆီကိုရောက်မဲ့အချိန်က မိုးချုပ်လောက်ပြီ “
“ဟုတ်တယ် ဒီအချိန် မြင်းလှည်းလည်း ရှိမှာမဟုတ်တော့ဘူးနော် ကိုသောင်း”
“ကြုံရာနဲ့တော့ ပြန်ရမှာပဲ သစ်ကားကြံကားတွေတော့ ရှိလောက်ပါတယ် “
ဦးသောင်းကို ညအိပ်ရန်၀ိုင်းတားကြသော်လည်း မည်သူမှ တားမရ၍ လက်နှိပ်ဓာတ်မီးသာ ပေးလိုက်ရလေသည်။ဦးသောင်းတယောက် အလှူရှိသောရွာမှထွက်လာရာ လမ်းခုလတ်တွင် မိုးချုပ်သွားပြီဖြစ်သည်။အပေါင်းအသင်းများက လိုက်ပို့ပေးရမလားပြောသော်လည်း ဒီလမ်းဒီခရီးကို တယောက်တည်း မသွားရဲစရာမရှိ၍ ငြင်းပြီး တယောက်တည်းထွက်လာခြင်းဖြစ် သည်။အိမ်တွင်ကျန်ခဲ့သော သမီးဖြစ်သူနှင့် မိကြွယ်ကို စိတ်ပူ သည်က တကြောင်း၊သူ ပြန်မလာ၍ စိုးရိမ်နေမည်ကို တွေးမိ သည်က တကြောင်း အကြောင်းကြောင်းကြောင့် ပြန်လာခဲ့လေသည်။လှည်းလမ်းလေးအတိုင်းလျှောက်လာရာ လမ်းသွားလမ်းလာတဦးတလေမျှ မတွေ့ခဲ့ရပေ။ဤသို့ဖြင့် တယောက်တည်းနားအေးပါးအေးလမ်းလျှောက်လာရာ များမကြာသောအချိန်တွင်တော့ ကတ္တရာလမ်းပေါ် ရောက်ရှိလာလေသည်။ကားလမ်းသည် မီးတိုင်တို့မရှိဘဲ မှောင်အတိဖြစ်နေသည်။တခါတရံဖြတ်သန်းသွားသော ကားကြီးများကိုသာတွေ့ရပြီး ထိုကားကြီးများကို တားပါသော်လည်း ရပ်မပေးကြပေ။ကားများမလာသောအခါ လမ်းသည် မှောင်အတိဖြစ်၏။ထိုစဉ် မြင်းခွာသံသဲ့သဲ့နှင့်အတူ မြင်းလှည်းတစီးလာနေသည်ကို သတိထားမိသည်။ထို့ကြောင့် ဦးသောင်းသည် အသံကြားရာဖက်သို့ ဓာတ်မီးနှင့် ထိုးကြည့်လိုက်သောအခါ အမှန်တကယ်ပင် မြင်းလှည်းတစီးလာနေကို တွေ့လိုက်ရသည်။ထိုမြင်းလှည်းသည် ဦးသောင်းအနီးရောက်သောအခါ ရပ်တန့်လိုက်ပြီးလျှင်မြင်းလှည်းမောင်းသူမှ စကားဆိုလာလေသည်။
“ဗျို့ မြင်းလှည်းကြုံလိုက်မလား”
“လိုက်မယ် “
“အဲ့တာဆို တက်ဗျာ”
မြင်းလှည်းသမားကိုဖြင့် သေချာမမြင်ရပေ။သို့ပေမဲ့ မြင်း လှည်းတစီးနောက်ထပ်လာဖို့ရာ မဖြစ်နိုင်သည့်အခြေအနေမှာမို့ ဦးသောင်းတယောက် ကြာကြာစဉ်းစားမနေပဲ မြင်းလှည်းပေါ်ကိုသာ တက်လိုက်လေ၏။
မြင်းလှည်းပေါ်ရောက်သောအခါ သူနှင့် မျက်နှာချင်းဆိုင်တွင်ထိုင်နေသူမှာ မိန်းကလေးဖြစ်နေသည်ကို သတိပြုမိလိုက်သည်။ထိုမိန်းကလေးသည် အသံလွင်လွင်နှင့် ဦးသောင်းအား စတင်၍ စကားဆိုလာလေသည်။
“ဦးကြီး မိုးချုပ်လိုက်တာရှင် တယောက်တည်း”
“ဟုတ်တယ် တူမကြီးရေ အလှူသွားတာ တရားက နေ့လယ်မှ နာရတာဆိုတော့ မိုးချုပ်သွားတာပါကွယ် “
“ဟုတ်လား ဦးကြီးကိုသာပြောရတာ ကျမလည်း မိုးချုပ်နေတာပါပဲ ဒါနဲ့ ဦးကြီးက ဘယ်ကိုသွားမှာလဲ “
“မြိုင်တောလေ ဒါပေမဲ့ မြို့ထဲထိတော့မရောက်ပါဘူးကွယ် လမ်းဘေးတင်ပဲ “
ဦးသောင်းနဲ့ မြင်းလှည်းပေါ်မှမိန်းကလေးတို့ စကားဆိုနေစဉ် မြင်းလှည်းလေးသည် တရွေ့ရွေ့သွားနေသည်။မြင်းလှည်းလေးသည် အမှောင်ထုကြီးစိုးနေသောလမ်းတလျှောက်တွင် စည်းချက်ညီညီခွာသံပေး၍ သွားနေသည်။အတန်ကြာသော အခါ ဦးသောင်းအား မြင်းလှည်းအတူစီးလာသောမိန်းကလေးမှ စကားဆိုလေသည်။
“ဦးကြီး မြိုင်တောအထိမရောက်ဘူးဆို ဦးကြီးအိမ်ရောက်ရင် ကျမကိုရေလေးများ မတိုက်ချင်ဘူးလား ကျမ အတော်ရေဆာနေလို့ပါ”
“ရပါတယ် ကလေးမ”
“အချိန်လုပြီး လာရတာနဲ့ ရေတောင်မသောက်ခဲ့ရပါဘူးရှင်”
“အဲ့လိုပါပဲ အရေးကြီးပြီဆိုရင် ရေသောက်ဖို့တောင်မေ့တတ်တာ ဦးကြီးလည်း ခဏခဏဖြစ်ဖူးတာပါပဲ “
ထိုစဉ် မြင်းလှည်းရုတ်တရက်ရပ်တန့်သွား၍ ဦးသောင်းမှ မြင်းလှည်းဆရာအား လှမ်း၍မေးလိုက်သည်။
“မြင်းလှည်းဆရာ ဘာဖြစ်လို့လဲ “
“ဘာမှမဖြစ်ပါဘူး ဦးလေး ကျုပ် မြင်းလှည်းဝင်ရိုးလေး ခဏ စစ်ချင်လို့”
မြင်းလှည်းဆရာသည် မြင်းလှည်းပေါ်မှ ဆင်းဟန်ပြင်လိုက်ပြီးနောက် ဦးသောင်းအား ရုတ်တရက်ဖမ်းချုပ်လိုက်၏။ ထိုအခါ ဦးသောင်းသည် ထိတ်ထိတ်ပြာပြာဖြစ်သွားပြီး
“ဟေ့ မင်း မင်းဘာလုပ်တာလဲ “
“ဟေ့ မာယာ နင်လုပ်စရာရှိတာ အမြန်လုပ်လေ “
မြင်းလှည်းသမားမှ မိန်းခလေးအား ထိုသို့ပြောလိုက်ရာ မိန်းကလေးသည် ဦးသောင်း၏ငယ်ထိပ်ကို သူမ၏လက်နှင့် အုပ်လိုက်ချိန် ဦးသောင်းတယောက် မြင်းလှည်းသမားချုပ် ထားသည့်ကြားမှ ဓာတ်လိုက်သည့်အလားတုန်ယင်နေသည်။ ထို့နောက် မာယာဟုအမည်ရသော မိန်းကလေး၏နှုတ်မှ အခြားသူများနားမလည်နိုင်သော စကားလုံးများကို လေသံခပ်အုပ်အုပ်နှင့် ရွတ်ဆိုနေချိန်တွင်တော့ မြင်းလှည်းသမားသည် ဦးသောင်းကိုလွှတ်လိုက်ပြီး မြင်းလှည်းပြန်မောင်းနေလေသည် ။လမ်းခုလတ်ညောင်ပင်ကြီးတပင်အရောက်တွင် ဓာတ်မီးဖြင့် မြင်းလှည်းအားလှမ်းထိုးခံရ၍ မြင်းလှည်းသမားသည် မြင်းလှည်းကို ရပ်လိုက်သည်။မြင်းလှည်းရပ်လိုက်သည်နှင့် ညောင်ပင်အနီးတွင် ရပ်နေသောမိန်းမကြီးတယောက်သည်မြင်းလှည်းအနီးလျှောက်လှမ်းလာပြီး မြင်းလှည်းပေါ်တွင် ငူငူငိုင်ငိုင်ထိုင်နေသော ဦးသောင်းကို ဓာတ်မီးနှင့် ထိုးကြည့်လာပြီး ရယ်သံနှောနေသော လေသံဖြင့် စကားဆိုလေသည်။
“ကိုသောင်း ရှင် ဟိုတခါ ကံကောင်းပြီး ကျုပ်လက်က လွတ်သွားတယ် အခုတကြိမ်တော့ ကျုပ်တူမ ညှို့ကဝေမာယာရဲ့လက်က ရှင် လွတ်မယ်မထင်ဘူး”
ငူငူငိုင်ငိုင်ဖြစ်နေသော ဦးသောင်းအား ထိုသို့ပြောလိုက်ပြီးနောက် မြင်းလှည်းပေါ်ရှိမာယာကိုကြည့်ကာ
“ကဲ တူမကြီးမာယာ ရသလောက်သာ ချွေပေတော့ တခုတော့ မှာလိုက်မယ်နော် သူ့မြေနေရာက တန်ဖိုးကြီးတယ် အပိုင်သာကိုင် အရီးကြည်သန်းကိုလည်း မေ့မထားနဲ့နော်”
“စိတ်ချပါ အရီးရယ် အဲ့တာဆို ကျမ သွားလိုက်ဦးမယ် “
“ဆိုင်ကိုတော့ တခါတည်း ပိတ်နော် သူ့ဧည့်သည်တွေနဲ့ အတွေ့မခံနဲ့ အရီးတုန်းက ဆိုင်ဖွင့်လိုက်တာ မှားသွားတယ် “
“ဟုတ်ကဲ့ “
ထို့နောက် မာယာနှင့် မြင်းလှည်းသမားသည် ဒေါ်ကြည်သန်းကို နှုတ်ဆက်ကာ မြင်းလှည်းအား ပြန်လည်မောင်းထွက်သွားပါလေတော့သည်။
အခန်း (၅)
မြိုင်တောသို့သွားသော ကားလမ်းနံဘေးရှိ ထမင်းဆိုင်ရှေ့တွင် မိန်းကလေးနှစ်ယောက် တစုံတယောက်ကို စောင့်မျှော်နေလေသည်။သူမတို့နှစ်ယောက်မှာ မေသူနှင့် မိကြွယ်တို့ဖြစ် သည်။ အဖော်မပါပဲ တယောက်တည်းအလှူသွားသော ဖခင်ဖြစ်သူ မိုးချုပ်သည်အထိ ပြန်ရောက်မလာသေးသောကြောင့် စိုးရိမ်စိတ်ပူနေသည့် မေသူအား မိကြွယ်မှ စကားဆိုလေ၏။
“မမရယ် ဘကြီးက ကလေးမဟုတ်တော့ပါဘူး”
“ဒါတော့ ဒါပေါ့ဟယ် အဖေက ဘယ်တုန်းကမှ မပြောမဆိုနဲ့ ညအိပ်ညနေ ခရီးသွားဖူးတာ မဟုတ်ဘူး”
မိကြွယ်လည်း မည်သို့ပြောရမည်မှန်းမသိချိန် မြင်းလှည်းလေးတစီး တရွေ့ရွေ့နှင့် သူတို့ဆိုင်အနီးသို့ ဆိုက်ရောက်လာလေသည်။မြင်းလှည်းဆိုက်လာသည်နှင့် မေသူမှာ ဖခင်ဖြစ်သူပြန်လာသည်ဟု သိလိုက်သည်မို့ မြင်းလှည်းအနီးသွားလိုက်စဥ် ဖခင်ဖြစ်သူဦးသောင်းမှာ သူနှင့်ရွယ်တူ မိန်းကလေးတယောက်ကို လက်ကဆွဲကာ မြင်းလှည်းပေါ်မှ ဆင်းလာလေသည်။ထိုမြင်ကွင်းအား မေသူနည်းတူ မိကြွယ်ပါအံ့သြနေစဥ် ဦးသောင်းမှ မိကြွယ်အား အသံခပ်မာမာဖြင့်စကားဆိုလေသည်။
“မိကြွယ် မြင်းလှည်းပေါ်က အထုတ်တွေကို အိမ်ပေါ်တင်စမ်း”
“ဟုတ်ကဲ့ ဘကြီး”
“ဒါနဲ့ သူက “
“နင်နဲ့ ဘာဆိုင်လဲ ငါခိုင်းတာသာ လုပ် လျှာမရှည်နဲ့”
မိကြွယ်တယောက် အငေါက်ခံလိုက်ရသဖြင့် နောက်ထပ်မည်သည့်စကားမှ မပြောဝံံ့တော့ပဲ ဦးသောင်းခိုင်းသည့်အတိုင်းသာ လုပ်ပေးလိုက်ရလေသည်။ထို့နောက် ဦးသောင်းသည် သူ့အား စိုးရိမ်တကြီးစောင့်ဆိုင်းနေသော သမီးဖြစ်သူကိုမြင်သော် လည်း ဘာစကားမှမပြောပဲ မမြင်ဟန်ဆောင်ကာ ပါလာသော မိန်းကလေးကိုလက်ကဆွဲလို့ အိမ်ဝိုင်းထဲ ဝင်သွားလေသည်။ထို့အတွက် မေသူတယောက် ထပ်မံအံ့သြနေရပြီး ဖခင်ဖြစ်သူ နောက်လိုက်သွားကာ
“အဖေ ဒါက ဘာတွေလဲ သူကရော ဘယ်သူလဲ”
“နင်က ငါ့အမေလား ငါက နင့်အဖေလား ငါ့ဘာသာ ဘာလုပ်လုပ် နင့်ကို ပြောနေရအုံးမှာလား”
“မဟုတ်ပါဘူး သမီးက အဖေ့သမီးပါ”
“ငါ့သမီးဆို ငါ့စကား နားထောင် မနက်ဖြန်ကစပြီး ငါတို့နှစ်ယောက်စားဖို့ ချက်ပြုတ်ပေး ဆိုင်ဖွင့်စရာ မလိုတော့ဘူး”
“အဖေ ဘာတွေပြောနေတာလဲ “
“နင် ငါ့စကားကိုသာ နားထောင်စမ်းပါ ငါ့စကားကို နားမထောင်ဘူးဆိုရင် ငသောင်းဘာကောင်လဲ သိမယ်မှတ်”
ဦးသောင်း၏ပြောင်းလဲသွားသော စကားအပြောအဆိုနှင့် ဟန်အမူယာများကိုကြည့်ကာ မိကြွယ်နှင့် မေသူ အံ့သြလို့နေပါလေတော့သည်။
အခန်း (၆)
ဦးသောင်းသည် မိုးလင်းသည်နှင့် ဆိုင်ထဲရှိ ပန်းကန်ခွက် ယောက်များကို စတင်သိမ်းဆည်းလေသည်။ဆိုင်ရှေ့ကိုလည်း ထရံများဖြင့် အပြည့်ကာစေကာ အိမ်ထဲသို့ လူမမြင်ရအောင် ပြုလုပ်နေလေသည်။သူနှင့်အတူပါလာသော ကဝေမိန်းကလေးမာယာသည်ကား အိမ်ပေါ်မှ အိမ်အောက်သို့ပင် မဆင်းပေ။မိကြွယ်နှင့် မေသူသည်လည်း မျက်နှာထားတင်းတင်းနှင့်ဦးသောင်းကို ကြောက်နေရ၍ သူ့ပြောစကားအတိုင်းသာ နေရလေသည်။သူမတို့နှစ်ယောက်ကိုလည်း ဆိုင်ထဲ၌သာ ညအိပ်ခိုင်း လေသည်။မိကြွယ်တယောက် အနီးတွင် ဦးသောင်းမရှိတော့သောအခါမှ မေသူအား အသံခပ်တိုးတိုးနှင့် စကားဆိုလေ၏။
“မမ ဘကြီးကို စုန်းပြုစားထားတာလား မသိဘူးနော်”
“မဖြစ်နိုင်တာ ဟိုတခါ ဘကြီးကျော်လှိုင်ပေးတဲ့ အစီအရင် သူ့မှာ ရှိနေတာပဲကို”
“အဲ့တာလည်း ဟုတ်တာပဲနော် “
“ငါ့အဖေ နောက်မိန်းမယူလိုက်တာပဲ ဖြစ်မယ် လူသိမခံနိုင်လို့ တိတ်တိတ်လေးနေမလို့ ဖြစ်မှာပေါ့”
“ဘကြီးက အဲ့လိုလူမျိုး မဟုတ်ပါဘူး”
“ယောကျ်ားတွေ ပြောင်းလဲတတ်တာ နင်လည်းသိသားနဲ့”
“ကိုဆန်းကတော့ မပြောင်းလဲပါဘူးနော် “
“ကြည့်ထားပါ ကြည့်ထား နင့်ကောင်ကိုဆန်းလည်း ဘယ်တော့ပြောင်းလဲမလဲဆိုတာ”
“မမနော် ဟိုကောင်ပေတူး ပြောင်းလဲသွားတာနဲ့ ယောကျာ်းတွေအကုန်လုံးကို မယုံသင်္ကာဖြစ်နေတယ်”
“မောင်လေးပေတူးက ကောင်းတဲ့ပြောင်းလဲခြင်းနဲ့ ပြောင်းလဲတာပါ ငါ အပြစ်မတင်ချင်ပါဘူး”
မေသူသည် ထို့သို့ပြောပြီးနောက် နဖူးပေါ်လက်တင်ပြီး တွေးတောနေပါလေတော့သည်။
အခန်း (၇)
“အဖေ ကျမတို့ ဒီဆိုင်နေရာကိုတော့ မရောင်းနိုင်ဘူး”
“နင် ဘာစကားပြောတာလဲ ငါ့ဘာသာရောင်းရင် ရောင်းမှာ ပေါ့”
“အဖေ ဘာတွေလျှောက်လုပ်နေတာလဲ ဟိုမိန်းမပြောစကား ဘာလို့အကုန်လိုက်လုပ်နေတာလဲ”
“တယ် ဒီကောင်မလေးကတော့ အဖေကိုပြန်ပြောနေရသလား”
“အဖေမဟုတ်တာလုပ်ရင်တော့ ပြောရမှာပဲ”
ဦးသောင်းသည် သမီးဖြစ်သူမေသူနှင့် အိမ်အောက်တွင်စကားများနေလေသည်။မိကြွယ်သည်က ခပ်လှမ်းလှမ်းမှနေ၍ အကဲခတ်နေလေသည်။စကားများရသည့်အကြောင်းမှာ အခြားလုပ်ငန်းရှင်များစိတ်ဝင်စားနေသော သူတို့၏ကျယ်ဝန်းပြီး အချက်အချာကျသောဆိုင်နေရာအား ဦးသောင်းမှ ရောင်းမည်ပြောလာ၍ သမီးဖြစ်သူမေသူ ကန့်ကွက်ရာမှ စကားများကြခြင်းဖြစ်သည်။သူတို့သည် အတန်ကြာအောင်စကားများနေစဥ် အိမ်ပေါ်မှ မိန်းကလေး၏အသံ ပေါ်ထွက်လာလေသည်။
“အကိုကြီးရေ ဒီကိုလာပါဦး”
“လာပြီ လာပြီ မာယာရေ”
ဦးသောင်းသည် အ်ိမ်ပေါ်မှမိန်းကလေး၏ခေါ်သံကို ကြား လိုက်သည်နှင့် မေသူနှင့်စကားပြောနေသည်ကို ရပ်တန့်လိုက်ပြီး အိမ်ပေါ်သို့ ခပ်မြန်မြန်ပြေးတက်သွားလေသည်။သူ့နည်းတူ မေသူသည်လည်း အိမ်ပေါ်သို့ လိုက်တက်သွားလိုက်၏ ။ အိမ်ပေါ်ရောက်သောအခါ မာယာဟုအမည်ရသော မိန်းကလေးမှာ မေသူနှင့် အရပ်တူကိုယ်လုံးကိုယ်ပေါက်တူသူဖြစ်ပြီး မျက်နှာရုပ်သွင်သာ ကွာခြားသည်ကို တွေ့ရလေသည်။ထို့နောက် မေသူသည် မာယာအား
“ဟဲ့ကောင်မ နင် ငါ့တို့ဘဝကို ဘာလို့ဖျက်စီးချင်နေတာလဲ “
“အကိုကြီး မာယာကို အနိုင်ကျင့်နေတယ် လုပ်ပါဦး”
အမည်နှင့်လိုက်ဖက်စွာ မာယာပိုလွန်းသော မာယာ၏စကား ကြောင့် ဦးသောင်းမှာ ဒေါသထွက်သွားကာ မေသူ၏ပါးကို နှစ်ချက်ဆင့်ရိုက်လိုက်ပြီး
“နင်မကျေနပ်ရင် အိမ်ပေါ်က ဆင်းသွား မာယာကို ဒီလောက် ပြောစရာမလိုဘူး”
“အဖေက အဖေ့မယားကို ပါးစပ်လေးနဲ့ပြောတာကို ကျမကိုရိုက်တယ် “
“ရိုက်တယ် ဘာဖြစ်လဲ နင့်ကို သတ်တောင်သတ်ပစ်ချင်တာ”
ဖခင်ဖြစ်သူ၏ စကားနှင့်လုပ်ရပ်ကြောင့် မေသူ အတော်စိတ်ထိခိုက်သွားကာ အိမ်ပေါ်မှဆင်းလာလိုက်သည်။ထို့နောက် အိမ်အောက်တွင် သူ့အားစောင့်နေသော မိကြွယ်ကိုကြည့်လိုက်ပြီး ကျလုဆဲဆဲ မျက်ဝန်းအိမ်မှမျက်ရည်များကို သုတ်လိုက်ကာ
“မိကြွယ် ငါတို့ ဘုရားသွားကြရအောင် “
“ဟုတ်ကဲ့ မမ “
ထို့နောက် မေသူနှင့် မိကြွယ်တို့သည် ကြုံရာမြင်းလှည်းတစီးငှါးကာ မြို့ဦးစေတီသို့ ထွက်လာခဲ့ကြပါတော့သည် ။
အခန်း (၇)
မြို့ဦးစေတီသို့ မေသူတို့ ရောက်ရှိလာပြီဖြစ်သည်။မေသူသည် စနေ့ထောင့်တွင်ထိုင်လိုက်ပြီး အများသူငှာလှူတန်းထားသော ပုတီးတကုံးကိုယူကာ ပုတီးစိတ်နေလေသည်။မိကြွယ်သည်ကား မလှမ်းမကမ်းတွင်ထိုင်ပြီး စဉ်းစားနေလေသည်။ တနာရီမျှကြာသောအချိန်တွင်တော့ မေသူသည်လည်း ပုတီးစိတ်ရာမှဖြုတ်လိုက်ပြီး မိကြွယ်ဆီလာကာ
“ကဲ မိကြွယ် မမတို့ပြန်ကြရအောင်”
“မမတော့ မသိဘူး မိကြွယ်ကတော့ ဘကြီးကို မကျေနပ်ဘူး အခုမှခေါ်လာတဲ့ကောင်မရဲ့ စကားကိုနား၀င်နေတာ ဘကြီးကျော်လှိုင်တို့ ဦးငြိမ်းမောင်တို့ကို အကျိုးအကြောင်းပြောကြည့်မလား မမ”
“မပြောပါနဲ့ မိကြွယ်ရယ် အဖေ အရှက်ကွဲနေပါ့မယ် “
“ပြောရင် သူတို့က ဝိုင်းတားပေးမှာပေါ့”
“တားလည်း ရမယ်မထင်ပါဘူး မိကြွယ်ရယ််”
“မမကလည်း သည်းခံနိုင်လိုက်တာ ကျမဆို မရဘူး”
“အဖေ စိတ်ချမ်းသာသလိုသာ လုပ်ပါစေတော့ မိကြွယ်ရယ်”
အရာရာကို ခွင့်လွှတ်သည်းခံမည်ဟု ဆုံးဖြတ်ထားဟန်ရှိသော မေသူကိုကြည့်ကာ မိကြွယ်တယောက် အားမလိုအားမရ ဖြစ်လို့နေပါလေတော့သည် ။
အခန်း (၈)
တန်မှတန်ထမင်းတိုင်လေးထဲရှိ တန်းလျားနှစ်လုံးကိုပူးပြီး အိပ်နေသူမှာ မိကြွယ်ဖြစ်သည်။မိကြွယ်နည်းတူ မေသူသည်လည်း ထိုကဲ့သို့အိပ်စက်ရသည်မှာ ရက်အတန်ကြာနေပြီဖြစ် ၏။မိကြွယ်အိပ်နေသည်ကို မေသူတယောက် ဖယောင်းတိုင်မီးလေးထွန်းပြီး ကြည့်နေလေသည်။အချိန်သည်ကား အာရုံမတက်သေးချေ။ထို့နောက် မေသူသည် တခုခုဆုံးဖြတ်ပြီးဟန်နှင့် အိပ်ပျော်နေသော မိကြွယ်အား လှုပ်နှိုးလိုက်ပြီး
“မိကြွယ် မိကြွယ် ထဦး”
“ဟင် မမ အစောကြီး ဘာဖြစ်လို့လဲ”
“မမ မိကြွယ်ကို ပြောစရာရှိလို့ “
“အင်း မမ ပြောလေ မမ ဘယ်သွားမလို့လဲ ဟိုအဝတ်ထုတ်ကြီးကရော ဘာလုပ်တာလဲ “
“မမ စစ်ကိုင်းဖက်ကို ထွက်သွားတော့မယ် “
“အဝေးကြီးကို ဘာသွားလုပ်မှာလဲ “
“မမလေ ဒီဘဝမှာ မနေချင်တော့ဘူး မြိုင်သာက ဘုရားဖူးသွားမဲ့အသိတွေနဲ့ စစ်ကိုင်းကို လိုက်သွားတော့မယ် အဲ့ဒီမှာပဲ အပြီးနေတော့မယ် “
“မိကြွယ်လည်း လိုက်ခဲ့မယ်လေ “
“လိုက်လို့မရဘူး မိကြွယ် “
ထို့နောက် မေသူသည် မိကြွယ်၏လက်ထဲသို့ စာလေးတစောင်နှင့် ငွေအချို့ပေးကာ
“မိကြွယ် ငါ့ညီမ ရွာပြန်ရင်ပြန်ပေါ့ ဒီငွေက မိကြွယ်သုံးဖို့ ဒီစာလေးကတော့ တချိန်ချိန်မှာ မောင်လေးပေတူး မမကိုလာရှာခဲ့ရင် မမကိုမတွေ့ပဲ မိကြွယ်ကိုတွေ့ရင် ဒီစာလေးကို ပေး ပေးပါ တကယ်လို့ လာမရှာခဲ့ဘူးဆိုရင်လည်း စာကို မိကြွယ်ပဲ သိမ်း ထားလိုက်ပေါ့”
မိကြွယ်တယောက် မည်သည့်စကားမှပြန်မပြောနိုင်တော့ပဲ ငေးကြောင်နေလေသည်။ထို့နောက် မေသူသည် ငေးကြောင်နေသော မိကြွယ်၏ဦးခေါင်းလေးကိုပွတ်သပ်ပေးလိုက်ပြီးနောက် ထမင်းဆိုင်လေးထဲမှ ထွက်ခွာသွားပါလေတော့သည် ။
အခန်း (၉)
မေသူ အိမ်မှ ထွက်သွားသည်ကို အခြားမည်သူကမှ မသိလိုက်ကြပါ။မိကြွယ်သည်လည်း မည်သူ့ကိုမပြောဖြစ်ခဲ့ပေ။ဦးသောင်းနှင့် မာယာမှာ အတော်ကျေနပ်နေကြသည်။မိကြွယ် ရွာပြန်မည်ကို မပြန်ခိုင်းပဲ ချော့မော့ထားသည်။သူတို့အတွက် ချက်ပြုတ်ကျွေးမွေးဖို့ လူမရှိသောကြောင့်သာ ဖြစ်သည်။မာယာဆိုသောအမျိုးသမီးမှာ ရောက်ကတည်းက ယခုချိန်ထိ ညဖက်မှာသာ အိမ်အောက်ဆင်းပြီးရေချိုးသည်။နေ့ခင်းဘက်ဆိုလျှင် တနေကုန်အိမ်ထဲတွင်သာ နေထိုင်သည်။အိမ်တွင်ဖြစ်ပျက်နေသည်ကို မည်သူမှ မသိကြချေ။ဤသို့ဖြင့် တနေ့သောနေ့လယ်တွင် မိကြွယ်တယောက် ရေချိုးနေရင်းက သူမအပေါ် ကြင်ကြင်နာနာရှိပြီး ညီမအရင်းပမာဆက်ဆံသော မမမေသူကို သတိရသွားကာ ငေးမိငေးရာငေးစဉ် ဝန်းထရံကြားထဲတွင် ညှပ်ထားသော လက်ဖွဲ့ အဆောင်တခုအားအမှတ်မထင် တွေ့လိုက်ရသည်။ထိုအဆောင်လက်ဖွဲ့လေးမှာ အရင်က ဦးသောင်း၏ လက်မောင်းတွင် အမြဲပတ်ထားသောလက်ဖွဲ့လေး ဖြစ်သည်။ထို့ကြောင့် မိကြွယ်သည်လက်ဖွဲ့လေးကိုယူကာ ဆံထုံးကြားထဲ ထိုးထည့်ထားလိုက်သည်။မကြာမီ ဦးသောင်းတယောက် ရေလာချိုးရာ ဦးသောင်း၏လက်တွင် အဆောင်လက်ဖွဲ့မရှိတော့ သည်ကို မိကြွယ်သတိထားမိသွားသည်။ကိုယ်နှင့်မကွာအမြဲဆောင်ထားတတ်သောကြောင့် ဦးသောင်း၏လက်မောင်းတွင် ပတ်ထားသော အစီအရင်အဆောင်ရှိသည်ထင်ထားရာ ယခုမရှိတော့သောကြောင့် သူမ မျက်လုံးပြုးသွားသည်။ထို့နောက် အတန်ကြာသည်အထိစဥ်းစားနေမိစဉ် ဦးသောင်းမှ သူ့အားကြည့်ကာ
“မိကြွယ် အဝတ်အစားသွားလဲတော့လေ ဘာလုပ်နေတာလဲ “
“ဦးကြီး ခေါင်းလျှော်မလား ကျမ လျှော်ပေးမယ်”
“ရတယ် ငါ့ဘာသာလျှော်မယ် “
“ရပါတယ် ဘကြီးရယ် “
မိကြွယ်သည် ပြောပြောဆိုဆိုဦးသောင်းကို ရေချိုးခုံအနားသို့အတင်းဆွဲခေါ်ပြီး ငုတ်တုတ်ထိုင်စေကာ အသင့်ရှိနေသော တယောကင်ပွန်းဖြင့် ခေါင်းပေါ်လောင်းချလိုက်သည်။အတော် များများလောင်းချပြီးသွားသောအခါ ရေမလောင်းပေးသေးပဲထားလိုက်ကာ သူမ၏ဆံပင်ထဲမှအဆောင်ကိုယူပြီး ဦးသောင်း ၏လက်ကို စွပ်ပေးလိုက်သည်။ထိုအခါ ဦးသောင်းသည် တကိုယ်လုံးတုန်ယင်လာလေသည်။မိကြွယ်သည်လည်း လန့်ဖျန့် နေသည့်ကြားထဲမှ ဦးသောင်း၏ခေါင်းကို တယောကင်ပွန်းများပြောင်စင်အောင် ရေလောင်းပေးလိုက်သည်။ခဏကြာသော အခါ ဦးသောင်းတယောက် မိကြွယ်အား အံ့အားသင့်နေသောအမူအယာဖြင့်ကြည့်လာပြီး
“ဟဲ့ မိကြွယ် နင်ထမိန်ရင်လျားကြီးနဲ့ ဘာလုပ်နေတာလဲ နင့်မမမြင်ရင် အငေါက်ခံနေရဦးမယ် “
“ဘ ဘကြီးလား”
“ဒီမိကြွယ်တော့ ကြောင်တောင်တောင်လာလုပ်နေတယ် သွားတော့ “
“ဘကြီး ဘာမှမမှတ်မိဘူးလား”
“ငါက ဘာကို မှတ်မိရမှာလဲ”
ထိုအခါမှ မိကြွယ်သည် ဦးသောင်းအား လေသံတိုးတိုးနှင့် ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်ရာ ဦးသောင်းတောက်တချက်ပြင်းစွာခေါက်လိုက်ပြီး
“ဟုတ်တယ် ငါ ဆရာကြီးပေးထားတဲ့အဆောင်ကို ရေချိုးတုန်း ခဏချွတ်ထားတာ အလှူသွားဖို့ မြင်းလှည်းလာနေတာနဲ့ ပြန်ဝတ်ဖို့မေ့သွားတယ် ငါ ငါ့သမီးလေးကို ရိုက်မိသွားတာပါလား”
“ဟုတ်တယ် မမ ပါးယောင်သွားပေမဲ့ ဘကြီးကို မမက စိတ်မဆိုးပါဘူး ဘကြီးစိတ်တိုင်းကျဖြစ်အောင် ထွက်သွားတာ “
“ဒီကိစ္စတွေရဲ့ တရားခံက ဟိုကဝေမပဲ ဒင်းက ငါ့ဥစ္စာတွေ အပိုင်သိမ်းမလို့ ကြံနေတာပေါ့လေ “
ဦးသောင်းသည် ပြောပြောဆိုဆို တောက်တချက်ကို ထပ်မံခေါက်လိုက်ပါလေတော့သည် ။
အခန်း (၁၀)
အချိန်ကား ညသန်းခေါင်ယံဖြစ်သည်။မာယာဟု အမည်ရသောကဝေမသည် ဦးသောင်းအား ပြုစားထားသည်မှာ ပျက် ပျယ်သွားမှန်းမသိသေး၍ အပူပင်ကင်းစွာ အိပ်မောကျနေ သည်။ဦးသောင်းသည် ရေနံဆီမီးခွက်အလင်းရောင်အောက်တွင် အိမ်ဦးခန်း၌ အိမ်မောကျနေသော မာယာအား ဒေါသမျက်လုံးများဖြင့် ကြည့်နေသည်။လိမ္မာယဥ်ကျေးသော သမီးဖြစ်သူ၏ပါးကိုရိုက်ပြီး အိမ်မှာမနေချင်လောက်အောင် ပြောဆိုမိခဲ့သည်မှာ ထိုကဝေမကြောင့်ဟုတစိမ်စိမ့်တွေးကာ ကဝေမ၏ အနားတိုးကပ်သွားပြီး ဘေးတွင် ၀င်အိပ်လိုက်သည်။ထို့နောက် သူ၏ညာလက်ကို အိပ်ပျော်နေသော မာယာ၏ခေါင်းနှင့် ပုခုံးကြားထဲသို့ လက်သီးဆုပ်ကာ ထိုးထည့်လိုက်၏။သူ ထိုသို့ ပြုလုပ်လိုက်ချိန် မာယာမှ သူ့အား ကျောပေးပြီးပြောင်းအိပ်လာသည်။ထိုအခါ ဦးသောင်းတချက်ပြုံးလိုက်ပြီး သူ၏လက်အား ကွေးခိုက်ချိန် မာယာ၏လည်ပင်းအား လက်မောင်းနှင့် လက်ဖျံတို့ဖြင့် ချုပ်မိသွားလေသည်။ထိုသို့ ချုပ်ထားသောလက်ကို ပို၍မြဲစေရန် ဘယ်လက်မောင်းဖြင့် အားထပ်ဖြည့်လိုက်ရာ မာယာတယောက် အသက်ရှုလို့မရတော့ပဲ နိုးလာလေသည်။သို့ပေမဲ့ ယောကျာ်းကြီးတယောက်၏ နောက်မှသိမ်းချုပ်ခြင်းကို ခံရသော သူမမှာ မည်သို့မှ အော်ဟစ်နိုင်ခြင်းမရှိပဲ ထိထိမိမိချုပ်ခံထားသောကြောင့် ရုန်းကန်နိုင်ခြင်းမရှိသည့်အပြင် အသက်ရှုလို့ပါမရတော့ပဲ မျက်ဖြူလန်လာလေသည်။သို့ပေမဲ့ ဦးသောင်းမှ လွှတ်မပေးပဲဆက်ချုပ်ထားရာ အချိန်အတန်ကြာသောအခါ ပျော့ခွေသွားပြီးလျှင် တချက်နှစ်ချက်မျှသာအကြောဆွဲပြီး အသက်ပျောက်သွားသည်။ဦးသောင်းသည် လက်နှင့်လည်ပင်းကိုညှစ်ခြင်းမဟုတ်ဘဲ လက်မောင်း၊လက်ဖျံတို့ဖြင့် ညှစ်သတ်လိုက်ခြင်းကြောင့် သူသတ်သည့်လက်ဗွေရာ မကျန်နိုင်ဟု တွေးလိုက်သည်။ထို့နောက် အိမ်အောက်သို့ဆင်းကာ မီးမွှေးလိုက်ပြီးလျှင် အသားလှီးရာ၌သုံးသော ဓားကိုယူလိုက်သည်။ထို့နောက် အိမ်ပေါ်ပြန်တက်ကာ အသက်ကင်းမဲ့နေသည့် မာယာ၏မျက်နှာအရေခွံများကို လှီးလိုက်ကာ မီးဖိုထဲသို့ တခုချင်းပစ်ထည့်လိုက်လေသည်။ကိစ္စများပြီးစီးသော် လက်ဆေးလိုက်ပြီး ဝတ်ထားသော ပုဆိုးနှင့် အင်္ကျီကိုချွတ်ကာ မီးရှို့လိုက်ပြီးနောက် ရေချိုးသန့်စင်လိုက်သည်။ထို့နောက် ထမင်းဆိုင်ထဲတွင် အိပ်ပျော်နေသော မိကြွယ်အား နှိုးလိုက်သည်။
“မိကြွယ် မိကြွယ် ထထ “
“ဘကြီး ဘာဖြစ်လို့လဲ “
“နင် တပတ်လောက်ဖြစ်ဖြစ်ကြိုက်တဲ့နေရာမှာ သွားရှောင်နေ ကြားလား ငါတော့ ဟိုမိန်းမယုတ်စုန်းမကို သတ်လိုက်ပြီ “
“ရှင် “
“အေး ဒီကောင်မကြောင့် ငါ့သမီး စိတ်ဆင်းရဲပြီးထွက်သွားရတာ ဒီကောင်မ အသက်ဆက်ရှင်နေရင် နောက်ထပ်မိသားစုတွေ ဒုက္ခရောက်ကြအုံးမယ် အဲ့တာကြောင့် ငါ သတ်ပစ်လိုက်တာ တပတ်လောက်ကြာလို့ ပြန်ရောက်လာရင် သေတာ နင့်မမမေသူလို့ ပြော ကြားလား “
“ရှင် မမက မသေသေးဘူးလေ”
“နင်က ငါ့ကို ထောင်ထဲရောက်စေချင်လို့လား မိကြွယ် “
“မရောက်စေချင်ပါဘူး ဘကြီး”
“အဲ့တာဆို ငါပြောသလိုသာ လုပ် အခု ထွက်တော့ ငါလည်း တရားစခန်းသွားတော့မယ် “
ဤသို့ဖြင့် မိကြွယ်သည် ညကြီးမင်းကြီး တယောက်တည်း မြိုင်တောသို့ထွက်ခွါသွားသလို ဦးသောင်းသည်လည်း ထွက်ခွာသွားပါလေတော့သည် ။
အခန်း (၁၁)
“အဲ့တာ အမှန်တရားပဲ ဒီကဝေမကြောင့် နောက်ထပ်မိသားစုတွေ မပြိုကွဲစေချင်လို့ ငါ သတ်လိုက်တာ မင်းတို့ဖမ်းမယ်ဆိုလည်း ဖမ်းကွာ “
ဦးသောင်းသည် သူ၏ဘေးတွင်ရှိနေသော ဘိုးတော်ပေနှင့် မောင်မောင်ကျော်အား ပြောလိုက်ရာ မောင်မောင်ကျော်သည် တချက်ပြုံးလိုက်ပြီး
“ကျုပ်က ဘာသက်သေရှိလို့ ဦးလေးကိုဖမ်းရမှာလဲဗျ ကျုပ်စုံစမ်းကြည့်ရသလောက် အဲ့ဒီအမျိုးသမီးနာမည်အမှန်က မာယာစန်းကြည်တဲ့ ဦးလေးအိမ်ဝိုင်းကို၀ယ်ခဲ့တဲ့ ဒေါ်ကြည်သန်းရဲ့တူမပေါ့ သူက တကယ်တော့ ကိုယ်ပျောက်ရာဇဝတ်သမားဗျ ဘယ်မှာနေမှန်းလည်း မသိဘူး ဘယ်သူမှန်းလည်း မသိဘူး အဲ့တော့ ဦးကြီးလည်း ဒီမှာ နေပြီးတော့ ကောင်းကောင်းမွန်မွန်နေပေတော့ဗျာ “
မောင်မောင်ကျော်၏စကားကြောင့် ဘိုးတော်ပေ ခေါ် ပေတူး အံ့ဩတကြီးကြည့်လာလေသည်။ထိုအခါ မောင်မောင်ကျော် သည် ဘိုးတော်ပေအားပြုံးပြကာ
“မအံ့သြပါနဲ့ ညီလေးရာ အကိုလည်း သဘာဝလွန်တွေကို အရင်က မယုံခဲ့ဘူးကွ ငါ့ညီက လက်တွေ့ပြလို့ ယုံကြည်သွားပြီ သူ သေသွားတာကောင်းပါတယ် သူ့ကြောင့် သားအဖချင်းတွေ သတ်ကြဖြတ်ကြတဲ့အထိ ဖြစ်ဖူးတယ်ဆိုပဲ”
မောင်မောင်ကျော်၏စကားကြောင့် ဦးသောင်းတယောက်ပြုံးရွှင်လာကာ
“ဦးလေး ဒီရွာကကျောင်းမှာပဲ တရားအားထုတ်တော့မယ်ကွာ ဦးလေးရဲ့အိမ်နဲ့ ဆိုင်ကို မိကြွယ် အိမ်ထောင်ပြုရင် လက်ဖွဲ့လိုက်မယ် “
သူတို့ ထိုသို့စကားပြောနေစဉ် ရွာထဲမှ ရွာသားသုံး၊လေးယောက်ရောက်လာကာ ဘိုးတော်ပေအား စကားဆိုလေသည်။
“ဘိုးတော်လေး တိုက်ဆိုင်လိုက်တာဗျာ ကျုပ်သားလေး ဒုက္ခရောက်နေတာကို အရွယ်ငယ်ငယ်ဘိုးတော်လေးက ကယ်မယ်ဆိုပြီး အိပ်မက်ပေးတာ တကယ်ပါလား ကျုပ်သားလေးကို လိုက်ကယ်ပေးပါ ဘိုးတော်လေး”
ထိုရွာသား၏စကားကြောင့် ဘိုးတော်ပေသည် မောင်မောင်ကျော်ကို ကြည့်လိုက်ရာ မောင်မောင်ကျော်သည်လည်း ဘိုးတော်ပေကိုကြည့်ပြီး ခေါင်းညိတ်လာပါလေတော့သည်။
ဘိုးတော်ပေနှင့် ညှို့ကဝေ နိဂုံးသည်က ဤမျှသာ။မကြာမီ ဘိုးတော်ပေနှင့် ဘီလူးဝင်စားသူ အမည်ရဇာတ်လမ်းလေးအားတင်ဆက်ပေးပါမည် ။
ကျေနာ့်ရဲ့ page လေးကို LIKE & FOLLOW လေးလုပ်ပေးကြပါဦး ခင်ဗျ။
စာဖတ်သူများကို လေးစားစွာဖြစ်
မောင်တင်ဆန်း