ဘိုးတော်ပေ နှင့် သစ္စာ

ဘိုးတော်ပေ နှင့် သစ္စာ
(၁၄)
◾အခန်း (၁)
စိမ်းစိုနေသော လယ်ကွင်းပြင်တလျှောက် ဖြတ်သန်းတိုက် ခတ်လာသော လေနုအေးလေးများသည် လယ်ကွင်းအစပ်ရှိ သရက်ပင်အောက်တွင် ထိုင်နေသော လူငယ်နှစ်ယောက်ဆီသို့ တိုးဝင်လာလေသည်။ထိုလူငယ်လေးနှစ်ယောက်မှာ ဖိုးတောနှင့် ပေတူးတို့ ဖြစ်၏။သူတို့နှစ်ယောက်သည် သရက်ပင်ကြီး၏ အောက်တွင်ထိုင်ကာ သူတို့နှစ်ယောက် မျက်နှာမူထားရာလယ်ကွင်းမှ စိမ်းစိုနေသောစပါးပင်များ လေတိုက်၍ ယိမ်းထိုးနေသည်ကို ကြည့်ရင်း ပေတူးမှ စကားဆိုလေသည်။
“ဖိုးတော ငါ မင်းကိုတခုမေးမယ် “
“အေး မေးလေ”
“မင်း ဦးဝင်းကျော်ကို ဘယ်လိုမြင်လဲ”
“ငါကတော့ သူ့ကို လူ့ခွစာ လူကပ်ကြီးလို့ မြင်တယ်”
“မင်း သူ့နေရာမှာဝင်ပြီး ခံစားဖူးလား စိတ်ကူးလေးနဲ့ပါပဲ”
ပေတူး၏စကားကြောင့် ဖိုးတောသည် လယ်ကွင်းများအား ကြည့်နေရင်းမှ ပေတူးကို ငဲ့စောင်းကြည့်လိုက်ရင်း စကားဆိုလိုက်သည်။
“မင်းစကားက အဓိပ္ပါယ်ရှိလှချည်လား မင်းပြောသလိုတော့ ငါ ဝင်ပြီးမခံစားကြည့်ဖူးပါဘူး”
“မင်း တွေးကြည့် ဖိုးတော တရားကိုအင်မတန် ယုံကြည် အင်မတန် အားထုတ်တဲ့ သူရဲ့သမက်နဲ့သမီး သေသူ သေ ရူးသူ ရူး ဖြစ်သွားတာ သာမာန်လူတွေရဲ့အတွေးမှာတော့ ဒီတရားကြောင့် ဖြစ်တယ်လို့ပဲ တွေးကြမြင်ကြမှပေါ့”
“အင်း မင်းပြောတာ သဘာဝတော့ကျပါတယ် ဒါပေမဲ့ကွာ ဆရာတော်နဲ့ ရွာလူကြီးက သူ့ကို တောင်းပန်နေတာ နှစ်ချီနေပြီလေ သူ့အနေနဲ့ ခွင့်လွှတ်သင့်နေပါပြီကွာ “
“မင်း ပြောတာ သဘာဝကျပါတယ် ဒါပေမဲ့ ဦးဝင်းကျော် အမြင်မှန်ရလာအောင် ကြိုးစားချင်တယ်”
“မလွယ်ဘူးနော် ပေတူး ဆရာတော် တရားဟောတာတောင် မရတာ ငါတို့ဆို ပိုဆိုးမှာပေါ့ကွာ”
“မဟုတ်သေးဘူးကွ ငါ့အထင် မင်းတို့ ရွာသားတွေ မသိနိုင်တဲ့ အကြောင်းတရားတခု ရှိနိုင်သေးတယ် ငါ ဆရာတော်ကို လျှောက်ကြည့်မယ်ကွာ ဆရာတော်က ခွင့်ပြုခဲ့ရင် မင်း ငါ့ကိုကူညီမလား”
ပေတူး၏စကားအား ဖိုးတော ချက်ချင်းပြန်မဖြေသေးပေ။ တစုံတခုကို တွေးတောနေဟန်ရှိသည်။ထို့နောက် သက်ပျင်းတချက် ချလိုက်ကာ
“ဆရာတော်ခွင့်ပြုမယ်ဆိုရင် အမှားတော့မရှိနိုင်ဘူး ဦးဝင်းကျော် တို့ရွာနဲ့ ပြန်သင့်မြတ်တော့လည်း ကောင်းတာပဲ အဲ့တော့ ငါ ကူညီမယ်ကွာ”
ဖိုးတော၏စကားကြောင့် ပေတူး ဝမ်းသာသွားရသည်။ထို့ ကြောင့် သူသည် ဆရာတော်အား ဦးဝင်းကျော်၏ကိစ္စကို လျှောက်တင်မည်ဟု ဆုံးဖြတ်ချက်ချလိုက်ပါလေသည် ။
◾အခန်း (၂)
ငွေတောင်ရွာလေးရှိ ရွာဦးကျောင်းတွင်ဖြစ်သည်။ပေတူး တယောက် ဆရာတော်ပေးထားသော ပေစာထုတ်များကို ကြည့်ကာ မည်သို့ စလေ့လာရမှန်းမသိ ဖြစ်နေသည်။သူ၏ဉာဏ်ရည်သည် ယခုပေစာများအား လေ့လာနိုင်လောက်သည်အထိ မစွမ်းနိုင်ဟု တွေးထားမိခြင်းကြောင့်လည်း တန်ဖိုးရှိလောကီ ပညာပေစာများကို သိပ်စိတ်မဝင်စားခြင်းလည်း ဖြစ်နိုင်သည်။သို့ပေမဲ့ ထုတ်၍ ကြည့်မိသည်။လှပသေသပ်လှသော စာလုံးလေးများကို တွေ့ရ၍ သဘောကျသွားသော်လည်း စာ၏ အနက်အဓိပ္ပါယ်အား နားလည်အောင်မကြိုးစားပေ။ထို့နောက် ပေတူးသည် ဆရာတော် တရားထိုင်ချိန်ပြီးဆုံးလောက်သည့် အချိန်ကိုမှန်းကာ ကျောင်းကြီးပေါ်သို့ တက်သွားလိုက်သည်။
“မောင်ကျောင်းသား တခုခုလျှောက်တင်ချင်ပုံပဲ”
“မှန်ပါ့ ဘုရား တပည့်တော် မေးစရာလေးရှိလို့ပါ”
“မေးကွယ် မေး”
“တခြားမဟုတ်ပါဘူး ဘုရား ဦးဝင်းကျော် ရွာနဲ့မသင့်မမြတ်ဖြစ်နေတာကို သင့်မြတ်အောင် ကြိုးစားကြည့်ချင်လို့ပါဘုရား”
“အင်း မောင်ကျောင်းသားရဲ့စေတနာကို ဘုန်းကြီး နားလည်တယ် ကြိုးစားချင်လည်း ကြိုးစားကြည့်ပေါ့ကွယ်. “
“တင်ပါ့ဘုရား တပည့်တော်စိတ်အထင် ဦးဝင်းကျော်ရဲ့သမီးအခုလိုဖြစ်နေတာ သဘာဝလွန်ကိစ္စတွေနဲ့များဆိုင်နေမလားပဲ ဘုရား”
“ဘုန်းကြီးက လောကီကိစ္စတွေကို ၀င်မပါချင်တော့လို့မပြောဖြစ်တာ ဒကာမလေး စိတ်လွတ်နေတာက အကြောင်းရှိမယ်လို့ ဘုန်းကြီးလည်းထင်တယ် “
“တင်ပါ့ဘုရား အဲ့ဒါဆို တပည့်တော် ကိုယ်စွမ်းရှိသလောက် ကြိုးစားကြည့်ပါ့မယ် ဘုရား”
ပေတူးသည် ဆရာတော်အား ဦးချကန်တော့ကာ ကျောင်းအောက်သို့ ဆင်းသွားလေသည်။ကျောင်းအောက်သို့ ရောက်သောအခါ ကျောင်းဝန်းထဲဝင်လာသော ဖိုးဝောာအား တွေ့လိုက်ရသည်။ဖိုးတောသည် ခပ်မြန်မြန်ခြေလှမ်းတို့ဖြင့် ပေတူး၏ အနားသို့ လျှောက်လာပြီး စကားဆိုလေသည် ။
“ပေတူးရေ ငါ မင်းကို တွေ့များ တွေ့ရပါ့မလားလို့ကွာ အရေး ကြီးတာရှိတယ် “
“ဘာအရေးကြီးလို့လဲ ဖိုးတောရ “
“ငါ့အဖိုးက မင်းကို ခေါ်ခိုင်းလိုက်တယ် ညက မင်းပြောတဲ့ ဦးဝင်းကျော်နဲ့ ရွာသားတွေ ပြန်သင့်မြတ်ဖို့ လုပ်မဲ့အကြောင်းကို ငါ အဖိုးကို ပြောပြလိုက်တယ် အဲ့တာကို ငါ့အဖိုးက ကောင်းတယ်တဲ့ မင်းကို အခု ပြောစရာရှိလို့ဆိုပြီး ခေါ်ခိုင်းလိုက်လို့ “
“အေး ဟုတ်လား အဲ့တာဆို အချိန်ဆွဲလို့ဘယ်ဖြစ်မလဲ “
ပေတူးသည် ဖိုးတော၏စကားဆုံးသည်နှင့် ချက်ချင်းပင် ရွာထဲသို့ သွားရန်ပြင်လိုက်သည်။ထို့နောက် နှစ်ယောက်သားမြန်ဆန်သောခြေလှမ်းတို့ဖြင့် ရွာထဲသို့သွားလိုက်ကြပါလေတော့သည်။
◾အခန်း (၃)
ငွေတောင်ရွာလေးရှိ မုဆိုးကြီးကိုလေး၏အိမ်တွင် ဖြစ်သည် ။ဦးကိုလေးသည် အိမ်ရှေ့ကွပ်ပျစ်တွင် ဝါးလုံးတလုံးကိုချပြီး မိုးစည်းနှီး ဖျာနေသည်။သူ၏ရှေ့တွင် ရေနွေးအိုးနှင့် ရေနွေးခွက်လေးများရှိနေသည်။ရေနွေးအိုးသည် မြေသားအိုးဖြစ်သည့်အပြင် နှုတ်သီးနှင့် လက်ကိုင်ပါပြီး ဒေါင်းပုံစံနှင့် (၂၄ )ပစ္စည်းစက်ဝိုင်းပုံလေးအား ရေနွေးအိုးတွင် ပုံဖော်ထားသည်။ ဦးကိုလေးသည် ရေနွေးကြမ်းလေးတငုံသောက်လိုက် နှီးလေးဖျာလိုက်နှင့် အဆင်ချောလျက်ရှိပေသည်။များမကြာသောအချိန်တွင် အိမ်ဝိုင်းထဲသို့ မြေးဖြစ်သူနှင့် ရွာဦးကျောင်းမှ ဘုန်းကြီးကျောင်းသား ပေတူးတို့ အိမ်ဝိုင်းထဲဝင်လာသည်ကို မြင်သောအခါ
“ဟေ့ ဖိုးတောနဲ့ ပေတူး ဒီကိုလာကြဟေ့ လာထိုင်”
“ဟုတ်ကဲ့ ဦးကြီး “
ပေတူးနှင့် ဖိုးဝောာသည် ဦးကိုလေး ထိုင်နေသော ကွပ်ပျစ်တွင် ထိုင်လိုက်ကြသည်။မန်ကျည်းပင်အရိပ် ကောင်းစွာရပြီး တိုက်ခတ်လာသောလေများမှာလည်း သစ်ရိပ်သစ်ပင်များကို ဖြတ်ကာ တိုက်ခတ်လာသောကြောင့် တိုးဝင်လာသော လေများကလည်း အေးမြလတ်ဆတ်လှပေသည်။သစ်ပင်သစ်ရိပ်တို့ သည် လူသားတို့သာမက သက်ရှိသက်မဲ့ အားလုံးအတွက်အကျိုးများစေသည်။ကျေးလက်ချင်းတူလျှင်ပင် ငွေတောင်ရွာကဲ့သို့ သစ်ပင်သစ်ရိပ်များပေါများသည့် ရွာလေးသည် တခြားသော သစ်ပင်သစ်တောများမရှိသည့် ကျေးလက်ရွာများထက် အေးမြသည်။ထိုထက်ပိုပြီးအကျိုးပြုသည်မှာ မိုးနှင့် ရာသီဥတု မှန်ကန်ခြင်းကြောင့် တောင်သူလယ်သမားများသည် တဧကလျှင် ဘယ်၍ဘယ်မျှ သီးနှံထွက်မည်ဆိုသည်ကို အနီးစပ်ဆုံးခန့်မှန်းနိုင်၍ ရွာသားများ စီးပွားရေးချောင်ချောင်လည်လည် ရှိကြသည်။စီးပွားရေးချောင်လည်သောကြောင့် သူခိုးမရှိ သူဝှက်မရှိ ငြိမ်းချမ်း၏။စပါးနယ်သောအချိန်တွင်လည်း တလင်းတွင် အစောင့်မရှိ ဒီတိုင်းထားကြသည်အထိ ငြိမ်းချမ်းလှသည်။ယခု အေးမြသောသစ်ပင်ရိပ်အောက်ရှိ ကွပ်ပျစ်တွင် ဦးကိုလေး၊ဖိုးဝောာနှင့် ပေတူးတို့ စကားပြောနေကြသည်။တခြား အာလာပသလာပစကားများ ပြောပြီးနောက် ဦးကိုလေးမှ စကားဆိုလာသည်။
“ပေတူးရေ မင်းကို ငါ သိထားတာလေး ပြောအုံးမယ်ကွာ”
“ဟုတ်ကဲ့ ဦးကြီး”
“မိစိုးက မင်းကို လက်ယပ်ခေါ်တယ်လို့ ငါ့ကို ပြောဖူးတယ်မဟုတ်လား”
“ကျနော် ပြောဘူးတယ် “
“အေး ငါအထင်တော့ မိစိုး ဒီလိုဖြစ်နေတာ ပယောဂတခုတော့ ပါလောက်တယ်ကွ”
“ကျုပ်လည်း အဲ့လိုထင်တယ် အခုည ကျနော် သင်္ချိုင်းကို သွားမယ်ဗျ”
“အင်း ‌ငါ လိုက်ဖို့လိုသေးလား ကောင်လေး”
“ရတယ် ဦးကြီး အချိန်မတော်ဆိုတော့ ရွာထဲကနေ လာရတာ အလုပ်ပိုပါတယ် “
“လိုရင်ပြော ပေတူးရေ အားမနာနဲ့ “
“စိတ်ချပါ ဦးကြီး ကျုပ် ပြောပါ့မယ် “
ထို့နောက် သူတို့သည် ရောက်တတ်ရာရာ စကားများပြောပြီးနောက် ပေတူးသည် ကျောင်းသို့ပြန်ခဲ့လိုက်ပါလေတော့သည်။
◾အခန်း (၄)
ယနေ့ညသည် လပြည့်ညဖြစ်ပြီး ဘုန်းကြီးကျောင်းနှင့် သင်္ချိုင်းပေါ်သို့ ဖြာကျနေသော လရောင်အောက်တွင် ညဖက် အစာရှာထွက်သော ဇီးကွက်အစရှိသည့် ညဉ့်ငှက်များ တခါတခါ ပျံသန်းသွားကြသည်။သင်္ချိုင်းဝန်းကျင်တွင် ခွေးအများ အုပ်စုလိုက် မြေတွင်းထဲမှထွက်လာကြပြီး ဇီးပင်အောက်သို့သွားကာ အစာရှာထွက်နေကြပြီး မနှစ်မြို့ဖွယ်အော်သံများမှာ တိတ်ဆိတ်နေသော ညဉ့်သန်းခေါင်ယံတွင် ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။ထိုအချိန်တွင် ထိုနေရာသို့ အမျိုးသမီးတဦး လမ်းလျှောက်လာနေသည်။သူမသည် ရွာအပြင်တွင်နေသော ဦးဝင်းကျော်၏သမီးဖြစ်သူ မိစိုးဖြစ်၏။မိစိုးသည် လူခြေတိတ်ချိန် ညသန်းခေါင်ယံတွင် သင်္ချိုင်းကုန်းသို့ တယောက်တည်း လမ်းလျှောက်လာနေသည်။ သူမ၏နှုတ်မှလည်း လေသံတိုးတိုးဖြင့် တယောက်တည်းရေရွတ်နေသေးသည်။
“ကိုမျိုးကျော် ကျမ လာပြီနော် “
မိစိုးသည် လရောင်ထွန်းလင်းနေသော သင်္ချိုင်းဝန်းထဲသို့လမ်းလျှောက်လာနေသည်။ထို့နောက် သူမသည် အုတ်ဂူဖြူဖြူတလုံးရှေ့တွင် ရပ်လိုက်၏။သူမ၏မျက်လုံးထဲတွင်တော့ အုတ်ဂူပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော လူတ‌ယောက်မှာ သူမ၏ချစ်လှစွာသော လင်ယောက်ျား မျိုးကျော်ဖြစ်နေသည်။ မည်သူ့ကိုမှ စကားမပြောဘဲ ရီဝေဝေမှိုင်တွေတွေနေတတ်သော မိစိုးမှာ အုတ်ဂူပေါ်တင်ပျဉ်ခွေချိတ်ထိုင်နေသော မျိုးကျော်ကိုတွေ့သောအခါ
“ကိုမျိုးကျော် ကျမလာပြီ ရှင့်အပေါ် ကျမ သစ္စာရှိတယ်နော် ဘယ်သူနဲ့မှ စကားမပြောဘူး သိလား “
“မိစိုး နင်က ငါ့စကားကို နားမထောင်ပါဘူး “
“ကျမက ဘာများနားမထောင်လို့လဲ “
“နင့်ကို ပြောတယ်လေ အောက်ရွာက လှရွှေနဲ့ယူလို့ ပြောတာကို နင်က မယူဘူး ပြီးတော့ နင် ပြီးခဲ့တဲ့လပြည့်ညက ဘုန်းကြီး ကျောင်းသားလေးကို ဒီကနေ ဘာလို့ခေါ်တာလဲ “
“ကျမ ရှင်ကလွဲပြီး ဘယ်သူ့ကိုမှ မယူနိုင်ဘူး ရှင်က ဘာဖြစ်လို့ တွေ့တိုင်း လှရွှေနဲ့ ယူခိုင်းနေရတာလဲ “
“ငါက နင့်ကို စိတ်ချချင်လို့ပါ “
“ရှင်က ရွာထဲကလူတွေနဲ့ စကားမပြောနဲ့ဆိုလို့ ကျမ မပြောဘူး ဘုန်းကြီးကျောင်းသားက ကျမတို့ရွာသားမဟုတ်လို့ ရှင့်ကို ထမင်းလေးဘာလေး ကျွေးခိုင်းမလို့ ခေါ်တာ ရှင့်ကြည့်ရတာ တနေ့တခြား ပိန်လာလိုက်တာ “
“အဲ့တာတွေ‌ထားလိုက် နင် ငါ့စကားကို နားထောင်စမ်းပါ အောက်ရွာက လှရွှေကို ယူကိုယူရမယ် “
“တော်တော့ ကိုမျိုးကျော် ရှင် ဘယ်လိုဖြစ်နေတာလဲ တကယ်ဆို ကျမ ရှင့်အပေါ်သစ္စာရှိတာကို ရှင်က ဝမ်းသာရမှာ မဟုတ်လား အခုတော့ ကိုယ့်မယားကို တခြားသူနဲ့ ပေးစားနေတာ တခါလာလည်း လှရွှေနဲ့ယူ လှရွှေနဲ့ယူနဲ့ ရှင် ကျမကို သူနဲ့ ယူခိုင်းနေတာ နှစ်တွေတော်တော်ကြာနေပြီနော် “
“မဟုတ်ရပါဘူး မိစိုးရာ ငါနင့်ကိုစိတ်မချလို့ပါဟ “
မိစိုးသည် အုတ်ဂူကြီးကို ကြည့်ပြီး စကားဆိုနေခြင်း ဖြစ် သည်။သူမ၏အမြင်တွင်တော့ ဆုံးပါးသွားသောခင်ပွန်းဖြစ်သူ နှင့် စကားပြောနေခြင်းဟု ထင်နေပေမဲ့ အမှန်စင်စစ် ထိုအုတ်ဂူပေါ်တွင်တော့ မည်သူမှ ရှိမနေပါ။အုတ်ဂူ၏ မှောင်ရိပ်ကျသောနေရာတွင်တော့ လူတယောက်ရှိနေသည်။ထိုသူမှာ ပေတူး ဖြစ် သည်။ပေတူးသည် သင်္ချိုင်းထဲသို့ မိစိုးမလာခင်ကတည်းက ကြိုတင်ရောက်နေခြင်း ဖြစ်သည်။လရောင်တိုး၍မပေါက်သော အုတ်ဂူ၏အမှောင်ဘက်ခြမ်းရှိ ကျွန်မနိုင်တောများထဲတွင် ထိုင်နေခြင်းဖြစ်သည်။သူ အချိန်အတော်အကြာသည်းခံစောင့်ဆိုင်းပြီးချိန်တွင်‌တော့ မိစိုးတယောက် သင်္ချိုင်းထဲရောက်လာကာ မည်သူမှ မရှိသောအုတ်ဂူနှင့် အချိန်အတော်အကြာ စကားပြောနေ၏။ထို့နောက် သူမသည် အုတ်ဂူကြီးကိုကြည့်ကာ နှုတ်ဆက် စကားဆိုပြီးနောက် သင်္ချိုင်းထဲမှ ပြန်ထွက်သွားလေသည်။သူမ ထွက်သွားသောအချိန်မှသာ ပေတူးသည် အမှောင်ထဲမှထွက်လိုက်ကာ အုတ်ဂူအား သေချာကြည့်လိုက်သည်။လရောင်အောက်တွင်တော့ အုတ်ဂူပေါ်တွင် အိုးမဲခဲနှင့် ဆွဲထားသော စက်ဝိုင်းနှင့် အက္ခရာများကို မြင်တွေ့လိုက်ရသည်။ထိုအက္ခရာများပါသော အိုးမဲနှင့် ခြစ်ထားသည့် စက်ဝိုင်းမှာ လောကီပညာအစီအရင်တခုဖြစ်မည်ဟု ပေတူးတွေးလိုက်သည်။ရေးသားထားသည်မှာ အချိန်ကြာသေးဟန်မရှိပေ။ထို့ကြောင့် လောကီ ပညာတတ်ကျွမ်းသောသူတယောက်မှ မိစိုးအား ထိန်းချုပ်ထား သည်ဟု တွေးမိပြီး ပေတူးတယောက် ဘုန်းတော်ကြီးကျောင်းသို့ ပြန်ခဲ့လိုက်ပါတော့သည် ။
◾အခန်း (၅)
“မင်းပြောပုံအရဆို အမမိစိုးကို တယောက်ယောက်က ပညာနဲ့ ထိန်းချုပ်နေတာပေါ့ ဟုတ်လား ပေတူး”
“ငါ သေချာနားထောင်ခဲ့တယ်ကွ အမမိစိုးကို အောက်ရွာက လှရွှေဆိုတဲ့သူနဲ့ ယူခိုင်းနေတာ အမမိစိုးက မယူနိုင်ဘူးဆိုပြီးငြင်းနေတာ”
“နေပါဦး သူက ငါတို့ရွာသားတွေနဲ့ မခေါ်မပြောနိုင်ဖြစ်ရ အောင် ငါတို့က ဘာလုပ်ထားလို့လဲ မင်းပြောပုံအရဆို အမမိစိုးက မရူးဘူးလား”
“အဲ့တာတော့ ငါလည်း မသိဘူးလေကွာ”
“အဲ့တာဆို ငါတို့ကဘာဆက်လုပ်ကြရမှာလဲ လူကြီးတွေကိုပြောပြရမှာလား ဒီကိစ္စကိုလေ “
“မပြောသေးနဲ့ဦးကွာ ငါတို့အောက်ရွာကိုသွားပြီး လှရွှေဆိုတဲ့သူကို ရှာနိုင်ရင်တော့ အမှန်တရားပေါ်လောက်တယ် “
ပေတူးနှင့် ဖိုးတောသည် ဘုန်းကြီးကျောင်းတောင်ဘက်ရှိ သူတို့ထိုင်နေကြ သရက်ပင်အောက်တွင် ထိုင်ရင်း စကားပြောနေကြခြင်း ဖြစ်သည်။သရက်ပင်‌အောက်မှနေ၍ အတိုင်းသားမြင်နေရသော လယ်ထဲမှလယ်ကန်သင်းအား ပေါင်းရမ်းနေသော ငွေတောင်ရွာသားနှစ်ယောက်သည် သူတို့နှစ်ယောက်ကို မြင် သည်နှင့် လှမ်း၍ နှုတ်ဆက်စကားဆိုကာ သရက်ပင်အရိပ်ရှိရာသို့ လာနေကြသည် ။
“ဟေ့ ဖိုးတောနဲ့ ကျောင်းသား အေးဆေးပဲလားကွ”
“ဟုတ်တယ် ကိုမြင့်ရွှေနဲ့ ကိုမောင်မောင် ခင်ဗျားတို့ အလုပ်တော်တော်လုပ်ကြတာပဲဗျ “
“လုပ်ရမယ်လေကွာ နောက်လ အောက်ရွာမှာ ဘုရားပွဲရှိတယ်လေ အဲ့တာ တို့သူငယ်ချင်းနှစ်ယောက် သွားမလို့ကွ “
“အောက်ရွာက ဘုရားပွဲက ဘုရားမသိတရားမရှိသူတွေများတယ်ဆို ခင်ဗျားတို့က ဘာလို့သွားကြမှာလဲ “
ဖိုးတောမှ ထိုသို့စကားဆိုလိုက်သောအခါ ကိုမြင့်ရွှေသည် သူဆောင်းထားသော ဝါးဖတ်ခမောက်ကို ချွတ်လိုက်ကာ ယပ်ခပ်ရင်း ‌ဖိုးတော၏အမေးကို ဖြေလေသည်။
“ငါတို့က မင်းတို့လောက်တောင်မလိမ္မာပါဘူးကွာ တို့လည်း မိန်းမပိုးချင်တာပေါ့ တို့ရွာက အပျိုတွေက မင်းသိတဲ့အတိုင်း သမီးရည်းစားစကားပြောရင်တောင် တရားချည်းချနေတော့ တို့လည်းအောက်ရွာသွားပြီး မိန်းမပိုးရတော့မှာပေါ့ကွာ “
“ကိုမြင့်ရွှေတို့က တကယ့်လူတွေပဲ ကျုပ်တို့လည်းလိုက်လို့ ရမလား “
“ဘုရားပွဲက လိုသေးတယ်လေကွာ လိုက်ရင်လည်း လိုက်ခဲ့ပေါ့ “
ပေတူးသည် သဘောမနောကောင်းသည် ‌ကိုမြင့်ရွှေနှင့် ကိုမောင်မောင်ကို ကြည့်လိုက်သည်။ထိုသူနှစ်ယောက်သည် အောက်ရွာသို့ အကျွမ်းတဝင်ရှိဟန်တူသောကြောင့် အမေးစကားဆိုလိုက်သည် ။
“ကျုပ် တခုလောက်မေးချင်တယ်ဗျ “
“မေးလေ ကျောင်းသား “
“အကိုတို့က အောက်ရွာနဲ့ အကျွမ်းတဝင်ရှိတဲ့ပုံပဲ အောက်ရွာ‌မှာနေတဲ့ ကိုလှရွှေကိုသိလားဗျ”
ပေတူး၏အမေးအား ကိုမြင့်ရွှေနှင့် ကိုမောင်မောင် ချက်ချင်းမဖြေသေး‌ပဲ တွေးတောနေသေးသည်။ထို့နောက် သူတို့ အချင်း ချင်းကြည့်ကာ
“လှရွှေ ဆိုတာ အောက်ရွာမှာ များတယ်ကွ နွားပွဲစားလှရွှေလား သူရင်းငှားလှရွေလား လူဘော်ကျော့ လှရွှေလား ကျောင်းသားက ဘယ်လှရွှေကိုမေးတာလဲ မသိဘူး “
“လူ့ဘော်ကျော့ လှရွှေနေမှာပေါ့ ရွာအပြင်က လူဂွစာ ဦးဝင်းကျော်ဆီကို လာနေတာ လူ့ဘော်ကျော့ လှရွေမဟုတ်လား”
သူတို့နှစ်ယောက်သည် အချင်းချင်းစကားဆိုနေရင်းမှ ပေတူးဘက်သို့လှည့်ကာ ကိုမောင်မောင်မှ မေးလိုက်၏ ။
“ကျောင်းသား တို့ရွာပြင်က ဦးဝင်းကျော်အိမ်ကို လာတတ်တဲ့ လှရွှေကိုပြောတာလား”
“ဟုတ်မယ် သူ့ကိုပြောတာ “
“ဒါများ ကျောင်းသားရယ် ဖိုးတောတောင် သိရင် သိမှာ လှရွှေကို “
ကိုမောင်မောင်မှ ထိုသို့ပြောသောအခါ ဖိုးတောသည် တချက်စဉ်းစားလိုက်ပြီး
“အမ မိစိုးကို ကြိုက်တဲ့ ရွှေကြီးဆိုတာလား သူ့ကိုဆိုရင်တော့သိတယ်လေ သူ့နာမည်ကို ကျုပ်တို့က ရွှေကြီးလို့ပဲ သိတာ “
“အေး ဒီကောင့်နာမည်အရင်းက လှရွှေက မင်းတို့က ငယ်တော့ နာမည်အရင်းဘယ်သိမှာလဲ တို့ရွာသားတွေ အတော်များများကလဲ ရွှေကြီးလို့ပဲသိကြတာ နာမည်အရင်းက လှရွှေတဲ့ကွ”
“ဟုတ်လား ကျုပ်ကို ကိုလှရွှေအိမ်ပို့ပေးလို့ရမလား”
ပေတူးမှ ထိုသို့ပြောလိုက်သောအခါ ကိုမြင့်ရွှေတို့ပြန်မဖြေခင် ‌ဖိုးတောမှ အရင်ဦးအောင်စကားဆိုလိုက်လေသည်။
“ပေတူးရေ ကိုရွှေကြီးအိမ်ဆိုရင်တော့ ငါသိ‌လောက်တယ်ကွ “
“ဟုတ်ပါတယ် ပေတူးရာ လူ့ဘော်ကျော့ လှရွှေ ဒါမှမဟုတ် ရွှေကြီးလို့ မေးလိုက် ‌အကုန်သိတယ် “
ကိုမြင့်ရွှေနှင့် ကိုမောင်မောင်လည်း သရက်ပင်အောက်တွင်ခေတ္တနားပြီးနောက် သူတို့၏ လယ်ကန်သင်းပေါင်းခုတ်သည့် လုပ်ငန်းခွင်ထဲ ပြန်ဝင်သွားချိန် ပေတူးနှင့် ဖိုးဝောာသည်လည်း အောက်ရွာသို့ သွားရန်အတွက် ပြင်ဆင်ရန် သရက်ပင်အောက်မှနေ၍ ထွက်ခွါလာခဲ့လေသည် ။
◾အခန်း (၆)
‌တောတောင်များထူထပ်စွာပေါက်နေသော လမ်းအတိုင်း လူငယ်လေးနှစ်ယောက် လမ်းလျှောက်နေလေသည်။သူတို့နှစ်ယောက်မှာ ပေတူးနှင့် ဖိုးတောဖြစ်ပြီး ငွေတောင်ရွာ တည်ရှိသည့် တောင်ကြီး၏အောက်ခြေတွင်ရှိသော ရွာသို့သွားနေခြင်းဖြစ်သည်။အများစုသည် တောင်အောက်ရှိရွာကို အောက်ရွာဟု ခေါ်ဆိုကြသည်မှာ များသည်။ထိုရွာ၏အမည်မှာ ပျဉ်းမပင်ရွာဖြစ်ပြီး တောင်ယာလယ်လုပ်နှင့် တောလည်မုဆိုး အလုပ်တို့ဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။ပျဉ်းမပင်ရွာသားများသည်လည်း တောင်ထိပ်တွင် တည်ရှိနေသော ငွေတောင်ရွာအား အထက်ရွာဟု ခေါ်ဆိုကြသည်။ငွေတောင်ရွာနှင့် ပျဉ်းမပင်ရွာသို့ သွားရသည့်လမ်းခရီးသည် ဝေး၏။တောင်ခြေဆိုသော်ငြား တောင်ကြောတလျှောက်လမ်းဖြစ်နေ၍ တရက်မျှအချိန်ယူကာ သွားရသည်။ပေတူးတို့သည် မနက်အာရုံတက်အချိန်မှစပြီးထွက်လာရာ ယခု နေ့လယ်အချိန်ရောက်ပြီဖြစ်သည့် အတွက် လမ်းဘေးတွင် သစ်ခုတ်ဝါးခုတ်သောသူများ စခန်းချ လေ့ရှိသည့် တဲလေးတလုံးတွင် နားနေကြသည်။တဲလေးထဲတွင် ဆန်၊ဆီ၊ဆား၊ငရုတ်၊ကြက်သွန်နှင့် ငါးခြောက်ငါးခြမ်းများလည်း ရှိသည်။ဖိုးတောသည် မီးဖိုမှ မီးခဲတခဲကိုကောက်ကာ တဲခါးပန်းတွင် တခုခုကို ရေးနေသည်။ပေတူး အနောက်မှ သွားကြည့်လိုက်ရာ တဲခါးပန်းတွင် ဖိုးတောရေးနေသော စာမှာ “ကျုပ် ငွေတောင်ရွာက ဖိုးတောပါ ထမင်းနဲ့ ဟင်းချက်စားသွားသည်”ဖြစ်သည်။ ဖိုးတောသည် ထိုသို့ရေးပြီး မီးမွှေးကာ ထမင်း အိုးတည်ရန် ပြင်နေသည်။ပေတူးသည် ထိုအရပ်ထိုဓလေ့အား နားမလည်သောကြောင့် ထမင်းအိုးတည်ရန်ပြင်နေသော ဖိုးတောအား မေးလိုက်လေသည် ။
“ဖိုးတော ဒါ ဘယ်သူ့တဲလဲ မင်းသိလို့လား”
“မသိဘူးလေကွာ “
“မသိတာကို ဒီအတိုင်းချက်စားရင် ခိုးတာနဲ့ တူတူပဲ မဟုတ်လား တကယ်လို့ ပိုင်ရှင်တွေလာရင် စကားများနေမှကွာ”
“ဘာမှ မဖြစ်ပါဘူးကွာ ဟိုမှာ ငါ စာရေးထားခဲ့တယ် ဒီလမ်းကို ငါ့အဖိုးနဲ့ သွားဖူးတယ်ကွ ဘာမှစိတ်မပူနဲ့ မင်း နောက်တခါ လာဖြစ်ရင် ဆန်ဖြစ်ဖြစ်ဆီဖြစ်ဖြစ် မင်းတတ်နိုင်တာလေး ပြန်ဖြည့်ခဲ့ လူတိုင်း အဲ့လိုပဲ လုပ်ကြတာလေကွာ ကြည့်ပါလား တဲ ခါးပန်းတွေကို ဖျက်လိုက်ပြန်ရေးလိုက်နဲ့ “
ဖိုးတော၏စကားကြောင့် ပေတူး တဲခါးပန်းများကို ကြည့်လိုက်သည်။သူပြောသည်မှာလည်း ဟုတ်ပေသည်။ထမင်းချက်ပြီး စားသွားသည့်အကြောင်းအား ရေးထားကြသည်။ထိုအတွက်ကြောင့် ထင်သည် ဖိုးတောအား ထမင်းထုတ်ရန်ပြောသောအခါ သူက မထုတ်နဲ့ ရသည်ဟု ပြောတာဖြစ်ပေမည် ။ သို့ပေမဲ့ သူ ငွေ‌‌တောင်ရွာလာစဉ်က လမ်းခရီးတွင် ကိုယ့်စရိတ် နှင့်ကိုယ် စားခဲ့ရသည်။ဆင်ဦးစီးများ အဘယ့်ကြောင့် ချက်မစားရသနည်းဟု တွေးနေရင်း ထိုအကြောင်းကို ဖိုးတောအား မေးလိုက်သည်။ထိုအခါ ဖိုးတောသည်
“မင်းတို့နဲ့လာတဲ့ ဆင်ဦးစီးတွေက သူများအသက်ကို သတ်တယ်ထင်ပါ့”
“အေး ဟုတ်တယ် ငါတို့လာတုန်းက ဖွတ်တွေ့လို့ သူတို့သတ်လိုက်ကြတယ် “
“ဒီတဲထဲမှာရှိတဲ့ ဆန်ဆီရိက္ခာတွေကိုသုံးမဲ့သူက သူများအသက် မသတ်ရဘူးကွ သတ်မိရင် အန္တရာယ်တခုခု ကြုံရတယ် အဲ့တာကြောင့် ဆင်ဦးစီးတွေနဲ့ တခြားနယ်ကလူတွေက ဒီတဲထဲက ဆန်တွေ ဆီတွေကို မသုံးရဲကြဘူး “
ဖိုးတော၏စကားကိုနားထောင်ပြီး ပေတူးတယောက် ခေါင်းကိုညိတ်ပြီး နားလည်သဘောပေါက်သွားကာ ဟင်းချက်ရန်အတွက် ပြင်ဆင်လိုက်တော့သည် ။
သူတို့နှစ်ယောက် ထမင်းဟင်းချက်စားပြီး တဲပေါ်တွင် တရေးတမောအိပ်ကာ အောက်ရွာသို့ဆက်ပြီး ခရီးဆက်လာကြလေသည် ။
◾အခန်း (၇)
ရေနံဆီမီးခွက်နှင့် ဖယောင်းတိုင်မီးလေးများ ထွန်းထားသော ရွာလေးထဲသို့ ပေတူးနှင့် ဖိုးတော ရောက်လာကြပြီ ဖြစ်သည် ။ သူတို့သည် လ‌ရောင်ပျပျတွင် အောက်ရွာ၏ ကုန်စုံဆိုင်လေးရှိရာသို့ သွားနေကြသည်။များမကြာသောအချိန်တွင် ကုန်စုံဆိုင်လေးသို့ ရောက်လာကြသည်။ဆိုင်ရှင်သည် သဘောကောင်းသူဖြစ်ရာ သူတို့နှစ်ယောက်အား ကောင်းမွန်စွာ ပြောဆိုဆက်ဆံပြီး တန်းလျားစားပွဲတွင် ထိုင်စေသည် ။
“အထက်ရွာကလာတယ်ဆိုတော့ ကိုဝင်းကျော်တို့နဲ့သိမှာပေါ့”
“သိပါတယ်ဗျ ကျုပ်တို့ကို ကိုလှရွှေအိမ်ကို လမ်းပြပေးနိုင် မလား”
“ဘယ်လှရွှေလဲကွ “
“ကျုပ်တို့ရွာသားတွေကတော့ ကိုရွှေကြီးလို့ ခေါ်ကြတယ်”
“ဪ သိပြီ သိပြီ ဘော်ကျော့ ‌လှရွှေပဲ အဲ့တာဆိုရင်တော့ မင်းတို့တွေ ခဏစောင့်ကွာ ဒီကောင် မကြာခင်လာလိမ့်မယ် ငါ့ဆီကို စီးကရက် မှာထားတာကွ တို့တရွာလုံးမှာ ဒီကောင်တယောက်ပဲ စီးကရက်သောက်နိုင်တာ “
ဆိုင်ရှင်ကြီးသည် စကားတပြောပြောနှင့် ရေနွေးကြမ်းအိုး နှင့် အမြည်းများဖြင့် တည်ခင်းဧည့်ခံထားသည်။သူသည်က ရေနံဆီလာဝယ်သောသူများကို ရောင်းလိုက်၊ဖယောင်းတိုင်လာဝယ်သူ လာလျှင်ရောင်းလိုက်၊ပေတူးတို့နှင့် စကားပြောလိုက်နှင့် အတော်အလုပ်များနေသည်။မကြာသောအချိန်တွင်တော့ သူတို့ ထိုင်နေသည့်နေရာသို့ လူတယောက် ရောက်လာသည်။ ထိုသူသည် ဘန်ကောက်ပုဆိုး၊တိုက်ပုံအင်္ကျီနှင့် ဖြစ်ကာ အုန်းဆီကို ရွှဲ‌နေအောင်လိမ်းထားပြီး ရှားရှားပါးပါး ‌နေကာ မျက်မှန်အဝိုင်းနှင့် ဖြစ်သည်။ညအချိန်ရောက်နေသည့်တိုင် မျက်မှန်အမဲကြီးတပ်ပြီး ဂိုက်ပေးကြမ်းနေသောသူမှာ အများအခေါ် လူဘော်ကျော့ လှရွှေ သို့မဟုတ် ရွှေကြီးဆိုသူဖြစ်သည်။ရွှေကြီးသည် ဆိုက်အပြည့် ဂိုက်အပြည့်နှင့် လမ်းလျှောက်လာရင်း တန်းလျားအစွန်းကို တိုက်မိကာ အင့်ခနဲ တချက် ညည်းလိုက်၏။ထိုအခါ ဆိုင်ရှင်သည်
“လှရွှေရာ မင်းမလည်း အကန်းကြီးကြနေတာပဲ မျက်မှန်ကြီး ချွတ်ထားစမ်းပါကွ ဟိုတလောကလည်း လယ်ထဲသွားတာ မျက်မှန်ကြီးတပ်သွားလို့ ကန်သင်းတွေ တိုက်မိပြီး လဲလို့ဆို “
“အပြစ်ပြောလည်း ခံရမှာ‌ပဲ ပေးထားတဲ့ ဈေးနဲ့တန်အောင်ဆိုပြီး နေ့ တင်မကဘူး ညပါတပ်မှပဲ၏ တန်မှာမို့ဗျ ကဲ စီးကရက်ဘူးပါလား “
“ပါတယ် ထိုင်ဦး ဒီမှာ မင်းဧည့်သည်တွေ ရောက်နေတယ် အထက်ရွာကတဲ့ “
“အထက်ရွာက ဟုတ်လား ဘယ်သူတွေလဲ မှန်း မှန်းကြည့်စမ်းမယ် “
ရွှေကြီးသည် ပေတူးနှင့် ဖိုးတော အရှေ့ရှိတန်းလျားတွင် ဝင်ထိုင်လိုက်ကာ သူ၏နေကာမျက်မှန်ကြီးကို ချွတ်ကြည့်လေသည်။ထို့နောက် ဖိုးတောကိုသေချာကြည့်ကာ
“ကောင်လေး မင်း ဖိုးတော မဟုတ်လား”
“ဟုတ်တယ် ဖိုးတောလေ “
“မင်းတို့ နှစ်ယောက် ဘာလုပ်ကြတာလဲ “
“အမမိစိုးအကြောင်း ပြောချင်လို့ဗျ “
“စိုးစိုးအကြောင်း ဟုတ်လား လာ ငါ့အိမ်လိုက်ခဲ့ ကိုပေသီး ဒီကောင်တွေကို ကျုပ်ခေါ်သွားပြီဗျာ “
ရွှေကြီးသည် သွက်သွက်လက်လက်ဖြင့် ဖိုးတော၏လက်ကိုဆွဲကာ ဆိုင်အပြင်ကို ထွက်လိုက်သည်။ထို့နောက် ပေတူး၏ လက်ကိုပါ ဆွဲလိုက်ပြီး အလယ်မှာနေ၍ ပုခုံးတဖက်စီအား ဖက်လိုက်ကာ သူ၏အိမ်သို့ ခေါ်သွားလေသည်။လမ်းတွင် သီချင်းတကြော်ကြော် အော်ဆိုနေသေးသည်။ပေတူးသည် လှရွှေအား အကဲခတ်ကြည့်ရာ လှရွှေမှာ မဟုတ်တာလုပ်မည့်ဟန်တော့ မတွေ့ရပေ။တလမ်းလုံး သူ မိစိုးကို မည်မျှချစ်ကြောင်း မည်မျှမြတ်နိုးကြောင်းကိုလည်း ပြောပြနေလေသည်။
မကြာသောအချိန်တွင်တော့ ရွှေကြီး၏အိမ်သို့ရောက်ပြီ ဖြစ် သည်။ရွှေကြီးအိမ်တွင် မိသားစုဝင်များများစားစား မရှိပေ။သူနှင့် ဖခင်ဖြစ်သူတို့သာ ရှိသည်။ရွှေကြီးသည် အိမ်ဝိုင်းထဲ ရောက်သည်နှင့် အသံစာစာနှင့် စကားဆိုလေသည်။
“အဘရေ အထက်ရွာက ဧည့်သည်တွေလာတယ်ဗျို့”
“ဟေ ဟုတ်လား ကြွပါ ကြွပါ “
ပေတူး အံ့ဩသွားရပြန်သည်။အထက်ရွာမှ ဧည်သည့်လာသည်ဆိုသည်နှင့် အသက်ကြီးရင့်နေပြီဖြစ်သော ရွှေကြီး၏ ဖခင်ကြီးသည် ရိုရိုသေသေဖိတ်ခေါ်နေ၍ ဖြစ်သည်။သူ့ပုံစံကြည့်ရသည်မှာ ဘုန်းကြီးတယောက်အား ပင့်ဖိတ်နေတာနှင့်ပင် တူသေး၏။ထိုအတွက် ပေတူးမနေတတ်၍
“ရပါတယ် ဘကြီး ကျုပ်တို့က အသက်ငယ်ငယ်ပဲရှိပါသေးတယ် “
“ငယ်တာကြီးတာနဲ့ မဆိုင်ဘူးကွယ့် အထက်ရွာက ကလေးတွေက ဘကြီးတို့ထက် သီလလုံပါတယ်ကွယ် ဘကြီးက လက်တွေ့မို့ သိတာပါ “
ပေတူး မည်သို့ပြန်ပြောရမည်မှန်းကို မသိတော့ပေ။ထို့နောက် ရွှေကြီးတို့သားအဖနှစ်ယောက်သည် သူတို့ နှစ်ယောက်အတွက် ထမင်းပွဲ ပြင်ဆင်ပေးလေသည်။သူတို့ ထမင်းစားနေချိန်တွင်လည်း နှီးဖြင့်ပြုလုပ်ထားသော ယပ်တောင်လေးဖြင့် ယပ်ခတ်ပေးနေသောကြောင့် ဖိုးတောနှင့် ပေတူး မနေတတ်အောင်ပင်အားနာနေကြရသည်။သူတို့ အားနာနေသည်ကိုသိသော ရွှေကြီး ၏ ဖခင်မှ အားမနာစေရန်အတွက် စကားဆိုလေသည်။
“ငါ့တူကြီးတို့ အားမနာပါနဲ့ကွယ် ဘကြီးက လေးစားလို့ပါ ။စားစရာတွေ စားကြပါကွယ် စားကြပါ အထက်ရွာကသူတွေက အောက်ရွာကို လာခဲတယ် မဟုတ်လား “
ပေတူးတို့နှစ်ယောက် မည်သည့်စကားမှ ပြန်မပြောဖြစ်ပေ။ အားနာနာ ဗိုက်ဆာဆာနှင့် စားလိုက်ကြသည်မှာ ထမင်းသုံးပန်းကန် ကုန်သည်အထိ ဖြစ်သည်။သူတို့ ထမင်းစားပြီးသော အခါ ရွှေကြီးတို့သားအဖသည် ထန်းလျက်၊မြေပဲ၊လက်ဖက် အစရှိသည်တို့အား ရေနွေးကြမ်းနှင့် တည်ခင်းဧည့်ခံရင်း စကားဆိုကြလေသည်။
“အထက်ရွာက ငါ့တူတို့ရေ လာရင်းကိစ္စက ဘာမှန်းမသိပေမဲ့ ရောက်လာတောင်နဲ့တင် ဝမ်းသာပါတယ်ကွယ်”
“လာရင်းကိစ္စကတော့ ကိုရွှေကြီးရဲ့ကိစ္စပါ ကိုရွှေကြီး ဘကြီးရှေ့မှ ပြောလို့ရလား”
ဖိုးတောသည် ပွင့်လင်းသူပီပီ ရွှေကြီးအားကြည့်ပြီး စကားဆိုလိုက်သည်။သူ၏စကားဆုံးသောအခါ ရွှေကြီးသည် ပြုံးရယ်ပြပြီး
“ငါ့ကောင်တို့ရာ အဘနဲ့ ငါက သားအဖပုံစံထက် သူငယ်ချင်းလိုနေတာကွ ရတယ် ပြော မင်းတို့မပြောလဲ ပြီးရင် ငါကပြန်ပြောရမှာ “
“ဟုတ်တယ် ငါ့တူတို့ရ ဒီကောင်ရွှေကြီး လူဘော်ကျော့ဆိုတဲ့နာမည်ရတာ အမှန်ဆို ဘကြီးကြောင့် ဒီကောင်ကို ချစ်လွန်းတာကြောင့် ဘာမှမခိုင်းရက် မပြုရက်နဲ့ဆိုတော့ ဒီပုံ ဖြစ်သွားတာပဲဟေ့”
“အဘကလည်း ပြောရော့မယ် ကျုပ်ကရော ဆိုးနေလို့လား ကျုပ်က ခေတ်နဲ့အညီလေးပဲ နေတာပါဗျာ ကျုပ်ကြောင့် ဘယ်သူဒုက္ခရောက်ဖူးလို့လဲ”
ပေတူးနှင့် ဖိုးတောသည် ဖခင်ဖြစ်သူအား စကားဆိုနေသော ရွှေကြီး ခေါ် လှရွှေကိုကြည့်ကာ သူတို့စိတ်ထဲတွင် သံသယ ကင်းသွားကြသည်။သင်္ချိုင်းတွင် အစီအရင်ပြုလုပ်ထားသောသူမှာ ရွှေကြီးနှင့် သူ၏ဖခင်တော့ မဖြစ်နိုင်ပေ။သို့ပေမဲ့ လာရင်းကိစ္စကိုဖြင့် ပြောရမည်ဟုတွေးကာ ပေတူးမှ စကားဆိုလိုက်သည် ။
“ဘကြီးနဲ့ ကိုရွှေကြီး ကျုပ်တို့လာရင်းကို ပြောပြမယ်”
“ပြောပါဦး”
“ကျုပ်တို့ ရွာအပြင်မှာနေတဲ့ ဦးဝင်းကျော်ကိုသိလား”
“သိတယ်လေ ဒီကောင်ရဲ့အချစ်တော် မိစိုးရဲ့အဖေ မဟုတ်လား”
“ဟုတ်ပါတယ် “
“မင်းတို့တွေ အခုတလော ငါ့သားရွှေကြီးကို အထက်ရွာမှာ ဘာကြောင့် မတွေ့ရတာလဲသိလား”
“ဘာကြောင့်များလဲ ဘကြီး “
“သိချင်ရင်တော့ ကိုယ်တိုင်သာ မေးကြည့်ကွယ်”
အိမ်ရှင်ဘကြီး၏စကားကြောင့် ဖိုးတောနှင့် ပေတူးသည် ရွှေကြီးကို သေချာကြည့်လိုက်သည်။ထို့နောက် ပေတူးမှ အမေးစကားဆိုလိုက်သည် ။
“ကိုရွှေကြီး ဘာလို့ အထက်ရွာကို မလာတော့တာလဲ”
“ငါ မိစိုးကို ငယ်ငယ်ကတည်းကသဘောကျတာကွ သဘော ကျတာထက် ချစ်တာ ချစ်တာထက် မေတ္တာရှိတာလို့ပြောရင် ပိုမှန်မယ်ကွ “
“ကိုရွှေကြီးရဲ့စကားက အဆန်းပါလားဗျ”
“မင်းသိတဲ့အတိုင်း မိစိုးအိမ်ထောင်မကျခင်က ငါ အမြဲတမ်း မင်းတို့ရွာကို လာတယ်လေ သူ့ကို ချစ်ကြောင်းကြိုက်ကြောင်းပြောတာပေါ့ သူက ငါ့ကိုခင်ပါတယ် ဒါပေမဲ့ ငါလက်မလျှော့ခဲ့ဘူး နောက်ဆုံး မင်းတို့သိတဲ့အတိုင်း မျိုးကျော်နဲ့ အိမ်ထောင်ကျသွားတယ် ဘာဖြစ်ဖြစ် ငါ ဝမ်းသာတယ် မျိုးကျော်က လူကောင်းတယောက်လေကွာ ငါချစ်တဲ့သူ လူကောင်းတယောက်နဲ့ ညားတာ ငါဝမ်းသာတယ် ဒါပေမဲ့ ဝမ်းနည်းတယ်”
အတိတ်ကအကြောင်းတွေကို ပြန်ပြောနေသော ရွှေကြီးသည် လွမ်းလွမ်းဆွေးဆွေးဖြင့် ပြန်ပြောပြလာခြင်း ဖြစ်သည်။ရွှေကြီးသည် သက်ပြင်းတချက်ကိုချကာ နောက်ထပ်စကားထပ်ဆိုလိုက်ပြန်သည် ။
“နောက်တော့ မျိုးကျော်ဆုံးတယ် မျိုးကျော်ဆုံးတော့ မိစိုးလည်း စိတ်နောက်သွားတယ်တဲ့ ငါ အရမ်းအံ့ဩတယ် မိစိုးကစိတ်ဓာတ်ကြံခိုင်တဲ့ မိန်းကလေးတယောက်ကွ လောကဓံကို အထိုက်အလျှောက်တော့ သူ ခံနိုင်လောက်ပါတယ် ငါ အရိပ်တကြည့်ကြည့် ကြည့်နေတဲ့သူပါကွာ သူ မရူးနိုင်ဘူး “
ပေတူး ပို၍အံ့ဩရပြန်သည်။အပြင်ပန်းတွင်သာ ပေါကြောင် ကြောင်ဟု ထင်ရပေမဲ့ မိစိုးအပေါ်ထားသည် သူ၏မေတ္တာစိတ်က ကြီးမားလှသလို အမှန်လည်း မြင်နိုင်နေသည်။ထိုအတွက်သူ စဉ်းစားမရ ဖြစ်ရပြန်သည်။အဘယ်သို့သောသူက အစီရင်လုပ်ပြီး ကိုလှရွှေကို ယူခိုင်းနေပါသနည်း။သူတွေးရင်း ခေါင်း ရှုပ်လာ၏။တွေးသည်မှ မဆုံးသေးဘဲ ရွှေကြီး၏စကားသံက ထပ်ပေါ်လာပြန်သည် ။
“ငါနဲ့ မိစိုးနဲ့ မညားပေမဲ့ ငါ သစ္စာပြုထားတယ်ကွ မိစိုး လိုအပ်တဲ့အချိန်မှာ ငါ အမြဲရှိပါမယ်လို့လေ ပြီးတော့ ငါ မိစိုးကို မနှောက်ယှက်ပါဘူးလို့ရောပေါ့ အဲ့ဒီသစ္စာကို ငါ တသက်လုံးတည်မှာ ကဲ ဆိုစမ်းပါဦး မင်းတို့ ငါ့ကို မိစိုးအကြောင်းပြောပြမယ်ဆိုတာလေ “
ဖိုးတောနှင့် ပေတူး တယောက်မျက်နှာ တယောက်ကြည့်လိုက်သည်။ သူတို့သိထားသောအကြောင်းအား ရွှေကြီးတို့သားအဖအား မပြောတော့ဟု ဆုံးဖြတ်လိုက်ကာ
“ဘာမှမဟုတ်ပါဘူး အမမိစိုးက တော်တော်သက်သာလာပြီ လို့ လာပြောတာပါ “
“မင်း မင်းတို့တကယ်ပြောတာလား “
“ဟုတ်တယ်ဗျ “
“အေးကွာ ငါ ဝမ်းသာတယ် မင်းတို့ ဘယ်နေ့ပြန်မှာလဲ ငါ မိစိုးတို့အိမ်အတွက် လက်ဆောင်လေးထည့်ပေးလိုက်ချင်လို့ “
“မနက်ဖြန် ပြန်မယ်ဗျ “
“အေး အေး ငါ ကြိုတင် ပြင်ဆင်လိုက်ဦးမယ် အဘရေ ငါးခြောက်တွေ ရှိသေးတယ် မဟုတ်လား “
“ရှိပါ့ မင်းကြိုက်သလောက်သာပေး ငါ့ပိုင်ဆိုင်မှုအားလုံးက မင်းအပိုင်ပဲ “
ရွှေကြီးသည် ပေတူးတို့အား စကားဆိုရင်းမှ သူ၏ဖခင်ကြီးကို လှည့်၍ စကားဆိုလိုက်ခြင်း ဖြစ်သည်။ထိုနည်းတူ ဖခင်ဖြစ်သူမှာလည်း ကန့်ကွက်ခြင်းအလျင်းမရှိပဲ သူ၏ ပိုင်ဆိုင်မှုများအားလုံးအား ရွှေကြီးအတွက်ဟုပင် ပြောနေသေးသည်။ထိုအခါ ရွှေကြီးသည်
“အဘကလည်းဗျာ အကိုကြီးကိုကျ ဘယ်သွားထားမှာလဲ မျှမျှတတပြောစမ်းပါဗျ ကျုပ်တယောက်တည်း မလိုချင်ပါဘူး အကိုကြီးကိုလည်း ပေးရမှာပေါ့ “
“ငါ့သား ရွှေကြီးရ ငါ့ပိုင်ဆိုင်သမျှတွေကို မင်းကိုပဲ ပေးဖို့ မင်းအကိုကြီးကပဲ ငါ့ကို ပြောထားတာ”
“အကိုကြီးကတော့ လုပ်ပြီဗျာ သူတို့လင်မယားကဖြင့် သိပ် အဆင်ပြေတာလည်း မဟုတ်ပဲနဲ့ “
“ငါလည်း ပြောပါတယ်ကွာ မင်းအကိုကြီးကို ဒီအိမ်ပဲလာနေပါဆိုတာ သူ့မိန်းမအကြောင်း သူသိတယ်ဆိုပြီး တောထဲပဲ နေ နေတာလေကွာ ကဲ ကဲ”
ပေတူးနှင့် ဖိုးတောသည် ရွှေကြီးတို့ သားအဖနှစ်ယောက်၏ ပြောပုံအရ နောက်ထပ် သားကြီးတယောက်ရှိသေးသည်ကို သိလိုက်ရသည်။သူတို့ တယောက်မျက်နှာတယောက် ထပ်မံကြည့်လိုက်မိပြန်သည်။သင်္ချိုင်းတွင် အစီအရင်လုပ်သူမှာ ရွှေကြီးလည်းမဟုတ် သူ၏ဖခင်လည်း မဟုတ်။သို့ပေမဲ့ ရွှေကြီးနှင့် ပတ်သတ်သောသူတယောက် လုပ်သည်မှာတော့ သေချာ၏ ။ဤသို့ဖြင့် သင်္ချိုင်းတွင် အစီအရင်လုပ်ပြီး မိစိုးကို ထိန်းချုပ်နေသူမှာ ရွှေကြီး၏အကိုဖြစ်မည်ဟု တထစ်ချတွေးလိုက်ကြပါလေတော့သည်။
🔸ဘိုးတော်ပေ နှင့် သစ္စာသည်က ဤမျှသာ။မကြာမီ ဘိုးတော်ပေ နှင့် သဒ္ဓါလွန် အမည်ရဇာတ်လမ်းလေးအား တင်ဆက်ပေးပါမည် ။
🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို Follow နှိပ်ပြီး အား‌‌ေပးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏
📝မောင်တင်ဆန်း