ဘီလူးမစ ခံရသူ

ဘီလူးမစ ခံရသူ(စ/ဆုံး)

———————

“ဟဲ့…ငတင် နင်လည်း သေနေတော့တာပဲ…။
နေဖင်ထိုးနေ​​​ပြီလေ အကောင်ရဲ့…..”

နေထွက်တာပင်အတော်ကြာနေပြီဖြစ်သော်လည်း ငတင်တစ်ယောက်ကတော့ အိပ်လို့ကောင်းနေစဲပင်။
ဒါကို ကြည့်မရတော့သော အမဖြစ်သူ ခင်မိ မောင်ဖြစ်သူအား အော်ဟစ်နိုးလိုက်တော့၏။
အမဖြစ်သူရဲ့ အော်ဟစ်သံကြောင့် ငတင် အိပ်ချင်မူးတူး​ ဖြင့်ယောင်ယမ်းထထိုင်လိုက်ကာ မျက်လုံးအားလက်ဖြင့် ပွတ်ရင်းမှ…

“ထမှာပေါ့ အမရယ်…ကျုပ် ညကအိပ်ရေး ပျက်သွားလို့ပါဗျ…”

“အမယ်…အမယ်…သူများတွေကြားရင် နင့်ကိုအထင်ကြီးနေပါဦးမယ် ငတင်ရယ်……
နင့်မှာအလုပ်ဆိုလို့် အရက်သောက်တာပဲရှိတာကို ကြီးကြီးကျယ်ကျယ် အလုပ်များတယ်ဆိုပဲ……”

ငတင်၏အကြောင်းကိုသိထားသော အမဖြစ်သူ…ခင်မိက ပြောလိုက်လေတော့ ငတင် သူ့ခေါင်းအား တဗြင်းဗြင်းကုပ်ရင်း…

“အမကလည်းဗျာ…ကျုပ်တို့မှာ ဒီမောင်နှမ နှစ်ယောက်ပဲ ရှိတဲ့ဟာကို အဲ့လိုကြီးမပြောလိုက်စမ်းပါနဲ့ ဗျ …”

“ဟဲ့…အဲ့တာဆို ငါက ဘယ်လိုပြောရမှာလည်း…နင့်ကို အကောင်းပြောစေချင်ရင် လက်ကြောတင်းအောင်အလုပ် လုပ်လေ…။ဒီမောင်နှမနှစ်ယောက်ပဲရှိတယ်ဆိုလည်း ကိုယ့်လယ်ကို ကိုယ်တိုင် ဝင်လုပ်ဦးမှပေါ့…အခု​တော့​ဖြင့် လယ်အငှါးခေါ်ပြီးခိုင်းနေရတာနဲ့ပဲ ပြီးနေတော့တယ် ငတင်ရယ်…”

ငတင် အမဖြစ်သူရဲ့ စကားများကို နားမခံသာတော့ပေ။
​ ခေါင်းကလည်း ညက ​ သောက်ထား​​​သော အရှိန်ကျန်ရှိ
​နေသေးတာကြောင့် အရက်ဆိုင်ဆီသို့သွားဖို့ရန်သာ စဉ်းစားလိုက်တော့၏။
သို့သော် အမဖြစ်သူထံမှ ပိုက်ဆံရမှပင် သူသွားမည့်အရက်ဆိုင်က အရက်​​ သောက်ရမည်
ဖြစ်သည်။
ဒါကြောင့် အမဖြစ်သူထံမှ ပိုက်ဆံရရေး စဉ်းစားကာ…

“အမ…ကျုပ်တို့မှာ ဒီမောင်နှမ နှစ်ယောက်ပဲရှိတာ ။
အဲ့​တော့ ခု …ကျုပ်လယ်တောသွားမယ် ပြီးရင်လယ်တောက ပေါင်းတွေရှင်းပြီး ထွန်ပေးမယ်ဗျာ”

မောင်ဖြစ်သူ ငတင်ရဲ့စကားအား ခင်မိ မယုံရဲပေ။

“နင်ပြောတိုင်းငါကယုံရမှာလား ငတင်ရယ် …
လယ်တောသွားမယ်ဆိုပြီး အရက်သွားသောက်နေမှာမဟုတ်ဘူးလား ”

ခင်မိပြောလိုက်လေတော့ ငတင်က…

“စိတ်ချပါ အမရယ်…ကျုပ်သွားပါ့မယ် ။သွားရင် ရပြီမလားဗျာ အမကလည်း ”

“အေး…အဲ့တာဆို အခုသွားလေ…”

ငတင် ပြီးစလွယ်ပြောလိုက်သောစကားက ယခု လယ်တောသို့ သွားရပေတော့မည်။

“ကဲ….ကဲ…သွားပြီဗျို့…သွားပြီ ”

ပုဆိုးကို ပြင်မဝတ်ဘဲ လက်ဖြင့် ဆွဲမကာ အမဖြစ်သူ ခင်မိအနားမှ ထွက်လာခဲ့တော့၏။

ခင်မိတစ်ယောက် ထွက်သွားသော မောင်ဖြစ်သူငတင်၏နောက်ကျောပြင်အားငေးကြည့်နေ
ရင်းမှ…

“အရက်ဆိုင်သွားလို့ကတော့ အသေပဲ ငတင်ရေ….”

ဟုကြိမ်းဝါးလိုက်တော့၏။

ငတင်…အမဖြစ်သူ၏ တွတ်ထိုးပြောဆိုနေသော စကားများအား နားမခံသာ၍ နားသက်သာစေရန် ပြောချင်ရာပြောပြီးထွက်လာခဲ့ခြင်းဖြစ်၏။

“တောက်…နေကလည်း ပူလိုက်တာလွန်ကော…ဒီချိန်…ပေါင်းရှင်းလို့ကတော့ လူကင်ဖြစ်မှာအသေချာပဲဟေ့…မထူးဘူးကွာ ကိုစိန်မြင့် အရက်ဆိုင် အရက်တစ်လုံးလောက်ဝင်ယူပြီးမှ လယ်တောသွားတော့မယ်ကွာ…”

ငတင် သူဘာသာဆုံးဖြတ်ချက်ချလိုက်ပြီးနောက် အရက်ဆိုင်ဆီသို့ဦးတည်လိုက်လေသည်။

အရက်ဆိုင်သို့ရောက်တော့ အရက်တစ်လုံးအကြွေးဆွဲကာ လယ်တောသို့ ထွက်လာခဲ့တော့၏။
ငတင် လယ်တောသို့မသွားချင်သော်လည်းအမဖြစ်သူ ပါးစပ်ကိုကြောက်၏။
လယ်တောသို့မရောက်ဘဲ အိမ်သို့ပြန်လျှင် နေဝင်မိုးချုပ်ပြောဆိုခံရပေဦးမည်။
ထို့ကြောင့် မထူးဇာတ်ဖြင့် လယ်တောသို့ အရက်ပုလင်းဆွဲကာ ထွက်လာခြင်းဖြစ်သည်။

ငတင်တို့်လယ်က
ဘိုးဘွားပိုင်ဖြစ်သည်။ငတင်တို့ဘိုးဘွားများပိုင်ဆိုင်ခဲ့သောထိုလယ်တော
ဘေးတွင် ဘယ်ခေတ်ကထု့ထားမှန်းမသိရသော ဘီးလူးရုပ်ကြီးတစ်ရုပ်ရှိ၏။
ထိုဘီးလူးကိုထု့ထားသည့်ပုံစံမှာလည်း ဒူးထောက်ထိုင်နေသည့် ပုံစံပင်ဖြစ်သည်။
ဒူးထောက်ထိုင်မျှသာထု့ထားသော်လည်း ထိုဘီလူးရုပ်သည်က လူနှစ်ရပ်စာအမြင့်ရှိ၏။

ဘီလူးရုပ်၏ဘေးခြေ မှာတော့ အရိပ်ရနေခဲ့ပြီး တဖန် လယ်တောဆီမှတိုက်ခတ်လာသော လေများကြောင့် လေလေးတဖြူးဖြူးဖြင့် ဖြစ်နေလေသည်။
ထိုအချက်ကိုသိသော ငတင်က လယ်တောသို့ အကြံဖြင့်ထွက်လာခဲ့ခြင်းဖြစ်၏။

ငတင် လယ်တောသို့ရောက်လေတော့ ဘီလူးရုပ်ကြီး၏ဘေးတွင်ထိုင်ချလိုက်ပြီးလယ်တော
ဘက်ဆီသို့မျက်နှာမူကာ ယူလာသော အရက်ပုလင်းအားမော့ချလိုက်တော့သည်။
ထိုသို့ အရသာခံမော့နေရင်းဖြင့် အရက်ပုလင်းထဲတွင်အရက်တစ်ဝက်မျှသာကျန်တော့လေသည်။
ကျန်သောတစ်ဝက်အား ငတင် ဘီလူးရုပ်ကြီး၏ အနီးတွင်ချလိုက်ပြီး…

“ဟေ့…ဘီလူး….ဘီလူးကြီးရေ… အရက်သောက်ချင်လား…အေ့!….ဂေ့!..သောက်ချင် သောက်..သောက်…ဗျို့….ကျုပ်…ကျုပ်ကတော့ အိပ်ဦးမယ်ဗျာ….”

ငတင် မူးမူးဖြင့်အိပ်ပျော်သွားချေပြီ။
ပတ်ဝန်းကျင်ကတော့လေတိုက်သံနှင့် အစာရှာ ကျေးငှက်များ၏ အသံများမှလွဲပြီး ကျန်အသံများတိတ်ဆိတ်ကာနေလေသည်။

ငတင် မူးမူးဖြင့် အိပ်နေရာမှ…

“ဟေ့ ဒီမှာနောင်ကြီး….နောင်ကြီး ထပါဦးဗျ….ဗျို့ နောင်ကြီးရေ….”

“အင်….ဟင်….”

ငတင်သူ့အားလှုပ်နိုးခေါ်လိုက်သံကြောင့် မျက်လုံးများအား
အားယူပြီးဖွင့်လိုက်ရသည်။ မျက်လုံးဖွင့်လိုက်တော့ သူ့အားငုံံ့ကြည့်နေသောမျက်နှာစိမ်းလူကြောင့်

“ခင်ဗျားကဘယ်သူတုန်း….”
ဟုမေးလိုက်တော့…

ကိုယ်လုံးကိုယ်ထည်ခပ် တောင့်တောင့် ဖြင့်ထိုလူက
ငတင်အမေးကြောင့် ပြုံးလိုက်လေသည်။
ထိုလူ့အပြုံးအားငတင်နားမလည်စွာ…

“ခင်ဗျားကိုလည်း ကျုပ်မမြင်ဘူးပါဘူး…ခင်ဗျားဘယ်သူတုန်း ”

ငတင်ထပ်အမေးဆိုတော့ ထိုလူက ငတင်အိပ်နေသော ဘေးသို့ဝင်ထိုင်လိုက်ပြီး…

“ကျုပ်ကဘယ်သူဆိုတာနောက်မှမေးဗျာ…အခုကျုပ်
ဗိုက်ဆာနေလို့ နောင်ကြီးမှာ ဘာစားစရာလေးများရှိမလဲလို့ ”

ငတင် လူစိမ်း၏ စကားကြောင့်….

“ကျုပ်မှာတော့ အစားအစာမပါခဲ့ဘူးဗျ…ဟော..အရက်တစ်ပိုင်းတော့ကျန်သေးတယ် နောင်ကြီးသောက်ချင်ရင် သောက်ဗျာ…”

“အေးဗျာ…ကျုပ်လည်း ဗိုက်ဆာနေတာ…နောင်ကြီးပါတဲ့အရက်လေးပဲ သောက်လိုက်တော့မယ် ”

လူစိမ်းကပြောရင်းဖြင့်အရက်ပုလင်းအားဆွဲယူလိုက်ပြီးနောက် တစ်လက်စတည်းပင်မော့ချလိုက်တော့၏။
အရက်တစ်ပိုင်းလုံးသောက်လိုက်သော်လည်း မူးသည့်ပုံမပေါ်သည့် လူစိမ်းအား ငတင်ကြည့်ကာ…

“ဟာ…နောင်ကြီးက အရက်သမားအကြီးစားပဲဗျ…”

ငတင်စကားကြောင့် လူစိမ်းက…

“ဒီလောက်ကတော့သောက်နိုင်ပါတယ်ဗျာ…ဒါနဲ့ နောက်ရက်ကြရင်တော့ စားစရာလေးဘာလေးထည့်ခဲ့ပါဗျာ…ကျုပ် အဖိုးခပေးပါ့မယ်….အဖိုးခအနေနဲ့ ရော့ ကျုပ်ပိုင်တဲ့ ဒင်္ဂါးလေးတွေ ယူလိုက် ”

ငတင် လူစိမ်းပေးသော ဒင်္ဂါးများကိုကြည့်နေရင်း…

“ဟာ…ရွှေဒင်္ဂါးတွေပဲဗျ…ခင်ဗျား ဘယ်ကရတာတုန်း”

ငတင်အမေးကို လူစိမ်းကပြုံးကြည့်နေ၏။
ထိုလူစိမ်း၏ အပြုံးကို ငတင်ကြည့်နေရင်း အမြင်အာရုံများတဖြေးဖြေး ဝေဝါးကာလာတော့၏။

ထိုသို့ဖြစ်နေစဉ် နားထဲသို့အသံစူးစူးတစ်ခုကရောက်လာလေသည်။
ထိုအသံက…

“ဟဲ့…ငတင် အလုပ်ပြီးလည်းပြန်လာပါလား…။ဒီမှာအိပ်နေရတယ်လို့ ထစမ်း…ဟဲ့ ငတင် ထစမ်းပါဆို”

အမဖြစ်သူ ခင်မိက အော်ဟစ်နိုးတော့မှ ငတင်နိုးလာပြီး ဘေးဘီကိုကြည့်လိုက်တော့သည်။

“ဟာ…ညနေတောင်ရောက်နေပြီပဲ… အမက ကျုပ်ကိုလာခေါ်တာလား…”

“အေးလေ…နင်ပြန်မလာမှတော့လိုက်လာရတာပေါ့။
ကြည့်စမ်း ငါ့မောင်က ပေါင်းတွေနုတ်ရှင်းထားတာပဲ ”

“ဗျာ….”

ငတင်အမစကားကြောင့်.လယ်တောသို့ကြည့်လိုက်ရာ ပေါင်းပင်များနုတ်ကာရှင်းလင်းထားသည်ကိုတွေ့လိုက်ရ၏။
တစ်ခုခုထူးနေပြီဆိုတာ သိလိုက်သောငတင်က အရက်ပုလင်းထားရာကိုကြည့်လိုက်တော့ သူယူခဲ့သောအရက်ပုလင်းကို ရှာမတွေ့တော့ပေ။
ထိုသို့ အဖြစ်အပျက်ကြောင့် နားမလည်နိုင်စွာခေါင်းအားကုပ်ဖို့ပြင်တော့ လက်ထဲတွင်ပါလာသော အရာကြောင့်ကြည့်လိုက်မိရာ…

“ဟာ…ဒါက…ဒါက အိမ်မက် မဟုတ်ဘူးပဲ ။ဟူး!….
ဘာတွေဖြစ်ကုန်တာလဲကွာ…..”

ငတင် ရွှေဒင်္ဂါးပြားနှစ်ပြားအားကြည့်ကာ ငြီးငြူလိုက်တော့သည်။
ထို့နောက် အမဖြစ်သူအား အဖြစ်အပျက်ကို မပြောပြဖို့ဆုံးဖြတ်လိုက်ပြီး ရွှေဒင်္ဂါးနှစ်ပြားအားသိမ်းထားလိုက်တော့၏။

နောက်တစ်ရက်မနက်မှာတော့ ငတင် လယ်တောကိုသွားဖို့ စောစောထပြင်ဆင်နေတော့လေသည်။

ငတင်ထူးခြားနေသည်ကို ကြည့်နေသော အမဖြစ်သူ ခင်မိက…

“ငတင် နင်ဘယ်သွားမလို့လဲ …။စောစောစီးစီးထလို့ပါလား ဟဲ့…….”

အမဖြစ်သူအမေးစကားအား ငတင် နွားများ အစာကျွေးနေရာမှ…

“လယ်တောသွားမလို့အမရေ…ကျုပ်ကိုထမင်းထုပ်ပေးပါဦး…နွားတွေအစာကျွေးပြီးရင် သွားတော့မယ် ဗျာ…”

ငတင်စကားကြောင့် ခင်မိ အံ့သြ သွားရ၏။
သို့သော်…

“အေး…အေး…အမ ထမင်းထုပ်ထားမယ်…”

ခင်မိ မီးဖိုထဲသို့ဝင်သွားတော့မှ ငတင် သတိရကာ…

“အမရေ…ထမင်းက နှစ်ထုပ်ထုပ်ပေးဗျာ….ကျုပ်
မိတ်​ဆွေတစ်ယောက်ရော ကျွေးဖို့ရှိလို့ဗျ….”

“မိတ်ဆွေ….သြော်….အေး အေး….အမနှစ်ထုပ်ပြင်ပေးလိုက်မယ် ”

ခင်မိ မောင်ဖြစ်သူရဲ့မိတ်​ဆွေကိုဘယ်သူဆိုတာ မမေးလိုက်တော့ဘဲ ထမင်းထုပ်ပြင်ပေးနေတော့လေသည်။

အမဖြစ်သူထံမှ ထမင်းထုပ်များရသည်နှင့် ငတင် ချက်ချင်း လှည်းကပြီး လယ်တောသို့ ထွက်လာလိုက်တော့၏။

လယ်တောသို့ရောက်တော့ ဘီလူးရုပ်ကြီးအောက်တွင် ထမင်းထုပ်များကို ချထားလိုက်တော့သည်။
နွားများကိုလည်း သစ်ပင်ရိပ်တွင် ကြိုးချည် ထားခဲ့လိုက်ပြီး သူကိုယ်တိုင်ကတော့ ဘီလူးရုပ်ကြီးအောက်တွင် လဲချလိုက်ပြီး အိပ့်ဖို့ပြင်တော့လေသည်။

လေကလည်းတဖြူးဖြူးတိုက်ခတ်​​နေတာကြောင့် ငတင် ချက်ချင်းဆိုသလို အိပ်ပျော်သွားတော့သည်။

အိပ်လို့ကောင်းနေသော ငတင်တစ်ယောက် အပြင်လောကမှာဖြစ်ပျက်နေမှု့တွေကို သတိမထားမိခဲ့ပေ။

သူသတိထားမိချိန်မှာတော့….

“ဝါး…….အိပ်လို့ ကောင်းလိုက်တာကွာ….။ လေကလည်း တဖြူးဖြူးနဲ့ သာယာလိုက်တာကွာ အင်း…!”

ငတင်ပျင်းကြောဆန့်ကာ ပြောလိုက်ခြင်းဖြစ်၏။

ထိုသို့ ဖြင့် တခဏကြာတော့…

“ဟင်…ငါ့နွားတွေက ဘယ်လိုဖြစ်ပြီး ဟိုဘက်ရောက်နေတာလဲ!….ဟာ….မြေသားတွေ ထယ်ထိုးပြီးပါပေါ့လား….ဒါ…ဒါ ဟို လူပဲဖြစ်ရမယ်…ဟင် ထမင်းထုပ်ကလည်း တစ်ထုပ် လျော့နေပါလား…….အလို….”

ငတင် အံ့သြနေလေသည်။
ချက်ချင်းဆိုသလို သူလွယ်ခဲ့သောလွယ်အိတ်ထဲသို့နှိက်ကြည့်လိုက်လေတော့…

“ဟာ ရွှေပြားတွေက ပိုလာပါလား…အလုပ်လည်းပြီးတယ် ရွှေပြားတွေလည်းရတယ်…ငတင်တော့ ကြီးပွားပြီ​ဟေ့..ဟား..ဟား…ဟား…..”

ငတင် ဝမ်းသာစွာ ပြောလိုက်တော့၏။

ထိုနေ့မှစပြီး ငတင် လယ်တောသို့ ဆင်းတိုင်း ထမင်းနှင့်ဟင်းများ ပိုထည့်လာခဲ့တော့သည်။
လယ်တောသို့ရောက်တိုင်းလည်း သူအမြဲ အိပ်ပျော်သွားခဲ့ရ၏။
အိပ်ရာကနိုးတိုင်းလည်း ငတင် အိတ်ထဲတွင် ရွှေပြားများ ရောက်ရှိနေခဲ့ပြန်သည်။

ထိုသို့ ငတင် မသိသလိုနေလာရင်းမှ တစ်ညရောက်တော့ဖြင့်…

“နောင်ကြီး….ဗျို့ နောင်ကြီး……”

လှုပ်ခေါ်နိုးသူကြောင့် ငတင် နိုးလာခဲ့သည်။
နိုးလာလာခြင်း တွေ့လိုက်ရသောသူကြောင့်…

“ဟာ…ခင်ဗျားက….ခင်ဗျားက……”

“ဟုတ်ပါတယ် နောင်ကြီးရယ်…။ကျုပ်က နောင်ကြီးကို ကူညီပေးနေတဲ့သူပါ….ခု ကျုပ်လာတာ နောင်ကြီးကိုပြောစရာရှိလို့ပါ ”

ငတင် တစ်ခါသာမြင်ဘူးပြီး မိမိအား ကူညီပေးနေသော ထိုလူစိမ်းကိုကြည့်ပြီး…

“ပြောဗျာ….ကျုပ်ကို ခင်ဗျား ကူညီထားတာမနည်ဘူးးဗျ။နောက်ပြီး ခင်ဗျားက လူမဖြစ်နိုင်ဘူးထင်တယ်….”

ထိုလူကလည်း ငတင်စကားအား ခေါင်းတငြိမ့်ငြိမ့်ဖြင့်…

“နောင်ကြီးပြောသလိုပဲဗျာ…ကျုပ်က လူမဟုတ်ပါဘူး…ကျုပ်က နောင်ကြီးတို့လယ်တောမှာရှိတဲ့ ဘီလူးရုပ်ကြီးမှာနေတဲ့ ဘီလူးပါ…နောင်ကြီးနဲ့ကျုပ်က ဟိုးအတိတ်က ရေစက်ကြောင့် ပြောခွင့် ကူညီခွင့်ရတာပါ….။ ခု ကျုပ်နေတဲ့ ဘီလူးရုပ်ကြီးကနေ ကျုပ်ကို နေရာပြောင်းဖို့ နတ်မင်းကြီးတွေက အမိန့်ပေးထားတယ်…အဲ့တာကျုပ်နေရာပြောင်းရတော့မယ်ဗျာ……”

“ဗျာ…..နေရာပြောင်းရတော့မယ်……ဟုတ်လား နောင်ကြီး….”

ငတင် စိတ်ထဲ ဝမ်းနည်းလာ၏။
ထိုဝမ်းနည်းခြင်းက သိကျွမ်းရင်းနှီးသော လူတစ်ယောက်နှင့် ခွဲခွာရမည့်အချိန် ခံစားရသော ဝမ်းနည်းခြင်းဖြစ်သည်။

ဘီလူးကဆက်ပြီး….

“ဟုတ်တယ်…ကျုပ်နေရာပြောင်းရတော့မယ်…နောင်ကြီးနဲ့ဆက်ဆုံတွေ့ဖို့ ရေစက်က ဒီလောက်ပဲဗျာ…အဲ့တာကြောင့် ကျုပ်မပြောင်းခင် နောင်ကြီးကို ပေးစရာလေးရှိတယ်…ကျုပ်ပိုင်တဲ့ ပစ္စည်းကိုနောင်ကြီးကိုပေးခဲ့ပါရစေ…အဲ့ပစ္စည်းကို ရောင်နီမထွက်ခင် လယ်တောက နောင်ကြီးအိပ်တဲ့ အရုပ်ကြီးအောက် လာတူးယူပါဗျာ…တူးလို့ရတဲ့ အရာကို ရောင်းပြီး အလှူအတန်းလုပ်ရင် ကျုပ်အတွက်လည်း ရည်စူးပေးပါ ”

“စိတ်ချပါဗျာ….ကျုပ်လည်း နောင်ကြီးကို မတွေ့ရပေမယ့် စိတ်ထဲ တော်တော် ရင်းနှီးနေပါပြီ။နောင်ကြီးပြောသလိုဖြစ်အောင်လုပ်ပေးပါ့မယ်ဗျာ…..”

ငတင်စကားကြောင့် ဘီလူးက ပြုံးလိုက်ပြီး…

“အဲ့တာဆို ကျုပ်သွားပြီနောင်ကြီး….နောင်ကြီးနဲ့ ရေစက်ဆုံချင်သေးတယ်ဗျာ……..”

ပြောရင်းဖြင့် ငတင်အနီးမှပျောက်ကွယ်သွားတော့၏။

ထို့နောက်ငတင်လည််း အိမ်မက်မှ လန့်နိုးလာခဲ့ပြီး…

“ဟာ…မိုးလင်းတော့မှာပါလား…မဖြစ်ဘူး သူပြောသလို သွားတူးမှပဲ ”

ငတင် ပေါက်ပြားတစ်လက် ယူကာ လယ်တောသို့ ထွက်လာခဲ့တော့သည်။

အမဖြစ်သူ ခင်မိကတော့ အိမ်တွင်အိပ်ပျော်နေစဲပင်။

ငတင် လယ်တောသို့ရောက်တော့ ဘီလူးရုပ်ကြီး၏ အောက်တွင် ပေါက်ပြားဖြင့် စတင်တူးတော့လေသည်။

တူးနေရင်း မကြာပါ….

“ဟာ….ဘာလေးလဲ ”

မြေအောက်မှအရာတစ်ခုကိုမြင်၍ ငတင် ပေါက်ပြားအားချပြီး နံဘေးရှိအသားချောင်းဖြင့် မြေကို ယက်ထုတ်လိုက်လေရာ…

“ဟင်……!မြေအိုးတစ်လုံးပဲ ”

မြေအိုးအား မကာ အပေါ်သို့တင်လိုက်ပြီးနောက် အဝတ်စများဖြင့် မြေအိုး အဖုံးကို ပိတ်ထားလေရာ ပိတ်ထားသော အဝတ်စများအား.ဖယ်လိုက်သည့်အချိန်မှာတော့….

“အမလေး….ဘုရား…ဘုရား…..ရွှေတွေပါလား…..!”

ငတင် ဝင်းလက်နေသော ရွှေများတစ်အိုးလုံးအပြည့်ဖြစ်နေသည်ကို မြင်လိုက်ရ၍ ဘုရားတမိတော့သည်။

စိတ်ထဲမှာလည်း မယုံကြည်နိုင်ခြင်း ၊ ဝမ်းမြှောက်ခြင်းများဖြင့် ဒွန်တွဲနေခဲ့၏။

“မဖြစ်ဘူး….မဖြစ်ဘူး….ဒါတွေ လူမသိခင် အိမ်ကို ယူသွားမှပဲ ”

ငတင် ရွှေအိုးအားပြန်ပိတ်လိုက်ပြီး အိမ်သို့ သယ်လာခဲ့တော့၏။

ထိုအချိန်မှာ မည်သူကမှ ငတင်အားသတိမထားမိပေ။

အိမ်သို့ရောက်တော့ အမဖြစ်သူ ခင်မိအား နိုးပြီး ရွှေအိုးနှင့် သူဖြစ်ပျက်ခဲ့သည်များကို ပြောပြလိုက်လေရာ ခင်မိ ခမျာ ထိတ်လန့်အံ့သြမိနေတော့သည်။

‼‼‼‼‼‼‼‼‼‼‼‼

နှစ်ကာလများပြောင်းလဲလာချိန်မှာတော့….

ဘုရားကျောင်းကန်များတွင်….”အလှူ့ဒကာကြီး ငတင်နှင့်အလှူ့တကာမကြီး ခင်မိ တို့မောင်နှမ ကောင်းမှု့ဆိုသည့် ကဗ္ဗည်း မှတ်တမ်းများကို မြင်နေရတော့၏။
ထိုမျှမကသေး…အလှူဒကာကြီးငတင်နှင့် ရွှေယက္ခ ကောင်းမှု့ဆိုသည့် ကဗ္ဗည်း များကိုလည်း တွေ့ရပေသည်။

ယခုဆိုရင်ဖြင့် သူဋေးကြီး ငတင် ၏ ဘီလူး မစခြင်း အကြောင်းကတော့ ပြီးဆုံးသွားခဲ့ပါပြီ။

ထိုအဖြစ်အပျက်ဟာ ပြင်ပလောကတွင် အမှန်တကယ်ဖြစ်ပျက်ခဲ့ခြင်းဖြစ်သော်လည်း နေရာ ဒေသနှင့် အမည်နာမ များကို ဖုံးကွယ် ထားပါရစေ။

စာဖတ်သူ များ အားလုံး စိတ်ကျန်းမာ ကိုယ်ချမ်းသာကြပါစေ။

ကျုးရင့်သီ (ကန့်ဘလူ)…….

စာရေးသူကိုလေးစားစွာဖြင့်
#credit