ဘုန်းကြီးကျောင်းကသရဲမ

*ဘွားမယ်စိန်နှင့် ဘုန်းကြီးကျောင်းကသရဲမ*📖📖📖

**********************************************

စဆုံး
“ဟေ့…ဖိုးရှုပ်…”
“ဗျာ…”
“မဗျာနဲ့…ဒီကိုလာခဲ့ငါ့တူ…”
ဖိုးရှုပ်ကို ဦးကြီးဖြစ်သော ဦးကံက ခေါ်လေသည်။
ဖိုးရှုပ်လည်း ဦးကြီးဖြစ်သူလှဲနေသော ကွပ်ပျစ်ခင်းဆီသို့
ရောက်လာခဲ့၏။
“ငါ့တူကြီး…ဦးကြီးမရှိတော့ရင် မင်းဘယ်လိုရှေ့ဆက်
လျှောက်မယ်စိတ်ကူးထားသလဲကွ…ဟေ…”
ဦးကံ၏စကားကြောင့် ရှစ်နှစ်သားလေးဖိုးရှုပ်
‌ဖြေဖို့စဉ်းစားနေသည်။
“ဦးကြီးကဘယ်သွားမှာမလို့လဲဗျ”
“ဦးကြီးက ကျန်းမာရေးမကောင်းတာ
ငါ့တူကြီးလည်းမြင်တာပဲလေ…
ဦးကြီးလည်း မင်းအဖေနဲ့အမေနောက်ကို
လိုက်သွားရတော့မယ်ထင်ပါရဲ့ငါ့တူကြီးရာ…”
ဟု…ပြောလေတော့ ဖိုးရှုပ်မျက်ရည်များ
ဝိုင်းလာခဲ့သည်။ပြီးနောက်…
“ကျုပ်တော့ထားမသွားပါနဲ့ဦးကြီးရယ်…
အဖေနဲ့အမေကလည်းရှိတော့တာမဟုတ်ဘူး…
အခုဦးကြီးကပါ ကျုပ်ကိုထားသွားရင်
ကျုပ်ဘယ်သူနဲ့နေရမှာတုန်းဗျ….အီးးးး…ဟီးးး…
ဟီးးးးးးးးးးး…”
ဖိုးရှုပ်ပြောရင်းငိုချလေသည်။
“မငိုပါနဲ့ငါ့တူရာ…မင်းကလည်းစိတ်ကလေး‌က
ပျော့လိုက်တာ…လာပါဦး…ဦးကြီးဆီကို…”
ဦးကံလည်းစိတ်မကောင်း၍ တူဖြစ်သူကို
ပွေ့ဖက်ပေးထားရှာသည်။
ထိုသို့ပွေ့ဖက်ထားရင်း…
“ဦးကြီးပြောမယ်…ဦးကြီးကျန်းမာရေးက
သိပ်မကောင်းဘူးငါ့တူ…
ဦးကြီးမသေခင် မင်းကိုဘုန်းကြီးကျောင်းမှာ
အပ်ထားခဲ့ချင်တယ်…
ကိုရင်ဝတ်ချင်လား…
ဘုန်းကြီးကျောင်းသားပဲလုပ်မလားကတော့
မင်းဆုံးဖြတ်ပေါ့ကွာ…”
“ကျုပ်ကိုရင်တော့မဝတ်ချင်ဘူးဦးကြီး…
ဦးကြီးစိတ်ချမ်းသာမယ်ဆိုရင် ကျုပ်
ဘုန်းကြီးကျောင်းသားဘဝနဲ့နေပေးပါ့မယ်…”
ဖိုးရှုပ်စကားကြောင့် ဦးကံဝမ်းသာသွားရှာသည်။
ဖိုးရှုပ်လေးက သဘောတူသောကြောင့် ဦးကံကိုယ်တိုင်
ဖိုးရှုပ်လေးအား ရွာကျောင်းကဆရာတော်ထံအပ်နှံကာ
ဘုန်းကြီးကျောင်းသားဘဝဖြင့် နေစေခဲ့သည်။
ဖိုးရှုပ်လေးက လိမ္မာသောကြောင့် ဆရာတော်ကြီးကလည်း သဘောကျလေသည်။
“ဖိုးရှုပ်…”
“ဟေ…”
“ညဘက်အပေါ့သွားရင် တစ်ယောက်ထဲမသွားနဲ့နော်…
ကြားလား”
“ဘာလို့လဲ…ဝက်ပုရဲ့…”
ဖိုးရှုပ်ကပြန်မေးတော့ ဝက်ပုက…
“အိမ်သာထောင့်ကသီးပင်ပေါ်မှာနေတဲ့ သရဲမက
အ‌ရမ်းခြောက်တာကွ…ဒါကြောင့်မင်းတစ်ယောက်ထဲ
မသွားနဲ့လို့ငါကပြောတာ”
ဝက်ပုစကားကြောင့် ဖိုးရှုပ်မျက်လုံးပြူးသွားသည်။
“ဟေ…ဘုန်းကြီးကျောင်းမှာသရဲရှိတယ်…
ဟုတ်လား”
*ရှိလို့ပြောတာပေါ့ကွာ…
ငါဆို ကျောင်းက ကိုရင်တွေနဲ့ ညဘက်အပေါ့သွားရင်
အတူတူသွားရတာ…တစ်ယောက်ထဲဆို
ဒင်းက ‌‌‌‌‌ခြောက်လန့်ချင်တယ်ကွ…”
“အဲ့သရဲမကိုဆရာတော်က ဘာမှမလုပ်ပစ်ဘူးလား”
“ဆရာတော်ခွင့်ပြုလို့နေ နေတာကွ…
ဒီသရဲမကသိပ်လည်တာ…
ဆရာတော်ရှိရင် ငြိမ်နေတာပဲကွ…
ဒါပေမယ့် တလောက ကျောင်းမှာတည်းတဲ့
ဧည့်သည်အဒေါ်ကြီးတစ်ယောက်ကိုတောင်
‌ခြောက်လန့်လိုက်သေးတယ်လေ…”
“သူကအဲ့သည်အဒေါ်ကြီးကိုဘယ်လိုခြောက်တာလဲ
ဝက်ပုရဲ့…”
“အေး…ငါပြောမယ်…
ဖြစ်ချင်တော့အဲ့သည်အဒေါ်ကြီးက မြို့ကလာတာကွ…
သူကငါတို့သတိမထားမိခင် တစ်ယောက်ထဲအိမ်သာကို
ထွက်သွားတာ…အချိန်ကလည်း ညနေလောက်ပဲရှိသေးတယ်ကွ…အဒေါ်ကြီးအိမ်သာကဆင်းလာတော့
သီးပင်ကြီးက တဆတ်ဆတ်တုန်ခါနေတာတဲ့လေ…
ဟို…မင်းတွေ့ဖူးသလား နတ်ဝင်သည်‌တွေလိုပဲ
အပင်ကြီးကယိမ်းထိုးနေတာတဲ့ကွ…
အဒေါ်ကြီးက သရဲခြောက်တာသိတော့
အဲ့သည်နေရာကနေ
အမြန်လျှောက်လာခဲ့တာပေါ့
သရဲမကလည်းခြောက်ရတာအားမရပုံပဲကွ…
ဘုတ်ခနဲအသံကြားလို့ အဒေါ်ကြီးလည်း လှည့်ကြည့်လိုက်တာ…မြေပေါ်မှာခေါင်းပြတ်ကြီးကို
ဒေါ်ကြီးကတွေ့သွားတာတဲ့…ခေါင်းပြတ်ကြီးက
အဒေါ်ကြီးကိုပြုံးပြုံးကြီးစိုက်ကြည့်နေတော့
အဒေါ်ကြီးခမျာ…နေရာမှာတင်သတိလစ်သွားလိုက်တာ…
သူ့သမီးကသူ့အမေပြန်မလာသေးလို့ရှာတော့မှ
အဲ့သည်နေရာမှာပြန်‌တွေ့တာဟေ့…
အဒေါ်ကြီးသတိပြန်ရလာတော့ ကြောက်လို့ဆိုပြီး
ရွာထဲကအိမ်တစ်အိမ်မှာသွားတည်းတော့တာပါပဲကွာ…
အဲ့ကတည်းက တို့ကျောင်းကိုရောက်မလာတော့ဘူးကွ…
သူလည်းအတော်ကြောက်သွားရှာပုံရပါတယ်…”
“ဒါဆို…ဒီသရဲမကအတော်ဆိုးတာပဲကွ…
ဆရာတော်ဘုရားတို့ဒီသရဲမကို
နှင်ထုတ်သင့်ပါတယ်ကွာ…”
“နှင်တုန်းခဏပဲကွ…
ပြီးရင်ဒီသရဲမက ပြန်ရောက်လာတာပဲဖိုးရှုပ်ရဲ့…”
“အင်းပါကွာ…ငါလည်းသတိထားသွားပါ့မယ်”
“အေး…အေး…အေး…”
ဖိုးရှုပ်လည်း ဝက်ပုသတိပေးသောကြောင့်
အပေါ့အပါးသွားလျှင် ဝက်ပုကိုလည်းကောင်း၊ကိုရင်လေးတွေကိုလည်းကောင်းအဖော်ခေါ်သွားရလေသည်။
သို့သော်ဖိုးရှုပ်စိတ်ထဲတော့ ထိုသရဲမကိုမကျေနပ်ပေ။
ည‌ဘက်အလေးသွားချင်လျှင်အဖော်များအိပ်နေ၍
နိုးရမည်ကိုအားနာသောကြောင့်
အောင့်အီးကာနေခဲ့ရသည်။
ထိုဒုက္ခများကြောင့် ဖိုးရှုပ်ထိုသရဲမကို
အငြိုးထားလေသည်။
“ကပ္ပိယကြီး…”
“ဟေ…ဖိုးရှုပ်…လာလေကွာ”
“ကျုပ်…ကပ္ပိယကြီးကိုပြောစရာရှိလို့ပါ…”
“ဘာပြောမှာလဲဖိုးရှုပ်ရဲ့…
ပြောလေကွာ…”
“ဒီလိုပါဗျာ…အိမ်သာနားက သီးပင်မှာ
သရဲမ ရှိတယ်ဆိုဗျ…”
“ဟေ…မင်းအဲ့သည်သရဲမနဲ့တွေ့ပြီးသွားပြီလားကွ…”
“မတွေ့ပါဘူးဗျာ…
ညဘက်အပေါ့သွားရတာ ဒင်းကြောင့်
ဒုက္ခများလွန်းလို့ပါကပ္ပိယကြီးရာ…”
ဟု…ဖိုးရှုပ်ကပြောတော့ ကပ္ပိယကြီးကပြုံးလေသည်။
“ဘာပြုံးတာလဲဗျ…ကျုပ်မှ ဒီသရဲမကြောင့်
စိတ်ညစ်နေပါတယ်ဆိုဗျာ…”
ဖိုးရှုပ်စိတ်ညစ်ဟန်ဖြင့်ပြောလေတော့…
“ငါပြုံးတာက မင်းကိုသဘောကျလို့ပါဖိုးရှုပ်ရာ…
ဒီလိုကွ…အဲ့သည်သရဲမက တခြားသူမဟုတ်ဘူးဟေ့…
တို့အခုဘုန်းကြီးကျောင်းမြေနေရာကိုလှူထားတဲ့
သူဌေးမကြီးကွ…”
“ဘယ်လို…အဲ့သည်သရဲမက
သူဌေးမကြီးဟုတ်လား ကပ္ပိယကြီး…”
“အေး…ဟုတ်တယ်…
အဲ့သည်သူဌေးမကြီးက ဘာကိုစွဲလမ်းပြီး
မကျွတ်မလွတ်ဖြစ်နေသလဲမသိပါဘူးကွာ…”
“ဒါဆို…ဒီသရဲမကြီးရှိနေတာ…
ဘယ်လောက်ကြာပြီလဲဗျ…”
“ကြာပြီကွ…အနှစ်သုံးဆယ်လောက်တော့
ရှိလောက်ပြီ… သူ့မှာသားသမီးတော့ ရှိပါရဲ့ကွာ…
ဒါပေမယ့် ဒီသူဌေးမကြီးဆုံးသွားကတည်းက
သူတို့ပိုင်တဲ့လယ်တွေ၊ယာတွေ၊အိမ်တွေကိုရောင်းပြီး
ရွာကနေအပြီးပြောင်းသွားကြတာ…
တို့ဘုန်းကြီးကလည်း တကာမကြီးက မကျွတ်မလွတ်ဖြစ်နေတာသိတော့ အမျှအတန်းပေးဝေပါရဲ့…
သူကိုက ကျွတ်လွှတ်ချိန်မတန်သေးလို့ထင်ပါရဲ့ကွာ…”
ဟု…ကပ္ပိယကြီးကပြောတော့ ဖိုးရှုပ်မှာ
သရဲမကြီးဘဝရောက်နေသော သူဌေးမကြီးကိုသနား
သွားခဲ့သည်။
နောက်ရက်များ၌…
“ဖိုးရှုပ်…ငါကမင်းပျောက်လို့လိုက်ရှာနေတာ…
မင်းက ဒီသီးပင်​အောက်မှာ မကြောက်မရွံ့
ဘာထိုင်လုပ်နေတာလဲကွ…”
ဝက်ပုတစ်ယောက်ဖိုးရှုပ်ကိုရှာမတွေ့၍လိုက်ရှာနေခဲ့ရာ
နောက်ဆုံး၌ သရဲမကြီးရှိသည့် သီးပင်အောက်၌
ဖိုးရှုပ်ကိုရှာတွေ့သွားခဲ့သည်။
“ဘာမှမလုပ်ပါဘူးဝက်ပုရာ..
ငါကလည်း မိဘမရှိတဲ့ကောင်…
ဟောသည်အပင်ကသရဲမကြီးကလည်း
ငါ့လိုပဲဆိုတော့ သူ့ဘဝကိုသနားမိလို့ပါကွာ…”
“ဟာ…ဘာတွေပြောနေတာလဲဖိုးရှုပ်ရာ…
သူကသရဲ…မင်းကလူလေကွာ…
နောက်ပြီး မင်းဘေးမှာ မင်းရဲ့ဦးကြီးလည်းရှ်ိတယ်
ငါလည်းရှိနေတာပဲ… လာပါကွာ…
တခြားမှာ သွားထိုင်ကြရအောင်ပါ…”
ဝက်ပုက ဖိုးရှုပ်ကို ဆွဲ၍ခေါ်လေတော့
ဖိုးရှုပ်လည်းအသာတကြည်ပင်လိုက်သွားခဲ့တော့သည်။
***********************************************
အရှေ့မှ ခပ်သုတ်သုတ်သွားနေသောအမျိုးသမီး၏
ကျောပြင်ကိုဘွားမယ်စိန်စိုက်ကြည့်နေခဲ့သည်။
အမျိုးသမီး၏နောက်ကျောကိုမြင်ရသော်လည်း
ဝတ်စားဆင်ယဉ်မှုကြောင့် သာမာန်အမျိုးသမီး
မဟုတ်မှန်းသိလေသည်။
ထိုအမျိုးသမီးသည် ခြေလှမ်းကိုခပ်သွက်သွက်လှမ်းပြီးဘုန်းကြီးကျောင်းတစ်ခုအတွင်းသို့ဝင်သွားခဲ့၏။
ဘွားမယ်စိန်သည် ခြေလှမ်းကမြေနှင့် တစ်ဖဝါးမှမခွာဘဲ
ရပ်၍သာကြည့်နေခဲ့သည်။
ထိုစဥ်အနောက်ဆီမှ…
“မယ်စိန်…သမီး…”
ဟုသောအသံကြောင့် ဘွားမယ်စိန်အနောက်သို့
လှည့်ကြည့်မိရာ..
“ဆရာသခင်…”
ဟု…ဘွားမယ်စိန်နှုတ်မှထွက်သွားခဲ့သည်။
“အစောကသမီးတွေ့လိုက်တဲ့အမျိုးသမီးကို
သမီးကူညီရလိမ့်မယ်…”
“အဲ့သည်အမျိုးသမီးမှာ ဘာအခက်အခဲများရှိနေလို့လဲ
ဆရာသခင်…”
“သူ့ဘဝကျွတ်လွှတ်ဖို့အတွက်
သမီးကူညီပေးမှရလိမ့်မယ်ကွဲ့…”
“ကျုပ်ကူညီပေးနိုင်တာဆို ကူညီပေးဖို့
အဆင်သင့်ပါတော်…”
ဟု…ဘွားမယ်စိန်ကပြန်ပြောလေတော့ ဆရာဖြစ်သူသည်
ပြုံး၍ခေါင်းညိတ်၏။
“ကောင်းပြီချစ်သမီး…ဒီလိုဆိုရင်ဖြင့်
ရွာသစ်ရွာကိုသွားပြီး ဒီအမျိုးသမီးကို
ကူညီပေးလိုက်ပါကွယ်…”
“စိတ်ချပါဆရာသခင်…
ကျုပ်သွားလိုက်ပါမယ်…
ဆရာသခင်ကို မယ်စိန်ကန်တော့လိုက်ပါတယ်”
ဟု…ဆိုကာ ဘွားမယ်စိန်သည် ဆရာဖြစ်သူကို
ကန့်တော့လေသည်။
“အသက်ရှည်…ကျန်းမာပြီး ၇ရက်သားသမီးတွေရဲ့
အကျိုးကိုဒီထက်မကသယ်ပိုးနိုင်ပါစေချစ်သမီး”
ဟု…ဆရာဖြစ်သူက ဆုပေးလေသည်။
ဘွားမယ်စိန်လည်းခေါင်းပြန်မော့လိုက်တော့
ဆရာ​ဖြစ်သူနေရာ၌ပျောက်သွား၍ ဘေးဘယ်ညာကို
ရှာဖွေကြည့်လိုက်သည်။
မနက်မိုးလင်းလေတော့ ဘွားမယ်စိန်သည်
ရေနွေးကြမ်းလေးသောက်ရင်းသူ၏ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို ဖွာရှိုက်နေခဲ့၏။
ဆေးလိပ်ငွေ့များက တလူလူပျံ့နှံနေခဲ့ရာ…
“ဘွား…ကျုပ်တို့ရောက်ပြီဗျ”
ဘွားမယ်စိန်ထိုင်နေသော ကွပ်ပျစ်ဆီသို့ မောင်တိုးတို့
တန်း၍ရောက်လာခဲ့သည်။
“ကဲ…ရောက်ရင်ထိုင်ကြလေကွယ်…”
“ဟုတ်ကဲ့ဘွား”
မောင်တိုးတို့လည်းကွပ်ပျစ်ခင်း၌ဝင်ထိုင်လိုက်ကြ၏။
“ဘွားတို့ရွာသစ်ကိုသွားရမယ်ကွဲ့…”
“ရွာသစ်…ရွာသစ်ကိုဘာကိစ္စများရှိလို့လဲဘွားရဲ့”
“အေး…ရွာသစ်မှာ ဘွားကူညီပေးရမယ့်သူတစ်ယောက်ရှိနေတယ်…သူ့ဆီကိုသွားကြရမယ်…”
“ဟုတ်ကဲ့ဘွား…ဒါဖြင့်ဘယ်တော့လောက်သွားမလဲ”
“အေး…ဘွားကတော့ ခဏနေပြင်ဆင်ပြီးတာနဲ့
သွားချင်တယ်ကွယ်…”
“ဘွား…သွားမယ်ဆိုရင်လည်းသွားကြတာပေါ့ဗျာ…
ကျုပ်တို့အဝတ်အစားလဲပြီး ထွက်လာခဲ့ပါ့မယ်”
“အေး…အေး…အေး…”
ရွာသစ်ကိုသွားကြရမှာမလို့ မောင်တိုးတို့လည်း
အိမ်သို့ပြန်သွားကြသည်။
ဘွားမယ်စိန်လည်း ရေမိုးချိုးအဝတ်အစားလဲပြီးနောက်
ကွပ်ပျစ်ခင်း၌ ထိုင်ကာ သူ၏လက်စွဲတော်
တောင်ဝှေးကြီးကို အဝတ်သန့်လေးဖြင့် သုတ်နေခဲ့သည်။
“အမေ…ရွာသစ်ကသိပ်မဝေးဘူးဆိုတော့
နေ့ချင်းပြန်ပဲလားအမေ…”
“မသိသေးပါဘူးအေ…မပြောတတ်ဘူး…”
“မလာဖြစ်ရင်တော့ ကျုပ်တို့သားအမိ
ဘေးဝိုင်းက မိဗျိုင်းတို့ကိုအဖော်ခေါ်အိပ်မလို့”
ဟု…ဒေါ်ဝင်းကပြောတော့ ဘွားမယ်စိန်
မျက်ခုံးလှုပ်သွားသည်။
“ညည်းက အဖော်ခေါ်အိပ်တာလား…
ရွာသတင်းကိုစုပြောတာလား…မသဲကွဲပါဘူးအေ…
အမေမရှိတုန်း လုပ်ချင်ရာလုပ်မနေနဲ့…ကြားသလားမိဝင်း”
“အမေရယ်…ရွာသူအချင်းချင်းပဲ…
စကားဘာညာတော့ပြောတာပေါ့တော်…
အဲ့တာကလုပ်ချင်ရာလုပ်တာမှမဟုတ်တာ…”
“အိုအေ…လူများတော့စကားရှုပ်သတဲ့…
ဟိုစကားဒီပို့…ဒီစကားဟိုပို့တွေနဲ့
ရန်ဖြစ်မှာကိုမြင်ယောင်လို့ပါအေ…”
“တော်ပါပြီအမေရယ်…
ဘယ်သူ့ကိုမှခေါ်မသိပ်တော့ပါဘူး…
ကျုပ်တို့သားအမိကိုယ့်ဘာသာပဲအိပ်ပါတော့မယ်တော်…”
“အေး…အဲ့တာကောင်းတယ်…”
ဒေါ်ဝင်းလည်း ဘွားမယ်စိန်ကိုကြည့်ပြီး
ပြုံးနေလေသည်။
ထိုစဥ်ခြံရှေ့မှနွားငေါက်သံ…လှည်းသံနှင့်အတူ…
“ဘွား…ကျုပ်တို့ရောက်ပြီဗျို့…”
ဟူသော မောင်အုန်း၏အသံကိုပါကြားလိုက်ရသည်။
“ကဲ…ဟိုကလေးတွေလာကြပြီ…
အမေတို့သွားမယ်မိဝင်း…”
“ဟုတ်ကဲ့အမေ…ဂရုစိုက်ဦးနော်…”
“အေး…အေး …မြေးမလေးကိုလည်း
ညအိပ်ခါနီးဘုရားကန်တော့ခိုင်းဖို့မမေ့နဲ့နော်…”
“ဟုတ်ကဲ့အမေ…”
ဘွားမယ်စိန်သည် ချည်လွယ်အိတ်လေးကိုလွယ်၍
တောင်ဝှေးကိုမြေပေါ်ထောက်ကာ ခြံပြင်ကိုထွက်လာခဲ့တော့သည်။
ဒေါ်ဝင်းကလည်းအနောက်မှအတူတူလိုက်လာပြီး…
“ကိုတော်ချောတွေ…
တော်တို့အဘွားကိုစောင့်ရှောက်ကြနော်…”
ဟုမှာလေတော့…
“အရီးကလည်းဗျာ…
ဘွားကတောင် ကျုပ်တို့ကို
ပြန်စောင့်ရှောက်နေရတာဗျ…ဟင်းးးး…ဟင်းးးး…”
ဟု…ရယ်ကာမောကာဖြင့်မောင်တိုးကပြောတော့…
“သိပါတယ်ဟယ်…ငါကရွဲ့ပြောတာပါ…
လမ်းခရီးဂရုစိုက်ကြဟေ့…
ရွာကိုပြန်လာရင် ဘူးသီးနဲ့ကြက်သားချက်ကျွေးမယ်…
ငါ့ခြံထဲကဘူးသီးကလည်း ခူးလို့ရနေပြီဟဲ့…”
“ကောင်းတာပေါ့အရီးရာ…”
“ကဲ…မိဝင်းအမေတို့သွားမယ်နော်…”
“သွားပြီဗျို့အရီး…”
ဘွားမယ်စိန်တို့လည်းဒေါ်ဝင်းကိုနှုတ်ဆက်ပြီး
ရွာသစ်သို့ နွားလှည်းလေးဖြင့် ထွက်လာခဲ့ကြတော့သည်။
“ဟဲ့နွား….သြော်…ပေကပ်ကပ်နဲ့…တောက်…”
မောင်တိုးက နွားကိုငေါက်၍ ကြိမ်လေးဖြင့် တို့ကာ
မောင်းလေသည်။
“မောင်ရင်ရေ…ရွာသစ်က ဘုန်းကြီးကျောင်းကိုပဲ
တန်းမောင်းကွဲ့…”
“ဟုတ်ကဲ့ဘွား…”
ဘွားမယ်စိန်တို့သည်ရွာသစ်ရွာ၏ဘုန်းကြီးကျောင်းသို့
ရောက်လာခဲ့ကြသည်။
ဘုန်းကြီးကျောင်းဝိုင်းထဲသို့နွားလှည်းကိုမောင်းလာခဲ့သည်။
“ဟော…သောင်ထွန်းရွာကအမေကြီးပဲ…”
ကပ္ပိယကြီးက ဘွားမယ်စိန်ကိုမြင်တော့.နွားလှည်းအနီးရောက်လာခဲ့သည်။
ဘွားမယ်စိန်လည်းနွားလှည်းပေါ်မှဆင်းလာခဲ့ပြီး…
“ကပ္ပိယကြီး…နေကောင်းပါရဲ့နော်”
“နေကောင်းပါတယ်ဗျာ…
အမေကြီးက ဆရာတော်ဆီကိုလာတာလားဗျ”
“အဲ့သည်လိုပဲဆိုရမှာပေါ့”
ဘွားမယ်စိန်နှင့်ကပ္ပိယကြီးတို့စကားပြောနေသည်ကို
မလှမ်းမကမ်းရှိ မန်ကျည်းပင်အောက်၌အဖော်များနဲ့ ဆော့ကစားနေသော ဖိုးရှုပ်တွေ့သွားလေသည်။
“အဲ့တာ သောင်ထွန်းရွာကအမေကြီးကွ…
အဲ့အမေကြီးကအတော်လေးစွမ်းတယ်လို့ပြောတယ်
ဖိုးရှုပ်ရဲ့”
ဟု…ဝက်ပုကအနားကပ်၍ပြောလိုက်သည်။
“ဘာစွမ်းတာလဲကွ…”
“အမေကြီးကအရင်ကစုန်းမကြီးတဲ့ကွ…
အခုတော့ လူတွေကိုကူညီပြီး သရဲတွေကိုနှိမ်နင်းပေးနေတဲ့သူလို့ပြောကြတယ်ကွ…”
“ဟင်…သရဲတွေကိုနှိမ်နင်းတယ်…
ဒါဆိုသူက ဒီကိုဘာလာလုပ်တာလဲ…
ဟိုသီးပင်ကသူဌေးမကြီးကိုလာနှိမ်နင်းတာလား
ဝက်ပု…”
“ဒါတော့ငါဘယ်သိမလဲကွာ..
လာ…ငါတို့သူတို့နားသွားရပ်ပြီး နားထောင်ကြည့်ရအောင်”
ဖိုးရှုပ်နဲ့ဝက်ပုလည်းဘွားမယ်စိန်တို့အနီးသို့
ရောက်လာကြသည်။
ဘွားမယ်စိန်က ကပ္ပိယကြီးနှင့်စကားပြောရင်း
ဖိုးရှုပ်တို့ကိုပြုံးပြလေသည်။
ဘွားမယ်စိန်ကိုကြည့်ရင်းဖိုးရှုပ်စိတ်တို့ ထိတ်လန့်နေခဲ့သည်။
သီးပင်၌သရဲဘဝဖြင့်နေရသော သူဌေးမကြီးကို
ရှင်းပစ်မည်ကိုစိုးရိမ်နေမိ၏။
ဖိုးရှုပ်စိတ်ထဲ ထိုသူဌေးမကြီးကိုသနားဂရုဏာစိတ်များ
ဖြစ်ပေါ်နေရှာသည်။
“အမေကြီး…ကျောင်းပေါ်တက်ရအောင်…”
ကပ္ပိယကြီးက ဘွားမယ်စိန်တို့ကို ခေါ်သွားလေသည်။
ဖိုးရှုပ်တို့ကလည်း အသာလေးလိုက်သွားခဲ့ကြ၏။
“ဟော…တကာမကြီးပါလား”
“တင်ပါ့ဘုရား”
ဘွားမယ်စိန်နဲ့မောင်တိုးတို့က ဆရာတော်ဘုရားကို
အရင်ဆုံးလက်အုပ်ချီကန်တော့ကြသည်။
“ဘာအကြောင်းများပေါ်လာလို့
ရောက်လာတာလဲတကာမကြီးရဲ့…”
ဟု…ဆရာတော်မှမေးတော့…
“တပည့်တော်ရဲ့အကူအညီလိုအပ်နေတဲ့
အမျိုးသမီးတစ်ယောက်ဆီကိုလာတာပါဘုရား”
“ရွာထဲကလား…ဘယ်သူများပါလိမ့်”
“တပည့်တော်ကူညီရမှာလူမဟုတ်ပါဘူးဘုရား…
ကျွတ်လွတ်ဖို့အကူအညီလိုနေသူပါဘုရား”
“သြော်…ဘုန်းဘုန်းသဘောပေါက်ပါပြီ…”
“တင်ပါ့…တပည့်တော်အိမ်မက်အရပြောရရင်
အဲ့သည်အမျိုးသမီးက ဟောသည် ဆရာတော်ရဲ့
ကျောင်းဝန်းထဲမှာပဲရှိနေပုံရပါတယ်ဘုရား”
ဟု…ဘွားမယ်စိန်ကပြောတော့ဆရာတော်တင်မက
ဖိုးရှုပ်တို့ပါအံသြသွားသည်။
“အမေကြီးပြောတာ…
သူဌေးမကြီး ဒေါ်အုန်းရင်များလား”
“ဒေါ်အုန်းရင်…သူကဘယ်လိုမျိုးလဲကပ္ပိယကြီး”
“သူကတခြားသူမဟုတ်ပါဘူး…
ဟောသည် ကျောင်းရဲ့မြေ​နေရာကိုလှုပေးခဲ့တဲ့
သူဌေးမကြီးပါအမေကြီး”
“ဟုတ်တယ်တကာမကြီးရဲ့…
သူဌေးမကြီးက အတော်လေးလည်းချမ်းသာပါတယ်…
ဒီကျောင်းမြေကိုလှုပေးပြီးမကြာပါဘူး…
ဆုံးပါးသွားရှာတယ်…
သူ့ခမျာအလှူဒါနကုသိုလ်တွေများပါရဲ့သားနဲ့
ဘာကိုစွဲလမ်းပြီးမကျွတ်လွှတ်သလဲမသိပါဘူး….
ဘယ်လိုပဲသူ့အတွက်ကုသိုလ်လုပ်ပေး…
လုပ်ပေး…ဘဝမကူးနိုင်ရှာသေးဘူးတကာမကြီးရဲ့”
“တင်ပါ့ဘုရား…ဒါဆိုရင်တော့တပည့်တော်
ကူညီရမယ့်အမျိုးသမီးဆိုတာသူပဲဖြစ်ပါလိမ့်မယ်ဘုရား”
“ဝမ်းသာပါတယ်တကာမကြီးရယ်…
သူ့ဘဝကိုဘယ်လိုမှကျွတ်လွှတ်အောင်မလုပ်ပေးနိုင်လို့
ဘုန်းဘုန်းတို့လည်းစိတ်မကောင်းဖြစ်နေရတာ…
အခု တကာမကြီးက သူ့ကို ကူညီမယ်ဆိုတော့
သူ့အတွက်ဘုန်းဘုန်းဝမ်းသာပါရဲ့…”
“တင်ပါ့ဘုရား”
“လိုတာရှိရင်ကပ္ပိယကြီးကိုပြောလိုက်တကာမကြီး…
ဒီကိစ္စကိုတော့ တကာမကြီးလက်ကိုလွှဲနိုင်ပြီမလို့
တကာမကြီးသင့်သလိုစီစဥ်နိုင်ပါတယ်…”
“တင်ပါ့ဘုရား”
ဆရာတော်ကထိုသို့မိန့်ပြီးနောက် ဘွားမယ်စိန်တို့လည်း
ကျောင်းအောက်သို့ပြန်ဆင်းလာခဲ့သည်။
ကပ္ပိယကြီးထိုင်နေကြ ကွပ်ပျစ်ခင်းလေး၌
ထိုင်ကြရင်း…
“သူဒီမှာရှိတာသေချာပြီဆိုရင်…
ဘွားဘာဆက်လုပ်မှာလဲ…”
ဟု…မောင်တိုးကမေးတော့ ဘွားမယ်စိန်က…
“သူ့ကိုခေါ်ရမှာပေါ့…
ဒါမှလည်းသူဘာကြောင့်မကျွတ်လွှတ်သလဲဆိုတာ
အဖြေရှာနိုင်မှာကွဲ့…”
ဟု…ဘွားမယ်စိန်ကပြောတော့ မောင်တိုးတို့လည်း
ခေါင်းလေးတွေညိတ်ကြသည်။
“ကပ္ပိယကြီး…သူနေတဲ့သစ်ပင်ဆီကျုပ်တို့ကို
လိုက်ပို့ပေးပါ…”
“ဟုတ်ကဲ့အမေကြီး…ကျုပ်လိုက်ပို့ပေးပါ့မယ်…”
ကပ္ပိယကြီးကဘွားမယ်စိန်တို့ကို သရဲရှိသော
သီးပင်ဆီသို့ခေါ်သွားလေသည်။
“ဒီအပင်ပဲအမေကြီး…”
ဘွားမယ်စိန်က သီးပင်ကိုသေချာကြည့်သည်။
“ဒုတ်…”
“ဒီအပင်မှာနေတဲ့ ဒေါ်အုန်းရင်…
သင်ယခု…ကျွန်ုပ်ရှေ့မှောက်သို့အရောက်လာခဲ့ပါ…”
ဟု…တောင်ဝှေးကိုမြေပေါ်တစ်ချက်ဆောင့်၍
အမိန့်ပေးလိုက်လေတော့…
“ဝက်ပု…ဝက်ပု…ဘာဖြစ်တာလဲ”
ဝက်ပုကတစ်ကိုယ်လုံးရမ်းခါပြီး မြေပေါ်သို့
ဆောင့်ကြောင့်ကြီးထိုင်ချလိုက်သည်။
“ရောက်ပြီလား”
ဘွားမယ်စိန်ကပြောတော့ ဝက်ပုကခေါင်းကို
ညိတ်ပြသည်။
“ကဲ…ဒါဖြင့်လည်းပြောစမ်းပါဦးကွယ်…
ဘယ့်နဲ့ကြောင့်ဒီဘဝကနေမကျွတ်လွှတ်နိုင်
ဖြစ်နေရတာတုန်း”
ဟု…ဘွားမယ်စိန်ကမေးတော့ အော်ဟစ်၍
ငိုကြွေးလေတော့သည်။
ဝမ်းနည်းလွန်း၍ငိုနေခြင်းဖြစ်တာကြောင့် ဘွားမယ်စိန်က
အသာကြည့်နေခဲ့၏။
“ကျုပ်…ကျုပ်မှာ သားလေးတစ်ယောက်ရှိတာ…
အခုတော့ဘယ်ဆီဘယ်ဝယ်ကို
ရောက်နေမှန်းမသိပါဘူးတော်…”
ဟု…ငိုရင်းမှပြောရှာသည်။
ဆက်၍…
“ကျုပ်သားလေးကို သင်္ကန်းစီးပေးချင်တာ…
ဒါကိုဒင်းက ကျုပ်သေခါနီးအထိ လက်မခံဘူး…
ကျုပ်ဘဝမှာ အလှုဒါနတွေလုပ်ခဲ့သလောက်
ဒီစိတ်နဲ့အသေမဖြောင့်ခဲ့ရတာပါတော်…”
ဟု…ပြောလေတော့ ဘွားမယ်စိန်လည်း
သက်ပြင်းလေးချရင်းကြည့်နေရှာသည်။
“စိတ်အစွဲကြီးလွန်းလို့…
သရဲမဘဝနဲ့ဟိုအပင်ကပ်…ဒီအပင်ကပ်နေရာတဲ့ဘဝပါရှင်…”
“အေး…ဘွားကလည်း ညည်းကို
အခုလိုဘဝကနေကျွတ်လွှတ်ဖို့ လာကူညီတာပါ…
ဘွားဘက်ကဘာကူညီပေးရမလဲသာပြောအေ…”
ဟု…ဘွားမယ်စိန်ကပြောလေတော့ သရဲမဒေါ်အုန်းရင်သည်
ဘွားမယ်စိန်ကိုမော့ကြည့်၏။
“ကျုပ်အတွက်ရည်စူးပြီး ကုသိုလ်ကောင်းမှုလေး
လုပ်ပေးပါ…
အမျှအတန်းဝေရင်ကျုပ်နာမည်ကိုခေါ်ပေးပါ…
ကျုပ်ဒီဘဝက ကျွတ်လွှတ်ချိန်တန်ပြီထင်ပါရဲ့တော်…”
ဟု…ပြောလေသည်။
ဖိုးရှုပ်ခမျာ သရဲမဒေါ်အုန်းရင်ကိုကြည့်ရင်း…
“ကျုပ်ကိုရင်ဝတ်မယ်အမေကြီး…
ဒီအဒေါ်ကြီးရဲ့သားကိုယ်စားကျုပ်သင်္ကန်းစည်းပါ့မယ်…”
ဟု…ဝင်ကာပြောလေတော့ ဒေါ်အုန်းရင်က
ဖိုးရှုပ်ကိုကြည့်သလို
အားလုံးရဲ့အကြည့်များကလည်းဖိုးရှုပ်ဆီကို
ရောက်သွားကြသည်။
“ဖိုးရှုပ်…ကောင်လေး..မင်းတကယ်ပြောနေတာလား”
ဟု…ကပ္ပိယကြီးကမေးတော့…
“ကျုပ်တကယ်ပြောတာပါ…
အဒေါ်ကြီးမှာသားသမီးတွေမရှိတော့သလို…
ကျုပ်မှာလည်းမိဘတွေမရှိဘူးဗျ…
ဒါကြောင့်အဒေါ်ကြီးရဲ့သားကိုယ်စားကျုပ်
သင်္ကန်းစည်းမယ်ကပ္ပိယကြီး…”
ဟု…ဖိုးရှုပ်ကထပ်မံကာပြောလေတော့…
“ကောင်းပြီ…ဒီကမောင်ရင်လေးလည်းကုသိုလ်ရသလို…
ဒီက အုန်းရင်လည်း စိတ်အစွဲတွေလွှတ်ကင်းတာပေါ့…
အဲ့သည်နေ့မှာ မောင်ရင်လေးကို သင်္ကန်းစည်းပေးသလို
အုန်းရင်အတွက်လည်း အမျှအတန်းပေးဝေကြတာပေါ့…”
ဟု…ဘွားမယ်စိန်ကပြောလေရာ…
သရဲမဒေါ်အုန်းရင်လည်းဝမ်းသာသွားရှာသည်။
“ကျေးဇူးတင်ပါတယ်ကောင်လေးရယ်…
ကြီးကြီး ကျေးဇူးတင်ပါတယ်ကွယ်…”
ဟု…ဖိုးရှုပ်ကိုကျေးဇူးတင်စကားများ
အထပ်ထပ်ပြောရှာသည်။
ထိုသို့ဖြင့် သရဲမဒေါ်အုန်းရင်အတွက်
အလှူအတန်းလုပ်ပေးဖို့နှင့်
ဖိုးရှုပ်ကိုသင်္ကန်းစည်းပေးမည့်ကိစ္စကို ဆရာတော်နှင့်တိုင်ပင်ရပြန်သည်။
“ဒီအတွက်တော့မပူလေနဲ့တကာမကြီး…
ဘုန်းဘုန်းအားလုံးစီစဥ်ပေးပါ့မယ်…”
ဟု…ဆရာတော်ကမိန့်လိုက်သည်။
အမှန်လည်း ထိုအလှူအတန်းကိစ္စကို
ဆရာတော်ကိုယ်တိုင်ဦးဆောင်ကာလုပ်ပေးလေတော့
ရွာသစ်က လူကြီးတွေလည်းပါဝင်ကူညီကြလေသည်။
သရဲမကြီးဒေါ်အုန်းရင်အတွက်အလှုအတန်းများလုပ်ပေးပြီးနောက် ဖိုးရှုပ်ကို ခေါင်းတုံးရိတ်၍
သင်္ကန်းစည်းပေးကြလေသည်။
ပြီးနောက်မှဒေါ်အုန်းရင်အတွက်ရည်စူးကာ ရေစက်ချ၍
အမျှအတန်းများပေးဝေခဲ့ကြသည်။
ဦးကံကလည်းတူဖြစ်သူ ဖိုးရှုပ်လေးကိုကြည့်ရင်း
ဝမ်းသာနေရှာသလို…သရဲမ ဒေါ်အုန်းရင်သည်လည်း
သာဓုခေါ်၍ကျွတ်လွှတ်သွားရှာသည်။
“ဘွား…ဒေါ်အုန်းရင်ကျွတ်လွှတ်သွားလောက်ပါပြီနော်..”
ဟု…မောင်တိုးကမေးတော့…
“ကျွတ်လွှတ်ယုံတင်မက…
သူ့ရဲ့စိတ်ဆန္ဒလည်းပြည့်ဝသွားရှာပါတယ်ကွယ်…”
ဟု…ဘွားမယ်စိန်ကဖြေလိုက်လေသည်။
ထို့နောက်ဘွားမယ်စိန်တို့လည်း
လာရင်းကိစ္စပြီးဆုံးသွားပြီးမလို့
သောင်ထွန်းရွာသို့ပြန်လာခဲ့ကြသလို ဖိုးရှုပ်လေးကလည်း
ကိုရင်ဘဝနှင့်ဘုန်းကြီးကျောင်း၌ကျန်ရစ်ခဲ့တော့၏။
ပြီးပါပြီ။
ယဥ်မင်း(ကန့်ဘလူ)