ဘုန်းကြီးဂဝံ

စာရေးသူ-နောင်ရိုး(ဆေးတပ်)
******************
သခွပ်တောရွာရဲ့ မနက်ခင်း လင်းအာရုံဦးအချိန်…။
ကျေးလက်တို့ရဲ့ ထုံးစံအတိုင်း ရွာကျောင်းက သံဃာတော်တို့ ဆွမ်းခံထွက်ချိန်အမီ ဆွမ်းလောင်းလှူနိုင်ရေးအတွက် တချို့ချို့သော အိမ်တွေဆီက ဆွမ်းဝေယျာဝစ္စအတွက် ချက်ပြုတ်ပြင်ဆင်နေကြတယ်။
ဒီလိုပဲ ရွာရဲ့ တောင်ဘက်ထိပ်မှာနေတဲ့ အရီးဗျားတစ်ယောက်လည်း ဆွမ်းအလို့ငှါ ချက်ပြုတ်ပြင်ဆင်နေမိလေရဲ့။
” ဝုတ်…ဝုတ်…ဝုတ်….”
အိမ်ရှေ့ဆီက အရီးဗျားရဲ့ ခွေးညိုလုံးရဲ့ စူးစူးဝါးဝါး ဟောင်သံ။
ခွေးဟောင်သံက တော်တော်နဲ့ မတိတ်လေတော့ အရီးဗျားတစ်ယောက် သင်္ကာမကင်းစိတ်နဲ့ မီးဖိုတဲဆီကနေ အပြင်ထွက်ပြီး ကြည့်လိုက်တယ်။
” အို…ဘုန်းကြီးတစ်ပါးပါလား။ အာရုံဆွမ်းအမီ ဆွမ်းခံကြွတာထင်ရဲ့၊ ဘယ်ကျောင်းကလဲ မသိဘူး…”
အရီးဗျားရဲ့ မြင်ကွင်းမှာ ဘုန်းကြီးတစ်ပါး.သူ့အိမ်ရှေ့ ဆွမ်းခံရပ်နေတာကို မြင်မိတာမို့ ရေရွတ်မိလိုက်တယ်။
ချက်ချင်းကိုပဲ စိတ်ထဲမှာလည်း ဘုန်းကြီးအတွက် ဆွမ်းကိစ္စကို စိတ်ပူမိသွားရလေရဲ့။
” ရပ်တော်မူထားပါဦး ဘုရား…”
အရီးဗျား အော်ပြီးလျှောက်တင်လို့ မီးဖိုထဲဆီကို အမြန်ပြန်ဝင်ပြီး ဆွမ်းခူးလိုက်တယ်။ ပြီးတော့ အပြင်ဆီကို ပြန်ပြေးထွက်လာပြီး ရပ်တော်မူနေတဲ့ ဘုန်းကြီးဆီကို ခပ်သုတ်သုတ်လှမ်းလာလိုက်ကာ ဆွမ်းလောင်းလှူလိုက်တယ်။ ပြီးတော့ ထိုင်ချလို့ ဝတ်ပြုလိုက်ပြီး ပြန်မော့လိုက်ချိန်…။
” ဟင်…ဘယ်ရောက်သွားတာလဲ…”
သူ့အရှေ့မှာ ရပ်နေတဲ့ ဘုန်းကြီးက မရှိတော့ဘူး။ ဒါနဲ့ ဘုန်းကြီးများ ကြွလှမ်းသွားလေရော့သလားဆိုပြီး အရီးဗျား ခြံအပြင်ကို လမ်းကို ကြည့်လိုက်ပေမယ့်လည်း ဘုန်းကြီးရဲ့ အရိပ်အယောင်ကိုတောင်မှ မမြင်ရဘူး။
ဒီတော့ အရီးဗျားတစ်ယောက် လမ်းလယ်ခေါင်မှာ လောင်းပြီးသား ဆွမ်းပန်းကန်ကို ကိုင်ရင်း ကြောင်အမ်းလို့ ရပ်ကြည့်နေမိရင်း…။
*******
” မနက်က ဘုန်းကြီးတစ်ပါး ရွာထဲကို ဆွမ်းခံကြွတာ။ ဆွမ်းလှူပြီးချိန်ကျတော့ ထူးထူးဆန်းဆန်းနဲ့ကို ပျောက်သွားတယ်ရယ်…”
မနက်လင်းတာနဲ့ သခွပ်တောရွာမှာ ပြောဆိုနေကြတဲ့ သတင်းထူး။
ရွာထဲက လူသုံးလေးဦးလောက် မနက်က ကြွလာတဲ့ ဘုန်းကြီးကို ဆွမ်းလှူဖြစ်လိုက်ကြတယ်။ ပြီးတော့ ဘုန်းကြီး ပျောက်သွားတာကိုလည်း အားလုံးအတူတူ ကြုံကြရတယ်။
” ဒီအချိန်ကြီး ဆွမ်းခံကြွတယ်။ ပြီးတော့ ပျောက်သွားတယ်ဆိုတော့ ရဟန္တာများလား…”
” ဟုတ်မယ်။ ငါတို့ရဲ့ အဘွား ငယ်ငယ်တုန်းက ဒီလိုရဟန္တာဆွမ်းခံကြွတဲ့ အဖြစ်အပျက်မျိုး ကြုံဖူးတယ်တဲ့…”
” အို…ဒါဖြင့်ရင်တော့ တို့တတွေ ကံထူးတာပဲ…”
တချို့က ကြားဖူးနား၀ စကားတချို့ကို အခြေခံပြီး အဲ့ဒီ့လို တစ်ထစ်ချ ယူဆကြတယ်။ မလှူလိုက်ရသူတွေက ရင်ထုမနာဖြစ်ကြတယ်။
သုံးရက်လောက်ကြာတော့ အရီးဗျားတစ်ယောက် သူ့ အိမ်တံစက်မြိတ်အောက်ကနေ ရွှေဆွဲကြိုးတစ်ကုံး တူးဖော်မိတဲ့ အကြောင်းက သတင်းဖြစ်လာခဲ့ပြန်တယ်။ ဒါကို အရီးဗျား ကိုယ်တိုင်က ရဟန္တာကို သူ ဆွမ်းလှူလိုက်လို့ အကျိုးထူးတာလို့ ပြောလာတယ်။ ရွာထဲမှာတော့ ဒီအကြောင်းကြောင့် အုတ်အော်သောင်းနင်းရယ်ပေါ့။
ဒီလိုနဲ့ပဲ နောက်တစ်ပါတ်လောက်အကြာ တစ်မနက်မှာ ဘုန်းကြီးက ထပ်မံပြီး ကြွလာပြန်တယ်။ ဒီတစ်ခါလည်း သုံးလေးဦးလောက် ဆွမ်းလှူဖြစ်ပြန်တယ်။ လှူပြီးတာနဲ့ ဘုန်းကြီးက ပျောက်သွားပြန်တာပဲ။
မနက်ကျတော့ ဒီအကြောင်းက သတင်းထူးအဖြစ် ပျံနှံခဲ့ပြန်ပြီ။
တစ်ကြိမ်က နှစ်ကြိမ်ဆိုတော့ မလှူလိုက်ရလို့ ရင်ထုမနာဖြစ်ကြရသူတွေ ဒုနဲ့ဒေးပဲ။ နောက်တစ်ရက် ကြွလာဦးမလားဆိုပြီး စောင့်ကြည့်ကြသူတွေလည်း အများသားရယ်။
ဒါပေမယ့် ဘုန်းကြီးက နှစ်ပါတ်အကြာ မေ့လောက်တော့မှ ပြန်ပြီး ကြွလာခဲ့တယ်။ အားလုံး ကြွမလာတော့ဘူးလို့ ယူဆမိချိန်မှာဆိုတော့ အရှေ့ရှေ့ကလိုပဲ ဆွမ်းလှူနိုင်သူ သုံးလေးဦးထက် မပိုပြန်ဘူး။
ဒီလိုနဲ့ပဲ ဝေလီဝေလင်းအချိန် ဆွမ်းခံကြွတဲ့ ဘုန်းကြီးရဲ့ အကြောင်းက တဖြေးဖြေးနဲ့ လူပြောများတဲ့ အကြောင်းအရာတစ်ခုဖြစ်ခဲ့ရတယ်။
သိပ်မကြာခင်မှာပဲ ဒီဘုန်းကြီးနဲ့ ပက်သက်ပြီး နောက်ထပ် ထူးဆန်းတဲ့ သတင်းတွေက ထပ်ပေါ်လာပြန်ရော။
ဒါကတော့ အဲ့ဒီ့ဘုန်းကြီးက သခွပ်တောရွာတင်မကဘူး။ အနီးအနားက ရွာတွေကိုပါ ရက်အလိုက် လှည့်လည်ပြီး ဆွမ်းခံကြွနေတယ်ဆိုတာပါပဲ။
နောက်ပိုင်းမှာတော့ အဲ့ဒီ့ထူးဆန်းတဲ့ ဘုန်းကြီးက ဝတ္ထုငွေပဲ လှူဒါန်းဖို့ စကားကို ဆိုလာခဲ့တယ်လို့ ကြားခဲ့ကြရပြန်တယ်။
*****
သခွပ်တောရွာရဲ့ ကျောင်းထိုင်ဘုန်းကြီး အရှင်ဝိလာသဆီကို သတင်းက ရောက်လာခဲ့တယ်။
ဒီတော့ ထူးဆန်းတဲ့ ဘုန်းကြီးအကြောင်းကို သက်တော်ငါးဆယ်အရွယ် အရှင်ဝိလာသ စဉ်းစားခဲ့ရပြီ။
ဒါပေမယ့် အရှင်ဝိလာသအနေနဲ့ လာဘ်ရေးလာဘ်ရာအတွက်၊ ဆွမ်းရေးဆွမ်းရာအတွက် ထိပါးလာလို့ ပူပန်ပြီး စဉ်းစားနေမိတာ မဟုတ်ဘူး။
ဘုန်းကြီးရဲ့ အပြုအမူတွေက ကြားနေရတဲ့ စကားတွေအရ မူမမှန်ဘူးလို့ အရှင်ဝိလာသ ထင်မြင်နေမိတာ။ ဒီ့ထက်ပိုဆိုးတာက ဒီထူးဆန်းတဲ့ ဘုန်းကြီးက ရဟန္တာလို့ သမုတ်ခံနေရပြီ။ ဒါဟာ အမှန်တကယ်သာ မဟုတ်ခဲ့ရင်တော့ သာသနာတော်အတွက်တကယ့်ကို အဆိပ်အတောက်ဖြစ်စေမယ့် အကြောင်းပဲ။ ဘယ်သို့ လုပ်ရပါ့မလဲ။
အရှင်ဝိလာသရဲ့ အတွေးတွေ။
သာသနာတော်ကို ရပ်ရွာက လူတွေက လွှဲမှားတဲ့ ယုံကြည်ခြင်းမျိုးနဲ့ ကိုးကွယ်သွားကြမှာကို အရှင်ဝိလာသစိုးရိမ်မိနေရတယ်။
” သာသနာစောင့် နတ်ဒေဝါအပေါင်းတို့။ ဒီအရေးကိစ္စအတွက် ဖြေရှင်းရာ နည်းလမ်းကို ပေးပါလေ…”
အရှင်ဝိလာသ ဆုတောင်းမိတယ်။
ဒါပေမယ့်လည်း ဆုတောင်းကိုပဲ အားကိုးနေတတ်သူ မဟုတ်တာကြောင့် ထူးဆန်းတဲ့ ဘုန်းကြီးကို သူကိုယ်တိုင် လိုက်လံပြီး စုံစမ်းဖို့ ဆုံးဖြတ်မိလိုက်လေရဲ့။
******
အာရုံမတက်မီအချိန်…။
အရှင်ဝိလာသတစ်ပါးထဲ ရွာထဲကို တိတ်တဆိတ် ကြွလာခဲ့တယ်။
ကျောင်းက ရွာရဲ့ အလယ်မှာ ရှိတာဆိုတော့ ရွာရဲ့ အရှေ့ဘက်ကို အရင်ကြွလာခဲ့ပြီး နောက်တော့ တောင်ဘက်ကနေ အနောက်ဘက်၊ မြောက်ဘက်ဆီကို လက်ယာရစ် လှည့်ပတ်လာခဲ့တယ်။
ဦးဆုံး ကြွမြန်းလာခဲ့တဲ့ အရပ်သုံးခုဆီမှာတော့ ဘာထူးခြားမှုမှ မကြုံရဘူး။ နောက်ဆုံး အရပ်မျက်နှာဖြစ်တဲ့ မြောက်အရပ်ဆီကို လှည့်ပတ်ချိန်မှာတော့…။
” ရပ်တော်မူပါဦး ဘုရား…”
နောက်ကျောဘက် ခပ်လှမ်းလှမ်းဆီက အသံကြောင့် အရှင်ဝိလာသ သူ့ကို လျှောက်တင်တယ်လို့ ထင်မိလို့ လှည့်ကြည့်မိတယ်။
ခြံဝိုင်းတစ်ခုဆီက တကာမတစ်ယောက် ပြေးထွက်လာတာကို မြင်မိလိုက်တယ်။ သူနဲ့ အလှမ်းဝေးတာမို့ သူ့ကို လျှောက်တင်တာ မဟုတ်ဘူးဆိုတာကိုလည်း သိလိုက်လေရဲ့။
” ရပ်တော်မူပါ အရှင်ဘုရား။ ဒီဆွမ်းအလှူနဲ့ ဝတ္ထုငွေအလှူအတွက် တပည့်တော်မတို့ မိသားစုကို ချမ်းသာခြင်းတွေ ချီးမြှင့်ပါ…”
တကာမက စကားသံကိုဆိုပြီး ဒူးတုပ်ဝပ်ဆင်းလို့ ဦးခိုက်နေပေမယ့် အရှင်ဝိလာသအနေနဲ့တော့ တကာမလျှောက်တင်နေတဲ့ ဘုန်းကြီးကို မတွေ့ရဘူး။
ခဏကြာတော့ တကာမက ဆွမ်းပန်းကန်တွေကို သိမ်းလို့ ဝမ်းသာအားရနဲ့ သူ့ခြံဝိုင်းထဲဆီကို ပြန်ပြီးတော့ ဝင်ရောက်သွားခဲ့ပြီ။
လမ်းအလယ်ဆီမှာတော့ အရှင်ဝိလာသတစ်ပါးထဲ တွေဝေပြီး ရပ်နေမိတော့တယ်။
*******
တစ်လလောက် ကြာပြီးချိန်…။
ကျောင်းထိုင်ဆရာတော် အရှင်ဝိလာသ စိတ်ထောင်းတော့ ကိုယ်ကြေဆိုသလို ရပ်ရွာရဲ့ သာသနာအရေးအတွက် စိတ်တွေ ညှိုးငယ်ရတာမို့ ခန္ဓာဆီမှာ နာဖျားခြင်းဝေဒနာက စွဲကပ်လာပါတော့တယ်။
အဲ့ဒီ့လို ဖြစ်နေချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် သူ့ရဲ့ ကျောင်းဆီကို ယောဂီဝတ် ဧည့်သည်သုံးယောက် ရောက်ရှိလာခဲ့တယ်။
” အရှင်ဘုရား…တပည့်တော်ကတော့ ဘိုးသိဒ္ဒိပါတဲ့။ ဟော့ဒီက အမွှာညီနောင်တွေကတော့ ဒိုးကြီးနဲ့ ဒိုးငယ်ပါတဲ့ အရှင်ဘုရား။ တပည့်တော်တို့က ခရီးသွားတွေမို့ အရှင်ဘုရားရဲ့ ကျောင်းဆီမှာ ခဏတာ တည်းခိုခွင့်ပြုပါဘုရား…”
အရှင်ဝိလာသ မျက်နှာမသာမယာနဲ့ ခေါင်းကိုသာ ညိတ်ပြရှာတယ်။ ဒါကို ဧည့်သည် ဘိုးသိဒ္ဒိက သတိထားမိလိုက်ပြီး…။
” အရှင်ဘုရား…မျက်နှာ မသာမယာနဲ့ တစ်စုံတစ်ရာ အခက်အခဲများ ရှိလို့လား ဘုရား။ တကယ်လို့များ တပည့်တော်တို့ အနေနဲ့ ကူညီနိုင်တာများ ရှိမယ်ဆိုရင်လည်း မိန့်ကြားပေးပါ ဘုရား…”
အရှင်ဝိလာသ ပြောပြသင့်၊ မပြောပြသင့် ချင့်ချိန်နေဟန်နဲ့ ခဏတာ ငြိမ်သက်နေတယ်။
” တကာကြီးတို့ကိုတော့ ဘုန်းကြီး ပြောပြသင့်တယ်လို့ ထင်မိတာပဲ။ အင်း…ကူညီနိုင်မယ်ထင်ရင်လည်း ကူညီပေးပါပေါ့…”
” တင်ပါ့…မိန့်ကြားပါ ဘုရား…”
” အင်း…ကိစ္စကတော့ အလွန်ထူးဆန်းလွန်းနေတယ် တကာကြီးရယ်။ အရင်ဆုံး ဒီကိစ္စနဲ့ ပက်သက်ပြီး မေတ္တာရပ်ခံလိုတာက ဘုန်းကြီးအနေနဲ့ အခုအဖြစ်အပျက်နဲ့ ပက်သက်ပြီး မစ္စရိယဝန်တိုခြင်း အလျဉ်းမရှိဘူး ဆိုတာပါပဲ…”
အရှင်ဝိလာသဆီက ဆက်လာမယ့် မိန့်ကြားစကားကို ဘိုးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ ငြိမ်းသက်ပြီး နားစွင့်နေကြတယ်။
” လွန်ခဲ့တဲ့ သုံးလလောက်က စပြီး ဘုန်းကြီးတို့နယ်တဝိုက်ဆီမှာ အလွန်ထူးဆန်းတဲ့ ဘုန်းကြီးတစ်ပါး ဘယ်ကဘယ်လို ရောက်လာမှန်းမသိ ရောက်လာခဲ့တယ်…”
” တင်ပါ့ဘုရား…”
” အဲ့ဒီ့ဘုန်းကြီးက မနက်ဝေလီဝေလင်းဆိုရင် ရွာတွေဆီကို ဆွမ်းခံကြွပြီး ဆွမ်းလှူပြီးချိန်မှာ ပျောက်သွားတတ်တယ်။ တစ်ရွာကိုဝင်ရင်လည်း သုံးအိမ်ပဲ ဆွမ်းအလှူခံတယ်။ သုံးအိမ်ပြည့်ပြီးရင် လုံးလုံးလျားလျား ပျောက်ကွယ်သွားတော့တာပဲ။ ဒါကို တကာ၊ တကာမတွေက အထူးအဆန်းဖြစ်ပြီး ရဟန္တာလို့ သမုတ်လို့ အထူးတလည်ကို ကိုးကွယ်ဆည်းကပ်နေကြတယ်။ ဘုန်းကြီးကိုယ်တိုင်လည်း လွန်ခဲ့တဲ့ လပိုင်းတုန်းက ဒီအရေးကို ကိုယ်တိုင် စောင့်ကြည့်သေးတယ်။ ကြုံခဲ့ပေမယ့် မမြင်ရဘူး…”
” ထူးဆန်းပါရောလား ဘုရား…”
ဘိုးသိဒ္ဒိက စကားထောက်လိုက်တယ်။
” အင်း…ဟုတ်တယ် တကာကြီးရေ။ အဲ…အခုနောက်ပိုင်းမှာတော့ ပိုပြီးထူးဆန်းတာက ဒီဘုန်းကြီးဟာ ဆွမ်းကို အလှူမခံတော့ဘူး။ ဝတ္ထုငွေကိုပဲ လှူပါလို့ တောင်းဆိုလာတာပဲ။ ဆွမ်းအလှူဆိုရင် အလှူမခံတော့ဘဲ ပျောက်ကွယ်သွားတယ်လို့ ဆိုကြတယ်။ ဝတ္ထုငွေ အလှူခံပြီးရင်လည်း ထုံးစံအတိုင်း ပျောက်သွားတယ်လို့ပဲ ဆိုတယ်။ ရွာထဲက လူအများကတော့ ဘယ်သို့ပဲဆိုဆို ရဟန္တာကို လှူဒါန်းရရင် ဆုတောင်းပြည့်တယ်၊ အကျိုးပေးမြန်တယ်ဆိုပြီး လောဘအလိုကို လိုက်နေကြတော့တာပဲ။ ဒီတော့ ဘုန်းကြီးအနေနဲ့ ဒီထူးဆန်းတဲ့ ဘုန်းကြီးကို သံသယတွေ အများကြီး ဝင်နေမိတယ်။ ဘာကြောင့်လဲဆိုတော့ အများသူငါ ပြောသလို ရဟန္တာအစစ် ဟုတ်မှန်နေတာမျိုးဆို ကိစ္စမရှိပေမယ့် အခုဟာကကျ ကွဲလွဲတဲ့ အပြုအမူတွေကို ပြုနေတယ်။ ရှိသင့်တဲ့ သိက္ခာပုဒ်တွေနဲ့ မအပ်စပ်သလိုပဲ။ ထူးဆန်းလွန်းတာကြောင့် ဘုန်းကြီးအနေနဲ့လည်း ဉာဏ်မမီနိုင်တော့ဘူး။ အဲ…ဒီအရေးကြောင့်ပဲ ရပ်ရွာနဲ့ နယ်တကြောဆီက သာသနာတော်ကို ထိခိုက်လာမှာ စိုးရိမ်မိတယ်။ အမှားကို အမှန်ထင်ပြီး အယူမှားတွေကို လက်ခံသွားကြမှာကို ပူပန်မိတယ်။ ဒါကြောင့်ပဲ စိတ်ထောင်းတော့ ကိုယ်ကျေဆိုသလို ဘုန်းကြီးလည်း မကျန်းမမာ ဖြစ်နေရတော့တာပေါ့ တကာကြီးရယ်…”
ဘိုးသိဒ္ဒိအနေနဲ့ အရှင်ဝိလာသ’ရဲ့ စကားတွေကို ကိုယ်ချင်းစာ ခံစားမျှဝေမိခဲ့တယ်။
သာသနာတော်အတွင်းမှာ ရှိနေတဲ့ အရှင်ဝိလာသအနေနဲ့ သာသနာတော်နဲ့ ကိုးကွယ်မှုဆိုင်ရာတွေကို ပျက်စီးမှာ မနှစ်မြို့ဘူးရယ်လေ။
” တင်ပါ့ဘုရား…ဒီအရေးအတွက် တပည့်တော်တို့ စွမ်းနိုင်သမျှ ကူညီပါ့မယ်ဘုရား…”
ဘိုးသိဒ္ဒိက ကတိကဝတ်ပေးလိုက်တယ်။
အရှင်ဝိလာသရဲ့ မျက်ဝန်းမှာတော့ မျှော်လင့်ချက် အရိပ်အယောင်လေး သန်းခြည်သွားရလေရဲ့။
******
ညဥ့်နက်သန်းခေါင်ယံ။
ကျောင်းရဲ့ ဗောဓိညောင်ပင်အောက်ဆီမှာ ဘိုးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ တင်ပုလ္လင်ခွေရက်နဲ့ ငြိမ်သက်ကာ ထိုင်နေကြပြီး မဟာသမာဓိကျင့်စဉ်ကို ကျင့်ကြံနေကြတယ်။
” အရှင်သိဒ္ဒိနဲ့ ဒိုးကြီး ဒိုးငယ် ညီနောင်တို့၊ ကျုပ်က ရွာထိပ်က ညောင်ကျပ်ပင်ကြီးဆီမှာနေတဲ့ ဖိုးသူတော်ပါ။ ကျုပ်ကို အနားလာခွင့်ပြုပါ…”
” ဘိုးသိဒ္ဒိကော ဒိုးညီနောင်ပါ သူတို့ရဲ့ နောက်ကျောဘက်လှမ်းလှမ်းဆီက ခွင့်တောင်းလာတဲ့ အသံကို ကြားမိလိုက်ကြတယ်။
” လာခဲ့ပါလေ…”
ဘိုးသိဒ္ဒိက ခွင့်ပြုတော့ သူတို့ရဲ့ အာရုံဆီမှာ အနားကို ရောက်လာတဲ့ ဖိုးသူတော်ကြီးတစ်ယောက်ကို မြင်မိလိုက်ကြတယ်။
” အရှင်သိဒ္ဒိတို့တတွေက ဒီနယ်မှာ ကြုံနေတဲ့ ဂဝံဘုန်းကြီးကိစ္စကို ဖြေရှင်းပေးမယ်ဆိုလို့ ကျုပ်က လာပြီး ပြောပြစရာရှိတာကို ပြောပြတာပါ…”
ဖိုးသူတော်ကြီးရဲ့ စကားကြောင့် ဘိုးသိဒ္ဒိတို့ သုံးယောက် အံ့သြသွားကြတယ်။
” ဘယ်လို ဂဝံဘုန်းကြီး၊ ဟုတ်သလား ဖိုးသူတော်ကြီး…”
ဖိုးသူတော်ကြီးက ခေါင်းကို ညိတ်လိုက်တယ်။
” ဟုတ်ပါတယ် အရှင်သိဒ္ဒိ။ အခု ရွာတွေကို လှည့်လည်ပြီး အလှူခံနေတာက ဘုန်းကြီးအသွင်ဆောင်တဲ့ ဂဝံအရုပ်တစ်ရုပ်သာဖြစ်ပါတယ်။ သူ့ကို အောက်လမ်းတစ်ယောက်က စေခိုင်းနေတာဖြစ်ပြီး အဲ့ဒီအောက်လမ်းကလည်း ဒီကနေ သိပ်မလှမ်းတဲ့ နေရာတစ်ခုမှာ ရှိနေပါတယ်…”
” အင်း…ခက်တော့ခက်ပြီကွယ်။ ကျုပ်ဖြစ်တော့ တစ်သက်နဲ့ တစ်ကိုယ် ဘုန်းကြီးဂဝံကို စီရင်နိုင်တဲ့ အောက်လမ်းမျိုး မကြားဖူးသေးဘူး။ အခုကျမှပဲ ကြားဖူးတော့တယ်…”
ဘိုးသိဒ္ဒိက ပြောတော့ ဖိုးသူတော်ကြီးက…။
” ကျုပ်လည်း ကြားမိသလောက် ပြောပြရရင် ဒီဂဝံရုပ်ကို စီရင်သူက ယောနယ်ဘက်က ဘုန်းကြီးတစ်ပါးလို့ သိရပါတယ်။ အောက်လမ်းက အဲ့ဒီ့ဘုန်းကြီးဆီကနေ အမွေဆင့်ခံထားတာလို့ သိထားပါတယ်။ အခုတော့ အောက်လမ်းကောင်က ဒီဂဝံရုပ်ကို အမှီပြုပြီး ငွေရှာနေတာပါ…”
” အင်း…လောဘသားတို့နဲ့တော့ တယ်ခက်ပါလားကွယ်။ မလုပ်သင့် မအပ်စပ်ရာနဲ့မှ စီးပွားရှာရတယ်လို့…”
” မှန်ပါတယ် အရှင်သိဒ္ဒိ။ ကျုပ်လည်း အောက်လမ်းကောင်ကို ကြောက်ရတာမို့ ဘယ်သူ့ကိုမှ အသိမပေးရဲခဲ့ဘဲ ရေငုံနှုတ်ပိတ် နေနေခဲ့မိတာပါ။ အခုမှ အရှင်သိဒ္ဒိတို့ ရောက်နေတာကို သိရလို့ လာပြီး ပြောပြရဲတာပါ…”
ဘိုးသိဒ္ဒိ ဖိုးသူတော်ကြီးရဲ့ စကားကို နားလည်တဲ့အနေနဲ့ အသိအမှတ်ပြု ခေါင်းကို ညိတ်လိုက်တယ်။
” အင်း…ဖိုးသူတော်ကြီးသာ မပြောပြရက် ဒီအကြောင်းကို သိဖို့ ကျုပ်တို့ ခက်နေရဦးမှာပဲ။ အခုလို တကူးတက လာပြီး ပြောပြပေးတဲ့အတွက် ဖိုးသူတော်ကြီးကို ကျေးဇူးတင်ပါတယ်။ ဪ… ဒါနဲ့ အဲ့ဒီ့ ဂဝံရုပ်က ဒီရွာကို ဘယ်တော့လောက် ထပ်လာဦးမလဲ၊ ဒါကိုရော ဖိုးသူတော်ကြီး သိနိုင်မလား…”
ဖိုးသူတော်ကြီးက ခေါင်းကို ခါရမ်းပြပြီး…။
” ဘယ်တော့လာမယ်ဆိုတာကိုတော့ မသိပါဘူး။ ဒါပေမယ့် ရောက်လာတဲ့အခါကျရင်တော့ အရှင်သိဒ္ဒိဆီကို ကျုပ် လာပြောပါ့မယ်…”
” ကောင်းပါပြီ ဖိုးသူတော်ကြီး…”
အဲ့ဒီ့နောက် ဖိုးသူတော်ကြီး ပြန်လည်ပြီး ထွက်ခွာသွားခဲ့တယ်။
အဲ့ဒီ့နောက်မှာတော့ သူတို့သုံးယောက် ကျင့်စဉ်ကို ရပ်တန့်လိုက်ကြပြီး နားခိုရာ ကျောင်းဆောင်ဆီကို ပြန်လာခဲ့ကြတော့တာ။
******
ဘိုးသိဒ္ဒိတို့ အရှင်ဝိလာသရဲ့ ကျောင်းဆီမှာ တည်းခိုနေတာ သုံးရက်ပြည့်ပြီး မနက်ဝေလီဝေလင်းအချိန်…။
” အရှင်သိဒ္ဒိ…အရှင်သိဒ္ဒိ…”
ဖိုးသူတော်ကြီးရဲ့ အသံဆိုတာ ဘိုးသိဒ္ဒိသိလိုက်တယ်။
” ဖိုးသူတော်ကြီး အကြောင်းထူးပြီလား…”
” ထူးပါပြီ အရှင်သိဒ္ဒိ။ ရွာရဲ့ အနောက်ဘက်က စောင့်နေပါ…”
” ကောင်းပါပြီလေ…”
ဖိုးသူတော်ကြီး ပြန်ထွက်သွားခဲ့ပြီ။ ဘိုးသိဒ္ဒိလည်း ဒိုးညီနောင်တို့ကို နှိုးလို့ ရွာအနောက်ဘက်ကို ထွက်ခဲ့ကြတယ်။
မကြာပါဘူး။ ရွာထိပ်ပိုင်းလောက်ဆီက ခွေးဟောင်သံတချို့ကို ကြားလိုက်ကြရတယ်။
” ရပ်တော်မူပါ…အရှင်ဘုရား…”
အမျိုးသမီးတစ်ဦးရဲ့ လျှောက်တင်သံ။
” ဂဝံရုပ်တော့ ရောက်နေပြီ လူလေးတို့ရေ…”
ဘိုးသိဒ္ဒိက ပြောပြီးတာနဲ့ အသံကြားရာဆီကို ဆက်လာခဲ့ကြတယ်။
အမျိုးသမီးတစ်ယောက် ဆွမ်းပန်းကန်နဲ့ ဘုန်းကြီးတစ်ပါးကို လှူဒါန်းနေတယ်။
အလှူခံသူကိုတော့ ဦးသိဒ္ဒိတို့ခပ်ရေးရေးမြင်မိကြရရဲ့။ သင်္ကန်းရုံထားတဲ့ ဘုန်းကြီးတစ်ပါး။
” လူလေးတို့ မြင်ကြရဲ့လား…”
” ဟုတ်ကဲ့ ဘိုး…မြင်မိပါတယ်…”
” အဲ့ဒါ အစီအရင်ပြုထားတဲ့ ဘုန်းကြီးဂဝံရုပ်ပဲ။ အခုနေတော့ သူ့ကို မူလပြန်ဖို့ မလုပ်သေးဘူး။ ခြေရာခံပြီး ဖိုးသူတော်ကြီးပြောတဲ့ အောက်လမ်းဆီကို လိုက်ကြမယ်…”
” ဟုတ်ကဲ့ ဘိုး…”
ဘိုးသိဒ္ဒိက ဘုန်းကြီးဂဝံဆီကို လက်ညှိုးညွှန်လို့ မန္တာန်ရွတ်တယ်။
မန္တာန်ရွတ်ပြီး တအောင့်အကြာမှာတော် ဘုန်းကြိးဂဝံရဲ့ ပုံရိပ်ရ တဖြေးဖြေး ဝေဝါးသွားခဲ့ပြီ။
” ကဲ…လူလေးတို့။ သူက ရွာရဲ့ အနောက်ဖျားက ဝင်လာတာဆိုတော့ တို့တတွေ အနောက်ဖျားထိပ်ဆီကပဲ စောင့်နေကြတာပေါ့…”
ဘိုးသိဒ္ဒိက ဦးဆောင်ပြီး ရွာရဲ့ အနောက်ဘက်ထိပ်ဆီကို လှမ်းသွားခဲ့ပြီ။ ဒိုးညီနောင်တို့လည်း ထပ်ချပ်မခွာ လိုက်ကြလေတယ်။
ရွာထိပ်ဖျားဆီရောက်ပြီးတော့ ဘိုးသိဒ္ဒိတို့ ခဏ စောင့်ကြတယ်။ မကြာပါဘူး။ ရွာထဲဆီက ဘုန်းကြီးဂဝံက ပြန်ပြီးတော့ ထွက်လာခဲ့တယ်။
သူတို့အနားက ဖြတ်သွားပြီးနောက်မှာတော့ သုံးယောက်စလုံး ဘုန်းကြီးဂဝံရဲ့ အနောက်ကို လိုက်ခဲ့ကြလေတော့တယ်။
******
အမှောင်ထုက မပြယ်သေးဘူး။ နက်ရှိုင်းနေဆဲ။
ဘိုးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ ဘုန်းကြီးဂဝံနောက်ဆီကို လိုက်ကြရင်းနဲ့ သုသာန်တစ်ခုဆီကို ရောက်လာခဲ့တယ်။
ဘုန်းကြီးဂဝံက သုသာန်ထဲကို ဝင်ရောက်သွားခဲ့တယ်။
” ကဲ…လူလေးတို့ မကြာခင်တော့ ဂဝံရုပ်ပိုင်ရှင် အောက်လမ်းကောင် ထွက်လာလိမ့်မယ်။ သချိုင်းရှင်မကို မေတ္တာပို့၊ အကျိုးအကြောင်းပြောပြပြီး တို့တတွေ ဒီကပဲ စောင့်နေကြတာပေါ့…”
ဘိုးသိဒ္ဒိရဲ့ စကားအဆုံး ဒိုးကြီးကော ဒိုးငယ်ပါ ခေါင်းကို ညိတ်လို့ နာခံပြီး ဘာမှ မပြောကြဘူး။
ဘိုးသိဒ္ဒိက သချိုင်းရှင်မ မဖဲဝါကို မေတ္တာပို့၊ ဖိတ်ခေါ်ပြီး အကျိုးအကြောင်း ပြောပြတယ်။
တအောင့်ကြာတော့ ဘိုးသိဒ္ဒိက…။
” ကဲ…လူလေးတို့၊ ဒီကိစ္စကို သချိုင်းရှင်မက တာဝန်ယူပြီး လုပ်ဆောင်ပေးမယ်တဲ့။ တို့တတွေကတော့ ဒီကနေပဲ စောင့်နေကြပြီး ပြီးမှ ဂဝံရုပ်ကို ဖျက်ဆီးဖို့ လုပ်ဆောင်ကြရမယ်…”
” ဟုတ်ကဲ့ ဘိုး။ ဒါနဲ့ သချိုင်းရှင်မက ဘယ်လိုကူညီမှာတဲ့လဲ ဘိုး…”
” အဲ့ဒါတော့ ဘယ်လိုဘယ်ဝါ မပြောဘူးရယ်။ အင်း…သူ့ဘာသာသူ သူ့နည်းသူ့ဟန်နဲ့ ဒဏ်ခတ်ချေမယ်ထင်ပါ့…”
ဘိုးသိဒ္ဒိရဲ့ စကားတောင် မဆုံးသေးဘူး။ သချိုင်းဘက်ဆီက အသံတချို့ ထွက်ပေါ်လာတယ်။
” ဪ…မဖဲဝါဆိုတာ နင်ပေါ့။ ဟား…ဟား…မလောက်လေး မလောက်စားနဲု့များ ငါ့ကို ယှဉ်ချင်သေးတယ်ပ…”
အောက်လမ်းကောင်က သချိုင်းရှင်မကို ကြုံးဝါးနေတာ။ တစ်ဖက်က တုန့်ပြန်သံရှိမလာဘူး။ သချိုင်းထဲဆီက ဆိုးရွားလွန်းတဲ့ ခွေးအူသံကြီး ထွက်ပေါ်လာခဲ့တယ်။
မကြာပါဘူး။
ခွေးမာန်ဖီသံ၊ ရိုက်နှက်သံတွေနဲ့အတူ လူတစ်ယောက်ရဲ့ ငယ်သံပါအောင် မချိမဆန့် ညည်းညူသံက အဆက်မပြတ်ထွက်ပေါ်လာခဲ့တယ်။ ဒါပေမယ့် အသံတွေက ခဏပါပဲ။ ပြန်လည်ပြီး တိတ်ဆိတ်သွားခဲ့တယ်။
” သချိုင်းရှင်မ ထွက်လာပြီ…”
ဘိုးသိဒ္ဒိရဲ့ စကားအဆုံးမှာတော့ သချိုင်းဝဆီမှာ မြင့်မားလွန်းတဲ့ အရပ်အမောင်းနဲ့ ရပ်နေတဲ့ ဆံပင်စုတ်ဖွားချထားတဲ့ မည်းမည်းအရိပ်ကြီးနဲ့အတူ အလွန်ပဲ ကြီးမားလွန်းလှတဲ့ ခွေးနက်ကြီးတစ်ကောင်ကို ဒိုးညီနောင်တို့ တွေ့လိုက်ကြရတယ်။
သချိုင်းရှင်မက ဘိုးသိဒ္ဒိကို တစ်စုံတစ်ရာ ပြောနေပုံပဲ။ ပြောဆိုလို့ ပြီးတဲ့အခါကျတော့ ဘိုးသိဒ္ဒိက သူ့ရဲ့ ညာဘက်လက်ဖဝါးကို ဖြန့်ထားလိုက်တာနဲ့ အနီရောင်သင်္ကန်းဝတ်လို့ သပိတ်ပိုက်ထားတဲ့ ဘုန်းကြီးရုပ်တု ခပ်သေးသေးလေး တစ်ခုက လက်ပေါ်ကို ဖျတ်ခနဲ ရောက်လာခဲ့တယ်။
အဲ့ဒီ့နောက်မှာတော့ သချိုင်းရှင်မက သူ့ခွေးကြီးနဲ့အတူ လှည့်ထွက်သွားခဲ့ပြီ။ ဘိုးသိဒ္ဒိက လက်ထဲက အရုပ်ကလေးကို သိမ်းဆည်းလိုက်ပြီး…။
” အောက်လမ်းကောင်ကိုတော့ သချိုင်းရှင်မက ဘိုးရဲ့တောင်းဆိုမှုကြောင့် အသက်ကို မစီရင်ခဲ့ပေမယ့် စိတ်ကိုတော့ ရူးနှမ်းအောင် စီရင်လိုက်ပြီလို့ ပြောလာတယ်။ ကဲ…ကိစ္စလည်း ပြီးပြီမို့ တို့များလည်း သွားကြစို့ရဲ့…”
သုံးယောက်သား သုသာန်ဆီက ပြန်ထွက်ခဲ့ကြတော့တယ်။
******
” အင်း…လောကီနယ်နှယ် အတော့်ကိုလည်း ထူးဆန်းပါ့တကား…”
လက်နှစ်ဆစ်ခန့်သာ ရှိမယ့် ဘုန်းကြီးဂဝံရုပ်လေးကို ကိုင်ကြည့်ပြီး အရှင်ဝိလာသက ဆိုလိုက်တာ။
အရုပ်ကလေးက စဥ့်ရုပ်ကလေးဖြစ်ပြီး လက်ရာကလည်း သေသပ်လှပလွန်းနေတယ်။
ရုံထားတဲ့ သင်္ကန်းနေရာမှာ နီစွေးလွန်းတဲ့ ဆေးနဲ့ လိမ်းကျံထားတယ်။ အသားအရောင်နေရာမှာတော့ လူ့အသားနဲ့တူအောင် ခြယ်သထားလေရဲ့။
” တော်သေးတာပေါ့။ တကာကြီးတို့ ရောက်လာပေလို့၊ မဟုတ်ရင် တို့နယ်တကြောတော့ အောက်လမ်းကောင်ရဲ့ ယုတ်မာမှုကြောင့် သာသနာတော်ကိုပါ ညှိုးငယ်စေရော့မယ်ရယ်…”
” တင်ပါ့ဘုရား…။ တပည့်တော်အမြင်တော့ ဒီဖြစ်ရပ်ဟာ ပညာမာန်တက်၊ လောဘကို အခြေပြုပြီး ဘာသာ၊ သာသနာကို ခုတုံးလုပ်ခဲ့တယ်လို့ ယူဆမိပါတယ်…”
” အင်းကွယ်…အဲ့ဒီ့လိုပဲ ဖြစ်မှာပေါ့လေ။ ခက်တော့လည်း ခက်သားကလားနော့်။ အမိုက်တကာ့ အမိုက်ထဲမှာ ကိလေသာအမိုက်က အမိုက်ဆုံးဖြစ်ပြီး အမှောင်တကာ့ အမှောင်ထဲမှာ တဏှာအမှောင်ဟာ အနက်ရှိုင်းဆုံးပဲ ဆိုတော့လည်း၊ အင်း လောဘဆိုတာဟာလည်း လိုချင်တပ်မက်မှု၊ အလိုပြင်းပြမှု၊ တဏှာဆိုတာထဲမှာ အကျုံးဝင်လေတာပါပဲ။ အကုသိုလ်အကျိုးပေးကြောင့် ဘဝနိဂုံးတန်သွားရတဲ့ အောက်လမ်းဆရာလေးအတွက်တော့လည်း ဘာပြောရတော့မယ် မသိတော့ပါဘူး…”
” တင်ပါ့ဘုရား…ဒီအတွက်တော့ တပည့်တော်တို့လည်း စိတ်မကောင်းဖြစ်မိပါတယ် ဘုရား…”
” အင်းကွယ်… ပုထုဇဉ် လူသားတွေဆိုတော့လည်း အပြစ်ဆိုနေလို့လည်း အပိုပဲပေါ့။ ဘာပဲဖြစ်ဖြစ် ဘုန်းကြီးအနေနဲ့ကတော့ အဲ့ဒီ့ရူးနှမ်းသွားပါတယ်ဆိုတဲ့ တကာကြီး ရောက်လာခဲ့ရင်လည်း မေတ္တာစိတ်ထားလို့ စောင့်ရှောက်ပေးမယ် တွေးထားပါတယ်။ ဒီအကြောင်းတွေကို သိသူဆိုတာကလည်း တကာကြီးတို့နဲ့ ကိုယ်တော်ပဲ ရှိတာဆိုတော့ ကျန်သူတို့ကိုတော့ သူ့အကြောင်း အသိပေးပြီး အပြစ်မယူသာတော့ပါဘူးလေ။ ဒီကိစ္စကို ဖြေရှင်းကူပေးခဲ့တဲ့ တကာကြီးတို့ သုံးယောက်ကိုတော့ ဘုန်းကြီးက သိပ်ကို ကျေးဇူးတင်မိနေပါတယ်။ နောက်နောင်ကိုလည်း အကြောင်းရှိလို့ ကြုံဆုံခဲ့ရင် ဘုန်းကြီးဆီကို ဝင်ပါ ထွက်ပါချေ…”
” တင်ပါ့ဘုရား…”
စိတ်ထဲမှာ စိုးရိမ်ပူပန်နေရတဲ့ ကိစ္စရပ်ပြေလည်သွားခဲ့လို့ ဝမ်းသာချင်ပေမယ့် တစ်ဖက်က ကာယကံရှင်အတွက်ကျတော့ အရှင်ဝိလာသ စိတ်မကောင်းဖြစ်နေဟန်ပါပဲ။
” ကဲ…ကဲ…ဒီဂဝံရုပ်လေးကိုတော့ တကာကြီးဆီ ပြန်အပ်လိုက်မယ်နော့်…”
” တင်ပါ့ဘုရား…”
ဘိုးသိဒ္ဒိက အရှင်ဝိလာသ ကမ်းပေးလာတဲ့ ဘုန်းကြီး ဂဝံရုပ်လေးကို လက်ခံရယူလိုက်ပါတယ်။
အဲ့ဒီ့နောက်မှာတော့ အရှင်ဝိလာသဆီကို ခရီးဆက်လက်ထွက်ခွာကြဖို့ လျှောက်တင်ကြပြီး သုံးယောက်စလုံး ကျောင်းဆီကနေ ထွက်ခဲ့ကြပါတယ်။
ရွာထိပ်ကို ရောက်ချိန်မှာတော့ အဝတ်အစား ဖရိုဖရဲ ဆံပင်ရှည်စုတ်ဖွားနဲ့ ပါးစပ်က တွေ့ကရာတွေကို ကရားရေလွှတ်ပြောဆိုနေတဲ့ သူရူးတစ်ယောက်နဲ့ ဆုံခဲ့ကြလေရဲ့။
ဒါဟာ သချိုင်းရှင်မရဲ့ ဆုံးမမှုကြောင့် ရူးနှမ်းသွားခဲ့တဲ့ အောင်လမ်းဆရာမှန်းသိကြပြီး ဘိုးသိဒ္ဒိတို့ ကြည့်လို့ စိတ်မကောင်းဖြစ်မိကြရပါတယ်။
ရွာကလူတွေကတော့ အကြောင်းမသိတာမို့ အရူးကို သာမန် ခြေလှည့်ရင်း ရောက်လာတဲ့ သူရယ်လို့ပဲ သတ်မှတ်ကြပြီး တချို့က စားစရာကျွေး၊ သောက်စရာကမ်းနဲ့ရယ်ပေါ့။
*******
” ဘိုး…ကျုပ်တိုိ့ကို ဂဝံရုပ်ဆိုတာ ဘယ်လိုကြောင့်ဖြစ်လာတာလဲ၊ ဘာတွေ လုပ်လို့ရသလဲ ပြောပြပါလား…”
ခရီးလမ်းခုလတ်အရောက် အမြဲလိုပဲ နှုတ်သွက်လျှာသွက်ရှိတတ်လွန်းတဲ့ ဒိုးငယ်က တောင်းဆိုလာတာ။
ဒိုးကြီးကလည်း သိချင်စိတ်နဲ့ မျှော်လင့်လို့ရယ်။
ဘိုးသိဒ္ဒိက ညီနောင်နှစ်ယောက်ကို ကြည့်လို့ ပြုံးမိလိုက်ပြီး…။
” အင်း…ဒီလိုရယ်ကွယ့်၊ လူလေးတို့ကို အရိပ်အမြွက်လောက်ပဲ ဘိုးပြောပြမယ်။ ဂဝံရုပ်ဆိုတာဟာ ကောင်းတာကို ရည်ညွှန်းပြီး စီရင်လို့ရသလို မကောင်းတာကိုလည်း ရည်ညွှန်းပြီး စီရင်လို့ရတဲ့ အစီအရင်မျိုးစုံပြုထားတဲ့ ရုပ်တုငယ်လေးတွေပဲဆိုပါတော့ လူလေးတို့ရယ်။ အခု တို့တတွေ ကြုံခဲ့ရတဲ့ ဂဝံရုပ်ကတော့ ဘုန်းကြီးအသွင် စီရင်ပြီး မန္တာန်နှိုး စေခိုင်းလို့ရတဲ့ အမျိုးအစားရယ်ပေါ့။ ဒါမျိုးဆိုတာကလည်း အစွမ်းထက်လွန်းတဲ့ ဆရာမျိုးကသာ စီရင်နိုင်တာ။ တချို့ဆိုရင် ဒီလို အရုပ်မျိုးနဲ့ လူသတ်စေခိုင်းတာမျိုတောင် ရှိဖူးပါရဲ့…”
” ဪ…အဲ့ဒီ့လိုလား ဘိုး…”
” အင်းပေါ့ကွယ်…လူလေးတို့လည်း နေုာင်အခါ ပညာစဉ်တွေ ခံယူပြီးရင်တော့ ဒီအကြောင်းတွေကို အသေးစိတ်အားဖြင့် နားလည်လာပါလိမ့်မယ်…”
” ဟုတ်ကဲ့ ဘိုး။ ကျုပ်တော့ဖြင့် ပညာစဉ်တွေကို အမြန်ဆုံး သင်ယူချင်နေမိပါပြီ…”
ဒိုးငယ်က အားတက်သရော ပြောတယ်။ ဒိုးကြီးကလည်း အားကျမခံပါပဲ။
” ကျုပ်လည်း အတူတူပဲ ဘိုး…”
ညီနောင်နှစ်ယောက်ရဲ့ စကားကြောင့် ဘိုးသိဒ္ဒိပြုံးမိရတယ်။ ပြီးတော့…။
” ကဲ…ကဲ စိတ်ထိန်းကြပါဦး လူလေးတို့ရယ်။ အချိန်တန်တော့လည်း သင်ယူရပေမပေါ့။ အခုနေတော့ ပါရမီဖြည့်တဲ့အနေနဲ့ ခရီးလမ်းက လူသူတွေကို ကယ်တင်သင့်တာ ကယ်ကြချေဦးကွယ့်…”
ဒိုးကြီးရော ဒိုးငယ်ပါ တက်ကြွစွာနဲ့ ခေါင်းကို ညိတ်လိုက်ကြပါတယ်။
အဲ့ဒီ့နောက်မှာတော့ သုံးယောက်စလုံး စကားမဆိုတော့ဘဲ လမ်းခရီးဆီကိုသာ ဆက်လှမ်းကြလိုက်ကြပါတယ်။
ဒီအဖြစ်အပျက်ပြီးတဲ့နောက်မှာတော့ ဘိုးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ဟာ ကံကြီးကုန်းဆိုတဲ့ ရွာဆီကို ရောက်ခဲ့ကြပြီး ရွာဆီမှာ ကြုံကြိုက်နေရတဲ့ အခက်အခဲ တစ်ခုကို ကူညီဖြေရှင်းပေးခဲ့ကြရပါတယ်။
ဒီအကြောင်းကိုတော့ ” အသက်ဝင်တဲ့ ဋ္ဌာပနာ” ဆိုတဲ့ စာမူမှာ ဖတ်ရှုပေးကြပါဦးခင်ဗျာ။
ပြီးပါပြီ
နောင်ရိုး(ဆေးတပ်)