ဘုရားဖူးမှအပြန်

ဘုရားဖူးမှအပြန် (စ/ဆုံး)

————————-

အမြန်လမ်းပေါ်တွင် သရဲခြောက်ခံရသူအများစုသည် ဘုရားဖူးကားများ၊ ဘုရားဖူးမှပြန်လာကြသူများဖြစ်ကြသည်။ ကုသိုလ်အမျှအတန်းလို၍ အခြောက်များသည်လားတော့ မပြောတတ်ပေ။ ထိုအခြောက်ခံရသူများထဲမှ သုံးပုံတစ်ပုံလောက်သည် ပုဂံညောင်ဦးမှပြန်လာကြသူများဖြစ်ပါသည်။ ယခုဝတ္ထုသည် အမြန်လမ်းနှင့် အလွန်မတိုက်ဆိုင်လှသော်လည်း အမြန်လမ်းအနီးပါဝင်နေသဖြင့် တစ်စုတစ်စည်းထဲ ရေးသားဖော်ပြလိုက်ရပါသည်။

မခင်တို့ သူငယ်ချင်းတစ်စု ဘုရားဖူးစုသွားကြသည်။ အချိန်ကလဲ တန်ဆောင်တိုင်ပိတ်ရက်ဖြစ်ပြီး ပိတ်ရက်သုံးရက်ဆက်တိုက်ရုံသာမက အရှေ့တွင်လဲ စနေ၊ တနင်္ဂနွေခံနေသည်မို့ ပိတ်ရက်ရှည်ဖြစ်သောကြောင့် ရုံးသမားများ၊ အလုပ်သမားများ ခရီးထွက်ကြရန်အချိန်ကောင်းဖြစ်သည်။ သူငယ်ချင်းအသိတစ်ယောက်၏ Town Ace ကားကိုစင်းလုံးငှားလိုက်ပြီးနောက် ကားဒရိုင်ဘာအဖြစ် ကျောင်းတက်ကတည်းက ခင်မင်ခဲ့ရသည့် သူငယ်ချင်း ကိုဝင်းကိုသာ ခေါ်ဖြစ်သည်။ ကိုဝင်းဆိုသူက အသက် ဆယ့်ခြောက်နှစ်လောက်ကတည်းက အဖေဖြစ်သူ၏ ကားကိုခိုးမောင်းနေသူဖြစ်သည်။ ကားမောင်းရာတွင်လဲ စိတ်ချရသလို ဟိုင်းဝေးခရီးများကို အမြဲတမ်းမောင်းလေ့ရှိသည့်သူဖြစ်သည်။ သူအလုပ်လုပ်သည့်ရုံးတွင်လဲ ဒရိုင်ဘာအဖြစ် တာဝန်ထမ်းဆောင်နေကာ ရုံးမှ နိုင်ငံခြားသားများကို အမြဲတမ်း ဟိုင်းဝေးလိုက်ပို့နေကြဖြစ်ရာ အမြန်လမ်းကို အရည်ကျိုသောက်ထားသလို မှတ်မိနေလေသည်။

သို့နှင့် ခရီးထွက်ဖြစ်ကြသည်။ မိန်းကလေးက ရှစ်ယောက်ဖြစ်ပြီး ကိုဝင်းနှင့်ဆို ကိုးယောက်ဖြစ်သည်။ ရန်ကုန်မှသောကြာနေ့ညကတည်းက ကားထွက်လာခဲ့သည်။ သို့သော်ထင်မှတ်မထားသည့် အခြေအနေနှင့်တွေ့သည်။ ခရီးထွက်သူတွေများသဖြင့် အမြန်လမ်းမှာ ကားပိတ်နေတော့သည်။ ကိုဝင်းကလဲ စနောက်တတ်သူ၊ ဖော်ရွှေသူဖြစ်သောကြောင့် မခင်၏ သူငယ်ချင်းများနှင့်လဲ ကားပေါ်တွင် ရင်းနှီးသွားကြတော့သည်။

“မချော ရှစ်ယောက် ကိုယ်တစ်ယောက်ပေါ့ ဟား၊ ဟား”

သူတို့ စနောက်ရင်း ကားမောင်းခဲ့ရာ နောက်တစ်နေ့မနက်စောစောတွင် ပုဂံသို့ရောက်ခဲ့ရသည်။ ခရီးသွားရာသီမို့ ကားရပ်နားကွင်းများ၊ ဈေးဆိုင်များမှာ လူများပြည့်ကျပ်နေသည်။ ပုဂံတွင်လဲ တစ်မြို့လုံးလိုလိုခရီးသွားများဖြင့်ပြည့်နှက်နေရာ တည်းခိုခန်းပင် အစောကြီးကတည်းက ကြိုတင်ယူထားသဖြင့်သာ တော်သေးသည်။ သို့နှင့် ပုဂံဘုရားများပတ်ဖူးကြသည်။ နောက်တစ်ရက်တွက် စွယ်တော်လေးဆူဖူးသည်။ တုရင်းတောင်တက်သည်။ နောက်တစ်ရက်တော့ ပခုက္ကူဘက်ကူးကြသည်။ ပြန်သည့်နေ့တွင်တော့ ပုပ္ပါးတောင်ကိုဝင်ပြီး ပုပ္ပါးမှ ညနေပိုင်းပြန်ထွက်ခဲ့ကြသည်။

ထိုပုပ္ပါးမှထွက်သောလမ်းသည် ပုပ္ပါးတောင်မကြီးကိုဖြတ်ဖောက်ထားသောလမ်းကြီးဖြစ်သည်။ ထိုလမ်းတွင် နက်ရှိုင်းသောတောအုပ်ကြီးများကို ဖြတ်သန်းပြီးမှ ကျောက်ပန်းတောင်းသို့ရောက်သည်။ ကျောက်ပန်းတောင်းမှ မိတ္ထီလာသို့သွားသည့်လမ်းမှာလဲ တောင်ကြီးများကိုကွေ့ပတ်ဖောက်လုပ်ထားလေသည်။ ဗျတ္တပန်းဆက်လမ်းမှ ပြန်ထွက်လာတော့ ညနေ၆နာရီကျော်ပြီဖြစ်သည်။ လက်ကျန်အလင်းရောင်များအောက်တွင် တောင်ကြီးများက မှိုင်းညို့နေသည်။

ကျောက်ပန်းတောင်းတွင် တစ်ထောက်နားကြပြီး ညစာစားသောက်ကြသည်။ လက်ဆောင်ပစ္စည်းများဖြစ်သော ထန်းလျက်၊ အာလူးကြော်၊ အာတာလွတ်ကြော်၊ ဇီးယို စသည်များကို ဝယ်ခဲ့ကြပြီး ပြန်ထွက်လာတော့ ည ၈နာရီနီးပါးရှိပြီဖြစ်သည်။ ကားကို မိတ္ထီလာဘက်သို့ ပြန်မောင်းလာခဲ့သည်။ ထိုလမ်းက ညဘက်တွင် ကားအသွားအလာကျဲသည်။ တောင်ပတ်လမ်းကြီးတစ်လျှောက် မောင်းနှင်နေရင်း ရှေ့ကိုကြည့်သည့်အခါတွင်တော့ ကားတစ်စီးတစ်လေမှ မတွေ့ရပေ။ လမ်းနံဘေးမှကျေးရွာကလေးများကလဲ အမှောင်ကျလျှက်ရှိနေသည်။ တစ်နာရီခန့်မောင်းပြီးသော် တောင်ဆင်းလမ်းတစ်ခုကို ဆင်းလိုက်သည်။ ထိုစဉ် သူတို့ကားအရှေ့တွင် လူတစ်ယောက် ပုပုကွကွနှင့်ပေါ်လာသည်ကိုတွေ့ရသည်။ အဆင်းလမ်းမို့အရှိန်ကများသည်။ ကိုဝင်းက ဘရိတ်မဆွဲတော့ဘဲ ဆက်မောင်းလိုက်သည့်အခါ တစ်စုံတစ်ခုနှင့် တိုက်မိသွားသလို ဒုန်းခနဲ ကားကမြည်သွားသဖြင့် ကားပေါ်မှအိပ်ငိုက်ပြီးပါလာသောသူများပင် အားလုံးလန့်သွားကြသည်။

“ဘာဖြစ်တာလဲ”

“ခွေးလား၊ နွားပေါက်လားပဲ ဆင်းကြည့်ရအောင်”

အမှန်တော့ကိုဝင်းက လူပုံသဏ္ဍာန်မြင်လိုက်သော်လည်း အရောင်က နွားအရောင်မို့ နွားဟုသာကောက်ချက်ချလိုက်ခြင်းဖြစ်သည်။ ကားကိုအရှေ့တွင်ရပ်လိုက်ပြီး ကားပေါ်မှဓါတ်မီးယူပြီး ကိုဝင်းနှင့် မခင်က ဆင်းကြည့်လိုက်သည်။ ကားပေါ်မှတချို့သူများလဲ ဆင်းကြည့်သည်။ လမ်းတစ်ဖက်ခြမ်းတွင် တောင်ကြီးဖြစ်ပြီး တစ်ဖက်တွင်တော့ လျှိုမြောင်ကြီးဖြစ်သည်။ လေကတိုးသဖြင့် ရာသီဥတုကအေးစက်နေသည်။ သူတို့တိုက်မိသည့်နေရာလောက်သို့ရောက်သောအခါ ကားလမ်းမပေါ်ရော၊ ကားလမ်းဘေးတွင်ရော ဘာမှရှိမနေပေ။ သို့သော် ကားလမ်းဘေး ဖုန်ထနေသည့် မြေသားလမ်းတွင်တော့ လူခြေရာများကိုတွေ့ရသည်။ ဖိနပ်မပါသည့် လူခြေရာများဖြစ်ပြီး ကားလမ်းမပေါ်သို့ဦးတည်လျှောက်သွားသည်။

“ဘာဖြစ်တာတုန်း”

မခင်က ကိုယ့်ကိုကိုယ်မေးခွန်းထုတ်ကြည့်နေသည်။

“မသိဘူး၊ ဒုန်းခနဲတော့ ကြားလိုက်တာပဲ”

“အေးလေ ငါတို့လဲနောက်ခန်းကနေကြားလိုက်ရတာ၊ အခုဘာမှလဲမရှိဘူး”

“ငါတို့ အကောင်တစ်ခုခုကိုတိုက်မိပြီး အဲဒီအကောင်က ချောက်ထဲကျသွားတာများလား”

မခင်ကပြောဆိုကာ ချောက်ထဲသို့ ဓါတ်မီးဖြင့်လှမ်းထိုးကြည့်သည်။ သစ်ပင်၊ ဝါးပင်များကိုသာတွေ့ရသည်။ ကိုဝင်းသူတွေ့ဖူးသည့်အတွေ့အကြုံများအရ စဉ်းစားနေသည်။ အနီးအနားတွင် လူနေအိမ်ခြေလဲမရှိ၊ ရွာနှင့်ဝေးပြီး တောအုပ်ကြီးဖြစ်သည်မို့ လူတော့မဖြစ်နိုင်၊ ကျွဲနွားတိရစ္ဆာန်များလဲ မဖြစ်နိုင်ပေ။ ကိုဝင်း တစ်ခုကိုသာယုံကြည်လိုက်သည်။ ထိုအရာကတော့ မကောင်းဆိုးဝါး နာနာဘာဝပင်ဖြစ်မည်ထင်သည်။ သူမြင်လိုက်ရတာကလဲ လူတစ်ယောက် ခါးကုန်းပြီးလျှောက်လာသည့်ပုံဖြစ်သည်။

“ဟိုဟာလေ . . လင်းနို့တွေ၊ လင်းဆွဲတွေဖြစ်မယ်၊ ကားမောင်းရင်း သူတို့ကလဲ အနိမ့်ပျံလာတဲ့အခါ အဲဒီလိုပဲတိုက်မိတတ်ကြတယ်”

ကိုဝင်းက မိန်းကလေးများ မကြောက်စေရန် တမင်ပြောလိုက်သည်။

“ဒါဆိုအကောင်ကကော”

“ကြောက်အားလန့်အားနဲ့ ပျံပြေးသွားတာဖြစ်မယ်၊ ကဲပါ သွားကြစို့”

ကိုဝင်းကပြောပြီး သူတို့အကုန်ကားပေါ်တက်လိုက်ကြသည်။ ထို့နောက် ကားကိုပြန်မောင်းလာခဲ့သည်။ နာရီဝက်လောက်ကြာသည့်အခါ ကားပေါ်မှလူများအကုန်လုံး မှေးစင်းကာ လိုက်လာကြသည်။ ကိုဝင်းကတော့ ဟိုင်းဝေးမောင်းနေကြမို့ လန်းဆန်းနေသည်။ ကားကိုဂရုစိုက်ပြီးမောင်းနှင်နေလိုက်သည်။ ကားနောက်ဆုံးခုံတွင်တော့ မပြည့်ဆိုသူက အိပ်လျှက်လိုက်ပါလာသည်။ မပြည့်က ကားမူးတတ်သူဖြစ်သဖြင့် ထိုထိုင်ခုံတွင် ကျောက်ပန်းတောင်းကထွက်ကတည်းက အိပ်လိုက်လာခြင်းဖြစ်သည်။

အိပ်နေသည့်မပြည့်သည် ရုတ်တရက်ထိုင်ထလိုက်သည်ကို ကိုဝင်းက နောက်ကြည့်မှန်ထဲမှ လှမ်းမြင်လိုက်သည်။ မပြည့်က ထိုင်ပြီးနောက် သူ့အိတ်ကိုဖွင့်ကာ တစ်ခုခုကို သည်းကြီးမည်းကြီးရှာဖွေနေလေသည်။ လက်ကိုင်အိတ်အတွင်းမှ ပစ္စည်းများပင် ပြုတ်ကျကုန်သည်။

“မပြည့် ဆေးရှာတာလား”

မပြည့်က ခေါင်းခါပြပြီးနောက်

“ကိုဝင်း တရားခွေပါရင်ဖွင့်ပေးပါ”

မပြည့်အပြောကိုထူးဆန်းနေသော်လည်းကိုဝင်းက ကားမောင်းနေရင်း လက်တစ်ဖက်ဖြင့်တရားခွေကို ထုတ်ယူကာ စက်အတွင်းသို့ထိုးထည့်လိုက်သည်။ သို့သော် မည်သည့်အသံမှထွက်မလာ၊ စက်အတွင်း တကျီကျီအသံမြည်ပြီး စီဒီပြားက ပြန်ပြန်ထွက်လာသည်။

“အခွေက ပျက်နေတယ်ထင်တယ် မပြည့်”

ထိုအခါ မပြည့်က လက်ကိုင်အိတ်ကိုဆက်ရှာသည်။ ထို့နောက် လက်ကိုင်အိတ်အတွင်းမှ သူ့ဖုန်းကိုထုတ်လိုက်သည်။ မပြည့်ကို ကိုဝင်းက လှမ်းကြည့်နေရာ မပြည့်မှာ တစ်ခုခုကို အလျှင်လိုနေသည့်ပုံစံဖြစ်သည်။ ဖုန်းကိုထုတ်ပြီး ဖုန်းအတွင်းမှ ပရိတ်တရားဆော့ဖ်ဝဲလ်ကိုမပြည့်ကဖွင့်ထားပြီး ပရိတ်ကိုအသံကျယ်ကျယ်နှင့်ဖွင့်လိုက်သည်။ အိပ်မောကျနေသူမှအပ ကားပေါ်ရှိလူများနိုးလာကြသည်။

“ပြည့် ဘာဖြစ်တာလဲ”

မပြည့်က ခေါင်းခါသည်။ ကိုဝင်းက မပြည့်အရိပ်အယောင်တွေကို ရိပ်စားမိနေသည်။ မပြည့်က ထိုခုံတွင်တစ်ဖက်သို့တိုးထိုင်လျှက် လက်ကိုပိုက်ထားကာ ခေါင်းကိုအသာကလေးငုံ့ထားသည်။ ပရိတ်ကိုလဲဖွင့်ထားသည်။

“ပြည့်ဘာဖြစ်တာလဲ”

မခင်မေးလိုက်တော့မှ မပြည့်က သူ့ဘေးနားကိုလက်ညိုးထိုးပြသည်။

“ဒီ . . ဒီဘေးမှ အဖိုးကြီးတစ်ယောက်ထိုင်နေတယ်”

အားလုံးကြောက်လန့်သွားကြပြီး ကားနောက်ခန်းမီးကိုဖွင့်လိုက်သည်။ သို့သော် မပြည့်ပြသည့် ခုံတစ်ဖက်စွန်းတွင် မည်သည့်အရာကိုမှမတွေ့ရ။

“ပြည့် ဘာလဲ ဘာမှမတွေ့ပါဘူး”

“ပြည့်တွေ့ရတယ်၊ ပြည့်တွေ့ရတယ်၊ အဖိုးကြီး ခေါင်းကပြောင်နေပြီး ထိပ်မှာဆံပင်သုံးလေးပင်ပဲရှိတယ်၊ အသားက ဝါဝါကြီးကို ခြောက်ကပ်ကပ်ကြီးနဲ့ သူ့အသားက မြေကြီးလိုကြီးဖြစ်နေတယ်။ တစ်ကိုယ်လုံးဘာမှမပါဘူး၊ ဗိုက်ကတော့ ဗိုက်ကြီးသည်ကြီးလို ပူထွက်နေတယ်”

မခင် ကြံရာမရဖြစ်သွားပြီး ကိုဝင်းကို တိုးတိုးလေးမေးလိုက်သည်။

“ဘယ်လိုဖြစ်တာလဲ”

“မပြည့်ကို အရှေ့ခုံကိုခေါ်ထားလိုက်ပါ၊ အနောက်ခုံက မှောင်လဲမှောင်တယ်၊ နောက်ပြီးမပြည့်က ကားမူးတတ်တော့ မဟုတ်တာတွေမြင်နေရတာဖြစ်မယ်”

ိကိုဝင်းပြောသည့်အတိုင်း မပြည့်ကိုအရှေ့ခုံသို့ခေါ်လိုက်ရသည်။ နာရီဝက်ခန့်ကြာတော့ မပြည့်က အနောက်ကိုလှည့်ကြည့်ရင်း

“မရှိတော့ဘူး၊ သွားပြီထင်တယ်”

အားလုံးကားနောက်ပိုင်းကိုလှည့်ကြည့်ကြသည်။ ထုံးစံအတိုင်း ဘာမှမရှိပေ။ သူတို့ကားကိုဆက်မောင်းလာခဲ့ပြီး အမြန်လမ်းပေါ်တက်သည့် တိုးဂိတ်ကိုဖြတ်ခဲ့ကြသည်။ ထို့နောက် အမြန်လမ်းပေါ်သို့ တက်လိုက်ပြီး ဆက်လက်မောင်းနှင်လာခဲ့သည်။ အမြန်လမ်းပေါ်တွင် အတော်ကလေးမောင်းမိနေချိန် ကိုဝင်းက နောက်ကားက မီးလှမ်းထိုးသဖြင့် နောက်ကြည့်မှန်သို့ကြည့်လိုက်ရာ ကားဘေးဘက်တွင် လူတစ်ယောက်တွဲလောင်းခိုလျှက် လိုက်ပါလာသည်ကိုတွေ့လိုက်ရသည်။

ကိုဝင်းမျက်စိမှားသည်ထင်ပြီး နောက်တစ်ကြိမ်ပြန်ကြည့်လိုက်သေးသည်။ ထိုလူက ကားခေါင်မိုးကို လက်နှင့်ကုပ်ပြီး ခြေထောက်များက ကားဘေးဘက်ကို ကန်ထားကာ တွဲလောင်းခိုနေသည်ကို မြင်ရသည်။ သူ့ပုံစံက ခုနက မပြည့်ပြောသည့်အတိုင်းပင် အဘိုးကြီးပုံဖြစ်ကာ ခေါင်းတုံးမှာပြောင်နေပြီး ဆံပင်အနည်းငယ်က လေတိုက်သဖြင့် လွင့်နေလေသည်။ မျက်လုံးက မျက်တွင်းနက်နက်ကြီးဖြစ်ကာ နှာခေါင်းရှည်ရှည်ကြီး ချွန်ချွန်ကြီးဖြစ်သည်။ နှာခေါင်းကြီးက လူနှာခေါင်းနှင့်မတူဘဲ ငှက်နှုတ်သီးလိုကြီးဖြစ်သည်။ ပါးစပ်အတွင်းတွင်လဲ သွားများက ကျိုးတို့ကျဲတဲမြင်နေရသည်။

ဗိုက်ပူပူကြီးဖြစ်ကာ ဗိုက်ကာ ဘောလုံးတစ်လုံးလို ဖောင်းကားပြီး ပြောင်တင်းနေသည်။ ခြေတံလက်တံတွေကတော့ သေးသေးသွယ်သွယ်ကလေးများဖြစ်သည်။ ကားဘေးဘက်တွင် တွယ်ကပ်နေရင်း ကားခေါင်မိုးပေါ်သို့ တက်သွားသည့်အသံကိုကြားလိုက်ရသည်။ ကားခေါင်မိုးပေါ်တွင်လဲ တဒုန်းဒုန်းနှင့် လျှောက်သွားနေပုံရသည်။ ကိုဝင်းက ကားထဲကြည့်သည့်အခါတွင် ကားထဲတွင် အကုန်လုံးက မှေးနေကြသည်။ သူတစ်ယောက်တည်း ထိုအသံများကို ကြားနေရခြင်းလားဟုတွေးမိသည်။

ကားကိုဆက်မောင်းနေရင်း ကိုဝင်း၏ ဘေး၊ ကားမှန်ဆီသို့ လက်တစ်ဖက်ကျလာသည်။ ထိုလက်က ကိုဝင်းကားမှန်ကို တဘုတ်ဘုတ်ဖြင့်ပုတ်နေသည်။ လက်မှာ အသက်ကြီးသည့်အဘိုးကြီးလက်လိုဖြစ်ကာ အသားအရေမှာလဲ ရွှံ့ခြောက်ရောင်ဖြစ်နေသည်။ ကိုဝင်း ကားကိုအာရုံစိုက်ထားသော်လည်း သူ့ဘေးမှလက်ကြီးကိုတော့ အာရုံမစိုက်၍မရပေ။ ကားမှန်ကိုထုနေသည်မှာကားမှန်ကြီးကွဲသွားတော့မည့် ပုံစံဖြစ်နေသည်။ နာရီဝက်ခန့်ဆက်မောင်းပြီး သောအခါ ထိုလက်မှာပျောက်ကွယ်သွားသည်။ ကိုဝင်းလဲ သက်ပြင်းတစ်ချက်မှုတ်ထုတ်ရုံရှိသေးသည်။ ကားရှေ့မှန်ဆီသို့ ထိုအဘိုးကြီးက ကားခေါင်မိုးပေါ်မှဆင်းလာလေသည်။ သူ့မျက်နှာကြီးကလဲ ကိုဝင်းမျက်နှာကိုကြည့်ကာ ပြုံးပြနေလေသည်။

ကားရှေ့ပိုင်းက လျှောစောက်ကြီးဖြစ်သော်လည်း ထိုအဘိုးကြီးက လျှောကျမသွားဘဲ ပင့်ကူကြီးတစ်ကောင်လို တွယ်ကပ်နေပြီး သူ့မျက်နှာကိုသေချာလိုက်ကြည့်နေသည်။ ကိုဝင်းလဲ ကားလမ်းကို ထိုသူမျက်နှာကြားမှ လမ်းကြည့်နေရသည်။ ကားကိုရပ်လိုက်ချင်သော်လည်း လမ်းက ကွေ့ကောက်နေသဖြင့် အန္တရာယ်များသည်။ ကိုဝင်းလဲ ကြံရာမရသည့်အဆုံး သီချင်းတစ်ပုဒ်ကို အော်ဆိုနေမိသည်။

ထိုအသံကြောင့် အိပ်နေသည့်မခင်မှာ နိုးလာသည်။

“ကိုဝင်း ဘာလို့သီချင်းတွေဆိုနေတာလဲ”

“တစ်ခုခုတော့ဖြစ်နေပြီဗျ၊ ကားရှေ့မှန်ကိုကြည့်လိုက်ပါအုံး”

မခင်က ဘာမှမမြင်ရပေ။ ထိုအခိုက် ကားနောက်ခန်းမှ မပြည့်က ကားရှေ့ကိုကြည့်ပြီး ငယ်သံပါအောင်အော်လေသည်။

“ဟိုမှာ၊ ဟိုမှာ မှန်ပေါ်မှာ သရဲကြီး၊ ခုနက သရဲကြီး ကပ်နေတာ”

“ဟင်ဟုတ်လား”

တစ်ကားလုံးနိုးလာကြသည်။ ထိုသရဲအား ကိုဝင်းနှင့် မပြည့်သာမြင်နေရသည်။ ကျန်သည့်သူများက မတွေ့ရပေ။

“မခင် ဘာလုပ်ရမလဲ”

မခင်က စဉ်းစားနေသည်။

“ကိုဝင်း ကားကိုသေချာမောင်းထား မကြောက်နဲ့”

ထိုသို့ပြောပြီး မခင်က

“ကျွန်မတို့ကားကိုနှောင့်ယှက်နေသောပုဂ္ဂိုလ်အား ကျွန်မတို့တစ်တွေ ပုဂံဘုရားမှာ ရွှေသင်္ကန်းကပ်လာသော ကုသိုလ်များ၊ ကျွန်မတို့ လုပ်ခဲ့သောကုသိုလ်များအားလုံးကို ထပ်တူထပ်မျှ ရရှိစေရန်အမျှပေးဝေပါသည်။ အမျှ အမျှ အမျှ ယူတော်မူကြပါ”

“ကျွနု်ပ်တို့သွားသည့်လမ်းကိုလဲ မနှောင့်ယှက်ပါနှင့်၊ သင်လိုသည့်အမျှအတန်းရရှိသွားပါက သင်သွားလိုရာသွားပါ”

မခင်က ထိုသို့ပြောလိုက်သည့်အခါ အဘိုးကြီးက သွားများပေါ်အောင်ပြုံးပြလိုက်ပြီးနောက် ကားခေါင်မိုးပေါ်သို့ခုန်တက်သွားကာ ပျောက်ကွယ်သွားတော့သည်။

“သွားပြီ၊ ခုန်တက်သွားပြီ၊ ပြည့်တွေ့လိုက်တယ်”

သို့တိုင် ကိုဝင်းတစ်ယောက် ကားဆက်မမောင်းနိုင်တော့ပေ။ မကြာခင် အမြန်လမ်းဘေးရှိ ရဲကင်းလေးတစ်ခုဆီသို့ရောက်လာခဲ့သည်။ ထိုရဲကင်းလေးရှေ့တွင် ကားကိုထိုးရပ်လိုက်ပြီး ရပ်နားထားလိုက်သည်။ ရဲကင်းထဲမှ ရဲများထွက်လာပြီး ကားဘာဖြစ်တာလဲဟု လာရောက်မေးမြန်းကြရာ ကိုဝင်းက အိပ်ချင်သောကြောင့်ဟုပြောကာ သူတို့ကားပေါ်တွင် ဆက်နေနေမိသည်။ မခင်ကလဲ ဘုရားစာများရွတ်ပြီး မေတ္တာသုတ်တွေရွတ်ဖတ်နေသည်။ ကားပေါ်မှလူများလဲ ဆက်အိပ်မရတော့ပေ။

အရုဏ်တက်လာပြီဖြစ်သည်။ နေထွက်လာတော့မည်ဖြစ်သဖြင့် အလင်းရောင်တွေပေါ်လာခဲ့ပြီ။ မကြာခင်တဖြည်းဖြည်းနှင့် အလင်းရောင်များထွက်ပေါ်လာကာ ပတ်ဝန်းကျင်တစ်ခုလုံးလင်းလာခဲ့ပြီ၊ ထိုတော့မှ ကိုဝင်းလဲ သက်ပြင်းချလိုက်ပြီး ကားကိုပြန်မောင်းထွက်လာခဲ့တော့သည်။ ရန်ကုန်သို့ နေ့လည်ရောက်ခါနီးမှ ပြန်ရောက်ကြတော့သည်။

ဘုရားဖူးကားအများစု သရဲအခြောက်ခံရခြင်းမှာ အမျှအတန်းလိုချင်၍ဖြစ်နိုင်သည်။ ကိုဝင်းတို့အဖြစ်တွင်လဲ မခင်သာ အမျှအတန်းပေးဝေရန်သတိမရခဲ့လျှင် ထိုအဘိုးကြီးနှောင့်ယှက်မှုကြောင့် ကျိန်းသေ ကားမှောက်မည်ဖြစ်သည်။ အကယ်၍ မိတ်ဆွေများအနေနှင့်လဲ ဘုရားဖူးမှအပြန် သရဲခြောက်ခံရလျှင် အမျှအတန်းပေးဝေရန် မမေ့လျှော့သင့်ပါ။

ပြီးပါပြီ။