*ဘွားမယ်စိန်နှင့် ကဝေမလေးရှင်ညို*
*****************************************
စဆုံး
မိုးကအတော်လေးသည်းထန်နေခဲ့သည်။
ထိုအချိန်လူသူပြတ်လပ်သော ဇရပ်တစ်ခုအတွင်း၌
ထိုင်နေသောသူသည် ရွာသွန်းနေသောမိုးအား
မမှုန်မသုန်စိုက်ကြည့်နေခဲ့၏။
“တောက်…သွားမယ့်ခရီးကိုဖင့်လိုက်တာ…”
ထိုသူသည် မကျေမနပ်ဖြင့်ပြောလိုက်၏။
မိုးကလည်း ပတ်ဝန်းကျင်တစ်ခုလုံးကို
မှောင်ရိပ်ကျအောင်ပင်ရွာလို့ကောင်းနေချေသည်။
မိုးကရွာလို့ကောင်းနေချိန်၌
ဇရပ်ပေါ်၌ထိုင်နေသူသည် ဖယောင်းတိုင်လေးကို
ထွန်းကာသူ၏လွယ်အိတ်အတွင်းမှ ပေစာရွက်လေးကို
ထုတ်ကြည့်နေခဲ့သည်။
ထိုသူသည် မိန်းကလေးတစ်ဦးဖြစ်၏။
အသက်အားဖြင့် နှစ်ဆယ့်ငါးနှစ်အရွယ်ရှိသော
မိန်းကလေးသည် လူသူပြတ်လှသော ဇရပ်ပေါ်သို့
ရောက်ရှိနေခြင်းကထူးဆန်းလှသည်။
မိန်းကလေးတစ်ဦးအတွက်ဖြစ်ပေါ်လာမည့်
ဘေးရန်များကိုလည်း မကြောက်လန့်ရန်သာ
ထိုသို့သွားလာနေခြင်းဖြစ်ပေမည်။
မိန်းကလေး၏အမည်က ရှင်ညိုဟုခေါ်သည်။
အချိန်ကလည်းမိုးကြောင့်မှောင်နေသည်ကတစ်ကြောင်း…
ညသို့ရောက်လာသည်ကတစ်ကြောင်းပေမို့
ဇရပ်ပတ်ဝန်းကျင်သည်အတော်လေးကိုမှောင်နေခဲ့
လေပြီ။
ထိုအချိန် ဇရပ်ပတ်ဝန်းကျင်၌ မည်းမည်းသဏ္ဍန်တို့သည်
တရွေ့ရွေ့ဖြင့်ဇရပ်ဆီသို့ ချဥ်းကပ်လာခဲ့ကြ၏။
ထိုမည်းမည်းသဏ္ဍန်တို့ကို ရှင်ညိုသတိထားမိသည်။
ရှင်ညိုသည် ကြမ်းပေါ်သို့ဖနောင့်တစ်ချက်ပေါက်၍
“တောက်…ရပ်လိုက်ကြစမ်း…ငါ့ကိုဘာထင်နေကြတာလဲ…
ဇရပ်အပေါ်ကိုတစ်ကောင်မှတက်မလာနဲ့…
အေး…တက်လာရဲတဲ့အကောင်တက်လာကြည့်စမ်း
ရှင်ညိုဆိုတဲငါက နင်တို့ကို ငရဲကိုတန်းပို့ပစ်မယ်ဟဲ့…”
ရှင်ညို၏အသံကြောင့်မည်းမည်းသဏ္ဍန်တို့မှာ
ရပ်တန့်သွားကြသည်။
တခဏအတွင်းပင် ရှင်ညိုကိုကြောက်လန့်ဟန်ဖြင့် ပျောက်ကွယ်ကုန်ကြလေသည်။
ထိုမည်းမည်းသဏ္ဍန်တို့ကွယ်ပျောက်သွားလေတော့
ရှင်ညိုလည်းသူဖတ်စရာရှိသည့်ပေစာကိုသာ
ဆက်ဖတ်နေခဲ့တော့သည်။
နောက်တစ်နေ့နံနက်ခင်းသို့ရောက်မှ မိုးသည်
တိတ်ဆိတ်သွားခဲ့၏။
မိုးတိတ်သွား၍ ရှင်ညိုသည် သူ၏
ချည်လွယ်အိတ်လေးကိုကောက်လွယ်လိုက်ပြီး
ဇရပ်မှထွက်လာခဲ့လိုက်သည်။
ဇရပ်မှထွက်လာပြီးနောက် သူ၏လွယ်အိတ်အတွင်းမှ
အင်းစက္ကူတစ်ချပ်ကိုထုတ်လိုက်ပြန်သည်။
လက်အတွင်းဆုပ်ကိုင်ထားသော အင်းစက္ကူကို
ဂါထာများမန်း၍အသက်သွင်းလိုက်သေး၏။
ဂါထာများမန်းထားသော အင်းစက္ကူသည်
လိပ်ပြာတစ်ကောင်အလား တဖျတ်ဖျတ်လှုပ်ရှားလာခဲ့တော့သည်။
အင်းစက္ကူသည် လိပ်ပြာတစ်ကောင်နှင့်အသွင်တူကာ
လေပေါ်၌ရွေ့လျားနေခဲ့၏။
ရှင်ညိုသည်လည်း ထိုအင်းစက္ကူရွေ့လျားရာ
အရပ်ဆီသို့ ခြေလှမ်းသွက်သွက်ဖြင့် လိုက်လာခဲ့တော့သည်။
ရှင်ညို၏အင်းစက္ကူသည် ရွာကြီးတစ်ရွာ၏အရှေ့ဆီသို့ရောက်လေတော့ ရပ်တန့်သွားခဲ့သည်။
ထိုအင်းစက္ကူသည်ရှင်ညို၏လက်အတွင်းသို့
ကျလာပြီးမူလအင်းစက္ကူအတိုင်းငြိမ်သက်သွား
ခဲ့တော့သည်။
ရှင်ညိုတစ်ယောက်သူမျက်နှာမူထားသော ရွာကြီးကို
လှမ်းကြည့်ပြီး…
“အင်း…ဘိုးဘိုးပြောတဲ့ရွာတော့ရောက်လာပြီ…
ရွာထဲကိုဆက်ဝင်တာပေါ့…”
ဟုပြောကာ ရွာထဲကိုဝင်လာခဲ့တော့သည်။
ရွာထဲသို့ဝင်လာလေတော့ ရှင်ညိုကို ထူးဆန်းသလို
ဝိုင်းကြည့်ကြသည်။
လွယ်အိတ်လေးတစ်လုံးကိုလွယ်ကာ သွားလာနေသောမျက်နှာစိမ်းမိန်းကလေးကို အထူးအဆန်းဖြစ်
နေကြ ပုံရသည်။
“ကောင်မလေးကအချောလေးဟဲ့”
“ဟုတ်ပ..ဘယ်ရွာသူများလဲမသိဘူးနော်…”
ရွာသူမိန်းမကြီးတွေအသံက ရှင်ညိုနားထဲအထိရောက်လာခဲ့သည်။
ရှင်ညိုလည်းထိုရွာသူမိန်းမကြီးတွေအနားကိုသွားပြီး…
“ကြီးတော်တို့…ဒီရွာက ဘွားမယ်စိန်ဆိုတဲ့အဘွားအိမ်က
ဘယ်နားမှာတုန်း…”
ဟု…မေးလိုက်တော့သည်။
“ဟယ်…ဘွားဆီကိုလာတာထင်တယ်…
ဒါကြောင့် ထူးဆန်းနေပါတယ်လို့…”
“ဟုတ်ပါ့….ကလေးမကိုလိုက်ပို့ကြရအောင်လေ…”
“ကလေးမလေး…လာ…လာ…
ကြီးတော်တို့လိုက်ပို့ပေးမယ်”
ရွာသူမိန်းမကြီးများက ရှင်ညိုကိုခေါ်ပြီး
ဘွားမယ်စိန်အိမ်သို့လိုက်ပို့ပေးသည်။
ရှင်ညိုထိုမိန်းမကြီးများကိုအကဲခတ်ကြည့်တော့
မိန်းမကြီးများမှာ သူ့ကိုဝမ်းသာအားရဖြင့်
လိုက်ပို့နေကြတာကိုသတိထားမိ၏။
“ဘွားမယ်စိန်ဆိုတာ နယ်နယ်ရရတော့ဟုတ်မယ်မထင်”
ဟု…ရှင်ညိုစိတ်ထဲ မှတ်ချက်ချမိသည်။
“ဘွားရေ…ဧည့်သည်လာတယ်တော့်”
ရွာသူမိန်းမကြီးတွေက ဘွားမယ်စိန်တို့အိမ်ဝိုင်းထဲကို
ဝင်သွားရင်းအော်ပြောကြသည်။
“ဧည့်သည်ကဘယ်သူများလဲ…”
ဒေါ်ဝင်းက မီးဖိုချောင်ထဲကနေထွက်လာပြီး မေးသလို
နန်းကြိုင်လေးကလည်း ကွပ်ပျစ်ခင်းပေါ်မှ
လှမ်းကာကြည့်နေသည်။
“သြော်…မဝင်း…ဘွားရော…
အိမ်မှာမရှိဘူးလား”
“အမေလား…ရွာထဲခဏထွက်သွားတယ်…
နေစမ်းပါဦးတော်…ဧည့်သည်ဆိုတာ ဘယ်သူများလဲ”
ဒေါ်ဝင်းက ဧည့်သည်မည်သူဆိုတာမသိ၍
ရွာသူမိန်းမကြီးများကိုမေးလိုက်သည်။
“ဒီမှာလေ…ဒီကလေးမလေးအေ့…”
“သြော်…အေး…တူမကြီးက အမေ့ဆီကိုလာတာလား”
ဒေါ်ဝင်းက ရှင်ညိုကို စူးစမ်းသလိုကြည့်ရင်း
မေးလိုက်သည်။
“ဟုတ်ပါတယ်ကြီးတော်…”
“အေး…အေး…အဲ့တာဆိုရင် ကွပ်ပျစ်မှာ
ခဏထိုင်စောင့်ဦးနော်…
သမီးရေ…ညည်းအဘွားကိုရွာထဲ သွားခေါ်လိုက်ပါဦး…
အိမ်မှာဧည့်သည်ရောက်နေတယ်လို့…”
“ဟုတ်ကဲ့အမေ…မမ ခဏထိုင်ဦးနော်…”
နန်းကြိုင်က ရှင်ညိုကိုကြည့်ကာ သဘောကျနေပုံရသည်။
စတွေ့ကတည်းက ရင်းနှီးစွာပြုံး၍
ရင်းနှီးစွာပြောနေခဲ့သည်။
“တော်တို့က မပြန်ကြသေးဘူးလား…
ဘာလဲ ဒီကလေးမလေးနဲ့အမျိုးတော်ကြလို့လား”
ရွာသူမိန်းမကြီးများက မပြန်ကြသေးဘဲရှင်ညိုကိုကြည့်နေကြ၍ ဒေါ်ဝင်းကမေးလိုက်လေသည်။
“မဟုတ်တာအေ…ငါတို့နဲ့ဘယ်အမျိုးတော်ပါ့မလဲ”
“ဒါဆိုရင်လည်းပြန်ကြတော့လေတော်…
အမေပြန်လာလို့ လူတွေများနေရင် ကျုပ်ကိုဆူခံရလိမ့်မယ်…နောက်ပြီးဧည့်သည်လည်းသူ့ဘာသာအေးအေးဆေးဆေး အမောဖြေပါစေဦး…”
ဒေါ်ဝင်းက ရွာသူမိန်းမကြီးများကိုထိုသို့ပြောလေတော့မှ
ပြန်ကုန်ကြသည်။
ဒေါ်ဝင်းထိုသို့မှမပြောလျှင်စပ်စပ်စုစုဖြင့် ရှင်ညိုကို
ကြည့်နေကြဦးမည်ဖြစ်သည်။
“ကလေးမလေး…လက်ဖက်သုပ်လေးစားဦး”
“ဟုတ်ကဲ့ကြီးတော်…”
ဒေါ်ဝင်းက လက်ဖက်သုပ်ပန်းကန်လေးကို
ရှင်ညို၏အရှေ့သို့ချပေးလိုက်သည်။
ရှင်ညိုထဲမှ ကြီးတော်ဟုခေါ်သော စကားကြားတိုင်း
ဒေါ်ဝင်းအပြုံးပျက်သွားတတ်သည်။
အညာဒေသအခေါ်အဝေါ်ပေမယ့် ထိုသို့ကြီးတော်ဟု
ခေါ်ခံရခြင်းကိုဒေါ်ဝင်းမနှစ်သက်ပေ။
“ဟိုလေ…အရီးကိုကြီးတော်လို့မခေါ်ဘဲ…
အရီးလို့ပဲခေါ်ပါလားကလေးမရယ်…”
ဒေါ်ဝင်းကထိုသို့ပြောလေတော့ ရှင်ညိုက
ဒေါ်ဝင်းကိုသေချာကြည့်၍…
“ကျုပ်နာမည်ကလည်းကလေးမ
မဟုတ်ဘူးလေကြီးတော်…
ကျုပ်နာမည်ကို ရှင်ညိုလို့ပဲခေါ်ပါ…”
ရှင်ညိုကလည်း ဒေါ်ဝင်းကိုပြန်ပြောသောကြောင့်
ဒေါ်ဝင်းသဘောကျစွာပြုံးလိုက်သည်။
ထိုစဥ်မှာပင် ဘွားမယ်စိန်နှင့်နန်းကြိုင်လေးတို့
ခြံဝိုင်းအတွင်းသို့ဝင်လာခဲ့၏။
“ဧည့်သည်ရောက်နေတယ်ဆိုမိဝင်း”
ဘွားမယ်စိန်ကဒေါ်ဝင်းကိုမေးရင်း
ရှင်ညိုကိုကြည့်လိုက်သည်။
“ဟုတ်တယ်အမေ…ဒီကလေးမ…အယ်…
ဒီက ရှင်ညိုဆိုတဲ့ကောင်မလေးအမေ…”
“သြော်…အေး…အေး…အေး…”
ဘွားမယ်စိန် ကွပ်ပျစ်ခင်း၌ ဝင်ထိုင်လိုက်သည်။
ရှင်ညိုကလည်းဘွားမယ်စိန်ကိုကြည့်နေသကဲ့သို့
ဘွားမယ်စိန်ကလည်း ရှင်ညိုကိုကြည့်နေခဲ့သည်။
“ကျုပ်ကို ဘိုးဘိုးကလွှတ်လိုက်တာပါအဘွား…”
“ဘိုးဘိုး…နေပါဦး….ဒါဆိုရင်…
ညည်းကရှင်ညိုဆိုတာလား…”
“ဟုတ်ကဲ့…”
ဘွားမယ်စိန်ကို ရိုရိုသေသေပြောနေသော ရှင်ညိုကိုကြည့်ကာ ဒေါ်ဝင်းသဘောကျနေပြန်သည်။
နန်းကြိုင်လေးကလည်း ဘွားမယ်စိန်တို့စကားပြောနေသည်ကို တိတ်တိတ်လေးနားထောင်နေခဲ့သည်။
ဘွားမယ်စိန်ကတော့ ရှင်ညိုကိုကြည့်ရင်း မကြာသေးသောရက်ပိုင်းကအကြောင်းအရာကိုပြန်တွေးနေမိသည်။
ထိုနေ့က တိတ်ဆိတ်နေသောပတ်ဝန်းကျင်၌
ညောင်ပင်ကြီးတစ်ပင်အောက်တွင် ဘွားမယ်စိန်တရားထိုင်နေခဲ့၏။
“ချစ်သမီး… ”
ဘွားမယ်စိန်မျက်လုံးဖွင့်ကြည့်တော့ သူ့အားပြုံးကာကြည့်နေသည့်ဆရာသခင်ဖြစ်သူကိုမြင်လိုက်ရသည်။
“ဆရာသခင်…”
ဘွားမယ်စိန်တရားထိုင်တာကိုရပ်ပြီး ဆရာဖြစ်သူအနီးသွားလိုက်သည်။
“ဆရာသခင်…ဆရာသခင်ကျုပ်ဆီကို
ရောက်လာတာဆိုတော့ဘာများညွှန်ကြားစရာရှိလို့လဲ…”
ဆရာသခင်ဖြစ်သူသည် အကြောင်းကိစ္စရှိမှဘွားမယ်စိန်ထံသို့ရောက်လာတတ်သည်။
ဒါကိုသိသောဘွားမယ်စိန်က ထိုသို့ပင်မေးလိုက်၏။
“အင်း…အကြောင်းကတော့ခပ်ဆိုးဆိုး
ကဝေပျိုမလေးကိုငါ့သမီးလက်ထဲအပ်မလို့ပဲကွဲ့”
“ခပ်ဆိုးဆိုးကဝေပျိုမလေးဆိုတာ…
ဘယ်သူများလဲဆရာသခင်…”
“မကြာခင် ချစ်သမီးဆီကိုသူရောက်လာပါလိမ့်မယ်…
သူ့နာမည်က ရှင်ညိုလို့ခေါ်တယ်…
ကဝေသေလို့ပြန်ဝင်စားတဲ့ကဝေမလေးပဲချစ်သမီး…
သူ့အရင်ဘဝက တတ်မြှောက်ထားတဲ့ပညာနဲ့
အခုဘဝညဏ်ပညာနဲ့ပေါင်းတော့အတော်လေးလည်း
ထက်တယ်…ပညာထက်တော့ သူ့ကိုမကောင်းတဲ့
လမ်းမရောက်အောင် ထိန်းဖို့ချစ်သမီးရဲ့
အကူအညီလိုတယ်ကွဲ့…”
“ဟုတ်ကဲ့ပါဆရာသခင်…ဒါနဲ့အဲ့သည်ကလေးမရဲ့
မိဘမောင်နှမတွေကရော ကျုပ်ဆီခေါ်ရင်
ကြည်ဖြူပါ့မလား”
“အင်း… သူကမိဘမရှိ…ဆွေမျိုးဆိုတာကလည်း
မရှိရှာဘူးလေ…သူမွေးကင်းစအရွယ်ကတည်းက
သင်္ချိိုင်းထဲမှာလာပစ်သွားကြလို့ သုဘရာဇာကြီးကကျွေးမွေးစောင့်ရှောက်လာခဲ့ရတာကွဲ့…”
“သြော်…ဟုတ်ကဲ့…ဒီလိုဆိုရင်ဖြင့်
ကျုပ် သူ့ကိုစောင့်ရှောက်ပေးပါ့မယ်”
“အင်း…သမီးလက်ထဲသူ့ကိုစိတ်ချပါတယ်…
သင်ပေးသင့်တာသင်ပေးပြီး
သူ့ကို ဆုံးမပေးပေါ့…”
“ဟုတ်ကဲ့ပါဆရာသခင်…”
ဆရာသခင်ဖြစ်သူကိုယ်တိုင်သူ့လက်ထဲသို့
အပ်ခဲ့သော ရှင်ညိုဆိုသည့် ကလေးမကို ဘွားမယ်စိန်
ကြည့်နေခဲ့သောကြောင့်…
“အဘွား…ကျုပ်ကိုဘာမှမပြောတော့ဘူးလား”
ဟု…ရှင်ညိုကမေးလေမှ ဘွားမယ်စိန် သတိပြန်ဝင်လာခဲ့သည်။
“မေးစရာကထူးပြီးလည်း မရှိပါဘူး…
ညည်းဘာဆိုတာ ဘွားသိတယ်…
ညည်းကိုအပ်ခဲ့တဲ့ဘိုးဘိုးဆိုတာကလည်း
ဘွားရဲ့ကျေးဇူးရှင်ဆရာပဲ…ဒီတော့ အခု
ညည်းဘွားအိမ်မှာပဲနေရတော့မယ်…
ဟောသည်က ဘွားရဲ့သမီး ဒေါ်ဝင်းလို့ခေါ်တယ်…
ညည်းခေါ်ချင်ရင်တော့ အရီးလေးပေါ့…
ဒါကတော့ မိဝင်းရဲ့သမီး နန်းကြိုင်တဲ့…
ညည်းအတွက်ညီမတစ်ယောက်ရသလို
သူ့အတွက်လည်း အစ်မတစ်ယောက်ရတာပေါ့အေ”
“ဟုတ်ကဲ့…”
“အေး…အေး…ဒါဖြင့်လည်း ခရီးပန်းလာတာ
နားရင်နားတော့လေ…”
“ဟုတ်ကဲ့…”
“မိဝင်း ညည်းတူမကို နေရာပြင်ပေးလိုက်…”
“ဟုတ်ကဲ့အမေ”
ဒေါ်ဝင်းက ရှင်ညိုအိပ်ဖို့နေရာပြင်ပေးသည်။
“နားဦးမလား ရှင်ညို…
ဒါမှမဟုတ် ဗိုက်ဆာရင် ထမင်းစားတော့မလား”
“ကျုပ်ခဏနားဦးမယ် အရီးလေး…
တော်နေမှစားတော့မယ်လေ…”
“အေး…အေး…အေး…
ဗိုက်ဆာရင်အားမနာနဲ့နော်…
အရီးမရှိရင် ညည်းညီမကိုပြော…
ကြားလား”
“ဟုတ်ကဲ့အရီးလေး…”
“ဒါဆိုရင်နားတော့လေ…”
ဒေါ်ဝင်း အိမ်အောက်သို့ပြန်ဆင်းသွားသည်။
ရှင်ညိုကတော့ အခန်းအတွင်းဘေးဘယ်ညာကို
အကဲခတ်၏။
ပြီးလေမှ ခေါင်းအုံးလေးပေါ် ခေါင်းချကာအနားယူတော့သည်။
ခေါင်းအုံးလေးပေါ်၌ အနားယူရင်း ရှင်ညိုစိတ်များက
ဟိုးယခင်အကြောင်းအရာများဆီသို့
ရောက်ရှိသွားခဲ့၏။
“အူဝဲ…အူဝဲ…အူဝဲ…….”
သန်းခေါင်ကျော်အချိန်ကြီး၌ကြားလိုက်ရသော
ကလေးငိုသံကြောင့် ဦးဘကျော် နိုးလာခဲ့သည်။
“တောက်…ဟိုကောင်မတွေ ညဘက်အေးအေးဆေးဆေး
အိပ်ပါရစေဟ…”
ဦးဘကျော်၏သင်္ချိုင်းထဲ၌ စတတ်နောက်တတ်သော
သရဲမများရှိသည်။
ဆံရှည်မ (တစ်ကိုယ်လုံးဆံပင်ရှည်ကြီးများဖုံးအုပ်နေသည့်သရဲမကို )ဆံရှည်မဟု ဦးဘကျော်ကခေါ်တတ်သည်။
ထို့အပြင် မိနက်…မိပု…အာပြဲမ ဆိုပြီး နာမည်အသီးသီးရှိသော သရဲမ များလည်းရှိ၏။
သရဲထီးများကတော့ ဦးဘကျော်ကို ကြောက်ကြသည်။
“ဟေ့…ငါ့ကိုမထီရင် မင်းတို့ရဲ့အရိုးခေါင်းတွေ
ပြားသွားမယ်မှတ်”
ဟု…ဦးဘကျော်က ဆဲဆိုတတ်သောကြောင့်
သရဲထီးများက ဦးဘကျော်အား ကြောက်ကြသည်။
သို့သော် ယခုလို ညသန်းခေါင်ကျော်ကြီး ထွက်ပေါ်လာသော ကလေးငိုသံကြောင့် ဦးဘကျော်နိုးလာခဲ့ရသည်။
“ဟိုကောင်မတွေ…ငါပြောတာကြားကြလား…”
ဦးဘကျော်က ထပ်၍အော်ပြောသောအခါ…
“ကျုပ်တို့မဟုတ်ပါဘူးတော်…”
ဟုသောအသံကြောင့် ဦးဘကျော် စဥ်းစားရခက်သွားသည်။
ချက်ချင်း အိပ်နေရာမှ လူးလဲထလိုက်ပြီး
မီးအိမ်လေးကိုကိုင်၍ သင်္ချိုင်းထဲသို့လျှောက်လာခဲ့လိုက်၏။
“အူဝဲ…အူဝဲ…အူဝဲ………”
ကလေးငိုသံက ဦးဘကျော်နှင့်နီးလာခဲ့သည်။
မလှမ်းမကမ်းရှိ အုတ်ဂူပေါ်၌ အနှီးလေးဖြင့်
ထုပ်ထားသော ကလေးငယ်လေးကို
ဦးဘကျော်မြင်လိုက်ရချိန်…
“ဟာ…ဒီအချိန်ကြီး ဘယ်ကနေဘယ်လို
ဒီကလေးကိုလာပစ်သွားကြတာလဲ…”
ဦးဘကျော် အုတ်ဂူပေါ်မီးအိမ်လေးကိုတင်ပြီး
ကလေးကိုကောက်ချီလိုက်သည်။
“ဒီကလေးကို မွေးစားပေးပါ…
ဒီကလေးက ထူးခြားတဲ့ကလေးတစ်ယောက်
ဖြစ်လာမှာပါ…”
“ဘယ်သူလဲ…ဘယ်သူပြောနေတာလဲ”
ရုတ်တရက်ထွက်ပေါ်လာသောအသံကြောင့်
သင်္ချိုင်းကုန်း၌သရဲများနှင့်နေထိုင်နေသော
ဦးဘကျော်ပင်လန့်သွားခဲ့သည်။
သို့သော်အသံထပ်၍ထွက်ပေါ်မလာသောကြောင့်
ဦးဘကျော်လည်း ကလေးငယ်ကို သူ၏တဲအတွင်းသို့
ခေါ်လာခဲ့တော့၏။
“သနားစရာကလေးလေးပဲ…
ဟင်…မိန်းကလေးပါလား…ဘုရား…ဘုရား…ဘုရား”
ကလေးငယ်က မိန်းကလေးဖြစ်နေ၍
ဦးဘကျော် လန့်သွားခဲ့သည်။
သို့သော် ကလေးငယ်၏မျက်နှာမှာ
ချစ်စဖွယ်လေးဖြစ်တာကြောင့် ဦးဘကျော်
ထိုကလေးအားမွေးစားခဲ့တော့သည်။
ကလေးလေး၏အမည်ကိုလည်းရှင်ညိုဟု ဦးဘကျော်ကိုယ်တိုင်ပေးခဲ့သည်။
ရှင်ညိုလေး၏အသက်၈နှစ်အရွယ်သို့ရောက်လာသောအခါ….
“အဘ…ကျုပ်ရွာထဲလိုက်ခဲ့ချင်တယ်…”
“ဘာလို့တုန်းသမီးရဲ့…မလိုက်ချင်ပါနဲ့သမီးရယ်…
ရွာထဲကလူတွေက အဘကိုတောင် သိပ်ပြီးကြိုက်ကြတာမဟုတ်ဘူးကွဲ့…”
“ကျုပ်ကိုခေါ်ပါအဘရယ်…
ကျုပ်လည်းရွာထဲကိုလိုက်ဖူးချင်တာပေါ့…
ခေါ်ပါနော်အဘ…”
“ခက်လိုက်တာသမီးရယ်…
ရွာထဲကလူတွေက သမီးတွေ့နေကြ ဆံရှည်မတို့
အာပြဲမတို့လို သမီးအပေါ်ကိုကောင်းကြမှာမဟုတ်ဘူး
သူတို့က မရှိခိုးနိုး…မလှစုန်းမျိုး ဆိုပြီး ပြောကြဆိုကြမှာ
သမီးရဲ့…”
“အဘရယ်…ကျုပ်တစ်ခါလောက်ပဲလိုက်ဖူးချင်တာပါ…”
ရှင်ညိုက အတင်းပူဆာနေ၍ ဦးဘကျော်အကြပ်တွေ့နေသည်။
သနားစဖွယ် ရှင်ညို၏မျက်နှာကို မငြင်းပယ်နိုင်သည့်အဆုံး ရွာထဲသို့ခေါ်လာခဲ့ရတော့၏။
“ရွာထဲရောက်ရင်အဘအနားမှာပဲနေနော်…
ဘယ်မှလျှောက်မသွားနဲ့ သိလားသမီး”
“ဟုတ်ကဲ့အဘ…”
ဦးဘကျော်နဲ့ရှင်ညိုတို့ရွာထဲသို့ဝင်လာတော့
ရွာသူ၊ရွာသားတချို့က နှာခေါင်းရှုံ့ကြသည်။
ထိူအချိန်…ရွာခံလူမိုက်ငါးဦးက
ဦးဘကျော်အနီးရောက်လာခဲ့သည်။
“ဦးဘကျော်…ခင်ဗျားရွာထဲကိုဘာလာလုပ်တာလဲ”
ရွာသားငါးဦးအနက်တစ်ဦးက ဦးဘကျော်ကို
မေးလေသည်။
“ဆန်မရှိတော့လို့ လာဝယ်တာပါကွာ”
“မြန်မြန်ဝယ်ပြီးမြန်မြန်ပြန်ဗျာ…
သင်္ချိုင်းကသုဘရာဇာရွာထဲဝင်တာ
ရွာခိုက်တတ်တယ်ဗျ…”
“အေးပါကွာ…ငါဝယ်ပြီးတာနဲ့ပြန်မှာပါ…”
ဦးဘကျော်ဒေါသထွက်ပေမယ့် မြိုသိပ်ကာ
နေလိုက်ရှာသည်။
ရှင်ညိုသည်က ရွာသားတို့ကိုမျက်တောင်
မခတ်စိုက်ကြည့်နေခဲ့သည်။
ရှင်ညိုစိုက်ကြည့်နေသောကြောင့် ရွာသားတွေမှာ
ရှင်ညိုကိုကြည့်၍…
“ဒီကလေးမက ခင်ဗျားသမီးလား…”
“အေး… ဟုတ်တယ်…”
“ခင်ဗျားသမီးက သုဘရာဇာသမီးပီသပါရဲ့…
ကျုပ်တို့ကိုကြည့်နေလိုက်တာများ…
စိတ်ပျက်စရာဗျာ…”
“မဟုတ်တာကွာ…ကလေးပဲ ကြည့်မိကြည့်ရာ ကြည့်တာပါ
စိတ်ထဲမထားပါနဲ့…ကဲ…ငါတို့သွားတော့မယ်…
လာသမီး…အဘတို့သွားကြစို့”
ဦးဘကျော်လည်း ရှင်ညိုကိုလက်ဆွဲပြီးထွက်လာခဲ့သည်။
ဝယ်စရာရှိသည်များဝယ်ပြီး ရွာထဲမှ ထွက်မည်အလုပ်…
“ဗျို့…ဦးဘကျော်…ခင်ဗျားနောက်ဝယ်စရာရှိရင်
ရွာပြင်ကနေလူကြုံနဲ့မှာလိုက်ဗျာ…
ရွာထဲတော့ ထပ်ဝင်မလာခဲ့နဲ့ ရွာနာတယ်ဗျ…”
“အေးပါကွာ…အေးပါ…”
ရွာသားတွေ၏စကားကိုဦးဘကျော်သည်းခံပေမယ့်
ရှင်ညိုကဒေါသထွက်နေသည်။
“အဘ…ကျုပ်သူတို့ကိုသတ်ပစ်ချင်တယ်”
“ဟေ…”
ရှင်ညို၏နှုတ်မှထွက်လာသောစကားကြောင့်
ဦးဘကျော်အံ့သြသွားသည်။
“ဘာဖြစ်လို့လဲသမီးရဲ့…”
“အဘကိုစော်ကားလို့…
ဒင်းတို့ကို ကျုပ်သတ်ပစ်မယ်အဘ…
ဒင်းတို့သွေးစိမ်းရှင်ရှင်ပန်းထွက်ပြီးသေစေရမယ်…”
“မ…မဟုတ်တာသမီးရယ်…
ဘာတွေပြောနေတာလဲ…
ယုတ်ညံ့တဲ့စကားတွေမပြောရဘူးသမီးရဲ့”
ဦးဘကျော် ရှင်ညို၏စကားကြောင့်
ထိတ်လန့်သွားခဲ့သည်။
ရှင်ညိုကို လက်ကိုဆွဲပြီး ထိုနေရာမှ
အမြန်ဆုံးထွက်လာခဲ့ရ၏။
သင်္ချိုင်းသို့ပြန်ရောက်တော့…
“သမီး…ဇရပ်ပေါ်သွားဆော့ချင်ဆော့နေနော်…
အဘထမင်းချက်လိုက်ဦးမယ်…”
“ဟုတ်ကဲ့အဘ…”
ရှင်ညိုတစ်ယောက် ဇရပ်အပေါ်၌ တစ်ယောက်ထဲ
သွားဆော့နေတော့သည်။
ဇရပ်အပေါ်၌ဆော့ကစားနေသော ရှင်ညိုကိုကြည့်ပြီး
ဦးဘကျော်တစ်ယောက် သက်ပြင်းချနေခဲ့ရှာသည်။
ထိုသို့ဖြင့် ခြောက်ရက်မျှကြာလေတော့ ဦးဘကျော်၏
သင်္ချိုင်းသို့ အသုဘရှင်များရောက်လာကြ၏။
“နေပါဦး…ခင်ဗျားတို့ကလူဘယ်နယောက်သေလို့
မြေကျင်းတွေဒီလောက်တူးခိုင်းနေရတာလဲ”
မြေကျင်းငါးကျင်းတူးခိုင်းသောကြောင့်ဦးဘကျော်
အံ့သြပြီးမေးလိုက်ခြင်းဖြစ်သည်။
“ငါးယောက်ပါဗျာ…
ရွာသားတွေအရက်သောက်ရင်း သွေးစိမ်းတွေ
အန်ပြီးသေကြတာဗျ….
တချို့ကတော့အဆိပ်မိတာလို့ပြောကြတာပဲ…”
“သွေးစိမ်းအန်သေတာ…”
ဦးဘကျော်ခေါင်းကြီးသွားခဲ့သည်။
“ကဲပါဗျာ ကျုပ်တို့တူးခိုင်းတာသာတူးစမ်းပါ
ဦးဘကျော်ရယ်…ခင်ဗျားမေးနေလို့လည်း
သူတို့ကပြန်အသက်ရှင်လာမှာ
မဟုတ်ဘူးဗျ…”
ဦးဘကျော်လည်း အလောင်းမြုပ်ဖို့ကျင်းငါးကျင်း
တူးရတော့သည်။
“အဘမောနေပြီလား…
ရေလေးသောက်လိုက်ပါဦး”
ရှင်ညို ခပ်တိုက်သော ရေလေးကို ဦးဘကျော်
သောက်ရင်း ရှင်ညိုကိုကြည့်မိသည်။
“သမီး…ညည်းကိုအဘမေးစရာရှိတယ်…
အဘကိုမှန်မှန်ပြောသမီး…”
“အဘက ကျုပ်ကိုဘာမေးချင်တာလဲ”
“အဘမေးမှာက သမီးကိုစိတ်ပူလို့ပါ…
ဒီလိုလေ…အခုအဘကိုလာအပ်သွားတဲ့
ကျင်းငါးကျင်းက ဟိုတစ်နေ့က သမီး
ပြောခဲ့တဲ့လူတွေများဖြစ်နေမလားလို့
အဘစိတ်ပူလို့ပါ…”
ဟု…ဦးဘကျော်ကမေးသောအခါ…ရှင်ညိုက
မြေကျင်းများကို ကြည့်၍ပြုံးလိုက်သည်။
“ဟင်း…အဘ ဘယ်လိုထင်လဲ…
ကျုပ်ကသူတို့ကိုသတ်ပစ်လိုက်တယ်လို့
အဘကထင်နေ တာလား”
“အဘထင်နေတာမဟုတ်ဘူးသမီး…
အဘက သမီးအတွက်စိတ်ပူနေတာပါ…
သမီးအဘဆီရောက်လာတုန်းကလည်း ထူးဆန်းသလို
အခုသမီးရဲ့အပြုအမူအပြောအဆိုတွေကလည်း
ထူးဆန်းလာတယ်ဆိုတာအဘသိနေတာသမီး…”
ဦးဘကျော်က ရှင်ညိုသေချာစိုက်ကြည့်သည်။
ရှင်ညို၏မျက်နှာက ကြောက်လန့်ခြင်း၊စိုးရိမ်ခြင်းများကင်းစင်နေ၏။
“ဟုတ်တယ်အဘ…ကျုပ်သူတို့ကို သတ်ပစ်ခဲ့တာ…
ဒါပေမယ့် ကျုပ်ကိုယ်တိုင်သတ်တာမဟုတ်ဘူး…
ကျုပ်မှာအစောင့်အရှောက်ရှိတယ်…
သူကိုယ်တိုင်ပဲ သတ်ပေးခဲ့တာအဘရဲ့…”
ရှင်ညိုစကားကြောင့် ဦးဘကျော် မျက်လုံးပြူးသွားသည်။
“အစောင့်အရှောက်ဟုတ်လား…
အစောင့်အရှောက်ကဘယ်သူလဲသမီး…
အဘလည်းမသိရပါလား…”
“အဘကိုကျုပ်မပြောပြမိတာပါ…
ကျုပ်ရဲ့အစောင့်အရှောက်က ကျုပ်ဝမ်းနည်းချိန်…
ကျုပ်ဒေါသထွက်ချိန်ကျမှ ကျုပ်ဘေးနားကို
ရောက်လာတာ…အခုလည်း အဲ့လူတွေကို သူကိုယ်တိုင်သတ်ပေးခဲ့တာ…”
“ဟေ…”
ဦးဘကျော် စဥ်းစားရကြပ်သွားသည်။
ရှင်ညိုကို ထပ်ပြီးလည်း ဘာစကားမှမမေးတော့ဘဲ
ထိုင်နေခဲ့၏။
“ကျုပ်ဇရပ်ပေါ်သွားတော့မယ်နော်…”
ရှင်ညို တစ်ယောက် ဇရပ်ပေါ်သို့ပြန်တက်သွားတော့သည်။
နောက်တစ်နေ့သို့ရောက်တော့ ဦးဘကျော်မှာ
အလောင်းများကိုကြည့်ရင်း သက်ပြင်းသာ
ချနေခဲ့တော့၏။
“ဟင်း…..”
မသာရှင်များက ငိုယိုနေကြသလို ဦးဘကျော်မှာလည်း
သက်ပြင်းသာချနေခဲ့ရှာသည်။
အလောင်းမြေချပြီးလေတော့ မသာရှင်များလည်း
ရွာထဲပြန်ဝင်သွားကြသည်။
ဦးဘကျော်ကတော့ ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို
ဖွာရှိုက်ရင်း ထိုင်နေခဲ့တော့၏။
ထိုနေ့မှစ၍ ဦးဘကျော်သည် ရှင်ညိုအား
ရွာထဲသို့ မခေါ်တော့ပေ။
ရှင်ညိုကလည်းရွာထဲ လိုက်မည်ဟုမပူဆာခဲ့ရှာတော့။
တဖြေးဖြေးဖြင့် ရှင်ညိုလေးအရွယ်ရောက်လာခဲ့၏။
အပျိုအရွယ်လေးဖြစ်လာသော ရှင်ညိုသည်
ရုပ်ရည်ကအစချောမောလာခဲ့သည်။
“ဦးဘကျော်…”
“အေး…ဘာလဲပြော”
ရွာသားတွေက ဦးဘကျော်ဆီရောက်လာကြသည်။
“ရှင်ညိုက ခင်ဗျားသမီးအရင်းမှဟုတ်ရဲ့လားဗျာ…”
“ငါ့သမီးပါဟ…ဘာဖြစ်လို့လဲ”
“ခင်ဗျားသမီးက ခင်ဗျားလိုရုပ်ဆိုးဆိုး…
အသားမည်းမည်းမှမဟုတ်တာဗျ…”
“အိုကွာ…ငါက မင်းတို့ရွာသားမှမဟုတ်တာ…
ငါ့အမေဆို ငါ့သမီးတိုင်းပဲ ဖြူဖြူချောချောလှလှကြီးကွ…
ငါကသာအဖေတူပြီး အသားမည်းမည်း
ရုပ်ဆိုးဆိုးဖြစ်နေတာ”
“သြော်…အဲ့သည်လိုလား”
“ဒါနဲ့ဟေ့ကောင်တွေ…
မင်းတို့ငါ့ဆီဘာလာလုပ်ကြတာလဲ…
မလာစဖူး အလာထူးနေကြပါလားကွ…
အေး…တစ်ခုတော့ပြောမယ်နော်..
ငါ့သမီးကိုကြည့်ချင်တာနဲ့တော့မလာကြနဲ့ဟေ့…
ငါ့ထက် ငါ့သမီးက လက်ဝါးစောင်းထက်တယ်ဆိုတာ
မင်းတို့မသိကြသေးဘူးထင်တယ်…”
“ဦးဘကျော်ကြီးကလည်းဗျာ…
ကျုပ်တို့က ခင်ဗျားသမီးကို တကယ်မေတ္တာရှိလို့ပါ…
မဟုတ်တာတော့မလုပ်ပါဘူးဗျာ…
ကျုပ်တို့က မိကောင်းဖခင်သားသမီးတွေပါဗျ”
“အေး…ပေါ့လေ…မင်းတို့သဘောပေါ့”
ဦးဘကျော်က ရှင်ညို၏စိတ်ကိုသိ၍
ရွာသားတွေကို အတင်းမတားပေ။
မှတ်လောက်သားလောက်ရှိမှ ဒင်းတို့မလာရဲမှာ
ဟူ၍သာ စိတ်ထဲ တွေးနေခဲ့၏။
“ရှင်ညိုလေး…ထမင်းချက်နေတာလား”
“တော်ကဘာလာလုပ်တာလဲ”
“ဟောသည်မှာ ရှင်ညိုလေးအတွက်
သနပ်ခါးတုံးလေး အစ်ကိုယူလာခဲ့တယ်…”
“သနပ်ခါးတုံး…ကျုပ်မှသနပ်ခါးမလိမ်းတာ…
ပြန်ယူသွား”
“အဲ့သည်လိုမငြင်းလိုက်ပါနဲ့ရှင်ညိုလေးရယ်…
မိန်းကလေးဆိုတာ သနပ်ခါးလေးနဲ့မှတင့်တယ်တာ…
နောက်ပြီးရှင်ညိုလေးက အချောအလှလေးဆိုတော့
သနပ်ခါးလေးလိမ်းရင်ပိုပြီးကြည့်ကောင်းမှာပေါ့…
အစ်ကိုထားခဲ့မယ်နော်…”
သနပ်ခါးတုံးများကိုထားရစ်ကာထွက်သွားသောရွာသားအားကြည့်ရင်း ရှင်ညိုခေါင်းရမ်းနေမိသည်။
တစ်ရက်၌…
“ဟေ့…ဒီသင်္ချိုင်းမှာနေတဲ့ကောင်မ ထွက်လာခဲ့စမ်း
နင်ဘာဆိုတာငါသိတယ်…နင့်ကိုရှင်းပစ်ပြီး
နင်သွေးကိုသောက်မယ့်…ဒွေးရွာက မိသိန်းတဲ့ဟဲ့”
ဒွေးရွာက မိသိန်းဆိုသည့် မိန်းမကြီးတစ်ဦး
သင်္ချိုင်းထိပ်၌လာ၍အော်ဟစ်နေသည်။
“သမီး…ဒွေးရွာက မိသိန်းတဲ့…
ညည်းသိသလား…ငါ့သမီးလည်းသိမှာမဟုတ်ပါဘူး
ဒီမိန်းမရူးများနေသလားတာ…”
ဦးဘကျော်က သင်္ချိုင်းအပြင်ကိုလှမ်းကြည့်ရင်း
ရှင်ညိုအားပြောလေသည်။
“အဘအသာနေ…
ကျုပ်သူနဲစာရင်းရှင်းစရာရှိတယ်…
ဒီကောင်မက စုန်းမ အဘရဲ့…
ကျုပ်က ကဝေ…ဒါကို ဒင်းက လာပညာစမ်းနေတာ…”
“ဟေ…စုန်းတွေ…ကဝေတွေ ဘာတွေလဲငါ့သမီးရယ်…”
“အဘအသာနေပါဆိုတော်…
ကျုပ်သူ့ဆီကိုသွားလိုက်မယ်…”
ရှင်ညို ထဘီကို တိုတိုပြင်ဝတ်ပြီး သင်္ချိုင်းအပြင်သို့
ထွက်သွားသည်။
ဦးဘကျော်ခမျာ နားမလည်သော်လည်း သမီးဖြစ်သူ
ရှင်ညိုအား ထိခိုက်မည်စိုး၍ အနားမှလိုက်လာခဲ့၏။
“ဟဲ့ကောင်မ…နင်လား..ရှင်ညိုဆိုတာ…
အမယ်လေး…မဖြစ်စလောက်လေး…
ဟင်းး…ဟင်းး…ဟင်းး…”
စုန်းမ မိသိန်းက ရှင်ညိုကိုကြည့်ကာရယ်လေသည်။
“တော်က လူရှေ့တောင်ထွက်ပြီးစိန်ခေါ်တာပေါ့လေ…
ကောင်းပြီ မိသိန်း…နင့်ပညာကိုပြစမ်း…
အဘဘေးကိုဖယ်နေပါ…”
စုန်းမ မိသိန်းကို ခါးကြီးထောက်ကာပြောအပြီး
ဦးဘကျော်ကိုလည်း ရှင်ညိုက ဘေးကိုဖယ်စေသည်။
“ဟဲ့…ချီးစားစုန်းမ…လုပ်စမ်း…နင့်ပညာကိုထုတ်စမ်းပါ”
ရှင်ညိုက ထိုသို့ပြောတော့စုန်းမ မိသိန်း
မျက်နှာပျက်သွားသည်။
“နင်…နင် ငါ့အဆင့်ကိုသိတယ်….”
“ဟဲ့ကောင်မ…နင့်အဆင့်တင်မကဘူး…
နင့်ကို ပညာပေးခဲ့တဲ့ အုန်းရင်ဆိုတဲ့ကောင်မကိုပါ
ငါသိတယ်…ပြစမ်းနင့်ရဲ့ပညာ…
ငါ့ကိုနင်မနိုင်ရင်တော့ ကောင်းကင်မှာ
နင့်ရဲ့အလောင်းကို ဇောက်ထိုးချိတ်ထားမယ်မှတ်…
ကဲ…လာလိုက်စမ်း…ငါ့နာမည်ရှင်ညို…
လာစိန်ခေါ်တဲ့ကောင်မတွေကို ဖနောင့်တစ်ချက်နဲ့ပေါက်သတ်ပစ်မယ့် ကဝေမတဲ့ဟဲ့…”
ရှင်ညို၏အသံက အားပါလှသည်။
မျက်လုံးများကလည်း မီးများတောက်နေသယောင်
တလက်လက်ဖြစ်လို့နေ၏။
ဒါကိုမြင်တော့ စုန်းမ မိသိန်း ခြေထောက်များပင်မခိုင်တော့ပေ။
နေရာ၌ ဒူးကိုထောက်၍ လက်အုပ်ချီကာ…
“ကျုပ် မသိလို့ပါ …ကျုပ် သခင်မရဲ့ပညာကို
ကျုပ်မသိလို့ စိန်ခေါ်ရဲမိတာပါ…
တောင်းပန်ပါတယ်…ကျုပ်အမိုက်မကို
ခွင့်လွှတ်ပေးပါတော်…
ကျုပ်ကို လာပြောကြလို့ အကြားနဲ့ ရမ်းပြီး
စိန်ခေါ်မိတာပါသခင်မရယ်…ကျုပ်ကို
ခွင့်လွှတ်ပေးပါနော်”
ဆိုပြီးပြာပြာသလဲတောင်းပန်တော့သည်။
“အေး…ဒီလောကမှာ မည်းမည်းမြင်ရာ
သတ်ပစ်ကြေးဆိုနင်တို့တွေတောင်ရှိလာမှာမဟုတ်ဘူး…
ငါကိုယ်တိုင်ကလည်း ဘဝဟောင်းက
မှားခဲ့တဲ့အမှားကြောင့် ဒီဘဝမှာ အပြစ်တွေကိုချေဖို့
ပြန်ရောက်လာခဲ့ရတာ…ဒီတော့ နင်ပြန်လို့ရပြီ…”
“ဟုတ်ကဲ့ပါသခင်မ…”
စုန်းမ မိသိန်း သင်္ချိုင်းရှေ့မှ ထွက်သွားတော့သည်။
ဦးဘကျော်ကတော့ ရှင်ညိုကိုကြည့်နေခဲ့၏။
ထိုအချိန် ဦးဘကျော်အပြင်ရှင်ညို၏အကြောင်းကို
သိလိုက်သူများမှာ ရွာသားများပင်ဖြစ်သည်။
ရှင်ညိုကို ကဝေမဆိုတာသိပြီး ရွာထဲသို့ပြန်ပြေးကုန်ကြတော့၏။
“အဘ…ကျုပ်ကို တမျိုးမြင်နေပြီလား”
ရှင်ညိုက ဦးဘကျော်ကိုမေးတော့ ဦးဘကျော်က
ပြုံးပြီးခေါင်းကိုရမ်းသည်။
“အဘက ဘာလို့သမီးကိုတမျိူးမြင်ရမှာလဲ…
လူဆိုတာ သူ့ကံနဲ့သူလာကြတာပဲ…
သမီးက ကဝေမဆိုတော့လည်း အဘက ကဝေမ
အဖေပေါ့ မဟုတ်ဘူးလား…
ကဲ..လာ…အဘတို့ ဇရပ်ထဲသွားကြစို့”
ဦးဘကျော်၏စကားကြောင့် ရှင်ညိုပြုံးမိသွားသည်။
ဦးဘကျော်နှင့်အတူဇရပ်သို့လိုက်လာခဲ့တော့၏။
သို့သော် ထိုနေ့မှစပြီး ရှင်ညိုကို ကဝေမတစ်ယောက်ဆိုတာ တစ်ရွာလုံးသိရှိသွားခဲ့ကြသည်။
ရွာသားများမှာလည်း ယခင်လို ရှင်ညိုထံသို့မလာရဲကြတော့ပေ။
ဒါကိုပင် ရှင်ညိုက သဘောကျနေခဲ့၏။
“မမ…ထမင်းစားကြရအောင်တဲ့…”
“သြော်…အေး…အေး…”
အတိတ်ကိုပြန်တွေးနေသော ရှင်ညိုတစ်ယောက်
နန်းကြိုင်၏အသံကြောင့် ပြန်လည်သတိဝင်လာခဲ့သည်။
ယခုတော့ ရှင်ညိုတစ်ယောက် ဘွားမယ်စိန်၏နေအိမ်သို့
ရောက်ရှိနေပြီဖြစ်၏။
ရှင်ညို၏ဘဝအကြောင်းတွေကိုလည်းတင်ဆက်ပေးဦးမှာ
ဖြစ်တာကြောင့် အားပေးကြပါဦးလို့ပြောပါရစေရှင်။
ယဥ်မင်း(ကန့်ဘလူ)