” ဘွားမယ်စိန်နှင့် စက္ကဘီလူး ” (စ/ဆုံး)

” ဘွားမယ်စိန်နှင့် စက္ကဘီလူး ” (စ/ဆုံး)

=================================

အချိန်က ညသန်းခေါင်သို့ရောက်နေပြီဖြစ်သည်။

ထိုအချိန်လူငယ်သုံးဦးသည် အိမ်တစ်အိမ်၏ခြံဝိုင်းအတွင်းသို့ တိတ်တဆိတ်ပင်ဝင်ရောက်လာခဲ့ကြသည်။

“ဖြစ်ပါ့မလားကွာ…”

ပထမလူငယ်က ထိုသို့ပြောလေတော့
ဒုတိယလူငယ်က…

“ဟေ့ကောင်စောထူး…အခုမှဘာလို့ကြောက်နေရတာလဲ…
ငါတို့တိုင်ပင်ထားတယ်လေကွာ…”

ဟု…ပြောလိုက်ပြန်သည်။

“လာကြဟ…ဘိုးတော်ကြီးနိုးလာရင်မလွယ်ဘူး…
ခိုးမယ့်ဟာကိုခိုးကြစမ်းပါကွာ…”

ခြံထဲရှိ ဘူးသီးပင်မှဘူးသီးတစ်လုံးကိုပြောရင်းပင်
ဓားတိုလေးဖြင့် လှီးကာခူးလိုက်သည်။

“ရပြီ…သွားကြမယ်…”

လူငယ်သုံးဦးသည်ခူးယူခဲ့သော ဘူးသီးလုံးကို
ယူဆောင်ကာခြံဝိုင်းအတွင်းမှ အပြေးထွက်သွားခဲ့ကြတော့သည်။

နောက်တစ်နေ့နံနက်သို့ရောက်လေတော့…

“တောက်…ဘယ်ခွေးမသားလဲကွ…
ငါ့ဘူးသီးကိုခိုးသွားတာ…
ခွေးမသားတွေမိလို့ကတော့ ငါ့အဆိုးမဆိုကြနဲ့”

ဦးဖိုးညိုသည် ဒေါသတကြီးအော်ဟစ်နေခဲ့၏။
ဘူးသီးပင်မှအလုံးလှသည့်ဘူးသီးကိုရွေးကာ ခိုးသွားသော​ကြောင့် ဒေါသထွက်နေခဲ့ခြင်းဖြစ်သည်။
တစ်ရွာလုံးကြားလောက်အောင် အော်ဟစ်ဆဲဆိုနေသော
ဦးဖိုးညို၏အသံကြောင့် ရွာသူကြီးဦးမိုးကောင်းလည်း
ရောက်လာခဲ့ရသည်။

“ဦးဖိုးညို…ခင်ဗျားသူခိုးကိုသိသလား”

“သူကြီး…ကျူပ်မသိလို့ပေါ့ဗျာ…
သိခဲ့လို့ရှိရင်လည်း ဒီကောင်တွေကျုပ်လက်ချက်နဲ့.
သေကုန်မှာ…”

“အေးလေ…ခင်ဗျားက သူခိုးကိုမသိဘဲနဲ့…
ဆဲနေဆိုနေလိုက်တာများဗျာ တစ်ရွာလုံးလည်း
ခွေးမသားတွေကိုဖြစ်လို့…”

သူကြီးဦးမိုးကောင်း၏စကားကြောင့် ဦးဖိုးညို
ပြာပြာသလဲဖြင့်…

“မဟုတ်တာသူကြီးရာ…ကျုပ်က ခိုးတဲ့ကောင်တွေကို
ဆဲတာပါဗျာ…”

ဟုပြောရှာသည်။

ထိုစဥ် ရွာရှေ့ပိုင်းက ဒေါ်အေးမိရောက်လာခဲ့၏။
ဒေါ်အေးမိအနောက်၌ စောထူး…ဖိုးခ…အောင်ခိုင်တို့သည်
ခေါင်းလေးတွေငုံ့၍အတူပါလာခဲ့ကြသည်။

“ဘူးသီးသူခိုးကြောင့် တစ်ရွာလုံးလည်းရစရာမရှိအောင်အဆဲခံရပြီးပြီ…ဒီမှာဦးဖိုးညို…တော့်ဘူးသီးကို
ခိုးစားတာကကျုပ်ရဲ့သားစောထူးနဲ့ ဟောသည်ဘက်က
သူ့ရဲ့ခိုးဖော်ခိုးဖက်တွေပါတော်…
အဲ့သည်တော့ သူကြီးနဲ့တော်တို့ ကြိုက်သလိုအပြစ်ပေးလိုက်ကြပါ…ကျူပ်ကတော့ပြန်ပြီ…”

“အမေ…”

“ဟေ့…ဘယ်အမေမှမခေါ်နဲ့…
မင်းတို့ကြောင့် တစ်ရွာလုံးလည်း နားမခံသာအောင်
ဆဲခံရပြီးပြီ…လာကြ…မင်းတို့အတွက်
ငါ့​ခြောက်ပေါက်တုံးကအသင့်ပဲ…”

သူကြီးဦးမိုးကောင်းက ဘူးသီးခိုးစားသော စောထူးတို့
သူငယ်ချင်းတွေကို ထိပ်တုံးခတ်လိုက်သည်။
ဒေါ်အေးမိကတော့ ဘူးသီးဖိုးအလျော်ပေးလိုက်ရ၏။
ဒေါ်အေးမိမှာလည်း တွယ်တာစရာဆိုလို့ သားဖြစ်သူ
စောထူးသာရှိသည်။
ယောကျာ်းဖြစ်သူဆုံးပါးသွားလေတော့ ဒေါ်အေးမိ
မှာ စောထူးအတွက်အဖေလည်းသူ…အမေလည်းသူ
အဖြစ်စောင့်ရှောက်ခဲ့ရသည်။
စောထူးကတော့လူငယ်ပီပီ အပျော်အပါးကို
မက်လွန်း၏။

“အိမ်မှာနေရတာလဲ ပျင်းလိုက်တာကွာ…”

“အိမ်မှာနေရတာပျင်းလို့အခု အပြင်ထွက်လာတာမဟုတ်ဖူးလားစောထူးရ…”

“အေး…အပြင်ထွက်လာတာမှန်ပေမယ့်
ဘယ်ကိုမှလည်းသွားစရာမရှိပါဘူးကွာ…”

“နေဦးကွ…ရွာအရှေ့ဘက် စေတီပျက်နားက
သီးပင်မှာအခုချိန်ဆို အသီးတွေပြွတ်နေအောင်သီးနေလောက်ပြီ…ငါတို့ဆားနဲ့ငရုတ်သီးထုတ်ယူပြီး
သွားကြရအောင်ကွာ…”

“ဖြစ်ပါ့မလားအောင်ခိုင်ရာ…အဲ့သည်နေရာက
သရဲတွေအခြောက်ကြမ်းတယ်ပြောတယ်…
တို့ရွာကလူတွေတောင်အဲ့သည်နေရာကို
ရှောင်ကြတာလေကွာ…”

“ဒါတွေကိုမင်းမလို့ယုံကြည်တယ်…
ဘာသရဲမှမရှိပါဘူးကွာ…”

“သရဲမရှိဘူးသာပြောတာ…
အဲ့သည်နားမှာ ဘီလူးရုပ်ကြီးတစ်ရုပ်ရှိတယ်မလား…
ဘီလူးရုပ်ကြီးကလည်း ကြောက်စရာကောင်းတယ်ကွ”

“စောထူး…မင်းကြောက်ရင်နေခဲ့တော့ကွာ…
ငါတို့ဘာသာပဲသွားတော့မယ်… ”

“ဟာ…သည်လိုတော့မလုပ်ပါနဲ့…
ငါလည်းအတူတူလိုက်မှာပေါ့ကွာ…”

ထိုသို့ဖြင့် စောထူးတို့လည်း သီးပင်ရှိရာ
ရွာအရှေ့ဘက်ဆီသို့ ဆားထုပ်လေးကိုင်ကာ
ထွက်လာခဲ့ကြသည်။
ဘယ်ခေတ်ဘယ်ကာလကတည်ခဲ့မှန်းမသိရသော
စေတီဟောင်းကအတော်လေးပျက်စီးနေပြီး
အုတ်ချပ်များသာအပုံလိုက်ရှိနေခဲ့၏။
ထိုစေတီ၏မလှမ်းမကမ်း၌ထုစစ်ထားသော
ဘီလူးရုပ်ကြီးမှာလည်း ခြေများလက်များပင်မရှိတော့ပေ။

“ငါပြောသားပဲ…တွေ့လားသီးသီးတွေ
ပြွတ်နေတာပဲ…”

အောင်ခိုင်က ပြောရင်း နီးရာတုတ်တစ်ချောင်းကိုယူကာ
သီးသီးများကို ပစ်ချွေတော့သည်။
သီးသီးများရလေတော့ ထုခွဲပြီး ဆားနှင့်တို့ကာစားကြတော့၏။

“စားရတာဗိုက်တောင်တင်းသလိုပဲဟေ့…”

“လာကွာ…ဟိုအပင်အောက်မှာ
ခဏသွားလှဲကြရအောင်”

စောထူးတို့သုံးယောက်သည်အရိပ်ရသော
အပင်တစ်ပင်၏အောက်၌ပုဆိုးများခင်းကာ
လှဲအိပ်နေကြ၏။
ထိုသို့လှဲနေရင်းစောထူးတစ်ယောက်အိပ်ပျော်သွားခဲ့သည်။

“ကောင်လေး…ဟေ့ကောင်လေး ထစမ်းပါကွာ…”

ပုခုံးကိုလှုပ်နိုးခံရ၍စောထူးနိုးလာခဲ့သည်။
ဘေးဘီကြည့်တော့ သူငယ်ချင်းနှစ်ယောက်က
အိပ်ပျော်နေကြ၏။

“ခင်ဗျား ဘယ်သူလဲ”

သူ့အားငုံ့ကြည့်နေသောလူကြီးကိုမြင်တော့ စောထူး
အလန့်တကြားပင်မေးလိုက်သည်။
ထိုလူကြီးက ပုဆိုးကြီးကိုခါးတောင်းကျိုက်ထားပြီးအပေါ်ပိုင်းကအဝတ်ဗလာ​ဖြစ်နေခဲ့သည်။
စောထူး မျက်လုံးပြုးပြူးဖြင့်ထိုလူကြီးကိုကြည့်ရင်း
ကြက်သီးများထလာ၍ သူငယ်ချင်းတွေကို
လက်ဖြင့်လှုပ်နိုးသော်လည်း သူငယ်ချင်းများက
နိုးမလာကြပေ။

“ကောင်လေး…ငါမင်းနောက်ကိုလိုက်ခဲ့မယ်ကွာ”

“ခင်ဗျားကဘယ်သူလဲ…ဘာလို့ကျုပ်အနောက်ကို
လိုက်ချင်ရတာလဲ…”

“ငါက ဒီဘီလူးရုပ်မှာနေ​တဲ့ ဘီလူးပါကွာ…
ငါတစ်​ယောက်ထဲဒီမှာနေရတာပျင်းလှပြီကွ…
ဒါကြောင့်ငါ့ကိုခေါ်သွားပေးပါကောင်လေးရာ…”

စောထူး ဘီလူးရုပ်ကိုတလှည့် လူကြီးကိုတလှည့်
ကြည့်ရင်း…

“ခင်ဗျားက ဒီဘီလူးရုပ်က အစောင့်ဆိုတော့
ခင်ဗျားလည်းဘီလူးပဲပေါ့…
ဟာ…ကျုပ်နောက်မလိုက်ပါနဲ့ဗျာ…
ကျုပ်ကြောက်တယ်ဗျ…နောက်ပြီး
ကျုပ်ကိုလည်းရန်မပြုပါနဲ့နော်…”

ဟု…ပြောလိုက်ရှာသည်။

“ငါ့နာမည်ကို စက္ကလို့ခေါ်တယ်…
မင်းကတော့ ဦးစက္ကလို့ခေါ်ပေါ့ကွာ…
ဒီလိုကောင်လေးရ…မင်းသာငါ့က်ိုခေါ်သွားရင်
မင်းကိုငါကာကွယ်စောင့်ရှောက်ပေးမယ်ကွာ..
နောက်ပြီးမင်းဖြစ်ချင်တာရှိရင်လည်းငါတတ်နိုင်တာဆို
ကူညီပေးပါ့မယ်…”

“ဘယ်လို…ဘယ်လို…ကျုပ်ဖြစ်ချင်တာ
မှန်သမျှဟုတ်လားဦးစက္က…
ဒါဖြင့်ရွှေတွေ…ငွေတွေကောခင်ဗျားပေးနိုင်သလားဗျ…”

“ဟာ…ရွှေတွေငွေတွေပေးနိုင်လောက်တဲ့အထိ​တော့
ငါ့တန်ခိုးကမကြီးဘူးကောင်လေးရဲ့…
ဒီလိုကွာ…မင်းကိုရန်ပြုမယ့်ကောင်..
မင်းကို အနိုင်ကျင့်မယ့်ကောင်တွေရှိလာခဲ့ရင်
ငါမင်းကို ကာကွယ်ပေးမယ်ကောင်လေးရာ…”

“ခင်ဗျားတကယ်ပြောတာလားဦးစက္က…”

“တကယ်ပြောတာပေါ့​ကောင်လေးရာ…”

“ဒါဖြင့် ခင်ဗျားကို ကျူပ်ခေါ်သွားမယ်ဗျာ…
ကျုပ်ကိုဘေးမပြုတာတော့သေချာပါတယ်နော်…”

“သေချာပါတယ်ကောင်လေးရာ…
မင်းသာငါ့ကိုခေါ်သွားမယ်ဆိုရင်…
ဟောသည်ဘီလူးရုပ်ကိုလက်နဲ့ပုတ်ပြီး
ဦးစက္ကကြီးကျုပ်အနောက်လိုက်ခဲ့လို့သာပြောလိုက်ကွာ
အဲ့သည်လိုဆိုငါမင်းအနောက်ကိုလိုက်လို့ရပြီ
ကောင်လေးရဲ့…”

ဦးစက္ကကထိုသို့ပြောလေတော့
စောထူးခေါင်းညိတ်လိုက်သည်။

“ထတော့ စောထူး…ဟေ့ကောင်စောထူးထတော့ကွ…”

သူငယ်ချင်းတွေပုတ်နိုး၍ စောထူးနိုးလာခဲ့သည်။
နိုးလာလေတော့ဦးစက္ကကြီးကိုတွေ့ခဲ့ရတာ
အိမ်မက်လေလားအမှန်တကယ်တွေ့ခဲ့ရခြင်းလား
ဆိုတာကိုဝေခွဲမရဖြစ်နေခဲ့၏။

“စောထူး…ဘာတွေတွေးနေတာလဲ”

“ဘာမှမတွေးပါဘူးကွာ…”

“မတွေးရင်လာပြန်ကြမယ်လေ”

သူငယ်ချင်းတွေခေါ်တော့ စောထူးလည်း
ဘီလူးရုပ်ကြီးနားသို့သွားကာ အရုပ်ကြီးအားလက်ဖြင့်
ပုတ်ကာ …

“ဦးစက္ကကြီး…ကျုပ်နောက်ကိုလိုက်ခဲ့တော့…”

ဟု…လေသံတိုးတိုးလေးဖြင့်ပြောခဲ့လိုက်သည်။
လူငယ်ပီပီစူးစမ်းချင်စိတ်ကလည်းများနေသောကြောင့်
မစဥ်းစားဘဲပြောခဲ့ခြင်းပင်ဖြစ်သည်။

ထိုနေ့ည၌…

“စောထူး…ထ…ထ…ကောင်လေး…”

“ဟင်…ဦးစက္က….”

“ကောင်လေး…မင်းတို့ရွာကို ဓားပြတွေဝိုင်းထားတယ်…
မင်းရွာကလူတွေကိုမြန်မြန် လိုက်သတိပေးကောင်လေး…
ဓားပြတွေက ရွာအရှေ့ဘက်က ချောင်းနားကို
ရောက်နေကြပြီကွ…”

“ဗျာ…”

“မြန်မြန်သွား​ကောင်လေး…”

ဦးစက္ကကြီးက ထိုသို့ပြောပြီး စောထူးအနီးမှ
ပျောက်ကွယ်သွားခဲ့သည်။
စောထူးလည်းအိပ်ရာထဲမှပြာပြာသလဲထ၍…

“အမေ…ရွာအရှေ့ကချောင်းနားမှာ
ဓားပြတွေရောက်နေပြီ…ထတော့အမေ…
ကျုပ်ရွာထဲလိုက်အော်လိုက်ဦးမယ်…”

“ဟင်…စောထူး…ဟုတ်ကောဟုတ်ရဲ့လားဟယ်…
ဒီတစ်ခါဆိုငါ့ကိုတစ်ရွာလုံးက ဝိုင်းသတ်ကြတော့မှာပဲ
နင်လုပ်ပုံနဲ့….”

စောထူးအမေက​တော့ စောထူး​​ပြောတာကို
မယုံကြည်ခဲ့ပေ။

“အားလုံးထကြတော့ဗျို့…ရွာအရှေ့က ချောင်းနားမှာ
ဓားပြတွေရောက်နေကြတယ်…ဓားပြတွေဗျို့
ဓားပြတွေ…”

ဟု…စောထူးကတစ်ရွာလုံးကိုပတ်အော်တော့သည်။

“ဟေ့ဓားပြတွေတဲ့ကွ…တွေ့ရာဓားကိုဆွဲပြီးထွက်ကြ”

တစ်ရွာလုံးလည်း ဆူညံသွားသည်။
ဓားကိုင်သူက ကိုင်..တုတ်ဆွဲသူက ဆွဲဖြင့်
အပြေးထွက်လာကြ၏။
ထိုထဲမှသူကြီးဦးမိုးကောင်းကလည်း ​နှစ်လုံးပြူး
သေနတ်ကြီးကို ကိုင်ပြီးအပြေး​ရောက်လာခဲ့လေသည်။

“ဘယ်သူအော်တာလဲကွ…”

“စောထူးအော်တာဗျို့…စောထူးအော်တာ…”

“ဒီကောင်လေး…ဟုတ်ကောဟုတ်ရဲ့လားကွာ…”

ရွာသားတွေကစောထူးကို မယုံကြည်ကြသော်လည်း
ရွာအရှေ့ဘက်ချောင်းဆီသို့ လူအုပ်လိုက်ကြီး
မီးတုတ်များဓားများတုတ်များကိုင်ကာသွားကြလေရာ…

“ဟာ…ဟိုမှာပြေးကုန်ပြီ…
ဟုတ်တယ်ဟ…ဓားပြတွေ… လိုက်ကြဟေ့…”

ထင်မထားသော ဖြစ်ရပ်ကြီးကြောင့်
ဓားပြတွေပင်ထွက်ပြေးကုန်ကြသည်။
တစ်ရွာလုံးအလစ်၌ရွာအရှေ့ပိုင်းကသူဌေးအိမ်သို့
ဓားပြဝင်တိုက်ဖို့စီစဥ်ထားကြရာ…စောထူး​ကြောင့်
တစ်ရွာလုံးနိုးလာ၍ ဓားပြတွေမှာခွေးပြေးဝက်ပြေး
ထွက်ပြေးခဲ့ကြရသည်။

နောက်တစ်နေ့နံနက်သို့ရောက်တော့…

“ဒေါ်အေးမိသားကတော့တကယ့်လူပဲတော်…
သူ့ကြောင့်သာကျုပ်တို့တစ်ရွာလုံး
ဓားပြတွေရန်ကလွှတ်ခဲ့ရတာ…”

“ဟုတ်ပါ့တော်…ဒီကောင်လေး…
ဓားပြတွေလာမှာကိုဘယ်လိုများကြိုသိသလဲမသိပါဘူး…”

တစ်ရွာလုံးက စောထူးကို.ချီးကျုးနေကြသည်။
ဒေါ်အေးမိမှာလည်း ပျော်လို့မဆုံးတပြုံးပြုံးဖြစ်နေခဲ့ရှာသည်။

“အမေ…သားထမင်းစားတော့မယ်”

“စား…စားငါ့သား…မင်းအတွက်အမေ
ဝက်သားလေးချက်ထားတယ်…
ငါ့သားလေးဝအောင်စားနော်…”

“အမယ်…ကျုပ်အမေကဒီကနေ့မှ
အပြောတွေချိုနေလှပါလားဗျ”

“ချိုရမှာပေါ့ငါ့သားရယ်…
ငါ့သားကြောင့်အမေ့မှာမျက်နှာတွေပွင့်လိုက်တာ
ပြောမနေပါနဲ့တော့…”

“ကျုပ်ကြောင့် မျက်နှာပွင့်တယ်…
ဟုတ်မှလည်းပြောပါအမေရာ…
ခါတိုင်း အမေပြောနေကြ ဘာတဲ့…
ကျုပ်ကြောင့် အမေမျက်နှာငယ်ရတယ်…
ကျုပ်ကြောင့်စိတ်ညစ်တယ်ဆိုဗျ…”

စောထူးစကားကြောင့် ဒေါ်အေးမိမှာ…

“အဲ့သည်တုန်းကတော့ ငါ့သားကဆိုးတာကိုးကွဲ့…
အခုကမတူတော့ဘူး…အမေ့သားလေးက
လိမ်မာတော့မှာမဟုတ်ဘူးလား”

ဟု…ပြန်ပြောရှာသည်။

စောထူးလည်း အမေဖြစ်သူကိုကြည့်၍
ပြုံးနေခဲ့၏။

ညသို့ရောက်လေတော့…

“ကောင်လေး…ထ…ကောင်လေး ထဦး”

ဦးစက္ကကြီးက စောထူးကို နိုးပြန်သည်။
စောထူးနိုးရာ ဦးစက္ကကြီးကိုမြင်တော့…

“ဦးစက္က ခင်ဗျားတကယ်ရှိတာပဲနော်…
မနေ့က ခင်ဗျားသတိပေးလို့ ကျူပ်တို့တစ်ရွာလုံး
ဓားပြတွေဏဲ့ရန်ကလွှတ်ခဲ့ရတာဗျ… ”

“အေးကောင်လေး…ငါပြောသားပဲ…
ငါမင်းကို.တတ်နိုင်သမျှကူညီပေးပါ့မယ်လို့…
သြော် ဒါနဲ့…မင်းကိုငါပြောရဦးမယ်ကောင်လေး…
ရွာအနောက်ပိုင်းက ကုက္ကိုလ်ပင်မှာ
သရဲတစ်ကောင်ရှိတယ် အဲ့သည်သရဲက သူ့ပိုင်ဆိုင်ခဲ့တဲ့
ဥစ္စာပစ္စည်းကိုစွဲလမ်းပြီးမကျွတ်မလွှတ်
ဖြစ်နေရှာတာကောင်လေးရဲ့…
ကုက္ကိုလ်ပင်၍ခြေရင်းမှာသူမသေချင်က
မြုပ်ခဲ့တဲ့ပစ္စည်းရှိတယ်…
မင်းအခု အဲ့သည်ပစ္စည်းကိုသွားပြီး
တူး​ယူထားလိုက်တော့ကောင်လေး…”

“ဗျာ…ရွာအနောက်ပိုင်းက ကုက္ကိုလ်ပင်ဆိုတာ
ဘိုးသက်ရှည်တို့ ဝိုင်းနားကမလား…
ဒီအချိန်ကြီးသွားတူးရင် သရဲက ကျုပ်ကိုသတ်မှာပေါ့ဗျာ…”

“ကောင်လေး…အဲ့သည်သရဲက မင်းကို
ဘာမှမထိစေရဘူး…
ငါလည်းမင်းနဲ့အတူတူလိုက်ခဲ့မှာပါကွာ…
မင်းသာဒီကနေ့တူးဖြစ်အောင်တူး…
မနက်ဖြန်ဆိုရင် အဲ့သည်အပင်ကို
ခုတ်ပစ်ကြတော့မှာကွ…
သူများရတာထက် မင်းကိုရစေချင်လို့ပါကွာ…
နောက်ပြီး…မင်းအဲ့သည်ပစ္စည်းကိုရရင်တော့
ပိုင်ရှင်သရဲအတွက်လည်းကုသိုလ်ကောင်းမှု
လုပ်ပေးလိုက်ပေါ့ကွာ…​”

“ဟုတ်ပြီဦးစက္က…ကျုပ်သွားတူးမယ်…
ဒါပေမယ့်ခင်ဗျားကျုပ်အနားတော့
ရှိနေပေးနော်…”

“စိတ်ချစမ်းပါကောင်လေးရာ…”

စောထူးလည်းအိမ်မက်မှနိုးလာခဲ့သည်။
အိမ်မက်မှနိုးလာလာခြင်း ပေါက်တူးတစ်လက်ကိုင်၍
အိမ်မှတိတ်တဆိတ်ထွက်လာခဲ့လိုက်သည်။
အိမ်မှထွက်လာလာခြင်း သူ၏နောက်ပါးဆီမှ
ခြေသံကြား၍လှည့်ကြည့်မိရာ မည်သူမှရှိမနေ၍
စောထူးကြောက်သွားခဲ့သည်။
ထိုစဥ်သူ၏နားအတွင်းသို့…

“ကောင်လေး…ငါပါကွ…မကြောက်ပါနဲ့”

“ဦးစက္ကကြီးလား…”

“အေး… ”

အကောင်အထည်မမြင်ရသော်လည်း ခြေသံနှင့်
စကားပြောသံကို စောထူးကြားလိုက်ရ၍
ကြောက်စိတ်များပျော​က်ကွယ်သွားတော့သည်။

ရွာအ​နောက်ပိုင်းက ကုက္ကိုလ်ပင်ဆီသို့ရောက်လာချိန်မှာ

“ကောင်လေး တူးတော့…
ပိုင်ရှင်ကလည်းသူ့အတွက်ကုသိုလ်လုပ်…
အမျှအတန်းပေးဝေရင်ကိုကျေနပ်ပါပြီတဲ့…
ဒီတော့.. မင်းတူးစရာရှိတာကိုသာ
စိတ်ချလက်ချတူးပေးတော့ကွာ…”

ဦးစက္ကကြီးအသံကြောင့် စောထူးလည်း
ကုက္ကိုလ်ပင်ခြေရင်းကို တူးတော့သည်။
အတော်လေးကြာလေတော့…

“ဟာ…အထုပ်တစ်ထုပ်ပဲဦးစက္က”

“ဖြည်ကြည့်လိုက်လေကွာ… ”

စောထူးလည်း ပုဝါဖြင့် ထုပ်ထားသော.အထုပ်ကို
ဖြည်ကြည့်လိုက်ရာ လရောင်အလင်းအောက်၌
အရောင်များတလက်လက်တောက်ပနေသော ရွှေဒင်္ဂါးများကို တွေ့လိုက်ရ၏။

“ဦးစက္က ရွှေဒင်္ဂါးတွေဗျ…”

စောထူးအံ့သြသွားသည်။

“မြန်မြန်ယူပြီးအိမ်ပြန်တော့ကောင်လေး”

ဦးစက္ကကြီးက သတိပေးသောကြောင့် စောထူးလည်း
အထုပ်ကိုယူကာအိမ်သို့ပြန်လာခဲ့တော့သည်။
ထိုနေ့တစ်ညလုံးစောထူးအိပ်၍ပင်မပျော်ခဲ့။
မနက်မိုးလင်းလေတော့ မိခင်ဖြစ်သူကို ခေါ်ပြီး
အကြောင်းစုံပြောပြကာ ရွှေဒင်္ဂါးထုပ်အားပြလိုက်သည်။

“ဟယ်…ဒါဆိုငါ့သားကို ဦးစက္ကကြီးက
ကူညီပေးတာပေါ့…ကံကောင်းလိုက်တာသားရယ်”

ဒေါ်အေးမိလည်း ဝမ်းသာသွားသည်။
ရွှေဒင်္ဂါးများထဲမှ တချို့ကိုလည်း မြို့သို့
တက်ကာရောင်းချလိုက်သည်။
ရောင်း၍ရသော ငွေများထဲမှ တချို့အား
ရွှေဒင်္ဂါးပိုင်ရှင်အတွက်ရည်စူးကာလှူဒါန်းပေးဖို့ရန်
စီစဥ်ကြရှာသည်။

“ဦးစက္ကကြီးအတွက် အရက်နဲ့ ကြက်ကောင်လုံးကြော်
ကျုပ်ဝယ်လာခဲ့တယ်…ဦးစက္ကကြီးစိတ်တိုင်းကျစားပါ
သောက်ပါ…”

စောထူးက သူ့အိပ်ရာခေါင်းရင်း၌ဦးစက္ကကြီးအတွက် အရက်ပုလင်းနှင့်ကြက်ကောင်လုံးကြော်ကို
ချပေးထားသည်။

ညသို့ရောက်တော့စောထူး၏အိမ်မက်ထဲတွင်
ဦးစက္ကကြီးကိုမြင်မက်လေသည်။
ဦးစက္ကကြီးက ပြုံးလျှက်…

“ကောင်လေး မင်းကျွေးတဲ့အရက်နဲ့ ကြက်ကြော်ကို
ငါစားခဲ့ရတယ်…မစားရတာကြာတော့ သိပ်အရသာရှိတာပဲကွာ…”

ဟုပြောရှာသည်။

“ဦးစက္ကကြီးကြိုက်ရင် ကျုပ်နောက်လည်းကျွေးပါ့မယ်”

“အေးပါကောင်လေးရာ…
အခုလောက်ဆို မင်းတို့သားအမိလည်း
အဆင်ပြေပြေနေလို့ရပြီမဟုတ်လား”

“ဦးစက္ကကြီးကျေးဇူးကြောင့် အမေက
လယ်နဲ့နွားတချို့တောင်
ဝယ်ထားလိုက်ပြီ…ဒါတောင်မရောင်းရသေးတဲ့
ရွှေဒင်္ဂါးတွေကျန်သေးတယ်ဗျ…”

“အင်း အခုလိုလေး ဖြစ်လာတာ
ငါဝမ်းသာပါတယ်ကောင်လေးရာ…”

“ဒါနဲ့လေ ဦးစက္က…ကျုပ်ကိုဦးစက္ကအခုလို
ကူညီပေးတော့ ကျုပ်ကလည်းဦးစက္က ကိုပြန်ကူညီချင်တယ်ဗျာ…ဦးစက္ကဘက်ကအကူအညီလိုရင်လည်း
ကျုပ်ကိုပြောပါ…”

ဦးစက္ကက ခေါင်းကိုညိတ်သည်။

“လောလောဆယ်တော့ မင်းဆီက အကူအညီ
မလိုသေးပါဘူးကွာ…နောက်တော့မပြောတတ်ဖူးပေါ့
ကောင်လေးရာ…”

ထိုသို့ဖြင့် စောထူးတစ်ယောက်ဦးစက္ကကြီး၏အကာအကွယ်အစောင့်အရှောက်အောက်၌
နေထိုင်လာခဲ့သည်။
စောထူးတို့သားအမိကလည်းဦးစက္ကကြီးကိုကျေးဇူးရှင်အလားသတ်မှတ်ထားကြပြီး…
ဒေါ်အေးမိကလည်း ဦးစက္ကကြီးအတွက်စားဖွယ်သောက်ဖွယ်များမကြာခဏတင်မြှောက်၍
ပေးတတ်သည်။

“စောထူးတို့သားအမိ အရင်ထက်ပိုဝတ်နိုင်
စားနိုင်လာတာအံ့သြစရာပဲ…”

“အေးငါလည်းအဲ့တာပဲစဥ်းစားနေတာကွ…

ဟေ့ကောင်ဖိုးခ…မင်းသူငယ်ချင်းစောထူးဆီက
ဘာတွေကြားသေးသလဲ”

“ကျုပ်ကဘာကြားရမှာလဲအဖေရာ…”

“ဒေါ်အေးမိကလည်းလယ်တွေဝယ်…နွားတွေဝယ်နဲ့
ချမ်းသာနေတာ စဥ်းစားစရာပဲ…
မဟုတ်သေးပါဘူးကွာ..ငါဒီကောင်လေးကို
အကဲခတ်ရမယ်…ဒီမှာ ဖိုးခ မင်းကလည်း
မင်းသူငယ်ချင်းကိုဘာလို့အခုလိုလျင်လျင်မြန်မြန်ချမ်းသာလာရသလဲလို့ မေးမြန်းကြည့်စမ်း…”

စောထူးတို့ချမ်းသာလာခြင်းကို ဝမ်းသာသူများရှိသလို
မနာလိုသူများကလည်းရှိနေပြန်သည်။
ထိုအထဲမှ စောထူးသူငယ်ချင်း ဖိုးခတို့
မိဘတွေလည်းပါဝင်ခဲ့၏။
ဖိုးခ ခမြာအဖေဖြစ်သူ၏စကားကိုမလွန်ဆန်နိုင်တော့
စောထူးကိုအဖေဖြစ်သူမေးခိုင်းသည့်အတိုင်းမေးရှာသည်။
စောထူးမှာလည်းသူငယ်ချင်းဖြစ်သောဖိုးခကို
မကွယ်မဝှက်တမ်းပြောပြလိုက်၏။

“ဖိုးခ…မင်းက ငါ့သူငယ်ချင်းမလို့ပြောပြတာနော်…
အမေကဘယ်သူ့ကိုမှမပြောရဘူးလို့မှာထားတယ်…
တကယ်လို့ ငါသာတခြားလူတွေကိုပြောပြခဲ့မိရင်
ဦးစက္ကကြီးကိုသူတို့ ဒုက္ခပေးကြမှာဆိုးလို့ပါကွာ…”

“အေးပါကွာ…ငါဘယ်သူ့မှမပြောပြပါဘူးစောထူးရာ…”

သူငယ်ချင်းကိုယုံကြည်ခဲ့သော စောထူးတစ်ယောက်
ဖြစ်လာမည့်အကျိုးဆက်ကို မသိခဲ့ပေ။

တစ်ညမှာတော့…

“ကောင်လေး”

“ဦးစက္က…မျက်နှာလည်းမကောင်းလှပါလား…
ဘာဖြစ်တာလဲဦးစက္ကရယ်…”

“ငါမင်းကိုလာနှုတ်ဆက်တာကောင်လေးရဲ့…”

“ဗျာ…လာနှုတ်ဆက်တာ…ဒါဆို ဦးစက္ကကြီး
ဒီဘဝက ကျွတ်လွှတ်နိုင်ပြီပေါ့နော်…”

“မဟုတ်ဘူးကောင်လေး…ငါ အောက်လမ်းဆရာဆီမှာ
နေရတော့မယ်…နောက်ကိုမင်းဆီငါလာနိုင်တော့မှာ
မဟုတ်ဘူးကောင်လေးရဲ့…”

“ဟင်…အောက်လမ်းဆရာ…
အောက်လမ်းဆရာဆီ ဦးစက္ကဘာလို့သွားနေရမှာလဲ…
ကျုပ်…ကျုပ်ဘာကူညီရမလဲဦးစက္က…
ကျုပ်ကိုပြောပါဗျာ…ကျုပ်ဦးစက္က ကိုဒီတိုင်းတော့
လက်မလွှတ်နိုင်ဘူးဗျာ…”

စောထူးမျက်ရည်များဖြင့် ဦးစက္က ကိုပြောနေခဲ့သည်။

“ငါ့ကိုမင်းကူညီချင်ရင်တော့
အမယ်ကြီးတစ်ယောက်ဆီသွားရလိမ့်မယ်…”

“အမယ်ကြီး…အဲ့သည်အမယ်ကြီးက
ဘယ်မှာနေတာလဲဦးစက္က….”

“သောင်ထွန်းရွာကိုသွားပြီး
ဘွားမယ်စိန်ဆိုတဲ့အမယ်ကြီးကို ဒီရွာဆီ
ခေါ်လာခဲ့ရမယ်ကောင်လေး…
ငါ့ကိုကူညီနိုင်တာသူပဲရှိတာ…”

“စိတ်ချ ဦးစက္က…ကျုပ်ရအောင်ခေါ်လာခဲ့မယ်…
ဒါနဲ့…ကျုပ်သိချင်လို့မေးပါရစေဦးစက္ကရယ်…
ဦးစက္ကကိုအခုလိုလုပ်တဲ့အောက်လမ်းဆရာက
ဘယ်သူများလဲ”

“ဘယ်သူကမှာလဲကွာ…
မင်းသူငယ်ချင်း ဖိုးခတို့အိမ်မှာရောက်နေတဲ့
ဖိုးခအဖေရဲ့ဆရာ ဦးပေါက်ဆိုတဲ့လူကွ…”

“ဗျာ…ကျုပ်သူငယ်ချင်း ဖိုးခတို့အိမ်မှာ
ရောက်နေတဲ့လူ…ဒါဆိုရင်….”

စောထူး စကားသံများပျော့ကျသွားသည်။
သူငယ်ချင်းဖြစ်သူ၏ သစ္စာဖောက်မှုကိုခံလိုက်ရသောကြောင့် စောထူးလွန်စွာစိတ်မကောင်းဖြစ်သွား၏။

“ကောင်လေး ဒီမနက်ကပဲငါ့ရုပ်ထုကို
သူတို့လာချုပ်သွားတယ်…အခုလည်းငါ့ကိုခေါ်နေပြီ
ငါသွားရတော့မယ်…”

“ဦးစက္က…ဦးစက္က မသွားရဘူး…
ဦးစက်က…..”

စောထူးအော်ဟစ်ကာခေါ်ပါသော်လည်း ဦးစက္ကက
ပျောက်ကွယ်သွားတော့သည်။

“ဦးစက်က…ဦးစက်က…..”

စောထူးအိပ်ရာထဲ၌အော်ဟစ်နေ၍
အမေဖြစ်သူဒေါ်အေးမိ လန့်နိုးလာခဲ့သည်။
စောထူး၏အခန်းဆီသို့အလန့်တကြားပြေးလာပြီး…

“သား…သားစောထူး…သား…”

စောထူးကိုလှုပ်နိုးလေတော့စောထူးမှာ
မျက်ရည်များချွေးများတစ်ကိုယ်လုံးစိုရွဲကာနိုးလာခဲ့သည်။

“အမေ…ဦးစက္ကကို သူတို့..သူတို့ခေါ်သွားပြီ…”

အစအဆုံးမရှိသော စောထူး၏စကားကြောင့်
ဒေါ်အေးမိမှာ အံ့သြနေခဲ့သည်။

“သားရဲ့ဦးစက္ကကြီးကိုဘယ်သူတွေက
ခေါ်သွားတာလဲသား…အမေ့ကို
သေချာပြောပြစမ်းပါကွယ်…”

စောထူးလည်း ဒေါ်အေးမိကို ဖြစ်ကြောင်း
ကုန်စင်​ပြောပြလိုက်သည်။
ဒေါ်အေးမိမှာ သက်ပြင်းလေးချပြီး…

“အင်း…သားကိုအမေပြောထားရဲ့သားနဲ့
နားမှမထောင်ကွယ်…အခုတော့သားရဲ့ဦးစက္ကကြီးကို
အောက်လမ်းဆရာက ဘာတွေအမိန့်ပေးခိုင်းဦးမယ်
မသိရဘူး…ဒီတော့ ဦးစက္ကကြီးမှာထားခဲ့တဲ့အတိုင်း
သောင်ထွန်းရွာက ဘွားမယ်စိန်ဆိုတဲ့အမေကြီးကို
သွားရှာကြတာပေါ့ကွယ်…”

ဟု…သာပြောနိုင်ရှာ​တော့သည်။

 

“အိမ်ရှင်တို့…အိမ်ရှင်တို့ရှိကြလားခင်ဗျ…”

“ဘယ်သူတွေလဲ…ဝင်ခဲ့ကြလေကွယ်…”

ခြံဝိုင်းအပြင်မှခေါ်သံကြောင့် ဘွားမယ်စိန်
အသံပြုလိုက်သည်။
ဝိုင်းထဲဝင်လာသော အဝတ်အစားသန့်သန့်ပြန့်ပြန့်
လူငယ်တစ်ဦးနှင့် အမျိုးသမီးကြီးတစ်ဦးတို့ကို
ဘွားမယ်စိန်တွေ့လိုက်ရ၏။

“သြော်…ဧည့်သည်တွေပဲ…လာကြကွဲ့…
ထိုင်ကြပါ…”

“ဟုတ်ကဲ့အမေကြီး…”

ဧည့်သည်တွေလည်း ကွပ်ပျစ်ခင်းပေါ်သို့
ဝင်ထိုင်ကြသည်။

“အမေကြီးက ဘွားမယ်စိန်ထင်ပါရဲ့”

“ဟုတ်ပါတယ်ကွဲ့…ဘွားမယ်စိန်ဆိုတာ
ဟောသည်အမေကြီးပါ…ဘာအကြောင်းများရှိလို့လဲ”

“ဝမ်းသာလိုက်တာအမေကြီးရယ်…
ကျုပ်တို့တော့နေရာမှန်လူမှန်တန်းတွေ့ရတာပဲတော်…”

အမျိုးသမီးကြီးက ဝမ်းသာဟန်ဖြင့်ပြောလိုက်သည်။

“အင်း…တူမကြီးတို့က ဘွားကိုလာရှာကြတာထင်ပါရဲ့
ဘာများအခက်အခဲရှိကြလို့လဲကွယ်…”

ဘွားမယ်စိန်ကမေးပြန်တော့ အမျိုးသမီးကြီးက
ခေါင်းညိတ်၍…

“ကျုပ်တို့က ပုလဲတောရွာကလာတာပါ…
ကျုပ်နာမည်ကဒေါ်အေးမိပါ…ဒါကတော့ ကျုပ်ရဲ့သားစောထူးလို့ခေါ်ပါတယ်တော်…အခုအမေကြီးဆီကို
လာရှာရတာလဲအခက်အခဲလေး တစ်ခု
ရှိနေလို့ပါအမေကြီးရယ်…”

“အခက်အခဲ…ဘာအခက်အခဲများလည်း…
ဝေ့ဝိုက်မနေပါနဲ့အေ…ပြောစရာရှိတာပြောစမ်းပါ…”

ဘွားမယ်စိန်ကထိုသို့ပြောလေတော့ ဒေါ်အေးမိလည်း
ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တော့သည်။

အကြောင်းစုံသိရှိသွားသောဘွားမယ်စိန်လည်း…

“ဒါဖြင့်ရင် ညည်းပြောတဲ့စက္ကဆိုတဲ့ဘီလူးက
အောက်လမ်းဆရာရဲ့အချုပ်အနှောင်ခံထားရတာပေါ့”

“ဟုတ်ပါတယ်အမေကြီး…”

“အေး…ဒါဖြင့်လည်း ဘွားဘက်က ထပ်ပြီး
အာရုံခံကြည့်စမ်းမယ်…”

ဘွားမယ်စိန်ကပြောရင်းမျက်လုံးမှိတ်ကာငြိမ်သွားသည်။
ဒေါ်အေးမိနဲ့စောထူးတို့ကတော့ ဘွားမယ်စိန်ကို
ကြည့်နေခဲ့ကြ၏။

“ဟောတော်…ဧည့်သည်တွေရောက်နေတာပဲ”

ဝိုင်းထဲဝင်လာသောဒေါ်ဝင်းက လေသံကျယ်ကျယ်ဖြင့်
ပြောရင်းရောက်လာခဲ့သည်။

“ရှူး…တိုး…တိုး ပြောအဒေါ်ကြီး…
အမေကြီးအာရုံခံနေတယ်ဗျ”

စောထူးက လေသံတိုးတိုးဖြင့် ဒေါ်ဝင်းကိုပြောလေတော့မှ
ဒေါ်ဝင်းလည်းသဘောပေါက်သွားပြီး
ရပ်ကြည့်နေခဲ့သည်။
သူတို့သုံးယောက်စလုံး၏မျက်လုံးများက ဘွားမယ်စိန်
ဆီသာရောက်နေခဲ့ကြ၏။

ဘွားမယ်စိန်မျက်လုံးပြန်ပွင့်လာလေတော့
ပြောလာမည့်စကားကိုနားစွင့်နေကြရှာသည်။

“အောက်လမ်းကောင်က ဘီလူးရဲ့ဝိညာဥ်ကို
ချုပ်ပြီး ဟောသည်က ​မောင်ရင်လေးတို့ကြီးပွားလာသလို
သူလည်းကြီးပွားအောင်လို့ ခိုင်းနေတာကွဲ့…
ဒါပေမယ့်ဘီလူးကလည်း ဒင်းတို့ခိုင်းတာကိုမလုပ်တော့
သူ့ခမျာ ကြိတ်မနိုင်ခဲမရဖြစ်နေရှာတယ်…”

“ဗျာ…ဒါဆို သူတို့ဦးစက္ကကြီးကို မရမက
ထပ်ခိုင်းလာရင်ကော ဘာတွေဖြစ်နိုင်လဲအမေကြီး”

“အင်း…အောက်လမ်းကောင်ဆိုတော့
တတ်သမျှနည်းနဲ့နှိပ်စက်တာပေါ့ကွယ်…”

“ဟာ…ဒါဆိုရင်အမေကြီးရယ်…
ဦးစက္ကကြီးကိုအမြန်ဆုံးကယ်ပေးပါခင်ဗျာ…
ကျုပ်တို့သားအမိအတွက်တော့ ဦးစက္ကကြီးက ကျုပ်တို့ရဲ့
ကျေးဇူးရှင်တစ်ယောက်ပါ…သူဒုက္ခရောက်နေချိန်မှာ
ကျုပ်တို့ဘက်ကလည်းတတ်နိုင်တာမှန်သမျှလုပ်ပြီး
သူ့ကိုကယ်ပေးချင်လို့ပါအမေကြီးရယ်…”

စောထူးက ထိုသို့ပြောလေရာ ဒေါ်အေးမိကလည်း
ခေါင်းညိတ်ထောက်ခံရှာသည်။

“ကျေးဇူးရှင်ကိုအခုလိုပြန်သိတတ်တာ
ကောင်းပါတယ်ကွယ်…
ဘွားဘက်ကလည်းတတ်နိုင်သမျှကူညီပေးမှာမလို့….
စိတ်သာချပါကွယ်…”

“ဟုတ်ကဲ့…ကျေးဇူးတင်ပါတယ်ခင်ဗျာ…”

ဘွားမယ်စိန်သည် စောထူးတို့နေထိုင်ရာ
ပုလဲတောရွာဆီသို့​မောင်တိုးနဲ့မောင်အုန်းတို့ကို
အဖော်ကာလှည်းဖြင့်လိုက်လာခဲ့တော့သည်။
ထိုသို့ဖြင့်…ပုလဲတောရွာရှိစောထူးတို့သားအမိနေထိုင်ရာ
ပျဥ်ထောင်နှစ်ထပ်အိမ်ကြီးဆီသို့ ရောက်လာခဲ့ကြသည်။
စောထူးတို့သားအမိကလည်း ဘွားမယ်စိန်တို့အတွက်
နေရာထိုင်ခင်းများပြင်ဆင်ကာပေးကြ၏။

“အမေကြီး…လိုအပ်တာရှိရင်လည်းပြောပါ…”

“ရပါတယ်အေ…အခုကိုအတော်ပြည့်စုံနေပါပြီ…”

“စားချင်တာရှိရင်လည်းပြောဦး…
ကျုပ်ချက်ကျွေးပါ့မယ်…”

“အေးပါအေ…အေး…အေး…အေး…”

“အမေကြီး…ဦးစက္ကကြီးအတွက်
ကျုပ်ဘက်ကဘာလုပ်ပေးရဦးမလဲ…”

“ငါ့မြေးလုပ်ပေးရမှာက…
အဲ့သည် စက္ကဘီလူးရဲ့ရုပ်ထုရှိတဲ့နေရာကို
ငါ့မြေးသိတယ်မလား…”

“ဟုတ်…ကျုပ်သိတယ်အမေကြီး”

“အေး…အဲ့သည်နေရာကို ငါ့မြေးရဲ့
ဟောသည်က အစ်ကိုနှစ်ယောက်ကိုခေါ်သွားပေးရမယ်…
သူတို့ကိုလည်း ဘွားက ရုပ်ထုမှာချုပ်ထားတဲ့အရာတွေ
ဖယ်ရှားဖို့ ပြောပေးလိုက်မယ်ကွဲ့…”

“အဲ့သည်လိုလုပ်ရင် ဦးစက္ကကြီးလွှတ်ပြီပေါ့နော်…”

“ကျန်သေးတယ်ကွဲ့…
ငါ့မြေးတို့ဘက်က အဲ့သည်အရာတွေကိုဖယ်ပြီးတာနဲ့
ဘွားနဲ့ဟိုအောက်လမ်းကောင်နဲ့ တွေ့ရလိမ့်မယ်…”

“အမေကြီးက…ဖိုးခတို့အိမ်ကိုသွားမလို့လား…
ဖြစ်ပါ့မလားဗျာ…ကျုပ်တို့ပြန်လာမှအတူတူသွားကြရအောင်လေ…”

စောထူးစကားကြောင့် ဘွားမယ်စိန်ပြုံးသွားသည်။
ခေါင်းကို​ဖြေးညှင်းစွာခါရင်း…

“လူကိုယ်တိုင်သွားမတွေ့ပါဘူးကွယ်…
ဘွားက မောင်ရင်တို့ဘုရားခန်းမှာထိုင်ပြီး
အောက်လမ်းကောင်ကို ပညာပြိုင်မှာပါ…
နောက်ပြီး မောင်ရင့်ရဲ့စက္ကဘီလူးကိုလည်း
သူ့လက်အောက်ကနေ လွှတ်ဖို့ ဘွားဘက်ထပ်ပြီး
လုပ်ပေးစရာတွေရှိသေးတယ်ကွဲ့…”

“သြော်…ဟုတ်ကဲ့…ကျုပ်ကမသိလို့ပါအမေကြီးရယ်…”

“အေး…အေး…ဒါဖြင့်လည်းသွားကြတော့ကွယ်…”

“ဟုတ်ကဲ့…”

ဘွားမယ်စိန်က မောင်တိုးနဲ့မောင်အုန်းကို
ဦးစက္ကကြီး၏ရုပ်ထု၌ရှိသော ချည်မန်းကြိုးများကို
ဖြတ်ပစ်ဖို့နည်းလမ်းပြောပြလိုက်သည်။
ဒါကြောင့်လည်းဘွားမယ်စိန်မပါဘဲမောင်တိုးနဲ့မောင်အုန်းတို့ စောထူးနှင့်အတူလိုက်သွားကြခြင်းဖြစ်၏။
မောင်တိုးတို့ထွက်သွားလေတော့ ဘွားမယ်စိန်သည်
ဘုရားခန်း၌တင်ပုလ္လင်ခွေကာထိုင်နေခဲ့၏။
ဒေါ်အေးမိကတော့ ဘွားမယ်စိန်၏အနောက်၌
ယပ်တောင်လေးတဖျပ်ဖျပ်ဖြင့် ယပ်ခတ်ပေးနေခဲ့သည်။

“ကဲ…တူမကြီး…စတော့မယ်နော်…
ပြင်ပအနှောက်အယှက်မရှိအောင်တော့
ကြည့်ပေးထားကွယ်…”

“ဟုတ်ကဲ့အမေကြီး”

ဘွားမယ်စိန် မျက်လုံးမှိတ်လိုက်သည်။

“စက္ကဘီလူးကိုထိန်းချုပ်ထားတဲ့အောက်လမ်းကောင်
နင်နဲ့ငါတွေ့ပြီဟေ့…”

ဟုပြောပြီး ဘွားမယ်စိန်နှုတ်မှ ဂါထာများစရွှတ်တော့သည်။
တစ်ဖက်ကလည်း ဖိုးခတို့အိမ်၏အလယ်၌
တင်ပုလ္လင်ခွေထိုင်ကာ အောက်လမ်းဆရာသည်လည်း
ဂါထာမန္တန်များရွှတ်ဆိုနေခဲ့၏။
ဘွားမယ်စိန်နှင့်သူတပြန်ငါတပြန် ပညာပြိုင်နေစဥ်
ဦးစက္ကကြီးလည်း အောက်လမ်းဆရာကောင်၏လက်မှ
လွှတ်မြှော​က်သွားခဲ့သည်။

“ရပ်စမ်း…နင်သူကိုမသတ်နဲ့…
နင်သူ့ကိုသတ်လိုက်ရင် နင့်မှာအပြစ်ရှိသွားလိမ့်မယ်…”

ဦးစက္ကကြီးက အောက်လမ်းဆရာကိုသတ်ဖို့ရန်
ကြိုးစားနေသည်ကို အာရုံ၌မြင်နေရသော
ဘွားမယ်စိန်ကထိုသို့တားလိုက်လေသည်။
ဦးစက္ကကြီးကလည်းဘွားမယ်စိန်ရဲ့အမိန့်ကို
မလွန်ဆန်ဘဲအောက်လမ်းဆရာကောင်၏အနီးမှ
ပျောက်ကွယ်သွားခဲ့သည်။
ဘွားမယ်စိန်၏ပညာကို မယှဥ်နိုင်တော့သော အောက်လမ်းဆရာသည်လည်း
သွေးများပွက်ပွက်အန်ကာ နေရာမှလဲကျသွားခဲ့သည်။

“ဟာ…ဆရာ…ဆရာ…ငါ့ဆရာကိုခေါ်လို့မရတော့ဘူး…
ဆရာ…ဆရာ ထပါဦးဆရာရယ်….”

ဖိုးခအဖေက အောက်လမ်းဆရာကိုလှုပ်နိုး၍
ခေါ်သော်လည်း အော်လမ်းဆရာမှာ
အသက်မရှိတော့ပေ။

တစ်ဖက်၌ဘွားမယ်စိန်လည်း ဘုရားခန်းမှ ထ၍
ဒေါ်အေးမိနှင့်စကားပြောနေစဥ် မောင်တိုးတို့ပြန်ရောက်လာခဲ့ကြသည်။

“အမေကြီး…ဦးစက္ကကြီးကော…
ဦးစက္ကကြီးကိုကယ်လိုက်နိုင်ပြီလားဟင်…”

ဟု….စောထူးကရောက်ရောက်ခြင်းပင် မေးရှာသည်။

ဘွားမယ်စိန်ကခေါင်းကိုညိတ်၍…

“ဒါပေါ့ကွယ်…မောင်ရင့်ရဲ့ဦးစက္ကကြီး
အောက်လမ်းဆရာရဲ့လက်ကနေလွှတ်ပါပြီ…”

“ဟားး…ဝမ်းသာလိုက်တာဗျာ…
အမေ…ဦးစက္ကကြီးလွှတ်လာပြီတဲ့…”

စောထူးဝမ်းသာအားရအော်ဟစ်လိုက်သည်။

“ကဲ…ဒီအနားကိုလာထိုင်ပါဦးကွယ်…
ဘွားပြောစရာရှိသေးတယ်…”

“ဟုတ်…ဟုတ်ကဲ့…”

ဘွားမယ်စိန်ကခေါ်လေတော့ စောထူးလည်း
ထိုင်လိုက်ရသည်။

“မောင်ရင့်ရဲ့ဦးစက္ကကြီးကို ဒီဘဝကနေကျွတ်လွှတ်ဖို့
မောင်ရင်မလုပ်ပေးချင်ဘူးလား”

“ဗျာ…ဦးစက္ကကြီးကျွတ်လွှတ်ဖို့…ဟုတ်လားအမေကြီး…
ကျုပ်ဘက်ကဘယ်လိုမျိုးလုပ်ပေးရမှာလဲ…”

“အင်း သူ့ရဲ့ဒီဘဝကနေကျွတ်လွှတ်ဖို့
သူ့အတွက်ရည်စူးပြီးအလှူအတန်းတွေလုပ်ပေးရမှာပေါ့ကွယ်…သူလည်းကျွတ်လွှတ်ချိန်တန်ပါပြီ…”

“ဟုတ်ကဲ့အမေကြီး…အမေကြီးပြောသလို
ကျုပ်ဦးစက္ကကြီးအတွက် အလှုအတန်းတွေလုပ်ပေးပါ့မယ်…ဒါမှလည်းဦးစက္ကကြီးကို ကျုပ်
ကျေးဇူးပြန်ဆပ်နိုင်မှာဗျ…”

စောထူးနဲ့ဒေါ်အေးမိတို့မှာ ဦးစက္ကကြီးအတွက်
ကျေးဇူးပြန်ဆပ်နိုင်တော့မည်ဟုသောအတွေးဖြင့်
ဝမ်းမြောက်ဝမ်းသာဖြစ်နေကြသည်။

“အမေကြီးတို့လည်းမပြန်ကြပါနဲ့ဦး…
ကျုပ်တို့အလှူလေးပြီးမှပဲပြန်ကြပါရှင်…”

ဒေါ်အေးမိကတားလေတော့ဘွားမယ်စိန်တို့လည်း
သောင်ထွန်းရွာသို့မပြန်သေးဘဲ ပုလဲတောရွာ၌
နေပေးခဲ့ကြသည်။
ထိုသို့ဖြင့် ပုလဲတောရွာ၏ အရှေ့ဘက်စေတီဟောင်းလေးကိုပြန်ပြင်ပြီးဦးစက္ကကောင်းမှုဟု…အလှူရှင်အမည်၌
ရေးကာ စောထူးတို့ကလှူပေးခဲ့သည်။

“ဟဲ့…ဦးစက္ကဆိုတာဘယ်သူများလဲ”

“မသိပါဘူးဟယ်…ဒေါ်အေးမိရဲ့အဘိုးလားမှမသိတာ…
သူ့ယောကျာ်းနာမည်မဟုတ်တာတော့သေချာတယ်ဟဲ့”

ရွာသူ၊ရွာသားတို့မှာလည်းစေတီလေး၏
အလှူရှင်အမည်ကို စဥ်းစားလို့မရ​ဖြစ်နေခဲ့သည်။
ဖိုးခတို့မိသားစုမှာလည်း စောထူးတို့အနီးသို့ပင်မလာရဲတော့ဘဲ ဝေးဝေးကသာကြည့်နေခဲ့ကြသည်။

“ဖိုးခ…လာလေကွာ…”

“ဟုတ်တယ်ဖိုးခ…လာလေငါတို့အနားကို”

ဖိုးခကို စောထူးနဲ့အောင်ခိုင်တို့က ယခင်လိုခေါ်ပြောသော်လည်း ဖိုးခမှာသူ့အပြစ်နှင့်သူဖြစ်တာကြောင့်
စောထူးတို့နှင့်ဝေးရာသို့ထွက်ပြေးသွားတော့သည်။

ဦးစက္ကကြီးအတွက် အလှူလုပ်ကာရေစက်ချ
အမျှအတန်းပေးဝေပြီးသောည၌ ဦးစက္ကကြီး
စောထူးထံသို့ရောက်လာခဲ့သည်။

“ကောင်လေး…”

“ဗျာ…ဦးစက္က…”

“ငါမရှိတော့ရင် ကိုယ့်ကိုကိုယ်စောင့်ရှောက်နိုင်အောင်
ကြိုးစားကောင်​လေး”

“ကျုပ်ကိုစိတ်ချပါဦးစက္ကရာ…
ဦးစက္ကသာ ရောက်ရာဘုံဌာနတိုင်းမှာအဆင်ပြေပါစေလို့.ကျုပ်ဆုတောင်းပေးပါတယ်…”

“မင်းတို့သားအမိ လုပ်ပေးခဲ့တဲ့ကုသိုလ်ကောင်းမှု
ကြောင့်သာငါဒီဘဝက ကျွတ်လွှတ်နိုင်ခဲ့တာ…
ကျေးဇူးတင်ပါတယ်ကောင်လေးရာ…ငါသွားပြီနော်…
နှုတ်ဆက်ပါတယ်ကွာ…”

ဦးစက္က က စောထူးကိုကျေးဇူးတင်စကားပြောရင်း
ပျောက်ကွယ်သွားခဲ့သည်။
စောထူးမှာလည်းဦးစက္ကအတွက်ဝမ်းသာဝမ်းနည်း
မျက်ရည်များကျနေခဲ့၏။

မနက်ရောက်တော့ စောထူးတစ်ယောက်
ထိုအိမ်မက်ကိုဘွားမယ်စိန်တို့ကိုပြောပြရာ
အားလုံးလည်းဦးစက္ကကြီးအတွက် ဝမ်းသာသွားကြသည်။

ဦစက္ကကြီးကိုသတိရလျှင်လည်း ပုလဲတောရွာထိပ်ရှိစေတီလေးသာအမှတ်တရအဖြစ်ကျန်ရှိတော့ပေသည်။

စာမူလေးသည်လည်းဤမျှဖြင့်ပြီးဆုံးသွားခဲ့ပါသည်။

ရေးသားသူ- ယဥ်မင်း(ကန့်ဘလူ)

#crd