ဘ၀ဆက်တိုင်း(စ/ဆုံး)
——————–
သာယာလှပသော နွေဦး၏ နံနက်ခင်းကလေးတစ်ခုကို
ငှက်ကျေး တချို့က တေးသံကျူး ပြီး ဖွင့်ဟလိုက်သည် ။
သစ်ရွက်ခြောက်များအချင်းချင်း ပွတ်တိုက်သံများ က
တေးဆို ငှက်ကလေးများ ၏တေးသံကို ပိုမိုပီပြင်အောင်
ဖြည့်စွက်ပေးနေသလိုပင် ။
အစာရှာထွက်နေတဲ့ စာငှက်ကလေးတစ်ကောင်က
ဟိုဒီပျံသန်းနေပြီး အစာရရှိသောအခါတွင် ထိုအစာကလေးကို
သူမစားပဲ ပါးစပ်ကလေးဖြင့်ကိုက်ချီကာ သူ၏အသိုက်ကလေးကို
ယူဆောင်သွားလေသည် ။
အစာချီလာသော ငှက်ကလေးသည်
သူ၏အသိုက်ကလေးအတွင်းမှ အပျံသင်ခါစ
ပါးစပ်ကလေးဟစိဟစိဖြင့် တကြော်ကြော် အော်နေသော
နီတာရဲ ငှက်ကလေးတစ်ကောင် ၏ ပါးစပ်သေးသေးလေးအတွင်းသို့
နှုတ်သီးကလေးဖြင့် တေ့ကာ
ခွံ့ကျွေးလိုက်လေသည် ။
ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသူ သော
‘ ဆုမြတ် ’ ၏ ပါးနှစ်ဖက်သို့ မျက်ရည်ပူများ
တသွင်သွင် ကျဆင်းလာလေသည် ။ မိသားစု နှင့်ပတ်သတ်၍
ခံစားချက် ရှိသူတစ်ယောက်မဟုတ်လား ။
မျက်၀န်းမှ ကျဆင်းလာသောမျက်ရည်စက် များကို
မြေပေါ်သို့ မရောက်မှီ လက်ဖြင့် အသာအယာသုတ်လိုက်ပြီး
ရင်ဘက်အတွင်း မှ ရှိုက်သံ မထွက်လာအောင်
စိတ်တင်းကာ ၀မ်းနည်းမှုကို ဖြေဖျောက် လိုက်လေသည် ။
တုန်ရီနေသော မျက်၀န်းအစုံဖြင့်
အပြာရောင်ကောင်းကင်ကြီးကို
မျှော်ငေးကြည့်လိုက် ပြီး သူမ၏အတွေးအိမ်များကို
မိုးတိမ်တိုက်များနှင့် အတူ အတိတ်သို့
လိုက်ပါလွင့်မျောလိုက်လေသည် ။
ရွာကလေးတစ်ရွာရှိ ခြေတန်ရှည်အိမ်ကလေး၏
ခြံထောင်တစ်နေရာတွင် ရှိသော
သရက်ပင်တစ်ပင်အနီးတွင် ဖြစ်သည် ။
“ ညီမလေး စားချင်လို့လား ” ဟု
အသက် ၂၀ အရွယ်ရှိ ‘ ပိုင်ဖြိုး ’ က
သူ၏ ညီမဖြစ်သူ ‘ ဆုမြတ် ’ ကို မေးလိုက်ခြင်းဖြစ်သည် ။
‘ ဆုမြတ် ’ ကလေးက ခေါင်းကိုတဆက်ဆက်ငြိမ့်ပြလိုက်သောအခါ
‘ ပိုင်ဖြိုး ’ ကပြုံးလျှက်
“ အေးပါ င့ါညီမလေးစားချင်ရင် အကို တက်ခူးပေးမှာပေါ့ကွာ ”
ဆိုပြီး ‘ ပိုင်ဖြိုး ’ တစ်ယာက် သူ့ညီမလေးစားချင်သော
သရက်သီးခူးပေးရန်အတွက် ယက်ကန်ယက်ကန်ဖြင့်
သစ်ပင်ပေါ်သို့တက်သွားလေသည် ။
သရက်ပင်ပေါ်ရောက်သောအခါ အပင်ခွကြားမှာ
ထိုင်လျှက် သူ၏ ညီမလေး ‘ ဆုမြတ် ’ ထံသို့
သရက်သီးများ တစ်လုံးပြီးတစ်လုံး အကျမနာအောင်
ညှင်သာစွာ လှမ်း၍ ပေးလေသည် ။
‘ ဆုမြတ် ’ က “ ဟေးးး ပျော်လိုက်တာ ၊
ဒါမှတို့ကိုကိုကွ ” ဆိုပြီး ပျော်မြူးကာ
ခုန်ပေါက်နေလေသည် ။
‘ ဆုမြတ် ’ သည် အသက် ၉ နှစ်အရွယ်ဆိုတော့
ကလေးသာသာ လေးပေါ့ ။
ထိုစဉ်ခြေတံရှည် အိမ်ကလေးအတွင်းမှ
သူတို့နှစ်ဦး၏ မိခင်ဖြစ်ဟန်တူသော အမျိုးသမီးကြီးမှ
အသက်ငါးနှစ်အရွယ် မိန်းကလေးတစ်ယောက်ကို
လက်ဆွဲလျှက် အိမ်ပ်ါမှ စကားလှမ်းပြောလေသည် ။
“ ဟဲ့ ….အော် ဒီမောင်နှမနှစ်ယောက်
ဆော့စရာရှားလို့ သစ်ပင်ပေါ်တက်ဆော့နေရလား
မအေက မပေါ့မပါး (ကိုယ်၀န်) ကြီးနဲ့ နင်တို့လိုက်မကြည့်နိုင်တော့
လုပ်ချင်တိုင်းကိုလုပ်နေကြတာပဲ အကြီးကောင် ‘ ပိုင်ဖြိုး ’
နင်ဟာလေ အသက်ကြီးပြီး အငယ်တွေနဲ့ ရောပြီးဆော့နေတယ်
ငါ့နဲ့နော် အခုဆင်းခဲ့ …လာ အိမ်ပေါ်လာ နင်တို့အတွက် အမေ
ကြက်သားနဲ့ ဘူးသီးဟင်းလေးချက်ထားတယ်
ထမင်းစားရအောင် ”
သရက်ပင်ပေါ်က ‘ ပိုင်ဖြိုး ’ လည်းခုန်ဆင်းလာပြီး
သူ့ညီမလေးကို လက်ဆွဲပြီး ထမင်းစားဖို့အိမ်ပေါ်တက်သွားကြလေသည် ။
အိမ်ပေါ်ထပ် ထမင်းစားပွဲဝိုင်းကြီးကခေါင်းရင်းနေရာမှာ
ခန့်ခန့်ကြီးထိုင်နေသူက သူတို့တွေရဲ့ ဖခင် ‘ ဦးမိုးစွေ ’ ပင်ဖြစ်သည် ။
“ သားတို့သမီးတို့တွေ လက်သေချာဆေးပြီးစားကြ ” ဆိုပြီး
ကလေးတွကို ဟင်းလိုက်ထည့်ပေးနေတဲ့ ‘ ဦးမိုးစွေ ’ ။
ပကာသနမပါ ချစ်ခြင်းမေတ္တာတွေအပြည့်နဲ့
လက်ရည်တပြင်တည်းစားကြတဲ့ မိသားစု ထမင်းဝိုင်းလေး ။
‘ ဆုမြတ် ’ အတွက် နောင်ဘယ်တော့မှပြန်မရနိုင်တော့မယ့်
အမှတ်တရလေး တစ်ခုပေါ့ ။
‘ ဦးမိုးစွေ ’ သူကနယ်နယ်ရရလူမဟုတ်ဘူး ဒီရွာမှာတင်မက
အနီးအနားရှိရွာများ နောက်ဆုံးမြို့အထိပါ ပေါက်ရောက်သော
လက်သမားဆရာတစ်ဦးပင်ဖြစ်သည် ။
သူ၏ လက်ရာသေသပ်မှု စည်းစနစ်ကျမှု ၊
တပည့်များအပေါ် ကြင်နာတက်မှု နှင့်
လက်သမား ပညာအစွမ်းတွေကြောင့် လူအများစုက
ယုံကြည်အားကိုကြသည် ။ ‘ ဦးမိုးစွေ ’ သည်
၀င်ငွေအလွန်ကောင်းသော သူတစ်ယောက်မဟုတ်ပါလော့ ။
သူ့ တွင် သားသမီး ၃ယောက်ရှိသည် ။
နောက်ထပ်လူမဖြစ်သေးသော တစ်ယောက် ပါ၀င်ပါက
ပေါင်း ၄ ယောက်ပေါ့ ။ သူနေထိုင်ရာရွာကလေးတွင်
‘ ဦးမိုးစွေ ’ သည် လူချမ်းသာစာရင်း ၀င်သူတစ်ယောက်ဖြစ်သည် ။
အဘယ့်ကြောင့်နည်းဟု မေးလိုပါက ……
သူသည် ထူးချွန်သော လက်သမားဆရာကြီးတစ်ဦးဖြစ်သောကြောင့်
၀င်ငွေအလွန်ကောင်းသည့်အပြင် သူ၏ မိဘနှစ်ပါးထံမှ ရရှိထားသော
ပစ္စည်းဥစ္စာအမွေများ ၊ လယ် ၊ နွား ၊ အိမ် စသည့် အမွေများစွာတို့ကို
ပိုင်ဆိုင်ထားသောကြောင့်ဖြစ်သည် ။
သို့သော် သူသည် မောက်မာတက်သူ မဟုတ်ပေ ၊
အလွန်ပင်ဖော်ရွေတက်သူဖြစ်သည် ။
‘ ဦးမိုးစွေ ’ မှာ အပြစ်တင်စရာ မကောင်းသောအချက်တစ်ချက်သာရှိသည်
ထိုအချက်မှာ အရက်အလွန်သောက်တက်ခြင်းပင် ။
ဇနီးသည် ကလည်း ထိုအချက်ကို နားလည်ပေးထားလေသည် ။
‘ ဦးမိုးစွေ ’ သည် မူးလာလျှင်မည်သူ့ကိုမှပြသနာမရှာ မရစ်တက်
သူ့ဘာသာသူ နေနေတက်သူဖြစ်သည် ။
သို့ရာတွင် သူမကြိုက်သောအရာများလုပ်ပါက
အကြီးအကျယ် သောင်းကျန်းတက်သည် ။
သူမကြိုက်သောအရာမှာ အခြားမဟုတ် ရွာ၏ထုံးစံအတိုင်း
‘ အိမ်တွင်းဖခင် ’ ( အိမ်တွင်းနတ် ) ကို ရွာရှိ အိမ်တိုင်းလိုလို
နတ်စင်ကလေးဖြင့် ကိုးကွယ်ကြခြင်းကို ဘ၀င်မကျ ။
သူယုံကြည်ထားသည်က နတ်သည် လူ့ထက်နိမ့်သောကြောင့်
ကိုးကွယ်စရာ လုံး၀မလို ထို့ကြောင့် လုံး၀မကိုးကွယ်နိုင် ။
တစ်ရွာလုံးတွင် အိမ်တွင်းနတ်မကိုးကွယ်သောအိမ်
နတ်မယုံကြည်သော အိမ်ကိုပြပါဆိုလျှင် ‘ ဦးမိုးစွေ ’ တို့အိမ်ကို
ပြရပါလိမ့်မည် ။
လောကတွင် ကြောက်စရာအကောင်းဆိုသတ္တဝါသည် လူသားများပင်ဖြစ်သည် ။
ကျေးဇူးအကန်းဆုံး ၊အကောက်ကျစ်ဆုံး ၊ အယုတ်မာဆုံး သတ္တဝါမှာလည်း
လူသားများမဟုတ်ချေလော ။
ကျေးဇူးရှိမှကျေးစွပ်သည်ဟူသောစကားလေးရဲ့အစကဒီလို ………..
ရွာတွင် ‘ ဆုမြတ် ’ တို့ဖေဖေ ‘ ဦးမိုးစွေ ’ သည် လူချမ်းသာလည်းဖြစ်၊
ပညာလည်းတော် ၊ မိသားစုကလည်း စည်းလုံးကြတော့ မနာလိုသူ
အချိုက ‘ ဦးမိုးစွေ ’ တို့မိသားစုကို ပျက်စီးရာပျက်စီးကြောင်း
တိတ်တဆိတ် ကြံစည်နေကြလေသည် ။
ထိုသူများမှာ အခြားမဟုတ် ‘ ဦးမိုးစွေ ’ က
သူအမွေရထားသော အိမ်တွင်
နေစရာမရှိသဖြင့် ကူညီကာ နေခွင့်ပေးထားသော
ဆွေမျိုး၀မ်းကွဲ ညီ နှင်ညီမ မိသားစု ပင်ဖြစ်သည် ။
ထိုသူများသည် ‘ ဦးမိုးစွေ ’ ၏ ကျေးဇူးကို မမြင်တော့ပဲ
‘ ဦးမိုးစွေ ’ ကို မနာလို၀န်တိုဖြစ်နေကြသူများဖြစ်သည် ။
ထို့ကြောင့် နေ့စဉ်နဲ့ အမျှ ‘ ဦးမိုးစွေ ’ တို့မိသားစုကို
ပျက်စီးရာ ပျက်စီးကြောင်း ကြံစည်နေလေသည် ။
တစ်နေ့တွင် ‘ ဦးမိုးစွေ ’ ၏ အရက်ကြိုက်တက်သော
အားနည်းချက်ကို အသုံးပြုကာ အောက်လမ်းဆရာတစ်ယောက်ကို
‘ ဦးမိုးစွေ ’ ထံသို့ မသိမသာ ချဉ်းကပ်စေသည် ။
ည၏ သာယာမှုကို ချာချာလည်နေသော မျက်လုံးအစုံဖြင့်
‘ ဦးမိုးစွေ ’ ခံစားနေလေသည်။ လက်ထဲမှာ အရက်ခွက်ကိုလည်း
မော့သောက်လိုက် ကုန်သွားလျှင် ပြန်ဖြည့်လိုက်ဖြင့် ပြုလုပ်နေသည် ။
‘ ဦးမိုးစွေ ’ အရက်သောက်သောအခါ
သူ၏ အိမ်ဝိုင်းတွင်းမသောက် ရွာအတွင်းသူအမွေရထားသော
‘ ယာ ’ တစ်ခု အနီးမှ သစ်ပင်ကြီးတစ်ခုအောက်တွင်ထိုင်ကာ
သောက်လေ့ရှိသည် ။
နောက်နေ့များတွင် ‘ ဦးမိုးစွေ ’ အရက်သောက်သောနေရာသို့
သူ၏ညီ၀မ်းကွဲနှင့် အောက်လမ်းဆရာ လာ၍
အတူတူ အရက်သောက်လေ့ရှိသည် ။
ရက်အနည်းငယ်ကြာတော့ အောက်လမ်းဆရာ ‘ ဦးမိုးစွေ ’ ကို
မည်သို့လုပ်ထားသည်မသိ ၊ တစ်ရက်မှာ ‘ ဦးမိုးစွေ ’ တစ်ယောက်
အိမ်ကိုမူး၍ပြန်လာသည် သူ့ကိုတွဲလာသူက အောက်လမ်းဆရာ
အိမ်ရောက်တော့‘ ဦးမိုးစွေ ’ မူးမူးနဲ့ ပြောသည်
“ မိန်းမရေ ဒါ ‘ ကိုစိုး ’ လို့ခေါ်တယ်ကွ ငါ့ညီ ‘ အောင်လွင် ’ တို့ရဲ့
မိတ်ဆွေကွ သူဒီမှာတဲလိမ့်မယ် သိလား ” ဆိုပြီးသူ၏ ဇနီးသည်ကို
လှမ်းပြောလိုက်သည် ။
‘ ဆုမြတ် ’ တို့ ၏ မိခင်က ကိုယ်၀န်ကလည်းအရင့်အမာနဲ့
ဖြစ်နေတာက တစ်ကြောင်း လူစိမ်းကိုလက်မခံချင်သော်လည်း
မူးနေသော ‘ ဦးမိုးစွေ ’ ကို ခံ၍ မငြင်းနေတော့ပဲ လက်ခံပေးလိုက်တယ် ။
‘ ဆုမြတ် ’ တို့မောင်နှမတွေလည်း ဘာမှ၀င်ပြောမနေတော့ ။
‘ ဆုမြတ် ’ တို့၏ မေမေသည် အလွန်ပင် စိတ်သဘောထား
ပြည့်ဝြဖူစင်သူ ဖြစ်သည် ။ အဖေဖြစ်သူ အနွံတာလည်း အတော်လေးခံသူ ၊
သားသမီးတွေကိုလည်း ဂရုစိုက်သူတစ်ယောက်ဖြစ်သည် ။
ယခုအချိန်တွင် ကိုယ်၀န်ကရင့်လာတော့
ကျန်းမာရေးကသိပ်မကောင်းချင် အထိုင်အထလည်း သိပ်အဆင်မပြေပေ ၊
အိမ်ကလည်းအမြင့်ဆောက်ထားသည် ထို့ကြောင့်ပင်
‘ ဆုမြတ် ’ တို့အမေ (ကန်တော့ပါခင်ဗျာ) အပေါ့အပါးသွားချင်လျှင်
အဆင်ပြေအောင်ဆိုပြီး အိမ်ပေါ်ထပ်မှ ‘ ဆုမြတ် ’တို့အမေ
အိပ်တဲ့အတွင်းအခန်းရဲ့ အပြင်ဘက်မှာ တစ်ခန်းထုတ်ထားပြီး
အဲ့ဒီအခန်းကနေ အိမ်အောက်တည့်တည့်ကို
အပေါက်ဖောက်ပေးထားတာပေါ့ (ကန်တော့ပါခင်ဗျာ) ဆီးသွားတဲ့အခါ
အလွယ်တကူ အဆင်ပြေအောင်လေ ။
‘ ကိုစိုး ’ ဟုခေါ်သော အသတ် ၄၀ ၀န်းကျင် ရှိ
မျက်နှာပေါက်ဆိုးဆိုးနှင့် လူသူတို့အိမ်တွင် လာတည်းသည်ကို
‘ ဆုမြတ် ’ တို့ မောင်နှမ တတွေ လုံး၀သဘောမကျကြပေ ။
ထို လူကို အောက်လမ်းဆရာမှန်းလည်း မည်သူမျှမသိကြချေ ။
အောက်လမ်းဆရာ ‘ ကိုစိုး ’ ၊ ‘ ဆုမြတ် ’ တို့အိမ်ကိုရောက်ပြီး
သုံးရက်မြောက်နေ့ မနက်တွင် ‘ ဆုမြတ် ’ တို့ဖခင်က အလုပ်ကိစ္စနဲ့
အပြင်ကိုထွက်သွားချိန် ၊ အကိုဖြစ်သူ ‘ ပိုင်ဖြိုး ’ ကလည်း ရွာထဲ
ခဏသွားနေတုန်းမှာ အောက်လမ်းဆရာက ‘ ဆုမြတ် ’ တို့အမေ
(ကန်တော့ပါခင်ဗျာ) ဆီးသွားတဲ့ နေရာအောက်က တန်းတစ်တန်းမှာ
‘ (အိမ်တွင်းနတ်) နတ်ခေါင်းပေါင်းအစ လိုမျိုး အဖြူနဲ့အနီ အစနှစ်စကို
ချည်ပြီး ပါးစပ်က တတွတ်တွတ်နဲ့ရွတ် နေတာကို ‘ ဆုမြတ် ’ က
ခြံထဲမှာ ညီမလေးနဲ့ ကစားနေရင်း မြင်သွားတော့
လူကြီးတွေကို သွားပြောမယ်လုပ်တော့ ချက်ချင်းပဲ
စကားလုံးဝပြောလို့မရတော့ဘူးဖြစ်သွားတယ် ၊
လူက ‘ အ ’ သွားသလိုမျိုး ။
စကားကိုကြိုးစားပြီးပြောကြည့်တော့လည်း အသံကထွက်မလာဘူး ။
အော်ဟစ်ကြည့်တော့လည်း အသံက လည်ချောင်မှာပျောက်သွားခဲ့တယ်
အဲ့တာနဲ့ပဲ မျက်ရည်တွေတသွင်သွင်ကျပြီးနေမိတယ်
ကလေးဆိုတော့ ထို အောက်လမ်းဆရာက အိမ်တိုင်အောက်မှာ
နတ်ခေါင်းပေါင်းကို လာချည်သွားတာကို အမေ့ကိုပြောပြတော့
ပါးစပ်က စကားသံကထွက်မလာ ။ ထိုနောက် ကလေးဆိုတော့
လက်ဟန်ခြေဟန်ဖြင့် ပြောရကောင်းမှန်းလည်းမသိ
စကားမပြောနိုင်တော့၍ စိတ်ဆင်းရဲနေချိန်ဖြစ်သည် ။
နောက်တစ်နေ့ကျတော့ ရွာရဲ့ ထုံးစံအတိုင်း
အိမ်တိုင်းကိုယ်စီ နတ်တင်ကြရသည် ။
(မှတ်ချက် ။ ။ အချို့အညာဒေသများတွင် အပိုင်စားရထားသော
နတ်ကိုကိုးကွယ်ကြသည် နတ်ပွဲများတစ်နှစ်တစ်ခါ လေးနှစ်တစ်ခါ
ကျင်းပလေ့ရှိသည် ၊ ဘုရားကဲ့သို့ ဆည်းကပ်ပူဇော် ခြင်းမဟုတ်ပါ
အယူမလွဲစေရန် ။)
‘ ဆုမြတ် ’ တိုဖေဖေ ‘ ဦးမိုးစွေ ’ က သူတို့အိမ်တွင်
နတ်ပေးမတင်သော် လည်း တစ်နှစ်မှာတစ်ကြိမ်ဆိုတော့
ထိုအချိန်တွင်မူ သူ၏ဇနီးသည်အလိုကျဖြစ်ရန်
ရှောင်ပေးနေတက်သည် ။
ထို့နေ့မျိုးဆို သူအိမ်ပြန်မလာ ။
အဲ့ဒီနေ့က ‘ ဆုမြတ် ’ စကားမပြောနိုင်တော့တာ
နတ်ကိုင် တာဟု ‘ ဆုမြတ် ’ တို့မိခင်က ယူဆကာ
ရွာ၏ နတ်ပွဲနေ့ရက်တွင်
နတ်ကို တောင်းပန်ရန်အတွက် ကန်တော့ပွဲများကို
သူတို့ ခြံဝိုင်းထဲတွင် ပြင်ဆင်ကြသည် ။
အကြီးဖြစ်သူ ‘ ပိုင်ဖြိုး ’ ကလည်း ဝိုင်းကူလုပ်နေတာပေါ့
ထိုအချိန်မှာပဲ ထူးထူးခြားခြား ဒီလိုနေ့မျိုးမှာ
အိမ်ပြန်လာလေ့မရှိသော ‘ ဦးမိုးစွေ ’
မူးမူးရူးရူးဖြင့် အိမ်ကိုရောက်လာလေသည် ။
သူ့အိမ်တွင် နတ်ကန်တော့ပွဲလုပ်နေသည်ကို
မြင်လိုက်ရသောအခါ ……..
အုန်းပွဲများကို လက်ဖြင့်ကိုမြှောက်ပြီး
အဝေးကိုလွင့်ပစ်လိုက်လေသည် ။
နတ်တင်ရန်ပြုလုပ်ထားသော စင်များကိုလည်း
ရိုက်ချိုးဖျက်ဆီး ပြီး နတ်စင်နေရာကို
တံတွေးဖြင့်ထွေးကာ အရိုင်းစိုင်းဆုံးစကားလုံးများဖြင့်
ဆဲဆိုလေသည် ။
သူ့ကိုကြည့်ရတာ ဘီလူးတစ်ကောင်နှင့်သာ
ပို၍ တူလေသည် ။
ဘေးပတ်၀န်းကျင်အိမ်မှလူများက ရင်တထိပ်ထိပ်ဖြင့်
ကြောက်လန့်နေကြသည် ။ သားကြီးဖြစ်သူ ‘ ပိုင်ဖြိုး ’ က
၀င်ဆွဲသောအခါ ‘ ပိုင်ဖြိုး ’ ကိုပါ လက်သီးဖြင့်ထိုးလေသည် ။
“ ငါ့အိမ်မှာ ဘယ် $နတ်မှ တင်ခွင့်မရှိဘူးကွ ”
“ @$%$#* ” စသဖြင့် အော်ဟစ် ဆဲဆိုပြီး
နတ်ပွဲများကို ခြေဖြင့်ကန်လေသည် ။
ထိုမြင်ကွင်းကြောင့် သွေးနုသားနုဖြစ်နေသော
‘ ဆုမြတ် ’ တိုအမေ သတိလစ်ကာမေ့မျောသွားလေသည် ။
ထိုအချိန်ကြမှ ‘ ဥိးမိုးစွေ ’ သောက်ကျန်းနေခြင်း ရပ်တန့်သွားပြီး
ဇနီးသည်ကို အပြေးအလွှား ပွေ့ချီလေသည် ။
‘ ပိုင်ဖြိုး ’ က သမားတော် ပြေးပင့်လေသည် ။
‘ ဆုမြတ် ’ ကမူ ကလေးအငယ်ကလေးကို လက်ဆွဲပြီး
ကြောက်လန့်ပြီးငိုလို့သာနေလေသည် ။
ထိုအချိန်တွင် အိမ်၏ အနောက်ဘက်ခြမ်း
လူမမြင်သောနေရာမှ အိမ်ရှေ့မှ အဖြစ်အပျက်များကို
ကြည့်ရှုပြီးနောက် သဘောကျဟန်ဖြင့်
ကောက်ကျစ်သော အပြုံးတစ်ချက်ကို
ပြုံးလိုက်သူက အောက်လမ်းဆရာ ‘ ကိုစိုး ’ ဖြစ်သည် ။
‘ ဆုမြတ် ’ တို့မိခင် သတိရလာလေသည်
အခြေအနေက သိပ်မကောင်းလှပေ သွေးထွက်လွန်လေသည် ။
သတိရလျှင်ရချင်း စကားတစ်ခွန်းကိုသာ အကြိမ်ကြိမ်ပြောလေသည် ။
“ ‘ ကိုမိုးစွေ ’ ရှင်နတ်ကို စော်ကားလို့မရဘူးလေ
အကုန်ဒုက္ခရောက်ကုန်မယ် ရှင် ကျွန်မကိုသနားရင်လေ အခု
နတ်ကိုပြန်တောင်းပန်ပါ ၊ နတ်ကိုအုန်းပွဲ ငှက်ပျောပွဲတင်ပြီး
ပြန်တောင်းပန်ပေးပါ … တောင်းပန်ပေးပါ ….. တောင်းပန်ပေးပါ ။ ”
ဟု ငိုလျက်ပြောလေသည် ။
‘ ဦးမိုးစွေ ’ ကလည်း မည်သူ့ဆီမှအောက်ကျို့သူမဟုတ်
နတ်ကိုလည်း အယုံအကြည့်ရှိသူမဟုတ် ၊
သူသတ်မှတ်ထားတာ နတ်သည် လူထက်နိမ့်ကျသည်
ထို့ကြောင့် ဘယ်တော့မှ မတောင်းပန်နိုင် ၊
‘ ဦးမိုးစွေ ’ အလွန်ခေါင်းမာသည် လုံး၀မတောင်းပန်ပါ ။
ဇနီးသည်ကိုသူချစ်သည်
သို့သော် သူ၏ ခံယူချက်ကိုမပြောင်းလဲခဲ့ပေ ။
ထိုအချိန်မှာပင် သမားတော် မှ ‘ ဦးမိုးစွေ ’ ကို
ခေါင်းတစ်ချက် ရမ်းခါပြလိုက် ပြီးပြန်သွားလေသည် ။
သမားတော် ပြန်သွားပြီး မရှေးမနှောင်းပင်
‘ ဆုမြတ် ’ တို့၏ မွေးမိခင်ကြီးသည်
စကားပြောနေရာမှ “ ဟင်း ” ဟု အသံတစ်ချက်ပြုပြီးနောက်
ဇတ်ကျိုးကျသွားကာ ငြိမ်သပ်သွားလေသည် ။
‘ ဦးမိုးစွေ ’ လည်း ထိုအချိန်မှ အသိ၀င်ကာ ဇနီးသည်အား
လှုပ်နှိုးလေသည် ။ ‘ ဆုမြတ် ’ နှင့် ညီမငယ်ကလေး တို့က
မိခင်၏ လက်ကလေးကိုကိုင်ကာ ကိုင်ကာ
ငိုကြွေးလေသည် ၊ အသံမထွက်နိုင်သော
‘ ဆုမြတ် ’ ၏ရင်ထဲမှငိုသံများသည်
မျက်ရည်အဖြစ် သာပြောင်းလဲသွားခဲ့သည် ။
သားကြီးဖြစ်သူ ‘ ပိုင်ဖြိုး ’ သည် မိခင်၏
ခြေရင်းမှငိုနေရင်း ဆက်ခနဲမက်တက်ထရပ်လိုက်သည်
မျက်ရည်စက်များ တစ်ပေါက်ပေါက်ကျနေသော
သူ၏မျက်၀န်းမှာ နာကျည်းမှုကြောင့် အမုန်းရောင်သန်းနေလေသည်
ထို့နောက် ‘ ဦးမိုးစွေ ’ ကို လက်ညိုးထိုးလျှက်
အက်ကွဲနေသော အသံဖြင့် “ အဖေ …. ကျွန်တော့်အမေ
သေရတာ အဖေ့ကြောင့် ……….. အဖေ့ကြောင့် …
ကျွန်တော် အဖေ့ကို လုံး၀မကျေနပ်ဘူး … ။ ” ဆိုပြီး
အ၀တ်တစ်ထည်ကိုယ်တစ်ခုဖြင့် အိမ်ပေါ်မှ
ဆင်းပြေးသွားလေသည် ။
‘ ဦးမိုးစွေ ’ လည်းဆောက်တည်ရာမရပဲ
“ သား …. မဟုတ်ဘူးသားးးး ….. သား….. ”
ဟုဆိုပြီး အိမ်ပေါ်မှ ဆင်းပြေးသွားသော
‘ ပိုင်ဖြိုး ’ ၏ အနောက်သို့ လိုက်ခေါ်လေသည် ။
အိမ်ထဲတွင်မူ လူမမယ်ကလေးနှစ်ယောက်သာ
ကန်ရစ်ခဲ့လေသည် ။ ထို့ကြောင့် အိမ်နီးချင်းများနှင့်
‘ ဦးမိုးစွေ ’ ၏တပည့်တပန်းများက အိမ် နှင့် ကလေးများကို
၀ိုင်း၀န်းကူညီ စောင့်ရှောက်ပေးကြလေသည် ။
ည အချိန်တွင် ‘ ဦးမိုးစွေ ’ သည် သားဖြစ်သူကို
ရှာမတွေ့သဖြင့် သူ၏အိမ်ကလေးသို့ပြန်လာခဲ့လေသည်
အိမ်ခြံအ၀တွင် ရပ်ကာ သူ၏အိမ်ကလေးအတွင်းသို့
ငေးကြည့်နေမိသည် ၊ ခါတိုင်းလို သူပြန်လာလျှင်
အပြုံးဖြင့် ပြေးကာကြိုနေမည့် ဇနီးဖြစ်သူမှာ မရှိတော့ပြီမဟုတ်လား ၊
၀မ်းနည်းမှုကို ဖြေသိမ့်ဖို့ရာ လက်ထဲရှိပုလင်းလေးထဲမှ
အရည်တစ်ချို့ကို မြိုချလိုက်လေသည် ။
နောက်တစ်နေ့နံနက် မိုးလင်းသောအခါ ‘ ဦးမိုးစွေ ’ ၏
အိမ်ဝိုင်းထဲတွင် မွေးမြူထားသော ကြက် ၊ ဘဲ ၊၀တ် နှင့် နွားများ
အကြောင်းတစ်စုံတစ်ရာမရှိပဲ အကုန်လုံး တစ်ပြိုင်တည်း
သေဆုံးနေကြလေသည် ။ ထို့ကြောင့် သူ့ဇနီးသေဆုံးရခြင်းမှာ
သွေးရိုးသားရိုးမဟုတ်မှန်း သူသိလိုက်သည် ။
ကံကောင်းချင်တော့ ထိုနေ့ပြီးနောက်တစ်နေ့တွင်
သူတို့ရွာသို့ ရွာစဉ်စျေးလည်ရောင်းနေသော
လူတစ်စုရောက်လာလေသည် ။
ထိုလူများထဲတွင် အထက်လမ်းဆရာတစ်ဦးပါသည်ဟု
သတင်းကြာသဖြင့် ‘ ဦးမိုးစွေ ’ သည် ဆရာဖြစ်သူကို
သူ၏အိမ်ကို ပင့်ကာ အခြေအနေကိုရှင်းပြလေသည် ။
ဆရာဖြစ်သူမှ အခြားထူးခြားချက်များကိုမေးမြန်းရာ
‘ ဦးမိုးစွေ ’ က ဇနီးသည်မဆုံးခင် ရက်ပိုင်းအလိုက
သူ၏သမီးဖြစ်သူ ‘ ဆုမြတ် ’ကလေးသည်
ထူးဆန်းစွာ စကားမပြောနိုင်တော့ကြောင်းပြောလေသည် ။
ဆရာဖြစ်သူမှ ‘ ဆုမြတ် ’ ကို သူထိုင်နေသော
ဘုရားစင်ရှေ့သို့ခေါ်ပြီး
“ သမီးလေး ဘုရားကိုအာရုံပြု
ပြီးရင် သမီးလေး စကားမပြောနိုင်တော့တာ
ဘာကြောင့်လဲဆိုတာ ပြန်စဉ်းစား
သမီးတစ်ခုခုကို သေချာသိလိမ့်မယ် ” ဟု
ပြောလေရာ ‘ ဆုမြတ် ’ လည်း ထိုဆရာပြောသည့်အတိုင်း
မြတ်စွာဘုရားကို အာရုံပြုလိုက်သည် …. ။
ထိုအချိန်မှာပင် သူမေ့နေသောအရာတစ်ခုကို
ချက်ချင်း သတိရလိုက်သည် ။
သတိရလျှင်ရချင်း အထက်လမ်းဆရာဖြစ်သူ၏
လက်ကိုဆွဲပြီး အိမ်အောက်ကိုခေါ်သွားလေသည် ။
အိမ်အောက်သို့ ရောက်သောအခါ
‘ ဆုမြတ် ’ ၏ မိခင်မဆုံးခင်က (ကန်တော့ပါခင်ဗျာ) ဆီးသွားရန်
ပြုလပ်ထားသော အခန်း ၏ အောက်တည့်တည့် ရှိ
အိမ်တိုင်တွင် အဖြူနဲ့အနီ အစ နှစ်စကို ပူးပြီးချည်ထားသည်ကို
လူများအားလုံး အံ့သြစွာ တွေ့မြင်လိုက်ကြရသည် ။
အထပ်လမ်းဆရာဖြစ်သူက ထိုအစကိုဘယ်သူချည်ထားတယ်
ဘာအစဖြစ်သည်ကို သိလိုသဖြင့် အမျိုးသမီးတစ်ဦးကို
အကူအညီတောင်းပြီး ထိုအစကို သူ့ထံယူလာခိုင်လေသည်။
အမျိုးသမီးလည်း အဖြူအနီအ၀တ်စကို တိုင်မှ ဖြည်ပြီး
ဆရာထံယူလာပေးလေသည် ။ ဆရာဖြစ်သူမှာ ထိုအစကို
သေချာကြည့်ပြီး အလွန်ထိတ်လန့်သွားသော မျက်နှာဖြင့်
“ ဟာ …. ဒါ ….ဒါ … အိမ်တွင်းနတ်ရဲ့ ခေါင်းပေါင်းပဲဗျ …
ဒါ အောက်လမ်းနဲ့ နတ်နဲ့ ပေါင်းတိုက်တာ
အရမ်းရက်စက်တဲ့ လုပ်ရက်ပဲ …… ။ ”ဟု
ကောက်ချက်ချလိုက်ပြီး ချက်ချင်းဆိုသလို
အိမ်ပေါ်ပြေးတက်သွားပြီး ဘုရားစင်မှ ရေစင်တချို့ကိုစွန့်ကာ
ပါးစပ်မှ ပွစိပွစိဖြင့် ဂါတာဟုထင်ရသောအရာများကိုရွတ်ဆိုပြီး
‘ ဆုမြတ် ’ ကို စိတ်ထဲတွင် သရဏဂုဏ်တည်စေသည်
ထို့နောက် ထိုရေမန်းကို သောက်ခိုင်းလေသည် ။
‘ ဆုမြတ် ’ လည်း ဆရာပြောသည့်အတိုင်း
ရေမန်းကိုသောက်သုံးလိုက်ပြီး ခဏအကြာတွင်
စကားသံပြန်ထွက်လာလေသည် ။
‘ ဆုမြတ် ’ အပါအ၀င် ဘေးပတ်၀န်းကျင်မှလူများ
အလွန်အမင်း အံ့သြနေကြလေသည် ။
‘ ဆုမြတ် ’ သည် ဆရာဖြစ်သူကို
ကျေးဇူးတင်သဖြင့် ဦးတိုက်လေသည် ။
‘ ဆုမြတ် ’ စကားပြောနိုင်သောအခါမှ
ဆရာဖြစ်သူက “ ဒီနတ်ခေါင်းပေါင်းစကို တိုင်မှာလာချည်သွားတဲ့သူကို
သမီးမြင်လိုက်သလား ” ဟုမေးမြန်းလေရာ ‘ ဆုမြတ် ’ က
မြင်တွေ့ကြောင်း အဖေဖြစ်သူ အိမ်ကိုခေါ်လာသော ‘ ကိုစိုး ’ ဆိုသူဖြစ်ကြောင်း
ထိုကိစ္စကို လူကြီးများအား ပြောရန်ကြံစည်သောအခါတွင်
သူစကားမပြောနိုင်တော့ကြောင်း ထို့ကြောင့် မပြောဖြစ်တော့ကြောင်း
စသဖြင့်ရှင်းပြသောအခါ အထပ်လမ်းဆရာဖြစ်သူမှ
‘ ဦးမိုးစွေ ’ ကို
“ နောင်ကြီး ဒီအတိုင်းဆို ခင်ဗျားတို့မိသားစု
အသက်အန္တရယ်ရှိနေပြီ ဇနီးသည် နာရေးပြီးလျှင်
ဒီအိမ်မှာဆက်မနေကြနဲ့တော့ နေရင် အကုန်ဒုက္ခရောက်ကုန်လိမ့်မယ်
ပြန်နေချင်တယ်ဆိုလည်း အိမ်ကိုဖြိုပြီး ပြန်ဆောက်မှရမယ်
ခင်ဗျားကအိမ်တွင်းနတ်ကို အစကတည်းက စော်ကားထားတော့
နတ်က ခင်ဗျားကို ငြိုးထားတာဗျ အဲ့အကြောင်းကိုသိတဲ့
အောက်လမ်းဆရာက နတ်နဲ့ပေါင်းပြီး ခင်ဗျားတို့မိသားစုကို
ပျက်စီးအောင်လုပ်တာပေါ့ဗျာ ၊ သူတို့ကခင်ဗျားကိုလုပ်ချင်တာ
ဒါပေမယ့် ခင်ဗျားဇနီးက ကိုယ်၀န်နဲ့ဆိုတော့ ကံနိမ့်တော့
ထိသွားရှာတာပေါ့ဗျာ ၊ ဒီအစီအရင်က ကြောက်ဖို့ကောင်းတယ်
ခင်ဗျားတို့ မိသားစု ကွဲအောင်လုပ်တာ ၊ ရှင်ကွဲ နဲ့ သေကွဲ
တစ်ခုမဟုတ်တစ်ခုပေါ့ ၊ ရှင်ကွဲကွဲသွားပြီဆို ပြန်ဆုံနိုင်ဖို့က
အစီအရင်လုပ်သွားတဲ့ အောက်လမ်းဆရာ သေမှပဲဖြစ်နိုင်တော့မယ် ”
ဟုရှည်လျားစွာ ရှင်းပြလေသည် ။
‘ ဦးမိုးစွေ ’ ၏ မျက်စိထဲတွင် ကွယ်လွန်သွားသောဇနီးသည်နှင့်
သူ့ကို နာကြည်းပြီး အိမ်ပေါ်မှဆင်းသွားသော သားကြီး ‘ ပိုင်ဖြိုး ’
တို့ ၏ မျက်နှာများကိုမြင်ယောင်ပြီး မျက်ရည်များစီးကျလာလေသည် ။
အထက်လမ်းဆရာဖြစ်သူက ဆက်ပြောလေသည်
“ ‘ ကိုမိုးစွေ ’ ခင်ဗျား အရမ်းလည်း၀မ်းမနည်းပါနဲ့ဗျာ
သမီးလေးနှစ်ယောက်ကျန်နေသေးတာကိုသတိထားပါဦး
နောက်ပြီးကျုပ်တစ်ခုသတိပေးပါရစေ
ဒီနေကစပြီး ခင်ဗျာ ဒီအဖြစ်အပျက်ကလေးကို
သင်ခန်းစာယူပါ ခင်ဗျားနတ်ကိုမယုံကြည့်လျှင်နေပါ
မကိုးကွယ်ချင်နေပါ မှတ်ထားပါ ဘယ်တော့မှမစော်ကားပါနဲ့
ခင်ဗျားစဉ်းစားကြည်လေဗျာ သူဘာသာသူနေတဲ့လူတစ်ယောက်ကို
ခင်ဗျားသွားဆဲကြည့်ပါလား ဟိုလူက ငြိမ်နေမတဲ့လား
ဒီလိုပဲပေါ့ဗျာ ” ဟုပြောလေသည် ။
‘ ဦးမိုးစွေ ’ လည်း နောင်တဆိုတာ နောင်မှရသည့်အမျိုးဆိုတာကို
ကောင်းစွာ နားလည်သွားလေတာ့သည် ။ သူတစ်ခုသတိရသွားတာ
‘ ကိုစိုး ’ အောက်လမ်းဆရာစုတ် လူယုတ်မာ ထိုသူကိုမိတ်ဆက်ပေးသူက
သူ၏ ညီ၀မ်းကွဲ မဟုတ်လား ။ ထို့ကြောင့် ‘ ဦးမိုးစွေ ’ သည်
သူ၏အိမ်တွင် ချိတ်ထားသော ဓါးကိုယူကာ အိမ်ဝိုင်းထဲတွင်
လူယုတ်မာ ‘ ကိုစိုး ’ ကိုလိုက်ရှာလေသည် မတွေ့သောအခါ
သူ၏ညီ၀မ်းကွဲဆီသို့ ဦးတည်သွားလေသည် အနောက်မှသူ၏
တပည့်များနှင့် အိမ်နည်းချင်းများက ဘုမသိဘမသိဖြင့်
လိုက်ဆွဲကြသည် ။ ‘ ဦးမိုးစွေ ’ သူ၏ညီ၀မ်းကွဲ အိမ်ရှေ့သို့ရောက်သောအခါ
လှမ်းအော်လေသည် ထိုအခါ သူ၏ ၀မ်းကွဲညီနှင့် ညီမမိသားစုများ
ထွက်လာကြသည် ‘ ဦးမိုးစွေ ’ က ‘ ကိုမိုး ’ အကြောင်းမေးမြန်းသောအခါ
ညီ၀မ်းကွဲဖြစ်သူမှ “ ဘူး ” တစ်လုံးသာဆောင်လေသည် ။
‘ ဦးမိုးစွေ ’ လည်း မည်သို့မျှမတက်နိုင်သည့်အဆုံး လှည့်ပြန်လာခဲ့ရလေသည် ။
‘ ဆုမြတ် ’ တို့၏ မိခင် နာရေး ရက်လည်ခါနီးအချိန်တွင်
‘ ဆုမြတ် ’ တို့ မိခင်ဘက်မှ ဆွေမျိုးများနှင့် ‘ ဆုမြတ် ’ တို့ဖေဖေ
‘ ဦးမိုးစွေ ’ တို့ အကြီးအကျယ် ရန်ဖြစ်ကြလေသည် ။
‘ ဆုမြတ် ’ တို့၏ မိခင် ရက်လည်သောနေ့တွင်ပင်
တစ်ရွာတည်းနေသူများဖြင့်လင့်ကစား
‘ ဦးမိုးစွေ ’ နှင့် စကားများထားကြသဖြင့် လူမစုံကြပေ ။
‘ ဆုမြတ် ’ အတွက် များစွာ စိတ်ဒဏ်ရာရခဲ့လေသည် ။
မွေးမိခင်ကြီး နာရေးကိစ္စပြီးစီးသောအခါ
‘ ဆုမြတ် ’ တို့ ငယ်စဉ်ကလေးဘ၀ စတင်ဖြစ်တည်ပြီး
ကောင်းမွန်စွာ ကြီးပြင်းလာခဲ့ရသော အိမ်ကလေး ။
မိသားစုတွေ ရယ်မောပြီး ထမင်းလက်စုံစားခဲ့ကြတဲ့နေရာလေး ။
ထိုအိမ်ကလေးကို ဖြိုလိုက်ရလေသည် ။
ထို့နောက် အိမ်အသစ်ကလေးတစ်လုံးပြန်ဆောက်လေသည် ။
အိမ်အသစ်ကလေးဆောက်နေစဉ်
‘ ဆုမြတ် ’ တို့ဖေဖေ ‘ ဦးမိုးစွေ ’ မှ သူ၏တပည့်တစ်ဦး
သတင်းပေးချင်အရ လူယုတ်မာ ‘ ကိုစိုး ’ ရှိရာ (…)သို့
ခရီးထွက်သွားလေသည် ။
တစ်လပြန်မလာ နှစ်လကြာ ပြန်မလာ
ဒီလိုနဲ့နေလိုက်တာ နှစ်နဲ့ချီကြာသွားခဲ့တယ်
‘ ဦးမိုးစွေ ’ ၏သတင်း အစအနတောင်မကြားရပေ
သူ၏မိတ်ဆွေများ တပည့်တပန်းများက လိုက်လံရှာဖွေကြသော်လည်း
ရှာမတွေ့ ။ ရွာတွင်ကျန်ခဲ့သော ‘ ဆုမြတ် ’ နှင့်
သူ၏ အသက်ငါးနှစ်အရွယ်ညီမလေး ကို ဆွေးမျိုးများက
စောင့်ရှောက်ထားကြလေသည် ။
‘ ဆုမြတ် ’ တို့အတွက် အားကိုးစရာ မိဘနှစ်ပါးကမရှိ
အကိုဖြစ်သူက ဘယ်ဆီမှာမသိ ။ တချိန်က အော်ဟစ်ရယ်မောသံများ
လွှမ်းခြုံနေခဲ့တဲ့ သူတို့အိမ်ငယ်ကလေးသည် အခုများတော့
တိတ်ဆိတ် ခြောက်သွေ့လို့သာနေလေတော့သည် ။
ဆွေမျိုးများမှာလည်း သူတို့၏သားရေးသမီးရေးကိစ္စများကြောင့်
မည်သူမှ ‘ ဆုမြတ် ’ တို့မောင်နှမကို ကြာကြာ တာ၀န်မယူချင်ကြပေ ။
ဒီလိုနဲ့ အချိန်အတန်ကြာသောအခါ ‘ ဆုမြတ် ’ တို့၏ အိမ်ကလေးပေါ်သို့
‘ ဥိးမိုးစွေ ’ ၏ ညီ၀မ်းကွဲ မိသားစုမှာ လူမမယ်ကလေးနှစ်ယောက်ကို
စောင့်ရှောက်ပေးရန်ဟူသော အကြောင်းပြချက်ဖြင့် ရောက်လာလေသည် ။
သူတို့မိသားစုရောက်လာချိန်မှစပြီး ‘ ဆုမြတ် ’ တို့မောင်နှမ မှာ
အိမ်တွင် ခိုင်းဘက်ဘ၀ကိုရောက်သွားလေသည် ။
ဖခင်ဖြစ်သူ ၏ ညီ၀မ်းကွဲ မိသားစုကို ‘ ဆုမြတ် ’ အလွန်စိတ်နာမိသည်
‘ ဆုမြတ် ’ တို့အိမ်ကို အောက်လမ်းဆရာလွတ်လိုက်သော သူတွေလည်း
ဖြစ်သည့်အပြင် ယခုအခါ သူတို့အိမ်ပေါ်တွင်တက်နေ၍
‘ ဆုမြတ် ’ တို့မောင်နှမကို အခိုင်းစေလို ဆက်ဆံပြုမူလေပြီ မဟုတ်လား ။
ထို့ကြောင့် ‘ ဆုမြတ် ’ ဆုံးဖြတ်လိုက်သည် ဖခင်ဖြစ်သူထွက်မသွားမှီက
သူ့အား ခြေစောင့်လက်စောင့်အဖြစ်ပေးခဲ့သည့် ငွေအချို့ကိုယူကာ
ထိုင်းနိုင်ငံတွင် အလုပ်သွားလုပ်ပြီးပိုက်ဆံရှာရန်ဖြစ်သည် ။
ညီမလေး၏ ဘဝရှေ့ရေးအတွက် သူမကြိုးစားရမည်မဟုတ်လား ။
ထိုင်းနိုင်ငံသို့မသွားမှီ ‘ ဆုမြတ် ’ သူ၏ညီမလေးကို
စိတ်ချရသော မိခင်၏ ဆွေမျိုးသားချင်းတစ်ဦးထံတွင်
အပ်နှံထားခဲ့လေသည် ။
ကံဆိုးမသွားရာ မိုးလိုက်လိုကရွာဆိုသလိုပင်
သူမ ပွဲစားတစ်ဦးကိုငွေပေး၍ ထိုင်းနိုင်ငံတွင် အလုပ်ရှာခိုင်လေရာ
ထိုပွဲစားမှ ကလေးသာသာဖြစ်သော ‘ ဆုမြတ် ’ ကို တဖက်လက်ဖြင့်
ငွေလိမ်ယူကာ ထိုင်းနိုင်ငံသို့ လူရောင်းစား(လူကုန်ကူး) လိုက်လေသည် ။
‘ ဆုမြတ် ’ ၏ ကံဟုပြောရလေမလား ။
ထိုပွဲစားက ‘ ဆုမြတ် ’ ကို ရောင်းစားလိုက်သော နေရာမှ
မိန်းမကြီးမှာ ‘ ဆုမြတ် ’ အားမြင်မြင်ချင်း သမီးအရင်းလို
ချစ်ခင်မိပြီး ‘ ဆုမြတ် ’ တစ်ယောက် ဒုက္ခခံတွင်းထဲရောက်လုနီးနီးတွင်
ကယ်တင်ထားလိုက်လေသည် ။ ‘ ဆုမြတ် ’ ထိုင်းနိုင်ငံတွင်
အခြေချနေနိုင်အောင်ကြိုးစားပြီး ညီမလေးကိုပါ ခေါ်ယူထားခဲ့သည် ။
အမေကဆုံး ၊ အဖေ နဲ့ အကိုက ဘယ်ရောက်လို့
ဘယ်ပေါက်နေကြမှန်းမသိ အတိတ်ကိုတွေးမိတိုင်း
‘ ဆုမြတ် ’ …….. ငိုမိနေတုန်းပဲ ။
အထက်လမ်းဆရာပြောခဲ့သလို …… သူတို့မိသားစုကို
ပြိုကွဲအောင်လုပ်ခဲ့သူ ‘အောက်လမ်းဆရာ ကိုစိုး ’ သေမှ
‘ ဆုမြတ် ’ တို့မိသားစုတွေ ပြန်ဆုံနိုင်ကြမယ်ထင်တယ် ။
ယခုဆိုလျှင် ‘ ဆုမြတ် ’ တို့မိသားစု ပြန်မဆုံနိုင်ခဲ့သည်မှာ
( ၁၀နှစ် ) ခန့်ပင်ရှိခဲ့ပြီ ။
ဝေးကွာခဲ့ရတဲ့ မိသားစုနဲ့ မရေရာတဲ့ တစ်ချိန်ချိန်မှာ ပြန်ဆုံနိုင်ဖို့ကို
‘ ဆုမြတ် ’ တစ်ယောက် ဘုရားမှာ ကုသိုလ်ယူပြီးတိုင်း
အမြဲ ဆုတောင်းမိနေတုန်းပဲ ။
နောက်ထပ် ဆုတောင်းလေးတစ်ခုက ………
“ ဘုရား တပည့်တော်မ ဘ၀ဆက်တိုင်း
ဒီလို အဖြစ်ဆိုးနဲ့ ဘယ်တော့မှ မကြုံပါရစေနဲ့ …… အရှင်ဘုရား … ။ ”
( ကာယကံရှင် တို့မိသားစုကို မနာလိုစိတ်တစ်ခုကြောင့်
တစ်ကွဲစီ သေကွဲ ၊ ရှင်ကွဲ ကွဲအောင်လုပ်ခဲ့သောသူများ
ဒီစာကလေးကို ဖတ်မိပြီး သားသမီးချင်း ၊ မိသားစုချင်း
ကိုယ်ချင်းစာနိုင်ကြပါစေ ……… ။ )
~#crd_မိုးစွေ ~
စာပြီးချိန် – 27.2.2017 ( 2:22 Am )