မစိမ်းညို(စ/ဆုံး)
—————-
” ကိုလှအောင် ရှင် ရှင် လွန်လာပြီနော်၊ မနက်ကပဲ အိတ်ထဲက ပိုက်ဆံတွေအကုန်နှိုက်သွားသေးတယ်၊ ဈေးဖိုးတောင်မကျန်ဘူး၊ ခု ၀တ်ထားတဲ့နားကပ်ကို ထပ်လာတောင်းတာ မလွန်လွန်းဘူးလား ”
” ငါ မျှောသွားတာပြန်လိုက်မလို့ပါဟ”
” ရှင်သိလား ဒီမှာသားလေးက နေသိပ်ကောင်းတာမဟုတ်ဘူး ဆေးခန်းပြရအုံးမှာ ၊ ဒါကြောင့် တစ်ပြားမှ ထပ်လာမတောင်းနဲ့ နားကပ်လဲမပေးနိုင်ဘူး ၊ တစ်ကျပ်လဲမပေးနိုင်ဘူး ”
” ဟာ ဒီမိန်းမ ပေးဆိုပေးနော် ၊ ကြာရင်ငါသတ်မိလိမ့်မယ်”
” မပေးနိုင်ဘူး ”
” ကဲဟာ ”
” ဖြန်း ….အား ”
ပါးပြင်ပေါ်သို့ကျရောက်လာသော လက်ဝါးကြောင့် မျက်နှာတစ်ခြမ်းလုံး ပူထူသွား၏။
” လှအောင် နင် နင် က ငါ့ကိုရိုက်တယ်ဟုတ်လား ၊ သေဖို့သာပြင် မိစိုးအကြောင်းသိကြသေးတာပေါ့ ”
” ဝုန်း ဒုန်း ”
လင်မယားနှစ်ယောက် နပန်းလုံးနေကြရင်း
” အီး ဟီး ဟီး မေမေ ”
သားဖြစ်သူအသံကြောင့် မိစိုး လှည့်အကြည့်
” လာစမ်းကောင်မ …ငါ့ကိုတောင်ပြန်လုံးရဲတယ် ”
ဆံပင်အားဆွဲဆုပ်ကာ နံရံနှင့် ဆောင့်ခြင်းအား ခံလိုက်ရပြီးနောက် ဦးခေါင်းတစ်ခုလုံးပူထူကာ မျက်စိများပင် ပြာဝေသွား၏။
” မေ မေ….ထ …ထ…အီး ဟီး ဟီး ”
” အား ကျွတ် ကျွတ် ”
ခေါင်းတစ်ခုလုံး နာကျင်ကိုက်ခဲကာ မျက်နှာတစ်ခြမ်းက တင်းနေ၏။
နားမှ နားကပ်အား စမ်းကြည့်တော့ ရှိမနေတော့။
” တောက် ”
သူနာကြည်းစွာ တောက် တစ်ချက်ခေါက်ကာ လေးနှစ်သားအရွယ် သားလေးအား ရင်ခွင်ထဲဆွဲသွင်းကာ အားရပါးရ ငိုချလိုက်၏။
မိစိုးသည် တရုတ်မြန်မာ ကပြားအမျိုးသမီးဖြစ်ကာ ရုပ်ရည်အားဖြင့် ချောမောလှပသူတစ်ဦးဖြစ်၏။
သူသည် မွေးချင်းမောင်နှမ ငါးယောက်အနက် လေးယောက်မြောက်သမီးဖြစ်ကာ သူ့အထက်တွင် အစ်ကိုသုံးယောက်ဖြစ်၏။
ညီမအငယ်ဆုံးသည် မိစိုးထက် ဆယ်နှစ်ခန့်ငယ်ရွယ်လေသည်။
မိစိုး၏ အဖွားဖြစ်သူသည် ပြည်ကြီးတရုတ်လူမျိုးစစ်စစ်ဖြစ်ကာ စည်းကမ်းကောင်းလှ၏။
ထို့ကြောင့် မြေးမလေးမိစိုးအား ဗိုင်းကောင်းကျောက်ဖိဖြစ်ရန် စည်းကမ်းအထပ်ထပ်ဖြင့် တင်းကြပ်ထား၏။
မိစိုး၏ အမေ ဒေါ်ရှောက်ရီသည် ထက်မြက်သောမိန်းမတစ်ဦးဖြစ်လေရာ မိစိုးသည်လည်း အဖွားဖြစ်သူ ထိန်းသိမ်းသည့်ကြားမှ မအေတူသမီးဖြစ်ကာ မဟုတ်မခံ ဇတ်ဇတ်ကျဲ လေးတစ်ဦးဖြစ်၏။
သူ၏အစ်ကိုများကလည်း ညီမထိ ဓားကြည့်ဟူသည့် သူများဖြစ်ကြ၏။
ကုန်စုံဆိုင်ကြီးအား ဦးစီးလုပ်ကိုင်နေသော မိစိုးအမေကလဲ သားသမီးများထိလျှင် ဆတ်ဆတ်ထိမခံ သည့်မအေမျိုးဖြစ်သည်။
မိစိုး၏ ဖခင်ကား အချက်အပြုတ် လွန်စွာဝါသနာပါကာ ခပ်အေးအေးနေတတ်သူဖြစ်၏။
မိစိုး အသက်ဆယ်နှစ်အရွယ်၌ အငယ်ဆုံးမလေး မိသဲအား ထပ်မံမွေးဖွားခဲ့လေသည်။
မိသဲအသက်ငါးနှစ်ပြည့်သည့်အချိန်၌ မိစိုးက ဆယ်တန်းကျောင်းသူတစ်ယောက်ပင် ဖြစ်နေလေပြီ။
တရုတ်သွေးစပ်ကာ လှသွေးကြွယ်သော မိစိုးအနား ချဉ်းကပ်ရန်ကြိုးစားသည့် သူမှန်သမျှ မိစိုးအစ်ကိုများ၏ လက်ဆအား သိသွားကြသူချည်းသာဖြစ်၏။
ထို့ကြောင့် မိစိုးအသက် နှစ်ဆယ်အရွယ်ခန့်ရောက်ရှိလာသော်လည်း ရည်းစားဟူ၍ မူးလျှင်ပင် ရှူစရာမရှိခဲ့။
လှအောင်သည် ထိုမြို့လေး၏ မြို့မျက်နှာဖုံးသူဌေး၏ တစ်ဦးတည်းသောသားဖြစ်၏။
လှအောင်သည် မိစိုးထက် အသက်ငါးနှစ်ခန့်ကြီးသူဖြစ်၏။
လှအောင်သည် မိစိုးအား ချစ်ကြိုက်လွန်းသဖြင့် လာရောက်တောင်းရမ်းလေတော့သည်။
မိစိုး၏ မိဘများက လှအောင်နှင့် သူ့အား သဘောတူသည်မို့ပေးစားခဲ့ကြ၏။
ဤလိုနှင့် အိမ်ထောင်သက် တစ်နှစ်ခန့်အကြာ၌ မိစိုးသည် သားဦးလေးအား ဖွားမြင်လေသည်။
ဤအချိန်အထိ မိစိုးတို့ အိမ်ထောင်ရေးသည် အဆင်ပြေခဲ့လေသည်။
နောက်ပိုင်း လှအောင်တစ်ယောက် အုန်းသီး၊ ငှက်ပျောသီးပွဲစားလုပ်ကာ မိစိုးကလည်း အုန်း၊ငှက်ပျောခိုင်များအား ဗားကရာဈေး၌ အကြီးအကျယ်ရောင်းချလေရာ အတော်လေးပင် ရောင်းရလေသည်။
မိစိုးတို့လင်မယားသည် စီးပွားရေးတက်လာသည်နှင့် လှအောင်၏မိဘများက သူတို့ပိုင်ဆိုင်သော အိမ်များထဲမှ ကွမ်းခြံကုန်းရှိ နှစ်ဆာင်ပြိုင်အိမ်ကြီးတစ်အိမ်အား လှအောင်တို့လင်မယားအားအမွေအဖြစ် ခွဲဝေပေးသည်မို့ မိစိုးတို့လင်မယားလဲ ထိုအိမ်သို့ပြောင်းလာခဲ့ကြသည်။
ထိုအိမ်အား ၀န်းတံခါးမှ ရပ်ကြည့်လျှင် အိမ်၏ ညာဘက်တစ်ခြမ်းသည် နှစ်ချို့ပိတောက်ပင်ကြီးက ဖုံးအုပ်ထားသကဲ့သို့ မြင်ရ၏။
အမှန်စင်စစ်အားဖြင့် ပိတောက်ပင်ကြီးသည် အိမ်နှင့်အနည်းငယ်လှမ်းကာ မျက်နှာစာတွင်တည်ရှိနေခြင်းဖြစ်၏။
ထိုပိတောက်ပင်၏ ကိုင်းဖျားအချို့သည်ပင် ခြံ၏ ၀န်းထရံပေါ်သို့ အုပ်မိုးလျက်ရှိ၏။
အိမ်၏ ဘယ်ဘက်အခြမ်း၌မူ မန်ကျည်းပင်ကြီးတစ်ပင်၏သစ်ငုတ်တိုတစ်ခုအား တွေ့ရ၏။
ထိုသစ်ငုတ်တို၏ ပင်စည်သည် ညာဘက်အခြမ်းရှိ ပိတောက်ပင်၏ ပင်စည်နှင့် အရွယ်တူပင်ဖြစ်၏။
မိစိုးသည် အိမ်ကြီးအားကြည့်ကာ
” ကိုလှအောင် ၊ အိမ်ကြီးကလဲ နှစ်ဆောင်ပြိုင်အိမ်ကြီး ၊ ရေနံချေးတွေကလဲ ၀နေအောင်သုတ်ထားတော့ မဲပြောင်နေတာပဲ၊ မန်ကျည်းပင်အရိပ်ကလဲ အိမ်ရှေ့နေပျောက်တောင်မထိုးတော့ ခြံထဲကြည့်လိုက်ရင် အုံ့မှိုင်းနေတာပဲ ၊ နေ့ခင်းဘက်တောင်ကြက်သည်းထတယ် ကြည့်ရတာ ”
” ဟာ မိစိုးရာ မင်းက ကြောက်တတ်တဲ့မိန်းမ မဟုတ်ပါဘူး၊ အပင်ရိပ်ရှိတော့ ပိုတောင်အေးသေးတယ်၊ နေ့ခင်းဘက် သားလေးလဲ အပင်အောက်အေးအေးလူလူဆော့ရတာပေါ့ ”
” စိုးတို့သားအမိက ဈေးမှာပဲ အချိန်ကုန်တာများတာပါ…လာ ပစ္စည်းတွေ နေရာချကူအုံး ”
” အေးပါဟ မိန်းမရ ”
လှအောင်တို့လင်မယားအတွက် အိမ်ကြီးသည် ကျယ်၀န်းလှ၏။
ညဥ့်နက်အချိန်၌ ပတ်၀န်းကျင်တစ်ခုလုံးသည် တိတ်ဆိတ်လွန်းလှလေသည်။
ယခင်က လူနေထူထပ်သော နေရာနှင့်စာလျင် ယခုနေရာသည် အေးချမ်းတိတ်ဆိတ်လွန်းသည်ဟု ဆိုရပေမည်။
ထို တိတ်ဆိတ်မှုသည် ခြောက်ခြားစရာပင် ကောင်းနေသေး၏။
မိစိုးတို့လင်မယားသည် အောက်ထပ်၌သာ နေကြ၏။
အပေါ်ထပ်၌ လူမနေပါချေ။
ထိုအိမ်သို့ရောက်ပြီးမကြာမီ လှအောင်တစ်ယောက်သည် အိရပ်ကွက်ထဲရှိ အပေါင်းအသင်းေဟာင်းများနှင့် ဆုံကာ ဖဲရိုက်တတ်လာ၏။
ထိုအချိန်က လျှပ်စစ်မီးများသည် နှစ်ရက်ခြားမှ တစ်ခါလာသည်မို့ အိမ်တိုင်းနီးပါ ဘက်ထရီအိုးများအား ဆောင်ထားကြ၏။
ဘက်ထရီမီးသည် အားလျော့ကာ အခန်းထဲရှိ အလင်းရောင်သည်လဲ မှိန်ဖျော့လာ၏။
” ရှပ် ရှပ် ရှပ် ”
ခြေသံကြောင့် မိစိုးသည် အိပ်နေရာမှ ရုတ်တရက် နိုးလာခဲ့၏။
ထို့နောက်သားဖြစ်သူအား လှမ်းစမ်းရာ
” ဟင် သား သားလေး ဘယ်ရောက်သွားပါလိမ့် ”
သူလည်း အိပ်ချင်မူးတူးဖြင့် ဘေးဘီဝဲယာ၌ ရှာကြည့်ရာ
ကုတင်ခြေရင်း၏ အစွန်၌ သားဖြစ်သူသည် မတ်တပ်ရပ်ကာ အခန်းအပြင်ဘက် အမှောင်ထဲသို့ စိုက်ကြည့်နေ၏။
ထိုစဉ် ဘက်ထရီမီးသီး ဝါကျင်ကျင်မှ အလင်းရောင်ဖျော့ဖျော့သည် မှိတ်တုတ်မိတ်တုတ်ဖြစ်လာ၏။
” လာသားလာ ၊ ဘာလို့ညဘက်ကြီး ထနေတာလဲ ”
သူလဲ သားဖြစ်သူအား ရင်ခွင်ထဲ ဆွဲသွင်းလိုက်ရာ သားဖြစ်သူမှာ အခန်းအပြင်ဘက်သို့ လက်ညှိုးထိုးပြလေသည်။
” သား ဘာ ဘာမြင်လို့လဲ ဟင် ”
သူ၏အမေးအား သားဖြစ်သူမှပြန်မဖြေပဲ အခန်းအပြင်ဘက် အမှောင်ထဲသို့သာ လက်ညှိုးထိုးပြပြန်လေသည်။
” ဟူး အရေးထဲ ကိုလှအောင်ကလဲ ဖဲသွားရိုက်တာ ပြန်မလာသေးဘူး …အိမ်ကြီးမှာ ငါတို့သားအမိနှစ်ယောက်တည်း ”
သူလည်း သားဖြစ်သူအား ဖက်ကာ အိပ်ပျော်အောင်အိပ်ရန်ကြိုးစားနေမိသည်။
မကြာမီ သားဖြစ်သူမှာ တရှူးရှူးဖြင့် အိပ်ပျော်သွားလေသည်။
” ဟာ အရေးထဲ အိမ်သာက သွားချင်လာပြီ၊ နောက်ရက်ဆို ဆီးအိုးလေး ၀ယ်ထားမှ၊ ညရေးညတာ ထွက်ရတာမလွယ်ဘူး ၊ ဒုက္ခ ၊ ခုတော့ သွားရအုံးမယ် ”
သူလည်း အိမ်သာဘက်သို့ အလျှင်စလိုထွက်လာခဲ့၏။
ပိတောက်ပင်အောက်ဖြတ်အလျှောက် ကြက်သည်းများပင်ထလာ၏။
သူလည်း ရေအိမ်ထဲအမြန်၀င်ကာ ကိစ္စရှင်းပြီးပြန်အထွက် ပိတောက်ပင်၏ တဖက်အကွယ်သို့ အမျိုးသမီးသဏ္ဍာန် အရိပ်တစ်ခု၀င်သွားသည်အားတွေ့လိုက်ရ၏။
” ဟင် လူလား ၊တစ္ဆေလား ”
သူလဲ ထိုအမျိုးသမီးအရိပ် ၀င်သွားရာဘက်သို့ ဓာတ်မီးဖြင့် ထိုးကြည့်သော်လည်း မည်သည့်အရာကိုမျှ မတွေ့ရပေ။
” အင်း ငါအမြင်မှားတာနေမှာပါ ”
သူလည်း အိမ်ထဲပြန်၀င်လာကာ အိပ်ပျော်ရန်ကြိုးစားရာ မကြာမီ ပြန်လည်အိပ်ပျော်သွားလေသည်။
ထိုနေ့ညက လှအောင်တစ်ယောက် မိုးလင်းခါနီးမှ အိမ်သို့ပြန်လာခဲ့၏။
” ကိုလှအောင် ရှင် ဒီအိမ်ရောက်ပြီးမှ အချိုးတွေပြောင်းနေတယ်နော် ၊ အိမ်ကဘက်ထရီကို ဆိုင်ယူပြီး အားသွင်းလိုက်အုံး၊ ညက ကလေးက ငုတ်တုတ်ထထိုင်ပြီး အခန်းပြင်ဘက်ကို လက်ညှိုးထိုးပြနေတာ ၊ ဘက်ထရီကလဲ အားနည်းနေတော့ ဘာမှမမြင်ရဘူး ”
” အေးပါ မိန်းမရာ ၊စိတ်ချပါ ၊ ငါ့ကို ဒီနေ့ အုန်းနဲ့ ငှက်ပျောဖိုး ပေးအုံး၊ အုန်းဈေးတွေလဲ တက်လိုက်တာကွာ ”
မိစိုးလဲ ငွေအချို့အား လှအောင်လက်ထဲပေးကာ သားလေးအား လက်ဆွဲလျက် ဈေးဘက်သို့ ထွက်လာခဲ့၏။
” မမသီရေ ကိုလှအောင်ကတော့ အုန်းဈေးတွေတက်တယ်လို့ပြောနေတာ ”
” မတက်ဘူးနော်မိစိုး၊ ညည်းလူ ခုတလော ခြေလှမ်းတွေပျက်နေတယ် ၊ ကြည့်ထိန်းအုံး၊ ဟိုရက်ကလဲ ဈေးထိပ်ကုန်မာဆိုင်က ကိုထွန်းတို့နဲ့ ဖဲရိုက်တာ ညည်းယောက်ျား အတော်ထိတယ်ပြောတယ် ”
မမသီ၏ စကားကြောင့် မိစိုးအတော်ပင်ဒေါသ ထွက်သွား၏။
အိမ်သို့ပြန်ရောက်သောအခါ လင်မယားနှစ်ေယာက် အကြီးအကျယ် စကားများရန်ဖြစ်ကြလေတော့သည်။
” ကိုလှအောင် ၊ ရှင်ဟာ ကလိမ်ကကျစ်လူပဲ၊ ကိုယ့်မိန်းမကိုတောင်လိမ်တဲ့ကောင် ၊ ရှင့်လိုလူကို ရွံတယ် ”
” ရွံ့ကွာ $ဂရုမစိုက်ဘူး ရှင်းလား ”
” အေး ပြန်မလာနဲ့တစ်သက်လုံးထွက်သွား ”
” မင်းအိမ်မို့မောင်းထုတ်နေတာလား၊ ဒါငါ့အမေပေးထားတဲ့အိမ်၊ ငါနေချင်နေမယ် သွားချင်သွားမယ်၊ ထွက်ချင်ရင် မင်းသာထွက်သွား ၊ ထားခဲ့ငါ့သားကို ”
ပြောချင်ရာပြောပြီးထွက်သွားသော ယောက်ျားဖြစ်သူအား နာကျည်းစွာကြည့်ရင်း ပါးပြင်မှ မျက်ရည်များပင် ကျလာ၏။
နောက်ရက်၌ လှအောင်သည် မိစိုး၏နားမှ ပန်ထားသည့် စိန်နားကပ်အား အတင်းအကြပ်ယူဆောင်သွားကာ လူအားလည်းရိုက်နှက်ထားခဲ့သည်မို့ မိစိုးတစ်ယောက် လှအောင်အား စိတ်အနာကြီးနာက သတ်ပစ်ချင်လောက်အောင် မုန်းနေမိသည်။
” အူး ဝူး ဝူး ”
ညအချိန်၌ ဆွဲဆွဲငင်ငင်အူလိုက်သော ခွေးအူသံကြီးက ထွက်ပေါ်လာ၏။
ထိုခွေးအူသံကြောင့် မိစိုးတစ်ယောက်အိပ်နေရာမှ လန့်နိုးလာ၏။
” ခွေးတွေကလဲ အူလိုက်တာ ၊ ကြောက်ပါတယ်ဆို၊ ဟိုဖဲသမားကလဲ ခုထိပြန်မလာသေးဘူး ငါ့မှာကလေးတစ်ယောက်နဲ့ ဒုက္ခ ”
သူညည်းညူရင်း လက်မှနာရီအားကြည့်လိုက်ရာ မနက်နှစ်နာရီထိုးပြီးငါးမိနစ်ဖြစ်၏။
” ရှပ် ရှပ် ရှပ် ”
“ဟင် အိမ်ရှေ့ခန်းက ခြေသံပါလား”
အသံသည် အိမ်ရှေ့ခန်းမှ ဖြစ်၏။ထိုခြေသံမှာ ခပ်လေးလေး လျှောက်နေသည့် အသံမျိုး။
ထို့နောက်ခြေသံမှာ သူ့အခန်းဘက် ခပ်မှန်မှန် လျှောက်လာ၏။ထိုနောက် အခန်း၏ ခန်းဆီးစသည် တစ်ယောက်ယောက် က အခန်းထဲ လှပ်ကြည့်သည့်ပုံစံမျိုးလှုပ်ခတ်သွား၏။
မိစိုးသည် ဘုရားစာ ရွတ်နေရင်းမှ အခန်း၀အားကြည့်ကာ
” ဟိတ် ဘယ်သူလဲ ‘”
” ငါက မစိမ်းညိုပါ”
” ဘယ်ကမစိမ်းညိုလဲ ငါမသိဘူး၊ သားနဲ့ငါ့ကို လာမနှောင့်ယှက်နဲ့၊ နင်ခြောက်ချင်ရင် လှအောင်ပြန်လာမှခြောက်၊ ဒါကလဲသူ့အိမ်၊ နင်မကျေနပ်ရင် သူ့ကိုပဲလုပ် ”
အခန်းအပြင်ဘက်၌ အသံများတိတ်ဆိတ်သွား၏။
မကြာမီ လှအောင်သည် အိမ်သို့ပြန်လာခဲ့၏။
” မိန်းမရေ နင့်နားကပ်တော့ ပလုံစွတ်သွားပြီဟေ့ ”
အရက်မူးကာ အာလေးလျှာလေးဖြင့် ပြောနေသော လှအောင်၏ စကားကား မကြားချင်ယောင်ဆောင်ကာ အိပ်ပျော်ရန်ကြိုးစားနေမိ၏။
မကြာမီ လှအောင်တစ်ယောက်ထံမှ ဟောက်သံများပင်ထွက်လာလေသည်။
” ခေါ…ခလူး …ခလူး….အူး အစ် အစ် ”
လှအောင်ထံမှ ဟောက်သံနှင့်အတူ အသံအချို့ထွက်လာ၏။
မိစိုးလဲ လှည့်ပင်မကြည့်တော့။
” ငါ့ဆိုင်အတွက် အုန်းသီး၀ယ်ခိုင်းတဲ့ အရင်းအနှီးတွေအကုန်လုံး ဖဲရိုက်တဲ့အပြင် မင်္ဂလာဦးအတွက် အမေတို့လက်ဖွဲ့ထားတဲ့ အမေ့ရဲ့ စိန်နားကပ်ကိုတောင် တစ်ညထဲနဲ့ ဖဲရိုက်လိုက်တယ်၊ ပြီးတော့ သောက်စားမူးရူးပြီးမှပြန်လာတယ်၊ စိတ်အနာဆုံးကတော့ ငါ့ကို ကိုယ်ထိလက်ရောက်ရိုက်တာပဲ ”
သူလည်း တွေးကာ ယောင်နေသော မျက်နှာတစ်ခြမ်းအား စမ်းမိကာ စိတ်အနာကြီးနာလျက်ရှိရာ မည်သည့်အချိန် အိပ်ပျော်သွားမှန်းပင် မသိပါချေ။
မိစိုးတစ်ယောက် မနက်ခင်း မီးဖိုထဲ၌ ချက်ပြုတ်နေစဉ်
” မိန်းမ မိန်းမ ”
” ဘာလဲ … ရှင်နဲ့ကျွန်မကြားမှာ ပြောစရာစကားမရှိဘူး ကိုလှအောင် ”
” ညက ငါ့ကို မိန်းမတစ်ယောက်လည်ပင်းလာညှစ်တယ်၊ အသက်ရှုရပ်ပြီး သေတော့မတတ်ပဲ၊ အဲ့ဒီမိန်းမက အသက်က အတော်ကြီးပြီ၊ ညာဘက်မျက်လုံးတစ်ဘက်မပါဘူး ၊ ငါ့မှာလန့်လို့သေတော့မယ် ..သားကိုဂရုစိုက်ပါကွာ ”
” ဩ ရှင့်မှာသားရှိမှန်းသိသေးတယ်ပေါ့၊ မဟုတ်တာတွေလုပ် ၊သောက်စားမူးရူးပြီးမှ ညသန်းခေါင်တလွဲမှ ပြန်လာတဲ့ ရှင့်နောက်ကို ပရလောကသားတွေကလိုက်လာပြီး အမြင်ကပ်လို့လည်ပင်းညှစ်တာနေမှာပေါ့ ”
လှအောင်လဲ ကိုယ့်အပြစ်နှင့်ကိုယ်မို့ ငြိမ်နေလိုက်၏။
မိစိုး၏စိတ်ထဲ၌မူ လှအောင်အား လည်ပင်းညှစ်သည့် အမျိုးသမီးသည် မစိမ်းညိုဟူသော အမျိုးသမီးကြီးပင် ဖြစ်လိမ့်မည်ဟု ထင်နေမိသည်။
” ဟူး …မစိမ်းညို ဆိုတာ ဘယ်သူလဲ ၊ ငါသူ့အကြောင်း စုံစမ်းရမယ်”
သူလည်း ထိုနေ့က ဈေးရောင်းနေရသော်လည်း စိတ်က မစိမ်းညိုဟူသော အမျိုးသမီးထံ၌သာ ရောက်နေမိ၏။
မစိမ်းညိုအကြောင်းလဲ သိချင်လွန်းလှ၏။
ထိုနေ့က အိမ်သို့စောစောပြန်လာကာ အရပ်ထဲမှ ခင်မင်သူများထံသို့ မစိမ်းညို ဟူသော အမျိုးသမီးအား သိလားဟု မေးသော်လည်း မည်သူမျှမသိကြပါချေ။
လမ်းစက ပျောက်လုနီးပါးဖြစ်နေ၏။
” ဩ မိစိုး နင်တို့အိမ်ခေါင်းရင်းဘက်မှာ ဖွားချောဆိုတဲ့ အဖွားကြီးတစ်ယောက်တော့ရှိတယ်၊ သူက အသက်ရှစ်ဆယ်လောက်ရှိပြီဆိုတော့ သူကတော့ ညည်းပြောတဲ့ မစိမ်းညိုဆိုတဲ့ အမျိုးသမီးကို သိရင်သိမှာ ”
” ဩ ဟုတ်သားပဲ အန်တီအေး ၊ ကျေးဇူးပါနော် ၊ ဖွားချောဆီ သွားမေးလိုက်အုံးမယ်”
” အေးပါအေ ”
မိစိုးတို့သားအမိလဲ ဖွားချောအိမ်သို့ ရောက်လာခဲ့၏။
” ဖွားချောရေ …ဖွားချော ”
” ဟေ အိမ်ရှေ့က ဘယ်သူလဲဟေ့ ”
” မိစိုးပါ ဖွားချော ”
” ဩ ခြေရင်းအိမ်က ငှက်ပျောသီးရောင်းတဲ့ မိစိုးလား ”
” ဟုတ် ဖွား ”
” အေး လာ လာ ၀င်ခဲ့ကြဟေ့ ”
မိစိုးလဲ ဖွားချောထိုင်နေရာ ခုံတန်းရှည်၌ ထိုင်လိုက်၏။
” ဖွားချောကို သမီးမေးစရာရှိလို့ ”
” ဟဲ့ အထူးအဆန်းပါလား၊ ပြော ဘာမေးမှာလဲ ”
” ဖွား မစိမ်းညို ဆိုတဲ့ အမျိုးသမီးကိုသိလား ”
” ဟင် မစိမ်းညိုက ဘာဖြစ်လို့လဲ ၊ ညည်းက သူ့ကိုဘယ်လိုသိတာလဲ ”
” ဟင် ဒါဆိုဖွားချောက မစိမ်းညိုကိုသိတယ်ပေါ့”
” ငါမေးတာသာ ဖြေစမ်းပါအေ၊ ညည်းက မစိမ်းညိုကို ဘယ်လိုသိတာလဲ ”
မိစိုးလဲ ညက အဖြစ်အပျက်အား ဖွားချောထံပြောပြလိုက်၏။
” ဩ နှစ်တွေလဲ ကြာလှပြီ သူခုထိမကျွတ်ရှာသေးပါလား၊သူ့ကို ကျွတ်သွားပြီထင်နေတာ၊အတ္တတွေ အစွဲတွေက သိပ်ပြီး ကြောက်စရာကောင်းပါလား ”
” မစိမ်းညိုဆိုတာက …”
” အင်း ဖွားချောရဲ့ ယောက်ခမပေါ့….ညည်းတို့အခုနေတဲ့ နှစ်ဆောင်ပြိုင်အိမ်ကြီးရဲ့ မူလပိုင်ရှင်ပေါ့၊ သူက မျက်လုံးတစ်ဖက် ကွယ်နေတာ ”
” ဟုတ်လား မွေးရာပါ မမြင်ရတာလား ”
” ဘယ်ဟုတ်ပါ့မလဲ သူငယ်ငယ်က ပြေးလွှားဆော့ကစားရင်း လူကြီးတစ်ယောက်ရဲ့ ဆေးလိပ်မီးနဲ့ မျက်လုံးကိုထိုးမိလို့ မျက်စိကွယ်သွားရှာတာ ”
ထိုအခါမှ ခင်ပွန်း ဖြစ်သူ ကိုလှအောင်ပြောသည့် လည်ပင်းလာညှစ်သော မျက်လုံးတစ်ဖက်မပါသောမိန်းမကြီးဆိုသူမှာ ဖွားချော၏ ယောက်ခမ မစိမ်းညိုပင် ဖြစ်မှန်းသေချာ သ်ိလိုက်ရလေသည်။
” သူက အတ္တကြီးတယ် ၊ မာနကြီးတယ် နောက် သူသေတော့ မကျွတ်ဘူး၊ ညည်းတို့အခုနေတဲ့ အိမ်ရဲ့ရှေ့မှာ အရင်က မန်ကျည်းပင်ကြီးတစ်ပင်ရှိသေးတယ်၊ သူသေပြီးနောက် ခြောက်အလှန့်က အရမ်းကြမ်းတာ ၊ မန်ကျည်းပင်ပေါ်ကနေဇောက်ထိုးဆင်းတာမျိုးတွေ ပေါ့၊ ဘယ်လောက်ခြောက်လဲဆို နေ၀င်လာရင် အဲ့ဒီအိမ်ရှေ့လမ်းကို လူမပြောနဲ့ ခွေးတစ်ကောင်ကြောင်တမြီးမှ မဖြတ်ရဲကြဘူး ၊ တရားတွေဘာတွေနာလဲ မရဘူး၊ နောက်ဆုံး အဲ့ဒီမန်ကျည်းပင်ကြီးကို ပွဲပေးတောင်းပန်ပြီး ခုတ်လိုက်ရတဲ့ အခြေအနေထိ ဖြစ်ခဲ့တာ။
နောက်တော့ အိမ်ထဲမှာ အသံဗလံတွေကြားပေမဲ့ အရမ်းကြီးတော့ မဟုတ်ဘူး၊
နောက်ပိုင်း ဖွားချောတို့လဲ ကလေးတွေကျောင်းစရိတ်လိုလို့ နှစ်ဆောင်ပြိုင်အိမ်ကြီးရှိတဲ့ဘက်အခြမ်းကို ခွဲရောင်းလိုက်ကြတယ်၊ နောက်လူတွေလဲ အဲ့ဒီအိမ်ကြီးမှာ သိပ်မနေကြတော့ ဘာမှပြောသံမကြားရတော့ဘူး၊ အဲ့ကြောင့် ဖွားချောလဲ သူ့ကိုကျွတ်သွားပြီ ထင်နေတာ ..ခု ညည်းပြောမှပဲ သူခုထိ မကျွတ်သေးမှန်းသိရတာ ”
” ဩ အဲ့ဒီလိုကိုး ၊ အင်း သမီးဈေးပိတ်တဲ့နေ့မှ သူ့အတွက်ရည်စူးပြီး အလှူပြု တရားနာပေးအုံးမယ် ”
” ကောင်းတာပေါ့အေ ၊ သာဓု သာဓု သာဓု ”
ဈေးပိတ်ရက်၌ သံဃာတော်များအား လှူဖွယ်၀တ္တုများအား ကပ်လှူက မစိမ်းညို အမည်အား အကြိမ်ကြိမ်ခေါ်ဆိုကာ ရေစက်သွန်းချ အမျှပေးဝေလိုက်၏။
ထိုကုသိုလ်ကြောင့် မစိမ်းညိုတစ်ယောက်ကျွတ်လွတ်သွားပြီဟု မိစိုး ထင်နေမိ၏။
” အူး ဝူး ဝူး ”
ညအချိန်၌ ခွေးအူသံကြီးက ကျက်သရေမဲ့စွာ ထွက်ပေါ်လာပြန်၏။
” အီး ဟီး ဟီး အ ဟင့် ဟင့် ”
သူ့နားထဲ၌ အမျိုးသမီးကြီးတစ်ဦး၏ လှိုက်ငိုသံကြီးအားကြားလိုက်ရ၏။
” ဟင် မစိမ်းညို ရှင် ရှင် ခုထိ မကျွတ်သေးဘူးလား ၊ သာဓုမခေါ်ဘူးလား ”
သူ့အမေးအား ပြန်မဖြေပဲ ထိုအမျိုးသမီးသည် ခေါင်းယမ်းပြကာ အခန်းထဲမှ ထွက်သွား၏။
” နေပါအုံး မစိမ်းညိုရယ် နေပါအုံး ”
” မိန်းမ မိန်းမ ဘာတွေယောင်အော်နေတာလဲ ”
” မစိမ်းညိုရော ”
” မင်းစိတ်စွဲနေလို့နေမှာ ၊ မနက်ကပဲ မင်းသူ့အတွက် အလှူလုပ်ပေးလိုက်ပြီမို့လား ၊ သူမရှိတော့ပါဘူး ”
” မဟုတ်ဘူး ကိုလှအောင် သူရှိနေသေးတယ်”
” ကဲပါကွာ အိပ်ပါတော့ ၊အစောကြီးရှိသေးတယ် ”
မိစိုးတစ်ယောက် မည်သို့ပင် ကြိုးစား၍ အိပ်စေကာမူ အိပ်၍ မပျော်တော့ပါချေ။
နောက်ရက်၌ အထက်လမ်းဆရာတစ်အား အိမ်သို့ပင့်လာခဲ့၏။
ဆရာသည် အိမ်ကြီးအားကြည့်ကာ
” အင်း ဒီအိမ်ထဲမှာ ပရလောကသား ရှိနေတယ်”
“တောက်”
ထိုစဉ် ကျယ်လောင်သော တောက် ခေါက်သံကြီးအား ကြားလိုက်ရ၏။
” မစိမ်းညို စိတ်မဆိုးပါနဲ့၊ မစိမ်းညိုကို ကူညီဖို့ ဆရာ့ကို ပင့်လာတာပါ ”
မိစိုး၏ အသံကြောင့် နှစ်ဆောင်မြိုင်အိမ်ကြီးသည် သိမ့်ခနဲ တုန်သွား၏။
ဆရာသည် သောက်ရေတစ်ခွက်၌ သပြေခက်အားစိမ်ကာ နှုတ်မှလဲ တတွတ်တွတ်ရွတ်လျက်အိမ်၏ နေရာအနှံ့အား ပက်ဖြန်းလေတော့သည်။
ထို့နောက် ဘုရားကျောင်းဆောင်ရှေ့၌ ငါးမိနစ်ခန့် ငြိမ်သက်စွာ ထိုင်ပြီးနောက်
” သမီး၊ ဒီအိမ်ကြီးမှနေတဲ့ မကျွတ်မလွတ်တဲ့သူက အတော်ကြာနေပြီ၊ နှစ်ပေါင်း တစ်ရာကျော်ပြီ ၊ ဒါကြောင့်သူ့တစ်ကိုယ်လုံး အမွှေးအမျှင်တွေနဲ့ဖုံးအုပ်ပြီး နားတွေလဲ မကြားရတော့ဘူး၊ ဒါကြောင့် သူ သာဓုမခေါ်နိုင်တာ ”
” ဟင် ဟုတ်လားဆရာ ၊ အဲ့ဒါဆို သမီးဘယ်လိုလုပ်ရမလဲဆရာ ”
” သူ့ကို အိမ်ထဲမှာ မနေအောင်တော့ လုပ်ပေးမယ် ၊ ခြံထဲက တစ်နေရာမှာ နေရာပေးလိုက်မယ်၊ သူက သမီးတို့ကိုတော့ မနှောင့်ယှက်အောင် ဆရာလုပ်ပေးမယ်၊ သူ့အကုသိုလ် ကုန်တဲ့နေ့တော့ သူကျွတ်လွတ်ခွင့်ရမှာပေါ့ သမီး”
ထိုဆရာ၏ အကူအညီဖြင့် မစိမ်းညိုအား ခြံထဲရှိ နေရာတစ်ခု၌ နေရာပေးထားသော်လည်း ထူးထူးခြားခြား ခြောက်လှန့်မှုမျိုးကား မရှိပါပေ။
နောက်ပိုင်း လှအောင်သည် ဖဲရှုံးကာ အိမ်ကြီးအား လည်း အပေါင်ရှုံးသွားလေသည်။
လှအောင်နှင့် မိစိုးတို့လင်မယားသည်လဲ လမ်းခွဲခဲ့ကြ၏။
နှစ်ဆောင်ပြိုင်အိမ်ကြီးသည်ကား ယခုထက်တိုင် တည်ရှိနေဆဲဖြစ်၏။
မစိမ်းညိုတစ်ယောက် ထိုဘ၀ဆိုးကြီးမှ အမြန်ဆုံး ကျွတ်လွတ်သွားပါစေဟု အခါခါဆုတောင်းရင်း …
လေးစားလျက်
စာရေးသူ နန်းကြာညို