မပြောစကောင်းသောနိမိတ်

မပြောစကောင်းသောနိမိတ်(စ/ဆုံး)
——————————

ထက်ထက် အလုပ်သွားရန် ထမင်းချိုင့်ကို ယူ၍ အိမ်ရှေ့ထွက်လာခဲ့သည်။

ထက်ထက်တို့နှင့် မျက်နှာချင်းဆိုင်အိမ်က ဦးလေး ဦးကျော်ဟန်လည်း အလုပ်သွားတော့မည့် စတိုင်နှင့် ထမင်းချိုင့်ကို လက်တစ်ဖက်ကဆွဲ၊ ပခုန်းပေါ် ထီးအနက်ရောင်တစ်ချောင်း ချိတ်၍ ထွက်လာသည်နှင့် ဆုံနေ၏။

ဦးလေး ဦးကျော်ဟန်က ထက်ထက်ကို ကြည့်၍ နုတ်ဆက်ပြုံးပြလိုက်ရင်း၊

” ဟဲ့ ကောင်မလေး ထီး မပါဘူးလား၊
ရေဒီယိုက မိုးရွာမယ်လို့ ကြေညာထားတယ်နော်၊ သွား သွား ထီးယူချေဦး ”

ထက်ထက်က စပ်ဖြဲဖြဲနှင့် ပြန်ဖြေလိုက်သည်။

” ထီးက သမီး ရုံးမှာ မေ့ကျန်ခဲ့တာ ဦးလေးရေ၊ညနေ အပြန်ကျမှပဲ ယူရမယ်”

” အော် လူက အသက် အစိပ် မပြည့်သေးဘူး၊ မေ့လည်း မေ့တတ်ပါ့ ”

ဦးလေး ဦးကျော်ဟန်က ထိုသို့ ပြောရင်း သူ့ဘာသာ သဘောကျစွာ ရယ်နေ၏။

ထိုအခိုက် ဦးလေး ဦးကျော်ဟန်၏ မိန်းမ ဒေါ်ကြည်ကြည်က အိမ်ထဲကနေ လှမ်း အော်လိုက်သည်။

” ကိုကျော်ဟန် ၊ ရှင့် ရုံးက ဗီရိုသော့တွဲ မေ့ကျန်ခဲ့ပြန်ပြီ ၊ ကိုကျော်ဟန်တို့ကတော့ လုပ်ချလိုက်ပြန်ပြီ၊ဒီမှာက မအားပါဘူးဆိုတော် ”

ဒေါ်ကြည်ကြည်က သူမ၏ ခပ်ဖိုင့်ဖိုင့် ကိုယ်လုံးနှင့် မလိုက်အောင် ခပ်သွက်သွက် ပြေးလာပြီး သော့တွဲကို ဦးကျော်ဟန်အား လာပေး၏။

ဦးကျော်ဟန်က ထက်ထက်အား ရှက်ပြုံး ပြုံးပြရင်း…

” ဟားဟား ငါက မင်းတူမ ထက်ထက်ကို ထီးမေ့ကျန်ခဲ့လို့ ဆူနေတာဟ၊
အခု မင်းက ငါမေ့တာ အော်ပြောမှတော့ အရှက်ကွဲပြီပေါ့ကွာ ”

ဦးကျော်ဟန်က ပြောလည်းပြော၊ သူ့အဖြစ်ကို သဘောကျစွာ ရယ်မောနေ၏။

ဒေါ်ကြည်ကြည်က ထက်ထက်အား ရယ်ပြပြီး၊ ဦးကျော်ဟန်ကို …

” ကိုကျော်ဟန်၊ ဒီကနေ့ ရှင် ရုံးက စောပြန်လာရင် မီးဖိုချောင်က မီးသီးအသစ်တစ်လုံး ဝယ်ခဲ့ပါဦး၊မနက်က ကျွန်မ ထမင်း ထချက်တော့ မီးသီးက ပုတ်ခတ် ပုတ်ခတ်နဲ့ ကျွမ်းတော့မယ် ထင်တယ်”

” အေး အေး၊ ငါ ဒီနေ့ ၃နာရီထိုးလောက် ရုံးဆင်းရမှာဆိုတော့၊ အပြန် မီးသီး တစ်လုံး ဝယ်လာခဲ့လိုက်မယ် ”

ဒေါ်ကြည်ကြည်က သတိတရဖြင့် ထက်ထက်ကို လှမ်းပြောလိုက်သည်။

“သမီးထက်ထက် ညနေစာ ဒေါ်ဒေါ်ကြည်တို့အိမ် လာစားလှဲ့။သမီးအကြိုက် ခရမ်းသီးမီးဖုတ်သုပ်ရယ်၊ ငပိရည်ကြိုရယ်၊ငါးပြေမအိုးကပ်လေးရယ်၊ လာစားနော် သမီး”

” ဟုတ်ကဲ့ ဒေါ်ဒေါ်ကြည်၊ ထမင်းသာ ပိုချက်ထားလိုက်တော့ ၊ ညနေစာ အဝ လာတွယ်မယ် ဟီးဟီး ”

ဦးကျော်ဟန်နှင့်ဒေါ်ကြည်ကြည်သည် သူမတို့ အရပ်ထဲမှာတော့ အတော်ဖော်ရွေ သဘောကောင်းသူများ ဖြစ်ကြသည်။

သားတစ်ဦးတည်း ရှိပြီး၊ ထိုသားဖြစ်သူမှာ စစ်တက္ကသိုလ်ဆင်း တပ်မတော် အရာရှိတစ်ဦး ဖြစ်၏။

အဝေးမြို့ တစ်နေရာတွင် တာဝန်ထမ်းဆောင်နေသူ ဖြစ်၍ အိမ်မှာ မရှိချေ။

ဦးကျော်ဟန်တို့ အိမ်မှာ ဦးကျော်ဟန်၊ ဇနီး ဒေါ်ကြည်ကြည်နှင့် ယောက်ခမဖြစ်သူ ဒေါ်လှတို့ ၃ဦးသာ နေထိုင်၏။

အဖွားလှသည် အသက်၇၀ အရွယ်၊ ကျန်းမာရေး ချို့ငဲ့သူ ဖြစ်သည်။ရံဖန်ရံခါ သူငယ်ပြန်ချင်သလို ရှိ၏။သတိမေ့လွယ်၏။

ဒေါ်ကြည်ကြည်က အဖွားလှအား သမီးကောင်း ပီသစွာ ပြုစုပေးနေသူ ဖြစ်သည်။

ထက်ထက်သည် ဦးလေး ဦးကျော်ဟန်တို့ အိမ်ဘက်ကို အမြဲ သွားလည်တတ်သူ ဖြစ်သည်။

ဦးကျော်ဟန် နှင့် ဒေါ်ကြည်ကြည်တို့က ထက်ထက်ကို သမီးလေးလို ချစ်ကြသည်။

တစ်ခါတရံ ဒေါ်ကြည်ကြည်က ထက်ထက်အား ချွေးမလေးဟု စနောက် ခေါ်လေ့ ရှိသည်။

ဦးကျော်ဟန်ကလည်း ထိုသို့ စနောက်လေ့ ရှိသည်။

ထက်ထက်နှင့် သူမ၏ သား စစ်ဗိုလ်ကို သဘောတူသည့် အရိပ်အယောင် အမြဲပြသတတ်သည်။

ထက်ထက်နှင့် ဗိုလ်ကြီးစည်သူတို့ကလည်း ငယ်စဉ်က ကျောင်းနေဖက်များ ဖြစ်ကြသည်။

တစ်ဦးကိုတစ်ဦး ခင်ခင်မင်မင် ရှိကြပေမယ့် ချစ်သူများတော့ မဟုတ်ကြချေ။

ဦးလေး ဦးကျော်ဟန် နှင့် ဒေါ်ကြည်ကြည်တို့က ထိုသို့ စလျင်တော့ သူမ ရှက်ယောင်ဝဲဝဲ ရှိတတ်လေ၏။

ဗိုလ်ကြီးစည်သူကလည်း အားသည့် အချိန်များမှာ ထက်ထက်ထံ ဖုန်းဆက်၍ စကားပြောလေ့ ရှိသည်။

ဖုန်းဆက်သည့်အခါတိုင်းမှာ အဖေနှင့်အမေကို သူ့ကိုယ်စား ဂရုစိုက်ပေးပါဦးလို့ တဖွဖွ မှာတတ်သည်။

” သမီး ညည်းလူဆီက ဖုန်းလာသေးလား ”

ကားဂိတ်သို့ အတူ လမ်းလျှောက်လာကြရင်း ဦးကျော်ဟန်က ထက်ထက်အား လှမ်းမေးလိုက်ခြင်း ဖြစ်သည်။

” ဟာ ဦးလေးနော်၊ ဘာ ညည်းလူလဲ”

” ဟားဟား ဦးလေးက သဘောရိုးပါအေ၊ ညည်းသူငယ်ချင်း စည်သူက ဖုန်းဆက်သေးလားလို့ မေးတာပါ ..”

ဦးလေး ဦးကျော်ဟန် မေးမှ သူမ သတိရသွားသည်။မနေ့ညက စည်သူနှင့် ဖုန်းဆက်ဖြစ်ကြသေးသည်။

စည်သူက သူ့စိတ်တွေ ခုတလော လေးလံနေကြောင်း၊အဖေနှင့်အမေကို မပြတ်သတိရနေမိကြောင်း၊အထူးသဖြင့် အဖေ့ကို ခဏခဏ အိမ်မက် မက်နေကြောင်း ပြောသွားသည်။

” ငါ အိမ်မက် မက်တယ်ဟ၊ အိမ်မက်ထဲမှာ အဖေက ငါ့ကို ငေးကြည့်နေတာ ၊ ဘယ်လိုမျိုးလဲ မပြောပြတတ်ပါဘူးဟာ၊ အဖေ့ပုံစံက ဝမ်းနည်းအားငယ်နေသလိုပဲ၊နင် အဖေ့ကို ဂရုစိုက်ပေးပါဦးနော် ”

“နင်ကလည်းဟာ ဦးလေးက မာမာချာချာကြီးပါဟ၊အမြဲတန်း ရယ်စရာတွေ ပြောပြီး ရယ်နေတတ်တာ၊ နင့်ဘာသာ အိမ်မက်တွေ ရှောက်မက်နေတာပါ။တကယ်ဆို နင်မက်ရမယ့်အိမ်မက်က အဖွားလှကို မက်ရမှာဟ၊ အဖွားလှက အခုတလော အသက်ရှုရတာ ကြပ်နေတယ်လို့ ဒေါ်ဒေါ်ကြည်က ပြောနေတယ်”

” အေးပါဟာ၊ ငါလည်း အဖေ့ကို သတိရနေလို့လည်း ဖြစ်မှာပါ၊ ဘာပဲဖြစ်ဖြစ် အဖေကိုရော အမေကိုပါ ဂရုစိုက်ပေးတာ ကျေးဇူးတင်ပါတယ် ထက်ထက်ရာ၊ ငါ ခွင့်ရလို့ ပြန်လာရင် နင့်အတွက် သစ်ခွပန်းတွေ ဝယ်ခဲ့ပေးမယ် ”

စည်သူက သူမ ကြိုက်တတ်သော သစ်ခွပန်းပင်လေးတွေ ဝယ်ခဲ့မည်ဆိုတော့ မိန်းကလေးပီပီ ထက်ထက် ကျေနပ်သွားသည်။ဖုန်းဆက်ခဲ့သည့် အကြောင်းကို ဦးလေး ဦးကျော်ဟန်အား ပြောပြတော့ ရယ်နေ၏။

” သားကြီးက အဖေကို စိတ်မချနေတာပေါ့လေ။ဦးလေးက ကျန်းမာပါတယ်။ နှာစေးချောင်းဆိုးတောင် မဖြစ်ဘူး။ သူ့အမေ မကြည်ကသာ သွေးတိုးရောဂါ ရှိတာပါကွယ်။အဲ့ဒါကြောင့် ဦးလေးက အငံတွေ လျော့စားဖို့ သတိပေးနေရတယ်၊ဒီတစ်ခါ ဖုန်းလာရင် ပြောလိုက်၊ ဦးလေးက စူပါမင်းလို့၊ တော်ရုံ ရောဂါနဲ့တော့ မသေဘူး၊ ဓာတ်ကြိုးသွားကိုင်မှ ဓာတ်လိုက်သေမှာလို့ ဟားဟား ”

“ဟာ ဦးလေးကလည်း နိမိတ်မရှိ နမာမရှိနော်၊ ဘာတွေ ရှောက်ပြောနေတာလဲ မသိဘူး ..”

” ဟဲဟဲ ရယ်စရာ ပြောတာပါ သမီးရယ်၊ ဘယ်သူက ဓာတ်ကြိုးကို သွားကိုင်ပါမလဲ။ ရူးနေတာမှ မဟုတ်တာ ”

ဤသို့ဖြင့် စကားတပြောပြောနှင့် တူဝရီးနှ်းယောက် လမ်းလျှောက်လာရာ ကားမှတ်တိုင်သို့ ရောက်လာ၏။

မိုးသားများက အနောက်တောင်ထောင့်ဆီက မည်းတက်လာသည်။မကြာခင် မိုးရွာတော့မည်။

” ထက်ထက် ညနေ ရုံးဆင်းရင် ထီး ယူခဲ့ဖို့ မမေ့နဲ့နော်။မိုးက ၂ရက် ၃ရက် ဆက်ရွာမယ်လို့ ကြေညာထားတယ်၊ ဘယ်အချိန် ရွာမလဲတော့ မသိဘူး”

“ဟုတ်ကဲ့ ဦးလေး ၊ အပြန်ကျ သမီး ထီးယူခဲ့မယ်၊ မယူလို့လည်း မဖြစ်ဘူး၊ အိမ်မှာက ထီးအပို မရှိတော့ဘူး ဦးလေးရဲ့၊ သမီး ထီးကို ဘတ်စ်ကားပေါ် မေ့ကျန်ခဲ့လို့ အိမ်မှာ ထီး အပို မရှိတော့ဘူးလေ ဟင်းဟင်း ”

ထိုစဉ် ဦးလေး ဦးကျော်ဟန် စီးရမည့် ဘတ်စ်ကားက ကားမှတ်တိုင်သို့ ဝင်လာသည်။

ထက်ထက်က သူမအား သတိပေးနေသော ဦးလေး ဦးကျော်ဟန်ကို ကားပေါ်တက်ခါနီး လှမ်းသတိပေးလိုက်သေးသည်။

” ဦးလေး …ဒေါ်ဒေါ်ကြည် မှာလိုက်တာ မမေ့နဲ့ဦးနော်..”

ဦးလေး ဦးကျော်ဟန်က ဘာလဲဟုသဘောဖြင့် မေးဆတ်ပြသည်။

ထက်ထက်က မီးလုံး မီးလုံးဟု လှမ်းအော်ပြောလိုက်သည်။

ဦးလေး ဦးကျော်ဟန်လည်း ကားပေါ်တက်ပြီးရော ဘတ်စ်ကားက ထွက်သွားလေတော့သည်။

သူမ ပြောတာတောင် ဦးကျော်ဟန် ကြားသွားရဲ့လား မသိချေ။အပြန် မီးသီး ပါမလာလို့ကတော့ ဒေါ်ဒေါ်ကြည်၏ ပေါက်ပေါက်ဖောက်သလို ပွစိပွစိ ပြောသံဆူသံကို ဦးလေး ဦးကျော်ဟန် ခံရပေဦးမည်ဟု ထက်ထက် တွေးလိုက်မိသည်။

မကြာခင် ထက်ထက် စီးရမည့် ဘတ်စ်ကားလည်း ရောက်လာ၍ ထိုနေရာလေးမှ ထွက်လာခဲ့သည်။

………………….

ည ၈ နာရီခွဲခန့်အချိန်..

လမ်းမပေါ်တွင် ကားများ၏ ကားဟွန်းသံများ၊ အင်ဂျင် သံများ၊ အိပ်ဇောသံများ
ဆူညံစွာဖြင့် ပွက်လောရိုက်နေ၏။

စူးရှသော ကားမီးရောင်များမှာ မျက်စိပင် ကျိန်းမတတ်ရှိ၏။

ထက်ထက် သူငယ်ချင်းအိမ်က ပြန်လာခြင်းဖြစ်သည်။

ယုယသည် သူမနှင့် တက္ကသိုလ်တွင် အခင်ဆုံး သူငယ်ချင်းများ ဖြစ်ခဲ့ကြသည်။

နေ့လယ်က သူမ အလုပ်လုပ်သော ရုံးအထိ လူကိုယ်တိုင် လာ၍ ဖိတ်စာ ပေးသွားခဲ့သည်။

ထို့ကြောင် ထက်ထက်သည် မိဘများ စိတ်မပူစေရန် ဖုန်းဆက်ထားလိုက်ပြီး၊ ရုံးဆင်းချိန် တစ်ခါတည်း ယုယတို့အိမ်သို့ တက္ကစီ ငှားပြီး သွားခဲ့ခြင်း ဖြစ်သည်။

သူငယ်ချင်း ယုယ၏ မွေးနေ့ ဖိတ်ခေါ်၍ တကူးတက လာခဲ့ခြင်း ဖြစ်သည်။

သူမ နေသော ရပ်ကွက်နှင့် ယုယတို့ရပ်ကွက်က အတော်ဝေးလေ၏။

အပြန်ကို ဘတ်စ်ကား စီးပြန်မည်ဟု တွေးထား၏။

ယုယ၏ အိမ်က လမ်းမကြီးမှတစ်ဆင့် အတွင်းထဲသို့ ဝင်ရသေး၏။

ထိုလမ်းသွယ်လေးထဲက ထွက်လာခဲ့သော ထက်ထက် လမ်းမကြီးသို့ ရောက်လာပြီ ဖြစ်သည်။

လမ်းထိပ်ရောက်တော့ သူမ ဟိုဖက်လမ်း ကူးရန် ကားအသွားအလာ ကျဲပါးချိန်ကို စောင့်နေခြင်းဖြစ်သည်။

သူမသည် လမ်းမကြီး၏တစ်ဖက်ကကားမှတ်တိုင်မှ ဘတ်စ်ကား စောင့်စီးရမည်မဟုတ်လား။

လမ်းမပေါ် ကားအနည်းငယ် ကျဲသွားသည့်အခါ ထက်ထက် လမ်းကူးရန် ပြင်လိုက်၏။

ထက်ထက် ဟိုဘက်လမ်းကို အကူးတွင် အလျင်လိုလာသော ကားတစ်စီးဖြင့် တိုက်မိမလို ဖြစ်သွား၏။

ကားပေါ်မှ လူက ထက်ထက်အား မကြားဝန့်မနာသာ ယုတ်ရင်းကြမ်းတမ်းသော စကားများဖြင့် ဆဲဆိုသွား၏။

ထိုသို့ဆဲဆိုပြီးမှ ကားကို ဝူးကနဲ ဆောင့်ထွက်သွားလေ၏။

ထက်ထက် ဒေါသထွက်သွားသည်။ရုတ်ခြည်း မတုန့်ပြန်တတ်သော မိမိကိုယ်ကိုလည်း ရှက်ရွံအားငယ်မိလေ၏။

လမ်းမကြီးပေါ် တစ်ယောက်တည်း စိတ်တိုစွာ ကျန်ခဲ့လေသည်။

သို့ဖြင့် လမ်း၏ ဟိုဘက်ကို ကူးလာခဲ့သည်။ကားမှတ်တိုင်မှာ ကားစောင့်နေသူ အချို့က ထက်ထက်အား စာနာသနားစွာ ကြည့်နေကြသည်။

ထက်ထက် မသိသလိုပဲ ဟန်ဆောင်ကာ ဖုန်းကို ထုတ်၍ ကြည့်နေလိုက်၏။

မကြာမီ ဘတ်စ်ကား တစ်စင်း မှတ်တိုင်သို့ ဝင်လာသည်။

ဘတ်စ်ကားသည် ခရီးသည်များ ပြည့်ကြပ်လျက် ရှိ၏။

မတတ်နိုင်၊ ရောက်လာသော ဘတ်စ်ကားကိုပဲ သူမ အတင်းတို့ဝှေ့ စီးခဲ့ရတော့သည်။

ဘတ်စ်ကားပေါ်အတက် သူမ၏ စလင်းဘက်အိတ်ကြိုးက ပြတ်သွား၏။

ဒီကနေ့ သူမ ကံမကောင်းဟုသာ စိတ်ထဲက တွေးလိုက်ရသည်။

ကားပေါ်ရောက်မှ မိုးက သည်းသည်းမည်းမည်း ရွာတော့သည်။

အတက်စ တံခါးပေါက်မှာ သူမ ရပ်နေခြင်းကြောင့် အပြင်က မိုးစက်များ လူကို ထိမှန်၍ ကိုယ်တစ်ခြမ်း ရေစိုကုန်၏။

သူမ ဆင်းရမည့် မှတ်တိုင်ကို ရောက်တော့၊ မိုးက ပို၍ သည်းလာသည်။

ဘတ်စ်ကားမှတ်တိုင်၏ အမိုးအောက်တွင် သူမ မိုးခိုနေလိုက်သည်။

မိုးက အတော်နှင့် မတိတ်ချေ။ရွာကောင်းကောင်းနဲ့ ရွာနေ၏။သူမ၌ ဒီကနေ့ ထီးမပါလာခဲ့ချေ။

မနက်က ဦးလေး ဦးကျော်ဟန် သတိပေးတာကို သတိရသွား၍ ပြုံးလိုက်မိသည်။မေ့လည်း မေ့တတ်နိုင်လွန်းသော သူမ၏ အသိဉာဏ်ကို ဒေါသထွက်မိသည်။

သို့ဖြင့် ကားမှတ်တိုင်အမိုးအောက်တွင် သူမ မိုးတိတ်သည်အထိ စောင့်ဆိုင်းနေလိုက်သည်။

အချိန်ကား ည ၉နာရီပင် ထိုးပြီ ဖြစ်၏။
ကိုရွှေမိုးက အတော်နှင့် မစဲချေ။

နာရီဝက်လောက် အကြာမှာတော့ မိုးက စဲသွား၏။သို့သော် တိမ်လွှာတွေက ညှစ်ချနေသလိုပင်။

မိုးစက်လက်လေးတွေတော့ ကျနေမြဲ။
မိုးရွာထားသောကြောင့် လမ်းက ဗွက်အနည်းငယ် ထနေ၏။

စိုစွတ်စွတ် ရေအိုင်ငယ်လေးများကို သူမ ရှောင်ကွင်းပြီး လမ်းဆက်လျှောက်ရဦးမည်ဖြစ်သည်။

ထက်ထက် ..စိတ်ရှုပ်ထွေးစွာ သူမ၏အိမ်သို့ လမ်းလျှောက်လာခဲ့သည်။

သူမ၏ အိမ်သည် ကားမှတ်တိုင်မှဆိုလျှင် ၁၀မိနစ်သာသာ လမ်းလျှောက်ရသေး၏။

ညအချိန်ဆိုပေမယ့်..သူမတို့ရပ်ကွက်
လေးသည် သွားလာနေကြဆဲပင်။

လမ်းထိပ်က လ္ဘက်ရည်ဆိုင်လေးမှာ တီဗွီကြည့်နေကြသူများ ရှိနေကြသေးသည်။

လူသွားလူလာ မပြတ်သေးပါ။

တစ်ယောက်စ နှစ်ယောက်စတော့ မြင်တွေ့နေရ၏။

အချိန်ကလည်း ည ၉နာရီ၄၀မိနစ်ခန့် ရှိပြီဖြစ်၏။

ထက်ထက်..လမ်းသွယ်လေးထဲ ချိုးဝင်လာတော့ သူမနှင့် မျက်နှာချင်းဆိုင်မှ လူတစ်ဦး လမ်းလျှောက်လာသည်ကိုတွေ့လိုက်ရသည်။

ထိုလူသည် လမ်း၏ ဘေးတစ်ဖက်မှ
ခေါင်းငိုက်စိုက်ချကာ ကပ်လျှောက်လာခြင်းဖြစ်သည်။

လမ်းမီးတိုင်မှ ဝါကျင့်ကျင့် အလင်းရောင်တွင် ထိုလူကို ထက်ထက် အကဲခတ်လိုက်ရာ၊ သူမ၏ အိမ်နီးနားချင်း ဦးလေးဦးကျော်ဟန် ဖြစ်နေ၏။

~ ဟင်! ဦးလေးဦးကျော်ဟန်ပါလား၊
ဒီအချိန်..ဘယ်များသွားမလို့ပါလိမ့်။

သူ့မိန်းမ အန်တီကြည်နဲ့များ ရန်ဖြစ်လာတာလား၊

ဦးလေးကြည့်ရတာ တစ်ခုခု စိတ်ညစ်လာတဲ့ပုံပဲ…,

မနက်က မီးသီးဝယ်ခဲ့ခိုင်းတာ မေ့နေလို့ ညဘက် ထွက်ဝယ်တာများလား~

ဦးကျော်ဟန်နှင့် နီးလာတော့ ထက်ထက်က အားရဝမ်းသာ လှမ်းနုတ်ဆက်လိုက်သည်။

” ဦးလေး ညကျမှ ဘယ်သွားမလို့လဲ”

ဦးကျော်ဟန်သည် သူမ၏ခေါ်သံကြောင့် ခေါင်းကို မော့ကြည့်ပြီး အံသြဟန်
ပြသည်။သူ့ကိုယ်သူလည်း ငုံ့ကြည်နေပါ၏။

ပြီးတော့ ဦးကျော်ဟန်က သူမကို ထိတ်လန့်ကြောက်ရွံသွားသလို ရပ်တန့်သွားသည်။

ဦးကျော်ဟန်၏ မျက်နှာသည် ခါတိုင်းနှင့်မတူ ဖြူဖျော့ဖျော့ ဖြစ်နေ၏။

ဒီည မြင်ရသော ဦးကျော်ဟန်၏ မျက်နှာက ဖွေးထေးထေးဟု ထက်ထက် တွေးလိုက်သည်။

ဦးကျော်ဟန်၏ ပါးစပ်မှ စကားပြောသကဲ့သို့ လှုပ်ခတ်သွား၏။

သို့သော် သူမ၏နားထဲတွင် ဘာသံမျှ မကြားရချေ။

” ဦးလေး ဘာဖြစ်နေတာလဲ၊ဦးလေး ဘာပြောတာလဲ ကျမ နားမလည်ဘူး၊
ကျွန်မ ထက်ထက်လေ ဦးလေး ”

သူမ စိတ်မရှည်စွာ ဦးကျော်ဟန်အနီးသို့
တိုးကပ်သွားလိုက်၏။

အမြဲတန်း ပြုံးရွှင်စွာ စနောက်နေတတ်သော ဦးလေး ဦးကျော်ဟန်မှ ဟုတ်ပါလေစ။

ဦးကျော်ဟန်က သူ၏အနားကို အကပ်မခံပဲ နောက်သို့ ခြေတစ်လှမ်းခန့်ဆုတ် သွားပြီး လက်တကာကာဖြင့် သူမကို ကွင်းရှောင်ကာ ခပ်သုတ်သုတ် ထွက်သွားလေသည်။

ထက်ထက်တစ်ယောက် အံသြစွာဖြင့်သာ ကျန်ခဲ့လေသည်။

ထွက်သွားသော ဦးကျော်ဟန်၏ နောက်ကျောကို လှမ်းကြည့်လိုက်၏။

ဦးကျော်ဟန် လမ်းလျှောက်သွားသည်မှာ လေမှာလွင့်မျောသွားသည်နဲ့ တူသည်ဟု သူမ တွေးထင်မိသည်။

နောက်တစ်ခုက ဦးလေး ဦးကျော်ဟန်၏ မျက်နှာသည် အတော်လေး စိတ်ပင်ပန်းနေပုံ ပေါ်သည်။ညှိုးနွမ်းနေပါ၏။

ဒေါ်ဒေါ်ကြည်များ သွေးတိုးပြီး နေမကောင်းလို့လားဟု တွေးမိပြန်သည်။

ဦးကျော်ဟန်သည် လမ်းမီးတိုင်မရှိသော အမှောင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။

သူမ၏ စိတ်ထဲတွင် ဦးကျော်ဟန်၏ဆက်ဆံပုံမှာ တစ်မျိုးကြီးဟု တွေးလိုက်သေးသည်။

ထိုအခိုက် ဆွဲဆွဲငင်ငင်ဖြင့် ခွေးအူသံကြီးက ကြက်သီးထစရာ ထွက်ပေါ်လာသည်။

ထိုခွေးအူသံသည် ဦးလေး ဦးကျော်ဟန် ထွက်သွားသော လမ်းထိပ်ဘက်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

သူမ လမ်းထိပ်ကို လှမ်းကြည့်တော့ အုတ်တံတိုင်းဘေးမှာ လူတစ်ယောက် ငုတ်တုပ်ထိုင်နေသလိုလို မပီမပြင် ဝိုးတဝါး မြင်တွေ့လိုက်ရသည်။

ကျောမထဲက စိမ့်စိမ့်ပြီး ချမ်းလာသလိုလို ၊ ခေါင်းမွှေးများက ဆွဲဆန့်ခံရသလိုလို မအီမသာ ခံစားလိုက်ရသည်။

ထိုနေရာမှ ထက်ထက် ခပ်သုတ်သုတ်လေး အိမ်သို့ လျှောက်လာခဲ့လိုက်သည်။

သူမ၏ အိမ်ရှေ့ရောက်တော့ သူမတို့၏
တစ်ဖက်က အိမ်ရှေ့၌ ကနားဖျင်းထိုး
ထားသည်ကိုတွေ့လိုက်ရသည်။

ကနားဖျင်းဆိုသည်မှာ ယာယီအရိပ်ရမိုးကာတဲကို ခေါ်ဆိုခြင်းဖြစ်သည်။

လူသေပါက လာမေးသော ဧည့်သည်များ အရိပ်ရနားနေရန်ဖြစ်သည်။အချို့အရပ်က အရိပ်စင်ဟု ခေါ်ဆိုကြ၏။

ထိုအိမ်သည် ဦးကျော်ဟန်တို့ အိမ်ဖြစ်
၏။

စိတ်ထဲ ဦးကျော်ဟန်၏ယောက်ခမ အဖွားဒေါ်လှမြင့် ဆုံးသွားသည်ဟုပင် အောက်မေ့မိသည်။

အဖွားဒေါ်လှမြင့်က အသက်၇၀နားကပ်နေပြီဖြစ်ပြီး၊ ကျန်းမာရေး သိပ်မကောင်းချေ။

ထို့ကြောင့် အဖွားဒေါ်လှမြင့် ကွယ်လွန်သွားသည်ဟု တွေးမိခြင်းဖြစ်သည်။

အိမ်ထဲဝင်လာတော့ ဖေဖေ နှင့် မေမေက တီဗွီကြည့်နေတုန်း ဖြစ်သည်။

” ဖေ..မေ… သမီး ပြန်ရောက်ပြီ ”

မေမေက ထက်ထက်အား လှမ်းကြည့်ပြီး၊

” သမီး ပြန်ရောက်ပြီ၊ မေမေက သမီးဖေဖေကို ထီးယူပြီး လမ်းထိပ် ထွက်ကြိုဖို့ ပြောနေတာ ”

ထက်ထက်က…

” ဟုတ်တယ်မေမေ၊သမီး စောပြီးပြန်လာတာပဲ၊ လမ်းမှာ မိုးက တအားရွာနေတော့ ဘတ်စ်ကားမှတ်တိုင်မှာ မိုးခိုနေရသေးတယ်”

” အေး အေး..ကောင်းပါတယ်ကွယ်။
သမီး..ထမင်းစားအုံးမှာလား၊
အုပ်ဆောင်းအောက်မှာ ဟင်းတွေခပ်ပြီးသား၊ထမင်းခူးစားရုံပဲ သမီး”

မေမေ့စကားအဆုံးမှာ..

” သမီး..မွေးနေ့က စားခဲ့ပြီးပြီ မေမေ၊
မစားတော့ပါဘူး။အော်..မေမေ၊ ဟိုဘက်အိမ်က အဖွားဒေါ်လှမြင့် ဆုံးသွားပြီလား…”

ထက်ထက်ရဲ့မေမေ ဒေါ်သက်ထားက ခေါင်းကိုခါပြရင်း…

” ဖွားလှ ဆုံးတာမဟုတ်ဘူး သမီးရေ..၊
နေမကောင်းနေတဲ့ ဖွားလှက ဘာမှမဖြစ်ပဲ၊သူ့သား ကိုကျော်ဟန်က ညနေပိုင်းက ဓာတ်လိုက်ပြီး…သေသွားတာသမီးရေ ”

” ရှင်! ဦးလေး ဦးကျော်ဟန် ဟုတ်လား”

ထက်ထက်…မေမေ့အနီးသို့ပြေးသွားကာ မေမေ့လက်မောင်းကိုကိုင်လျှက်၊သေချာအောင် မေးလိုက်သည်။

” တကယ်ကြီးလား…မေမေ”

မေမေက..သူမအား နှစ်သိမ့်ဟန်ဖြင့်

” မကြည်ယောကျ်ား..ဖွားလှရဲ့သားကြီး
သမီးရဲ့ ဘော်ဒါ ကိုကျော်ဟန်လေ..။တကယ်ကို သနားစရာပါကွယ်၊ မေမေတို့လည်း ကြားပြီးကတည်းက စိတ်မကောင်း ဖြစ်နေတာကြတာ ”

” ရှင်!… … ”

ထက်ထက်..မေ့မျောသွားမတတ် ထိတ်လန့်သွားလေသည်။

ဒါဆိုရင် လမ်းမှာ တွေ့ခဲ့ရသော ဦးလေး ဦးကျော်ဟန်က လူ မဟုတ်တော့ဘူးပေါ့။ဦးလေး ဦးကျော်ဟန် ဆုံးသွားပြီတဲ့။

သူမနှင့် မနက်တိုင်း ကားဂိတ်သို့ အတူ လမ်းလျှောက်သွားနေကြ ဦးလေး။

ငါ့ချွေးမလေး ဟု သူ့သားနှင့် စနောက်နေတတ်သော ဦးလေး။

ငါ့အဖေကို ပိုပြီး ဂရုစိုက်ပေးစမ်းပါဟု ပြောသော သူငယ်ချင်းစည်သူ၏ အဖေ။

သူမအကြိုက်လေးတွေ ချက်တိုင်း ထမင်း လာစားဖို့ ခေါ်တတ်သော ဒေါ်ဒေါ်ကြည်၏ ချစ်လှစွာသော ခင်ပွန်း။

ဦးလေး ဦးကျော်ဟန် ဓာတ်လိုက်ပြီး ဆုံးသွားပြီတဲ့။

ထက်ထက် ဘယ်လိုပင် ယုံကြည်ရမလဲ မသိတော့ချေ။

မျက်လုံးထဲ ဦးလေး ဦးကျော်ဟန်၏ ရယ်ပြုံးနေတတ်သော မျက်နှာကို ပြေးမြင်ယောင်မိတိုင်း ရင်ဘတ်ထဲက အောင့်လာ၏။မျက်ရည်များ ဝဲလာသည်။

ညဘက် သူမအား ဖုန်းဆက်တတ်သော စည်သူကို ဘယ်လို ပြောရမလဲဟု တွေးကာ ဝမ်းနည်းလာမိသည်။

မနက်ကမှ သူမနှင့် ကားဂိတ်မှာ လမ်းခွဲခဲ့သော ဦးလေး ဦးကျော်ဟန်သည် ယခု လူ့ဘဝကြီးထဲမှာ မရှိတော့ချေ။

ထို့ကြောင့် လူကြီးသူမများက အတိတ်တဘောင်တွေ ယုံကြည်ကြသည်လား မပြောတတ်ချေ။

“ဦးလေးလို မာမာချာချာကြီးက ဓာတ်ကြိုးကို သွားကိုင်မှပဲ သေမှာ ”

ထိုစကားသည် ဦးကျော်ဟန်က သူ့နိမိတ်ဆိုးဆိုတာ သိသွားပါလေစ။

ဦးလေး ဦးကျော်ဟန်သည် မနက်က ထက်ထက်အား ပြောသလိုများ ဓာတ်ကြိုးကို မတော်တဆ ကိုင်မိ၍ ဓာတ်လိုက်သေခြင်းများလား။

အော် ဦးလေးရယ်၊ အဲ့ဒါကြောင့် မကောင်းတဲ့ နိမိတ်တွေ မပြောပါနဲ့လို့ သမီး တားမြစ်ခဲ့တာပေါ့။

ဦးလေး ဦးကျော်ဟန် တစ်ယောက် ဘဝကူး ကောင်းပါစေ။

နောင်ဘဝ အထုံ မပါပါစေနဲ့ဟုသာ ထက်ထက် စိတ်ထဲက ဆုတောင်းနေမိသည်။

ပီပီ(မန္တလေး)