မယားစွဲ တစ္ဆေ(စ/ဆုံး)
————————-
ဤဇာတ်လမ်းသည် မြန်မာနိုင်ငံအလယ်ပိုင်းရှိရွာလေးတစ်ရွာတွင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်၏။
ဇာတ်လမ်းစတည်ရာ ရွာလေး၏အမည်ကို အမည်လွှဲထားသကဲ့သို့ ပါဝင်သူလူများ၏အမည်များကိုလည်း ပြောင်းလဲထားပါသည်။
ရွာအမည်က သရက်ကုန်းရွာဖြစ်သည်။
သရက်ကုန်းရွာသည် အနီးအနားရွာများထက်ပင် အိမ်ခြေပိုများသကဲ့သို့ ရွာ၏နေထိုင်မှုသည်လည်း အခြားရွာများထက်အဆင့်အတန်းမြင့်မားလေသည်။
သရက်ကုန်းရွာ၏ အဓိကစားဝတ်နေရေးလုပ်ငန်းသည် လယ်ယာလုပ်ငန်းဖြစ်ပြီး ဆံပင်ဒိုင်များ၊ ယက္ကန်းလုပ်ငန်းများလည်း ရှိပေ၏။
ထိုသို့ အလုပ်အကိုင်ပေါသော ထိုရွာလေး၌ နေထိုင်ကြသူများသည် အပူအပင်မရှိကြ။
သာရေးနာရေးပွဲများ၌လည်း လူညီကြ၏။
သို့ရာတွင် အလုံးစုံကောင်းမွန်ခြင်းသည် မရှိသကဲ့သို့ သရက်ကုန်းရွာ၌ ဦးကျော်ခင် ဆိုသည့် လူတစ်ယောက်သည်လည်း ရှိပေသည်။
ဦးကျော်ခင်သည် မိဘပိုင်လယ်ယာလုပ်ငန်းအား ဦးစီး လုပ်ကိုင်နေသူတစ်ဦးဖြစ်သည်။
ဦးကျော်ခင်၏ မိသားစုဖြစ်သောဇနီး ဒေါ်ကြင်၊ သား ဇော်ခင်နှင့် သမီး မြလေးတို့သည်လည်း လယ်ယာလုပ်ငန်း၌သာ ဝိုင်းဝန်းကူညီကြရလေသည်။
အများအပေါ်၌…
“ဗျို့…ကိုကျော်ခင် ကျုပ်အိမ်က နွားတွေ…တလောကမှ ငွေလေးလိုတာနဲ့ ရောင်းလိုက်ရတယ်ဗျာ..အဲ့တာခင်ဗျားနွားလေး ဒီနေ့တစ်နေ့လောက် ငှားပေးပါဦး…”
တစ်ရွာထဲနေသူ ဦးရာဘော်သည် ဦးကျော်ခင်၏ နေအိမ်ထံသို့ရောက်ရှိလာခဲ့၏။
ရောက်ရှိလာခဲ့ပြီးနောက် ဦးကျော်ခင်၏ နွားတစ်ရှဥ်းအား ငှားလေရာ ဦးကျော်ခင်က…
“ရပါတယ်…။ကျုပ်နွားငှားတာများဗျာ…ငှားပေးရမှာပေါ့ တစ်ရွာထဲအတူနေတဲ့ သူတွေပဲဟာ…”
ဦးကျော်ခင်က သဘောတူလေတော့ ဦးရာဘော် ဝမ်းသာသွားလေသည်။
” ကျေးဇူးပါ ကိုကျော်ခင်ရာ…။ကျုပ်လယ်ကစပါးရရင် တစ်တင်းပေးပါ့မယ်ဗျ…”
“ဒါတွေမလိုပါဘူး ကိုရာဘော်ရာ…။နွားတွေ တင်းကုပ်မှာ ဝင်သာဆွဲသွားဗျို့…ကျုပ်အစာကျွေးပြီးသား…”
“ဟုတ်…ဟုတ်…ဒါဆို ကျုပ်ခုပဲဆွဲသွားတော့မယ်ဗျာ…”
“ကောင်းပြီဗျို့…”
“အစ်မကြင်ရေ…ကျုပ်သွားပြီဗျို့….”
ဦးရာဘော်က ကွပ်ပျစ်ပေါ်၌ ဆန်ရွေးနေသော ဒေါ်ကြင်အား နူတ်ဆက်လေသည်။
ဒေါ်ကြင်သည်လည်း ဦးရာဘော်အသံကြောင့်…
“ဟုတ်ကဲ့ အစ်ကိုရာဘော်…”
ဟု ပြန်လည် ခွန့်တုန့်ပြန်မိသည်။
ထိုသို့ပြန်လည်ပြောဆိုရာတွင် ဦးကျော်ခင်တစ်ယောက် ဒေါသမျက်လုံးများဖြင့် ဒေါ်ကြင်အား ကြည့်နေခဲ့သည်ကို ဒေါ်ကြင်တစ်ယောက်မသိခဲ့ပေ။
ညနေနေစောင်းလု့ပြီမို့ မိသားစု ထမင်းစားဖို့ရန် ဒေါ်ကြင်မီးဖိုထဲ၌ အလုပ်များနေခဲ့၏။
မီးဖိုဆိုသည်မှာ ဒေါ်ကြင်တို့အိမ်သည် သစ်သားပြင်ထောင်နှစ်ထပ်ဖြစ်၏။
အောက်ထပ်တွင်က အကာအရံမရှိ ။
ထိုအကာအရံမရှိသော အောက်ထပ်၌ ထမင်းစား စားပွဲနှင့် အသားခုံတန်းရှည်နှစ်ခု သာရှိ၏။
ထိုမျှမကသေး အပေါ်ထပ်တက်သော လှေကားထစ်သည်လည်း ခြောက်ထစ်သာရှိလေသည်။
ထိုလှေကားထစ်ခုံနှင့် ဘေးတွင်မှာဖြင့် လှေကားထစ်တစ်ခုံရှိသေးပြန်၏။
ထိုလှေကားထစ်တစ်ခုသည်က မီးဖိုဆောင်အတွက်ပင်ဖြစ်သည်။
အမှန်သည်က ဦးကျော်ခင်တို့နေအိမ်နှင့်ဘေးချင်းကပ်တွင်ပင်မီးဖိုဆောင်အားဆောက်လုပ်ထားခြင်းဖြစ်၏။
ထိုမီးဖိုဆောင်အား နှစ်ထပ်အမြင့်ဆောက် လုပ်ထားသကဲ့သို့ မီးဖိုဆောင်၏ အောက်ထပ်မှာတော့ နွားများအားထားလေသည်။
ဒေါ်ကြင်တို့၏အိမ် ခြံဝန်းသည်လည်း ကျယ်ဝန်းလှသည်။
အိမ်အား နှစ်ဆောင်ပြိုင်ဆောက်လုပ်ထားသည့်အပြင် အိမ်ဘေးသည်လည်း ကလေးများ စိတ်ကြိုက်ဆော့ကစားနိုင်သော မြေလွတ်ကွင်းပြင်ရှိလေသည်။
ထို ကွင်းပြင်ကိုကျော်မှသာ အိမ်ခြံစည်းရိုးအား တွေ့ရှိရသည်။
***
အိမ်အောက်ထပ်ထမင်းစားပွဲ၌ ညစာ စားဖို့ရန် ထမင်းဟင်းများကို ဒေါ်ကြင်ခူးခပ်ပြင်ဆင်လို့ထား၏။
ဦးကျော်ခင်သည်က အိမ်အနောက်ဖက်ခြံစည်းရိုးနားတွင်ရှိနေလေသည်။
ထိုအနောက်ဖက်ခြံစည်ရိုးအနီး၌ ညောင်ပင်တစ်ပင်ရှိ၏။ဦးကျော်ခင်သည်က ထိုညောင်ပင်အောက်၌ အရက်ချက်နေခဲ့၏။
ဦးကျော်ခင်သည်က လူတစ်မျိုးဖြစ်၏။
ကိုယ်တိုင်ချက်လုပ်သော အရက်ကိုသာ သောက်သူဖြစ်ပြီး မည်သည့်အရက်ဆိုင်ဆီကမှ ဝယ်မသောက်တတ်သူပင်။
“ကိုကျော်ခင်…ထမင်းစားကြစို့လေ…ကလေးတွေလည်း.ပြန်လာကြပြီ….”
“အေး…ငါလာခဲ့မယ်…”
ကိုကျော်ခင်က တိုတိုပြတ်ပြတ်ဖြေလေသည်။
ရွာထဲဆော့ကစားရာမှပြန်လာကြသော ဇော်ခင်နှင့်မြလေးတို့မောင်နှမသည်လည်း ခြံထဲရေတွင်း၌ ခြေရေ လက်ရေများ ဆေးနေကြလေသည်။
ဇော်ခင်သည် အသက်ဆယ့်ငါးနှစ်အရွယ်ရှိပြီး မြလေးမှာတော့ အသက်ဆယ့်သုံးနှစ်အရွယ်ပင်ဖြစ်သည်။
“အမေ…သားတို့လက်ဆေးပြီးပြီ ထမင်းစားလို့ရပြီလား”
ဇော်ခင်လေးအမေးကို ဒေါ်ကြင်က…
“နေပါဦးသားရယ်…မင်းအဖေ မလာသေးဘူးလေ…။ဆာနေကြပြီလား အခုမှ…။ဆော့နေတုန်းကကျ ဆာမှန်းမသိကြဘူးလား…”
“အမေကလည်း…သားဗိုက်ဆာပြီဗျ…”
“ဒါဆိုလည်း သွား…အဖေ့ကိုသွားခေါ်ခဲ့လိုက်…”
ဒေါ်ကြင်ပြောမရသော သားဖြစ်သူ ဇော်ခင်အား ဖခင်ဖြစ်သူ ဆီသို့သွားခေါ်စေသည်။
ထိုအခါ ဇော်ခင်က လှစ်ခနဲ အပြေးထွက်သွားပြီး…
“အဖေ…ထမင်းစားကြစို့လေ”
“ငါလာခဲ့မယ်လို့ပြောထားတယ်လေကွာ…”
“အဖေကလည်းဗျာ…အမေက အဖေလာမှထမင်းစားရမှာတဲ့…ကျုပ်ဗိုက်ဆာနေပြီဗျ…”
ဇော်ခင်ဖခင်စကားအား အတွန့်တက်ကာ ပြောလိုက်မိ၏။
သူ၏ပြောလိုက်ခြင်းကြောင့် ဖခင် ဦးကျော်ခင်၏ ဒေါသမျက်လုံးသည် ဇော်ခင်ထံသို့ရောက်လာပြီး…
“တောက်…ခွေးမသား…ငါ့ကိုအတွန့်တက်နေရအောင် မင်းကဘာကောင်မို့လဲ….လာစမ်း…..”
“အမေ….အမေရေ…..အမေ့……..”
“ဖြန်း….ဖြန်း…..”
“အား…..အမေ….အီးး…ဟီး…ဟီး….ဟီး……”
ဦးကျော်ခင် သားဖြစ်သူ ဇော်ခင်၏လက်အားလှမ်းဆွဲကာ အနီးရှိ ဝါးခြမ်းပြားဖြင့် ရိုက်လေသည်။
နေ့ခင်းပိုင်းက ဇနီးသည်းအား မကျေနပ်ခြင်းများသည် ယခုတော့ဒေါသအသွင်ပြောင်းလာခဲ့လေသည်။
“ကိုကျော်ခင်…တော် ကလေးကို ဘာလို့ရိုက်နေတာလဲ…လွှတ်လိုက်….”
“ဘာ…မင်းကများ ငါ့ကို အမိန့်ပေးနေရအောင်…။ဟား….အလကားမိန်းမ ယောကျာ်းတကာကို မြူဆွယ်နေတဲ့မိန်းမကများ….”
“ဘာရှင့်….ရှင့်စကားကတော်တော် အောက်တန်းကျတာပါလား…”
“ဘာပြောတယ်….”
“ဖြန်း….”
“အမလေး…”
ဦးကျော်ခင်သည် ဒေါ်ကြင်၏ပါးအား သူ၏ဒေါသပါပါလက်ဖဝါးဖြင့် ရိုက်ချလိုက်လေသည်။
သားဖြစ်သူ ဇော်ခင်ကတော့ ဖခင်လက်မှလွှတ်၍ ခြံပြင်သို့အပြေးထွက်သွားတော့၏။
ဒေါ်ကြင်သည်ကတော့ ယောကျာ်းသားအားဖြင့် ရိုက်ခံလိုက်ရခြင်းကြောင့် မြေ၌ လဲကျ၍ သွားရှာသည်။
“အမေ….”
သမီးဖြစ်သူ မြလေး မိခင်ထံသို့အပြေးလာရှာသည်။
မိခင်အား ထူရင်း…ဖခင်ဖြစ်သူဦးကျော်ခင်အားခပ်စိမ်းစိမ်းစိုက်
ကြည့်လေသည်။
ဦးကျော်ခင် သမီးဖြစ်သူအကြည့်ကြောင့်…
“အငယ်မ…နင့်အကြည့်ပြင်စမ်း…ငါနင့်ကိုပါ လက်ပါမိမယ်…။အဲ့အကြည့်က နင့်အမေကိုကြည့်ရမှာ…နင့်အမေကမှ နောက်မီးလင်းချင်နေတာ အဲ့တာ နင်သိလား…..”
“ကိုကျော်ခင်…..စကားကို ဆင်ခြင်ပြောနော်…ကျုပ် အဲ့လိုမိန်းမ မဟုတ်ဘူး……..”
ဒေါ်ကြင် မျက်ရည်များကျရင် စိတ်အတွင်းမှ နာနာကြည်းကြည်းအော်ပြောလိုက်သည်။
“ဟားးး…ဟားးးး…ဟားးးး…ဟားးး……..နင့်ကို သနပ်ခါးမလိမ်းနဲ့….ဟိုအရပ်မလည်နဲ့ ဒီအရပ်မလည်နဲ့ ဒီလောက်တားတာကို နင်က ယောကျာ်းတကာတွေ့ရင် ပြုံးပြနေတုန်း…..နင့်အကြောင်းနင်သိစမ်းပါ”
“အ…….”
“အဖေ…..အမေ့ကို လွှတ်…..”
“ဘုန်း….”
ဦးကျော်ခင် ပြောနေရင်း သမီးဖြစ်သူ ထွေးပွေ့ထားသော ဒေါ်ကြင်၏ဆံပင်အား လက်ဖြင့် စုပ်ကိုင်ဆွဲရင်းပြောလိုက်လေတော့ ဒေါ်ကြင်ခမျာ နာကျင်လွန်းနေရှာသည်။
အော်ဟစ်တားဆီးသူ မြလေးသည်လည်း ဖခင်၏ တွန်းဖယ်ခြင်းကိုခံလိုက်ရပြီး နံဘေးမြေပြင်ပေါ်သို့လှဲကျသွားရှာ၏။
“နင်ဖြေလေ….နင်ငါပြောတာဟုတ်တယ်မလား….ဟမ်”
“အမယ်လေး…..ကျုပ်ဆံပင်ကိုလွှတ်ပါ ကိုကျော်ခင်ရယ်……အမယ်လေး…….”
ဦးကျော်ခင် ဒေါ်ကြင်၏ ဆံပင်ကို စုပ်ကိုင်ထားစဲ….”
ထိုအချိန်၌…
“ဟကောင် ကျော်ခင်…ငါ့နှမကိုလွှတ်စမ်း….”
ခြံဝိုင်းထံသို့ ဓားကို ဆွဲပြီး အော်ဟစ်ကာ ဝင်လာသူသည်က ဒေါ်ကြင်၏ အစ်ကိုဖြစ်သူ ဦးထွန်းရွှေဖြစ်လို့နေ၏။
ဦးထွန်းရွှေသည် လူပျိုကြီးတစ်ယောက်ဖြစ်ပြီး နှမဖြစ်သူ ဒေါ်ကြင်အားထိလျှင်ဆတ်ဆတ်ထိမခံသူပင်။
ယခင်ကတည်းက နှမဖြစ်သူသဘောကျနေ၍သာလက်ခံပေးခဲ့ရသော်လည်း ကျော်ခင်အားသဘောမကျခဲ့သူလည်းဖြစ်၏။
ကျော်ခင်သည် နှမဖြစ်သူဒေါ်ကြင်အပေါ်ချစ်ခင်ပါသော်လည်း သဝန်တိုစိတ်ကြီးမားလွန်းသူဖြစ်နေသည်။
တွေ့သမျှ ယောကျာ်းသားများနှင့်ပေးစားတတ်သေး၏။
ကျော်ခင်၏ အိမ်ဝိုင်းထဲ၌သာ ဒေါ်ကြင်နေခဲ့ရပြီး ရွာထဲသို့ပင်အလည်မထွက်ရ။
ထိုအကြောင်းများအား ဦးထွန်းရွှေသိသော်လည်းဝင်မပါခဲ့။
သို့သော်… ယခုလို ရိုက်နှက်နေသည်ကို တူဖြစ်သူ ဇော်ခင်လာခေါ်လေမှသိခဲ့ရလေကာ ချက်ချင်းဓားဆွဲ၍ ရောက်လာခဲ့ခြင်းဖြစ်၏။
“ဘာလဲ.. ခင်ဗျားနဲ့ဘာဆိုင်လို့လဲ…ဒါ ကျုပ်မိန်းမ…ကျုပ်မိသားစု…ခင်ဗျားက ဘာဆိုင်လို့လဲ…”
” ခွေးမသား….ငါ့နှမဟ……”
“ဝီး……”
“အကိုကြီးလွန်မယ်……..”
ဦးထွန်းရွှေ ဒေါသတကြီးပြေးလာခဲ့ပြီး ကျော်ခင်အား ဓားဖြင့် ခုတ်လေရာ ကျော်ခင်က ဒေါ်ကြင်အား ဆွဲတွန်းလွှတ်ပြီး ရှောင်တိမ်းလိုက်၏။
“အမေ….”
“လာ…လာ…သမီး…ဘေးမှာနေ….”
သားအမိနှစ်ယောက် ဘေးမှာရှောင်နေ၏။
ရှောင်တိမ်းလိုက်သော ကျော်ခင်သည်က သူ၏ ဘေး၌ရှိနေသော ဝါးလုံးတိုတစ်ချောင်းကိုဆွဲ၍….
“တောက်….ခွေးအိုကြီး……….အဲ့တာငါ့မိန်းမကွ….”
“ဝီး…..”
“ဒုတ်…..”
“ရားးးးးးး………”
“ရားးးးး……….”
ဦးကျော်ခင်က ဝါးလုံးနဲ့ရိုက်….ဦးထွန်းရွှေက ဓားနဲ့ခံကာ တစ်ယောက်နဲ့တစ်ယောက်အားအပြိုင်တွန်းနေခဲ့ကြ၏။
“အစ်ကိုကြီးတော်ပါတော့…
ကိုကျော်ခင် လွန်ကုန်မယ်နော်….တော်ကြပါတော့…..”
ဒေါ်ကြင် အော်ဟစ်တားဆီးနေသည်။
“ဘုန်း……”
“ဝီး…..”
“စွပ်…..”
“အ…….”
“အမယလှေးးးးးးးးးးး………”
“အားးး…..ကယ်ကြပါဦး…..”
အသံဗလာများဆူညံကုန်လေပြီ။
ဓားနဲ့ ဝါးလုံးတို့အားပြိုင်တွန်းနေရင်း ဦးထွန်းရွှေက ဦးကျော်ခင်၏ရင်ညွှန့်အား ခြေထောက်ဖြင့်ကန်ချလိုက်လေ သည်။ထိုသို့ကန်ချက်ကြောင့် ဦးကျော်ခင်တစ်ယောက် ဟန်ချက်ပျက်သွားချိန်မှာပင် ဦးထွန်းရွှေ၏ဓားသည် ဦးကျော်ခင်၏ ဝမ်းဗိုက်အား ထုတ်ချင်းပေါက်အောက်ထိုးစိုက်လ်ိုက်တော့၏။
ဝမ်းဗိုက်မှာ စိုက်နေသော ဓားကြီးနှင့် ဦးကျော်ခင်တစ်ယောက် မျက်လုံးအပြူးသားဖြင့် ဇနီးသည်ဒေါ်ကြင်အား စိုက်ကြည့်နေလေသည်။
ဒေါ်ကြင်တို့သားအမိကတော့ ခဏအတွင်းဖြစ်ပျက်သွားသည့်ကိစ္စများကြောင့်မယုံကြည်နိုင်စွာ အော်ဟစ်ငိုကြွေးနေကြရှာ၏။
“အဖေ…….ဦးကြီး….အဖေ့ကိုဘာလို့သတ်တာလဲ…..အီး…ဟီး….ဟီး………..”
“ကိုကျော်ခင်…..ကိုကျော်ခင်….ကိုကြီးလုပ်ပါဦး…ကိုကျော်ခင်ကိုခေါ်ပေးပါဦး……အီး….ဟီးး….ဟီး……တော်တို့ဘာလို့ အခုလို ဖြစ်ရတာလဲ……….”
ဦးထွန်းရွှေတစ်ယောက် ကြောင်အအ အမူအရာဖြင့် စိုက်ကြည့်၍နေရှာသည်။
သူ၏ ဒေါသကြောင့် လူတစ်ယောက်ဓားတန်းလန်းဖြင့် သေဆုံးသွားယုံသာမက ညီမဖြစ်သူသည်လည်း ငိုကြွေးနေရလေပြီ။
နှောင်းမှရသော နှောင်တကြောင့် ဦးထွန်းရွှေ ညီမဖြစ်သူ၏ရှေ့၌ ဒူးထောက်ထိုင်ချလိုက်ပြီး….
“အစ်ကိုကြီးမှားသွားပြီ…..အစ်ကိုကြီးမှားသွားပြီ ညီမလေးရယ်……….ဟား……..”
“ဘုန်း….ဘုန်း……..”
ဦးကျော်ခင် မြေကြီးအား တဘုန်းဘုန်းမြည်အောင် ထုရိုက်နေတော့၏။
ဒေါ်ကြင်ကတော့ စကားပင်မဆိုနိုင်။
မျက်လုံးပင်မမှိတ်နိုင်ရှာဘဲ သေဆုံးသွားသော ယောကျာ်းဖြစ်သူအားကြည့်ရင်း ငိုကြွေးနေလေသည်။
****
နောက်ပိုင်း၌…
ဦးထွန်းရွှေသည် သူ၏အပြစ်ကြောင့် ထောင်ကျလို့သွား၏။
ဦးကျော်ခင်၏ ရက်လည်ပြီး နောက်ရက်များမှာတော့ ဒေါ်ကြင်တို့အိမ်၌ လူများ အလာနည်းသွားလေသည်။
ထိုအိမ်၌ ဒေါ်ကြင်ရယ်…သားဖြစ်သူ ဇော်ခင်နှင့် သမီးဖြစ်သူ မြလေးတို့သာ ကျန်နေရစ်၏။
ဒေါ်ကြင်တစ်ယောက်ကတော့ ဆုံးသွားသော ယောကျာ်းဖြစ်သူနှင့် ထောင်ကျသွားသော အစ်ကိုဖြစ်သူတို့အတွက်ဖြည်မဆည်နိုင်အောင် ခံစားနေရရှာသည်။
အတွေးများဖြင့် အိပ်မပျော်ဖြစ်နေသော ဒေါ်ကြင်…
“ရှက်….ရှက်…..ရှက်….ရှက်……..”
“တောက်…..”
အိမ်အောက်ထပ်၌ လူခြေသံကြားကိုကြားလိုက်ရသည်။
ခြေသံမျှမကသေး တောက်ခေါက်သံတစ်ခုကိုပါကြားနေရ၏။
ထိုတောက်ခေါက်သံကို ဒေါ်ကြင်သိသည်။
ထိုအသံသည်က ဦးကျော်ခင်၏အသံပင်တည်း။
“ဘုရား…ဘုရား….ကိုကျော်ခင် မကျွတ်လွတ်တာထင်ပါရဲ့…..”
ဒေါ်ကြင်ဘုရားတမိသည်။
နံဘေးအိပ်ရာမှာလည်း သားနဲ့သမီးတို့က အိပ်မောကျနေရှာ၏။
ခဏကြာတော့ မည်သည့်အသံများမှမကြားရတော့…။
ဒေါ်ကြင်သည်လည်း အိပ်မောကျစပြုလေပြီ။
“ရှက်….ရှက်…..ရှက်…….”
ခြေသံသည် အိမ်ကို ပတ်၍ သွားနေပြန်၏။
ထိုအသံကြောင့် ဒေါ်ကြင်လန့်နိုးလာရပြန်သည်။
အသံသည်က အိမ်ဝိုင်းထဲ၌သာ လှည့်ပတ်သွားနေခြင်းဖြစ်ပြီး…အိမ်ပေါ်ထပ်သို့ တက်မလာ၍ ဒေါ်ကြင်စိတ်အနည်းငယ်သက်သာရလေသည်။
ထိုသို့ဖြင့် နောက်ရက်များမှာလည်း ထိုနည်းတူစွာ ဒေါ်ကြင်ကြားနေရပေသည်။
အနေကြာလာ၍ ဘာသိဘာသာနေမိရာ တစ်နေ့မှာတော့…
“အမေ…အဖေမကျွတ်ဘူးထင်တယ်….”
“ဟေ….”
ရုတ်တရက်ပြောလာသော သားဖြစ်သူဇော်ခင်ကြောင့် ဒေါ်ကြင်အံ့သြသွားရ၏။
“သား…အိမ်မက်မက်တယ်…အဖေက ငိုနေတယ်အမေ…။သားတို့ဆီမှာအတူနေချင်တယ်တဲ့….”
“ဟယ်…သားရယ် အိမ်မက်တစ်ခုပဲနေမှာပါ….သားအဖေ့ကို စိတ်စွဲလို့ထင်ပါတယ်ကွယ်….”
“အမေ….အမေ….သမီးလည်း အဖေ့ကို တစ်နေ့က မြင်ရတယ်….အဖေလေ ညောင်ပင်အောက်မှာထိုင်နေတာအမေရယ်….သမီးကိုပြုံးပြနေတာ….. ”
သမီးဖြစ်သူ မြလေးက စကားဝင်ဖြတ်ကာ ပြောလိုက်လေတော့ မြလေးစကားကြောင့် ဒေါ်ကြင်ကော ဇော်ခင်ပါ ထိတ်လန့်သွားကြရသည်။
မြလေးကဆက်ပြီး…
“သမီးညနေဘက် ဟိုဘက်ဝိုင်းက ပူဆူးမတို့နဲ့ဆော့ပြီးလို့ ပြန်လာတာ….။အဲ့တာဝိုင်းထဲပြန်ရောက်လာတော့ ညောင်ပင်အောက်မှာလူတစ်ယောက်ထိုင်နေတာကို
တွေ့လိုက်ရတာ …သမီးသေချာကြည့်မိတော့ အဖေဖြစ်နေတာ….အဖေက သမီးကိုပြုံးပြနေတာအမေရဲ့….ပြီးတော့ ဖျက်ခနဲ ပျောက်သွားတာ…သမီးဖြင့်လိုက်ရှာသေးတယ် ဒါပေမယ့်ဘယ်မှရှာ မတွေ့တော့ဘူးအမေ……..”
မြလေး ဖခင်အားသတိရနေရှာသည်။
မိခင်ဖြစ်သူ ဝမ်းနည်းမည်ဆိုး၍ ထုတ်မပြောခဲ့သော်လည်း မြလေးတို့မောင်နှမနှစ်ယောက်လုံး ဖခင်ဖြစ်သူအား တမ်းတနေမိကြ၏။
ကလေးများဟုသာဆိုရသော်လည်း မြလေးတို့မောင်နှမသည် လူကြီးများအကြောင်းကိုသိကြသူများဖြစ်သည်။
သားနဲ့သမီးပြောစကားကြောင့် ဒေါ်ကြင် စိတ်လုံးလုံးချကာ ညောင်ပင်အောက်သို့ထွက်လာခဲ့၏။
ညောင်ပင်အောက်ရောက်ချိန်၌…
“ကိုကျော်ခင်…တော် ကျုပ်တို့မိသားစုကို စိတ်စွဲပြီးမကျွတ်လွတ်တာ ကျုပ်သိပါတယ်တော်…ဒါပေမယ့် ဒီလိုစိတ်စွဲတာကတော့်အတွက်မကောင်းဘူးလေ….
တော့်အတွက် ကုသိုလ်ကောင်းမှုလုပ်ပေးပါ့မယ်…တော် သာဓုခေါ်ပြီး ကောင်းရာမွန်ရာမှာပဲနေပါတော့တော်….”
ဟု ပြောပြီး ဒေါ်ကြင် ညောင်ပင်အောက်မှ ချာခနဲလှည့်ထွက်လာခဲ့၏။
ထိုသို့ လှည့်အထွက်….
“ဘုတ်….”
ကျောက်ခဲသေးလေးတစ်ခုသည် ဒေါ်ကြင် ၏ ကျောပြင်အား လာရောက် ထိမှန်လေသည်။
ထိုသို့အဖြစ်ကြောင့် ဒေါ်ကြင် သူပြောသည်ကို ဦးကျာ်ခင်သိသည်ဟု တွေးပြီး အိမ်ဘက်ဆီသို့ ပြန်လျှောက်လာခဲ့တော့သည်။
***
“မိန်းမရေ….မိန်းမ…..”
“ဟင်….”
ခေါ်သံရှည်ကြောင့် ဒေါ်ကြင်လန့်နိုးလာသည်။
သားနဲ့သမီးကတော့ အိပ်ပျော်နေကြ၏။
“မိန်းမရေ….ငါပါ ကျော်ခင်ပါ….”
အသံသည် ခြံဝိုင်းထဲမှလာ၏။
အသံရှင်မှာ ဥိီးကျော်ခင်ဖြစ်သည်ဆိုတာ ဒေါ်ကြင်သေချာစွာသိ၏။
ထို့ကြောင့် အိပ်ရာမှထလိုက်ပြီး ခြံဝိုင်းထဲဆင်းဖို့ရန် ဆုံးဖြတ်လိုက်လေသည်။
“ကျွီ…..”
အိမ်အပေါ်ထပ်ရှိ တံခါးအား ဒေါ်ကြင်ဖွင့်လိုက်၏။
တံခါးမှတဆင့်အောက်ထက်သို့ဆင်းရန် လှေကားထစ်များအား တစ်ထစ်ချင််းဆင်းလာခဲ့လေသည်။
သို့သော် အမှောင်ထု့ကိုသာမြင်ရပြီး လူခြေသည်ကတိတ်ဆိတ်နေခဲ့၏။
ခြံဝိုင်းအတွင်းမျက်စိဝှေ့ကာကြည့်သော်လည်း မည်သည့်
အရိပ်အယောင်ကိုမျှမမြင်ရ၍ ဒေါ်ကြင် အိမ်အပေါ်ထက်သို့ ပြန်တက်ဖို့ရန်ဆုံးဖြတ်လိုက်တော့သည်။
အိမ်အပေါ်ထပ်သို့ပြန်တက်လာပြီး
အိပ်ရာထက်လှဲရင်း အသံများထပ်မံကြားလေမလားဟု နားစွင့်မိသော်လည်း မည်သည့်အသံကိုမျှထပ်မံမကြားရတော့ပေ။
*****
“အမယ်လေးဗျ…..သရဲကြီး……သရဲကြီး……..”
“ဟ….ဘယျကအသံလဲ”
“ထကြဟေ့….လူကပ်တာထင်တယ်”
ရွာထဲ၌အသံများဆူညံလို့သွားသည်။
ဒေါ်ကြင်တို့သားအမိတွေသည်လည်း ထိုအသံများကြောင့်လန့်နိုးလို့လာခဲ့ကြ၏။
“အမေ….ဘာဖြစ်ကြတာလဲ”
“အမေလည်း မသိပါဘူးသားရယ်…လာ…လာ…
ဘေးကဝိုင်းတွေမေးကြည့်ရအောင်….”
သားအမိသုံးယောက်လက်တွဲ၍ အိမ်ပေါ်မှဆင်းလာခဲ့ကြသည်။
ခြံအနောက်ရှိရွာလမ်းမထက်တွင် လူများဝိုင်းအုံနေကြသည်ကိုတွေ့ကြရလေတော့ …
“ဟိုမှာ လူတွေအုံနေတယ် လာ….သွားကြည့်ရအောင်”
ဒေါ်ကြင်တို့ လူများအုံရာဆီသို့ရောက်လာခဲ့၏။
“ဟကောင်…မင်းကဒီအချိန်ကြီးဘာလာလုပ်တာလဲ”
ရွာထဲရှိယောကျာ်းသားများက လူတစ်ယောက်အားမေးမြန်းနေကြ၏။
ထိုလူသည်က ထိတ်လန့်ကြောက်ရွံ့နေသည့်ပုံဖြင့်အသက်အားမနည်းရှုရှိုက်နေခဲ့သည်။
သူအားအမေးစကားများကိုပင်မဖြေနိုင်ဘဲ မြေပြင်၌သာ ထိုင်နေခဲ့၏။
အတော်ကြာလေမှ….
“ကျုပ်က….တစ်ဖက်ရွာကပါဗျာ….”
“မင်းတစ်ဖက်ရွာကနေ ဒီရွာညဘက်ကြီးဘာလာလုပ်တာလဲ”
“ဟို…..”
“ဟကောင်မှန်မှန်ဖြေ….မင်းခိုးဖို့လာတာမလား”
“ဟုတ်တယ်ခိုးဖို့လာတာပဲနေမှာ…ရိုက်ကွာ….”
သူခိုးအား ရွာသားများက ဝိုင်းရိုက်ဖို့အော်ကြလေပြီ။
“ဟကောင်တွေတော်စမ်း….မင်းတို့အားနဲ့ရိုက်ရင် သူသေရုံပဲရှိမယ်…ဒီကမောင်ရင် ကျုပ်ကဒီရွာကသူကြီးပါ….မောင်ရင်ခိုးဖို့လာတာဆိုရင် ဘယ်မှာလဲ ခိုးခဲ့တဲ့ပစ္စည်းတွေ….”
သူကြီးက ရွာသားများအားတားဆီးပြီး သူခိုးအားမေးလေသည်။
ထိုအခါ သူခိုးက…
“တကယ်တော့….ကျုပ်ဒီရွာကိုမကြာခဏလာတက်
ပါတယ်…အဲ့တေ့ာ ယောကျာ်းသေသွားတဲ့ ဟောသည်အိမ်ကို ခိုးမယ်ဆိုတဲ့အကြံနဲ့ ကျုပ်လာခဲ့တာပါ….”
“အောင်မာ…….တို့ရွာကိုလာစမ်းတာလား”
“ဟုတ်ပကွာ….မိုက်ရိုင်းလိုက်တာ….”
“တိတ်ကြစမ်း။ မောင်ရင်ဆက်ပြော….”
ရွာသားများအား သူကြီးကမာန်လိုက်၏။
သူခိုးဖြေမည့် စကားအား ဒေါ်ကြင်တို့သားအမိအပါအဝင်အားလုံးက စိတ်ဝင်စားနေကြသည်။
သူခိုးကလည်း….
“ကျုပ်ခိုးမယ်ဆိုပြီး သန်းခေါင်အချိန်အကိုက်အရောက်လာခဲ့တာပါ…ဒီရွာထဲရောက်တော့အားလုံးကတိတ်ဆိတ်နေပြီဗျ…..အဲ့မှာ….
ကျုပ် ဟောသည်အိမ်ရဲ့ ခြံစည်းရိုးကို ခွကျော်ပြီး ဝင်ဖို့ပြင်တာ….မဝင်ရသေးပါဘူးဗျာ ခွကျော်ယုံပဲရှိသေးတယ် ကျုပ်ကျောကိုတဘုတ်ဘုတ်နဲ့ပုတ်တယ်ဗျ….အဲ့တော့ ကျုပ်နောက်ကိုလှည့်ကြည့်လိုက်တော့ လူကြီးတစ်ယောက်ဖြစ်နေတာ….ဒါပေမယ့်…..
ဒါပေမယ့်……”
“ဒါပေမယ့် ဘာဖြစ်တာလဲဆက်ပြောလေ”
သူခိုးအားဆက်ပြောခိုင်းလေတော့….
“ကျုပ်တွေ့တဲ့လူက…..ကျုပ်တွေ့တဲ့လူက သရဲကြီးဗျ….လရောင်အောက်မှာသူ့ပုံစံကြီးက လောက်ကောင်တွေတဖွားဖွားနဲ့ရွံစရာကြီးဗျာ….ကျုပ်ကျောကိုသူ့လက်နဲ့ပုတ်ပြီး သူကရယ်နေတာဗျ….အဲ့တာနဲ့ကျုပ်လည်း စည်းရိုးပေါ်ကခုန်ချပြီး ကျတဲ့မြေပေါ်မှာပဲ ခေါင်းငုံ့ပြီးအသံကုန်အော်လိုက်တာပဲဗျာ…….”
“ဟေ…..”
“သရဲက ကိုကျော်ခင်များလား….”
“ဟုတ်နိုင်တယ်ဟဲ့…သူကမိန်းမနဲ့သားသမီးကို
စိတ်စွဲနေမှာ”
သူခိုး၏စကားဆုံးလေတော့ အားလုံးအတွေးကိုယ်စီဖြင့် တွတ်ထိုးနေကြတော့သည်။
ဒေါ်ကြင်တစ်ယောက်သည်ကခင်ပွန်းသည်အတွက် သက်ပြင်းသာချမိရှာသည်။
***
“ဒါဆို….အဘကျော်ခင်က မကျွတ်ဘူးပေါ့…ဟုတ်လား အဘွား….”
ခင်မောင် ယခင်က ဒေါ်ကြင်အဖြစ်တလဲ ယခု၌ အဘွားကြင်အဖြစ်ရောက်ရှိနေလေပြီဖြစ်သော သူငယ်ချင်းကျော်မြိုင်၏အဘွားအားမေးလိုက်လေသည်။
ကျော်မြိုင်သည်က အဘွား၏သမီးဖြစ်သူဒေါ်မြလေး၏သားဖြစ်၏။
ခင်မောင် သူငယ်ချင်းဖြစ်သူထံအလည်လာရောက်စဥ် သူငယ်ချင်း၏အဘွားဖြစ်သူထံမှ အဖြစ်အပျက်တစ်ခုကို သိလိုက်ရလေသည်။
ထိုအဖြစ်အပျက်သည်က သူ၏ ရူးသွပ်သောစာရေးခြင်း၌အသုံးဝင်လာနိုင်၍ သေချာစွာမေးမြန်းနေမိ၏။
“အင်း….အဘွားယောကျ်ားက သိပ်အစွဲအလမ်းကြီးတာကွဲ့….အခုချိန်ထိ သူ့အတွက်ရည်စူးပြီးကုသိုလ်ကောင်းမှုလုပ်ပေးခဲ့ပေမယ့် သူဘယ်တော့မှသာဓုမခေါ်ခဲ့ရှာဘူး…….”
“သူသာဓုမခေါ်တာကို အဘွားကဘယ်လိုသိတာလဲ”
သူ့အမေးအား အဘွားကြင်ကပြုံးရင်း….
“သူကတစ်ခါတစ်လေ အိမ်မက်ပေးတတ်တယ် မြေးရဲ့….သူပြောတာက အဘွားနဲ့အတူတူပဲသာဓုခေါ်ချင်တယ်တဲ့လေ….အဘွားကိုသူကစောင့်နေရှာတာ….အဲ့တာကြောင့် အဘွားက သားတွေကိုပြောထားရတယ်…အဘွားသေလို့ရှိရင် ကိုကျော်ခင်နဲ့အတူသာဓုခေါ်မယ်ဆိုပြီးတော့
ပေါ့မြေးရယ်….”
အဘွားကြင်က ပြောရင်းမှာပင်ပြုံးနေလေသည်။
ထိုပြုံးနေသောအဘွား၏မျက်နှာ၌ အမည်မသိသော အရိပ်တစ်ခုပါရှိသည်ဟုခင်မောင်ထင်မိလေသည်။
ထိုသို့ အချိန်ကာရွေ့ပြောင်းလာသောတစ်နေ့၌ ခင်မောင်ထံသို့ သူငယ်ချင်းဖြစ်သူ ကျော်မြိုင်ဖုန်းဆက်လာ၏။
ထိုဆက်သော ဖုန်း၌ ကျော်မြိုင်အသံသည် တုန်ရီလှိုက်မောနေရှာသည်။
ကျော်မြိုင်ပြောသည်က….
“ခင်မောင်….ငါ့အဘွားတော့ အဘိုးနဲ့အတူ သာဓုခေါ်ရတော့မယ်ကွာ……”
ထိုစကားသည် ခင်မောင်၏ ဦးနှောက်အားခိုင်းစေလေသည်။
အဘွားကြင်ပြောသော အဖြစ်အပျက်များကိုတွေးရင်း စိတ်မကောင်းမိခဲ့။
သို့သော် အဘွားကြင်တစ်ယောက် မယားစွဲတစ္ဆေဦးကျော်ခင်နှင့် တွေ့ဆုံကြရတော့မှာဖြစ်တာကြောင့် ခင်မောင်ဝမ်းသာမိ၏။
စိတ်အတွင်းမှလည်း လှိုက်လှဲစွာပင်…..
“အဘွားဒေါ်ကြင်….အဘိုးဦးကျော်ခင်တို့ သာဓုခေါ်နိုင်ကြပါစေ……..”
ဟုတောင်းဆုပြုမိတော့လေသည်။
ပြီးပါပြီ။
ယဥ်မင်း(ကန့်ဘလူ)