မရဏတစ္ဆေရထား

*မရဏတစ္ဆေရထား *📖📖📖(စဆုံး)

*************************************

(၁)
“ဘကြီးပေါစံ . . .ဗျို့ဘကြီးပေါစံ”
မနက်စောစောစီးစီး ခြံပေါက်ဝဆီမှာ ခေါ်သံကြားလိုက်ရသဖြင့် ဘကြီးပေါစံတစ်ယောက် ခြံတံခါးဝဆီသို့ ခေါင်းပြူလျှက်ချောင်းကြည့်လိုက်လေသည်။ ခြံအတွင်းဝင်လာသူကတော့ ရွာဦးကျောင်းမှ ကျောင်းသားကြီး ငပေါက်ဆိုသူဖြစ်သည်။ ငပေါက်ရောက်လာလျှင် ရွာဦးကျောင်းဆရာတော်တွင် ကိစ္စတစ်ခုခုရှိ၍ အခေါ်ခိုင်းချင်းဖြစ်မှန်း ဘကြီးပေါစံတစ်ယောက်သိလိုက်လေသည်။
“လာဟေ့ ငပေါက်ရ၊ ဆိုပါအုံး ဆရာတော်က ဘာမိန့်လိုက်ပြန်ပြီလဲ”
“ဒီတစ်ခါတော့ထူးတယ်ဘကြီးပေါစံရ၊ ဆရာတော်က ဘကြီးပေါစံအခုချက်ချင်း ရွာဦးကျောင်းကိုလာခဲ့ပါလို့ မိန့်မှာလိုက်တယ်”
“တစ်ခုခုတော့ထူးပြီထင်တယ်”
ဘကြီးပေါစံမှာရေရွတ်လိုက်ရင်း လည်ပင်းတွင်ချိတ်ဆွဲထားသည့် မျက်နှာသုတ်ပုဝါအား ခေါင်းတွင်ပတ်လိုက်ပြီးနောက် ငပေါက်နှင့်အတူတူလမ်းလျှောက်ထွက်ခဲ့သည်။
အချိန်ကာလအားဖြင့် ၁၉၈၀ပြည့်လွန်နှစ်ကာလအချိန်ဖြစ်သည်။ ဘကြီးပေါစံတို့ရွာကလေးမှာ အဝေးပြေးရထားလမ်းကြီးနှင့် မလှမ်းမကမ်းတွင်တည်ရှိလေသည်။ ဘကြီးပေါစံမှာ ထိုရွာတွင်ပင် ငယ်မွေးခြံပေါက်တစ်ဦးဖြစ်ကာ ရွာရှိသက်ကြီးရွယ်အို ရှေ့မီနောက်မီလူကြီးတစ်ဦးဖြစ်သည်။ အသက် ခုနစ်ဆယ်နားနီးနေပြီဖြစ်သည့် ဘကြီးပေါစံမှာ ဘုန်းကြီးကျောင်းသား ငပေါက်နှင့် အတူခြေလှမ်းမှန်မှန်ယှဉ်ပြိုှုင်သွားလာနိုင်သေးသည်။ ရွာမှထွက်လာပြီး တစ်ခေါ်သာသာခန့်လျှောက်လာပြီးသည့်အခါ ရွာဦးဘုန်းကြီးကျောင်းသို့ရောက်လာခဲ့သည်။ ရွာဦးဘုန်းကြီးကျောင်းမှာ ရှေးကတောဝါဆောက်တည်၍ တရားကျင့်ကြသည့် ရဟန်းသံဃာများနေထိုင်ကြသည့် ကျောင်းကြီးဖြစ်သည်မို့ ရပ်ရွာနှင့်အနည်းငယ်လှမ်းသည်။
ကျောင်းကြီးဆီသို့လှမ်းဝင်လိုက်သည့်အခါ ရထားလမ်းဆီမှ ရထားကြီးတစ်စီးက ဘူဘူဘော်ဘော်အသံပေးရင်း ခုတ်မောင်းသွားသည်ကိုလှမ်းမြင်တွေ့လိုက်ရသည်။ ဘုန်းကြီးကျောင်းမှာ ရထားလမ်းနှင့်မလှမ်းမကမ်းတွင်တည်ရှိပြီး မျဉ်းပြိုင်ပုံသဏ္ဍာန်တည်ရှိကာ ကျောင်းပေါ်မှကြည့်လျှင် ရထားလမ်းကို မျက်ဝါးထင်ထင်တွေ့မြင်ရလေသည်။
ဘကြီးပေါစံတစ်ယောက် ကျောင်းပေါ်သို့တက်သွားသည့်အခါ ကျောင်းပေါ်တွင် ရွာလူကြီး ဦးဖိုးတုတ်လည်းရောက်ရှိနေပြီဖြစ်သည်။ ရွာဦးကျောင်းဆရာတော်မှာ ပက်လက်ကုလားထိုင်တစ်လုံးတွင်ထိုင်နေပြီး ကြိမ်လုံးတစ်လုံးကို ကိုင်ထားကာ အရှေ့တွင် ဂွတိုအမည်ရ ဘုန်းကြီးကျောင်းသားကလေးက ကျုံ့ကျုံ့ကလေးထိုင်နေလေသည်။ အနားတွင် ရွာလူကြီးနှင့် အခြားဦးဇင်းများက ထိုင်နေကြသည်။
“ဟော ဒကာကြီးပေါစံတောင်ရောက်လာပါရောလား”
ဦးပေါစံမှာ ရွာလူကြီးနံဘေးတွင် ကျုံ့ကျုံ့ကလေးဝင်ထိုင်လိုက်ကာ ဆရာတော်အားဝတ်ဖြည့်လိုက်ပြီး
“မှန်ပါ့ဘုရား တပည့်တော်ရောက်ပါပြီ”
“ဒီကဂွတိုဆိုတဲ့ကျောင်းသားက ညကရထားကြီးတစ်စင်းတွေ့တယ်ဆိုပြီး လိမ်ပြောနေတယ်၊ အဲဒါ သူ့ကိုဒဏ်ခတ်မလို့ ဒါပေမယ့် ဒကာဖိုးတုတ်က ရှေ့မီနောက်မီ ဒကာကြီးပေါစံကိုမေးကြည့်သင့်တယ်ပြောလို့ အခေါ်ခိုင်းလိုက်ရတာပဲဒကာကြီး”
“တင်ပါ့ဘုရား၊ ကဲ မောင်ဂွတို၊ မင်းဘယ်လိုတွေ့ခဲ့တယ်ဆိုတာ မှန်မှန်ပြောစမ်း”
ဂွတိုမှာ အပြစ်ပေးခံရမည်စိုးသဖြင့် စိုးထိတ်နေလေသည်။
“ဒီ . . .ဒီလိုပါ ဘကြီး၊ ညသန်းခေါင်အချိန်လောက် ကျွန်တော်အပေါ့အပါးသွားချင်လာတာနဲ့ ကျောင်းအောက်ကိုဆင်းလာခဲ့ပါတယ်၊ ပုံမှန်ဆိုရင် ကျောင်းကုဋီကိုသွားပေမယ့် ညနက်တဲ့အခါ ကျွန်တော်တို့က ကျောင်းဝန်းနံဘေး ခြံစည်းရိုးကနေပြီး ရထားလမ်းဘက်ကို အပေါ့သွားကြတာများပါတယ်၊ ညက ကျွန်တော်အပေါ့ထွက်သွားတဲ့အချိန် ရထားကြီးတစ်စင်းက ရထားလမ်းအတိုင်းခုတ်မောင်းလာပါတယ်”
“ရထားလမ်းမှာ ရထားလာတာဆန်းသလားကွ”
“ဒီအတိုင်းဆိုရင်တော့ မဆန်းပေမယ့် ရထားကြီးက ကြည့်ရတာတစ်မျိုးကြီးဗျ”
“ဘယ်လိုတစ်မျိုးကြီးလဲ”
“ရထားခေါင်းကလည်း လုံးလုံးဝိုင်းဝိုင်းကြီးနဲ့ ပြီးတော့ ရထားသွားတဲ့အခါ မီးခိုးလုံးဖြူဖြူကြီးတွေက တိမ်တိုက်တွေလိုအုံခဲနေတာပါပဲဘကြီး၊ ရထားတွဲဆိုင်းက ဆယ်ဆိုင်းလောက်ပဲရှိပြီးတော့ တွဲဆိုင်းတွေက မီးတွေထိန်လင်းနေပြီး အထဲမှာလည်းလူတွေအပြည့်နဲ့ပါ၊ လူတွေကလည်း ကွိကွိကွကွစကားတွေပြောရင်း လိုက်လာကြတာ ဆူညံနေတာပါပဲ၊ ဒီရထားကြီးက ကျွန်တော်ကြည့်နေတဲ့အချိန်မှာပဲ လမ်းကွေ့နားရောက်တော့ ရုတ်တရက်ပျောက်သွားပါတယ်”
ဂွတိုပြောဆိုပြီးသည့်အခါ ရွာဦးကျောင်းဆရာတော်က
“အဲဒါသာကြည့်တော့ ဒကာကြီး၊ ဒီကလေးက မဖြစ်နိုင်တဲ့စကားကိုပြောနေတာပဲ”
ဘကြီးပေါစံမှာ ဂွတိုပြောသည့်စကားများကို အသေအချာနားထောင်ပြီး ခေါင်းညိတ်လိုက်လေသည်။
“ဒီကလေးကို ဒဏ်မတပ်ပါနဲ့ဘုရား ဒီကလေးပြောနေတာတွေက အမှန်တွေပါ”
“အလို၊ အမှန်တွေဆိုတော့ သူပြောတဲ့ သရဲရထားကြီးက တကယ်ရှိခဲ့တယ်ပေါ့၊ ဟုတ်လားဒကာကြီး”
“ရှိပါတယ်ဘုရား၊ သူ့လိုမျိုး အဲဒီသရဲရထားကြီးကို မြင်ခဲ့တဲ့လူလည်း အရင်ကရှိခဲ့ဖူးပါတယ်”
ဦးပေါစံပြောလိုက်သည့်အခါ နားထောင်နေကြသူများအားလုံး အံ့အားသင့်သွားလေသည်။ ရွာလူကြီး ဦးဖိုးတုတ်က
“ဒါဆို ဒီကလေးပြောနေတာတွေက အမှန်ပေါ့”
“ဟုတ်ပါတယ်၊ အဲဒီအဖြစ်က ကျုပ်တို့ လူပျိုပေါက်အရွယ်လောက်က ဖြစ်ခဲ့တဲ့အဖြစ်အပျက်ပါ”
(၂)
အချိန်ကာလအားဖြင့် မြန်မာနိုင်ငံတစ်ဝှမ်း ဒုတိယကမ္ဘာစစ်မီးကြီး တောက်လောင်နေသည့်အချိန်ဖြစ်သည်။ ဦးပေါစံမှာ ထိုစဉ်က လူပျိုပေါက်အရွယ်ခန့်သာရှိသေးသည်။ တိုင်းပြည်မငြိမ်မသက်ဖြစ်နေသည့်အချိန်မို့ ကျေးရွာများမှာလည်း မငြိမ်မသက်ကြောက်လန့်နေကြရသည်။ လူသားများကို သက်ရှိများဟုပင် မမှတ်ယူဘဲ သတ်ဖြတ်ချင်တိုင်းသတ်ဖြတ်တတ်ကြသည့် ဖက်ဆစ်ဂျပန်စစ်သားများကို ကြောက်ရသကဲ့သို့ တိုင်းပြည်မငြိမ်မသက်ဖြစ်ချိန်တွင် ဆူပူထကြွတတ်သည့် ခိုးသား၊ ဓါးပြအုပ်စုများ၏ ရန်စွယ်ကလည်း ကြောက်မက်ဖွယ်ကောင်းလှသည်။
ထို့ကြောင့် ရွာသူရွာသားများမှာ ရွာထဲတွင်မနေဝံ့ကြဘဲ တောထဲတောင်ထဲတွင် ပုန်းရှောင်ကာနေကြရသည်။ ကိုရင်ပေါစံတို့ရွာမှာ ဂျပန်များစစ်ဆုတ်ခွာသည့် လမ်းပေါ်တွင်ကျရောက်နေသည်မို့ မကြာခဏဆိုသလို ဂျပန်စစ်တပ်များရောက်လာကာ ကျွဲနွားများနှင့် ဆန်စပါးရိက္ခာများကို လုယက်ခြင်းခံရလေသည်။
ကိုရင်ပေါစံတို့မှာတော့ ရွာနှင့်ဝေးကွာသည့် ဘုန်းကြီးကျောင်းတွင် စစ်ရှောင်များအဖြစ်ပုန်းအောင်းနေထိုင်ကြသည်။ ဂျပန်စစ်သားများမှာ ဘုန်းကြီးများကိုတိုက်ခိုက်လေ့မရှိသည်မို့ ဘုန်းကြီးကျောင်းများတွင် လာရောက်တိမ်းရှောင်နေထိုင်သူများမှာလည်း များပြားလှပေသည်။
ကိုရင်ပေါစံတို့မှာ ရထားလမ်းဘေးကွင်းများတွင် ယာနှင့်သီးနှံများကို စိုက်ပျိုးကြလေသည်။
တစ်ခုသော နေ့လည်ခင်းတွင် ရထားလမ်းမကြီးအတိုင်း ရထားကြီးတစ်စင်းက မောင်းနှင်လာခဲ့သည်။ ရေနွေးငွေ့ရထားကြီးမှာ တွဲဆိုင်းဆယ်ဆိုင်းခန့်ပါကာ အတော်ရှည်လျားလှသည်။ အရှေ့ပိုင်းတွဲဆိုင်း လေးဆိုင်းခန့်မှာ လူစီးသည့်တွဲဆိုင်းများဖြစ်ကာ ကျန်သည့်တွဲဆိုင်းများမှာ ကုန်တင်တွဲဆိုင်းများနှင့် စက်သုံးဆီများကိုတင်ဆောင်လာသည့် တွဲဆိုင်းမည်းမည်းကြီးများဖြစ်သည်။ ဂျပန်ရထားများလာလျှင် ဂျပန်စစ်သားများက ရထားလမ်းဘေးတွင် တွေ့ရသူများကို မသင်္ကာသူဟုယူဆသည့်အခါ သေနတ်ဖြင့်ပစ်ခတ်တတ်သည်မို့ ရထားလာသည့်အခါ ရွာသူရွာသားများမှာ ရထားလမ်းဘေးတွင်မနေရဲဘဲ ပုန်းအောင်းနေကြရသည်။
“ရထားကြီးလာပြီဟေ့၊ ရထားလာပြီဟေ့”
ရထားလမ်းနံဘေး ညောင်ပင်ကြီးတစ်ပင်ပေါ်တွင် ကင်းအဖြစ်တက်ကြည့်နေသည့် ရွာသားတစ်ဦးက ပြောဆိုလိုက်သည့်အခါ ယာခင်းထဲတွင်အလုပ်လုပ်နေကြသည့် ကိုရင်ပေါစံတို့လူတစ်သိုက်မှာ ယာခင်းနံဘေးတွင် ရှိသော မြေသားတာဘောင်ကြီးနံဘေးသို့ပြေးဝပ်ကာပုန်းအောင်းကြသည်။
ကိုရင်ပေါစံတို့ ပုန်းအောင်းလိုက်သည့်အချိန်မှာပင် ရထားကြီးက တဂျုန်းဂျုန်းနှင့်ခုတ်မောင်းသွားလေသည်။ ထိုသို့ခုတ်မောင်းပြီး ယာကွက်များအားဖြတ်ကျော်ကာ ခပ်လှမ်းလှမ်းရောက်သည့်အချိန် ကောင်းကင်ပေါ်မှဆူညံသည့် အင်ဂျင်သံများကိုကြားလိုက်ရပြန်သည်။
“လေယာဉ်ပျံတွေလာပြီဟေ့”
လေယာဉ်ပျံနှစ်စီးမှာ ရထားလမ်းအတိုင်းပျံသန်းမောင်းနှင်လာကြပြီးရထားကြီးအား စက်သေနတ်များနှင့် တဒက်ဒက်ပစ်ခတ်လေသည်။ ကျယ်လောင်လှသည့်အသံများကြောင့် ကိုရင်ပေါစံတို့မှာ နားကိုလက်နှစ်ဖက်ဖြင့်ပိတ်ထားကြရသည်။ လေယာဉ်နှစ်စီးက ရထားကြီးအနီးမှ ကပ်ပျံသွားကာ လေယာဉ်ဝမ်းတွင်ကပ်ထားသည့် ဗုံးတစ်လုံးအား ကျဲချသွားလေသည်။ ဝုန်းခနဲအသံကြီးတစ်ချက် ကျယ်လောင်စွာကြားရပြီးနောက် ဗုံးသီးမှာရထားကြီးခုတ်မောင်းနေသည့် ရထားသံလမ်းနံဘေးသို့ ပြုတ်ကျပေါက်ကွဲသွားလေသည်။ ပေါက်ကွဲသည့်အရှိန်ကြောင့် ရထားကြီး၏ ဒုတိယရထားတွဲမှာ လမ်းဘေးသို့ လဲကျသွားပြီး ကျန်သည့်ရထားတွဲများမှာလည်း လမ်းဘေးသို့အတွဲလိုက် လဲကျကုန်လေသည်။
ရထားပေါ်တွင် စီးနင်းလိုက်ပါလာကြသည့် လူများမှာ ကယ်ပါယူပါ တစာစာနှင့် အသံကုန်ဟစ်ကာ အော်ဟစ်နေကြသည်။ သို့သော်လည်း ကိုရင်ပေါစံတို့မှာ သွားရောက်မကယ်ဆယ်ရဲပေ၊ ရထားစီးနင်းလာသူများမှာ ဂျပန်စစ်သားများနှင့် စစ်အသိုင်းအဝိုင်းမှလူများဖြစ်မည်ဟုခန့်မှန်းရသည်။ မကြာခင် လေယာဉ်နှစ်စီးမှာ လှည့်ပြန်လာကာ လဲကျနေသည့်ရထားအား ထပ်မံပစ်ခတ်ပြန်သည်။ ရထားတွဲဆိုင်းအနောက်တွင်ပါလာသည့် စက်သီးဆီတွဲကြီးမှာ မီးထလောင်ပြီးသည့်နောက် ရထားတွဲများအားလုံးကိုမီးစွဲလောင်သွားလေသည်။ ရထားပေါ်ရှိလူများမှာ အရှင်လတ်လတ် မီးလောင်ခံရပြီး အော်ဟစ်သေဆုံးကြလေသည်။
လေယာဉ်များဖြတ်သန်းပြီးသွားသည်နှင့် ကိုရင်ပေါစံတို့လူများမှာ ရွာဆီသို့အလျှင်အမြန်ပြေးထွက်လာခဲ့ကြသည်။ ထိုရထားကြီးအား လေယာဉ်ပျံများ ထပ်မံပစ်ခတ်မည်စိုးသဖြင့် သွားမကြည့်ရဲကြပေ။
ညရောက်သည့်အခါ ထိုရထားမှောက်ထားသည့်နေရာမှ ကြောက်ခမန်းလိလိအော်သံကြီးများကို ကြားရသည်။ ရွာသူရွာသားတစ်ချို့က လူစုကာ သွားရောက်ကြည့်ရှုကြသည့်အခါ မီးလောင်ကျွမ်းပြီး သံထည်ကိုင်းများနှင့် ပြာတစ်ပိုင်းကျနေသည့် ရထားတွဲကြီးမှလွဲ၍ မည်သည့်အရာမှ မမြင်တွေ့ရပေ။ ထိုရထားတွဲကြီးရှိနေသည့် ညစဉ်ညတိုင်းတွင် အော်ဟစ်ငိုယိုသံများကို အမြဲကြားနေရသည်။ ထိုရထားပျက်ကြီးအနီးသို့လည်း ညဘက်မပြောနှင့် နေ့ခင်းဘက်တောင် ခြေဦးမလှည့်ရဲကြပေ။
တစ်လခန့်ကြာသည့်အခါတွင် ရထားပျက်ကြီးအား ဝန်တင်ရထားတစ်စီးဖြင့် လာရောက်ဆွဲယူသွားကြသည်။ ရထားတွဲဆိုင်းအပျက်များမှာ လမ်းဘေးတွင်အတိုင်းသားရှိနေသည်။ ထိုသို့ဖြစ်ပြီးသုံးလခန့်ကြာသည့်အခါ အရာအားလုံးငြိမ်ငြိမ်သက်သက်ပြန်လည်ဖြစ်သွားခဲ့သည်။ စစ်မီး၏ အရိပ်အယောင်များမှာလည်း အနည်းငယ်တည်ငြိမ်လာသည်။
သို့သော် ဘုန်းကြီးကျောင်းတွင်တော့ စစ်ရှောင်များက စုဝေးနေထိုင်ကြဆဲဖြစ်သည်။ ထိုစစ်ရှောင်များအတွင်းမှ အောင်ဘုဆိုသည့်ကလေးတစ်ဦးမှာ ညအချိန် ရထားကြီးတစ်စင်းကို မြင်တွေ့ရသည်ဟု ပြောဆိုနေတတ်သည်ကိုသတိထားမိသည်။ အောင်ဘုမှာ အသက်ဆယ်နှစ်ခန့်သာရှိပြီး စစ်ရှောင်မိသားစုတစ်စု၏ ကလေးဖြစ်သည်။ ကိုရင်ပေါစံတို့လို လူငယ်များမှာ ရှိသည့်မြေယာများတွင် သီးနှံများစိုက်ပျိုးကြပြီး ဝမ်းရေးအတွက်ဖြေရှင်းရသော်လည်း အောင်ဘုတို့လို ကလေးတစ်သိုက်မှာတော့ ဘုန်းကြီးကျောင်းအနီးအပါးတွင် အပူအပင်ကင်းမဲ့စွာ ပြေးလွှားဆော့ကစားတတ်ကြလေသည်။
တစ်ညနေခင်း ကိုရင်ပေါစံတို့ ယာခင်းထဲမှပြန်လာသည့်အချိန်တွင် အောင်ဘုတို့ကလေးတစ်သိုက်မှာ ရထားလမ်းအပေါ်တွင်ဆော့ကစားနေကြသည်။ ထိုစဉ်က ရထားလမ်းမှာ အပျက်အစီးများဖြစ်ပေါ်နေသဖြင့် ပုံမှန်ရထားအသုံးပြုမှု မရှိပေ။ ထိုစဉ် အောင်ဘုမှာ ရထားလမ်းတစ်နေရာသို့ လက်ညှိုးထိုးပြပြီး အသံအကျယ်ကြီးဖြင့်အော်ဟစ်လေသည်။
“ဟေ့ကောင်တွေ၊ ရထားကြီးလာနေပြီကွ ရထားကြီး”
ကျန်သည့်ကလေးများရော ကိုရင်ပေါစံပါ အောင်ဘုထိုးပြသည့်နေရာသို့ကြည့်သည့်အခါ မည်သည့်ရထားကိုမှမတွေ့ရဘဲ မြက်ပင်များနှင့်ဖုံးလွှမ်းပျက်စီးနေသည့် ရထားသံလမ်းကိုသာတွေ့ရသည်။
ကိုရင်ပေါစံက အောင်ဘုပုခုံးကိုပုတ်လိုက်ကာ
“ဟေ့ကောင်အောင်ဘု၊ မင်းကွာ ဒီရထားလမ်းအပျက်ကြီးမှာ ဘယ်လိုလုပ်ပြီးရထားလာမှာလဲကွ”
အောင်ဘုက အကြောက်အကန်နှင့်
“မဟုတ်ဘူးကိုကြီး၊ လာနေပြီ၊ ဟော အခုပဲ ဒီနားကနေဖြတ်သွားပြီ”
အောင်ဘုမှာ တစ်စုံတစ်ခုကိုမြင်တွေ့နေရသည့်အလား ရထားလမ်းအတိုင်း မျက်စိတစ်ဆုံးတောက်လျှောက်လိုက်လံကြည့်ရှုနေလေသည်။ ကိုရင်ပေါစံမှာ ထူးဆန်းသွားသည်ကိုခံစားလိုက်မိရသဖြင့်
“ပြောစမ်းပါအုံး အောင်ဘုရာ၊ မင်းက ဘယ်လိုရထားတွေ့လိုက်လို့လဲကွ”
“ဒီလိုကိုကြီးပေါရ၊ ရထားကြီးက မီးခိုးလုံးဖြူဖြူကြီးတွေထွက်ပြီးလာတာဗျ၊ ရထားပေါ်မှာလည်း လူတွေအများကြီးပဲ၊ အဲဒီလူတွေက အော်ဟစ်ပြီးတော့ စကားတွေပြောနေကြတယ်၊ နောက်တော့ ရထားလမ်းဘေးနားမှာရှိတဲ့လူတွေကို ပြတင်းပေါက်တွေကနေ လက်ပြပြီးတော့ နှုတ်ဆက်သွားကြတယ်”
အောင်ဘုစကားကိုကြားရသည့်အခါ ကိုရင်ပေါစံတစ်ယောက် ခေါင်းမွှေးများပင်ထောင်ထသွားလေသည်။ သူတို့မျက်စိရှေ့မှာပင် တိမ်းမှောက်သွားသည့်ရထားကြီးများလား၊ မှောက်သွားသည့်တိုင် ညညခြောက်လှန့်တတ်သည့် ဂျပန်များစီးနင်းလာသည့် ရထားကြီးများလားဟု တွေးတောနေမိသည်။
“တော်ပြီအောင်ဘု၊ နောက်အဲဒီရထားကြီးတွေ့ရင် လက်လည်းမပြနဲ့ ကြည့်လည်းမကြည့်နဲ့ဟုတ်ပြီလား”
အောင်ဘုမှာ ခေါင်းညိတ်ပြလေသည်။ ကိုရင်ပေါစံမှာ ထိုအဖြစ်အား အရေးမပါသည့်အဖြစ်ဟု သတ်မှတ်လိုက်ကာ အခြားမည်သူ့ကိုမှ မပြောမိဘဲ မေ့မေ့လျော့လျော့ဖြစ်နေလေသည်။
ထိုအဖြစ်အပျက်ဖြစ်ပွားပြီး နှစ်ပတ်ခန့်အကြာတွင်ဖြစ်သည်။ ကိုရင်ပေါစံတို့မှာ ညစာစားပြီးနောက် ဘုန်းကြီးကျောင်းအောက်တွင်ထိုင်ကာ စကားစမြည်ပြောဆိုနေကြသည်။ စစ်ရှောင်မိသားစုများမှာလည်း မိမိတို့စွန့်ပစ်ထွက်ခွာလာခဲ့ကြသည့် ကျေးရွာများသို့ တစ်စတစ်စပြန်သွားကြသဖြင့် မိသားစုသုံးလေးစုသာကျန်တော့သည်။ အောင်ဘုတို့မိသားစုမှာ ရွာဦးကျောင်းရှိ ဘုန်းကြီးတစ်ပါးနှင့်သိကျွမ်းသဖြင့် တော်ရုံနှင့် မပြန်ဖြစ်သေးပေ။
ထိုသို့စကားပြောနေစဉ် ရထားဥသြဆွဲသံကြီးကို ကြားလိုက်ရသည်။ မကြားစဖူးကြားလိုက်ရသည်မို့ ကိုရင်ပေါစံတို့အံ့သြသွားမိကာ ရထားလမ်းကိုလှမ်းကြည့်နေမိသည်။ မီးခိုးဖြူဖြူကြီးများ တအူအူထွက်နေသည့် ရထားကြီးတစ်စင်းက အလျှင်အမြန်ခုတ်မောင်းလာလေသည်။ ရထားတွဲဆိုင်းများတွင်လည်း မီးရောင်များကိုထိန်နေအောင်ထွန်းထားသည်။
ထိုအချိန် အောင်ဘု၏အမေက ဘုန်းကြီးကျောင်းအောက်မှအော်ဟစ်လိုက်လေသည်။
“လုပ်ကြပါအုံး အောင်ဘုတစ်ယောက် ရထားလမ်းဘက်ကိုပြေးထွက်သွားလို့”
ကိုရင်ပေါစံတို့မှာ အောင်ဘုအားလှမ်းကြည့်လိုက်သည့်အခါ အောင်ဘုမှာ ဘုန်းကြီးကျောင်းအထွက်လမ်းမှနေ၍ မီးရထားလမ်းဆီသို့ ပြေးသွားနေသည်ကိုတွေ့ရသည်။ ကိုရင်ပေါစံတို့လူတစ်သိုက်လည်း အောင်ဘုအနောက်သို့ပြေးလိုက်ခဲ့ကြသည်။ ကိုရင်ပေါစံမှာ အပြေးမြန်သည်မို့ ရထားလမ်းအနီးရောက်ခါနီးတွင် အောင်ဘုအားအနောက်မှ မီသွားလေသည်။
“အောင်ဘု မင်းဘာလုပ်တာလဲ၊ ရပ်လိုက်”
အောင်ဘုမှာ နားမထောင်ဘဲ ရထားလမ်းကုန်းကြီးကို ကုပ်ဖက်တက်သွားလိုက်သည်။ ထို့နောက်ရထားသံလမ်းပေါ်သို့တက်ကာ အားရဝမ်းသာဖြင့် ရထားကြီးအားငေးကြည့်နေလေသည်။ ကိုရင်ပေါစံလည်း ရထားသံလမ်းပေါ်သို့ခုန်တက်လိုက်ပြီး အောင်ဘုပုခုံးကိုဆုပ်ကိုင်လိုက်သည်။
“အောင်ဘု၊ မင်းဘာလုပ်တာလဲကွ ရထားတိုက်လို့သေသွားမယ်၊ လာ ပြန်ဆင်းလာခဲ့”
ကိုရင်ပေါစံက အောင်ဘုလက်အားဆွဲသော်လည်း အောင်ဘုမှာ ကိုရင်ပေါစံခေါ်ရာအနောက်သို့မလိုက်ဘဲ ရုန်းကန်လေသည်။ ရထားကြီးမှာ တဖြည်းဖြည်းနီးကပ်လာပြီး ရထားဦးခေါင်းရှိ မီးမောင်းကြီးမှ လင်းလက်နေသည့် မီးအလင်းရောင်က ဖျာကျလာလေသည်။ အောင်ဘုက ကိုရင်ပေါစံအား ဆောင့်တွန်းထုတ်လိုက်သည့်အခါ ကိုရင်ပေါစံမှာ ဟန်ချက်ပျက်သွားပြီး ရထားလမ်းကုန်းပေါ်မှ ကျွမ်းထိုးမှောက်ခုံနှင့်ပြုတ်ကျသွားလေသည်။ အောင်ဘုလိုကလေးတစ်ယောက်အဖို့ ကိုရင်ပေါစံလို လူပျိုပေါက်တစ်ယောက်အား လွင့်ထွက်သွားစေရန်တွန်းထုတ်လိုက်သည့်အားမှာ ပုံမှန်လူတစ်ယောက်၏ အားမဟုတ်ကြောင်း ကိုရင်ပေါစံသိလိုက်သည်။
အောင်ဘုမှာ ရထားကြီးအားလက်ပြရင်း မျက်နှာမှာလည်း အလွန်ဝမ်းသာအားရသည့်မျက်နှာ၊ စိတ်လှုပ်ရှားနေသည့်မျက်နှာမျိုးဖြစ်နေလေသည်။ ရထားကြီးက ဥသြသံတစ်ချက်ပေးပြီးသည့်နောက် အောင်ဘုအားဝင်တိုက်သွားလေသည်။ တိုက်သွားသည်ဆိုသော်လည်း အောင်ဘုမှာ ရထားလမ်းအတိုင်းရပ်မြဲရပ်နေလေသည်။ အောင်ဘု၏ ကိုယ်လုံးမှာလွင့်ထွက်သွားခြင်းမရှိဘဲ ရထားကြီးကသာ အောင်ဘု၏ ခန္ဓာကိုယ်အား ဖြတ်သန်းမောင်းနှင်သွားခြင်းဖြစ်သည်။
မကြာမီ ရထားတွဲကြီးမှာ ဖြတ်သန်းပြီးစီးသွားပြီး ရှေ့ရှိ လမ်းကွေ့ကြီးအနားသို့ရောက်သည့်အခါ မျက်စိအောက်မှ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားလေသည်။ ဘုန်းကြီးကျောင်းအတွင်းမှ လိုက်လာကြသည့်သူများမှာ အနားသို့ရောက်ရှိလာသည်။ ကိုရင်ပေါစံက ရထားလမ်းကုန်းပေါ်သို့အမြန်ပြေးတက်လိုက်ပြီး အောင်ဘုအားကြည့်လိုက်သည့်အခါ ရထားသံလမ်းနှစ်ခုအကြား ဇလီဖားတုံးများအပေါ်တွင် အောင်ဘုမှာ ပက်လက်လန်ကာလဲကျနေလျှက် ငြိမ်သက်နေလေသည်။
ကိုရင်ပေါစံက အောင်ဘု၏ ရင်ဘတ်အနားသို့ကပ်ပြီး နားထောင်သည့်အခါ နှလုံးခုန်သံမကြားရတော့ပေ၊ အလားတူ အောင်ဘု၏ ဝင်သက်ထွက်သက်များမှာလည်း ဆိတ်ငြိမ်လျှက် သွေးခုန်နှုန်းမှာလည်း စမ်းသပ်မရတော့ပေ။
“အောင်မယ်လေး သားလေးရဲ့အဖြစ်ဆိုးလှချည်လား”
အောင်ဘုအမေမှာ အော်ဟစ်ငိုယိုရင်း မေ့မြောသွားလေသည်။ အနားမှလူများမှာ အောင်ဘုရုပ်အလောင်းအား စိတ်မကောင်းစွာဖြင့်သယ်ဆောင်လာခဲ့ကြသည်။
(၃)
ဘကြီးပေါစံပြောပြသည်ကို ဘုန်းကြီးကျောင်းပေါ်ရှိလူများအားလုံးက စိတ်ဝင်တစားနှင့်နားထောင်နေကြလေသည်။
“အောင်ဘုက ဘယ်လိုဖြစ်သွားတာလဲ ဘကြီး”
“သူများတွေပြောတာကတော့ တစ္ဆေရထား၊ သရဲရထားကြီးက အောင်ဘုကိုခေါ်သွားတယ်လို့ပြောတာပဲ၊ အောင်ဘုက ရထားကြီးနဲ့ ပဋ္ဌာန်းဆက်ပါပုံရတယ်၊ ဘကြီးတို့လည်း အောင်ဘုသေတဲ့အချိန်တစ်ချိန်ပဲ အဲဒီရထားကြီးကို မျက်ဝါးထင်ထင်မြင်တွေ့ဖူးတာ၊ အခု မောင်ဂွတိုက မြင်တယ်ဆိုတော့ မဟုတ်မှလွဲရော သူလည်း အဲဒီရထားကြီးနဲ့ ရေစက်ဆိုးရှိပုံရတယ်၊ ဘာပဲပြောပြော အဲဒီရထားကြီးကိုမြင်တွေ့ရတယ်ဆိုတာ ကောင်းတဲ့သဘောတော့မဟုတ်ဘူး”
“ဘကြီးက ဘယ်လိုယူဆသလဲ”
“အဲဒီရထားကိုမြင်ဖူးတဲ့လူဟာ အဲဒီရထားရဲ့ခေါ်ဆောင်ရာကို လိုက်ပါရတယ်လို့တော့ ဘကြီးကထင်တယ်၊ ဒါကြောင့် အကောင်းဆုံးကတော့ ဂွတိုကို ဒီရွာကနေ ယာယီသဘောမျိုးရှောင်ခိုင်းထားတာ အကောင်းဆုံးပဲဖြစ်မယ်”
ရွာလူကြီး ဦးဖိုးတုတ်က ခေါင်းတစ်ချက်ညိတ်လိုက်ကာ ရွာဦးကျောင်းဆရာတော်အား တစ်ချက်ကြည့်လိုက်လေသည်။ ရွာဦးကျောင်းဆရာတော်မှာ ဦးပေါစံပြောပြသည့် အဖြစ်အပျက်များအား မယုံပေ၊
“ဥပါဒါန်ကြောင့် ဥပါဒ်ရောက်တာပါ ဒကာကြီးရယ်၊ ဒါဆို ဦးဇင်းမေးမယ်၊ အဲဒီ အောင်ဘုသေရတာက ဒီရထားကြီးကြောင့်ဆိုတာ ဒကာကြီးပေါစံ သေသေချာချာပြောနိုင်သလား”
“ဒီလိုတော့မပြောနိုင်ပါဘူးဘုရား၊ ဒါတွေက တပည့်တော်ယူဆချက်တွေပါ”
“ဒါပဲလေ ဒကာကြီးရဲ့၊ ဒီ တစ္ဆေရထားကြီးကို တခြားလူတွေလည်းတွေ့ကြမှာပဲ၊ အခု ကျောင်းသားဂွတိုလည်း ကံနိမ့်နေတဲ့အချိန်မို့လို့ မြင်လိုက်ရတာဖြစ်မှာပါ၊ ဒီရထားကြီးကိုမြင်လို့သာ သေကြကြေးဆိုရင် ဒကာကြီးပေါစံရော အခုအချိန်အထိ နေရပါ့မလား”
“ဒါပေမယ့် အရှင်ဘုရား . . . တပည့်တော် . . .”
“တော်စမ်း ဒကာကြီး၊ ဒီအကြောင်းကိုဒီမှာတင်ရပ်ပြီး ဆက်မပြောနဲ့တော့၊ ကျောင်းသားဂွတိုကို ချည်မန်းကွင်းတွေဆင်ပေးမယ်၊ ညတိုင်း ပရိတ်ရွတ်ခိုင်းပြီး ကုသိုလ်ကောင်းမှုလုပ်ခိုင်းလိုက်မယ်ဆိုရင် ကျောင်းသားဂွတိုတစ်ယောက် ဒကာကြီးကောက်ချက်ချထားသလို ဖြစ်ချင်မှ ဖြစ်မှာမဟုတ်လား”
“မဟုတ်သေးပါဘူးအရှင်ဘုရား၊ တပည့်တော်ကတော့ ဂွတိုမှာ အသက်အန္တရာယ်ရှိနေပြီလို့ထင်ပါတယ်ဘုရား”
ထိုအခါ ဦးဖိုးတုတ်က ဘကြီးပေါစံ ပေါင်ကိုပုတ်လိုက်ကာ
“ဘကြီးကို ကျုပ်နားလည်ပါတယ်၊ ကိုယ့်အရှေ့မှာလူတစ်ယောက် သေသွားခဲ့တာကိုတွေးမိပြီး ဘာကြီးစိတ်ထဲ ဘယ်လောက်တုန်လှုပ်ခက်ခဲမလဲဆိုတာကို နားလည်ပါတယ်၊ ဒါပေမယ့် ဘကြီးရယ် အထင်တစ်ခုတည်းနဲ့တော့ ဒီလူတစ်ယောက်ကြိမ်းသေ သေပါမယ်ဆိုပြီး ပြောလို့ရပါ့မလား၊ ဘကြီးစကားက လက်တွေ့နည်းလမ်းမကျဘူးလေဗျာ”
ဘကြီးပေါစံမှာ အခြေအနေကိုသိလိုက်ပြီမို့ ခေါင်းညိတ်လိုက်ကာ ဆရာတော်ကိုဝတ်ဖြည့်လိုက်ရင်း
“အရှင်ဘုရားတို့ ကြိုက်သလိုစီမံပါဘုရား”
ထိုသို့ခပ်ပြတ်ပြတ်ပြောကာ ဘုန်းကြီးကျောင်းပေါ်မှပြန်ဆင်းလာခဲ့သည်။ ရွာဦးကျောင်းဆရာတော်မှာ ဂွတိုအား ချည်မန်းကွင်းများချည်နှောင်ပေးကာ ပရိတ်တရားများ ဘုရားစာများကိုလည်း ကျက်မှတ်ရွတ်ဆိုစေလေသည်။ သို့သော် ထိုသတင်းမှာ ရွာအတွင်းပျံ့နှံ့သွားပြီး ဘကြီးပေါစံအား အတော်များများက အမြင်မကြည်ကြဘဲဖြစ်နေလေသည်။
ထိုအဖြစ်အပျက်များဖြစ်ပွားပြီး တစ်ပတ်ခန့်အကြာတွင်ဖြစ်သည်။ ရထားလမ်းကြီးမှာ ယခုအခါတောင်းတင်းခိုင်မာ ကောင်းမွန်နေပြီဖြစ်သည်။ ရွာဦးကျောင်းအရှေ့တွင် ခင်းထားသည့်ကျောက်ခင်းလမ်းသည် ရထားလမ်းအားဖြတ်ကျော်ကာ အခြားကျေးရွာများနှင့်ချိတ်ဆက်ထားသည်မို့ လူသွားလူလာ မပြတ်ပေ၊ ထို့အတူ ရထားလမ်းဘေးရှိ ကွင်းများကိုရှင်းလင်းကာ လယ်မြေယာမြေများဖော်ထုတ်လိုက်ကိုင်ကြသဖြင့် စိမ်းလန်းသည့်ယာခင်းများက တစ်မျှော်တစ်ခေါ်ကြီးဖြစ်နေလေသည်။
ဘကြီးပေါစံမှာ မနက်စာစားသောက်ပြီးသည်နှင့် စက်ဘီးတစ်စီးနင်းလျှက် ကျောက်ခင်းလမ်းအတိုင်းထွက်လာခဲ့သည်။ စိတ်ပြေလက်ပျောက်ဖြစ်စေရန် တစ်ဖက်ရွာရှိ ငယ်သူငယ်ချင်းတစ်ဦးနှင့် တွေ့ဆုံရန်ထွက်လာခဲ့ခြင်းဖြစ်သည်။ အချိန်မှာ နံနက်ခုနစ်နာရီခန့်သာရှိသေးသည်မို့ ကျောက်ခင်းလမ်းတွင် ယာထဲဆင်းမည့်သူများ၊ လမ်းသွားလမ်းလာ၊ ဈေးသည်များနှင့်စည်ကားနေလေသည်။
ရထားလမ်းအနီးသို့ရောက်လာခဲ့သည့်အခါ ခပ်လှမ်းလှမ်းမှ ရထားဥသြဆွဲသံကြီးတစ်ခုကိုကြားလိုက်ရသည်။ ရထားဥသြဆွဲသံကြီးမှာ သာမန်ဥသြဆွဲသံနှင့်မတူဘဲ ပိုမိုကျယ်လောင်ကာ အသံရှည်ကြီးဆွဲလျှက် ခုတ်မောင်းလာလေသည်။ ဘကြီးပေါစံမှာ ရထားဥသြသံကြားသည်နှင့် အလွန်ထိတ်လန့်သွားပြီး ရထားလမ်းဆီသို့ စက်ဘီးကိုအားစိုက်နင်းလာခဲ့သည်။ ရထားလမ်းအနီးသို့ရောက်သည့်အခါ မီးခိုးဖြူဖြူကြီးများနှင့် ခုတ်မောင်းလာသည့် ရထားကြီးတစ်စင်းကိုတွေ့လိုက်ရသည်။ ရထားကြီးမှာ ခေတ်ဟောင်းရေနွေးငွေ့သုံး ရထားစက်ခေါင်းကြီးဖြစ်သည်။
“ဟော . . .ဟော ဗျာ၊ နေ့ခင်းကြီးကို ပေါ်လာတာပါပဲလား”
ဘကြီးပေါစံက အထိတ်တလန့်နှင့်ရေရွတ်လိုက်မိသည့်အချိန်တွင် ရထားလမ်းနံဘေးတွင်သွားလာနေကြသူများက ရထားလမ်းကိုကြည့်ကာ အော်ဟစ်ကြလေသည်။ ဘကြီးပေါစံက ရထားလမ်းဆီသို့ကြည့်လိုက်သောအခါ ဘုန်းကြီးကျောင်းသား ဂွတိုမှာ ရထားလမ်းပေါ်တွင် မတ်တပ်ရပ်နေပြီး အရှေ့မှတည့်တည့်လာနေသည့်် ရထားကြီးအား လက်ကိုဝှေ့ယမ်းပြလျှက် နှုတ်ဆက်နေသည်ကိုတွေ့လိုက်ရသည်။
“ဂွတို . . . ဟေ့ကောင် ဂွတို၊ အခုဆင်းလာခဲ့စမ်း”
ဘကြီးပေါစံက အသံကုန်အော်ဟစ်သော်လည်း ဂွတိုမှာ ကြားပုံမရဘဲ နေမြဲအတိုင်းဆက်နေလေသည်။ ရထားကြီးမှာ တဖြည်းဖြည်းနီးကပ်လာသည်မို့ ဘကြီးပေါစံက ရထားလမ်းတာဘောင်ပေါ်သို့ ပြေးတက်လိုက်သည်။ ထို့နောက် ဂွတိုထံသို့တစ်ဟုန်ထိုးပြေးလွှားလိုက်သည်။ ဂွတိုအနီးသို့ရောက်သည့်အခါ တစ္ဆေရထားကြီးမှာ အလွန်နီးကပ်လာပြီဖြစ်သည်။ သို့နှင့် ဂွတိုအား နံဘေးမှအားကုန်ဆောင့်တွန်းထည့်လိုက်လေရာ ဂွတိုမှာ ရထားသံလမ်းနံဘေးရှိ ချုံပုတ်များအကြားသို့ ဒလိမ့်ခေါက်ကွေး ပြုတ်ကျသွားလေသည်။
ဘကြီးပေါစံမှာ ရထားလမ်းပေါ်မှဆင်းရန်အတွက်ကြိုးစားလိုက်သော်လည်း ခြေလက်များမှာအေးစက်လျှက် လှုပ်ရှား၍ မရတော့ဘဲ တောင့်တောင့်ကြီးဖြစ်နေလေသည်။ ဘကြီးပေါစံမှာ ရထားလာနေသဖြင့် ထွက်ပြေးရမည်ဟူသော အသိရှိသော်လည်း ခြေလက်များက လှုပ်ရှား၍မရဘဲ ကျောက်ရုပ်ကြီးတစ်ရုပ်ကဲ့သို့ ငူငူကြီးရပ်နေမိသည်။ မကြာမီရထားကြီးက ဘကြီးပေါစံတည့်တည့် အရှိန်အဟုန်ဖြင့်ပြေးဝင်လာခဲ့သည်။ ရထားကြီးနှင့် တိုက်မိသည်ဆိုသော်လည်း ဘကြီးပေါစံအား ဆောင်းလေအေးတစ်ချက်က ဝေ့ခနဲတိုက်ခတ်လိုက်သလိုခံစားလိုက်ရပြီးနောက် ရထားကြီးမှာ ဘကြီးပေါစံကိုယ်လုံးအား ဖြတ်သန်းလျှက် ဆက်လုပ်ခုတ်မောင်းသွားလေသည်။
လူစီးတွဲများမှာ ဘကြီးပေါစံကိုယ်ပေါ်မှ ဖောက်ထွင်း၍ဖြတ်သန်းသွားကာ အတွင်းတွင်တော့ အမျိုးစုံသည့်လူများကိုတွေ့ရသည်။ ထိုလူများမှာလည်း ပျော်ရွင်စွာရယ်မောလျှက် ပြတင်းပေါက်တံခါးမှ အပြင်ဘက်သို့ လက်ပြနှုတ်ဆက်နေကြလေသည်။ လူစီးတွဲ နှစ်တွဲဖြတ်ပြီးသည့်အခါ ရထားပေါ်တွင်လူတစ်ဦးကိုတွေ့လိုက်ရလေသည်။ ထိုလူမှာ အခြားမဟုတ်ဘဲ အောင်ဘုဖြစ်နေလေသည်။
“ဟင် အောင်ဘု . . . မင်း . . . မင်း”
ဘကြီးပေါစံရေရွတ်နေချိန်မှာပင် အောင်ဘုက ဘကြီးပေါစံ၏ လက်ကိုလှမ်းဆွဲလိုက်လေသည်။ ထိုသို့လှမ်းဆွဲခံလိုက်ရသည်နှင့် ဘကြီးပေါစံတစ်ကိုယ်လုံး ပေါ့ပါးသွားကာ အောင်ဘုခေါ်ဆောင်ရာအနောက်သို့ ဝါဂွမ်းစိုင်တစ်ခုနှယ်လိုက်ပါသွားတော့သည်။
တွဲဆိုင်းအရှည်ကြီးနှင့် မောင်းနှင်လာသည့်ရထားကြီးမှာ လမ်းကွေ့အနီးသို့ရောက်သည့်အခါ ရုတ်ချည်းပျောက်ကွယ်သွားလေသည်။ ရထားကြီးအား လှမ်းကြည့်နေကြသည့် လူအများမှာ အလွန်အံ့သြထိတ်လန့်သွားကြသည်။ ရထားသံလမ်းပေါ်တွင်တော့ ဘကြီးပေါစံတစ်ယောက် ငူငူကြီးမတ်တပ်ရပ်နေသည်ကိုတွေ့လိုက်ရသည်။
ရွာခံများနှင့် ဘုန်းကြီးကျောင်းသားလေးများက ဘကြီးပေါစံဆီသို့ပြေးလာခဲ့ကြသည်။ ဘကြီးပေါစံ၏ လက်ကိုထိလိုက်သည့်အခါမှ ဘကြီးပေါစံမှာ ရထားသံလမ်းပေါ်သို့ ခွေခနဲလဲကျသွားသည်။ ရွာသူရွာသားများစမ်းသပ်ကြည့်သည့်အခါမှ ဘကြီးပေါစံတစ်ယောက် အသက်မရှိတော့မှန်းသိရသည်။
ထိုတော့မှ ရွာဦးကျောင်းဆရာတော်နှင့် ရပ်ရွာလူကြီးများက ယုံကြည်ကြလေသည်။ ဘကြီးပေါစံ တစ္ဆေရထားအတိုက်ခံရသည့်သတင်းမှာ အနီးအပါးရွာများသို့ပင် ပျံ့နှံ့သွားပြီး အနီးရှီ မီးရထားဘူတာမှ အရာရှိဝန်ထမ်းများပါ လာရောက်ကြည့်ရှုကြသည်။ အချို့လူများကောက်ချက်ချသလို ရထားတိုက်၍ သေဆုံးခြင်းမဟုတ်ကြောင်းနှင့် ထိုအချိန်ယခုရထားလမ်းတွင်လာသည့် ရထားခရီးစဉ်မရှိကြောင်းပြောကြားကြလေသည်။ သို့နှင့် ဘကြီးပေါစံသေဆုံးသည့် ကိစ္စမှာ လဝှက်ဆန်းကြယ်သေဆုံးမှုတစ်ခုအဖြစ် သတ်မှတ်ကြလေသည်။ ဘုန်းကြီးကျောင်းသား ဂွတိုကိုလည်း ကိုရင်စီးပေးပြီးနောက် အခြားမြို့တစ်မြို့သို့ စာဝါလိုက်ရန် ပို့ဆောင်လိုက်တော့သည်။
ယနေ့တိုင် ထို တစ္ဆေရထားကြီးနှင့်ပတ်သက်၍ ဒေသတစ်ဝိုက်တွင် ပြောဆိုနေကြဆဲဖြစ်သည်။ ထို တစ္ဆေရထားကြီးအား မြင်တွေ့လိုက်သည့်လူမှာ ထိုရထားကြီးကြောင့်ပင် သေဆုံးရမည့်လူဟု သတ်မှတ်ကြကာ ရထားကြီးကိုမြင်မိသည်နှင့် နေရပ်ဒေသကိုစွန့်ခွာကာ ထွက်ပြေးကြသည်အထိပင် ဖြစ်လေတော့သည်။
ပြီးပါပြီ။
အဂ္ဂဇော်