မာနနဲ့ကာလ

*မာနနှင့် ကာလ *📖📖📖
——————-

*****************

ဝင်ရိုး လှည်း ဆီထိုး၍ ဘီးနှစ်ခုတွင် စွပ်ပြီးနောက် လှည်းတံတင်၊ ဝင်ရိုးတွင် ဝက်စွယ်စွပ်၊ ဇင်တုံးဆင့်၊ ထို့နောက် လှည်းတံ(လက်တံ) အဖျားမှာ စည်းကုံးနှင့် ထမ်းပိုးစွပ်၍ လှည်းဦးငှက်ကို သပ်ဖြင့် ကြပ်စွာရိုက်ပြီး သကာလ လှည်းတစ်စီး တပ်ဆင်ပြီးရန်မှာ ကယ့်အိမ်နှင့် ဆောင်ပန်း တင်ဖို့သာ ကျန်ပေတော့သည်။

“ဟေ့… မောင်သင်လေးရေ… မောင်သင်လေး…”

ကယ့်အိမ် တင်ရန်မှာ ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်တည်းနှင့် မပြီးမြောက်နိုင်သောကြောင့် မျက်စောင်းထိုးအိမ်မှ သူငယ်ချင်းကို ခေါ်လိုက်ရသည်။

သူလည်း အိမ်မှာ အသင့်ရှိနေ၍…

“ဟေ… ဘာတုန်း ဖိုးအောင်…”

“ဒီမှာ ခဏ လာကူစမ်းပါကွာ… တို့ချည်း မနိုင်လို့”

“ဘာများတုန်းဟ…” ဆိုပြီး မကြာခင် သူ ရောက်လာ၍…

“ဟ… ဟ… မင်းတို့ဟာ အချိန်အခါ မဟုတ်၊ လှည်းဆင် နေပါလား… ဘယ်များ သွားကြမလို့တုန်း…”

မှန်ပါသည်။ ဤရာသီမှာ ကျွန်တော်တို့ ရွာတွင် လှည်း မဆင်ရသေးပါ။ လယ်များ မရိတ်သိမ်း ရသေး၍ လှည်းလမ်း မပေါက်သေးပါ။

ကျွန်တော်တို့ လယ်သမား ထုံးစံမှာ မိုးဦး ကျသည်နှင့် တစ်ပြိုင်နက် လှည်းကိုဖြုတ်၊ ဝင်ရိုး၊ ထမ်းပိုး၊ လှည်းဘီး၊ လှည်းတံ၊ ဝက်စွယ်၊ ဇင်တုံး၊ ကယ့်အိမ်၊ ဆောင်ပန်း စသည်တို့ကို မိုးလုံရာ အိမ်အောက်၌ လည်းကောင်း၊ နွားတင်းကုပ်ထဲ၌ လည်းကောင်း၊ အဆင်သင့် လုပ်ထားပြီးနောက် ကောက်ရိတ်ချိန်ကျမှ တစ်ဖန် ပြန်ဆင် ကြရပါသည်။

ယခု ကျွန်တော်တို့ လှည်းဆင် နေကြသည်မှာ တန်ဆောင်မုန်း လပြည့်ကျော်မျှ ရှိသေး၍ ရွာပြင်သို့ လှည်းမထွက် နိုင်သေးပါ။ ရွာဝက ရွှံ့ဗွက်ကြီးသည် မခြောက်သေး။ ရွာထဲတွင်သာ ဟိုနား သည်နား သွားနိုင်ပေမည်။ ယခုကျွန်တော်တို့ လှည်းဆင် နေကြသည်မှာလည်း ကျွန်တော်တို့ အပိုင်းမှ မြောက်ပိုင်းသို့ ပို့စရာ ကိစ္စတစ်ခု ရှိနေ၍…

ထို့ကြောင့် ကျွန်တော်က…

“ဟေ့… မောင်သင်လေးရ ဒို့ပထွေးကြီး ကိစ္စလေကွာ”

သူလည်း ကျွန်တော်တို့ ပထွေးအကြောင်း ကြားပြီးနေ၍…

“ဟာ ဒါဖြင့် မင်းတို့ မင်္ဂလာကိစ္စ ပါလား၊ ဟေ့ ဟေ့ သတို့သားကို ဒီအတိုင်း လိုက်ပို့လိုက်လို့ ဘယ်ဖြစ်အုံးမလဲကွ။ တို့သောက်ဖို့ စားဖို့လေး ရအောင်”

“အဲဒါပါ မင်း တိုင်ပင်ဖို့ ခေါ်တာပေါ့ကွ”

ကျွန်တော်တို့သည် လှည်းဆင်ရင်း တီးတိုး တိုင်ပင် ကြပြီးနောက်…

“ကဲ မင်းနဲ့ ဗိုလ်ခိုက မမယ်သုံကြီး အိမ် ဟိုဘက်နားက လှည်းလမ်းကြပ်က စောင့်ပေါ့ကွ”

“အေး … ကောင်းပြီ”

ဤတွင် ကျွန်တော့်ညီ စိုးမောင်မျက်နှာသည် ပြုံးပြုံး ပြုံးပြုံးနှင့် ဖြစ်လာပြီး

“အစ်ကိုကြီး ပထွေးကို နောက်ဖို့ စာချိုး ရပြီ”

“ဆိုစမ်းပါအုံး မင်း စာချိုး”

“ယောက္ခမအိမ်ထက်၊ ခုမှတက်၊ သမက်အိုကြီး သေခါနီး…”

မောင်သင်လေးရော ကျွန်တော်ရော ရယ်မောကြကာ…

“မင်းဟာ ကောင်းသားပဲ၊ ဒါပေမယ့် သူ မင်္ဂလာ ယူမယ့် ကိစ္စမှာ ‘သေခါနီး’ ဆိုတာတော့ မကောင်းဘူးကွ”

ကျွန်တော် အနည်းငယ် စဉ်းစားလိုက်ပြီး…

“ဒီလိုပြင်ကွာ ယောက္ခမအိမ်ထက်၊ ခုမှတက်၊ သမက်အိုကလေး- မောင်ဘအေး၊ သူ့နာမည်လည်း ပါရော”

ဟုတ်ကဲ့ … ကျွန်တော်တို့ ပထွေး နာမည်မှာ ကိုဘအေး ဖြစ်ပါသည်။ ကျွန်တော်တို့ အဖေ၏ ညီတစ်ဝမ်းကွဲမို့ ကျွန်တော်တို့က ဘထွေး၊ နှုတ်မှထွက်တော့ ‘ပထွေး’ ဟု ခေါ်ကြပါသည်။

ပထွေး ကိုဘအေးသည် ယခု သမက် အဖြစ်နှင့် သူ့ယောက္ခမ အိမ်ထက် တက်ရပေတော့မည်။ သို့သော် ဤသတို့သားကြီး အသက်မည်မျှ ရှိပြီ ထင်ပါသနည်း။ ၅၆- နှစ်ပါ ခင်ဗျာ့။ သားသမီး ၅- ယောက် ရှိလေရာ အကြီးဆုံး ထွန်းစိန်မှာ ကျွန်တော်နှင့် ရွယ်တူ ၃၅ နှစ်၊ အငယ်ဆုံးသမီး ကျင်မြမှာ ၁၈ နှစ်၊ ဤသမီးပျိုမှ လွဲ၍ ကျန်လေးယောက်မှာ အိမ်ထောင်နှင့်ချည်း ဖြစ်သောကြောင့် ကျွန်တော်တို့ ဘထွေး ကိုဘအေးမှာ သူ့ယောက္ခမ အိမ်ထက် တက်သစ် သမက်ကလေး ဖြစ်ရသည့် အချိန်တွင် ချွေးမ တစ်စုံ၊ သမက် တစ်ရှဉ်းနှင့် မြေးက တစ်ဒါဇင်ကျော် ခင်ဗျာ့။

ကိုဘအေးတို့ အဖြစ်ကား ဆန်းပြားသည်။ လွန်ခဲ့သော ၃၅- နှစ် ကျော်က ဇာတ်လမ်းကို မှတ်တမ်း တင်ရပေမည်။

ထိုစဉ် အသက် ၂၀- မျှရှိသော လူပျိုကလေး မောင်ဘအေးသည် ရွာမြောက်ပိုင်းက ကွမ်းတောင်ကိုင်မ ကလေး မလှဌေးကို ချစ်ကျွမ်းဝင်ပါ လေသည်။

ဘအေးနှင့် လှဌေး နာမည်ချင်းလည်း နဘေထပ်၍၊ ရုပ်ချင်းလည်း ဂဟေစပ် သင့်ပါသည်။ သို့သော် ကွာခြားသည်ကား မလှဌေး မိဘများမှာ သွပ်မိုးပျဉ်ထောင် အိမ်ကြီးနှင့် လယ်တွေ ခြံတွေနှင့် ပစ္စည်းဘောဂ ပြည့်စုံလှ၍ ကျွန်တော်တို့ ပထွေး ကိုဘအေး မိဘများတွင်မူ လယ်ဝေးလို့ ကိုယ်ပိုင် ခြံကလေးမျှ မရှိသဖြင့် သက်ငယ်မိုး ထရံကာ အိမ်ကလေးနှင့် နေရပါသည်။

ကိုဘအေးမှာ သူများအိမ်တွင် သူရင်းငှား လုပ်ရပါသည်။

ထိုခေတ်က ကျွန်တော်တို့ ကျေးရွာ ဒေသတွင် တောသူဌေးခေါ် လယ်ပိုင်ရှင်ကြီး များ၏ သားသမီးတို့ အိမ်ထောင်ရေးကို ပြောပြ ရပါဦးမည်။ မိမိဘာသာ ချစ်ကြိုက် ယူရတာ အလွန်ရှားလျက်၊ အချိန်တန် အရွယ်ရောက်လျှင် လူကြီးများ စီမံပေးသည့် အတိုင်းသာ လက်ထပ်ကြရ ပေသည်။

မိဘများ အိမ်ထောင်ရေး ရွေးချယ်ရာမှာလည်း ပထမ ပစ္စည်း အင်အား၊ ဒုတိယ ရုပ်ရည်နှင့် စိတ်နေ သဘောထား၊ တတိယ ဆွေမျိုး အသိုင်းအဝန်း။

ဤသုံးချက် အနက် ကိုဘအေး ဘက်က ဒုတိယနှင့် တတိယကို မဲတင်းမယ်ဆို တင်းနိုင်သော်လည်း အရေးကြီးဆုံး ပထမ အချက်မှာကား ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လျက် ရှိလေသည်။

မလှဌေး အချိန်တန် အရွယ်ရောက်သည်၌ သူ့မိဘများထံမှ အသံ ထွက်လာသည်မှာ ရွှေတစ်ဆင်စာနှင့် လယ် ၁၅- ဧက လက်ဖွဲ့မည် ဖြစ်၍ ယောက်ျားလေး ဘက်က အနည်းဆုံး ဧက အစိတ်လောက် ပါရမည့်သဘော သက်ရောက် ပေသည်။

သို့သော် ကျွန်တော်တို့ ဘထွေး ကိုဘအေးမှာ နွားကလေး တစ်ကောင်မှ မဆောင် နိုင်သည်သာ ဖြစ်ရကား၊ သမီးရည်းစား နှစ်ယောက်တို့၏ တားမရသော အချစ်ဖြင့် မလှဌေး ခိုးရာ လိုက်ပြေးလေ သတည်း။

နောင်မှ ပြန်အပ်၍ နားချမည် ကြံစည်ကြသည်။

သို့သော်… မလှဌေး၏ဖခင် ဦးသာဒင်ကား မရရေးချ မရ။ မိဘဆွေမျိုး မျက်နှာ အိုးမဲသုတ်သော သမီး၊ တစ်သက်အပြတ်၊ ငါ့မှာ သမီး ရှိတယ်လို့ မပြောတော့ပြီ။ နင့်မှာ မိဘ ရှိတယ်လို့လည်း မအောက်မေ့နဲ့တော့။ ဘယ်ဆွေမျိုး သားချင်းမှလည်း မိလှဌေးကို မခေါ်ရ မပြောရ။

အချစ်ကြီးသလောက် အမျက်ကြီးလေပြီ။

ဦးသာဒင်မှာ ကိုဖိုးစံ၊ ကိုဖိုးဥာဏ်၊ ကိုဖိုးမှန်နှင့် သားသမီး လေးယောက် ရှိသည့်အနက် မလှဌေးမှာ တစ်ဦးတည်းသော သမီး ဖြစ်ပေသည်။

အချို့က မြေးရလျှင် စိတ်ကျ၍ အမျက်ပြေ တတ်သည်ဟု ပြောကြသည်။ ကိုဘအေး – မလှဌေးတို့၏ အကြီးဆုံးသား ထွန်းစိန် ၅- ခါလည် အရွယ်တွင် မလှဌေး၏ မောင်အငယ်ဆုံး ကိုဖိုးမှန်သည် ထွန်းစိန်ကို လမ်းတွေ့၍ နှုတ်ဆက် စကားပြော လုပ်ကြောင်း ဦးသာဒင် ကြားသည်၌ လူပျိုကြီးဖားဖား ဖြစ်နေသော ကိုဖိုးမှန်ကို တင်းကုတ်ထဲ ပိတ်ပြီး နွားကြိမ်နှင့် ကျောကော့နေအောင် ရိုက်သည် ဟူသတတ်။

မလှဌေး ကိုဘအေးနှင့် ရပြီး အနှစ် ၂၀- ကျော်မှ မလှဌေးမိခင် ကွယ်လွန်သည်။ သို့သော် အနှစ် ၂၀- ကျော် အတွင်း၌ သားအမိချင်း တစ်ခါမျှ မျက်နှာချင်း မဆိုင်လိုက်ရပေ။

ဦးသာဒင်သည် မြေးမက မြစ်ရသည့် တိုင်အောင် သူ၏ စိတ်သည် မပြေသေးပေ။

ဒေါသလည်း ကြီး၏ မာနလည်း ကြီး၏။ ပစ္စည်းဂုဏ်လည်း မောက်၏။

သို့သော် မည်သည့် အရာမဆို သင်္ခါရ ဖြစ်ပေရာ အချိန်တန် အရွယ်ရောက် သကဲ့သို့ အချိန်တန် တော့လည်း အရွယ်ကျရ ပေမည်။ စိတ်ကျရ ပေမည်။

ဦးသာဒင် ၇၀- ကျော်သော အခါ၌ စိတ်ကျ လေတော့သည်။ ဤအချိန်မှာ သူ၏ အခြေအနေလည်း ယခင်တုန်းကနှင့် လုံးဝ မတူတော့ချေ။

ရှိသမျှ လယ်ဧကထဲမှ သားသုံးယောက် အိမ်ထောင် ကျသည်နှင့် အညီအမျှ ခွဲဝေပေးခဲ့၍ မိမိအတွက် တစ်ရှဉ်းစာ ဆယ်ဧကလောက်သာ ချန်ထားခဲ့၏။ ပထမတွင် သားငယ်နှင့် ရာသက်ပန် မခွဲဘူးရယ်ဟု အလိမ္မာအိမ်ပါ ချွေးမနှင့် ပေးစား ထားခဲ့သည်။ သို့သော် ဦးသာဒင် အိုဇာတာ မကောင်းလေတော့ ချွေးမက ထင်သကဲ့သို့ မလိမ္မာ။ သားကလည်း တစ်နေ့တခြား မိုက်မိုက်လာသည်။ အလောင်းကစားလေး အသောက်အစားကလေး ဖက်လာသည်။ နောက်ဆုံး၌ ဖခင် အဘိုးအိုကို လုံးဝ ကြောက်ရွံ့ လေးစားခြင်း မရှိတော့ဘဲ မချေမငံ ပြုလေသောကြောင့် ဒီသားနှင့် ချွေးမကို အိမ်ပေါ်က  နှင်ချလိုက်လေတော့သည်။

ဤအခါ၌ ဦးသာဒင်မှာ အထီးကျန် အိမ်ကြီးတစ်လုံး ပေါ်တွင် ခွေးပုခေါ်သော သူ့တူ သူရင်းငှားကလေးနှင့် နှစ်ယောက်တည်း  ရှိတော့သည်။ စားမှု၊ သောက်မှု၊ ချက်ပြုတ်မှုပါ ခက်ခဲလာသည်။ ယင်းသို့ အခြေအနေ ဆိုက်ရောက်ရ သောကြောင့် တစ်သက်လုံး ပြတ်ပါပြီ ဆိုသော အနှစ် သုံးဆယ်ကျော် စွန့်ပစ် ထားခဲ့သော သမီးမိုက်အား အတိတ်က အပြစ်များကို ခွင့်လွှတ်ပြီး ပြန်လည် ခေါ်ယူခြင်း ဖြစ်လေသည်။

* * *

“ဗျိုး … ယောက္ခမ အိမ်ထက်၊ ခုမှတက်၊ သမက်အိုကလေး၊ ကိုဘအေး ရှိပါသလား ဗျို့…”

ထိုနေ့ ညနေ၌ ကျွန်တော်တို့သည် နွားလှည်းကို တပ်ကာ မင်္ဂလာဆောင်လှည်းပီပီ ချူတွေ ဝေဝေဆာဆာနှင့် မောင်းလာခဲ့ပြီး သူ့အိမ်ရှေ့၌ ရပ်၍ ညီအစ်ကို နှစ်ယောက် သံပြိုင် အော်လိုက်ကြခြင်း ဖြစ်ပါသည်။

ပထွေးသည် အိမ်ထဲ၌ ထုပ်ပိုးပြင်ဆင် နေရာမှ နေရောင်ကာသို့ ထွက်လာပြီး…

“ဟိတ် အကောင်တွေ တိုးတိုးတိတ်တိတ် လုပ်ကြစမ်းပါကွ”

ကျွန်တော်တို့သည် အော်ရင်း လှည်းထောက်ကို ထောက်၍…

“ဘယ့်နှယ့် … သတို့သား အိမ်တင်ရမယ့် ကိစ္စ တိုးတိုးတိတ်တိတ် လုပ်နေရမှာလဲဗျ”

“တယ်ခက်တဲ့ အကောင်တွေပဲကွ၊ လာ … ဒါတွေ ယူတင်”

“အောင်မယ် ခန်းဝင် ပစ္စည်းတွေ ကလည်း ရိုးကုမ္ပဏီက မနေ့ကမှ သွားဝယ်တာတွေ ထင်ပါရဲ့၊ အရောင်တွေ တဖိတ်ဖိတ် တောက်နေတာပဲ”

“တောက်တီး တောက်တဲ့တွေ ပြောမနေ ကြစမ်းနဲ့၊ တင်မှာသာ တင်ကြစမ်း…”

ထန်းကောက်ဖာ အဟောင်း၊ သံသေတ္တာ အဟောင်း၊ စောင်စုတ်ကြီးနှင့် အိပ်ရာလုံးကြီးက တစ်ထုပ်၊ စားခွက်, သောက်ခွက်တွေက မြေအိုး မဲမဲကြီးတွေ တောင်းထဲ ထည့်လို့…။

“ပထွေးရာ သူဌေးသမက် ဖြစ်ပြီပဲ၊ ဒါတွေ စွန့်ပစ်ခဲ့ ပါတော့လားဗျ…” ဟု ကျွန်တော့်ညီက ပြော၍ ကျွန်တော်က…

“ဟ စိုးမောင်ရ- ဖြစ်မလားကွ၊ မိန်းမအိမ် တက်တယ် ဆိုတာ ခန်းဝင် ပစ္စည်းတော့ ပါရအုံးးမှာပေါ့ကွ”

ပထွေးက ပြုံးမဲ့မဲ့ကြီးနှင့် ကျွန်တော့်ခေါင်း ပုတ်၍… “ဖိုးအောင်နော် ဖိုးအောင်…”

ထို့နောက် စိုးမောင်က ပထွေးအိမ် ကြမ်းစွန်းတွေမှာ ချိတ်ထားသော ပုံးတွေ၊ မြှုံးတွေ၊ ပလိုင်းတွေ သွားယူလာ၍ လှည်းပေါ်သို့ တင်သည်၌ ပထွေးက ပြူးပြူးပြာပြာ…

“ဟေ့… ဟေ့… ဒါတွေတော့ မလုပ်ပါနဲ့၊ အဖိုးကြီးက ကြိုက်မှာ မဟုတ်ဘူးကွ… ”

“အလဲ့ – အလဲ့… အဖိုးကြီးကတဲ့- အဖိုးလေးက ပြောတယ်”

ယင်းမှ ပထွေးသည် သူ့အသက်လည်း ၆၀- နီးနေပြီကို သတိရဟန် တူ၍ ရှက်စနိုး…

ယင်း၌ ကျွန်တော်…

“ဪ… စိုးမောင်နှယ်၊ သမက် ဆိုတာက ကိုယ် ဘယ်လောက်ပဲ ကြီးနေနေ၊ ယောက္ခမကို ဒီလိုပဲ ခေါ်ရတာမျိုးကွ…”

ယင်းသို့ ပြောပြောဆိုဆိုနှင့် ပစ္စည်းများ အားလုံး တင်ပြီးနောက် ကျွန်တော်တို့ လှည်းမောင်း ထွက်ခဲ့ကြတော့သည်။

ဒေါ်လှဌေးနှင့် သမီး ကျင်မြတို့ကား မနက်ကပင် သွားနှင့် နေကြပြီ၊ ထိုအချိန်၌ အဖိုးကြီးသည် သမီးနှင့် မြေးနှင့် အချစ်နာလန်ထ နေပေရော့မည်။

ထိုအတွေးမှ ကျွန်တော် တစ်ဆက်တည်း သတိရ၍…

“ပထွေးရော… ဒီမင်္ဂလာပွဲမှာ ပထွေးရဲ့ ချွေးမတွေရော… သမက်တွေရော၊ မြေးတွေရော အားလုံး ခေါ်ခဲ့ဖို့ ကောင်းတယ်၊ ဟီဟီ… လှည်းယာဉ် ဆယ်စီးတိုက်လောက်နဲ့ မင်္ဂလာ တစ်ဆောင်စာ ပြည့်နေမှာပဲ”

ပထွေးသည် ပြုံးကျဲကျဲကြီး လုပ်၍…

“မင့်နှယ်ကွာ… တောက်တီးတောက်တဲ့တွေ”

“ဟုတ်သလေ… ကျွန်တော် တွေးမိတာ၊ နို့ပြီးတော့ အဖိုးကြီးက အဲ့ဒီမြေးမြစ်တွေ ကြည့်ပြီး ‘အင်း… ငါ့သမီး တစ်ယောက်တည်းက အနှစ် ၃၀- အတွင်း ဖြစ်လာလိုက်တာ လူတွေ နည်းပါ ဘူးလားဟ’ လို့ အောက်မေ့မှာပဲ”

ကျွန်တော်တို့ ၃- ယောက်သား သဘောကျစွာ ရယ်မော လိုက်ကြပြီနောက် စိုးမောင်က အဘိဓမ္မာ တစ်ရပ် ထုတ်လိုက်ပါသည်။

“အဲဒါ… လူ့ဘဝရဲ့ တိုးတက်မှု ခေါ်ရမယ်ပေါ့ဗျ”

ကျွန်တော် “အေး… အေး… မင်းပြောတာ ဟုတ်တယ်ကွ၊ ဒါနဲ့… ငါ ခုည သတို့သမီးနဲ့ သတို့သား အခန်း ချောင်းကြည့်ချင်တယ်ကွ”

ပထွေးသည် ကျွန်တော့်ထိပ် ခေါက်၍…

“ဟာ… ဖိုးအောင် တော်စမ်းကွာ…”

“ကျွန်တော်တော့ ခုတင် ချူဆွဲပစ်မယ်”

“ဟာ… စိုးမောင်ကလဲ တော်စမ်းကွာ… မင်းတို့ ညီအစ်ကို နှစ်ယောက်ဟာ နောက်ကို နောက်တယ်…”

“မင်္ဂလာသဘင် ဆင်ယင်တယ် ဆိုတာ ဒီလိုပဲ ပျော်ပျော်ပါးပါးပဲ ပေါ့ဗျာ၊ ဒါပေမယ့်ဗျာ – သတို့သားကလဲ ဘီအေပေါင်းနဲ့ ဘာနဲ့ မဟုတ်၊ တဘက်ကြီး ခေါင်းပေါင်းလို့ – နွားပွဲသွားတာ ကျနေတာပဲ၊ နို့ပြီး ပါးရေတွန့်ပြီး သွားကလဲ ကျိုးလို့”

“ဟာ… တော်စမ်း ဖိုးအောင်ရာ”

“နို့ပြီး ရှပ်အင်္ကျီ ညစ်ထပ်ထပ်ကြီးနဲ့၊ မှန်း… အိတ်ထဲ ပိုက်ဆံကကော ဘယ်လောက် ရှိလဲ”

ကျွန်တော် ပြောပြောဆိုဆိုနှင့် လှမ်းနှိုက်လိုက်ရာ ငါးကျပ်တန်တစ်ရွက် ကျပ်တန်လေးငါးရွက်နှင့် ဆယ့်ကိုးကျပ်မျှတော့ ရှိပေမည်။ ကျွန်တော့် အကြံနှင့် နှိုက်ကြည့်ခြင်း ဖြစ်သည်။ သူက လုတော့ ပြန်ပေးလိုက် ပါသည်။

“ဟေ့… စိုးမောင်… သတို့သားက မဆိုးဘူးကွ၊ ငွေ ဆယ့်ကိုးကျပ်တော့ အိတ်ထဲရှိသား”

“ဒါ… သူ့ မိန်းမ တင်တောင်းငွေ လေဗျာ။ မလှဌေးတို့ ဟိုတုန်းက လယ်ဧက ၂၀- ကျော်မှ ဟိန်းနေတာ … အခုတော့ ဆယ့်ကိုးကျပ်နဲ့ပဲ”

“အောင်မယ်… မင်းက… ဒီ ဆယ့်ကိုးကျပ်တောင် ယေက္ခမအိမ် ရောက်အောင် ပါမယ် ထင်သလား…” ဆိုပြီး ကျွန်တော်က အလန့်တကြား အသံနှင့် “ဟေ့… ဟေ့ တို့ရှေ့က ဘာလဲဟ”

မမယ်သုံကြီးအိမ် အလွန် လှည်းလမ်းကြပ်တွင် ဗိုလ်ခိုနှင့် မောင်သင်လေးက ကြိုးတားလျက် ရှိပေသည်။

စိုးမောင်က ဘာမှ မသိဟန်ဖြင့်…

“ဟေ့လူတွေ … ဘာလုပ်တာလဲဗျ”

ဗိုလ်ခို (မူးနေသော အသံဖြင့်) “မင်္ဂလာဆောင် ကြိုးတားတာ လကွာ”

ကျွန်တော် “ဟာ… တခြားလူတွေ မှတ်လို့… ကျွန်တော်တို့ ပထွေးပဲဗျ။ မလုပ်ကြပါနဲ့”

မောင်သင်လေး “ဘယ်သူ့ ပထွေးပဲ ဖြစ်ဖြစ် ထုံးစံ အတိုင်းပဲ၊ သောက်ဖို့ စားဖို့ ပေးမှဖြစ်မယ်…”

“ကဲ… ဒါဖြင့် ဘယ်လောက် ပေးရမလဲ ပြော”

ဆိုပြီး ကျွန်တော်က ပထွေး မမြင်အောင် လက်ငါးချောင်း ဆန့်ပြလိုက်ရာ ဗိုလ်ခိုက…

“ကိုယ့် အချင်းချင်းတွေပဲ၊ များများလဲ မလိုချင်ပါဘူး။ ရွာထုံးစံ ပျက်မစိုးလို့သာ စတိလောက် ငါးကျပ်ပဲ ပေးပါ”

ကျွန်တော် ပြီးလွယ်စကြောင်းဖြင့်…

“ကဲ… ပထွေး ပေးလိုက်ဗျာ”

ဤမှ ပထွေးလည်း ရိပ်မိလေပြီ ဖြစ်၍…

“သောက်ကမြင်းသားတွေ၊ နင်တို့အားလုံး တစ်ကျိတ်တည်း တစ်ဥာဏ်တည်းပဲ၊ ရော့- ရော့… သောက်ကြ- မျိုကြ”

ကြိုးကို ဖွင့်ပေးလိုက်၍ ခြူသံ တညံညံနှင့် လှည်းမောင်း အထွက်၌ မောင်သင်လေးနှင့် ဗိုလ်ခိုက သံပြိုင် ကောင်းချီးပေး လိုက်၏။

“သတို့သား အဘိုးကြီးနဲ့ သတို့သမီး အမယ်ကြီး ဟိုဒင်း ကြမ်းညှပ်အောင် ပေါင်းရပါစေဗျား”

* * *

ဘအေး၊ လှဌေး၊ ခွကျေးကျေး – ခွေးကျ, ကျသည်ဟု ဟိုယခင်က ပြောစမှတ် ပြုကြသည်။

မလှဌေး ကိုဘအေးနောက် ခိုးရာလိုက်ပြေး သွားပြီးနောက် ဦးသာဒင်က စွန့်ပစ်လိုက်သည်၌ မလှဌေးသည် ဆင်းရဲသော ယောက္ခမအိမ်၌ သူရင်းငှား၏ မယား ဖြစ်ရသည်။ ဟိုယခင်က မိမိအိမ်က လယ်ကို အပျင်းပြေလောက် ကောက်စိုက် လိုက်ခဲ့ရာမှ ယခု အငှားလိုက် ရသည်။ ကောက်ရိတ်ချိန်မှာ ကောက်ရိတ်ရသည်။ ကောက်ရိတ် အပြီးမှ ကောက်သင်း ကောက်ရသည်။ ယောက္ခမအိမ် ရောက်မှ ရက်ကန်းကို သင်ရသည်။ နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါးစလုံး အလုပ်နှင့် လက်နှင့် မပြတ်ပါမှ ပေါက်ဖွားလာသော သားသမီးများနှင့် ထမင်းဝအောင် စားရသော အဖြစ်သို့ ရောက်ရှိလေသည်။

ထို့ကြောင့် ရွာတွင် ချမ်းသာသော လယ်ပိုင်ရှင် မိဘများက သူတို့ သား သမီးတို့အား မလှဌေးကို နမူနာပြု၍ ဆုံးမကြသည်။

ဘအေးလဲ သူဌေးမဖြစ်၊ လှဌေးလဲ ခွကျေးကျေး၊ ခွေးကျ, ကျသည်ဟု လွန်ခဲ့သော နှစ်ပေါင်း ၃၀- ကျော်က ပြောဆိုခဲ့ရာ ယခု ကိုဘအေးတို့ မလှဌေးတို့ အခြေအနေ တစ်မျိုး ပြောင်းလာသည်၌ တစ်ခုခု ပြောစမှတ် ပြုရန်မှာ လူတို့၏ တာဝန်၊ သို့မဟုတ် – ဓလေ့ ဖြစ်သည့်အတိုင်း “ကိုဘအေးနဲ့ မလှဌေး အပွကလေး ပွပြန်ပြီ” တဲ့ …။

အကြောင်းမှာ အသက် ၇၀- ကျော်နင်း ၈၀- ချဉ်းပြီ ဖြစ်သော ဦးသာဒင်သည် ၅၀ ကျော်ပြီး ၆၀- နီးပြီဖြစ်သော ကျွန်တော်တို့ ပထွေး ကိုဘအေးအား သမက်အရာ မြှောက်စားကာ ရှိသမျှ လယ်နှင့် အိမ်ကြီးကို အပ်နှင်းသည်။

ကိုဘအေးမှာ အသက် ၅၀- ကျော်မှ ကံပေါ်ကာ လယ်ပိုင်၊ နွားပိုင် အိမ်ကြီးရခိုင်နှင့် ဖြစ်သွားသည်။

ဦးသာဒင်မှာလည်း ဒီသမီးနှင့် ဒီသမက် အိမ်ပေါ် ရောက်ခါမှ စိတ်ချမ်းသာ, ကိုယ်ချမ်းသာ ရှိသွားဟန် တူသည်။ တစ်သက်လုံးက တင်းခဲ့သမျှ မာန်တွေကျပြီ ဖြစ်၍ တရားဘက် ရောက်သွားကာ တစ်နှစ်မှာ ၆- လလောက်က ပြည်မြို့ အင်ကြင်းမြောင် နိဗ္ဗိန္ဒသို့ သွား၍ တရား အားထုတ်လေ့ ရှိသည်။

ဦးသာဒင်သည် သူ၏ တစ်ဦးတည်းသော သမီးအား ချစ်လှကြောင်းလည်း ထင်ရှားသည်။ မလှဌေး ခိုးရာလိုက် သွားသည်၌ လက်ဝတ် လက်စားများကို လိုက်သိမ်းသည်။ သို့သော် ဤ လက်ဝတ် လက်စားများကို ထုခွဲ ရောင်းချခြင်း မပြု၊ သည်အတိုင်းပဲ သမီးကိုယ်စား အရိပ် တကြည့်ကြည့်နှင့် ထားခဲ့ရာ ယခု သမီး အိမ်ပေါ် ရောက်သည်၌ အလုံးစုံ ပြန်ပေးသည်။ သို့သော် ဤအချိန်မှာ မလှဌေး မဟုတ်တော့ဘဲ အသက် ၅၀- ကျော် ဒေါ်လှဌေး ဖြစ်နေကာ၊ အလုံးစုံသော လက်ဝတ် လက်စားတို့ကို သမီးကလေးအား ဆင်ယင်လေသည်။

ယင်းသည်ပင်လျှင် သမီးကလေး ကျင်မြ၏ ဇာတ်လမ်း တစ်စခန်း ဖွင့်ခြင်းတည်း။

ကျင်မြသည် အရွယ်ကောင်း၊ အချိန်ကောင်းမှ အခြေကောင်းကောင်းကို ရသည်။ ခြံကျယ် ဝန်းကျယ်ထဲတွင် သွပ်မိုး – ပျဉ်ထောင် အိမ်ကြီးမှာ နေရလျက် ဝတ်ကောင်းစားလှကို ဝတ်ဆင်ရ၍၊ လက်ဝတ်လက်စား ပြည့်ပြည့်စုံစုံနှင့် ဖြစ်လေတော့ အလှကျက်သရေ တက်ဖြိုးဝေ သည်ပေါ့။

ယင်း၌ ဖအေ၏သွေး ပါသော ဒေါ်လှဌေး ဘဝင်ကိုင် လေသည်။ သူ့ဖခင်၏ နေရာတွင် သူ ဝင်လေသည်။

ယခင် ကျွန်တော်တို့ တောင်ပိုင်း၌ ဆင်းဆင်းရဲရဲ နေရစဉ်က ကျင်မြ၏ ရည်းစား ဖိုးလုံးနှင့် သဘောမတူတော့ဘူး ဖြစ်လာလေသည်။ ဟိုယခင်ကတော့ ဖိုးလုံး ရှာဖွေပေးတဲ့ ဖားငါး စားနေရတော့ ရှင်လှဌေးတို့ ကြည်ဖြူလိုက်သမှ လွန်ပါရော။

ကျင်မြသည် ကျွန်တော်တို့နှင့် မောင်နှမ နှစ်ဝမ်းကွဲပါ။ ကောင်မလေး လိမ္မာရေးခြား ရှိပါသည်။ ဖိုးလုံးလည်း ရိုးသားပါသည်။ အလုပ်အကိုင်လည်း ကောင်းပါသည်။ ကျွန်တော်တို့ အစကတည်းက သဘောတူခဲ့ ကြပါသည်။ နို့မဟုတ်လျှင် ကိုယ့်နှမကို ကိုယ့်မျက်စိ အောက်တွင် နေတာပဲ မလျော်သူနှင့် အဖြစ်ခံရိုးလား။

ယခုတော့ ကျွန်တော်တို့ ဘထွေး မွန်းဘအေး ကပါ မယားဘက် ခပ်ပါပါ ဖြစ်လာသည်။ သူကလည်း လယ်ပိုင်, မြေပိုင်, အိမ်ကြီးရခိုင်နှင့် ဆိုတော့ ဘဝင်ကိုင် လာပြီ ထင်ပါရဲ့။

သို့သော်လည်း လူငယ်တို့၏ ချစ်မေတ္တာ တရားကား ရိုးသားမှန်ကန် လှပါသည်။ ကျင်မြသည် မအေ့ နည်းတူပဲ ဖိုးလုံးနှင့် ခိုးရာလိုက်ပြေးလေသတည်း။

ဟင်… ရှင်လှဌေးတို့ ဒေါပွလိုက်တဲ့ ဖြစ်ခြင်း၊ သူ့အဖေတုန်းက သူ့ကို လုပ်တဲ့ အတိုင်းပေါ့။ ပါသွားတဲ့ လက်ဝတ်လက်စား လိုက်သိမ်း၊ တစ်သက် အပြတ်ဟေ့…။

“ဘယ့်နှယ်တော်… အရပ်က ပြောစရာ ဖြစ်ပြီပေါ့အေ့။ မအေ့ ခြေရာနင်းတဲ့ သမီးရယ်လို့၊ ဒီပုတ်ထဲက ဒီပဲ၊ ခြံခုန်တဲ့အမျိုး ခုန်တာပဲကိုးလို့ ဆိုကြတော့မယ်ပေါ့…”

“ဒါတော့ဗျာ… ကလေးတွေကိုချည်း အပြစ် မဆိုပါနဲ့အုံး၊ မိဘတွေ လုပ်ပုံက ရှိသေးသကိုးဗျ။ သူတို့ချင်းချင်း ချစ်ကြိုက် နေကြမှန်း သိ၊ ပေးစားလိုက်ရင် ဘယ် ဒီလို ဖြစ်စရာ အကြောင်း ရှိမလဲဗျ”

ကျွန်တော်တို့ ညီအစ်ကိုက ဝင်ပြောပါသည်။

“ကိုယ့်နှမ ဒီလိုဖြစ်တော့ ကျွန်တော်တို့လဲ ရှက်ရသဗျ။ ဒါ ခင်ဗျားတို့ အပြစ်ပဲဗျ”

မလှဌေး မျက်နှာကား စူ၍…

“ဟဲ့… ငါ့ကိုချည်း အပြစ်ဆို မနေကြနဲ့အုံး။ ငါက သဘော တူချင်အုံးတော့ ငါ့အဖေကြီးစိတ် နင်တို့ သိတယ် မဟုတ်လား။ ငါ့ကိုယ်ငါ အခုမှ သိက္ခာပြန်ဆယ် နေရတုန်း၊ အခု သူ့မြေးကပါ ဒီလို ဖြစ်ပြန်တယ် ဆိုတော့ ငါ့အဖေအိုကြီး သေခါနီးမှ သမီးတင်မက မြေးကပါ ဒုက္ခပေးရာ ရောက်မနေဘူးလား ဖိုးအောင်ရဲ့… ငါ ဘယ့်နှယ်လုပ် မျက်နှာပြရ ပါ့မလဲ။ ဘယ့်နှယ်လုပ် အကြောင်းကြားရ ပါ့မလဲ…”

ပထွေး…

“အကြောင်း မကြားပါနဲ့လေ၊ ဟိုမှာ တရားထိုင် နေတာ အနှောက်အယှက် ဖြစ်ပါ့မယ်။ နောက်မှ ရောက်ယားပေါ့”

ယင်းအချိန်မှာ အဖိုးသာဒင် အိမ်မှာမရှိ၊ အင်ကြင်းမြောင်မှာ သွားနေခိုက် ဖြစ်ပါသည်။

ထိုမှ သုံးလမျှ အကြာ အဖိုးသာဒင် ပြန်ရောက်လာသော အခါ၌ သမီးက ငိုကြီးချက်မနှင့် တိုင်ပါလေသည်။ အဖိုးသာဒင်သည် အကျိုးအကြောင်း သိရသည်နှင့် အလွန် ဒေါပွလျက် “တောက် – တယ်မိုက်တဲ့ ဟာတွေပဲ” ဟု တစ်ခွန်းတည်း ပြောပြီး သူ လမ်းလျှောက်သော နှစ်ဖက်ခွ မှိန်းတောင်ဝှေးကြီးကို ဖျတ်ကနဲ ဆွဲကိုင်ကာ သူ့တူကလေးအား…

“ဟေ့… ခွေးပု လှည်းတပ်၊ ငါ့ ကျင်မြအိမ် လိုက်ပို့စမ်း…”

ကိုဘအေးရော၊ ဒေါ်လှဌေးရော အဘိုးကြီးကို မတားဝံ့။ မျက်လုံးပြူး မျက်ဆံပြူးနှင့် ကျန်ခဲ့ကြသည်။

လှည်းထွက် သွားသည်နှင့် ဒေါ်လှဌေးက…

“ဒါလောက်မိုက်တဲ့ သမီး… သတ်ပစ်လည်း အေးတာပါပဲ ကိုဘအေးရယ်၊ ဒီအဖေအိုကြီး မသေမချင်း ကျွန်မတို့ တစ်ယောက်တစ်လှည့် အရှက်ခွဲရာ ရောက်နေ ပါရောလား…” ဟု ဆိုပြီး ချုံးပွဲချ ငိုပါလေ၏။

သို့သော် တစ်နာရီမျှ အကြာ ဖိုးသာဒင် ပြန်ရောက်လာသော အခါ၌ လှည်းပေါ်မှာ အထုပ်အပိုး အစုံအလင်နှင့် ကျင်မြရော ဖိုးလုံးပါ ပြုံးရွှင်စွာ ပါလာသည်ကို တွေ့ရလေသတည်း။

စာရေးသူ=သော်တာဆွေအားလေးစားလျက်

Like&shareလေးနဲ့အားပေးကြပါအုံး