မိခင်ကိုပါးရိုက်၍မြေမျိုခံရသူ (စ/ဆုံး)
————————————-
ပဲခူးတိုင်းအတွင်းရှိ သနပ်ပင်မြို့နယ်
(… )ရွာသူ မရင်ရွှေကို အကြောင်းပြု၍
ဤအကြောင်းအရာ ဖြစ်ပေါ်လာပါသည်။
ပဲခူးတိုင်းအရှေ့ခြမ်း သနပ်ပင်မြို့နယ်တွင်
(…)ရွာတည်ရှိသည်။အိမ်ခြေတစ်ရာကျော်ရှိသော
ထိုရွာမှာ နေထိုင်သူ အားလုံးနီးပါး လယ်ယာလုပ်ငန်းဖြင့်
အသက်မွေးဝမ်းကြောင်း ပြုကြသည်။
ရွာသူရွာသား အားလုံးနီးပါး
မိရိုးဖလာ လယ်ယာလုပ်ငန်းကိုသာ
တစိုက်မတ်မတ် လုပ်ကြပြီး ရိုးသားအေးဆေးစွာ
နေထိုင်ကြသည်။တစ်ဦးနှင့်တစ်ဦးလည်း
ရင်းနှီးစွာ ကူညီရိုင်းပင်းဖေးမကြသည်။
အင်္ဂလိပ်လက်အောက်ရောက်နေသော
ကာလဖြစ်၍ ကျေးရွာများကို အုပ်ချုပ်ခဲ့သည်။
ထိုစဉ်က အင်္ဂလိပ်နယ်ချဲ့ကို တော်လှန်ပုန်ကန်သူတို့
တောနယ်များမှာ ခြေကုတ်ယူနေချိန် ဖြစ်သည်။
အင်္ဂလိပ်အုပ်စိုးစဉ်က ပညာရေးသင်ကြားမှုလည်း
အားပေးမှု နည်းခဲ့သည်အလျှောက် နှစ်ရွာသုံးရွာပေါင်းမှ
မူလတန်းကျောင်း တစ်ကျောင်းခန့်သာ ရှိသည်။
ဘုန်းတော်ကြီးကျောင်းများတွင်သာ ကျောင်းသားအချို့
ရှိကြသည်။ကံကောင်းချင်တော့ (… )ရွာမှာ
မူလတန်းကျောင်း ရှိခဲ့သည်။
ထိုကျောင်းမှာ ပညာလို၍ သင်ကြားကြသော
ကျောင်းသားက တစ်တန်းတစ်တန်းကို
အနည်းငယ်သာရှိသည်။
တောရွာများမှာ ကျောင်းပညာရေးကို
စိတ်ဝင်စားသူ နည်းပါးကြသည်။
သေစာရှင်စာတတ်လျှင် တော်ပြီ ဟု
သဘောထားကြသည်။
အလယ်တန်းကျောင်းက သနပ်ပင်မြို့မှသာလျှင်ရှိသည်။
အမျိုးသားကျောင်းက တစ်ကျောင်းရှိသည်။
ဒုတိယကမ္ဘာစစ်ကြီးဖြစ်တော့ ကျောင်းများလည်း
ပိတ်ကုန်သည်။
အင်္ဂလိပ်လက်အောက်ခံသူကြီး၏
အုပ်ချုပ်မှုအောက်ရှိ (… )ရွာသူရွာသားတို့
တစ်ဦးနှင့် တစ်ဦး စောင့်ရှောက်ကူညီဖေးမရင်း
စည်းလုံးစွာ နေထိုင်ခဲ့ကြသည်။
ထိုရွာမှာ နေထိုင်ကြသည့် ရွာသူရွာသားများထဲမှ
လယ်သမားကြီး ဦးသန်းမောင်နှင့် ဒေါ်ကြင်ဥတို့
မိသားစုကတော့ ထူးဆန်းသည့် အဖြစ်မျိုးနှင့်
ကြုံခဲ့ရသည်။
ထိုတစ်ဦးတည်းသော သမီးလေးကား
မရင်ရွှေဖြစ်သည်။ မိခင်ကြီးဝမ်းမှ ခက်ခက်ခဲခဲ
လူဖြစ်အောင် ရွှေလိုဥပြီး မွေးခဲ့ရသူဖြစ်သည်။
သို့ကြောင့်လည်း မိဘများက ရင်မှရွှေလိုဥပြီး
မွေးလာသော သမီးလေးဖြစ်၍ မရင်ရွှေဟု
အမည်ပေးခေါ်ဝေါ်ခဲ့သည်။
ကလေးတို့ သဘာဝ တီတီတာတာ ပြောတတ်ကာမှစ၍
မိဘများ အရိပ်တကြည့်ကြည့် ထားခဲ့သည်။
ကျောင်းထားရွယ် ရောက်သည့်အချိန်မှာ
တိုင်းပြည် မငြိမ်မသက် ရှိနေသည့်အတွက်
ကျောင်းထားချင်သော်လည်း မထားဖြစ်သေး။
အနီးအပါး ကလေးများ မိဘကို ဝိုင်းကူညီနိုင်သည့်အချိန်
လယ်ယာလုပ်ငန်းခွင်သို့ ခေါ်သွားပြီး
ခိုင်းကြပေမဲ့ ဦးသန်းမောင်တို့ လင်မယားကတော့
သမီးလေး ရင်ရွှေကို မခိုင်းရက် အိမ်မှသာ
ကစားနေစေသည်။
မိဘအလိုလိုက်လွန်းသဖြင့် မိဘများ အကူအညီလို၍
တစ်ခုခုခိုင်းသည့်အခါ ခိုင်း၍မရတော့။
ဒါပေမဲ့ မိဘတို့က သမီးစိတ်ဆိုးမည်စိုးသည့်အတွက်
သူမလုပ်ချင်ဟု ဆိုသည်နှင့် ဆက်၍ မခိုင်းတော့။
သမီးကို မခိုင်းရက်သည့် မိဘတို့က
သမီးကို အခွင့်အရေးရသည့်နှင့် ရွာကျောင်းမှာ
ကျောင်းအပ်လိုက်သည်။
အိမ်အလုပ်မလုပ်ချင်သည့်အတွက် ကျောင်းအပ်ခြင်းကို
လက်ခံခဲ့သည်။
သမီးလေးကို ကျောင်းထားပြီး မိဘနှစ်ပါးကတော့
လယ်ယာအလုပ် ဝင်ကြသည်။
ကိုးနှစ်အရွယ်ခန့်ရောက်မှ ကျောင်းထားခြင်းဖြစ်၍
ကျောင်းမှာ ဆံတောက်ကြီးဖားဖားနှင့် ကလေးများ
ဝိုင်းစခြင်းကို ခံရသည်။
ကျောင်းသားကျောင်းသူလေးများ၏
ဝိုင်းစခြင်းကို သည်းခံခဲ့သော်လည်း
အိမ်ပြန်ရောက်တော့ မိခင်နှင့် ဖခင်ကို
ပြဿနာရှာတော့သည်။
“သမီးလေး…အမေတို့လို ပင်ပင်ပန်းပန်း
လုပ်ရမှာစိုးလို့ စာသင်စေတာပါ။
သမီးအဖေဆို ဘုန်းကြီးစာပဲတတ်တယ်”
“ဒီမှာ လေးတန်းပဲရှိတာ။
လေးတန်းအောင်တော့ ကျောင်းဆက်ထားနိုင်မှာမို့လို့လား”
“သမီးစာတော်ရင် သနပ်ပင်က ကျောင်းအထိထားဖို့
အဖေတို့ စိတ်ကူးထားတယ် သမီးစာကြိုးစာပေါ့”
“စာသင်တာ ရှက်စရာမဟုတ်ဘူးဆိုပေမယ့်
ဒီအရွယ်ကြီးရောက်မှ ကျောင်းထားတာကိုပြောတာ
တော်တို့ မရှက်ပေမဲ့ ကျုပ်ရှက်တယ်”
“မိဘကို ရိုင်းစိုင်းတဲ့ စကားမပြောနဲ့
သမီးလိုပဲ တောင်ပိုင်းက မမြရီသမီးလည်း
နောက်ကျမှ ကျောင်းထားတာ မဟုတ်လား”
“ကျောင်းထားပြီးရင် အိမ်အလုပ်ခိုင်းဖို့
မစဉ်းစားနဲ့ ဘာမှမလုပ်ပေးနိုင်ဘူး”
အသက်ကိုးနှစ်ကျော် ဆယ်နှစ်အတွင်း ရောက်နေပြီ
လူကောင်ထွားသော မရင်ရွှေလည်း
ကျောင်းထားနောက်ကျ၍
မိခင်နှင့် ဖခင်တို့အား ပြဿနာလုပ်နေသည်။
အသက်ကြီးမှ စာသင်ရသဖြင့် တစ်နှစ်တစ်တန်း
အောင်ခဲ့ပါသည်။ကျောင်းထားမိသော
မိဘများမှာ မရင်ရွှေ၏ အကူအညီကို
မရတော့။
မိခင်ကြီး မအား၍ ထမင်းအိုးဟင်းအိုး
ကြည့်ခိုင်းလျှင်ပင် နားမခံသာအောင်
ဆူပူခံပြောသည်။
လေးတန်းလည်း ရောက်ခဲ့ပြီ။
အပျိုကြီးဖားဖား ဖြစ်လာပြီ…
ဆံတောက်ကြီးနှင့် ချစ်စရာကောင်းသည့်
တောသူအလှ စာရင်းဝင်ဖြစ်လာသည်။
အတန်းထဲမှာ အသက်အကြီးဆုံးဖြစ်ပေမဲ့
အင်္ဂလိပ်ခေတ်ကာလ ပညာရေးဖြစ်၍
အသက်ကြီးမှ ကျောင်းထားကြသည့်အတွက်
မရင်ရွှေကဲ့သို့ပင် အသက်ကြီးသူက
စသင်သား ထက်ဝက်ခန့် ရှိသည်။
သို့ကြောင့် မရင်ရွှေလည်း အသက်ကြီးသည့်ကိစ္စ
မညည်းညူတော့ အတန်အသင့်
ဥာဏ်ကောင်းသူလည်းဖြစ်သည်။
ဒီနှစ် ကျောင်းနောက်ဆုံးတက်ခြင်းလည်းဖြစ်သည်။
မရင်ရွှေက အမိအဖတို့ကို အမြဲပြသာနာရှာတတ်သော်လည်း
ကျောင်းရှိသူငယ်ချင်းများနှင့်တော့ အနစ်နာခံပေါင်းသည်။
အိမ်နီးနားချင်းများနှင့် ဆုံလျှင် အမြဲအထက်က
ပြောဆိုဆက်ဆံတတ်သည်။အတင်စီးမခံ။
ဆတ်ဆတ်ထိမခံ။ အမြဲနှုတ်လှန်ထိုး ပြန်ပြောတတ်သည်။
သို့ကြောင့် အနီးဝန်းကျင်က မရင်ရွှေနှင့်
စကားရင်ဆိုင်ပြောဆိုရမှာ ကြောက်ကြသည်။
အရွယ်ကကောင်း အားကောင်းမောင်းသန်ခန္ဓာကိုယ်ကြီးနှင့်
မိခင်ဖခင်တို့၏ အလုပ်ကို ကူညီလုပ်ကိုင်ပေးရမှန်း မသိ။
တစ်ခါမှ စိတ်လိုလက်ပါ လုပ်ကိုင်ပေးဖူးသည်မရှိ။
အလုပ်အကိုင် ပျင်းလှသော်လည်း အစားအသောက်
မက်မောသလို အလှအပကိုလည်း အလွန်မက်မောသူ
ဖြစ်ပေသည်။
ရေချိုးပြီး၍ သနပ်ခါးလိမ်းလျှင် မှန်ရှေ့က မခွါတော့။
အပျိုဖျန်းအရွယ်မို့ အလှအပကြိုက်သည်မှာ
ပြောစရာမရှိပေမဲ့ အဝတ်အစား တစ်ခုတစ်ထည်လဲလျှင်
ချွတ်လဲသည့်နေရာမှသာ အပုံလိုက် ထားခဲ့သည်။
လျှော်ခြင်း ဖွပ်ခြင်းမရှိ လယ်ယာအလုပ်မှ
ပြန်လာသော မိခင်ကြီးက ချက်ရေးပြုတ်ရေးအတွက်
မီးဖိုဝင်ရသည်။သူချွတ်ထားသော အဝတ်အစားများကို
ခေါက်သိမ်းရသည်။လျှော်ဖွပ်ရမည့် အဝတ်အစားများကို
လျှော်ဖွပ်ပေးရသည်။
ညနေရေခပ်ဆင်းသည့်အခါ သနပ်ခါးကို
ခြေဆုံးခေါင်းဆုံးလိမ်းသည်။
မိခင်လျှော်ဖွပ်ပေးထားသည့် အဝတ်အစားကို
လဲဝတ်သည်။ ကြော့ကြော့မော့မော့
သန့်သန့်ပြန့်ပြန့် ဝတ်စားပြီးမှ
ရေခပ်ဆင်းလေ့ရှိသည်။
ရေခပ်ဆင်းရာသို့ ရွာကာလသားများလည်း
ရောက်လာတတ်သည် မဟုတ်ပါလား။
ထိုကဲ့သို့ အလှအပကို ကြိုက်သည့် မရင်ရွှေ
အစားအသောက်ကျပြန်တော့ အကောင်းမှကြိုက်သည်။
ဟင်းကောင်းမချက်ဖြစ်ဘဲ ငါးပိရည် တို့စရာသာ
ရှိသည့်နေ့ဆိုလျှင် ထမင်းမစားဘဲ
မိခင်ဖြစ်သူအား ရန်ပြုလေတော့သည်။
နားပူမခံချင်သော မိခင်အတွက် ဟင်းတစ်မျိုးတော့
ပါအောင် ချက်ပေးရသည်။
ဟင်းနည်း၍ ဖခင်ကြီးကို ဦးစားပေးပြီး
ဖယ်ထားလျှင် ထိုနေ့ သားအမိ ရန်ဖြစ်သည့်နေ့ပင်။
တစ်ရက် မရင်ရွှေ ကျောင်းမှ ညနေပိုင်းပြန်ရောက်လာသည်။
လွတ်အိတ်ကိုချိတ်လိုက်ပြီး …
“ဟူး…ကျောင်းမှာ ဆရာကြီးမိန့်ခွန်းတွေ ခြွေနေလို့
နောက်ကျသွားတယ်…ဗိုက်ဆာလိုက်တာ
တလှပ်လှပ်ဖြစ်နေပြီ ကျုပ်အတွက် ဘာဟင်းချက်ထားလဲ”
“ဒီနေ့ ဘာသည်မှာ မလာလို့ ဟင်းမချက်ထားရဘူး။
ပဲညွှန့်လေး ဟင်းချိုချက်ထားတယ်။
တို့စရာတွေလည်း အများကြီး… ငါးပိရည်လေးနဲ့
တို့မြှုပ်စားပေါ့”
“ဟင်းချိုတစ်ခွက်ထဲတော့ မဖြစ်နိုင်ဘူး”
“အမေလည်း အခုပဲ ဟင်းချိုနဲ့ ငါးပိရည် တို့စရာ
စားလို့ပြီးတယ် မြိန်မှမြိန်ပဲ”
“တော်မြိန်ပေမဲ့…ကျုပ်မမြိန်ဘူး”
မရင်ရွှေက အိုးခွက်ပန်ကန်များ လှန်လှော်ရှာဖွေနေသည်။
“မနက်က ငါးချက်ထားကာ မကုန်နိုင်သေးပါဘူး
ကျောင်းသွားတော့ ကျုပ်တစ်တုံးတည်း
စားသွားတာ ကျန်ရဦးမယ်”
“နင့်အဖေစားဖို့ မနက်က
ဟင်းထုတ်ပေးလိုက်သေးတယ်လေ”
“ဟောတွေ့ပြီ…လူကြီးဖြစ်ပြီး စကားအမှန်မပြောဘူး။
ဘယ်လင်ငယ်ကို ကျွေးမလို့ ဒီအိုးအောက်မှာ
ငါးဟင်းပန်ကန်ကို ဖွတ်ထားတာလဲ”
“ဟဲ့ …ငါ …ဘယ်လင်ငယ်မှ မကျွေးဘူး
နင့်အဖေပင်ပင်ပန်းပန်းနဲ့ လယ်ထဲက
ပြန်လာရင် စားဖို့ ငါချန်ထားတာ
ငါတောင်မစားဘူး”
“ရှင့်ဟာရှင် ကိုယ့်ဝမ်းကိုယ် မသထာလို့ မစားတာ
ကျုပ်ကတော့ ကိုယ့်ဗိုက်ပြည့်ဖို့ပဲ ကိုယ်သိတယ်
တော့လင်ပြန်လာရင် ပဲညွှန် ဟင်းချိုနဲ့
ထည့်ကျွေးလိုက်။ကျုပ်…ဗိုက်ဆာလို့
ဒီငါးဟင်း ယူစားလိုက်မယ်”
“ဟဲ့…ဟဲ့…မလုပ်ပါနဲ့ ရင်ရွှေရယ်
ဟိုက ပင်ပင်ပန်းပန်းနဲ့ အလုပ် လုပ်ပြီး
ပြန်လာမှ ကိုယ့်အဖေစားဖို့ ချန်ထားပါဟယ်”
“ကြည့်…သူ့လင်ကြီးအတွက် သိတတ်နေလိုက်တာ
ကျုပ်ကို မသထာရင် အစကတည်းက
မမွေးပါနဲ့လား”
“အင်း…ကြီးလေးခက်လေပါလား ရင်ရွှေရယ်”
ဒေါ်ကြင်ဥက ခင်ပွန်းဖြစ်သူ ပြန်လာလျှင်
စားရန် မနက်က ဟင်းကျန်ငါးဟင်းများကို
သမီးရင်ရွှေစားမည်စိုး၍ ဖွတ်ထားခြင်း
ဖြစ်သည်။
သမီးဖြစ်သူက အိုးမှောက် ခွက်မှောက် လှန်လှော
ရှာဖွေရင်း တွေ့သွားသည့်အတွက် မိခင်တားနေသည့်ကြား
ယူ၍ စားပစ်လိုက်သည်။
“မသထာတဲ့ ဟင်းမို့လားမသိဘူး
စားလို့ကောင်းလိုက်တာ”
“ဟဲ့ …မိဘက သားသမီးကို မသထာတာ ဘာမှမရှိဘူး။
အခုမကျွေးဘဲ သိမ်းထားတာက ဒီငါးတစ်တုံးလေးကို
ဝိုင်းစားလို့လည်း ဖြစ်တာမှ မဟုတ်တာ။
အဖေက ပင်ပင်ပန်းပန်း လုပ်နေလို့
ချန်ထားလိုက်တာ ။ နင့်ကို မသထာဘူးလို့တော့
ပြောစရာမလိုပါဘူး”
“ကျုပ်လည်း ပါးစပ်ပါတာပဲ။
တော်…မစားချင်မစားနဲ့ပေါ့။
ကျုပ်က စားချင်လို့ စားပစ်လိုက်ပြီ။
ဘာမှ ရှင်းပြမနေနဲ့”
“မပြောတော့ပါဘူးအေ”
မရင်ရွှေက စားသောက်ပြီးသည့်
ပန်ကန်များကို ရေဇလုံထဲ ထည့်ပြီး
လက်ဆေးကာ ထွက်သွားသည်။
မိခင်ဖြစ်သူက ထုံးစံအတိုင်း ဖြစ်နေသဖြင့်
ဘာမှ မပြော။ပြောင်းဖူးဖက်ဆေးလိပ်ကို
မီးညှိပြီး ထိုင်ဖွာနေသည်။
တစ်ရက် မရင်ရွှေ ရွာထဲ ဟင်းစားဝယ်ရန်
ထွက်သွားသည်။ဘဲဥဝယ်ပြီး ပြန်လာစဉ်
လမ်းမှာ မအေးကျင် ။
ပူစူးမတို့ နှစ်ယောက်နှင့် မျက်နှာချင်းဆိုင် တိုးသည်။
“ဟေ့…ရင်ရွှေ ညည်း ရွာအရှေ့ပိုင်းကို
ဘာကိစ္စနဲ့ လာတာလဲ”
“ငါ့လက်ထဲမှာ ဘာတွေ့လဲ…နင့်မျက်လုံး ကန်းနေလား”
“မကန်းဘူး ဘဲဥဝယ်တာ အကြောင်းပြပြီး
ဟန်ရေးလာပြတာ မဟုတ်လား”
“ဟဲ့…ကောင်မ …နင်တို့ ဘာကိုဆိုလိုချင်တာလဲ
ငါသိတယ်နော် …ရင်ရွှေအကြောင်း မသိသေးလို့လား”
“ကိုရင်မောင်သိန်းကို နောက်ပိုးနေတဲ့
မိန်းမဆိုတာ သိသားပဲ”
“ဟဲ့…ကောင်မ …နင့်လင်ကို ငါ ကြားတောင်မညှပ်ဘူး”
“ကဲ…ဟာ…ကဲ”
မရင်ရွှေက သူ့အား မထိတထိပြောသော မအေးကျင်အား
ဆံပင်ဆောင့်ဆွဲပြီး တွန်းလှဲကာ လည်ပင်းကို
ညှစ်ထားပါတော့သည်။
မအေးကျင်က ပါးစပ်နှင့် အနိုင်ယူရန် ပြောပေမဲ့
မရင်ရွှေ တက်ဖိခွစီးပြီး လည်ပင်းညှစ်နေသည်ကို
ကောင်းကောင်းခံနေရသည်။
“လာကြပါဦး …ဒီမှာ ရင်ရွှေနဲ့ အေးကျင်တို့
သက်ကုန်ကြပြီ”
“အေး…လွှတ်…လွှတ်…လွှတ်”
“ငါ့ကို စော်ကားဦး သေစမ်း”
“ရင်ရွှေ…အေးကျင် သေလိမ့်မယ် ။ လွှတ်…လွှတ်”
“ကောင်မ …ငါ့ကို လာမဆွဲနဲ့ နင်ပါ အသားနာချင်လို့လား”
ထိုစဉ် ရပ်ကွက်အတွင်းမှ လူကြီးများ
ထွက်လာပြီး ဝိုင်းဆွဲမှ ရန်ပွဲပြီးသွားခဲ့သည်။
မရင်ရွှေလည်း စိတ်ဆိုးဒေါသထွက်ပြီး
အိမ်ပြန်လာခဲ့သည်။
မရင်ရွှေလည်း စိတ်ဆိုးဒေါသထွက်ပြီး အိမ်ပြန်လာခဲ့သည်။
လက်ထဲမှာ ဘဲဥများ ပါမလာတော့။
အိမ်ရှေ့ ကပြင်မှာ ထိုင်ချလိုက်ရင်း…
“တောက်…လူကြီးတွေ ရောက်လာလို့ပေါ့
မရောက်လာရင် ဒင်း…အသေပဲ”
” ဟဲ့ ရင်ရွှေ ရန်ဖြစ်လာပြန်ပြီလား”
“ကျုပ်ကို ဝိုင်းစလို့ နဘမ်းလုံးခဲ့တယ်”
“ဖြစ်မှဖြစ်ရလေ ရင်ရွှေရယ်။ ငါကိုယ်လေးလက်ဝန်နဲ့မို့
ခိုင်းမိတာပါ။ အခု ဘဲဥလည်း ပါမလာဘူး။
ညစာ ဘာနဲ့စားမှာလဲ”
“မသိဘူး စားချင်တာချက် …ပြီးမှ ဗိုက်အကြောင်းပြပြီး
စျေးသွားဝယ်မခိုင်းနဲ့ မဝယ်ပေးနိုင်တော့ဘူး
အသက်ကြီးမှ ဗိုက်ကြီးရတယ်လို့ ”
“ဟဲ့…နင့်ပါးစပ် မပိတ်သေးဘူးလား”
“သူ့ကို ပြောလိုက်ရင် …ဒါပဲ”
ဒေါ်ကြင်ဥက ဘာမှဆက်မပြောတော့။
ပုဆိုးအခေါက်လေးခေါင်းပေါ်တင်ပြီး
ရွာလယ် စျေးဆိုင်သို့ ထွက်သွားတော့သည်။
ရင်ရွှေကိုခိုင်း၍ ရတော့မည်မထင်။
ညစာဟင်းတစ်ခွက်မပါလျှင်လည်း ပြသာနာလုပ်ဦးမယ်။
နားပူမခံချင်၍ စျေးဝယ်ရန် ထွက်ခဲ့ခြင်းဖြစ်သည်။
ဒေါ်ကြင်ဥမှာ အသက်လေးဆယ်ကျော်မှ
ကိုယ်ဝန်ရလာပြန်သည်။
တစ်လပြီးတစ်လ ကိုယ်ဝန်က ရင့်မာလာသည်။
မီးဖိုချောင်ကိစ္စများကို မရင်ရွှေအား
မခိုင်းမဖြစ် ခိုင်းရတော့သည်။
မလုပ်ချင်ဘဲ လုပ်ပေးရသည့်အတွက်
နှုတ်လှန်ထိုး ပြောဆိုပြီးမှသာ လုပ်ပေးသည်။
အသေးအဖွဲ့ ကိစ္စများဆိုလျှင် ကိုယ်တိုင်သာ
ထလုပ်လိုက်တော့သည်။
ဒေါ်ကြင်ဥ မီးဖွားသည့်အခါ ချက်ရေးပြုတ်ရေး
ကိစ္စအဝဝတို့အား မရင်ရွှေတစ်ယောက်တည်းသာ
ရှောင်လွှဲမရဘဲ လုပ်ကိုင်ပေးရတော့သည်။
မိခင်အလုပ်တွေ ဝင်လုပ်ပေးရလေလေ
ဒေါသထွက်လေလေ အရာရာ စိတ်တိုင်းမကျ
ဖြစ်လေလေ ဖြစ်နေသည်။ထိုရက်များတွင်
ကျောင်းမတတ်ရ။
ကျောင်းပျက်သည်မှာ သုံးရက်ပင် ရှိနေပြီ။
စားမေးပွဲလည်း နီးနေပြီ။
ထိုအချိန်က ၁၉၃၀ ခု ။
ဖေဖော်ဝါရီလ (၁၃၀၂ ခုနှစ် တပို့လ)နေ့တစ်နေ့တွင်
ဒေါ်ကြင်ဥ သားငယ်လေးမွေး၍ သုံးရက်မြောက်နေ့ဖြစ်သည်။
မီးတွင်းက မထွက်ရသေး။
ခင်ပွန်းဖြစ်သော ဦးသန်းမောင်ကလည်း
ထိုရက်ပိုင်းမှ ကျန်းမာရေးမကောင်း
ကိုယ်လက်တွေ နာကျင်ကိုက်ခဲနေသည်။
ကျန်းမာရေးမကောင်းသည့်ကြားက
လယ်ယာအလုပ် အရေးကြီးနေသဖြင့်
ယာကွင်းထဲသို့ ဆင်း၍ အလုပ်လုပ်နေသည်။
ညနေပိုင်း အချိန်ရောက်သဖြင့် ဒေါ်ကြင်ဥမှာ
သမီးမရင်ရွှေအား မခိုင်းချင်သော်လည်း
ဟင်းချက်ခိုင်းလိုက်သည်။
ထမင်း ဟင်း ကျက်လျှင် ဦးသန်းမောင်အတွက်
ဆန်ပြုတ်ခိုင်းရဦးမည်။
“သမီးရေ ထမင်းဟင်းကျက်သွားရင်
ညည်းအဖေအတွက် ဆန်နို့ဆီဗူးတစ်ဝက်လောက်
ပြုတ်ထားပေးဦးနော် ညည်းအဖေက
ထမင်းစားရင် ရင်ပြည့့်မှာ စိုးတယ်လို့
ပြောသွားတယ် ဆန်ပြုတ်သောက်တော့
ရင်ချောင်တာပေါ့”
ဒေါ်ကြင်ဥက မီးနေခန်းအတွင်းမှ
သမီးမရင်ရွှေအား တစ်မျိုးကြီးတစ်မျိုး ခိုင်းနေမိသည်။
ထိုအခါ စိတ်လိုလက်ပါ ဆန်ဆေးနေရာမှ
အိုးကိုဆောင့်ချလိုက်ရင်း…
“တော်တို့ အလုပ်ချည်းပဲ တစ်မျိုးပြီးတစ်မျိုး
ခိုင်းနေတယ်။ကိုယ့်လင် နေမကောင်းလို့ …
ကျွေးချင်မွေးချင်တယ်ဆိုလည်း
အခေါင်းထဲ ဝင်ထိုင်မနေနဲ့ အခုထွက်လာပြီး
လုပ်ပါလား …တကတည်း သူများလင်ကို
ကိုယ့်လင်လုပ်ပြီး ပြုစုခိုင်းနေတယ်”
မရင်ရွှေက ပြောသင့်မှန်း မပြောသင့်မှန်း
စဉ်းစားမနေတော့။မိခင်ဖြစ်သူအား
ရေကပြင်မှ နေ၍ နှုတ်လှန်ထိုးနေသည်။
ဒေါ်ကြင်ဥလည်း သမီးဖြစ်သူ၏
မကြားဝံ့မနာသာ စကားကြောင့်
မီးနေခန်းအတွင်းမှ ထွက်လာပြီး မရင်ရွှေအနီးသို့
ထသွားသည်။
“ဟဲ့…ရင်ရွှေ ။ နင်…ဘယ်လိုစကားမျိုး
ပြောလိုက်တာလဲ။ မအေကိုလည်း စော်ကားလို့
အားမရလို့ ဖအေကို ပြစ်မှားနေပြန်ပြီလား။
ညည်းလိုသမီးမျိုး မွေးထားရတာ
ဝမ်းနာလိုက်တာ”
“အမယ် …ဝမ်းနာတယ်တဲ့လား
ကိုယ့်ဟာကိုယ် မနေနိုင် မထိုင်နိုင်
ကမြင်းကြောထပြီး မွေးထားတာ မဟုတ်လား”
“တော်တော့ ရင်ရွှေ ညည်းလုပ်ချင်မှလုပ်
ညည်းစကားပြော… လွန်မလာနဲ့”
“လွန်တော့ ဘာဖြစ်လဲ …မှန်တာပြောလို့
ရှင်က နာနေတာလား”
“ညည်းနော်…ငါ့ကိုပြန်မပြောနဲ့ …တယ် ငါလုပ်လိုက်ရ”
“လုပ်ရဲလုပ်ကြည့် ကျုပ်လက်က ပါးရွေးတာ မဟုတ်ဘူး”
“ကဲ”
“ဖျန်”
“ဟင်…နင်…နင်…”
ဒေါ်ကြင်ဥက ပါးစပ်ကသာ ရိုက်မည်နှယ်မည်
ပြောရုံရှိသေးသည်။ မရင်ရွှေက မိခင်၏
ပါးကို ဖြန်းခနဲ မြည်အောင် ရိုက်ပစ်လိုက်သည်။
မရင်ရွှေ၏ ရိုက်ချက်ကြောင့် ဒေါ်ကြင်ဥ
တစ်ပတ်လည်ထွက်သွားသည်။
ဒေါ်ကြင်ဥ၏ ပါးပြင်ဝယ် မရင်ရွှေ၏
လက်ဝါးရာက ရဲခနဲ ထင်ကျန်ရစ်တော့သည်။
“ရင်ရွှေ…အမိုက်မ…နင်..နင် ငါပါးကိုရိုက်တယ်”
ဒေါ်ကြင်ဥမှာ မထင်မက်ဘဲ သမီးဖြစ်သူ၏
ရိုက်နှယ်ခြင်းကို ခံလိုက်ရသည့်အတွက်
ရုတ်တရက် အံ့အားသင့်သွားပြီး
ဝမ်းနည်းခြင်းကြီးစွာဖြင့် ငိုချလိုက်တော့သည်။
“အရပ်ကတို့ရေ ကြည့်နေကြတော့မှာလား
မအေကို သမီးက ပါးရိုက်တယ် …ဟီး…ဟီး…ဟီ”
ဒေါ်ကြင်ဥလည်း ပြောလည်းပြော ရှိုက်ကြီးတငင်
ငိုကြွေးနေတော့သည်။
ထိုအခါ မရင်ရွှေလည်း အိမ်ထဲမှ ရုတ်တရက်
ထွက်ပြေးသွားတော့သည်။
သူ၏နားထဲမှာ ရွာထိပ်မှနေ၍ တစ်ဦးတစ်ယောက်က
ခေါ်လိုက်သံကြားသည်နှယ့် ထိုနေရာသို့
ဦးတည်ပြေးသွားသည့် ပုံစံဖြစ်သည်။
မရင်ရွှေလည်း အိမ်ကြားများမှ ဖြတ်၍
ဆုတောင်းပြည့်ဘုရားဝင်းကိုပါ
အလျင်အမြန် ဖြတ်ပြေးနေသည်။
ရေးကြီးသုတ်ပြာ ပြေးလွှားနေသည်။
မရင်ရွှေကိုမြင်သော ရွာသားတို့က
စပ်စပ်စုစု လှမ်းမေးကြသည်။
“ဟဲ့…ရင်ရွှေ…ဘယ်သူ ဘာဖြစ်လို့လဲ”
“တော်တို့ ကိစ္စမဟုတ်ဘူး …မစပ်စုနဲ့”
မီးနေသည် မိခင်ကြီး တစ်ခုခုဖြစ်၍
ဖခင်ရှိရာ အပြေးသွားနေသည်ထင်ကာ
ရွာသားတို့က စိုးရိမ်တကြီး မေးမြန်းကြသည်ကို
ရန်စကား ပြောသွားသေးသည်။
အကြောင်းရင်းသိသူများက မသိကျိုးကျွန်နေလိုက်ကြသည်။
နောက်ကျလယ်များက ရိတ်ပြီးကာစ
ရိုးဖြတ်များဖြင့် ပြည့်နေသည်။
ရေနက်ကွင်း စပါးစိုက်ခင်းများက
ရိတ်လက်စပင် ရှိသေးသည်။
ပုံမှန်ဆို နတ်တော် ပြာသို စပါးများ
ရိတ်သိမ်းပြီး၍ ကိုင်းသီးနှံများပင် စိုက်ပျိုးနေကြပြီး
ရေနက်ကွင်း စိုက်ခင်းဖြစ်၍ တပို့တွဲရောက်သည့်တိုင်
ရိတ်ရောက်တိုင် ရိတ်နေရတုန်းပင်။
မရင်ရွှေမှာ ရိတ်ပြီးစ ရိုးပြတ်ကွင်းကို ဖြတ်ပြီး
ရေကန်ကြီး အနီးသို့တိုင် အရှိန်မသတ်နိုင်ဘဲ
ပြေးလာခဲ့သည်။
ရေကန်ကြီးရောက်ရန် လယ်တစ်ကွက်အလိုမှာ
ရိုးပြတ်ငုတ်နဲ့ ခြေထောက်ငြိပြီး လေးဘက်ထောက်
ပစ်လဲကျသွားသည်။
ထိုကဲ့သို့ အရှိန်နှင့် ပစ်လဲချိန်မှစ၍ မရင်ရွှေ ထမရတော့။
ရေကန်ကြီးရှိရာဘက်သို့ မျက်နှာမူလျက်
လေးဘက်ထောက်အနေအထားကို
ညနေပိုင်း လယ်ကွင်းထဲမှ ရွာသို့
ပြန်လာကြသူများက အထူးအဆန်း
မြင်လိုက်သဖြင့် စပ်စပ်စုစု မေးကြတော့သည်။
“ဟဲ့ …ရင်ရွှေ ရိုးပြတ်တောထဲမှာ ဘာရှာနေတာလဲ”
“ဘာလုပ်လုပ်…ရှင်တို့နဲ့ ဘာဆိုင်လို့တုန်း
သွား…သွားကြ ။ ကျုပ်အနား မလာကြနဲ့”
လယ်သမား ယာသမားများလည်း
မရင်ရွှေ အပေါ့အလေးသွားနေစဉ်
လူမိသွား၍ ရှက်ရှက်နှင့် အော်ငေါက်ထုတ်နေသည်ဟု
ထင်ကာ ဆက်မမေးတော့ဘဲ
ရွာသို့ ပြန်လာခဲ့ကြသည်။
သူတို့ရွာထဲသို့ ရောက်သောအခါ
မရင်ရွှေ အိမ်ဝန်းကျင်မှာ
အုတ်အုတ်ကျက်ကျက် ဖြစ်နေကြသည်။
“ရင်ရွှေတစ်ယောက် သူ့မအေကို ပါးရိုက်ပြီး
ရေကန်ထဲ ခုန်ချမလို့ ထွက်ပြေးသွားတာပဲ”
“ဟာ…ဒါဆို ဒီအတိုင်းနေလို့ ဘယ်ဖြစ်မလဲ။
ဒီကောင်မလေး မဟုတ်တာတွေ လျှောက်လုပ်ဦးမယ်
လာကြဗျာ …ရေကန်ဘက်ကို လိုက်ကြရအောင်”
ထိုအချိန် လယ်ကွင်းမှ အိမ်ပြန်လာသော
ဖခင်ဦးသန်းမောင်ကလည်း…
“ဟဲ့…တစ်ယောက်ယောက် ကလေးကို ကြည့်ပေးထားကြပါ
လာ…မကြင်ဥ မင်းသမီးကို လိုက်ပြီးဖျောင်းဖျမှဖြစ်မယ်”
ရွာသားတစ်ယောက်က မရင်ရွှေနောက် လိုက်ကြရန်
သတိပေးလိုက်မှ မရင်ရွှေ၏ မိဘနှစ်ပါးနှင့်
ရွာသားအချို့ ပြေးလိုက်သွားကြတော့သည်။
ရိုးပြတ်တောထဲမှာရှိနေသော မရင်ရွှေကို မြင်လိုက်ရသောအခါ
အထင်နှင့်အမြင် တက်တက်စင်အောင်
လွဲနေတော့သည်။အချိန်က ငါးနာရီဝန်းကျင်ခန့်ရှိနေပြီ။
ရွာသူရွာသားများနှင့် မိဘနှစ်ပါး
အနီးဝန်းကျင်သို့ အရောက် မရင်ရွှေ၏ခြေထောက်
ခြေမျက်စိမြှုပ်သည်အထိ မြေထဲကျွံဝင်နေပြီဖြစ်သည်။
သူလဲကျချိန်ကစပြီး ထိုနေရာမှနေ၍
ခြေထောက်နှစ်ချောင်း
ကော်နှင့်ကပ်ထားသကဲ့သို့ဖြစ်ကာ
လှုပ်၍မရ။ရွှေ့၍မရ။ တဖြည်းဖြည်းချင်း
ကျွံဝင်နေသည်ကိုသာ မရင်ရွှေ မြင်နေရသည်။
ထိုအချိန်မှာ ရိုးပြတ်တောကို မီးရှို့လိုက်သကဲ့သို့
အခိုးအငွေ့များ ထွက်လာကာ
ရိုးပြတ်အစိုများ ကျွမ်းခြောက်သွားသည်။
တပို့တွဲလ ညနေစောင်းသည်နှင့် အအေးဓါတ်ပိုလာ၍
ချမ်းစိမ့်စိမ့် ဖြစ်ပေါ်သောအခါ မရင်ရွှေတစ်ကိုယ်လုံး
ချွေးသီးချွေးပေါက်များနှင့် စိုရွှဲနေသည်။
“မရင်ရွှေ…ဘာဖြစ်လို့လဲ”
“ငါ့နားကို ဘယ်သူမှမလာနဲ့…သွားကြ မလာနဲ့”
ထိုအချိန်ထိပင် သူ့ဒေါသက အခေါင်ထိပ်
ရောက်တုန်းဖြစ်သည်။
သူ့အဖေအမေအပါအဝင် ရွာသားများကို
လေးဘက်ထောက်လျက် အော်ငေါက်ထုတ်နေတုန်းပင်။
ဦးသန်းမောင်နှင့် ရွာသားအချို့က ဘာဖြစ်မှန်းမသိ၍
အနီးကပ်အကူအညီပေးရန် မီးကျွမ်းထားသကဲ့သို့
ဖြစ်နေသော ရိုးပြတ်အစပ်နားသို့ ကပ်သွားကြသည်။
မြေအစပ်ကို ခြေချလိုက်သည်နှင့် မီးခဲပေါ်
နင်းလိုက်ရသကဲ့သို့ ခံစားလိုက်ရကာ
အလိုလိုထိတ်လန့်ပြီး နောက်သို့ခုန်ဆုတ်လိုက်မိကြသည်။
“အား…ဘယ်လိုဖြစ်တာလဲ …ပူလိုက်တာ”
“အား…ကျွတ်ကျွတ်…ခြေထောက် ဘာဖြစ်သွားမှန်းမသိဘူး
ပူလိုက်တာ…မီးကို နင်းလိုက်တဲ့အတိုင်းပဲ”
အပူခံစားလိုက်ရသော ရွာသားများ တအံတသြ
အသံများထွက်ကုန်သည်။
မီးကျွမ်းထားသော ရိုးပြတ်ပတ်ပတ်လည်
မြေကြီးအားလုံးမှာ မီးခဲများ ချထားသလို
ပြင်းစွာ ပူလောင်နေသည်။
သို့အတွက် မည်သူမျှ ရှေ့သို့ ဆက်၍မတိုးရဲ။
နားလည်သည့် လူကြီးများက…
“ဟဲ့…အဲဒါ…မြေပျိုတာပဲ…ပဉ္စနန္ဒရိယကံကြီးထိုက်တာ
ဒင်း …မိုက်လုံးကြီးလိုက်တာ ရင်ရွှေရယ်”
မရင်ရွှေ မြေမျိုခံရခြင်းကြောင်း မိဘနှစ်ပါးနှင့်
ရွာသူရွာသားများအားလုံး နားလည်လိုက်ကြသည်။
“အမယ်လေး ပူလိုက်တာ…ပူလိုက်တာ
ကယ်…ကယ်ကြပါဦး”
“သမီး…ရင်ရွှေ…သမီး…အမေခွင့်လွှတ်တယ်
တောပိုင်တောင်ပိုင်နဲ့
ဘိုးတော်သိကြားမင်းရယ်…ကျမသမီးလေး
ဘယ်လိုမိုက်မိုက် ကျ…ကျမ ခွင့်လွှတ်ပါတယ်
သမီးလေးကို အပြစ်မယူပါနဲ့
ခွင့်လွှတ်ပေးကြပါ။
ဟီး…ဟီး…ဟီး”
“ဟဲ့ ရင်ရွှေ နင့်အမေက ခွင့်လွှတ်နေပြီ
နင့်အမေကို ကန်တော့လိုက်
လက်အုပ်ချီလို့ မရရင် စိတ်ထဲက
ရည်မှန်းပြီး ကန်တော့လိုက်”
မရင်ရွှေ၏ အော်ဟစ်အကူအညီတောင်းသည့်
အသံက အပြင်ကို ထွက်မလာ လည်ချောင်းဝတင်
ပျောက်သွားသည်။
ရွာသားအချို့နှင့် ဖခင်ကြီးက မိခင်ဒေါ်ကြင်ဥအား
ကန်တော့၍ တောင်းပန်လိုက်ရန် လှမ်းအော်ပြောကြသည်။
ခြေလှုပ်မရ။လက်လှုပ်မရ။
ပါးစပ်ကလည်း လေသံမျှသာ ထွက်တော့သည်။
တစ်ကိုယ်လုံး လောင်မြိုက်မသွားသော်လည်း
ပူလောင်သည့် ဒဏ်ကို ခံစားနေရသည်။
ရေငတ်လှသဖြင့် ရေတိုက်ရန် ရေပေးရန်
တောင်းနေမိသည်။
“ရေ…ရေ…ရေ ပေးပါ ။ပူလိုက်တာ…ရေ…ရေ”
“သမီး…ရုန်းရုန်းကြည့်စမ်း ။
မြေပျိုတာ မဟုတ်ဘူး။
ပတ်ကြားအက်ထဲ ခြေထောက်ကျနေတာ
မဟုတ်လား…ရုန်းရုန်းလိုက်…ဟီး…ဟီး…ဟီ”
မရင်ရွှေ ပါးစပ်က မပြောနိုင်ပေမဲ့ ခေါင်းခါပြနေသည်။
“အမယ်လေး…မြေပတ်ကြားအက်ထဲကျတာ
မဟုတ်ဘူးတဲ့လားသမီး …ဒုက္ခပါပဲ ။
မအေကို ပါးရိုက်တဲ့သမီး။ အခုတော့
အရှင်လတ်လတ် မြေမျိုခံနေရပြီးလား
ဟီး…ဟီး…ဟီး”
ဒေါ်ကြင်ဥမှာ သွေးနုသားနုဖြစ်၍
အော်ပြောလိုက် ငိုလိုက်နှင့် မတ်တတ်ရပ်နေရာမှ
လဲကျပြီး သတိလစ်သွားတော့သည်။
ဒေါ်ကြင်ဥကို ဝိုင်းပြီး ပြုစုရပြန်သည်။
“ဟဲ…ဟဲ့…ဟိုမှာ ရေတောင်းနေတာလား မသိဘူး။
ရွာထဲက ဝါးလုံးသုံးလေးနဲ့ ရေထည့်ဖို့
ချိုင့်နှစ်လုံးသုံးလုံး ရှာခဲ့။
သွား…စောဝင်း ။
မင်း…ခြေသွက်သွက်နဲ့ ပြေးသွားပြီး
ယူပေးစမ်း”
“ဟုတ်ကဲ့”
တဖြည်းဖြည်း ညအမှောင်လွှမ်းလာပြီး
မရင်ရွှေကိုပင် ဝိုးတဝါးသာ မြင်တော့သည်။
ရွာထဲမှ ရွာသားအချို့ အောက်လင်းဓါတ်မီးများ
ယူလာသည်။
အသင့်ပါလာသော ဒန်ချိုင့်ကို ဝါးလုံးရှည်မှာ
ချည်နှောင်ကာ မရင်ရွှေရှိရာသို့ ထိုးပေးပြီး
ရေသောက်စေသည်။
ရေက မရင်ရွှေရှိရာသို့ မရောက်။
ဝါးလုံးရှည်ကြီးမှာ မီးလောင်သကဲ့သို့
မည်းနက်သွားကာ ကျိုးကျသွားတော့သည်။
နည်းအမျိုးမျိုးဖြင့် ရေတိုက်ရန် ကြိုးစားကြသော်လည်း
အချည်းနှီးသာ ဖြစ်တော့သည်။
ဖခင်ကြီးမှာ တုတ်နှင့်လှမ်းဆွဲရန် ကြိုးစားသော်လည်း
မရင်ရွှေအနီးသို့ပင် တုတ်တံက မရောက်။
သို့ကြောင့် ဖခင်ကြီးအပါအဝင် ရွာသားတို့လည်း
ထိုင်ကြည့်နေရတော့သည်။
လူကြီးများက တရားစာများ ရွတ်နေကြသည်။
ထိုအသံများကို မရင်ရွှေ ကြားရဟန်မတူ။
သူ့ဝေဒနာအတွက်သာ ခံစားရင်းအော်ဟစ်
အကူအညီတောင်းနေဟန် ရှိသည်။
သို့နှင့် မိုးပင်စင်စင် လင်းခဲ့ပြီ။
မနက်မိုးလင်းတော့ မရင်ရွှေ၏
ခြေသလုံးနှစ်ဖက်လုံး မြေထဲနစ်ဝင်နေပြီဖြစ်သည်။
အချို့က ရွာမှ မနက်စာ လာပို့ပေးကြသည်။
နောက်နေ့ ရောက်သည့်အခါ မရင်ရွှေ
မြေမျိုခံရသည့် သတင်းမှာ
(…)ရွာသူရွာသားမှတစ်ဆင့် အနီးပတ်ဝန်းကျင်ရှိ
ကျေးရွာများသို့ သတင်းပျံ့ကာ
ပရိတ်သတ်အများအပြား
လာရောက် ကြည့်ရှုကြသည်။
လာရောက်ကြည့်ရှုသူတိုင်း မရင်ရွှေ၏ အဖြစ်ကို
မြင်ပြီး ကြောက်ရွံ့ကြသည်။
သံဝေဂ ရကြသည်။
လူကြီးမိဘတို့ကို စော်ကားပြောဆိုရမှာ
ကြောက်စိတ် ဖြစ်ပေါ်ကြကုန်သည်။
မိခင်ကြီးက မကြည့်ရက်၍ ရောက်မလာပေမယ့်
ဖခင်ကြီးကတော့ သမီးအဖြစ်ကိုကြည့်ပြီး
မျက်ရည်တွေတွေကျနေတော့သည်။
မရင်ရွှေမှာ ပင်ပန်းကြီးစွာ ဆင်းရဲဒုက္ခခံစား၍
မြေမျိုခံနေရသည်မှာ တစ်ရက်ပြီးတစ်ရက်
ဆက်တိုက်သာ ခံစားနေရသည်။
နှစ်ရက်ခန့်အကြာတွင် ဒူးဆစ်အထိလည်းကောင်း
သုံးရက်ခန့်အကြာတွင် ခါးလယ်အထိလည်းကောင်း
ငါးရက်ခန့်အကြာတွင် ရင်ခေါင်အထိလည်းကောင်း
ခုနှစ်ရက်ခန့် အကြာမှာတော့ တစ်ကိုယ်လုံး
စုံးစုံးမြုပ်ကာ အရှင်လတ်လတ်
မြေမျိုခံခဲ့ရသည်။
ရေမသောက်ရ။ အစားအစာမစားရ။
ခုနှစ်ရက်တိုင်တိုင် ဒုက္ခဆင်းရဲခံစားပြီးမှ
တစ်ကိုယ်လုံး မြှုပ်သွားခဲ့ရသည်။
ခင်ပွန်းကြီးဆယ်ပါးကို ကာယကံ ဝစီကံ မနောကံဖြင့်
မစော်ကားဖို့ နှိုးဆော်ရင်း
ပြီးပါပြီ
စာဖတ်သူတိုင်း စိတ်ရွှင်လန်းပါဇေ