မိစိုး(စ/ဆုံး)
———
ဦးတင်စိုးဆိုတဲ့အဲ့ဒီလူကြီးကိုမိစိုးအရမ်း
မုန်းတာပဲ။ပါးစပ်ကဘုရား ဘုရားလက်ကကားရားဆိုတာအဲ့ဒီလူကြီးကို
ပြောတာနေမှာ။ခုလည်းကြည့်ပါလား
ရပ်ကွက်ထဲကအုပ်ချုပ်ရေးမှူးရုံးကိုလာ
တာများမသိရင်ရှင်ဘုရင်တိုင်းခန်း
လှည့်သလားထင်ရအောင်ဟိုနားဒီနား
လေးကိုကိုယ်ပိုင်ကားနဲ့လာတယ်။ဝတ်စား
ထားတာလဲကြော့လို့။ဟန်ကတော့
လူကြီးလူကောင်းဟန်အပြည့်။စိတ်က
သာ။သူ့မိန်းမကြီးဒေါ်စီစီစိန်လည်း
ဘာထူးလဲလက်ကောက်တစ်တောင်
ဆစ်လောက်ဝတ်လာပြီး ဟန်ရေးတပြ
ပြလုပ်နေတာ။
” အုပ်ချုပ်ရေးမှားပဲတွေးကြည့်ပါဦး
ဗျာ… ဒီလိုကလေးမကိုကျွန်တော်က
—-မဖြစ်နိုင်တာဗျာ မျက်မြင်တွေ့တယ်
ဆိုတဲ့သူလည်းမျက်လုံးမှကောင်းရဲ့
လားဗျာ ”
“ဒါတော့မပြေးသော်လည်းကန်ရာရှိ
ဆိုသလိုတိုင်တဲ့သူရှိတော့လည်း
စစ်မေးရမှာကကျုပ်တို့တာဝန်မို့နား
လည်းပေးပါဦးတင်စိုး ”
” ရပါတယ်ဗျာ အပြစ်ရှိလို့ကတော့
ဥပဒေအတိုင်းသာဆောင်ရွက်ပါ…
ကျွန်တော်လည်းအသင့်ပါ ”
” ကဲ သမီးစိုးစိုးထွေးဦးလေးတို့မေးတာ
ကိုမှန်မှန်ဖြေ မကြောက်နဲ့ဟုတ်ပလား ”
မိစိုး ဦးတင်စိုးဆီကနေအကြည့်ကိုလွှဲ
ပြီးအုပ်ချုပ်ရေးမှူးကိုခေါင်းငြိမ့်ပြလိုက်
တယ်။
” ဟော့ဒီကဦးတင်းစိုးကသမီးကိုမတ
ရားကျင့်ကြံနေတယ်လို့လာတိုင်ထားတဲ့
သူရှိတယ်… အဲဒါဟုတ်သလား ”
“ဟုတ်တာပေါ့ “လို့ဖြေလိုက်ချင်တာ။
အမေက မိစိုးလက်ကိုအတင်းဖျစ်ညှစ်
ထားတယ်လေ။ဦးတင်စိုးကြီးကိုစိတ်
ထဲကသတ်ပစ်ချင်လောက်အောင်မုန်းနေပေမယ့်တကယ်လက်တွေ့မှာမုန်းချင်တိုင်းမုန်း
လို့မရဘူးလေ။
” မဟုတ်ပါဘူးရှင်… ဦးလေးတင်စိုးက
မုန့်ဖိုးခေါ်ပေးတာပါ ”
ပြီးသွားပြီအားလုံး။မိစိုးစကားတစ်
ခွန်းနဲ့ပဲအားလုံးပြီးဆုံးသွားခဲ့ပါပြီ။
***************************
မိစိုးနာမည်အပြည့်အစုံက စိုးစိုးထွေးပါ။ရပ်ကွက်ထဲကလူတွေကတော့မိစိုးပဲ
ခေါ်ကြတာ။ရပ်ကွက်ထဲမှာမိစိုးတို့
သားအမိတွေကိုမသိတဲ့သူမရှိ
ဘူး။နေတာကအစိုးရပိုင်မြေပေါ်ကျူး
ကျော်တဲထိုးနေတယ်ပြောရမလား။အလုပ်က
ရပ်ကွက်အမှိုက်ပုံကနေလမ်းကြိုလမ်း
နေရာအနှံ့ပဲ။ကော်စုတ်ခွက်စုတ်လိုက်
ကောက်တယ်။အမှိုက်ပစ်ပေးတယ်။
အသက်ကတော့ဆယ့်လေးကျော်ပြီလို့
တော့အမေကပြောတာပဲ။အတိအကျ
တော့မသိဘူး။အိမ်မှာအမေရယ်ညီမ
လေးတစ်ယောက်ရယ်မောင်လေးတစ်
ယောက်ရှိတယ်။အဖေတော့မရှိတောဘူး။ဆုံးသွားပြီး။အိမ်ရဲ့စားဝတ်နေရေး
အတွက်အမေနဲ့မိစိုးအတူရှာရတာ
ပေါ့။အမေတစ်ယောက်တည်းရှာလို့မှ
မလောက်ငှတာ။မနက်မိုးလင်းပြီဆိုတာနဲ့အမေကမောင်လေးနဲ့ညီမလေး
ကိုခေါ်ပြီးတစ်နေရာသွားတယ်။မိစိုး
ကတစ်နေရာသွားတယ်။အတူတူသွား
လို့မရဘူး။ရပ်ကွက်ထဲကိုယ်လိုလူတွေ
နည်းတာမှတ်လို့။အပြိုင်အဆိုင်အလုယက်ကောက်ရတာ။အမှိုက်ပစ်တာက
တစ်ခါပစ်နှစ်ရာပဲရတာ။ခုနောက်ပိုင်း
အိမ်တွေကအမှိုက်တွေကိုစုထားပြီး
အိတ်များလာမှဆိုက်ကားသမားကို
ပစ်ခိုင်းတော့မိစိုးတို့အတွက်အလုပ်
ရှားသွားင်္ပြီ။အားကိုးရာဆိုလို့အမှိုက်ပုံ
ပဲရှိတော့တာ။အမှိုက်ပုံထဲတစ်နေကုန်
ကြိုးစားရှာရင်တော့စားဖို့အတွက်လုံလောက်တဲ့ငွေရပါတယ်။တစ်ခါတလေ
ကျတော့လည်းသူများတွေလိုလှတပတ
လေးဝတ်စားပြီးစက်ရုံတွေမှာသွား
လုပ်ချင်တာ။အမေနဲ့မောင်လေးညီမ
လေးတွေကိုစိတ်မချလို့။ပြီးတော့
စက်ရုံဆိုတာလကုန်မှငွေရှင်းတာ။
ဒီကြားထဲဘာနဲ့စားမလဲ။နောက်ဆုံး
တော့အကြောင်းအမျိုးမျိုးကြောင့်
ဒီအမှိုက်ပုံမှာပဲသောင်တင်နေတယ်
ပြောရမလား။အမေ့ကိုတော့အိမ်နားက
အမှိုက်ပုံမှာပဲကောက်ခိုင်းလိုက်တယ်။
အိမ်နားကအမှိုက်ပုံကပစ္စည်းတော့သိပ်မရဘူးပေါ့။
ကလေးနှစ်ယောက်နဲ့ဆိုတော့အမေက
အဝေးလည်းမသွားနိုင်ဘူး။သိပ်လည်း
မရှာနိုင်ဘူးလေ။မောင်လေးက
လည်းတအားငယ်သေးတာကို။
ပြီးတော့မောင်လေးကမိစိုးတို့လိုမ
ဟုတ်ဘူးခဏခဏနေမကောင်းဖြစ်
တတ်တယ်။ခုမိစိုးကောက်နေတဲ့အမှိုက်
ပုံကအိမ်နဲ့ဝေးသလိုရပ်ကွက်အစွန်လဲ
ကျတော့ကော်ကောက်သူသိပ်မရှိဘူး။
မိစိုးကအမြဲဒီအမှိုက်ပုံမှာပဲလာကောက်
တယ်။လူရှင်းတော့မိစိုးအတွက်ပိုရ
တယ်လေ။မိစိုးအမှိုက်ကောက်ဖို့
လာတိုင်းလမ်းမှာအမြဲငေးကြည့်မိတဲ့အိမ်နှစ်အိမ်ရှိတယ်။တစ်အိမ်ကတော့ဦးတင်စိုးတို့အိမ်။
ဦးတင်စိုးတို့အိမ်ကလမ်းရဲ့အဆုံးမှာရှိ
တာ။ဦးတင်စိုးတို့တိုက်ပေါ်ကလှမ်း
ကြည့်ရင်အမှိုက်ပုံကိုမြင်နေရတယ်။
ခြံကျယ်ကြီးထဲမှာနှစ်ထပ်အိမ်ကြီးဟီး
နေအောင်ဆောက်ထားပြီးကားနှစ်စီးလည်းရှိတယ်။ခြံထဲမှာပန်းပင်ပေါင်းစုံရှိတယ်။ပန်ပင်းတွေကြားမှာရှိတဲ့ဒန်းကြီးဆိုတာစတီရောင်ပြောင်လက်နေပြီးကြည့်ရတာသိပ်လှတာ။ဦးတင်စိုးတို့ခြံရှေ့ရောက်တိုင်းမိစိုးအမြဲရပ်ကြည့်မိတယ်။စိတ်ကူးလည်းယဉ်မိတယ်။အဲဒီအိမ်ရဲ့အပေါ်ထပ်ဝရံတာမှာမိစိုးတို့သားအမိတွေအိမ်ရှေ့လမ်းကိုကြည့်နေတာတွေ။
ခြံထဲကဒန်းပေါ်မှာမိစိုးတို့ညီအစ်မတွေ
ကဒန်းစီးအမေကသစ်ပင်လေးတွေကို
ရေလောင်းနေတာတွေ။နှစ်ထပ်အိမ်ကြီးမှာ
မိစိုးတို့သားအမိလေးယောက်နေရရင်
ဘယ်လောက်များကောင်းမလဲလို့
ခြံရှေ့ကဖြတ်တိုင်းမိစိုး
စိတ်ကူးယဉ်မိတယ်။ဦးတင်စိုးက
လည်းမိစိုးခြံရှေ့ကဖြတ်လျှောက်ချိန်
ဆိုဝရံတာကနေအမြဲကြည့်နေတတ်တယ်။နောက်တစ်အိမ်
ကတော့ဘယ်လိုပြောရမလဲ။အဲဒီအိမ်က
မနက်မိစိုးအမှိုက်ကောက်သွားချိန်ဆို
စက်ဘီးပေါ်ကိုရေခဲချောင်းပုံးတွေတင်
နေတဲ့သားအဖနှစ်ယောက်ကိုအမြဲတွေ့
ရတတ်တယ်။အဒီမှာသူ့ကိုမိစိုးစတွေ့
တာ။မိစိုးကလည်းအကြည့်သူကလည်းလှမ်းအကြည့်။မိစိုးရင်တွေဆို
တာတထိတ်ထိတ်နဲ့ဘယ်လိုခုန်မှန်းကိုမသိဘူး။
သူကလှမ်းပြုံးပြတာနဲ့မိစိုးရှက်ပြီးပြေး
လာတာအမှိုက်ပုံဆီဘယ်လိုရောက်လို့
ရောက်လာမှန်းတောင်မသိခဲ့ဘူး။ဒီလို
နဲ့မနက်တိုင်းမိစိုးနဲ့သူအကြည့်ချင်း
ဆုံကြတယ်။နေ့ခင်းထမင်းစားပြန်ချိန်
ဆိုရင်လည်းသူနဲ့မိစိုးလမ်းမှာဆုံတတ်
တယ်။မဆုံဆုံအောင်လည်းတစ်ယောက်နဲ့တစ်ယောက်စောင့်ကြည့်ပြီးမှ
ပြန်တာလေ။ဒီလိုနဲ့ကြည့်ပါများတော့
သံယောစဉ်တွေပိုလာမိကြတာပေါ့။
သူကမိစိုးကိုကော်မကောက်စေချင်
ဘူး။မိစိုးလည်းသူနဲ့ဆုံပြီးမှကော်
ကောက်ရမှာကိုရှက်သလိုလိုခံစားရ
လာတယ်။ဒါပေမဲ့ကော်မကောက်လို့
ဘာလုပ်စားမလဲ။မိစိုးကဒါပဲလုပ်တတ်
တာလေ။သူကတော့ပြောတယ်”စျေး
ရောင်းပါ “တဲ့။အရင်းအနှီးမှမရှိတာ
ဘယ်လိုလုပ်ရမလဲ။အမှိုက်ပုံထဲတစ်
နေ့တစ်နေ့ရှာရတဲ့ပိုက်ဆံကလည်း
စားဖို့ပဲရတာ။ဒီကြားထဲမောင်လေးက
ကျန်းမာရေးမကောင်းတော့ဆေးဖိုး
ကုန်ကျစရိတ်ကရှိသေးတယ်လေ။
သူပြောသလိုတစ်ယောက်ယောက်ဆီက
ငွေချေးဖို့ဆိုတာကရောဘယ်လိုဖြစ်နိုင်
မလဲ။မိစိုးတို့ကိုဘယ်သူကယုံမလဲ။
နေတော့တဲစုတ်စားတော့ငပိဖုတ်လုပ်တော့အမှိုက်ထုတ်ဆိုတော့အတိုးသုံးဆ
ပေးမယ်ဆိုတာတောင်ငွေချေးပေးမယ့်
သူမရှိဘူး။ဘာပဲဖြစ်ဖြစ်တစ်နေ့တော့
ဒီထက်ဝင်ငွေပိုကောင်းတဲ့အလုပ်ကို
မိစိုးပြောင်းလုပ်မှဖြစ်မယ်။ညီမလေး
နဲ့မောင်လေးကိုလည်းကျောင်းထားပေးချင်သေး
တယ်။သူတို့ကိုမိစိုးလိုစာမတတ်တဲ့သူ
တွေမဖြစ်စေချင်ဘူး။ခုဆိုမောင်လေး
ကငယ်သေးပေမယ့်ညီမလေးကကျောင်းနေရမယ့်အရွယ်တောင်ကျော်နေပြီ
လေ။
**********************
ညို့မှိုင်းနေတဲ့ကောင်းကင်ကိုကြည့်ပြီး
မိစိုးစိတ်ထဲထိုင်းထိုင်းမှိုင်းမှိုင်းနဲ့တ
စ်မျိုးကြီးဖြစ်နေမိတယ်။
ဒီနေ့ကော်သွားမကောက်ဘဲနားလိုက်
ရင်ကောင်းမလားတွေးမိပေမယ့်
မောင်လေးရဲ့ငိုသံကြောင့်သတိဝင်လာ
ပြီးကော်စုတ်တွေထည့်ဖို့မြွေရေခွံအိတ်
ဟောင်းနှစ်လုံးကိုယူပြီးအမှိုက်ပုံဆီ
ထွက်ခဲ့လိုက်တယ်။
” မသွားချင်မသွားနဲ့လေမိစိုး ” လို့လှမ်း
အော်ပြောတဲ့အမေ့အသံတိုးတိုးဖျော့
ဖျော့လေးကိုမိစိုးကျောခိုင်းလိုက်တယ်။
မနေ့ညကတည်းကမောင်လေးချောင်း
တွေတဟွပ်ဟွပ်ဆိုးပြီးဖျားနေတာလေ။
ဒီနေ့အဖို့အမေလည်းကော်ကောက်
ထွက်နိုင်မှာမဟုတ်ဘူး။မောင်လေး
ကလည်းဆေးခန်းပြမှရောဂါကသက်
သာမှာ။မိစိုးအတွေးနဲ့အတူခြေလှမ်း
တွေကိုပိုသွက်လိုက်တယ်။ကောင်းကင်
ကလည်းအခုချက်ချင်းပဲရွာချလိုက်
တော့မလိုလိုအုံ့ဆိုင်းညို့မှိုင်းနေတာ။
ဒီလိုရာသီဥတုအချိန်မျိုးမှာကော်
ကောက်သူသိပ်မလာလောက်ဘူးဆို
တော့မိစိုးအတွက်ပိုကောင်းတယ်လေ။
လုကောက်စရာမလိုဘူးပေါ့။မိစိုးလမ်း
လျှောက်လာရင်းကုန်းခြောက်ဆိုင်
တစ်ဆိုင်ရှေ့ရောက်တော့ခြေလှမ်းတွေ
ကိုအသာရပ်ပြီးဆိုင်ထဲကိုလှမ်းအော်
လိုက်တယ်။
” ဒေါ်ကြီး အမှိုက်ပစ်ဦးမလား ”
“ဟဲ့ မိစိုး လေတွေဒီလောက်တိုတ်မိုး
တွေမှောင်နေတာကို အမှိုက်ပုံသွား
ဦးမလို့လာ ”
“ဟုတ် ဒေါ်ကြီးအိမ်မှာမောင်လေး
နေမကောင်းဘူး မိစိုးပိုက်ဆံရှာမှ
ဖြစ်မှာ ”
ကုန်ခြောက်ဆိုင်ကပစ်ခိုင်းလိုက်တဲ့
အမှိုက်အိတ်နှစ်အိတ်ကိုမိစိုးမနိုင်မနင်း
ရွက်လာရင်းရပ်ကွက်အစွန်ကအမှိုက်ပုံ
နားဆီကိုရောက်မှန်းမသိရောက်လာခဲ့
တယ်။ခါတိုင်းလိုပဲချစ်သူအိမ်ရှေ့ကို
ရောက်တော့အိမ်ထဲကိုမသိမသာ
လှမ်းကြည့်မိတယ်။အိမ်ကတိတ်ဆိတ်ပြီးလူရိပ်လူရောင်တောင်မတွေ့ရတာမို့
လေးလံထိုင်းမှိုင်းနေတဲ့မိစိုးစိတ်တွေ
ပိုလို့ပင်မရွှင်မပျဖြစ်သွားရတယ်။
ပြီးတော့ထုံစံအတိုင်းဦးတင်စိုးတို့ခြံကို
လှမ်းကြည့်မိပြန်တယ်။မိစိုးကဦးတင်စိုးတို့တိုက်ကိုလှမ်းအကြည့်ဝရံတာမှာ
ရပ်နေတဲ့ဦးတင်စိုးကလည်းမိစိုးကို
လှမ်းအကြည့်။အကြည့်ချင်းဆုံခိုက်မှာ
ဦးတင်စိုးရဲ့နှုတ်ခမ်းတွေတွန့်ကွေး
ပြီးပြုံးလိုက်တဲ့အပြုံးကိုမိစိုးသေသေ
ချာချာမြင်လိုက်ရတယ်။မိစိုးလည်း
ယောင်ယမ်းပြီးဦးတင်စိုးကိုပြန်ပြုံးပြ
လိုက်မိတယ်။
မိစိုးအမှိုက်ပုံကိုရောက်တော့
ထင်တဲ့အတိုင်းပဲဘယ်သူမှမရှိဘူး။
မိစိုးတစ်ယောက်တည်းရယ် ခွေးတစ်
ကောင်ကြောင်တင်္မြီးတောင်မရှိဘူး။
မိစိုးသယ်လာတဲ့အမှိုက်ထုတ်တွေကို
ပစ်ချပြီးအမှိုက်ပုံထဲမြန်မြန်သွက်သွက်
ဖြဲရဲရှာလိုက်တယ်။မိစိုးကမိုးခြိမ်းရင်
ကြောက်တယ်။မိုးမရွာခင်ကော်စုတ်
နှစ်အိတ်လောက်ပဲရှာပြီးအိမ်အမြန်ပြန်
နိုင်မှဖြစ်မယ်။အမှိုက်အိတ်တစ်အိတ်ကို
ဖြေချလိုက်တာရေသန့်ဘူးခွံတွေအများ
ကြီးထွက်လာတာမို့ မိစိုးအရမ်းပျော်
သွားမိတယ်။င်္ဒီပုံအတိုင်းဆိုမောင်လေး
ဆေးခန်းပြဖို့ငွေရမယ်လေ။ရေသန့်ဘူး
ခွံတွေကိုဝမ်းသာအားရမြွေရေးခွံအိတ်
ထဲစုထည့်နေချိန်မှာခြေသံကြားလို့
မိစိုးလှည့်ကြည့်လိုက်တော့ဦးတင်စိုး
ကိုတွေ့လိုက်ရတယ်။ဦးတင်စိုးက
အမှိုက်ပုံကိုဘာလာလုပ်တာလဲ။အမှိုက်
လာပစ်တာများလားလို့တွေးနေတုန်း
မှာပဲဦးတင်စိုးကမိစိုးဆီကိုတဖြည်း
ဖြည်းလျှောက်လာတယ်။ဦးတင်စိုး
မျက်နှာကြည့်ရတာဗွီံဒီယိုကားတွေ
ထဲကလူကြမ်းတွေအတိုင်းပဲလို့
မိစိုးတွေးလို့မှမဆုံးသေးဘူး။ဦးတင်စိုး
ကမိစိုးလက်ကိုဆောင့်ဆွဲပြီးအမှိုက်ပုံ
ပေါ်ကိုတွန်းလှဲပစ်လိုက်တာ
မို့မိစိုးကြောက်လန့်တကြားအော်လိုက်
တယ်။
” ဦးလေး… ဘာ… ဘာလုပ်တာလဲ မိစိုး
အော်လိုက်မှာနော် ”
” အော်လေ… နင်အော်လည်းဘယ်သူမှမ
ကြားဘူး ငြိမ်ငြိမ်နေပြီးရင်မုန့်ဖိုး
ပေးမယ် ”
***********************
ထောင်တန်ဆယ်ရွက်ကိုကျစ်ကျစ်ပါ
အောင်ဆုပ်ထားရာကနေမိစိုးအမေ့လက်ထဲကိုထည့်ပေးလိုက်တယ်။
အမေကမိစိုးပေးတဲ့ပိုက်ဆံတွေကို
ကြည့်ပြီးအံ့သြနေတယ်။
“.မိစိုးပိုက်ဆံတွေများလှပါလား ဘယ်
ကရလာတာလဲ ”
မိစိုးအမေ့ကိုဖက်ပြီးဝမ်းပန်းတ
နည်းငိုချလိုက်တယ်။မိစိုးပြောပြတာ
တွေကိုနားထောင်ပြီးအမေ့လည်းလိုက်
ငိုတယ်။အမေငိုတော့ညီမလေးနဲ့မောင်လေးပါငိုတော့တာပေါ့။မိစိုးတို့သားအမိတွေငိုပြီးလို့မှမကြာသေးဘူးအိမ်
ရှေ့ကိုလူတစ်ယောက်ရောက်လာတယ်။
ကြည့်လိုက်တော့ရပ်ကွက်အုပ်ချုပ်ရေး
မှူးရုံးကရုံးစာရေး။မိစိုးတို့
ကိုရုံးကခေါ်ခိုင်းတာတဲ့လေ။ရုံးစာရေး
ပြန်သွားတော့မိစိုးတို့သားအမိရင်တ
ထိတ်ထိတ်နဲ့ကျန်ခဲ့တာပေါ့။မကြာပါ
ဘူးမိစိုးတို့သားအမိတွေရုံးကိုသွားဖို့
ပြင်ဆင်နေတုန်းမှာဦးတင်စိုးနဲသူ့မိန်းမ
ဒေါ်စီစီစိန်တို့ဇနီးမောင်နှံ မိစိုးတို့အိမ်ရှေ့ရောက်ချလာ
တယ်။
“ဟော့ဒီမှာ ငွေငါးသိန်းနစ်နာကြေး
ပေးတာ မနက်က
ငါတို့နှစ်ယောက်ကိုမြင်သွားတဲ့သူက
ရုံးခ န်းမှာတိုင်ထားတယ် ။အဲဒီတော့
မင်းကဘယ်သူမေးမေး မဟုတ်ပါဘူး
ပဲဖြေပေး ”
*************************
အုပ်ချုပ်ရေးမှူးရုံးခန်းကိုရောက်တော့မှ မိစိုးတို့ကိုတိုင်ကြားပေးတဲ့မိန်းမကြီးကိုတွေ့
ပြီးမိစိုးအသက်ရှူရပ်မတက်ဖြစ်သွားရ
တယ်။မိစိုးတို့ကိုမြင်လိုက်တယ်ဆိုတဲ့
အဒေါ်ကြီးကမိစိုးချစ်ရသူရဲ့အမေဖြစ်
နေတယ်လေ။
” ဦးတင်စိုးဘက်ကရော သမီးစိုးစိုးထွေးဘက်ကပါဘာမှမဖြစ်
ဘဲ သာမာန်ရိုးရိုးသားသားပဲဆိုတော့…
ဒီကအစ်မကြီးအမြင်လွဲတာဖြစ်ပါလိမ့်
မယ်။ ရာသီးဥတုကလည်းမှောင်မိုက်
နေတော့တစ်ယောက်နဲ့တစ်ယောက်
အထင်လွဲအမြင်လွဲတွေဖြစ်ကုန်ကြ
တာပါ။ကဲပါ အားလုံးကိုယ့်အိမ်ကိုယ့်
ရာပြန်နိုင်ပါပြီ ။ ”
****************************
ငွေငါးသိန်းရဲ့စွမ်းအားနဲ့မောင်လေး
လည်းကျန်းမာရေးကောင်းလာသလို
မိစိုးတို့ရဲ့တာလပက်မိုးတာလပက်ကာထားတဲ့
တဲစုတ်လေးလည်းဓနိမိုးဓရံကာနဲ့
ကြည့်ပျော်ရှုပျော်အိမ်လေးဖြစ်သွားရ
တယ်။ရှိတဲ့အကြွေးလေးတွေလည်း
အကုန်ဆပ်လိုက်တယ်။မိစိုးတို့ဘဝမှာ
ပါစပ်စိုစိုဝမ်းစိုစိုနေထိုင်စားသောက်ရ
တာဒါဟာပထမဆုံးပဲဖြစ်မယ်ထင်တယ်ဲ။မိစိုးလည်းအရင်လို
ကော်သွားမကောက်တော့ဘူး။
ရပ်ကွက်ထဲဖရဲသီးစိတ်လှည့်ရောင်းပါ
တယ်။ဒါပေမဲ့မိစိုးဘယ်တော့မှဦးတင်စိုးတို့အိမ်ရှိတဲ့ဘက်ကိုသွားမရောင်းဘူး။
” ဖရဲသီးစိတ် ချိုချို လေး”မိစိုးအသံစူး
စူးလေးနဲ့အားပါးတရအော်လိုက်တယ်။
မိစိုးအော်သံကြောင့်ခပ်ဝေးဝေးမှာနင်း
သွားနေတဲ့စက်ဘီးတစ်စီးကရပ်တန့်
သွားပြီးမိစိုးရှိရာကိုလှမ်းကြည့်တာကို
မြင်လိုက်ရတာမို့မိစိုးလည်းစက်ဘီးပေါ်
ကသူ့ကိုရပ်တန့်ငေးမောကြည့်နေမိ
တယ်။မိစိုးတို့နှစ်ယောက်သားခဏတာ
လောက်တစ်ယောက်ကိုတစ်ယောက်
စူးစူးစိုက်စိုက်ကြည့်နေမိကြတယ်။
သူရဲ့အကြည့်တွေမှာမိစိုးကိုရွံရာမုန်းတီးမှုတွေပါဝင်နေတာကိုတွေ့လိုက်
ရတယ်။ပြီးတော့သူတံထွေးကို ” ထွီ “ခနဲထွေးပြီးစက်ဘီးကိုခပ်မြန်မြန်နင်း
ထွက်သွားတယ်။သူ့ပုံရိပ်ကတဖြည်း
ဖြည်းမိစိုးနဲ့အဝေးဆုံးကိုရောက်ရှိသွား
ပါတော့တယ်။
” ဖရဲသီးစိတ်ချို ချို —လေး ” အားပါးတရအော်ဟစ်လိုက်တဲ့မိစိုးအသံ
ကလည်းချောင်းဝမှာတင်တစ်ဆို့
ပျောက်ကွယ်သွားပြီးပါးပြင်ပေါ်ကို
မျက်ရည်ပေါက်တွေအဆက်မပြတ်စီး
ကျလာပါတော့တယ်။
############
ဧကြည်ဖြူ