မိပန်းမွှေး

မိပန်းမွှေး(စ/ဆုံး)

————–

” ဟယ်•••လူမဆန်လိုက်သာ ”
” ရိုင်းစိုင်းလိုက်ကြသာအေ”
” စိတ်ဝေဒနာသည်ကိုမှ လုပ်ရက်လိုက်ကြသာ ”
” ဘယ်လို သကောင့်သားကများ မစာမနာ လုပ်ရက်
ကြပါလိမ့် ”

စျေးတန်းထဲက စျေးသည် စျေးဝယ်အားလုံးလိုလိုဟာ စုတ်တသပ်သပ်နဲ့ စိတ်မကောင်းဖြစ်နေကြရတယ်။ အားလုံးရဲ့ ပါးစပ်ဖျားမှာလည်း ” မိပန်းမွှေး ဗိုက်ကြီးလို့”တဲ့ ဆိုတဲ့ သတင်းဟာ ပြန့်နေပြီ။

စျေးထဲတင်မကပါဘူး။ ဒီသတင်းဟာ ” ရေသာ ”
မြို့ကလေး တစ်ခုလုံးမှာ ဟိုးလေးတကြော်ကြော်ကို
ဖြစ်လို့။ ” ရေသာ ” မြို့က အညာဘက်က
နယ်မြို့ကလေး တစ်မြို့ ဖြစ်တာမို့ မကျယ်ဝန်းလှပါဘူး။ မြို့ကလေးက ငယ်တော့ ဖြစ်သမျှအကြောင်း ၊
ကြားသမျှ သတင်းဟာ တမဟုတ်ချင်းမှာပဲ
တစ်မြို့လုံး နှံ့သွားလေ့ရှိတယ်။

အခု မိပန်းမွှေး ရဲ့သတင်းကတော့ ကြားရသမျှထဲမှာ
စိတ်မကောင်းကြရဆုံးပါ။

” မိပန်းမွှေး ဘယ်မတုန်း ”
” မိပန်းမွှေးကို ရှာကြစမ်းပါဟ ”
” သူ့ကို ဒီအတိုင်းထားလို့ မဖြစ်ဘူး ”

မြို့ခံလူကြီးနဲ့ ရပ်မိရပ်ဖတွေ တော်တော်များများ
လည်း စျေးထဲကို လိုက်လာကြတယ်။ အားလုံးဟာ
ခေါင်းမီးတောက်နေကြရပြီ။ မိပန်းမွှေးကိုလည်း
ဒေါင်းတောက်အောင် ရှာနေကြရတယ်။
မရှာလို့လည်း မဖြစ်ဘူးလေ။ ဒါဟာ မိပန်းမွှေးရဲ့
အရေးဆိုပေမယ့် တစ်မြို့လုံးရဲ့အရေးဆိုလည်း
ဟုတ်နေတာကိုး။

မိပန်းမွှေးရဲ့ ပြဿနာကို ပြေလည်အောင် ဖြေရှင်း
မပေးနိုင်ရင် မြို့ရဲ့သိက္ခာ ၊ မြို့ရဲ့ ပုံရိပ်ဟာ စွန်းထင်ရ တော့မှာ မဟုတ်လား။ ဒါပေမယ့် မြို့ရဲ့ သိက္ခာတစ်ခုတည်းအတွက် ပူလောင်နေကြရတာတော့ မဟုတ်ပါဘူး။ သူတို့ချစ်တဲ့ မပန်းမွှေး၊ သူတို့ခင်ကြရတဲ့ မပန်း
မွှေး အရေးအတွက် ရင်လေးကြရတာလည်း ပါတာပါပဲ။

” စျေးထဲမှာတော့ မပန်းမွှေး မရှိဘူး ဘကြီးကောင်း”

” ဟုတ်သယ်။ ကျုပ်တို့လည်း ပန်းမွှေးကို မတွေ့မိဘူး”

စျေးသည်တွေက တစ်ယောက်တစ်ခွန်းဖြေကြတယ်။ စျေးသည်တွေကိုယ်တိုင်လည်း စျေးရောင်းရတာ
စိတ်မပါကြတော့ပါဘူး။ မပန်းမွှေး ကိစ္စကိုသာ ရင်တမမ
ဖြစ်နေကြရတာ။ မပန်းမွှေးအတွက် ရင်မောရသလို ၊
နှမသားချင်း မစာမနာ အရူးကိုမှ စော်ကားပြစ်မှား
ရက်တဲ့ အရိုင်းအစိုင်းကိုလည်း မိစေချင်လှပြီ။

မပန်းမွှေးဆိုတာ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက ရေသာ မြို့ကလေးကို ရောက်လာခဲ့သူလေး။ဘယ်သူမှန်းမသိသလို ၊ ဘယ်ကလာမှန်းလည်း စုံစမ်းလို့ မရခဲ့
ကြဘူး။မပန်းမွှေးရဲ့ နောက်ကြောင်းကို လိုက်လို့မရတဲ့အဆုံး မြို့ခံလူကြီးတွေက ဒီအတိုင်း နေထိုင်ခွင့် ပြုလိုက်ရတာရယ်။

မပန်းမွှေးကလည်း စိတ်ဝေဒနာသည်ဆိုပေမယ့် ညစ်ပတ်ပေတေနေသူတော့ မဟုတ်ဘူး။သပ်သပ်ရပ်ရပ်
နေတတ်သလို သနပ်ခါးဘဲကြား အမြဲလိမ်းတတ်တယ်။ အသက်ကတော့ သုံးဆယ်ကျော် လေးဆယ် ပတ်ဝန်းကျင်ပဲ ရှိတန်ကောင်းပါရဲ့။

မပန်းမွှေးရောက်ကာစကတော့ မြို့ခံတွေအားလုံးဟာ မပန်းမွှေးကို တစေ့တစောင်း အကဲခတ်ကြပေမယ့်
မပန်းမွှေဟာ တကယ့်စိတ်ဝေဒနာရှင်မှန်း သိလာကြ
တော့ ကရုဏာတောင် သက်မိကြရပြန်တယ်။

စျေးထဲမှာနေ စျေးထဲက ကျွေးသမျှစားပြီး စျေးသည်တွေရဲ့ လက်တိုလက်တောင်းလေးတွေမှာ ကူဖော်
လောင်ဖက်ရလေတော့ ကရုဏာက တစ်ဆင့်တက်ပြီး၊
မေတ္တာဖက်ကြရပြန်တယ်။အနေအထိုင် သန့်ရှင်းသလို ခိုင်းသမျှကို ပေါ့ပါးလေတော့ တစ်စျေးလုံးရဲ့
ဂျော်ကာကြီးကို ဖြစ်နေတော့တာ။

” စျေးထဲမရှိမှတော့ အရီးမယ်ရှင့် အိမ်မှာပဲ ရှိလိမ့်မယ်”
” သူက အရီးမယ်ရှင်ကိုတော့ အားကြီးခင်ရှာသာပါ”

ရွာလူကြီးတွေလည်း မမယ်ရှင်အိမ် လိုက်ကြရပြန်တယ်။ သွေးမတော် သားမစပ် အရူးရယ်လို့ ပစ်ပယ်မထားနိုင်ကြပါဘူး။ ကိုယ့်သွေးကိုယ့်သားလိုကို ပူပင်
ကြရတာတာပါ။ အားလုံးရဲ့ ရင်ထဲမှာတော့ စိတ်မ
ကောင်းခြင်းတွေသာ ကြီးစိုးနေတော့တာပါ။

” ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာလေတော့သလား
မိပန်းမွှေးရယ် ”

*********************************************

” အမယ်လေးတော်•••”
” သူတော်ကောင်းမကြီးကိုမှ လုပ်ရက်လိုက်ကြပါဘိ
တော်”
” ဘဝကံ မကောင်းလို့ ရူးရသဲ့ကြားထဲ တဏှာရူးတွေရဲ့ အစာဖြစ်ရပြန်ပါပေါ့လား မိပန်းမွှေးရဲ့ ”

အရီးမယ်ရှင် လှိုက်လှိုက်လှဲလှဲကို ငိုမိတာပါ။ တကယ့်ကို ကြေကွဲရပါတယ်။ ဒီမြို့ကို မိပန်းမွှေးရောက်လို့မှ မကြာသေးခင်မှာ အရီးမယ်ရှင်နဲ့ ခင်ခဲ့ရတာ။ တစ်နေ့ အရီးမယ်ရှင် စျေးဝယ်သွားတုန်း စျေးခြင်းတွေနဲ့
မနိုင်မနင်းရွက်ရင်း အိမ်ပြန်တာကို မိပန်းမွှေးမြင်ရာကနေ ခင်ခဲ့တာလေ။

” ပေးစမ်းပါ ဒေါ်ကြီးရယ် ”
” ကျုပ် လိုက်ပို့စမ်းပါ့မယ်တော် ”

အရီးမယ်ရှင့်မျက်လုံးထဲ ကနေ့ထိ မထွက်နိုင်သေး
ပေါင်ဘူး။ သူ့ဘဝရဲ့ နောက်ကြောင်းတွေ ၊ ဖြစ်ခဲ့သမျှ
တွေ မေးလို့မရပေမယ့် ကူညီရမယ်ဆိုတဲ့အသိ မိပန်း
မွှေးမှာ ရှိပါရဲ့။ အသိစိတ်က ပုံမှန်မဟုတ်ပေမယ့်
စရိုက်ဆိုး အကျင့်ဆိုးရယ်လို့ မိပန်းမွှေးမှာ မရှိရှာပါဘူး။

” တော်ပါတော့ မမယ်ရှင်ရာ”
” ခင်ဗျားငိုနေသာနဲ့ကို ကျုပ်တို့ မိပန်းမွှေးကို မေးချိန်ရမှာ မဟုတ်တော့ဘူး ”

ဘကြီးကောင်းက အရီးမယ်ရှင်ကို ပိတ်ကာမှ အရီး
မယ်ရှင် အငိုရပ်တော့တယ်။ မိပန်းမွှေးကတော့ အရီးမယ်ရှင့်နောက်မှာ ကုပ်ကုပ်ကြီးထိုင်လို့ပါ။ သူကိုယ်သူ ပူပင်ရကောင်းမှန်းတောင် သိပုံမပေါ်ပါဘူး။

” ဟဲ့ မိပန်းမွှေး ”
” ဒီကိုလာစမ်းပါအုံး မိန်းကလေးရဲ့ ”

ဘကြီးကောင်း မိပန်းမွှေးကို ခေါ်လိုက်တယ်။
ဘကြီးသာစံတို့ ဦးထွန်းခတို့ကလည်း ဝိုင်းဝန်းချော့
မော့ပြီး ခေါ်ကြတာပါပဲ။ မေးကြတာပါပဲ။ ဦးထွန်းခကတော့ စိတ်လက်မအီမသာ ဖြစ်နေသည်ထင်ပါတယ်။ မေးနေပေမယ့်လည်း မိပန်းမွှေးဆီက အဖြေစကား
မကြားရလေ၍လားမသိ။ ချွေးစေးများပင်ပြန်နေပြီ။

” မိပန်းမွှေး••• ပြောစမ်း မိန်းကလေး ”
” ညည်းကို ဘယ်သူက စော်ကားသာတုန်း ”
” ညည်းဗိုက်ထဲက ကလေးက ဘယ်သူနဲ့ ရသာတုန်း ”

အားလုံးက သိချင်ဇောကြီးနေကြတယ်။ မိပန်းမွှေးက
တော့ တုတ်တုတ်မှ မလှုပ်ပါဘူး။ ဘယ်သူကမေးမေး
ပြုံးနေတာပါပဲ။ တကယ့်ကို မချင့်မရဲ ဖြစ်စရာပါ။

” မမယ်ရှင်”
” ခင်ဗျားရင် မေးပါအုံးဗျာ ”
” ခင်ဗျားမေးရင်တော့ ဖြေကောင်းပါရဲ့ ”

ဘကြီးသာစံ အရီးမယ်ရှင်ကို တပ်ကူတောင်းရပြန်တယ်။ မိပန်းမွှေး••• မိပန်းမွှေး တယ်လည်း ခက်ပါလားကွယ် ။

” မိပန်မွှေး•••ငါ့တူမကြီး ”
” ပြောစမ်း ဒေါ်ကြီးကို ပြောစမ်း ”
” ညည်းဗိုက်ထဲက ကလေးက ဘယ်သူနဲ့ ရသာတုန်း”
” ညည်းကို ဘယ်သူ စော်ကားလိုက်သာတုန်းအေ ”

အရီးမယ်ရှင်မေးလည်း မိပန်းမွှေးကတော့ ပြုံးနေတာပါပဲ။ ခဏကြာမှ မိပန်းမွှေးဆီက အသံထွက်လာတယ်။ အားလုံးက မိပန်းမွှေးဖြေလာမယ့် အဖြေကိုပဲ ငံ့လင့်နေကြတယ်။

” ဒေါ်ကြီး•••”
” ကျုပ်ဗိုက်ထဲမှာ ကလေး ရှိနေတာလားတော့်”

” အေး ဟုတ်သယ်။ ညည်းဗိုက်ထဲမှာ ကလေးရှိသယ် ။ အဲဒီကလေးကို ဘယ်သူနဲ့ ရသာတုန်း ”
” ဒေါ်ကြီးကိုပြောစမ်းပါအေ။ ဒေါ်ကြီး ရင်တုန်ပန်းတုန်
ရှိလွန်းလို့ပါအေ့ ”

အားလုံးဟာ တိတ်ဆိတ်လို့နေတယ်။ ဘယ်သူများလဲဆိုတဲ့ သိလိုမှုတွေနဲ့ အပ်ကျသံပင် ကြားရ
လောက်တယ်။ မိပန်းမွှေးအတွက် ကရုဏာသက်ရ
သလို လူယုတ်မာကိုလည်း ဖော်ထုတ်စေချင်လှတယ်။
မိပန်းမွှေးမှာ အခုလို မပေါ့မပါးဖြစ်နေတာတောင်မှ ဖုံးကွယ်မရထားတဲ့ အရာမို့ သိကြရတာလေ။ ပုံမှန်မ
ဟုတ်တော့တဲ့ မိပန်းမွှေးရဲ့ ပြောင်းလဲလာတဲ့ ဖွဲ့စည်းပုံတွေကြောင့် မြို့ခံလူထုက မိပန်းမွှေးကို ချော့ကာတစ်မျိုး ၊ ခြောက်ကာတဖုံ ခေါ်ပြီးမှ ဆရာဝန်နဲ့ စစ်ဆေးခဲ့ရတာလေ။

အခုတော့ မိပန်းမွှေးရဲ့ အဖြေသည်သာ ဆုံးဖြတ်
ချက်လေ။ အားလုံးကလည်း မိပန်းမွှေးကို စီရင်ချက်ချတော့မယ့် တရားသူကြီးတစ်ယောက်လို စိတ်ဝင်စားနေကြတယ်။

” ဒေါ်ကြီး ကျုပ်ဝမ်းသာလိုက်သာတော် ”
” ကျုပ် ကလေးလေးရတော့မှာပေါ့ ”

အားလုံးဟာ သက်မမောသာ ချလိုက်ကြရတော့တယ်။ မိပန်းမွှေးကတော့ ဖြေတော့မယ် မထင်ပါဘူး။
သူ့မျက်လုံးတွေကတော့ ရီသွားလိုက် ၊ ညို့သွားလိုက်။ မှုန်သွားလိုက် ၊ ကြည်သွားလိုက်။ ဘယ်လောက်
အရိပ်အကဲကြည့်နေကြပေမယ့်လည်း သည်ကိစ္စကို တရားခံ လူယုတ်မာသာ အသိဆုံးဖြစ်မှာပါ။ မိပန်းမွှေး
လည်း သိကောင်းသိမှာပေါ့လေ။ သိချင်မှလည်း သိပေမပေါ့။

” ကျုပ်အိမ်မှာ လူတွေစုံလှချေလားဗျာ ”
” ဘာတွေဖြစ်နေကြသာတုန်း ”

မပန်းမွှေးဆီမှာ အာရုံစိုက်နေကြတဲ့ အားလုံးရဲ့ မျက်လုံးတွေက အသံလာရာဆီကို ပြိုင်တူ ကြည့်မိကြ
တယ်။ အသံပိုင်ရှင်ကတော့ အရီးမယ်ရှင်သား ငပြုံး ပါပဲ။ ငပြုံးရဲ့ အသံဟာ လေးလံယစ်မူးနေသလိုပဲ သူ့ရဲ့ခြေလှမ်းတွေကလည်း ဒယိမ်းဒယိုင်ပါ။ ခြေလှမ်းတွေဟာ အစိပ်အကျဲမညီဘူး။ သိုင်းကွက်ကျနင်းနေသလိုပါပဲ။ သူမူးလာပြန်ပြီလေ။

” ဟဲ့ သကောင့်သားရဲ့•••”
” မိပန်းမွှေးရဲ့ ကိစ္စဖြေရှင်းနေသာဟဲ့”
” ဒီလောက် တစ်မြို့လုံး အုံးအုံးကြွက်ကြွက် ထနေတဲ့ကိစ္စကို မသိနိုင်လောက်အောင်ကို ဒင်းက အသောက်အစားဖက်နေတဲ့ အကောင် ”
” ဒီမှာ စိတ်ဆင်းရဲနေကြရတဲ့ကြားထဲ ကိုယ့်ဟာကိုယ် အသာနေစမ်းပါဟဲ့ ”

အရီးမယ်ရှင် အော်လိုက်သည်။ အားလုံးရဲ့ မျက်လုံး
တွေကတော့ ငပြုံးဆီက မခွာကြဘူး။ သဘောသဘာဝတွေ ၊ အနက်အဓိပ္ပါယ်တွေ ပြည့်နေတဲ့ မျက်လုံးတွေဟာ စူးလက်နေကြတယ်။

ငပြုံးကတော့ မဖြုံပါဘူး။မူးမူးရူးရူးနဲ့ လူအုပ်ကြားထဲတိုးဝင်ပြီး စနည်းနာတယ်။ အားလုံးက သူဝင်လာ
တော့ ဖယ်ကြ ကြဉ်ကြတယ်။ ခဏနေတော့ ငပြုံး လူအုပ်ကြားထဲက ပြန်ထွက်လာတယ်။

” သြော်•••မိပန်းမွှေး ဗိုက်ကြီးလို့တဲ့လား ”

*********************************************

” မပန်းမွှေး•••”
” ညည်း အဲဒီဂျပ်ဖာကြီးကို မ,မ ပါနဲ့အေ”
” ညည်း ဗိုက်ထဲကကလေးကို ထိပါ့မယ် ”

မိပန်းမွှေး စျေးထဲက မခင်စောဆိုင်မှာ ဂျပ်ဖာတွေ
မ,ပေးနေတာပါ။ မ,နေရင်း မခင်စောပြောတာ ကြားလိုက်တော့ ဂျပ်ဖာကြီးကို ဘုတ်ခနဲ လွှတ်ချပစ်လိုက်တယ်။ မိပန်းမွှေးရဲ့ ကလေးလေးကိုတော့ အထိမခံနိုင်ပေါင်။ ကလေးလေး နာသွားမှာကိုတော့ မိပန်းမွှေး
ကြောက်ပါသော်ကောတော်။

မိပန်းမွှေး သူ့ဗိုက်ကို ပြန်ပြီးငုံ့ကြည့်လိုက်တယ်။
ပြီးတော့ လက်ကြမ်းကြီးနှစ်ဖက်နဲ့ အသာအယာ ပွတ်လိုက်တယ်။

” ကလေးလေး နာများသွားသလား”
” တော်ပြီ တော်ပြီ နောက် မ,မတော့ဘူး”
” ခိုင်းစရာရှိရင် တခြားသူခေါ်ခိုင်း။ ကျုပ်မခိုင်းနဲ့တော့”
” ဘုတ် ”

မိပန်းမွှေးက သူ့ဟာသူပြောရင်း ဂျပ်ဖာကြီးကို ခြေနဲ့ ကန်ထုတ်လိုက်သည်။

” အမယ်လေး မပန်းမွှေးရယ် ”
” ဂျပ်ဖာထဲက ကျုပ်ပစ္စည်းတွေတော့ ကောင်းမှာကို
မဟုတ်တော့ပါဘူးတော် ”

မခင်စောမှာ ရယ်ရအခက် ငိုရအခက် မျက်နှာပေးနဲ့ အရွှန်းဖောက်လိုက်တော့ အနားက စျေးသည်တွေက
ဝေါခနဲ ရယ်ကြသည်။ တဖန် မျက်ရည်ဝဲကြရပြန်တယ်။

မိပန်းမွှေးက သူလိုငါလို အကောင်းပကတိ မဟုတ်ဘူးလေ။ ဒါပေမယ့် ကိုယ်ဝန်ဆောင်လိုက်ပြီ၊ သူ့ဗိုက်ထဲမှာ ကလေးလေးရှိတယ်လို့ သိပြီးကတည်းက တခြားအရာတွေကို အရေးမလုပ်တော့ဘူး။ သူ့ဗိုက်ကို ကြည့်လိုက် ၊ ပြုံးလိုက် ၊ရယ်လိုက်လုပ်နေတော့တာ။

တစ်ခါတလေ ဗိုက်နဲ့တောင် စကားတွေပြောနေတတ်တယ်။ မိခင်စိတ်ဆိုတာ မိပန်းမွှေးရဲ့ ရင်ထဲမှာ အလိုအလျောက် ကိန်းအောင်းခိုဝင်သွားခဲ့ပြီ။ ဘယ်သူကမှသင်ပေးစရာမလိုဘဲ တတ်မြောက်သွားခဲ့ပြီ။

ဘာမှ မသိတဲ့ မိပန်းမွှေးဟာ သားသမီးဆိုတဲ့ အသိနဲ့ပဲ မိခင်စိတ် လုံးလုံးဝင်ခဲ့ရပြီ။ ဒါဟာ မိဘမေတ္တာပဲလို့
မခင်စောတို့ နှလုံးသွင်းမိတော့တယ်။

မိပန်းမွှေးကတော့ ဗိုက်ကြီးတကားကားနဲ့ စျေးထောင့်
က ဇရပ်ကြီးဆီကို တလိမ့်လိမ့်ထွက်ခွာသွားလေပြီ။

” သားတို့ရုပ်ရည် ၊ သီတာမည်သား ၊ ရေကြည်ချမ်းမြ၊
တစ်ပေါက်ကျက ၊ မိဘတို့ဝမ်း ၊ ငြိမ်းစတမ်းတည်း” တဲ့။

မိပန်းမွှေးကတော့ သားတို့ရုပ်ရည်ကို မမြင်ရခင်
ကတည်းက မေတ္တာရေကြည်တွေ တသွင်သွင် စီးဆင်းနေပါပြီကောလေ•••••

*********************************************

” မဟုတ်ဘူး အမေ•••မဟုတ်ဘူးဗျ ”
” ကျုပ် မဟုတ်ဘူး ”
” မိပန်းမွှေးကို ကျုပ်က စော်ကားပါ့မလားဗျာ ”
” မိပန်းမွှေးကို ကျုပ်က နှမကလေးလို သဘောထားသာပါဗျ ”

ငပြုံး တွင်တွင်ငြင်းသည်။ အရီးမယ်ရှင်ကလည်း အစ်အောက်မေးမြန်းနေတာပါပဲ။ အရီးမယ်ရှင် စိတ်ဆင်းရဲရသည်။ တမြို့လုံးရဲ့ မျက်ဝန်းတွေက အရီး
မယ်ရှင်တို့သားအမိအပေါ်မှာ စိမ်းကားသွားသလို ခံစားရတယ်။ မျက်လုံးတွေအောက် ၊ အကြည့်စူးစူတွေအောက် ၊ အမြင်စိမ်းစိမ်းတွေအောက် သွားရမှာကို အရီးမယ်ရှင် ကြောက်လှပြီ။

ဘယ်သူဆိုတာ မသေချာပေမယ့် အားလုံးရဲ့ အထင်တွေအောက်မှာပဲ ဘဝနှစ်ခုက ပြာကျချင်နေပါပြီ။

” ဟဲ့ ငပြုံးရဲ့•••တစ်မြို့လုံးက မင်းလို့ ထင်နေသာဟဲ့”
” ငါတော့ ရှက်လှသကွယ် ”
” ဟုတ်ရင်လည်း ဝန်ခံလိုက်ပါတော့ကွယ့် ”

အရီးမယ်ရှင့်ရဲ့ မျက်ဝန်းတွေက ရီဝေနေသည်။ နဂိုက
မှိုင်းနေတဲ့ မျက်လုံးတွေရဲ့ရှေ့မှာ ပြောင်းဖူးဖက်ဆေးပေါ့လိပ်ကြီးက ထွက်လာတဲ့ မီးခိုးငွေ့တွေက ဝေ့သီနေတဲ့အခါ ပိုပြီးမှုန်ဝါးသွားသလို ထင်ရတယ်။

” အမေရာ•••ကျုပ်မဟုတ်ပါဘူးဆိုဗျာ ”
” ကျုပ် ဘယ့်နှယ်ရှင်းပြရမတုန်း အမေရ”
” သူတို့ထင်နေသာတော့ ကျုပ်လည်း ဘယ်တတ်နိုင်ပါ့မတုန်းဗျာ ”

ငပြုံးလည်း မရှင်းတတ်တော့ပါဘူး။ ငပြုံး တကယ်
စိတ်ညစ်မိတယ်။ လူတွေကို ကြောက်မိတယ်။ ဒေါသလည်းထွက်မိတယ်။ မြေနိမ့်ရာ လှံစိုက်ချင်ကြတဲ့ လူတွေ။အမှန်တရား မပေါ်သေးသရွေ့ ငပြုံးတို့ သားအမိရဲ့ ကံဇာတာတွေ မှေးမှိန်နေရဦးမှာပါ့လား။
ငပြုံး အံကြိတ်ထားမိတယ်။

” မရှိခိုးနိုး ၊ မလှစုန်းမျိုး ဆိုတဲ့စကား တယ်မှန်ပါ့လား လောကကြီးရယ်” လို့သာ အော်ပစ်လိုက်ချင်
တော့တယ်•••••••

*********************************************

” ပန်းကလေးရေ•••အေ ပန်းကလေး ”
” ညည်း ဘယ်သွားနေတာတုန်းအေ ”
” အမေ့ကို တစ်ယောက်ထဲ ထားခဲ့တာလားအေ့ ”
” အမေ့ဆီကို ပြန်လာခဲ့ပါတော့•••အီး ဟီိး ဟီး ”

မိပန်းမွှေးတစ်ယောက် စျေးထဲမှာ ဟိုပတ်ပြေး ဒီပတ်ပြေးနဲ့ တစ်စျေးလုံး နှံ့နေပြီ။ ပါးစပ်ကလည်း သူ့သမီး ပန်းကလေးကို အော်ခေါ်ရင်း ချုံးပွဲချငိုနေတယ်။
တစ်စျေးလုံး မိပန်းမွှေးကို ရှောင်နေရတယ်။
မိပန်းမွှေးလည်း ဒေါင်ချာစိုင်းနေရပါပြီ။ သူ့သမီး
ပန်းကလေးကတော့ ပေါ်လို့တောင် မလာပါဘူး။

” အေးဟယ်•••ပန်းကလေးကလည်း ဘယ်တွေ
လျှောက်သွားနေပါလိမ့် ”
” ဒီကလေးမလေးကလည်း ဒိုးအတိုင်းပါပဲအေ ”
” လက်ကမလွှတ်လိုက်နဲ့။ လွှတ်လိုက်သာနဲ့ လိမ့်တော့သာပဲ ”

မခင်စော နဲ့ မချိုရီ က တစ်ယောက်ကို တစ်ယောက်
ပြောကြရင်း မိပန်းမွှေးသားအမိကို ဝေဖန်နေကြ
တယ်။ ပြောသာ ပြောရတာပါ။ သူတို့တစ်စျေးလုံး
လည်း ပန်းကလေးကို ချစ်လိုက်ကြရတာမှ တုန်လို့။

ပန်းကလေးရဲ့ ကုသိုလ်ပဲပြောရမယ်ထင်တယ်။ အသားအရေက ဝင်းဖန့်နေပြီး မျက်လုံးဝိုင်းဝိုင်း မျက်တောင်ကော့ကော့လေးနဲ့ ချစ်စရာကောင်းလိုက်တာမှ။ နာမည်ကြည့်ပြန်တော့ အလှစားရယ်။
” ပန်းကလေး ” တဲ့ ။ သည်နာမည်တွင်ပုံကလည်း
မိပန်းမွှေးကြောင့်ရယ်။

စျေးထဲကလူတွေက ” ဟဲ့ မပန်းမွှေး ညည်းသမီးကို
နာမည် ပေးပြီးပြီလား။ ဘယ်သူတဲ့တုန်း” လို့ မေးကြ
တော့ မိပန်းမွှေးက

” နာမည်တော့ မရှိသေးပေါင်တော် ”
” ကျုပ်က ကလေးလေးလို့ပဲခေါ်သာ ”
” မိပန်းရဲ့ ကလေးလေးဆိုမှတော့ ပန်းကလေးပေါ့
တော်•••ဟီဟိ ”

” မိပန်းရဲ့ကလေး ပန်းကလေး ”
” မိပန်းကလေး ပန်းကလေး ”
” ဟေး•••ဟေး•••”

ကိုင်း အဲလို လျှောက်အော်ရင်းနဲ့ တွင်သွားတဲ့နာမည်ရယ်။မိပန်းမွှေး ကလေးမွေးတုန်းကလည်း မြို့ကခံ
တွေကပဲ ဝိုင်းခဲ့ဝန်းခဲ့ကြရတာပါ။ မခင်စောတို့ကတော့
ကိုယ်ဖိရင်ဖိပေါ့။ မွေးပြီးလို့ မီးထွက်ခင်ကတည်းက ကလေးကိုပွေ့ရင်း ဆေးရုံက ခိုးထွက်ပြီး စျေးထဲ
လည်ပြနေလို့ ဝိုင်းလှန့်ထားရတာရယ်။

” ညည်း အဲလိုသာ ကလေးကိုခေါ်ပြီး ကြပ်ကြပ်
အပြင်ထွက်နေပေါ့အေ”
” အပြင်က ဖုန်တွေဝင် ၊ နေပူမိပြီး နေမကောင်းဖြစ်လို့ကတော့ ငါတို့က ဂရုမစိုက်တော့ဘူး ”

အဲလိုပြောထားမှ အပြင်မထွက်တော့တာ။ ဆေးရုံက ဆင်းပြီးတော့လည်း အပြင်မထွက်တော့ဘူး။
စျေးထောင့်က ဇရပ်ကြီးပေါ်မှာပဲ ထိုင်နေတော့တာ။
အခုတော့လည်း ပန်းကလေးတောင် သုံးနှစ်စွန်းစွန်း
ရှိခဲ့ပြီလေ။

” ဟ ••• မိပန်းမွှေးရ ”
” ပန်းကလေးက ဒီမှာပါဟ ”
” ညည်းအစ်မ မိကေသီက စျေးသွားရင်း ပန်းကလေးကို တွေ့သာနဲ့ အိမ်ခေါ်လာသာတဲ့ ”

ဦးထွန်းခက ပန်းကလေးကို ပွေ့ချီလာရင်း မိပန်းမွှေးကို ပြောတော့ မိပန်းမွှေးက သူ့သမီးပန်းကလေးကို
ဇွတ်လုတော့သည်။ မိပန်းမွှေးမျက်လုံးတွေဆိုတာများ မီးတောက်နေသလား မှတ်ရတယ်။ဦးလေးထွန်းခကို စူးစူးဝါးဝါး ကြည့်ရင်း ပါးစပ်ကလည်း အော်ဟစ်ကြိမ်းမောင်းနေတယ်။

” ပေး ကျုပ်ကလေးကို ပြန်ပေး ”
” တော် ကျုပ်ကလေးကို ဘာလို့ ခိုးသွားသာတုန်း ”
” ကျုပ်ကလေးကို တော် ဘယ်တော့မှ မခေါ်နဲ့ ”
” ပန်းကလေး ပန်းကလေးရေ ”
” လာစမ်း အမေ့ဆီကိုလာစမ်းပါအေ့ ”

မိပန်းမွှေးရဲ့ အသံကြီးက တစ်စျေးလုံး ဟိန်းနေတယ်။ မိပန်းမွှေး အဲသလောက် ဒေါသထွက်နေတာ တစ်ခါမှ မမြင်ဖူးကြဘူးလေ။ မျက်လုံးအစုံဟာ မီးဝင်းဝင်းတောက်နေတယ်။ လက်တွေကလည်း ပန်းကလေးရဲ့ အင်္ကျီတွေကို လှန်လှောပြီး လျှောက်ကြည့်နေတယ်။

” တော် နောက်တစ်ခါ ကျုပ်ကလေးကို ခိုးရင် တော့်ကို အသေသတ်ပစ်မယ် ”

မိပန်းမွှေးရဲ့စကားတွေက ထူးဆန်းလိုက်တာ။ သူပြောနေတဲ့ ပုံစံက အရူးနဲ့တောင် မတူတော့ဘူး။ လူကောင်းပကတိလိုပါပဲ။ ဒါပေမယ့် တစ်စျေးလုံး ပတ်ပြေးပြီး ပန်းကလေးကို လိုက်ရှာထားတာမို့ ချွေးတွေသံတွေရွှဲနေသည်။ ဆံပင်တွေကပွယောင်းနေတယ်။ ဦးလေးထွန်းခကို ခပ်စိမ်းစိမ်းကြည့်ရင်း မျက်နှာကို ဖျတ်ခနဲလွှဲ
ပြီး ပန်းကလေးကို ပွေ့ချီရင်း စျေးထောင့်က ဇရပ်အို
ကြီးဆီ ထွက်ခွာသွားတော့တယ်။

မိပန်းမွှေးရဲ့ အပြုအပြောတွေက ထူးဆန်းလှချေရဲ့လို့သာ အောက်မေ့ကြရတော့တယ်။ မိပန်းမွှေးက
တော့ ဇရပ်အိုကြီးထက်မှာ ပုံပုံကြီးထိုင်လို့။ စောစောက အော်ဟစ်ထားတာဟာ သူပဲမဟုတ်တော့သလို။ အားလုံးကို မေ့သွားပြန်ပြီထင်ပါရဲ့။

ကောင်းတာပါပဲလေ။ တစ်ခါတလေမှာ သိခြင်းထက် မသိခြင်းက ကောင်းသလို၊ အောက်မေ့ခြင်းထက်
မေ့လျော့နေခြင်းက ချမ်းသာမှု တစ်မျိုးမဟုတ်လား။

*********************************************

” မိပန်းမွှေး ”
” ညည်း ဒေါ်ကြီးအိမ်ကို မလာပါနဲ့အေ ”
” အဟောင်းတွေကို အသစ်မဖြစ်ချင်ပါဘူးအေ့ ”
” ငါ့သား အရက်သမားကြီး ငပြုံးလည်း မရှိရှာတော့ပါဘူးအေ ”
” ညည်း ငါ့အိမ်လာရင်ကို လူတွေက မေးငေါ့နေချင်ကြတော့သာကလား ”

အရီးမယ်ရှင် မိပန်းမွှေးကိုသာ တွင်တွင် ပြန်လွှတ်နေတယ်။ဟုတ်လည်း ဟုတ်ပါတယ်။မြို့ထဲကလူ တော်
တော်များများက မိပန်းမွှေးရဲ့ ဗိုက်ပြဿနာကတည်း က အရီးမယ်ရှင်တို့ကို ဝိုင်းကြဉ်ထားကြတော့တာ သုံးလေးနှစ်ရှိခဲ့ပြီလေ။မသိမသာ တစ်မျိုး ၊ သိသိသာသာ တစ်ဖုံပေါ့လေ။

အခုတော့ သူတို့မုန်းတီး ရွံရှာလှတဲ့ ငပြုံးလည်း မရှိရှာတော့ပါဘူး။ နဂိုကတည်းက အသောက်အစားမက်တဲ့ ငပြုံးက အဲဒီပြဿနာဖြစ်ပြီးတဲ့နောက်ပိုင်း အရက်အိုးထဲ ကျွမ်းမထိုးရုံတစ်မယ်ရယ်။ သောက်လိုက်တာမှ လူမှန်းသူမှန်းကို မသိတော့လောက်အောင်ပါ။
အခုတော့လည်း သူပေတေခဲ့သမျှ သူပဲဒဏ်ခံသွားခဲ့ရရှာပါပြီ။ အသောက်ဖက်ရာကနေ လုံးပါးပါးခဲ့ရပါပကော။

” ဒေါ်ကြီးကလည်း•••ကျုပ်က ဒေါ်ကြီးအိမ် မလာလို့ ဘယ်လာရမတုန်းတော့် ”
” ဗိုက်ဆာသာတော်။ ဘာစားစရာ ရှိတုန်း ”

မိပန်းမွှေးရဲ့ စကားက နောက်ကျနေသည်။ လူက မီးဖိုချောင်ထဲ ရောက်နေပေါ့။ အိုးခွက်တွေကို ဂလုံးဂလွပ် လှန်လှောရင်း စားနေလိုက်တာမှ အားပါးတရ။

ဒေါ်ကြီးမယ်ရှင် မျက်ရည်ကျမိတယ်။ ဘယ်ကမှန်းမသိတဲ့ သူရူးမကိုမှ သံယောဇဉ်ပိုနေရတယ်။ တစ်ဖက်ကတွေးပြန်တော့လည်း မိပန်းမွှေးကြောင့် သူတို့သားအမိ မျက်နှာတောင် မဖော်ဝံ့လောက်အောင်
ဖြစ်ခဲ့ရပြီ။

အရီးမယ်ရှင်ကတော့ အဲဒီကိစ္စနဲ့ပတ်သက်လို့ ငပြုံး
ကြီးကို ယုံပါ့။ ငပြုံးဟာ အသောက်အစားမက်ပေမယ့်
ဒီလိုမျိုး ယုတ်မာတဲ့အလုပ်ကို လုပ်မှာမဟုတ်ဘူးဆိုတာ အရီးမယ်ရှင် အလိုလိုသိနေတယ်။ မိပန်းမွှေးကို ချော့မော့ပြီး မေးပြန်တော့လည်း ရေရာသေချာတဲ့အဖြေရယ်လို့ မကြားခဲ့ရပေါင်။

” ကျုပ်လည်း မသိပေါင်•••ဒေါ်ကြီးရယ် ” ဆိုတာ
လောက်နဲ့ ပြီးခဲ့ရတာပဲ မဟုတ်လား။

ဒါပေမယ့် ဘယ့်နှယ့်နေနေပါ။ မိပန်းမွှေးအပေါ်ကို
တော့ အရီးမယ်ရှင် သဒ္ဓါမပျက်ခဲ့ပါဘူး။ ငပြုံး မရှိ
တော့ကတည်းက တစ်ကိုယ်ရေတစ်ကာယမို့ တွယ်တာစရာရယ်လို့ မရှိလေတော့ မိပန်းမွှေးအပေါ်မှာ
ပိုလို့တောင် တွယ်တာခဲ့ရပြန်တာပါပဲ။

” ဒေါ်ကြီး ကျုပ်သွားတော့မယ် ”
မိပန်းမွှေးက ဆေးထားတဲ့လက်ကို လုံချည်နဲ့ သုတ်ရင်း လိမ့်နေအောင် ထွက်သွားပေါ့။ ပန်းကလေးကတော့ စျေးထဲက ခင်စောတို့ဆိုင်နားတခိုမှာပဲ ဖြစ်မှာပါ။

အရီးမယ်ရှင် သက်ပြင်းသာ ချနိုင်တော့တယ်။
မိပန်းမွှေးရဲ့ ရှိသမျှသော ဝဋ်ကြွေးတွေ ကျေပါစေ
တော့လို့သာ ဆုတောင်းမိတယ်။ ဒါပေမယ့် အရီးမယ်ရှင့်ဘဝကလည်း ထူးတော့ မထူးပါဘူးလေ။

တစ်ခါတစ်ခါတော့လည်း အရီးမယ်ရှင့်ရင်ထဲမှာ နာမိတယ်။
“မြေနိမ့်တော့လည်း လှံစိုက်ခံရတာ လောကသဘာဝ
ကြီး တစ်ခုလေလား ” လို့တောင် တွေးမိပါရဲ့။

*********************************************

” မပန်းမွှေးရေ ”
” အဲဒီ ကွမ်းခြင်းကြီးကို စျေးအနောက်ဘက်က ငစန်း ရဲ့ ထော်လာဂျီပေါ် သွားတင်ပေးစမ်းပါရဲ့အေ ”

မခင်စော မပန်းမွှေးကို ခိုင်းလိုက်တယ်။ ဒီနေ့စျေးနေ့လေ။ နယ်စျေးဆိုပေမယ့် ငါးရက်တစ်စျေး သတ်မှတ်ထားတဲ့ ရေသာစျေးလေးဟာ စျေးနေ့ရောက်တိုင်း
ကြက်ပျံမကျ စည်ကားလှတယ်။ အဝေးပြေးလမ်းမ
ကြီးရဲ့ ဘေးမှာ တည်ထားတဲ့ မြို့ကလေးဆိုတော့ သူ့အရပ်နဲ့ သူ့ဇာတ်နဲ့ ဆိုသလိုပါပဲ။ ဝယ်သူခြမ်းသူဆိုတာ ပေါမှပေါ။

စျေးနေ့ဆိုရင် မခင်စောတို့မှာ လက်မလည်နိုင်အောင် ရောင်းရတာရယ်။ မခင်စောမှ မဟုတ်ပါဘူး။
စျေးသည်တိုင်း ရောင်းကောင်းကြတာပါ။ ရေသာ
မြို့ကလေးနဲ့ အနီးအနားရွာတွေကလည်း ရွာထွက် သီးနှံတွေ ၊ ထင်းတွေ ရောင်းဖို့လာကြရင်း ဝယ်ကြ
ခြမ်းကြတာရယ်လေ။

စျေးနေ့ရောက်ပြီဆို စျေးသည် စျေးဝယ်ဆိုတာ
ခြေချင်းလိမ်နေတာပါပဲ။ ချိန်ကြ တွယ်ကြ ၊
ရောင်းကြ ဝယ်ကြရင်း အသက်ဝင်နေတဲ့ ရေသာစျေး ကလေးရယ်ပါ။ ငြင်းခုံသံတွေ ရန်ဖြစ်သံတွေလည်း
မကြားချင်မှအဆုံး။

မိပန်းမွှေးကတော့ ကွမ်းခြင်းကြီးကို ခါးစောင်းတင်ပြီး စျေးရဲ့အနောက် တံခါးဆီကို သွားပြီ။

” ဟဲ့ ကန်းကလေး ”
” ညည်း ဘယ်မှ လျှောက်မသွားနဲ့နော် ”
” ဒီကနေ့တော့ ညည်းကို ကြည့်နိုင်မှာ မဟုတ်ဘူး ”

မခင်စောက စျေးရောင်းနေရင်း ပန်းကလေးကို အော်ရပြန်တယ်။ တစ်ဖက်ကလည်း စျေးဝယ်သူ မေးတာကို ဖြေရဆိုတော့ တကယ့်ကို မအားနိုင်ပါဘူး။

” ဟယ်တော် ”
” ဒီကလေးမနှယ်•••ပြောရင်းဆိုရင်းကို ထွက်ပြေးသွားပြန်ပေါ့ ”
” ငါ့နှယ့်တော်•••မအားလို့သာရယ် ”
” လိုက်ရိုက်ပစ်လိုက်ချင်စမ်းရဲ့ ”

ပန်းကလေးကလည်း ပန်းကလေးပဲ။ မခင်စောအော်ဟစ်နေတဲ့ကြားထဲက ပြေးထွက်သွားတယ်။ တကယ့်ကို စျေးဂျိုး(ချိုး) ဖြစ်နေတော့တာ။
လည်လိုက်သာမှ မွှတ်လို့။ မခင်စောကလည်း မအားတဲ့ကြားက မှတ်ချက်ပေးဖြစ်အောင် ပေးလိုက်သေးတာ။

” တကတည်းမှတော် ”
” ဖျပ်ဖျပ်ကို လူးနေသာပဲ ”

*********************************************

” သုံးလူ့အရှင် သာကီအပါးမှာလာ့×××
နှုန်းတုမမြင် ×××ပါရမီများစေဖို့×××
သဒ္ဓါတည်ပွားလို့×××ဦးညွတ်ဆင်××××
သြော် သာကီဖွားမို့×××မယ့်ထွတ်တင်××”

စျေးအရှေ့ဘက် လမ်းရဲ့ဘေးမှာ ရုပ်သေးစင်ကလေးတစ်စင် ရောက်နေတယ်။ စင်ထက်မှာတော့ ရုပ်သေးရုပ်ကလေးတွေက ခေါင်းတခါခါ လည်တလှုပ်
လှုပ်နဲ့ ကပြ အသုံးတော်ခံနေကြရှာတယ်။
ဝေဿန္တရာ ဇာတ်ထုပ်ကို ခင်းနေတာရယ်ပါ။ မဒ္ဒီဒေဝီရဲ့ သောကတွေကို ငိုချင်းနဲ့တကွ ဆိုညည်းပြနေတဲ့
ရုပ်သေးကြိုးဆွဲဆရာကြီးရဲ့ အသံက ပရိတ်သတ်ကြီးကို ငြိမ်ကျသွားစေတယ်။

ပန်းကလေး လူအုပ်ကြီးကြားထဲ တိုးဝင်လိုက်တယ်။ ကလေးဆိုတော့ ဘာရယ်ညာရယ် မသိပါဘူး။ လူများများ အုံနေရာကို သွားပြီးစူးစမ်းတတ်တာကလား။ ရှေ့မှာရှိနေတဲ့ လူအုပ်ကြီးကြားထဲကို ငုံ့ကာ ရှိုးကာ တိုးကာ ဝင်လိုက်တယ်။

ကလေးပီပီ ငိုချင်းလွမ်းချင်းတွေကို နားမလည်ရှာပေမယ့် အရုပ်ကလေးတွေလှုပ်ရှားကပြနေတာမြင်တော့ ပန်းကလေး သဘောတွေတောင်ကျနေမိတယ်။

” အမေ့သည်းချာ ရင်စုံနှစ်ခြမ်းကိုမှ××××
မတွေ့ကွဲကွာ×××မမြင်ပုံဆန်းလေတော့×××
ရင်တုန်နွမ်းရပြီပါ့ ***မယ်မဒ္ဒီခင်×××
အရှင် မကြင်နာ၍ ×××စွန့်တော့သလား××××”

ရုပ်သေးဆရာကြီးရဲ့ အသံက လွမ်းမောဖွယ်ကောင်းလိုက်ပါဘိ။ မဒ္ဒီဒေဝီရဲ့ သောကတွေဟာ ဆရာကြီးရဲ့ ငိုချင်းနဲ့အတူ အသက်ဝင်လွန်းလှပါတယ်။တချို့သူ
တွေဟာ မျက်ရည်များပင် ဝဲလို့။

” ပန်းကလေးရေ•••အေ•••ပန်းကလေး ”
” ညည်း ဘယ်မတုန်းအေ ”
” အမေ့ကို ထားခဲ့ပြန်ပေါ့လား ”
” အမေ့ဆီကို ပြန်လာခဲ့ပါတော့အေ့••ဟီး အီး ဟီး ”

မဒ္ဒီဒေဝီရဲ့ သောကနဲ့ အပြိုင်ပါပဲ။ မိပန်းမွှေးရဲ့ သမီး
ပျောက်ရှာပုံတော်ဖွင့်နေတဲ့ ငိုချင်းကလည်း ရေသာ
စျေးထဲမှာ မြိုင်လွန်းလှချေရဲ့။

ပန်းကလေးက သူအမေမိပန်းမွှေးရဲ့အသံကို ကြားသွားပုံရတယ်။ လူအုပ်ထဲက တိုးထွက်လာတယ်။
အရှေ့စျေးပေါက်ဝမှာ မအေကိုမြင်တော့ အော်ခေါ်
ရင်း မအေရှိရာကို ပြေးလေတော့တယ်။

ရုပ်သေးစင်နဲ့ စျေးက လမ်းမကြီးခြားနေတာရယ်။
မိပန်းမွှေးကလည်း ပန်းကလေးကို မြင်တော့မှ
ဝမ်းပန်းတသာ အော်ခေါ်တော့တယ်။

” ပန်းကလေး•••မိန်းကလေး•••”
” ညည်း ဘယ်သွားနေသတုန်းအေ ”
” ပြေးခဲ့ အမေ့ဆီ ပြေးခဲ့ ”

မိပန်းမွှေးက ခုန်ပေါက်နေရင်း ပါးစပ်ကလည်း အသံကုန်ဟစ်နေတော့တာ။ ပန်းကလေးလည်း မအေဆီ
ပြေးလာတယ်။လမ်းကို ဖြတ်အကူးမှာတော့

” ကျွီ ••••• ဒုန်း ••••”
” ဟာ ”
” ဟယ် ”
” ပန်းကလေး •••• ”
” သမီး•••• ”

“လိုက်ကြဟေ့ ကားသမား မောင်းပြေးပြီဟေ့ ”
” နီးရာ ဆိုင်ကယ်ဆွဲပြီး လိုက်ကြစမ်းပါဟ ”
” ရက်စက်လိုက်သာတော် ”
” တာဝန်မဲ့လှချေလား ”

ရုပ်သေးစင်ကြီးက အသံတွေ တိတ်သွားပြီ။ပရိသတ်
ကြီးလည်း ကွဲသွားပြီ။ အားလုံးဟာ ပန်းကလေးရဲ့
ဘေးမှာ ဝိုင်းလို့ အုံလို့။ ပန်းကလေးကတော့ လမ်းမ
ကြီးပေါ်မှာ လဲလျောင်းနေတယ်။

မဟူရာရောင် ကတ္တရာလမ်းမကြီးပေါ်မှာ ရဲရဲနီနေတဲ့
သွေးတွေဟာ မြင်မကောင်းလောက်အောင်ပါပဲ။ သည် အနိဋ္ဌာရုံ မြင်ကွင်းကို အားလုံးက ရင်နာစွာနဲ့
ကြည့်နေရချေပြီ။

” မိပန်းမွှေး ”
” မိပန်းမွှေး ဘယ်ရောက်သွားတုန်း ”
” မိပန်းမွှေး ဘယ်မတုန်းဟဲ့ ”

မိပန်းမွှေး မရှိတော့ပြီ။ မိပန်းမွှေး ဘယ်ကိုများ ရောက်သွားပါလိမ့်။ အားလုံးက ပန်းကလေး ကို ဂရုစိုက်နေ
ကြတဲ့အချိန်မှာ မိပန်းမွှေးတစ်ယောက် ပျောက်ခြင်းမလှ ပျောက်သွားခဲ့ပြီ။

” သူ ကားနောက်ကိုများ လိုက်သလား မသိဘူး ”

” ဟုတ်လောက်တယ်။ ကားနောက်ကို ပြေးလိုက်တာပဲ ဖြစ်မယ် ”

အားလုံးဟာ သုံးသပ်ချက်တွေနဲ့ ဒွိဟဖြစ်နေကြရပြီ။ ရှာသူတွေလည်း ရှာကြလို့ပါ။ ပန်းကလေးရဲ့
အလောင်းကိုတော့ စျေးထောင့်က ဇရပ်အိုကြီးပေါ်မှာ ပြင်ထားတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ
လည်း ဆောင်ရွက်စရာရှိတာတွေကို ဆောင်ရွက်နေ
ကြတယ်။

ရုပ်သေးစင်ကြီးလည်း သိမ်းသွားခဲ့ပြီ။ ပန်းကလေး
လည်း ကြွေလွင့်သွားရှာလေပြီ။ ရုပ်သေးဆရာကြီးကတော့ သူ့သေတ္တာကြီးကိုထမ်းရင်း တရွေ့ရွေ့နဲ့
အားလုံးကို ကျောခိုင်းထွက်ခွာသွားပါပြီ။ သူ့နှုတ်ဖျားက ထွက်ကျလာတဲ့ ငိုချင်းရှည်ကြီးကတော့ မဆုံးသေးဘူး။ရေသာ စျေးကလေးရဲ့ အနီးမှာ လွင့်ပြန့်နေခဲ့
တယ်။

*********************************************

မိပန်းမွှေးပျောက်နေခဲ့တာ ကြာပါပြီ။ တိုက်ဆိုင်မှုရှိတဲ့အခါ အမှတ်ရရုံကလွဲပြီး ရေသာမြို့လေးတစ်မြို့လုံး မိပန်းမွှေးကို မေ့တောင်နေကြပေါ့။ မမေ့လို့လည်း ရှိရိုးလား။ တစ်နှစ်စွန်းလို့ နှစ်နှစ်တောင် လုံးတော့မယ်လေ။

မိပန်းမွှေး ပျောက်သွားကာစကတော့ ရေသာစျေးကြီးတစ်ခုလုံးဟာ ခြောက်ကပ်နေသလိုတောင် ထင်ရ
တယ်။ ပန်းကလေးရဲ့ တွတ်တီးတွတ်တာအသံလေးတွေ၊ ခုန်ခုန်လွှားလွှားအမူအရာလေးတွေကိုလည်း
လွမ်းနေခဲ့ကြရတာပါ။ မခင်စောနဲ့ မချိုရီကတော့ ခံစားရဆုံးပါပဲ။ သူတို့လက်ထဲမွေးပြီး သူတို့ ကျွေးမွေးခဲ့ရတဲ့ ပန်းကလေးကို သူတို့မစွဲပဲ နေပါ့မလား။

ပန်းကလေးကို မြေချပြီးကာစက မခင်စောဖြင့် စျေး
တောင် မထွက်နိုင်ရှာဘူး။ တစ်ပတ်လောက်နေမှ
စျေးပြန်ထွက်နိုင်တယ်။ ဒါတောင် စျေးထဲမှာ ပန်းက
လေးရဲ့ အရိပ်အယောင်တွေကိုပဲ မြင်နေမိတာ။

အခုတော့လည်း ရေသာစျေးကြီးတစ်ခုလုံးဟာ ဟိုးအရင် မိပန်းမွှေးတို့ မရောက်ခင်တုန်းကလိုပဲ စည်ကား
နေမြဲပါ။ ကွက်လပ်ကလေး နှစ်ခု လပ်သွားတာက လွဲလို့ပေါ့လေ။

” ချိုရီရယ်•••”
” ငါဖြင့် ဒီနေ့မှ ထူးထူးခြားခြားအေ”
” မပန်းမွှေးတို့ သားအမိကို သတိရလိုက်သာဟဲ့ ”

မခင်စော စျေးရောင်းနေရင်း မချိုရီကို လှမ်းပြော
လိုက်တယ်။ဆိုင်မတူပေမယ့် ဆိုင်ခန်းချင်းကပ်လျက်
ဆိုတော့ ပြောသမျှက အတိုင်းသား ကြားနေရတာပါ။
မခင်စော ရင်ထဲ တကယ်ကို သတိရနေမိတယ်။

မိပန်းမွှေးရဲ့စိတ်က အများသူငါလို ပုံမှန်မဟုတ်ပေ
မယ့် ပျောက်ကွယ်သွားချိန်အထိ မိခင်စိတ်အပြည့်ရှိပါတယ်ဆိုတဲ့အကြောင်း သက်သေပြသွားရှာတယ်။ သူ့ခမျာ သမီးရဲ့ အသုဘကိုတောင် တွေ့မြင်မသွားရှာနိုင်ဘူးလေ။

” ခင်စောရယ်•••”
” ညည်းမှလားအေ”
” ငါလည်း တစ်ခါတစ်ခါ အိပ်မက်တွေတောင် မက်ပါသယ်အေ ”

မချိုရီက စကားပြန်လိုက်တယ်။ မပန်းမွှေးတစ်ယောက် သောလေလား ရှင်လေလား။ ဘာသတင်းမှ
မကြားရဘဲ ပျောက်ကွယ်သွားပုံကတော့ ပဟေဠိဆန်လွန်းလှတယ်။

” မခင်စော••••”
” မချိုရီ•••”

မခင်စောနဲ့ မချိုရီတို့ စကားပြောနေကြရင်း သူတို့နာမည်ကို ခေါ်တဲ့အသံကြားလိုက်တယ်။ ဒီအသံကို သူတို့ ရင်းရင်းနီးနီး သိခဲ့ဖူးတာပါ။ သူတို့ရဲ့ ဦးခေါင်းတွေက မတိုင်ပင်ရပါဘဲနဲ့ အသံကြားရာဆီကို ပြိုင်တူ ကြည့်လိုက်ကြတယ်။

” ဟယ်•••မပန်းမွှေး••••”

ဟုတ်ပါတယ် မပန်းမွှေးပါ။ မပန်းမွှေးမှ မပန်းမွှေး
အစစ်ပါတော်။ မပန်းမွှေးမျက်နှာကြီးကို ပြုံးလို့။ မခင်စောတို့ကို ကြည့်နေလိုက်တဲ့အကြည့်တွေက ရွှန်းရွှန်းစားစားနိုင်လိုက်တာ။ အနက်အဓိပ္ပါယ်ပြည့်နေတဲ့ မျက်ဝန်းတွေဆီမှာ မေတ္တာတရားတွေက အရောင်လက်နေကြတယ်။

” မပန်းမွှေး ”
” ဟောဒီမှာ မပန်းမွှေးကြီးဟေ့ ”
” မပန်းမွှေး ပြန်လာပြီဟဲ့ ”

မခင်စော လက်ထဲက ချိန်ခွင်တွေ ပစ္စည်းတွေကို လွှတ်ချတဲ့ပြီး မပန်းမွှေးရှိရာကို ဆင်းပြေးလေသည်။ မချိုရီကရော ဘာထူးတုန်း။ ဒူးဆစ်လောက်အမြင့်ရှိတဲ့ စျေးဆိုင်ဆိုင်ပေါ်ကနေ ခုန်ဆင်းတဲ့ပြီး မပန်းမွှေးကို ပြေး
ဖက်ပစ်လိုက်တယ်။

” မပန်းမွှေး ”
” ညည်းနှယ်အေ ”
” ဘယ့်နှယ့်တွေတောင် ပျောက်သွားရသာတုန်း ”

တစ်စျေးလုံး အုန်းအုန်းကျွက်ကျွက် ဖြစ်သွားသည်။ မပန်းမွှေးကို တွေ့လိုကြသလို မပန်းမွှေးရဲ့ အကြောင်းတွေကိုလည်း ဖြစ်ကြောင်းကုန်စင် သိချင်လှတာကိုး။

မခင်စောနဲ့ မချိုရီတို့ကတော့ စျေးဆိုင်ပစ်ပြီးထားခဲ့ကြတယ်။ မပန်းမွှေးကို အိမ်ခေါ်သွားကြပြီ။ ဝမ်းသာနေ
ကြတယ်။ ဝမ်းမသာလို့ နေရိုးလား။ မပန်းမွှေးက သူတို့နဲ့ အနေနီးခဲ့ဆုံးလေ။ လက်တိုလက်တောင်း ကူဖော်လောင်ဖက်ကြီးဆိုလည်း မမှားသလို ၊ သူတို့စောင့်ရှောက် ကျွေးမွေးခဲ့ရတဲ့ သွေးမတော်သော ဆွေမျိုးလို ဖြစ်ခဲ့ရတာလေ။ အခုတော့ အရင်တုန်းက မပန်း
မွှေး မဟုတ်တော့ပြီလေ။ တကယ့်ကို တည်ငြိမ်တဲ့
မပန်းမွှေးကြီး ဖြစ်နေပါပြီ။

သြော် သံယောဇဉ်များ ဆန်းကြယ်လွန်းလှပါတယ်။
ရေစက်ပါတော့ ဆုံကြရသလို ၊ ရေစက်ကုန်တော့လည်း ခွဲကြရတာပါ။ ဒါပေမယ့် မပန်းမွှေးနဲ့ ရေသာ
မြို့ကလေးရဲ့ ရေစက်ကတော့ မကုန်နိုင်သေးရော့လေသလား•••••

********************************************

” ကျုပ် ကားနောက်ကို ပြေးလိုက်သွားသာပါ ”
” မီနိုင်တယ် မမီနိုင်ဘူးဆိုတဲ့ အသိ ဘယ်ရှိလိမ့်မတုန်းတော် ”
” ကျုပ်ညီမတွေ ပြန်ပြောပြသာကတော့ ပန်းကလေးကို တိုက်သွားတဲ့ကားလည်း သူ့ဟာသူ ကြောက်အားလန့်အားနဲ့ မောင်းရင်း မှောက်သွားတယ်ပြောသာပါပဲ”

မိပန်းမွှေး ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။ အတိတ်ဆိုးတွေဟာ ကြည်နူးစရာ မကောင်းခဲ့ပေမယ့် မိပန်း
မွှေး မေ့လို့ မရခဲ့ပါဘူး။ အခုတော့ တစ်လျှောက်လုံး အမှောင်ကျခဲ့ရတဲ့ မိပန်းမွှေးဘဝ အလင်းရောင် ရခဲ့ပါပြီလေ။ အားလုံးဟာ မိပန်းမွှေးရဲ့ အဖြစ်အပျက်တွေအပေါ်မှာ နစ်မျောနေကြတယ်။

အဖြစ်အပျက်တွေဟာ မယုံနိုင်လောက်အောင် စိတ်ကူးယဉ်ဆန်ပေမယ့် မိပန်းမွှေးကတော့ တကယ့်ကို နဖူးတွေ့ ဒူးတွေ့ ကြုံခဲ့ရတာ မဟုတ်လား။

” ကျုပ်လည်း ကားနောက် ပြေးလိုက်နေပေမယ့်
ဘယ်မီပါ့မတုန်းတော်”
” မသိစိတ်က ဇောကြောင့်သာ လိုက်နေသာကိုး ”
” ကျုပ်လည်း မောလွန်းလို့ လဲကျရာကနေ ဘာကိုမှ မသိတော့ဘူး။ သတိလစ်သွားခဲ့တာ ”
” နီးစပ်ရာ လူတွေက ဆေးရုံတင်ပေးကြ၊ ဆက်သွယ်
ပေးကြရင်း ကျုပ်မိသားစုနဲ့ ပြန်ဆုံခဲ့ရသာပါပဲတော် ”

အားလုံးဟာ ရင်တမမဖြစ်ကြရတယ်။ တကယ့်ကို လောကဓံရဲ့ ရိုက်နှက်ထုထောင်းမှုတွေကို အလူးအလဲခံခဲ့ရတဲ့ မိပန်းမွှေးပါလားရယ်လို့ စုတ်တသပ်သပ် ဖြစ်
ကြရတယ်။

မခင်စောတို့အိမ်မှာ လူတွေဆုံလိုက်တာမှ ပြုံအုံနေ
တယ်။

” အေ မိပန်းမွှေး ”
” သူတော်ကောင်းမကြီးရဲ့ ”
” မေတ္တာရှင်မကြီးရဲ့ ”
” အခုတော့ ညည်း ရေသာကို ပြန်ရောက်လာပလားအေ့ ”

မခင်စောတို့ဝိုင်းထဲကို အရီးမယ်ရှင်ဝင်လာတယ်။
မိပန်းမွှေး အရီးမယ်ရှင်ကို မြင်လိုက်ပြီ။ အရီးမယ်ရှင်
ကြီး အိုသွားလိုက်တာ။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က
ထက်ကို ပိုပြီးကျသွားရှာပြီကော။ အင်းပေါ့လေ။ ဇရာရဲ့ ဖိစီးမှုတွေပါသလို စိတ်ထောင်းတော့လည်း ကိုယ်ကြေခဲ့ရရှာမှာပေါ့။

မိပန်းမွှေး အရီးမယ်ရှင့်ကို ဆီးကြိုပွေ့ဖက်ထားမိတယ်။ မိပန်းမွှေးရဲ့ ကျေးဇူးရှင် ၊ ကယ်တင်ရှင်ကြီးတွေ မဟုတ်လား။ စိတ်ဝေဒနာသည် မိပန်းမွှေးကို ကျွေး
မွေးစောင့်ရှောက်ခဲ့ကြသူကြီးတွေပါ။

အဲဒီကျေးဇူးတရားတွေကို အောက်မေ့လို့လည်း ရေသာမြို့ကလေးကို မိပန်းမွှေးပြန်ခဲ့တာပါ။ မိပန်းမွှေးရဲ့ အသိစိတ်တွေ ပုံမှန်ဖြစ်သွားကတည်းက ညီမတွေရဲ့ အပြောနဲ့ ရေသာမြို့ကို သွားချင်ခဲ့တာ။ အခုတော့ အားလုံးနဲ့ တွေ့ခွင့်ရလေပြီ။

” မိပန်းမွှေးရင်ထဲ နွေးလိုက်သာတော် ”
” မိပန်းမွှေးအပေါ်ထားတဲ့ ရေသာမြို့သူ မြို့သားတို့ရဲ့ မေတ္တာတွေက အခုထက်ထိ နွေးထွေးနေဆဲပါပဲလား ”

*********************************************

” ပြန်ပေဦးတော့ မိပန်းမွှေးရေ ”
” ပြန်ပေဦးတော့တော် ”
” ညည်းအမှတ်ရတိုင်း ရေသာကို လာလည်ပါအေ ”
” ရေသာမြို့က ညည်းအတွက် တံခါးမရှိ ဓားမရှိပါပဲအေ့ ”

အရီးမယ်ရှင် နှုတ်ဆက်လိုက်တယ်။ မိပန်းမွှေးရဲ့ ဘေးမှာ စျေးသူစျေးသားတွေရော ၊ မြို့ခံတော်တော်များများပါ စုနေကြတယ်။

မိပန်းမွှေး ရေသာမြို့ကလေးမှာ နှစ်ပတ်လောက်ကြာအောင် နေခဲ့ပါတယ်။ အခုတော့လည်း ပြန်ရပေတော့မပေါ့။ အသိုက်ကို သတိမရခင်က ရေသာဆိုတဲ့ ဝပ်ကျင်းကြီးထဲမှာ အားလုံးရဲ့ရင်ငွေ့နဲ့ မိပန်းမွှေး နွေးခဲ့ရတာပါ။ အခုတော့လည်း ကိုင်းဖျားကိုကန် ပျံလေတဲ့ငှက်ခါးလို့များ မချိတင်ကဲ ဆိုချင်ကြရှာမလားတော်။

မခင်စော မိပန်းမွှေးနားကို ကပ်လာတယ်။ နှစ်ကိုယ်
ကြား တီးတိုးစကားဆိုလိုက်တယ်။

” မပန်းမွှေး ”
” ငါတို့စိတ်ထဲမှာ မရှင်းနေသာ တစ်ခုရှိတယ် ”
” ညည်းကို စော်ကားခဲ့သာ ဘယ်သူတုန်း ”
” ငပြုံးလား ”

မခင်စောရဲ့ မေးခွန်းအဆုံးမှာ မိပန်းမွှေးရဲ့ မျက်လုံးတွေ ရီဝေသွားတယ်။မိပန်းမွှေး မဖြေချင်ဆုံး မေးခွန်းပါပဲ။

” မသိချင်ပါနဲ့တော့ မခင်စောရယ် ”
” အားလုံးဟာ ပြီးဆုံးသွားခဲ့ပါပြီ ”
” သူလည်း သူဘဝနဲ့သူ ရှိပါစေတော့တော် ”
” ကျုပ် မပြောပါရစေနဲ့တော့ ”
” သေချာသာကတော့ ငပြုံးမဟုတ်ပါဘူးတော် ”

မိပန်းမွှေး ကားပေါ်တက်သွားပြီ။ အားလုံးကို ပြန်
လှည့်မကြည့်ဖြစ်တော့ပါဘူး။ အားလုံးရဲ့ မျက်ဝန်းတွေဟာ စွတ်စိုနေမယ်ဆိုတာ မကြည့်လည်း မြင်နေမိတယ်။

” မပန်းမွှေးရေ ”
” ညည်း နောက်လည်း လာလည်ပေါ့အေဟဲ့ ”

မချိုရီနှုတ်ဆက်နေစဉ်မှာပဲ မိပန်းမွှေးစီးမယ့် ကားကြီးဟာ တရွေ့ရွေ့နဲ့ ထွက်ခွာသွားခဲ့ပါပြီ။ရွေ့နေတဲ့ ကား
ကြီးပေါ်မှာ မိပန်းမွှေးပါသွားလေပြီ။ ခရီးဆုံးရင်တော့ မိပန်းမွှေးအိမ်ကို ပြန်ရောက်ရတော့မယ်။

ဒါပေမယ့် မိပန်းမွှေးတို့ အားလုံးစီးနေခဲ့ကြတဲ့ သံသရာ ယာဉ်ရထားကြီးကတော့ဖြင့် အတိမ်းအ
စောင်းတွေ ၊ အတိုင်အလှည့်တွေ၊ အမြှုပ်အဖော်တွေနဲ့ ခရီးဆက်ရင်း ဘယ်တော့များမှ ခရီးဆုံးမယ်ဆိုတာ ဘယ်သူကများ သိနိုင်ပါ့မတုန်းလေ••••••

စာရေးသူ ဆရာ လင်းရောင်နီ(စဘေ)👸
21th Jan , 2020