မိုးသည်းည (စ-ဆုံး)
(ကြောက်တတ်သူများ ညဘက်လန့်တတ်သူများ မဖတ်ပါနှင့်)
၁၉၉၆ ခုနှစ်၊ သြဂုတ်လ (၅)ရက်။
ညီမငယ်ဖုန်းဆက်သဖြင့် ဖြူသီကျော် အိမ်သို့ ကားဖြင့်ပြန်လာခဲ့လေသည်။ ကားကိုအိမ်ရှေ့တွင်ရပ်လိုက်ပြီးနောက် အိမ်ထဲသို့ တစ်ဟုန်ထိုးပြေးဝင်သွားလေသည်။ အိမ်ပေါက်ဝတွင် ညီမဖြစ်သူ ဖြူခိုင်ကျော်က မတ်တပ်ရပ်စောင့်နေသည်။
“အဆင်သင့်ဖြစ်ပြီလား” ဖြူသီကျော်က ညီမကို မေးလိုက်သည်။
“ညီမကတော့ အဆင်သင့်ဖြစ်ပြီ ဒါပေမယ့် ဒရိုင်ဘာဦးမောင်က ကားမောင်းလို့မဖြစ်ဘူး ဒီနေ့ခွင့်ယူထားတယ်” ဖြူသီကျော် ထိုစကားကို ကြားတော့ မျက်မှောင်ကြုတ်လိုက်ပြီး။
“သူ့ကို အကျိုးအကြောင်းပြောကြည့်ပေါ့”
“ပြောပြီးပြီ သူက ညနေက အရက်ဝိုင်းကောင်းလို့ သောက်ထားလို့ ကားမောင်းမရဘူးလို့ ပြောတယ်”
“တောက်” ဖြူသီကျော် တောက်တစ်ချက်ခေါက်လိုက်သည်။
“ကောင်းပြီလေ ဒါဆို တို့တွေပဲ သွားကြတာပေါ့” ဖြူသီကျော်က ပြောလိုက်သည်။
“မန္တလေးလောက်တော့ ငါအမြဲတမ်းမောင်းနေကြပဲ ဟိုဖက်ကျရင်တော့အခက်အခဲ မရှိတော့ပါဘူး”ဖြူသီကျော်က ပြောဆိုလိုက်ပြီးနောက် ဆလွန်းကားလေးပေါ်သို့ ညီအမနှစ်ယောက် တက်လိုက်ကြသည်။ အထုပ်အပိုးများများစားစားမပါ။ ကားစက်နှိုးပြီးနောက် အိမ်မှ ထွက်လာခဲ့ကြလေသည်။
ဖြူသီကျော်နှင့် ဖြူခိုင်ကျော်၊ ဖြူသီကျော်မှာ အသက် ၃၀ ဖြစ်ပြီး ညီမဖြစ်သူ ဖြူခိုင်ကျော်မှာ အသက် ၂၅ နှစ်ဖြစ်သည်။ သူမတို့ သည် လားရှိုးမြို့တွင် သစ်သီးပွဲရုံလုပ်ငန်းကို လုပ်ကိုင်ကြသည်။ မြန်မာနိုင်ငံထွက် သစ်သီးများကို တရုတ်နိုင်ငံသို့ ကုန်းလမ်းမှ တင်ပို့ကြသည်။ ဖြူသီကျော်မှာ အသားဖြူသဖြင့် မဖြူဟု ခေါ်ကြလေသည်။ ဖြူခိုင်ကျော်မှာ အသားအနည်းငယ်လတ်သဖြင့် မညိုဟု ခေါ်ကြလေသည်။ ၎င်းတို့တွင် အဖေ၊ အမေနှင့် ညီအမနှစ်ယောက်သာရှိသည်။ အမေမှာ လွန်ခဲ့သော ၅ နှစ်ခန့်က ကွယ်လွန်ခဲ့လေသည်။ ကွယ်လွန်ပြီးနောက်တွင် သူတို့အဖေမှာ ရန်ကုန်ရှိ တရားရိပ်သာတစ်ခုတွင် အနေများလေသည်။ သူတို့မိသားစုစီးပွားရေးကို ဖြူသီကျော်က ဦးဆောင်ပြီး ဆက်လက်လုပ်ကိုင်လေသည်။ လားရှိုးမြို့တွင် မဖြူပွဲရုံဆိုလျှင် မသိသူမရှိသလောက်အောင်မြင်လေသည်။
ယခုလဲ ဖခင်ဖြစ်သူမှာ ရန်ကုန်တွင် လေဖြတ်ကာ အသန်းအသန်ဖြစ်နေကြောင်း ဖုန်းရသည့်အတွက် ဖြူသီကျော်မှာ ချက်ခြင်းပင် ရန်ကုန်လိုက်ရန်ပြင်ဆင်ရလေသည်။ ရန်ကုန်တွင် ဆွေမျိုးရင်းချာမရှိ၊ အသိမိတ်ဆွေ တစ်ချို့သာရှိသဖြင့် ဖြူသီကျော်မှာ အဖေကြီး၏ ကျန်းမာရေးအတွက် များစွာ စိုးရိမ်လေသည်။
ဖြစ်ချင်တော့ အိမ်ရှိ ဒရိုင်ဘာ ဦးမောင်က ယနေ့မှ မအားပေ၊ ဒရိုင်ဘာဦးမောင်မှာ အိမ်တွင် ကားမောင်းလာသည်မှာ ၁၅ နှစ်ခန့်ရှိနေပြီဖြစ်သည်။ ဖြူခိုင်ကျော်မှာ ကားမမောင်းတတ်ပေ။ အိမ်တွင်လဲ ဟိုနားဒီနားသွားလိုသည့်အခါ ဒရိုင်ဘာဦးမောင်နှင့် သွားသည်က များသည်ကတစ်ကြောင်း၊ အမကြီးဖြူသီကျော်က စီးပွားရေးကို ဦးဆောင်လုပ်ကိုင်သည့်အခါ ဖြူခိုင်ကျော်က အိမ်တွင်းမှုများကို တာဝန်ယူရသည်က တစ်ကြောင်းမို့ ဖြူခိုင်ကျော်မှာ အပြင်သိပ်မထွက်ဖြစ်ပါ။
သူတို့ညီအစ်မ လားရှိုးမှ ထွက်လာသောအခါ ညနေ၅ နာရီခန့်ပင်ရှိနေလေပြီ၊ လမ်းခရီးမှာ စိုးရိမ်စရာမရှိ။ အစ်မကြီး ဖြူသီကျော်မှာ လားရှိုးမှ မန္တလေးသို့ ခဏခဏ ကားဖြင့် စီးပွားရေးကိစ္စသွားလာနေရသဖြင့် လမ်းများကို အလွတ်ရနေသည်။
သို့သော် မိန်းကလေး နှစ်ဦးတည်း ညအချိန်ခရီးသွားရသဖြင့် ဖြူခိုင်ကျော ်စိုးရိမ်မိသည်က အမှန်ပင်ဖြစ်သည်။ မကြာမီ လားရှိုးမြို့အထွက် ညောင်ပင်ကွေ့နားအရောက် ကားရှေ့မှ ယောက်ျားတစ်ဦး ထွက်လာလေသည်။
“ကျွီ”
ရုတ်တရက်ြဘရိတ်ကို စွတ်နင်းလိုက်သဖြင့် ကားမှာတုန်ခါပြီး ရပ်တန့်သွားသည်။ နောက်တွင်ကပ်ပါလာသည့် ကားမပါသည်မို့ တော်သေးသည်။ သူတို့သည် ကားရှေ့မလှမ်းမကမ်းတွင် ရပ်နေသည့် ထိုယေကျာ်းကို ကြည့်လိုက်ကြသည်။
“ဟင် ကိုဇော်” နှစ်ယောက်သား ပါးစပ်မှ ပြိုင်တူရေရွတ်လိုက်ကြသည်။
ကိုဇော်၏ အမည်ရင်းမှာ ကိုကိုဇော်ပင်ဖြစ်လေသည်။ ရှမ်းလူမျိုးတစ်ယောက်ဖြစ်ပြီး ရှမ်းနာမည်ရှိသော်လည်း ကိုကိုဇော်ဟုသာ လူသိများသည်။ ကိုကိုဇော်မှာ သူတို့ ညီအစ်မနှင့် ဆွေမျိုးမကင်းတော်လေသည်။ ဆွေမျိုးမကင်းတော်ရုံမျှမက ငယ်ငယ်က သူတို့မိခင်က ကိုကိုဇော်အား အိမ်တွင်ခေါ်ပြီး ကျောင်းထားပေးလေသဖြင့် သူတို့ညီအစ်မနှင့် မောင်နှမအရင်းများသဖွယ်ဖြစ်နေသည်။
ကိုကိုဇော်မှာ သူတို့ထက် ၇ နှစ်ခန့်ကြီးသော်လည်း ကျောင်းပညာရေးနောက်ကျသဖြင့် အတန်းတူများဖြစ်လေသည်။ ကိုကိုဇော်မှာ ဆယ်တန်းအောင်ပြီးနောက်ပိုင်း သူနေထိုင်ရာ ကွတ်ခိုင်မြို့သို့ ပြန်သွားသဖြင့် ထိုနောက်ပိုင်း အမြဲမတွေ့ရတော့ပေ။
သို့သော် မကြာခဏဆိုသလို သူတို့အိမ်သို့ လာလည်ဖြစ်လေသည်။ ယခုလဲ လမ်းခုလတ်တွင် အမှတ်မထင်တွေ့လေသည်။ ကိုကိုဇော်မှာ ဂျင်းဘောင်းဘီရှည်ကို ခါးအထိကျပ်ကျပ်ဝတ်ဆင်ထားပြီး ကင်းဘတ်ဖိနပ်ကို စီးထားသည်။ အပေါ်တွင် စပို့ရှပ်အစင်းကြားတစ်ထည်ကို ဝတ်ဆင်ထားပြီး သားရေဂျက်ကပ်ကို လက်တွင်ကိုင်ထားသည်။ ဆံပင်ကို အလိမ်အဖွ ကေ ထားသည်။ အသားဖြူသဖြင့် အမှတ်တမဲ့ကြည့်လျှင် ထိုခေတ်က မင်းသားရန်အောင်နှင့် ဆင်တူလေသည်။ ကိုဇော်သည် ကားနားကို လမ်းလျှောက်လာသဖြင့် ဖြူသီကျော်မှာ ကားမှန်တံခါးကို ချလိုက်သည်။
“ကိုဇော် ဘယ်သွားမလို့လဲ” ဖြူသီကျော်က ကားမှန်တံခါးတဝက်ချရင်း လှမ်းမေးလိုက်လေသည်။
“ရန်ကုန်” ကိုဇော်က ခပ်ပြတ်ပြတ်ပင်ဖြေလိုက်လေသည်။ ဖြူသီကျော်မှာ ဘေးနားမှ သူ့ညီမဖြူခိုင်ကျော်အား တစ်ချက်လှည့်ကြည့်လိုက်လေသည်။ သဘောမှာ ကိုဇော်ကို လမ်းကြုံတင်သွားချင်သည့်သဘောပင်၊ ဖြူခိုင်ကျော်မှာလဲ သူ့အစ်မ စိတ်နှင့်နီးစပ်သဖြင့် စကားပြောစရာမလိုဘဲ နှစ်ဦးသား နားလည်ကြသည်။ ဖြူခိုင်ကျော်မှာ ခေါင်းကို အသာညိတ်ပြလိုက်သည်။
သူမစိုးရိမ်နေသည်မှာ မိန်းကလေးနှစ်ယောက်တည်း ခရီးသွားနေရခြင်းမဟုတ်ပါလား၊ ကိုဇော်ဆိုသည်မှာလဲ ငယ်ငယ်ကတည်းက ပေါင်းသင်းလာပြီး သူမတို့အား ညီအမရင်းများသဖွယ် ချစ်ခင်သဖြင့် စိတ်မချစရာ အကြောင်းတစ်ခုမှမရှိ၊
“ကိုဇော် မဖြူတို့လဲ ရန်ကုန်သွားမလို့ ကိုဇော် ကားကြုံလိုက်မလား” ဖြူသီကျော်က မေးလိုက်လေသည်။ ကိုဇော်သည် ကားထဲမှ ဖြူခိုင်ကျော်ကို တစ်ချက်ကြည့်လိုက်ရင်း ခဏကြာ စဉ်းစားနေသည်။ ကိုဇော်စဉ်းစားနေသည်မှာ ယခုအချိန်မှ ညီအစ်မနှစ်ယောက်ထဲ ရန်ကုန်သွားမည့်ကိစ္စကို စဉ်းစားနေခြင်းလဲ ဖြစ်နိုင်သည်။ ကိုဇော်သည် ပြောပြောဆိုဆိုပင် ကားနောက်ခန်းတံခါးကို ဖွင့်ရင်း ကားပေါ်တက်လိုက်လေသည်။
ဖြူသီကျော်တို့လဲ ကားကို ဆက်လက်မောင်းနှင်လိုက်လေသည်။ အချိန်မှာ ငါးနာရီခွဲကျော်နေလေပြီ၊ နေမှာ တောင်စွယ်သို့ ဝင်သွားပြီး အနီရောင်အလင်းတန်းများသာ ထွက်ပေါ်နေတော့သည်။
“ညီအစ်မတွေ ညနေမှ ကားနဲ့ထွက်ခဲ့တယ်ဆိုတော့ အကြောင်းထူးတစ်ခုရှိပြီထင်ပါ့” ကိုဇော်က မှန်ပြတင်းမှ အပြင်သို့ကြည့်ရင်း မေးလိုက်သည်။
“ရန်ကုန်မှာ အဖေအသည်းအသန်ဖြစ်လို့တဲ့” ဖြူခိုင်ကျော်က သွက်လက်စွာဖြေလိုက်သည်။
“အော်” ကိုဇော်မှာ ဘာမှဆက်မပြောတော့ဘဲ အပြင်ဘက်သာငေးနေလေသည်။
စင်စစ် ကိုဇော်မှာ မဖြူတို့ အဖေနှင့် မရင်းနှီးသည်မဟုတ်ပါ။ ငယ်ငယ်ကတည်းက အဖေဆုံးသွားသဖြင့် ကိုဇော်မှာ မဖြူတို့ဖခင်ကြီးကို အဖေအရင်းသဖွယ် ချစ်ခင်သလို မဖြူတို့၏ အဖေမှာလဲ သားအရင်းသဖွယ်ချစ်ခင်သည်။ အတန်ကြာသည်အထိ မဖြူတို့ နှှုတ်ဆိတ်နေကြသည်။ ကားကလေးမှာတော့ တရိပ်ရိပ် မောင်းနှင်ဆဲ။
“ကိုဇော် မဖြူတို့ကားမှန်းဘယ်လိုသိသလဲ” မဖြူက ကားမောင်းရင်း နောက်ကြည့်မှန်မှတဆင့် ကိုဇော်ကိုမေးလိုက်လေသည်။
“မဖြူရယ် ဒီကားရယ် ဒီနံပါတ်ရယ်ကို ငါမမှတ်မိပဲနေမလား၊ ပြီးတော့ နင်တို့ကားလေးလာနေတာကို ဟိုးလမ်းအကွေ့ထဲက ငါမြင်ပြီးသား” ကိုဇော်က ပြန်ဖြေလေသည်။
“ဒါနဲ့ များကိုဇော်က ဘာလို့ကားလမ်းရှေ့ထွက်လာရတာတုန်း မဖြူသာ ဘရိတ်နင်းမမြန်ရင် ကိုဇော်ကားတိုက်သေသွားနိုင်တယ် သိလား” မညိုက ဒေါသဖြင့် ဆိုလေသည်။
“ဟား ဟား ဒါကတော့ ငါလဲ မထင်ထားဘူး။ ငါက ဦးမောင် ကားမောင်းတယ်ထင်တာ၊ ဦးမောင်ကားမောင်းစွမ်းရည်ကို ငါယုံလို့ပေါ့။ မိဖြူမှန်းသိရင် အဲလိုလုပ်ရဲမှာ မဟုတ်ဘူး” ဟု ရယ်ကျဲကျဲဖြင့် ပြောလေသည်။
“ကိုဇော် ထောင်ကျသေးတယ်ဆို” မညိုက ဖြတ်မေးလိုက်သည်။
ကိုဇော် မျက်နှာတစ်ချက်ပျက်သွားသည်။
“ထောင်ကျတာ မဟုတ်ပါဘူး၊ အချုပ်ကျတာပါ၊ အမှုက မခိုင်လုံတော့ ကိုဇော်လဲ ပြန်လွတ်လာတာ” ကိုဇော်က ပြန်ဖြေသည်။
“ကိုဇော် ဆေးတွေလုပ်နေတုန်းလား” မဖြူကမေးသည်။
ကိုဇော်က ခေါင်းကို ဖြည်းဖြည်းခါလိုက်ပြီး
“ကိုဇော် အဲ့ဒါတွေမလုပ်တော့တာကြာပြီ” မဖြူက ခေါင်းကိုအသာညိတ်ပြလိုက်လေသည်။
ကိုဇော်သည် မဖြူတို့အိမ်မှ ထွက်သွားပြီးနောက်ပိုင်း မူးယစ်ဆေးဝါးရောင်းချရာတွင် ဝင်ရောက်လုပ်ကိုင်သေးသည်။ လားရှိုးတွင် အဖမ်းခံရသဖြင့် မဖြူတို့ ဖခင်ကြီးမှ သက်ဆိုင်ရာများကို လဘ်ထိုးကာ သွားရောက်ထုတ်ယူပေးရသေးသည်။ ကိုဇော်ကိုလဲ ကြိမ်းမောင်းဆုံးမလိုက်သဖြင့် ထိုအဖြစ်အပျက်များ ဖြစ်ပြီးနောက်ပိုင်း မဖြူတို့ဖခင်နှင့်ကိုဇော် သိပ်မတွေ့ဖြစ်တော့ပေ။ သူတို့သည် ရှေးဟောင်းနှောင်းဖြစ်များ ပြန်ပြောလိုက် ငယ်ငယ်က သူငယ်ချင်းများအကြောင်း၊ စီးပွားရေးအကြောင်းတွေ ပြောလိုက်နှင့် ကားလေးကို ဆက်လက်မောင်းနှင်လာခဲ့လေသည်။
ည ၇နာရီကျော်သောအခါ မိုးသည် သည်းထန်စွာရွာသွန်းလေသည်။ မဖြူသည် ကားကို အလွန်သတိထားကာ မောင်းနှင်နေရသည်။ ထိုခေတ်က လမ်းများမှာ မကောင်းသေး၊ အတက်အဆင်းနေရာများတွင် လမ်းပခုံးသားများ ကြမ်းတမ်းသည်။ ဗွက်များထူနေတတ်သဖြင့် ကားကို အရှိန်လျော့မောင်းနှင်ရလေသည်။ မိုးကလည်း ယနေ့မှ သည်းထန်စွာ မိုးကြီးလေကြီး ချလေသည်။ ကားလမ်းမတစ်လျှောက် အမှောင်ထုက ကြီးစိုးထားသည်။ ကားလမ်းသွားလမ်းလာများသိပ်မရှိသဖြင့် လမ်းပေါ်တွင် မဖြူတို့ကားလေးတစ်စီးသာရှိသည်။
အရေးထဲ အရာပေါ်သည်။ မဖြူမှာ အလွန်အိပ်ငိုက်လာလေသည်။ မနက်အစောပိုင်းကတည်းက ပွဲရုံလုပ်ငန်းများလုပ်ကိုင်လာရသည်ကတစ်ကြောင်းဖြစ်မည်ထင်သည်။ ကားမောင်းရသည်မှာ ပင်ပန်းလာလေသည်။ စိတ်ကလဲ ပင်ပန်းနေတာကြောင့်လဲဖြစ်မည်ထင်သည်။
ကိုဇော်သည် တစ်ခါတစ်ရံ ပျော်စရာများ ဟာသများပြောသော်လည်း ညီမလေး မညိုသာ ရယ်ပြုံးလေသည်။ မဖြူမှာ ဖခင်စိတ်ဖြင့် မရယ်နိုင်ပေ။ တစ်ခါတစ်ခါ မဖြူငိုက်ငိုက်ကျသွားလေသည်။ ကားလမ်းမှာ ကွေ့ကောက်သဖြင့် တစ်ချက်သတိမှားယုံဖြင့် အသက်ဘေးရှိသည်မဟုတ်ပါလား။
“မိဖြူ ရရဲ့လား” ကိုဇော်က မိဖြူအခြေအနေကို ရိပ်မိသည်။ မိဖြူကားသည် သုံးလေးကြိမ်ခန့် လမ်းဘေးသို့ စောင်းစောင်းကျသွားသည်ကို ကိုဇော်က သတိထားမိသည်။
“မေမြို့ရောက်ရင် တို့နားကြတာပေါ့” မဖြူက အားတင်းပြီးဆိုလေသည်။ မေမြို့ရောက်ရန် အနည်းငယ်သာလိုတော့သည်။ မဖြူသည် စိတ်တင်းထားသော်လည်း ကိုယ်မှာစိတ်နောက်မပါတော့။ အလွန်အမင်း ပင်ပန်းနေလေသည်။
“ဒီလို လုပ်ပါလား၊ မေမြို့ကလဲ ရောက်ဖို့နည်းနည်းလိုသေးတယ်။ မိဖြူအခြေအနေကြည့်ရတာလဲ သိပ်မဟန်တော့ဘူးဆိုတော့ ဒီနားမှာ တည်းခိုခန်းတစ်ခုဖြစ်ဖြစ်ရှာပြီး ခဏနားကြတာပေါ့။ မိုးကလဲ သည်းနေတာ။ တို့တွေ မနက်စောစောမှ ပြန်ထွက်ကြမယ်လေ” ကိုဇော်က အကြံပေးလိုက်သည်။ မဖြူခေါင်းညိတ်လိုက်သည်။
သူတို့သုံးဦးသည် ကားလမ်းဘေးတောက်လျှောက် တည်းခိုခန်းများကို ကြည့်သွားကြလေသည်။
“ဒီနားတွေက တည်းခိုခန်းတွေ မိုတယ်တွေပေါတယ်ဆိုပေမယ့် ကားသမားတွေ၊ ဇိမ်မယ်တွေနဲ့ ဆေးသမားတွေအစုံ တည်းခိုနေကြတာဆိုတော့ မသန့်ဘူး” ကိုဇော်က ကားလမ်းဘေးမှ မိုတယ်တစ်ခုကို ကြည့်ရင်းပြောလိုက်လေသည်။
ဟုတ်သည်။ ထိုကားလမ်းဘေး မိုတယ် တည်းခိုခန်းများမှာ ဈေးနှုန်းသက်သာသော်လည်း သန့်ရှင်းမှုပိုင်းအားနည်းသလို တည်းခိုသည့်လူများလဲ မသန့်ပေ။ သူတို့သည် လမ်းဘေးမှ တည်းခိုခန်းများကို ရွေးချယ်ကြည့်သွားကြလေသည်။
မကြာမီတွင် သစ်တောကြီးများကို ဖြတ်သန်းရလေသည်။ ထိုစဉ် ကိုဇော်က
“နေဦး ဟိုတယ်တစ်ခု ဆိုင်းဘုတ်တွေ့လိုက်တယ်” မဖြူမှာ ကားကို ထိုးရပ်လိုက်သည်။
ပြီးတော့ ဘေးဘီကြည့်ရင်း
“ဒီနေရာမှာ ရှိပါ့မလားကိုဇော်ရဲ့” ကိုဇော်က ခေါင်းညိတ်ပြလိုက်သည်။ သူတို့သည် ကားကို နောက်ပြန်ဖြည်းဖြည်းချင်း မောင်းလိုက်သည်။
လမ်းကလေးတစ်ခု ထိပ်တွင် ဟိုတယ်ဆိုင်းဘုတ်တစ်ခုတွေ့လိုက်ရသည်။ နံ့သာမြိုင် ဟိုတယ်သို့။ ဆိုင်းဘုတ်မှာ သစ်ပြားပေါ်တွင် သစ်လုံးကြွစာလုံးများဖြင့် ရေးသားထားသည်။ မြန်မာလိုရော အဂ်လိပ်လိုပါရေးသားထားပြီး ကနုတ်ပန်းများဖြင့် အလှဆင်ထားသည်။ ဟိုတယ်ဆိုသည့်အတွက် အဆင့်မြင့်မှာတော့ အမှန်ပင်။ ငွေကြေးကတော့ မဖြူအတွက်ပြောစရာမလိုပေ၊ မဖြူမှာ ထိုခေတ်က ချမ်းသာသည့်အထဲတွင်ပါသည်။ သူတို့သုံးယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက် ကားအား လမ်းကလေးထဲသို့ ချိုးဝင်လိုက်လေသည်။
လမ်းဘေးတစ်လျှောက် တောအုပ်ကြီးများ ထူထပ်နေသည်။ လမ်းကလေးမှာ မြေနီလမ်းကလေးဖြစ်သည်။ မှောင်အတိဖုံးလွှမ်းနေသည်။ မညိုမှာ ကားခေါင်းခန်းမှ ထိုင်ရင်း အလွန်မှောင်မဲနေသည့် လမ်းဘေးဝဲယာကို ကြည့်လိုက်သည်။
၆ ဖာလုံခန့်မောင်းပြီးသောအခါတွင် တောင်ကုန်းတစ်ခုထိပ်တွင် ဘိုတဲကြီးကို တွေ့လိုက်ရသည်။ ဘိုတဲကြီးမှာ မီးမှိန်မှိန်လင်းနေသည်။ နံ့သာမြိုင်ဟိုတယ်ဆိုသည့် ဆိုင်းဘုတ်ကို ကားမီးရောင်အောက်တွင် တွေ့လိုက်ရသည်။ ဆင်ဝင်အောက်သို့ကားကို မောင်းနှင်လာလေသည်။
“ဒီနားက ဟိုတယ်တွေက သိပ်အလုပ်မဖြစ်ဘူးလေ။ မေမြို့နဲ့နီးတာကြောင့် လူတွေက မေမြို့က ဟိုတယ်တွေမှာပဲ တည်းတာများတယ်၊ နောက်ပြီး ဒီနေရာက ချောင်ကျတာလဲ ပါမှာပေါ့” ကိုဇော်က မှတ်ချက်ပေးသည်။
ဟိုတယ် ဆင်ဝင်အောက်ရောက်သည်အထိ လူမတွေ့ရသေးပေ။ ဟိုတယ်ဆင်ဝင်အောက်တွင်တော့ ၆၀ ဝပ် သင်္ဘောမီးသီး ဝါဝါကြီးထွန်းထားသဖြင့် လင်းနေလေသည်။ မဖြူတို့သည် ကားကို ဆင်ဝင်အောက်တွင်ပင်ရပ်ကာ ဟိုတယ်ထဲ ဝင်လိုက်လေသည်။
ဟိုတယ်အဝင်ဝတွင် စားပွဲကောင်တာတစ်ခုရှိသည်။ လူမရှိပေ။ ထိုစားပွဲကောင်တာနောက်တွင် နံ့သာမြိုင်ဟိုတယ်ဟု အင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့်ရေးသားထားသည်။ စာလုံးများမှာ ရွှေချထားသော စာလုံးများဖြစ်သည်။ မဖြူသည်ကားပေါ်မှ ဆင်းလာပြီးနောက် ချမ်းအေးလာလေသည်။ ပါးစပ်မှ အငွေ့များပင်ထနေလေသည်။ ကားပေါ်တွင် မှန်တံခါးများအလုံချထားသဖြင့် ချမ်းအေးမှုကို သတိမထားမိပေ။ ကောင်တာပေါ်တွင် လူခေါ်ဘဲလ်လေးတစ်လုံး တင်ထားရာ ကိုဇော်မှ ထိုဘဲလ်လေးကို သုံးလေးကြိမ်ခန့်တီးလိုက်လေသည်။
“မွှေးတယ်နော်” ညီမဖြစ်သူ မညိုမှ ပြောလေသည်။
ဟုတ်ပ မဖြူလဲ ခုမှ သတိထားမိသည်။ အမွှေ့းရနံ့ပေါင်းစုံရနေသည်။ ပန်းနံ့များဖြစ်မည်တူသည်။
“ညမွှေးပန်းတို့ ဆောင်တော်ကူးပန်းတို့ စိုက်ထားတာဖြစ်မယ်” ကိုဇော်က ပြန်ပြောလိုက်လေသည်။
ခဏအကြာတွင် ကုလားမလေးတစ်ယောက် အတွင်းမှ ပြာပြာယာယာဖြင့်ထွက်လာလေသည်။ ကိုဇော်က တစ်ခန်းယူသည်။ မဖြူတို့ညီအမက တစ်ခန်းယူလေသည်။ မဖြူသည် ကောင်တာနောက်မှ နာရီကို တစ်ချက်ကြည့်လိုက်လေသည်။ ၈ နာရီ ကျော်နေပြီဖြစ်သည်။ မိုးကသည်းနေဆဲ။
မဖြူတို့ကို ကုလားမလေးမှ အခန်းလိုက်ပြသည်။ ဟိုတယ်ကြီးတစ်ခုလုံး မီးများထိန်လင်းနေသည်။ ဗြိတိသျှလက်ရာ ပန်းပုများ၊ ပန်းချီကားများ၊ အိမ်ထောင်ပရိဘောဂများဖြင့် အလှဆင်ထားလေသည်။ အပေါ်ထပ်သို့ တက်သွားကြသည်။ ကိုဇော်အခန်းမှာ မဖြူတို့အခန်းနှင့် မျက်နှာချင်းဆိုင်ဖြစ်သည်။ ဟိုတယ်ကြီးတစ်ခုလုံး ဝန်ထမ်းမတွေ့ရ။ ထိုကုလားမလေးတစ်ယောက်သာတွေ့ရသည်။ မဖြူတို့အခန်းထဲဝင်လိုက်သည်။ အခန်းအမည်များကို ပန်းအမည်များပေးထားသည်ကိုတွေ့ရသည်။ မဖြူတို့အခန်းတွင်တော့ ဒေါနပန်း ဟုရေးထားလေသည်။
အခန်းမှာ ကျယ်ဝန်းသည်။ ကုတင် နှစ်လုံးပါဝင်ပြီး ရေချိုးခန်း၊ အိမ်သာလဲ ပါသည်။ ဆက်တီခုံရှည်နှင့် စားပွဲလေးတစ်လုံး လဲချထားလေသည်။ အခန်းကို ရှေးကိုလိုနီခေတ်လက်ရာပြင်ဆင်ထားသည်။ ကတ္တီပါလိုက်ကာများနှင့် ကော်ဇောကြီးများခင်းထားသည်။
“အမတို့ ထမင်းစားချင်စားလို့ရတယ်နော်၊ စားသောက်ခန်းကို ဆင်းလာခဲ့ပါ” ကုလားမလေးကပြောလေသည်။
“ထမင်း. . . “ မဖြူက ရေရွတ်လိုက်လေသည်။
ဟုတ်သည်။ သူမ ဘာမှမစားရသေးပေ။ သူတို့ညီအစ်မနှစ်ယောက် ခြေလက်ဆေးပြီးနောက် ထမင်းသွားစားရန်တိုင်ပင်လိုက်သည်။ ထို့နောက် ကိုဇော်ကို ခေါ်လိုက်သည်။ ပုံမှန်အားဖြင့် ဟိုတယ်များသည် ထမင်းဟင်းများကို အခန်းအတွင်းဝယ်ယူစားသောက်ရလေသည်။ သို့သော်သူတို့သည် မတွေးတော့ ထမင်းစားခန်းသို့ ဆင်းလာခဲ့သည်။ ဟိုတယ်ကြီး၏ အောက်ဖက်ညာဖက်အခြမ်းတွင် စားသောက်ခန်းဟု အမည်တပ်ထားလေသည်။ အထဲဝင်လိုက်သော် လူ ၁၆ ယောက်ခန့်ဆန့်သည့် စားပွဲဝိုင်းရှည်ကြီး တစ်ခုသာရှိသည်။ စားသောက်ခန်းထက် အိမ်တစ်အိမ်မှ ထမင်းစားခန်းနှင့် ပို၍တူလေသည်။
စားပွဲပေါ်တွင် ထမင်းနှင့် ဟင်းများချထားလေသည်။ ဟင်းရော ထမင်းများပါ အငွေ့တစ်ထောင်းထောင်း ထနေလေသည်။ ထမင်းစားပွဲတွင်တော့ ရှမ်းဟုထင်ရသော အမျိုးသားကြီးတစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် ၁၀နှစ်အရွယ်ကောင်မလေးတစ်ယောက် ထိုင်ပြီး ထမင်းစားနေသည်။
မဖြူသည် ယခုမှ သက်ပြင်းချနိုင်သည်။ ဟိုတယ်ကြီးထဲတွင် အခြားတည်းခိုသူများလည်းရှိသည်မဟုတ်ပါလား။ သူတို့တွေလဲ နေရာလွတ်များတွင်ထိုင်ချလိုက်သည်။ ထိုစဉ် ကောင်တာတွင် စုံတွဲတစ်တွဲ စောင့်ဆိုင်းနေသည်ကို လှမ်းတွေ့ရသည်။ သူတို့လဲ ခရီးသွားတွြေုဖစ်ဟန်တူသည်။ ကုလားမလေးမှ မကြာခင် ထိုစုံတွဲအားအပေါ်ထပ်သို့ ခေါ်ဆောင်သွားလေသည်။
သူတို့သုံးယောက်သည် ဆာဆာနှင့် စားလိုက်ကြသည်။ ထမင်းများမှာ အလွန်စားကောင်းလှလေသည်။ ဆာနေသည်ကလဲ တစ်ကြောင်းပါမည်ထင်သည်။ စားသောက်ပြီးနောက် အခန်းသို့ပြန်တက်လာကြသည်။ အလွန်ခံညားသည့် အပေါ်ထပ်သို့ တက်သည့် လှေကားကြီးနားအရောက်တွက် ကိုဇော်ကပြောသည်။
“မိဖြူတို့ သတိဝိရိယနဲ့ အိပ်နော်၊ အခန်းတံခါးကို ခုံနဲ့ပိတ်ထား၊ မိန်းကလေးနှစ်ယောက်တည်းမဟုတ်လား၊ တစ်ခုခုဆို ကိုဇော်ကို လှမ်းခေါ်လိုက်၊ အခန်းထဲမှာ တယ်လီဖုန်းရှိတယ်မလား၊ တို့တွေနားပြီး မနက် ၄ နာရီလောက်ကျရင် ထသွားကြပေါ့” မိဖြူခေါင်းညိတ်လိုက်သည်။
မဖြူရေမချိုးတော့။ ရာသီဥတုအေးနေသည်ကြောင့်ဖြစ်သည်။ မညိုကတော့ အိပ်ရန်ပြင်နေလေပြီ၊ မဖြူလဲ ကားမောင်းစဉ်က အလွန်ပင်ပန်းနေသော်လည်း ယခုမူနေသာထိုင်သာရှိသွားသည်။ အိပ်စက်ရန်အတွက် အိပ်ယာပေါ်လှဲလိုက်သည်။ ထိုစဉ် တယ်လီဖုန်းမြည်လာသည်။ မဖြူသည် ကုတင်ဘေးမှ တယ်လီဖုန်းအားကောက်ကိုင်လိုက်လေသည်။ တယ်လီဖုန်းမှာ တစ်ခန်းနှင့်တစ်ခန်းဆက်သွယ်ရန် အတွက်လည်းကောင်း၊ ဧည့်ကြိုကောင်တာကို ဆက်သွယ်ရန်လည်းကောင်းထားပေးထားခြင်းဖြစ်သည်။
“ဟယ်လို” မဖြူက ဖုန်းထူးလိုက်သည်။
“မိဖြူ ကိုဇော်ပါ။ အခန်းတံခါးတွေ သေချာပိတ်အိပ်နော်၊ ဒီဟိုတယ်ကြည့်ရတာ သိပ်တော့မူမမှန်ဘူး၊ ကိုဇော် မှေးရုံပဲမှေးနေမယ်၊ တစ်ခုခုထူးရင် ကိုဇော်ကို ဖုန်းဆက်လိုက်နော်” မဖြူလဲ ပြန်ဖြေပြီး ဖုန်းချလိုက်သည်။
မဖြူစိတ်ထဲတွင် ကိုဇော်ကို ကျေးဇူးတင်နေသည်။ ကိုဇော်သည် မဖြူတော့အပေါ် ယခင်ကလဲ အစ်ကိုအရင်းသဖွယ်အားကိုးရပြီး ယနေ့လဲ ကံကြမ္မာက အကြောင်းဖန်ပေးလာသည်ထင်ရဲ့ မဖြူတို့နှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ပြီး ကူညီဖော်လဲရလေသည်။ မဖြူသည် ကုတင်ပေါ်ပက်လက်လှန်ရင်း ကိုဇော်ခိုင်းထားသည်ကို သတိရသွားသည်။ ထို့နောက်အခန်းအတွင်းရှိ ထိုင်ခုံတစ်လုံးကို ယူလိုက်ပြီး အခန်းအဝင်အထွက် တံခါးတွင် ခုထားလိုက်သည်။ တံခါးဘုသော့အောက်သို့ ထိုင်ခုံ၏ ကျောမှီဖြင့် ခုလိုက်သဖြင့် တံခါးအား ဘုသော့ဖွင့်လို့ရသည့်တိုင်အောင် ထိုင်ခုံခံထားသဖြင့် ဖွင့်မရတော့ချေ။
မဖြူသည် တံခါးပိတ်ပြိးနောက် အိပ်ရာထက်ဝင်လေသည်။ ရာသီဥတုက အေးလွန်းသည်။ မညိုကတော့ စောင်ခြုံ၍ တစ်ဖက်သို့လှည့်ကာ အိပ်နေပြီဖြစ်သည်။ မဖြူမှာ အိပ်မပျော်သေးပေ၊ ကားပေါ်မှာ အိပ်မငိုက်လောက်ပါက။ ယခုလောက်ဆို မန္တလေးပင်ရောက်လုပြီဖြစ်သည်။ မဖြူမှာ ကိုယ့်ကိုကိုယ်အပြစ်တင်မဆုံးတော့၊ ထိုစဉ် မဖြူမျက်နှာကြက်တွင် သတိထားမိသည်။
မျက်နှာကြက်တွင် ပန်ကာကြီးတစ်လုံးရှိပြီး ဖြေးဖြေးမှန်မှန်လည်နေသည်။ ထိုပန်ကာကို ယခင်က သတိမထားမိ။ မဖြူသည် ပန်ကာကို ပိတ်ရန် ခလုပ်လိုက်ရှာလေသည်။ သို့သော်မတွေ့ပေ။ ထို့ကြောင့် ဧည့်ကြိုကောင်တာကို ဖုန်းဆက်လိုက်သည်။
“ဟိုလေ အမအခန်းမှာ ပန်ကာလည်နေတယ် အဲ့တာ မပိတ်တတ်လို့ လာပိတ်ပေးပါ” တစ်ဖက်မှ လာလုပ်ပေးမည်ဟု ဖြေဆိုသံကြားရသဖြင့် မဖြူအိပ်ရာထက်တွင်ပြန်လှဲနေလေသည်
ခဏအကြာတွင်။
“အစ်မ ပန်ကာပိတ်ပေးရမယ်ဆို” ကုလားမလေး အခန်းတွင်းရောက်လာ၏။ မဖြူလဲ ခေါင်းနားပန်းများထောင်သွားတော့သည်။ သူမသည် အခန်းတံခါးကို ခုံခု၍ ပိတ်ထားသည်မဟုတ်ပါလား။ ကုလားမလေးသည် မာစတာကီး သုံးပြီး အခန်းဖွင့်လို့ရသည့်တိုင်အောင် မဖြူခုထားသည့် ခုံကို မည်သို့ဖွင့်မည်နည်း။ မဖြူသည် တံခါးသို့တစ်ချက်ကြည့်လိုက်သည်။ တံခါးမှာ မဖြူပိတ်ထားသည့်အတိုင်းပင်။ မဖြူ တွေဝေသွားသည်။ မဖြူသည် ညီမဖြစ်သူ မညိုအား နှိုးလိုက်လေသည်။
“မညိုရေ ထ . . ထဦးဟ”
မညိုသည် အိပ်နေရာမှ ထလိုက်လေသည်။ ထို့နောက် ကုလားမလေးကို တစ်ချက်၊ မဖြူကို တစ်ချက်ကြည့်လိုက်လေသည်။
“ဟင် အမ ဘာဖြစ်လို့လဲ”
သူတို့ကြည့်နေစဉ်မှာပင် ကုလားမလေးသည် နံရံသို့လမ်းလျှောက်သွားပြီး ပင့်ကူကြီးနှယ်နံရံကြီးကို ကပ်၍တက်သွားလေသည်။ ညီအစ်မနှစ်ယောက် မျက်စိမမှိတ်နိုင်ပဲ အံ့သြနေလေသည်။ ထို့နောက်ကုလားမလေးသည် မျက်နှာကြက်တွင် ကပ်၍လမ်းလျှောက်သွားပြီး ပန်ကာကြီးကို လက်ဖြင့်ရပ်လိုက်လေသည်။ ထို့နောက်တွင် နံရံတွင်ဇောက်ထိုးကြီးကပ်ပြီး ပြန်ဆင်းလာလေသည်။ ညီအမနှစ်ယောက် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်မိသည်။ ထို့နောက် ပြိုင်တူသံပြိုင်အော်လိုက်ကြသည်။
“အား . . .”
ကိုဇော်သည် မျက်စိများ မှေးစဉ်းနေရာမှ လေအေးတစ်ချက်အဝှေ့ကြောင့် လန့်နိုးသွားသည်။ ကိုဇော်သည် အခန်းထဲအိပ်နေရင်း အဘယ်ကြောင့်လေအေးများတိုက်ခတ်ခံနေရသနည်း။ မျက်စီဖွင့်ကြည့်ရာ ကိုယ့်မျက်စိကိုပင်မယုံနိုင်အောင်ဖြစ်သွားသည်။
အဘယ်ကြောင့်ဆိုသော် ကိုဇော်အခန်းနံရံကြီးမရှိတော့ဘဲ ဟာလာဟင်းလင်းကြီးဖြစ်နေလေသည်။ ကိုဇော်သည် သတ္တိနည်းသူမဟုတ် သို့သော် တစ်ခုခုမှားနေမှန်းသူသိသည်။ ထို့ကြောင့် သူသည် လက်စွဲတော် ဓါးမြောင်ကို ဂျာကင်အတွင်းမှ ထုတ်လိုက်သည်။ သူစိတ်ပူသွားတာ တစ်ခုရှိသည်။ မဖြူတို့ ညီအစ်မကို ဖြစ်သည်။ ကိုဇော်သည် အခန်းတံခါးဖွင့်ပြီးထွက်လိုက်လေသည်။
မဖြူနှင့် မညိုလဲ အခန်းတံခါးကို ပြေးဖွင့်လေသည်။ သို့သော် ခုံခုထားသဖြင့် အလွယ်တကူဖွင့်၍မရပေ၊ လက်များကလဲ တုန်လှုပ်နေသည်။
ခုံကို ခြေထောက်ဖြင့်ကန်ဖွင့်ပြီး အခန်းအပြင်ထွက်လိုက်သည်။ အခန်းအပြင်တွင်ကိုဇော်နှင့် တိုက်မိကြသည်။ သူတို့ညီအစ်မနှစ်ဦးကိုဇော်ကို ကလေးများ မိမိအဖေကို ဖက်သလို ဝိုင်းဖက်လိုက်ကြသည်။ ထို့နောက် ပြိုင်တူငိုကြွေးလိုက်ကြသည်။
“ငိုမနေကြနဲ့ ဒို့တွေ ဒီကနေ မြန်မြန်ထွက်သွားကြရအောင်” ကိုဇော်ကပြောသည်။
မဖြူမှာ ခွေကျနေသည့် ခြေထောက်ကို ဒယိမ်းဒယိုင်ဖြင့် အားစိုက်လျှောက်ရသည်။ သူတို့သည် စင်္ကလြမ်းအတိုင်း လှေကားဆီသို့လျှောက်လာကြသည်။
ထိုစဉ်
“ကယ်ကြပါဦး” စုံတွဲတစ်တွဲ သူတို့ရှေ့ရှိ အခန်းထဲမှ ထွက်လာကြသည်။ သူတို့သုံးယောက်နှင့် သွားဆုံလေသည်။ ထိုစုံတွဲမှာ မဖြူတွေ့ခဲ့သည့် စုံတွဲဖြစ်သည်။ သူတို့မျက်နှာတွင်ကြောက်ရိပ်များသန်းနေကြသည်။ သူတို့ဘာဖြစ်လာသည်ကို ဂရုမစိုက်နိုင်အား၊ သူတို့ငါးယောက်လုံး လှေကားဆီသို့ အပြေးသွားကြသည်။
မဖြူသည် မိမိခြေထောက်များကို အလွန်မုန်းသည်။ ခြေထောက်များမှာ တုန်ရီနေသည်။ လှေကားဆီသို့ သွားနေသည့် စက္ကန့်တိုင်းသည် နာရီပေါင်းများစွာကြာသည်ဟု ထင်နေရသည်။ ပြေးကြသည့်အထဲတွင် မဖြူသည် နောက်ဆုံးဖြစ်သည်။ စုံတွဲမှာ အရှေ့ဆုံးမှ ပြေးနေလေသည်။ သူတို့နောက်တွင်တော့ ကိုဇော်နှင့် မညို၊ မဖြူမှာ ကိုဇော်တို့နှင့် ၈ ပေခန့်ကွာပြီးကျန်နေခဲ့သည်။ မဖြူသည် မိမိခြေထောက်များအလွန်တုန်ရီနေသဖြင့် နံရံကို အမှီပြုရင်း လျှောက်နေရသည်။
“ကိုဇော်တို့ မဖြူကို စောင့်ပါဦး” မဖြူလှမ်းအော်နေသည်။ ကိုဇော်တို့သည် မဖြူနှင့် သိပ်မဝေးပေ။ သို့သော်မဖြူသည် မိုင်ပေါင်းများစွာ ဝေးကျန်ခဲ့သလိုခံစားနေရသည်။ မဖြူသည် မဝံ့မရဲဖြင့် သူမ၏ နောက်သို့ လှည့်ကြည့်ချင်လာသဖြင့် လှည့်ကြည့်လိုက်သည်။
ကုလားမလေးသည် နောက်ပြန်ကြီးတစ်လှမ်းခြင်း လျှောက်လာလေသည်။ နောက်ပြန်ဟု ဆိုသော်လည်း မျက်နှာကြီးမှာ အတည့်ဖြစ်လေသည်။ မျက်လုံးများမှာ ပြုးကြောင်ကြီးနှင့် ပွင့်နေလေသည်။ မဖြူသည် အားယူလျှောက်သော်လည်း ဒူးများက အားမရှိတော့ပါ။ ထိုစဉ် ကိုဇော်နှင့် မညိုတို့မှ မဖြူဆီပြန်လာကာ တစ်ယောက်တစ်ဖက် ဂျိုင်းမှ မ ကာပြေးကြလေသည်။ မဖြူမှာ တရွတ်တိုက်ကြီး ပါလာလေသည်။ သူတို့တွေကို ဟိုစုံတွဲမှ လှေကားထိပ်တွင် စောင့်နေလေသည်။ သူတို့မြန်မြန်လာကြရန်ကိုလဲ လက်ယက်ပြပြီးခေါ်နေလေသည်။ မဖြူတို့လှေကားထိပ်ကိုရောက်ပြီ ငါးဦးသားလှေကားကို ဆင်းလိုက်ကြသည်။
သို့သော်သူတို့ ဆင်းနေသည့်လှေကားကြီးသည် ရုတ်တရက် ကွယ်ပျောက်သွားကာ အသူတရာနက်သည့် အမှောင်ထုကြီးအတွင်းသို့ ငါးဦးစလုံး ကျဆင်းသွားလေတော့သည်။
မဖြူသည် အေးစက်သော အထိအတွေ့ကြောင့် လန့်နိုးလာလေသည်။ မျက်နှာကြက်တွင် မီးလုံးတစ်လုံးချိတ်ဆွဲထားသည်မို့ အခန်းအတွင်းလင်းချင်းနေသည်။ အခန်းထဲတွင် မဖြူတို့ ငါးယောက်စလုံးကို ခုံများတွင် အသီးသီး ကြိုးနှင့်ချည်နှောင်ထားကြသည်။ မဖြူ၏ လက်များကို ခုံ၏ လက်တန်းတွင် တွဲချည်ထားပြီး ခြေထောက်များကို စု၍ ကြိုးနှင့်တုပ်ထားသဖြင့် မဖြူသည် မလှုပ်နိုင်ဖြစ်နေလေသည်။ သူတို့ငါးဦးကို အဝိုင်းပုံစံ မျက်နှာချင်းဆိုင်ထားလေသည်။
“မဖြူသတိရပြီလား” ကိုဇော်က မေးလိုက်သည်။ မဖြူသည် ခေါင်းညိတ်ပြလိုက်သည်။
ထိုစဉ် အခန်းတံခါးပွင့်သွားပြီး လူကြီးတစ်ယောက်သည် တဖြည်းဖြည်းချင်းလျှောက်လာလေသည်။ ထိုလူကြီးမှာ ထမင်းစားခန်းတွင် တွေ့ခဲ့သည့် ရှမ်းအမျိုးသားကြီးပင်ဖြစ်သည်။ အဝါရောင်ပိုးပုဆိုးကို ဝတ်ဆင်ထားပြီး အပေါ်က အကျီအဖြူကို ဝတ်ဆင်ထားလေသည်။
“ခင်ဗျား ဘယ်သူလဲ ဘာလို့ ကျုပ်တို့ကို ဖမ်းထားတာလဲ “ကိုဇော်က မေးလိုက်လေသည်။
“မလောပါနဲ့ မောင်ဇော်ရယ် မင်းငါ့ကို မသိဘူးလား” ဟိုလူကြီးမှာ ပြုံးရင်းမေးလိုက်သည်။
“မသိဘူး” ကိုဇော်က ခပ်ပြတ်ပြတ် ပြန်ဖြေသည်။
ထိုလူကြီးက လက်ထဲတွင် ဓါးမြောင်လေးတစ်ချောင်းကို ကိုင်ထားလေးသည်။
“အရမ်းလှတဲ့ ဓါးမြောင်လေးပဲနော်” ထိုလူကြီးမှ ပြောလေသည်။ ကိုဇော်မှာ ဓါးမြောင်ကို မြင်ရင်း အံ့အားသင့်သွားသည်။ ထိုဓါးမြောင်မှာ ကိုဇော်၏ ဓါးမြောင်ဖြစ်သည်။ ဓါးမြောင်လက်ကိုင်မှာ သစ်မွှေးသားအနီဖြင့် ပြုလုပ်ထားပြီး ဓါးမြောင်ဓါးသွားပေါ်တွင် ကနုတ်ပန်းကလေးများဖြင့် အလှဆင်ရေးသားထားလေသည်။
“မောင်ဇော်ရယ် မင်းဒီဓါးကို တွေ့တာတောင် မမှတ်မိသေးဘူးလား၊ နောင်ချိုမြို့ပြင် တောင်ကုန်းပေါ်က အုတ်ဂူသုံးလုံးကို မင်းမမှတ်မိတော့ဘူးလား၊ မင်းပဲ ဒီဓါးကို ငါတို့ဆီက ယူသွားတာလေ။ ဒီဓါးအပြင် ငါ့မိန်းမဝတ်ထားတဲ့ စိန်၅လုံးပါတဲ့ ဘယက်လေးကို မင်းယူသွားသေးတယ်မဟုတ်လား”
ကိုဇော်မှာ ချွေးသီးချွေးပေါက်များကျလာလေသည်။ ထို့နောက် ခေါင်းကို အနည်းငယ်ညိတ်လိုက်သည်။
“ကျုပ်ဖောက်တာ နယ်စားမင်းဦးအိုက်ကြာရဲ့ အုတ်ဂူပဲလေ”
“ဟုတ်တယ် ငါက ဦးအိုက်ကြာပဲ”
“ဒါဖြင့် ခင်ဗျားဘာလိုချင်လို့လဲ” ကိုဇော်ကမေးလိုက်လေသည်။
“မင်းယူသွားတဲ့ ပစ္စည်းတွေပြန်ပေးပါ”
“မရှိတော့ဘူ ရောင်းစားလိုက်ပြီ” ဦးအိုက်ကြာမှာ အလွန်ဒေါသထွက်သွားသည်။ သူ့မျက်လုံးကြီးများသည် နီရဲလာကာ အခိုးအငွေ့များထွက်လာလေသည်။
“ဒါဆိုမင်းသေရမယ် မင်းကိုသတ်ဖို့ ဒီဓါးမလိုပါဘူး မင်းကို ငါကိုယ်တိုင်အစိမ်းစားပြစ်မယ်” ဟုဆိုကာ ဓါးမြောင်လေးကို လွှင့်ပစ်လိုက်လေသည်။ ဓါးမြောင်လေးမှာ မဖြူ၏ ခုံဘေးသို့ ပြုတ်ကျလာလေသည်။ ထို့နောက် ဦးအိုက်ကြာမှာ ပါးစပ်ကြီးကို ဖြဲလိုက်လေသည်။ ပါးစပ်ကြီးမှာ နားရွက်နားအထိ ပြဲတက်သွားလေသည်။ သွားကြီးများမှာ ၁လက်မခန့်ရှည်လျားပြီး ချွန်ထက်ကာ ဖြူဖွေးနေလေသည်။ အစွယ်ကြီးများမှာ ၃လက်မခန့်ရှည်ပြီး မညီမညာပေါက်နေကြသည်။ မီးရောင်အောက်တွင် ထိုပါးစပ်မှ သွားကြီးများမှာ ဝင်းလက်နေကြသည်။
“ခင်ဗျားသတ္တိရှိရင် ကျုပ်ကို ကြိုးဖြေပေး၊ ခင်ဗျားနဲ့ ကျုပ်နဲ့ ယောက်ျားတွေလို တိုက်ခိုက်ကြမယ်” ကိုဇော်က စိန်ခေါ်လိုက်လေသည်။ ဦးအိုက်ကြာမှာ လက်ဖျောက်တစ်ချက်တီးလိုက်ရာ ကိုဇော်အားချည်နှောင်ထားသော ကြိုးများမှာ အလိုလိုပြတ်ကျကုန်သည်။ ကိုဇော်လဲ ခုန်ထလိုက်ပြီး ဦးအိုက်ကြာနှင့် နပန်းဝင်လုံးလေသည်။
ထိုစဉ်မဖြူ၏ လက်မှ ကြိုးများကို တစ်စုံတစ်ယောက်မှ ဖြေပေးလိုက်သလို လက်များလွှတ်လပ်သွားသည်။
“ဓါးကို ကောက်လိုက်” တစ်စုံတစ်ယောက်၏ ပြောသံကို ကြားလိုက်ရသည်။ မဖြူသည် ဓါးကို ကောက်လိုက်ပြီး အခြားလက်တစ်ဖက်မှ ကြိုးများကို ဖြတ်လိုက်လေသည်။ ထို့နောက်ခြေထောက်ကို ချည်နှောင်ထားသော ကြိုးများကို ဖြတ်လိုက်လေသည်။
“အမ ညီမကို ကယ်ပါဦး” မညိုကအော်ပြောလေသည်။ မဖြူလဲ မညိုကိုရော၊ ထိုစုံတွဲကို ပါကြိုးများဖြတ်ပေးလိုက်သည်။ ကိုဇော်နှင့် ဦးအိုက်ကြာမှာ လုံးထွေးသတ်ပုတ်နေဆဲပင်ဖြစ်သည်။ မဖြူတို့လဲ နီးစပ်ရာ တံခါးပေါက်မှ အပြင်ထွက်ပြေးလိုက်ကြသည်။ မဖြူတို့အား မြေအောက်ခန်းတစ်ခုတွင် ချုပ်နှောင်ထားချင်းဖြစ်သည်။ မဖြူတို့သည် လှေကားတစ်ခုကို တွေ့သောကြောင့်ထိုလှေကားမှ အပေါ်သို့ တက်ရန်ကြိုးစားလိုက်သည်။
“ဟိတ်” ထိုစဉ်အလွန်ကျယ်လောင်ပြီး စူးရှလှသော ခေါ်သံကြီးကို အနောက်မှကြားရသဖြင့် မဖြူ၊ မညိုနှင့် ထိုစုံတွဲလေးယောက်သား နောက်သို့ ပြန်လှည့်ကြည့်လိုက်ကြသည်။ ဦးအိုက်ကြာမှာ အခန်းတံခါးဝတွင်ရပ်နေပြီး လက်ထဲတွင် ကိုဇော်၏ ခေါင်းပြတ်ကြီးအားကိုင်ထားလေသည်။ မဖြူသွေးပျက်သွားသည်။ တစ်ကိုယ်လုံး ကိုင်ရပ်ထားသလို နာကျင်နေကာ မောပန်းနေလေသည်။ ကိုဇော်ခေါင်းပြတ်ကြီးမှာ မျက်လုံးကြီးများပိတ်နေရာမှ ရုတ်တရက် မျက်လုံးများပွင့်သွားလေသည်။ ထိုနောက်ပါးစပ်မှလဲ အော်လေသည်။
“မိဖြူတို့ရေ ပြေး . . ပြေးတော့””
မဖြုနှင့် မညို တို့သည် လှေကားမှ အပေါ်သို့ပြေးတက်ကြသည်။ နံ့သာမြိုင်ဟိုတယ်ကြီး၏ မြေညီထပ်သို့ရောက်လာသည်။ ဟိုစုံတွဲသည် ဟိုတယ်ကြီး၏ အပြင်သို့ တစ်ဟုန်ထိုးပြေးထွက်သွားကြလေသည်။ မဖြူတို့သည် ထမင်းစားခန်းကို ဖြတ်ပြီး ဟိုတယ်ရှေ့သို့ သွားရမည်ဖြစ်သဖြင့် ထမင်းစားခန်းကို ဝင်ရောက်လိုက်ကြသည်။ ထိုစဉ် အလွန်ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းများကို မြင်လိုက်ရလေသည်။
ထမင်းစားခန်းတစ်ခုလုံးတွင် လူသေအလောင်းတွေနှင့် ပြည့်နှက်နေသည်။ အချို့အလောင်းတွေမှာပုပ်ပွနေပြီး၊ အချို့အလောင်းတွေမှာ အရိုးတွေထွက်နေသည်။ ခြေပြတ် လက်ပြတ်တွေလဲတွေ့ရလေသည်။ ညီအစ်မနှစ်ယောက်လဲ ထိုမြင်ကွင်းများကို ကျောခိုင်းပြီး အပြင်သို့ပြေးထွက်လာကြလေသည်။ သို့သော် အခန်းအဝနားတွင် ကလေးအလောင်းတစ်လောင်းရှိလေသည်။ ထမင်းစားဝိုင်းတွင် တွေ့ခဲ့သည့် ၁၀ နှစ်အရွယ်ကလေး မလေးပင်ဖြစ်သည်။
ထမင်းစားခန်းမှအပြင်သို့ပြေးအထွက် ဖြူသီကျော်၏ ခြေထောက်ကို အေးစက်သော လက်တစ်စုံက ဆွဲလိုက်ခြင်းကို ခံလိုက်ရသည်။ အောက်သို့ငုံကြည့်လိုက်ရာ ခုနက တွေ့ခဲ့သော ကလေးမလေးအလောင်းမှဖြစ်သည်။ အလောင်းသည် မျှော်လင့်ခြင်းများစွာဖြင့် သူမကို ကြည့်နေပြီးနောက် ထိုကောင်မလေးသည် တစ်ခုခုကိုပြောရန်အတွက် ပါးစပ်ကို ဖွင့်လိုက်လေသည်။ ထိုအခါ ထိုကောင်မလေးပါးစပ်မှ လောက်ကောင်ကြီးများသည် တဖွားဖွားကျလာလေသည်။ ဖြူသီကျော်လဲ ခြေထောက်ကို အတင်းခါထုတ်ခါ သူ့ညီမ မညိုလက်ကိုဆွဲ၍ ပြေးကြလေသည်။
“အမဖြူ ကျွန်မတို့မှာ ကားပါတယ် ကားမောင်းပြေးကြမယ်” မညိုပြောမှသတိရလိုက်သည်။
သူတို့ကားသည် ဆင်ဝင်အောက်တွင် ရပ်ထားပေသည်။ ဟိုစုံတွဲကတော့ ဟိုတယ်အပြင်သို့ ခြေလျင်ထွက်ပြေးကာ အမှောင်ထုထဲသို့ ပြေးဝင်သွားကြလေသည်။ ဟိုတယ်မှာ ကားလမ်းနှင့် ၆ ဖာလုံခန့်ဝေးရာ လမ်းလျှောက်ပြေးမည်ဆိုလျှင် ၁၅မိနစ်ခန့် ပြေးရပေမည်။ ပြီးတော့ မီးမရှိဘာမရှိ တောအုပ်ကြီး နှစ်ခုကြား လမ်းကလေးမှ ပြေးရမည်ဖြစ်ရာ ပိုအန္တရာယ်များလေသည်။ မဖြူသည် ကားဖြင့် ပြေးရန် ကြံရွယ်လိုက်သည်။ အပြင်တွင် မိုးက သည်းထန်စွာရွာသွန်းနေဆဲဖြစ်သည်။
မဖြူနှင့် မညိုသည် ဟိုတယ်ဆင်ဝင်အောက်သို့ ရောက်ရှိလာကြသည်။ သူတို့ကားမှာ ရပ်ထားသည့် ပကတိအခြေအနေအတိုင်းဖြစ်နေသည်။ မဖြူမှာ ကားမောင်းမည့်နေရာဘက်သို့ သွားလိုက်သည်။ ထို့နောက် ကားတံခါးကို ဖွင့်လိုက်သည်။
“ဂျလစ် . . . ဂျလစ်”
ဟုတ်သည်။ ကားသော့မှာ ဟိုတယ်အခန်းထဲတွင် ကျန်နေခဲ့လေသည်။
“အမဖြူရေ ဖွင့်မရဘူးကားတံခါးက” မညိုသည် တုန်ယင်စွာအော်လိုက်သည်။
“ဟုတ်တယ် ညီမလေး ကားသော့က ဟိုတယ်အခန်းထဲမှာ ကျန်ခဲ့တယ်လေ” မဖြူစဉ်းစားလိုက်သည်။
ဟိုတယ်ထဲတော့ ပြန်မဝင်ချင်တော့။ သို့သော် ကားသော့က ဟိုတယ်ထဲမှာဖြစ်သည်။ မဖြူအရဲစွန့်ပြီး ဝင်ယူရန် စဉ်းစားလိုက်သည်။ လောဘကြောင့်လဲ အကြောက်အလန့်ကင်းသွားခြင်းဖြစ်နိုင်သည်။ သူတို့ဆလွန်းကားလေးမှာ ခေတ်ပေါ်ကားဖြစ်ပြီး တန်ဖိုးမသေးလှပေ။
“ညီမလေး ဒီမှာစောင့်နေ မဖြူအခန်းထဲမှာ ကားသော့သွားပြန်ယူလိုက်မယ်” ဖြူသီကျော်က ပြောလိုက်သည်။
“ဖြစ် ဖြစ်ပါ့မလား အမရဲ့ ကျွန်မကြောက်တယ် “ ဖြူခိုင်ကျော်က ပြန်ပြောလိုက်သည်။
“ဖြစ်ပါတယ် ခဏပါပဲ အမချက်ချင်းပြန်လာခဲ့မယ်” ဟုပြောကာ ဖြူသီကျော်သည် နောက်တစ်ခေါက်ခြေထပ်မချချင် တော့သော ဟိုတယ်ကြီးထဲသို့ ပြန်လည်ဝင်ရောက်လိုက်သည်။
ဖြူသီကျော်သည် ဘေးဘီဝဲယာကို သိပ်မကြည့်တော့ဘဲ လှေကားကြီးဆီသို့သာ တဟုန်ထိုးပြေးတက်သွားလေသည်။ ထို့နောက် ဒေါနပန်းဟုရေးထားသည့် အခန်းကို ရှာပြီး တံခါးကို အလျှင်အမြန်တွန်းဖွင့်လိုက်လေသည်။
ထို့နောက် သူမ၏ ဆလင်းဘတ်အိတ်ကို တခါတည်းဆွဲယူပြီး မြဲမြံစွာ စလွယ်သိုင်းလွယ်လိုက်လေသည်။ ထို့နောက် အခန်းပြင်သို့ ပြန်ထွက်ရန် လှည့်လိုက်လေသည်။
“အမလေး” မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဖြူသီကျော် လန့်အော်လိုက်မိသည်။ အလုပ်သမား ကုလားမလေးသည် အခန်းတံခါးဝတွင် မတ်တပ်ရပ်လျှက် တံခါးကို ပိတ်ရပ်နေသည်။ ဖြူသီကျော် စဉ်းစားရခြေပြီ၊ အခန်းထဲမှာဘဲ ခဏနေမလား၊ အပြင်သို့ထွက်ရမည်လား။ နောက်ဆုံးတွင် ဖြူသီကျော်ဆုံးဖြတ်လိုက်သည်။ အခန်းအပြင်သို့ထွက်မည်။ ညီမလေးတစ်ယောက်ထဲ ကားနားတွင်စောင့်နေရသည်ကို သတိရသွားသည်။ ဖြူသီကျော် မကြောက်တတ်တော့ပါ။
ရဲစိတ်တွေဝင်လာသည်။ ထို့နောက် သူမလက်ထဲတွင် ကျစ်ကျစ်ပါအောင်ကိုင်ထားသော ဓါးမြောင်လေးကို လက်နှစ်ဖက်ဖြင့် ကိုင်ပြီး အရှေ့ဖက်သို့ ထိုးချိန်လိုက်သည်။ ထို့နောက် ပါးစပ်မှ အားရပါးရအော်ပြီး ကုလားမလေးထံသို့ အတင်းဝင်ပြေးလိုက်လေသည်။
“ကျား . . . . သေစမ်း” ဖြူသီကျော်အော်ရင်း ကုလားမလေးထံပြေးဝင်သွားသည်။ သို့သော်သူမလက်များသည်လည်းကောင်း၊ သူမကိုယ်ခန္ဓာသည်လည်းကောင်း ဂွမ်းမွေ့ယာကြီးတစ်ခုကို ဖြတ်သန်းသွားသလို ခံစားလိုက်ရပြီးနောက် ဖြူသီကျော် အခန်းအပြင်သို့ရောက်လေသည်။ အခန်းအပြင်သို့ရောက်သည်နှင့် တပြိုင်နက် လှေကားကြီးဆီသို့ပြေးလေသည်။ ပြေးရင်း နောက်သို့လှည့်ကြည့်မိလေသည်။ ကုလားမလေး၏ ခေါင်းကြီးမှာ လည်ပင်းကြီးမှ ရှည်ထွက်လျှက် သူမနောက်သို့ ခေါင်းကြီးပဲ ပျံဝဲကာ လိုက်လာလေသည်။ ဖြူသီကျော်လဲ တဟုန်ထိုး လှေကားပေါ်မှ ဆင်းပြေးသည်။ ထို့နောက် ဟိုတယ် ဧည့်ခန်းထဲသို့ဆင်းလာသည်။
“ဟာ . . “ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ဖြူသီကျော် ကြက်သေ သေသွားလေသည်။ ဦးအိုက်ကြာနှင့် ကိုဇော်တို့ ဘတစ်ပြန်ကျားတစ်ပြန် နပန်းလုံးနေသောကြောင့်ဖြစ်သည်။ ကိုဇော်မှာ ခေါင်းမရှိတော့၊ ကိုယ်လုံးချည်းသာဖြစ်ပြီး ဦးအိုက်ကြာနှင့် တိုက်ခိုက်နေလေသည်။ ဖြူသီကျော်လဲ ခဏအတွင်းပြန်သတိကပ်သွားသည်။ ကုလားမလေး၏ ခေါင်းကြီးမှာလဲ လှေကားထိပ်တွင်ရပ်လျှက် ဦးအိုက်ကြာတို့ကို ကြည့်နေလေသည်။
ဖြူသီကျော်လဲ လုံးထွေးနေသည့် ဦးအိုက်ကြာတို့အနီးမှ ကပ်ပြေးပြီး ဟိုတယ်အပြင်သို့ ထွက်လိုက်သည်။ အပြင်သို့ရောက်သည်နှင့် ဆလင်းဘတ်အိတ်ထဲမှာ ကားသော့ကို ဆွဲထုတ်လိုက်သည်။
“ညီမလေးရေ ညီမလေး” ဖြူသီကျော် အော်ခေါ်လိုက်သည်။ သို့သော် ကားနားတွင် မည်သူမှမရှိပါ။ ဖြူသီကျော်တွေးမိသည်မှာ ညီမ မညိုသည် ကြောက်အားလန့်အားဖြင့် ခြေကျင်ထွက်ပြေးခြင်းဖြစ်မည်။ ဖြူသီကျော်သည် ကားပေါ်တက်လိုက်သည်။ ထိုအချိန်မှာပင် ဦးအိုက်ကြာမှာ ဟိုတယ်ဆင်ဝင်အပေါက်မှ ထွက်လာလေသည်။ မျက်လုံးကြီးများမှာ နီရဲလျက်၊ သွားများမှာ ဖြူဖွေးနေလေသည်။
“မပြေးနဲ့ ညည်းကိုပါ ငါစားမယ်” ဦးအိုက်ကြာက အော်ဟစ်ကာ ကားဆီသို့ပြေးလာလေသည်။ ဖြူသီကျော်လဲ စဉ်းစားမနေတော့ဘဲ ကားကို စက်နှိုးလိုက်လေသည်။
“ဝူး ဝူး ချပ် . . . ချပ်”
ကားမှာ စက်နှိုး၍မရတော့။ ဖြူသီကျော် သုံးလေးခါခန့်နှိုးကြည့်သည်။ သို့သော်အချည်းနှီးပင်ဖြစ်သည်။ ထိုစဉ် ဦးအိုက်ကြာမှာ ကားမှန်တံခါးကြီးအား လက်ဖြင့်ပုတ်လိုက်ရာ ကားမှန်တံခါးများ ကွဲသွားလေသည်။ ဥိးအိုက်ကြာ လက်တွင် အလွန်ရှည်လျားသော လက်သည်းကြီးများဖြင့် ကားထဲသို့ နှိုက်ပြီး ဖြူသီကျော်ကို ဖမ်းရန်ကြိုးစားလေသည်။ ဖြူသီကျော်လဲ ကားစက်မနိုးပြီမို့ ကားတစ်ဖက်ခြမ်းမှ တံခါးကို ဖွင့်ကာ မိုးရေထဲသို့ ပြေးထွက်လိုက်သည်။ ဟိုတယ်အဝင်လမ်းမှာ မှောင်မဲနေပြီး မိုးများကလဲ ရွာသွန်းနေသည်။ ဖြူသီကျော်မှာ တစ်ကိုယ်လုံ အေးစက်နေပြီး မိုးရေတွေစိုရွှဲနေသည်။ သို့သော် ရွေးချယ်စရာမရှိပြီမို့ မြေနီလမ်းကလေးအတိုင်း ပြေးထွက်လာခဲ့လိုက်သည်။
ဦးအိုက်ကြာမှာ ဟိုတယ်ရှေ့သို့ထွက်လာကာ အသံနက်ကြီးဖြင့်ရယ်မောလိုက်ည်။ ဖြူသီကျော်လဲ ပြေးရင်းနောက်ပြန်လှည့်ကြည့်မိသည်။ ဦးအိုက်ကြာအရပ်မှာ တဖြည်းဖြည်းနှင့် ရှည်ထွက်လာလေသည်။ နှစ်ထပ်ဘိုတဲကြီး ထက်ပြင်အရပ်မြင့်နေသည်။ မျက်လုံးကြီးများနှင့် သွားကြီးများမှာ ဖြူဖွေးနေသည်။ တစ်ခါတစ်ရံ လျျှပ်စီးလက်လိုက်သောအခါ အလွန်ရှည်လျားသော အရပ်ကြီးကို မြင်ရလေသည်။ ဖြူသီကျော် ခြေလှမ်း သုံးဆယ်ခန့်ကို ဦးအိုက်ကြာက တစ်လှမ်းသာလှမ်းသည်။ ဘေးနားရှိတောကြီး မှသစ်ပင်များမှာ အလွန်မြင့်မားသော်လည်း ဦးအိုက်ကြာအရပ်မှာ ထိုထက်မြင့်လေသည်။ ဖြူသီကျော်ကိုလဲ အပေါ်မှ စီးကြည့်နေသလိုရှိလေသည်။
ဖြူသီကျော်စဉ်းစားမိသည်မှာ လမ်းအတိုင်းပြေးလျှင် လွတ်လမ်းမရှိပေ၊ တောအုပ်ထဲသို့ ဝင်ပြေးရန်ဖြစ်သည်။ ဖြူသီကျော်သည် ချက်ခြင်းပင် တောအုပ်ထဲသို့ ဝင်ပြေးလိုက်သည်။ သစ်ပင်များနှင့် ခြုံပင်များကို ဖြူသီကျော် တွန်းတိုက်သွားနေရသည်။ အမှောင်ထုက အုပ်စိုးနေသဖြင့် ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းမသိတော့။ တစ်ခါတစ်ရံ သစ်ပင် ပင်စည်များနှင့် တိုက်မိသည်။ ဖြူသီကျော်မှာ ဘယ်က အားတွေရှိလာ သည်လဲ မပြောတတ်၊ ခြေထောက်နှင့်မြေကြီး ထိသည်ဟူ၍ပင်မထင် ပြေးလွှားနေရသည်။
ပြေးလွှားနေစဉ် အရှေ့မှာ ဦးအိုက်ကြာပေါ်လာလေသည်။ လူအရွယ်အစားပင်ဖြစ်သည်။ ဖြူသီကျော်သည် ပြေးလွှားခြင်းကို ရပ်တန့်ပြီး အနောက်သို့ ပြန်လှည့်ရန်ကြိုးစားသည်။ အနောက်တွင်လဲ ဦးအိုက်ကြာတစ်ယောက်ရှိသည်။ အလားတူပင် ဘယ်ဖက် ညာဖက်နှင့် အရပ်ရှစ်မျက်နှာမှ ဦးအိုက်ကြာများသည် ဖြူသီကျော်ကို စက်ဝိုင်းသဖွယ်ဝိုင်းထားလိုက်ကြသည်။ ဖြူသီကျော်မှာ လွတ်လမ်းမရှိတော့။ ဦးအိုက်ကြာမှာ အသံနက်ကြီးဖြင့်ရယ်လေသည်။ ထိုရယ်သံကြီးကို သာမန်လူကြားရုံမျှဖြင့် နှလုံးရပ်သေနိုင်ဖွယ်ရှိသည်။
ဖြူသီကျော်သည် ကူကယ်ရာမယ့်လေပြီ။ သို့သော် သူမသည် ပါးစပ်မှ အမှတ်မထင် ရေရွတ်မိလိုက်သည်။
“အဖေရေ ကယ်ပါ” ခလုပ်ထိလျှင် အမိတ သည်ဟူ၍ ဆိုရိုးစကားရှိသည်မဟုတ်ပါလား။ ဖြူသီကျော်သည်လဲ အမှတ်မထင် အဖေအား တ မိသည်။ ထိုအချိန်မှာပင် ကောင်းကင်ကြီးတစ်ခုလုံး လင်းထိန်သွားလေသည်။ ကောင်းကင်မှ အလင်းလုံးကြီးသည် တဖြည်းဖြည်းနှင့် ဖြူသီကျော်၏ ခေါင်းပေါ်နားသို့ ရောက်လာလေသည်။ ဦးအိုက်ကြာအများကြီးသည် တဖြည်းဖြည်း အမှောင်ထုထဲသို့ထွက်ပြေးကုန်သည်။ နောက်ဆုံးတွင် ဦးအိုက်ကြာ တစ်ယောက်သာကျန်ခဲ့သည်။ ထိုတစ်ယောက်သည် အစစ်ဖြစ်နိုင်ပါသည်။ ဦးအိုက်ကြာသည် ဘာမှမလုပ်တော့ဘဲ တောက်တစ်ချက်ခေါက်ကာ အမှောင်ထုအတွင်း ဝင်ရောက်သွားပါတော့သည်။
ဖြူသီကျော်သည် အလင်းလုံးကြီးအား အံ့သြစွာကြည့်နေရင်း ထိုအလင်းလုံးကြီးမှာ သူမအဖေပုံရိပ်ပေါ်လာလေသည်။ ဖြူသီကျော်သည် ငိုချလိုက်သည်။ သူမအဖေ ရောက်လာသည့်အပေါ် ပျော်လဲပျော်ရွှင်မိသည်။ ဝမ်းလဲဝမ်းနည်းမိသည်။ ဒီအတိုင်းဆိုလျှင် သူမအဖေသည် သေဆုံးပြီးဖြစ်သည်မဟုတ်ပါလား။ ဖြူသီကျော့်အဖေသည် သူမတို့မိခင်သေဆုံးပြီးနောက် ငါးနှစ်လုံးနီးပါး တရားစခန်း ဝင်နေသဖြင့် သရဲများ မကောင်းဆိုးဝါးများ ကြောက်ကြသည်ထင်သည်။ သူမအဖေသည် ဘာမှမပြောဘဲ ဖြူသီကျော်၏ အရှေ့မှ တောထဲသို့ ဆက်သွားနေလေသည်။ အလင်းလုံးကြီးကလဲ လိုက်ပါနေသဖြင့် တောထဲတွင် နေ့ခင်းလို လင်းထိန်နေသည်။ မိုးကတော့ ရွာနေဆဲပင်။ ဖြူသီကျော်လဲ သူ့အဖေ၏ အနောက်မှ ထပ်ချပ်မကွာလိုက်သွားလေသည်။
အတန်ကြာသွားပြီးသောအခါတွင် သူမအဖေသည် သူမဘက်လှည့်လာလေသည်။
“သမီး မဖြူ ဒီရှေ့ကို ဆက်သွားလိုက်ပါ။ သမီးအန္တရာယ်ကင်းပါပြီ” ဟုပြောရင်း ရှေ့သို့ဆက်သွားရန် လက်ညိုးထိုးပြသည်။
ဖြူသီကျော်လဲ မျက်ရည်လည်ရွဲဖြင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက်ရှေ့ဆက်လျှောက်လာသည် ရုတ်ချည်းဆိုသလို သူမ၏ ဖခင်နှင့် အလင်းလုံးကြီးမှာလဲ ပျောက်ကွယ်သွားလေသည်။ ဖြူသီကျော်လဲ အမှောင်ထဲဆက်လျှောက်လာရာ မကြာမီ ကားလမ်းကို ရောက်သည်။ ကားလမ်းအရှေ့နားတွင် လူအများ မီးတုတ်များ၊ ဓါတ်မီးများဖြင့် ရုတ်ရုတ်သဲသဲဖြစ်နေကြသည်။ မဖြူလဲ သိချင်သဖြင့် ထိုလူအုပ်နားကို သွားကြည့်သည်။ လူအုပ်ကြီးသည် အယောက် ၃၀ ခန့်ရှိပြီး လမ်းဘေးချောက်ထဲမှ ကားလေးတစ်စီးကို ကြိုးများဖြင့် ဆွဲတင်နေကြသည်။ ဖြူသီကျော်လဲ အလွန်အံ့သြသွားလေသည်။ ထိုကားလေးသည် သူမတို့ကားလေးပင်ဖြစ်သည်။
“မိုးကလဲ သည်းနေတာဆိုတော့ လမ်းချော်ပြီး ချောက်ထဲကျသွားတာဖြစ်နိုင်တယ်” ရပ်ကြည့်နေသူတစ်ဦးက ဆိုသည်။
“ကားမောင်းရင်း အိပ်ငိုက်သွားတာလဲ ဖြစ်နိုင်တယ်ဗျ” အနားရှိနောက်လူတစ်ယောက်ကဆိုသည်။
“ဟယ် ကလေးမလေးတွေ ငယ်ငယ်လေးတွေ ရှိသေးတယ်ဟယ်” အဒေါ်ကြီးတစ်ယောက်က ရေရွတ်နေသည်။
ဖြူသီကျော် ထိုမြင်ကွင်းကို ဆက်မကြည့်တော့ပါ။ မိုးကလဲ အလွန်သည်းထန်စွာရွာနေသည်။ ဖြူသီကျော်သည် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူမပါ လေနှင့်လွင့်ပြီး နက်မှောင်နေသည့် တိမ်များထံသို့ လွင့်ပါသွားသလို ခံစားလိုက်ရလေသည်။
ဖြူသီကျော်နှင့် ဖြူခိုင်ကျော်တို့မှာ မေမြို့မရောက်ခင် နောင်ချိုအထွက်တွင် ဖြူသီကျော် အိပ်ငိုက်ကတည်းက အရှိန်လွန်ပြီး လမ်းဘေးချောက်ထဲ ထိုးကျသွားကာ ညီအစ်မနှစ်ယောက်လုံး ပွဲချင်းပြီးသေလေသည်။ သို့သော် ကိုကိုဇော်သည် လွန်ခဲ့သော ၆လခန့်က မေမြို့မှ မန္တလေးသို့အဆင်းတွင် ဆိုင်ကယ်အက်စီးဒင့်ဖြင့် သေဆုံးသွားသည်ကို ဖြူသီကျော်တို့ညီအစ်မနှစ်ယောက် သိမည်မဟုတ်ပါ။
ကြိုးစားပါဦးမည်