မေတ္တာနှောင်ကြိုး

မေတ္တာနှောင်ကြိုး(စ/ဆုံး)
————————

ကျွန်မ အေးစက်မှောင်မဲနေသော အခန်းတစ်ခန်းမှာ ငယ်သံပါအောင် အော်ဟစ်ငိုကြွေးနေမိသည်။ကြီးမားလွန်းသော ဆုံးရှုံးမှုတစ်ခု။
“စိတ်မကောင်းပါဘူး ဇလပ်ဝါ..”
“မဟုတ်သေးဘူး..ဟင့်…”
ကျွန်မ ခေါင်းကို တွင်တွင်ရမ်းပစ်လိုက်သည်။ ကျွန်မ မျက်နှာပြင်ပေါ်မှာ မျက်ရည်တွေကလဲ အရွှဲသား။
“ကျွန်မ.. ကို ကယ်..ပါ ဒေါက်..တာ..”
နောက်ထပ် သူတို့ပြောနေတဲ့ စကားသံတွေ ကျွန်မ မကြားရတော့ .. ။အရာ အားလုံးဟာ မပီပြင်ဝိုးတဝါး..။ တုန်ယင်နေသော နှုတ်ခမ်း တစ်စုံက ပြန်မရနိုင်တော့သည့် အရာတစ်ခုကို တောင့်တလိုက်ပြီး.. မျက်လုံးတွေကို အသာ မှိတ်ပစ်လိုက်သည်။

@@@@@
“စိတ်မကောင်း မဖြစ်ပါနဲ့ .. ဇလပ်ရယ်။ ကိုယ်တို့ အကောင်းဆုံး ဂရုစိုက်ခဲ့တာပဲ..”
ကျွန်မ အနီရောင်နှင်းဆီးပန်းပင်လေးကို ရေလောင်းရင်း စီးကျလာသည့် မျက်ရည်စ တစ်ချို့ကို ဖယ်ကာ မောင့်ကို ပြုံးပြလိုက်သည်။
“ဇလပ် အဆင်ပြေပါတယ် မောင်ရဲ့။ အချိန်လဲ တစ်လကျော်ခဲ့ပြီ မေ့မရတာက လွဲရင်၊ နေလို့ရပါတယ်..”
ဇလပ်နဲ့မောင်ရဲ့ အိမ်ထောင်သက် ၁၅နှစ်အတွင်းမှာ သားတစ်ယောက်နှင့် သမီးတစ်ယောက် ထွန်းကားခဲ့သည်။ ကျွန်မရဲ့ တတိယကိုယ်ဝန် နောက်ဆုံးရင်သွေးလေးကို ဆုံးရှုံးချိန်မှာတော့ အရမ်းထိခိုက်ဝမ်းနည်းခဲ့သည်။ အာထရာဆောင်းမှာ သမီးလေးတဲ့။ ကျွန်မရဲ့ မတော်တဆ ပေါ့လျော့မှုကြောင့် သမီးလေး လူ့လောက မရောက်ခင်မှာပင် ဆုံးရှုံးခဲ့ရသည်။ ကျွန်မ စီးကျလာတဲ့ မျက်ရည်တွေကို ထိန်းလိုက်ကာ..
“အခု ဒီနှင်းဆီပင်လေးက ဇလပ်တို့ရဲ့ သွေးသားပဲလေ မောင်ရဲ့။ သမီးလေးရဲ့… အသွေးအသားတွေနဲ့ နှင်းဆီပင်ကို ပျိူးးထောင်လာခဲ့တာ။ ဇလပ်ကျေနပ်တယ်..”
မောင် စကားတစ်ခွန်းမှ မဆိုတော့ .. ကျွန်မကို ဂရုဏာ သက်စွာကြည့်ပြီး ထွက်သွားသည်။ ဘယ်သူမြင်နိုင်မှာလဲ မိခင်တစ်ယောက်ရဲ့ သားသမီးအပေါ်ထားတဲ့ မေတ္တာ..။ ပြန်မရနိုင်တော့သည့် ကိုယ်တန်ဖိုးထားတဲ့ အရညပေါ် စွဲလမ်းမှုတစ်ခု ။ သက်မဲ့မှ မဟုတ်တာလေ။ကျွန်မ နှင်းဆီပင်လေးမှ ပန်းလေးတစ်ပွင့်ကို ရင်နာစွာ နမ်းရှိုက်လိုက်ရင်း..။
@@@@@@
“သမီး.. ထမင်းစားချိန်ရောက်ပြီ။အဲ့တာတွေ မစားရဘူးလေ..”
သမီးလေး ကျွန်မကို ဇက်လေးစောင်းကာ ဟက်ခနဲ တစ်ချက်ရယ်ပြသည်။ သမီးလေးက မွေးရာပါ မသန်စွမ်း။ အရိုးအဆစ်ပျော့၍ လမ်းကောင်းကောင်း မလျောက်နိုင်။ အသက် ၉နှစ်အရွယ်ပေမယ့် စကားလဲ သိပ်မပီ။ ကျွန်မ သမီးဆီက မုန့်တစ်ချို့ကို ဖယ်ကာ ထမင်း ကျွေးရန်အတွက် ဇွန်းကို သမီးရဲ့ နှုတ်ခမ်းနားတေ့လိုက်သည်။ထိုအခါသမီးလေးသာ ကျန်းကျန်းမာမာ မွေးလာခဲ့လျှင် သိပ်ကောင်းမှာပဲဆိုတဲ့ အတွေးက စိတ်မကောင်းစွာ ဝင်လာသည်။ ကျွန်မ၏ အားနည်းချို့ယွင်းချက်ကြောင့်လား မပြောတတ် သားသားမွေးပြီး ၊ သမီးကို ကိုယ်ဝန်လွယ်ချိန်မှာ ဂရုစိုက်ခဲ့ပါလျက်နှင့် သမီးလေးမှာ ချုချာခဲ့သည်။ သမီးလေး ကျန်းမာရေး အခြေအနေကြောင့် အဖော်ရစေရန် နောက်ထပ် သမီးလေးတစ်ယောက် ထပ်ရချင်မိသည်။ သားသားက ညီမလေးကို မချစ်တတ်။ မောင့် အတွက်လဲ ကျန်းမာတဲ့ သမီးလေးတစ်ယောက်ကို ပေးချင်မိသည်။ ကံတရားက ကျွန်မတို့ မိသားစု ဆီကို မျက်နှာသာ မပေးခဲ့။ ကျွန်မတို့ရဲ့ မျှော်လင့်ချက်လေး ဖြစ်တဲ့ တတိယမြောက် ရင်သွေးလေးကို ဆုံးရှုံးခဲ့ရသည်။
“မား…မား..”
သမီးလေး ကျွန်မကို ကြည့်ပြီး စကားတွေ ပြောနေလျှင်..
“သြော် အင်း..သမီးလေး မေမေ အတွေးလွန်နေလို့..”
ကျွန်မ ပြောချင်ရာပြောပြီး ထမင်း ခွံ့နေသော်လည်း သမီးက မစား။ ဧည့်ခန်း ပြတင်းပေါက်ပေါ်မှာ တင်ထားတဲ့ နှင်းဆီပန်းပင်ကိုသာ လက်ညိုးထိုးပြပြီး စကားတွေ ပြောနေသည်။အချိန် အတန်ကြာသည်အထိ ကျွန်မ နားမလည်။ နောက်ဆုံး.. သမီးပြောချင်တဲ့ အရာကို ကျွန်မ စိတ်ထဲ က အလိုလို သိနေသလို..။နားလည်သလို ဖြစ်လာသည်။ ကျွန်မ နှင်းဆီပန်းပင်ကို တစ်ချက်ကြည့်လိုက်၊ သမီးကို ကြည့်လိုက်နှင့်.. စကားတစ်ခွန်းကို လေးနက်စွာ ဆိုလိုက်သည်။
“သမီးက၊ ညီမလေး …လိုချင်တာလား..”
ကျွန်မ ထင်သည့် အတိုင်းပင် သမီး .. ကျွန်မကို လက်ခုပ်တီးပြီး ခေါင်းလေး ငြိမ့်ပြသည်။ ဟုတ်သည်လေ .. သမီးက ကျွန်မ တတိယ ကိုယ်ဝန်ဆောင် ကတည်းက .. ကျွန်မ ဗိုက်ကိုလာလာ ကိုင်ပြီး.. ညီမလေးလို့ မပီမပြင် လာလာ ခေါ်တတ်တာ ကျွန်မ အသိဆုံး မဟုတ်လား။ နောက်ထပ် သားသမီး မရနိုင်တော့တဲ့ ကျွန်မ အတွက် မယုံနိုင်စရာ အတွေးတစ်ခုက ဝင်လာသည်။ ပြီးလျှင် ဆုံးဖြတ်ချက် တစ်ခုကို ပိုင်နိုင်စွာ ချလိုက်ပြီး မောင်နှင့် တိုင်ပင်ဖို့ ဆုံးဖြတ်လိုက်သည်။ကျွန်မ အကြောင်း မောင်အသိဆုံး။ ကျွန်မ ဖြစ်ချင်တဲ့အရာ မဖြစ် ဖြစ်အောင် လုပ်တတ်ပြီး ဘယ်သှုမှ တားမရဘူးဆိုတာ.. ။ ကျွန်မ နှုတ်ခမ်းတွန့်ယုံ အေးစက်စွာ ပြုံးလိုက်ပြီး သမီးရဲ့ နဖူးလေးကို ခပ်ဖွဖွလေး နမ်းလိုက်သည်။ပြီးလျှင်… သမီးအနားကပ်ကာ အသံတိုးတိုးလေးဖြင့်..
“သမီးက.. ညီမလေးတစ်ယောက် လိုချင်ရင်.. မေမေက ညီမလေး တစ်ယောက် ခေါ်လာပေးမှာ..” လို့..
@@@@@
မောင် နေရခက်စွာ ကျွန်မကို စိုက်ကြည့်နေသည်။ မောင့်မေမေက မျက်နှာကို လုံးဝခက်ထန်ထားသည်။ကျွန်မ ဂရုမစိုက်။ ကျွန်မ ဖြစ်ချင်သည့်အရာ ဘယ်အရာကို မဆို တဇွတ်ထိုး လုပ်တတ်သည်။
“ညည်းတို့က ငါပြောတာ လက်မခံဘူးပေါ့။ ဘယ့်နှယ့် ကိုယ့်မှာလဲ သားသမီးရှိရက်နဲ့ သူစိမ်း သူများ သားသမီးကို မွေးစားရမယ်လို့။ကိုယ်မွေးစားလိုက်တဲ့ ကလေးက မျိုးရိုးမသန့်တာတို့ သန္ဓေမကောင်းတို့ ဖြစ်ရင် ဘယ်လို လုပ်မလဲ..”
“ကလေးတိုင်း အဲ့လို မဟုတ်ပါဘူး။သမီးတို့ သေသေချာချာလေ့လာပြီးမှ ကလေးတစ်ယောက်ကို မွေးစားမှာပါ..”
“မဟုတ်သေးပါဘူးအေ..”
မောင့်မေမေက မောင့်ကို ဘယ်မှမပြောတော့ဘူးဆိုလား သဘောနှင့် ကြည့်လျှင် ကျွန်မ မျက်နှာသိသာစွာ ပျက်ယွင်းလာသည်။
“သားတို့ သေချာတိုင်ပင်ပြီး ဆုံးဖြတ်ပြီးပြီ မေမေ။ သမီးလေး တစ်ယောက်လောက်တော့ ထပ်လိုချင်တယ်။ ပြီးတော့..ဇလပ်က နောက်ထပ်ကိုယ်ဝန်လဲ မဆောင်နိုင်တော့ဘူးဆိုတော့ သားတို့ သမီးလေး တစ်ယောက်လောက် မွေးစားမလို့ပါ။”
မောင့် မေမေ စကားတစ်ခွန်းမှ မဆိုပဲ နေရာမှ ထ ပြန်သွားသည်။မောင်လဲ မျက်နှာမကောင်း။ တစ်ဦးတည်းသော သား ဖြစ်သည့် မောင်က ကျွန်မကို အရမ်းချစ်သည်။ ကျွန်မ မျက်နှာ တစ်ချက်မညိုးစေရ။ ခင်ပွန်းတစ်ယောက်ရဲ့ တာဝန် ကျေပွန်လွန်းသည်။ ယခု ကျွန်မ၏ သဘောဆန္ဒအရ ကျွန်မတို့ မိသားစု လှူဒါန်းနေကျ ဖြစ်သော မိဘမဲ့ကျောင်းမှ သမီးလေး တစ်ယောက်ကို မွေးစားဖို့ စီစဉ်ထားပြီး ဖြစ်သည်။ သမီးလေးရဲ့ နာမည်က မေနှင်းဆီ တဲ့။ အရမ်းသွက်လက်ထက်မြတ်ပြီး လိမ္မာယဉ်ကျေးတဲ့ သမီးလေးဆိုပဲ။ ကျွန်မတို့ မနက်ဖြန် မိဘမဲ့ကျောင်းကို သွားပြီး သမီးလေးကို လေ့လာကြမည်ဖြစ်သည်။ ဘယ်သူမြင်နိုင်မှာလဲ… ထင်မှတ်မထားသည့် အရာတွေ ဖြစ်လာတော့မယ်ဆ်ိုတာ..။
@@@@@
ကျွန်မနဲ့မောင် အံ့သြမှင်သက်စွာ မေနှင်းဆီဆိုတဲ့ သမီးလေးကို ကြည့်နေမိသည်။ တကယ့် အနုပညာရှင် တစ်ယောက် ဆွဲထားသည့် ပန်းချီကားချပ်တွေ အတိုင်း လက်ရာမြောက်လွန်းသည်။ အသက်(၇)နှစ် အရွယ်နှင့်မလိုက် စကားတတ်လွန်းကာ ယဉ်ကျေးမှုရှိလွန်းသည်။
“ဒါပန်းချီကားတွေက သမီးဆွဲထားတာလား..”
“ဟုတ်တယ်။ သမီးပန်းချီဆွဲရတာ ဝါသနာပါတယ်..”
“ဒီ ပန်းချီကားလေးတွေက သမီးရဲ့ အိမ်မက်လား..”
သမီးက ကျွန်မ မျက်လုံးလေးတွေကို သေချာစိုက်ကြည့်ပြီး မည်းနက်နေတဲ့ မျက်တောင်ရှည်ကော့ကော့လေးတွေ မှေးနေအောင်ပြုံးလိုက်သည်။ မျက်လုံး၊မျက်ခုံး ၊နှာတံ အပြစ်ပြောစရာ လုံးဝမရှိ။ ဖူးညွတ်နေသည့် နှုတ်ခမ်းလေးက မျက်နှာဝိုင်းဝိုင်းလေးနှင့် လိုက်ဖက်လွန်းသည်။ဝင်းမွတ်နေသည့် အသားအရေပေါ်မှာ ဝတ်ဆင်ထားသသည့် ပန်းနုရောင်ဂါဝန်လေးက တင့်တယ်လွန်းသည်။ ဘယ်လို မိဘကများ စွန့်ပစ်ရက်လေသလဲနော်။ နှမြောလွန်းလို့ ထိရက်စရာပင်မရှိ။ အန်တီ့ သမီးလေးသာ ဖြစ်လိုက်ပါလားနော်။
“သမီး အန်တီ့အတွက် ပန်းချီဆွဲပေးမယ်လေနော်။ သမီးဆွဲပေးလို့ ရတယ်မလား..”
ကျွန်မ သဘောကျစွာ ပြုံးလိုက်မိသည်။
“ကျေးဇူးပါ သမီးရယ်။အန်တီ့ အတွက် ပန်းချီလှလှလေး ဆွဲပေးနော်။မောင်ရေ..ဇလပ်လေ.. နှင်းဆီလေးကို အရမ်းသဘောကျတာပဲ..”
မောင့်ကို ကြည့်လျှင်လဲ မျက်နှာလေးရွှင်နေကာ မေနှင်းဆီလေးကို သဘောကျ နေပုံရသည်။ကျွန်မ နှင်းဆီလေးနှင့် စကားပြောပြီးတာနှင့် မောင့်လက်ကို ဆွဲပြီး ဂေဟာမှူးဆီ လက်ဆွဲကာ နှင်းဆီလေးကို မွေးစားခွင့်ပေးဖို့ အပြေးလေး သွားမိတော့သည်။
@@@@@@@
“ဇလပ်တို့ သမီးအရင်းလေးလို ချစ်ပြီး၊ အိမ်က သားနဲ့သမီးနဲ့ တန်းတူထားမှာပါ..”
“မေနှင်းဆီလေးက ဆရာလေးတို့ ဂေဟာမှာ ရှိတဲ့ ကလေးတွေနဲ့ မတူဘူး။တစ်ခြားကလေးတွေလိုလဲ အဆော့ မမက်ဘူး တစ်ယောက်ထဲနေတာ သဘောကျတယ်။ အရမ်းထူးခြားပြီး ထက်မြက်တဲ့ကလေး။ဆရာလေးတို့ဆီ မေနှင်းဆီလေးကို မွေးစားဖို့ လာ တောင်းကြတယ်။နှင်းဆီလေးက မလိုက်တာ။ တကယ်လို့ နှင်းဆီလေးက ဇလပ်တို့နဲ့ နေချင်တယ်ဆိုရင်တော့ ဆရာလေးက ထည့်ပေးလိုက်မှာပါ..။”
ဂေဟာ စောင့်ရှောက်သည့် သီလရှင် ဆရာလေး၏ စကားကြောင့် နှင်းဆီလေးကို ကျွန်မတို့ မိသားစု မွေးစားခွင့် မရမှာ စိုးရိမ်မိသည်။ ကျွန်မ မျက်နှာလေးညိုးကာ ခေါင်းကို ငုံ့ထားလိုက်လျင်.. မောင်က အားမလျော့ဖို့ ကျွန်မ လက်တွေကို ဆုပ်ကိုင်ထားသည်။
“မောင်တို့ နှင်းဆီလေး လက်ခံအောင် ကြိုးစားရမှာပေါ့..”တဲ့..။
ဇလပ်တို့.. နှင်းဆီလေးကို ပိုင်ဆိုင်ခွင့် ရမှာပါနော်..။
နောက်ရက်တွေ…
ကျွန်မနဲ့မောင် နှင်းဆီလေးဆီ နေ့တိုင်းလိုလို ရောက်ဖြစ် ပြီး နှင်းဆီကြိုက်တတ်သည့်အရာလေးတွေ လက်ဆောင်ပေးဖြစ်သည်။ ကျွန်မနဲ့မောင်ရဲ့ မေတ္တာကြောင့်လား မသိ နှင်းဆီလေးနှင့် ခင်မင်ရင်းနှီးကာ အချိန်တိုအတွင်းမှာ မွေးစားခွင့်ရခဲ့သည်။
နှင်းဆီလေးကို ခေါ်လာခဲ့သည့် လမ်းတစ်လျှောက်မှာ မောင်က ကားမောင်း။ ကျွန်မနဲ့ နှင်းဆီလေးက နောက်ခန်းမှာ စကားပြောရင်း ကျွန်မတို့ မိသားစုရဲ့ နေထိုင်မှု ပုံစံလေးတွေ ကို ပြောပြဖြစ်ခဲ့သည်။ အိမ်ရောက်တာနှင့် နှင်းဆီလေးမှာ အစ်ကိုတစ်ယောက်၊ အစ်မတစ်ယောက် ရမည်ဖြစ်ကြောင်း၊ သူတို့ကလဲ နှင်းဆီလေးကို ချစ်မည် ဖြစ်ကြောင်း စိုးရိမ်မှု မရှိစေရန် ပြောပြခဲ့သည်။ ကျွန်မ ပြောသည့် စကားလုံးတွေကို တစ်ခွန်းမှ ပြန်မပြောဘဲ မျက်လုံးလေး ပေကလပ် ပေကလပ်နှင့် နားထောင်နေ၍ နှင်းဆီလေး နားလည်မည်ဟုလဲ မျှော်လင့်မိသည်။
အ်ိမ်ရောက်တော့..
သားလေးက နှင်းဆီကို မျက်နှာတစ်ချက်ရှုံကာ မကြည်သလို ကြည့်ပြီး အခန်းထဲ ဝင်သွားသည်။ မျက်ရည်လေးဝဲကာ ခေါင်းလေးငုံ့သွားသော နှင်းဆီလေးကို ကြည့်ပြီး စိတ်မကောင်း။ အစပိုင်းမို့ နောက်ပိုင်း နှင်းဆီလေး နေသားကျသွားမည် ထင်မိသည်။သမီးလေးကတော့ နှင်းဆီလေးကို တွေ့တာနှင့် ပျော်ရွှင်မြူးထူးနေသည်။အစထဲ ညီမလေးတစ်ယောက် လိုချင်နေခဲ့သည် မဟုတ်လား။သမီးက စကားပီသအောင် မပြောတတ်ပေမယ့် နှင်းဆီလေးကို မြင်မြင်ချင်းချစ်ပုံရသည်။ နှင်းဆီလေးကလဲ သမီးအနားမှာနေပြီး အရုပ်လေးတွေနှင့် အလိုက်ထိုက် ထိုင်ဆော့နေလျှင် စ်ိတ်ထဲ ကြည်နူးလာသလို ဖြစ်လာသည်။ဟူး.. ကျွန်မ ဆုံးရှုံးခဲ့ရသည့် ရင်သွေးလေး အစားပြန်ရသလိုပါပဲလား။ပြီးလျှင် ကျွန်မ ပြတင်းပေါက်နားက နှင်းဆီပင်လေးဆီ အသက်မဲ့စွာ တစ်လှမ်းချင်း သွားလိုက်ပြီး .. နှင်းဆီပန်းတစ်ပွင့်ကို သာယာစွာ နမ်းရှိုက်လိုက်သည်..။
ဒီနှင်းဆီပင်လေးက ဆုံးရှုံးခဲ့ရတဲ့ မေမေ့ရဲ့ သမီးလေး၊ မေမေ့ရဲ့ အသွေးအသားတွေဆိုလဲ မမှားပါဘူးနော်..။ကျွန်မ စိတ္တဇဆန်စွာ နှင်းဆီပင်နားကပ်ကာ နှုတ်ခမ်းကိုခပ်ဖွဖွလေး ပြုံးပြီး တိုးညှင်းစွာ စကားဆိုလိုက်မိသည်။
“သမီးနဲ့ နာမည်တူတဲ့.. သမီးရဲ့ ကိုယ်ပွားလေး အဖြစ် နှင်းဆီလေးကို .. မေမေ ခေါ်လာခဲ့ပြီနော်..”လို့….။
@@@@@@@@@
နှင်းဆီလေးကို ကျောင်းအသစ် ပထမဆုံး ပို့တဲ့ရက် ဖြစ်သည်။ ကားတစ်စီးထဲ ဆိုပေမယ့် သားက နှင်းဆီလေးကို စကားလုံးဝ မပြော။ ဖုန်းတစ်လုံးနှင့် ဂိမ်းဆော့နေခဲ့သည်။ကျွန်မ ကားမောင်းရင်း ဘေးကို ကြည့်တော့ သမီးလေးက မြူးထူးကာ နောက်ခန်းဘက်က နှင်းဆီလေးကို ခဏ ခဏ လှည်ု့ကြည့်ကာ ရယ်ပြနေသည်။ သမီးလေးသာ ကျန်းမာသန်စွမ်းတဲ့ ကလေးတစ်ယောက်သာဖြစ်လျှင် နှင်းဆီလေးလို ကျောင်းတက်ရမယ်ဆိုတဲ့ အတွေးတွေက ဝင်လာသည်။ကျောင်းရောက်တာနှင့် သားက ကားပေါ်က ဆင်းသွားနှင့်ပြီး နှင်းဆီလေးက ကျွန်မနဲ့သမီးလေးကို နှုတ်ဆက်ကာ ခေါင်းလေးငုံ့ပြီး တစ်လှမ်းချင်းထွက်သွားသည်။အမှန်အတိုင်းပြောလျှင် ကျွန်မ စိတ်ထဲ သိပ်မကြည်ပါ။ နှင်းဆီလေးက အရှက်အကြောက်ကြီးပုံရသည်။ ကလေးတစ်ယောက်ထက် လူကြီးဆန်လွန်းသည်လို့ ခံစားမိသည်။ ကျန်တဲ့အချိန်သာ ကျွန်မနားတီတီတာတာ စကားလေးတွေ ချွဲတတ်ပေမယ့် အဝတ်အစားလဲသည့် အချိန် ရေချိုးသည့် အချိန်ဆို အနားကိုကပ်မခံ၊ သမီးဘာသာ လုပ်တတ်တယ်ပဲ အကြောက်အကန် ငြင်းသည်။ ကိုယ့်သမီးအရင်းလေးလို အသေးစိတ်ကစ ဂရုစိုက် ယုယပေးချင်ပေမယ့် တစ်ခါတစ်လေတော့လဲ နှင်းဆီလေးက ကလေးတစ်ယောက်လို ဂရုစိုက်စရာ မလိုသည့် ကလေးလို့ ထင်မြင်မိသည်။
@@@@@@@
ကျောင်းက ပြန်လာကတည်းက သားမျက်နှာ မကောင်း။နှင်းဆီလေးကို ဂရုမစိုက်၍ ကျွန်မ ဆူထားခြင်းဖြစ်သည်။ကျောင်းက ကျွန်မဆီ ဖုန်းဆက်သည်။နှင်းဆီလေး ကျောင်းမှာ အနိုင်ကျင့်ခံရသည်တဲ့။ ပထမဆုံး ကျောင်းစတက်သည့် ရက်မှာပင် ရန်ဖြစ်၍ ကျွန်မ ကျောင်းထိ သွားခေါ်ခဲ့ရသည်။ တစ်ကျောင်းလုံးက နှင်းဆီလေးကို မွေးစားသမီးဆိုပြီး စ ရာက ဖြစ်သည်ဆိုပဲ။
“နှင်းဆီကို သား ညီမလို့ ပြောရမှာလား..”
“နှင်းဆီက သားညီမလေးပဲ..”
“သားမှာ ညီမတစ်ယောက်ပဲ ရှိတယ်..”
ဆိုပြီး ကျွန်မ နောက်က နှင်းဆီလေးကို မျက်စောင်းခဲကာ အခန်းထဲဝင်ပြီး တံခါးစောင့်ပိတ်လိုက်သည်။ကျွန်မ ဘာစကားတစ်ခွန်းမှ မဆိုနိုင်တော့။ သားအရင်း နှင့် မွေးစားသမီး ဆိုသည့် သားရဲ့ ခံစားချက်ကို ကျွန်မ ကောင်းစွာ နားလည်ပါသည်။မျက်နှာငယ်စွာ ရပ်နေသည့် နှင်းဆီလေးကို ကြည့်ပြီး စိတ်မကောင်း။ဟူး .. နှင်းဆီလေး နေရခက်နေမှာပဲနော်..။
ကျွန်မ မျက်ရည်တွေဝိုင်းကာ ခေါင်းလေး ငုံနေသော နှင်းဆီလေး လက်ကို ဆွဲကာ .. ကျွန်မကိုယ်တိုင် ယုယစွာ စိုက်ပျိုးထားသော ပြတင်းပေါက်နားက နှင်းဆီပင်နား ခေါ်သွားလိုက်သည်။ဘာဖြစ်ဖြစ် ကျွန်မတို့ရဲ့ မိသားစုဝင် ဖြစ်လာတဲ့ နှင်းဆီလေး ကျွန်မရဲ့ စိတ်ခံစားချက်ကို နားလည်သင့်တယ် မဟုတ်လား။ နှင်းဆီ မရရှိခဲ့သည့် မေတ္တာဆိုသည့် အရာတွေ ကျွန်မ ပေးချင်မိသည်။
“င်္ဒီနှင်းဆီပန်းလေးတွေက ဘာလဲ သိလား..”
နှင်းဆီခေါင်းလေးကို ရမ်းလိုက်သည်။
“ဒီပန်းလေးတွေက အန်တီ့ရဲ့ ဆုံးရှုံးခဲ့တဲ့ သွေးသားတွေပဲ။ အခု သမီးရဲ့ ဖြစ်တည်နေတဲ့ နေရာကို မရောက်ရှိခဲ့တဲ့ သူပေါ့။သမီးကို အန်တီက .. သမီးအရင်းလေးလို ချစ်ပါတယ်..။အန်တီ့ကို .. မေမေလို့ ခေါ်ပါလား သမီးရယ်..”
“မေမေ…”
နှင်းဆီလေး မျက်နှာလေးရွှင်ကာ ခေါင်းလေး ငြိမ့်ပြီး ကျွန်မ ရင်ခွင်ထဲ တိုးဝင်လာသည်။ ဘာတွေပဲ ဖြစ်ဖြစ် သမီးအနားမှာ အန်တီ ရှိပါတယ်နော်..။ကျွန်မ နှင်းဆီလေးရဲ့ ဆံနွယ်လေးကို ညင်သာစွာနမ်းရှိုက်လိုက်သည်။ဘယ်သူ မြင်နိုင်မှာလဲ နှင်းဆီလေးရင်ထဲက အပူတွေကို..၊
@@@@@@@
နောက်နေ့ ကျွန်မ သမီးလေးနဲ ဇလပ်ကို ပန်းခြံ လိုက်ပို့ပေးခဲ့သည်။ ငယ်သူငယ်ချင်း ဖြစ်သူနှင့် စကားလက်ဆုံ ပြောဖြစ်ရင်း ကလေးတွေကို သတိမထားမိလိုက် ။ မကြာခင်မှာပဲ .. သူငယ်ချင်း ဖြစ်သူရဲ့ သမီးလေး လျောစင်မှ ပြုတ်ကျကာ ခြေထောက်ကျိုးခဲ့ရသည်။
သူငယ်ချင်းက သူ့သမီးကို နှင်းဆီလေးက တွန်းချလို့ ပြုတ်ကျခဲ့သည် စွပ်စွဲသော်လည်း နှင်းဆီလေးအပေါ် ယုံကြည်မိသည်။နှင်းဆီလေးက သူများကို ထိခိုက်အောင် လုပ်မည် မဟုတ်။ ကျွန်မ သမီးလေးကို ချော့ပြီးမေးကြည့်သော်လည်း မတော်တဆ ပြုတ်ကျခဲ့ခြင်းသာ ဖြစ်ကြောင်း ခြေဟန် လက်ဟန်ဖြင့် ပြောပြရှာသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မတို့ မိသားစု တာဝန် မကင်းခဲ့ဘူး မဟုတ်လား။
အိမ်ရောက်တာနှင့်..
ကျွန်မ အင်္ဂလိပ် သီချင်းတစ်ပုဒ်ကို အသံလေးချဲ့ကာ လိုက်ဆိုနေမိသည်။ သမီးလေးနဲ့ နှင်းဆီက သဘောကျစွာ လက်ခုပ်ကလေးတွေ လိုက်တီးသည်။
“သမီးလဲ သီချင်းဆိုရတာ သဘောကျတယ်၊ ဒါပေမယ့် မဆိုတတ်ဘူး..”
ကျွန်မ သဘောကျစွာ ဟက်ခနဲ ရယ်လိုက်ရင်း နှင်းဆီရဲ့ ပါးမို့မို့လေးကို ဆွဲဖဲ့လိုက်သည်။ ပုခုံးအောက် ညီညီညာညာညှပ်ထားသော ဆံပင်ဝဲဝဲလေးကို သပ်သင်ပေးလိုက်ရင်း..
“နှင်းဆီလေး ဝါသနာပါရင်.. ကျောင်းပိတ်ရက် ဂီတသင်တန်း ပို့ပေးမယ်၊ Engသီချင်းလေးတွေ နားထောင်ရင်း နားရေဝလာရင် သမီးလေး ဆိုတတ်လာမှာ..” လို့။
နှင်းဆီ မျက်လုံးလေးတွေကို မှေးနေအောင်ရယ်လိုက်သည်။ မိဘမဲ့ ကလေးတစ်ယောက်ရဲ့ သိမ်ငယ်တဲ့ ခံစားချက်တွေ မဝင်စေချင် .. မိသားစုဆိုတဲ့နွေးထွေးတဲ့ မေတ္တာတွေကိုသာ ပေးအပ်ချင်မိတော့သည်။ ကလေးရဲ့ စိတ်ဓာတ်ကို မြှင့်တက်ဖို့ သမီးအရင်းတစ်ယောက်ရဲ့ ခံစားချက်ကို ကျွန်မ မမြင်နိုင်ခဲ့။ သမီးလေး .. တစ်ခုခုကို ကြောက်ရွံ့ခဲ့တာကြောင့် အမှန်တရားတစ်ခုကို ထုတ်မပြောခဲ့တာလဲ ကျွန်မ မသိခဲ့ပေ။
@@@@@@
မနက်အစော ဘဲလ် တီးသံကြောင့် ကျွန်မ တံခါးကို ဆွဲဖွင့်လိုက်သည်၊ ထိုအခါ မိဘမဲ့ ဂေဟာမှ စောင့်ရှောက်သူဆရာလေးမှ အိမ်ထဲဝင်ကာ ထူးဆန်းသည့် စကားတွေကို ပြောတော့သည်။
“ကြောက်စရာ ကောင်းတဲ့ အရာတွေ ဖြစ်လာတော့မယ်..”
“ရှင်..”
ဆရာလေးမှ အသက်ဝအောင်ရှုပြီး ရေတစ်ခွက်က်ို တုန်ယင်စွာ ကတိုက်ကရိုက် သောက်လိုက်ရင်း..
“ဟို .. သမီးလေး ရှိလား၊ အဆင်ရောပြေရဲ့လား.
ကျွန်မ ဆရာလေးရဲ့ အမူအယာပို နားမလည်ပေမယ့် တစ်ချက် ပြုံးလိုက်မိသည်။
“အဆင်ပြေပါတယ် ဆရာလေး၊ နှင်းဆီက အရမ်းလဲ လိမ်မာတယ်..”
“သူ့ရဲ့ မှတ်တမ်းတွေ လိုက်စစ်တော့၊ ဘာတစ်ခုမှ မရှိတော့ဘူး ဇလပ်။ သူ အရင်က ဂေဟာ တစ်ခုမှာ နေခဲ့ဖူးတယ်။ အဲ့ဂေဟာကိုလဲ အခု စုံစမ်းလို့ မရဘူး။ နှင်းဆီက အန္တရာယ် ရှိတဲ့ ကလေးတစ်ယောက်ပဲ ဇလပ်။ ဂေဟာကို ပြန်ပို့ပေးပါ၊ ဆရာလေး လာသွားတာလဲ သူ့ကို မသိစေချင်ဘူး။ဂေဟာပြန်ရောက်ရင် ဖုန်းဆက်လိုက်မယ်..”
ဆိုကာ ထ ပြန်လျှင် ကျွန်မ ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်သွားသည်။ နှင်းဆီက အန္တရာယ်ရှိတဲ့ ကလေးတဲ့။ ဘာကို ဆိုလိုချင်တာလဲ နားမလည်နိုင်တော့။ တစ်ခုခုကို စိုးရိမ်သွားတာတော့ အမှန်ပါ။
ဆရာလေးက ကျွန်မ ငှားပေးလိုက်တဲ့ taxiကားပေါ်တက်ရင်း …
” အင်္ဂလိပ် ဇာတ်ကားတွေထဲက Orphan(မိဘမဲ့)ဆိုတဲ့ ဇာတ်လမ်း ကြည့်ဖူးလား..”တဲ့။
ကျွန်မ ခေါင်းကို လေးလံစွာ ရမ်းလိုက်မိသည်။ ဆရာလေး ဘာကို ပြောချင်တာလဲ လေးနက်စွာ သိချင်မိသည်။
“ကြည့်ဖြစ်အောင် ကြည့်လိုက်ပါ။ နားလည်လာမယ်။ မသေချာသေးလို့ ဆရာလေး မပြောသေးဘူး..”တဲ့..။
ရင်ထဲ မောဟိုက်သွားသည်။ ထွက်သွားသည့် ကားကို ပြည့်ရင်း စိတ်က အဝေးကို ပျံ့လွင့်သွားသည်။ မကောင်းတဲ့ အရာတွေ ဖြစ်မလာပါစေနဲ့..။
@@@@@
နှင်းဆီလေးက ကျွန်မနဲ့ သိပ်မနေ မောင့်အနား တွယ်တာ တာ များသည်။ တစ်ခါတစ်လေ အိပ်မက်ဆိုးမက်ပြီး ကျွန်မ နဲ့ မောင်ကြား လာအိပ်တတ်သည်။ မိဘမေတ္တာ လိုချင်၍ ထင်ပါရဲ့။ ဒီနေ့တော့..သမီးလေး သိပ်မာနေမကောင်းတာနှင့် သမီးအခန်းထဲမှာ ချော့သိပ်ရင်း ပုံပြင်တစ်ပုဒ်ကို ရောက်တတ်ရာရာပြောနေမိသည်။
“ဟိုးရှေးရှေးတုန်းက .. အိမ်ကြီးတစ်အိမ်မှာ ဖေဖေထူးသစ်၊မေမေဇလပ်ဝါ၊ သားလေး မင်းသန့် ၊ သမီးလေး ချစ်စုဆိုတဲ့ မိသားစု လေးယောက် ရှိသတဲ့။ တစ်နေ့မှာ သူတို့ရဲ့ မိသားစုလေးထဲကို မေနှင်းဆီဆိုတဲ့…”
ကျွန်မ စကားမဆုံးခင် သမီးလေးက ခေါင်းကို တွင်တွင်ရမ်းကာ စောင်ကို ခေါင်းမြီးခြုံလိုက်သည်။
“သမီး.. ၊ သမီးလေး ဘာဖြစ်တာလဲ။ ဘယ်သူ့ကို ကြောက်လို့လဲ..”
သမီးက စောင်ထဲမှ ကျွန်မကို မသိမသာ ခိုးကြည့်ကာ၊ တစ်စုံတစ်ခုကို ကြောက်နေကြောင်း အမူအယာ ပြသည်။
“သမီးက ဘယ်သူ့ကို ကြောက်တာလဲ။ ဖေဖေနဲ့မေမေ့ကိုလား..”
သမီးခေါင်းလေးရမ်းသည်။ ကျွန်မ သဘောကျစွာ တစ်ချက်လိုက်ပြီး ..
“သမီးလေးက.. ကိုကို့ ကို ကြောက်တာလား..”
မေးလိုက်သည်။ ထိုအခါ သမီးက ခေါင်းလေးကို ဖြည်းညင်းစွာ ယမ်းလိုက်ပြီး တစ်စုံတစ်ရာကို ပြောပြချင်နေသည့် အမူအယာကို ပြသည်။ ကျွန်မ သမီးနားကပ်ကာ အသံလေးတိုးလိုက်ပြီး..
“သမီးကြောက်တာ နှင်းဆီလေးလား..”
ဆိုလျှင် ချက်ချင်းခေါင်းညိမ့်ပြီး အိပ်ယာမှ ထသည်။ သမီး ရဲ့ အမူအယာတွေက ထူးဆန်းလွန်းတာကြောင့် မျှော်လင့်မထားတာတွေ ဖြစ်လာမှာ စိုးရိမ်နေမိသည်။ သမီးက သူ့ အိပ်ယာဘေးလေးထဲက အံဆွဲလေးကို ထုတ်ပြီး ပန်းချီကားလေးတွေ ထုတ်ပြသည်။
ကလေးတစ်ယောက်အနေနဲ့ ပြောပြချင်တာကို ဖော်ပြတတ်လွန်းသည်၊ ကာတွန်းပန်းချီလေး တစ်ခု ၊ကလေးတစ်ယောက်ကို လျှောပေါ်ကနေ တွန်းချလိုက်တဲ့ပုံ။ ဘုရားရေ ဒါဆို သမီးလေး ပြောချင်တာက သူငယ်ချင်းရဲ့ သမီးလေးကို တွန်းချလိုက်တာ နှင်းဆီပေါ့။ ကျွန်မ မျက်လုံးတွေ မယုံနိုင်။ နောက်ပန်းချီကားလေးက ဂေဟာနားမှာ ဆရာလေးကို တွန်းလှဲ ပြီး ခေါင်းကို တူနဲ့ထုနေတဲ့ ပုံ ..။ ကျွန်မ ခေါင်းတွေ ကြီးလာသည် ဘာကိုမှ နားလည်နိုင်စွမ်း မရှိတော့။ ကျွန်မ စိတ်ဂယောက် ဂယက်ဖြစ်တာ ဂေဟာသို့ phဆက်လိုက်လျှင် ဆရာလေး ဒီနေ့ညနေမှာပင် အသတ်ခံရ၍ သေဆုံးသွားကြောင်း သတင်းသိလိုက်ရသည်..။တိုက်ဆိုင်မှုတစ်ခုလေလား မစဉ်းစားတတ်တော့..။
@@@@@@
ကျွန်မ ဘယ်အရာကိုမှ မယုံတော့ပါ။ အထူးသဖြင့် နှင်းဆီလေး သမီးက သူ့ကို အရမ်းကြောက်နေပြီ ဖြစ်သည်။ ကျွန်မ သားလေးနှင့် သမီးကို စိတ်မချနိုင်တော့။ သားလေးရဲ့ ပြောစကားအရ နှင်းဆီက အရမ်းကြောက်ဖို့ ကောင်းတယ်တဲ့။ ည ည ဆို ကျွန်မ သေချာ စိုက်ပျိုးထားတဲ့ နှင်းဆီပင်ထဲက ကောင်မလေး ဝိညာဉ်က သူ့ကို ပူးကပ်သည်ဆိုပြီး ခြောက်လှန့်တတ်သည် ဆိုသည်။ ဖြစ်နိုင် မဖြစ်နိုင်၊ ဟုတ်သည် မဟုတ်သည်ထက် ကျွန်မ မိသားစုက်ို ထိခိုက်မှာ စိုးရိမ်လာသည်။ကျွန်မ မိသာစစုကိုတော့ အထိခိုက် မခံနိုင်ပါ။ မောင်နှင့် တိုင်ပင်သော်လည်း ကျွန်မ စိတ်ကျရောဂါ ခံစားဖူးတာကြောင့် ထင်မိထင်ရာ ဖြစ်နေကြောင်း ရှင်းပြသည်။ ကျွန်မ စိတ်တွေ မူမမှန်ပါ။ ညတိုင်း အိပ်မပျော်၍ အိပ်ဆေးသောက်ရသည်။
ထို့နေ့ ..
သိပ်ကို ထူးခြားသည်။ ကျွန်မ နှင်းဆီလေးကို သူ့အခန်းထဲ ချောင်းကြည့်နေသည့် အချိန် အခန်းထဲမှာ အင်္ဂလိပ်သီချင်း တပုဒ်ကို ပေါက်ကွဲစွာ ဆိုနေသည့် အသံကို ကြားလိုက်ရသည်။ ကလေးတစ်ယောက် အနေနဲ့ ဒီလိုသီချင်းမျိုးကို နားထောင်ဖို့၊လိုက်ဆိုဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်..။ ကျွန်မ စိတ်တွေ ချုပ်တည်းမထားနိုင်တော့။ အခန်းတံခါးကို တွန်းဖွင့်ကာ နောက်ကျောပေးကာ သီဆိုနေသော နှင်းဆီ ပုခုံးကို ဆွဲလှည့် ပစ်လိုက်သည်။
“မင်း.. ငါတို့ကို လိမ်တယ်၊ မင်း သီချင်းကောင်းကောင်းဆိုတတ်တယ်၊ ကလေးတစ်ယောက် လူကြီးအသံပေါက်အောင် ဆိုတဲ့အသံမျိ်ုး မဟုတ်ဘူး။ အမျိုးသမီးတစ်ယောက် ပီပီပြင်ပြင် ဆိုတဲ့ အသံ..”
နှင်းဆီ ကျွန်မကို မျက်လုံးတွေကို မှေးစင်းနေအောင် စိုက်ကြည့်သည်။ တောက်ပလွန်းတဲ့ မျက်ဝန်းတစ်စုံက သိပ်ကြောက်ဖို့ကောင်းသည်။ ကလေးတန်မဲ့ ကြောက်ရွံ့ခြင်း အလျဉ်းမရှိ။ မထိတထိ ပြုံးနေတဲ့ နှုတ်ခမ်းတွေက ကျွန်မကို လှောင်ရယ်နေသလို..။ကျွန်မ မျက်မှောင်ကြုတ်ကာ နှင်းဆီ ပုခုံးနှစ်ဖက်ကို ကိုင်ပြီး သေချာမေးလိုက်သည်။
“မင်း.. ဘယ် သူ လဲ..”
@@@@@@@@@@@
“ဇလပ် ဘာတွေ ဖြစ်နေတာလဲ..”
မောင် ဘယ်ချိန်က ရောက်နေလဲ မပြောတတ်။ကျွန်မ မောင့်ကို လှည့်မကြည့်ဘဲ နှင်းဆီ မျက်လုံးတွေကိုသာ စိုက်ကြည့်နေမိသည်။
“ခဏလေး မောင်..။ ဇလပ် သူ့ကို မေးနေတယ်၊ မင်း ဘယ် သူ လဲ..”
နှင်းဆီ နှုတ်ခမ်းလေးမဲ့ကာ ငိုသည်။
“ဖြေလေ..”
ဆိုပြီး ပုခုံးကို ဆွဲလှုပ်မေးလျှင် ..
“မေမေ..သမီး သီချင်းနာထောင်နေတာ..” တဲ့။
ကျွန်မ နှုတ်ခမ်းကို တစ်ချက်မဲ့ကာ အသက်မဲ့စွာ ဟက်ခနဲ ရယ်လိုက်သည်။
“မောင် ကြားလား ။သူလိမ်တာ..။ စောန အင်္ဂလိပ် သီချင်းတစ်ပုဒ်ကို အမျိုးသမီးတစ်ယောက်အသံလို ပီပြင်စွာ ဆိုနေတာ..”
ဆိုလျှင် နှင်းဆီက ဘယ်အချိန်က ကိုင်ထားမှန်း မသိသည့် ကတ်ဆက်သေးသေးလေးထဲက အသံကို ဖွင့်ပြသည်။ ဟင်.. စောန အမျိုးသမီးရဲ့ အသံ။ဒါဆို.. နှင်းဆီ ဆိုတာ မဟုတ်ဘူးပေါ့။
“ဇလပ် .. အနားယူဖို့ လိုမယ် ထင်တယ်..”တဲ့။
မောင် နှင်းဆီလေးကို ခေါ်ပြီး အပြင်ထွက်သွားလျှင် ကျွန်မ ထိုနေရာမှ ခွေခနဲ ဖြစ်သွားသည်။ ကိုယ့်ကိုယ်ကို.. ဘာတွေ ဖြစ်နေလဲ နားမလည်နိုင်တော့။ စိတ်နဲ့လူ မကပ်တော့တာပဲ သိသည်။ ကျွန်မ စိတ်တွေပဲ မူမမှန်တော့တာလား မသ်ိတော့ပါဘူးနော်..။
@@@@@@@@
ကျွန်မ စိတ်ကို အတတ်နိုင်ဆုံး ပြင်ဆင်ကာ ညစာ စားရန်အတွက် ပြင်ဆင်နေမိသည်။ ကယောင်ခြောက်ခြားဖြစ်နေသည့် ကျွန်မရဲ့ စိတ်တွေကို အရင်ထိန်းချုပ်မှ ဖြစ်မည်။ သံသယတွေလဲ မထားချင်တော့။ မိသားစု အဆင်ပြေအောင်ပဲ ကြိုးစားချင်မိတော့သည်။
“မေမေ..”
ကျွန်မ နှင်းဆီ ခေါ်သံကြောင့် လှည့်ကြည့်မိသည်။ စိတ်ထဲတော့ သိပ်မပါလှ။ စိတ်ထဲ တစ်ခုခုဖြစ်မှာ အလိုလို သိနေမိသည်။ကျွန်မ ကိုယ်တိုင်ကပဲ နှင်းဆီကို မိသားစု အဖြစ် လက်မခံချင်တော့၍လား မပြောတတ်။ နှင်းဆီကို အိမ်မှာ မရှိစေချင်တော့တာ အမှန်ပါ။
“သမီး မေမေ့ အတွက် suspriseတစ်ခု လုပ်ထားတယ်”
တဲ့..။
ပြုံးရွှင်ပြီး ပြောနေသည့် နှင်းဆီလေးကို.. ကြည့်ရင်း ကျွန်မ စိတ်ကို အားတင်းကာ ပြုံးလိုက်သည်။
“ဘာများလဲ နှင်းဆီလေးရဲ့..”
ထိုအခါ.. မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ကျွန်မ သွေးပျက်သွားသည့် လူတစ်ယောက်လို ဆောက်တည်ရာ မရဖြစ်သွားသည်။
“ဘုရားရေ .. နင်ဘာလုပ်လိုက်တာလဲ..။
ကျွန်မ တုန်လှုပ်ခြောက်ခြားမှုကို မထိန်းချုပ်နိုင်။ ကျွန်မ တယုတယ စိုက်ပျိုးထားသော နှင်းဆီပင်မှ ပန်းပွင့်များကို ကတ်ကြေးနှင့် ဖျက်ယူလာခဲ့ခြင်း ဖြစ်သည်။ နှင်းဆီ မျက်လုံးတွေက ကျွန်မ ကို သရော်သလို မဲ့ပြုံး ပြုံးကြည့်နေလျှင် .. သူမ ဆီက ပန်းတွေကို ဆွဲယူကာ လက်ကို လိမ်ထားလိုက်သည်။
“အား.. ဖေဖေ ရေ ..ဖေဖေ..”
နှင်းဆီ.. ငိုကြွေးကာ မောင့်ကို လှမ်းခေါ်သည်။
“နင် တမင် သက်သပ်လုပ်တာ မလား..”
“ဇလပ်.. ကလေးလက်ကို လွှတ်လိုက်..”
မောင် ကျွန်မ လက်ကို အတင်းဆွဲဖယ်သည်၊
“ဒီနှင်းဆီပင်ကို ဇလပ် ဘယ်လို သဘောထားလဲ သိသိလျက်ရဲ့ သူလုပ်တာ..”
“သူ မသိဘူး ဇလပ်။ သူက ကလေးလေ ဇလပ်ရဲ့ သူဘာနားလည်မှာလဲ..”
“ဘာလို့ မသိရမှာလဲ။ အဲ့ပန်းတွေရဲ့ အဓိပ္ပာယ်ကို သူကောင်းကောင်းသိတယ်..”
ကျွန်မ မောင်တားနေသည့် ကြားမှ နှင်းဆီလေးကို မမှီ မှီအောင် လှမ်းဆွဲနေလျှင် နှင်းဆီ ကြောက်လန့်စွာ ငိုကြွေးပြီး အခန်းထဲပြေးဝင်သွားသည်။ မောင် ကျွန်မကို စိတ်ဆိုးစွာ တစ်ချက်ကြည့်ပြီး နှင်းဆီနောက် လိုက်သွားလျှင်..ကျွန်မ လက်ထဲက ဆွဲယူထားသော နှင်းဆီပန်းတစ်ချို့ကို ကိုင်ရင်း ရှိုက်ကြီးတငင် ငိုကြွေးလိုကိသည်။
ဘယ်သူ မြင်နိုင်မှာလဲ.. ကျွန်မ ဘက်က အမှန်တရား။ဘယ်လိုပဲ ဖြစ်ဖြစ် နှင်းဆီနဲ့ ပတ်သတ်ပြီး ကျွန်မတို့ မိသားစု တစ်ခုခုတော့ သိဖို့ လိုအပ်နေသည် မဟုတ်လား။ ကျွန်မ ဂေဟာမှူးဆီ ဖုန်းဆက်ဖို့ ph noတစ်ချို့ကို နှိပ်လျှင်လဲ ဆက်သွယ်၍ မရ။ ရင်ထဲ ပင်ပန်းမောဟိုက်နေတာပဲ သိသည်။ ကျွန်မ ရဲ့ မဆင်မခြင် မတွေးတောမိဘဲ လုပ်ခဲ့တဲ့ လုပ်ရပ်တစ်ခုကြောင့် သားနဲ့သမီးကို အထိခိုက်မခံနိုင်။ နှင်းဆီ သူမ နေထိုင်ရာဆီသို့ ပြန်ပို့ရန်သာ စီစဉ်နေမိတော့သည်။
အချိန်ဘယ်လောက်ထိ. ကြာသွားသည်မသိ၊ ခဏနေတော့ မောင် အခန်းထဲက ထွက်လာကာ ကျွန်မကို ခပ်စိမ်းစိမ်းကြည့်သည်။
“မင်း .. သု့ရဲ့ လက်ကို ချိုးပစ်လိုက်တာ ဇလပ်..”
“ဟင်..မဖြစ်နိုင်တာ..”
ကျွန်မ နှင်းဆီလက်ကို လိမ်လိုက်တာ မှန်ပေမယ့် ကျိုးသွားလောက်သည် အထိ အားမပါနိုင်။ နှင်းဆီ မဟုတ်တာ တစ်ခုခု ကြံစည်နေတာ သိသာပါသည်။မောင့် အနောက်ကနေ ကျွန်မကို ကွယ်ကာ မဝင့်မရဲ ပုံစံလေးနှင့် ကြောက်ချင်ယောင်ဆောင်နေသော နှင်းဆီကို ကျွန်မ မကျေနပ်စွာ စိုက်ကြည့်လိုက်သည်။
“ပြောစမ်း။ နင့် အကြံ ဒါအကုန်ပဲလား..”
ဆိုပြီး နှင်းဆီကို အားနှင့် ဆွဲလျှင်..
“ဖေဖေ.. သမီးကို ကယ်ပါ.. အီး ဟီး ဟီး..”
ကျွန်မ အံ့အားသင့်လွန်းစွာ နှင်းဆီကို ကြည့်နေမိသည်။ အရွယ်နှင့် မလိုက်အောင် ကလိန်ကကျစ် ကျလွန်းသော ကလေး။
“ဇလပ် သူ့ကို အိမ်မှာ မထားနိုင်တော့ဘူး။ ဂေဟာ ပြန်ပို့မယ်..”
“သမီး .. မသွားဘူး..ဟင့်..”
“မသွားလို့ မရဘူး..။ နင့်ကို ပြန်ပို့မယ်..”
ကျွန်မ နှင်းဆီကို ဒရွတ်တိုက်ဆွဲခေါ်ကာ.. တံခါးဝ ထိ တွန်းထုတ်လိုက်လျှင်.. မောင် ကျွန်မလက်ကို ဆောင့်ဆွဲသည်။
“မင်း.. ရူးနေပြီ.. ဇလပ်။ နှင်းဆီမှာ ဘာ အပြစ်ရှိလို့လဲ၊ မင်းပဲ သမီးအရင်းတစ်ယောက်လို ချစ်နိုင်တယ်ဆို..”
“မောင် ဇလပ်ကို ဆုံးရှုံးရမှာ. မကြောက်ဘူးလား၊ မောင့် မိသားစုကို မောင် မချစ်တော့ဘူးလား..”
“မင်းနဲ့ မိသားစုကို ချစ်လို့ မင်းဆန္ဒကို လိုက်လျောခဲ့တာ မဟုတ်လား ဇလပ်..”တဲ့..။
အော်ငိုပစ်ချင်တာတောင် ရင်ထဲ တစ်စို့နေသည်။ အရာအားလုံးက မောင်ပြောသလို ကျွန်မရဲ့ ဖန်တီးမှုကြောင့်၊ ကျွန်မရဲ့ ဆန္ဒကြောင့် ဖြစ်လာခဲ့ရတာ မဟုတ်လား။
“ဇလပ် အခု၊ အဲ့ ဆန္ဒကို ရိုက် ချိုး ပစ် ချင် ပြီ..”
ကျွန်မ အသံမထွက်အောင် ရှိုက်ပြီး ငိုပစ်လိုက်သည်။ နှင်းဆီ ကြည့်လျှင်လဲ မသိနားမလည်သည့် ကလေးတစ်ယောက်လို ကျွန်မကို ကြည့်နေသည်။
“တောက်”
မောင် ကျွန်မ မျက်လုံးတွေကို နားမလည်စွာ တစ်ချက်စိုက်ကြည့်သည်။
ပြီးလျှင် ဘာစကားတစ်ခွန်းမှ မဆိုဘဲ သက်ပြင်းတစ်ချက်ချကာ နှင်းဆီလေးနဲ့သမီးလေးကို အခန်းထဲ ခေါ်သွားတော့သည်။
@@@@@
မောင်နဲ့ သမီး နှင်းဆီအိပ်တဲ့ အခန်းထဲ ရှိနေ၍ စိတ်မချ ။ ကျွန်မ အခန်းတံခါးကို အသာဖွင့်ကာ နှင်းဆီ ဂေဟာမှ ပါလာသည့် ပစ္စည်းတွေကို ရှာဖွေဖို့ ဝင်ခဲ့သည်။ တစ်ခန်းလုံး တိတ်ဆိတ်ပြီး အမှောင်အတိကျနေရာမှ ကျွန်မ ဖုန်းမီးလေး ထွန်းပြီး ပစ္စည်းရှာဖွေဖို့ ပြင်လျှင် အိပ်ရင် မျက်လုံး မစူးစေသည့် မီးက ရုတ်တရက်လင်းလာသည်။
“ကျွန်မ အခန်းထဲက ဘာတွေကို ရှာဖွေဖို့ ကြိုးစားနေတာလဲ ဇလပ်..”
ကျွန်မ အသံလာရာဆီသို့ ကြည့်မိလျှင် မီးအလင်းရောင် မှုန်ပြပြအောက်က ခုတင်ဘေးက ဆက်တီပေါ် ခြေကလိန်ကွပ်ကာ ထိုင်နေသည့် နှင်းဆီ။ ကိုယ့်ကြားလိုက်ရသည့် အသံကိုပင် မယုံနိုင်။ ဇလပ်တဲ့ .. ကျွန်မ နားကြားလွဲနေတာရော မဖြစ်နိုင်ဘူးလား..။
“လူ့လောကထဲတောင် မရောက်ခဲ့တဲ့ သမီးနေရာမှာ ကျွန်မကို အစားထိုးနေတာတွေ ရပ်ချင်နေပြီမလား..”
“နင် ဘယ်သူ့ကို ပြောနေတာလဲ..”
“မအော်နဲ့။ရှင့် သမီး မဟုတ်ဘူး..”တဲ့။
ဘုရားရေ။ ကျွန်မ ဘယ်လို ကလေးတစ်ယောက်ကို မွေးစားဖို့ ခေါ်ခဲ့မိပါလိမ့်။ကျွန်မ မျက်လုံးတွေ ပြူးကျယ်သွားသည်အထိ အံ့အားသင့်ခဲ့ရသည်။ အိမ်မက်တစ်ခု မက်နေသည့်အလား ထင်မှတ်မိသည်။ အိပ်ယာပေါ် အိပ်ပျော်နေသည့် မောင်နဲ့ သမီးကို ကြည့်ပြီးစိုးရိမ်လာသည်။ထိုအခါ..မောင် အိပ်ယာက နိုးလာပြီး နှင်းဆီ ကျွန်မကို ကြည့်ပြီး ငိုလျှင်..
“အခုထိ မပြီးနိုင်သေးဘူးလား ဇလပ်..”တဲ့။
မသိလျှင် ကျွန်မကပဲ နှင်းဆီ ကြောက်အောင်၊ စိတ်ဆင်းရဲအောင် လုပ်နေသလိုမျိုး။ဒီလို အခြေအနေမျိုးမှာ ကျွန်မ ဘယ်လိုပဲ ဖြေရှင်းပါစေ မောင်လက်ခံမည် မဟုတ်။
ကျွန်မ စီးကျလာသည့် မျက်ရည်တွေကို ခပ်ကြမ်းကြမ်း သုတ်လိုက်ပြီး အခန်းထဲမှ ထွက်လာကာ ဆုံးဖြတ်ချက် တစ်ခုကို ပိုင်နိုင်စွာ ချလိုက်သည်၊ မနက်ရောက်တာနှင့် နှင်းဆီကို ဂေဟာ ပြန်ပို့ရမယ်လို့..။
@@@@@@@@
မနက်ရောက်တာနှင့် ကျွန်မ စီစဉ်ထားသလို ဖြစ်မလာ။
မောင် ကျွန်မ မေမေကို ခေါ်ထားပြီး စိတ်ကျန်းမာရေးဆရာဝန်နှင့် ဆွေးနွေးရန် ဆေးရုံကို အတင်းပို့ပေးခဲ့သည်။ မောင် ကျွန်မကို တတိယ ရင်သွေးလေး ဆုံးရှုံးစဉ်တုန်းကလို. စိတ်ကျရောဂါ ပြန်ဖြစ်နေသည် ထင်ပါရဲ့။ ကျွန်မ ဘာမှ လုပ်မရ။ တနေကုန် စောင့်ကြပ်ခြင်း ခံနေရသည်။ ဆရာဝန်နှင့် ဆွေးနွေးလဲ အဆင်မပြေ။ညနေ အိမ်ပြန်ရောက်တော့လဲ ဘယ်သူမှ မရှိ။ မောင် ကလေးတွေကို ကစားကွင်း ပို့ဖို့ ခေါ်သွားသည် ပြောသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မ အတွက် အခွင့်အရေးတစ်ခုပဲ မဟုတ်လား။ ကျွန်မ နှင်းဆီ အခန်းထဲ ဝင်ပြီး တခန်းလုံး ရှာဖွေ နေမိတော့သည်။ နှင်းဆီရဲ့ ဂေဟာတုန်းက ပါလာသည့် ခရီးဆောင်အိတ်ရဲ့ အောက်ထဲက စာရွက်စာတမ်းပုံစံ ခုနေသည့် အရာကို ဓားနှင့် ခွဲပြီး ထုတ်လိုက်သည်။ထိုအခါ မိသားစု တစ်ခုနဲ့ အတူ နှင်းဆီတွဲရိုက်ထားတဲ့ ပုံတွေ တွေ့ရပြီး၊ ဆေးရုံတက်ခဲ့သည့် မှတ်တမ်းတစ်ချို့နှင့် ဓာတ်ပုံဟောင်း တစ်ချို့ကို တွေ့လိုက်ရသည်လျှင် ကျွန်မ ဆေးမှတ်တမ်းမှာပါသည့် ph noတစ်ခုကို ကောက်နှိပ်လိုက်သည်။
ကျွန်မ သိချင်တဲ့ အကြောင်းအရာများကို မေးမြန်းထားပြီး သူတို့က မှတ်တမ်းကို ပြန်လည်ရှာဖွေပေးမည်ပြောလျှင် စိတ်တွေ အိုက်လာသည်။ ဘုရားရေ… မကောင်းတဲ့အရာတွေ ဖြစ်မလာပါစေနဲ့..။
တစ်ချိန်ထဲ မိဘမဲ့ ဂေဟာက ဆရာလေးပြောသည့် Orphan (မိဘမဲ့)ဆိုတဲ့ ဇာတ်လမ်းကို လိုင်းပေါ်ကနေ ချက်ချင်းရှာပြီး ကြည့်လိုက်မိသည်။ မယုံနိုင်စရာ ကျွန်မတို့ မိသားစုရဲ့ အဖြစ်နဲ့ တိုက်ဆိုင်နေလျှင် ဆောက်တည်ရာမရ တုန်လှုပ်ခြောက်ခြားလာသည်။ အဲ့ဇာတ်လမ်းထဲကလိုများ ကျွန်မတို့ မိသားစု ဖြစ်နေပြီလား မစဉ်းစားတတ်တော့.. ကျွန်မ တုန်ယင်စွာ မောင့်ဆီ ချက်ချင်း ဖုန်းခေါ်မိလိုက်သည်။
အခြေအနေက ထင်မထားလောက်အောင်ပင် ဆိုးရွားနေသည်။မောင့်ဆီ ဖုန်းဆက်တာနှင့် သားလေး ဆေးရုံရောက်နေသည်တဲ့။ ကစားရင်း မတော်တဆ ပြုတ်ကျကာ ခေါင်းကို ထိသွားသည်ဆိုပဲ။ကျွန်မစိတ်တွေ မထိန်းချုပ်နိုင်..။
Orphan (မိဘမဲ့) ဇာတ်ကားထဲကလို နှင်းဆီဟာ ထို ကလေးလို ဖြစ်တာ မဖြစ်တာ မစဉ်းစားချင်တော့။
ဆေးရုံ ရောက်တာနှင့် ခွဲခန်းအပြင် မောင့်ဘေးနားမှာ ထိုင်စောင့်နေသည့် နှင်းဆီကို မြင်တာနှင့် သူ့မျက်နှာကို အားနဲ့ လွှဲရိုက်ပစ်လိုက်သည်..။

@@@@@@@@@
“ဇလပ်..ဘယ်လိုလုပ်လိုက်တာလဲ”
မောင် ကျွန်မကို ဖယ်ကာ အရှိန်နှင့် ပစ်လဲသွားသော နှင်းဆီကို ထူလျှင် ကျွန်မ ဒေါသတွေ မထိန်းနိုင်တော့။ ကျလးတစ်ယောက်လို လူးလှိမ့် ငိုနေသော နှင်းဆီကို ကျွန်မ အတင်းဝင်ဆွဲမိတော့သည်။
” လူလိမ်မ .. နင် ငါတို့ မ်ိသားစုကို လိမ်နေတာ ဟုတ်လား..”
ဆိုပြီး ရုန်းရင်းဆန်ခတ်ဖြစ်လျှင် ဆေးရုံက ဝန်ထမ်းများကာ ကျွန်မကို ဝိုင်းဆွဲပြီး တစ်နေ ရာမှာ ထိုင်ခိုင်းထားသည်။ အချိန်အတော် ကြာသည်အထိ ကျွန်မ စိတ်တွေ မငြိမ်။ စိတ်ကို မနည်းထိန်းယူထားရသည်။ဆေးရုံထဲ တော်တော် သောင်းကျန်းခဲ့တယ်မဟုတ်လား။
“အဲ့အမျိူးသမီးက စိတ်ကျ ရောဂါ ခံစားဖူးတယ်လေ..”
“မွေးစားသမီးလေးကို ပါးရိုက်လိုက်တာ ..ယဉ်ယဉ်လေး ရူးနေတာ ထင်တယ်..”တဲ့။
ဆေးရုံဝန်ထမ်းတစ်ချို့ရဲ့ ကျွန်မကို ကွက်ကြည့် ကွက်ကြည့် ကြည့်ပြီး ကဲ့ရဲ့တဲ့ အသံ။ ကျွန်မကို ရူးနေသည်လို့ ထင်မြင်ကောင်း ထင်မြင်လိမ့်မည်။အားလုံးရဲ့ အမြင် ကျွန်မက ကြောက်စရာကောင်းတဲ့ မိန်းမ တစ်ယောက် ဖြစ်နေသည်ပေါ့။သမီးနဲ့နှင်းဆီက ကျွန်မ မေမေဆီမှာ ကျန်ခဲ့ပြီး မောင်နဲ့ ကျွန်မက ဆရာဝန်ကြီး အခန်းထဲ ရောက်နေသည်။ ဆေးရုံပိုင်ရှင်က မောင့် မိဘနှင့် ရင်းနှီးကျွမ်းဝင်သော မိတ်ဆွေ၍ ပြသနာ အကြီးအကျယ်တော့ မဖြစ်။
“အသက် ဘယ်လောက်ရှိပြီလဲ..”
ဆရာဝန်ကြီး၏ အမေးကို ကျွန်မ မဖြေ။ ကျွန်မ စိတ်ရောဂါ ဝေဒနာရှင် မဟုတ်ပါ။ ကျွန်မ သိနေတဲ့ အကြောင်းအရာတစ်ချို့ကို မောင့်ကို ပြောပြချင်နေသည်။
“ဒေါက်တာ Orphan ဇာတ်ကား ကြည့်ဖူးလား..”
ဆရာဝန်ကြီးက မျက်မှန်ကို တစ်ချက်ပင့်ပြီး ကျွန်မကို ကြည့်သည်။
“ကျွန်မတို့ မိသားစု အဲ့ဇာတ်လမ်းထဲကလို ဖြစ်နေတယ် ဒေါက်တာ..”
ကျွန်မ ငိုသံလေး စွတ်ပြီး ပြောလိုက်လျှင် မောင် သက်ပြင်းတစ်ချက်ချပြီး အခန်းပြင်ထွက်သွားသည်။ကျွန်မ စကားတွေကို မယုံကြည်သည့်အပြင် နားထောင်ပေးချင်ပုံ မရ။ ကျွန်မ စီးကျလာသည့် မျက်ရည်စတွေကို သုတ်လိုက်ကာ ကျွန်မရဲ့ စကားတွေကို လူတစ်ယောက်က ဖြစ်စေ ယုံကြည်လက်ခံပေးဖို့ ကြိုးစားနေမိတော့သည်။ဆရာဝန်ကြီးက ကျွန်မ ပြောသမျှကို စိတ်ရှည်စွာနားထောင်ပေးရင်း ကျွန်မကို အကဲခတ်သည်။
” အမျိုးသမီးတစ်ယောက်က အရွယ်ရောက်ပြီးသား ဖြစ်ပြီး သူရဲ့ ရောဂါ လက္ခာတစ်ခုကြောင့် သူရဲ့ သွင်ပြင်လက္ခဏာက ကလေးတစ်ယောက်လို ဖြစ်နေတယ်ရင် ဒေါက်တာ လက်ခံသလား။ဇာတ်လမ်းထဲမှာ မိသားစု တစ်ခုက မိဘမဲ့ဂေဟာကနေ ကလေးတစ်ယောက်ကို မွေးစားတယ်၊ အဲ့ကလေးက တကယ်တော့ အရွယ်ရောက်ပြီးသား အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူ့ကို မွေးစားတဲ့ မိသားစုကို ဒုက္ခပေး..”
“လူတစ်ယောက်က ရောဂါ ရှားပါးတဲ့ဟော်မုန်းဓာတ် ချို့တဲ့ရင် လူကို အချိုးကျ မကြီးထွားစေဘူး။ ကလေး ပုံစံ ဖြစ်နေတတ်တယ်။ရှိတော့ရှိတယ် ရှားတယ်၊ ဇာတ်ကားထဲကလို သူ့ရဲ့ လက်ကောက်ဝတ်နဲ့ လည်ပင်းတွေမှာ အမာရွတ်တွေရှိလား..”
“မ ရှိ ဘူး၊ ဒါမယ့် သူက အဲ့လိုဖြစ်နေမယ် ဆိုတာ ကျွန်မ သေချာပြောနိုင်တယ်..”
ဒေါက်တာ တစ်ချက်ပြုံးကာ ကျွန်မကို ကြည့်သည်၊ ကျွန်မတစ်ယောက်ထဲ ထင်ယောင်ထင်မှားပြောနေသည်လို့ ဒေါက်တာ ထင်မြင်ဦးမှာလား..၊
“မနက်ဖြန် ကျွန်တော်တို့ တိုင်ပင်ပြီး နှင်းဆီကို ဆေးစစ်ချက် လုပ်မယ်လေ။ စိတ်ထဲ စွဲနေတယ်ထင်တယ်..”တဲ့။
ကျွန်မ ဘာစကားတစ်ခွန်းမှ မဆိုနိုင်တော့။ ဇာတ်လမ်းတွေ ကြည့်ပြီး ကျွန်မကို ဆိုဒ်ကို ဝင်တယ်လို့ ပြောချင်တယ် ထင်မိတော့သည်။ ကျွန်မကို အခန်းတစ်ခန်းထဲ drip ချိတ်ထားချိန် ခနမှိန်းခနဲ ဖြစ်ပေါ်သွားလျှင် မောင်.. သမီးနဲ့့နှင်းဆီကို ခေါ်ပြီး ကျွန်မ အခန်းထဲက ထွက်သွားဖို့ ပြင်နေသည်ကို မပီပြင်ဝိုးတဝါး မြင်နေရသည်။နားထဲ မေမေ့ရဲ့ မောင့်ကို အိမ်ပြန်နားဖို့၊ ဆေးရုံမှာ တစ်ခန်းစီဖြစ်နေသည့် သားနဲ့ကျွန်မကို စိတ်မပူဖို့ မှာနေသည့် စကားတွေက ကြားတစ်ချက် မကြားတစ်ချက် .. ။ ဟူး..ဘာတွေ ဆက်ဖြစ်လာဦးမှာလဲ..။

@@@@@@@@@
ရုတ်တရက် ဖုန်းမြည်သံကြောင့် လေးလံနေသည့် မျက်လုံးတွေကို အသာဖွင့်ကာ အိပ်ယာဘေး စားပွဲပေါ် တင်ထားသည့် ဟန်းဖုန်း ကို လှမ်းယုလိုက်သည်။ပြီးလျှင် လက်မှာ ထိုးသွင်းထားသည့် အပ်ကို ဆွဲဖယ်ပြီး အိပ်ယာမှ အားယူထလိုက်သည်။ထို့နောက် သတိရှိစွာ ဖုန်းမှrecording ခလုတ်ကို နှိပ်လိုက်ပြီး..
“ဟယ်လို..”
“ဇလပ်ဝါ လား..”
“ဟုတ်ပါတယ်..”
“ခင်ဗျား e mailကနေ ပို့ပေးထားတဲ့ ကလေးမလေးရဲ့ ပုံကို ကျွန်တော်ကြည့်ပြီးပြီ၊ ကျွန်တော်တို့ ဆေးရုံမှတ်တမ်းတွေထဲက သူ့အကြောင်းတွေ အကုန် ပြောမယ်။ ကျွန်တော် အခုပြောမယ့် စကားကို မေနှင်းဆီဆိုတဲ့ အမျိုးသမီး ကြားနိုင်ပါသလား..”
စိတ်ထဲ အမျိုးအမည်မသိတဲ့ ဝေဒနာကြီးက ခံစားရခက်လာသည်။ကျွန်မ ထင်သလိုပဲ ဖြစ်လာတော့မှာလား..။စိတ်ကို အားတင်းကာ စကားလုံးတစ်ချို့ပြောဖို့ အားယူလိုက်သည်။
“မကြားနိုင်ပါဘူး။ ကျွန်မက ဆေးရုံမှာ အမျိုးသားက သမီးလေးနဲ့ နှင်းဆီလေးကို ခေါ်ပြီး အိမ်ပြန်သွားတယ်..”
“ဟာ.. အဲ့တာဆို ခင်ဗျားအမျိုးသားနဲ့ ကလေးကို အမြန်ဆုံး အိမ်ထဲက ထွက်ခိုင်းလိုက်..”
ရင်ထဲ ဝမ်းနည်းမှုတို့က စို့နစ်လာသည်။
“သူ ကျွန်မစကားကို နားထောင်မှာ မဟုတ်ဘူး.. ”
ကျွန်မ ရှိုက်ခနဲ ငိုမိလိုက်သည်။
“မေနှင်းဆီဆိုတာ အသက်၃၁နှစ်ရှိပြီဖြစ်တဲ့ အရွယ်ရောက်ပြီးသား အမျိုးသမီးတစ်ယောက်၊ ခင်ဗျားမိသားစုအတွက် အန္တရာယ်ရှိတယ်၊ သူဟာ ငယ်ငယ်ထဲက မိဘတွေက မီးလောင်သေဆုံးခဲ့ပြီး မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာခဲ့တဲ့ စိတ်ဝေဒနာရှင်ပဲ။ သူ့မှာ ရှားပါးတဲ့ဟော်မုန်းဓာတ် ချို့တဲ့ တဲ့ ရောဂါတစ်ခုကြောင့် ကလေးတစ်ယောက်လို ဖြစ်နေတာ၊ သူ့သက်တမ်းတစ်လျှောက်လုံး ကလေးတစ်ယောက်လို ဟန်ဆောင်ပြီးနေခဲ့တယ်၊ ခင်ဗျားတို့အရင် မိသားစုတစ်ခု သု့ကို သူ့ကိုမွေးစားအောင် သွေးဆောင်ခဲ့ဖူးတယ်၊နောက်ပိုင်း အမျိုးသားဖြစ်သူကို ဖျားယောင်းဖို့ အကြံအစည် မအောင်မြင်တဲ့အခါ တစ်မိသားစုလုံးကို မီးရှို့ပြီး သတ်ခဲ့တယ်၊ သူပျောက်သွားတာ တစ်နှစ်ကျော်နေပြီ၊ သူသာ ကျွန်တော်ပြောတဲ့ မေနှင်းဆီသာ ဆိုရင် ခင်ဗျား မိသားစုမှာ အန္တရာယ်ရှိနေပြီ..”
ဘုရားရေ..။ ကျွန်မတို့ မွေးစားခဲ့တဲ့ ၇နှစ်အရွယ် သမီးလေးက ၃၁နှစ်အရွယ် အရွယ်ရောက်ပြီးသား အမျိုးသမီးတစ်ယောက်တဲ့။ Orphan ဇာတ်လမ်းထဲက အတိုင်း တကယ်ဖြစ်နေတာပေါ့နော်။ စိတ်ထဲမှာ ထင်ခဲ့မိပေမယ့် အပြင်မှာ လက်တွေ့ဖြစ်နေသည်ကို သိလိုက်ရသောအခါ ကျွန်မ ကမ္ဘာတစ်ခုလုံး ကိုင်လှုပ်လိုက်သလို ခံစားလိုက်ရသည်။
“အခုပြောနေတာတွေက အမှန်ပဲလား၊ သူ့အကြောင်းတွေက မှန်တယ်ဆိုတာ ဘယ်လိုသက်သေပြနိုင်လဲ..”
“ကျွန်တော်က သူတက်ခဲ့ဖူးတဲ့ စိတ်ကျန်းမာရေးဆေးရုံက ဒေါက်တာတစ်ယောက်ပါ။ ကျွန်တော်တို့ ဆေးရုံလိပ်စာနဲ့သူ့ရဲ့မှတ်တမ်းတွေ ခင်ဗျားရဲ့mailထဲမှာ အကုန်ပို့ထားပါတယ်၊ ခင်ဗျားတို့ မိသားစု သက်ဆိုင်ရာကို အကြောင်းကြားပြီး လုံခြုံမှုရှိပါစေ ကျွန်တော် မျှော်လင့်မိတယ်..”
ဆိုလျှင် ကျွန်မ အခန်းထဲမှ ပြေးထွက်ခဲ့ကာ မေမေ့ဆီ အသံဖမ်းထားသော ဖုန်းကို အပ်ပြီး ရဲစခန်းမှာ အမှုဖွင့်ဖို့ အကျိုးအကြောင်း ရှင်းပြခဲ့ကာ မောင်နဲ့ သမီးလေးဆီ အပြေး ထွက်လာမိတော့သည်။
@@@@@@
(ဇာတ်သိမ်းပိုင်း)
အိမ်ရှေ့ ရောက်လျှင် ကျွန်မတို့ အိမ်ရှေ့ လူနာတင်ကား၊ရဲကားတွေရောက်နေပြီး အိမ်ကို စည်းတွေဝိုင်းထားသည်။ ကျွန်မ ဒူးတွေညွတ်ကျသွားပြီး ထိုနေရာမှာ ခွေခေါက်လဲကျသွားသည်။ ကျွန်မ နောက်ကျသွားပြီလား။ ဇာတ်ကားထဲက အတိုင်းဆို မောင်နဲ့သမီးလေး နှင်းဆီကြောင့် တစ်ခုခု ဖြစ်သွားပြီလား။ မျက်ရည်ပူတွေက စီးကျလာသည်။ တစ်ယောက်ယောက်ကို မေးမြန်းဖို့၊ တစ်ယောက်ထဲ အကျယ်ကြီး အော်ငိုပစ်ဖို့ အသံတွေက ထွက်မလာ။ ရင်ထဲ တစ်ဆို့နေသည်။နောက်ဆုံး အရာအားလုံးကို ကျွန်မတစ်ယောက်ထဲက ဆုံးရှုံးလိုက်ရတာလား..။
“ဇလပ်..”
ဟင်..။
မောင့် အသံ။ ကျွန်မ အရူးတစ်ယောက်လို အသံကြားရာ လိုက်ရှာမိလျှင် နောက်မှာ ရဲနှစ်ယောက်နှင့်အတူ ရပ်နေသည့် မောင့်ကို တွေ့လိုက်ရသည်၊
“မောင်..”
ကျွန်မ ရှိုက်ကြီး တငင် ငိုကြွေးကာ မောင့်ကို ပြေးဖက်မိလိုက်သည်။ အချိန်အတန်ကြာပြီး ဖက်ထားသည့် ကျွန်မလက်တွေကို ရဲနှစ်ယောက်က ဆွဲဖယ်လိုက်သည်။ မောင့်လက်မှာ လက်ထိပ်တွေနဲ့..။
“မောင် ဘာဖြစ်တာလဲ… မောင်ရဲ့။ ဘာဖြစ်လို့ လက် ထိပ် တွေ ခတ် ထား ရ တာ လဲ..”
ကျွန်မ ငိုပြီး ထစ်ငေါ့စွာ မေးသည့် မေးခွန်းတွေကို မောင် မျက်ရည်တွေ ကြားကနေ အားယူ ပြုံးသည်။
“ဇလပ် နားလည်မယ်လို့ မောင် ယုံကြည်တယ်။ မောင် နှင်းဆီကို ဂေဟာ ပြန်ပို့ဖို့ ဆုံးဖြတ်ခဲ့တယ်။ သူ သိသွားပုံရတယ်။မောင် မယုံနိုင်ဘူး။တစ်အိမ်လုံးကို ဓာတ်ဆီတွေလောင်းပြီး မီးရှို့ဖို့ ကြိုးစားခဲ့ပြီး၊သမီးလေး အသက်ကို ရန်ရှာတာ မောင် မျက်လုံးနဲ့တပ်အပ်မြင်ခဲ့ရတယ်။ မောင် သမီးလေးကို ကာကွယ်ရင်း သူ မတော်တဆ အိမ်အပေါ်ထပ်ပြုတ်ကျပြီး သေဆုံးခဲ့တယ်။နှင်းဆီ သေသွားပြီ ဇလပ်..”
ကျွန်မ ရင်ထဲ မောဟိုက်သွားသည်။ ရင်ထဲက အလုံးကြီးက ကျသွားမလိုနှင့် တစ်နေတဲ့ ခံစားချက်က ဆိုးဝါးလွန်းသည်။ မောင် နှင်းဆီကို သတ်လိုက်တာမှ မဟုတ်ဘဲ။ မတော်တဆ သူ့ဘာသာ ပြုတ်ကျပြီးသေသွားခဲ့တာ။ လူတိုင်းမှာ ကာကွယ်ခုခံပိုင်ခွင့်ဆိုတာ ရှိတယ်လေ။ မောင်က သူ့မိသားစုကို ကာကွယ်ခဲ့တာ။ ကျွန်မဆီမှာ ရှိသည့် သက်သေတွေနှင့် မေနှင်းဆီရဲ့ နောက်ကြောင်းကို လှန်နိုင်ခဲ့ရင် မောင် အမှုကနေ ကင်းလွတ်နိုငိသည် မဟုတ်လား..။
“ဇလပ်.. မောင့်ကို.. ယုံတယ်..”
ကျွန်မနဲ့မောင် တစ်ယောက်နဲ့တစ်ယောက် စကားတစ်ခွန်းမှမဆိုပဲ အတန်ကြာ စိုက်ကြည့်နေမိသည်။ တစ်ယောက်ရင်ထဲက စကားတွေကို တစ်ယောက် နားလည်သလို မျက်ရည်တွေကြားက ပြုံးနေမိသည်။မောင့်ကို ရဲနှစ်ယောက်နှင့်အတူ ကားနဲ့ ခေါ်သွားလျှင် ပါးပြင်ပေါ် စီးကျလာသည့် မျက်ရည်တွေကို ခပ်ကြမ်းကြမ်း သုတ်လိုက်သည်။
ပြီးလျှင် နာတင်ကားပေါ်မှာ အကြောက်လွန်ကာ သတိလစ်မေ့မြောနေသော သမီးလေးကိုပွေ့ဖက်ပြီး သားလေးတက်နေသည့် ဆေးရုံမှာ ကုသဖို့ ခေါ်သွားပေးဖို့ သက်ဆိုင်သူတွေကို တောင်းဆိုလိုက်သည်။ ကျွန်မတို့ မိသားစု ဆိုးရွားလွန်းတဲ့ ဒီအခြေအနေတွေကို ဖြတ်ကျော်ပြီးရင် .. ဘဝသစ်ကနေ ပြန်စကြရမည် မဟုတ်လား။ တွယ်တာ မထားသင့်တော့သည့် မေတ္တာနှောင်ကြိုးတွေကို ဖြတ်တောက်ပြီး အရာရာ အသစ်က ပြန်စဖို့ ကြိုးစားရတော့မည်။ကျွန်မ သမီးလေး နဖူးကို တရှိုက်မက်မက် ကြင်နာစွာ နမ်းလိုက်ပြီး..စိတ်ဓာတ်သစ် အားအင်သစ် ခွန်အားသစ်တွေကို မွေးဖွားဖို့ နှုတ်ခမ်းမှ အားယူကာ ကျေနပ်စွာ ပြုံးလိုက်ရင်း…..

(ပြီးပါပြီ)

လေးစားစွာဖြင့်
နွေရွက်လွှာ
@@@@@@@@