မေတ္တာနှောင်ကြိုး

မေတ္တာနှောင်ကြိုး(စ/ဆုံး)
———————–
မိဂျမ်းနဲ့ မိပုံကို သစ်ကွင်းတစ်တိုက်လုံးက အငြိမ့်မင်းသမီးတွေလို့ ခေါ်ကြတယ်။တကယ်
လည်း မင်းသမီးတွေပါပဲ။အလှူရှင်လောင်း
လှည့် အငှါးလိုက်ရတဲ့ ပွဲကလည်း ဆက်တိုက်
ပဲ။ဆိုင်းသံကြားရင် ကတတ်တဲ့အကျင့်​
ကြောင့် သူတို့အမြွှာညီမမှာ ပရိတ်သတ်တွေ
အများကြီး။သစ်ဆွဲချိန် ရောက်ရင်တော့လည်း
ပင်ပန်းကြတာပေါ့။အငယ်မ မိပုံလေငယ်ငယ်
ကတည်းက ကျန်းမာရေးသိပ်မကောင်းတော့
သစ်ဆွဲရင် သူ့ကိုညှာရတယ်။မိဂျမ်းက သိပ်ပြီး
အကြီးပီသတယ် မိပုံသစ်ဆွဲပြီဟေ့ဆိုရင်
နောက်ကနေ သူ့ဝန်သူဆွဲရင်း မိပုံရဲ့သစ်လုံးကို
နှာမောင်းနဲ့ တွန်းပေးရသေးတယ်။

မိဂျမ်းနဲ့မိပုံတို့လည်း သနားစရာပါ သားသမီး
မထွန်းကားကြရှာဘူး။ကိုယ်ဝန်အဖတ်မတင်
ရတာနဲ့၊ပျက်ကျရတာနဲ့ အဆင်မပြေကြဘူး။
နောက်ပြီး သူတို့ညီမနှစ်ကောင်က ချေတယ်လို့
ပြောရမယ်။ဆင်ထီးတိုင်းကို စိတ်မဝင်စားကြ
တာလည်း ပါတာပေါ။

သူတို့အမြွှာညီမရဲ့ ငယ်ဘဝက သာယာခဲ့သမျှ
အရွယ်ရောက်မှ ကြမ်းတမ်းခဲ့ရတယ်။ငယ်ငယ်
ကဆိုရင် သူတို့အမေရဲ့ပိုင်ရှင်က စီးပွါးရေး
ကောင်းတော့ သက်သောင့်သက်သာနေရတာ။
မိဂျမ်းနဲ့မပုံတို့ရဲ့ အမေဆုံးပြီး သူတို့သခင်က
စီးပွါးရေး အကျပိုင်းရောက်တော့ သစ်ကွင်းကို
လပြတ်အငှားချ လိုက်တယ်။သစ်ကွင်းကို ရောက်
ကတည်းက သူတို့ညီမရဲ့ဘဝဟာ
ဆူးခင်းလမ်းကို လျှောက်နေရသလိုပါပဲ။
အငှားသမားကလည်း သူတို့ညီမကို လုပ်အား
နဲ့ ပေးရတဲ့ပိုက်ဆံ တန်အောင်တော့ ခိုင်းကြ
တာပေါ့။ပင်ပန်းတာတော့ မပြောနဲ့ ဆွဲလိုက်ရတဲ့သစ်လုံးတွေ လည်ပင်းမှာ ကြိုးရာကြီးတွေ
ထင်းလို့။

ဒီကြားထဲ မိပုံက ခဏခဏနေမကောင်း ဖြစ်
တော့ မိဂျမ်းက နှစ်ကောင်စာ ရုန်းနေရတယ်။
ရှင်လောင်းလှည့် အငှားလိုက်ရတဲ့ရက်က သူတို့ညီမ အတွက်တော့ ခွင့်ယူပြီး အနားယူ
ရသလိုပဲ။မိဂျမ်းရဲ့ အကြီးပီသပုံကလည်း
တကယ်လက်ဖျားခါ လောက်ပါတယ်။
ကြံဆစ် နှစ်ပိုင်းချပေးရင် မိပုံမစားတဲ့ဟာကိုမှ
မိဂျမ်းက စားတတ်တယ်။
ဘယ်လောက်အထိ မိပုံကိုဦးစားပေးလဲဆိုရင်
အချစ်ရေးတောင်မှ မိဂျမ်းက နောက်ဆုတ်ပေး
တယ်။သူ့ကိုလာပြီး လူပျိုလှည့်နေတဲ့ တောဆင်ရိုင်းကြီးကို မိပုံနဲ့ အဆင်ပြေအောင်
မိဂျမ်းက ရှောင်ပေးတယ်။

ရိုးမထဲက တောဆင်ရိုင်း စွယ်ကားကြီးတစ်စီးက မိပုံနဲ့ ညားပြီး ကိုယ်ဝန်ဆောင်လိုက်
ရတယ်။မိပုံ ကိုယ်ဝန်ရကတည်းက မိဂျမ်းမ
အနားက သိပ်မခွါဘူး။ညီမဖြစ်သူရဲ့ ဗိုက်ကို
အမြဲဂရုစိုက်တယ်။ဗိုက်ကို နှာမောင်းနဲ့ ပွတ်သပ်ပေးတာတို့ နိပ်ပေးတာတို့ အမြဲလုပ်
ပေးတယ်။ဆင်တွေဟာ အသိဉာဏ်
အလွန်ရှိတယ်။အမှတ်သည်းခြေကြီး
တယ်။တခြားတိရစ္ဆာန်တွေနဲ့ လုံးဝမတူဘူး။
ဆင်မတစ်ကောင် ကလေးမွေးပြီဆိုရင်
ဆင်အုပ်ထဲက ဆင်မတစ်ကောင်က သားသက်
မအေရော ကလေးကိုပါ ဝင်ပြီး စောင့်ရှောက်
ထိန်းသိမ်းပေးတတ်တယ်။ဒါဟာ တကယ့်ကို
မေတ္တာကြီးမားပြီး အချင်းချင်း ဖေးမကူညီ
တတ်တဲ့ သဘောကိုပြသနေတာဘဲ။ဆင်ဦးစီး
တွေကတော့ သက်မြှောင်ကပ်တယ်လို့ ခေါ်ကြ
လေရဲ့။ကျန်းမာရေးမကောင်းတဲ့ ညီမကကိုယ်
ဝန်ဆောင်ရတယ် ဆိုတော့ မိဂျမ်းအတွက်
အများကြီး စိတ်ပူမိမှာအမှန်ပဲ။

အခန်း၂
ရိုးမတစ်ခွင်လုံး မိုးတွေလေတွေက မနားဘူး
မိုးချုန်းသံတွေကလည်း လက်နက်ကြီးစမ်းနေ
သလားမှတ်ရတယ်။ဆင်တဲတိုက်တစ်ခုလုံး
ဘယ်သူမှ မနားရဘူး။လျှပ်စီးတွေ တဝင်းဝင်း
ကြားမှာ မိပုံက အရေးပေါ် ဗိုက်နာတော့
အားလုံး ရှုပ်ရှက်ခတ်အောင် ဆင်တဲတိုက်
ဝန်းကျင်မှာ ပျာယာတွေ ခတ်ကုန်ကြတယ်။
ဆင်တွေရဲ့ ကိုယ်ဝန်ဆောင်ချိန်က (၁၈)လက
နေ(၂၂)လအထိ ကြာတယ်လေ။တော်သေးတာက မိပုံကိုယ်ဝန်တစ်နှစ်လောက်
ကတည်းက မိဂျမ်းရော မိပုံရောကို အနားပေး
ပြီး ကိုယ်ဝန်အတွက်ပဲ အရိပ်တကြည့်ကြည့်
နေကြလို့ ကျန်းမာရေးတွေ ကောင်းနေတာ။

“ဝူးးး”

မိပုံရဲ့ အော်ဟစ်ညည်းညူသံတွေက မိဂျမ်းရဲ့
နှလုံးသားကို အပ်နဲ့ထိုးနေသလို ခံစားနေရပြီ။
ဆင်ထိန်ကြီးဦးရန်အောင်ရဲ့(၂)နှစ်သားအရွယ် မိတ
ဆိုးလေး ရန်နောင်ကလည်း ငိုလိုက်တာ အသံကို
ပြာထွက်နေတာဘဲ။အဲသည်ညက မီးဖွားရတဲ့
မိပုံထက် မိဂျမ်းက ပိုပြီးသောက ရောက်ရ
တယ် ထင်ပါရဲ့။ရန်နောင်လေး ငိုနေတဲ့ တဲအိမ်
ကိုတလှည့် မိပုံမီးဖွားနေတဲ့ နေရာကိုတလှည့်
မိဂျမ်းကြီး အလုပ်တွေရှုပ်နေတာ။ရန်နောင်လေးကိုလည်း မိဂျမ်းက တော်တော်ချစ်
တယ်။

ညသန်းခေါင်ကျော်မှ မိပုံကလည်း
အထီးလေးတစ်ကောင်မွေးတယ်။ရန်နောင်
လေးလည်း အငိုတိတ်သွားတယ်။အထီးလေး
မွေးတော့ တဲတိုက်တစ်ခုလုံး ဆင်သမားတွေ
ပျော်ကြတာပေါ့။ဆင်အုပ်ကြီး ဦးတင်လည်း
အခုမှ မာန်တင်းနိုင်တော့တယ်။ဆင်ထီးတစ်
ကောင်ရဲ့ လုပ်အားဆိုတာ ပေါ့သေးသေးအရှိန်
မဟုတ်ဘူး။ဆင်​ပြောင်တစ်စီးက အားခွန်ဗလ ပြည့်စုံတဲ့သားတစ်ယောက်လို
တန်ဖိုးရှိသလို ဆင်တဲတိုက်ဝန်းကျင်မှာလည်း
တောဆင်ရိုင်းတွေရဲ့ ဘေးရန်ပါကင်းတယ်။

ကိုယ်တော်ချောလေးကလည်း မွေးကတည်း
က မိပုံရဲ့အနားကို နို့စို့ရုံလောက်ပဲ ကပ်တယ်။
မိဂျမ်းကို သူ့အမေအရင်းများ မှတ်နေလား
မသိဘူး။ဟိုကောင်ပေါက်စ ရန်နောင်ကလဲ
မိုးလင်းတာနဲ့ ဆင်ပေါက်စနဲ့ ဆော့တော့တာ
ပဲ။မိဂျမ်းမှာလည်း ရှင်လောင်းလှည့်အငှား
လိုက်ရပြီဆိုရင် အလှူ့ရှင်ကကျွေးတဲ့ ကြံတို့
ငှက်ပျောတို့ကို သူမစားဘူး။ရှင်လောင်းလှည့်
ခ ရှင်းလင်းပေးပြီးရင် ပေကပ်ကပ်လုပ်ပြီး
အလှူ့ရှင်ကို အစာထပ်တောင်းသေးတယ်။
မိဂျမ်းရဲ့ဦးစီးက အထာပေါက်တယ်။

ဒီမှာ မိဂျမ်း ဒါနင့်ညီမနဲ့ နင့်တူလေးဖို့ ပါဆယ်
ဆိုမှ အလှူ့ရှင်ကို ဦးတိုက်ပြီး ပြန်တယ်။
မိဂျမ်းကို သနားကြတော့ လူတကာ ဟိုလူတစ်
ထုပ် ဒီလူတစ်ထုပ်နဲ့ ဆင်ပုခက်ထဲမှာ ပါဆယ်
ထုပ်တွေ ပြည့်လို့။သစ်ကွင်းကို မရောက်ခင် အရှေ့ကနေ အနောက်ကို စီးနေတဲ့ ချောင်းလေးရောက်ရင် မိဂျမ်းက သူပြန်ရောက်ကြောင်း အသံပြုတတ်တယ်။

မိပုံ၊ရန်နောင်နဲ့ ဆင်ပေါက်လေးတို့ သုံးဦးလုံး
မိဂျမ်း ပြန်အလာကို မျှော်တတ်ပြီလေ။
ဆင်တွေက ၁၅မိုင်အကွာအဝေးကနေ သူတို့
အချင်းချင်းကို လှမ်းပြီးဆက်သွယ်နိုင်ကြတယ်
ဆိုတော့ မိဂျမ်းရဲ့အပြန်ခရီးကို ဆင်ပေါက်စက
ခန့်မှန်းတတ်နေပြီ။တဲတိုက်ရောက်လို့ ဝန်စီစလွယ်တွေ ဖြုတ်ပြီးရင် ပါဆယ်ထုပ်ကို
ချက်ချင်းဖွင့်ပြီး မိပုံတို့သားအမိနဲ့ ရန်နောင်ကို
ချကျွေးရတယ်။မကျွေးဘဲ သိမ်းထားရင် မိဂျမ်းက စိတ်ကောက်တတ်တယ်။ဒါကြောင့်
မိဂျမ်းရဲ့ဦးစီးက အိမ်မပြန်နိုင်ဘူး ပါဆယ်ထုပ်
ဖွင့်ပြီး မိပုံတို့ အုပ်စုကို ကျွေးရသေးတယ်။

ဆင်ပေါက်စကလည်း မိဂျမ်းဗိုက်အောက်ကို
ဝင်ပြီး ခေါင်းနဲ့ဝှေ့တော့တာပဲ။သားသမီးမထွန်းကားခဲ့ဖူးလို့ တော်ပေဦးမယ်။
ဆင်ပေါက်စကို အလိုလိုက်ရတာ မိဂျမ်းမှာ
ပင်ပန်းတဲ့ကြားက ကစားပေးရတယ်။မိပုံကတော့ သူ့ကျန်းမားရေးနဲ့သူ အနိုင်နိုင်
ဖြစ်နေလို့ ဆင်ပေါက်စကို နို့တိုက်ရုံပဲ ဂရုစိုက်
နိုင်တယ်။ဆင်ပေါက်ကလေးရဲ့ ကုသိုလ်ကံ
ကထူးပါပေတယ်။အမေနှစ်ယောက် ရှိနေသလို
ပျင်းရင်အဖော်လုပ်ပြီး ကစားပေးတတ်တဲ့
သူငယ်ချင်း ရန်နောင်ကလည်း ရှိနေတော့
အားလုံးပြည့်စုံနေတယ်။

အခန်း၃

ဆင်ပေါက်စလေး အစွယ်ထွက်ပြီ။အံ့သြစရာ
ရှားရှားပါး အစွယ်တစ်ချောင်းထဲရယ်။သူ့
အစွယ်တစ်ချောင်းကလည်း ထွက်တည်းက
တုတ်တုတ်ခိုင်ခိုင်ကြီး။တယ်ဆင်တစ်ကောင်
လို့ အများက အသိအမှတ်ပြုကြတယ်။ဘယ်
ဘက်က အစွယ်တစ်ချောင်းထဲရှိလို့ သူ့ကိုဘယ်
တယ်ဆင်လို့ အသိမှတ်ပြုကြတယ်။
တယ်ဆင်ကို စီးတဲ့ဦးစီးဆိုတာ အတော်လေး
သတိကြီးကြီးထားရတယ်။တယ်ဆင်ဆိုတဲ့
ကောင်တွေက ဇ မသေးဘူး သူတို့က အုပ်စု
နဲ့ မနေတတ်ဘူး။တစ်ကောင်ထဲ သီးသန့်နေ
တတ်တယ်။တခြားဆင်တွေဆိုရင် သူတို့က
ကြည့်မရတတ်ဖူး ရန်လိုတတ်တာ အကျင့်
တစ်ခုပဲ။မုန်ယိုရင်တောင်မှ ဆင်မတွေအနား
မကပ်တဲ့အပြင် ပိုပြီးရန်လိုတတ်တာ တယ်ဆင်
တွေရဲ့ စရိုက်ဆိုတော့ ဆင်ပေါက်စကို လူပျို
လို့ နာမည်ပေးထားကြတယ်။

အခုတစ်မိုးဆိုရင် လူပျိုလေး (၃)နှစ်ပြည့်ပြီ။
အခုဆို သူတို့သစ်စခန်းမှာ ဆင်တွေအုပ်လိုက်
လာပြီး သစ်ဆွဲကြတော့ ဆင်တဲစုတစ်ခုဖြစ်နေ
ပြီ။တောတောင် ရေမြေက သာယာပြီး သစ်မျိုးစုံ
က ထူထပ်တော့ သစ်ဆွဲဖို့ လာကြတဲ့ ဆင်တွေက
မနည်းလှဘူး။ဆင်ပေါက်စက ဆင်တွေအားလုံးနဲ့
အဆင်ပြေပြီး တယ်စရိုက်နဲ့ မတူအောင်နေတယ်။
အရေးထဲ မိပုံက သိပ်မနေမကောင်းတော့
မိဂျမ်း မသက်သာပြန်ဘူး မိုးတောင်မလင်း
သေးဘူး သစ်ဆွဲထွက်ရပြီ။တဲစုက လင်းကြက်
တွေတွန်ရုံ ရှိသေးမိဂျမ်းရဲ့ လည်ပင်းမှာ သံကြိုးတန်းလန်းနဲ့ ပိုကြိုးကကြိုးတွေ ဆုံနေ
အောင်တပ်ပြီး တောထဲထွက်ရပြီ။

ဆင်စခန်းမှာ ဆင်ပေါက်စဆိုလို့ လူပျိုလေး
တစ်ကောင်ထဲရယ်။အားလုံးရဲ့ အလစ်အငိုက်
ကို ဝင်ပြီး ကျားနှစ်ကောင်က လူပျိုကိုဆွဲဖို့
ကြိုးစားကြတယ်။တခြားဆင်တွေကို ကျားရဲက
ခြောက်လှန့်မောင်းထုတ်လိုက်တော့ ဆင်တွေ
အုပ်စုကွဲသွားပြီး တဲတိုက်မှာ မိပုံနဲ့ လူပျိုလေး
တို့ပဲ ကျန်နေခဲ့တယ်။မိပုံနဲ့ လူပျိုလေးကို
ကျားနှစ်ကောင်က ဇွတ်အတင်း ဝင်ဆွဲတော့
တာဘဲ။မိပုံနဲ့လူပျိုတို့ရဲ့ အော်သံက မိုင်ဝက်
လောက်အထိ ဝေးတဲ့သစ်ကွင်းထဲက မိဂျမ်းကို
လှုပ်နှိုးပြီး အကူအညီ တောင်းလိုက်သလိုပဲ။

သံကြိုးတန်းလန်းနဲ့ မိဂျမ်းအတင်း ထွက်ပြေး
လာပြီး မိပုံနဲ့လူပျိုတို့ ရှိရာကို ဇွတ်တိုးကပ်လာ
တယ်။ကျားတစ်ကောင်က မိပုံရဲ့ လည်ကုပ်သားကို ခဲထားတယ် မိပုံခါချလိုက်
နှာမောင်းနဲ့ ရိုက်ချလိုက်နဲ့ သူ့သားလူပျိုကို
ကယ်ဖို့မပြောနဲ့ သူကိုယ်တိုင် ကျားရဲလက်
က လွတ်ဖို့မလွယ်ဘူး။နောက်ထပ်ကျားရဲ
တစ်ကောင်က လူပျိုလေးရဲ့ ဘယ်လက်ကို
ခဲ ထားတယ်။မြင်လိုက်ရတဲ့ မြင်ကွင်းတွေက
မဂျမ်းအတွက် စိတ်မသက်သာစရာ။ခါးမှာ
တန်းလန်းပါလာတဲ့ သံကြိုးကို နှာမောင်းနဲ့
ပြန်ယူပြီး လူပျိုကိုခဲထားတဲ့ ကျားရဲကို
အားကုန်လွှဲရိုက်ချလိုက်တယ်။သံကြိုးစာမိ
လိုက်တဲ့ကျားရဲလည်း လွင့်ထွက်သွားရော။

မိပုံကို ခဲထားတဲ့ကောင်လည်း ​ခုန်ဆင်းပြေး
ပြီး ဆင်တဲတိုက်ဘေးကနေ ချောင်းမြောင်း
နေတယ်။မိဂျမ်းနဲ့ မိပုံက လူပျိုကို ဗိုက်အောက်
ထည့်ထားပြီး ကျားရဲများ ပြန်လာဦးမှာလား
အတွေးနဲ့ နားရွက်စွင့်ပြီး တိုက်ခိုက်ဖို့ အသင့်
ပြင်ထားကြတယ်။

စခန်းမှာရှိတဲ့ လူတွေက ညာသံပေးပြီး သံပုံး
တွေ ခေါက် ဗျောက်အိုးတွေ ဖောက်
လိုက်မှ ကျားညီနောင် ထွက်ပြေးသွား
ကြတယ်။မိဂျမ်းရဲ့ သားဇောက စခန်းမှာ ရောက်နေတဲ့ စွယ်စုံဆင်ပြောင်ကြီးတွေကို
သရော်လိုက်သလိုပါပဲ။မိဂျမ်းရဲ့ သတ္တိက
မိပုံနဲ့ လူပျိုလေးကို ချစ်ကြောင်း လက်တွေ့
ကိုင်ပြလိုက်သလိုပါဘဲ။

အခန်း ၄

အဲသည်နေ့ မိုးလေးက တဖွဲဖွဲကျလို့။လူပျိုနဲ့
မိဂျမ်းတို့ရဲ့ အော်ဟစ်သံတွေက ကမ္ဘာတစ်ခု
ပြိုကွဲသွားပြီ။မိပုံရဲ့နောက်ဆုံးမြင်ကွင်းထဲမှာ
လူပျိုကို မိဂျမ်းဗိုက်အောက်ထဲရောက်အောင်
တွန်းထည့်ခဲ့တဲ့ ပုံရိပ်တွေက တဖြည်းဖြည်း
ဝေးဝါးသွားခဲ့ပြီ။မိဂျမ်း ခေါင်းတငဲ့ငဲ့နဲ့ မိပုံရဲ့
နောက်ဆုံးဆန္ဒကို ပါရမီဖြည့်ပေးပါ့မယ်လို့
ကတိပေးနေတဲ့ပုံ။လူပျို့ရဲ့ရင်ထဲမှာ သူ့ကို
ကျောခိုင်းခဲ့တဲ့ မိပုံကို အထင်အမြင်များလွဲ
သွားခဲ့ပြီလား။စိတ်ဝေဒနာရပြီး ဆိုးသွမ်းသွား
မှာလား မိဂျမ်းအတွေးများစွာနဲ့ မျက်ရည်
ကျနေပြီ။သောကတွေနဲ့ ပွေ့ပိုက်ခံစားနေရတဲ့
မိဂျမ်းတစ်ကောင် လူပျိုရဲ့ အရိပ်အကဲကို
အမြဲသတိထားနေရပြီ။တယ်ဆင်လေး ဖြစ်လို့
ပိုပြီး သတိထားရမယ်ဆိုတာ မိဂျမ်းက သိနေ
သလိုပါဘဲ။

မိဂျမ်းသစ်သွားဆွဲတိုင်း လူပျိုလေးက အမြဲ
လိုက်လာတတ်တယ်။မိဂျမ်းက ရှေ့ကဆွဲရင်
လူပျိုက သစ်တုံးကို နောက်ကနေ နှာမောင်းနဲ့
ထောက်ပြီးတွန်းပေး တတ်ခဲ့ပြီ။ရန်နောင်လေး
ကလည်း သူတို့သားအမိနဲ့ သစ်ကွင်းကို လိုက်
လာတတ်တယ်။ဒီလိုကြည်နူးစရာ မြင်ကွင်း
တွေကို သွားလေသူ မိပုံများ တမလွန်ကနေ
မြင်လိုက်ရင် ကျေနပ်နေမှာပါလေ။
လူပျိုလေးက မိဂျမ်းအနားမှာသာနေတာ
တခြားဆင်တွေကို သူလုံးဝမဆက်ဆံတော့
ဘူး။အမူအကျင့်က တယ်ဆင်ရဲ့ဇာတိပြလာ
ပြီလေ။ဆင်တဲတိုက်က ဆင်တွေအပေါ်များ
သူ စိတ်နာသွားတာလား။နာမယ်ဆိုလည်း
နာစရာပါပဲ ကျားညီနောင် ဝင်ဆွဲတုန်းက
တဲတိုက်က ဆင်တွေ သူ့ကိုတစ်ကောင်မှ ဝင်မ
ကူညီခဲ့ဘူး။ဆင်ဆိုတဲ့ သတ္တဝါက အသည်းနှ
လုံးနုတယ်။အမှတ်အသားကြီးတယ်။သစ္စာတ
ရားကို မြတ်နိုးတယ်။ဒါကြောင့်လည်း ဆင်နဲ့
တူသော မိတ်ဆွေ၊ဆင်နဲ့တူသော သတ္တိသည်
နတ္ထိမရှိလို့ ရှေးကဝိတို့ ဆိုခဲ့တာ။

လူပျိုက လူတွေကို ပိုပြီး အားကိုးတတ် ချစ်
တတ် ဖြစ်လာတယ်။ရန်နောင့်ကို သူချစ်တဲ့
အချစ်နဲ့ မွေးစားအမေမိဂျမ်းကို ချစ်တဲ့အချစ်
အကန့်ခွဲမရအောင် သူ့ရင်ထဲမှာရှိနေတယ်။
ဒါကြောင့်လည်း မှိန်းသင်ရလွတ်အောင် လူပျို
တော်ခဲ့တာ။လူပျိုဟေ့ဆိုရင် ကလေးတွေက
စပြီး တဲတိုက်တင်မကဘူး နီးစပ်ရာကလေး
တွေနဲ့ ကစားဖော်ကစားဖက် ဖြစ်သွားတာ။
မိဂျမ်းရဲ့ မေတ္တာတရားကလည်း လူပျိုကို
နူးညံ့ပျော့ပြောင်းအောင် အမြဲသွန်သင်နေသလိုပဲ။

ရန်နောင်က တစ်ခါတလေဆိုရင် အသံနက်ကြီးနဲ့
သီချင်းဆိုတတ်တယ်။ရန်နောင် သီချင်းဆိုရင်
မိဂျမ်းနဲ့ လူပျိုအမောကို ပြေလို့။
ရန်နောင့်ရဲ့ အနိမ့်အမြင့် မညီမညာ သံစဥ်နဲ့
အဆင်ပြေအောင် လိုက်ကနေကြတဲ့ သူတို့
သားအမိကို မြင်ရတာက တကယ့်ကို ကြည်နူး
စရာပဲ။

မိဂျမ်းအလှူရှင်လောင်း
လှည့်ထွက်ပြီဆိုရင် လူပျိုလေး တစ်ကောင်
ထဲ မိုးကို မော့ပြီးအမေဂျမ်း အလာလမ်းကို
မျှော်မျှော်နေရတယ်။မိဂျမ်း ခရီးထွက်တဲ့ရက်
တွေဆိုရင် ရန်နောင်လေးက လူပျိုကို ပိုပိုပြီး
ဂရုစိုက်ရတယ်။

အခန်း-၅

ရာသီတွေလည်း အလီလီပြောင်းခဲ့ပြီ။ရန်နောင်
ရဲ့ အဖေဦးရန်အောင်လည်း သားဖြစ်သူအတွက်
ဆင်အတတ်ပညာနဲ့ ချွန်းတစ်လက် လှံတိုတစ်စင်း
အမွေပေးခဲ့ပြီး ထွက်သွားတယ်။
အဖေဖြစ်သူရဲ့ ပညာအမွေကို ရန်နောင်
လေးက ကောင်းကောင်းရလိုက်တယ်။ဦးရန်အောင် ကိုင်ခဲ့တဲ့ ကြိမ်းရိုးတပ် ချွန်းနဲ့လှံတို
တစ်လက်က ဆိုးမိုက်ပါတယ်ဆိုတဲ့ ကိုးလောင်းဆင်ကြီးဖအောင်တောင် ပြားပြားဝပ်ခဲ့ရ
တဲ့ လက်နက်တွေ။လူပျိုကလည်း အတက်
အားကောင်းပြီး ခွန်အားဗလနဲ့ ပြည်စုံတဲ့
အဖိုးတန် ဆင်ငယ်တန်းဝင်ခဲ့ပြီ။လူပျိုအရွယ်
ရောက်တော့ မိဂျမ်းဘဝလည်း မွန်းလွဲဘက်ကို
ရောက်လာပြီ။မိဂျမ်းကို ကွန်ဂျီအလုပ်နဲ့
ရှင်လောင်းလှည့် အဖြစ်ပဲ သုံးတော့တယ်။

လူပျိုရဲ့ အစွယ်ကြီးကလည်း နို့နှစ်ရောင်
လက်ထပြီး တစ်တောင်လောက် ဖြစ်နေပြီး
ချွန်မြနေတာဘဲ။အရွယ်အားကောင်းပြီး
အပေါ်အောက်မုန်စုံခဲ့တာတောင် မိဂျမ်းဗိုက်
အောက်ကို တိုးဝှေ့ကစားချင်တုန်း။မိဂျမ်းမှာ
လူပျိုရဲ့ စနောက်ကျီစယ်တဲ့ ဒဏ်ကိုအလူး
အလဲခံနေရပြီ။ကုန်ကားကြီးတစ်စင်းလို ရှေ့
နောက်မျှတပြီး လာသမျှ မနားတမ်းရုန်းစမ်း
မယ်ဆိုတဲ့ လူပျိုက မိဂျမ်းနဲ့တွေ့ရင် ကလေး
ပေါက်စလိုဘဲ။သူ့ရဲ့ ကစားတဲ့ ဒဏ်ကြောင့်
မိဂျမ်း လဲကျမသွားအောင် ထိန်းထားရတယ်။

ဟေ့ကောင် လူပျိုရေ တအားမဆော့ပါနဲ့ကွာ
မင်းအမေ လဲလိမ့်မယ်လို့ ဆင်တဲတိုက်က တစ်
ယောက်ယောက်က လှမ်းအော်မှ လူပျိုငြိမ်ငြိမ်
နေတယ်။မိဂျမ်းနဲ့သာ ပေါတောတောနေတာ
ကျန်တဲ့ ဆင်တွေဆိုရင် လူပျိုက အတင်းလုပ်
မယ်ဆိုတာပဲ။ဒါကြောင့်လည်း ဆင်စားကျက်
ကို သူတို့သားအမိအတွက် ချောင်းတစ်ဖက်
ကမ်းအစွန်ဆုံးမှာ ထားရတာ။

(၁၈)နှစ်သာသာ လူပျိုကို ကြောက်လို့တခြား
ဆင်းထိန်းတွေ သူတို့ရဲ့ဆင်တွေကို သေချာ
ထိန်းထားရတယ်။မိဂျမ်းကို သစ်ကွင်းထဲက
တခြားစွယ်စုံကြီးတွေ ကြိုက်ကြတယ်။ ဒါပေ
မယ့် လူပျိုကို ကြောက်လို့ ဘယ်ကောင်မှ အနားမကပ်ရဲကြဘူး။ကပ်ရင်
လည်း သေဒဏ်လို့ဘဲ ပြောရမလား။လူပျိုက
တခြားဆင်ထီးတွေနဲ့ တွေ့ရင် နီးရာကိုထိုးချ
တော့တာပဲ။လူပျို့ရဲ့ အစွယ်တစ်ချောင်းရာက
သစ်ကွင်းက ဆင်တော်တော်များများမှာ
ရှိတယ်။တခြားကြောင့်မဟုတ်ဖူး မိဂျမ်းကို
လာပြီး ဖွန်ကြောင်ကြလို့ပဲ။တချို့လတွေဆို
ရန်နောင်လေးမှာ သူ့လုပ်စာသူ မစားရဘူး။
လူပျိုရဲ့ အစွယ်သရမ်းမှုကြောင့် တခြားဆင်
သမားတွေကို လျော်ပေးရတာနဲ့ ကုန်ခဲ့ရတယ်။

မိဂျမ်းရဲ့အချစ်ကလည်း မလွယ်လှဘူး။လူပျို
လေး ကိုယ်ဝန်ရကတည်းက ဘယ်လောက်
ချောတဲ့ ဆင်ထီးကိုမှ အကပ်မခံသလို လှည့်
တောင်မကြည့်ခဲ့ဘူး။ဆင်ဆရာကြီးတွေ သုံးသပ်ကြတာတော့ လူပျိုမကြိုက်မှန်းသိလို့
ဘယ်သူ့မှ အကပ်မခံခဲ့တာတဲ့။သားအရင်း
မဟုတ်ပဲ ဘဝရော နှလုံးသားပါရင်းပြီး မွေးစားသားလေးကို ချစ်လိုက်တာ။အငြိမ့်မင်း
သမီး မိဂျမ်းနာမည် တစ်လုံးနဲ့ သစ်ကွင်းထဲမှာ
ထိန်းသိမ်းလာတဲ့ ဂုဏ်ဒြပ်ကို ဆင်ချစ်သူတွေ
စိတ်ဝင်စားကြတာပေါ့။

ဆင်အုပ်ကြီး ဦးတင့်ကတော့ လူပျိုသာတစ်ခု
ခု ဖြစ်ခဲ့ရင် အရင်ဆုံးရင်ကွဲနာကျသူက မိဂျမ်း
ဖြစ်လိမ့်မယ်လို့ ခဏခဏပြောတယ်။အထူး
သဖြင့် ရန်နောင်။သူတို့ဆင်သားအမိနဲ့ ရန်နောင်ရဲ့ မေတ္တာနှောင်ကြိုးကို ပြတ်တောက်
သွားမှာ စိုးရိမ်ကြတာ သစ်ကွင်းတစ်ခုလုံးပဲ။

အခန်း-၆

တယ်ဆင်စရိုက်မို့ မိုက်ပါတယ်ဆိုနေမှ လာပြီး
သွေးတိုးစမ်းတဲ့ မိုက်ခဲကြီးက လူပျို့ရဲ့အမေ
မိဂျမ်းကို လာထိပါးလေပြီ။ဆင်​ကျောင်းရာသီ
ကုန်လုလု အချိန်မှာပေါ့။ညနေဆောင်း နွားရိုင်း
သွင်းချိန်မှာ တောဆင်ရိုင်း(ထီးခို)
စွယ်စုံကြီးက မိဂျမ်းကို ဇွတ်အတင်းသိမ်းပိုက်
ဖို့ နယ်ကျော်လာတယ်။မိဂျမ်းက သူ့သားရဲ့
စရိုက်ကို သိနေတော့ လုံးဝလက်မခံဘူး။ဆင်
ရိုင်းစွယ်စုံလည်း ရုပ်ရှင်ထဲက လူကြမ်းလိုပေါ့
အတင်းကြံစည်တယ်။လက်မခံတော့ ဒေါသတွေ အလိပ်လိုက်ပေါက်ကွဲပြီး မိဂျမ်း
နောက်ကို ဇွတ်လိုက်ပြီး သတ်ဖို့လုပ်တယ်။
မိဂျမ်းက လည်တာပေါ့ လူတွေရှိရာကို အတင်းပြေးလာတယ်။စွယ်စုံကြီးရဲ့ သွေးဆာ
နေတဲ့ အစွယ်က မိဂျမ်းနဲ့ မကွာတော့ဘူး။
စွယ်စုံကြီးရဲ့ ရန်ကိုမိဂျမ်း မရှောင်ကွင်းနိုင်
တော့ဘူး။

တောဆင်စွယ်စုံရိုင်းကြီးကလည်း ရထားစက်
ခေါင်းကြီးလိုပဲ မိဂျမ်းကို တိုက်ချတော့မယ့်
အခြေအနေဖြစ်နေပြီ။ထူးလွှတ်ထားတဲ့ လူပျို
က မိဂျမ်းနဲ့ စွယ်စုံရိုင်းကြီးကြားကို ရေငုတ်
သင်္ဘောကြီး ပေါ်လာသလိုဘဲ ဝင်ပြီးမတ်မတ်
ရပ်လို့ မာန်သွင်းပြီး အော်ချလိုက်တယ်။

” ဝူးးး••••”

မစိတ်မွှန် မုန်ထနေတဲ့ တောစွယ်စုံရိုင်းကြီးရဲ့ ပစ်မှတ်က လူပျို့ဆီကို ရောက်သွားပြီ။လူပျိုနဲ့တော
ဆင်ရိုင်းတို့ ယှဥ်ကြည့်ရင် လူပျိုက (၁၈)နှစ်
သာသာပဲ ရှိသေးတယ်။တကယ်တော့ ဒီပွဲမှာ
လူပျိုဟာ တောစွယ်စုံနဲ့ ယှဥ်ရင် အရာရာနု
နယ်နေသေးတယ်။ဘက်မတူတဲ့ပြိုင်ဘက်ဆို
တာ တောစည်းကမ်းမှာ မရှိဘူး။သူ့ထက်ငါ
ဦးတဲ့ကောင်က ဗိုလ်ဖြစ်မှာပဲ။လူပျိုကလည်း
သူ့ထက်အရာရာ သာလွန်နေတဲ့ပြိုင်ဘက်ဆို
ပေမယ့် အမေကို သိမ်းပိုက်မရလို့ သတ်ဖို့ကြံ
တဲ့ ဆင်သရမ်းကို ဒီတိုင်းအရှုံးပေးလောက်
အောင် သည်းခံမှာမဟုတ်ဘူး။သူ့ဘဝ ဒီလို
အရွယ်ရောက်အောင် ပြုစုပျိုးထောင်ခဲ့တဲ့
မွေးစား အမေအတွက်လေ။အနိုင်တိုက်မယ်
လို့ ဆုံးဖြတ်ပြီးပြီ။အမေ့ကျေးဇူး ဆပ်ခွင့်ကြုံပြီလို့
လူပျိုခံယူ လိုက်တယ်ထင်တယ်။

လူပျို့ဘက်က စပြီး တဟုန်ထိုး တိုက်စစ်ဆင်
လိုက်တယ်။လူပျိုနဲ့ တောစွယ်စုံတို့ရဲ့ ဦးကင်း
တိုက်သံ အစွယ်ရိုက်သံတွေက သစ်ပင်ကြီး
တွေ ပြိုလဲကျတဲ့အတိုင်းပဲ။
အစစအရာရာ အားသာလွန်နေတဲ့ တောစွယ်စုံ
လည်း လူပျို့ရဲ့တိုက်စစ်ကြောင့် မနည်းတင်း
ထားရတယ်။တဲတိုက်က အတွေ့အကြုံရင့်တဲ့
ဆင်ဆရာကြီးတွေကလည်း မိဂျမ်းရှိနေရင်
လူပျို စိတ်သောကရောက်ရမှာ စိုးလို့ မိဂျမ်းကို
ထူးခတ်ချည်နှောင် ထားလိုက်တယ်။ဆင်သမားတွေက ဗျောက်အိုးတွေဖောက် မီးတွေ ပြပေမယ့် တောစွယ်စုံ သိပ်ဂရုမစိုက်ဖူး။

ပါးနပ်တဲ့ တောစွယ်စုံက လူပျိုကို နှာမောင်းချင်း ပူးလိမ်ပြီး တဲတိုက်နဲ့ ဝေးရာ တောနက်ကို
တွဲပြီး ခေါ်သွားတယ်။လူပျိုကလည်း ဒီပွဲမှာ
တစ်ကောင်သေမှ ပြီးမယ်ဆိုတဲ့ အတွေးနဲ့
သဲသဲမဲမဲ ဖိတိုက်ပြီး တောစွယ်စုံရဲ့နောက်ကို
အတင်းပူးလိုက်တယ်။ဆင်တဲတိုက်က ဆင်သ
မားတွေ မျက်ခြေပြတ်ပြီ။အချိန်ကလည်း အတော်လင့်နေပြီ။ဦးတင့်နဲ့ တခြားဆင်းဦးစီး
တွေကတော့ နောက်တစ်နေမှ လိုက်ကြဖို့
ဆုံးဖြတ်ခဲ့ပေမယ် ရန်နောင်ကတော့ ထိုင်မရ
ထမရနဲ့ လူပျို့အတွက် သောကအပြည့်ပဲ။

ရန်နောင်ထက် ပိုပြီးသောကကို ခံစားနေရသူက
မိဂျမ်းပါ။သူ့ကို ခတ်ထားတဲ့ ထူးတွေကို
ဟထွက်အောင် မာန်သွင်းပြီးရုန်းတယ်။မိုးကို
နှာမောင်းမော့ပြီး လေထဲမှာ အနံ့ခံကြည့်လိုက်
ထူးကြိုးကို ဖြတ်ဖို့ကြိုးစားလိုက်နဲ့ မိဂျမ်း
ဂဏာမငြိမ်နိုင်ဘူး။ဆင်တဲတိုက်တစ်ခုလုံးက
တော့ မီးခွက်ကိုယ်စီနဲ့ လူပျိုရဲ့ သရဖူလုပွဲ
ပြီးလို့ အိမ်အပြန်လမ်းကို မျှော်လင့်နေကြ
တယ်။ညဉ့်နက်တော့ ရန်နောင်အိပ်မရနိုင်ဘူး
မိဂျမ်းရဲ့ အရိပ်အခြေကို ကြည့်မိတော့ ပိုပြီး
ခံစားလိုက်ရတယ်။
ရန်နောင် လှံတိုနဲ့ချွန်းကို ကိုင်ပြီး မိဂျမ်းရဲ့ထူး
ကြိုးကို ဖြုတ်လိုက်တယ်။သောကကိုယ်စီနဲ့
ရင်ဘတ်တူသူတွေ လူပျိုရဲ့နောက်ကို လိုက်
ကြရမယ်ပေါ့။

အခန်း-၇

“မက် ••• မက်••”

မိဂျမ်း အလိုက်တသိ ဝပ်ပေးလိုက်တယ်။ရန်
နောင်လည်း မိဂျမ်းကို အသော့နှင်ပြီး တိုက်ပွဲ
ဖြစ်ရာ စစ်မြေပြင်ကို အတင်းသွားတယ်။စစ်
မြေပြင်ရောက်တော့ အရာအားလုံး တိတ်ဆိတ်
ငြိမ်သက်နေတယ်။တောစွယ်စုံကများ လူပျို့ကို သတ်ခဲ့ပြီး ပြန်သွားပြီလား အပူလုံး
က ရင်ထဲကို နင့်ကနဲပဲ။မိဂျမ်းကတော့ တောင်
ကမူနှစ်ခုကို ကျော်ပြီး သစ်မျှောချောင်းကမ်းပါး
က ကိုင်းတောကို တည့်တည့်ဦးတည်သွားနေ
တယ်။ဓာတ်မီးတစ်လက် ပါခဲ့ပေမယ့် ရန်နောင်
လုံးဝထိုးမကြည့်ရဲခဲ့ဘူး။အကယ်၍သာ လူပျို
ရှုံးနိမ့်ခဲ့ရင် မိဂျမ်းနဲ့ သူ့အသက်က နောက်ဆက်
တွဲ ပါသွားလိမ့်မယ်။ကိုင်းတောစပ်ရောက်မှ
မိဂျမ်းရဲ့ ခြေလှမ်းတွေ ရပ်တန့်ပြီး နှာမောင်း
ကို မိုးမော့ပြီး အသက်ရှူလိုက်တယ်။
ရန်နောင်လှံတိုကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်
ပြီး တောဆင်ရိုင်းရန်ကို ကာကွယ်ဖို့ အသင့်ပြင်
ထားတယ်။

တောင်ကမူပေါ်က သန်းခေါင်ကြက်တွေတောင်
တွန်ကြူးကုန်ကြပြီ အခုထိ ဘာအရိပ်
အရောင်မှ မတွေ့ရဘူး။မိဂျမ်းကတော့ ထူးခြားတဲ့ အနံ့ရလို့ထင်ရဲ့ မိုးကိုမော့ပြီး
နောက်တစ်ခါ အသက်ရှူကြည့်ပြန်တယ်။
ရန်နောင် မိဂျမ်းရဲ့ ဦးကင်းထက်ကနေ
ကိုင်းတောထဲကို လှမ်းကြည့်တယ်။သွေးညှီနံ့က
သူ့နှာခေါင်းထဲ စို့ကနဲပဲ။ရန်နောင် ပိုပြီးစိတ်ပူသွား
တယ်။သူ့မျက်ရည်တွေက မိဂျမ်းရဲ့ ဦးကင်းပေါ်ကို
မကျအောင် ကြိတ်မှိတ်ငို မိတယ်။မိဂျမ်းရဲ့ပါးပြင်ကို
သူ့ခြေသလုံးနဲ့ ပွတ်မိတော့လည်း မျက်ရည်စတွေ
ရွှဲရွှဲစိုလို့။

ကိုင်းပင်တွေကို အကာအကွယ်ပြုပြီး ရှေ့
နဲနဲတိုးကြည့်လိုက်တော့ အရိပ်မဲမဲကြီးတစ်ခု
က သူနဲ့မိဂျမ်းကို ကြိုဆိုနေတယ်။
မှုန်ပြပြ လရောင်ကို အားပြုပြီး သေချာကြည့်
လိုက်တော့ အစွယ်တစ်ဖက်ကိုဘဲ ရန်နောင်မြင်
လိုက်တယ်။သေချာပြီ လူပျို အသက်ရှိနေသေးတယ် တိုက်ပွဲက အဖြေ
ဘာမှန်း မပြောနိုင်သေးဘူး။ဓာတ်မီးနဲ့ လှမ်း
ထိုးကြည့်တော့ နားရွက်လုံးဝမခတ်ပဲ လာသမျှ
ကို တိုက်ခိုက်ဖို့ ဟန်ပြင်နေတဲ့ လူပျို့ကို ရန်နောင် မြင်လိုက်ပြီ။

“အရှေ့ကို လျှောက်ပါလို့ ×××အနောက်
ကိုတဲ့ မျှော်လိုက်ရင် ×××တံခွန်တိုင် ရွှေကုက္ကား
နဲ့×××ဘုရားလေး ဘုရားလေး•••”

အသံကွဲကြီးနဲ့ ရန်နောင် သီချင်းအော်ဆိုလိုက်
တော့ မိဂျမ်းခေါင်းတွေ ခါလာတယ်၊လက်တွေ
ပါလှုပ်ပြီး ကလိုက်တယ်။လူပျိုနားရွက် ခတ်လာပြီး ခေါင်းတညိတ်ညိတ် လိုက်လှုပ်လာတယ်။ဆင်ဦးစီး
တွေနဲ့ ဆင်တွေရဲ့ကြားမှာ သီချင်းတစ်ပုဒ်ဟာ
လျှို့ဝှက်နံပါတ်ပါပဲ။ရှင်လောင်းသီချင်းဟာ မိဂျမ်း
နဲ့ လူပျိုတို့ရဲ့ စကားဝှက်တစ်ခုပါပဲ။သူတို့ကို အလုပ်
ခွင်ဝင်ဖို့ ထူးကောက်တိုင်း ဆိုပြနေတဲ့ သီချင်းကို
လူပျိုသိတယ်။

“လူပျိုရေ•••လာခဲ့•••”

လိမ္မာလိုက်တဲ့ လူပျို ရန်နောင့်ဆီကို တန်းတန်း
မတ်မတ်ရောက်လာတယ်။လူပျိုကို မိဂျမ်းတွေ့
တော့ အလွမ်းတွေ သယ်ပြီလေ။လူပျို့မှာလည်း ဒဏ်ချက်တွေ မနည်းလှဘူး။လူပျို့ရဲ့ညာဘက်နား
ရွက်ကို ရန်နောင့်ရဲ့ ချွန်းချိတ်ပေးလိုက်တယ်။
အစွယ်ထိုးရာ ခြစ်ရာတွေ ပွေပွလို့ပဲ။ကိုင်းတောဆီကို ဓာတ်မီးတစ်ချက်ဝှေ့လိုက်တော့ ဦးခေါင်းစိုက်ပြီး အသက်မဲ့နေတဲ့ စွယ်ဆင်ရဲ့ ရုပ်အလောင်းကို ရန်နောင်တွေ့လိုက်တယ်။တောစွယ်စုံရဲ့ နံကြားထဲမှာ ထိုးထားတဲ့ အစွယ်ရာကထွက်ကျထားတဲ့ သွေးတွေက ထထတောင် ပွက်နေတယ်။

အခန်း-၈

အောင်ပွဲရလိုက်တဲ့ သားလူပျိုရဲ့ ဒဏ်ရာတွေ
ကို မြင်ရတော့ မိဂျမ်းရဲ့ မျက်ဝန်းက မျက်ရည်တွေ ပိုလို့ရစ်ဝဲနေတယ်။မိဂျမ်းဝမ်းနည်း ဝမ်းသာ ဖြစ်နေ
ပုံပဲ။လူပျိုရဲ့ ယိုင်နဲ့နဲ့ ခြေလှမ်းတွေကို တွဲပြီး
သူတို့ ဆင်တဲတိုက်ကို နေထွက်စမှာဘဲ ပြန်
ရောက်လာကြတယ်။မွေးစားအမေရဲ့ အသက်
နဲ့ ဆင်တဲတိုက်ရဲ့ ဂုဏ်ဒြပ်ကို အသက်နဲ့ရင်းပြီး
တိုက်ပွဲဝင်ခဲ့တဲ့ သူရဲကောင်းကြီး လူပျိုရဲ့ ဂုဏ်
သတင်းက ဆင်လောကကို လွှမ်းမိုးသွားတယ်။

ရထားတဲ့ ဒဏ်ရာတွေကို ဆေးဝါးကုသဖို့
လူပျိုကို တောနက်ကြီးထဲမှာတစ်ကောင်ထဲ ထားရတယ်။လူပျို့ရဲ့ ဒဏ်ရာအနာတရတွေ
ကလည်း မနည်းလှဘူး။ပြည်ပုပ်တွေ သားငံ
ရည်တွေရဲ့ အနံ့ကြောင့် တောကောင်သားရဲတွေ လာပြီးရန်ရှာမှာကိုလည်း ရန်နောင်စိုးရိမ်
နေရတယ်။နေ့ဘက်ဆို ထူးခတ်ခဲ့ပြီး လူပျို့
အတွက် ရန်နောင် အစာရှာပေးရသေးတယ်။
ရန်နောင်ကတော့
လူပျိုရှိတဲ့ နေရာမှာပဲ စားအိုးစားခွက်နဲ့ လိုက်
နေရတာ။ဆင်ဆရာဝန်နဲ့ ဆင်အုပ်ကြီးဦးတင့်
တို့က တစ်ပတ်ကို တစ်ခေါက်လောက် လူပျို့
ကို ဆေးဝါးရိက္ခါတွေ လာပြီးပို့ပေးတယ်။
လူပျို့ရဲ့ အခြေအနေကို လာကြည့်ကြတိုင်း
မိဂျမ်းကို စီးပြီးလာကြတယ်။မိဂျမ်းတို့သား
အမိ အလွမ်းတွေပြကြ အချစ်တွေပြကြနဲ့
ကျေနပ်ပြီဆိုမှ ပြန်ကြရတယ်။ဆင်တွေ ထိခိုက်
ဒဏ်ရာရရင် လေကောင်းလေသန့် ရတဲ့နေရာ
တခြားဆင်တွေနဲ့ ဝေးတဲ့နေရာမှာ သီးသန့်ထား
ပြီးဆေးကုကြရတယ်။

ဖိုက်တာဇိုးကြီး
ဖြစ်ပေမယ့် မိဂျမ်းနဲ့တွေ့ရင် တကယ့်နို့စို့ဆင်
ငယ်လေးတစ်ကောင်လို လူပျိုကချွဲချွဲနွဲ့နွဲ့ နေ
တတ်တယ်။အနာတွေပျောက်လို့ တဲတိုက်ကို
ပြန်တော့ လူပျို့မှာ ဝေဒနာတစ်ခု ထပ်တိုး
လာတယ်။မိဂျမ်းက လွဲရင် ဆင်မှန်သမျှက
သူ့ရန်သူလို့ တစ်ထစ်ချ သတ်မှတ်သွားပြီ။
ရန်နောင့်အပေါ် ဟိုးအရင်ကထက် ပိုပြီး
အားကိုးအားထား ပြုလာတာကို တွေ့နေရ
တယ်။ဆင်အုပ်ကြီးဦးတင့်နဲ့ ဆင်ဆရာဝန်က
တော့ လူပျို့ဘဝမှာ ရန်နောင်နဲ့ မိဂျမ်းတစ်
ယောက်ယောက်များ ခွဲခွါသွားရင် အတော်
ခေါင်းစားရလိမ့်မယ်လို့ သုံးသပ်နေရပြီ။

မိဂျမ်းအသက်ကလည်း မငယ်တော့ဘူး
မွန်းလွဲနှောင်းပိုင်းကို ရောက်နေပြီ။တကယ်လို့
များ မိဂျမ်းသာတိမ်းပါးသွားရင် လူပျို့ရဲ့အနာ
ဂတ်တစ်ခုလုံးက ရန်နောင့်မှာ တာဝန်အပြည့်
ပါပဲ။ရန်နောင်က တစ်ကောင်ကြွက်မို့ လူပျို
ဟာ သူ့ရဲ့ညီကိုအရင်းလို့ ခံယူထားပုံပါဘဲ။
အရင်ကဆို ညနေအလုပ်သိမ်းတာနဲ့ သူကိုယ် တိုင် ရေချပြီး လူပျိုတစ်စီးထဲ လျှောက်သွား
နေတတ်တယ်။ရေဆိပ်မှာ ကလေးတွေနဲ့ ဆော့
လို့အားရမှ ပြန်လာတာ။အခုတော့ လူပျိုအရင်
ကလို မဟုတ်ပြန်တော့ဘူး။ရန်နောင်အရက်
သောက်နေကြ သစ်ကွင်းနဲ့ခပ်လှမ်းလှမ်းက
အရက်ဆိုင်ရှေ့မှာ ရန်နောင့်ကို စောင့်နေတတ်
ပြီ။အရက်တစ်လုံးကနေ နှစ်လုံးကူးရင် နားရွက်တဖားဖားခတ်ပြီး သတိပေးတယ်။

တစ်ခါတလေ ရန်နောင်က အရက်ဆိုင်ထဲကနေ
လှမ်းပြီး လူပျို့ကို ရန်ထောင်သေးတာ။ပိုက်ဆံ
နှစ်ဆယ်တန် တစ်ရွက်ထုတ်ပေးလိုက်ရင် မျက်စောင်းထိုး ဆိုင်ဘက်ကိုသွားပြီး ဖက်
ကြမ်း ဆေးလိပ်သွား ဝယ်ပေးရသေးတယ်။
ဆိုင်ရှင်ကဆေးလိပ် နှစ်ဆယ်ဖိုးလေးလိပ်မပေး
ဘဲ သုံးလိပ်ပဲ ပေးရင်ဆိုင်ကို ဆွဲမှောက်မယ်
လုပ်တယ်။

လူပျိုရဲ့ အသိစိတ်က စကားမပြော
တတ်တဲ့ လူတစ်ယောက်နဲ့ မခြားနားဘူး။လူ
ပျိုတို့လို အသိရှိတဲ့ဆင်တွေကြောင့် ကမ္ဘာမှာ
မြန်မာ့ဆင်တွေက ဉာဏ်ရည်အမြင့်ဆုံးလို့ ဆင်သုတေသီတွေက မှတ်တမ်းရှိခဲ့တာ။ရန်
နောင်မူးပြီး ဆိုင်ထဲမှာမှောက်နေရင် နှာမောင်း
နဲ့ပွေ့ပြီး တဲကို အပါပြန်ခေါ်တယ်။
အိပ်ရာပေါ်အထိ ရန်နောင့်ကိုတင်ပေးပြီးမှ
စားကျက်မြေကို သွားတတ်တယ်။ရန်နောင်
အရက်မူးပြီး သူနဲ့အပြန်အလှန် အချစ်စမ်းတာကို
လူပျို သိပ်ပြီးသဘောကျတယ်။

အခန်း ၉

မိဂျမ်းနဲ့ ရန်နောင့်အပေါ် သူတွယ်တာလိုက်တဲ့
သံယောဇဉ်ကြိုးက သစ်ဆွဲတဲ့ဝန်စီကြိုးတွေ
ထူးကြိုးတွေထက်များ ခိုင်မြဲနေသလား။
မိဂျမ်းကိုထိရင် အသက်ချင်းထပ်ပြီး အသေ
ချထားတဲ့ လူပျိုလေ။မိဂျမ်းကို သစ်ဆွဲခိုင်းတဲ့
နေ့ဆိုရင် တစ်နေကုန် စိတ်ကောက်တော့တာပဲ။
ဘာမှလည်းမစားဘူး ဘယ်သူခေါ်ခေါ်လည်း
မလိုက်ဘူး။လာသမျှလူကို မျက်လုံးပြူးကြီးနဲ့
တွေတွေကြီးကြည့်နေတော့တာ။ရန်နောင်
ကလည်း စိတ်ရှည်တယ်။တစ်နေကုန်အောင်
ထမင်းမစားဘူး လူပျိုစိတ်ကောက်ပြေအောင်
ကပြလိုက် သီချင်းဆိုပြလိုက် လုပ်ရတာ
အမော။တစ်နေ့တော့ မိဂျမ်းကို တပ်တဲ့ဝန်စီ
ကြိုးတွေ ပျောက်ပါလေရော။တရားခံကို
ရန်နောင်သိတယ်။ဆင်အုပ်ကြီး ဦးတင့်ကို
ရန်နောင် အကျိုးအကြောင်းပြောပြတော့ လူပျို့
ရဲ့လုပ်ရပ်ကို လူတွေနားမလည်နိုင်အောင်
ဖြစ်သွားကြတယ်။ဒါကြောင့်လည်း မိဂျမ်းကို
ကွန်ဂျီအလုပ်နဲ့ အလှူရှင်လောင်းလှည့်လောက်
ပဲ သုံးရတော့တယ်။မိဂျမ်းကိုယ်စား အလုပ်ကို
နှစ်ဆတိုးလုပ်ပြီး အကြွေးဆပ်နေတာကို အနီး
ကပ်မြင်နေရတဲ့ ရန်နောင် ခံစားရတာပေါ့။

မိဂျမ်းခရီးက ပြန်လာတဲ့နေ့ဆိုရင် ကလေး
တစ်ယောက်လို ချွဲနေတော့တာပဲ။ဆင်တွေဟာ
ဘာသာစကား(၇)မျိုးကို နားလည်တယ်။သူတို့
ရဲ့ သစ္စာစောင့်သိမှုက အနာဂတ်ကို ကြိုသိသ
လို မမြင်ကွယ်ရာက ဖောက်ပြန်မှုကိုပါ အလို
လို သိနေတတ်တယ်။ဆင်တွေဟာ သားအမိ
ချင်း ဆွေမျိုးအရင်းချင်း ဘယ်တော့မှ မိတ်
လိုက်လေ့မရှိဘူးဆိုတာ အမှန်ဖြစ်ကြောင်းကို
လူပျိုက သက်သေပြနေတယ်။

မိဂျမ်းမြို့ကို အလှူလှည့်ဖို့ တက်သွားတဲ့အချိန်
မှာ လူပျို့ရဲ့အမူအကျင့်တချို့ ထူးဆန်းနေ
တယ်။မွေးကတည်းက ဆင်တွေနဲ့နေလာတဲ့
ရန်နောင်တောင်မှ အံ့သြနေတယ်။လူပျိုရုတ်
တရက် သနပ်ခါးလိမ်းတယ်။သစ်ခက်တွေကို
ပန်းလုပ်ပြီး ပန်ပြနေတယ်။ရန်နောင်လည်း
စိတ်တွေ လေးလံနေတယ်။တစ်ခါတခါဆို
ရန်နောင် ငိုချင်စိတ်ပါ ပေါက်လောက်အောင်
အဖြေရှာမရတဲ့ ဝေဒနာကို ရန်နောင်ခံစားနေ
ရပြီ။ညညဆို အရက်မူးမူးနဲ့ လူပျို့ရှေ့မှာ ထိုင်ပြီး
သူ့ဘဝအကြောင်းကို ရင်ဖွင့်နေတတ်ပြန်ရော။
မိုးလင်းလို့ တဲတိုက်ကနေ အလုပ်ထဲသွားရင်
ရန်နောင်နဲ့ လူပျိုတို့ တက်ကြွနေတယ်။အလုပ်
သိမ်းပြီးဆိုရင် အိမ်ပြန်ချင်စိတ် မရှိတော့ဘူး။

အရက်ဆိုင်မှာ အချိန်ဖြုန်းနေပြန်တယ်။ဆင်တဲ
တိုက်မှာ နေတဲ့ အမျိုးသမီး အိမ်ရှင်မဆိုတာ
စည်းကမ်းရှိရတယ်။ဆံပင်ဖားလျားမချရဘူး။
သန်းမတုတ်ရဘူး။ထမင်းအိုးဟင်းအိုးတွေပေါ်ကို
ယောင်းမကန့်လန့်မတင်ရဘူး။အတင်းအဖျင်း
မပြောရဘူး။အိမ်ထောင်ရေး မဖောက်ပြန်ရဘူး။
ရန်နောင့်မှာ အိမ်ထောင်မရှိပေမဲ့ လူပျိုက
ဖောက်ပြန်တဲ့ နိမိတ်ကို ပြနေတော့ အဖြေရှာရ
ခက်နေတယ်။

“ဟေ့ကောင် •••လူပျို မင်းငါ့ကိုထားခဲ့ပြီး ပြန်
ဖို့လုပ်နေတယ်လား•••မက်•••မက်•••မက်ကွာ”

အရက်ဆိုင်က အထွက်မှာ
ချွန်းနဲ့ ခပ်ဖွဖွ ပေါက်ချိတ်လိုက်တယ်။မူးနေတဲ့
အချိန်ဆိုတော့ လက်ဆမမှန်ဘူး။လူပျိုနဲနဲ နာ
သွားတယ်။တဲတိုက်ပြန်ရောက်တော့ ဦးတင့်ရဲ့
မိန်းမ ဒေါ်စိန်ပိုက် ပုံကြီးချဲ့ပြီး ပွက်လောရိုက်
ပြီလေ။ဦးတင့်ကလည်း မိန်းမတစ်ခွန်းဆိုတဲ့
လူစားဆိုတော့ ဘာမှဝင်ပြီး မဟန့်တားရဲဘူး။
ရန်နောင်လူပျို့ရဲ့သွေးစို့နေတဲ့ အနာကိုကြည့်
ပြီး တစ်ညလုံး မျက်ရည်ကျနေတယ်။
လူပျို့ရဲ့နှာမောင်းကို ပွေ့ဖက်ပြီး ငိုလိုက်ပြော
လိုက်နဲ့ ပြန်ပြီးချော့နေတယ်။

အခန်း ၁၀

ရန်နောင့်ကို အလုပ်ဖြုတ်ပြီး သူ့တူအရင်း
အေးမင်းကို နေရာပေးချင်နေတာ ဒေါ်စိန်ပိုက်
ရဲ့ ဆန္ဒပဲ။ဦးတင့်ကတော့ ရန်နောင်လို ဆင်စီး
ကောင်းတစ်ယောက်ကို နှမျောတာပေါ။

“ရှင်သိလား•••ရှင်အထင်ကြီးတဲ့ ရန်နောင်က
အခု တော်တော်လူရမ်းကား ဖြစ်နေပြီ•••”

“မိန်းမရယ် သူကနဲနဲသောက်တတ်စားတတ်တာ
ကလွဲလို့ လူပျို့ကို သူဂရုစိုက်ပါတယ်ဟ•••”

“ရှင်မသိအောင် ကျွန်မဖုံးထားတာကြာပြီ•••
ရန်နောင်က သစ်တင်ဂိတ်က လင်ကြီးငုတ်
တုတ်ရှိနေတဲ့ မိန်းမနဲ့ ဘာလိုလိုညာလိုလိုတော့•••”

ဦးတင့် အတော်လေး တွေဝေသွားတယ်။မယားပြောတော့ တစ်ညဆိုသလိုပေါ့ ဟုတ်
မဟုတ် မလေ့လာတော့ဘူး ယုံလိုက်မိပြီ။
တကယ်တော့ လူပျို သနပ်ခါးလိမ်း ပန်းပန်တာ
ရန်နောင့်ကို နောက်ကျောဓားနဲ့ထိုးတဲ့ ဦးတင့်ရဲ့
မိန်းမကြောင့်ပဲ။ရက်စက်လိုက်တာ။ရန်နောင်နဲ့
လူပျို လမ်းခွဲမှ သူ့တူအလုပ်ရမှာဆိုတော့
ရတဲ့နည်းနဲ့ ရန်နောင်ကို လူပျိုနဲ့ ခွဲဖို့လိမ်ညာ
ပြီး ကုန်းတိုက်ရက်တယ်။

ဦးတင့်နဲ့ရန်နောင် ထိပ်တိုက်တွေကြပြီး အကျိုးကြောင်း မေးမြန်တော့ ရန်နောင်စကား
အရှည်ကြီးမပြောတော့ဘူး။သူ့အဖေ အမွေ
ပေးခဲ့တဲ့ ချွန်းတစ်လက်နဲ့ လှံတိုတစ်စင်းကို
ယူပြီး ကောက်ကာငင်ကာ ထွက်သွားတယ်။
အကွက်စေ့ပါတယ် ဒေါ်စိန်ပိုက်ရယ် သူ့တူ
အေးမင်းကို ချက်ချင်းရန်နောင့်နေရာမှာ
အစားထိုးထည့် လိုက်တယ်။
အေးမင်းကို လူပျိုသိပ်ပြီး လက်မခံချင်ဘူး။

လူတွေနဲ့ လက်ပွန်းတတည်းနေလာတဲ့ ဆင်
ဖြစ်နေလို့ အန္တရာယ်တော့ မပြုဘူး။အေးမင်း
ကလည်း သေချာအောင် လူပျို့ကို ပေသုံးဆယ်တွဲ
ထူးကြိုးကြီးခတ်ထားတယ်။လူပျိုတွဲ
ထူးကြိုးကြီးကို သိပ်ဘဝင်မကျဘူး။အလုပ်ချိန်က
လွဲရင် ရန်နောင်နေတဲ့ တဲအိုလေးရဲ့ တံစက်မြိတ်ရှေ့မှာ ညတိုင်းလိုလို လူပျိုရပ်ပြီး
ငိုနေတတ်တယ်။မိဂျမ်းခရီးက ပြန်လာတော့
လည်း လူပျိုအရင်လို မဟုတ်တော့ဘူး။မိဂျမ်း
သိတာပေါ့။သူ့သားအတွက် ပါလာတဲ့ ကြံတွေ
ငှက်ပျောတွေနဲ့ လူပျို့ကို ချော့မြှူတယ်။
လူပျို့ရဲ့ မျက်ရည်တွေကို မိဂျမ်း နှာမောင်း
နဲ့ သုတ်ပေးတယ်။လူပျို့ကို မိဂျမ်း စိတ်ကျေနပ်ရအောင် အမျိုးလုပ်ပြတယ်။ရန်နောင်ထွက်သွား
တာ တစ်လတောင်မပြည့်သေးဘူး
လူပျို့ရင်ထဲက ဝေဒနာက တစ်ရက်ထက်
တစ်ရက် ပိုပိုဆိုးလာတယ်။အစာလည်း သိပ်
မစားတော့ဘူး။လူပျို့ရဲ့အဖြစ်ကို ကြည့်ပြီး
သနားနေတဲ့ ဆင်သမားတွေက ရန်နောင်ပြန်
လာဖို့ ကြိုးစားပေးကြတယ်။ဦးတင့်ကလည်း
ရန်နောင် အမြန်ပြန်လာဖို့အတွက် သစ်ကား
သမားတွေကို အကူအညီတောင်းပြီး ရှာဖွေ
တော့တယ်။ရန်နောင်ပြန်လာဖို့ ရေးထားတဲ့
စာတွေကို နေရာအနှံ့ကိုပေးထားတယ်။

အခန်း ၁၁

လူပျို့ကို မိဂျမ်းနဲ့ ချော့မြှူပြီး တောနက်တစ်ခု
ဆီကို ခေါ်သွားကြပြီး စိတ်ဝေဒနာ ကုသဖို့ကြိုး
စားကြတယ်။လူတွေကို သံယောဇဥ်ကြီးတတ်
တဲ့ သူ့ဘဝကို လူတွေနဲ့ဝေးရာကို ပို့ထားပြီး ကု
စားကြတယ်။လူတွေနဲ့တင်မကဘူး မိဂျမ်းနဲ့ပါ
ဝေးနေရပြန်ပြီ။ဘယ်ကိုလွမ်းလို့ လွမ်းမှန်မသိ
ဘူး ညညစားကျက်ထဲ လွှတ်ထားရင် ရန်နောင့်
ရဲ့ တဲအိုလေး ဆီကို ခိုးပြန်တယ်။ရန်နောင်များ
ရှိလေးမလား ဆိုတဲ့သူ့အတွေးက အိပ်မက်တစ်
ခုပါပဲ။မိဂျမ်းကို သွားတွေ့တယ်။မိုးလင်းခါနီးမှ
စားကျက်ကွင်းကို ပြန်တယ်။

အေးမင်းနဲ့ နှစ်ယောက်ထဲ နေရပေမယ့် သူတို့
နှစ်ယောက်ဟာ ခပ်စိမ်းစိမ်း မိတ်ဆွေတွေပါ။
ညဆို အေးမင်းက စောစောအိပ်တတ်တယ်။
လူပျိုအေးမင်းရဲ့ အရိပ်အခြေကိုကြည့်တော့
အိပ်ပျော်နေပြီ။သူ့ရဲ့ ထူးကြိုးကို ကိုယ်ပေါ်တစ်ပတ်တင်ပြီး ပိုတဲ့သံကြိုးစကို
အစွယ်တစ်ဖက်နဲ့ ပိုက်လိုက်တယ်။နာရီဝက်
လောက် သွားရတဲ့ ရန်နောင့်ရဲ့ တဲဆီကို ခြေသံ
လုံလုံနဲ့ ထွက်လာခဲ့တယ်။တဲရောက်တော့
ရန်နောင်အိပ်ခဲ့တဲ့ နေရာမှာ လူတစ်ယောက်
အိပ်နေတယ်။တံစက်မြိတ်ရှေ့မှာရပ်ပြီး တဲပေါ်
ကလူကို နှာမောင်းနဲ့ လှမ်းပြီးစမ်းကြည့်တယ်။
သူမျှော်လင့်ထားတဲ့ ရန်နောင်မဟုတ်ဘူး။

တစ်ချိန်က သူ့ကိုချစ်လွန်းလို့ လာလာပြီး အစာ
ကျွေးတတ်တဲ့ သစ်တောက အရာရှိလေး
ဖြစ်နေတယ်။မိဂျမ်းရဲ့ ချည်တိုင်မှာလည်း
မိဂျမ်းက မရှိပြန်ဘူး အလှူလှည့်ဖို့ ခရီးထွက်
သွားတယ်။သစ်တောအရာရှိလေးက သူ့ကို
လှမ်းခေါ်ပေမယ့် လူပျို ခေါင်းခါပြီး နောက်
ဆုတ် ထွက်သွားတယ်။စိတ်တွေမွန်းကျပ်နေ
ဟန်တူပါရဲ့ မိုးကိုမော့ပြီး အသက်ရှူရင်း ဝမ်း
ခေါင်းသံပါအောင် အသံရှည်ဆွဲပြီး အော်ခဲ့
တယ်။သူချစ်တဲ့ အမေကိုလည်း မတွေ့ခဲ့ရသလို
ရန်နောင်နဲ့လည်း မတွေ့ခဲ့ရဘူး။မိုးကို မော့မော့
ပြီး အသက်ရှူလိုက်တိုင်း သူ့အမေက သူနဲ့ဝေး
သွားတယ်လို့ ခံစားနေရတာ သေချာတယ်။

ရန်နောင်နဲ့ ရေချိုးကစားနေကျ ချောင်းကြီး
ဆီကို သူရောက်အောင်သွားတယ်။ရေကစီး
နေတာ ဒလဟော။အထက်ဘက်ကို မော့ပြီး
နှာမောင်းနဲ့ လေကိုတဝရှူရှိုက်လိုက်တယ်။
လေထုထဲက ရနံ့တစ်ခုကို သူသိပ်သဘော
ကျဟန်မရဘူး။ရေအဝသောက်ပြီး ရေထဲဆင်းစိမ်လိုက်တယ်။သူ့ကိုချည်ထားတဲ့
ထူးရှည်ကို သူပြန်စမ်းဖို့ ကုန်းပေါ်ကို ပြန်တက်တယ်။ထူးကို သေချာ
ပြန်စမ်းပြီး ရေထဲဆင်းပြီး ချောင်းဖျားဘက်
ကို သူဆန်ကူးသွားတယ်။ချောင်တစ်ဖက်ကမ်း
ရောက်တော့ အချိန်က သန်းခေါင်ကျော်နေပြီ။
ချောင်းကမ်းစပ်ကနေပြီး တောနက်ဆီကို
လေထဲက အနံ့တစ်ခုကို ရှူရှိုက်ပြီး ခပ်သွက်သွက် လျှောက်သွားတယ်။

သစ်ပင်ကြီးတစ်ပင် အောက်ကိုရောက်တော့
အနည်းငယ်ဆာလောင် သလိုရှိလာတယ်။
သစ်ပင်ရဲ့ အခေါက်ကို နှာမောင်းနဲ့ပွတ်လိုက်တော့
အမေသူ့ကို ငယ်ငယ်က ခွါယူကျွေးခဲ့ဖူးတဲ့
ယမနေသစ်ခေါက်ကို သတိရလိုက်တယ်။
သစ်ခေါက်ကို ခွါစားပြီး ခနနေတော့
သူရှေ့ကို ခရီးဆက်တယ်။ဟော တွေ့ပြီ သူရှာ
နေတဲ့ ရနံ့ပိုင်ရှင်။ကျွန်းပင်ကြီးကို ဖင်ပေးပြီး
ရပ်နေတဲ့ ကောင်ကြီးက သူအလာကို စောင့်
နေတာလား။သူ့ကို အတောင်နှစ်ဆယ်ကွာ
လောက်က လှမ်းကြည့်တော့ လည်ပင်းမှာ
သံခလောက်နဲ့။သံခလောက်ပိုင်ရှင်ကို လူပျို
မသိမသာ အကဲခတ်ကြည့်လိုက်တော့ နားရွက်
ခတ်ပြီး သူ့ကို ရန်လိုနေတဲ့ပုံပဲ။လူပျိုမသိမသာ
နဲ့ ထူးကြိုးကို ဖြည်ချပြီး ဆယ်တောင်ခန့်အထိ
တိုးကပ်ပြီး သံခလောက်ပိုင်ရှင်ကို စစ်မြှူလိုက်
တယ်။နောက်ပြန်လှည့်ဖို့ ဆုံးဖြတ်ချက်မရှိသူ
တွေ ထိပ်တိုက်တွေ့ကြပြီလေ။

အခန်း ၁၁

သံခလောက်ပိုင်ရှင် စွယ်စုံကလည်း နယ်တစ်
ကြောမှာ သူ့အမေကို သတ်သွားတဲ့ မုဆိုးတွေ
ကြောင့် စိတ်အနာရလာတဲ့ ချစ်ဖနောင်။လူပျို
နဲ့ ချစ်ဖနောင်တို့ အကြည့်ချင်းပြိုင်ကြတယ်။
လူပျို့ရဲ့ မခိုးမခန့်အကြည့်က ချစ်ဖနောင်ကို
ပိုပြီး ဒေါသထွက်စေတယ်။လူပျိုက ပိုပြီးပါး
နပ်တယ်ဆိုရမယ်။ချစ်ဖနောင်ကို ကျွန်းပင်
အောက်က ထွက်လာအောင် ရန်စတယ်။

ထူးကြိုးကို နှာမောင်းနဲ့ ရစ်ပြီး ပိုတဲ့အစနဲ့
ချစ်ဖနောင်ကို လှမ်းရိုက်လိုက်တယ်။တိကျ
ပါပေတယ်။ချစ်ဖနောင်ရဲ့ ဦးကင်းထိပ်မှာ
ဖျာကနဲ သွေးတွေရဲသွားပြီ။ရုတ်တရက် လူပျို့ရဲ့ လျှင်မြန်လှတဲ့ အပြုအမူကြောင့် ချစ်ဖနောင် ကျွန်းပင်ရိပ်ကနေ ပြေးထွက်ပြီး
လူပျိုကို အစွယ်နဲ့ထိုးတယ်။ဆင်နှစ်ကောင်ရဲ့
ဦးကင်းတိုက်သံ မာန်သွင်းအော်ဟစ်သံတွေ
က တစ်တောလုံးကို သွေးပျက်စရာ။တောကြက်၊ဇီးကွက်၊ယုန်နဲ့သမင် ဒရယ်တွေ
အတွက်တော့ ကမ္ဘာဝေသလားမှတ်ရတယ်။

ငှက်တွေ အချိန်မတန်သေးဘဲ အိပ်တန်းကနေ
လန့်ပြီး ထပျံကြတယ်။အစွယ်ဖျား အစွယ်ရင်း
နှာမောင်း ဦးကင်းကိုယ်စီမှာ သွေးတွေရဲရဲ
တောက်အောင် စွန်းထင်းနေကြပြီ။ပြန်စရာ
အိမ်မရှိတဲ့ ချစ်ဖနောင်နဲ့ နားခိုစရာ ရင်ခွင်မဲ့နေ
တဲ့ လူပျိုတို့ရဲ့ တိုက်ပွဲက ဘုရင့်နောင်
ဖောင်ဖျက်ခဲ့တုန်းက စစ်သည်တွေများလား။
အေးမင်းအတွက် ဂြိုဟ်ဆိုးက ဝင်မွှေပြီ။အိပ်
ရာနိုးတော့ လူပျိုကို မတွေ့လို မောကြီးပန်ကြီး
တဲတိုက်ကို ပြန်ပြေးလာတယ်။လူပျိုပျောက်
ဆုံးနေတဲ့အကြောင်း ဦးတင့်ကို သတင်းပို့တော့
ငယ်ထိပ်ကို မြွေဆိပ်တက်ကုန်ကြပြီ။ဒေါ်စိန်
ပိုက်လည်း သူ့အပြစ်နဲ့သူ ရင်ထဲဒူရင်းသီးဝင်
မွှေတာကို ခံလိုက်ရပြီ။

ဆင်သမားတွေ အကူအညီတောင်းပြီး အရပ်
ကူပါ လူဝိုင်းပါ ဖြစ်ကုန်ကြတော့တာပဲ။အရပ်
နတ်ကတော် ဗေဒင်ဆရာတွေပါ မနေရဘူး။
ဦးတင့်ရဲ့ ဆုံးဖြတ်ချက်က လူပျို့ကိုရှာနိုင်တာ
မိဂျမ်းဖြစ်မယ်လို့ တစ်ထစ်ချ တွက်ထားတယ်။
မိဂျမ်းပြန်အလာကို မျှော်ရင်းအချိန်က မွန်း
တည့်နေပြီ။မိဂျမ်းပြန်ရောက်မှ ဦးတင့်စိတ်
သက်သာရာရလိုက်တယ်။မိဂျမ်းရဲ့ကိုယ်ပေါ်
မှာ မမြင်ဖူးတဲ့ ဧည့်သည်နှစ်ယောက်ပါလာ
တယ်။စကားခပ်ဝဲဝဲနဲ့ ကရင်ကြီးကလည်း
သူတို့ရဲ့ ဆင်စွယ်စုံ ပျောက်ဆုံးနေကြောင်း
ပြောပြတော့ ဦးတင့်ရင်ထဲ ပိုပြီးသောကကြီး
ဖြစ်သွားတယ်။

မိဂျမ်းရဲ့ မျက်လုံးတွေက ဆင်တဲတိုက်တစ်ခု
လုံးမှာ ပျာယာခတ်မွှေနှောက်ရှာပေမယ့် လူပျို့
ရဲ့ အရိပ်အယောင်ကို လုံးဝမတွေရသေးဘူး။
ပါလာတဲ့ ကြံရိုးတွေ ငှက်ပျောဖီးတွေကို ထုတ်
ပြီး သူ့သားလူပျို အလာကို သူစောင့်နေတယ်။
လူပျို့အတွက် သူသယ်လာခဲ့တဲ့ အစာတွေက
အားလုံး အချည်းအနှီး ဖြစ်သွားပြီ။နှာမောင်းကို လေထဲမြှောက် အသက်ရှူပြီး
မိဂျမ်း ဂဏါမငြိမ်နိုင်တော့ဘူး။သူ့သားမှာ
အန္တရာယ်အရိပ်အငွေ့တွေ လွှမ်းနေပြီဆိုတာ
သူသိနေတယ်။တူမီးသေနတ်တွေ ပြင်ဆင်ပြီး
မိဂျမ်းရဲ့ ကိုယ်ပေါ်မှာ လူတစ်ချို့နဲ့ ​နောက်ထပ်
ဆင်တွေပေါ်မှာ လူတစ်ချို့ တောနက်ထဲကို
တိုးသွားကြတယ်။ဒီခရီးမှာ မိဂျမ်းက ဦးဆောင်ပြီး သားဖြစ်သူရှိရာကို တည့်တည့်သွားတယ်။

အခန်း ၁၂

နှာမောင်းနဲ့ လေထဲကို အနံ့ခံပြီး မိဂျမ်း ချောင်း
ဆီကို အသော့နှင်လိုက်တယ်။ရင်ဘတ်ထဲမှာ
သောကတွေ ပွေ့ပိုက်ထားရတဲ့ မိဂျမ်း အခြေ
အနေအားလုံးကို သိနေသလိုပဲ။ချောင်းကိုဖြတ်
ကူးတယ်။ချောင်းတစ်ဖက်ကမ်း ရောက်တော့
ဆင်ခေါင်းပီပီ ယမနေပင်ရဲ့ လတ်လတ်
ဆတ်ဆတ်ခွါထားတဲ့ သစ်ခေါက်ကို ဦးတင့်
လှမ်းပြီး အကဲခတ်ကြည့်တယ်။သူတို့ရှာနေတဲ့
လူပျိုရဲ့ လက်ရာဆိုတာ ကောင်းကောင်းသိ
လိုက်တယ်။မိဂျမ်းရှေ့ဆက်မတိုးဘဲ နှာမောင်း
ကို မော့ပြီးလေထဲကို အနံ့တစ်ချက် ရှူလိုက်
တယ်။မိဂျမ်း မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်
ကျနေပြန်ပြီ။မိဂျမ်းကို ရှေ့ဆက်တိုးဖို့ ဦးကင်း
ထက်က ချွန်းနဲ့နားရွက်ကို တို့ပြီး ဒူနဲ့နားရွက်ကို
လှုပ်လိုက်တော့မှ ရှေ့ဆက်တိုးတယ်။

ဒေါ်စိန်ပိုက်အဖို့ ဂြိုဟ်ဆိုးဝင်တဲ့နေပဲ။ရပ်ထဲ
ရွာထဲက နတ်ကတော်တွေလည်း စုံနေပြီ။
တစ်အိမ်လုံးလည်း အမွှေးတိုင်ကထွက်တဲ့
မီးခိုးတွေနဲ့ မွှန်ထူနေပြီ။ဆင်နတ်ကွန်းရှေ့ကိုသွား
တယ်။ဒေါ်စိန်ပိုက် သူ့အပြစ်ကိုသူ ဝန်ချတောင်းပန်ရင်း ရှိုက်ကြီးတငင်ဖြစ်နေတယ်။

ရန်နောင့် လက်ထဲကိုရောက်လာတဲ့ စာရွက်
တစ်ရွက်ကြောင့် လက်ထဲကကိုင်ထားတဲ့
ချွန်းနဲ့ သောက်လက်စ အရက်ပုလင်းကို
ရိုက်ခွဲလိုက်တယ်။ဆရာခိုလိမ်းလို့ ပျောက်တဲ့
အနာထဲမှာ စိတ်နာကျင်တဲ့ အနာမပါဘူး။ဒါပေ
မယ့် သူ့ဒေါသကို ခဝါချပြီး ကြုံရာကားနဲ့
ဦးတင့်တို့ ဆင်တဲတိုက်ကို အပြေးပြန်လာခဲ့
တယ်။ဆင်တဲတိုက်ရောက်တော့ ဒေါ်စိန်ပိုက်
ရဲ့သွေးပျက်ပြီး ထိုင်ရှိခိုးမတတ် ပြောတဲ့စကားတွေကို ရန်နောင်နားထောင်
လိုက်ရတယ်။လှံတိုနဲ့ ချွန်းကို ကျစ်ကျစ်ပါ
အောင်ကိုင်ဆုပ်ပြီး တောချောင်းဆီကို ရန်နောင်
အပြေးသွားတယ်။ရှေ့မှာ မိဂျမ်းရဲ့ လမ်းပြ
ထားတဲ့ ခြေရာတွေကို သူသတိထားပြီး သွား
ရင်း ချောင်းတစ်ဖက်ကမ်းကို ရန်နောင်ကူးပြီး
လိုက်ခဲ့တယ်။ယမနေပင်ကြီးကို တွေ့တော့
ရန်နောင် သေချာကြည့်ပြီး လူပျို့ရဲ့ အစွယ်ရာ
ဟုတ်မဟုတ် အကဲခတ်လိုက်တယ်။

“လူပျိုရေ•••လူပျိုရေ•••ဝူး•••••”

တောနက်ကြီးထဲမှာ ရန်နောင့်ရဲ့ အသံကွဲအက်
အက်ကြီးက တောင်အထပ်ထပ်ကို ပဲ့တင်ထပ်
နေတယ်။ရှေ့ကသွားနှင့်တဲ့ မိဂျမ်းရဲ့ ခြေရာကို
အကဲခတ်ကြည့်ပြီး ရှေ့ကိုတိုးလိုက်ကြည့်မိ
တယ်။လူပျိုနဲ့ တောထဲမှာ နှစ်ယောက်ထဲ နေခဲ့
တုန်းက ဆင်စာအဖြစ် ခုတ်ကျွေးခဲ့ဖူးတဲ့ သစ်
ပင်တစ်ချို့က ရန်နောင့်ကို မခိုးမခန့် ဟန်မူပိုနေ
တယ်။ပါးပြင်ထက်ကနေ ဖြတ်သန်းစီးဆင်း
လာတဲ့ ရန်နောင့်ရဲ့ မျက်ရည်စက် တစ်ချို့က
မြေပြင်ကို မရောက်ခင် မြက်ပင်တွေက ဖမ်း
ယူသောက်သုံး လိုက်ကြတယ်။အရူးကြီးတစ်
ယောက်ထဲ သီးခြားကမ္ဘာတစ်ခုကို ရောက်နေ
သလိုပါပဲ။ရန်နောင့်ရဲ့သောကကို တောသစ်ပင်လေးတွေနာလည် နိုင်ပေမယ့် မိဂျမ်းရဲ့ အသံတိတ်ခံစားမှုသောကကို သိနိုင်ဖို့ မလွယ်ပါဘူး။

အခန်း ၁၃

မိဂျမ်းရဲ့ရုတ်တရက် အလန့်တကြား အပြုအမူ
က ဦးကင်းထက်က လူတစ်ချို့အငိုက်မိသွား
တယ်။တောင်ကမူ တစ်ခုကနေ အတင်းထိုးချ
ပြီး ဦးတည်ချက်တစ်ခုကို ရောက်အောင်
ဇွတ်ပြေးသွားတယ်။မိဂျမ်းရဲ့ ချွန်းကိုင်ဦးစီး
တောင်မှ ချွန်းအုပ်ချိန် မရလိုက်တော့။ရှေ့မှာ
တွေ့မြင်လိုက်ရတဲ့ ဆင်ပြောင်ကြီးနှစ်စီးကို
လန့်ပြီး မိဂျမ်းကိုစီးလာတဲ့ လူတွေအားလုံး
ခုန်ချပြီး ကျန်နေခဲ့တယ်။မွေးကတည်းက
ဒေါသမထွက်ဖူးတဲ့ မိဂျမ်းရဲ့လုပ်ရပ်က ဆင်
ပြောင်တစ်စီးလောက် နီးနီး အားပါလှတယ်။

“ဝုန်း•••ဗြုန်း•••”

အသံနှစ်ခုက ရှေ့နောက်ပါပဲ။မိဂျမ်းရဲ့ ဦးကင်း
တိုက်ချက်ကြောင့် စွယ်ဆင်ပြောင်ကြီး မြေပြင်
ကို လဲကျသွားတယ်။လဲကျသွားတဲ့ စွယ်ဆင်
ပြောင် ချစ်ဖနောင်ကို နှာမောင်းနဲ့ အားရပါးရ
ရိုက်နေတယ်။ဒါပေမယ့် ချစ်ဖနောင်ရဲ့အသက်
ဇီဝိန်ချုပ်သွားတာ အချိန်အတန်ကြာခဲ့ပြီ။
မလှုပ်ယှက်တော့တဲ့ ချစ်ဖနောင်ရဲ့ မျက်နှာကို
မိဂျမ်းစေ့စေ့စပ်စပ်ကြည့်ပြီး မိဂျမ်းမျက်ရည်
တွေက သွေးအိုင်ထဲကို ပေါက်ပေါက်ကျနေ
တယ်။ဒေါသထွက်နေတဲ့ မိဂျမ်းအနားကို ဘယ်
သူမှမကပ်ရဲကြဘူး။

ရန်နောင် အသံကြားရာကို တိုးကပ်လာခဲ့တယ်။ချွန်းနဲ့လှံတိုကိုပစ်ချခဲ့ပြီး လူပျို့ရဲ့ကိုယ်ခန္ဓာရှိရာကို ရန်နောင်အတင်းပြေးတယ်။လူပျိုက ပုဆစ်တုပ် အနေနဲ့ အသက်မဲ့နေပြီ။လူပျို့ရဲ့နံကြားမှာ သွေးတွေ
က တစ်စက်တစ်စက် ကျနေတုန်းပဲ။

“မိဂျမ်းရေ•••နင့်သား အသက်မရှိတော့ဘူး၊
မိဂျမ်းရေ ငါ့အပြစ်တွေပါ ငါ့ကိုသာ နင်းသတ်
လိုက်စမ်းပါဟ၊ဟောဒီလူစိတ်မရှိတဲ့ ငါ့ကို
လူပျို့နောက်ကို အဖော်လုပ်ဖို့ ပို့ပေးစမ်းပါဟ”

ဦးတင့်တို့ အုပ်စုလည်း ရန်နောင့်ကို မနည်းထိန်းထားရတယ်။မိဂျမ်း ရန်နောင့်ကို
နားမလည်နိုင်တဲ့ အကြည့်နဲ့ကြည့်ပြီး လှည့်ထွက်သွားတယ်။ဦးတင့်နဲ့တခြား ဆင်သမားတွေလည်း
ယူကြုံးမရပါပဲ။

မိဂျမ်းလည်း လာရာလမ်းကို ပြန်လှည့်ထွက်
သွားပြီး ယမနေခေါက်တွေတပွေ့ကြီး ပွေ့ယူလာတယ်။လူပျိုနဲ့မလှမ်းမကမ်းမှာအပုံလိုက်ပုံလို့။ဒီမြင်ကွင်းတွေကို မြင်ရတဲ့ လူတစ်စု ဘယ်လိုတ
ရားနဲ့ ဖြေလို့ရနိုင်မှာလဲ။မိဂျမ်းရဲ့ အပြုအမူ
တွေက သွက်သွက်ခါအောင် ရူးနေပြီ။မိဂျမ်းကို
ဘယ်လိုမှ ချွန်းချိတ်အမိန့်ပေးလို့ မရတော့လို့
လွှတ်ပေးထားလိုက်ရတယ်။သူ့သား လူပျို့နားကို
ပြေးလိုက် ယမနေခေါက်ပုံ အနားကိုပြန်လာလိုက်
နဲ့ အကြိမ်ကြိမ်ဖြစ်နေတယ်။လူပျို့ရဲ့ရုပ်အလောင်း
ကို သေချာစိုက်ကြည့်ပြီး အော်လိုက်ပုံက ကမ္ဘာ
ပျက်မတတ်ပါပဲ။

“ဝူး•••ဝူး•••ဝူး•••”

လူပျို့ရဲ့မလှုပ်တော့တဲ့ နားရွက်တစ်စုံကို သူ့
နှာမောင်းနဲ့ အတင်းလှုပ်ခိုင်းနေပြန်တယ်။
ယနေခေါက်ကို သိပ်ကြိုက်တဲ့ လူပျို့ကို မိဂျမ်း
အတင်းလှုပ်နှိုးနေတယ်။မရတဲ့ အဆုံးလူပျို့ရဲ့
နှာမောင်းကို ဆွဲတယ်။နှစ်ပေလောက်ရှိတဲ့ ယမ
နေ သစ်ခေါက်ပုံကလေးကို မိဂျမ်းပြန်ကြည့်
တယ်။လူပျို့ရဲ့ပါးပြင်ကို အားရအောင် နမ်း
ရှိုက်ပြီး မလှမ်းမကမ်း ကျွန်းပင်ကြီးဆီကို
အော်ဟစ် မာန်သွင်းပြီး ပြေးသွားတယ်။

“ဝူး•••ဗြုန်း•••”

မိဂျမ်းရဲ့ ပြင်းထန်လွန်းတဲ့ အဟုန်တစ်ခုက
ကျွန်းပင်ကြီး ခါရမ်းသွားသလို သူကိုယ်တိုင်
လည်း နှစ်ပတ်သုံးပတ် လိမ့်ထွက်သွားတယ်။
မိဂျမ်းရဲ့ မျက်လုံးတွေက သားလူပျိုကို ကြည့်ပြီး
လုံးဝမမှိတ်တော့ဘူး။နေမင်းကြီးကအနောက်ဘက်
တောင်တန်းတွေကို ကွယ်ကာပျောက်သွား
ပြီ။

“မိဂျမ်းရေ နင် လူပျို့ကို နောင်ဘဝတွေမှာ
ဒီလို အဖြစ်ဆိုးတွေနဲ့ မကြုံရအောင် လိုက်ပြီး
စောင့်ရှောက်ပေးပါဟာ•••နင်တို့ သားအမိရဲ့
မေတ္တာနှောင်ကြိုး ခိုင်မြဲပါစေကွာ•••”

ရန်နောင် ချွန်းနဲ့လှံတိုကို ဆွဲပြီး တစ်ယောက်ထဲ
စကားတွေပြောရင်း ထွက်သွားတယ်။ခပ်ဝေးဝေး
ရောက်တော့ ဦးတင့်တို့အုပ်စု သီချင်းသံသဲ့သဲ့ကို
ကြားလိုက်တယ်။

“အရှေ့ကို လျှောက်ပါလို့×××အနောက်ကိုတဲ့
မျှော်လိုက်ရင် ×××တံခွန်တိုင် ရွှေကုက္ကားနဲ့•••
လူပျိုရေ•••ဝူးးးး”

ရန်နောင့်ရဲ့ သီချင်းသံက တဖြည်းဖြည်း ကွယ်
လိုက်ပျောက်လိုက်နဲ့ ဝေးသွားပြီ။

မောင်ရင်သွေး(ဆင်ပေါင်ဝဲ)