မောင့်တစ်မျက်နှာ(စ/ဆုံး)
—————————
“ဒူ….ဝေ….ဝေ…”
မညွန့်ခင်
အသက်(၂၁) နှစ်
အခန်းထဲမှ အသက်ဝိဉာဉ်မဲ့နေသော ရုပ်အလောင်းကို မီးသင်္ဂြိုလ်ရန်အတွက် အရှေ့မှ တီးလိုက်သော ကြေးစည်သံကြောင့် လူအများလှုပ်လှုပ်ရွရွဖြစ်ကာ ပြန်မည့်ကားများဆီသို့အပြေးအလွှားနေရာယူသူကယူနေကြပါသည်။
ကျွန်တော်က သူငယ်ချင်းမညွန့်ခင်ရဲ့ လူမမည် ၃ နှစ်အရွယ်သားလေးကို ချီရင်း မီးသင်္ဂြိုလ်အခန်းဝသို့ နောက်ဆုံးအနေနှင့် ပို့ဆောင်မိပါတော့သည်။
“ကောင်းမလေးက အသက်ငယ်ငယ်လေးနဲ့ဆုံးသွားတာပါ”
“လင် ရ ကံမကောင်းလိုက်တာနော်”
“ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုတော့ ဒီလိုပဲ ဖြစ်မှာပေါ့”
“သူ့မိဘတွေလည်း တစ်ယောက်မှမလာကြဘူး”
အသုဘလိုက်ပို့ကြသူများ တစ်ယောက်တစ်ခွန်းနှင့်အတင်းအဖျင်းပြောနေကြပါသည်။
“အမေကြီးရေ…အမေကြီး… ဝါး…ဝါး…”
“သားရေ တိတ်တိတ်…မေမေက ဟိုး…အဝေးကြီးကို သွားတာပါ…”
ကျွန်တော်လည်း ငိုနေသောညွန့်ခင်၏သားလေးကို ချော့ပြီး ကားပေါ်သို့တက်ထိုင်လိုက်ပါတော့သည်။ အပြန်လမ်းတွင် ကလေးရဲ့နောင်ရေးကိုတွေးပြီးပူပန်နေမိပြန်သည်။
နာရေးကိစ္စ ပြီးသွားသောအခါ…ရပ်ကွက်လူကြီးများနှင့် ကလေး၏နောင်ရေးကို ဆွေးနွေးတိုင်ပင်ကြပါသည်။
“ငါတို့သဘောဆိုရင် ကလေးတစ်ယောက်ကြီးပျင်းဖို့ဆိုတာ မလွယ်ဘူး။ မင်းက မွေးစားဖို့ဆိုတာကလဲ ပိုပြီးတော့အဆင်ပြေမှာမဟုတ်ဘူး။ မင်းကကျောင်းမပြီးသေးဘူးလေ…မညွန့်ခင်ရဲ့မိဘတွေဆီ အပ်လိုက်တာပဲ ကောင်းပါတယ်…
ဘာပဲပြောပြော …သူတို့သွေးသားပဲလေ…”
“ဟာ…ဦးကြီးတို့လည်းသိနေတာပဲ…
ညွန့်ခင်က အောင်မောင်းကိုယူလိုက်လို့ သူတိုတွေက အမွေပြတ်စွန့်လွှတ်ထားတာလေ…အခုပဲကြည့်လေ…သူတို့ သမီးတစ်ယောက်လုံးဆုံးသွားတာတောင် လာကြလို့လား”
“သူတို့ဆီ သွားပြောကြည့်မယ်လေ”
“ကျွန်တော်ကတော့ မပြောစေချင်ဘူး။
အောင်မောင်းဆိုတာလည်း ကျွန်တော်ရဲ့အချစ်ဆုံးသူငယ်ချင်းပဲ…အချိန်တန်လို့ သူထောင်ကပြန်လွတ်လာရင်…ဒီကလေးက သူ့သားပဲလေ…ကျွန်တော်လည်း အတူနေလာတော့ သံယောဇဉ်ဖြစ်နေပြီး…ကျွန်တော့်ဖေဖေနဲ့ မေမေလည်းသံယောဇဉ်ဖြစ်နေပါတယ်…ဘာပဲဖြစ်ဖြစ်ဗျာ…ဒီကလေးကို လူကောင်းလူတော်ဖြစ်အောင် ကျွန်တော်ပြုစု စောင့်ရှောက်မယ် ဗျာ…”
“မင်း ဘယ်လိုစောင့်ရှောက်မှာလဲ”
ကိုသောင်းအေးမှ ကျွန်တော့်ကိုမေးလေသည်။ ကိုသောင်းအေးမှာလည်း ကျွန်တော်တို့ရဲ့အချစ်ဆုံးသူငယ်ချင်းပါပဲ။ ကျွန်တော်တို့အုပ်စုတွင် သူကအသက်အကြီးဆုံးပါ။
“ကျွန်တော် ကျောင်းတက်နေရင်းနဲ့ ဖေဖေရဲ့ ကားဝပ်ရှော့မှာစက်ပြင်နေတာ အစ်ကို သိတယ်နော် နောက်ပြီး အိမ်မှာလည်း ကားရှိနေတယ်လေ…ဒီကလေးအတွက်မပူပါနဲ့…အောင်မောင်းနဲ့ညွန့်ခင်လို အဖြစ်မျိုးမရောက်စေရဘူး….ကျွန်တော်မွေးစားမယ် ဗျာ”
“အေးပါ…အခုဖြစ်သွားတဲ့ကိစ္စမှာ ငါ့ရဲ့ပယောဂလည်းမကင်းဘူး…မင်းကို ငါကူညီမယ်”
“အိုကေ…စိတ်ချ”
ကျွန်တော်တို့ရဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်ကြောင့် ရပ်ကွက်လူကြီးများ လက်လျော့ကာပြန်သွားကြပါသည်။ ကျွန်တော်လည်း သားငယ်လေးရဲ့နောင်ရေးကိုတွေးရင်း ဟိုးအတိတ်ဆီကိုပြန်ရောက်သွားပါတော့သည်။
*********************
ဆယ်တန်းအောင်စာရင်းထွက်သောနေ့တွင် ကျွန်တော်နှင့်အောင်မောင်းသာအောင်ခဲ့၍ စိတ်မကောင်းဖြစ်ရပါသည်။
“ဒီနှစ် မအောင်ရင် နောက်တစ်နှစ်ပေါ့ကွာ…မင်းတို့ စိတ်ဓာတ်မကျပါနဲ့….
လိုအပ်တာရှိရင်လည်း ငါတို့တတ်နိုင်သလောက် ကူညီပါ့မယ်”
“ငါတော့ကျောင်းမတက်ချင်ဘူးကွာ…
နှစ်နှစ်ဆက်တိုက်ကျနေတော့ စာကိုစိတ်မဝင်စားဘူး…မိဘတွေလုပ်နေတဲ့လုပ်ငန်းကိုပဲ ဝိုင်းကူလုပ်တော့မယ်” ဟု ကိုသောင်းအေးကပြောလာပါသည်။
“ညွန့်ခင် ကရော”
“ငါကတော့ ကျောင်းပြန်တက်မှာ နင်တို့နဲ့အတူတက္ကသိုလ်ကို တက်ချင်ပါတယ်။
လာမယ့်နှစ် အောင်အောင်ပြန်ဖြေမှာပါ…
ငါက ကျောင်းဆရာမကြီးဖြစ်ချင်နေတာ…
ငါ ကြိုးစားမယ်”
“အေးပါကွာ လိုအပ်တဲ့အကူအညီပြော
ငါတို့ကူညီမယ်”
“ဟေ့ကောင်….အောင်မောင်းမင်းကရောကွာ”
“ငါ တော့ ကျောင်းဆက်မတက်ချင်တော့ဘူး…ငါ့မှာအဖေမရှိတော့ဘူး…အမေမုဆိုးမကြီးကို လုပ်ကျွေးရမှာ…
အလုပ်လုပ်ရင်းနဲ့ စာပေးစာယူဆက်တက်မယ်”
“အေးကွာ…သူငယ်ချင်းတွေလည်း တစ်ကွဲတစ်ပြားစီဖြစ်သွားကြပြီး…ကျောင်းလည်းအတူမတက်ရတော့ဘူး…ဘယ်နေရာရောက်ရောက် မင်းတို့က ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်းပါပဲ ကွာ…”
စကားတပြောပြောနှင့် ကျွန်တော်တို့ သူငယ်ချင်း(၄) ယောက်အိမ်သို့ပြန်လာကြပါသည်။ အပြန်လမ်းတွင် အောင်မောင်းမှ ကျွန်တော့်အနားကပ်ကာ
“မျိုးကိုရေ…တို့နှစ်ယောက် အောင်မြင်မှုအထိမ်းအမှတ်နဲ့ အရက်သွားသောက်ရအောင် အပျော်ပေါ့ ကွာ…”
“ဟာ…..အောင်မောင်း မသောက်ဘူးကွာ”
“မင်းကလည်း တစ်ခါတလေပဲကွာ”
“တစ်ခါတလေလည်း မလုပ်နဲ့ အောင်မောင်း…..ငါတို့အရွယ်က ဒါတွေလုပ်ရမယ့်အရွယ်မဟုတ်ဘူး ….နောက်ထပ် လူ့လောကကြီးကို အများကြီးဖြတ်သန်းရဦးမှာ ပျော်လို့အရက်သောက်တယ်၊ စိတ်ညစ်လို့အရက်သောက်တယ် နောက်တော့ အရက်သမားလုံးလုံးဖြစ်သွားမှာကိုငါ မလိုချင်ဘူး… မိဘတွေကလည်းကြိုက်မှာမဟုတ်ဘူး….မသောက်ပါနဲ့ ကွာ”
“မျိုးကိုကလည်း တစ်ခါထဲပါ သူငယ်ချင်း”
“တစ်ခါထဲလည်း ငါခွင့်မပြုဘူး တစ်ခြားဟာလုပ် ငါအကုန်ကျခံမယ်…ဘာစားမလဲ…ဘယ်သွားချင်လဲ…ငါတို့က (၁၀)တန်းအောင်လို့ အရက်သောက်တယ်…ဟိုမှာ (၁၀)တန်းကျတဲ့ သူငယ်ချင်းတွေအတွက် ငါတို့ရဲ့လုပ်ရပ်က မှန်ကန်ပါ့မလား…မင်းစဉ်းစားကြည့်ပါ သူငယ်ချင်း” လို့ ကျွန်တော်ပြောလိုက်သောအခါ အောင်မောင်းမှ ဘာမှဆက်မပြောတော့ပါ။
ဒီတော့မှ ကျွန်တော်က
“ဒီနေ့ နေ့လည် မင်းတို့နဲ့အတူ ဒံပေါက်စားမယ်။ ဖါလူဒါသောက်မယ်။ ပြီးရင် ရုပ်ရှင်သွားကြည့်ကြမယ်လေ…ငါတကာခံပါ့မယ်…ဘယ်လိုလဲ သူငယ်ချင်းတို့”
” OK…သူငယ်ချင်း…နေ့လည် (၁၁) နာရီညွန့်ခင်တို့အိမ်မှာဆုံကြရအောင်”
“OK”
ကျွန်တော်တို့သူငယ်ချင်းတွေ လမ်းခွဲပြီး ကိုယ့်အိမ်ကိုယ်ပြန်လာခဲ့ကြသည်။
ညွန့်ခင် အိမ်ပြန်ရောက်တော့ ပွဲရုံသို့ သွားတော့မဲ့ ဖေဖေနှင့်ဆုံပါတော့သည်။
“ကဲ ညွန့်ခင်…အခုတော့ (၁၀) တန်းကျပြီးဟုတ်လား…ကျောင်းစာကိုသေသေချာချာမလုပ်ဘူး…ဟိုကောင်တွေနဲ့ ဟေလားဝါးလား…ဒီနှစ်တော့မရတော့ဘူး။ အိမ်မှာပဲ စာတွေလုပ်တော့ လိုအပ်ရင် ဂိုက်ဆရာတွေ ခေါ်ပေးမယ်…စာမကျက်ချင်ဘူးဆိုရင် ငါနဲ့ ပွဲရုံကိုလိုက်ပြီး ကြက်သွန်၊အာလူးလိုက်ရွေးပေတော့…”
“ဟာ …ဖေဖေကလည်း …သမီးတို့က ငယ်ငယ်လေးကတည်းကပေါင်းလာကြတဲ့ သူငယ်ချင်းတွေပဲလေ…”
“ဟိုတုန်းကတော့ ဟုတ်တာပေါ့…အခု သမီးကကြီးလာပြီးလေ…အနေအထိုင်ဆင်ခြင်…ကျောင်းစာကိုကြိုးစား…ဒီနှစ်အောင်ကိုအောင်ရမယ်…ဟဲ့ ညွန့်ရီ…မင်းလည်းမင်းသမီးကို ကြပ်ကြပ်အလိုလိုက် နောက်မှ ငါကိုအဆိုးမဆိုနဲ့…”
ဟု ပြောဆိုကြိမ်းမောင်းပြီး ပွဲရုံသို့ထွက်သွားပါတော့သည်။ အစ်ကိုကြီးနဲ့ အစ်မကလည်း (၁၀) တန်းကျသော ညွန့်ခင်ကို ဝိုင်း၍ဆူကြပါသည်။ ညွန့်ခင်လည်း အပေါ်ထပ်အိပ်ခန်းထဲဝင်၍ ငိုနေပါတော့သည်။
***************
“သမီး….စာကျက်နေတာမရသေးဘူးလား..စာကို စိတ်မဝင်စားတာလား..နားမလည်တာလား”
“ကျက်နေပါတယ် ဆရာမ”
“သမီးကျက်နေတာ ဆရာမ အားမရဘူး…ဘာတွေများ စိတ်ညစ်စရာရှိလဲ”
“မရှိပါဘူး ဆရာမ”
“အေး…ဒါဆိုလည်း စာကိုစိတ်ဝင်တစားကျက်လေ သမီး”
“ဟုတ်ကဲ့ ဆရာမ”
စာကိုသာ ကျက်နေရသော ညွန့်ခင်၏စိတ်ထဲတွင် အောင်မောင်းအားလွမ်းဆွတ်သတိရနေပါသည်။ မိဘ မောင်နှမတွေ တားမြစ်နေသည့်ကြားမှ အောင်မောင်း၏အချစ်ကိုလက်ခံခဲ့သည်။
အောင်မောင်းရယ် နင့်ကိုလွမ်းတဲ့စိတ်နဲ့
စာကျက်လို့လည်းမရဘူး။ နင်ဘာတွေလုပ်နေသလဲ။ နင့်ကိုတွေ့ချင်တယ်။
“သမီး ညွန့်ခင် စာမပြီးသေးဘူးလား”
ဆရာမ၏စကားသံကြောင့် အတွေးများပျောက်ကွယ်သွားပြီး စာကိုကျက်ပါသည်။ စာကိုကျက်၍မရပါ။ ၁၀ တန်းစာမေးပွဲဖြေပြီးသွားချိန်မှာတော့ ညွန့်ခင်တစ်ယောက် ပျင်းနေပါသည်။တစ်နေ့ လမ်းထိပ်စာအုပ်အငှားဆိုင်သို့ အသွားမှာ မျိုးကိုနှင့်ဆုံပါသည်။ မတွေ့တာကြာပြီမို့ စကားလက်ဆုံကျနေပါတော့သည်။
“ဒါနဲ့ အောင်မောင်းတစ်ယောက်ရော မတွေ့တာအတော်ကြာနေပြီ…ငါကတွေ့ချင်တယ်လို့ ပြောပေးပါနော်…သူ ဘာတွေလုပ်နေလဲဟင်…”
“ကန်ထရိုက်တာ ဦးစိုးဝင်းသန်းဆီမှာ အလုပ်လုပ်နေတယ်ပြောတာပဲကွာ….
ဒီကောင်လည်း အိမ်ကိုမလာတာ အတော်ကြာနေပြီ…ငါက ငါ့ဖေဖေကားဝပ်ရှော့မှာလုပ်ပါလားလို့ပြောတော့ မလုပ်ချင်ဘူးတဲ့…ငါက တွေ့ချင်လို့သွားလည်း ဒေါ်လေးနဲ့ပဲတွေ့တယ် ညွန့်ခင်…ငါတွေ့ရင်ပြောလိုက်ပါမယ်…ငါလည်း အလုပ်ရှိသေးလို့သွားဦးမယ်” ဟု ကျွန်တော်နုတ်ဆက်ပြီးလမ်းခွဲခဲ့ပါသည်။
ထို့နောက် အောင်မောင်းတို့အိမ်ဘက်ထွက်လာခဲ့ပါသည်။ အောင်မောင်းတို့အိမ်ရောက်သောအခါ အောင်မောင်း၏အမေနဲ့သာ တွေ့ခဲ့ပါသည်။
“သား…မျိုးကို…..ဘယ်ကလှည့်လာလဲ…”
“ဒီကိုပဲ…ဒေါ်လေး…နေကောင်းရဲ့လား”
“ကောင်းပါတယ် သား…မင်းသူငယ်ချင်းကပြန်မရောက်သေးဘူး…မျိုးကြီးတို့နဲ့ပန်းရံအလုပ်သွားလုပ်နေတယ်…မိုးချုပ်မှ ပြန်ရောက်တယ် သား…သားရောအဆင်ပြေရဲ့လား”
“ပြေပါတယ် ဒေါ်လေး…ကျောင်းကပြန်ရောက်ရင် ဖေဖေ့ဝပ်ရှော့မှာ ဝိုင်းကူနေရလို့ ကျွန်တော်လည်း မရောက်ဖြစ်တာပါ”
“ဒေါ်လေး.. ထမင်းအိုးတည်ထားလို့ ခဏထိုင်ဦးနော်”
“ရပါတယ် ဒေါ်လေး…ကျွန်တော်ပြန်လိုက်ပါအုံးမယ်…အောင်မောင်းပြန်ရောက်ရင်သာ ကျွန်တော်လာသွားတယ်လို့ ပြောပေးပါ ဒေါ်လေး”
အိမ်အပြန်လမ်းတွင် ကျွန်တော်လည်း အောင်မောင်းကို တည်တည်တံ့တံ့ဖြစ်မဲ့အလုပ်တစ်ခုခု ရှာပေးရန် စဉ်းစားရင် ပြန်ခဲ့ပါသည်။ ညရောက်သောအခါ အောင်မောင်းရောက်လာပါသည်။
“မျိုးကို ငါတို့အိမ်ကို မင်းလာသွားတယ်ဆို ဘာကိစ္စရှိလို့လဲ အမေပြောလို့ ငါမင်းဆီလာခဲ့တာ”
“ဘာမှမဟုတ်ပါဘူးကွာ…မင်းနဲ့မတွေ့တာကြာပြီလေ…ငါ လမ်းကြုံလို့ ဝင်ခဲ့တာပါ…ငါတို့ လက်ဘက်ရည်ဆိုင် သွားရအောင်”
လက်ဘက်ရည်ဆိုင်ရောက်သောအခါ ကျွန်တော်က လက်ဘက်ရည်မှာပါသည်။
“ငါ မသောက်တော့ဘူး မျိုးကို”
ကျွန်တော်လည်း အိမ်ကထွက်လာစဉ်ကတည်းက အောင်မောင်းဆီမှ အရက်နံ့ရသလို ခံစားမိပါသည်။ ဒါပေမဲ့ အောင်မောင်းက ကွမ်းယာတွေစားထားပါသည်။
“ဟာ…မင်းကလည်း ငါတိုက်ပါ့မယ်ကွာ”
“ငါမသောက်တော့ဘူး ကိုမျိုးကြီးတို့နဲ့အရက်နည်းနည်းသောက်ထားတယ်”
“ဟေ့ကောင် အောင်မောင်း…မင်းကအကျင့်ကောင်းတွေ တတ်နေပြီးပေါ့…ငါတို့က လူဖြစ်ကာစပဲရှိသေးတာ…နောက်ထပ် လူလောကကြီးမှာ အမျိုးမျိုး ကျင်လည်ကြရအုံးမှာ…မင်းက မကောင်းတဲ့အကျင့်တွေကို စလုပ်နေပြီးလား…ဒေါ်လေးမှာလည်း အားကိုးစရာဆိုလို့ မင်းပဲရှိတယ်…မကောင်းတာတွေကို မလုပ်ပါနဲ့ အောင်မောင်းရယ်…ဒေါ်လေးကိုလည်း သနားပါဦး”
“အေးပါကွာ…ငါလည်းမသောက်ချင်ပါဘူး။ ကိုမျိုးကြီးတို့နဲ့ ဆုံလို့သာ နည်းနည်းသောက်မိတာပါ…”
“မင်းက ငါကိုဆင်ခြေတွေပေးနေတာလားအောင်မောင်း၊ မင်းကိုယ်တိုင်က သောက်ချင်စိတ်မရှိရင် ဘယ်သူနဲ့ဆုံဆုံ ဘယ်သူနဲ့တွေ့တွေ့ သောက်ဖြစ်မှာ မဟုတ်ဘူး…မင်း ကြပ်ကြပ်လုပ်…အရက်သမားဘဝရောက်သွားမယ်…အဲ့လိုဘဝမျိုးကို ငါလုံးဝမမြင်ချင်ဘူး သူငယ်ချင်း။ ဒေါ်လေးလည်း မြင်ချင်မှာမဟုတ်ဘူး။ ”
“အေးပါကွာ…ငါ အတတ်နိုင်ဆုံး မသောက်ဖြစ်အောင် ကြိုးစားပါ့မယ်”
******************
ဆယ်တန်းတွေ အောင်စာရင်းထွက်သောနေ့တွင် ကျွန်တော်တို့ရပ်ကွက်အတွင်း၌ ဆူညံ၍နေပါတော့သည်။ အောင်တဲ့သူများပျော်ရွှင်နေကြသလို၊ ကျရှုံးသူများကလည်း အိမ်မှမိဘ ညီအစ်ကိုများ ဆူပူကြိမ်းမောင်းသံများနှင့်ဆူညံ၍ နေပါသည်။
ကျောင်းပိတ်ရက်မို့ ဖေဖေ့ရဲ့ ဝပ်ရှော့မှာကားပြင်နေချိန် နေ့လယ် ၁၁ နာရီအချိန်တွင် အောင်မောင်း၏ညီတစ်ဝမ်းကွဲ ဖိုးထောင်မှ ကျွန်တော့်အား စာတစ်စောင်လာပေးပါသည်။
“မျိုးကို….ငါညွန့်ခင်ကို ခိုးပြေးသွားတယ်။ ခြံကြီးစုက သန်းနိုင်တို့ခြံမှာ ခဏခိုနေတယ်။ မင်းဆီက အကြံဉာဏ်လိုချင်တယ်။ မင်းနဲ့လည်းတွေ့ချင်တယ်။ ”
အောင်မောင်းစာကို ကျွန်တော်ဖတ်ပြီး ခေါင်းနာပန်းကြီးလို့သွားပါတော့သည်။
ပြင်နေသောကားကို ဖေဖေ့တပည့်နှင့်လွှဲထားပြီးနောက် အိမ်သို့ပြန်လာကာ လိုအပ်သည်များကို ယူပြီး အောင်မောင်းတို့ရှိရာ ခြံကြီးစုသို့ ကိုသောင်အေးကိုခေါ်ပြီး ထွက်လာခဲ့ပါသည်။
ခြံထဲသို့ရောက်သောအခါ အောင်မောင်းကအသင့်စောင့် ကြိုနေပါသည်။
“နင် တို့ကွာ….အသက်ငယ်ငယ်လေးရှိသေးတာ…လက်ထပ်ချင်လည်း အလုပ်လေး ဘာလေးရတော့မှ လက်ထပ်ကြပေါ့ကွာ”
“ညွန့်ခင် မိဘတွေက ငါနဲ့ သဘောမတူဘူးကွ…အခုလဲ ညွန့်ခင်ကမပြန်တော့ဘူးဆိုလို့ …ဒီကို ခေါ်လာရတာ”
“ကဲ…ညွန့်ခင်ကို ခေါ်လိုက်ကွာ”
ကျွန်တော်ခေါ်ခိုင်း၍ အခန်းထဲမှ ညွန့်ခင်ထွက်လာကာ အနားတွင် ဝင်ထိုင်ပါသည်။
“နင်တို့ သေသေချာချာ စဉ်းစားကြနော်…အသက်ကငယ်သေးတယ်…မယူနဲ့လို့ ငါမပြောဘူး…ယူပါ…အောင်မောင်းလည်း (၁၀)တန်းအောင်ထားပြီးပြီလေ…ဘွဲ့ရအောင် ကြိုးစားပြီး အလုပ်တစ်ခုခုရမှယူကြရင် ပိုအဆင်ပြေမှာပါ…အခုအချိန်မှာ နင်တို့ဘာလုပ်စားကြမလဲ…နင်တို့ကြီးပဲ နေမှာမဟုတ်ဘူး နောက်ဆို သားသမီးတွေ ရလာအုံးမှာ…နင်တို့ သေချာစဉ်းစားကြ…အချိန်မှီသေးတယ် သူငယ်ချင်း”
“ငါတော့ ထူပူနေပါပြီကွာ…ဘာလုပ်ရမလဲမသိတော့ဘူး”
“မင်း ညွန့်ခင်ကို တစ်ကယ်ချစ်မြတ်နိုးရင် အခုရပ်လိုက်ပါ သူငယ်ချင်း…ဘွဲ့ရအောင်ကြိုးစား ပြီးရင် အလုပ်ရအောင်လုပ်ပါ…အဲဒီ အချိန်မှ လက်ထပ်ကြပါ…အခု ညွန့်ခင်ကို ငါပြန်ပို့ပေးမယ်…ဘယ်လိုလဲ…”
“ငါ ကတော့ မပြန်တော့ဘူး မျိုးကို…ခုချိန်…ငါပြန်သွားရင် အဖေကငါ့ကိုသတ်မှာ…ငါလည်း မပြန်ရဲဘူး…အောင်မောင်းနဲ့အတူ ဘဝကို ရုန်းကန်မယ်…”
“နင် သေချာစဉ်းစား ညွန့်ခင် …
နင့်အဖေက နင့်ကိုသေအောင်တော့သတ်မှာမဟုတ်ဘူး….အောင်မောင်းက ၁၀ တန်းအောင်ထားပြီးပြီ…ဘွဲ့ရလို့ တပ်ထဲဝင်ရင်ဖြစ်ဖြစ်၊ ရဲထဲဝင်တာပဲဖြစ်ဖြစ်၊ ဌာနဆိုင်ရာမှာဝင်လုပ်ခဲ့ရင် နင်က အရာရှိကတော်၊ ဝန်ထမ်းကတော်ဖြစ်မှာပါ…အခုအခြေအနေကြောင့် ဆိုက်ကားနင်းရရင် ဆိုက်ကားသမားမယား ပန်းရံလုပ်ရင် ပန်းရံမယားဖြစ်မှာ…နင် စဉ်းစား…နင်တို့နှစ်ယောက် တစ်ကယ်ချစ်မြတ်နိုးခဲ့ရင် ဘယ်သူမှခွဲလို့မရဘူး…
နောက်ဆုံး ကိုယ့်ရည်မှန်းချက်တွေပြည့်လို့လက်မခံဘူးဆိုရင် ငါကိုယ်တိုင်ခိုးပြီး လက်ထပ်ပေးမယ်…ငါကတိပေးတယ်…အခုအချိန်ကတော့မဖြစ်နိုင်သေးဘူး ကွာ”
“မျိုးကိုရာ…မင်းပြောတာကိုလက်ခံပါတယ်…ငါတို့နှစ်ယောက်အပေါ် စေတနာထားလို့ ကျေးဇူးတင်ပါတယ်…ဒါပေမယ့် ငါတို့နှစ်ယောက် ဘယ်လိုမှ နောက်မဆုတ်တော့ဘူး…ကြုံဆုံလာမယ့်ဘဝကို ရဲရဲကြီးရင်ဆိုင်ဖို့ဆုံးဖြတ်ချက်ချထားပြီးပြီ”
ကျွန်တော်လည်းဘယ်လိုမှနားချ၍မရ၊ နားမဝင်သည်မို့ သူတို့နှစ်ယောက်ရဲ့ နေရေးထိုင်ရေး၊စားရေးသောက်ရေးကို စီစဉ်ပေးရပါသည်။
လက်ထပ်စာချုပ်ကိစ္စကို ရပ်ကွက်ရုံးဖွင့်မဲ့အချိန်ကိုစီစဉ်ရပါသည်။
လောလောဆယ်နေထိုင်ရန် သူငယ်ချင်းဖြစ်သူအောင်သိန်း၏မိဘများပိုင်ဆိုင်သော ခြံတွင် ခြံစောင့်အဖြစ်နေထိုင်ရန် အကူအညီတောင်းရပါသည်။
ညွန့်ခင်၏မိဘများအခြေအနေကိုစုံစမ်းသောအခါ ညွန့်ခင်၏မိဘများက ခါးခါးသီးသီးဖြစ်နေပါသည်။ ရပ်ကွက်လူကြီးများနှင့် အောင်မောင်း၏အမေတို့က ပြန်အပ်ရန် သွားရောက်ပြောဆိုသော်လည်း ညွန့်ခင်၏မိဘများကလုံးဝလက်မခံပဲ ငြင်းဆိုခဲ့ပါသည်။
******************
“ညွန့်ခင်….လာဦး”
“ရှင်….အစ်ကို…ဘာပြောမလို့လဲဟင်…ပြောလေ အစ်ကို”
“မနေ့က ဘုန်းကြီးကျောင်းကထိန် အလုပ်အကိုင်နေ့မှာ နင်တို့ ငါအကြောင်းပြောနေကြတယ် ဆို…”
“မပြောပါဘူး….အစ်ကိုရယ်….”
“နင်က ဟိုအကောင် သောင်းအေးကိုယူခဲ့ရင် အခုလောက်ဆို ချမ်းသာနေပြီးလို့ မအေးပု ပြောတာကို နင် ဘာလို့ပြန်မပြောတာလဲ….ဟို အကောင်က မိဘတွေရဲ့ အရှိန်အဝါနဲ့ အဆင်ပြေပြီး ချမ်းသာနေတာဆိုတော့….နင်က အဲ့အကောင်ကို စိတ်ညွတ်နေတာမဟုတ်လား….ပြောစမ်းပါ…အဲ့အကောင်က နင့်ကိုအခုအချိန်ထိ မျှော်လင့်နေတာ ငါသိတယ်နော်…..”
“ဘာဆိုင်လို့လဲ အစ်ကို”
“ဘာကွ”
“အို…အစ်ကို…”
“ကဲကွာ…ခွမ်း….ချလွမ်း….”
စီးပွားရေးမပြေလည်သည့် အောင်မောင်းမှာ ညွန့်ခင်ကို အမြဲပြဿနာရှာ၍ ရန်လုပ်လေ့ရှိသည်။ တစ်ခါတလေ လက်ပါ ပါလာတတ်သည်။ သားလေးမွေးပြီးကတည်းကအလုပ်ကိုကောင်းကောင်းမလုပ်တော့ပဲ မိုးလင်းကမိုးချုပ်အထိ အရက်ကလေးတမြမြနှင့် အချိန်ကုန် သောက်နေပါသည်။ ပညာရေးကိုလည်း ဆက်မတက်တော့ပေ။ သူမကသာ ရပ်ကွက်ထဲလှည့်လည်၍ ကြုံရာအလုပ်များလုပ်ကာ ဝမ်းရေးကိုဖြည့်ရရှာလေသည်။ အောင်မောင်းမူးလာလျှင် ညွန့်ခင်ရဲ့ မိဘမောင်နှမများကို စော်ကားဆဲဆိုလေ့ရှိသည်။ သူငယ်ချင်းဖြစ်သူ သောင်းအေးနှင့်လည်း ပေးစားတတ်သည်။ ဘေးအိမ်နီးချင်းများကိုလည်း လုံးဝအားနာခြင်းမရှိပဲ အမြဲလိုပင် မူးရူးသောင်းကျန်းတတ်သည်။ အမေဖြစ်သူမှလည်း အောင်မောင်းစိတ်ကြောင့်အိပ်ရာထဲလဲနေပါသည်။ ညွန့်ခင်ခမျာ အိမ်စားဖို့လည်းရှာကြံရ။ ယောက္ခမဆေးဖိုးလည်း ရှာကြံရပါသည်။ အောင်မောင်းအားအရက်ဖိုး ပိုက်ဆံမပေးလျှင် ရိုက်နှက်တတ်လေသည်။ ညွန့်ခင်၏ ကိုယ်ခန္ဓာတွင် ဒဏ်ရာဒဏ်ချက်များနှင့်ပြည့်နေတတ်သည်။
တစ်နေ့ ဈေးသွားစဉ် သူငယ်ချင်းဖြစ်သူ သောင်းအေးနှင့် လမ်းတွင်တွေ့၍ စကားခဏရပ်ပြောနေစဉ် အောင်မောင်းရောက်လာပြီး ထိုးမယ်၊ကြိတ်မယ် ဆိုပြီးဆဲဆိုနေသောကြောင့်အတင်းဆွဲခေါ်လာရပါသည်။
“ကိုအောင်မောင်း …ရှင် …စောစောစီး
စီးအရက်သောက်ပြီးပြဿနာမရှာပါနဲ့….”
“နင် က ဟိုအကောင်နဲ့ ဘာတွေ အချိန်းအချက် လုပ်နေတာလဲ…ငါ သိတယ်နော်”
“ရှင် ဘာသိတာလဲ…သူငယ်ချင်းမို့ စကားပြောနေတာလေ”
“ဘာ သူငယ်ချင်းလဲ….ငါကိုများ ခံပြောချင်သေးတယ်…..အဲ့အကောင်ဆီ ပြန်သွားချင်တာလား”
“နင် မဟုတ်တာ မပြောပါနဲ့”
“ဘာ…ကဲကွာ…ခွပ်….ခွပ်…”
“အမလေး….သေပါပြီး”
ညွန့်ခင်ရဲ့ အော်သံကြောင့် ဘေးပတ်ဝန်းကျင်မှ အိမ်နီးနားချင်များ ဝိုင်းဆွဲသောကြောင့် ညွန့်ခင်တစ်ယောက် သက်သာရာရသွားပါသည်။
အောင်မောင်းတို့လင်မယား နေ့တိုင်းလိုလို စကားများရန်ဖြစ်နေသောကြောင့် အားလပ်သည့်အချိန်တိုင်း သူတို့အိမ်သို့ မကြာမကြာရောက်ဖြစ်ပါသည်။
သူတို့သားငယ်လေးပင် မပီကလာ ပီကလာနဲ့ ကျွန်တော့်အား သံယောဇဉ်တွယ်နေပါပြီ။
“အောင်မောင်း….မင်းကိုငါက…မသောက်ဖို့ပြောတယ်နော်…မင်းက အရက်သောက်တဲ့အပြင် မိန်းမကိုပါ ရိုက်တယ်ဆိုတော့…အဲဒါ အိမ်တွင်းအကြမ်းဖက်မှု မြောက်တယ် သူငယ်ချင်း…အိမ်တွင်းအကြမ်းဖက်မှု ဥပဒေအရ အရေးယူလို့ ရတယ်…မင်းတို့က ချစ်လို့ ခိုးပြေးခဲ့တာပဲ…
စကားများ ရန်မဖြစ်ကြပါနဲ့ကွာ….”
အောင်မောင်းကို အားမရသောကြောင့် ကျွန်တော်အမြဲလိုလို ပြောနေမိတော့သည်။ နောက်ပိုင်းတွင် ကျွန်တော်နှင့် မတွေ့အောင် ရှောင်ဖယ်လို့နေပါသည်။
အဆင်မပြေကြသော သူငယ်ချင်းလင်မယားကို ကျွန်တော်နှင့်သောင်းအေးမှ အတတ်နိုင်ဆုံး ကူညီခဲ့ရပါသည်။
**************”
“ညွန့်ခင်”
“ရှင်…..အစ်ကို”
“ငါ အရက်သောက်ဖို့ ပိုက်ဆံပေးစမ်း”
“အစ်ကိုလည်း စောစောစီးစီး…ညနေမှသောက်ပါလား… သားလေးကဖျားနေတာ သုံးလေးရက်ရှိနေပြီး ….မသက်သာဘူး၊ ဒီနေ့တော့ ဆေးခန်းပြရတော့မယ်”
“နားငြီးတယ်ကွာ….လျှာရှည်မနေနဲ့ ငါ့ကိုပိုက်ဆံပေးစမ်း ငါသောက်ချင်နေပြီး”
“ပိုက်ဆံမှ မရှိတာ အစ်ကို”
“နင် ငါကိုလိမ်မနေနဲ့…မျိုးကို ပေးသွားတာ ငါအိပ်ရာထဲက ကြားတယ်နော်…ပေးစမ်းပါ”
“မလုပ်ပါနဲ့ အစ်ကိုရယ်…သားလေးဆေးခန်းသွားဖို့ပါ”
“မလိုချင်ဘူးကွာ….ပေးစမ်း”
ညွန့်ခင်လည်း အရိုက်ခံရမှာကြောက်၍ ထုတ်ပေးလိုက်ရသည်။ ပိုက်ဆံယူပြီးထွက်သွားသော အောင်မောင်းကိုကြည့်ပြီး ညွန့်ခင်မှာ ငိုကြွေးနေပါသည်။ လက်ထဲရှိသောပိုက်ဆံကို လင်တော်မောင်ငမူးအောင်မောင်းကအတင်းယူသွားတာမို့ မနက်စာစားဖို့အတွက် ရှာကြံရပါသည်။
တစ်လမ်းကျော်မှ အဝတ်လျှော်ရန်ခေါ်ထားသောကြောင့် ဘာမှမစားပဲ သားငယ်လေးကို အိမ်နီးချင်း မလေးနှင့်ထားကာ ထွက်လာခဲ့သည်။ နေ့လည် အိမ်ပြန်ရောက်တော့ သားလေးကိုယ်ခြစ်ခြစ်တောက်ပူနေပါသည်။ လမ်းထိပ်ဈေးဆိုင်မှာ အောင်တမာန်ပြေးဝယ်ပြီး ကွမ်းရွက်ပြုတ်ရေနှင့်တိုက်လိုက်သည်။ ဆေးတိုက်ပြီးသောအခါ သားငယ်ကို ချော့သိပ့်ကာ ဘေးအိမ်မှမလေးကို အိမ်အားသတိထားကြည့်ခိုင်းပြီး ခေါ်ထားသော ဒေါ်မြမြအိမ်သို့ထွက်လာပါသည်။
လမ်းတွင်သောင်းအေးနှင့်တွေ့၍ သူ့ဆိုင်ကယ်ဖြင့်လမ်းကြုံလိုက်ခဲ့ပါသည်။
“အောင်မောင်းရော”
ထုံးစံ အတိုင်း အရက်ဆိုင်မှာပေါ့သောင်းအေးရယ်”
“ဒီကောင်လည်း ဘယ်လိုဖြစ်သွားတာလဲ ငါ့ကိုလည်း အခေါ်အပြောမလုပ်တော့ဘူး”
“စိတ်ထဲမထားပါနဲ့ သူငယ်ချင်းရယ် ငါ့ကိုလမ်းကြုံခေါ်လာလို့ ကျေးဇူးပဲနော်”
“ရပါတယ်ညွန့်ခင်…ငါသွားတော့မယ်”
အလုပ်ပြီး၍အိမ်ပြန်လာသောညွန့်ခင်ကို အောင်မောင်းမှ ဆီးကြိုကာ ပြဿနာရှာပါတော့သည်။
“ဟဲ့…ကောင်မ….ခလေးကိုပစ်ထားပြီး ဘယ်လျှောက်သွားနေလဲ…ဒီအနားကိုလာစမ်းပါအုံး”
“ဒေါ်မြမြတို့ အိမ်မှာအလုပ်သွားလုပ်တာပါ”
“ဘာ…နင် သောင်းအေးဆိုင်ကယ်နဲ့ပါသွားတာ ငါမသိဘူးမှတ်နေလား …ငါကိုလိမ်အုံးကွာ….ခွပ်….ခွပ်….”
“အမလေး….ရှင်တို့စားဖို့လည်းရှာကျွေးရ၊အရက်ဖိုးလည်း ပေးရ.. ရှင် မူးရင် အေးအေးဆေးဆေးနေ…ခလေး ဆေးခန်းသွားမယ့်ပိုက်ဆံကိုမှ အရက်သောက်ပစ်တဲ့ ဒီလိုအဖေမျိုး မတွေ့ဖူးပါဘူး…အံ့ပါ့တော်”
“ဟာ…ဒီကောင်မ…မတော်သေးဘူးလား”
“မတော်နိုင်ဘူးတော်…မှန်တာပြောတာပဲ…ရှင်ကိုလည်း စိတ်ကုန်နေပြီး….ငါ့မိဘအိမ်ငါပြန်မယ်”
“အောင်မာ နင်ကငါကိုဘယ်တုန်းကပြန်ပြောဘူးလဲ…အားကိုးရှိလို့ငါ့ကိုအာခံတယ်ပေါ့….ကဲဟာ…ကဲဟာ..”
အောင်မောင်းလည်း အနီးမှာရှိသော ထင်းချောင်းနှင့်ရိုက်လေသည်။ အောင်မောင်းသတိဝင်လာချိန်တွင် ညွန်ခင်မှာ သွေးအိုင်တွင်လဲနေပါပြီး။ ဘေးပတ်ဝန်ကျင်အိမ်နီးချင်များကလည်း စုအုံလို့လာပါသည်။
“ဟဲ့…ညွန့်ခင်…ညွန့်ခင်..ခေါ်လို့လည်းမရတော့ပါလား….ဆေးရုံပို့ရအောင်”
လမ်းထဲကလူများ ဆေးရုံသို့ပို့ကြပါသည်။
ကျွန်တော်သတင်းကြားကြားချင်း အပြေးသွားခဲ့သော်လည်း ညွန့်ခင်မှာလူ့လောကကြီးမှထွက်ခွာသွားပါပြီး။ စခန်းမှ ရဲဝန်ထမ်းများက အောင်မောင်းကို လူသတ်မူ။အိမ်တွင်းအကြမ်းဖက်မှုဖြင့် ဖမ်းဆီးသွားပါသည်။
တစ်ယောက်က သေရွာ။
တစ်ယောက်က ထောင်ထဲမှာ
ကလေးကတော့ အရပ်မကောင်းလျှင်
တောင်းစားရရှာပေတော့မည်။
ဪ စိတ်အလိုကိုလိုက်၍ငယ်ငယ်ရွယ်ရွယ်နှင့်ဘဝတစ်ခုကိုထူထောင်လိုက်သော သူငယ်ချင်းနှစ်ယောက်၏အဖြစ်ကိုစိတ်မကောင်းရုံမှလွဲပြီး ဘာမှမတတ်နိုင်တော့ပါလား…..
နောက်ထပ်အောင်မောင်းနှင့်ညွန့်ခင်လေးများ ထပ်မံမပေါ်ပေါက်ပါစေနှင့်ဟုသာ ဆုတောင်းနေမိပါတော့သတည်း။
တက္ကသိုလ်ကိုကိုမျိုးလှိုင်