“မောင်ရေခဲ နှင့် ထိန်ပင်ပေါ်မှသရဲကြီး”(စ/ဆုံး)

“မောင်ရေခဲ နှင့် ထိန်ပင်ပေါ်မှသရဲကြီး”(စ/ဆုံး)

—————————————————

အေးပုတို့အပျိုမလေးတသိုက် ရေအိုးကိုယ်စီပိုက်ကာ ရွာအရှေ့ဘက်ရှိရေကန်ကြီးဆီသို့ဦးတည်၍လာကြသည်။ ရွာအရှေ့ဘက်ရှိရေကန်ကြီးသည်ကား တစ်ရွာလုံးက သောက်ရေသုံးရေအဖြစ် ထိုရေကန်ကြီးကိုအမှီသဟဲပြုကြသည်။ ထိုရေကန်ကြီးတွင် လုံမပျိုတို့ကရေလုံအိုးဖြင့်ရေခပ်လာကြသကဲ့သို့ လုလင်ပျိုတို့ကလည်း နွားလှည်းကိုယ်စီဖြင့် ရေလာခပ်ကြ၏။ သို့ကြောင့်ရေကန်ကြီး၏နံဘေးသည် လုလင်ပျို၊လုံမပျိုတို့၏ စနောက်သံတို့ကြောင့် အမြဲလိုလိုပျော်ရွှင် စည်ကားနေလေသည်။
သို့သော်ထိုရေကန်ကြီးဆီသို့ မည်သူမျှတစ်ယောက်တည်း ရေလာမခပ်ရဲကြချေ။ အကြောင်းမှာထိုရေကန်ဘေးရှိ ထိန်ပင်ကြီးတွင် မှီခိုနေထိုင်သောသဘက်ကြီးတစ်ကောင်ရှိသည်ဟူသောကြောင့်တည်း။
ထိန်ပင်တွင်သရဲရှိသည်ဟု သတင်းစတင်ဖြန့်သူကား ဤမန်ကျည်းတန်းရွာသားတစ်ယောက်ဖြစ်သူ ကိုခင်မောင်ဖြစ်၏။ ကိုခင်မောင်ပြန်ပြောပြချက်အရ တစ်ခုသောညနေခင်းတွင် အလုပ်မှပြန်လာသော ကိုခင်မောင်တစ်ယောက် သောက်ရေသုံးရေခပ်ရန် လှည်းမောင်းကာ ရွာအရှေ့ဘက်ရှိရေကန်ကြီးသို့ လာခဲ့၏။

ခါတိုင်းညခင်း၌ ရေကန်သို့သောက်သုံးရေလာရောက်ခပ်ယူသူများပြားသော်လည်း ယခုညခင်းကား သူ့လှည်းတစ်စီးမှလွဲ၍ တခြားရေလာတိုက်သူတစ်ဦးတစ်လေမျှပင်မတွေ့ရ။ ကိုအေးမောင်လည်း တခြားလူများလယ်တောမှ ပြန်မလာကြသေး၍ ရေလာခပ်ခြင်းမရှိသေးတာနေမှာဟုတွေးပြီး စိတ်ကိုဖြေသိမ့်လိုက်၏။ ရေကန်ကြီးနားရောက်သော် ပါလာသောရေပုံးဖြင့် လှည်းပေါ်တင်ထားသောရေစည်ထဲသို့ရေခပ်ထည့်လိုက်၏။ ရေစည်ပြည့်လျှင် ရေပုံးကိုပါရေဖြည့်ပြီး လှည်းပေါ်အသင့်တင်ထားလိုက်၏။
ရေခပ်ပြီးသည်နှင့်ရေချိုးရန်အဝတ်အစားများကိုချွတ်ပြီးရေကန်ထဲဆင်းလာခဲ့သည်။ ကိုခင်မောင်ရေကန်ထဲရောက်လာသည်နှင့် ဘယ်ကတည်းကရှိမှန်းမသိသောလူတစ်ယောက်သည် သူ့ကိုကျောပေးကာ ရေချိုးနေ၏။

” ဒီလူကိုစောစောက ငါမတွေ့ပါဘူး…ဘယ်နှယ်ခုကျ ငါ့ထက်ရေကန်ထဲ အရင်ရောက်နှင့်နေတာလဲ….ငါမမြင်မိတာနေမှာပါလေ….”

ထိုလူ၏ကျောပြင်ကိုကြည့်ပြီး ကိုခင်မောင်တစ်ကိုယ်တည်းတွေးတောနေမိ၏။ ကိုခင်မောင်ကသာ ထိုလူ၏အကြောင်းကိုတွေးနေသည်။ ထိုလူကား ကိုခင်မောင်ကိုလှည့်၍ပင်မကြည့်။ ကျောပေးလျှက်အနေအထားဖြင့်သာ ရေကိုဆက်ချိုးနေ၏။ ကိုခင်မောင်လည်း အဖော်ရနေတာဘဲ အေးဆေးချိုးမယ် ဟုတွေးပြီး ဂျီးတွန်းနေလိုက်၏။ သို့သော်သူ့ကျောကုန်းမှ ဂျီးတွန်းရန်လက်ကမမှီဖြစ်နေ၏။

” ဒုက္ခဘဲ….နေ့လယ်ပိုင်းတွေချွေးထွက်လို့ ဂျီးတွေထူနေတာ ကျောပြင်ကအဆိုးဆုံးဘဲ….လက်ကလဲကျောပြင်ထိတွန်းလို့မမှီဘူး….”

ထိုသို့တစ်ကိုယ်တည်းပြောပြီး ကျောပြင်ကိုမမှီမကမ်း လှမ်းနှိပ်၏။ သို့သော်ကျောတပြင်လုံးရှိဂျီးကိုတွန်း၍မရနိုင်။

” ဟေ့လူ….ကျုပ်ခင်ဗျားရဲ့ကျောပြင်ကိုဂျီးတွန်းပေးရမလားဗျ…အပြန်အလှန်ပေါ့ ခင်ဗျားပြီးရင် ကျုပ်ရဲ့ကျောပြင်ကဂျီးကိုပြန်တွေန်းပေးပေါ့ဗျ…”

ကိုခင်မောင်ဂျီးတွန်းနေစဉ် သူ့ကိုတချိန်လုံးကျောပေးလျှက် ရေချိုးနေသူက ထိုသို့မေးလာ၏။ ကိုခင်မောင်လည်းဟန်ကျပြီဟုတွေးကာ

” ဟာ…ဒီလိုဆိုရင်တော့ ဟန်ကျတာပေါ့ဗျာ….ကျုပ်ကျောပြင်က ဂျီးတွေတွန်းလို့မမှီတာနဲ့ အတော်ဘဲဗျို့….လုပ်ဟေ့…ကျုပ်ကျောပြင်ကိုဂျီးအရင်တွန်းပေးဗျို့….”

ဆိုပြီးထိုလူ၏အနားသို့ကပ်သွားလိုက်၏။ သို့သော်ထိုလူမှာ သူ့ဖက်သို့လှည့်မလာသေးချေ။ အနားသို့ရောက်သည်နှင့်ထိုလူက

” လှည့်ဗျာ ခင်ဗျားကျောပြင်ကိုဂျီးအရင်တွန်းပေးရတာပေါ့…”

ဟုဆိုသဖြင့် ကိုခင်မောင်လည်း ကျောပြင်ကိုထိုလူဘက်သို့လှည့်ပေးလိုက်၏။ ထိုစဉ်ပုပ်အဲ့အဲ့အနံ့တစ်ခုသည် သူ့နှာဝသို့တိုးဝင်လာ၏။

” ထွီး…နံလိုက္တာဗ်ာ…နို့….ခင်ဗျားရောအပုပ်နံ့ရလားဗျ….”

ဆိုပြီးသူ့ကိုဂျီးတွန်းပေးသောလူကိုမေးလိုက်၏။ ထိုလူလည်း

” နံမှာပေါ့ဗျာ…နွေဆိုတော့လည်းရေတွေခမ်းတာမလားဗျ…ဒီတော့ရေစပ်စပ်က ဗွက်ထပြီး အနံ့တွေထွက်လာတာပေါ့ဗျာ…”

ဆိုပြီးပြန်ဖြေလိုက်ရာ ကိုခင်မောင်လည်း ဒီလူပြောတာလည်းဖြစ်နိူင်တာဘဲဟုတွေးပြီးစိမ်ခံနေ၏။ ကျောပြင်မှဂျီးတွန်းနေသောထိုလူ၏လက်သည်အေးစက်ပြီး မာကျောနေသည်ဟုသူထင်မိ၏။ သို့သော်လည်း ရေချိုးတာကြာလို့နေမှာ ဟုသာတွေးပြီးစိတ်ပြန်ဖြေလိုက်၏။

” ရပြီဆရာသမားရေ….ခင်ဗျားကျောပြင်ကဂျီးတွေပြောင်သွားပြီဗျ…ကဲကျုပ်အလှည့်ကျပြီပြန်တွန်းပေးတော့ဗျို့…”

” ဟုတ်ပါပြီဗျာ…”

ထိုလူကပြောသဖြင့် ကိုခင်မောင်လည်းကျောပြင်မှထွက်နေသောဂျီးများပြောင်စေရန်ရေအောက်ကိုတချက်ငုတ်လိုက်ပြီး ထိုလူဘက်သို့လှည့်လိုက်၏။ ထိုလူမှာသူ့ကိုကျောပေးလျက်သားဖြစ်နေပြီး သူလည်းထွေထွေထူးထူးမတွေးတော့ဘဲ ထိုလူ၏ကျောပြင်မှဂျီးကိုစတင်တွန်းပေးလိုက်၏။

” ခင်ဗျားက ကျုပ်တို့ရွာထဲကမဟုတ်ဘူးထင်တယ်နော်…ကျုပ်တစ်ခါမှဒီလောက်ဂျီးထူတဲ့သူမတွေ့ဖူးသေးလို့ဗျ…ဟဲဟဲ….”

ကိုခင်မောင်ကထိုလူ၏ကျောပြင်မှဂျီးကိုတွန်းပေးရင်းမေးလိုက်၏။ ထိုလူလည်း

” ကျုပ်ကခရီးသွားဗျ….ခရီးသွားရင်းဒီရောက်လာတော့ ကန်ရေကချိုးချင်စဖွယ်မို့ ဝင်ချိုးလိုက်တာဗျ…ဆရာသမားရ…”

” ဪ…ဒီလိုကိုးဗ်…”

” အေးကွ…ဒါနဲ့ဆရာသမားက ဒီကန်ကိုတစ်ယောက်ထဲလာရဲတယ်နော် သရဲတွေဘာတွေမကြောက်ဘူးလားဗျ…”

” ဟားဟားဟား….ဘာကြောင့်ကြောက်ရမှာလဲဗျာ…ခင်ဗျားသာမသိတာ… ဒီကန်ကကျုပ်တို့တစ်ရွာလုံးအားထားနေရတဲ့ ကန်ကြီးဗျ….ဘာသရဲမှရှိတယ်လို့လဲမကြားဖူးပေါင်ဗျာ….”

ကိုခင်မောင်က ရယ်ရယ်မောမောဖြင့်ပြန်ပြောလိုက်၏။

” ဒါဆိုဆရာသမားက သရဲကိုတကယ်မကြောက်တတ်ဘူးပေါ့နော်….”

” ဪဗ်ာ…သရဲတစ္ဆေဆိုတာမျိုးက ကြောက်ရမှာမဟုတ်ဘူးဗျ….သနားရမွာ…သူတို့ခဗျာ မကျွတ်မလွတ်ဘဲ နာနာဘဝရောက်နေကြရတာလေဗျာ…ပြောသာပြောရတာ တကယ့်သရဲတစ္ဆေတွေလည်း မရှိလောက်ပါဘူးဗျာ….ခင်ဗျားရောဘယ်လိုထင်လဲ…”

” ကျုပ်ကတော့သရဲတစ္ဆေတွေကိုအယုံအကြည်ရှိတယ်ဗျ….သူတို့ကခုဆရာသမားရဲ့ဘေးမှာရှိချင်ရှိနေနိုင်တယ်လို့ပြောရင် ဆရာသမားယုံမလား….”

” မနောက်ပါနဲ့ဗျာ…နောက်ပြီးသူတို့တကယ်ရှိလဲ ကျုပ်ကကြောက်စရာလားဗျ…ကျုပ်ဘေးမှာခင်ဗျားတစ်ယောက်လုံးရှိနေတာဘဲ…မဟုတ္ဘူးလားဗ်…ဟဲဟဲ….”

ကိုခင်မောင်ကဂျီးတွန်းနေရင်း ထိုလူကိုပြန်ပြောလိုက်၏။ ထိုစဉ်ဂျီးတွန်းပေးနေရင်း ထိုလူကျောပြင်၏အရေခွံသည် အပေါ်သို့လိပ်တက်လာ၏။

” ဟင်….ခင်…ခင်ဗျားရဲ့ကျောပြင်ကြီး…အရေခွံကွာပြီးအပေါ်ကိုလိပ်တက်သွားပြီကွ….ခင်….ခင်ဗျားက…”

” ဟဲဟဲဟဲ…သရဲတစ္ဆေကိုခင်ဗျားယုံပြီလားဗျ….”

ထိုလူ၏အေးစက်စက်အသံကြောင့် ကိုခင်မောင်လည်း သရဲခြောက်ခံရပြီဖြစ်မှန်းသိလိုက်၏။

” အမေလး….သရဲကြီး….စွကျိုးနဲ…ငါတစ်ချိန်လုံးသရဲရဲ့ကျောပြင်ကိုဂျီးတွန်းပေးနေတာပါလားကွ….အမေရေကယ်ပါဦး….”

ဟုအော်ပြီး ကုန်းပေါ်သို့ပြေးတက်လာ၏။ သို့သော်ရေထဲမှာဖြစ်နေသဖြင့်ပြေးရသည်မှာ ထင်သလောက်မလွယ်ချေ။

” ဆရာသမား…ကျုပ်မေးတာဖြေခဲ့ဦးလေဗျာ…ဟဲဟဲဟဲ….”

သရဲကြီးမှာကိုခင်မောင်ဘက်လှည့်လာပြီး မေးနေသေး၏။ ကိုခင်မောင်လည်းအနောက်ကိုလှည့်ကြည့်လိုက်ရာ ထိုလူ၏မျက်နှာမျာပါးစပ်ပေါက်ကြီးတစ်ခုမှလွဲ၍ ကျန်တာဘာတစ်ခုမှမပါသည်ကိုတွေ့လိုက်ရ၏။

” အမေလး…မဖြေပါရစေနဲ့ဗျာ…ကြောက်ပါပြီ….”

ဆိုပြီး ရေစည်တိုက်ထားသောနွားလှည်းနှင့် အဝတ်အစားများကိုသတိမရတော့ဘဲ ရေလဲပုဆိုးဖြင့်သာ ရွာဘက်သို့သုတ်ခြေတင်ပြေးလေတော့၏။ သရဲကြီးကား ရေကန်ထဲမှတက်လာပြီး ကန်ဘေးရှိထိန်ပင်ကြီးပေါ်သို့တက်ကာပျောက်ကွယ်သွားလေ၏။ ကိုခင်မောင်ကား ရွာထဲရောက်သည်နှင့်သတိလစ်မေ့မျောသွားသဖြင့် ရွာသားများက နှာနှပ်ယူလိုက်ရ၏။ ကိုခင်မောင်ကိုရေကန်ကြီးရှိသရဲက ခြောက်လွှတ်လိုက်သည်ဆိုသောသတင်းကြောင့် ထိုကန်သို့တစ်ယောက်ထဲမည်သူမှ မသွားရဲကြတော့ချေ။

ယခုလည်းအေးပုတို့လုံမပျိုတစ်စုသည်ရေကန်ကြီးနားရောက်သော် ရေအိုးကိုယ်စီဖြင့်ရေခပ်ယူပြီး စနောက်နေကြ၏။

” ဟဲ့မိစုမ…ဒီကန်ဘေးရဲ့ထိန်ပင်ကြီးမှာ ပါးစပ်ပေါက်ချည်းဘဲပါတဲ့ သရဲကြီးရှိတယ်တဲ့နော်…ခုနေဖြင့်သရဲက ရေထဲကနေဘွားကနဲပေါ်လာရင် ဘယ်လိုလုပ်မလဲအေ့….”

” ဟယ်…သရဲကြီးပေါ်လာလည်း ကျုပ်ကကြောက်စရာလားတော့…တကယ်လို့သရဲကြီးတကယ်ပေါ်လာရင် ကျုပ်ကဟောဟိုကရေစည်တိုက်နေတဲ့ ကိုသာလုံး၏ကျောပေါ်ပြေးခွပစ်မှာပေါ့ဟဲ့….”

” ဝါး…ဟားဟား….ကောင်မညည်းနော် အကြံဆိုးကြီးနဲ့… ”

” မလုပ်ပါနဲ့ဗျာ…ခင်များလိုဝက်ခန္ဓာကြီးကိုယ် ကျုပ်ကမနိူင်ပေါင်ဗျာ….ခင်ဝင်းလိုသေးသေးသွယ်သွယ်လေးဆိုတော်သေး….”

” ဝါး…ဟား…ဟား…..”

ထိုနှစ်ယောက်၏စကားကြောင့် ရေခပ်နေသောလုလင်ပျိုနှင့်လုံမပျိုတို့ ဝါးခနဲပွဲကျကုန်၏။

” အေးပါဟယ်…ရှင်ကကျုပ်လိုဝက်ခန္ဓာကိုမလိုချင်လို့သာဆိုတယ်…ကျုပ်ကဖြင့်ဒီခန္ဓာကြီးရဖို့ အမေတို့ချက်ကျွေးတာမှန်သမျှ ထိုင်စားနေရတာရှင့်…ဟွန်း….”

” ဝါး…ဟားဟား….”

” အေးပါမဝက်မရယ်…အယ်မှားလို့ မမိစုရယ်…ကျုပ်ကဖြင့်ညည်းလိုဝက်မကိုရှာမကျွေးနိူင်ဘူးဗျ…နော်လေ အဝင်းလေး….”

ကိုသာလုံး၏အပြောကြောင့် မခင်ဝင်းမှာရှက်သွေးဖျာသွားပြီး ဖြူဝင်းသောမျက်နှာလေးမှာပန်းနုရောင်သမ်းသွားတော့၏။

” ညည်းတို့ကလဲဟယ်….မပြောကြပါနဲ့တော့ ဒီမယ်ကျုပ်သူငယ်ချင်းမလေး ရှက်သွားရှာပြီ….”

” ဝါး…ဟားဟား….မိခင်ဝင်းတို့စွံချက်တော့အေ….”

” ဗွမ်း…..”

” ဟင်…”

လုလင်ပျို၊လုံမပျိုတို့စနောက်နေကြစဉ် ခင်ဝင်းသည် ရေအိုးကိုရေကန်ထဲဗွမ်းခနဲပစ်ချလိုက်ပြီး ခက်ထန်သောမျက်နှာထားဖြင့် ထဘီစွန်တောင်ဆွဲကာ ခြေဆောင့်ပြီးရွာသို့ပြန်သွားလေ၏။

” ဟဲ့လုပ်ကြပါဦး…မိခင်ဝင်း စိတ်ဆိုးသွားပြီထင်တယ်တော့….”

” ဟာ…ကျုပ်ကဒီတိုင်းစနောက်လိုက်တာပါဗျာ….ဘယ်လိုလုပ်ကြမလဲ…”

” ကျုပ်တို့ရအောင်ပြန်ချော့ပါ့မယ်တော်…ရွှေစိတ်တော်ပူမနေနဲ့ရှင့်….”

ခင်ဝင်း၏အပြုအမူကြောင့် ကျန်သည့်သူများ စိတ်မကောင်းဖြစ်သွား၏။ သူတို့စနောက်လိုက်သဖြင့် စိတ်ဆိုးသွားသည်ဟုထင်မှတ်သွားကြ၏။

နောက်တစ်နေ့ရောက်သော် ခင်ဝင်းသည်သူငယ်ချင်းများနှင့်အတူရေခပ်မလိုက်တော့ဘဲ ငူငူကြီးထိုင်နေ၏။

” ဟဲ့သမီး….သောက်ရေမရှိတော့ဘူးဟဲ့…အမေ့ကိုသောက်ရေလေးသွားခပ်ပေးပါဦးတော်…”

” မခပ္ဘူး…ခင်ဗျားတို့လက်မပါဘူးလား…ကိုယ့်ဘာသာကိုသွားခပ်ချေပေါ့…”

” ဟဲ့ဟဲ့…မိခင်ဝင်း….ညည်းအမေ့ကိုဘယ်လိုပြန်ပြောလိုက်တာလဲအေ့…ခင်းဗျားလေးဘာလေးနဲ့….”

” စကားသိပ္မ်ားတာဘဲ…နားကိုညီးတယ်…ပါးစပ်ပိတ်ပြီးမနေတတ်ဘူးလား…”

” ဟဲ့…ညည်းငရဲမကြောက်တော့ဘူးလားကောင်မရဲ့…မအေကိုဒီလိုပြန်ပြောစရာလား…”

အဖွားဖြစ်သူကမနေနိူင်သဖြင့် ဝင်ပြောလိုက်၏။

” နေပါစေအမေရယ်…မိဝင်းခုတလောဘာဖြစ်နေတယ်မသိဘူး….ဘယ်သူ့ကိုမှစိတ်မကြည်ဘူးဖြစ်နေတယ်…ကျုပ်ဘာသာကျုပ်ဘဲသွားခပ်လိုက်တော့မယ်….”

ခင်ဝင်း၏မိခင်ကထိုသို့ပြောပြီး သောက်ရေအိုးကိုဆွဲကာ ရွာအရှေ့ရေကန်သို့သွားလိုက်၏။ ခင်ဝင်းကား ဘယ်သူနှင့်မှစကားမပြောဘဲ အိမ်ရှေ့မန်ကျည်းပင်အောက်၌ ငုတ်တုတ်ထိုင်နေဆဲပင်။ တအောင့်အကြာ၌ ခင်ဝင်းသည်အိမ်ပေါ်တက်လာပြီး

” အဖြား…အဖွားရေ…အရှေ့ဖက်အိမ်မှာအမဲဟင်းချက်နေတယ်….ကျုပ်စားချင်လို့သွားတောင်းပေးပါဦးနော်….”

မြေးမလေး၏စကားကြောင့် ဒေါ်ခင်ပွင့်မျက်လုံးပြူးသွား၏။ သူတို့မိသားစုသည် အမဲသားမစားကြချေ။

” ဟဲ့မိဝင်း…ညည်းဘယ်တုန်းကအမဲသားစားဖူးလို့လဲဟဲ့…ပြီးတော့အရှေ့အိမ်မှာအမဲဟင်းချက်မှန်းညည်းဘယ်လိုသိတာလဲ…”

” ကျုပ်နှာဝဆီ အရှေ့အိမ်ကအမဲဟင်းနံ့ရလာလို့ပေါ့အဖွားရ…လုပ်ပါ…သွားတောင်းပေးပါနော်…ကျုပ်မစားဖူးသေးတော့စားချင်လွန်းလို့ပါ…”

” ဟဲ့မိဝင်း…ညည်းကိုယ့်အဖွားကို ခိုင်းဖတ်များမှတ်နေတာလား သူများအိမ်ကဟင်းသွားတောင်းခိုင်းရအောင်….”

” နေပေါ့ဟယ်…သုံးစားလို့ကိုမရတဲ့အဖွားကြီး ကျုပ်ကိုယ်တိုင်သွားတောင်းစားမယ်…”

” ဟဲ့ဟဲ့…မြေမျိုမဲ့ကောင်မ…လူကြီးမှန်းမသိလူငယ်မှန်းမသိနဲ့…”

အဖွားဖြစ်သူကပြောလိုက်သော်လည်း ခင်ဝင်းမှာအနောက်ပင်လှည့်မကြည့်တော့ဘဲ အရှေ့အိမ်သို့ပြေးသွားလေ၏။

ဒေါ်ခင်ပွင့်တစ်ယောက်မနက်စောစောဘုရားဝတ်ပြုပြီး နှစ်ဆယ့်လေးပစ္စည်းပဋ္ဌာန်းအကျယ်ချဲ့ကို ရွတ်ဆိုနေ၏။

” အား…နားညီးတယ်…အဖွားကြီး… တော်တော့ ငါအိပ်လို့မရတော့ဘူး…”

အိပ်ယာခန်းထဲရှိ ခင်ဝင်းမှာအဖွားဖြစ်သူ၏ပဋ္ဌာန်းရွတ်သံကြောင့် အော်ဟစ်နေ၏။ ဒေါ်ခင်ပွင့်ကား ပဋ္ဌာန်းရွတ်မပြတ်ချေ။

” တောက်! အဖွားကြီး….သေလည်မသေနိူင်ဘူးကွာ…”

ခင်ဝင်းမှာထိုသို့ပြောပြီး အခန်းတွင်းမှထွက်ပြေးကာ အိမ်ရှေ့မန်ကျည်းပင်အောက်၌ သွားအိပ်နေ၏။ အဖွားဖြစ်သူ ပဋ္ဌာန်းရွတ်ပြီးမှ အပေါ်တက်လာပြီး ထမင်းဟင်းချက်နေသော မိခင်ဖြစ်သူထံသွားကာ

” အေမ…ဒီနေ့ဘာဟင်းချက်လဲ….”

” ငပိရည်ကျို၊တို့စရာနှင့် ဘဲဥခရမ်းချဉ်သီးပေါ့သမီးရဲ့….”

” တစ်ခါလာလည်းဒီဟင်း…နှစ်ခါလာလည်းဒီဟင်း…အမဲသားဟင်းလေးဘာလေး ချက်စမ်းပါအမေရာ….”

” အံမယ်…တို့အိမ်ဘယ်တုန်းကအမဲသားဟင်းစားဖူးလို့လဲမယ်မင်းကြီးမရဲ့…နွားဆိုတာကလူတွေရဲ့ကျေးဇူးရှင်မို့မစားကောင်းဘူးဆို ညည်းပြောတော့….ခုကျမှဘာထဖြစ်နေတာလဲ….”

” ဪအမေကလည်း…တစ်ခါတစ်လေသမီးလည်းစားချင်လာလို့ပေါ့အေ့…”

” နေပါဦး တနေ့ကလည်း ညည်းအရှေ့ဘက်အိမ်ကအမဲသားဟင်း သွားတောင်းစားခဲ့တယ်ဆို….ညည်းဘယ်လိုဖြစ်ရတာလဲမိဝင်း….”

” အိုတော်…ဘယ်လိုဖြစ်ရမှာလဲ ကိုယ့်အမေကချက်မကျွေးမှတော့ သူများအိမ်ကသွားတောင်းစားရတာပေါ့…ဘာဆန်းသလဲ…”

” ဒုန်း…ဒုန်း…ဒုန်း….”

” အမလေးဟယ်…ညည်းဘယ်တုန်းကများမအေကိုဒီလိုပြန်ပြောတတ်သွားတာလဲဟဲ့….”

သူမကိုတစ်ခွန်းမကျန်ပြန်ခံပြောပြီး ခြေဆောင့်ကာထွက်သွားသော သမီးငယ်ကိုကြည့်ပြီး ဒေါ်မလေး ဝမ်းနည်းသွား၏။ အရင်ကသမီးလေးသည် မိဘအပေါ်သိတတ်လွန်း၏။ မိဘစကားကိုလည်းမြေဝယ်မကျနားထောင်၏။ ပြန်ခံပြောဖို့ဝေးစွပင်။ ယခုမူကား တခြားတစ်ယောက်ဖြစ်သွားသကဲ့သို့ပင်။

မိဘဟူသည်ကား သားသမီး၏လိုအင်ဆန္ဒကိုတတ်နိူင်သမျှဖြည့်ဆည်းပေးချင်သည်မဟုတ်ပါလား။ ယခုလည်းဒေါ်မလေးသည် သမီးဖြစ်သူစားချင်သောအမဲသားကိုဝယ်ပြီးချက်ကျွေးရန် တစ်ဖက်ရွာသို့လာခဲ့၏။ ထိုနည်းတူအရှေ့အိမ်မှ ဒေါ်ငွေနှင်းသည်လည်း သူမနှင့်အတူအမဲသားဝယ်ရန်ထွက်လာခဲ့၏။

” မလေးရယ်…ညည်းသမီးခုတလောဘာဖြစ်နေတာလဲဟဲ့…တနေ့ကလည်းကျုပ်အိမ်လာပြီးအမဲဟင်းတောင်းစားတယ်တော့…”

” အားနာစရာဖြစ်ကုန်ပြီမနှင်းရယ်…ကျုပ်လည်းကျုပ်သမီးလေးကြောင့် ခေါင်းတွေကိုက်နေပြီရှင့်….”

” ကျုပ်ပြောရဦးမယ်သိလား…ညည်းသမီးကျုပ်တို့အိမ်မယ်အမဲသားဟင်းလာစားတုန်းက ကျုပ်ဖြင့်အံ့ဩနေတာတော့….မအံ့ဩဘဲနေပါ့မလား ညည်းတို့မိသားစုအမဲသားမစားဘူးလို့ကျုပ်သိထားတာကိုးတော့…ကျုပ်လည်းသူစားချင်လွန်းလို့ဆိုပြီးပြောလာတော့ တစ်ခါတစ်လေလေးစားပါစေဆိုပြီး ပန်းကန်ထဲအမဲဟင်းတွေခူးထည့်ပေးလိုက်တာ ထမင်းမစားဘဲဟင်းချည်းနှိပ်စားသွားတာတော့…”

” ဟင်ဟုတ်လားမနှင်းရယ်…”

” တကယ်ပါအေ…ကျုပ်တို့စားဖို့ချန်ထားတဲ့ဟာတောင် အကုန်ကျွေးလိုက်ရပါတယ်ဆို…ကျုပ်ကမကျွေးချင်လို့ပြောတာမဟုတ်ဘူးတော့ ဘယ်သူကအမဲသားငါးဆယ်သားချက်ကိုကုန်နိူင်မလဲတော့… ဒါပေမဲ့ညည်းသမီးက ခဏထဲနဲ့ကုန်သွားတာနော်…ကျုပ်ဖြင့်သူစားတာကြည့်ပြီး ကြောက်တောင်ကြောက်လာတာအေ့….”

” အေးဟယ်…ကျုပ်သမီးလေးက အမဲသားတစ်ခါမှမတောင်းစားဖူးဘူးတော့…အရင်ကျုပ်တို့စားတုန်းကတောင်သူက ကျေးဇူးရှင်အသားကိုမစားကောင်းဘူးဆိုပြီးပြောနေသေးတာ…ကျုပ်ဖြင့်ဘယ်လိုမှမတွေးတတ်တော့ပါဘူးအေ…”

” ဟဲ့ဟဲ့…ကျုပ်အထင်ဒီကိစ္စမရိုးလောက်ဘူးနော်…ညည်းသမီးလိုအဖိုးတန်အမျိုးမှန်လေးက ခုလိုထူးထူးဆန်းဆန်းဖြစ်လာတာကျုပ်ဖြင့်သိပ်မသင်္ကာဘူးဟဲ့…အထက်လမ်းဆရာလေးဘာလေးပြကြည့်ပါလားမလေးရဲ့….”

” ကျုပ်အယုံအကြည်မရှိပါဘူးဟယ်…ကျုပ်သမီး အမဲသားကိုတကယ်စားချင်လို့နေမှာပါအေ….”

” ကျုပ်ကစိုးရိမ်လို့ပြောတာအေ့…ကျန်တာညည်းသဘောလေ…ဟောပြောရင်းဆိုရင်းကိုသာဗြောတို့အိမ်တောင်ရောက်လာပြီ…ကိုသာဗြောရေ…တော့ကိုသာဗြော…ကျုပ်တို့အတွက်အသားလတ်လတ်လေးတွေချန်ထားပေးရဲ့လားတော့….”

” ချန်ထားပေးပါ့ဗျာ…မငွေနှင်းတို့ကအမြဲယူနေကြသူတွေဆိုတော့ ကျုပ်ကပေါင်သားကိုရွေးထားပေးပါတယ်ဗျာ…ဘယ်နှစ်ပိဿာယူမှာလဲဗျ…”

” ကျုပ်ကထုံစံအတိုင်း ၃ပိဿာပေးအေ…မလေးကတော့တပိဿာဘဲမလား…”

” ဟုတ်ပါ့အေကျုပ်ကိုတပိဿာဘဲပေး….”

အမဲသားဝယ်ပြီး အိမ်သို့ပြန်လာခဲ့၏။ ခင်ဝင်းသည် သူစားချင်သည်ကိုစားရတော့မည်ဖြစ်သဖြင့် တံတွေးကိုမြိုချနေ၏။

” အေမ…မကျက်သေးဘူးလားဟင်…သမီးအရမ်းဗိုက်ဆာနေပြီ…မြန်မြန်ချက်ပါ…”

” ဪသမီးရယ်…စားရမှာပေါ့အေ…ဘယ်လိုဖြစ်နေတာတုန်း…ညည်းစားဖို့အတွက်တစ်ပိဿာလုံးဝယ်လာတာ အကုန်လုံးညည်းအတွက်ဘဲ ဘယ်သူမွယူမစားဘူး…”

” ဟီး…ကောင်းတယ်…ကောင်းတယ်…တစ်ပိဿာလုံးချက်လိုက်နော်အမေ…ဟီးဟီး….”

မိခင်၏စကားကြောင့်ခင်ဝင်းသည် လက်ခုပ်လက်ဝါးတီးပြီး ပျော်ရွှင်နေ၏။ တစ်ပိဿာလုံးချက်ခိုင်းသောကြောင့် မိခင်ဖြစ်သူမှာအံ့ဩသွား၏။

” ဟဲ့သမီး…တစ်ပိဿာလုံးညည်းဘယ်လိုကုန်မှာတုန်းအေ့….နည်းနည်းချက်ပြီးကျန်တာအခြောက်လုပ်ထားပေးမယ်လေ…နောက်နေ့လည်းစားရတာပေါ့…”

” မရဘူး…နောက်နေ့မစားချင်ဘူးဒီနေ့စားချင်တာ တစ်ပိဿာလုံးချက်ဆိုချက်လိုက်လျှာမရှည်နဲ့…. ”

” ဟင်….”

ထိုသို့ပြောပြီး မိခင်ဘက်သို့နီရဲသောမျက်လုံးဖြင့်ကြည့်လိုက်ရာ မိခင်မှာအကြည့်ချင်းမဆုံနိူင်ဘဲ မျက်နှာလွဲသွားရ၏။ ထိုနေ့မှာပင် ခင်ဝင်းသည် မီးဖိုပေါ်မှမကျက်တကျက်ဖြစ်နေသေးသောအမဲဟင်းအိုးကို ချပင်မချတော့ဘဲ လက်ဖြင့်နှိပ်စားနေ၏။
ဒေါ်မလေးမှာသမီးဖြစ်သူ၏စားသောက်ပုံကိုကြည့်ပြီး လန့်နေ၏။

” ဘုရားဘုရား…ငါ့သမီးမှဟုတ်ရဲ့လား….ဟင်းအပူကြီးကိုဘယ်လိုနှိပ်စားနေတာလဲ….မနှင်းပြောသလိုအထက်လမ်းဆရာရှာပြီး ပြကြည့်မှရတော့မယ်….”

ဒေါ်မလေးသည်ရင်ဘတ်ကိုလက်နှင့်ဖိပြီး သမီးမကြားနိူင်သောလေသံဖြင့်တီးတိုးပြောနေ၏။

မောင်ရေခဲတို့ဆရာတပည့်လည်း အထက်၏အမိန့်ကြောင့် မန်ကျည်းတန်းရွာသို့ရောက်လာခဲ့၏။ ရောက်ရောက်ခြင်းဘုန်းကြီးကျောင်းတွင်တည်းပြီး နေမကောင်းဖြစ်နေသူများကို ဆေးကုသပေးနေ၏။ ဆေးလာရောက်ကုသခံနေသည့် လူများထဲတွင် ဒေါ်မလေးလည်းပါ၏။

” အဒေါ်…အဒေါ်ခံစားရတဲ့ဝေဒနာကိုပြောပြပါ…ကျွန်တော်တို့ဆေးပေးလို့ရတာပေါ့ဗျ…”

” အဒေါ်ဘာမှမဖြစ်ပါဘူးဆရာလေးရယ်….ဖြစ်နေတာကအဒေါ့်သမီးပါ…ဆရာတို့ကုပေးတတ်ရင် ကျေးဇူးပြုပြီး အဒေါ့်အိမ်ကိုကြွခဲ့ပေးပါဦးကွယ်….”

” ဟုတ်ကဲ့ပါအဒေါ်….ကျွန်တော်တို့တတ်သလောက်ကုသပေးဖို့ လိုက်ခဲ့မယ်ဗျ…”

မောင်ရေခဲတို့ဆရာတပည့်လည်း ဒေါ်မလေး၏အိမ်သို့လိုက်လာခဲ့၏။ မောင်ရေခဲတ်ို့အိမ်ထဲဝင်လာသည်နှင့် အထဲမှမခင်ဝင်းသည် ဒေါသထောင်းထောင်းထွက်လာပြီး

” အမေရယ်…သမီးပျိုရှိတဲ့အိမ်ကိုသူစိမ်းယောကျာ်းတွေခေါ်လာခဲ့ရတယ်လို့…အဲသူစိမ်းတွေကိုယ့်သမီးကိုတစ်ခုခုလုပ်မှာမပူဘူးလားအမေရဲ့…”

” ဟဲ့သမီး….ဧည့်သည်ကိုဒီလိုရိုင်းရိုင်းစိုင်းစိုင်းပြုမူရသလား….ဆရာလေးတို့ရယ်အဒေါ့်သမီးအမိုက်အမဲလေးမို့ခွင့်လွတ်ပေးကြပါကွယ်…လာလာအိမ်ပေါ်ကြွကြ….”

” ရပါတယ်အဒေါ်ရယ်…အဒေါ့်သမီးပြောနေတာမဟုတ်မှန်းကျွန်တော်သိတယ်ဗျ…”

မောင်ရေခဲကထိုသို့ပြောပြီး အိမ်ပေါ်တက်ကာ ဘုရားခန်း၌နေရာယူပြီးဘုရားဝတ်ပြုလိုက်၏။

” ဟင်း….ငါ့အိမ်လာပြီးပိုင်စိုးပိုင်နင်းလုပ်နေတယ်…တောက်!”

” ဟဲ့မိဝင်း…ဧည့်သည်ရှေ့မှာတောက်တွေခေါက်ရသလား…”

” အဖွားဘာသိလို့လဲ…ဒီလူတွေကလူကောင်းတွေမဟုတ်ဘူး….”

” ညည်းပါးစပ်ပိတ်ပြီးနေပါအေ….ဧည့်သည်တွေကြားသွားရင်မကောင်းဘူး …သြား…ဧည့်သည်တွေအတွက်ဧည့်ခံစရာတွေယူလာခဲ့ချေ….”

” ဟင်း…ဟင်း…ငါကသူတို့ကိုဘာမှမကျွေးနိူင်ဘူး….အလကားလူတွေ….”

” ဒုန်း…ဒုန်း…ဒုန်း…”

မိဝင်းကထိုသို့ပြောပြီး ခြေဆောင့်ကာ အောက်သို့ဆင်းသွားရန်ပြု၏။

” ရောက်ရာနေရာကနေရပ်ပြီး ငါ့အရှေ့လာထိုင်စမ်း….”

ထိုစဉ်ဘုရားခန်းထဲမှထွက်လာသောအသံကြောင့် မိဝင်းသည်ခြေလှမ်းများရပ်သွားပြီး ရုန်းမရဖြစ်သွား၏။ ထိုစဉ်အောက်ထပ်မှဒေါ်မလေးသည် ဧည့်ခံစရာပစ္စည်းများယူပြီးတက်လာသော် အပေါက်ဝတွင်ရပ်နေသောသမီးဖြစ်သူကိုတွေ့သွားပြီး

” ဟဲ့သမီး…အပေါက်ဝမှာရပ်မနေနဲ့…ဧည့်သည်ကိုသွားဧည့်ခံမယ်လာ….”

” ဟင်း…ဟင်း…ဟင်း….ဒင်းတို့နိူင်တုန်းလုပ်ထားပေါ့….”

ဟုပြောပြီး အောက်သို့ထိုင်ချလိုက်၏။

” ဟဲ့သမီး…ဘယ်လိုတွေပြုမူနေတာလဲကွယ်…ထ..ထ…ဆရာတွေရှေ့မှာသွားထိုင်ရမှာလေ….”

” နေပါစေအဒေါ်….သူဒီကိုမလာဘဲမနေနိူင်ပါဘူး….လာခဲ့စမ်းဒီကို….မလာရင်အဲနားတစ်ဝိုက် ချွန်မြတဲ့ဆူးတွေပေါ်လာပြီးစူးစေ….”

” အား…နားတယ်…လာမယ်ဟ…ဆူးတွေဖယ်ပေးတော့….”

” လာစမ်း…အာခံနေရင်တော့ ဒီ့ထက်နာမယ်….”

” လာမယ်ပြောနေတယ်လေ… ”

ဆိုပြီးနောက်ပြန်ဒရွတ်တိုက်ကာ မောင်ရေခဲရှေ့ရောက်သော် ရပ်ပြီးကျောပေးထိုင်နေ၏။

” ငါ့ဘက်လှည့်ထိုင်ပြီး ဘုရားဦးတိုက်စမ်း….”

” ငါကဘုရားနှင့်မဆိုင်ဘူးလေ…ဘာကိစ္စဘုရားဦးတိုက်ရမှာလဲ….”

” အံမယ်လေကြီးလေကျယ်နဲ့…နောက်ဆုံးပြောမယ် ငါ့ဘက်လှည့်ပြီး ဘုရားကိုဦးတိုက်လိုက်စမ်း….”

” ဦးမတိုက်ရင်ရောနင်ငါ့ကိုဘာလုပ်နိူင်မှာလဲ…”

” ကြိုက်ပြီလေ…ကဲဆိုင်ရာတွေ ခေါင်းတွေခြေတွေလက်တွေဆွဲချုပ်ပြီး နောက်ပြန်ပုံစံနှင့်ဘုရားဦးတိုက်ခိုင်းလိုက်စမ်း….”

“အား….ငါ့အရိုးတွေကျိုးကုန်ပါပြီ…လွှတ်ပါတော့….ဘုရားကိုဦးတိုက်ပါ့မယ်…”

မောင်ရေခဲ၏အမိန့်ကြောင့် မိဝင်းကိုဆိုင်ရာကဆွဲချုပ်လိုက်သော် အရိုးကျိုးသံများတဂျွတ်ဂျွတ်မြည်သွားလေ၏။ ဘေးမှကြည့်နေသော ဒေါ်ခင်ပွင့်တို့သားအမိကား မြေးဖြစ်သူ၏အရိုးကျိုးကြေကုန်ပြီအထင်ဖြင့် ဆက်မကြည့်ရဲဘဲမျက်လုံးကိုစုံမှိတ်ထားလိုက်ကြ၏။

” ကြောက်ပါပြီဆရာရယ်…ကျုပ်ကောင်းကောင်းထိုင်ပြီးဘုရားကိုကန်တော့ပါ့မယ်…ချုပ်ထားတာတွေဖယ်ပေးပါနော်…”

ဆိုပြီးတောင်းပန်မှမောင်ရေခဲက ချုပ်ထားသောဆိုင်ရာများကိုဖယ်ခိုင်းလိုက်၏။ ခင်ဝင်းလည်း မောင်ရေခဲဘက်လှည့်ပြီး ဘုရားကိုဦးချလိုက်၏။ ပြီးသော်ကျုံ့ကျုံ့လေးထိုင်ကာခေါင်းကိုငုံ့ထား၏။

” တနင်္လာသမီးကိုဘာလို့ ပူးကပ်နှောင့်ယှက်နေရတာလဲ….”

” ကျုပ်စားသောက်ချင်လို့ပါ….”

” စားသောက်ချင်တိုင်း ဒီလိုဝင်ရောက်ပူးကပ်နေရသလား…သင်ကဘယ်သူလဲ…ဘယ်အရပ်ကနေရောက်လာတာလဲ…”

” ကျုပ်နာမည်စိန်မောင်ပါ….ကျုပ်ရွာရှေ့ရေကန်ဘေးက ထိန်ပင်ကြီးမှာနေတာပါ…ဒီကောင်မလေးကိုတွေ့တော့ အားနည်းနေလို့ဝင်ရောက်ပူးကပ်ပြီး စားသောက်နေတာပါ….”

” ဟင်…ဒါဆိုရွာထဲကခင်မောင်ကိုခြောက်လွှတ်လိုက်တဲ့သဘက်ကြီးပေါ့…”

ဒေါ်မလေးက သမီးဖြစ်သူ၏နူတ်မှထွက်သောစကားကိုကြားပြီး ထိုသို့ပြော၏။ မောင်ရေခဲက

” ခုဒီတနင်္လာသမီးရဲ့အသက်နှင့်ခန္ဓာကို ငါပိုင်တယ်…ခုချက်ချင်း ဒီတနင်္လာသမီးရဲ့ခန္ဓာကနေခွာစမ်း….ထိခိုက်မှုတစ်စုံတစ်ရာမဖြစ်စေရ….”

” အမဲသားတစ်ပိဿာချက် ကျွေးပြီးရင်သွားပါ့မယ်…”

” အေးကျွေးမယ်…ကဲစျေးကနေအမဲသားတစ်ပိဿာချက်သွားဝယ်ခဲ့ချေ ထင်ပေါ်….”

” ဟုတ်ကဲ့ဆရာ….”

မောင်ထင်ပေါ်လည်း ဆရာဖြစ်သူပြောသည့်အတိုင်းစျေးမှအမဲသားတစ်ပိဿာချက်ကိုသွားဝယ်လိုက်၏။ တစ်အောင့်ကြာသော် ပြန်ရောက်လာပြီးထိုအမဲသားချက်အား ပန်းကန်ထဲထည့်လိုက်ပြီး မောင်ရေခဲထံကမ်းပေးလိုက်၏။

” စား….ရော့…အကုန္စား…”

” ဟီး…စားမယ်…စားမယ်….”

သဘက်ကြီးပူးကပ်ခံနေရသောခင်ဝင်းသည် မိမိရှေ့မှအမဲသားပန်းကန်ကြီးကိုယူပြီးး လက်ဖြင့်နှိပ်စား၏။

” အာ့….ပူတယ်…ပူတယ်….”

” ဖလူး….ဖလူး….”

ဆိုပြီး အမဲသားဖတ်များကို ကြမ်းပေါ်သို့ထွေးထုတ်၏။

” စားဦးမလားအမဲသား…ဆက်စားလေ…ဝပြီလား….”

မောင်ရေခဲကထိုသို့ပြောလိုက်ရာ သဘက်ကြီးက လျှာကိုထုတ်ပြီး လက်နဲ့ကုတ်လေရာသွေးများပင်ထွက်ကျကုန်၏။

” မစားတော့ဘူးဆရာ…နောက်မလုပ်တော့ပါဘူး….တောင်းပန်ပါတယ်…ကျုပ်မသိလို့အာခံမိတာပါ…တောင်းပန်ပါတယ်…ကျုပ်သွားပါရစေ…”

ဆိုပြီးလက်အုပ်ချီကာမောင်ရေခဲအား တောင်းပန်နေ၏။ သဘက်ကြီးစားသောအမဲသားမှာ အမဲသားမဟုတ်။ ရှားမီးခဲကိုရဲနေအောင် ဖုတ်ထားသောမီးခဲရဲရဲပင်ဖြစ်တော့သည်။ မောင်ထင်ပေါ်၏လှည့်ကွက်ကြောင့် သဘက်ကြီးသည် ရှားမီးခဲအားအမဲသားထင်ကာ စားနေခြင်းဖြစ်၏။ သို့ကြောင့်ပူကျစ်နေသော ရှားမီးခဲသည် သဘက်ကြီး၏လျှာကိုလောင်ကျွမ်းသွားခြင်းဖြစ်၏။

” နောက်နောင် လူတွေကိုဒုက္ခပေးဦးမလား….”

” မလုပ်ရဲတော့ပါဘူးဗျာ…တကယ်ကြောက်ပါပြီ….တောင်းပန်ပါတယ်….ကျုပ်ကိုသွားခွင့်ပေးပါ….”

” ဒီတိုင်းပြန်လွှတ်လိုက်ရင် တခြားတစ်နေရာမှာ လူတွေကိုဒုက္ခပေးနေဦးမှာဘဲ ဒီတော့သစ္စာရေသောက်ပြီးမှ သွားရမယ်….”

” သောက်ပါ့မယ်ဗျာ….ကျုပ်တကယ်ပြောတာပါ….”

မောင်ရေခဲလည်း သဘက်ကြီးအား သစ္စာရေတိုက်လိုက်ပြီး တနင်္လာသမီး၏ခန္ဓာမှခွာခိုင်းလိုက်၏။ ထိုအခါတနင်္လာသမီးလည်း ဘေးသို့လဲသွားပြီးအတော်ကြာအောင် နှာနှပ်ယူလိုက်ရ၏။ သတိရလာသော် ဘာမှမသိသည့်ပုံစံဖြင့် ကြောင်တောင်တောင်ကြည့်နေ၏။

” ကဲညီမေလး…ဒီအဆောင်ပရိတ်ကြိုးကို လည်ပင်းမှာအမြဲဆွဲထားနော်..ဘုရားတရားမမေ့ပါနဲ့…ခုလိုဖြစ်သွားရတာက ညီမလေးဘုရားတရားမေ့နေလို့ပါ….”

” ဟုတ်အစ်ကိုညီမမှတ်ထားပါ့မယ်…အဲနေ့ကညီမတို့သူငယ်ချင်းတစ်စုရေခပ်နေကြရင်း ထိန်ပင်ပေါ်ကနေလူတစ်ယောက်ဆင်းလာတာနောက်ဆုံးတွေ့လိုက်ပြီးနောက်ပိုင်း ညီမဘာမှမသိတော့ဘူး…”

” ညီမစိတ်တွေထိန်းချုပ်ခံလိုက်ရလို့လေ…”

” မသေကောင်းမပျောက်ကောင်းသမီးလေးရယ်….အမေတို့ကသမီးလေးပြောင်းလဲသွားတယ်ထင်ပြီး စိတ်ပူနေကြတာ…မနှင်းကိုကျေးဇူးတင်ရမယ်…သူသတိပေးလို့သာဆရာလေးတို့ကိုပင့်မိတာ…မဟုတ်ရင် ငါ့သမီးလေးတော့…အမလေးဆက်တောင်မတွေးရဲတော့ပါဘူး”

” ကျေးဇူးပါဆရာလေးတို့ရယ်…အဖွားမြေးလေးကိုကယ်တင်ပေးလို့…ကဲသမီး အမေ့မြေးလေးကိုကုသပေးတဲ့ဆရာလေးတို့ကို အသပြာလေးကန်တော့လိုက်ဦး…မြေးလေးဆရာလေးတို့ကိုကန်တော့လိုက်ကွယ်…”

” ဒီတိုင်းဘဲကျွန်တော်တို့ရဲ့ပညာဂုဏ်ကိုရည်မှန်းပြီးကန်တော့လိုက်ပါ…ကျွန်တော်တို့ကအသပြာဆရာတွေမဟုတ်လို့ အသပြာတွေနဲ့ကန်တော့ဖို့မလိုပါဘူးဗျာ…”

” မဟုတ်တာဆရာလေးရယ်…အဖွားတို့ကျေးဇူးတင်လွန်းလို့ပါကွယ်…”

” ကျွန်တော်တို့လည်း ကယ်ခွင့်ရလို့ကယ်တင်ရတာပါဗျာ….ဒုက္ခရောက်နေသူကိုကယ်တင်တာလဲ မင်္ဂလာတစ်ပါးဘဲမို့ ကျွန်တော်တို့အတွက်အပန်းမကြီးပါဘူးဗျာ…ကဲညီမလေးဒီတိုင်းဘဲလက်အုပ်ချီပြီးကန်တော့လိုက်နော်…”

” ဆရာလေးတို့က တကယ့်ကိုလေးစားထိုက်တဲ့လူငယ်တွေပါဘဲကွယ်…ကဲကဲမြေးလေးဆရာတို့ဆန္ဒအတိုင်းဘဲ ကန်တော့လိုက်တော့ကွယ်….”

ကန်တော့၍ပြီးသော် မောင်ရေခဲက

” အားလုံးလည်းဘေးကင်းသွားပြီဆိုတော့ကျွန်တော်တို့ကို ခွင့်ပြုပါဦးဗျာ…”

” တစ်ရက်နှစ်ရက်လောက် တည်းသွားပါဦးလားဆရာလေးတို့ရယ်….အဒေါ်တို့ကျွေးမွေးဧည့်ခံချင်လို့ပါ…”

” ကျွန်တော်တို့ခရီးတွေဆက်ရဦးမှာမို့ တည်းလို့မရတော့ပါဘူးဗျ…အခွင့်ကြုံရင်တော့ ပြန်ဆုံကြတာပေါ့ဗျ…ခွင့်ပြုကြပါဦးနော်….”

” ဟုတ်ပါပြီဆရာလေးတို့ရေ….ဆရာလေးတိုလမ်းခရီးဖြောင့်ဖြူးပါစေကွယ်….”

မောင်ရေခဲတို့လည်း ထိုမိသားစုကိုနူတ်ဆက်ပြီး မန်ကျည်းတန်းရွာမှ ထွက်ခွာသွားတော့သည်။….။

ပြီးပါပြီ

ရေးသားသူ-ခွန်း

#crd