*မဲကြီးအင်း*📖📖📖(စ/ဆုံး)
***************************
ကျုပ်တို့ ထနောင်းကုန်းက အရီးလေးဆိတ်မရဲ့
ယောက်ျား လေးလေးဆိတ်ဖွားက ငါးပိ၊ ငါး
ခြောက် ကုန်သည်ကြီးပေါ့ဗျာ။ လေးလေးဆိတ်
ဖွားက ကျုပ်ဆိုရင် လွှတ်ခင်တာဗျ။
အောက်ပြည်ကို ငါးပိ ငါးခြောက် အဝယ်သွားတဲ့
အခါ ကျုပ်တစ်ခါတလေ လိုက်သွားဖူးတယ်။မြစ်
ဝကျွန်းပေါ်ဘက်ကိုလည်း ကျုပ်လိုက်ဖူးတယ်။
အင်းကြီးတွေဆီကိုလည်း ကျုပ်ဖူးတယ်။
အင်းဆိုတာ သဘာဝအတိအတိုင်းဖြစ်နေတဲ့
ရေကန်အကြီးကြီးတွေပေါ့ဗျာ။ ငါးမွေးကန်တွေ
လို လူတူးထားရတာ မဟုတ်ဘူးဗျ။ သဘာဝအ
တိုင်း ဖြစ်နေတာ။ ငါးမွေးကန်တွေက ကန်ထဲ
ကို ငါးမျိုးထည့်ပြီး မွေးရတာ။ အင်းကြီးတွေက
သဘာဝအတိုင်းကို ငါးတွေပေါက်ဖူးနေတာ။
ဖမ်းလို့ကုန်နိုင်တာ မဟုတ်ဘူးဗျ။ လေးလေး
ဆိတ်ဖွားနဲ့ ကျုပ်ရောက်ဖူးတဲ့အင်းတွေ တော်
တော်များပါတယ်ဗျာ။
ကသစ်ပင်အင်းတို့၊ မမြအင်းတို့၊ အင်းရဲကြီးအင်း
တို့၊ နတ်စင်အင်းတို့၊ မဲကြီးအင်းတို့ပေါ့ဗျာ။ ကျုပ်
က အခု မဲကြီးအင်းအကြောင်း ပြောချင်လို့ဗျ။ ဒီ
အင်းကြီးတွေက ရှေးဘုရင်တွေ စိုးစံစဉ်အခါ
တည်းက ရှိတဲ့ အင်းဗျ။ အင်းတွေရဲ့ ထူးခြားချက်
က အင်းသူကြီး ပြောင်းသွားပေးမယ့် မူလနာမည်
မပြောင်းဘူးဗျ။ မမြအင်းဆိုရင် နောက်ပိုင်း အင်း
သူကြီးတွေက ဦးစိန်မိုးတို့၊ ဦးတုတ်တို့၊ ဦးဗလတို့
အဆင့်ဆင့် ပြောင်းသွားပေမယ့် မူလနာမည်ဖြစ်
တဲ့ မမြအင်းလို့ပဲ ခေါ်ကြတာပဲဗျ။
မမြဆိုတာ ဘယ်သူမှန်းကို သိတော့တာမဟုတ်
ပေမယ့် နောက်လူတွေကလည်း ဒီနာမည်ကိုပဲ
ခေါ်ကြတာဗျ။ အခု ကျုပ်ပြောမယ့် မဲကြီးအင်း
ဆိုတာလည်း ဒီလိုပဲဗျ။ ဘာလို့ မဲကြီးအင်းခေါ်
မှန်းကို မသိတော့တာဗျ။ ဒါပေမဲ့ ဒီကရွာသား
တွေပြောတဲ့ ပါးစပ်ရာဇဝင်အရတော့ ရှေးဘုရင်
များရှိတဲ့ ခေတ်ကတည်းက ဒီအင်းကြီးကို အင်း
သူကြီးအဖြစ် မဲကြီးဆိုတဲ့လူကို ချပေးခဲ့တာတဲ့
ဗျ။ ဦးမဲကြီးမှာ မိသားစုငါးယောက် ရှိသတဲ့။
သူတို့မိသားစုတွေ အားလုံး ဒီအင်းကြီးနဲ့ပဲ ချမ်း
သာကြတာတဲ့ဗျ။ ချမ်းသာတာမှ ကျိကျိတက်
ချမ်းသာတာဆိုပဲ။ ဦးမဲကြီး မိန်းမတို့၊ သမီးတို့၊
ဝတ်တဲ့ ရွှေခြေကျင်းကြီးတွေများ ဘယ်နှဆယ်
သားရှိတယ် ဆိုပြီး ဒီခေတ်အထိ စကားကျန်ခဲ့
တာဆိုပဲ။ အဲဒါ ဘယ်ဘုရင် လက်ထက်မှန်း
တော့ တိတိကျကျ မသိကြဘူးဗျ။
ဒါပေမဲ့ တချို့ပြောကြတာတော့ ဦးမဲကြီးတို့မိ
သားစုတွေ သေတဲ့အခါကျတော့ အကုန်လုံး
သရဲတွေဖြစ်ပြီး ဒီအင်းကြီးမှာပဲ နေကြတာတဲ့
ဗျ။ သူတို့မိသားစုသရဲတွေကို မြင်ဖူးတဲ့သူတွေ
လည်း ဒီနယ်မှာ ရှိတယ်ဗျို့။ ဦးမဲကြီးတို့မိသား
စု သရဲတွေ အကုန်လုံး မီးသွေးခဲလိုကို မည်း
နက်နေတာတဲ့ဗျာ။ တချို့က အရပ်မြင့်မြင့်ကြီး
တွေတဲ့။ တချို့ကလည်း ကိုယ်လုံးကြီးကြီး ကြီး
တွေတဲ့။ မျက်လုံးတွေက နီရဲပြီး ပြူးထွက်နေ
တာဆိုပဲ။ သူတို့မိသားစုသရဲ ဖြစ်နေတာ အနှစ်
သုံးလေးရာ ရှိပြီလို့ပြောကြတယ်ဗျ။
မဲကြီးအင်းကတော့ အင်းသူကြီး အဆက်ပေါင်း ဘယ်လောက်ရှိသွားပြီဆိုတာ ဘယ်သူမှ မသိ
ကြပါဘူးဗျာ။ ဒါပေမဲ့ ဒီဒေသက လူတွေအားလုံး
ကတော့ မီးသွေးခဲလိုမည်းနက်နေတဲ့ သရဲမိသား
စုအကြောင်းကို လူတိုင်းပြောနေကြတုန်းဗျ။ ဒီ
အရပ်က လူတွေက တခြားအင်းတွေမှာသာ ငါး
ခိုးဖမ်းချင် ဖမ်းမယ်၊ မဲကြီးအင်းမှာတော့ ဘယ်
တော့မှ ငါးခိုးမဖမ်းကြဘူးဗျ။
မီးသွေးခဲရောင် သရဲတွေ ဝိုင်းလိုက်လို့ အသက်
လုပြီး ပြေးခဲ့ကြရတာချည်းပဲဗျ။ အင်းသူကြီး အ
စဉ်အဆက်ကလည်း ဦးမဲကြီးမိသားစုငါးယောက်
ကို အမြဲတင်မြှောက်နေကြတာဗျ။
ဒီတော့ မီးသွေးခဲရောင် သရဲတွေကလည်း ဒီ
အင်းကြီးကို အမြဲစောင့်ရှောက်ပေးနေကြတာ
ပေါ့ဗျာ။ နက်မှောင်နေတဲ့ ဦးမဲကြီးတို့ သရဲမိ
သားစုကို ဒီနယ်က လူတွေ မကြာ မကြာ မြင်
ကြရတယ်တဲ့ဗျို့။
ကျုပ်ရောက်သွားတဲ့အချိန်က နွေဦးပေါက်ဗျ။ လေးလေးဆ်ိတ်ဖွားကငါးပိကောင်နဲ့ ငါးကျည်း
ကြပ်တိုက်ခြောက်တွေ ဝယ်ဖို့သွားတာဗျ။ ငါး
ရံ့ခြောက်လည်း ဝယ်တယ်ဗျ။ ကျုပ်တို့တည်း
တဲ့ရွာက ဘုရားဖြူလို့ ခေါ်တယ်ဗျ။ ရွာထိပ်မှာ
ထုံးဖြူဖြူနဲ့ ကိုးတောင်ပြည့်စေတီလေးရှိတယ်။
ဒါပေမဲ့ ဒီနယ်က လူတွေက ဘုရားဖြူလို့ မခေါ်
ဘဲ ဖရဖြူ လို့ ခေါ်ကြတယ်ဗျ။ အောက်ပြည်
အောက်ရွာမှာက ကျုပ်တို့ အညာဒေသလို ရွာ
ဝိုင်းတွေ တည်ကြတာမဟုတ်ဘူးဗျ။ ရွာတန်း
ရှည်တွေ တည်ကြတာများတယ်။ အခုလည်း
ကျုပ်တို့တည်းတဲ့ ဖရဖြူက ရွာတန်းရှည်ပဲဗျ။
ကျုပ်နဲ့ လေးလေးဆိတ်ဖွား တစ်ညအိပ်ပြီး
တာနဲ့ အိမ်နီးနားချင်းတွေကို တော်တော်
သိသွားတာဗျ။
လေးလေးဆိတ်ဖွားကလည်း ဒီရွာကို မကြာ
မကြာ ရောက်တော့ အသိအကျွမ်း တော်တော်
ပေါနေတော့တာပေါ့ဗျာ။ ကျုပ်တို့ရောက်တဲ့ည
မှာပဲ အနီးအနားကလူတွေ ရောက်လာပြီး လေး
လေးဆိတ်ဖွား ယူလာတဲ့ အညာကုန်တွေကို
ဝယ်ကြခြမ်းကြတာဗျို့။ အညာက ပါလာတဲ့
ထန်းလျက်တို့၊ ကြံသကာတို့၊ အညာဆီး(ဇီး)
ယိုတို့၊ ပဲကြီး၊ မောင်မခေါ်ပဲ၊ မြေပဲ၊ မန်ကျည်း
သီးပေါ့ဗျာ။ ပြီးတော့ အညာရက်ကန်းစင်တွေ
မှာ ရက်တဲ့ အညာစောင်တို့၊ ခုံခင်းတို့ လက်
သုတ်ပဝါတို့လည်း လေးလေးဆိတ်ဖွားက
ယူလာတာဗျ။
လာပြီးစျေးဝယ်ကြတဲ့အထဲမှာ ယောက်ျားတွေ
လည်း လိုက်လာကြပြီး ကျုပ်တို့တည်းတဲ့ ဘ
ထွေးအုန်းခိုင်တို့ အရီးမြရင်တို့အိမ်မှာ လက်
ဖက်ရည်ဝိုင်းဖွဲ့ကြတော့တာပေါ့ဗျာ။ အဲဒီထဲမှာ
ကိုစံချစ်လို့ခေါ်တဲ့ လေးလေးတစ်ယောက်က
တော်တော်ကို နှံ့စပ်တဲ့လူဗျ။ အတွေ့အကြုံ
လည်း တော်တော်ကို များတာဗျ။
အတွေ့အကြုံလည်း တော်တော်ကို များတာဗျ
စကားပြောကလည်း လွှတ်ကောင်းတဲ့လူပါဗျာ။
လက်ဖက်ရည်ဝိုင်းမှာ သူကချည်း ဦးဆောင်
ပြောတော့တာဗျ။ ပြောရင်းကနေ ဘယ်လို
ဘယ်လို သရဲအကြောင်းတွေ ရောက်သွားတယ်
မသိပါဘူးဗျာ။ကိုစံချစ် ကြုံဖူးတဲ့ သရဲတွေ နည်း
တာ မှတ်လို့။
“နေပါဦး စံချစ်ရဲ့၊ အညာကလာတဲ့ ဟောဒီက
လေး မောင်တာတေက ဗဟုသုတအကြောင်း
တွေ တော်တော်လေးစိတ်ဝင်စားပုံရတယ်ကွ။
မင်းကြုံဖူးတဲ့ အထဲက မင်းလှေကို လိုက်ဆွဲတဲ့
ပန်းမခုန်ချောင်းထဲက သရဲအကြောင်း ပြော
ပြလိုက်ပါဦးကွ”
ဦးရွှေဒိုးဆိုတဲ့ အသက်ခြောက်ဆယ်လောက်
ဘိုးတော်က ပြောလိုက်တာဗျ။ ဦးကံမြင့်တို့၊ ဦး
စောဖေတို့ ဆိုတဲ့ ဘိုးတော်ကြီးတွေကတော့
လေးလေးအုန်းခိုင်တို့ သုတ်ပြီး ဧည့်ခံထားတဲ့
အညာလက်ဖက်သုတ်နဲ့ မြေပဲကြော်ကို ရေနွေး
ကြမ်းနဲ့ မြည်းကြလို့ပေါ့ဗျာ။
“ဟဲ ဟဲ ဟဲ ပန်းမခုန်ချောင်းက သရဲလား၊ ဒီ
သရဲက အလကားနေရင်း ရေထဲမှာ စိမ်နေတဲ့
သရဲထင်ပါတယ် မောင်တာတေရယ်၊ ပန်းမ
ခုန်ချောင်းထဲမှာ လှေနဲ့သွားတဲ့လူတွေ ဒီသရဲ
ကို မကြာ မကြာ မြင်ဖူးကြတယ်ကွ၊ အဲဒီနေ့
က ကျုပ်က ငွေသောင်ယံဘက်က ပြန်လာ
တာ။ ပန်းမခုန်ချောင်းထဲရောက်တော့ မှောင်
ရီသမ်းနေပြီ။ ဒါနဲ့ ကျုပ်လည်း ခတ်ဗောက်တူ
လေးကို ခပ်မြန်မြန် ခတ်လိုက်တယ်
အချိန်ကလည်း နွားရိုင်းသွင်းချိန်လေကွာ။ မ
တော်လို့ ရေစိမ်နေတဲ့ ပန်းမခုန်ချောင်းက သ
ရဲနဲ့ တွေ့နေမှာဖြင့် ခက်မယ်ဆိုပြီး ဗောက်တူ
ကို မနားတမ်း ခတ်ရတော့တာပေါ့ကွာ။
(ဗောက်တူဆိုတာ ခတ်တက်အရှည်နှစ်ချောင်း
တပ်ပြီး ခတ်ရတဲ့ လှေငယ်အမျိုးအစားကို ပြော
တာဗ်)
ပန်းမခုန်ချောင်းက သရဲက လှေရှေ့မလှမ်းမ
ကမ်းမှာ ရေထဲကနေ ဘွားကနဲ ပေါ်လာတတ်
တယ်လို့ သူများတွေပြောသံ ကြားဖူးတော့ နည်း
နည်းတော့ ကြောက်နေတာပေါ့ကွာ။ အဲဒီလို ခပ်
သုတ်သုတ် ခတ်နေရင်းကနေ ကျုပ်ဗောက်တူ
က ရှေ့ကို သိပ်မရွေ့သလို ဖြစ်လာတယ်ကွ။
ကျုပ်လည်း ဟိုကြည့် သည်ကြည့် လိုက်ကြည့်
တာပေါ့ကွာ။ ဒါပေမဲ့ ဘာမှမတွေ့ဘူးကွ၊ ဒါနဲ့
ဗောက်တူကို ပြန်ခတ်တာပေါ့ကွာ။ ဒီတော့
လည်း ဗောက်တူက မရွေ့ဘူးကွ။ ဒါနဲ့ လှေ
နောက်ကို လှည့်ကြည့်တော့ လှေနဲ့ ခပ်လှမ်း
လှမ်းမှာ သွားတွေ့တာကိုးကွ”
“ဗျာ ဘာကိုတွေ့တာတုံးဗျ၊ လေးလေးစံချစ်ရဲ့”
ကျုပ်က စိတ်ဝင်တစားနဲ့ မေးလိုက်တာဗျ
“ရေထဲမှာ ခေါင်းလေးပဲ ပေါ်နေတဲ့ ပန်းမခုန်
ချောင်းက သရဲပေါ့ကွာ။ ဆံပင်ဖားလျားကြီးနဲ့
ကွ။ မျက်လုံးတစ်လုံး တစ်လုံးကို အကြမ်းပန်း
ကန်လောက် ရှိမယ်ထင်တယ်ကွ၊ ကျုပ်ကို
ရေထဲကနေ စိုက်ကြည့်နေတယ်။
ကျုပ်လည်းဗြုန်းစားကြီးဆိုတော့ ဘာလုပ်ရ
မှန်း မသိတော့ဘဲ ကြက်သီးတွေ တဖြန်းဖြန်း
ထလာတော့တာဟေ့။ သေသေချာချာ ကြည့်
တော့မှ ဒီကောင်က လှေနဲ့ ခပ်လှမ်းလှမ်းက
နေပြီး လက်အရှည်ကြီးနဲ့ ကျုပ်ဗောက်တူကို
ဆွဲထားတာကွ။
ကျုပ်စိတ်အထင်တော့ သူ့လက်တံကြီးဟာ ဘယ်လောက်ရှည်သလဲဆိုရင် ဆယ်ပေ ဆယ့်ငါးပေလောက်ကို ရှည်တာကွ မောင်
တာတေရဲ့၊ အဲဒီလက်အရှည်ကြီးနဲ့ ကျုပ်
လှေကို ဆွဲထားတာကွ။ ကျုပ်လည်း အသင့်
ပါလာတဲ့ ငှက်ကြီးတောင်ဓါးကိုလှမ်းဆွဲလိုက်
ပြီး လှေကို ဆွဲထားတဲ့ လက်ကြီးကို ခုတ်ချ
လိုက်ရောဟေ့”
“ဟာ၊ ခုတ်မိလား လေးလေး”
“ဘယ်ခုတ်မိမှာတုံးကွာ၊ ဒါပေမဲ့ ဒီသရဲက ဓါး
ဆိုရင် သိပ်ကြောက်တယ်လို့ ကျုပ်ကြားဖူး
တယ်ကွ။ ဘာဖြစ်လို့တုံးဆိုတော့ လူ့ဘဝတုန်း
က ဓါးနဲ့ သေထားတာလို့ ပြောကြတယ်။ အဲဒီ
ပန်းမခုန်ချောင်းထဲမှာပဲ လှေပေါ်မှာ ဓါးနဲ့ခုတ်
သတ်ပြီးမှ ရေထဲကို ပစ်ချလိုက်တာလို့ ပြော
ကြတယ်။ ဓါးမြင်ရင် ဆက်မလိုက်ဝံ့ဘူးပြော
တာ ကြားဖူးတာနဲ့ ကျုပ်က သရဲကို ဓါးမြှောက်
ပြလိုက်တယ်။ ဟုတ်တယ်ဟေ့၊ ဓါးလည်း မြင်
ရော ဆွဲထားတဲ့ ကျုပ်ရဲ့ ဗောက်တူကို လွှတ်
လိုက်ပြီး ရေထဲကို ထိုးပြီး ငုတ်သွားတော့တာ
ပါပဲကြာ”
“ဟား ဟား ဟား ဟား မင်း အဲဒီတုန်းက
တော်တော်ကြောက်သွားလားကွ စံချစ်ရဲ့”
ဘိုးတော်ကြီး ဦးကံမြင့်က မေးလိုက်တာဗျ။
လေးလေးစံချစ်က လက်ထဲက ဆေးပေါ့လိပ်
ကလေးကို ဖွာတော့မလိုလုပ်ပြီးမှ ပါးစပ်က
ပြန်ချွတ်လိုက်ပြီး ပြောတယ်ဗျ
“ဟာ၊ ကြောက်သွားတာတော့ မပြောနဲ့တော့
ဘိုးကံမြင့်ရေ၊ တစ်ကိုယ်လုံးမှာ ရှိသမျှ အမွေး
အမျှင်တွေ အကုန်လုံး ထောင်ထသွားတာဗျို့”
“ဟား၊ ဟား၊ ဟား၊ ဟား၊ ဟား”
ဘိုးတော်ကြီးတွေဆိုတာ ရယ်လိုက်ကြတာဗျာ
လေးလေးစံချစ်ကလည်း လွှတ်အပြောကောင်း
တာဗ်
“နေပါဦး စံချစ်ရဲ့၊ မင်းလှေထဲခုန်ချတဲ့ သရဲအ
ကြောင်း မောင်တာတေကို ပြောပြလိုက်ပါဦးကွ”
ဦးစောဖေဆိုတဲ့ ဘိုးတော်ကြီးက လေးလေးစံ
ချစ်ကို ပြောလိုက်တာဗျ။ လေးလေးစံချစ်က
ဆေးပေါ့လိပ်ကလေး နှစ်ဖွာ သုံးဖွာ ဖွာလိုက်
ပြီး လက်ဖက်တစ်ဇွန်း စားတယ်ဗျ။ ပြီးတော့
ရေနွေးကြမ်းကို ဖရူး ဖရူးနဲ့ သောက်ချလိုက်
တယ်
“အဲဒီတုန်းက မြို့က ဆန်စက်မှာ စပါးကြိတ်ပြီး
ပြန်လာတာကွ မောင်တာတေရ၊ ဟောဒီ ဖရ
ဖြူချောင်းထဲကို ဆံဗောက်တူ ဝင်လာတော့
ရေကျနေပြီလေ။ ဒီတော့ ဖရဖြူချောင်းထဲမှာ
ရေကနည်းပြီး ချောင်းက ကျဉ်းကျဉ်းလေး ဖြစ်နေတော့တာပေါ့ကွာ၊ ကျုပ်က ဗောက်တူ
ကို နောက်ကခတ်ပြီး တက်မကိုင်လာတာ။
မင်းအရီးက ရှေ့ကခတ်ပြီး ခပ်ဖြည်းဖြည်း
လေး ဝင်လာတာပေါ့ကွာ။ အဲဒါ ဘုရားဖြူ
လေးကျော်လာပြီး ကုက္ကိုပင်ကြီးအောက်ကို
ရောက်တော့ လှေထဲက ဆန်တွေပေါ်ကို
ဘုတ်ကနဲ ခုန်ချတာဟေ့။
ကျုပ်မျက်စိထဲမှာ မည်းမည်းအရိပ်ကြီးတစ်ခု
မြင်လိုက်ရတယ်ကွ၊ လှေပေါင်းမိုးတင်တဲ့တိုင်
မှာ ချိတ်ထားတဲ့ ခေါက်ဆွဲကြော်ထုပ်ကိုဆွဲပြီး
ကုက္ကိုပင်ပေါ်ကို ခုန်တက်သွားရောဟေ့။ လှေ
က ငြိမ့်ကနဲဖြစ်သွားတော့ မင်းအရီးက နောက်
ကို လှည့်ကြည့်တယ်ကွ။ သူလည်း မည်းမည်း
အရိပ်ကြီးတစ်ခု မြင်လိုက်ရတယ်။
ငါတို့ မြို့ကဝယ်လာတဲ့ ခေါက်ဆွဲကြော်ထုပ်
ကလေးတော့ ပါသွားရောဟေ့၊ တို့နှစ်ယောက်
လည်း ဘာပြောကောင်းမလဲကွာ၊ လှေကိုတရ
စပ်ခတ်တော့တာဟေ့။ လှေကလည်း စပါးနှစ်
ရာပါဆိုတော့ အရှိန်ရတာနဲ့ ရွေ့တော့တာပေါ့
ကွာ။ အိမ်ကို ဘယ်လိုပြန်ရောက်လာမှန်း
တောင် မသိပါဘူးကွာ။ အဲဒီညကတော့ ထမင်း
နဲ့စားဖို့ဝယ်လာတဲ့ ခေါက်ဆွဲကြော်ထုပ်ကလေး
ကို သရဲလုယူထားလိုက်လို့ ကျုပ်နဲ့ မင်းအရီးနဲ့
ဘဲဥကြော်လေးနဲ့ပဲ ညစာစားပြီးလိုက်ကြရ
တာပေါ့ကွာ”
“ဟား၊ ဟား၊ ဟား၊ ဟား တော်သေးတာပေါ့
စံချစ်ရာ၊ အိမ်မှာ ဘဲဥ အဆင်သင့် ရှိနေလို့
ပေါ့။ မဟုတ်ရင်တော့ ငါးပိရည် ဆမ်းစား
လိုက်ရမှာဟေ့”
“ဟုတ်ပါ့ ဘိုးရွှေဒိုးရာ”
လို့ လေးလေးစံချစ်က ပြန်ပြောလိုက်တယ်ဗျ။
“ဒါပေမဲ့ ကျုပ်ကြံခဲ့ရတဲ့ သရဲတွေထဲမှာ အ
ကြောက်ဆုံးကတော့ မဲကြီးအင်းက မီးသွေးခဲ
သရဲတွေပဲဗျ”
“ဟေ၊ မီးသွေးခဲသရဲတွေနဲ့ ကြုံဖူးလို့လားကွ
စံချစ်ရ”
“ဟာ ကြုံဖူးပါပြီလား ဘိုးကံမြင့်ရာ၊ ဒီလိုဗျ။
ကျုပ်က မဲကြီးအင်း ငါးသွားဝယ်တာဗျို့။အိမ်
က ဘိုးရဲ့တူမက ငါးရံ့ခြောက်ခွဲပြီး လှန်းမယ်
လို့ ပြောလို့ ကျုပ်က သွားဝယ်တာဗျို့။ အင်း
သူကြီး ဦးမှတ်ကလည်း သဘောကောင်းတော့
ငါးရံ့မှ အကြီးကြီးတွေ ရွေးပေးလိုက်တာဗျ။
ပြီးတော့ ငါးပိကောင်လုပ်ဖို့ ဆိုပြီး ငါးခူတွေပါ
အဆစ်ထည့်ပေးလိုက်သေးတာဗျ။ကျုပ်လည်း
ငါးတောင်းလေးထမ်းပြီး အင်းရေစပ်အတိုင်း
လျှောက်ပြန်လာတာပေါ့ဗျာ။
အချိန်ကတော့ ညနေနည်းနည်းတော့ စောင်း
နေပြီဗျ။ ဒါနဲ့ သဖန်းပင်ကြီးတွေနေရာရောက်
တော့ ကျုပ်နောက်က လျှောက်လာတဲ့ခြေသံ
ကို ကြားလိုက်ရတယ်ဗျ။ ဒါနဲ့ ကျုပ်လည်း
နောက်ကိုဖျတ်ကနဲ လှည့်ကြည့်လိုက်တော့
လား လား ဝါးနှစ်ရိုက်လောက်အကွာကနေ
မီးသွေးသရဲ တစ်ကောင်လိုက်လာတာဗျို့။
တစ်ကိုယ်လုံး မီးသွေးခဲလို မည်းနက်နေပြီး
ဆံပင်က ဒူးခေါင်းဖုံးအောင် ကျနေတာဗျ။
အလုံးအထည်ကတော့ လူနှစ်ယောက်စာ
လောက် ရှိမယ်ဗျ။ အရပ်က ရှစ်ပေလောက်
ရှိမယ်ထင်တယ်။ ကျုပ်ကို စိုက်ကြည့်ပြီး
လိုက်လာတာဗျို့”
“ဟာ …အဲဒီတော့ လေးလေးစံချစ်
ဘာလုပ်တုံးဗျ”
ကျုပ်က မေးလိုက်တာဗျ။ ဒီတော့ လေးလေးစံ
ချစ်က ကျုပ်ကို လှည့်ကြည့်ပြီး ပြုံးတယ်ဗျ။
“ဟာ…ဘာလုပ်ရမှာတုံး မောင်တာတေရဲ့၊
လေးလေးပြေးတာပေါ့ကွာ။ ငါးတောင်းလေး
ထမ်းပြီး ပြေးလိုက်တာမှ လေထဲမှာကို လွင့်
နေတာဟေ့။ အင်းစပ်ကို မလျှောက်တော့ဘဲ
ကွင်းဘက်ကို ပြေးတာဟေ့။ ဒီကောင် ကွင်း
တစ်ဝက်လောက်အထိ လိုက်လာသေးတယ်
ကွ။ ဒါပေမဲ့ နောက်တော့ ဆက်မလိုက်တော့
ဘဲ မတ်တတ်ကြီးရပ်ပြီး ကျုပ်ကို ကြည့်ရင်း
ကျန်ရစ်ခဲ့တယ်ကွ။ ကျုပ်ကတော့ အပြေးမ
ရပ်ပါဘူး။ အိမ်ပေါက်ဝ ရောက်တဲ့အထိ ပြေး
ချလာတာဟေ့။ အိမ်ရောက်တော့ မောပြီး
စကားတောင် ချက်ချင်း မပြောနိုင်ဘူးကွ။
မင်းအရီး ရေခပ်တိုက်တော့မှ တဖြည်းဖြည်း
အမောပြေသွားတယ်ဟေ့။ ဒီတော့မှ စကား
ပြောနိုင်တာ မောင်တာတေရ”
“မီးသွေးသရဲက လေးလေးဝယ်လာတဲ့ ငါးတွေ
လုချင်လို့နဲ့ တူတယ်ဗျ”
ကျုပ်က ပြောလိုက်တော့ လေးလေးစံချစ်က ခေါင်းညိတ်ပြပြီး…
“သေချာတာပေါ့ မောင်တာတေရာ၊ ဒီကောင်
ငါးလုချင်လို့ လိုက်လာတာပေါ့ကွာ။ လေးလေး
တွေ့သမျှ သရဲတွေမှာ မဲကြီးအင်းက မီးသွေး
ခဲလို မည်းနက်နေတဲ့ သရဲက ကြောက်စရာ
အကောင်းဆုံးပဲကွ”
“အကုသိုလ်အများကြီးနဲ့ သရဲဖြစ်သွားတာနေ
မှာပေါ့ လေးလေးရာ”
“ဟာ၊ သိပ်ဟုတ်တာပေါ့ကွာ၊ မောင်တာတေ
က ဘယ်ဆိုးလို့တုံးကွ၊ ကုသိုလ်ကံ အကုသိုလ်
ကံတွေရဲ့ သဘောကို သိနေတာပါလား”
ဘိုးတော်ကြီးဦးစောဖေက ကျုပ်ကိုချီးမွမ်းတာဗျ
“ဒီလိုပါ ဘိုးရယ်၊ ကျုပ်က ရွာမှာ ဆရာတော်နဲ့
အလှူတရားပွဲတွေ၊ ကထိန်တရားပွဲတွေကို
ကျောင်းသားလုပ်ပြီး လိုက်ခဲ့ရတော့ ဆရာ
တော်ဟောတဲ့ တရားတွေကို နားရည်ဝနေ
တာပါဘိုး”
“ဟာ၊ သိပ်ကောင်းတာပေါ့ မောင်တာတေရဲ့၊
ငယ်ငယ်ကတည်းက ကုသိုလ်၊ အကုသိုလ်ကို
ကွဲကွဲပြားပြား နားလည်တာ သိပ်ကောင်းတာ
ပေါ့ လူကလေးရဲ့”
ဒီည လက်ဖက်ရည်ဝိုင်းလေးက တော်တော်
တော့ ဗဟုသုတ ရသားဗျ။ လေးလေးဆိတ်
ဖွားလည်း စျေးတော်တော်ရောင်းကောင်း
တယ်ဗျို့။ ပါလာတဲ့ အညာကုန်တွေ တော်
တော်လေး ကုန်သွားတယ်ဗျ။ ကျုပ်လည်း
လေးလေးစံချစ်ရဲ့ ကိုယ်တွေ့သရဲအကြောင်း
တွေကို တော်တော်လေး ကြားလိုက်ရတယ်။
ညဆယ်နာရီလောက် ရောက်တော့မှ ဓါတ်မီး
တွေ တဝင်းဝင်းထိုးပြီး ပြန်သွားကြလေရဲ့ဗျို့။
ဒီတော့မှ ကျုပ်တို့လည်း အိပ်ရာဝင်ခဲ့ကြတာ
ပေါ့ဗျာ။ ခရီးကလည်းပန်းလာတာဆိုတော့
ကျုပ်လည်း တစ်ချိုးတည်း အိပ်ပျော်သွား
တော့တာဗျို့။
“ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်၊ လိုက်ဟေ့၊
လိုက်ဟေ့၊ လူကပ်တယ်ကွ၊ လိုက်လိုက်၊
လိုက်ဟေ့”
ကျုပ်လန့်နိုးသွားတယ်ဗျ။ ဘယ်အချိန်မှန်း
တော့ မသိဘူး။ ရွာထဲက သံချောင်းခေါက်
သံတွေ ကြားရတယ်ဗျ
“သူခိုးကပ်တာ ထင်တယ်”
ဘထွေး အုန်းခိုင်က ပြောလိုက်တာဗျ
“ဘယ်သူ့အိမ်များ သူခိုးက ကပ်တယ်မသိပါ
ဘူးတော်၊ လူဖြင့် လန့်လိုက်တာ၊ အိပ်ကောင်း
တုန်း ရှိသေးတယ်”
အရီးမမြရင်ကလည်း လန့်နိုးလာလို့
ပြောနေတာဗျ
“သူခိုးက ဘယ်သူ့အိမ်ကို ကပ်တာတုံးကွ”
“ပန်းမောင်တို့ အိမ်တဲ့ဟေ့”
ရွာထဲမှာ တစ်အိမ်နဲ့ တစ်အိမ် အော်ဟစ်ပြော
နေတဲ့ အသံတွေ ကြားနေရတယ်ဗျ
“ဒီရွာက ညတိုင်း ကင်းစောင့်ရတာလား
ဘထွေး”
ကျုပ်က ဘထွေးအုန်းခိုင်ကို မေးလိုက်တာဗျ
“ကင်းရယ်လို့ သပ်သပ်မရှိပါဘူး မောင်တာ
တေရယ်”
“နို့သံချောင်းခေါက်တာ ကင်းက ခေါက်တာ
မဟုတ်ဘူးလား ဘထွေးရဲ့”
“မဟုတ်ဘူး မောင်တာတေ၊ ကျုပ်တို့ရွာက
အိမ်တိုင်းမှာ သံချောင်းတွေ ဆွဲထားကြတာ၊
ဟိုမှာလေ ဘထွေးတို့လည်း ဆွဲထားတာပဲ”
ဒီတော့မှ ကျုပ်မြင်သွားတာဗျ။ မှောင်ထဲ
ရောက်နေလို့ မမြင်ရတာ။သံဂွေတစ်ခု ဘ
ထွေးအုန်းခိုင်တို့ ချိတ်ထားတယ်ဗျ။ ဒါမျိုး
တွေ အိမ်တိုင်းမှာ ရှိမှာပဲဗျ
” အကြောင်းရှိတဲ့အိမ်က သံချောင်းခေါက်ရင်
တစ်ရွာလုံး နိုးပြီး ထွက်ကြရတာပေါ့ကွယ်”
“ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်”
“ဟာ၊ ခေါက်ပြန်ပြီဟေ့၊ ဒီတစ်ခါ ရွာတောင်
ပိုင်းက အသံကွ”
“ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်”
“ဟာ၊ မြောက်ပိုင်းကလည်း ခေါက်နေပါလား၊
ဘယ်လိုဖြစ်တာတုံး၊ သူခိုးတွေ ဘယ်လောက်
များလို့ တစ်ရွာလုံး ခေါက်နေတာတုံး”
ဘထွေးအုန်းခိုင်က ပြောတော့ အရီးမြရင်
က နားစွင့်နေရင်းက ပြောတယ်ဗျ။
“ကိုအုန်းခိုင်၊ ဒါ သူခိုးတော့ မဟုတ်လောက်
ဘူးတော့၊ သူခိုးဆိုရင် ပထမတစ်ခါ ခေါက်
ကတည်းက ပြေးပြီပေါ့တော့၊ သံချောင်း
ခေါက်ပြီ ဆိုကတည်းက လူတွေနိုးသွားပြီ
ဆိုတာ သိနေပြီပဲ။ နောက်ထပ် ထပ်ပြီးကပ်
ပါဦးမလား”
“အင်း၊ မင်းပြောတာလည်း ဟုတ်တာပဲ၊ ဒါဆို
ရင် ဘာတုံးဗျ”
“ဘာဆိုတာတော့ ကျုပ်လည်း မသိဘူးလေ
တော်”
ခဏနေတော့ လေးလေးစံချစ်နဲ့ လူသုံးလေး
ယောက် ရောက်လာတယ်ဗျ။
“ဟေ့ စံချစ် ဘာဖြစ်တာတုံးကွ “
“အစ်ကိုအုန်းခိုင်ရေ၊ ကျုပ်တို့ရွာတော့ တစ်ခု
ခုဖြစ်ပြီ ထင်တယ်ဗျို့။ သူခိုးကပ်တာတော့ မ
ဟုတ်ဘူးဗျ။ မည်းမည်းအကောင်တွေလို ပြော
တယ်”
“ဘာတုံးကွ၊ မည်းမည်းအကောင်ဆိုတာ”
“မကောင်းဆိုးဝါးတွေ ဖြစ်မယ်ထင်တယ်ဗျ”
“ဟေ၊ မကောင်းဆိုးဝါး ဟုတ်လားကွ
စံချစ်။ဘယ်တုန်းကမှ တို့ရွာမှာ ဒါမျိုး
မဖြစ်ဖူးပါကွာ”
“ကျုပ်ထင်တာကို ပြောတာပါဗျာ။ အစ်ကို
အုန်းခိုင်စဉ်းစားကြည့်လေ၊ သူခိုးဆိုတာ တစ်
ယောက်တည်း လာတာဗျ။ ဒီက သံချောင်း
ခေါက်လိုက်၊ နောက်တစ်နေရာ သွားကပ်
လိုက်၊ နောက်တစ်နေရာက သံချောင်းခေါက်
လိုက် နောက်ထပ်တစ်နေရာ သွားကပ်လိုက်
လုပ်နေပါ့မလားဗျာ၊ လူမြင်သွားပြီဆိုကတည်း
က သူခိုးက တန်းပြေးပြီးသားပဲဗျ။ အခုဟာက သုံးနေရာတောင် ကပ်တယ်ဆိုတော့ သူခိုး မ
ဟုတ်နိုင်ဘူးလို့ ကျုပ်က ပြောတာပါ”
“မင်းပြောတာလည်း ဟုတ်ပါတယ် စံချစ်ရာ၊
ဒါပေမဲ့ နာနာဘာဝက တို့အိမ်တွေကို ဘာအ
တွက် လိုက်ကပ်နေမှာတုံးကွ၊ နာနာဘာဝဆို
တာ ခိုးမှာလည်း မဟုတ်၊ ဝှက်မှာလည်း မ
ဟုတ်လေကွာ”
“အင်း အစ်ကိုအုန်းခိုင် ပြောတာလည်း စဉ်းစား
စရာပဲဗျ။ ဒါပေမဲ့ ခဏဆိုရင် သိရတော့မှာပါဗျာ
ရွာထဲက လူငယ်တွေ သံချောင်းခေါက်တဲ့ အိမ်
တွေကို လိုက်မေးနေကြတယ်ဗျ။ဟော ပြောရင်း
ဆိုရင်း ပြန်လာကြပြီဗျို့။ ဟေ့ သာဥာဏ်၊ ဘယ်
လိုတုံးကွ၊ ဘာဖြစ်တာတုံး”
“လေးလေးစံချစ်ရေ၊ လူတော့ မဟုတ်ဘူးဗျ”
သာဥာဏ်ဆိုတဲ့ ကာလသားက ပြန်ပြော
တာဗျို့။
“ဟေ၊ လူမဟုတ်ဘူးဆိုတော့ ဘာတုံးကွ၊
သာဥာဏ်ရဲ့”
“သူတို့ပြောတာကတော့ အရိပ်လိုလို ဘာလို
လိုတဲ့ လေးလေးရာ၊ အိမ်ထဲကို ချောင်းကြည့်
နေတာတဲ့ဗျ။ မျက်လုံးနီနီတွေနဲ့တဲ့ဗျ”
“ဟ၊ ဒါဆိုရင်တော့ သရဲပဲ ဖြစ်မယ်ကွ”
လေးလေးစံချစ်က ပြန်ပြောလိုက်တော့ ကာ
လသားကိုသာဥာဏ်ကလည်း ခေါင်းညိတ်ပြီး
ပြောတယ်ဗျ။
“ကျုပ်လည်း သရဲလို့ပဲ ထင်တယ်ဗျ။ ကျုပ်တို့
ရွာထဲကို သရဲက ဘာကြောင့် ဝင်လာတာတုံး
ဆိုတာ ကျုပ်စဉ်းစားနေတာဗျ။ လေးလေးရ”
“ဝါထွက်တုန်းကလည်း ငါတို့တွေ ရွာဘုံစုပြီး
ဦးရှင်ကြီး တင်တာပါပဲကွာ”
ဘထွေးအုန်းခိုင်နဲ့ လေးလေးစံချစ်တို့ ပြောဆို
နေကြတာကို ကျုပ်နဲ့ လေးလေးဆိတ်ဖွားက
ငြိမ်ပြီး နားထောင်နေကြတာဗျ။ ကျုပ်တို့က
ဧည့်သည်တွေလေဗျာ။ အကျိုးအကြောင်း
သေသေချာချာ မသိဘဲ ဝင်ပြောလို့ ဘယ်ဖြစ်
ပါ့မတုံး။ နောက်နေ့ရောက်တော့ ရွာထဲမှာ ရုံး
စုရုံးစုနဲ့ ဒီအကြောင်းကိုပဲ ပြောနေကြတော့
တာပေါ့ဗျာ။ အလုပ်ရှိတဲ့ လူက အလုပ်သွား
ပြီး ကျန်တဲ့လူတွေက ဟိုအိမ်သွား ဒီအိမ်သွား
နဲ့ ဒီအကြောင်းပဲ ပြောကြတာပေါ့ဗျာ။
ညက ရွာလန့်ထားတာလေဗျာ။ ထနောင်းကုန်း
ဆိုရင်တော့ ခုလောက်ဆို ကျောက်ခဲနဲ့ သံမဏိ
ကျုပ်ဆီကို ရောက်လာပြီပေါ့ဗျာ။ လူစုပြီးစကား
တွေ ပြောပြီဆိုတော့ ကားလာပြီပေါ့ဗျာ။ တချို့
အိမ်ကလည်း သရဲကို အကောင်လိုက်ကြီး မြင်
လိုက်ရသလို ပြောကြသဗျ။ဒီလိုနဲ့ပဲ တစ်နေကုန်
သွားတယ်။ လေးလေးဆိတ်ဖွားကတော့ပါလာ
တဲ့ အညာကုန်တွေ အားလုံးကုန်အောင်ရောင်း
လိုက်ရပြီဗျို့။ နောက်နေ့ကစပြီး ပြန်ကုန်ဝယ်
ဖို့ စီစဉ်နေပြီဗျ။
တဖြည်းဖြည်းနဲ့ ညနေ နွားရိုင်းသွင်းချိန် ရောက်
လာရောဗျို့။ ညီအစ်ကို မသိတသိအချိန်လို့
ပြောကြတဲ့အချိန်ပေါ့ဗျာ။
“ကယ်ကြပါဗျို့” “သရဲ” “သရဲ” “သရဲဗျို့”
ဟာ၊ ရွာနောက်ဘက်ကွင်းထဲက အော်သံတွေ
ဗျို့။ အော်တာမှ ငယ်သံပါအောင်ကို အော်တာ
ဗျ။ဘထွေးတို့ရော၊ ကျုပ်နဲ့ လေးလေးဆိတ်ဖွား
ရော ပြေးထွက်ကြည့်ကြတာပေါ့ဗျာ။
ဟာ၊ လယ်ကွင်းထဲက စပါးရိတ်ပြီး ပြန်လာတဲ့
လူတွေဗျ။ ပြေးလိုက်ကြတာမှဗျာ၊ လေထဲမှာ
လွင့်နေအောင် ပြေးကြတာဗျ။ အားလုံးငါး
ယောက်ဗျ။ဟာ၊ လဲကျသွားပြီဗျို့ ရွာထဲရောက်
တော့ နှစ်ယောက်က အမော့ဆိုပြီး လဲကျသွား
တယ်ဗျ။ နောက်ကရောက်လာတဲ့ သုံးယောက်
က တမင်နောက်ချန်ပြီး ပြေးလာတဲ့ပုံဗျ။ မိန်းမ
နှစ်ယောက်ကို ရှေ့ကပြေးခိုင်းပြီး ယောက်ျား
တွေကတော့ ဘာမှမဖြစ်ကြဘူးဗျ။
သတိမေ့လဲသွားတဲ့ မိန်းမနှစ်ယောက်ကု သ
တိရအောင် ဝိုင်းလုပ်ပေးကြရတာပေါ့ဗျာ။
ယောက်ျားသုံးယောက်ကလည်း မောနေလို့
ဘာမှ စကားမေး မရသေးဘူးဗျ။ ခဏနေမှ
မေ့တဲ့လူတွေလည်း သတိရ၊ မောတဲ့လူတွေ
လည်း စကားပြောနိုင်လာတာဗျို့။
“ဟေ့ကောင်တွေ၊ ထွန်းမောင်တို့ ငတင်တို့
မင်းတို့ ဘယ်နေရာကတည်းက ပြေးလာကြ
တာတုံးကြ”
“မဲကြီးအင်းကဗျ ဘကြီးရွှေဒိုးရ”
“ဟေ၊ မဲကြီးအင်းကနေ ပြေးလာတာ ဟုတ်
လား အဝေးကြီးပါလား၊ ဒါကြောင့် တင်မြတို့
လှခင်တို့ အမော့ဆို့သွားကြတာကိုး၊ မသေ
ကောင်း မပျောက်ကောင်းကွာ၊ ဘာတွေဖြစ်
လာကြလို့တုံးကွ”
“မီးသွေးခဲသရဲတွေ ဝိုင်းလိုက်လို့ဗျ”
ငတင်ဆိုတဲ့လူက ပြောပြတာဗျ။
“ဘယ်လိုဖြစ်လို့တုံး၊ မင်းတို့ ဘာမှားသွားလို့
တုံး ငတင်ရဲ့”
“ဘာမှမမှားပါဘူး ဘကြီးရာ၊ ကျုပ်တို့ငါး
ယောက် မဲကြီးအင်းနားက လယ်မှာ စပါး
ရ်ိတ်ပြီး ပြန်လာကြတာ၊ အင်းနားရောက်
တော့ သစ်ပင်တွေပေါ်ကနေ သရဲမည်းမည်း
ကြီး လေးကောင် ခုန်ချပြီး ကျုပ်တို့ကို လိုက်
တော့တာဗျ”
“ဟေ…ဟုတ်လား၊ နေပါဦး ငတင်ရဲ့၊ ဒီသရဲ
တွေကို မင်းတို့အထဲက ဘယ်သူက မြင်တာ
တုံး”
“ကျုပ်တို့ငါးယောက်စလုံး မြင်တာဗျ
ဘကြီးရဲ့”
“ဟေ…ဟုတ်လား၊ ဒါကြောင့် စွတ်ပြေးလာ
ကြတာကိုး”
အမောဆို့ပြီး သတိလစ်သွားတဲ့ မတင်မြတို့
မလှခင်တို့ နှစ်ယောက်ဆိုတာ အခုထိကို
ကြောက်ကြတုန်းဗျ။ မျက်လုံးတွေ ပြူးပြီး ဟို
သည် သည်ကြည့်နဲ့ တော်တော်ကို ကြောက်
နေတဲ့ ပုံပဲဗျ။ ငါးယောက်စလုံး နေလို့ကောင်း
သွားတော့မှ သူတို့အိမ်တွေကို ပြန်သွားကြ
တာဗျို့။ ရွာထဲက လူတွေလည်း တဖြည်းဖြည်း
နဲ့ အုံလာလိုက်ကြတာ ဖွေးဖွေးကို လှုပ်ရောဗျ။
ညရောက်တော့ လူတွေက အိမ်ထဲကနေ အိမ်
ပြင်ကို မထွက်တော့ဘူးဗျို့။ ပြောရဦးမယ်ဗျ။
အောက်ပြည်အောက်ရွာက ရွာတွေဆိုတာက
မြစ်ကမ်းနံဘေး၊ ချောင်းကမ်းနံဘေးမှာ အိမ်
တန်းတန်းပြီး ဆောက်ကြတာဗျ။
ကျုပ်တို့အညာရွာတွေလို ရွာဝိုင်း မဟုတ်ကြ
ဘူး။ စည်းရုံးတွေ ဘာတွေလည်း မရှိဘူးဗျ။
အိမ်တန်း နောက်ဘက်မှာက လယ်ကွင်းကြီး
တွေလေဗျာ။ အိမ်တန်းတွေရဲ့ ရှေ့မှာက ရွာ
လမ်းရှိတယ်။ ရွာလမ်းကျော်သွားရင်တော့
ချောင်းပေါ့ဗျာ။ ဒီချောင်းကိုပဲ ကားလမ်းလို
သဘောထားပြီး လှေတွေနဲ့ သွားလာနေကြ
တာပေါ့ဗျာ။ ရွာစည်းရိုး မရှိတော့ လုံခြုံမှု
အားနည်းတာပေါ့ဗျာ
ညရောက်တော့ ရွာထဲကလူတွေ နိုးနိုးကြား
ကြား ရှိနေကြတာဗျ။ တုတ်တွေ ဓါးတွေလည်း
အဆင်သင့်လုပ်ထားကြတာဗျို့။ ကျုပ်တို့တည်း
တဲ့ ဘထွေးအုန်းခိုင်ကတော့ လှံတစ်ချောင်း
အဆင်သင့်လုပ်ထားတယ်ဗျ။
” ဒီအတိုင်းဆိုရင်တော့ ညက ရွာထဲမှာ လန့်
ကြတာလည်း ဒီသရဲတွေပဲ ဖြစ်မယ် မြရင်ရေ”
” ဘယ်သရဲတုံး ကိုအုန်းခိုင်ရဲ့”
“ဟဲ့ မဲကြီးအင်းက မီးသွေးခဲသရဲတွေပေါ့ဟဲ့”
“ဟုတ်ချင်မှ ဟုတ်မှာပေါ့တော်၊ မနေ့ညက ရွာ
ကို ကပ်တာက လူဖြစ်ချင် ဖြစ်မှာပါ၊ မဲကြီးအင်း
က သရဲတွေ လူကို လိုက်တာက သပ်သပ်တစ်
ခု ဖြစ်ချင် ဖြစ်မှာပေါ့”
တဖြည်းဖြည်း ညနက်လာပြီဗျ၊ လေအေးလေး
တွေ တိုက်နေတယ်။ ချောင်းထဲမှာ ရေပြည့်
နေပြီဗျ
“ဟေ့ အောင်မြတို့ အိပ်ပြီလားကွ”
ချောင်းထဲမှာ ခတ်သွားတဲ့ ဗောက်တူပေါ်က
ဘထွေးအုန်းခိုင်တို့ဘေးအိမ်ကို လှမ်းမေး
သွားတာဗျ
“ကျော်မြလား၊ မအိပ်သေးပါဘူးကွာ၊ မင်းတို့
ဆန်သွားကြိတ်တာလား”
“အေး ဟုတ်တယ်ကွ၊ မြို့က ဆန်စက်မှာ
ဆန်သွားကြိတ်တာ”
“ဘယ်သူတွေ ပါသေးတုံး”
“လွန်းမောင်နဲ့ ငခွေး ပါတယ်လေကွာ”
“အေး အေး အိမ်ရောက်မှ ထမင်းစားမှာပေါ့
ဟုတ်လား”
“အေး ဟုတ်တယ်၊ မြို့မှာ စျေးဝယ်ပြီး ဟင်း
တွေချက်လာတာကွ”
“ဟာ၊ ကောင်းတာပေါ့ကွ”
” အဲဒါ ဖရဖြူချောင်းဖျားမှာနေတဲ့ ကျော်မြဆို
တဲ့ ကောင်ပေါ့ ကိုဆိတ်ဖွားရဲ့”
“အင်း၊ သူ့အရပ်နဲ့ သူ့ဓလေ့ပဲပေါ့ဗျာ၊ မြစ်ရိုး
ချောင်းရိုးမှာ လှေနဲ့တက်နဲ့ သွားနေကျဆို
တော့လည်း ညအချိန်မရှိလည်း သွားနေကြ
တာပဲနော် ကိုအုန်းခိုင်”
“ဟုတ်တယ် ကိုဆိတ်ဖွားရေ၊ ကျုပ်တို့အောက်
ပြည်ကတော့ လှေပဲ အားကိုးရတာကိုးဗျ”
တော်တော်လေး ညဉ့်နက်လာတော့ ကျုပ်တို့
အိပ်ရာဝင်ကြတယ်ဗျို့။ ကျုပ်ကတော့ ဒီအ
တွေ့အကြုံတွေ ရှိပြီးသားဆိုတော့ တွေးမိပြီး
သားပေါ့ဗျာ။ ဒီညအဖို့ ကျုပ် အိပ်ဖို့ စိတ်ကူး
မရှိဘူးဗျ။ ဒါနဲ့ အရီးမြရင်ရဲ့ ကျောက်ပြင်
နောက်ကျောမှာ မျက်ကွင်းဆေး သွေးပြီး
ကွင်းလိမ်းထားလိုက်တယ်။
လေးလေးဆိတ်ဖွားကတော့ နေ့ခင်းကလည်း
စျေးရောင်းနေရတော့ ခေါင်းနဲ့ ခေါင်းအုံးနဲ့
ထိတာနဲ့ အိပ်ပျော်သွားတော့တာဗျို့။
ဘထွေးအုန်းခိုင်နဲ့ အရီးမြရင်တို့လည်း ဟောက်
သံတွေ ထွက်လာပြီပေါ့ဗျာ။ ညသန်းခေါင်ကျော်
လောက် ရှိပြီဗျ။
“ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်”
ဟော ချောင်းဝဘက်က သံချောင်းခေါက်သံဗျို့
“လိုက်ဟေ့၊ လိုက်ဟေ့၊ ကျွဲပေါက်ကလေး
ပါသွားပြီဟေ့”
“ဒေါင်၊ ဒေါင် ဒေါင် ဒေါင် ဒေါင်”
လူတွေ ထွက်လာပြီဗျို့၊ ရွာလမ်းပေါ်ကို တုတ်
တွေ၊ ဓါးတွေ လှံတွေနဲ့ပေါ့ဗျာ။
ကျုပ်လည်း ရွာလမ်းပေါ်ကို ထွက်လိုက်တယ်
ကျုပ်က ဘထွေးအုန်းခိုင်တို့ အိမ်ဘေးကပတ်
ပြီး အိမ်နောက်ဘက်ကို ပတ်ထွက်တယ်။
နောက်ဘက်က လယ်ကွင်းကြီးက ရိတ်ထား
တော့ အဝေးကြီးကို လှမ်းမြင်နေရတာပေါ့ဗျာ
လရောင်ဖျော့ဖျော့လေးနဲ့ ကြယ်ရောင် မှုန်ပျ
ပျလေးအောက်မှာ လယ်ကွင်းကြီးက တမျှော်
တခေါ်ကြီးပေါ့ဗျာ။ ဟာ…တွေ့ပြီဗျို့။ တွေ့ပြီ။
မည်းနက်နေတဲ့ အကောင်ကြီးဗျာ။ ကျွဲပေါက်
ကို ချိုင်းကြားမှာ ညှပ်ပြီး ပြေးလာတာဗျို့။
ကျွဲပေါက်က ချိုသိပ်မရှည်ဘူးဗျ။ ဒါပေမဲ့
ဇက်ကျိုးပြီး တွဲလောင်းကြီး ကျနေပါပြီဗျာ။
မည်းမည်းအကောင်ကြီးက ပြေးလာတော့
ကျွဲပေါက်ရဲ့ ခေါင်းကြီးက တွဲလောင်းကြီး
ကျပြီး ယမ်းခါနေတော့တာပေါ့ဗျာ။ မည်း
မည်းအကောင်ကြီးက လရောင်အောက်မှာ
မြင်ရတာ မည်းနက်နေတာပဲဗျ။ရွာသားတွေ
ပြောတဲ့ မီးသွေးခဲရောင်သရဲဆိုတာ ဒါပဲဖြစ်
မယ်ဗျ။ မဲကြီးအင်းက သရဲဦးမဲကြီးလား၊
သူ့သားတွေလားတော့ ကျုပ် မသိဘူးဗျ။
ကျုပ်တည့်တည့်က ဖြတ်ပြီး ပြေးသွားတာ
ဗျို့။ အရပ်ကြီးက ဆယ်ပေလောက် ရှိမယ်
ဗျ။ မျက်လုံးကြီးတွေက အကြမ်းပန်းကန်လုံး
လောက် ရှိမယ်ဗျို့။ နီရဲပြီး ပြူးထွက်နေတာ
ဗျ။ ဟာ၊ ထိန်ပင်ကြီးအောက်က မည်းမည်း
အကောင်ကြီး သုံးကောင် ပြေးထွက်လာပြီ
ဗျို့။ပြေးလာတဲ့ သရဲကြီးကို ထိန်ပင်အောက်
မှာ စောင့်နေတဲ့ သရဲသုံးကောင်က ပြေးကြို
ကြတာဗျို့။ ဟော ပြေးကြပြီဗျို့။ မဲကြီးအင်း
ဘက်ကို ပြေးကြတာဗျာ။
“ကျွဲပေါက်တစ်ကောင် ပါသွားပြီဗျို့”
“ဟေ…ဟုတ်လား၊ ကျွဲကို ကြိုးနဲ့ ဆွဲသွား
တာလား”
“ဘယ်ကကျွဲကို ကြိုးနဲ့ ဆွဲသွားရမှာတုံးဗျာ၊
လည်လိမ်ချိုးပြီး ယူသွားတာဗျ။ ဟာ…ကျွဲ
ပေါက်တစ်ကောင်ကိုမ,ယူသွားတယ် ဆို
တော့ နဲနဲနောနောအကောင်မှ မဟုတ်တာ”
“မင်းတို့ မြင်လိုက်လား အောင်တိုး”
“မည်းမည်းအကောင်ကြီးပဲ မြင်တာဗျ။ ကျွဲ
ပေါက်ကို လက်တစ်ဖက်နဲ့ မ,ယူသွားတာ
ဖြစ်မယ်ဗျ”
“နေပါဦး အောင်တိုးရဲ့၊ ဘယ်သူ့ကျွဲတုံးကွ”
“ချောင်းဝက ဦးကုလားကြီးရဲ့ ကျွဲဗျ၊ တင်း
ကုတ်ထဲကို အတင်းဝင်ဆွဲသွားတာတဲ့ဗျ။ ကျွဲ
တွေ လန့်ပြီး အော်ကြ ရုန်းကြနဲ့ ဆူညံသွား
တာတဲ့ဗျို့”
“ဟေ…ကိုကုလားကြီးကျွဲလား၊ ဒုက္ခပါပဲကွာ”
ဘကြီးရွှေဒိုးက ရွာလမ်းပေါ်ထွက်လာပြီး မေး
စမ်းနေတာဗျ။ ပြန်ပြောပြနေတဲ့ အောင်တိုးဆို
တဲ့ လူငယ်က ချောင်းဝဘက်ကို ပြန်လာပုံရ
တယ်။ ဒီည ဖရဖြူရွာလေး မအိပ်ဝံ့ကြတော့
ဘူးပေါ့ဗျာ။ နောက်နေ့ရောက်တော့ ကျုပ်က
ဘိုးတော်ကြီးတွေကို ခေါ်ပေးဖို့ ဘထွေးအုန်း
ခိုင်ကို ပြောလိုက်တယ်။ ဒီတော့မှ လေးလေး
ဆိတ်ဖွားက ကျုပ်အကြောင်းကို ဘထွေးအုန်း
ခိုင်နဲ့ အရီးမြရင်ကို ပြောပြတာဗျ။
“မောင်တာတေက ငယ်ပေမယ့် ဒီကိစ္စမျိုးမှာ
အတွေ့အကြုံ တော်တော်များတယ်ဗျ။ တ
ကယ်တော်တဲ့ ဆရာကြီးတွေနဲ့လည်း လိုက်
နေကျဆိုတော့ အတွေ့အကြုံ အများကြီးရှိ
တယ်။ အထူးသဖြင့် သင်္ချိုင်းစောင့်လို့ ပြော
ကြတဲ့ မဖဲဝါနဲ့ တော်တော်လေး ပတ်သက်
နေတယ်။ ဒီတော့ ခင်ဗျားတို့ ဖရဖြူမှာ ကြုံ
နေတဲ့ ကိစ္စကို သူလုပ်ပေးနိုင်တယ်ဗျ”
“ဟာ၊ နေရာကျတာပေါ့ကွာ၊ ခုလို ကြုံတုန်း
မှာ ဘထွေးတို့ရွာကို ကူညီခဲ့ပါကွာ”
ရွာထဲက ဘိုးတော်ကြီးတွေ ရောက်လာတော့
ကျုပ်က မျက်ကွင်းဆေးကွင်းပြီး ညက ထွက်
ကြည့်တဲ့အကြောင်း၊ မီးသွေးခဲလို မည်းနက်
ပြီး အရိပ်ဆယ်ပေလောက်ရှိတဲ့ ဆံပင်ဖား
လျားကြီး ချထားတဲ့ သရဲကြီးက ကျွဲပေါက်
ကလေးကို ချိုင်းကြားမှာ ညှပ်ပြီး ယူသွားတဲ့
အကြောင်း၊ ထိန်ပင်အောက်မှာ စောင့်နေတဲ့
သရဲသုံးကောင်က ပြေးထွက်လာပြီး ကြိုကြ
တဲ့အကြောင်း၊ မဲကြီးအင်းဘက်ကိုပြေးသွား
တဲ့အကြောင်းတွေ ပြောပြလိုက်တယ်ဗျ။
“ဟာ ဒါဆိုရင် မဲကြီးအင်းမိသားစုပဲကွ။
ဒီသရဲတွေ ဒီအနီးအနားက ရွာတွေကို
ဘယ်တော့မှ မနှောင့်ယှက်ဘူးကွ။ အခု
ဘယ်လိုဖြစ်သွားတာတုံး၊ ဟင် ကိုရွှေဒိုး”
“အင်း၊ တစ်ခုခုတော့ အကြောင်းရှိမယ်ဗျ ကို
ကံမြင့်ရဲ့၊ ကဲ မောင်တာတေ ပြောပေတော့၊
ဘကြီးတို့ ဘာလုပ်ပေးရမလဲ”
“ကျုပ်ကို ဆန်တစ်ခွက်ချက်ပြီး ကြက်နှစ်ပိ
ဿာလောက် ဟင်းချက်ပေးပါ၊ ပြီးရင် ညနေ
ငါးနာရီမှာ ထမင်းဟင်းတွေကို ငှက်ပျောဖက်
နဲ့ ထမင်းထုပ် ထုပ်ပြီး ထမင်းတောင်းလေး
ပြင်ပေးပါ ဘိုး”
“အေး လုပ်ပေးမယ် မောင်တာတေ၊
နောက်ကော”
“ကျုပ်နဲ့ အဖော်လိုက်မယ့်သူ နှစ်ယောက်
ထည့်ပေးပါဘိုး၊ ကျုပ်က ဖရဖြူသင်္ချိုင်းထဲ
ကို သွားမှာမို့ပါ”
“ဟာ လိုက်ပို့ပေးမှာပေါ့ မောင်တာတေရဲ့၊
ဖရဖြူသင်္ချိုင်းက လှေနဲ့ သွားမှ အဆင်ပြေ
မှာ၊ နှစ်ယောက် မဟုတ်ဘူး၊ သုံးယောက်
လိုက်ပို့ပေးမယ်၊ ကဲ ကိုကံမြင့် စံချစ်ကို ခေါ်
ဗျာ။ အားလုံး စီစဉ်ခိုင်းလိုက်၊ လိုက်ပို့မယ့်
လူငယ်သုံးယောက်လည်း တစ်ခါတည်း
ရွေးခိုင်းထား”
လေးလေးစံချစ် ရောက်လာပြီး အားလုံးကို
စီစဉ်ပေးတာဗျ။
“မောင်တာတေရယ်၊ မင်းက ဟိုညကတည်း
က ပြောရောပေါ့ကွာ၊ ဒီသတင်းကြားတော့
လေးလေးက ဝမ်းသာသွားတာကွ၊ ညကျရင်
လေးလေးပါ လိုက်မှာကွ”
လို့ လေးလေးစံချစ်က ဝမ်းသာအားရ ပြော
တာဗျို့။ ညနေ ငါးနာရီမှာ ထမင်းတောင်း အ
ဆင်သင့်ရောက်လာပြီဗျ။ ကျုပ်နဲ့ လိုက်မှာ
လေးလေးစံချစ်ရယ်၊ ကိုတင်ဝင်းဆိုတဲ့ လူရယ်
ကိုစံဒွန်းဆိုတဲ့လူရယ်ဗျ။
လှေကတော့ ဘထွေးအုန်းခိုင်ရဲ့ ဗောက်တူ
လေးနဲ့ပဲ သွားကြမှာ။ ကိုတင်ဝင်းနဲ့ ကိုစံဒွန်း
က လှော်ကြမှာပေါ့ဗျာ။ ညခုနှစ်ထိုးတာနဲ့
ကျုပ်တို့ လှေနဲ့ ထွက်ခဲ့ကြတယ်။ ရှစ်နာရီထိုး
တော့မှ ဖရဖြူသင်္ချိုင်းကို ရောက်တာဗျ။
သင်္ချိုင်းဆိုပေမယ့် အုတ်ဂူတွေ လေးငါးလုံးပဲ
ရှိတာပေါ့ဗျာ။ သူတို့ဓလေ့က မီးသင်္ဂြိုဟ်ကြ
တာ များတယ်တဲ့ဗျ။ ကျုပ်က အုတ်ဂူကြီးကြီး
တစ်လုံးပေါ်မှာ ထမင်းပွဲ ပြင်လိုက်တယ်။ ဖ
ယောင်းတိုင် တစ်တိုင်ထွန်းပြီး ထုံးစံအတိုင်း
မဖဲဝါကို ပင့်တာပေါ့ဗျာ။
လေးလေးစံချစ်တို့ကတော့ ခပ်လှမ်းလှမ်း
က သင်္ချိုင်းဇရပ်ကလေးပေါ်ကနေ ကြည့်
နေကြတာဗျ။ ဟော…လာတယ်ဗျို့။ မဖဲဝါ
လာတယ်။ မဖဲဝါကတော့ဗျာ။ ကျုပ် ဘယ်
ဒေသကပင့်ပင့် ရောက်လာတာချည်းပါပဲ။
ကျုပ်ပြင်ထားတဲ့ ထမင်းတွေ ဟင်းတွေကို
အားရပါးရ စားတော့တာဗျို့။ ဒီတစ်ခါတော့
နက်ကျော်ကြီး ပါမလာဘူးဗျ။ ထမင်းတော်
တော်လေး စားပြီးတော့မှ မဖဲဝါက ကျုပ်ကို
မျက်လုံးနီနီကြီးတွေနဲ့ လှမ်းကြည့်တယ်ဗျ
“ဒီလိုပါ မဖဲဝါ၊ ကျုပ်က ထနောင်းကုန်းက
လေးလေး ဆိတ်ဖွားနဲ့ အလည်လိုက်လာ
တာပါ။ ကျုပ် ဒီရွာမှာ ရောက်နေတုန်း မဲ
ကြီးအင်းက သရဲမည်းမည်းကြီးတွေ ဖရဖြူ
ရွာကို ဝင်ပြီး ဒုက္ခပေးနေတာနဲ့ ကြုံနေလို့ပါ
ညကလည်း ကျွဲပေါက်တစ်ကောင်ကို ဝင်
ဆွဲသွားတယ်ဗျ မဖဲဝါရဲ့”
“အဲဒါ မဲကြီးကိုယ်တိုင် ဝင်ဆွဲတာ၊ မဲကြီးတို့ မိ
သားစုက ငါးယောက်ရှိတာ၊ အခုလေးယောက်
ပဲ ကျန်တော့တယ်၊ အဲဒါ ဘာဖြစ်လို့ဆိုတာ
နင် သိလား တာတေ”
“ကျုပ် မသိပါဘူး မဖဲဝါ”
“အဲဒီတစ်ကောင်က သေသွားတာဟဲ့၊ ဖရဖြူ
ရွာသား ဓါးနဲ့ ခုတ်သတ်လိုက်တာ”
“ဗျာ၊ သရဲကို ဓါးနဲ့ ခုတ်လို့ ရလို့လား မဖဲဝါ”
“တာတေ၊ ခုတ်တာ ရိုးရိုးဓါး မဟုတ်ဘူး။
ကိုးသင်္ချိုင်းဓါး၊ ဒါကြောင့် မဲကြီးကိုယ်တိုင်
ဖရဖြူမှာ သောင်းကျန်းနေတာဟဲ့”
“ဟင်၊ ဒါဆိုရင် အဲဒီဓါးက ဘယ်သူ့
အိမ်မှာတုံးဗျ”
“ချောင်းဝပိုင်းက ဘထွန်းအိမ်မှာ၊ မဲကြီးသား
တစ်ယောက်ကို ဘထွန်းကိုယ်တိုင် ခုတ်သတ်
ခဲ့တာပေါ့ ၊ ဖရဖြူတစ်ရွာလုံးကို မဲကြီးတို့ ဒုက္ခ
အကြီးအကျယ် ပေးတော့မှာ တာတေ”
“ကယ်ပါဦး မဖဲဝါရယ်၊ ဖရဖြူတော့ ဒုက္ခ
ရောက်ပါပြီဗျာ”
“နင် အဲဒီဓါးကို ယူပြီး ငါ့ကို လာအပ်၊ မဲကြီးတို့
က အဲဒီဓါးကို ကြောက်တာဟဲ့၊ ဒီဓါးက သူတို့
အကုန်လုံးကို သတ်ပစ်နိုင်တဲ့ ဓါးမှန်း သူတို့
သိသွားပြီ၊ အဲဒီဓါးကို အပ်မှာ မဲကြီးကို ငါပြော
ပေးလို့ရမယ်။ ဒါတောင် သေချာတာ မဟုတ်
ဘူး။ မဲကြီးတို့က အင်းသရဲတွေဆိုတော့ ငါ့အ
မိန့်ကို နာခံချင်မှာ နာခံမှာ၊ တကယ်လို ငါ့အ
မိန့်ကို မနာခံရင် ငါ့အစ်ကို ကွင်းပိုင်ကို ခေါ်ရ
မှာဟဲ့ တာတေ”
“ကောင်းပါပြီ မဖဲဝါ၊ မနက်ဖြန်ညမှာ ဒီနေရာ
မှာပဲ ကျုပ် မဖဲဝါကို အဲဒီဓါး အပ်ပါမယ်”
စားသောက်ပြီးတော့ မဖဲဝါ ပြန်သွားတယ်။
ကျုပ်တို့လည်း လှေနဲ့ ပြန်လာခဲ့ကြတယ်ဗျ။
အိမ်မှာစောင့်နေတဲ့ လူကြီးတွေကို ကျုပ်က
အကျိုးအကြောင်း ပြန်ပြောပြလိုက်တယ်။
နောက်နေ့ မနက်စောစော လူကြီးတွေနဲ့ ကျုပ်
နဲ့ ချောင်းဝမှာနေတဲ့ ကိုဘထွန်းဆိုတဲ့ လူရဲ့
အိမ်ကို လှေနဲ့ လာခဲ့ကြတယ်။ ကိုဘထွန်းကို
လူကြီးတွေက မေးကြတယ်။ သူတို့ရွာရဲ့ သူ
ကြီးနဲ့ ဆယ်အိမ်ခေါင်းတွေလည်း ပါလာတာ
ဗျ။ သူကြီးက ဦးထွန်းမောင်တဲ့။
“ဘထွန်း၊ မင်း မဲကြီးအင်းက သရဲကို ဓါးနဲ့
ခုတ်သတ်ခဲ့တယ်ဆို ဟုတ်လား”
လို့ သူကြီး ဦးထွန်းမောင်က မေးရောဗျို့။
“ဓါးနဲ့ ခုတ်ခဲ့တာတော့ ဟုတ်တယ် သူကြီး၊
သေသလား မသေလား ဆိုတာတော့ ကျုပ်
မသိဘူးဗျ”
“သေသွားတယ် ဘထွန်း၊ အဲဒါ မဲကြီးအင်းက
သရဲမဲကြီးမိသားစုထဲက တစ်ယောက်ပဲကွ”
“ဒီကောင်က ကျုပ်အမဲသားတွဲကို လိုက်လုတာ
သူကြီးရဲ့၊ ကျုပ်က ကြီးပင်စုမှာ ဆုံသားရလို့ အ
မဲသား သွားဝယ်ပြီး ပြန်လာတာ၊ ဒီကောင်က မဲ
ကြီးအင်းကနေ ထွက်လိုက်တာဗျ။ ကျုပ်လည်း
လက်ထဲမှာ အဆင့်သင့်ပါသွားတဲ့ ဓါးနဲ့ သုံးချက်
ဆင့်ခုတ်ပစ်ခဲ့တယ်။ ဒီသရဲ လဲကျပြီး ပျောက်
သွားတယ်ဗျ။ သေတာ ရှင်တာတော့ ကျုပ်
မသိဘူး”
“အေး၊ အဲဒီဓါး သွားယူစမ်း ဘထွန်း”
ကိုဘထွန်းဆိုတဲ့လူက ခေါင်းရင်းထရံမှာ ထိုး
ထားတဲ့ ဓါးရှည်ကို ဆွဲနှုတ်ပြီး ယူလာတယ်ဗျ
သူကြီးက ကိုဘထွန်း ပေးတဲ့ ဓါးရှည်ကို လက်
ထဲမှာ ကိုင်ကြည့်နေတယ်ဗျ။
“ဘထွန်း၊ ဒီဓါးက ဘာဓါးတုံး သိလား”
“ငှက်ကြီးတောင်ဓါးလေ သူကြီးရဲ့”
“ဟာ…ဒီကောင်၊ ငှက်ကြီးတောင်ဓါးမှန်းတော့
ငါလည်း သိတာပေါ့ကွ၊ ဘာအစီအရင်တွေ
လုပ်ထားတဲ့ ဓါးလဲလို့ မေးတာကွ”
“ဟာ…ဘာမှလုပ်မထားပါဘူး သူကြီးရဲ့၊ ဒီ
ဓါးက ကျုပ်ဘထွေး ဦးမွှေး ရှိစဉ်ကတည်းက
ကိုင်ခဲ့တဲ့ ဓါးပါ”
“မင်းဘထွေး ဦးမွှေးက ဒီဓါးကို သူကိုယ်တိုင်
အပ်တာလား၊ ဝယ်လာတာလား”
“ဟာ ဝယ်လာတာဗျ။ ရှေးဟောင်းပစ္စည်းဆိုပြီး
စျေးကြီးပေးလာတာလို့ ပြောတာပဲ”
“အင်း…ဒါဆိုရင် မင်းမသိတာ သေချာတယ်
ဘထွန်းရ”
“မင်း ဒီဓါးနဲ့ ခုတ်လိုက်လို့ သရဲသေသွားတယ်
ဆိုတာ ဘာကြောင့်လဲ မင်းသိလား ဘထွန်း”
“ကျုပ်ခုတ်လိုက်တဲ့ ဓါးချက်ပြင်းသွားလို့ ဖြစ်
မှာပေါ့၊ သူကြီးရယ်၊ ကျုပ်ခုတ်တာ လူမှမဟုတ်
တာ။ လူသတ်မှု တော့ မဖြစ်လောက်ပါဘူးနော်
သူကြီး”
“မင်းခုတ်တဲ့ ဓါးချက်ပြင်းလို့ သရဲသေတာ
မဟုတ်ဘူးကွ ဘထွန်းရ၊ ဟောဒီဓါးက ကိုး
သင်္ချိုင်းဓါး ဖြစ်နေလို့ကွ”
“ဗျာ၊ ကိုးသင်္ချိုင်းဓါး ဟုတ်လား သူကြီး၊ နေပါ
ဦးဗျ သူကြီးရဲ့၊ ဒီဓါးဟာ ကိုးသင်္ချိုင်းဓါးဆိုတာ
သူကြီး ဘယ်လိုလုပ်သိတာလဲ”
ဒီတော့မှ သူကြီးက ကျုပ်အကြောင်းကို ပြော
ပြပြီး မဖဲဝါဆီကိုပင့်ပြီး မေးရတဲ့အကြောင်းက
နေ ဒီည ဟောဒီဓါးကို မဖဲဝါဆီအပ်မှ မဲကြီးတို့
ရန်က အေးမယ့်အကြောင်း၊ မအပ်ရင် ဖရဖြူ
တစ်ရွာလုံး ဒုက္ခရောက်တော့မယ် အကြောင်း
အထိ ပြောပြလိုက်တယ်ဗျ။
ကိုဘထွန်းက သူ့ဓါးဟာ ကိုးသင်္ချိုင်းဓါးမှန်း
လည်း သိရော၊ သူကြီးကို မအပ်တော့ဘူးဗျ၊ပါ
သွားတဲ့လူကြီးတွေက ဝိုင်းပြောကြရတာပေါ့ဗျာ။
“အခုကိစ္စက တစ်ရွာလုံးနဲ့ ဆိုင်တဲ့ကိစ္စ ဖြစ်နေ
ပြီ ဘထွန်းရဲ့၊ ဒီအချိန်မှာ ကိုယ်ကျိုးကိုကြည့်
လို့ မဖြစ်တော့ဘူးကွ၊ မင်း ဓါးကို အပ်လိုက်မှ
ရန်ကအေးမှာ”
“ဒီလိုလုပ်ဗျာ၊ ကျုပ် ဓါးကိုတော့ မအပ်ဘူး၊
အဲဒီမဲကြီးတို့ မိသားစုတွေ အကုန်လုံးကို
ကျုပ်သွားသတ်မယ်၊ ဒါဆိုရင်လည်း ကျုပ်
တို့ရွာ ရန်အေးမှာပဲ မဟုတ်လား သူကြီး”
“ဟာ…မဟုတ်တာ ဘထွန်းရယ်၊ မင်းအ
သက်ပါ ဆုံးရှုံးသွားလိမ့်မယ် သိလား၊
ဒီဓါးကို အပ်လိုက်ပါကွာ”
တော်တော်ကို ပြောယူရတယ်ဗျို့။ နောက်ဆုံး
တော့ ကိုဘထွန်းရဲ့မိန်းမ မသိန်းကြည်ကပါ
ဝင်ပြောတော့မှ ကိုဘထွန်း တစ်ယောက်
လက်လျှော့ပြီး ဓါးကို သူကြီးလက် အပ်လိုက်
တာဗျို့။ အဲဒီညမှာပဲ ကျုပ်က ကိုးသင်္ချိုင်းဓါး
ကို မဖဲဝါလက်အပ်လိုက်တယ်။
မဖဲဝါက နောက်နေ့ညမှာ မဲကြီးတို့ကို အသား
ကျွေးပြီး တောင်းပန်ဖို့ ပြောတယ်။
သူကြီးနဲ့ ရွာကလူကြီးတွေက အမဲသား ငါးပိ
ဿာချက်ပေးပြီး ထမင်းထုပ် လေးထုပ် ထုပ်
ပေးတယ်။ ကျုပ်နဲ့အတူတူ ရွာသားငါးယောက်
လိုက်လာပြီး မဲကြီးအင်းကို ညနေ နေဝင်ရီတ
ရောအချိန် သွားပြီး ကျွေးကြတယ်။
ပြီးတော့ ကျုပ်က ဦးဆောင်ပြီး မဲကြီးကို တောင်းပန်တယ်ဗျ။
ကျုပ်က မျက်ကွင်းဆေး ကွင်းထားတော့ သရဲကြီးတွေလေးကောင်လုံးမြင်နေရတာဗျ။
တကယ့်အရိုင်းအစိုင်းကြီးတွေပါဗျာ။ လေး
ကောင်လုံး မည်းနက်ပြီး ဆံပင်ဖားလျားကြီး
တွေနဲ့ဗျ။ သရဲမဲကြီးက အကောင်အထည်
အကြီးဆုံးပဲဗျ။ ကျုပ်တို့ကျွေးတဲ့ ထမင်းတွေ
ဟင်းတွေကို အားရပါးရ စားကြသောက်
ကြတာဗျို့။ မိုးချုပ်တော့ ဖရဖြူရွာသားတွေ
လည်း ကြောက်လာကြပြီဗျ။ ကျုပ်ကတော့
မဖဲဝါကို စောင့်နေရတာပေါ့ဗျာ။
“ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ”
ဟော…နက်ကျော်ကြီးအသံ ကြားတယ်ဗျို့။ ဒီ
တစ်ခါတော့ နက်ကျော်ကြီးပါ ပါလာတာဗျ။ အ
သံက တဖြည်းဖြည်း နီးလာပြီဗျို့။ ဟော…လာ
ပြီဗျို့။ လာပြီ။ မဖဲဝါ လာနေပြီဗျို့။ မဲကြီးအင်း
ရေပြင်ကြီးပေါ်က ရှပ်ပြီး ရွေ့လာတာဗျာ။
နက်ကျော်ကြီးကလည်း ရေပေါ်မှာ ပြေးလာ
တာဗျ။ နဲတဲ့အကောင်ကြီး မဟုတ်ပါဘူးဗျာ။
နွားပေါက်တစ်ကောင်လောက်ကို ရှိတာဗျ။
မဲကြီးတို့လေးကောင် မဖဲဝါကိုတွေ့တော့ စား
တာကို ရပ်ပြီး ကြည့်နေကြတယ်
“မဲကြီး၊ သူတို့ ငါ့ကို ကိုးသင်္ချိုင်းဓါးအပ်ပြီး ဟော
ဒီမှာ၊ သူတို့ရွာကို သွားပြီးမနှောင့်ယှက်နဲ့တော့”
“ဝူး၊ အီး၊ ဝူး”
မဲကြီးက မဖဲဝါကို ဒေါသတကြီးနဲ့ ပြန်အော်ပြော
နေတာဗျ။ ဘာပြောမှန်းတော့ ကျုပ်မသိဘူး။
“နင် ငါ့စကားကိုး နားမထောင်ရင် ငါ့အစ်ကို
ကွင်းပိုင်ကို ခေါ်လိုက်မယ်”
ဒီတော့မှ မဲကြီး ငြိမ်သွားတာဗျို့။ မဖဲဝါကို ဝူး
ဝူးဝါးဝါးနဲ့ ပြန်မအော်တော့ဘူးဗျ။
“ကဲ မဲကြီး၊ ဖရဖြူကို ဘာမှမလုပ်ဘူးလို့ နင်
ကတိပေးမလား”
မဲကြီးက သူ့ခေါင်းက ဆံပင်ပွပွကြီးတွေ ခါသွား
အောင် ခေါင်းညိတ်ပြတယ်ဗျ
“တာတေ နင်တို့ ပြန်တော့”
ကျုပ်တို့ကို မဲကြီး တစ်ခုခု လုပ်မှာစိုးလို့ ထင်
တယ်ဗျ။ မဖဲဝါက စောင့်ကြည့်နေတာ။ ကျုပ်
တို့လည်း သုတ်ချေတင်ကြရတော့တာပေါ့
ဗျာ။ ကျုပ်တို့ကို ရွာကလူကြီးတွေက
စောင့်နေကြတာဗျ။
“ဘယ်လိုတုံး မောင်တာတေ”
ဘိုးရွှေဒိုးကြီးက ဆီးမေးတာဗျို့။
“အဆင်ပြေသွားပြီ ဘိုးရေ၊ ပထမတော့ မဲ
ကြီးက ပေကပ်ကပ် လုပ်နေသေးတာ၊
နောက်မှ မဖဲဝါက သူ့အစ်ကို ကွင်းပိုင်ကြီး
ကို ခေါ်လိုက်မယ်လို့ ပြောတော့မှ ငြိမ်သွား
ပြီး ကတိပေးတာဗျ”
“တော်ပါသေးရဲ့ကွာ။ အခု ကျွဲသတ်တဲ့အဆင့်
ရောက်ပြီလေ၊ နောက်ဆိုရင် လူသတ်တော့မှာ
ပေါ့ကွာ။ ကျေးဇူးတင်ပါတယ် မောင်တာတေ
ရယ်”
ဘိုးရွှေဒိုးက ကျေးဇူးတင်ကြောင်း ပြောတော့
ကျန်တဲ့ လူကြီးတွေကလည်း ပြောကြတယ်ဗျ
အဲဒီညကစပြီး ဖရဖြူ တစ်ရွာလုံး အေးချမ်းသွား
တော့တာပေါ့ဗျာ။
ဒါပေမဲ့ ကိုးသင်္ချိုင်းဓါးအကြောင်းနဲ့ သရဲကို
ဓါးနဲ့ ခုတ်သတ်တဲ့ ကိုဘထွန်းကတော့ ဖရဖြူ
ရွာမှာ ကျော်ကြားတဲ့လူ တစ်ယောက် ဖြစ်သွား
ရောဗျို့။ လေးလေးဆိတ်ဖွားလည်း မဲကြီးအင်း
ကပဲ လိုအပ်တဲ့ ငါးပိ၊ ငါးခြောက်တွေ ဝယ်ခြမ်း
ပြီး ကျုပ်တို့ နှစ်ယောက် အညာကို ပြန်ခဲ့ကြ
တာပေါ့ဗျာ။
ထနောင်းကုန်းကို ပြန်ရောက်တော့ အမေနဲ့
အဘက ကျုပ်ကို မျှော်လို့ဗျ။
ပြီးပါပြီ
မူရင်းရေးသူ ဆရာ တာတေ