မျောက်တစ်ရာကျွန်း

မျောက်တစ်ရာကျွန်း(စ/ဆုံး)

—————————–

အမှန်အတိုင်း ပြောရမယ်ဆိုရင်တော့
ဒီအကြောင်း ဒီအဖြစ်အပျက် ဒီလိုထူးဆန်း
ဂမ္ဘီရဆန်လွန်းလှတဲ့ အဖြစ်ကို သူက ကိုယ်တိုင်
ကြုံဆုံခဲ့ရ ရောက်ခဲ့လို့ သိရတာတော့ မဟုတ်ပါဘူး။
သူရဲ့အဓိဋ္ဌာန်ဂန္ဓာရီခရီးအလှည့်မှာ ခင်မင်ရင်းနှီး
နေရတဲ့ ဖျာပုံဦးဇင်းလေးဆီ အမှတ်မထင်
ခေတ္တရောက်တုန်းမှာ ဒီအဖြစ်အပျက်ကို
ဦးသီဟနာဒက ပြောပြခဲ့တာရယ်။

အဲဒီတုန်းက ဦးဇင်းလေးဦးသီဟနာဒနဲ့
ဦးဂုဏသာရတို့ ဒေးစွန်ပါ မဟာသမယ
ဆရာတော်ကြီးထံ ဖူးမြော်ဖို့ ကြွလာကြတာ။
ဆရာတော် ဘဘုန်းဘုရားကြီးရဲ့ မေတ္တာ
ဓါတ်လာခံယူပြီး ဦးဇင်းလေးတို့လည်း
ဧရာဝတီတိုင်းဒေသကြီးထဲက မအူပင်
ကျိုက်လတ်နယ်တကြော ရှေးသာသနာ့ပန္နက်တွေ၊
ဘုရားပြို၊ ဘုရားပျက်တွေကို အဓိဋ္ဌာန်နဲ့
လိုက်လံဖွင့်ဖော်နေတဲ့ ဆရာတော့်
ပါရမီကို ဝန်းရံအားဖြည့်ကြတယ်

ဆရာတော်ကြီးကလည်း တပည့်သားပမာ
ကြည့်ရှုစောင့်ရှောက်ပြီး လိုတဲ့အပ်တဲ့
အရာတွေကို ဖြည့်ဆည်းပေးပေါ့လေ။

အောက်ပိုင်းပင်လယ်ဒေသတွေမှာ ရှေးအစဉ်
ဆက်တည်းက လူကြီးသူမတွေ ပြောဆိုခဲ့ကြဖူးတဲ့
ကျွန်းပျောက်ကြီးလို့ ထင်ရှားတဲ့ ဒီမျောက်တစ်ရာ
ကျွန်းကို ဦးဇင်းလေး ဦးသီဟနာဒ မရည်ရွယ်ဘဲ
ရောက်ခဲ့ရဖူးတာ လွန်ခဲ့တဲ့ ၁၀ နှစ်ဝန်းကျင်တာ
ကာလက ။ မြန်မာနိုင်ငံမှာ တစ်သက်မှာ
တစ်ကိုယ်တစ်ကြိမ်တစ်ခါသာ ကြုံဆုံတွေ့ကြုံ
ရင်ဆိုင်ခဲ့ရဖူးတဲ့ နာဂစ်မုန်တိုင်းလွန်ကာလ။

ပြောရရင် နာဂစ်မုန်တိုင်းကြီး တိုက်ခတ်ပြီးလို့
ကယ်ဆယ်ရေးနဲ့ ကူညီထောက်ပံ့ရေး၊
ပြန်လည်ထူထောင်ရေးတွေ အဖွဲ့အစည်းမျိုးစုံနဲ့
အဆက်မပြတ်ဆောင်ရွက်နေဆဲကာလ။
နာဂစ်မုန်တိုင်းပြီးလို့ နှစ်လဝန်းကျင်ခန့်
လောက်မှာ ကြုံခဲ့ရတာလို့ ဦးသီဟနာဒက
ပြောပြတယ်

အမှန်တော့ ဖျာပုံမြို့ဆိုတာက ပင်လယ်နဲ့
နီးတဲ့ဒေသ သူ့အောက်မှာ ဘိုကလေး ကဒုံကနီ
ရယ်လို့ပဲရှိတော့တာရယ်။ နာဂစ်ရဲ့ ဒဏ်ကို
မြန်မာနိုင်ငံအဝှမ်း ရန်ကုန် မြို့ကြီးပါ မကျန်
အထက်အောက် အကြေအညာအကုန်လုံး
ဖွတ်ဖွတ်ညက်ညက် ထောင်းလမောင်းထအောင်
ခံလိုက်ရတဲ့အထဲမှာ ဖျာပုံမြို့လည်းပါပါတယ်။

ပိုပြီး ဆိုးရွားတာက ပင်လယ်ရပ်ဝန်းဒေသတွေဖြစ်တဲ့
အောက်ပိုင်းလို့ခေါ်တဲ့ ပင်လယ်နဲ့နီးတဲ့ ငပုတော၊
ဟိုင်းကြီး။ ဘိုကလေး။ ပြင်စလူ။ ကဒုံကနီ အစရှိတဲ့
လူ့အသက်ပေါင်းများစွာ မခန့်မှန်း မရေတွက်သာ
အောင် ပျက်စီးဆုံးရှုံးမှု အကြီးမားဆုံးလို့
ဆိုလို့ရပါတယ်။

ဘာပြုလို့လဲဆိုတော့ တစ်ညနေ့လုံး တစ်ညလုံး
သေမင်းအော်သံကြီးတွေ ပင်လယ်အော်သံကြီးတွေနဲ့
မှောင်မည်းနေတဲ့မြစ်ပြင်၊ ပင်လယ်ပြင်ကျယ်ကြီးမှာ
အသက်ပေါင်းအိုးအိမ်ပေါင်းများစွာ ပျောက်ကွယ်
ဆုံးရှုံးသွားခဲ့ကြရတဲ့ အဖြစ်ဆိုးကြီး။

ဘယ်သူမဆို ပြန်တွေးရင် ၁၀ နှစ်ဝန်းကျင်က
ဒီအိပ်မက်ဆိုးကြီးဟာ မနေ့တစ်နေ့ကလိုပဲ
မြင်ယောင်ခံစားနေကြရတုန်းရယ်။
အဲဒီတုန်းက လူမှုကူညီရေး၊ ကယ်ဆယ်ထောက်ပံ့ရေး
အဖွဲ့အစည်းတွေက အမျိုးစုံ မရေမတွက်နိုင်အောင်

ပြန်လည်ထူထောင်ရေးပစ္စည်းတွေ ဆေးဝါး
အစားအသောက် အဝတ်အထည်က စလို့
တာဝန်ရှိသူတွေနဲ့အတူ ပင်လယ်အောက်ပိုင်း
ဒေသကြီးတစ်ခုလုံး တစ်ရွာဝင်တစ်ရွာထွက်
လိုက်လံကူညီကြတဲ့ အဖွဲအစည်တွေဆိုတာလည်း
ှုဥဒဟို၊ ကမ္ဘာ့နိုင်ငံတွေကရော ယူနီဆက်ကပါ
အစားအသောက် ဆေးဝါး ရွက်ဖျင်တွေပါမကျန်
ပုံအောပြီး ကူညီခဲ့ရတာ။

အဲဒီအချိန်က ဦးဇင်းလေး ဦးသီဟနာဒက
ရဟန်းဘဝနဲ့ဆိုတော့ ဆေးဝါးနဲ့ ထောက်ပံ့ရေး
ပစ္စည်းတွေ အားလုံးကို ကူညီခဲ့တဲ့သူ။

ယူနီဆက်က ထောက်ပံ့ရေးပစ္စည်းတွေအပြင်
တိုင်းရင်းသားလူငယ် လှူဒါန်းရေးအဖွဲ့မှာလည်း
အဖွဲ့ငယ်ခေါင်းဆောင်တစ်ဦးရယ် ၊ သူတို့အဖွဲ့မှာက
ယောင်္ကျားလေးရော၊ မိန်းမပျိုလေးတွေပါ
ဆိုရင် စုစုပေါင်း လူ (၃၀)တိတိပေါ့။

အားလုံးက အရွယ်ကောင်း ပညာတတ်တွေ။
လူမှုရေးလုပ်ငန်းတွေကိုဆိုရင် နေ့ညမရွေး
နေရာမရွေး ဆောင်ရွက်ကြတဲ့ အဖွဲ့ပါ။
နာဂစ်ရဲ့ ဆိုးကျိုးဒုက္ခကို ပင်လယ်ဘက်က
ကျေးရွာတွေ ပိုပြီး အထိနာ ပျက်စီးကြတယ်
ဆိုတာကို သတင်းတွေက အဆက်မပြတ်
ရနေပေမယ့် သူတို့မသွားအားဘူး။
နီးစပ်ရာ မြို့ပေါ်နဲ့ အနီးဝန်းကျင်က
ရွာတွေကိုပဲ မသွားအားဘူး။

နီးစပ်ရာ မြို့ပေါ်နဲ့ ရွာတွေကိုပဲ ကယ်ဆယ်ရေးနဲ့
ကူညီထောက်ပံ့ရေး လှည့်နေကြရတယ်
ပင်လယ်ဘက် ဆင်းဖို့အတွက် ကယ်ဆယ်ရေး
အဖွဲ့တွေကြောင့် လှေတွေ၊ စက်လှေတွေက
မအားကြဘူး၊ ပြောရရင် အဲဒီကာလတုန်းက
ဖျာပုံမြို့ပေါ်နဲ့ အနီးအပါးက သမ္ဗာန်တွေ
လှေတွေဆို ရွာစဉ်ဆက်တွေကို ဒေါင်းဒေါင်း
ပြေးနေတယ်။

နောက်တော့ ဦးဇင်းလေး ဦးသီဟနာဒတို့အဖွဲ့
သဗ္ဗာန်ရတာနဲ့ ဘိုကလေးအောက်ဘက်ကို
ပစ္စည်းပစ္စယ ဆန်၊ ဆီ၊ ဆေးဝါးတွေ ဝေငှာဖို့
ကူညီလှူဒါန်းဖို့ စီစဉ်ကြတယ်။

အားလုံးလိုက်မှာက အယောက် ၃၀ ရှိတယ်
သမ္ဗာန်ဆိုပေမယ့် စပါး ၃၀၀ ဆန့်တဲ့ လှေကြီးပါ။
လှေပဲ့နောက်ပိုင်းမှာ ပျဉ်ထောင်အဆောင်နဲ့
အမိုးအကာနဲ့ အပေါ်မှာ လှေပဲ့နင်းအခန်းနဲ့ နှစ်ထပ်။

အမိုးက သမ္ဗာန်ကြီးရဲ့ အလယ်ကို ကျော်တယ်
အမိုးပေါ်မှာ အလံတိုင်နဲ့ ခေါင်းတိုင်နဲ့။
သမ္ဗာန်ကြီးရဲ့ ရှေ့ဦးပိုင်းကတော့ အလွတ်ပေါ့လေ။
အနောက်ဘက်မှာ ချက်ပြုတ်စရာ မီးဖိုဝင်းနဲ့
ရေကအစ ပါတယ်။ ဒါနဲ့ပဲ လှေသမားတွေ
ဦးဆောင်ပြီး သူတို့တွေ ကယ်ဆယ်ရေး
ပစ္စည်းတွေ ဆန်၊ ဆီ၊ ဆေး။ ဆား၊ ရိက္ခာတွေ
ရွာစဉ်တွေကို လှူဖို့တန်းဖို့ အဝတ်အစား၊
စောင်၊ ဆေးဝါး ရိက္ခာတွေကအစ
လိုအပ်တဲ့အရာတွေကို အစီအစဉ်တကျ
ထားသိုတယ်။

အတူလိုက်ကြပေမယ့် လူငယ်တွေ မိန်းကလေးတွေ
ကတော့ တက်ကြွလန်းဆန်းလို့ ပျော်လို့ရွှင်လို့ပေါ့လေ။
ဦးသီဟနာဒက ရဟန်းလည်း ရဟန်းအဖွဲ့ရဲ့
ခေါင်းဆောင်ဆိုတော့ ပိုပြီး ကြိုတင်စီစဉ်
ပင်ပန်းရတာပေါ့လေ။ သူတို့သွားကြမယ့်
အောက်ဘက်ရွာစဉ်ဆက်တွေရဲ့ သတင်းတွေလည်း
အစုံစိကြားနေရတာပေါ့လေ။

ဒါနဲ့ပဲ သူတို့အားလုံး စီစဉ်ပြီးတော့ အစီအစဉ်
အတိုင်း ခရီးထွက်လာခဲ့ကြတယ်

အမှန်က သူတို့ ယူနီဆက်ရဲ့ အထောက်အပံ့နဲ့
ကယ်ဆယ်လှုဒါန်းရေးအဖွဲ့တွေက အများကြီး။
သူ့နေရာ သူ့လမ်းကြောင်းနဲ့သူ၊ အဖွဲ့တွေခွဲပြီး
သွားခဲ့ကြရတာ။ ပြောရရင်တော့ ဦးသီဟနာဒက
ဖျာပုံသားဆိုပေမယ့် အဲဒီအောက်ဘက်တွေကို
သိပ်သွားလာဖူး ရောက်ဖူးတာတော့ မဟုတ်တာရယ်။

လူကြီးသူမတွေရဲ့ တစ်ဆင့်စကား တဆင့်နားနဲ့
ကြားဖူးနားဝ ရှိတာပါ။

ဘိုကလေးမြစ်ကနေ ထွက်ခဲ့ကြပြီး အောက်ဘက်
မော်ကျွန်း ခရီးစဉ်အတိုင်း သွားခဲ့ကြတာတဲ့။
ဖျာပုံကနေ ရေလမ်းခရီးက လေးနာရီလောက်
ကြာအောင် သူတို့သမ္ဗာန်က မောင်းရတယ်။
အဲဒီလေးနာရီလောက်ကြာတော့မှ မော်ကျွန်း၊
ငပုတော မြစ်ခွဆိုင်ကို ရောက်တာလို့ ပြောပြတယ်။

မြစ်ခွဆိုင်က သုံးခွဆိုင်ဖြစ်ပြီး အတော်ကျယ်တယ်
ဟိုဘက် ဒီဘက် ကမ်းတွေကိုတောင် ပျပျမြင်ရတာ။
အဲဒီမြစ်သုံးခွဆိုင်ကနေ ထွက်ရင် ပင်လယ်ဝကို
ရောက်ကရောတဲ့။ ဝါးလှေ၊ ငါးဖမ်းလှေတွေ
ထွက်တဲ့လမ်း။ လမ်းတစ်လျှောက်မှာ ရွာစု
ရွာပျက်တွေနဲ့ သူတို့လိုပဲ ကူညီထောက်ပံ့ရေး
လှေသမ္ဗာန်အချို့ တွေ့ရတယ်။

ရေချိုရေငန်အစပ်နေရာ၊ ပေါင်းဆုံတဲ့နေရာပဲ။

ပေါင်းဆုံတဲ့နေရာပေါ့။ အုတ်ဖိုချောင်းကနေ
စုန်ပြီး ဆင်းသွားရင် မိန်းမလှကျွန်း မရောက်ခင်
နာမည်ကျော် ကျွန်းညိုကြီးကို ရောက်တယ်။

ဧရာဝတီအောက်ပိုင်းသားတွေအပြင်
မြန်မာနိုင်ငံအနှံ့အပြား ပူဇော်ပသကြတဲ့
နတ်ဦးရှင်လို့ခေါ်တဲ့ ဦးရှင်ကြီး ပိုင်တဲ့ကျွန်းပါ။

အဲဒီကျွန်းညိုကြီးကနေတစ်ဆင့် အောက်ကို
ဆက်ဆင်းရင် မြစိမ်းကျွန်းကို ရောက်တယ်။
ပင်လယ်ဝကို ရောက်လုရောက်ခင် အရမ်း
ဝေးလံခေါင်သီတဲ့ ကျွန်းတွေပေါ့။

ရွာစဉ်ရွာဆက်တွေ ဟိုနားတစ်စု ဒီနားတစ်စု
ဟိုတုန်းက တည်ရှိခဲ့ကြပေမယ့် ခုချိန်မှာတော့
ဆိုးဝါးပက်စက်လှတဲ့ နာဂစ်မုန်တိုင်းကြီးရဲ့
ပထမဆုံး လက်ကြမ်းကြီးနဲ့ မညှာမတာ
ရက်ရက်စက်စက် ရိုက်နှက်တာ ခံလိုက်ရလို့
တချို့နေရာတွေဆိုရင် ရွာတစ်ခုလုံး
ရေပြင် နုံးပြင်ပေါ်မှာ ဘယ်နေရာ
ရှာရမှန်း မခန့်မှန်းတတ်အောင် ရွာလုံးကျွတ်
ပျောက်ကွယ်ခဲ့ရရှာတယ်လို့ ပြောပြတယ်

သူတို့ရဲ့ ကယ်ဆယ်ရေး ထောက်ပံ့ရေး
ပစ္စည်းတွေနဲ့ သမ္ဗာန်ကြီးကလည်း
တွေ့ရာ ကမ်းနဖူး ရွာစုတဲလေးတွေမှာ
ပါလာတဲ့ ပစ္စည်းပစ္စယတွေ ဝေခြမ်း
ကူညီကြရတာပေါ့။

အိုးပျက်အိမ်ပျက် ရွာပျက်ရုံတင်မက
ရေဘေးကင်းလွတ်တဲ့ ဘုန်းကြီးကျောင်း
အချို့မှာ အမိမဲ့ အဖမဲ့တွေ သားမဲ့ မယားမဲ့တွေ
ဒုက္ခသည်တွေရဲ့ ရင်ထုမနာ မျက်ရည်သံ
ငိုကြွေးသံတွေကလည်း ကြာတော့
နားမထောင်ချင်လောက်အောင်ပဲ
ရင်ထဲဆို့ကြပ်နေတာပေါ့။

သဘာဝတရားကြီးရဲ့ လက်မည်းကြီးဆိုတော့လည်း
ဘယ်သူက တားဆီးနိုင်မှာလဲ၊ ဓနိတောတွေ၊
ဗျိုက်တောတွေ ရေပြန်ကျသွားလို့ လုံးတီးဖြစ်နေတဲ့
အုန်းပင်၊ သစ်ပင်တွေမှာ ကန်သင်းရိုး၊ သောင်ခုံစပ်တွေမှာ
လက်နဲ့ ထိရင်တောင် ပဲ့ကြွေကျသွားတဲ့ မည်သူ
မည်ဝါ မခွဲခြားနိုင်တဲ့ အနိဋ္ဌာရုံ ရုပ်ကောင်းတွေကလည်း
အဲဒီချိန်ထိ ရှိနေကြတုန်းပဲလို့ ဦးသီဟနာဒက
ပြောပြတယ်။ အစိမ်းသေ ဥပစ္ဆေဒကကံနဲ့
ဆုံးပါးကြသူတွေဆိုတော့ ဝိညာဉ်ဘဝနဲ့
မကျွတ်မလွတ်ရှာကြဘူးပေါ့တဲ့။

သူတို့လည်း ချောင်းထဲမြောင်းထဲ သမ္ဗာန်ပေါ်မှာ
အိပ်ချင်အိပ်၊ ဒါမှမဟုတ် မိုးလေးကင်းရင်
သောင်ပြင်စပ်မှာ လှေဆိုက်၊ ချက်ပြုတ်
စားသောက်ပြီး ပါလာတဲ့ ကင့်န်တွေ၊
မိုးကာရွက်ဖျင်တဲတွေနဲ့ ဖြစ်သလို အိပ်ကြတာ။

ဘယ်သူမှ မြင်ရတွေ့ရတဲ့အပေါ် မပျော်ရွှင်နိုင်ကြသလို
အကုန်လုံးလည်း ပင်ပမ်းနွမ်းနယ်စပြုနေပြီ။

ညဘက်ဆိုရင် ပင်လယ်ပြင်က လှိုင်းသံလိုလို
အော်ညည်းသံလိုလိုနဲ့ လေသင့်ရင် ကယ်ပါ
ယူပါ တစာစာနဲ့ အော်ဟစ်သံတွေ ငိုကြွေးသံတွေလည်း
ပင်ပန်းလို့ ကယောင်ကတမ်းပဲ ကြားရသလိုလို
တကယ်ပဲ အော်ဟစ်အကူအညီတောင်းသံတွေက
ညတိုင်း ကြားကြားနေကြရတာတဲ့။
တချို့ စိတ်ငယ်တဲ့ စိတ်မခိုင်မာတဲ့
အတူပါလာတဲ့ အဖွဲ့ထဲက မိန်းမပျိုတွေ
ဆိုရင် စိတ်ဓါတ်ကျချင်နေလို့ သူတို့ကိုပါ
မနည်းအားပေးနေရတယ်။

နောက်ဆုံးတော့ သုံးရက်မြောက်နေ့မှာ
မြစိမ်းကျွန်းကို ရောက်နေတယ်။
အဲဒီမှာ ပါလာတဲ့ နောက်ဆုံးကျန်ရှိတဲ့
ဆန်၊ ဆီ၊ ဆေးဝါး၊ ကယ်ဆယ်ရေး
ပစ္စည်းပစ္စယတွေ ဝေခြမ်းခွဲဝေ လှူဒါန်း
ကြတယ်။ အရမ်းဝေးလံ ခေါင်သီတဲ့
ပင်လယ်နဲ့နီးလို့ အချို့အကူအညီတွေ
မရောက်ဖူးလို့ ဆိုတယ်။

မြစမ်းကျွန်းမှာ တစ်ညအိပ်ပြီး
မနက် ဖျာပုံကို ပြန်တက်ကြမယ်ပေါ့လေ။

မနက်မိုးလင်းတာနဲ့ ဦးသီဟနာဒတို့အဖွဲ့
အားလုံးကို နှုတ်ဆက်ပြီး မြစိမ်းကျွန်းကနေ
လှေထွက်လာတာပေါ့။

အချိန်က မနက် ၉ နာရီဝန်ကျင်ပဲ ရှိသေးတယ်
အဲဒီ ထူးဆန်းဂမ္ဘီရဆန်လွန်းလှတဲ့ ရှေးအစဉ်ဆက်ကနေ
ဒီကနေ့တိုင် ပင်လယ်ပိုင်းဒေသနေ ရွာနေပြည်ထိုင်တွေနဲ့
တံငါသမားတွေ ပြောနေကြတဲ့ ‘ကျွန်းပျောက်ကြီး’
လို့ ခေါ်ဝေါ်ကြတဲ့ ‘မျောက်တစ်ရာကျွန်း’ကို
အမှတ်မထင် ရောက်ခဲ့ရတာက
အဲဒီမြစိမ်းကျွန်းကနေ သမ္ဗာန်ထွက်လာပြီး
တစ်နာရီလောက်တောင် မမောင်းရသေးဘူးတဲ့။

ဖြစ်ပုံက မြစိမ်းကျွန်းကနေ ထွက်လာတော့
အကုန်လုံး သမ္ဗာန်ပဲနင်းကြီး စက်လှေဆရာ
ဦးဝင်းလွင် စစ်ဆေးခဲ့ပြီး အပြစ်တစ်ခု မရှိတဲ့
သမ္ဗာန်ကြီးက ရုတ်တရက် သူ့အလိုလို
စက်ရပ်ပျက်သွားတော့တာပဲ။

အဲဒီမှာ မျောက်တစ်ရာ ဆရာတော်နဲ့
မျောက်တစ်ရာကျွန်းကို သူတို့ တွေ့ကြုံရောက်
ရှိရဖို့ ဖန်တီးလာတယ်လို့လည်း ဆိုချင်ဆိုလို့
ရတာပေါ့လေ။ မူလပကတိကနေ သမ္ဗာန်
ပျက်သွားတော့ ပဲ့နင်းကြီးက အပြစ်အနာ
အဆာရှာတော့ ဂတ်စကပ် ပေါက်သွားတာလို့
ပြောတယ်။ ဘာမှလုပ်လို့ မရတော့ဘူး။

ရေလယ်မှာ ကျောက်ချပြီး ရပ်ချင်ရပ်၊
မရပ်ရင် ရေစီးအတိုင်း မျှောပြီး စက်လှေကြုံ
လှေကြုံတွေ့အောင်ရှာ၊ မြို့တက် ဂက်စကပ်
အသစ်ပြန်လဲ ဒါပဲရမယ်။

ဒါနဲ့ပဲ သမ္ဗာန်ကို ရွတ်ထောင်ပြီး ရေစုန်အတိုင်း
မျောချင်ရာမျော ဒီအတိုင်း လက်မှိုင်ချပြီး
နေကြရတော့တာပဲ။ စက်သမ္ဗာန်က ရွက်လွင့်
ထားပြီဆိုရင် တစ်စုံတစ်ခု အကြောင်းထူးရှိပြီးမှန်း
ရိတ်စားမိကြတယ်။

ချောင်းတွင်း မျောနေတယ်ဆိုပေမယ့် ချောင်းက
ကျယ်တော့ တစ်ဖက်ကမ်းကိုတောင် မှုန်ပျပျ
မြင်ရတာ။သမ္ဗာန်မျောနေတာ လေးနာရီလောက်
ရှိနေပြီ။ အချို့စိတ်အားငယ် ကြောက်ရွံ့တတ်တဲ့
ကလေးတွေဆို ဘုရား ရှိခိုးတွေ ဂါထာတွေ
ရွတ်ကြပေါ့လေ။ အဲဒီမှာ ဗြုန်းကနဲ သူတို့
သမ္ဗာန်ရှေ့မှာ ကျွန်းကို သွားတွေ့တာရယ်။

“ဟာ…ဟိုမှာ ကျွန်း…ကျွန်းတွေ့ပြီ”

“ဟုတ်တယ်၊ ကျွန်း ”

အားလုံး ဝမ်းသာသွားကြတာပေါ့။ ဘာပြုလို့လဲဆိုတော့
ကျွန်းရှိရင် ရွာရှိမယ်၊ ရွာရှိရင် လူသူရှိမယ်
အကူအညီ ရမယ်ပေါ့လေ။ ကျွန်းဆွယ်လေး
ထိပ်မှာ သစ်တောဦးစီးဌာန အမှတ်အသားနဲ့
သစ်တောရုံးလိုလို ကင်းစင်လိုလို ခြေတံရှည်
သစ်တော အိမ်လေးတွေ ရတယ်။

နောက်သိပ်မကြာခင်မှာ ရေဆင်းတံတာပေါင်လေးနဲ့
သစ်ပင် ဓနိပင်အုပ်အုပ်ကြားကနေ ရေနံချေးဝနေတဲ့
ရှေးကျောင်းအိုကြီး တစ်လုံးကို တွေ့ရလို့
သူတို့ရဲ့ သဗ္မာန်ကို ကျောင်းရေဆိပ်တံတားမှာ
ကပ်တယ်။ ကျွန်းကြီးက တိတ်ဆိတ်ငြိမ်သက်နေတယ်

“ကဲဟေ့၊ ဒါ ဘုန်းကြီးကျောင်းပဲ၊ ဆရာတော်ကို
ဝင်ဖူးပြီး ရွာရှိရင် ရွာထဲ လှူစရာရှိတာတွေ
ငါတို့ လှူခဲ့ရအောင် ”

ဒါနဲ့ပဲ သမ္ဗာန်ပဲ့နင်းကြီးကလွဲပြီး ဦးသီဟနာဒ
အပါအဝင် အားလုံးကျောင်းစပ်ကနေတစ်ဆင့်
မြေသားလမ်းဖုန်းလေးအတိုင်း ကျောင်းအို
မည်းမည်းကြီးထိပ် ခြေတံရှည်လှေကားကနေ
လှမ်းတက်ခဲ့ကြတယ်။ အဲဒီမှာ ထူးခြားတာကို
သတိပြုမိတာက ကျောင်းကြီးတစ်ခုလုံး
သက်ရှိတွေ မရှိဘူး။ ထင်ရအောင် အသံဗလံတွေ
တိတ်ဆိတ်ငြိမ်သက်နေပြီး ကျောင်းလှေကားထစ်
အတက် တိုင်လုံးကြီးနှစ်ဖက်မှာ ဘီလူးလိုလို
ဂဠုန်လိုလို ပန်းကနုတ်နဲ့ ဘယ်ညာတစ်ဖက်စီ
ထွင်းထုထားတဲ့ ရုပ်ထုနှစ်ခုပဲ။

အရုပ်တွေက အသက်ဝင် မာန်ပါလှလွန်းတယ်
ဒါကိုတော့ သတိပြုမိပါတယ်။ နောက်
ကျောင်းလှေကားထိပ်တိုင်မှာလည်း
စောစောကလို ကနုတ်လိုလို အရုပ်လိုလို
ထွင်းထုထားတဲ့ အရုပ်နှစ်ရုပ်။ ဒါပေမဲ့
ဘာပုံဘာအရုပ်တွေရယ်တော့ မသဲကွဲဘူး။

ကျောင်းကြီးက ခြေတံရှည် ကျွန်းသာတိုင်ကြီးတွေနဲ့
တည်ဆောက်ထားတဲ့ ကျောင်းကြီးလို့
ဦးသီဟနာဒက ပြောပြတယ်။ ကျောင်းလှေကား
ထိပ်ဝမှာ …

“ဆရာတော် …ဆရာတော်ဘုရား”

“ဧည့်သည်တွေကိုး၊ ဝင်လာခဲ့ကြပါ ”

တိုးညင်းတဲ့ မိန့်သံကြောင့် ဝရန်တာနဲ့
ပြတင်းပေါက်ကနေ အလင်းရောင် မှိန်ပျပျလေးအောက်
ဘုရားခန်းရှေ့မှာ ထိုင်နေတဲ့ ဆရာတော့်ကို
တွေ့ရတယ်။ ဦးသီဟနာဒရော ပါလာတဲ့
ကယ်ဆယ်ရေးအဖွဲ့ ဝင်တွေပါ
ဦးတည်လိုက်ကြပြီး…

“တပည့်တော်တို့က ဖျာပုံကပါ ၊
ဒီအောက်ဘက်ပိုင်းကို မုန်တိုင်းဒဏ်
ရေဘေးသင့်ခဲ့တဲ့ ကျေးရွာတွေကို
လှူဒါန်းဖွယ်ရာ အကူအညီပစ္စည်းတွေ
လိုက်လံကူညီဝေငှာကြတာပါ
စက်လှေပျက်ပြီး မျောလာလို့
ဆရာတော့်ကျောင်း ရောက်လာတာပါ
ရွာက ကျွန်းပေါ်မှာ ရှိလားဘုရား၊
အတော်ပျက်စီးသွားလား၊
တပည့်တော်တို့ ကျန်တဲ့ အကူအညီ
ပစ္စည်းတွေ ဝေငှာခဲ့ပါရစေ”

“ရွာက ကျွန်းပေါ်မှာပါ၊ မုန်တိုင်းက
ကြီးတယ်၊ ဘယ်သူ့ ဘယ်သူကို့မှ
မကယ်နိုင်လိုက်ကြဘူး၊ သတ္တဝါတစ်ခု
ကံတစ်ခုပေါ့လေ၊ ဒါပေမဲ့ ဘုန်းကြီးရဲ့
ကျောင်းရော ရွာထဲက အိမ်တွေရော
ဘာတစ်ခုမှ မထိခိုက် မပျက်စီးပါဘူး၊
ဒကာကြီးတို့ ဦးဇင်းလေးတို့ လှူစရာပါရင်လည်း
အခြားဒုက္ခရောက်တဲ့ ရွာတွေပဲ လှူကြပါ
ဒါထက် နေဦး၊ ဦးဇင်းလေးတို့အဖွဲ့ကို
အကြမ်းတည်ခိုင်းရဦးမယ်၊ ဟေ့
မောင်ဝိဇ္ဇာတို့ မောင်သုန်တို့ ဒီမှာ
ဧည့်သည်တွေ ရောက်နေတယ် ”

“ဟင်”

“ဟာ”

“မျောက်တွေပါလား ”

တကယ်လည်း အံ့သြစရာက ဘုရားဆောင်
အနောက်ဘက်ကနေ မျောက်ညိုကြီးနှစ်ကောင်
လှမ်းထွက်လာပြီး အသက်နည်းနည်း ပိုကြီးဟန်
တူတဲ့ မျောက်က ဦးသီဟနာဒတို့ရှေ့ ရေနွေးဗန်း
လာချတယ်၊ ကျန်တဲ့တစ်ကောင်က ငွေဖလားခွက်လေး
ကိုင်ပြီး ကျန်သူတွေဘက် လှည့်သွားတော့
ဆရာတော်ကြီးက …

“ဟဲ့ မောင်သုန်၊ သူတို့က ကျောင်းနဲ့ရွာကို
လာလှူဒါန်းကြတဲ့ အလှူရှင်အဖွဲ့တွေကွယ့်
သူတို့ဆီ အလှူမခံနဲ့ ၊ မင်း ငွေဖလားကို
ပြန်သိမ်းလိုက် ကြားလား ”

စကားဆုံးတာနဲ့ ငွေဖလားကိုင်ထားတဲ့ မောင်သုန်
ဆိုတဲ့ မျောက်ကြီးက ငွေဖလားကို အခန်းထဲ
ပြန်ယူသွားတယ်။ သူတို့က ပထမ လူတွေကို
ခေါ်တာ မှတ်လို့။ ဆရာတော်ကြီးက ပိန်ပါးပါး
သွယ်သွယ်ရယ်။ မျက်နှာအနေအထားအရ
အသက်အရွယ်တင် သက်တော် ၁၀၀ကျော်
လောက်ပြီ ခန့်မှန်းမိတာပဲ။ ဒါပေမဲ့ အတိအကျတော့
မသိဘူး။ ကျောင်းပေါ်မှာရော စောစောက
ကျောင်းဝန်းကျင်နံဘေးမှာပါ လူသူလေးပါး
အရိပ်ယောင် မတွေ့ရတာကလည်း
ဆန်းကြယ်နေတယ်။ အချိန်က ဆွမ်းခံပြန်ချိန်
တစ်ဆယ့်တစ်နာရီလောက် ရှိနေပြီ ။

“ကဲ…ဒကာကြီးနဲ့ ဦးဇင်းလေးလည်း ဆာနေကြလောက်ပြီ၊
ကဲ…ကဲ ကျောင်းအောက်က ဏ္ဍန္နကတို့၊ သုမန၊
မပညာစာရီတို့ ထမင်းဟင်းချက်ဖို့ ကျောင်းပေါ်
လာပြင်ဆင်ကြစမ်းဟေ့ ”

ဆရာတော့်စကားမဆုံးခင် ကျောင်းအောက်ကနေ
ဘယ်က ဘယ်လို ဖျတ်ကနဲ ရောက်လာမှန်းမသိတဲ့
မျောက်ကြီးနှစ်ကောင်နဲ့ မျောက်မကြီးက
လျင်မြန်သွက်လက်စွာပဲ ကျောင်းပေါ်
ထိပ်ခိုးစင်ပေါ် တင်ထားတဲ့ ထမင်းအိုးကြီးတွေ
ခုန်လွှားတက်ယူ၊ တစ်ကောင်က အိုးထဲ
ဆန်ခြင်ထည့်။ တစ်ကောင်က ကျောင်းနောက်ဘက်မှာ
ရေဆေး၊ မီးမွှေးတဲ့မျောက်ကမွှေးနဲ့ ခဏအကြာ
ထမင်းတည်တော့တာပဲရယ်တဲ့။ ထမင်းအိုး
ကျက်တော့ ဘယ်လိုက ဘယ်လို ရောက်လာမှန်း
မသိတဲ့ မျောက်အရွယ်စုံက ကျောင်းပေါ်မှာတင်
စားပွဲကြီးတွေ ခင်းတဲ့ ကောင်ကခင်း၊ထမင်း
ခူးတဲ့ကောင်ကခူး၊ ဟင်းပြင်သူကပြင်။

သူတို့အလုပ်ကို ဘာသံမှမထွက်ဘဲ
သူ့တာဝန် သူ့အပိုင်းနဲ့ လုပ်နေကျ
အလုပ်တစ်ခုလို ပြင်ဆင်ကြတယ်
လူတွေ မဟုတ်ဘဲ မျောက်တွေက
ယဉ်ကျေးလိမ္မာတဲ့ အိမ်မွေးတိရစ္ဆာန်တွေလို
လုပ်နေတော့ ဦးသီဟနာဒရော အားလုံးက
အံ့သြနေကြတာပေါ့။

ခက်တာက အတူပါလာတဲ့သူတွေက
မည်းညစ်ညစ်နဲ့ ရုပ်ဆိုးပန်းဆို
မျောက်မျိုးစုံ ချက်တဲ့ ထမင်းဟင်း
ဆိုတော့ မစားရဲ မစားဝံ့ကြဘူး။
ရွံ့ရှာကြ မစားရဲကြတာလည်း
ပါမှာပေါ့လေ။ ဦးသီဟနာဒကတော့
စားတယ်တဲ့၊ ဟင်းက ငှက်ပျောအူနဲ့
ပိန်းဥဟင်း ဆိုပေမယ့် အလွန်
မြိုန်တယ်တဲ့။

ထမင်းစားပြီးတော့ …

“ကဲ …ကျောင်းခေါင်းရင်းမှာ ဘုရားလေးရှိတယ်။
ဖူးကြ၊ ဦးဇင်းလေးနဲ့ တပည့်တွေ ထိုက်လို့
ဖူးကြရတာ၊ သူတို့က ပြီးရင် သူတို့အလုပ်
သူတို့လုပ်ကြရဦးမှာ၊ ဘာမှမပူပါနဲ့၊
စက်လှေလည်း ပြန်ကောင်းသွားမှာပါ ”

ဒါနဲ့ ဦးသီဟနာဒတို့ ကျောင်းခေါင်းရင်းဘက်က
ကိုးတောင်ပြည့်စေတီလေးကို ဖူးကြတယ်
ထူးဆန်းတာက စေတီလေးရဲ့ ပရိဝုဏ်တစ်ဝိုက်မှာ
တံမြက်စီးလှည်းတဲ့ ကောင်ကလှည်း၊အမှိုက်ကောက်နေတဲ့
မျောက်ကကောက်၊ သွားပစ်တဲ့ကောင်က
ပစ်နဲ့ သူ့တာဝန်နဲ့ သူ့အလုပ်နဲ့သူရယ်
ဦးသီဟနာဒတို့ကို တစ်ချက် နှစ်ချက်
ငဲ့စောင်းကြည့်ရုံကလွဲပြီး လှည့်သွားကြတာပဲ၊

အဲဒီစေတီပရိဝုဏ်လေး ဟိုမှာဘက်
တောစပ်လယ်ကွင်းပြင်မှာတော့
ရိတ်ပြီးသား စပါးတွေကို မျောက်အရွယ်စုံ
အကောင် ၃၀ လောက်က တစ်ကောင်ရဲ့
အမြီးကို တစ်ကောင်က ကိုင်ပြီး
စက်ဝိုင်းသဏ္ဍာန် စပါးတွေပေါ်
သလင်းနယ်သလို လှည့်ပြီး သလင်းနယ်
နေကြတာပါပဲ၊ ထူးခြားတာက
ဘာအသံမှ ကွကွကွိကွိ မထွက်ကြဘူး၊

အဟိတ်တိရစ္ဆာန်ဖြစ်တဲ့ မျောက်တွေက
လူတွေလို စပါးရိတ်၊ စပါးနယ်၊ သလင်းနယ်၊
ထမင်းဟင်းချက်၊ စေတီသင်္ဂဟဝတ်နဲ့
ကျောင်းသေနာသနဝတ်တွေပါ
ဆောင်ရွက်နေတာ တွေ့မြင်ရတော့
အံ့သြထူးဆန်းနေမိတာ အမှန်ပဲ။

သူတို့ စေတီလေးကို လှည့်ပတ်ဖူးပြီး
နောက်ဆုံး ပြန်တော့မယ်လို့
ဆရာတော်ကြီးကို ဝတ်ဖြည့်တော့ …

“မောင်သုန်ရေ၊ အောက်က အကောင်တွေ
အကုန်ခေါ်ခဲ့ကြ၊ သူတို့က ပြန်ကြတော့မှာ”

မောင်သုန်နာမည်နဲ့ မျောက်ကြီး ဖျတ်ကနဲ
ကျောင်းအောက်ဆင်းသွားတယ်။ ခဏအကြာ
ကျောင်းတစ်ကျောင်းလုံး အလျှိုလျှိုနဲ့
ဟိုက ဒီက မျောက်ကြီးငယ်လတ်တွေ
ဘယ်ကဘယ်လို ရောက်ရှိလာမှန်း
မသိရဘဲ ဆရာတော်ရှေ့မှာ အကုန်
အတန်းလိုက် ညီညီညာညာ ထိုင်ကြတယ်

မောင်သုန်တို့၊ ဝိဇ္ဇာတို့၊ မပညာစာရီတို့
ဆိုတဲ့ မျောက်ကြီးတွေလည်း ပါတယ်
အကုန် အတန်းလိုက် ငြိမ်သက်စွာ
ထိုင်နေကြတာ။

“ကဲ …ဦးဇင်းလေး ရေကြည့်၊ သူတို့ ဘယ်နှကောင်ရှိလဲ
ဆိုတာ ”

“တင့်ပါ ၊ တစ် နှစ် သုံး …”

“ကိုးဆယ့်ကိုးကောင် တစ်ရာ ”

“တစ်ရာတိတိပါဘုရား ”

“ဟုတ်ရဲ့လား သေချာအောင် ထပ်ရေကြည့်ပါဦး”

“တစ် နှစ် ဟင် ကိုးဆယ့်ကိုးကောင် ”

ဒါနဲ့ပဲ ဦးသီဟနာဒက ခုနက တစ်ရာတိတိ
ရှိနေတဲ့ မျောက်တွေကို ဘယ်ပြန်ညာပြန်
ရေတွက်နေတာ တစ်ရာ ဖြစ်လိုက်၊
ကိုးဆယ့်ကိုးကောင်ပဲ ဖြစ်လိုက်နဲ့
သုံးလေးကြိမ်ဆိုတော့ မောလာတယ်တဲ့။
အဲဒီချိန်မှာ ဆရာတော်ကြီးက …

“အမှန်တော့ အကောင်တစ်ရာတိတိကွယ့်
ဒါပေမဲ့ ဘယ်အချိန်ရေရေ ကိုးဆယ့်ကိုးကောင်ပဲ
တွေ့ရမြင်မှာကွယ့် ။ကဲ မောင်ပဉ္စင်းတို့လည်း
ခရီးဆက်ရဦးမယ် နေလည်း မွန်းလွဲတော့မယ်
သမ္ဗာန်လည်း ဘာမှမဖြစ်တော့ပါဘူးကွယ်
ကောင်းသွားမှာပါ၊ ကဲ မောင်သုန်တို့
ဝိဇ္ဇာတို့ သုမန္နရတို့ လိုက်ပို့လိုက်ကြဦး”

ဦးသီဟနာဒတို့ရှေ့ကနေ ဆရာတော်ကြီးက
သန်မာဖျတ်လတ်စွာပင် ကျောင်းပေါ်ကနေ
ရေဆိပ်ကို ဆင်းသွားတယ်၊ ရေဆင်းတံတားလေး
ထိပ်မှာ သူတို့အားလုံ လှေထဲရောက်တော့
တံတားပေါ်မှာ ဆရာတော်ကြီးနဲ့
မျောက်ကိုးဆယ့်ကိုးကောင်က
သူတို့က နှုတ်ဆက်တဲ့ မျက်နှာပေးလေတွေ
မျက်လုံးပြူးကြောင်ကြောင်လေးတွေနဲ့
လှမ်းကြည့်နေတယ်။

“စက်နှိုးကြည့်ပါဦးကွယ်၊ ဘာမှမဖြစ်ပါဘူး
ကောင်းသွားမှာပါ ”

သမ္ဗာန်ဆရာ ပဲ့နင်းကြီး ဦးဝင်းလွင်က စက်နှိုးလိုက်တယ်
ဆိုရင်ပဲ တဒေါင်းဒေါင်းနဲ့ သမ္ဗာန်စက်သံက
အကောင်း။ ပဲ့နင်းကြီးလည်း သူ့တစ်သက်တစ်ကိုယ်
မကြုံဖူးတဲ့ ဂတ်စကပ်ပေါက်နေတဲ့ စက်က
အကောင်းပကတိ ပြန်ဖြစ်နေတယ်ဆိုတော့
အံ့သြစရာပဲပေါ့။

အချိန်က မွန်းတိမ်း နှစ်နာရီ ထိုးရော့မယ်တဲ့။
ဒါနဲ့ပဲ ဦးသီဟနာဒရော အားလုံးကပါ ဆရာတော်နဲ့
မျောက်တွေကို နှုတ်ဆက်ရင်း ချောင်းရိုအတိုင်း
သမ္ဗာန်ကို ပြန်စုန်ခဲ့ကြတယ် ။ ကျွန်းကြီးရဲ့
တစ်ဖက်ထိပ်တော့ ပင်ထည်လုံး ဖြောင့်တန်းနေပြီး
ဘာပင်မှန်းမသိတဲ့ သစ်ပင်ကြီး သုံးပင်က
ဖိုခနောက်ဆိုင် ဆယ့်လေးငါးတောင်မြင့်ပြီး
ကျွန်းအကွေ့စပ်မှာ ပေါက်နေတာတော့
ထင်ထင်ရှားရှား မှတ်မှတ်ရရပါပဲတဲ့။
အဲဒီနေ့ ည အတော်ကြီးမိုးချုပ်မှ သမ္ဗာန်လည်း
လမ်းမှာ ဘာချို့ယွင်းမှု မဖြစ်တော့ဘဲ
ဖျာပုံကို မိုးကြီးချုပ်မှ ရောက်ခဲ့ကြတယ်တဲ့။

ဦးသီဟနာဒကတော့ အဲဒီကျွန်းကြီးနဲ့
ဆရာတော်ရယ် မျောက်ကြီးတွေရယ်
အာရုံထဲ မကြာခဏ စွဲထင်နေတာမို့
နောက်အလျဉ်းသင့်ရင် ထပ်သွားဦးမယ်လို့
စိတ်ကူးထားတယ်

ဒါပေမဲ့ တစ်ခုခက်တာက ဦးသီဟနာဒက
အဲဒီအောက်ဘက်မှာ သူကြုံတွေ့ခဲ့ရတဲ့
ကျွန်းကြီးနဲ့ မျောက်တွေ အကြောင်း
ပင်လယ်ဘက်ဆီက အသိအကျွမ်း
သံဃာတွေ ၊ လူ သမ္ဗာန် မော်တော်သမားတွေကို
အကြောင်းသင့်တိုင်း မေးမြန်းကြည့်တော့
အဲဒီအောက်ပိုင်းပင်လယ်ဘက်မှာ
ဦးသီဟနာဒက ပြောပြတဲ့ကျွန်း၊
ဆရာတော်နဲ့ မျောက်တွေ မရှိဘူး၊

ဘယ်သူမှ မသိဘူးလို့ တွင်တွင်ငြင်းကြတာပဲရယ်၊
ဘူးခံကြတာပဲရယ်

ဦးသီဟနာဒကလည်း သူကိုယ်တိုင်ရော
သူ့လူတွေနဲ့ ပဲ့နင်းကြီးပါ အမှန်တကယ်
ကြုံခဲ့ ရောက်ခဲ့တာလို့ တွင်တွင်ပြောနေတာပဲရယ်

ဒါနဲ့ပဲ စိတ်ထဲ မကျေမလည်နဲ့ သူကိုယ်သူ
ရူးနှမ်းနေသလား သူ တကယ်ရောက်ခဲ့သလား
သိချင်လို့ လအနည်းငယ်ကြာတော့
ဦးသီဟနာဒကိုယ်တိုင် ငွေကုန်ကြေးကျခံပြီး
အဲဒီကျွန်းကြီးကို နှစ်ကြိမ် နှစ်ခေါက်တိတိ
သွားပြန်ရှာသတဲ့။

သူတို့ အမှတ်အသားပြုခဲ့တဲ့ ဟောင်းနွမ်းနေတဲ့
သစ်တောရုံးတဲလေး၊ ရေနံချေးရောင် မည်းနေတဲ့
ခြေတံရှည် ကျောင်းအိုကြီးနဲ့ မျောက်တွေ၊
ပြီးတော့ တစ်ဖြောင့်တည်း ဖိုခနောက်ဆိုင်
ဆယ့်လေးငါးလံ မကတဲ့ သစ်ပင်ကြီး
သုံးပင်ဆိုတာ ဝေလာဝေးလို့ အနီးအပါးက
လှေသမ္ဗာန်တွေ၊ တဲစုရွာစုတွေက မသိဘူး၊

မရှိဘူးပဲ အဖြေတစ်မျိုးတည်း ရတယ်
ဟိုးနှစ်ပေါင်းများစွာကတော့ ကြုံဖူးဆုံဖူးတဲ့သူ
တစ်ဦးစ နှစ်ဦးစ အကြောင်းတော့
ကြားဖူးသလိုလို မရေမရာ ဆိုကြတယ်

မျောက်တစ်ရာဘုရား ဆိုတာတော့
ရှေးရှေးတည်းက ကြားဖူးတယ်လို့
မရေမရာ ဖြေကြတယ်။ ဦးသီဟနာဒကိုလည်း
အကြည့်တစ်မျိုးနဲ့ ကြည့်ကြတယ်

မြန်မာနိုင်ငံရဲ့ ပင်လယ်ကမ်းရိုးတန်းကြီး
တစ်ခုလုံးကို မစာမနာ ရက်စက်စွာနဲ့
သေမင်းခေါ်သံကြီးတွေနဲ့အတူ သူ့
လက်မည်းကြီးနဲ့ သိမ်းကျုံးဖုံးလွှမ်းပြီး
ဘဝတွေ အနာဂတ်တွေ အသက်ပေါင်း
များစွာကို ပင်လယ်ရေအောက်ထဲ
နစ်မြုပ်ခဲ့တဲ့ ခုတိုင် ပင်လယ်အောက်ပိုင်း
ဒေသတွေက အိပ်မက်ဆိုးကြီး တစ်ခုလို
မက်မက်နေကြရတဲ့ နာဂစ်မုန်တိုင်းကြီး
ဖြစ်ခဲ့တာပဲ ဆယ်နှစ်ဝန်းကျင်ကျော်
ရှိနေပြီ။

ဦးသီဟနာဒကလည်း သူ အမှန်တကယ်
အဲဒီပင်လယ်အောက်ပိုင်းကို ရောက်ရင်း
သမ္ဗာန်မျောပြီး အဲဒီ ‘မျောက်တစ်ရာကျွန်းနဲ့
ဆရာတော်’ကို ကိုယ်တိုင်ဖူးခဲ့ကြ၊ မျောက်တွေ
ချက်ပြုတ်ကျွေးတဲ့ ထမင်းစားခဲ့ရကြောင်း
ရံဖန် အမှတ်ရတိုင်း အခိုင်အမာ ပြောဆိုနေတုန်းပဲ။

သူ့ကိုလည်း ဂန္ဓာရီအဓိဋ္ဌာန်ခရီးစဉ်လှည့်ရင်း
အကြောင်းအကျိုးစပ်မိလို့ ပြောပြတဲ့အကြောင်း
ဂမ္ဘီရဆန်လွန်းလို့ ဘာရယ်မဟုတ် သူက
ပြန်ပြောမိတာရယ်။

ဦးသီဟနာဒလည်း ခုထိ သက်ရှိထင်ရှား
သာသနာပြုနေတုန်းပဲရယ်။

အဲဒီကျွန်းကြီးနဲ့ အဲဒီမျောက်တွေကလည်း
တကယ်ဂမ္ဘီရဆန်နေတုန်းပဲရယ်။

မူရင်းရေးသူ ဆရာ ရွှေဘုန်းကံ

စာဖတ်သူများ စိတ်ရွှင်လန်းပါဇေ

ပြီးပါပြီ