မြင့်ဆောင် နှင့် နှဲဝိညာဉ်

*မြင့်ဆောင် နှင့် နှဲဝိညာဉ်*

**********************************
(၁)
သလဲကုန်းရွာထဲမှ ဆိုင်းသံဗုံသံများပျံ့လွင့်လာပြီး ထိုအသံများကြားရာသို့ ငတူးတစ်ယောက်စိုက်စိုက် စိုက်စိုက်နဲ့လာနေ့ခဲ့သည် ထိုဆိုင်းသံဗုံသားများကြားရပေမဲ့ သူမပျော်ရွှင်နိုင် ထိုဆိုင်းသံဗုံသံများသည် ပျော်ပွဲရွှင်ပွဲကျင်းပနေချင်းမဟုတ် သေဆုံးသွားသော သူ့ဘကြီးနှဲဆရာဦးသံလုံး၏နောက်ဆုံးခရီးကို သူနှင့်အတူလုပ်‌ဖော်ကိုင်ဖက်ဆိုင်းအဖွဲ့သားများကလာရောက်တီးမှုတ်ဂုဏ်ပြုပေးနေချင်းဖြစ်သည် ဦးသံလုံးသည်သူ့အဖေဦးသံချောင်၏ အစ်ကိုဖြစ်ကာ သူနှင့်ဆိုလျှင်ဘကြီးတော်စပ်သူဖြစ်သည် ငယ်စဉ်ကတည်းကပင်နှဲပညာကိုလိုက်စား၍ အရွယ်ရောက်လာတော့ နှဲမှုတ်အလွန်ကောင်းသူဖြစ်သည် ဤရွာနီးချုပ်စပ်၌ သူ့လောက်နှဲမှုတ်ကောင်းသူမရှိမှုတ်လည်းမမှုတ်နိုင် သူအရွယ်လေးရလာတော့ သူ့တူငတူးကိုနှဲပညာအမွေပေးဖို့လုပ်ဖူးသည် ဒါပေမဲ့ငတူးက နှဲမှုတ်ရတာပင်ပန်းသည်ဆိုပြီး မသင်ယူခဲ့ ငတူးလည်း တစ်လမ်းလုံးသူ့ဘကြီးအကြောင်းကို စဉ်းစားလားရင်း သူရွာထဲရောက်တော့ ဆိုင်းသံဗုံသံများထဲ၌ နှဲသံမပါတာကိုသတိထားမိလိုက်သည် သူလည်းသူ့ဘကြီးမှုတ်နေကြနှဲသံကိုမကြားရတော့ ရင်ထဲမှာဟာတာတာကြီးဖြစ်ကာ ဝမ်းနည်းစိတ်များပင်ပို၍ဖြစ်လာသည် သူအသုဘအိမ်ကိုရောက်တော့ ဆိုင်းအဖွဲ့ဘက်ကိုလှမ်းကြည့်ရင်း သူ့ဘကြီးနေရာလပ်နေတာကိုမြင်တော့လည်း ပို၍ပင်စိတ်မကောင်းဖြစ်ရပြန်သည်။
သူအိပ်ပေါ်တက်လာတော့ အိမ်နောက်ဘက်ခန်းကုတင်ပေါ်တွင် သူ့ဘကြီး၏ရုပ်အလောင်းကိုမြင်ရပြီး ထိုရုပ်အလောင်းဘေးမှာတော့ သူ့ဘကြီးမှုတ်နေကြနှဲလေးကို ချထားတာတွေ့လိုက်ရသည် သူ့ဘကြီးသည် လွန်ခဲ့သောနှစ်လလောက်ကတည်းက အိပ်ယာပေါ်မှာလဲနေပြီး နှဲမမှုတ်နိုင်တာကြာပြီဖြစ်သည် ဒါပေမဲ့ နှဲကိုတော့လက်ကမချ လူကပက်လက်ဖြစ်နေပေမဲ့ ရင်ဘတ်ပေါ်နှဲတင်ပြီး လက်ပျောက်များကိုစမ်းနေတတ်သည် တစ်ခါတစ်ခါပါးစပ်နားကိုပင်ဆွဲယူနေပြီး ကြီးကြီးမြိုင်ကအောက်သို့ပြန်ဆွဲချထားရည် ငတူးလည်း‌သေဆုံးနေသောသူ့ဘကြီးကိုကြည့်ကာ မျက်ရည်များရစ်ဝဲလာပြီး
“ကြီးကြီးမြိုင် ဘကြီးကဘယ်လိုလုပ်ဆုံးသွားတာတုန်း”
ငတူးဝမ်းနည်းသောလေသံဖြင့် အလောင်းဘေးတွင် တရှုံ့ရှုံ့ငိုကြေံ‌သော သူ့ဘကြီး၏ဇနီး ကြီးမြိုင်ကိုမေးလိုက်သည် ထိုအခါ ကြီးမြိုင်က
“ဒီလိုပါသားရယ် မင်းဘကြီးက အိပ်ယာပေါ်လဲနေတာကြပြီမဟုတ်လား”
“ဟုတ်ကဲ့ ကျွန်တော်သိပါတယ်”
“အဲ့ဒီလိုလဲနေရင်း ရင်ဘတ်ပေါ်နှဲတင်ပြီး လက်ပေါက်တွေစမ်းနေတာကိုရော သိတယ်မဟုတ်လား”
“သိပါတယ်ကြီးမြိုင် ကြီးမြိုင်ပဲပြန်ဆွဲချပေးနေရတာမဟုတ်လား”
“ဟုတ်တယ်ကွဲ့ ကြီးမြိုင် အဲ့ဒီလိုဆွဲချပေးနေတာကလည်း မတော်တစ သူနှဲမှုတ်မိရင် နေမကောင်းရတဲအထဲ အားပိုကုန်နေမှာဆိုးလို့ပါကွယ်”
ကြီးမြိုင်လည်း ငိုသံပါကြီးနဲ့ပြောရင်း မျက်ရည်လည်ရွဲဖြင့်သူ့ကို့လှည့်ကြည့်သည် သူလည်းကြီးမြိုင်ကိုလှည့်ကြည့်ရင်း
“ဒါပေမဲ့ မနေ့ကတော့”
ကြီးမြိုင်၏ အသံမှာတိမ်ဝင်သွားပြီး ဟီးကနဲငိုချလိုက်သည် ငတူးလည်း ကြီးမြိုင်ကိုကြည့်ကာ ပျာပျာသလဲဖြင့်
“ဒါပေမဲ့ ဘာဖြစ်တုန်းကြီးမြိုင်ဆက်ပြောပါဦး”
ကြီးမြိုင် မျက်ဝန်းထဲမှမျက်ရည်များကို လက်ခုံဖ့င့်သုပ်ရင်း
“ဒီလိုကွဲ့ မနေ့ကကြီးမြိုင် မင်းဘကြီးနားမှာနေရင်း သူ့စားဖို့သတိရတာနဲ့ မီးဖိုထဲသွားပြီး ကြက်စွတ်ပြုတ်ကလေးသွားလုပ်နေတာ အဲ့ဒါ ကြက်စွတ်ပြုတ်ကလေးကျက်လို့ ပန်းကန်လေးထဲထည့်ပြီး သူ့သောက်ဖို့ယူလာမယ်လုပ်တော့ တီ ဆိုတဲ့အသံလေးကြားလိုက်ရတယ်ကွဲ့ ကြီးမြိုင်လည်း အစက‌တော့ အဲ့ဒီအသံကို နှဲသံလို့မထင်လိုက်ဘူးကွဲ့ ဒါနဲ့ ကြက်စွတ်ပြုတ်ပန်းကန်လေးယူပြီး မင်းဘကြီးနားရောက်တော့ အမယ်လေး ကိုသံလုံးရဲ့အဖြစ်ဆိုးလားချည်လား ကျွန်မကိုတစ်ယောက်တည်း ထားခဲ့ပြီလားတော့”
ကြီးမြိုင် ပြောရင်းဆိုးရင်း သံကုန်ဟစ်ငိုလိုက်တော့ ငတူးလည်း ကြောင်တောင်တောင်ဖြစ်သွားပြီး
“ကြီးမြိုင် ဆက်ပြောဦးလေဗျာ ဘာတွေဆက်ဖြစ်တုန်း ကျွန်တော့်ဘကြီးကြက်စွတ်ပြုတ်မသောက်ဘူးလား”
“မသောက်ဘူး သူကြက်စွတ်ပြုတ်လည်းမသောက်ဘူး ဘာမှလည်းမသောက်နိုင်တော့ဘူကွဲ့ မင်းဘကြီးက နှဲလေးကိုပါးစပ်မှာတေ့ရင်း အသက်မရှိတော့ဘူးကွဲ့”
ကြီးမြိုင် ပြောရင်းဆိုရင်း တဟီးဟီးငိုချလိုက်ပြန်သည် ငတူးလည်း ထိုအကြောင်းကိုသေချာစဉ်းစားရင်း
“ဒါဆို စောစောကကြီးမြိုင်ကြားလိုက်တဲ့ တီ ဆိုတာဘကြီးနှဲ့မှုတ်လိုက်တဲ့အသံပေါ့”
“ဟုတ်တာပေါ့ကွယ် ဟုတ်တာပေါ့ အဲ့ဒါ မင်းဘကြီး နောက်ဆုံးမှုတ်ခဲ့တဲ့ နှဲသံပဲကွယ့် အဲ့ဒီနှဲသံလေးကို ကြီးမြိုင်နားထဲမှာ အခုထက်ထိကြားယောင်နေတုန်းပါပဲကွယ် တစ်သက်လုံးလည်း ဖျောက်လို့ရမှာမဟုတ်တော့ပါဘူး”
ကြီးမြိုင်တစ်ယောက် ဝမ်းနည်းပန်းနည်းပြောလိုက်တော့ ငတူးလည်း သူ့ဘကြီးဘေးမှနှဲလေးကိုကြည့်လိုက်သည် ထိုနှဲလေးသည် သူ့ဘကြီး၏တစ်လက်တည်းသောနှဲဖြစ်ကာ ဘယ်ပွဲမဆိုဤနှဲဖြစ် နွှဲနေကြဖြစ်သည် ကုန်ကုန်ပြောရလျှင် သူ၏‌နောက်ဆုံးထွက်သက်တိုင်အောင် ဤနှဲကိုတစ်ချက်တော့မှုတ်သွားသေးသည် ငတူးလည်း သူ့ဘကြီးမြတ်နိုးသောနှဲကိုကြည့်ကာ သူ့ဘကြီး၏နောက်ဆုံးခရီးကို ဤနှဲဖြင့်ဂုဏ်ပြုလိုစိတ်များပေါက်လာသည် ဒါကြောင့် သူ့ဘကြီးရုပ်အလောင်းဘေးမှနှဲကို ဆတ်ကနဲဆွဲယူလိုက်ပြီး စိန်အိုစည်လွယ်သလေလေ သီချင်းကိုစတင်နှိပ်မှုတ်လေတော့သည် သူထိုသီချင်းကိုမှုတ်လိုက်သည်နှင့် အိမ်အောက်ရှိဆိုင်းအဖွဲ့မှထဲမှလူများကလည်း ထိုသီချင်း၏တီးလုံးတီးကွက်များကို မြိုင်မြိုင်ဆိုင်ဆိုင်ပင်ထတီးလိုက်ကြသည်။
ထိုသို့ဖြင့် အိမ်အောက်မှဗုံသံနှင့်အိမ်ပေါ်မှနှဲသံ မြိုင်ဆိုင်စွာထွက်ပေါ်လာသည့်အချိန် တစ်ချိန်လုံးမျက်ရည်လည်ရွဲဖြစ်ရှိနေသောကြီးမြိုင်လည်း သူတို့တီးမှုတ်တာတွေကို နားထောင်ပြီး ခေါင်းဆတ်ဆတ် လည်ဆတ်ဆတ်ဖြစ်လာသည် ထို့နောက်သိပ်မကြာခင်မှာပဲ အလောင်းဘေးထိုင်ငိုနေရာမှ ကွေးနေအောင်ထကတော့သည် သူ့မျက်လုံးထဲမှာလည်း ကုတင်ပေါ်ရှိ ဦးသံလုံး၏ရုပ်အလောင်းကြီးကိုမမြင်ရတော့ပဲ ဦးသံလုံးနဲ့အတူ ငယ်စဉ်ဘဝကပျော်ရွှင်စွာနှိပ်မှုတ်ကခုန်နေတာတွေပြန်မြင်ရောင်လာသည် ထိုသို့ပြန်မြင်ရောင်လာတော့ သူ့မျက်နှာပေါ်မှာအပြုံးရိပ်များဝေလာပြီး မျက်ဝန်းထဲမှာတော့ လက်ရှိမျက်ရည်များဖြင့်စိုရွဲနေသည် ငတူးကတော့ထိုသို့မဟုတ် အလောင်းဘေးတွင် ဒူးနှစ်လုံးထောက်၍ထိုင်နေပြီး မျက်စိနှစ်လုံးကိုစုံမှတ်ထားသည် ပါးပြင်ပေါ်မှာတော့ မျက်ရည်စီးကြောင်းနှစ်ခုတသွင်သွင်ကြစီးနေပြီး ပါးနှစ်ဖက်က‌တော့နှဲကိုမှုတ်ထားရ၍ဖူးဖောင်းနေသည် လက်နှစ်ဖက်ကလည်း နှဲကိုဖွဖွကိုင်ထားပြီး လက်ချောင်းများကတော့ နှဲလက်ပေါက်များပေါ်တွင်ဟိုဒီပြေးလွှားနေသည် ငတူးကိုကြည့်ရသည်မှာ တကယ့်နှဲဝိဇ္ဇာတစ်ဦးလိုဖြစ်နေပြီး ငတူး၏နှဲသံကိုကြားတာ့ အသုဘအိမ်ရောက်နေသူများအားလည်း အံ့ဩလွန်း၍ ပါးစပ်အဟောင်းသားဖြစ်နေကြသည် သူမှုတ်လိုက်‌သောနှဲသံမှာ ဦးသံလုံးမှုတ်သည့်နှဲသံနှင့်တထပ်တည်းတူညီနေပြီး မသိလျှင် ဦးသံလုံးများထမှုတ်နေသလားထင်ရအောင်ပင်ကောင်းလွန်းလှပေသည် ဒါကြောင့် အသုဘအိမ်ရောက်နေသည့်လူကြီများထဲမှ ရွာလူကြီး ဦးသာရင်က
“ငတူးနှဲမှုတ်တာ တော်တော်ကောင်းတာပဲကွ ဒီကောင်ဘယ်အချိန်ထဲကများသင်ထားတုန်းမသိဘူး”
ဦးသာရင်လည်း ငတူးနှဲသံကိုသဘောကြ၍ ချီးကြူးစကားဆိုလိုက်တော့ ဘေးနားတွင်ထိုင်‌‌နေသော ငတူးအဖေဦးသံချောင်းက
“ဟုတ်ပါ့ဗျာ ကျုပ် ဒီကောင်နှဲမှုတ်တတ်မယ်လို့ မထင်ဘူးဗျာ့ အိမ်မှာလည်း တစ်ခါမှမမှုတ်ဖူးဘူး နောက်ပြီးသူ့ဘကြီးအမှုတ်သင်ပေးမယ်ပြောတိုင်းလည်း ထွက်ထွက်ပြေးနေတဲ့အကောင် ဘယ်လိုလုပ်များမှုတ်တတ်သွာတာတုန်းမသိပါဘူးဗျာ”
“ဒါကတော့ မင်းတို့ရှေ့မှာမို့ မှုတ်ရမှာရှက်လို့ မသင်ခြင်ဘူးပြောတာနေမှာပေါ့ကွ တစ်ခြားမင်းတို့မမြင်တဲ့နေရာတွေမှာ သင်ခြင်သင်ထားပေါ့ ဒါကြောင့်လည်းဒီလောက်မှုတ်တတ်နေတာပေါ့”
“ဟုတ်မယ် ဟုတ်မယ် ကိုသာရင်ပြောတာဖြစ်နိုင်လောက်တယ် ဒီကောင်ကမိဘရှေ့မှာဆို ဘာမှလုပ်ချင်တဲ့ကောင်မဟုတ်ဘူးဗျာ့”
ဦးသံချောင်းလည်း ငတူးနှဲမှုတ်တတ်တာကိုကြည့်ပြီးအံ့ဩနေသလို ဂုဏ်လည်းယူနေမိသည် ဒါကြောင့် အသုဘအိမ်ပင်ဖြစ်လင့်ကစား မျက်နှာကြီးကတော့ ပြုံးဖြီးဖြီးကြီးဖြစ်ရှိနေပြီး မေးစေ့ကိုလက်ဖြင့်ပွတ်ကာ ခေါင်းတဆတ်ဆတ်ညိတ်နေ‌တော့သည်။
(၂)
ဒီလိုနဲ့ စိန်အိုးစည်သီချင်းတစ်ပုဒ်ဆုံးသွားတော့ ငတူးလည်း နှဲကိုပါးစပ်မှချွတ်လိုက်ပြီး သူ့ဘကြီး၏ရုပ်အလောင်းအား ရိုသေစွာရှိခိုးကန်တော့လိုက်သည် ထို့နောက်
“အဖေ ကျွန်တော်နှဲမှုတ်တာအဆင်‌ရောပြေရဲ့လား”
ငတူး သူ့အကြောင်းသူသိ၍မေးလိုက်တော့ ဦးသံချောင်းက
“ပြေပါ့ကွာ ပြေပါ့ မင်းဘယ်အချိန်တုန်းကများ နှဲမှုတ်သင်လိုက်တာတုန်း”
“မသင်ပါဘူးဗျာ ကျွန်တော်နှဲလည်းမမှုတ်ခြင်ပါဘူး ဘယ်တုန်းကမှလည်းမသင်ခဲ့ဘူး အခုဟာလည်း ဘကြီးရဲ့နောက်ဆုံးခရီးမို့ သူကို့ချစ်မြတ်နိုးတဲ့အနေနဲ့ ဘာသံထွက်ထွက်နှဲသံထွက်ရင်ပြီးရောသဘောမျိုးနဲ့ မှုတ်နေတာပါ”
“ဟေ မင်းဟာ ဟုတ်ရောဟုတ်ရဲ့လားကွ စောစောကမင်းမှုတ်သွားတဲ့နှဲသံကတော့ မင်းဘကြီးမှုတ်တဲ့နှဲသံနဲ့ တစ်ထပ်ထဲပဲ ဒို့ကိုလိမ်စရာမလိုပါဘူးကွာ”
ဦးသာရင် ငတူးပြောတာကို မယုံနိုင်သည့်လေသံဖြင့်ပြောလိုက်တော့ ငတူးက
“မလိမ်ပါဘူးဗျာ ကျွန်တော်အမှန်အတိုင်းပြောတာပါ မယုံရင်အခုထပ်မှုတ်ပြမယ်”
ငတူးပြောပြောဆိုဆို လက်ထဲမှနှဲအား ပါးစပ်တွင်တေ့၍ထပ်မှုတ်ပြလိုက်သည် ဒီတခါတော့ ငတူး၏နှဲသံသည် သာသာယာယာမရှိတော့ပဲ တီးတော် တီးတော် ဟုသာထွက်လာတော့သည် ထိုအခါ ဦးသာရင်က
“တော်ပါတော့ကွာ ဒါကတော့ မင်းမှုတ်ရင်မှုတ်သလိုထွက်လာမှာပဲ မမှုတ်တတ်သလို မှုတ်ရင်လည်းရတာပဲဥုစ္စာ ဒါနဲ့ မင်းစောစောကမှုတ်တဲ့နှဲသံကို မင်းပြန်မကြားရဘူးလား”
“ကြားရတယ်လေ”
“ကြားရဲ့သားနဲ့ကွာ မမှုတ်တတ်ဘူးငြင်းချင်သေးတယ်”
ဦးသာရင်လည်း ငတူးသူ့ကိုနောက်ပြောင်‌ပြောနေသည်ထင်ပြီး အမြင်ကပ်သည့်လေသံဖြင့်ပြောလိုက်တော့ ငတူးက
“မဟုတ်ဘူးဗျာ အဲ့ဒါကျွန်တော်မှုတ်တတ်လို့မှုတ်တာမဟုတ်ဘူး သူ့အလိုလိုထွက်နေတာ”
“ဟေ ဟုတ်လို့လားကွ”
“ဟုတ်ပါတယ်ဗျာ ကျွန်တော်နှဲပါးစပ်တတ်ပြီးကတည်းက မျက်လုံးမှိတ်နေတာမြင်ဘူးလား အဲ့ဒါဘာမှမမှုတ်တတ်လို့ မျက်စိမှိုတ်ထားတာ ကျွန်တော်လည်းမှုတ်ရင်းမှုတ်ရင်း နှဲသံကသူ့အလိုလို ထွက်နေမှန်းသိပြီး အံ့ဩနေမိတာဗျာ့ ဧကန္ဒဘကြီးများလာမှုတ်နေသလားမသိဘူး”
ငတူးလည်း သူ့အဖြစ်ကိုသူသိ၍ ဘေးနားရှိသူ့ဘကြီးအလောင်းကို ကြည့်ပြီးပြောလိုက်သည် ထိုအခါ
“ဟေ ဟုတ်လို့လားကွ ဒို့ကိုမညာနဲ့နော်”
အိမ်ရှေ့ခန်းတွင်ထိုင်နေသော လူကြီးများထိတ်လန့်တကြားဖြင့် ဖင်တကြွကြွဖြစ်ကုန်ကြသည် ထိုအချိန် အကပြီးသွား၍ ဦးသံလုံးအလောင်းနားထိုင်ငိုနေသော ကြီးမြိုင်ထံမှ
“အမလေး ကိုသံလုံးရဲ့ တော့်တူနှဲမှုတ်တာကို တော်တော်သဘောကြတယ်ထင်ပါ့ သေလျှက်နဲ့တောင်ပြုံးနေပါရော့လား ထပြီးကြည့်လိုက်ပါတော့လားကိုသံလုံးရဲ့”
ဒေါ်မြိုင်ဝမ်းနည်းပက်လက် ‌အော်ငိုလိုက်သည့်အသံကိုကြားတော့ ဖင်တကြွကြွဖြစ်နေသည့်လူကြီးများ မိုးတိုးမတ်တတ်ရပ်ကုန်ပြီး
“ဟဲ့ ဟဲ့ ဘယ့်နှယ် သံလုံးကပြန်ပြုံးနေတာတုန်း သူကသေသွားပြီလေ ပြုံးလို့မရတော့ဘူး”
ရွာလူကြီးဦးသာရင်လည်း သေပြီးသားလူကပြုံးနေသည်ဆို၍ ထိတ်ထိတ်ပြာပြာဖြစ်ပြီးပြောလိုက်တော့ ဒေါ်မြိုင်က
“ရမရ တော်တို့ကိုယ်တိုင်လာကြည့်ပါလား ဒီမယ်ပြုံးနေတာများ မသိရင်မသေသေးတဲ့အတိုင်းပဲ”
“ဟေ ဒါဆိုမဟုတ်သေးဘူး သွား သွား ကပ္ပိယကြီးတို့မြင့်ဆောင်တို့ကိုသွားခေါ်စမ်း””
ရွာလူကြီး ဦးသာရင်အလောင်း‌ဘေးနားဖြတ်လျှောက်လာရာမှ မရဲတရဲကြည့်ရင်း ငတူးကိုလှမ်းပြောလိုက်သည် ငတူလည်း ထိုင်ရာဆတ်ကနဲထပြီး
“ဟုတ်ကဲ့ ဟုတ်ကဲ့ သွားခေါ်လိုက်မယ်”
ကမန်းကတန်းပြောကာ ရွာလူကြီးများရှေ့မှကျော်၍အိမ်‌ေအာက်ကိုပြေးဆင်းလာခဲ့သည် သူအိမ်အောက်ကိုရောက်တော့ ခြောက်လုံးပတ်ဆရာ ရွာသားကျော်စိန်လက်ပြင်းက
“ဟေ့ကောင်ငတူး ဘာဖြစ်တာတုန်းကွ ပျာယိပျာယာနဲ့”
“ဟိုဟာဗျာ အလုံးပြောင်း အလုံးပြောင်း”
ငတူးတစ်ယောက် စိတ်လှုပ်ရှားလာရင် စကားလွဲတတ်သည့်အတိုင်း အလောင်းပြုံးတာကို မှန်အောင်မပြောနိုင်ပဲ အလုံးပြောင်း အလုံးပြောင်းဟုအော်ပြောခဲ့ပြီးဘုန်းကြီးကျောင်းဘက်ပြေးထွက်လာခဲ့သည် နောက်မှာကျန်ခဲ့သည့် ခြောက်လုံးပတ်ဆရာ စိန်လက်ပြင်းလည်း
“ဘာတုန်းဟဒီကောင် အလုံးပြောင်း အလုံးပြောင်း ငါ့အလုံးတွေများမှားနေလို့လား”
တစ်ကိုယ်တည်းပြောရင်း သူ့ရှေ့မှာစီချထားသည့် ဗုံများကို ဟိုကြည့်ဒီကြည့်လိုက်ကြည့်နေသည် ပါးစပ်မှလည်း
“မှန်ပါတယ်ဟ ငါတစ်သက်လုံး ဒီးအတိုင်းထားပြီး တီးလာတာ ဘယ်အလုံးများပြောင်းရမှာတုန်း”
စိန်လက်ပြင်း မျက်မှောင်ကျုံ့ရင်း ပြောင်းရမည့်အလုံးကိုလိုက်ရှာနေသည် ထိုအချိန် အိမ်ပေါ်မှရုန်းရုန်း ရုန်းရုန်းဖြင့်ဆင်းလာသောလူများကိုကြည့်ရင်း
“ဘာတွေဖြစ်ကြတာတုန်းဟ ကျုပ်တို့ကိုလည်းပြောပါဦး”
စိန်လက်ပြင်း အလုံးရွေးနေရာမှ လှမ်းမေးလိုက်တော့ ရှေ့ဆုံးမှဆင်းလာသည့် ဦးသံချောင်းက
“မင်းတို့ နှာဆရဲကြီး အာပြဲလာလို့ဟေ့ အဲ့ဒါ မနေရဲတော့ဘူး ပြန်မလို့ကွ”
သူလည်း ငတူးနဲ့သားအဖလို့ပင်ပြောစရာမလို ငတူးကဲသို့ပင် ပြောင်းပြန်ပြောခဲ့ပြီး အိမ်ပေါက်ဝရှိရာကို ခပ်သွက်သွက်လျှောက်လာခဲ့သည် ခြောက်လုံးပတ်ဆရာစိန်လက်ပြင်းလည်း
“ဘာတုန်းဟ နှာဆရဲ အာပြဲ ဒီလူ နှာစေး‌နေလို့ အိမ်ပြန်မယ်ပြောတာများလား”
စိန်လက်ပြင်း ခေါင်းကုတ်၍ တစ်ကိုယ်တည်းညည်းနေရင်း ဦးသံချောင်းနောက်မှ ဦးသားရင်အားလှမ်းမေးလိုက်ပြန်သည်
“ဗျို့ ဦးသာရင် ဘာတွေဖြစ်နေတာတုန်းပြောစမ်းပါဦးဗျာ့”
“ဘာမှမဖြစ်ဘူးဟေ့ မင်းတို့နှဲဆရာကြီး သေပြီးမှပြုံးနေလို့ အဲ့ဒါ ငါ့တို့အိမ်ပြန်တော့မလို့”
ဦးသာရင် ဘာသာပြန်ပေးလိုက်မှာ စိန်လက်ပြင်းလည်းနှဲဆရာဦးသံလုံး သေပြီးမှပြုံးနေသည့်အကြောင်းကိုသိသွားပြီး
“ဟာ ဒါဘာမှမဖြစ်ဘူးတဲ့လား ဖြစ်တာပေါ့ဟ ဒါသရဲခြောက်တာပဲ”
စိန်လက်ပြင်းတစ်ကိုယ်တည်းပြောရင်း စီချထားသောဗုံများကိုကျော်ခွကာ ဆိုင်းဝိုင်းအပြင်ကိုပြေးထွက်လိုက်သည်ကျန်အဖွဲ့သားများလည်း သူ့လိုပင်ဖြစ်ကာလက်ထဲမှာကိုင်ထားသော လင်ကွမ်း ဝါးလက်ခုတ် စည်းဝါးစသည့်များကို လွှတ်ချလိုက်ပြီး အိမ်ပေါ်မှဆင်းလာသူများရပ်နေရာသို့ ပြေးလွှားသွားကြသည် သူတို့အားလုံးအိမ်ဝိုင်းအလယ်သို့ ရောက်တော့
“အမလေး ကိုသံလုံးရဲ့‌တော်မပြုံးတော့ဘူးလား တော့်ညီနဲ့တော့်တူကလည်း တော့်ကိုထားပြီးထွက်ပြေးသွားပြီးတော့်”
ဒေါ်မြိုင်၏ အော်ငိုလိုက်သံကိုကြားတော့ ရှေ့ဆုံးမှပြေးနေသည့် ဦးသံချောင်းလည်း အပြေးကိုရပ်၍
“ဟေ့လူတွေ ကျုပ်နောက်မလိုက်ခဲ့နဲ့လေဗျာ ဟိုမှာမမြိုင်တစ်ယောက်တည်းကျန်ခဲ့ပြီး”
“အေး အဲ့ဒါဘာဖြစ်တုန်း မင်းတောင်ညီအစ်ကိုအရင်းဖြစ်ပြီး ဒီလိုရှေ့ကပြေးနေမှ‌တော့ကျန်တဲ့လူတွေလည်း ပြေးပြီပေါ့ကွ”
ရွာလူကြီး ဦးသားရင်သူ့ကိုခပ်ထန်ထန်ပြောလိုက်‌တော့ ဦးသံချောင်းက
“ဟာ ကျုပ်ကကြောက်လို့ပြေးတာဗျာ့ ခင်ဗျားတို့ကပြေးစရာမလိုဘူး”
“ဘာကွ မင်းတောင်ညီအစ်ကိုအရင်းဖြစ်ပြီးဒီလောက်ကြောက်နေရင် ငါတို့ သူစိမ်းတွေကမင်းထက်ပိုကြောက်တာပေါ့ကွ မှန်ရှေ့ကဖယ်စမ်း ငါ့တို့ဆက်ပြေးမယ်”
ရွာလူကြီးဦးသာရင် သူ့ရှေ့လမ်းပိတ်ရပ်နေသော ဦးသံချောင်းကိုဆွဲဖယ်ပြီးပြောလိုက်တော့
“နေပါဦးဗျာ မပြေးကြပါနဲ့ဦး ဒီနားမှာပဲခဏရပ်နေကြပါဦး ကပ္ပိယကြီးလာမှပဲ ပြေးသင့်မပြေးသင့် ဆက်စဉ်းစားတာပေါ့ မဟုတ်ဘူးလား”
“အေးဟုတ်တယ် အဲ့ဒါဆို ဒို့အာလုံးဒီနားမှာပဲရပ်နေကြ ကပ္ပိယကြီးလာလို့ ပြေးဆိုရင်တော့ ဘယ်သူမှခြေထောက်မနှေးစေကြနဲ့ကြားလား ကိုယ့်အိမ်ကိုသာ အမြန်ရောက်အောင်ပြေးကြ ဒါဖုတ်ဝင်တာလို့ခေါ်တယ်ကွ”
ရွာလူကြီးဦးသာရင်လည်း ဦးသံလုံး၏အပြုံးကိုဖုတ်ဝင်သည်ဟု သတ်မှတ်လိုက်ပြီး ခြေထောက်ကိုအသင့်ပြင်ကာ ကပ္ပိယကြီးအလာကိုစောင့်နေသည်။
(၃)
သူတို့စောင့်နေပြီး သိပ်မကြာခင်မှာပဲ ကပ္ပိယကြီးနဲ့ကိုမြင့်‌ဆောင်တို့နှစ်ယောက် အိမ်ဝိုင်းထဲရောက်လာပြီး ငတူးကတော့ပါမလာခဲ့ အမှန်တော့ ကပ္ပိယကြီးသည်လည်း သစ်ပုပ်ပင်ရွာကပြန်ရောက်ခါစဖြစ်၍ ကျောင်းသို့မပြန်ရသေးပဲ ကိုမြင့်ဆောင်နဲ့အတူ တဲမှာပင်ရှိနေတုန်းဖြစ်သည် ငတူးကသာလှည်းဖြုတ်ဖြုတ်ချင်း ရွာသို့တန်းပြန်လာခဲ့ခြင်းဖြစ်၍ သူတို့အရင်ကြိုရောက်နေပြီး သူ့ဘကြီးအား နှဲမှုတ်၍ဂါရဝပြုပြီးခြင်းဖြစ်သည် ဒါပေမဲ့သူလည်း ကြောက်ကြောက်လန့်လန့်နှင့်မို့ ဦးသာရင်ကပ္ပိယကြီကိုသွားခေါ်ခိုင်း‌သည့်အခါ ကပ္ပိယကြီးတဲမှာကျန်နေခဲ့တာကိုသတိမရ ဒါကြောင့်ဘုန်းကြီးကျောင်းဘက်ကို စွတ်ပြေးသွားပြီး ကပ္ပိယကြီးနဲ့ကိုမြင့်ဆောင် တောထဲကရောက်လာသည့်တိုင်အောင် သူကပြန်‌မရောက်လာသေး ကပ္ပိယကြီးလည်း အိမ်ဝိုင်းထဲတွင် စုစု စုစုဖြစ်နေသောလူများကိုကြည့်ရင်း
“ဘာတုန်းဗျာ့ သင်္ဂြုလ်တော့မလို့လား”
သူလည်း အသုဘသင်္ဂြိုလ်တော့မည့်အချိန်နီးကပ်လာပြီးဖြစ်၍ သူ့စိတ်ထဲထင်တာကိုမေးလိုက်တော့ ဦးသံချောင်းက
“မဟုတ်သေးဘူးကပ္ပိယကြီး သင်္ဂြိုလ်လို့မရသေးဘူးဗျာ့ အလောင်းကြီးကပြုံးနေတယ်”
“ဘယ့်နှယ် အလောင်းကပြုံးတာတုန်း မဟုတ်ကဟုတ်က လာအပေါ်သွားကြည့်ရအောင်”
ကပ္ပိယကြီး ခေါ်လိုက်တော့ အိမ်ဝိုင်းထဲရှိလူများတစ်ယောက်မှမလိုက်ရဲပဲ ခြောက်လုံးပတ်ဆရာစိန်လက်ပြင်းက
“မလိုက်ရဲဘူးဗျာ့ အဲ့ဒါဖုတ်ဝင်နေတာလို့ ရွာလူကြီးကပြောတယ်”
“ဟုတ်လားဦးသာရင် ခင်ဗျားတကယ်မြင်ခဲ့လို့လား”
“မြင်ခဲ့တာပေါ့ဗျာ သွားကြီးကိုဖြီးလို့”
“ဒီလိုဆို မြန်မြန်သင်္ဂြိုလ်မှာဖြစ်မှာ‌ပေါ့ဗျာ့ ဒီအတိုင်းထားလို့ ဘယ်ဖြစ်မတုန်း”
ကပ္ပိယကြီးလည်း ပြောပြောဆိုဆိုအိမ်ပေါ်ကို တက်သွားပြီး သူ့နဲ့အတူကိုမြင့်ဆောင်ပါလိုက်လာခဲ့သည် သူတို့နှစ်ယောက်အိမ်ပေါ်ရောက်တော့ အလောင်းဘေးတွင်ထိုင်ငိုနေသော ဒေါ်မြိုင်တစ်ယောက်ကိုသာတွေ့ရပြီး ကျန်သည့်လူများတစ်ယောက်မှမရှိ ကပ္ပိယကြီးလည်း အိမ်ဝိုင်းထဲမှလူများပြောသလို အလောင်းကိုဖုတ်ဝင်နေတာဟုတ်မဟုတ် စမ်းသပ်ကြည့်လိုက်တော့ ဘာဖုတ်မှမဝင်ရိုးရိုးသာမာန်အလောင်းတစ်လောင်းသာဖြစ်သည် ဒါကြောင့် ကပ္ပိယကြီးလည်း အိမ်အောက်ပြန်ဆင်းလာခဲ့ပြီး
“ကဲ ဘာဖုတ်မှမဝင်ဘူး ခင်ဗျားတို့စိတ်ထင်လို့ဖြစ်တာ အလောင်းကို သင်္ဂြိုလ်ဖို့လုပ်ကြတော့”
ကပ္ပိယကြီးပြောလိုက်တော့ အိမ်အောက်မှလူများလည်း အိမ်ပေါ်ပြန်တက်လာကြသည် ထို့နောက်ရွာထဲကလူများလည်း အလျှိုအလျှိုရောက်လာကြပြီး အသုဘကိုသင်္ဂြိုလ်ဖို့ပြင်ဆင်ကြတော့သည် ထိုအချိန်ရောက်မှငတူးလည်း နှဲကြီးကိုင်၍ပြန်ရောက်လာပြီး သူ့ဘကြီး၏ အသုဘအခမ်းအနားကို ဝိုင်းဝန်းပြင်ဆင်၍ လိုက်ပါပို့ဆောင်နိုင်တော့သည် ထိုသို့ပို့ဆောင်ရာတွင်လည်း ရိုးရိုးသာမာန်ပို့ဆောင်ခြင်းမဟုတ်ပဲ အတီးအမှုတ်ကလေးနှင့်ဖြစ်ကာ သီချင်းကတော့ စိန်အိုးစည် လွယ်သလေလေပဲဖြစ်သည်။
ငတူးလည်း ထိုသီချင်းကို မှုတ်တတ်၍မှုတ်နေသည်မဟုတ် နှဲကိုပါးစပ်တေ့လိုက်သည်နှင့် သူ့အလိုလိုဖြစ်လာပြီး ဆိုင်းသမားများကလည်း သူနှင့်လိုက်၍မြိုင်ဆိုင်စွာ တီးမှုတ်ကြလေတော့သည်။
(၄)
ထိုသို့ဖြစ် သလဲကုန်းရွာဆိုင်းအဖွဲ့မှာ နှဲသမားတစ်ဦးဆုံးသွားပေမဲ့ နောက်ထပ်နှဲသမားတစ်ဦးထပ်ပေါ်လာပြီး ထိုလူကတော့ နှဲဆရာငတူးပင်ဖြစ်တော့သည် ငတူးသည်နှဲပညာကို သင်လည်းမသင် တတ်လည်းမတတ် ဒါပေမဲ့သူနှဲလိုက်မှုတ်သည့်အချိန်မှာတော့ အားလုံးအစဉ်ပြေနေပြီး ဆိုင်းဆရာဘယ်သီချင်းတီးတီး သူမှုတ်သည့်နှဲသံနှင်အံဝင်ဂွင်ကြပင်ဖြစ်နေတော့သည့် ဆိုင်းဆရာတီး‌သောတချို့သီချင်းများဆိုလျှင် သူကြားပင်မကြားဘူး ဒါပေမဲ့ သူကတော့ထိုသီချင်းကို လိုက်မှုတ်နိုင်ပြီး ဘယ်အပေါက် ဘယ်အပေါက်နှိပ်ရမည်ဆိုတာကို လက်ကအလိုလိုရောက်ပြီးသားဖြစ်နေသည် တစ်ခုထူးခြားတာကတော့ ငတူးတစ်ယောက် ဆိုင်းအဖွဲ့နဲ့မဟုတ်ပဲ တစ်ယောက်တည်းမှုတ်လျှင်‌တော့ ဘာသီချင်းသံမှမထွက် လက်ပေါက်ကလည်းသူ့အလိုလိုမရောက် ကြိုးစားပြီးမှုတ်ပေမဲ့ တီးတော် တီးတော် ကမတက် ဒီလိုနဲ့ ငတူးတစ်ယောက် ဤနှဲကိုသူ့ဘကြီးဦးသံလုံးစွဲကပ်နေမှန်းသိပြီး
“ကိုမြင့်ဆောင် ကျုပ်ဘကြီးကမကျွတ်ဘူးဗျာ့ ဒီနှဲထဲမှာရှိတယ်”
“ဟုတ်ရဲ့လားကွ မင်းကဘယ်လိုလုပ်သိတုန်း”
ကိုမြင့်ဆောင်လည်း တဲရှေ့လသာစင်လေးပေါ်တွင် နှဲကြီးကိုင်၍ တတီးတီး တတော်တော်လုပ်နေသော ငတူးအားကြည့်ရင်း ပြန်မေးလိုက်သည် ထိုအခါ ငတူးက
“သိတာပေါ့ဗျာ့ ကျုပ်အခုဘာမှမမှုတ်တတ်တာခင်ဗျားအမြင်ပဲမဟုတ်လား ဒါပေမဲ့ ရွာထဲက ခြောက်လုံးပတ်အဖွဲ့နဲ့မှုတ်ရင် ဘယ်လောက်ကောင်းတုန်း အဲ့ဒါခင်ဗျားစဉ်းစားကြည့်စမ်းပါဦး တစ်ယောက်ယောက်ပူးနေတယ်လို့မထင်ဘူးလား”
“မထင်ဘူးကွ ငါကမင်းမှုတ်တယ်ပဲထင်နေတာ”
“ဘယ်ကဟုတ်ရမှာတုန်းဗျာ အဲ့ဒါကျုပ်ဘကြီးမှုတ်နေတာဗျာ့ သူပဲကျုပ်လက်တွေကို လိုက်ရွှေ့ပေးနေတာ”
“ဟုတ်လို့လားကွ မင်းမြင်လို့လား”
“မြင်တော့မမြင်ဘူးပေါ့ဗျာ ဒါပေမဲ့ကျုပ်စိတ်ထဲက သိနေသလိုပဲဗျာ့ ကျုပ်လက်ပေါက်ကိုမပိတ်ပဲ ဒီအတိုင်းကြီးထားလည်း မရဘူးဗျာ့ သူ့အလိုလိုကို လိုက်ပိတ်နေတာ”
“ဟုတ်လားကွ ဒါဆိုရင်တော့ မင်းဘကြီးစွဲကပ်နေတာ သေချာသွားပြီပေါ့ ဒါနဲ့မင်းအခုမှုတ်တော့ရော မင်းဘကြီးက ဘာလို့လာမပိတ်ပေးတာတုန်း”
“အဲ့ဒါတော့ ကျုပ်လည်းမသိဘူးဗျာ့ ကျုပ်ဘကြီးကဆိုင်းအဖွဲနဲ့တွဲမှ လာပိတ်တာ ဒီအတိုင်းဆိုရင်တော့ မှုတ်ချင်သလိုမှုတ်ပဲ ဒါကြောင့် ကျုပ် တီးတီး တော်တော်က မတက်တာပေါ့”
ကိုမြင့်ဆောင်လည်း ငတူးပြောတာတွေကို ခေါင်းတညိတ်ညိတ်လုပ်နားထောင်ရင်း ဟုတ်မှန်နိုင်ကြောင်းကိုစဉ်းစားမိလာသည် ငတူးသည် အခြားသူတွေကို ညာရင်ညာနိုင်ပေမဲ့ သူ့ကို‌တော့ညာမည်မဟုတ် နောက်ပြီးသူတို့လက်ပေါ်မှာပင်ကြီးပြင်းလာသူဖြစ်၍ ငတူးဘာလုပ်တတ်သည် ဘာကိုင်တတ်သည်ကို သူအားလုံးသိပြီးသားဖြစ်သည် ထိုပြင့်ငတူးသည် လေကိုပင်ဖြောင့်အောင်ချွန်တတ်သူမဟုတ် ဒါပေမဲ့ ဒီလိုလူမျိုးက ဆိုင်းအဖွဲ့နဲ့ဆိုလျှင် နှဲကိုကောင်းကောင်းမှုတ်နိုင်နေ၍ စဉ်းစားစရာတော့ဖြစ်နေပြီး ကိုမြင့်ဆောင်က
“ဘာပဲဖြစ်ဖြစ်ပေါ့ကွာ မင်းပဲမှုတ်မှုတ် မင်းဘကြီးပဲမှုတ်မှုတ် မှုတ်တဲ့လူကဆိုင်းအဖွဲ့ကို ကူညီနေတာပဲ အဲ့ဒါကြောင့်ဆက်သာမှုတ်ကွာ ဒါနဲ့ မနက်ဖြန်မင်းတို့အဖွဲ့ ညောင်ပင်ကုန်းကို သွားမှုတ်ရမယ်ဆို”
“ဟုတ်တယ်ဗျာ့ အဲ့ဒါကိုမြင်ဆောင် အားရင်လိုက်ခဲ့ပါလား”
“အေးလိုက်ခဲ့မယ်ကွာ ငါလည်းအလုပ်အားတုန်း အနီးအနာကရွာပွဲလေးတွေလိုက်ကြည့်ဦးမယ်”
ကိုမြင့်ဆောင်လည်း ငတူးကိုသူလိုက်ခဲ့မည့်အကြောင်းပြောရင်း အိပ်ယာဝင်လိုက်သည် ငတူးလည်း မနက်ဖြန်တခြားရွာသွာမှုတ်ရမည်မို့ လက်စမ်းသည့်အနေဖြင့် နှဲကိုပါးစပ်မှာတေ့ရင်း တစ်ကွက်နှစ်ကွက်လောက်မှုတ်လိုက်သည် ဒါပေမဲ့ သူ့နှဲသံက တီးတော်ကမတက်သဖြင့် အိပ်နေသည့် မောင်စိုးက
“ဟာဗျာ ကိုငတူးနှဲကြီးကလည်းနားညီးလိုက်တာ တော်ပါတော့ဗျာ မှုတ်မနေစမ်းပါနဲ့”
မောင်စိုး စိတ်ပေါက်ပေါက်ဖြင့်ထအော်လိုက်တော့ ငတူးလည်း နှဲကိုပါးစပ်မှချွတ်ရင်း
“အေးပါကွာ မမှုတ်တော့ပါဘူး တော်ပါပြီ”
သူလည်း ကလေးကပါထအော်နေပြီဖြစ်၍ ဆက်မမှုတ်ဝံ့တော့ပဲ ခပ်ကုပ်ကုပ်ဖြစ်သာအိပ်ယာဝင်ခဲ့ရတော့သည်။
(၅)
နောက်နေ့မနက်ရောက်တော့ ကိုမြင့်ဆောင်နဲ့ငတူးလည်းမောင်စိုးနဲ့ဇော်မြင့်ကို တဲတွင်‌ထားခဲ့ပြီး သူတို့နှစ်ယောက်ကတော့ ရွာကိုပြန်လာခဲ့သည် ထို့နောက်ရွာထဲမှ ဆိုင်းအဖွဲနဲ့အတူ ညောင်ပင်ကုန်းရွာကိုလာခဲ့ပြီး ညောင်ပင်ကုန်းရွာအလှူအိမ်တွင် သူတို့ခြောက်လုံးပတ်ဝိုင်းကို စတင်တီးမှုတ်ဖျော်ဖြေလေတော့သည် ထိုအခါတွင်တော့ ငတူး၏နှဲသည် ညတုန်းကလို တီးတော် တီးတော် မဟုတ်တော့ပဲ သာယာညှင်းတွဲ့သော အသံများကိုကြားရပြီး သူ့ဘကြီးမှုတ်သည့်နှဲသံအတိုင်းဖြစ်ကာ ခြောက်လုံးပတ်ဝိုင်းနှင့်တစ်ထပ်တည်းဖြစ်နေတော့သည်။
ကိုမြင့်ဆောင်လည်း တန်းလျှားတစ်လုံးပေါ်ထိုင်ရင် ငတူးနှဲမှုတ်တာကိုသေချာကြည့်ကာ လက်ဖြင့်ပေါင်ကိုပုတ်ရင်း စည်းချက်လိုက်နေမိသည် ငတူးလည်းနှဲမှုတ်ရင်းနဲ့ပင် သူ့ကိုလှမ်းလှမ်းကြည့်ကာ ပြုံးပြနေသည် အဓိပ္ပါယ်ကတော့ဘယ့်နှယ့်တုန်းဆိုသည့် သဘောမျိုးဖြစ်သည် ဒီလိုနဲ့ သီချင်းနှစ်ပုဒ်သုံးပုဒ်လောက်တီးမှုတ်ပြီးသွာတော့ ငတူး၏နှဲသံမှာ အရင်လိုမဟုတ်တော့ပဲ တီးတော် တီးတော် ပြန်ဖြစ်လာသည် ထိုအခါ ငတူးလည်း သူ့နှဲသံကိုပြန်နားထောင်ရင်း ဘယ်လိုဖြစ်သွာတာတုန်းဟူသော သဘောဖြင့်ကိုမြင့်ဆောင်ကိုလှမ်းကြည့်လိုက်ပြန်သည် ဒီတခါတော့ သူ့မျက်နှာသည်ပြုံးမနေတော့ မျက်မှောင်ကြီးကျုံ့ကာတစ်ခုခုကိုစဥ်းစားနေပြီး သူ့လက်ချောင်းများကိုဂရုတစိုက်ကြည့်နေမိသည် ဒီအချိန်မှာ‌တော့သူ့လက်ချောင်းများသည် နှဲလက်ပေါက်များပေါ် သူ့အလိုလိုမရွေ့လျှားတော့ပဲ သူရွှေ့သည့်အတိုင်းပါလာပြီး သူမှုတ်သလိုပင်ပြန်ဖြစ်လာကာ နှဲသံသည်လည်း တီးတော် တီးတော် ပြန်ဖြစ်လာရခြင်းဖြစ်သည် ဆိုင်းအဖွဲ့ထဲမှလူများလည်း ရုတ်တရက်ဖောက်သွားသော နှဲသံကိုနားထောင်ရင်း ငတူးကို လှမ်းကြည့်နေကြသည် ထိုလူများသာမက ဆိုင်းသံကိုနား‌ထောင်နေသည့်မဏ္ဍပ်ထဲကလူများပါ ငတူးကိုလှမ်းကြည့်နေကြပြီး ငတူးကတော့သူတို့ကို ဂရုမစိုက် သူ့အကြောင်းသူသိ၍ နှဲမှုတ်တာကိုခဏရပ်ပြီး ကိုမြင့်ဆောင်ထံကို လှမ်းလာခဲ့သည် ကိုမြင့်ဆောင်လည်းသူ့ထံလာနေသော ငတူးကိုကြည့်ရင်း
“ငတူး ဘယ်လိုဖြစ်တာတုန်းကွ”
“ဘယ်လိုဖြစ်ရမှာတုန်းဗျာ့ ကျုပ်ဘကြီးနှဲကခွါသွားပြီ အဲ့ဒါဘယ်လိုလုပ်ရမတုန်း”
ငတူးလည်း သူ့ဘကြီးနှဲကခွါသွားမှန်းသိ၍ သူဆက်မှုတ်လို့မရတော့မှန်းသိပြီးပြောလိုက်တော့ ကိုမြင့်ဆောင်က
“ငါးလည်း မသိဘူးလေကွာ ဘယ်လိုလုပ်ရမှာတုန်း”
“ကျုပ်အထင် အနှောက်အယှက်တစ်ခုခုရှိမယ်ထင်တယ်ဗျာ့ အဲ့ဒါကြောင်း ကျုပ်ဘကြီးခွါသွာတာဖြစ်ရမယ်”
“ဟုတ်လားကွ ဘယ်လိုအနှောက်အယှက်တုန်း”
“ဟိုမှာလေဗျာ ဟိုးကဘိုးတော်ကို ကြည့်စမ်းပါဦး သူကျုပ်နှဲမှုတ်တာကိုပဲ စိုက်ကြည့်နေတာဗျာ့ သူ့အဲ့လိုကြည့်ပြီးကတည်းက ကျုပ်လက်တွေလည်း သူ့အလိုလို မရွေ့တော့ဘူးဗျာ့ အဲ့ဒါကြောင့် ကျုပ်နှဲသံလည်းတီးတော် တီးတော်ပြန်ဖြစ်လာ‌တာပေါ့”
ကိုမြင့်‌ဆောင်လည်း ငတူးမျက်ရိပ်ပြသည့်ဘက်ကို မသိမသာကြည့်လိုက်တော့ သူတို့ကိုကြည့်နေသည့်လူကြီးတစ်ယောက်ကိုမြင်လိုက်ရပြီး ထိုလူကြီးသည်ညောင်ပင်ကုန်းရွာသားမဟုတ် သူ၏ပုံမှာပ‌ယောဂဆရာလိုလို ဘာလိုလို ဖြစ်ပြီး ခေါင်းတွင်ပဝါပေါင်း၍ တောင်ဝှေးကိုလက်ဖြင့်ထောက်ကိုင်ထားသည် လည်ပင်းမှာလည်း ပုတီးကုံးခပ်ကြီးကြီး တစ်ကုံးကိုဆွဲထပြီး စူးရဲသောမျက်လုံးမျာဖြင့် သူတို့နှစ်ယောက်ကိုစိုက်ကြည့်နေသည် ကိုမြင့်ဆောင်လည်း ထိုလူကြီးကို ခဏမျှကြည့်ပြီး
“ကဲ ငတူး မင်းနေရာမင်း သွားထိုင်နေတော့ ငါဘာလုပ်ရမယ်ဆိုတာ ကြည့်လိုက်ဦးမယ်”
ကိုမြင့်ဆောင် ငတူးကိုပြောပြီး စိတ်အားရုံကိုစုစည်းလိုက်သည် ငတူးလည်း သူနှဲမှုတ်သည့်နေရာ၌သွားထိုင်နေပြီး သူကို့ကြည့်နေသာ လူကြီးကိုသာကြည့်နေသည် ဒီတစ်ခါတော့ ထိုလူကြီးသည် သူဘက်ကိုမကြည့်တော့ ကိုမြင့်ဆောင်ဘက်ကိုသာ ကြည့်နေပြီးနှုတ်မှလည်းတစ်စုံတစ်ခုကို ရွတ်ဆိုနေသလိုပွစိပွစိလုပ်နေသည် ကိုမြင့်ဆောင်လည်း စုစည်းထားသောစိတ်အာရုံကို အနီးအနားဖြန့်ကြည့်လိုက်တော့ အလှူအိမ်ဝိုင်းပေါက်ဝတွင် မျက်နှာငယ်လေးဖြင့်ရပ်ကြည့်နေသော ဦးသံလုံးကိုမြင်လိုက်ရပြီး သူ့ပုံကိုကြည့်ရသည်မှာဆိုင်ဝိုင်းထဲကို ဝင်ခြင်ပေမဲ့တစ်ယောက်ယောက်က တားဆီးထား၍ မဝင်ရဲပဲဖြစ်နေမှန်း သိသာလှသည် ကိုမြင့်ဆောင်လည်း ဦးသံလုံးနားကို သွားလိုက်ပြီး
“ဦးသံလုံး ခင်ဗျားဘယ်တုန်းကရောက်နေတာတုန်း”
ကိုမြင့်ဆောင် အသံကိုကြားတော့ ဦးသံလုံးသူ့ဘက်ကိုလှည့်လိုက်ပြီး
“ငါ ဆိုင်းတင်တဲ့လှည်းနဲ့လိုက်လာတာ ”
“ဟုတ်လား ဒါဆို ခင်ဗျားဆိုင်းဝိုင်းထဲ ဘာလို့လိုက်မသွားတာတုန်း”
“ငါ လိုက်သွားသေးတယ် စောစောကမှ ငါ့ကိုလူတစ်ယောက်ကနှင်ထုတ်လိုက်လို့ ငါဒီဘက်ကိုထွက်လာခဲ့ရတာ”
“ဟုတ်လား ဒါဆိုခင်ဗျား အခုရောမသွားချင်ဘူးလား”
“သွားချင်တာပေါ့ကွာ ငါသွားချင်လွန်းလို့ အဲ့ဒီလူပြန်မယ့်အချိန်ကို ဒီနားကရပ်စောင့်နေတာပေါ့”
“ကဲ ဦးသံလုံး ဒါဆိုခင်ဗျား အခုဝင်ခဲ့တော့”
ကိုမြင့်ဆောင် ဝင်ခဲ့ဖို့ပြောလိုက်တော့ ဦးသံလုံးက
“ငါမဝင်ရဲဘူးကွ ငါအိမ်ဝိုင်းထဲဝင်ရင် အမှုန့်ဖြစ်သွားစေရမယ်လို့ပြောထားတယ်”
“ဝင်သာဝင်ခဲ့ပါဦးသံလုံး ခင်ဗျားကိုခြိမ်းခြောက်ထားတဲ့လူမှန်သမျှ သူ့ဒုက္ခနဲ့သူပြန်ခံစားရလိမ့်မယ် အဲ့ဒါဘာဖြစ်လို့တုန်းဆိုတော့ ခင်ဗျားစိတ်ထဲမှာ လူတွေကိုအန္တရာယ်ပြုချင်စိတ်မရှိလို့ပဲ အဲ့ဒါကြောင့်ဝင်သာဝင်ခဲ့ပါ ဦးသံလုံး ခင်ဗျားဘာမှမဖြစ်စေရပါဘူး”
ကိုမြင့်ဆောင် အာမခံပြီးခေါ်လိုက်တော့ အလိုလိုမှဝင်ချင်နေသော ဦးသံလုံးလည်းအိမ်ဝိုင်းထဲကိုစဝင်လာခဲ့ပြီး တဖြည်းဖြည်း ဆိုင်းဝိုင်းဘက်ကိုရွေ့လျှားသွားသည် ဦးသံလုံး ဆိုင်ဝိုင်းထဲပြန်ရောက်လာတော့ စောစောကလူကြီးလည်း ‌မယုံနိုင်သောအမူအယာဖြင့်ကြည့်ကာ ပါးစပ်မှလည်း ဂါထာမန္တရားများကို အဆက်မပြတ်ရွတ်ဆိုတော့သည် ဒါပေမဲ့ သူ၏ရွတ်ဆိုမှုများသည် ဦးသံလုံးကိုထိရောက်မှုမရှိတော့ပဲ ဦးသံလုံး‌ကတော့အေးအေးဆေးဆေးပင် နှဲစမှုတ်နေပြီဖြစ်သည် နှဲမှုတ်သည်ဆိုရာ၌သူကိုယ်တိုင် ပါးစပ်ဖြင့်တေ့၍မှုတ်ချင်းမဟုတ်ပဲ ငတူးကိုင်ထာသောနှဲပေါ်မှ လက်ပေါက်များကို လိုက်လံရွှေ့ပေးချင်းသာဖြစ်သည် ဦးသံလုံးထိုသို့ဘာမှမဖြစ်ပဲ နှဲမှုတ်နေတာမြင်တော့ စောစောကလူကြီးလည်း သူ့ကိုမလေးမစားလုပ်သည်ဟုထင်ပြီး လွယ်အိပ်ထဲမှအစီအရင်များကို ထုတ်ကိုင်ကာ ဦးသံလုံးကိုပစ်ပေါက်ဖို့အတွက် ဆိုင်းဝိုင်းဘက်ကိုလာနေသည် ထိုအခါ ကိုမြင့်ဆောင်က
“ဦးကြီး ဘယ်သွားမလို့တုန်းဗျာ့”
သူကိုမြင့်ဆောင်၏ အသံကိုကြားတော့ဆတ်ကနဲ့ကြည့်လိုက်ပြီး
“မင်း ငါ့ကိုပြောနေတာလား”
သူလည်း သူ့ဘေးမှလူပြောသည်ထင်ပြီး မေးလိုက်တော့ ထိုလူက
“မပြောပါဘူးဗျာ့ ဘာဖြစ်လို့တုန်း”
“ဘာမှမဖြစ်ပါဘူးကွယ် တစ်ခုခုများပြောလိုက်သလားလို့ပါ”
ထိုလူကြီးလည်း ကောင်းကောင်းမွန်မွန်ပင်ပြန်ဖြေပြီး ကိုမြင်ဆောင်ဘက်ကို လှည့်ကြည့်လိုက်သည် ကိုမြင့်ဆောင်၏မျက်လုံးများကတော့ ဆိုင်းဝိုင်းဘက်ကိုသာကြည့်နေပြီး စိတ်ကတော့ထိုလူကြီးနားမှာရောက်နေသည် ဒါကြောင့် ထိုလူကြီးသူ့အပေါ်သံသယရှိနေမှန်းသိပြီး
“ဟုတ်ပါတယ်ဦး ကျုပ်ပြောနေတာပါ ဦးကြီးဘာလို့ဆိုင်းဝိုင်းထဲက ဝိညာဉ်ကိုနှင်ထုတ်ချင်နေတာတုန်း”
“ဒါကငါ့အလုပ်ကွ ဒီအလှူမှာဘာအနှောက်အယှက်မှမရှိအောင် ငါ့ကိုတာဝန်ပေးထားတာ အဲ့ဒါကြောင့်အဲ့ဒီဝိညာဉ်ကို နှင့်ထုတ်တာပဲ”
“စိတ်ချပါဦးကြီး အဲ့ဒီဝိညာဉ်နဲ့ပတ်သက်ပြီး ဘာအနှောက်အယှက်မှမဖြစ်စေရပါဘူး ကျုပ်တာဝန်ယူပါတယ်”
“မင်းက ဘာမို့လို့တာဝန်ယူနိုင်တာတုန်း နောက်ပြီး ဒီဝိညာဉ်နဲ့ ဘယ်လိုပတ်သက်နေလို့တုန်း”
“ကျုပ်နဲ့တော့ ဘယ်လိုမှမပတ်သက်ပါဘူး ဒါပေမဲ့ အဲ့ဒီဝိညာဉ်က အခုနှဲမှုတ်နေတဲ့သူရဲ့ ဘကြီးပဲဗျာ့ သူကလည်းနှဲကိုမှုတ်တတ်တာမဟုတ်ဘူး သူ့ဘကြီးအကူညီအညီနဲ့မှုတ်‌နေရတာ ဒါကြောင့် ဆိုင်းအရသာလည်း မပြက်အောင် သူ့ကိုလည်း လူကြားထဲအရှက်မကွဲအောင် သူ့ဘကြီးဝိညာဉ်ကို သူ့အနားမှာနေခွင့်ပေးလိုက်ပါဦးကြီး ကျုပ်တောင်းဆိုပါတယ်”
ကိုမြင့်ဆောင် လေးလေးစားစားတောင်းဆိုလိုက်တော့ အနှောက်အယှက်မရှိဖို့ တာဝန်ယူထားသောလူကြီးလည်း
“ကောင်းပြီလေ မင်းကိုအားနားလို့ ငါခွင့်ပြုပေးလိုက်မယ် ငါ့စိတ်နဲ့ဆိုရင်တော့ လွယ်မှာမဟုတ်ဘူး”
ပြောပြောဆိုဆို ထိုထိုလူကြီးနောက်ပြန်လှည့်သွားတော့ သူဘေးနားတွင်ရပ်နေသောလူက
“ဘာတုန်းဟဒီလူ တစ်ယောက်တည်းစကားတွေပြောပြီလှည့်ပြန်သွာတယ် ရူးများနေလားမသိဘူး”
ထိုလူလည်း လူကြီးပြောသည့်စကားများကိုသာကြားပြီး ကိုမြင့်ဆောင်ပြောသည့် စကားများကိုမကြား၍ တစ်ယောက်တည်းပြောနေခြင်းဖြစ်သည်ဟုထင်ကာ စိတ်ထဲရှိသည့်အတိုင်းပြောလိုက်ပြီး ဆိုင်းဝိုင်းဘက်ကိုသာ အာရုံပြန်စိုက်နေလိုက်သည် ထိုအချိန်တွင်‌တော့ ငတူး၏နှဲသံမှာ တီးတော် တီးတော်မဟုတ်တော့ပဲ အင်မတန်မှနားထောင်ကောင်လှပြီး ထိုသူလည်း ပြုံးစိစိဖြင့်သဘောကြနေတော့သည်။
ထိုသို့ဖြစ် ဆိုင်းပွဲပြီး၍ရွာပြန်လာကြတော့ ငတူးက
“ကဲ ကိုမြင့်ဆောင်ကျုပ်တို့ဘယ်လိုလုပ်မတုန်း”
“ဘာတုန်းကွ ဘယ်လိုလုပ်ရမှာတုန်းဆိုတာ”
ကိုမြင့်ဆောင်လည်း ငတူးပြောတာကို သဘောမပေါက်၍ ထပ်မေးလိုက်တော့
“ဒီလိုလေဗျာ ကျုပ်အခုဖြစ်တဲ့အတိုင်း နောက်ပွဲတွေထပ်ဖြစ်ရင် ဘယ်လိုလုပ်မတုန်းလို့မေးတာ”
“ဒါကတော့ ငါလည်းမပြောတတ်ဘူးလေးကွာ မင်းသဘောပဲ ဒီနှဲကိုဆက်မှုတ်ရင်မှုတ် မမှုတ်ရင်နေ တကယ်လို့ဆက်မှုတ်မယ်ဆိုရင်တော့ တစ်နေ့မဟုတ်တစ်နေ့ဒီလိုအဖြစ်မျိုးထပ်ကြုံဦးမှာပဲ အဲ့ဒီအခါ ငါလည်းဘာမှလုပ်ပေးနိုင်မှာမဟုတ်ဘူး အခုတောင်ဦးသံလုံးကို သနားလို့ဝင်ကူညီလိုက်တာ မင်းလိုဆိုရင်တော့ဒီအတိုင်းထားခဲ့မှာ”
“အေးပါဗျာ ကျုပ်သိပါတယ် အခုလည်းကျုပ်ဒီနှဲကြီးကို မမှုတ်ခြင်တော့ပါဘူး နောက်ပြီး ကိုယ်မတတ်ပဲနဲ့လည်းတတ်ချင်ယောင်မဆောင်ချင်ပါဘူး ဒါကြောင့်ဒီနှဲကြီးကို ဘယ်လိုလုပ်ရမှန်းမသိဖြစ်နေတာဗျာ့”
“ဒါများကွာ သူ့ပိုင်ရှင်ဆီပြန်ပို့လိုက်ပေါ့ အဲ့ဒါဆိုသူလည်း မှုတ်ခြင်တဲ့အချိန်ထမှုတ်လိမ့်မယ် မမှုတ်ချင်တော့လည်း ဒီအတိုင်းထားလိမ့်မယ်ပေါ့ကွာ”
ကိုမြင့်ဆောင်အကြံပေးလိုက်တာကို ငတူးသဘောကြသွားပြီး
“အဲ့ဒီအကြံကောင်းတယ်ဗျာ ကျုပ်ရွာရောင်ရင် ဒီနှဲကို ဘကြီးအုပ်ဂူဆီသွားပို့လိုက်တော့မယ် သူ့ဟာသူမှုတ်ရင်မှုတ်မမှုတ်ရင်နေ နှဲလေးရှိတော့ သူလည်းအပျင်းပြေတာပေါ့ မဟုတ်ဘူးလား”
“ဟုတ်တာပေါ့ကွာ ဟုတ်တာပေါ့”
ကိုမြင့်ဆောင်နဲ့ငတူးတို့နှစ်ယောက် အတိုင်အဖောက်ညီညီပြောလာရင်း ရွာကိုရောက်တော့သင်္ချိုင်းသို့သွား၍ သူ့ဘကြီးအုတ်ဂူပေါ်တွင် နှဲလေးကိုတင်ပေးလိုက်သည် ထို့နောက်
“ဘကြီးရေ ကျုပ်တော့ဒီနှဲနဲ့အဆင်မပြေဘူးဗျာ့ အဲ့ဒါ‌ကျုပ်ဘကြီးကိုပြန်လာပေးတာ ဘကြီးတစ်ယောက်တည်းပျင်းရင်လည်း နှဲလေးမှုတ်နေပေါ့ဗျာအခု‌တော့ကျွန်တော်လည်း ပြန်လိုက်ဦးမယ်ဗျို့”
ငတူးသူ့ဘကြီးကို နှုတ်ဆက်ကာ ကိုမြင့်ဆောင်နဲ့အတူရွာဘက်ကိုပြန်လာခဲ့သည် ထိုအချိန် သူထားခဲ့သောနှဲလေးဆီမှ တီးတော် တီးတော် ဟူသောအသံကို ကြားလိုက်ရပြီး
“ဟာ ဘကြီးလည်း ခုအချိန်ထိနှဲကောင်းကောင်း မမှုတ်တတ်သေးပါလား ငါ့လိုပဲတီးတော် တီးတော်ဲပဲရှိသေးတာကို”
ငတူးတစ်ယောက်စိတ်ထဲကပြောရင်း နောက်ကိုပြန်လှည့်ကြည့်လိုက်သည် ထိုအခါ အုတ်ဂူ‌ပေါ်တွင်ထိုင်နေသော သူ့ဘကြီး၏ ပုံရိပ်လိုလိုကိုမြင်လိုက်ရပြီး လက်ထဲမှာလည်း နှဲတစ်လက်ကို ကိုင်ထားသလိုပင်ရှိသည် သူလည်းစိတ်ထဲမှနေ၍ အမျှဝေရင်း ရွာဘက်ကိုသာ ခပ်သွက်သွက်ထွက်လာခဲ့တော့သည်။
စာစဉ်(၅၈)ကို မကြာမီ တင်ဆက်ပါမည်။
အားလုံးကို လေးစားစွာဖြင့် – မျိုးမာန်
စိတ်ဝင်စားစရာ ဇတ်လမ်းကောင်းလေးများအား အမြဲ တင်ဆက်ပေးနေမှာမို့ ကျွန်တော်ရဲ့ Page လေးအား Like & Follow လေး လုပ်ပေးထားကြပါဦး ခင်ဗျ။
ကိုမြင်ဆောင်