မြသစ်အသက် ၂၂

မြသစ်အသက် ၂၂ ( စ၊ ဆုံး)
ရေးသားသူ ထမံ(တောင်ငူ)
********
မင်းခေါင်တို့ အခြေပြုနေရာ မရှိခဏစေတီတော်ဆီမှာ ညကတည်းက တစ်ခါထဲ အခေါ်ရှိလာတဲ့ မခင်မှုန်တို့သားအမိပါ ရောက်ရှိနေကြတယ်။
မနက်ခင်းအချိန်စောစောက တောင်အရိပ်ဆီမှာ မြူနှင်းတွေဆိုင်းလို့ လွမ်းစရာတကယ်ကောင်းလွန်းနေပါရဲ့။
‘ မခင်မှုန်…ဒါက ကျုပ်ကိုတိုင်ထိုးထားတဲ့ ကောက်ညှင်းဆီထမင်းပါ။ မခင်မှုန်နဲ့ အမေတို့ စားကြပါဗျ…’
တာနောကြီးရဲ့ ရက်ရောမှု။
တစ်သက်နဲ့တစ်ကိုယ် တပ်မှူးဖြစ်သူအနားမှာသာ နေထိုင်ခဲ့ပြီး မ’ဆိုတဲ့ သတ္တဝါကို ကင်းရှင်းခဲ့ဖူးသူ တာနောကြီးတစ်ယောက်
မခင်မှုန်ကို မြင်မြင်ချင်းချစ်ဆိုသလိုကိုပဲ ဖြစ်မိကာ စေတနာတွေ ရေစီးကမ်းပြိုမိရင်း ခြေမကိုင်မိ၊ လက်မကိုင်မိတောင် ဖြစ်နေရတယ်။
မခင်မှုန်တို့သားအမိ နံဘေးဆီမှာ တာနောကြီးရှိနေရင်း ဂဏာမငြိမ်။
ဒါကို ဦးဘထူးက မြင်မိတော့ သူတပည့်အကြောင်းသိသူမို့ ပြုံးစစနဲ့။ မင်းခေါင်ကတော့ စေတီခြေရင်းဆီမှာ သိုင်းပညာတို့ကို ဝီရိယကောင်းကောင်း ကြိုးကုတ်မှုအားကောင်းကောင်းနဲ့ လေ့ကျင့်နေတယ်။ မင်းခေါင်တစ်ကိုယ်လုံးဆီမှာလည်း ချွေးတွေက ရွှဲနစ်လို့ပဲ။ ရာသီဥတုရဲ့ ချမ်းစီးမှုတို့ကို မင်းခေါင် ကိုယ်လက်လှုပ်ရှား သိုင်းကစားရင်း အံတုနေတယ်။
ဦးဘထူးက မနက်စာစားရင်း ဒီကနေ့အတွက် အစီအစဉ်တွေကို ပြောဖို့ တာနောကို ကြည့်လိုက်တယ်။
‘ တာနော…’
‘ ဗျာ…မခင်မှုန်။ အဲ…အဲ မဟုတ်ပါဘူး။ တပ်…တပ်မှူး…’
ရုတ်တရက် တပ်မှူးဆီက ခေါ်သံကို စိတ်နဲ့ကိုယ် မကပ်။ အာရုံတို့က မခင်မှုန်ဆီမှာသာရောက်နေတာမို့ တာနောမှာယွင်းပြီး ထူးမိတယ်။
ခင်မှုန့်အမေ ဒေါ်ထားနဲ့ ဦးဘထူးက တာနောကို ရယ်မိကြပေမယ့် ခင်မှုန်ကတော့ မျက်နှာတစ်ခုလုံး ပန်းသွေးရောင်လွှမ်းရင်း ရှက်ရွံ့သွားရလေတယ်။ တာနောလည်း အလွန်ရှက်နေတယ်။
‘ အဟဲ…တပ် တပ်မှူး။ အဲ…မဟုတ်ပြန်ပေါင်။ အ အကိုကြီး…’
တာနော ထပ်ပြီး မှားပြန်တယ်။
အလွဲလွဲ အချော်ချော်တွေဖြစ်နေတဲ့ တာနော၊ မခင်မှုန်ဆီကို ကြည့်မိတော့ သူမခင်မျာမှာလည်း ခေါင်းကြီးကို အတင်းငုံ့လို့ရယ်။
‘ ကဲ…ကဲ…တာနော။ စနောက်ကျီစယ်မနေနဲ့တော့။ ဒိကနေ့ မင်းကို စေခိုင်းစရာရှိတယ်…’
ဦးဘထူးက အခြေအနေကို ဝင်ထိန်းကူရင်းပြောမှပဲ တာနောအသက်ရှူချောင်ရတော့တယ်။ အခုလက်ရှိအခြေအနေက ရန်သူနဲ့ ဓားခြင်းယှဉ်ခုတ်ရတဲ့ အခိုက်အတန့်ထက်ကို အနေခက် အသေခက်စေတဲ့ အခြေအနေရယ်လို့ တာနောခံယူလိုက်မိပါတယ်။
‘ အကိုကြီး…ကျုပ်ကို ဘာခိုင်းမလို့လဲ…’
တာနော စိတ်ကို ထိန်းရင်း မေးလိုက်ပြီ။
‘ အင်း…တာနော။ ဒီကနေ့ မင်းက ငါနဲ့အတူ ဒီက အစ်မကြီးတို့ သားအမိကို တစ်ဖက်ကမ်းကူးစေပြီး ရွာသာယာဆီကို ပို့ပေးရမယ်…’
‘ ရွာ…ရွာသာယာ။ အဲ့ဒီ့ကို ပို့မလို့လား အကိုကြီး…’
တာနော မျက်နှာပျက်ယွင်းစွာနဲ့ ပြောလိုက်တယ်။
‘ အင်း အဲ့ဒီ့ကို ပို့မယ်။ အဲ့ဒီ့နေရာကပဲ ဒီအစ်မကြီးတို့ သားအမိတွေကို လုံခြုံစေလိမ့်မယ်…’
‘ ဖြစ်ပါ့မလား အကိုကြီး…’
‘ ဖြစ်ပါတယ်…’
တာနောနဲ့ ဦးဘထူးတို့ ပြောဆိုနေကြတယ်။ ဒီအခိုက် မင်းခေါင် သူတို့အနားကို ရောက်လာတယ်။
‘ ကျုပ်လည်း လိုက်မယ်လေ အကိုကြီး…’
‘ ဪ…မင်းခေါင်…’
မင်းခေါင် ချွေးတွေကို အင်္ကျီနဲ့ သုတ်ရင်း ရှိနေတယ်။
‘ အကိုကြီးတို့သွားမယ့်ဆီကို ကျုပ်လည်း လိုက်မယ်လေ…’
‘ မင်းခေါင်…မင်း နေခဲ့မှ ရမယ်…’
‘ ကျုပ် နေခဲ့ရမှာလား…’
ညတုန်းက အလုပ်တစ်ခုကို အောင်မြင်ပြီးသားသူမို့ မင်းခေါင်ခမျာ တက်ကြွလွန်းနေတယ်။
‘ ဟုတ်တယ် မင်းခေါင်။ အဲ့ဒီ့ရွာက တော်ရုံသွားဖို့ မလွယ်ဘူး။ လူစိမ်းယောက်ျားဆို ဝင်ရောက်ဖို့ ပိုအဆင်မပြေဘူး…’
‘ အဲ့ဒီ့ရွာအတွက် ကျုပ်က လူစိမ်းဆိုတော့ အကိုကြီးတို့ကကော…’
သူ မလိုက်ပါရတာမို့ လူငယ်တစ်ယောက်ပီပီ မင်းခေါင် မကျေမချမ်းပြောမိတယ်။
‘ ဒီအကြောင်းတွေကို နောက်တော့ ပြောပြမှာပေါ့ ညီလေးရာ…’
တာနောက ဝင်ရောက် ထိန်းပြောလာတယ်။
‘ အင်းပါ…အကိုကြီးတို့ပဲ သွားကြတော့။ ကျုပ် ဒီမှာပဲ နေရစ်ခဲ့ပါ့မယ်…’
မင်းခေါင် ပြောပြီးတော့ လှည့်ထွက်ပြီး ရေချိုးဖို့ရာ မြစ်ဆိပ်ဆီကို ဆင်းသက်သွားခဲ့တယ်။
‘ အကိုကြီး…မင်းခေါင်ကို ဘာဖြစ်လို့ မခေါ်တာလဲ…’
တာနောက မေးလိုက်တယ်။ ဦးဘထူးက ခေါင်းကို ခပ်သာသာပဲ ရမ်းခါလိုက်ပြီး…။
‘ မင်းခေါင်ကို ဘယ်သူမှ မသိစေချင်ဘူး။ မင်းခေါင်နဲ့ ပက်သက်ပြီး အတော်များများကို ထိန်ချန်ထားတာ အကောင်းဆုံးပဲ တာနော…’
ဦးဘထူး ဘာကို ရည်ရွယ်ပြောသလဲဆိုတာ တာနော နားလည်သဘောပေါက်မိတယ်။
မင်းခေါင်လို သူမျိုးကို ရရှိလာဖို့ သူတို့အစီအရင်ကို သုံးကြိမ်တိတိ လုပ်ဆောင်ခဲ့ရာမှာ အချိန်ကာလအားဖြင့် တစ်ဆယ့်သုံးနှစ်နီးနီး ကြာခဲ့တယ်။
ဒီအတောအတွင်းမှာ တစ်ဖက်က မိစ္စာ မျက်နှာဖြူတို့ရန်ဆီကလည်း ရှောင်တိမ်းကြရပြန်သေးတယ်။
မလွယ်ကူတဲ့ ကိစ္စ၊ ဖြစ်မြောက်အောင်မြင်ဖို့ များစွာ ကြိုးပမ်းခဲ့ရတဲ့ ဒီကိစ္စအတွက်ကို အထူးလျှို့ဝှက်ထားမှသာ တော်ရာကျပေလိမ့်မယ်။
ပြီးတော့ သူတို့အခု သွားကြမယ့် ရွာသာယာဆိုတာက နန်းရိပ်နန်းနွယ်တွေချည်းသာ ဇာတ်မြှုပ်ပြီး နေထိုင်ကြတဲ့နေရာ။ မင်းခေါင် လိုက်ပါလာပါမူ ဒီအရပ်နဲ့က မလိုလားအပ်စရာ တစ်စုံတစ်ခု ဖြစ်လာနိုင်လိမ့်မယ်။
သူသိရသလောက်တော့ သီပေါကိုယ်တော်ပေးအပ်ခဲ့တဲ့ ပုရပိုက်သုံးခုအကြောင်းက သိပ်မကြာခင်မှာပဲ ပေါက်ကြားခဲ့တယ်တဲ့။
ဒီပုရပိုက်တွေအနောက်ကို လိုက်နေကြသူတွေတောင် ရှိတယ်ဆိုတာ သိရပြန်သေးတယ်။
‘ ကဲ…တာနော။ မင်းခေါင် ပြန်လာတာနဲ့ ထွက်နိုင်အောင် ပြင်ဆင်ထားပါ…’
ဦးဘထူးက တာနောကို ပြောပြီး ခင်မှုန်တို့သားအမိဆီကို ကြည့်လိုက်တယ်။
‘ အစ်မကြီးတို့ကို ကောင်းမွန်အေးချမ်းတဲ့ ရွာကလေးဆီကို ကျုပ်တို့ ပို့ဆောင်ပေးပါ့မယ်။ အဲ့ဒီ့နေရာမှာက ချစ်တီးရဲ့ ရန်က ကင်းဝေးပြီး အချင်းချင်းလည်း ရိုင်းပင်းကူညီလွန်းတတ်တာမို့ တခြားဘေးအန္တရာယ်တွေလည်း မရှိစေပါဘူး…’
‘ ဟုတ်ကဲ့ပါ ငါ့မောင်ရယ်။ အစ်မတို့သားအမိကို အခုလို ကူညီပေးတာ ကျေးဇူးကြီးလွန်းပါတယ်ကွယ်။ မဟုတ်ရင် သမီးလေးခမျာ ချစ်တီးမယားငယ် ဖြစ်ရမှာ…’
‘ ရပါတယ် အစ်မကြီး။ ကျုပ်တို့က အခုခေတ်ထဲမှာ ဖိနှပ်ခံနေရပြီး မတရားပြုခံနေရတဲ့ ကျုပ်တို့လူမျိုးအတွက် အဆင်ပြေဖို့နိုင်အောင် အစွမ်းကုန် ကြိုးစားနေမှာပါ…’
‘ ဦးကြီးနဲ့ အကိုတို့ကို ကျွန်မလည်း ကျေးဇူးတင်မိပါတယ်။ တစ်နေ့တော့ ဒီကျေးဇူးတရားကို အရပြန်ဆပ်ပါ့မယ်…’
‘ ရပါတယ် ငါ့တူမ…’
ဦးဘထူးက မခင်မှုန်ကို ပြောပြီး တာနောကို ကြည့်လိုက်တယ်။
‘ တာနော…သွားဖို့အတွက် မြင်းတွေကို ကြိုပြင်ထားလိုက်တော့…’
‘ ဟုတ်ကဲ့ အကိုကြီး…’
တာနော ထရပ်လိုက်တယ်။ မခင်မှုန်ကို မသိမသာ တစ်ချက်ခိုးကြည့်တယ်။ ပြီးတော့ ကုန်းမြင့်အောက်ဆီကို ဆင်းတော့သွားလေရဲ့။
‘ အစ်မကြီး…ဒါက အစ်မကြီးတို့ သားအမိတွေ ဘဝရပ်တည်ဖို့အတွက်ပါ…’
‘ အို…ငွေတွေ အများကြီးပါလားကွယ်။ အစ်မကြီးတို့ မယူပါရစေနဲ့…’
‘ ယူပါ အစ်မကြီး။ ဒါက ကျုပ်တို့ရဲ့ ငွေတွေမဟုတ်ပါဘူး။ မနေ့ညတုန်းက မတော်လောဘသား ချစ်တီးဆီက အစ်မကြီးတို့ သားအမိအတွက် ယူဆောင်လာတဲ့ ငွေကြေးတွေပါ။ ယူပါ…’
ဦးဘထူး ထပ်ပြီး ကမ်းပေးလာတော့မှ ဒေါ်ထားက ငွေတို့ကို ယူတယ်။
ခဏကြာတော့ မင်းခေါင် ပြန်ရောက်လာတယ်။
‘ မင်းခေါင်…ငါတို့ သွားတော့မယ်။ သဘက်ခါလောက်မှ ပြန်ရောက်မယ်နော်…’
‘ ဟုတ်ကဲ့ အကိုကြီး…’
မင်းခေါင် ခေါင်းကို ညိတ်ရင်း ပြောလာပေမယ့် သူမလိုက်ရတာမို့ မကြည်မလင်ပုံဟန်တော့ ရှိနေတယ်။
ဦးဘထူးတို့လည်း ကုန်းမြင့်အောက်ဆီကို ဆင်းသွားကြတယ်။
ဒီအခါမှာတော့ မင်းခေါင်တစ်ယောက်သာ စေတီကလေးဆီမှာ ကျန်ရစ်ရလေတာပေါ့…။
******
နေ့ခင်းဘက်အချိန်…။
မင်းခေါင်တစ်ယောက်ထဲ နေရာလေးဆီမှာ အိပ်ပျော်သွားမိတုန်း နားထဲကို အသံက တိုးဝင်လာတယ်။
ဒီအသံရှင်ကို မင်းခေါင် သိတာပေါ့။ နှလုံးသားဆီမှာ နင့်နင့်နဲနဲကို ချစ်မိစွဲလန်းမိခဲ့တဲ့ အသံလေးလေ။ ဘယ်သူရှိဦးမလဲ၊ မြသစ်ရယ်ပေါ့။
‘ မင်းခေါင်…မြသစ်ကို ကယ်ပါဦး…’
ဒီတစ်ခါ ထပ်ပြီး ထွက်ပေါ်လာတဲ့ မြသစ်ရဲ့အသံက ပုံမှန်မဟုတ်ဘူး။ ဝမ်းနည်းသံလိုလို၊ ငိုသံလိုလိုနဲ့ရယ်။
‘ မင်းခေါင်…မြသစ်တို့ ဘဝခြားသွားခဲ့ပြီ…’
‘ ဟင်…’
မင်းခေါင် ထိတ်လန့်တကြားဖြစ်ရင်း ထထိုင်မိသွားတယ်။
နံဘေးပတ်ချာလည်ကို ကြည့်မိတော့ ဘယ်သူမှရှိမနေဘူး။ သူတစ်ယောက်ထဲ အိပ်စက်ရာနေရာလေးဆီမှာပါပဲ။
‘ ငါ…ငါ အိပ်မက်မက်နေတာပဲ…’
အိပ်မက်လို့သာ ရေရွတ်မိလိုက်ပေမယ့် မင်းခေါင်ရင်ထဲတော့ မခံမရပ်နိုင်အောင် ဆို့နင့်နေမိတယ်။
‘ မြသစ်ရယ်…နင် အဆင်ကော ပြေရဲ့လား… ‘
မင်းခေါင် ရေရွတ်ပြန်ပြီး စိတ်ရှုပ်ထွေးစွာနဲ့ ခေါင်းက ဆံပင်တို့ကို ထိုးဖွမိလိုက်လေတယ်။
ပြီးတော့ အတွေးပေါင်းများစွာနဲ့ ကျောက်ရုပ်ကြီးလို ထိုင်နေမိရင်း တစ်စုံတစ်ခုကို သတိရမိသွားလေတယ်။
‘ ဒီနေ့က မြသစ်တို့ မင်္ဂလာဆောင်မယ့်ရက် မဟုတ်လား။ ဟုတ်တယ် ဒီနေ့က မြသစ်ရဲ့ မင်္ဂလာဆောင်မယ့်နေ့ပဲ…’
မင်းခေါင် ဘယ်လိုမှ နေမရတော့ဘူး။ စိတ်တွေက ဆောက်တည်ရခက်လာတယ်။
ထိုင်ရာကနေ မင်းခေါင်ထပြီး ဟိုဒီလျှောက်တယ်။
ဒါပေမယ့် စိတ်က တည်ငြိမ်မလာဘူး။ တစ်စုံတစ်ခုရဲ့ စေ့ဆော်မှုကို သူ့စိတ်က ခံစားသိရှိနေသလိုပါပဲ။
မင်းခေါင် စိတ်က ထိန်းမရတော့ဘူး။ သရဝဏ်ရွာဆီကို ပြန်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။
အဲ့ဒိ့နောက်တော့ မင်းခေါင်လည်း ဘာမှမတွေးတော့ဘဲ စေတီကုန်းမြင့်ဆီကနေ ဆင်းသက်လို့ ထွက်ခဲ့ပါတော့တယ်။
တစ်နေကုန်နီးပါး ခရီးနှင်ပြီး ညနေစောင်းအချိန်မှာတော့ မင်းခေါင်တစ်ယောက် သရဝဏ်ရွာဆီကို ရောက်ရှိလာခဲ့ပါတယ်။
ရောက်ရောက်ချင်းမှာပဲ ရွာကြီးတစ်ရွာလုံး တိတ်ဆိတ်ငြိမ်သက်နေတာကို မင်းခေါင် သတိထားမိလိုက်တယ်။ အရင်က သရဝဏ်ရွာဟာ ဒီလိုမဟုတ်တတ်။ အခုလို ညနေစောင်းတာနဲ့ လယ်ထဲက ပြန်သူ၊ နွားအုပ်၊ ဆိတ်အုပ်တို့ကို သိမ်းလာသူ၊ ရွာအပြင်မှာ ဆော့ကစားနေတတ်တဲ့ ကလေးငယ်တို့နဲ့ စည်ကားတတ်မြဲ။ အခုတော့ အခြေအနေက ပုံမှန်မဟုတ်တာ သိသာလွန်းလှပါတယ်။
ရွာထဲမှာ ဘာတွေ့ဖြစ်နေတယ်ဆိုတာ မင်းခေါင် သိလိုလှပါတယ်။ ဒါပေမယ့် သူ့အနေနဲ့က ရွာထဲကို ဝင်မေးလိုလှပေမယ့် လက်ရှိသူ့အခြေအနေက လူသူအမြင်ခံလို့ မဖြစ်ပြီ။
မှောင်ချိန်ကို စောင့်ပြီး ရွာထဲကို ဝင်ဖို့ မင်းခေါင် တွေးတောထားပါတယ်။
ရွာထဲက မိခင်ဖြစ်သူနဲ့ ညီမဆီကို သူသွားမယ်လို့ ဆုံးဖြတ်ထားတယ်။
အခုက မင်းခေါင်ဟာ ရွာအပြင်ဘက် မန်ကျည်းပင်ကြီးထက်ဆီမှာ ထိုင်ရင်း ရွာအခြေအနေကို အကဲခတ်နေလေတယ်။
အချိန်တို့ကို ဖြတ်သန်းပြီးချိန်မှာတော့ အမှောင်ထုက ရွာကို လွှမ်းရစ်လေပြီ။
မင်းခေါင်လည်း အမှောင်ထုကို အားပြုလို့ ရွာထဲကို ဝင်ရောက်လာခဲ့လိုက်ပါပြီ။
******
မှောင်ချိန်ကို စောင့်ပြီး ရွာထဲကို ဝင်ဖို့ မင်းခေါင် တွေးတောထားပါတယ်။
ရွာထဲက မိခင်ဖြစ်သူနဲ့ ညီမဆီကို သူသွားမယ်။
မင်းခေါင် ရွာအပြင်ဘက် မန်ကျည်းပင်ကြီးထက်ဆီမှာ ထိုင်ရင်း ရွာအခြေအနေကို အကဲခတ်နေလေတယ်။
အချိန်တို့ကို ဖြတ်သန်းပြီးချိန်မှာတော့ အမှောင်ထုက ရွာကို လွှမ်းရစ်လေပြီ။
မင်းခေါင်လည်း အမှောင်ထုကို အားပြုလို့ ရွာထဲကို ဝင်ရောက်လာခဲ့လိုက်ပါပြီ။
******
အိမ်ကိုရောက်တော့ ညီမဖြစ်သူက ရှိမနေ။ အမေဖြစ်သူသာ ရှိနေလေတယ်။
မင်းခေါင်ကို မြင်တော့ အမေဖြစ်သူက ဝမ်းသာအားရဖြစ်သွားတယ်။ မင်းခေါင်လည်း ကလေးတစ်ယောက်လိုဖြစ်ကာ မိခင်ဖြစ်သူရဲ့ ရင်ခွင်ဆီကို ပြေးဝင်မိလိုက်တယ်။
သားအမိနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် စိုးရိမ်စိတ်တို့နဲ့ ဖက်ထားမိကြတယ်။ အတန်ကြတော့မှ…
‘ ငါ့သား အမေ့ဆီကို ပြန်လာတာ အမေသိပ်ဝမ်းသာတာပဲ ငါ့သားရယ်…’
‘ ကျုပ်လည်း အတူတူပါပဲ အမေရယ်။ ကျုပ်…အမေနဲ့ ညီမလေးကို သိပ်သတိရတာပဲ။ အမေတို့ ဒီမှာ အဆင်ကော ပြေကြရဲ့လား။ ကျုပ်ကြောင့် တစ်ခုခုများ ဖြစ်သေးလား…’
‘ မင်းကိစ္စကတော့ ပုလိပ်တွေက မင်းကိုလိုက်ရှာရင်း တစ်ရွာလုံးကို ဗြောင်းဆန်သွားခဲ့တယ်။ အမေတို့ကိုလည်း ခေါ်စစ်တယ်။ ဒါပေမယ့် ဘာမှတော့ မလုပ်ကြပါဘူး…’
‘ တော်သေးတာပေါ့ အမေရယ်။ ဪ…ဒါနဲ့ ကျုပ်ဝင်လာတော့ ရွာထဲမှာ တိတ်ဆိတ်နေတာပဲ။ ဘာတွေ ဖြစ်နေကြတာလဲ။ ပြီးတော့ ညီမလေးကော…’
‘ ရွာထဲမှာ နာရေးရှိတယ်လေ။ မင်းညီမလေးက အဲ့ဒီ့ကို လုပ်ကိုင်ကူဖို့ သွားတယ်…’
‘ နာရေး…ဘယ်သူ့ နာရေးလဲ…’
အမေဖြစ်သူဆီက ချက်ချင်း အဖြေထွက်မလာ။ သက်ပြင်းချသံသာ ထွက်ပေါ်လာတယ်။
‘ အမေ…ဘယ်သူ့နာရေးလဲလို့…’
‘ သားရဲ့ ချစ်သူ မြသစ်ရဲ့ နာရေး။ မြ… မြသစ်လေးဆုံးသွားပြီ ငါ့သား…’
‘ ဗျာ…’
မိခင်ဖြစ်သူဆီက ထင်မှတ်မထားဘဲ ကြားလိုက်ရတဲ့ စကားကြောင့် မင်းခေါင်တစ်ယောက် အလွန်အမင်း ဆွံ့အ အံ့သြသွားမိတယ်။
‘ ဘယ်…ဘယ်လိုဖြစ်တာလဲ အမေရယ်။ မြသစ်က ဘယ်လိုဖြစ်တာလဲ…’
‘ မြသစ်လေးက မြစ်ထဲကို ခုန်ချပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်သွားခဲ့တာတဲ့။ ဒီနေ့က သင်္ဂြိုဟ်တဲ့နေ့။ နေ့လည်ကပဲ မြသစ်လေးကို ရွာသုသာန်ဆီမှာ သင်္ဂြိုဟ်လိုက်တယ်…’
‘ ဖြစ်မှဖြစ်ရလေ မြသစ်ရယ်…’
မင်းခေါင် ယူကျုံးမရလွန်းတဲ့ စိတ်နဲ့ ထိုင်ချမိလိုက်တယ်။
‘ အမေတို့တစ်ရွာလုံးလည်း မြသစ်လေးအတွက် စိတ်မကောင်းဖြစ်ကြရတယ်။ မြသစ်လေးကိုက တစ်ရွာလုံးက ချစ်ခင်ကြတယ်လေ။ အခု မြသစ်လေးအတွက် စိတ်မကောင်းကြတော့ တစ်ရွာလုံးကို တိတ်ဆိတ်နေတော့တာပါပဲ…’
မင်းခေါင်ရဲ့ ရင်ထဲမှာ ပြင်းထန်လွန်းတဲ့ ဝေဒနာတွေက ကမ္ဘာကိုဖျက်မယ့် မုန်တိုင်းကြီးလိုပဲ လှုပ်ရှားတိုက်ခတ်နေလေတယ်။
‘ အမေ…မြသစ် ဘာကြောင့် အခုလို လုပ်တာလဲ။ အမေသိလားဟင်…’
‘ သားရယ် ဘမင်းကို သူ မယူနိုင်လို့ လုပ်တာပဲပေါ့…’
‘ မဖြစ်နိုင်ဘူး အမေ။ နောက်ကွယ်မှာ အကြောင်းတစ်ခုတော့ ရှိနေလိမ့်မယ်…’
မင်းခေါင် စိတ်ထဲက ခံစားမိတဲ့အတိုင်းပဲ ပြောချလိုက်တယ်။
‘ သားရယ် အများကြီး မတွေးပါနဲ့။ သွားတဲ့သူကလည်း သွားရှာပြီ။ ကျန်သူတွေလည်း ဘာမှမတတ်နိုင်ဘူး။ နေူက်ဘဝကျရင် သူ့ဘဝလေး လှပါစေလို့ပဲ ဆုတောင်းကြရုံပေါ့…’
မင်းခေါင် ဘာမှ မတုန့်ပြန်မိဘူး။ အတွေးတွေနဲ့ ငြိမ်သက်နေမိတယ်။
‘ သား မင်း ဘာမှ တွေးမနေနဲ့တော့။ အခုအချိန်မှာ မင်းခံစားနေရမယ်ဆိုတာကို အမေနားလည်တယ်။ မင်း ငိုချင်လည်း ငိုလို့ရတယ်။ ဒါပေမယ့် လူတိုင်းက ကံစီမံရာဆိုတာကိုတော့ မင်း လက်ခံရမယ် ငါ့သား။ ကဲ အမေ ငါ့သားစားဖို့ ထမင်းပြင်ဆင်ပေးမယ်။ ပြီးရင် အမေ ဘုရားရှိခိုးဦးမယ်…’
အမေဖြစ်သူက ပြောပြီး အနားကနေ ထထွက်သွားခဲ့တယ်။ မင်းခေါင်သာ တစ်ယောက်ထဲ ထိုင်ရင်း ကျန်ရစ်ရလေရဲ့။
‘ မြသစ်ရယ်…’
မင်းခေါင် ရေရွတ်ရင်း သူချစ်ရတဲ့ မြသစ်အတွက် ယူကျုံးမရစိတ်တို့နဲ့အတူ ထိုင်ငိုနေမိပါတယ်။
ခဏကြာတော့ အမေဖြစ်သူက ထမင်းပြင်ထားပြီးတဲ့အကြောင်း ပြောပြီး ဘုရားသွား ရှိခိုးလေတယ်။
သိပ်မကြာဘူး။ အမေဖြစ်သူဆီက ဘုရားရှိခိုးသံ ထွက်ပေါ်လာတယ်။
မင်းခေါင်လည်း နေရခိုင်ရ အလွန်ခက်လာတယ်။
စိတ်က မြသစ်ရှိရာဆီကို သွားမယ်လို့ ဆုံးဖြတ်ပြီး ထိုင်နေရာက ထလိုက်တယ်။
နောက်တော့ အိမ်အောက်ဆီကို ဆင်းပြီး ဖြစ်ချင်ရာဖြစ်ပါစေဆိုတဲ့ စိတ်နဲ့ ရွာလမ်းမအတိုင်း ပုန်းကွယ်မှုတောင် မပြုတော့ဘဲ ထွက်လာခဲ့လိုက်တော့တာပေါ့…။
******
သုသာန်ပြင်က တိတ်ဆိတ်လွန်းနေတယ်။
လရောင်ဖျဖျ အောက်ဆီမှာ မင်းခေါင်တစ်ယောက် သုသာန်အတွင်းဆီက မြေပုံတွေအကြား လှမ်းသွားရင်း မြသစ်မြေပုံကို ရှာဖွေနေမိလေတယ်။
‘ မြသစ်ရယ်…ငါ့ကို ခွင်မလွှတ်ပါနဲ့ဟာ။ နင် အခုလို သေရတာလေ ငါ့ကြောင့်ဟ…ငါ့ကြောင့်…’
ရုတ်တရက် နားထဲဆီကို တိုးဝင်လာတဲ့ စကားသံကြောင့် မင်းခေါင် အသံလာရာဆီကို မှန်းဆလိုက်လေတယ်။
အသံက သူရဲ့ လက်ယာဘက်နံဘေးဆီက ထွက်လာတဲ့အသံ။
မင်းခေါင် အသံလာရာဆီကို လှစ်ခနဲ ပြေးလှမ်းလိုက်တယ်။ သိပ်မကြာလိုက်ဘူး။
မြေပုံဖြူဖွေးဖွေးတစ်ခုအနီးမှာ ဒူးထောက်ပြီး ငိုကြွေးနေတဲ့ သူတစ်ယောက်။
‘ ဘမင်းပဲ…’
ဘမင်းကို မြင်မိတော့ မင်းခေါင် ဒေါသအလွန်အမင်း ထွက်သွားခဲ့ရတယ်။
ဒါတွေအားလုံးကို ဖြစ်ပေါ်လာစေတာက ဒင်းရယ်လေ။
ဘမင်းသာ ဝင်မရှုပ်ခဲ့ဘူးဆိုရင် သူနဲ့ မြသစ် အခုအချိန်အထိ စိတ်ချမ်းသာစွာနဲ့ ရှိနေရဦးမှာ။ အခုတော့ မြသစ်လည်း သေ၊ သူကလည်း ဝရမ်းပြေးတစ်ယောက်ဖြစ်ခဲ့ရပြီ။
မင်းခေါင် ဘမင်းကို သတ်ဖို့ ဆုံးဖြတ်လိုက်တယ်။
ဦးဘထူး ပေးထားတဲ့ ဓားမြှောင်၊ သူဆောင်ယူလာတဲ့ အဲ့ဒီ့ဓားမြှောင်ကို မင်းခေါင် ထုတ်ယူလိုက်တယ်။ ပြီးတော့ ဘမင်းဆီကို ပြေးဝင်လိုက်ဖို့အလုပ်…။
‘ မြသစ်ရယ်…တ တကယ်တမ်းလေ ငါသာ နင့်ကို ပိုင်ဆိုင်ဖို့ မကြိုးစားခဲ့ဘူးဆိုရင် နင် အခုလို ဖြစ်မှာမဟုတ်ဘူး။ ငါ နင့်ကို သိပ်ချစ်တာပါ မြသစ်ရယ်။ နင်အခုလို ဖြစ်မယ်မှန်းသိရင် ငါလေ နင့်ကို တောင်းရမ်းလက်ထပ်ယူဖို့ ငါ မလုပ်ခဲ့ပါဘူးဟာ။ ဒါဆိုရင် နင်လည်း နင်ချစ်တဲ့ မင်းခေါင်နဲ့အတူ သက်ရှိထင်ရှား ပျော်နေရမှာ။ အခုတော့ဟာ ငါ့ကြောင့် စတင်ခဲ့တဲ့ ကိစ္စက ပျော်ရွှင်မှုတွေ အကုန်ပျောက်ဆုံးရပြီး ဟိုတဏှာရူးကြီးကြောင့် အရာရာလမ်းဆုံးသွားရပြီ။ ဒီလိုတွေ ဖြစ်လာမယ်မှန်းသိရင် ငါ အစကတည်းက ဘာမှမလုပ်ဘဲ နင်ကို အသက်ရှင်စေခဲ့ပါတယ် အီး…ဟီး…ဟီး…’
မင်းခေါင် ခြေလှမ်းကို တုန့်ခနဲ ရပ်တန့်မိရင်း မင်သက်သွားမိရတယ်။
ဘမင်းက လရောင်ဖျဖျအောက်ဆီမှာ မြသစ်ရဲ့ မြေပုံကို ဖက်ကာပြုကာနဲ့ ပြောပြောရင်း ဆက်ငိုနေတယ်။
ဘမင်းရဲ့ စကားတွေအရတော့ မြသစ် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုဟာ သမရိုးကျ မဟုတ်ဘဲ သူ့စိတ်က ခံစားမိခဲ့သလို အနောက်ကွယ်ဆီက တစ်စုံတစ်ယောက်ရဲ့ လက်ချက်ကကြောင့်ဆိုတာ မင်းခေါင် ရိပ်မိလိုက်ရလေပြီ။
‘ မြသစ်ရယ်…ငါနင့်ကို သိပ်ချစ်တာပါ။ ငါ နင့်ကို သိပ်ချစ်တာ မြသစ်ရယ်…အီး…ဟီး…ဟီး…’
ဘမင်းလည်း အတော့်ကို ယူကြုံးမရ ဖြစ်နေပုံပဲ။ မင်းခေါင် ဘမင်းရှိရာဆီကို ချည်းကပ်သွားလိုက်မိတယ်။
အနားရောက်ချိန် ခြေသံကြောင့် ဘမင်းခေါင်းမော်ကြည့်လာတယ်။
‘ ဟင်…မင်း…မင်းခေါင်…’
ဘမင်း ကိုယ်ကို ဆတ်ခနဲ မတ်ရင်း ခေါ်လာလေတယ်။ မင်းခေါင် ဘမင်းကို စေ့စေ့ ကြည့်လိုက်ပြီး…။
‘ ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ ဘမင်း…’
မင်းခေါင်ရဲ့ အမေးစကားအဆုံးမှာ ဘမင်းတစ်ယောက် နေရာဆီကနေ ခြေတစ်ဖက် တရွတ်ဆွဲပြီး ထပြေးလေတော့တယ်။
မင်းခေါင်လည်း ဘမင်းကို အတင်းကာရော လိုက်ကာ လုံးထွေးလိုက်လေပြီး လှဲချလိုက်တယ်။
ဘမင်းက ရုန်းကန်တော့ နှစ်ယောက်စလုံး တကွဲတပြား လှိမ့်ထွက်သွားရပြီး မြေပုံမှတ်တိုင်စိုက်ထားတဲ့ သစ်သားတိုင်တစ်ခုနဲ့ ရိုက်မိလေတယ်။
‘ အ…အား….ကျွတ်…’
ဘမင်းဆီက ညည်းတွားသံ။
မင်းခေါင်လည်း လူးလဲထပြီး ဘမင်းရှိရာဆီကို သွားကာ ဖမ်းချုပ်လိုက်လေတယ်။ ပြီးတော့ သူ့ဆီပါလာတဲ့ ဓားမြှောင်နဲ့ ထောက်လိုက်ကာ…။
‘ ဘမင်း…မင်း ငြိမ်ငြိမ်နေနော်။ မဟုတ်ရင် မင်းကို ငါ သတ်မိလိမ့်မယ်…’
မင်းခေါင် ခြိမ်းခြောက်လိုက်တယ်။
ဒိအခါ ဘမင်းက သူရူးတစ်ယောက်လိုပဲ ဟစ်အော်ကာ ရယ်မောလိုက်လေပြီး…။
‘ မင်းခေါင်…မင်း ငါ့ကို တကယ်သတ်ပေးမှာလား။ တကယ် သတ်မှာလား…။ သတ်မယ်ဆိုလည်း သတ်ကွာ။ ငါက သေချင်နေတာ။ ငါက မြသစ်အနောက်ကို လိုက်သွားချင်နေတာကွ…’
‘ ဘမင်း…ငါတကယ်သတ်မှာနော်…’
‘ အေး…ငါလည်း တကယ်ပြောနေတာပဲ…’
‘ ဟာကွာ…တောက်…’
မင်းခေါင် စိတ်ကို ထိန်းရခက်စွာနဲ့ ပေါက်ကွဲရေရွတ်ရင်း ဘမင်းဆီက ဓားကို မြေကြီးဆီ ထိုးစိုက်ချလိုက်တယ်။
ဘမင်းက တဟားဟား အော်ရယ်တယ်။
သူ့ရယ်သံဆီမှာ နာကျည်းမှု အငွေ့အသက်တွေကို မင်းခေါင် ခံစားသိမိနေရလေတယ်။ ဒါကြောင့် ဘာမှမပြောတော့ဘဲ ဒေါသထွက်နေတဲ့ စိတ်ကို ပြန်ထိန်းဖို့ အသက်ကို ခပ်မှန်မှန်ပြန်ရှူနေလိုက်တယ်။
ဘမင်းက ရယ်လို့ အားရချိန်မှာတော့…။
‘ မင်းခေါင်…မြသစ် ငါတို့ကို ထားရစ်သွားပြီ…’
‘ မြသစ် ဘယ်လို ဖြစ်ရတာလဲ ဘမင်း။ အနောက်ကွယ်မှာ အကြောင်းတစ်ခုတော့ ရှိနေတယ်မဟုတ်လား…’
မင်းခေါင် မေးမြန်းလိုက်တယ်။ ဒါပေမယ့် ဘမင်းက ကြောင်စီရီဝေနေတဲ့ မျက်ဝန်းတွေနဲ့ သူပြောလိုရာကိုသာ ဆက်လက်ပြီး…။
‘ မင်းခေါင်… မြသစ်ကို ငါ အသက်ထက်ကို တန်ဖိုးထားပြီး ချစ်ခဲ့ရတာပါ။ မင်း မြသစ်ကို ချစ်တာထက် ငါ မလျော့ကျဘူး။ အ အခုတော့ မြသစ်ဆုံးသွားပြီ။ ငါတို့ရဲ့ မြသစ် သေသွားပြီကွ…’
‘ ဘမင်း…’
မင်းခေါင် ဘမင်းရဲ့ အင်္ကျီကို ဆောင့်ဆွဲကိုင်ရင်း ဟစ်အော်လိုက်လေတယ်။
ဒါပေမယ့် ဘမင်းကတော့ ဘာကိုမှ ဂရုမထား။
သူရူးတစ်ယောက်ပမာ ကြောင်စီရီဝေရင်း မြသစ်သေတဲ့အကြောင်းကိုသာ ထပ်ဖန်တလဲလဲ ပြောဆိုနေတယ်။ မင်းခေါင် စိတ်မရှည်တော့ဘူး။
ဘမင်းမျက်နှာဆီကို လက်သီးနဲ့ ခပ်ပြင်းပြင်း ထိုးချမိလိုက်လေပြီ။
ခွပ်ခနဲ အသံနဲ့အတူ ဘမင်း လန်ကျသွားပေမယ့် နာကျည်းသံနဲ့ ထရယ်ပြန်တယ်။
‘ မင်းခေါင်…မြသစ် ဒီလောကမှာ မရှိတော့ကတည်းက ငါဆိုတာ သေလူကွ။ မင်းငါ့ကို သတ်ချင်သတ်ပါ။ ငါ သေချင်နေလို့ပါ…’
မင်းခေါင် ဘမင်းကို အင်္ကျီစဆုပ်ကိုင်လို့ ပြန်လည်ပြီး ဆွဲထူလိုက်ပြန်ပါတယ်။
‘ ဘမင်း…မြသစ်ကို ဘယ်သူသတ်တာလဲ။ အဲ့ဒါ ငါသိချင်တယ်။ မြသစ်ကို ဘယ်သူသတ်တာလဲ’
‘ ဟား…ဟား…ဟား…’
မင်းခေါင်ကို ဘမင်းက မျက်နှာဆီ စေ့စေ့ကြည့်လာရင်း ရယ်မောသမှု ပြုလာတယ်။
‘ ဘမင်း…ငါ စိတ်မရှည်တော့ဘူးနော်။ မင်းကို ငါ တကယ်သတ်မိတော့မယ်…’
မင်းခေါင် ဟစ်အော်ပြီး ပြောပေမယ့် ဘမင်း အရယ်အမောမပျက်ပါ။
‘ ဘမင်း…မြသစ်ကို ဘယ်သူသတ်တာလဲ။ မြသစ်အတွက် ငါ လက်စားပြန်ချေမလို့ မေးနေတာ။ မြသစ်ကို မင်းချစ်တယ်ဆိုရင် ငါ့ကို ပြောပြစမ်းပါ ဘမင်း။ ပြောပြစမ်းပါ…’
မင်းခေါင်စကားအဆုံး ဘမင်း ရယ်မောတာ တိခနဲ ရပ်သွားတယ်။
‘ မင်းခေါင်…’
‘ ပြော ဘမင်း။ ဘယ်သူလဲဆိုတာ မင်းပြောတော့မယ် မဟုတ်လား…’
ဘမင်း ခေါင်းကို ညိတ်လိုက်လေတယ်။
‘ ငါ ပြောပြမယ် မင်းခေါင်။ ဒါပေမယ့် မင်း ငါ့ကို ကတိတစ်ခုတော့ ပေးရမယ်…’
‘ မင်းဆီက မြသစ်ကို အခုလိုဖြစ်စေတာ ဘယ်သူဆိုတာ သိရတာနဲ့ မင်းဘာကတိပဲတောင်းလာပါစေ ငါ ပေးတယ်…’
‘ မင်း ယောက်ျားပီသမယ်လို့ ငါယုံလိုက်မယ်…’
‘ အေး…မင်းပြောမှာသာ ပြောတော့…’
‘ မင်း သိချင်တာ သိပြီးသွားရင် ငါ့ကို ဒီနေရာမှာပဲ အသေသတ်ပေးပါ…’
‘ ဘာ…ဘမင်း…’
မင်းခေါင် အံ့အားတသင့်နဲ့ ကြည့်မိပေမယ့် ဘမင်းကတော့ ဟန်မယွင်းပါဘဲ ရှိနေတယ်။
‘ မင်း သိချင်သေးလား…’
ဘမင်းရဲ့ အမေးကြောင့် မင်းခေါင် အံကို ကြိတ်လိုက်တယ်။
‘ ကောင်းပြီလေ။ မင်း ဖြစ်စေချင်တဲ့အတိုင်း ငါလုပ်ပေးမယ်…’
ဘမင်း ကျေနပ်သွားတဲ့ပုံစံနဲ့ ခေါင်းကို ညိတ်လိုက်တယ်။
‘ မြသစ်ကို အခုလို ဖြစ်စေခဲ့တာ ငါ့အဖေလို့ မင်းတို့အားလုံး သိထားကြတဲ့ ဦးဘစီပဲ…’
‘ ဘာ…’
မင်းခေါင် ကိုယ့်နားကိုယ်တောင် မယုံကြည်နိုင်ဖြစ်သွားရတယ်။
‘ ဟုတ်တယ် မင်းခေါင်။ ငါနဲ့ လက်ထပ်ပေးမယ့် မြသစ်ကို အဲ့ဒီ့လူကြီးက ခြေတော်တင်လိုက်တယ်။ တစ်ညထဲမဟုတ်ဘူး လေးညဆက်တိုက်ပဲ။ ဒီအဖြစ်အပျက်တွေကြောင့်ပဲ မြသစ်ဟာ ဦးဘစီဆီကနေ လွတ်မြောက်အောင် ကြိုးစားပြီး မြစ်ထဲ ခုန်ချလို့ ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်တာ…’
‘ မ…မဟုတ်သေးဘူး ဘမင်း။ ငါ မင်းစကားတွေကို နားမလည်ဘူး။ မင်း မင်း လုပ်ကြံပြီး ပြောနေတာမဟုတ်လား…’
မင်းခေါင် ဘမင်းကို မယုံကြည်နိုင်စွာနဲ့ မေးမြန်းလိုက်လေတယ်။
‘ မင်း ငါ့ကို သံသယဖြစ်နေတာက ဖြစ်သင့်ပါတယ်။ ဒီအကြောင်းတွေကို မင်းနားလည်အောင် ငါတို့ရဲ့ အတိတ်ကို ပြန်ပြီးတော့ ငါပြောပြမယ်…’
ဘမင်းရဲ့ အကြည့်တွေက အတိတ်ဆီကို ပြန်လည်မြင်ယောင်ရင်း ငေးရီသွားရပါတော့တယ်။
******
ပန်းသီရွာမှာ သူဋ္ဌေးကြီးစံငွေဆို မသိသူ မရှိကြဘူး။
သူဋ္ဌေးကြီးက အလွန်အမင်း ချမ်းသာတယ်။ စိတ်သဘောထကောင်းတယ်။
ဆင်းရဲသူတို့ကိုလည်း ကူညီဖေးမတတ်ပြီး အင်းလုပ်ငန်းတွေကိုလည်း အလုပ်သမားအများအပြားနဲ့ လုပ်ကိုင်လေတယ်။ အလုပ်သမားတွေအပေါ်ကို သူဋ္ဌေးကြီးဟာ အတော့်ကို ကြည့်ရှုပေးတတ်တော့ အလုပ်သမားတွေက သူဋ္ဌေးကြီးကို အထူးချစ်ခင်ကြတယ်။
သူဋ္ဌေးကြီးနဲ့ ပက်သက်ပြီးတော့ မကောင်းပြောစရာအဖြစ် တစ်ခုသာ ရှိတယ်။ အဲ့ဒါက သူဋ္ဌေးကြီးဟာ အသက် ၅၀ ကျော်နေပြီဖြစ်ပေမယ့် အိမ်ထောင်မရှိခဲ့ဘူး။
သူ့ဘဝတစ်လျှောက်လုံး တပည့်ဖြစ်သူ ဘစီနဲ့သာ နေထိုင်ခဲ့တယ်။
ဘစီကလည်း အိမ်ထောင်မရှိဘူး။ မိန်းမကိစ္စတော့ ဝါသနာကြီးတယ်။ ဘစီဟာ ဒီလိုကိစ္စတွေကို လှုပ်ရှားတဲ့အခါမှာလည်း တကယ့်ကို ညက်ညောလွန်းလှတယ်။
တစ်ရက်သားမှာတော့ သူဋ္ဌေးကြီးဟာ ငယ်မူပြန်တယ်ပဲပြောရမလား၊ ရွှေဖူးစာရေးက မိက်စိလည်လာတယ်လို့ပဲ ပြောရမလားမသိ။ ရွာထဲဆီကပဲ အေးသီဆိုတဲ့ မိန်းကလေးငယ်တစ်ယောက်နဲ့ အိမ်ထောင်ပြုခဲ့တယ်။
အိမ်ထောင်ပြုပြီးနောက် သိပ်မကြာခင်မှာပဲ အေးသီဟာ ကိုယ်ဝန်ရှိခဲ့တယ်။
အေးသီ ကိုယ်ဝန်ဆောင်နေရင်း တစ်ရက်မှာတော့ သူဋ္ဌေးကြီးဟာ အင်းထဲကို လှေနဲ့လှည့်ကြည့်ရင်း လှေမှောက်ရာက ဆုံးပါးသွားခဲ့ပြီဆိုပြီး သတင်းတွေ ကြီးခဲ့ရပါတော့တယ်။
ဒီကနေ နောက်ထပ် ဆက်ဖြစ်လာတဲ့ အကြောင်းတရားတွေကတော့ သူဋ္ဌေးကြီးရဲ့ တပည့်ဖြစ်တဲ့ ဘစီဟာ ပူပူနွေးနွေးမုဆိုးမလေး အေးသီကို ဖေးမသလိုနဲ့ သိမ်းသွင်းလေပြီး လူကော သူဋ္ဌေးကြီးကျန်ရစ်ခဲ့တဲ့ ပိုင်ဆိုင်မှုတို့ကိုပါ ကြံစည်ပါတယ်။
ဘစီဟာ အကြံအစည်ကို သူ့အကြံအစည်ကို အောင်မြင်ခဲ့တယ်။
ဒါပေမယ့် သူဋ္ဌေးကြီးအပေါ် ချစ်ခင်ရင်းစွဲ ရှိသူတွေက များလွန်းနေတာကြောင့် အဲ့ဒီ့အရပ်မှာတော့ နေဖို့ရာ မဖြစ်နိုင်ဘူး။ ဒါကြောင့်ပဲ အေးသီကို အင်းတွေနဲ့ အခြားရောင်းသင့်တဲ့ အရာတွေကို ရောင်းချစေခဲ့ပြီး ဗမာပြည်အလယ်ပိုင်းဆီကို ပြောင်းရွှေ့လာကြတော့တာပါပဲ…။
******
ဘမင်းက သူပြောနေတဲ့ အကြောင်းတို့ကို မောလျှဝမ်းနည်းလွန်းစွာနဲ့ ရပ်တန့်လိုက်ပါတယ်။
ဘမင်း မျက်ဝန်းဆီမှာ မျက်ရည်စတွေ ရှိနေတယ်။ အဲ့ဒီ့မျက်ဝန်းတွေနဲ့ ကောင်းကင်ဆီက လမင်းကြီးကို ဘမင်း မော်ကြည့်တယ်။ ပြီးတော့ မင်းခေါင်ကို ပြန်ကြည့်ပြန်ကာ…။
‘ အခု…မြသစ်ကိုလည်း ဒိလူကြီး ခြေတော်တင်လိုက်တယ်။ သူလုပ်တဲ့ လုပ်ရပ်ကို အမေက သိသွားတော့ စကားများကြတယ်။ အမေ့ကို ရိုက်ပုတ်တယ်။ ငါက အဲ့ဒီ့အချိန် မူးရူးနေခဲ့တာပဲ။ ငါပြန်လာတော့ အမေက အိပ်ရာထဲမှာ ဒဏ်ရာဒဏ်ချက်တွေနဲ့ သတိလစ်နေပြီ။ ကျွဲခတ်ခံရတာလို့ သူတို့ ငါ့ကို ပြောကြတယ်။ အမေ့အနားမှာ တစ်ယောက်မှ မရှိကြဘူး။ ငါ ရင်တွေ ကွဲတော့မတတ်ပါပဲကွာ။ အမေ သတိရလာတော့ ငါ့ကို ဒီအကြောင်းတွေကို ငိုပြီး ပြောပြတယ်။ ငါ့ကိုလည်း အဖေအရင်းမဟုတ်တဲ့ ဘစီက မစိတ်မွှန်ပြီး လုပ်ကြံလိမ့်မယ်တဲ့။ ထွက်ပြေးတော့လို့လည်း ပြောတယ်။ အမေပြောတဲ့အတိုင်းပါပဲ။ အဲ့ဒီညမှာပဲ ဘစီ ငါ့ကို လုပ်ကြံတယ်။ ငါ့ခြေတစ်ဖက် သွင်သွင်ကျိုးသွားတယ်။ ငါ့ကို သံယောဇဉ်ကြီးတဲ့ ကိုမောင်တိုးရဲ့ ကောင်းမှုကြောင့်သာ ငါ အသက်မသေဘဲ အခုလိုရှိနေခဲ့တာ။ ငါ အဲ့ဒီ့လို ဖြစ်ပျက်နေတဲ့ ညမှာပဲ မြသစ်လည်း ဘစီကို အချိုသတ်ပြီး အပြင်ထွက်ရင်း မြစ်ထဲမှာ အဆုံးစီရင်သွားခဲ့တယ်။ အဖြစ်အပျက်တွေကတော့ ဒါတွေပဲ မင်းခေါင်…’
မင်းခေါင် ဘမင်းစကားတွေကို နားထောင်မိပြီး အံကို တခဲခဲဖြစ်နေမိတာ ဘယ်နှစ်ကြိမ်မှန်းတောင် မသိတတ်တော့ဘူး။
ယုတ်မာလွန်းတဲ့ ဘစီဆိုတဲ့လူကြီးကို မင်းခေါင် အလွန်အမင်း မုန်းတီးရွံရှာသွားတယ်။
သားသမီးအရင်းမဟုတ်ပေမယ့် ဝမ်းက ကျွတ်ကတည်းက မျက်နှာမြင်ခဲ့ရဲ့ ကိုယ့်ရင်နင့်သည်းချာလို့ သတ်မှတ်ရမယ့် သူရဲ့ ရည်ရွယ်သူကို ကျူးလွန်တယ်။ ပြီးတော့ အသေသတ်ဖို့ စေခိုင်းပြန်တယ်။
ပြီးတော့ နှစ်ပေါင်းများစွာ ပေါင်းသင်းခဲ့တဲ့၊ သူ့ကို အခုလိုမျိုးဖြစ်လာအောင် လက်ခံပေးခဲ့တဲ့ ဥစ္စာရှင်ဇနီးသည်ကိုလည်း ရက်စက်လွန်းစွာနဲ့ မသေရုံတမယ် ရိုက်ပုတ်တယ်။
ဒီလူကြီး ဘစီကြောင့် သေသူသေရပြီးဖြစ်သလို ဒုက္ခတွင်းထဲ နစ်မြုပ်ခဲ့ရသူတွေလည်း အများအပြားဖြစ်နေခဲ့ပြီ။
ဒီအထဲမှာ သူကိုယ်တိုင်တောင်မှ ပါဝင်ခဲ့သေးတာလေ။
‘ တောက်…..’
မင်းခေါင် တောက်တစ်ချက်ကို ခပ်ပြင်းပြင်း ခေါက်မိလိုက်တယ်။
‘ မင်းခေါင်…’
‘ အေး…သူငယ်ချင်း…’
ဘမင်းရဲ့ အခေါ်ကို မင်းခေါင် ဂရုဏာသက်လွန်းစွာနဲ့ ပြန်ထူးမိလေတယ်။
‘ ငါ မင်းကို တစ်ခုလောက် အကူအညီတောင်းလို့ရမလား…’
‘ ပြောပါ သူငယ်ချင်း…’
‘ ငါ့အမေ ပြောတဲ့အထဲမှာ ကျန်နေတာတွေ ရှိသေးတယ်…’
‘ ဘာတွေလဲ ဘမင်း…’
ဘမင်း ခပ်ဖွဖွ ရယ်လိုက်တယ်။
‘ အခုနက ငါပြောတဲ့ အကြောင်းတွေအထဲမှာ ယုတ်မာလွန်းတဲ့ ဘစီက ငါ့အမေကို ဒီလောက်နှစ်တွေအများကြီးကြာအောင် ဘာကြောင့်မို့လို့ သည်းခံပေါင်းသင်းနေတာလဲဆိုတာ မင်းမတွေးမိဘူးလား…’
‘ ငါ မတွေးမိခဲ့ဘူး။ အခုမှပဲ တွေးမိတော့တယ်။ ဟုတ်တယ်…ဒီလောက်ယုတ်မာတဲ့ လူကြီးက မင်းအမေဆီမှာ ဘာကြောင့် ထိန်းသိမ်းပြီး နေနေတာလဲ…’
‘ ငါ ပြောပြမယ် မင်းခေါင်။ ဒီလူကြီး ငါ့တစ်သက်တာနီးနီး အမေ့အရှေ့မှာ ကောင်းအောင်နေနေခဲ့တယ်ဆိုတာက အမေဟာ ပိုင်ဆိုင်မှုတွေအားလုံးကို ဒီလူကြီးဆီ လုံးဝမအပ်ဘဲ ဘကြီးမောင်ဆိုတဲ့ သူ့အကိုဆီအပ်ပြီး ထိန်းချုပ်ထားတာမို့လို့ပဲ…’
‘ ဘယ်လို ငါနားမလည်ဘူး…’
‘ အိုးအိမ်တွေ စာချုပ်စာတန်းတွေ အဲ့ဒီ့ပိုင်ဆိုင်မှုတွေကို ပြောတာ…’
‘ နားတော့ မလည်ဘူးကွာ။ ဒါပေမယ့် ဆက်ပြော ဘမင်း…’
‘ အဲ့ဒါတွေကို အမေက အဲ့ဒီလိုနည်းနဲ့ ချုပ်ကိုင်ထားတာမို့ ဒီလူကြီး ပိုင်ဆိုင်မှုတွေနဲ့ ပက်သက်ပြီး ဘာမှလုပ်မရဘူး။ အမေ့ဆီက အဲ့ဒါတွေရနိုင်ဖို့ကို သူဟန်ဆောင်ကောင်းပြနေတာ။ ဒါပေမယ့် နှစ်တွေကြာလည်း အမေက သူ့ကို မယုံကြည်ခဲ့ဘူးလေ…’
‘ အင်း…ဟုတ်ပါပြီ။ ဒါနဲ့ ငါက မင်းကို ဘာကူညီရမလဲ သူငယ်ချင်း…’
‘ ငါ သေဆုံးပြီးတဲ့အခါ ဘကြီးမောင်ကို လိုက်ရှာပါ။ သူ့လိပ်စာအတိအကျကိုက ငါလည်း မသိဘူး။ ပဲခူးဘက်မှာနေတယ်လို့တော့ သိထားတယ်။ မင်း လိုက်ရှာပေးပါ။ သူ့ကိုတွေ့ရင် ဒီအဆောင်ဆွဲကြိုးလေးကို ပြပေး…’
ဘမင်းက သူ့လည်ပင်းဆီက ဟင်္သာရုပ်ဆွဲပြားလေးပါတဲ့ အဆောင်ဆွဲကြိုးလေးကို ဖြုတ်ပေးလာတယ်။ မင်းခေါင် ဆွဲကြိုးကလေးကို အသေအချာ ကြည့်နေချိန် ဘမင်းက…။
‘ အဲ့ဒိ့ကြိုးကလေးကို ပြလိုက်ရင် မင်းဘယ်သူဆိုတာ သူယုံလိမ့်မယ်။ ငါနဲ့ အမေက လွှတ်လိုက်တာလို့ မင်းပြော။ ငါတို့ သားအမိ သေသွားပြီဆိုတာကိုလည်း မင်းပြောပြပေးပါ…’
‘ ငါ အဆက်အသွယ်ပြုပေးရမှာပေါ့…’
‘ အင်း…ဟုတ်တယ်။ ကျန်တာတွေတော့ သူ့ဘာသာ ဆက်ပြီး စီစဉ်ပါလိမ့်မယ်…’
‘ အင်းပါကွာ…ငါလုပ်ပေးပါ့မယ်။ ဟာ…နေဦး အခုနက မင်းပြောတဲ့အထဲမှာ ဒေါ်လေးအေးသီက…’
‘ အခုတော့ ငါ့အမေ မဆုံးပါသေးပါဘူး။ ဒါပေမယ့် မကြာခင်မှာတော့…’
ဘမင်းအသံက ဆို့နင့်တိမ်ဝင်သွားလေတယ်။ ပြီးတော့ ဝမ်းနည်းလွန်းစွာနဲ့ ငိုကြွေးပြန်လေတယ်။
မင်းခေါင် ဘမင်းကို ကြည့်ပြီး သူတို့သားအမိအပေါ် ဂရုဏာသက်လွန်းတာမို့ စိတ်က ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပါတယ်။ ပြ်ိးတော့ ထိုင်ရာက ထလိုက်ပြီး…။
‘ ဘမင်း…ငါ မင်းတို့ သားအမိကို ကယ်တင်ပေးမယ်…’
‘ ဟင်…’
ဘမင်း မျှော်လင့်မထားတဲ့ စကားမို့ထင်တယ်။ အလွန်အမင်း အံ့အားသင့်ပြီး မင်းခေါင်ကို မော်ကြည့်လာတယ်။
‘ မင်းခေါင် ငါက မင်းအပေါ် ယုတ်မာခဲ့တဲ့သူလေ…’
‘ အဲ့ဒါတွေ တွေးမနေနဲ့တော့ သူငယ်ချင်း။ ငါ မင်းတို့ သားအမိကို အရကယ်တင်ပေးမယ်…’
‘ မင်းခေါင်ရာ…ငါတို့သားအမိမှာ ဘယ်သူမှမရှိတော့ဘူး။ ငါကိုယ်တိုင်လည်း ဒုက္ခိဖြစ်နေတော့ စိတ်ပျက်အားလျော့နေမိတာ…အခုတော့ကွာ…’
ဘမင်း ချုံးပွဲချ ငိုကြွေးပါတော့တယ်။
‘ ဘမင်း…မင်း မြသစ်နံဘေးမှာပဲ အဖော်ပြုရင်း စောင့်နေလိုက်ပါ။ မနက်မလင်းခင် ငါ လာခေါ်မယ်။ အခုတော့ ငါ သွားလိုက်အူးမယ်…’
မင်းခေါင် ပြောပြီး ခြေလှမ်းထွက်ခဲ့လိုက်တယ်။
မင်းခေါင်ရဲ့ အနောက်ပါးဆီမှာတော့ ‘မမြသစ်အသက် ၂၂ နှစ်’ဆိုတဲ့ မှတ်တိုင်လေးနဲ့ ငိုကြွေးနေတဲ့ ဘမင်းနဲ့အတူ ကျန်ရစ်ခဲ့တာပေါ့…။
ပြီးပါပြီ။