မြွေနိုင်ဆရာခိုင်

ဘွားမယ်စိန်သည် မောင်တိုးနဲ့မောင်အုန်းကို

အဖော်ခေါ်၍ အုန်းစုရွာ၏အလှူ၌ရောက်ရှိနေခဲ့သည်။
အုန်းစုရွာသည် ရွာကြီးတစ်ရွာပေမို့…
အစစအရာရာတစ်ခြားရွာများထက်သာလွန်ပေသည်။
ထိုရွာ၏သူဌေးစာရင်းဝင်ဖြစ်ကြသော
ဦးပျော့နှင့်ဒေါ်ထွေးကြည်တို့၏အလှူမှာလည်း
လာရောက်သူများနှင့်စည်ကားလွန်းလှသည်။
ဘွားမယ်စိန်ကိုတကူးတကလာရောက်ဖိတ်ကြားထားသည်
ဖြစ်တာကြောင့်ဘွားမယ်စိန်တို့ရောက်လာခဲ့ခြင်းဖြစ်သည်။
ရွာတစ်ရွာ၌အလှူရှိသည်ဆိုသည်နှင့်
လာရောက်စျေးရောင်းကြသောစျေးသည်များလည်းရှိ၍
အလှူမှာပွဲစျေးတန်းတစ်ခုအလားစည်ကားနေခဲ့သည်။
ဘွားမယ်စိန်နှင့်မောင်တိုးတို့ကအလှူရှင်၏
အိမ်၌တည်းခိုကြ၏။
“ကိုကြီးအုန်း…မြွေနိုင်ဆရာခိုင်တဲ့ဗျ…
သွားကြည့်ကြရအောင်…”
ဟုမောင်တိုးက မောင်အုန်းကိုလက်တို့ကာခေါ်လိုက်သည်။
နံဘေး၌ထိုင်နေသောဘွားမယ်စိန်က လက်ဖက်ဝါးနေရင်းမှ
မောင်တိုးကိုကြည့်လေတော့ မောင်တိုးမှာ
သွားကြီးကိုဖြီးပြီးတဟီးဟီးရယ်လေသည်။
“ဟဲ့….ကောင်လေး …
ဘာတွေတိုးတိုး…တိုးတိုးပြောနေတာလဲ”
ဟု…ဘွားမယ်စိန်ကမေးတော့မောင်တိုးကမဖြေရဲဘဲ
ခေါင်းကိုကုပ်နေသည်။
မောင်အုန်းကကွမ်းဝါးနေရင်းမှ…
“ဘွား သားက မြွေနိုင်ဆရာခိုင်ကိုသွားကြည့်ချင်လို့တဲ့ဗျ”
ဟု…ပြောလေတော့ မောင်တိုးကမောင်အုန်းကျောကို
လက်သီးစုပ်ဖြင့်ထုလိုက်လေသည်။
“နေပါဦးကွဲ့…ဒီရွာမှာဘယ်ကမြွေနိုင်
ဆရာခိုင်ရောက်နေတာလဲ…
မောင်ရင်ကရော ဘယ်လိုသိလာတာတုန်း…”
ဟုမေးလေတော့ မောင်တိုးက…
“ဟို…အစောက ကျုပ်ရွာထဲလမ်းလျှောက်ရင်းနဲ့
တွေ့လာတာပါ…”
“အလို…ကဲ…ဒီလိုဆိုရင်​ဖြင့်
ဘွားလည်းကြည့်ချင်တာပေါ့ကွယ်…
သွားကြမယ်လေ…”
ဟုပြော၍ ဘွားမယ်စိန်ကနေရာမှထရပ်လိုက်သည်။
မောင်တိုးကမျက်လုံးပြူးသွားသော်လည်း
မောင်အုန်းက…
“ကဲ…မင်းသိပ်သွားချင်နေတာမဟုတ်လား…
သွားကြတာပေါ့ကွာ…”
ဟုပြော၍မောင်တိုးပုခုံးကိုဖက်၍ခေါ်သွားတော့သည်။
“အမေကြီး…ဘယ်ကိုသွားမလို့လဲဗျ”
“သြော်…မောင်ပျော့…ဘွားတို့ရွာထဲ
လမ်းလျှောက်ချင်လို့ပါကွယ်…”
“ဟုတ်ကဲ့…ကျုပ်တို့
ညစာပြင်ထားမှာမလို့
စောစောတော့ပြန်လာကြပါအမေကြီး”
“အေး…အေး…အေး…”
ဘွားမယ်စိန်လည်းသူဌေးဦးပျော့နှင့်စကားခဏရပ်ပြောပြီးနောက် မောင်တိုးနောက်သို့လိုက်လာခဲ့သည်။
ရွာထဲကလူတွေကလည်းတောင်ဝှေးကြီးထောက်၍
လမ်းလျှောက်နေသောဘွားမယ်စိန်ကို
စိတ်ဝင်တစားကြည့်နေကြသည်။
ဘွားမယ်စိန်ကပြုံးရယ်ပြလေတော့မှအားလုံးက
ရဲရဲတင်းတင်းပြန်လည်ပြုံးပြကြရှာသည်။
“မရောက်သေးဘူးလားကွဲ့”
ဘွားမယ်စိန်အမေးကြောင့်မောင်တိုးက
အနောက်သို့လှည့်ပြီး…
“ဟိုရှေ့ဆိုရောက်ပါပြီဘွားရဲ့”
ဟုလက်ညိုးထိုးကာပြောလေသည်။
မောင်တိုးညွှန်ပြသည့်အနီး၌ လူများ
ဝိုင်းအုံကာကြည့်နေကြသည်။
အများဆုံးရှိနေသည်က ရွာသားများဖြစ်ပြီး ထိုထဲမှ
ကလေးများနှင့်မိန်းမငယ်များကလည်းစိတ်ဝင်တစားဖြင့်
ကြည့်နေခဲ့ကြ၏။
အသားညိုညို….ထောင်ထောင်းမောင်းရှိလှသည့်လူမှာ
ခန္ဓာကိုယ်၌အင်းကွက်များက
အပ်ချစရာမရှိအောင်ပြည့်နှက်နေပေသည်။
ထိုလူနှင့်သူ၏နံဘေး၌ တပည့်ဖြစ်သူနှစ်ဦးကို
လူများကဝိုင်းဖွဲ့ကြည့်နေခြင်းဖြစ်၏။
“လာရောက်ကြည့်ရှု့နေကြတဲ့ ပရိတ်သတ်ကြီးခင်ဗျာ…
ကျုပ်နာမည်ကိုမြွေနိုင်ဆရာခိုင်လို့ခေါ်ပါတယ်…
ကျုပ်ရဲ့ဆရာ့…ဆရာကြီးများထံမှာ နှစ်ပေါင်းများစွာကြာအောင်ပညာသင်ကြားခဲ့သူပါ…
အခုကျုပ်ပြမယ့်ပညာကို ပရိတ်သတ်ကြီးတို့သေချာကြည့်နိုင်ပါတယ်…ဟောသည် သေတ္တာထဲမှာမကြာခင်ရက်ပိုင်းကမှ
ဖမ်းဆီးထားတဲ့အဆိပ်ပြင်းမြွေဟောက်နှစ်ကောင်ရှိပါတယ်…
ဒီကောင်တွေနဲ့ကျုပ်… သူတပြန်…
ငါတပြန် ပညာပြိုင်ကြည့်ကြမယ်ဗျာ…
ကျုပ်ကစရင်သူကပေါက်မယ်…
သူကပေါက်ရင်ကျုပ်ကလည်းကျေကျေနပ်နပ်ကြီးအကိုက်ခံမယ်ဗျာ…အဲ့သည်လိုအဆိပ်ပြင်းတဲ့အကောင်ကို
ကျုပ်ဘယ်လိုယှဥ်မလဲဆိုတာ
အားလုံးမျက်မြင်ကြည့်ရှု့နိုင်ပါတယ်ခင်ဗျာ….။
နောက်ပြီးကြိုပြီး သတိပေးစရာလေးရှိပါတယ်…
အဲ့တာကတော့ ကျုပ်မြွေနိုင်ဆရာခိုင်ရဲ့ပညာကို
စမ်းချင်တဲ့ စုန်း၊တစ္ဆေ၊ကဝေ၊မြေဖုတ်၊သရဲ၊ကျတ်၊အသူရကာယ်ဘာကောင်ကိုမှကျုပ်ကဂရုမစိုက်ပါဘူး…
ပညာပြိုင်ချင်ရင်ချက်ချင်းကျုပ်ကိုပြောပါ…
အကယ်၍ဟောသည်ရွာမှာပြုစား၊ခြောက်စားခံထားရသူများရှိရင်လည်းကျုပ်ဆီကိုလာပါ…
ပြုထား…ခြောက်ထားတဲ့ပညာသည်ကျုပ်ရှေ့မှာ
ဒူးထောက်ပြီးငိုစေရပါမယ်…
ကဲဗျာ…ပြောနေတာကြာပါတယ်…
ကျုပ်ရဲ့ပညာကိုအားလုံးရှု့စားကြပါခင်ဗျာ…”
ဟု…မြွေနိုင်ဆရာခိုင်ကပြောလိုက်သည်။
မြွေနိုင်ဆရာခိုင်၏ဥပဓိရုပ်ကခန့်ညားပြီး
လူလေးစားဖွယ်ရုပ်မျိုးရှိသည်။
သူ၏အသံကလည်းပြတ်သားမာကျော၏။
မောင်တိုးနဲ့မောင်အုန်းက ရှေ့ဆုံး၌ ထိုင်ကာကြည့်ကြသည်။
ဘွားမယ်စိန်ကလည်းသူတို့၏အနောက်၌တောင်ဝှေးကြီးကို
ထောက်၍စိတ်ဝင်တစားကြည့်နေ၏။
သူတို့ကြည့်နေစဥ် မြွေနိုင်ဆရာခိုင်က
မြွေထည့်ထားသောသေတ္တာကိုသူ၏တပည့်အား
အဖုံးဖွင့်ခိုင်းလိုက်သည်။
မြွေနိုင်ဆရာခိုင်ကတော့သူ၏လက်ထဲ၌ကြိမ်လုံးလေးတစ်လုံးကိုကိုင်ထားပြီးမြွေရှိသောသေတ္တာကိုကြိမ်လုံးဖြင့်
ရိုက်ကာ မြွေအား စ နေခဲ့သည်။
“အားလုံးကြည့်ကြပါဗျာ…
ဟောသည်ကောင်ကိုတော့မြွေဟောက်လို့ခေါ်ကြပါတယ်…
သူကိုက်ရင် ဘယ်ဆေးမှမမှီနိုင်တာကိုအားလုံးသိကြမှာပါ…”
ဟုပြောရင်းမြွေကို စ နေခဲ့သည်။
မြွေကလည်း သေတ္တာထဲမှခေါင်းထွက်ရင်း တရှုးရှုးဖြင့်
ပါးပြင်ကြီးထောင်ပြီး ပေါက်ဖို့ရန်ဟန်ပြင်နေသည်။
ကြည့်နေသူများကတော့အတော်လေးစိတ်ဝင်စား​နေကြသည်။
မြွေကြီးကိုကြည့်ပြီးကြောက်သူများကလည်းကြောက်…
မြွေနိုင်ဆရာခိုင်မည်သို့လုပ်လေမလဲဟု စိတ်ဝင်စားနေကြသူများကလည်းအသံပင်တိတ်နေခဲ့ကြသည်။
“ကဲ…ဒီကောင့်ကိုဆရာကိုင်ကြည့်မယ်…
ကျုပ်သူ့ကိုကိုင်ထားရင်သူကျုပ်ကိုပေါက်မှာအမှန်ပဲ…
ဒါပေမယ့်ကိုင်ပြမယ်ဗျာ…
ကဲ…မင်းကပဲအဆိပ်ပြင်းသလား…
ငါကပဲမင်းအဆိပ်ကိုနိုင်မလား…
အားလုံးရှေ့မှာပြမယ်ဟေ့…”
ဟုဆိုကာ…မြွေကိုကောက်ကိုက်လိုက်သည်။
“အမယ်လေး…ပေါက်ပြီတော့်…”
“ဘုရား…ဘုရား…ဘုရား…”
မြွေနိုင်ဆရာခိုင်လက်ထဲရောက်သည်နှင့်
မြွေဟာက်ကြီးကဒေါသတကြီးဖြင့် မြွေနိုင်ဆရာခိုင်၏
လက်ကိုပေါက်ချလိုက်သည်။
“ပေါက်စမ်း…ကဲ…ပေါက်…”
မြွေကလည်းဒေါသတကြီးသုံးချက်လောက်ဆင့်ကာ
ပေါက်လိုက်သည်။
မြွေနိုင်ဆရာခိုင်ကတော့ပြုံးပြုံးကြီးဖြင့် ပရိတ်သတ်ကို
ကြည့်နေခဲ့သည်။
“ကဲ…မင်းနေရာမင်းပြန်ဝင်တော့…”
ဟုဆိုကာ မြွေကိုသေတ္တာထဲ၌ပြန်ထည့်လိုက်သည်။
“အားလုံးလည်းကျုပ်ရဲ့ ပညာကိုမြင်ပြီးကြမှာပါ…
ဟောသည်လိုမြွေကိုက်ခံရတာတောင်
ကျုပ်ဘာမှမဖြစ်တာ…သေချာကြည့်ကြပါ…”
ဟု​ပြောကာမြွေပေါက်ခံရသောဒဏ်ရာကို
အားလုံးကိုပြသည်။
ပြီးလေတော့…
“ကျုပ်အခုလိုမြွေနိုင်ဆရာခိုင်လို့
အမည်ရခဲ့တာက နည်းနည်းနှောနှော
ကြိုးစားမှုမဟုတ်ပါဘူးခင်ဗျာ…
ပညာရဖို့သုံးနှစ်သုံးမိုးလိုက်စားပြီး…
တောတောင်ရေမြေအထပ်ထပ်မှာကျင့်စဥ်တွေကို
ကျင့်ခဲ့ရတာပါ…
အဲ့သည်လိုကျင့်လို့လည်းအခုလိုအစွမ်းသတ္တိကိုပိုင်ဆိုင်ထားတာပေါ့ခင်ဗျာ…
ကဲဗျာ…ကျုပ်မေးစမ်းပါဦးမယ်…
ခင်ဗျားတို့ကောကျုပ်လို…မဖြစ်ချင်ကြဘူး”
“ဖြစ်ချင်တာပေါ့…”
“ဖြစ်ချင်ပါတယ်…”
မြွေနိုင်ဆရာခိုင်ကမေးတော့
အားလုံးကဖြစ်ချင်ကြောင်းအော်ကာဖြေကြသည်။
“ကျုပ်ကတစ်ကိုယ်ကောင်းမဆန်တတ်ပါဘူးဗျာ…
ကျုပ်လိုမျိုးတခြားသူတွေကိုလည်းဖြစ်စေချင်ပါတယ်…
အဲ့တာကြောင့် ကျုပ်ရဲ့ပညာနဲ့အစွမ်းထက်ဆေးတမျိုးကိုဖန်တီးခဲ့ပါတယ်..အဲ့တာကတော့ဟောသည်ထုံးမန်းလေးပါပဲ…
ဒီဆေးကိုနက္ခနဲ့စီရင်မန်းမှုတ်ပြီး…ကိုးဂဏန်းအဓိဠာန်ဝင်ထားရတာပါ…ကိုးဂဏန်းဆိုတာကလည်းကိုးသင်္ချိုင်းနဲ့ကိုးနှစ်ကိုးလကိုးရက်ကို​ပြောတာပါခင်ဗျာ…
သင်္ချိုင်းကြီးကိုးခုမှာ…တစ်နှစ်ကိုးလကိုးရက်ကြာအောင်
စီရင်ထားရတဲ့အဖိုးတန်တဲ့ဆေးပါပဲ…
ဒီဆေးကိုလျှာမထိအာမထိမျိုလိုက်တာနဲ့
အဲ့သည်လူကိုဘယ်လိုမြွေဆိုးကိုက်ကိုက်
အသက်မသေတော့ပါဘူး…
ဒါကိုခင်ဗျားတို့နားလည်အောင်ပြောရရင်
မြွေပြီးတယ်လို့ပြောရမှာပေါ့ဗျာ…”
“ခင်ဗျားဆေးကဟုတ်ကောဟုတ်လို့လား”
ကြည့်သူများထဲမှ အရပ်ပုပုနဲ့လူကမေးလိုက်တော့
မြွေနိုင်ဆရာခိုင်က ပြုံးပြုံးကြီးဖြင့်…
“မိတ်ဆွေမယုံရင်စမ်းသပ်နိုင်ပါတယ်”
ဟုပြောလိုက်သည်။
ထိုလူပုကလည်း…
“​ကောင်းပြီလေ…အဲ့တာဆိုစမ်းတာပေါ့…”
ဟုထကာရပ်လိုက်သည်။
“ရော့မိတ်ဆွေ…ဒီဆေးကို လျှာမထိအာမထိမြိုချပေတော့”
ဟုမြွေနိုင်ဆရာခိုင်က ဆေးလုံးတစ်လုံးကိုပေးလိုက်သည်။
လူပုကလည်းဆေးလုံးကိုမြိုချလိုက်၏။
မြွေနိုင်ဆရာခိုင်ကမြွေဟောက်ကြီးကိုသေတ္တာထဲမှ
ထုတ်ယူပြီး…
“ကဲ…ပေါက်လိုက်စမ်းသားကြီးရဲ့…”
ဟုပြောတော့မြွေကလည်းချက်ချင်းပင်
လူပု၏လက်ကိုပေါက်ချလိုက်သည်။
မြွေပေါက်ပြီးခဏကြာတော့ လူပုကမည်သို့မှမဖြစ်၍
အတော်လေးဝမ်းသာသွားသည်။
“ဆရာ…ဆရာ့ဆေးကအတော်အစွမ်းထက်တာပဲဗျ…”
ဟု…ပြောလေတော့ မြွေနိုင်ဆရာခိုင်ကပြုံး၍…
“ခင်ဗျားယုံပြီမဟုတ်လား”
“ကျုပ်ယုံပါပြီဆရာ…ကျုပ်ယုံပါပြီ…”
မြွေနိုင်ဆရာခိုင်ကိုအားလုံးကအထင်ကြီးကုန်သည်။
“ကျုပ်ရဲ့ဆေးကို ဟောသည်ပရိတ်သတ်ထဲက
ယုံကြည်လို့သုံးချင်သူများရှိကြလားခင်ဗျာ…”
“ရှိပါတယ်…ကျုပ်တို့လိုချင်ပါတယ်…”
“လိုချင်ပါတယ်ဆရာ…”
မြွေနိုင်ဆရာခိုင်၏ဆေးကိုအလုအယက်ဝယ်ချင်နေကြသည်။
“ကဲ…ဟုတ်ပြီဗျာ…
ကျုပ်ကလည်းစေတနာနဲ့ပေးချင်ပါတယ်…
ဒါပေမယ့်ဒီဆေးဖော်ထားတဲ့အရင်းလေးရရင်ကိုပဲကျေနပ်လို့
စေတနာရှိသလောက်သာပေးကြပါ…
တစ်ဦးကိုဆေးတစ်လုံးကျဝေပေးပါ့မယ်ဗျာ…”
“ကျုပ်ကိုပေး…ကျုပ်ယူမယ်ဆရာ…”
“ကျုပ်လည်းလိုချင်တယ်ဆရာ…”
အားလုံးကိုဆေးတစ်လုံးစီပေးပြီးနောက်
မြွေနိုင်ဆရာခိုင်၏လက်ထဲရှိငွေဖလားခွက်ထဲ၌ ငွေများက
အပြည့်အမောက်ပင်ဖြစ်နေခဲ့၏။
“ကဲ…ဒီနေ့တော့ဒီလောက်ပဲဗျာ…
နောက်ထပ်ဆေးထပ်ဖော်လို့ရရင်တော့
ကျုပ်ထပ်လာခဲ့ပါဦးမယ်”
ကြည့်နေသူများကလည်းလိုချင်တာရသွား၍
အလျှိုအလျှိုပြန်ကုန်ကြသည်။
ဘွားမယ်စိန်က မြွေန်ိုင်ဆရာခိုင်ကို
သေချာစူးစိုက်ကြည့်ပြီးမှလှည့်ပြန်လာခဲ့၏။
အနောက်၌လည်းမောင်တိုးနဲ့မောင်အုန်းကစကား​​
ပြောရင်းလိုက်လာခဲ့ကြသည်။
“ကိုကြီးအုန်း…ခင်ဗျာဘာလို့ဒီဆေးလုံးကိုမယူရတာလဲ”
“မရချင်ပါဘူးကွာ…”
“အင်း…ကျူပ်လည်းစိတ်ထဲတစ်မျိုးပဲဗျ…”
“ဘယ်လိုတစ်မျိုးတုန်းမောင်တိုးရဲ့”
“အစောကပြန်ခါနီးလေ ဘွားက
မြွေနိုင်ဆရာခိုင်ကိုစိုက်ကြည့်နေတာ
ကိုကြီးအုန်းမမြင်လိုက်ဘူးလား”
“ဟာ…ဒီတိုင်းပဲကြည့်တာဖြစ်မှာပါကွာ…”
မောင်တိုးနဲ့မောင်အုန်းတို့စကားဆက်မပြောဘဲ
လမ်းလျှောက်လာကြချိန်…
“မောင်ရင်တို့လည်းသတိနဲ့နေကြဦး…
ကြည့်ရတာဒီရွာမှာတစ်ခုခုဖြစ်လာတော့မယ်ထင်တယ်ကွဲ့”
“ဗျာ…”
အရှေ့မှလမ်းသွားရင်းပြောလိုက်သော ဘွားမယ်စိန်ကြောင့်
မောင်တိုးနဲ့မောင်အုန်းတို့အံ့သြသွားသည်။
ဘာကြောင့်လဲဟုမေးချင်ကြသော်လည်း
မမေးရဲ၍ တစ်ယောက်နဲ့တစ်ယောက်ကြည့်နေခဲ့ကြ၏။
*********************************
အချိန်ကမိုးပင်အတော်လေးချုပ်နေလေပြီ။
ဘွားမယ်စိန်တို့တည်းသည်မှာအလှူရှင်အိမ်ဖြစ်တာကြောင့်
မနက်အတွက်ချက်ကြ၊ပြုတ်ကျနှင့်
လူများမပြတ်ဖြစ်နေခဲ့၏။
အလှူရှင်ဦးပျော့ကလည်း မီးများလင်းနေအောင်
ထွန်းပေးထားရှာသည်။
ဘွားမယ်စိန်ကလည်း အလှူရှင်တို့နှင့်စကားပြောပြီးနောက်အိပ်ရာထဲသို့ ဝင်သွားတော့သည်။
မောင်တိုးနဲ့မောင်အုန်းကတော့ မအိပ်ချင်သေး၍
ဟင်းအိုး…ထမင်းအိုးများကိုမီးကူထိုးရင်း
ဝိုင်းကူနေကြရှာသည်။
ထိုသို့သောအချိန်ကြီး၌…
“ရွှီ..ရွှီ…ရွှီ………..”
ဟုသောအသံအကျယ်ကြီးကိုကြားလိုက်ကြရသည်။
စကားပြောနေကြသူများ၊အလှူပွဲအတွက်
ပြင်ဆင်နေကြသူများပင်ထိုအသံကိုနားစွင့်နေကြ၏။
“ဘာသံကြီးလဲဗျ”
“မြွေတွန်သံတွေလိုပဲ”
သိတဲ့သူများကဖြေသလို…
မသိသူများကလည်းဘာသံလေလည်းဟု
နားစွင့်နေကြသည်။
ဘွားမယ််စိန်လည်းအိပ်ရာထဲမှထလာခဲ့သည်။
ဘွားမယ်စိန်ကိုမြင်တော့ မောင်တိုးနဲ့မောင်အုန်းကလည်း
ဘွားမယ်စိန်အနီးသို့ရောက်လာခဲ့ကြသည်။
“ဘွား…ဘာသံတွေလဲမသိဘူး”
ဟု…မောင်တိုးကပြောလိုက််သည်။
“အားလုံးကိုဒီနားလာစုခိုင်းလိုက်…မြန်မြန်ကွဲ့…”
“ဟုတ်….ဟုတ်ကဲ့”
ဘွားမယ်စိန်ကပြောတော့မောင်တိုးနဲ့မောင်အုန်းလည်း…
“အားလုံးလူစုကြပါဗျ…
မြန်မြန်လာကြပါ…”
ဟုအော်ကာခေါ်ကြတော့ လူများမှာ
အထိတ်တလန့်ဖြစ်ကုန်ကြသည်။
ထမင်း၊ဟင်းချက်သူများကလည်းအိုးများကိုပြန်ချပြီး
အပြေးလာကြ၏။
“အမေကြီး…ဘာဖြစ်တာလဲဗျ”
သူဌေးဦးပျော့က အပြေးလာမေးသည်။
“မြွေတွန်သံတွေကြားတယ်…
ဘယ်သူမှမိုက်မိုက်ကန်းကန်းမထွက်ကြနဲ့…
ခဏလေးပဲဟောသည်မှာနေကြကွဲ့…”
ဟုဘွားမယ်စိန်ကပြောတော့ သူဌေးဦးပျော့တို့လည်းဘာမှ
ထပ်မပြောတော့ဘဲရွာလမ်းကိုကြည့်နေခဲ့သည်။
ဖြစ်ချင်တော့ သူဌေးဦးပျော့အိမ်ကရွာထိပ်၌
တည်ဆောက်ထားခြင်းပင်။
“ရွှီ…ရွှီ…ရွှီ…………..”
မြွေတွန်သံများကပို၍ကျယ်လောင်လာခဲ့သည်။
မြွေတွန်သံတွေကြားတော့
လူတွေအတော်လေးထိတ်လန့်နေကြသည်။
စိုးရိမ်မှုများဖြင့် မျက်နှာကလည်းမကောင်းကြပေ။
“ကယ်ကြပါဦး…ကယ်ကြပါဦး…”
“ဟင်…လူသံကြားကြလား…
ဘယ်သူဘာဖြစ်တယ်မသိဘူး”
မြွေတွန်သံနှင့်အတူ အော်ဟစ်
အကူအညီတောင်းသံများကိုပါ
အားလုံးကြားလိုက်ကြသည်။
“ကယ်ကြပါဦးဗျ……..”
ဘွားမယ်စိန်တို့ရှိနေသောအလှုအိမ်ခြံဝိုင်းထဲသို့
လူနှစ်ယောက်အပြေးဝင်လာခဲ့သည်။
“ဘယ်သူတွေလဲကွ….”
“အမယ်လေး…ကယ်ကြပါဦး…
မြွေတွေလိုက်လို့ပါ…ကယ်ကြပါဦး”
“ဟင်…မြွေနိုင်ဆရာခိုင်ပါလား”
မောင်တိုးကထိုလူနှစ်ယောက်ကိုသေချာကြည့်ပြီး
အံ့သြသွားသည်။
မြွေနိုင်ဆရာခိုင်နဲ့သူ့တပည့်တို့ကအတော်လေး
ကြောက်လန့်နေကြပုံရသည်။
အနောက်သို့အထိတ်ထိတ်အလန့်လန့်
ကြည့်ရင်းနဲ့အကူအညီတောင်းနေခဲ့ကြသည်။
“ရွှီ…ရွှီ…ရွှီ…………”
ကျယ်လောင်နေသောမြွေတွန်သံများကြောင့်အားလုံးခြံပြင်ကို
လှမ်းကြည့်မိရာ…
“ဟာ…မြွေတွေအများကြီးပဲ”
“အမယ်​လေး…မြွေတွေနည်းတာမဟုတ်​ဘူး”
ဟုအော်ဟစ်ကုန်ကြသည်။
ခြံပြင်၌လည်း အရွယ်အစားအမျိုးမျိုးရှိသော
မြွေတို့သည် ပါးပြင်းကြီးထောင်၍
ဒေါသတကြီးရောက်လာခဲ့ကြ၏။
အားလုံးမှာမြွေဟောက်တွေကြီးပဲဖြစ်နေပေသည်။
များပြားလှသောမြွေဟောက်အုပ်ကြီးကြောင့်
ရွာသူ၊ရွာသားတို့မှာအတော်လေးထိတ်လန့်နေကြသည်။
မြွေများခြံဝိုင်းထဲသို့ဝင်လာလေမလားအတွေးဖြင့်
ကြောက်နေကြရှာသည်။
“ကယ်ကြပါဦးဗျာ…ကျုပ်မသေချင်သေးဘူး…
ကျုပ်တို့ကိုကယ်ကြပါဦး”
မြွေနိုင်ဆရာခိုင်က စိတ်များပင်လွတ်ချင်နေပုံရသည်။
ကြောက်လွန်း၍အသားများပင်တုန်ရီနေရှာသည်။
“မောင်ရင်အမှားလုပ်ခဲ့ပုံပဲ…
ဒါကြောင့်ဒီမြွေတွေက မောင်ရင်တို့
အနောက်ကိုလိုက်လာတာပေါ့…”
ဟု…ဘွားမယ်စိန်ကပြောလိုက်သည်။
မြွေနိုင်ဆရာခိုင်ကတော့မည်သည့်စကားမှပြန်မပြောဘဲ
မြွေများကိုသာ ကြောက်ရွံ့စွာကြည့်နေခဲ့သည်။
“အမှားလုပ်ထားရင်တောင်းပန်လိုက်ကွဲ့…
ဒါမှ မောင်ရင်တို့ဘေးကင်းလိမ့်မယ်”
ဟုဘွားမယ်စ်ိန်ကပြောတော့မြွေနိုင်ဆရာခိုင်က
ဘွားမယ်စိန်ကိုသေချာကြည့်သည်။
အရပ်ကရှည်ပြီးခါးကုန်းနေယုံမက…
မျက်နှာအထက်ကအရေးအကြောင်းများရှိနေသော်လည်း
စူးရှသောမျက်လုံး…တည်ကြည်သောမျက်နှာထားအပြင်
နဂါးတောင်ဝှေးကြီးကိုမာန်အပြည့်နဲ့
ထောက်ထားသောဘွားမယ်စိန်ကို…
“ခင်ဗျားကဘယ်သူတုန်း” ဟုမေးလိုက်သည်။
“ငါဘယ်သူတုန်းထက်…
နင်အခုမြွေပေါက်မသေဖို့အရေးကြီးတယ်မဟုတ်ဖူးလား”
“ဗျာ…”
“သွား…နင်မြွေနိုင်ဆေးတွေရောင်းတုန်းက
ဘယ်သူ့မှဂရုမစိုက်ဖူးလို့ပြောထားတယ်မဟုတ်လား…
နှုတ်ကိုမထိန်းဘဲပြောချင်ရာပြောထားလို့…
နင့်ကိုမကျေနပ်နေကြတာလေ…
ဘယ့်နဲ့ကိုယ့်နယ်မဟုတ်ဘဲ
စိန်ခေါ်ဝံ့တာမောင်ရင်အတော် မိုက်မဲတာပဲကွဲ့”
ဟုဘွားမယ်စိန်ကပြောသောအခါ
မြွေနိုင်ဆရာခိုင်က…
“ဒါဆိုရင်…ကျုပ်အခုဘယ်လိုလုပ်ရမလဲဗျာ…
ဟိုမြွေတွေက ကျုပ်အပြင်ထွက်တာနဲ့ကိုက်မယ့်ပုံပဲဗျ”
“သွား…မောင်ရင့်အမှားကိုသွားတောင်းပန်လိုက်…
ဘွားဒီကနေမောင်ရင့်ကိုဘေးမပြုဖို့
တောင်းဆိုပေးထားမယ်…”
“ဖြစ်ပါ့မလားအမေကြီးရယ်…”
မြွေနိုင်ဆရာခိုင်က ဘွားမယ်စိန်ပြောတာကို
မယုံသလိုဖြစ်နေသည်။
“ဟေ့လူ…ခင်ဗျားမသေချင်ဘူးမလား…
မသေချင်ရင်ကျုပ်တို့ဘွားပြောသလိုလုပ်…
နောက်ပြီးခေါင်းထဲလည်းမှတ်ထား…
ဒီနယ်မှာနာမည်ကြီးတဲ့ဘွားမယ်စိန်ဆိုတာ
ဟောသည်ကဘွားပဲ…
သွား…သွား…ဘွားပြောသလိုလုပ်လိုက်…”
မောင်တိုးက မြွေနိုင်ဆရာခိုင်ကို
လေသံမာမာဖြင့်ပြောလိုက်သည်။
နံဘေးကလူများကလည်းမောင်တိုးစကားကို
ဝိုင်းထောက်ခံကြ၏။
မြွေနိုင်ဆရာခိုင်လည်းခေါင်းကိုကုပ်ရင်းခြံဝဆီသို့
ထွက်သွားလေသည်။
ခြံပြင်ရှိမြွေများကတော့ တရွှီးရွှီးတွန်သံပေးကာ
ပါးပြင်းများထောင်နေကြသည်။
ဘွားမယ်စိန်ကထိုမြွေများကိုကြည့်၍…
“အသင်မြွေတို့…မှားတဲ့လူကသူ့ရဲ့အမှားကို
တောင်းပန်ခဲ့ရင်အသင်မြွေတို့ခွင့်လွှတ်ပေးလိုက်ပါ…
ပညာသည်တွေလည်းစိတ်ကိုလျော့ကြပါ…
ခွင့်လွှတ်ပေးလိုက်ကြပါကွယ်…”
ဟုနှုတ်မှပြောလိုက်သည်။
ဘွားမယ်စိန်ပြောပြီးသည်နှင့် မြွေနိုင်ဆရာခိုင်က
ခြံဝ၌ထိုင်၍လက်အုပ်လေးချီရင်း သူ့အမှားများကို
ခွင့်လွှတ်ပေးဖို့တောင်းပန်ရှာသည်။
“ဒါဆိုရင်သင်တို့ကျေနပ်လောက်ရောပေါ့…
ကိုယ့်နေရာကိုယ်ပြန်ကြပါတော့ကွယ်…”
ဘွားမယ်စိန်စကားဆုံးတော့ မြွေဟောက်အုပ်ကြီးသည်
နောက်သို့လှည့်ပြန်ကုန်ကြ၏။
မြွေဟောက်များမရှိတော့လေမှ မြွေနိုင်ဆရာခိုင်သည်
မျက်နှာငယ်လေးဖြင့် ဘွားမယ်စိန်ရှိရာကိုရောက်လာခဲ့သည်။
“ကျေးဇူးတင်ပါတယ်အမေကြီး…”
ဟုလက်အုပ်ချီကာပြောနေသော မြွေနိုင်ဆရာခိုင်ကို
ရွာသူ၊ရွာသားတို့မှာလူလိမ်ဟုပြောနေကြသည်။
“ဟေ့လူ…ခင်ဗျားဆေးက တကယ်
မြွေနိုင်ဆေးမဟုတ်ဘူးမလား”
“ဒီလူ့ကြည့်ရတာလူလိမ်ပဲ…
ငါတို့ဆီကငွေတွေအလကားလိမ်ယူသွားတာပဲကွ”
“ဟုတ်တယ်…ဒီလူကလူလိမ်ပဲ”
မြွေနိုင်ဆရာခိုင်အနီးသို့ရွာသားများအုံလာကြသည်။
မြွေနိုင်ဆရာခိုင်ကိုရိုက်တော့သတ်တော့မယ့်အတိုင်း
ဒေါသထွက်နေကြ၏။
မြွေနိုင်ဆရာခိုင်ခမျာမြွေရန်အေးသွားသော်လည်း
ရွာသားတွေလက်ချက်ဖြင့်သေရမည်ကိုကြောက်၍…
“တောင်းပန်ပါတယ်ဗျာ…
ဝမ်းရေးအတွက်ညာမိတာပါ
ကျုပ်ကိုခွင့်လွှတ်ပေးကြပါဗျာ…”
ဟု..ငိုကာယိုကာတောင်းပန်လေသည်။
သူ၏တပည့်ဖြစ်သူလည်းလက်အုပ်လေးချီလို့
တောင်းပန်နေရှာ၏။
“ခင်ဗျားမြွေဘယ်မှာလဲ…ပြစမ်းအဲ့မြွေ”
“မြွေတွေလိုက်လို့ပြေးရာက
မြွေသေတ္တာလည်းဘယ်မှာကျန်ခဲ့မှန်းမသိပါဘူးခင်ဗျာ…”
“ကျုပ်တို့ဆီကယူထားတဲ့ပိုက်ဆံတွေကော
ဘယ်မှာလဲ…ပိုက်ဆံတွေပြန်မပေးရင်ခင်ဗျားအသေပဲ”
“ဟောသည်လွယ်အိတ်ထဲမှာရှိပါတယ်ခင်ဗျာ…
ကျုပ်တို့အသက်ကိုတော့ချမ်းသာပေးကြပါ…
နောင်ကြီးတို့အလိုရှိရာကိုယူလို့ရပါတယ်ဗျာ…”
မြွေနိုင်ဆရာခိုင်လွယ်ထားသောအိတ်ကို
ရွာသားတွေဆွဲလုကြသည်။
လုရင်းနဲ့ပင်အချင်းချင်းရန်ဖြစ်ကုန်ကြ၏။
“ဟဲ့အကောင်တွေ…
မြွေပေါက်မသေအောင်လုပ်ပေးထားရဲ့နဲ့
နင်တို့ကရန်ထသတ်ရဲတယ်ပေါ့လေ…
တယ်လည်းသတ္တိကောင်းနေကြသကိုး”
ဟုဘွားမယ်စိန်ကအော်လိုက်​လေမှ
ရွာသားတွေလည်းရပ်ကုန်ကြသည်။
ရွာသူကြီးနှင့်ရွာလူကြီးတွေလည်းရောက်လာပြီး
ရွာသားတွေကိုဝိုင်းဆူကြတော့၏။
“ကဲ…ပေး…အဲ့သည်ငွေတွေ…
တို့ရွာသူ၊ရွာသားတွေ မြွေကိုက်ပြီး
သေချင်းဆိုးနဲ့မသေအောင်
ကူညီပေးခဲ့တဲ့အမေကြီးကိုပဲငါပေးလိုက်မယ်…
မကျေနပ်တဲ့သူရှိရင်ပြော…”
ရွာသူကြီးက ရွာသားများလက်ထဲ၌ရှိနေသော
လွယ်အိတ်ကိုဆွဲယူပြီးပြောလိုက်သည်။
မည်သူမှမကျေနပ်​ကြောင်းကိုမပြောကြပေ။
“ဒါဆိုရင်အားလုံးသဘောတူတယ်ပေါ့…
ဟုတ်ပြီ…ကဲ…အမေကြီး ကျုပ်တို့ရွာကို
ဘေးကင်းအောင်ကူညီပေးတဲ့အတွက်
အားလုံးကိုယ်စားကျုပ်က
ကျေးဇူးတင်ပါတယ်ဗျာ…
ဒီလောက်နဲ့နည်းသေးတယ်ဆိုတာကျုပ်သိပါတယ်…
မိုးလင်းတာနဲ့ထပ်ပြီးကန်တော့ဖို့လည်းကျုပ်ဦးဆောင်မှာပါ
ဒါလေးကိုအရင်လက်ခံပေးပါခင်ဗျာ…”
ဟု…ရွာသူကြီးကပြောတော့ မောင်တိုးနဲ့မောင်အုန်းမှာ
အုန်းစုရွာသူကြီးတော့သွားပြီဟုအတွေးဖြင့်ကြည့်နေခဲ့ကြ၏။
ဘွားမယ်စိန်ကလည်းသူကြီးပေးသော
လွယ်အိတ်ကိုမယူဘဲ…
“သူကြီးဆိုတဲ့အကောင်…
နင်ကပါမိုက်လုံးကြီးနေတော့နင့်ရွာထဲကိုလိမ်မယ့်…
ညာမယ့်သူတွေဝင်ကုန်ပြီပေါ့ဟဲ့…
နင်ပေးတဲ့ပစ္စည်းကိုဘုန်းကြီးကျောင်းမှာသွားလှူလိုက်
ငါကူညီတယ်ဆိုတာအဿပြာကြောင့်မဟုတ်ဘူး…
ဟိုအကောင်ကလည်းသူမှားကြောင်းတောင်းပန်ပြီးပြီ…
ကျန်တဲ့အကောင်တွေကလည်းကိုယ်အ လို့အလိမ်ခံရတာကို
ဒေါသထွက်နေတာမရှက်ကြဘူးလား…
ကဲ…မောင်ရင်တို့အားလုံးပြန်ကြတော့
မနက်အလှူပြီးရင်ငါလည်းငါ့ရွာငါပြန်မယ်…
ဒီကိစ္စဒီမှာထားလိုက်တော့”
ဟုပြောကာဘွားမယ်စိန်လည်း အိမ်ကြီးထဲသို့
ပြန်ဝင်သွားလေသည်။
ရွာသူကြီးနှင့်ကျန်လူများကတော့ တအံ့တသြဖြစ်ကာ
ကျန်ရစ်ခဲ့ကြ၏။
“သူကြီးတို့က ကျုပ်တို့ဘွားအကြောင်းမသိကြဘူးပဲဗျ…
ကျုပ်တို့ဘွားကဘယ်တော့မှငွေလက်မခံဘူးဗျ…
ဒီလောက်ဆိုသိကြရောပေါ့…”
မောင်အုန်းကလည်းသူကြီးတို့ကိုပြောပြီး
အနားမှထွက်သွားတော့သည်။
ကျန်ရစ်သောမောင်တိုးအနီးကိုကပ်၍
အားလုံးကဘွားမယ်စိန်အကြောင်းမေးကြ၏။
မောင်တိုးကလည်းသိသမျှပြောပြလေတော့
အားလုံးမှာသူတို့မှားကြောင်းသိသွားကြလေသည်။
နောက်တစ်နေ့နံနက်ရောက်တော့
အလှူပွဲ၌ထိုင်နေသောဘွားမယ်စ်ိန်ဆီကို
လူများအုပ်စုလိုက်ရောက်လာခဲ့ကြသည်။
ထိုသူတို့မှာ ရွာသူကြီးနှင့်ရွာသူ၊ရွာသားတို့ပင်ဖြစ်ကြသည်။
ထိုသူတို့ကဘွားမယ်စိန်ကိုလက်အုပ်ချီကာ
ကန်တော့ကြပြီးသူတို့အမှားများကိုတောင်းပန်ကြလေသည်။
ဘွားမယ်စိန်ကလည်းဆုများပေးပြီး
ခွင့်လွှတ်ကြောင်းပြောလေတော့မှ
အားလုံးလည်းဝမ်းသာကုန်ကြ၏။
ထိုနေ့တွင်အလှူပွဲ၌တစ်ရွာလုံးပျော်ပျော်ရွင်ရွှင်
ပါဝင်ခဲ့ကြသည်။
မြွေနိုင်ဆရာခိုင်နှင့်သူ့တပည့်များကတော့
ရွာမှထွက်သွားကြပြီဖြစ်၏။
ညကသူတို့အိပ်သောရွာအပြင်ရှိ ဇရပ်အပေါ်၌တော့
သူတို့၏အသုံးအဆောင်များကိုထားရစ်ခဲ့ကြသည်။
သူတို့လည်းနောက်နောင်တွင်ယခုလိုကိစ္စမျိုးထပ်မံ
လုပ်ရဲလိမ့်မည်မဟုတ်တော့ပေ။
ဘွားမယ်စိန်တို့လည်းအလှူပြီးနောက်ရက်မှ
သောင်ထွန်းရွာကိုပြန်လာခဲ့ကြတော့၏။
ထိုသို့ဖြင့် ပြီးပါပြီ။
ယဥ်မင်း(ကန့်ဘလူ)