မြွေမင်းသမီးနွယ်နီ

မြွေမင်းသမီး နွယ်နီ(စ-ဆုံး)

 

(က)

 

လွန်ခဲ့သည့် အနှစ်သုံးဆယ်ခန့်ကဖြစ်ပါသည်။

ညောင်ဦးမြို့နယ်အတွင်းတွင် သံတွင်းရွာ ဟုအမည်ရသည့် ရွာတစ်ရွာရှိသည်။ ထိုရွာသည်

လူနေအိမ်ခြေသိပ်မများသော ရွာငယ်ကလေးတစ်ရွာသာဖြစ်သည်။ ရွာအနီးတွင် ထန်းပင်တောကြီးရှိပြီး ထိုရွာမှရွာသားအများစုမှာ ထန်းနှင့်ပက်သက်သည့် ထန်းရည်လုပ်ငန်း၊ ထန်းလျက်ချက်သည့်လုပ်ငန်းလုပ်ကိုင်ကြသလို အချို့ကလဲ ဆီးပင်များစိုက်ပျိုးခြင်းနှင့် မန်ကျည်းနှင့်ပက်သက်သည့် လုပ်ငန်းများကိုလုပ်ကိုင် အသက် မွေးနေထိုင်ကြသည်။ ထိုဒေသသည် မိုးခေါင်ရေရှားဒေသဖြစ်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းများမှာ မိုးတွင်းနှင့် ဆောင်းဦးလောက်တွင်သာလုပ်ကိုင်ကြပြီး နွေအခါတွင်တော့ အလုပ်အကိုင်သိပ်မရှိကြပေ။ ထိုအခါ ညောင်ဦးမြို့အတွင်းသွားရောက်ကာ ဟိုတယ်များ၊ တည်းခိုခန်းများတွင် သွားရောက်အလုပ်လုပ်ကိုင်ကြသည်။

 

ထိုရွာတွင် အလုပ်အကိုင်ရှားပါးသောကြောင့် ရွာသူတစ်ဦးဖြစ်သည့် မခင်ဦးမှာ ညောင်ဦးသို့တက်ပြီး အလုပ်လုပ်ရသည်။ ယွန်းထည်လက်မှုဆိုင်တစ်ဆိုင်တွင် ဝင်ရောက်အလုပ်လုပ်ကိုင်ရခြင်းဖြစ်သည်။ မခင်ဦးက အသားညိုသော်လည်း ရုပ်ရည်အသင့်အတင့်ရှိသည်မို့ ဆိုင်တွင် အရောင်းပိုင်းကိုကူညီပေးရသည်။ ရလာသည့် လစာငွေများအနက်မှ အချို့အဝက်ကို မိဘများထံသို့ ပြန်ပို့ပြီးနောက် ညောင်ဦးမြို့ထဲ အဆောင်ကလေးငှားရမ်းကာ နေထိုင်ရသည်။

 

မခင်ဦးက ဘာသာတရားကိုင်းရှိုင်းသူတစ်ယောက်ဖြစ်သည်။ တနင်္ဂနွေနေ့ရောက်တိုင်း ပုဂံဘုရားများဘက်သို့ စက်ဘီးတစ်စီးနှင့်ထွက်လာလေ့ရှိသည်။ ပြန့်ကျဲနေသည့် ပုဂံဘုရားများအကြားတွင် ခပ်သေးသေးနှင့် လူအရောက်အပေါက်နည်းသည့် ပုဂံဘုရားတစ်ဆူထံသို့ အမြဲသွားလာလေ့ရှိသည်။ ထိုဘုရားလေးက ထူးတော့ထူးဆန်းသည်။ မခင်ဦးနှင့် ရေစက်ပါသည်ဟုထင်ရသည်။ တဝဂူဘုရားဖြစ်ပြီး အတွင်းမှ ရုပ်ပွားတော်က ပျက်စီးနေသဖြင့် နောက်လူများက ပြင်ဆင်ထားခြင်းဖြစ်သည်။ ဘုရားဘွဲ့တော်ကို မသိရသလို ဘုရားအမှတ်အသားအဖြစ် စာလုံးများနှင့်သာရေးမှတ်ထားသည်။ ထိုအနီးတွင် အခြားစေတီပုထိုးများမရှိဘဲ ထနောင်းပင်များသုံးလေးပင် စုစည်းပေါက်ရောက်နေသဖြင့် အလွန်အေးချမ်းလှသည်။ မခင်ဦးလဲ ထိုဘုရားကလေးတွင် ဘုရားပန်းအိုးတစ်လုံးနှင့် ဖယောင်းတိုင်ထွန်းသည့် ခွက်ကလေးတစ်ခုကို ဝယ်ယူကာလှူဒါန်းထားပြီး တနင်္ဂနွေနေ့ရောက်တိုင်း နေ့တစ်ပိုင်းခွင့်ယူကာ ဘုရားပန်းလဲပြီး ဆီမီးပူဇော်ကာ ဘုရားရှိခိုးလေ့ရှိသည်။

 

ယခုတစ်ခါတွင်လဲ ထုံးစံအတိုင်း ညောင်ဦးဈေးထဲမှ ဘုရားပန်း တစ်စည်းဝယ်ယူခဲ့ပြီး အမွှေးတိုင်ဖယောင်းတိုင် အချို့ယူဆောင်လျှက် ထိုဘုရားကလေးဆီသို့ ဦးတည်ထွက်လာခဲ့သည်။ စက်ဘီးခြင်းထဲတွင်လည်း ရေကိုငှက်ပျောဖူးပုလင်းနှင့်ထည့်ပြီး ယူလာခဲ့သည်။ ဘုရားရောက် သည့်အခါ ပန်းအိုးအဟောင်းကိုသွန်ပြီး သူယူလာခဲ့သည့် ရေများကိုလောင်းထည့်ကာ ပန်းအသစ်ကပ်သည်။ ဆီမီး၊ အမွှေးတိုင်များပူဇော်ပြီးနောက် ဘုရားကိုအာရုံပြုပြီး ရှိခိုးနေလိုက်သည်။

 

ဘုရားရှိခိုးပြီး မျက်လုံးဖွင့်ကြည့်လိုက်တော့ မခင်ဦး လန့်သွားသည်။ မြွေဖြူကလေးတစ်ကောင်က သူ့အရှေ့တွင် အခွေလိုက်ကလေး လာခွေနေသည်။ ဦးခေါင်းကို ဘုရားဆင်းတုဘက်သို့လှည့်ထားသည်။ မြွေကိုမြင်တော့ မခင်ဦးလန့်သွားသော်လည်း မြွေဖြူကလေးက သူ့အား ရန်ပြုမည့်ပုံမရှိသည်မို့ထိုနေရာမှ အသာကလေးထပြီးထွက်လာလိုက်သည်။

 

ညအိပ်တော့ မခင်ဦး တစ်ယောက် မြွေဖြူကလေးကို အိပ်မက်မက်တော့သည်။

 

မြွေဖြူကလေးက တစ်ကိုယ်လုံးနို့နှစ်ရောင်သန်းနေသည်။ အဖြူရောင်ဟုဆိုသော်လည်း ဝါကျင်ကျင်နှင့်ဖြစ်သည်။ နွားနို့ရောင်ဟုပြောလျှင် ပိုနီးစပ်သည်။ မျက်လုံးကလေးနှစ်လုံးမှာ အစိမ်းရောင်စိမ်းလန်းနေပြီး လျှာကလေးကတော့ နီရဲတောက်ပနေသည်။ မြွေဖြူကလေး၏ ခေါင်းပေါ်ရှိ အရေခွံများတွင် ငွေရောင်ကလေးသန်းနေပြီးတော့ တလက်လက်နှင့်တောက်ပနေသည်။

 

မြွေကလေးကို အံ့ဩပြီးကြည့်နေစဉ်မှာပင် မြွေဖြူကလေးက မခင်ဦးအနားကပ်လာပြီးနောက်

လူလိုစကားပြောသည်။

 

“အမေ၊ နောက်တစ်ခါလာရင် နို့စိမ်းဝယ်လာခဲ့ပါ”

 

“ဟယ်၊ ဘာတွေပြောနေတာလဲ ငါကလူ၊ နင်က မြွေလေ၊ ဘယ်လိုလုပ်အမေလို့ခေါ်တာလဲ”

 

“ရှင်နဲ့ကျွန်မက ဘဝတစ်ခုမှ သားအမိအဖြစ် တော်စပ်ခဲ့ဖူးတယ်၊ ဒါကြောင့် အမေလို့ ခေါ်တာပါ”

 

“အေးပါ၊ ခေါ်ချင်သလိုခေါ်ပါ၊ အခုလာတာ ဘာဖြစ်လို့လာတာလဲ”

 

“နောက်တစ်ခါ ဘုရားကလေးဆီကိုလာရင် နွားနို့စိမ်းတစ်ခွက် ဝယ်လာခဲ့ပါ”

 

ထိုသို့ပြောပြီး မြွေကလေးက ပြန်ထွက်ခွာသွားသည်။ မခင်ဦးလဲ မျက်လုံးများကိုဖွင့်ကာ အဆောင်ခေါင်မိုးကို ပြူးပြီးကြည့်နေမိသည်။ မနက်ပိုင်း မိုးစင်စင်လင်းနေပြီဖြစ်သည်။

 

သွားတိုက်ရေချိုးရင်း ညက မက်ခဲ့သည့်အိပ်မက်ကို ပြန်တွေးနေမိသည်။ ထိုအခါ တကယ်ဟုတ်နိုင် မဟုတ်နိုင် စိတ်ထဲဗျာများနေရသည်။ မနေ့က တွေ့ခဲ့သည့် မြွေဖြူကလေးကို စိတ်ထဲစွဲပြီးတော့ အိပ်မက်မက်နေမိခြင်းဖြစ်မည်ဟု တွေးလိုက်မိသည်။

 

(ခ)

 

သို့သော်လည်း နောက်တစ်ပတ်တော့ ဘုရားဆီသွားရင်း ညောင်ဦးဈေးထဲက နို့စိမ်းတစ်ထုပ်ဝယ်လာခဲ့သည်။ လိုလိုမယ်မယ် အကြမ်းပန်းကန်လုံးကလေးတစ်လုံးကိုလဲယူလာခဲ့သည်။ ဘုရားမှာ ပန်းကပ်၊ ဆီမီးကပ်လှူပြီးတော့ ဘုရားရှိခိုးနေမိသည်။ ထိုစဉ် သူ့နှာခေါင်းထဲသို့ အလွန်မွှေးပျံ့သည့် ရနံ့တစ်မျိုးရလာသဖြင့် ကျောချမ်းလာကာ မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူ့ရှေ့တွင်တော့ သူ့အားစိုက်ကြည့်နေသည့် မြွေဖြူကလေးကိုတွေ့ရသည်။

 

“ငါ ဘုရားရှိခိုးတာ မပြီးသေးဘူး၊ ခဏစောင့်အုံး”

 

မြွေကလေးကိုပြောလိုက်တော့ မြွေဖြူကလေးက ခေါင်းငုံ့ပြီး ပြန်ခွေနေသည်။ ဘုရားရှိခိုး အမျှအတန်းဝေပြီးတော့ မခင်ဦးလဲထလိုက်သည်။ စက်ဘီးခြင်းထဲပါလာသည့် အကြမ်းပန်းကန်လေးကို မြွေကလေးအနားသို့ချလိုက်ပြီးနောက် နို့စိမ်းထုပ်ကို ဖောက်ထည့်ပေးလိုက်သည်။ မြွေကလေးက အကြမ်းပန်းကန်ခွက်ထဲ ခေါင်းထည့်ပြီးတော့ နို့စိမ်းများကို သောက်နေတော့သည်။ နို့စိမ်းကုန်သွားသဖြင့် မခင်ဦးလဲ ထပ်ထည့်ပေးတော့ မြွေဖြူကလေးက မသောက်တော့ဘဲ ဘုရားဆင်းတုတော်အနားသို့ တိုးဝင်သွားပြီးနောက် ပျောက်ကွယ်သွားသည်။ သို့နှင့် မခင်ဦးလဲ အပတ်တိုင်း မြွေဖြူကလေးအတွက် နို့စိမ်းတစ်ခွက် အမြဲတမ်းသယ်လာဖြစ်တော့သည်။

 

မခင်ဦးက စကားပြောချိုသာသလို ရုပ်ရည်ကလဲ သနားကမားကလေးဖြစ်သဖြင့် မခင်ဦး၏ အချစ်ကိုရယူချင်သည့်သူများမှာ ညောင်ဦးမြို့တွင် မနည်းလှချေ။ အချို့ကတော့ မခင်ဦးကို ပိုးပန်းသည့်အနေနှင့် တစ်ပတ်တစ်ခါလောက် ယွန်းထည်တွေ လာရောက်ဝယ်ယူတတ်ကြရာ သူတို့ဆိုင်ရောင်းအားတက်နေသည်။

 

“နင်တို့တွေ ခင်ဦးကိုကြည့်ပြီးအတုယူကြ၊ သူ့ကြောင့် တို့ဆိုင် မိတ်တွေတက်လာတာမနည်းဘူးနော်၊ ဒီလိုပြောလို့ နင်တို့တွေကို မြှူဆွယ်ခိုင်းနေတာမဟုတ်ဘူး”

 

ဆိုင်ပိုင်ရှင်က အမြဲလိုလို ဆိုင်မှဝန်ထမ်းများအား ခင်ဦးကိုအတုယူရန် အမြဲပြောလေ့ရှိသည်။ ထိုသို့အပြောခံရတိုင်းလဲ ခင်ဦးက ဝန်ထမ်းများကို အားနာပြီးမနေတတ်ဖြစ်ရသည်။ နောက်တော့ ဝန်ထမ်းအချို့က ခင်ဦးကိုကြည့်ကာ မနာလိုဖြစ်နေတတ်သည်။ ရန်လိုနေတတ်တော့သည်။

 

မခင်ဦး၏ အချစ်ကိုလိုချင်သူများထဲတွင် ကျောင်းဆရာများ၊ အစိုးရဝန်ထမ်းများကအစ ဆီးယိုလုပ်ငန်းပိုင်ရှင်စသည့်သူများသာမက၊ ရပ်ထဲရွာထဲမှ ကာလသားများပါမကျန် မခင်ဦးကို စိတ်ဝင်စားနေကြသည်။ မခင်ဦးကို ပွင့်ပွင့်လင်းလင်းပြောသူလဲရှိသလို၊ ကွယ်ဝှက်ပြီး ရင်ထဲကအချစ်တွေကို ထုတ်ဖော်မပြောပြသူတွေလဲရှိသည်။

 

သို့သော် မခင်ဦးကတော့အချစ်ရေး ကိုမတွေးချင်သေးသောကြောင့် လာပြောသူအားလုံးကို ကြိုးရှည်ရှည်နှင့် လှန်ထားလိုက်တာများသည်။

 

“မခင်ဦးကို ကိုဖိုးတုတ်ကြီးက ကြိုက်လို့တဲ့၊ အဲဒါ စာပေးခိုင်းလိုက်တယ်”

 

ဆိုင်မှ အရောင်းဝန်ထမ်းကောင်မလေးတစ်ယောက်က မခင်ဦးကို စာတစ်စောင်ပေးသည်။

 

“ညည်းတို့လဲ မုန့်စားရတယ်ဆိုပြီးတော့ စာတွေလာပေးမနေကြနဲ့၊ သူ့လိုလူကို ငါကကြိုက်စရာလား၊ နောက်တစ်ခါစာပေးခိုင်းရင် အပြတ်သာပြောခဲ့ကြ”

 

ကိုဖိုးတုတ်ဆိုသူက သူတို့ယွန်းထည်ဆိုင်ရှိ ဂိုထောင်စောင့်ဖြစ်သည်။ အသားမည်းမည်း၊ လူကပုပုနှင့် တုတ်တုတ်ခိုင်ခိုင်ရှိသည်မို့ ကိုဖိုးတုတ်ဟု အလွယ်ခေါ်နေကြခြင်းဖြစ်သည်။ မျက်နှာကြီးက ရှုံ့တွနေပြီးတော့ ပါးနှစ်ဖက်တွင်လဲ ကျောက်ပေါက်ရာတွေ ဗရပွနှင့်ဖြစ်သည်။

 

(ဂ)

 

ထိုနေ့က မိုးတွေရွာနေသည်။ မိုးရွာသည်ဟုသာဆိုသော်လည်း အညာမိုးမို့ တဖွဲဖွဲနှင့်သာဖြစ်သည်။ မိုးတွင်းကြီးဖြစ်သောကြောင့် ကောင်းကင်ကြီးကတော့ အုံ့ဆိုင်းနေသည်။

 

ဆိုင်မှ စက်ဘီးနှင့်ထွက်ခဲ့ပြီးနောက် ညောင်ဦးဈေးထဲဝင်ခဲ့သည်။ နို့စိမ်းနှင့် ပန်းဝယ်ပြီးသည့်အခါ ထုံးစံအတိုင်း ဘုရားကလေးဆီသို့ထွက်လာခဲ့သည်။ မိုးဖွဲရွာနေသော်လည်း ထီးမဆောင်းတော့ဘဲ စက်ဘီးကိုအမြန်နင်းလာလိုက်သည်။

 

ဘုရားထဲရောက်တော့ ဘုရားပန်းအိုးလဲရန် ရေကိုသွန်လိုက်သည်။ ထို့နောက် လတ်ဆတ်သည့် ဘုရားပန်းကလေးများကိုပန်းအိုးထဲထိုးလိုက်ပြီး ဘုရားထဲပြန်ဝင်မည်အလုပ် သူ့အနောက်ကနေပြီးတော့ ပွေ့ဖက်ခြင်းကိုခံစားလိုက်ရသည်။

 

“ဟင် . . ကို . . ကိုဖိုးတုတ်”

 

“ဟား၊ ခင်ဦးရယ်၊ ကိုယ်မင်းကိုချစ်တဲ့အကြောင်းတွေကို သက်သေပြချင်တယ်”

 

“မလုပ်ပါနဲ့ရှင်၊ ကယ်ကြပါအုံး၊ ကျွန်မကို”

 

ထိုစဉ်မှာပင် ကိုဖိုးတုတ်က မခင်ဦးကို ဆွဲဖက်ပြီးတော့ အနိုင်အထက်ပြုတော့သည်။ ယောက်ျားအားနှင့် မိန်းမအားမို့ မခင်ဦးကြာကြာမရုန်းကန်နိုင်ပါ။ ဆိတ်ငြိမ်ရာအရပ်ဖြစ်သည်မို့ မခင်ဦး၏ အော်ဟစ်သံနှင့် ရေရွတ်သံများကိုလဲ မည်သူမျှ မကြားနိုင်တော့ပါ။ မခင်ဦးကိုင်ထားသည့် ဘုရားပန်းအိုးကလေးကတော့ ဘုရားရင်ပြင်ပေါ်ကျကာ အစိတ်စိတ်အမွှာမွှာကွဲကြေသွားသလို လတ်ဆတ်သည့်ဘုရားပန်းကလေးတွေကလဲ မြေမှာကျကာ နွမ်းလျနေခဲ့လေပြီ။

 

“ဟား၊ ဟား ခင်ဦး၊ ခင်ဦး နင်ဘာတတ်နိုင်သေးလဲ၊ ငါအခုတော့ နင့်ဆီကလိုချင်တာကို ရလိုက်ပြီ၊ ဒီအကြောင်းတွေကို နင်လျှောက်ပြောရင် နင့်ကိုငါသတ်ပစ်မယ်”

 

ကိုဖိုးတုတ်က ထိုသို့ကြိမ်းမောင်းလိုက်ပြီးနောက် ပုဆိုးကိုပြင်ဝတ်လိုက်သည်။ မခင်ဦး၏ အဝတ်အစားတွေကို ကိုဖိုးတုတ်ဆွဲဖြဲထားသဖြင့်စုတ်ပြဲနေသည်။ မခင်ဦးလဲ ဂူဘုရားနံရံကလေးကိုမှီရင်း ခေါင်းငုံ့ကာ ကျိတ်ငိုနေမိသည်။

 

ကိုဖိုးတုတ် ဘုရားထဲက ပြန်အထွက်မှာ မြွေဖြူလေးတစ်ကောင်က မျက်နှာကျက်ဆီမှ ကိုဖိုးတုတ်၏ လည်ကုတ်ပေါ်သို့ ပြုတ်ကျလာသည်။ ကိုဖိုးတုတ်လဲ ကြောက်လန့်ပြီးနောက် အော်ဟစ်လိုက်သည်။

 

“အလကားမြွေ၊ သွားစမ်း”

 

မြွေဖြူကလေးကို လွှင့်ပစ်ပြီးသည့်နောက် ကိုဖိုးတုတ်လဲ အပြင်သို့ပြေးထွက်သွားတော့သည်။ မခင်ဦးခေါင်းထဲ ဘာမှစဉ်းစားလို့မရနိုင်တော့။ ရှက်သည့်စိတ်၊ ကြောက်သည့်စိတ်တွေက သူ့အတွေးတွေကို ဖုံးလွှမ်းထားသည်။

 

“ဘာမှမပူပါနဲ့၊ ဖြစ်ချိန်တန်လို့ဖြစ်တာပါ၊ ဖြစ်ရမယ့်ကံပါလာလို့ ဖြစ်ရတာပါ”

 

အသံကြားလိုက်တော့ မခင်ဦးလဲ အနားကိုလှည့်ပတ်ကြည့်မိသည်။ သို့သော် လူတစ်ဦးတစ်ယောက်မှ မတွေ့ရ။ သူ့ရှေ့တွင် မြွေဖြူကလေးတစ်ကောင်သာရှိသည်။ မခင်ဦးလဲ အလွန်အံ့ဩသွားသည်။

 

“နင်၊ မြွေ၊ မြွေက ငါ့ကိုစကားပြောနေတာလား”

 

“အဆိုးထဲက အကောင်းဖြစ်သွားတယ်လို့ပဲမှတ်လိုက်ပါ”

 

“ဘာအဆိုးထဲကအကောင်းလဲ မြွေဖြူရဲ့၊ ငါအခုလိုဖြစ်တော့ ငါ့အရှက်တရားတွေ၊ ငါ့ရဲ့ပျိုမြစ်မှု၊ ဖြူစင်မှုတွေအကုန်ဆုံးရှုံးခဲ့ရပြီလေ”

 

“ဘာမှမပူနဲ့အမေ၊ သမီးလာပြီ၊ သမီးပြန်လာပြီ”

 

မြွေဖြူကလေးက ထိုသို့ပြောပြီးတော့ သူ့ခြေထောက်တွေကို ရစ်ပတ်ပြီးတော့ တက်လာသည်။ နောက်တော့ ပေါင်ပေါ်ကိုတက်လာပြီး ပေါင်ပေါ်မှတဆင့်ဝမ်းဗိုက်အတွင်းသို့ တိုးဝင်နေသည်။ မခင်ဦးလဲ ကြောက်လန့်ပြီး အော်ဟစ်မိသည်။

 

“ဂျိန်း . .”

 

မိုးခြိမ်းသံကြီးတစ်ခုကြားလိုက်တော့မှ မခင်ဦးမျက်လုံးတွေဖွင့်ကြည့်လိုက်သည်။။ အချိန်က ညနေပင်စောင်းနေပြီဖြစ်သည်။ ဂူဘုရားအတွင်းမို့ အတွင်းပိုင်းတွင် မည်းမှောင်နေသည်။ မခင်ဦးလဲ စုတ်ပြဲနေသည့်အဝတ်အစားများကို သေသေသပ်သပ်ဖြစ်သွားအောင်ပြုပြင်လိုက်ပြီးနောက် အပြင်ကိုပြေးထွက်လိုက်သည်။ စက်ဘီးနှင့် ညောင်ဦးဈေးထဲအရင်ဝင်ရသည်။ ညနေစောင်းနေပြီဖြစ်သဖြင့် ဈေးကပိတ်တော့မည်။ ချည်ထည်အကျီလက်ရှည်ကလေးတစ်ထည်ကို ဝယ်ယူလိုက်ပြီးနောက် အပေါ်မှထပ်ကာဝတ်ဆင်ပြီး ဆိုင်သို့ပြန်လာခဲ့သည်။

 

ဆိုင်ကိုရောက်တော့ ဆိုင်ကပိတ်ထားသည်။ ဒီအချိန် ဆိုင်ပိတ်ရမည့်အချိန်မဟုတ်ပေ။ ဆိုင်တံခါးဖွင့်ဝင်သွားတော့ ဆိုင်ပိုင်ရှင်က သူ့နားကိုပြေးလာသည်။

 

“ခင်ဦး ဘယ်တွေလျှောက်သွားနေတာလဲ နေ့တစ်ပိုင်းလောက် ပျောက်နေတာနော်”

 

“ဟို၊ ဟိုလေ”

 

ခင်ဦးဘာပြောရမှန်းမသိတော့။ သို့နှင့် ဆိုင်ပိုင်ရှင်ကို မေးခွန်းပြန်ထုတ်လိုက်သည်။

 

“ဆိုင်ကိုဘာလို့ ဒီအချိန်ပိတ်ထားတာလဲ”

 

ဆိုင်ပိုင်ရှင်က သက်ပြင်းတစ်ချက်ချလိုက်သည်။

 

“ဂိုထောင်စောင့်တဲ့ ကိုဖိုးတုတ် ဆုံးပြီဟ”

 

“ဟင် . . .”

 

ခင်ဦးတစ်ချက်သာ ရေရွတ်မိသည်။ ထိုသို့ဖြစ်သွားသဖြင့် ပျော်ရမည်လား၊ ဝမ်းနည်းရမည်လားကို မတွေးတတ်တော့။

 

“နေ့လည်က အကောင်းကြီးရှိပါသေးတယ်၊ ဘာ . . ဘာဖြစ်လို့လဲ”

 

“တန်းလျားမှာ သူနဲ့အတူတူနေတဲ့သူတွေပြောတာကတော့ နေ့လည်ကအပြင်သွားပြီးပြန်လာတာ၊ ဒီရောက်တော့ ခေါင်းမူးလို့ဆိုပြီးတော့ အိပ်ရာထဲလှဲနေတာတဲ့။ နောက်တော့ သွားကြည့်တဲ့အချိန်မှာ တစ်ကိုယ်လုံး ပြာနှမ်းပြီးတော့ မျက်လုံးကြီးပြူးပြီး သေနေတာပဲတဲ့”

 

“ထူးဆန်းတယ်နော်”

 

“ဘာမှမထူးဆန်းပါဘူးဟာ၊ ဆရာဝန်က မြွေဆိပ်တက်တာလို့ပြောတယ်၊ သူ့ဂုတ်ပိုးမှာ မြွေကိုက်ရာကလေး တွေ့တယ်တဲ့”

 

“မြွေကိုက်ရာ၊ ဒါ ဆိုရင် မြွေဖြူ၊ မြွေဖြူ”

 

အမှတ်တမဲ့ရေရွတ်နေမိသည့်ပါးစပ်ကို အမြန်ပိတ်လိုက်ရသည်။ မခင်ဦးဒီဆိုင်တွင် ဆက်မလုပ်ချင်တော့ပေ။ နောက်တော့ တစ်ယောက်စကား တစ်ယောက်နားနှင့် ပြန်ကြားရသည်မှာ ကိုဖိုးတုတ်အား ဆိုင်မှဝန်ထမ်းကောင်မလေးတစ်ယောက်က မခင်ဦးသွားတတ်သည့်နေရာကို ပြောပြထားသောကြောင့်ဖြစ်မှန်းသိလိုက်ရသည်။

 

မခင်ဦးအား ဆိုင်မှဝန်ထမ်းများက တီးတိုးတီးတိုးပြောဆိုကြသည်။ မခင်ဦးလဲ ဆက်ပြီးမလုပ်နိုင်တော့သဖြင့်ဆိုင်မှအလုပ်ထွက်ပြီး ရွာသို့ပြန်လာခဲ့သည်။

 

(ဃ)

 

ရာသီသွေးမလာသည်မှာသုံးလပင်ကျော်မြင့်ခဲ့ပြီဖြစ်သည်။ မခင်ဦးစိတ်ထဲထင့်နေမိသည်။ နောက်တော့ ပျို့အန်ချင်သလိုဖြစ်လာသည်။ လေတွေအန်နေတတ်သည့်အတွက် မခင်ဦး အဖေနှင့်အမေက စိတ်မချဖြစ်လာသည်။ ရွာမှလက်သည်အဒေါ်ကြီးခေါ်ပြီး စမ်းသပ်လိုက်တော့ ကိုယ်ဝန်ရှိနေပြီဖြစ်မှန်းသိလိုက်ရသည်။

 

“အမိုက်မ၊ နင်ဘယ်လိုလုပ်လိုက်တာလဲ၊ ပြောစမ်း၊ နင်ဘယ်သူနဲ့ရတာလဲ”

 

“သမီးမှားပါတယ်အဖေ၊ ဘယ်သူနဲ့ရတာကိုတော့ ပြောမပြရပါစေနဲ့”

 

“ဒီကောင့်ကို ငါတို့သွားတွေ့ပြီး တာဝန်ယူခိုင်းမှ ရမှာပေါ့ဟ”

 

“မရှိတော့ဘူးအဖေ၊ သူမရှိတော့ဘူး၊ သူသေသွားပြီ”

 

မခင်ဦးအဖေလဲ ထိုင်နေရာကနေ သွေးတက်ပြီးလဲကျသွားသည်။ သူတို့ကိုလဲ တစ်ရွာလုံးက မကောင်းပြောကြသည်။ မခင်ဦး ဆော့သဖြင့် ဖြစ်သည်ဟု မကောင်းသတင်းပြောကြသည်။ အပျိုနုနုထွတ်ထွတ်ကလေး မခင်ဦးမှာ အခုတော့ ဗိုက်ကြီးတစ်လုံးနှင့် လင်ကောင်မပေါ်ဘဲ ကလေးမွေးရတော့မည်ဖြစ်သည်။

 

“ကလေးက ဇောက်ထိုးဖြစ်နေတယ်ဟေ့ မွေးရတော့ခက်မှာ”

 

လက်သည်အဒေါ်ကြီးက ပြောလိုက်သဖြင့် မခင်ဦးရော၊ သူ့အမေပါ စိတ်ညစ်သွားသည်။ မခင်ဦးအဖေဖြစ်သူကတော့ အိမ်အတွက်ဦးစီးပြီးတော့ ကြုံရာကျပန်းလုပ်ကာ ငွေရှာနေရသည်။

 

“ဒီအတိုင်းမွေးရင် ညည်းပါအသက်ဆုံးရှုံးနိုင်တယ်၊ ဒီတော့ ညောင်ဦးတက်ပြီး ဆရာဝန်နဲ့ခွဲမွေးပါလား”

 

“ဆရာဝန်နဲ့ဗိုက်ခွဲမွေးရင် ပိုက်ဆံတော်တော်ကုန်မှာ၊ မဖြစ်ပါဘူး၊ ဒီအတိုင်း အိမ်မှာပဲမွေးမယ်”

 

မခင်ဦးအလုပ်မရှိတော့သဖြင့် အိမ်၏စီးပွားရေးမှာ အတော်ချို့တဲ့နေပြီဖြစ်ပြီး အဖေဖြစ်သူပင် ကြုံရာကျပန်းလုပ်ကာ ငွေရှာနေရသည့်အချိန်ဖြစ်သည်။ မခင်ဦးလဲ ဗိုက်ကလေးပွတ်ရင်း မျက်ရည်ကျနေမိသည်။

 

ထိုညတော့ အိပ်နေရင်းခြေထောက်မှာ အေးစက်သည့်အထိအတွေ့ကို ရလိုက်သဖြင့် လန့်ပြီးမျက်လုံးဖွင့်မိသည်။ ဗိုက်ခံနေသဖြင့် ဖြည်းဖြည်းချင်းငုတ်တုတ်ထိုင်လိုက်တော့ သူ့ခြေရင်းတွင် မြွေနက်ကြီးတစ်ကောင်က ပါးပျဉ်းထောင်ပြီးတော့ သူ့ကိုကြည့်နေသည်။

 

“အောင်မယ်လေး၊ အဖေရေ၊ အမေ​ရေ”

 

သူအော်ခေါ်ပေမယ့် မည်သူမှကြားသည့်ပုံမရပေ။ မြွေကြီးက တစ်ကိုယ်လုံးနက်မှောင်နေပြီးတော့ ပါးပျဉ်းတွင် အဖြူရောင်အတွန့်လေးများရှိသည်။ ပါးပျဉ်းထောင်ထားသည်မို့ မြွေဟောက်ကြီးဖြစ်ပုံရသည်။ မျက်လုံးကြီးတွေက နက်မှောင်နေပြီးနောက် မခင်ဦးကို စိုက်ကြည့်နေသည်။

 

“နင်ဘာလုပ်မလို့လဲ၊ ငါနင့်ကိုဘာမှမလုပ်ဘူးနော်၊ နင့်လမ်းနင်သွားပါ”

 

မခင်ဦးက မြွေကြီးကိုပြောလိုက်သည်နှင့် မြွေကြီးက ပါးစပ်ကြီးကိုဖြဲချလိုက်သည်။ မခင်ဦးလဲ လန့်ပြီးမျက်လုံးမှိတ်ထားလိုက်သည်။

 

“ဘုတ်”

 

ဖျာပေါ်ကိုတစ်ခုခုကျသံကြားသဖြင့် မခင်ဦးမျက်လုံးကို အသာကလေးဖွင့်ကြည့်လိုက်သည်။ မြွေဟောက်ကြီးက မခင်ဦး၏ အရှေ့တွင် ပါးစပ်ဖွင့်ထားပြီးနောက် တစ်ခုခုကို ထိုးအန်နေပုံရသည်။ ကြမ်းပြင်တွင်လဲ အနီရောင်ကျောက်တုံးတစ်တုံးကိုတွေ့ရသည်။

 

“အွတ် . . အွတ်”

 

မြွေကြီးက ထိုသို့ပြုလုပ်ပြီးနောက် ကြမ်းပြင်တွင် ခေါင်းကိုထိုးချလိုက်သည်။ ထိုအခါ သူ့ပါးစပ်အတွင်းမှ အနီရောင်ကျောက်တုံးတစ်တုံးထပ်မံထွက်လာသည်။ မြွေကြီးက သုံးခါတိတိအန်သည့်အခါ အနီရောင်ကျောက်တုံး သုံးတုံးကျန်ခဲ့သည်။ ပြီးနောက်မှာတော့ လှည့်ထွက်သွားပြီး အိမ်ပေါ်မှဆင်းသွားတော့သည်။

 

မခင်ဦးလဲ လန့်နိုးသွားသည်။ သူ့တစ်ကိုယ်လုံးချွေးတွေပြန်နေသည်။

 

“အော်၊ ငါ အိပ်မက် မက်နေတာပါလား”

 

အိပ်မက်မှန်းသိလိုက်ရတော့ နှမြောမိသွားသည်။ ခုနက အိပ်မက်ထဲမှာ ရတနာတွေရသည့်အတွက် ပျော်လိုက်သည့်ဖြစ်ခြင်း။ တစ်ဖက်ကိုပြောင်းလှည့်ပြီးအိပ်ဖို့ ကိုယ်ကိုလှည့်လိုက်စဉ် ခြေထောက်က ဖျာပေါ်မှ တစ်စုံတစ်ခုကိုထိမိလိုက်သည်။ မာကျောသည့်အရာတစ်ခုဖြစ်သဖြင့် မခင်ဦးမျက်လုံးများပြူးသွားသည်။ ထထိုင်ပြီးကြည့်လိုက်တော့ အိပ်မက်ထဲကအတိုင်းပင် ကျောက်အနီကြီးသုံးလုံးဖြစ်သည်။

 

(င)

 

“ကျောက်က ပတ္တမြားမဟုတ်လို့ဗျ၊ ဟုတ်ရင် ဒီထက်ဈေးပိုရမှာ”

 

ညောင်ဦးမြို့က စိန်ကျောက်ပွဲစားထံသို့ ကျောက်သုံးလုံးကိုရောင်းချလိုက်ရာ အတော်ကလေးကျန်သည်။ ထိုငွေနှင့် မခင်ဦးဆေးရုံတက်ပြီး ဗိုက်ခွဲမီးဖွားရတော့မည်။ ပိုလျှံသည့်ငွေများကိုတော့ အိမ်ကိုပြန်ပြင်လိုက်သည်။

 

ဗိုက်ခွဲမွေးတာက ဗိုက်မနာခင် ခွဲမွေးမည်ဖြစ်သဖြင့် ဆရာဝန်ချိန်းထားသည့်ရက်တွင် ညောင်ဦးဆေးရုံသို့ တက်လာကြသည်။ ငွေလဲအလုံအလောက်ပါသဖြင့် မခင်ဦးစိတ်အေးရသည်။ နောက်တစ်နေ့မနက်ပိုင်းတွင် ခွဲမည်ဖြစ်သဖြင့် ထိုနေ့ညက အစာရှောင်ရသည်။ ညအိပ်တော့ သူတို့ဆေးရုံအတွင်းလူတွေ လှုပ်လှုပ်ရှားရှားဖြစ်နေကြသည်။

 

“အမေ ဘာဖြစ်လို့လဲ”

 

“ဆေးရုံဘေးနား ပတ်ပတ်လည်မှာ မြွေတွေ တွေ့လို့တဲ့သမီးရဲ့”

 

မခင်ဦးလဲ သိချင်သဖြင့် ကုတင်မှထကာ ပြတင်းပေါက်ကိုကြည့်လိုက်မိသည်။ ပြတင်းပေါက်တွင် မှန်များကာရံထားသည်။ ဆေးရုံဝင်းတစ်ခုလုံးတွင် ချုံမရှိဘဲ ပြောင်ပြီးရှင်းလင်းနေသည်။ ထိုမြေပြင်ပေါ်တွင်မြွေအမျိုးအစားအစုံက မရေမတွက်နိုင်အောင် သွားလာလှုပ်ရှားနေသည်ကိုတွေ့ရသည်။

 

တစ်ထွာ၊ တစ်တောင်မှစတင်ပြီးတော့ နှစ်လံ၊ သုံးလံအထိရှည်လျားသည့်မြွေကြီးများကိုတွေ့ရပြီး မြွေတွေမှာလဲ အရောင်အသွေးအစုံနှင့်ဖြစ်သည်။ မြေပွေး၊ မြွေဟောက်တွေသာမက တွေ့ရခဲသည့် စပါးအုံးလို မြွေကြီးတွေပါမြင်ရသဖြင့် ဆေးရုံဝန်ထမ်းများနှင့် ဆေးရုံတက်နေသည့်သူများအားလုံး အံ့ဩထိတ်လန့်နေကြသည်။ ထိုအချိန်တွင် မြွေကြီးတစ်ကောင်က ဆေးရုံအနီးသို့တိုးကပ်လာပြီးမခင်ဦးဘက်သို့ မြန်မြန်ပြေးလာနေသည်။

 

“လုပ်ပါအုံး၊ မြွေကြီးပြေးလာနေပြီ”

 

လူတွေက ဝိုင်းအော်ကြသည်။ မြွေကြီးက မခင်ဦးနှင့် မျက်နှာချင်းဆိုင်လာလိုက်ပြီးနောက် ဦးခေါင်းကို ငုံ့လိုက် မလိုက်နှင့် သုံးကြိမ်လောက်ပြုလုပ်နေသည်။ ဦးတိုက်နေသည့်သဘောပင်ဖြစ်မည်။ ထို့နောက် ထိုမြွေကြီးက ပြန်လှည့်သွားတော့ ကျန်သည့်မြွေများလဲ သူ့အလိုလိုပြန်ထွက်ခွာသွားကျတော့သည်။

 

ဆယ့်ငါးမိနစ်ခန့်ကြာသည့်အခါတွင်တော့ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များရောက်လာကြသည်။ သို့သော် မြွေကြီးများက မရှိတော့ပေ။ တစ်ကောင်တစ်လေပင် ကျန်ခဲ့ပုံမရ၊ ရဲအရာရှိများကလဲ ဆေးရုံမှလူများ ဝိုင်းပြောသဖြင့် သာယုံလိုက်ရသည်။ အချို့ကတော့ အပြောနှင့်မယုံချင်ကြပေ။

 

စနေသမီး နေတက်ရေတက်မှာ မွေးသည့်အတွက် ထိုမိန်းကလေးကို နွယ်နီဟု အမည်ပေးလိုက်ကြသည်။ နွယ်နီမှာ ရက် ၁၀၀ ပြည့်သည်အထိ ထူးခြားချက်တစ်စုံတစ်ရာ မပြသေးပေ။ ရက် ၁၀၀ မပြည့်ခင် တစ်ပတ်ခန့်အလိုမှာ မြွေနက်ကြီးက အိပ်မက်ထဲသို့ရောက်လာပြန်သည်။

 

“ကလေး ရက်၁၀၀မှာ ဘုန်းကြီးတွေကိုအလှူဒါနပြုပြီးတော့ မြွေတွေနဲ့ သုံးဆယ့်တစ်ဘုံသားတွေကို အမျှပေးဝေပေးပါ”

 

မြွေနက်ကြီးက ပြောလိုက်သည့်အခါ မခင်ဦးက ညည်းတွားလိုက်သည်။

 

“လုပ်ပေးချင်တာပေါ့၊ ဒါပေမယ့် ကလေးမွေးပြီးကတည်းက ပိုက်ဆံတွေကုန်လိုက်တာဆိုတာ အိမ်ရဲ့စီးပွားရေးအခြေအနေက သိပ်ကောင်းတာမဟုတ်ဘူး၊ ဘုန်းကြီးသုံးပါးလောက်ပဲပင့်ပြီး အကျဉ်းချုံး အလှူပိန်လေးပဲ လုပ်မလားလို့”

 

ထိုအခါ မြွေကြီးက ပါးစပ်ကြီးကိုပြဲနေအောင် ဟလိုက်ပြန်သည်။ ထို့နောက် ပါးစပ်အတွင်းမှ ကျောက်များကိုအန်ချပြန်သည်။ ယခုတစ်ခါလဲ ကျောက်အနီကြီးသုံးလုံးကို ထပ်မံအန်ချပြန်သည်။ မခင်ဦးလဲ အိပ်မက်ထဲတွင်ပင် အလွန်အံ့သြပြီးကြည့်နေမိသည်။ နောက်တော့ မြွေကြီးက အိမ်ပေါ်မှပြန်ဆင်းသွားသည်။ မခင်ဦးလန့်နိုးလာတာ့ ခြေရင်းဘက်ကိုကြည့်မိသည်။ ထိုအခါ ကျောက်အနီကြီးသုံးလုံးကို ထပ်မံရရှိပြန်သည်။

 

“အဖေ ဒီကျောက်တွေကို ထုခွဲရောင်းချပြီးတော့ သမီးလေး ရက်၁၀၀ ပြည့်အလှူအဖြစ်လုပ်ကြမယ်”

 

မနက်ရောက်တော့ အဖေဖြစ်သူကို ကျောက်တွေပေးလိုက်သည်။ အဖေဖြစ်သူကလဲ အလွန်အံ့သြနေသည်။

 

“ဒါပေမယ့် တစ်ခုတော့ရှိတယ်အဖေ၊ ဒီကိစ္စကို ဘယ်သူ့ကိုမှမပြောပါနဲ့အဖေ၊ လူတွေသိပြီးတော့ သမီးလေးကို တစ်မျိုးမြင်နေကြမှာစိုးလို့ပါ”

 

အဖေဖြစ်သူကခေါင်းညိတ်လိုက်ပြီးတော့ ကျောက်တွေကို ညောင်ဦးမြို့ရှိ ရွှေပန်းထိမ်ဆိုင်တစ်ခုတွင် သွားရောက်ရောင်းချလိုက်သည်။ ရသည့်ငွေနှင့် အလှူတစ်ခုကိုကျင်းပသည်။ တစ်ရွာလုံးကို မီးခိုးတိတ် ကျွေးမွေးနိုင်သည့်အပြင် ရွာဦးကျောင်း ကျောင်းဆောင်ကြီးပြုပြင်ရန်အတွက်လဲ အလှူငွေထည့်လိုက်နိုင်သည်။

 

သမီးလေး နွယ်နီက တဖြည်းဖြည်းကြီးလာခဲ့ပြီ၊ သုံးနှစ်အရွယ်တောင်ရောက်လာခဲ့သည်။ သမီးလေးကိုကြည့်ရတာ ထူးတော့ထူးဆန်းသည်။ မြွေဘဝက လာတာမို့လားမပြောတတ်၊ အမြဲတမ်း ခွေခွေခေါက်ခေါက်နှင့်နေတတ်သည်။ သမီးလေးအကြိုက်ဆုံးအစားအစာကတော့ သူအမြဲသောက်နေကျ နို့စိမ်းပင်ဖြစ်သည်။

 

“ကလေးကို နို့စိမ်းတွေမတိုက်နဲ့ ချေးတွေပန်းကုန်အုံးမယ်”

 

အမေကပြောသဖြင့် နွားနို့ကို ကျိုပြီးတော့ သမီးကိုတိုက်သည်။ သမီးက ကျိုထားသည့်နို့မှန်း သိသည့်အခါ မသောက်တော့။ အော်ဟစ်ငိုနေသည်။

 

“ပူတယ်၊ ပူတယ်”

 

“သမီးရယ်၊ အမေကိုယ်တိုင်မှုတ်ထားတာ မပူပါဘူးကွဲ့”

 

“ပူတယ်၊ အမေတို့ နို့ကိုချက်ထားတာမဟုတ်လား၊ မသောက်ဘူး”

 

ကလေးမို့ နွားနို့ကျိုသည်ကို မပြောတတ်၊ ချက်ထားသည်ဟုသာပြောပြီးတော့ နွယ်နီကလေးက နို့ခွက်ကိုမသောက်ဘဲ လွှင့်ပစ်လိုက်သည်။ မခင်ဦးလဲ ဒေါသထွက်သွားပြီး နွယ်နီကလေးကို ကြိမ်းမောင်းလိုက်သည်။

 

“ဟဲ့ ကောင်မလေး နို့စိမ်းသောက်ရင် ချေးပန်းမှာစိုးလို့ အမေက ကျိုပေးတာက နင်ကမသောက်ဘူးတဲ့လား၊ ကဲဟယ်”

 

ဒေါသထွက်ထွက်နှင့် နွယ်နီကလေး၏ လက်မောင်းကို တစ်ချက်ရိုက်မိလိုက်သည်။ နွယ်နီကလေးက အော်ဟစ်ပြီး ငိုယိုတော့သည်။ မခင်ဦးက နွယ်နီကို အခုအရွယ်အထိ တစ်ခါမှ မရိုက်ဖူးပေ။ အခုလိုရိုက်ပြီး နွယ်နီကလေး ငိုတော့လဲ သနားသွားမိပြီး ဖက်ထားလိုက်သည်။

 

“မေမေ့ကို မချစ်ဘူး”

 

နွယ်နီကပြောပြီး အိမ်ရှေ့ကိုပြေးထွက်သွားသည်။ အဘွားဖြစ်သူအပေါ် ခုန်တက်လိုက်သည့်အခါ ဘွားအေက ဖက်ထားပြီး

 

“ငါ့မြေးလေးကို နင်ဘာလုပ်လိုက်တာလဲ သမီး”

 

“နို့ကျိုတိုက်တာကို မသောက်ဘဲ ခွက်ကိုလွှင့်ပစ်လိုက်လို့ စိတ်တိုပြီးရိုက်မိတာပါအမေ”

 

“အော်၊ မြေးလေးကလဲကွယ်၊ နို့ဆိုရင် ကျိုသောက်မှပေါ့ကွဲ့”

 

“မသောက်ဘူး၊ သမီးက ဒီတိုင်းပဲသောက်မှာ၊ ဒီအတိုင်းပဲသောက်မှာ”

 

သို့နှင့် မခင်ဦးလဲ မကျိုရသေးသည့် နွားနို့ကိုခွက်ထဲထည့်ပြီးတိုက်ရာ နွယ်နီကလေးက နှစ်နှစ်ခြိုက်ခြိုက်မော့သောက်လိုက်တော့သည်။ မခင်ဦးလဲ အမေ့ဘက်ကိုလှည့်လိုက်ပြီး

 

“တွေ့လားအမေ၊ အမေ့မြေးက ကျိုတိုက်ရင်မသောက်ပါဘူးဆို”

 

အမေလဲ မခင်ဦးစကားကြားတော့ သက်ပြင်းသာချလိုက်တော့သည်။

 

ထိုညတော့ မခင်ဦးတစ်ယောက် လန့်နိုးလာသည်။ သူ့နားတွင် နွယ်နီကလေးက အိပ်နေသည်။ သူတို့သားအမိက အိမ်နောက်ဘက်အခန်းတစ်ခန်းတွင် အိပ်စက်ကြခြင်းဖြစ်သည်။ သူနိုးလာသည့်အခါ သူ့ခြေရင်းတွင် မြွေပေါင်းစုံ ဆယ်ကောင်လောက်ရောက်နေကြသည်။ ပါးပျဉ်းတွေထောင်သည့်အကောင်က ထောင်နေပြီး မခင်ဦးကို ဝိုင်းကြည့်နေကြသည်။ ထိုအခါ မြွေနက်ကြီးတစ်ကောင်က အိမ်ပေါ်တက်လာပြီးနောက် မခင်ဦးရှေ့တွင် ပါးပျဉ်းထောင်လိုက်သည်။

 

“နင်က အမေဆိုပေမယ့် ငါတို့ညီမလေးကို မထိနဲ့၊ ငါတို့မကြိုက်ဘူး”

 

မြွေနက်ကြီးက စကားဆိုသဖြင့် မခင်ဦးလဲ လန့်သွားသည်။

 

“မဟုတ်ပါဘူးရှင်၊ ကျွန်မလဲ ဒေါသထွက်သွားတာနဲ့ ရိုက်လိုက်မိတာပါ”

 

“အေး၊ နောက်ဆိုဆင်ခြင်ပါ၊ ဒါ ငါနောက်ဆုံးအကြိမ်သတိပေးတာပဲ၊ ငါတို့ညီမကို ဆူတာရိုက်တာမလုပ်ရဘူး၊ နောက်တစ်ခါလုပ်ရင် နင့်အမေကို ငါတို့ပေါက်သတ်မယ်”

 

မြွေနက်ကြီးက ဒေါသတကြီးပြောပြီးသည့်နောက် အိမ်ပေါ်မှဆင်းသွားရာ၊ သူ့နောက်မှမြွေများလဲ လိုက်ဆင်းသွားကြသည်။ မခင်ဦးလဲ အိပ်မက်မက်နေခြင်းဖြစ်ကြောင်းသိလိုက်ရသည်။ မနက်နိုးတော့ တစ်အိမ်သားလုံးကို ထိုအကြောင်းပြောပြပြီးတော့ မှာထားရသည်။

 

“ကြောက်စရာကြီးပါလား၊ ငါ့သမီး သတိထားဟဲ့၊ ကလေးက သူတော်ကောင်းလေးပါ၊ နင်ဆူတာ ရိုက်တာလျှော့ဟဲ့”

 

ထိုနောက်ပိုင်းကစပြီး မခင်ဦးလဲ သမီးလေးကိုဆူတာရိုက်တာ မလုပ်မိတော့ချေ။

 

(စ)

 

သမီးကလေး အသက်ငါးနှစ်ခန့်ရောက်လာပြီဖြစ်သည်။ မကြာခင် ရွာကျောင်းတက်ရတော့မည်။ တစ်နေ့တော့ သမီးကလေးက အိမ်ရှေ့မှာထိုင်ကစားနေစဉ် မြွေစိမ်းမြီးခြောက်တစ်ကောင်က သစ်ပင်ပေါ်မှဆင်းလာသည်။ ထို့နောက် သမီးအနားသို့သွားလိုက်ပြီး လျှာကိုတစ်လစ်တစ်လစ်နှင့် လုပ်ပြနေသည်။ မခင်ဦးက အမေတစ်ယောက်မို့ ကိုယ့်သားသမီးကို အဆိပ်ပြင်းသည့် မြွေစိမ်းကိုက်ခံရမှာတော့ စိတ်ပူသည်။ သို့သော်လည်း သမီးက မြွေသိုက်ကဖြစ်နေသဖြင့် လွှတ်ထားလိုက်သည်။ ထိုအခါ နွယ်နီကလေးက ထိုမြွေအားစကားပြောနေသည်။ သို့သော် သူပြောသည့်စကားသည် လူစကားမဟုတ်ပေ။ လေချွန်သံလို စူးစူးနှင့် စကားပြောနေခြင်းဖြစ်သည်။ ထို့နောက် ထိုမြွေကလေးက အေးအေးလူလူပင် သစ်ပင်ပေါ်သို့ ပြန်တက်သွားသည်။

 

“သမီး ဘာတွေပြောနေတာလဲ”

 

“မြွေလေးနဲ့ စကားပြောနေတာပါအမေရဲ့”

 

“ထူးဆန်းပါလား၊ သူက ဘာပြောလဲ”

 

“မြွေကပြောတယ်၊ ရွာကျောင်းကိုမတက်နဲ့တဲ့၊ အဲဒီကဆရာမက အရိုက်ကြမ်းတာ နင့်ကိုလဲ ရိုက်လိမ့်မယ်တဲ့”

 

“အောင်မယ်၊ မြွေက ကျောင်းတက်ဖူးတာကျနေတာပဲ”

 

“သူက သစ်ပင်ပေါ်ကနေကြည့်နေတာတဲ့”

 

သမီးပြောတဲ့စကားကို အမေတို့နှင့် ပြန်တိုင်ပင်ကြည့်သည်။

 

“အေးဟ၊ ဆရာမက မတော်နင့်သမီးကိုရိုက်မိလို့ ဆရာမမြွေပေါက်ခံနေရအုံးမယ်ဟ”

 

“သမီးကတော့ အမေ့မြေးကို ပညာတတ်ကြီးတစ်ယောက် ဖြစ်စေချင်တာပေါ့အမေရယ်”

 

“စိတ်လျှော့သမီးရဲ့၊ သူက သာမန်လူမဟုတ်ဘူးမဟုတ်လား၊ သေစာရှင်စာလောက်တော့ သမီးလဲ သူ့ကိုသင်ပေးနိုင်မှာပါ”

 

သို့နှင့် နွယ်နီကလေး ကျောင်းမနေရတော့။ ရွာမှလူများက သူတို့ကို အတင်းပြောကြသည်။ သားသမီးကို ချစ်လွန်းလို့ အိမ်မှာထားပြီး ကျောင်းမပို့တာ ချစ်ရာမရောက်ဘူး နှစ်ရာရောက်တယ်၊ သားသမီးကို ပညာမတတ်စေချင်တဲ့ မိဘတွေ၊ စသည်ဖြင့် ပြောဆိုနေကြသည်။ ထိုစကားများကို ပြန်ကြားရသည့်အခါ မခင်ဦးတစ်ယောက် စိတ်မကောင်းပေ။

 

မနက်တိုင်း သူတို့အိမ်ရှေ့ကို ရွာဦးကျောင်းဆရာတော်နှင့် ဆရာတော်များက ဆွမ်းခံကြွလေ့ရှိသည်။ ထိုအခါ နွယ်နီကလေးက အိမ်ပေါ်ပြေးတက်လာပြီး

 

“မေမေ ဘုန်းဘုန်းတွေလာနေပြီ သမီးဆွမ်းလောင်းပေးမယ်”

 

ဆွမ်းနှင့် ဆွမ်းဟင်းခွက်ကို သယ်ပြီး ဘုန်းကြီးတွေကိုဆွမ်းလောင်းလေ့ရှိသည်။ ဆွမ်းလောင်းပြီးလျှင်လဲ မြေပေါ်ထိုင်ပြီး အကျအန ကန်တော့နေတတ်သည်မို့ ဆရာတော်များက ချီးကျူးကြသည်။ ရွာဘုန်းကြီးကျောင်းတွင် အလှူအတန်းရှိသည့်ရက်မျိုးဆိုလျှင် ဘုန်းကြီးများဆွမ်းခံမကြွတတ်ပေ။ ထိုနေ့မျိုးဆိုလျှင်တော့ နွယ်နီကလေး လမ်းပေါ်ငေးကာ မှိုင်နေလေ့ရှိသည်။

 

“သမီး ဘာတွေမပျော်မရွှင်ဖြစ်နေတာလဲ”

 

“ဘုန်းဘုန်းတွေ ဆွမ်းခံမကြွလို့ပါမေမေရဲ့”

 

“ဒီနေ့ရွာက မင်္ဂလာဆွမ်းကျွေးရှိတယ်လေ ဒါကြောင့်မကြွတာပေါ့ ငါ့မြေးရဲ့”

 

“ဟင့်အင်းမရဘူး၊ သမီးဆွမ်းလောင်းချင်တယ်၊ အီး၊ ဟီး”

 

နွယ်နီကလေးက အိမ်ရှေ့တွင်အော်ငိုနေသဖြင့် သူတို့လဲ ဘာလုပ်ရမှန်းမသိဖြစ်နေသည်။ နောက်ဆုံးဘွားအေဖြစ်သူက

 

“ထမင်းနဲ့ဟင်းကို ချိုင့်နဲ့ထည့်လိုက်စမ်းပါအေ၊ လာ ငါ့မြေးလေးနဲ့ အဘွားနဲ့ ဘုန်းကြီးကျောင်းသွားပြီး ဆွမ်းသွားလောင်းကြမယ်၊ ဟုတ်ပြီလား”

 

မြေးအဘွားနှစ်ယောက် ထမင်းချိုင့်တစ်ချိုင့်နှင့် ရွာဦးကျောင်းဘက်ထွက်သွားကြတော့သည်။ ကျောင်းရောက်တော့ အဘွားဖြစ်သူက ဆရာတော်အား နွယ်နီကလေးရဲ့ အဖြစ်ကိုလျှောက်ထားလိုက်သည်။ ဆရာတော်က အလွန်သဘောကျပြီး ပြုံးနေသည်။

 

“ဒကာမကြီးရယ်၊ ဒီကလေးက သူတော်ကောင်းကလေးဗျ၊ တခြားကလေးတွေ ဒီအရွယ်မှာ ဒီလိုတွေးတတ်တာမဟုတ်ဘူးလေ၊ နေပါစေ ကိစ္စမရှိပါဘူး၊ ကျောင်းမှာ အလှူရှိတဲ့နေ့ဆို ကျောင်းကိုဆွမ်းလာပို့ခိုင်းလိုက်ပါ”

 

နွယ်နီကလေးက သူဆွမ်းလောင်းလိုက်ရတော့မှ စိတ်ကျေနပ်နေသည်။ မခင်ဦးဘုရားတရားကိုင်းရှိုင်းသလို နွယ်နီကလေးကလဲ ဘုရားရှိခိုးလေ့ရှိသည်။ သူတို့အိမ်ကလေးက မနက်တစ်ခါ ညနေတစ်ခါ ဘုရားရှိခိုးသံများ၊ အမျှဝေကြေးစည်ထုသံများနှင့် ညံနေတော့သည်။

 

(ဆ)

 

ဒီလိုနှင့် ဘုရားရှိခိုးသံများကြားတွင် နွယ်နီကလေး အသက်ဆယ့်ငါးနှစ်ကိုကျော်လွန်လာပြီး ဆယ့်ခြောက်နှစ်ရောက်လာပြီဖြစ်သည်။ အညာသူဆိုသော်လည်း အသားအရေဖြူဖြူဖွေးဖွေးနှင့်မို့ နွယ်နီကလေးက အလွန်လှပညက်ညောလှသည်။ အဖေကို မမြင်တွေ့ဖူးသူများမို့ အဖေက အသားဖြူသည်ဟု ထင်ကာ ပြောဆိုနေကြသော်လည်း ကိုဖိုးတုတ်မှာ အသားမည်းမည်းပင်ဖြစ်သည်။ မြွေဖြူလေးဖြစ်သည့်အတွက် အသားဖြူခြင်းဖြစ်လိမ့်မည်ဟု မခင်ဦးက တွေးတောမိသည်။ အိမ်မှာလဲ မြွေတွေကို အမြဲတွေ့နေရသဖြင့် မြွေတွေကိုမကြောက်တတ်တော့ပေ။ ဆန်အိုးထဲဝင်ခွေနေသည့်မြွေရှိသလို၊ ထုတ်တန်းပေါ်တွင်ရစ်ပတ်လျှက် တက်နေသည့် မြွေများလဲရှိသည်။ သို့သော် ထိုမြွေများကို အိမ်ကလူများက ကိုင်တွယ်ပြီး နေရာရွေ့ကြသော်လည်း ထိုမြွေများက အန္တရာယ်လုံးဝမပြုကြပေ။

 

နွယ်နီကလေးကလဲ မြွေတွေနှင့် အမြဲဆော့ကစားနေလေ့ရှိသည်။ တစ်ခါတစ်ရုံ သူ့အကျီကြားတွင် မြွေကလေးများခိုအောင်းနေတတ်သလို ခြံတစ်ခြံလုံးလဲ မြွေတွေကို တွေ့မြင်နေရသည်။ ရွာသူရွာသားများပင် သူတို့ခြံထဲကိုမလာဝံ့ကြ၊ ခြံရှေ့သစ်ပင်များတွင်တော့ မြွေစိမ်းကလေးများက သစ်ကိုင်းများကြားတွင် တွဲလောင်းခိုလျှက် နေထိုင်တတ်ကြသည်။

 

တစ်ယောက်စကား တစ်ယောက်နားနှင့်မို့ သူတို့လဲ သိပ်ပြီးမဖုံးဖိနိုင်ကြတော့ပေ။ နွယ်နီကလေးမှာ မြွေသိုက်မှလာသည်၊ မြေဝင်စားသည်ဟူသည့် စကားမှာ သူတို့ရွာအတွင်း ပျံ့နှံ့သွားကာ နွယ်နီအား မြွေမင်းသမီးလေးဟု ခေါ်ဆိုကြသည်။ အရွယ်ရောက်လာပြီမို့ နွယ်နီကလေးက တစ်ယောက်တည်းရွာထဲသွားလာတတ်သည်။ နွယ်နီကလေးက စာသိပ်မဖတ်တတ်သော်လည်း စာဖတ်ဝါသနာပါလှသည်မို့ ရွာထဲရှိ စာအုပ်အငှားဆိုင်သို့ နေ့တိုင်းလိုလိုသွားလေ့ရှိသည်။

 

စာအုပ်အငှားဆိုင်တွင် ထိုခေတ်က ခေတ်ပေါ်ကာတွန်းများ၊ ရုပ်ပြများကိုငှားရမ်းဖတ်ရှုတတ်သည်။ အိမ်မှလူများကလဲ အသက်အရွယ်ကြီးလာပြီဖြစ်သည်။ မခင်ဦးအဖေမှာလဲ ယာအလုပ်ကိုဆက်လက်လုပ်ကိုင်နေသော်လည်း သိပ်ပြီးမစွမ်းတော့၊ အမေဖြစ်သူကလဲ နားထိုင်းနေပြီဖြစ်ရာ နွယ်နီကလေးကို လွှတ်ထားရသည်။

 

ချောမောလှပလှသည့် နွယ်နီကလေးကို ရွာထဲမှလူများက ချစ်ခင်ကြသည်။ နှစ်တွေကြာလာတော့လဲ ပြောစရာမကောင်းကြောင်းတွေ ကုန်သွားလို့လားတော့မပြောတတ်ပေ။ ရွာထဲမှ ဆရာတော်ကအစ၊ ရွာလူကြီးအထိ နွယ်နီကလေးအား မြွေမင်းသမီးလေးဟုသာ ခေါ်ကြသည်။

 

ငယ်ရွယ်သူပီပီ ရင်ခုန်တတ်သည့်အရွယ်ရောက်လာတော့ နွယ်နီကလေးရင်ခုန်လာမိသည်။ ရုပ်ပြဇတ်လမ်းများဖတ်ပြီး အချစ်ဆိုသည့်အရာကို နွယ်နီကလေးက စိတ်ကူးယဉ်တတ်နေပြီဖြစ်သည်။ ရွာထဲသွားရင်း နွယ်နီကလေးက စာအုပ်အငှားဆိုင်တွင် ကျောင်းဆရာကလေးနှင့် အမြဲဆုံဖြစ်သည်။ ကျောင်းဆရာကလေးက လူပျိုလူလွတ်ဖြစ်ပြီး အသက်သိပ်မကြီးသေးပေ။ သူတို့ရွာကို တာဝန်ကျသည့် ကျောင်းဆရာလေးက ဖြူဖြူဖွေးဖွေးနှင့် ဝင်းမွတ်လှပနေသည့် နွယ်နီကို တစ်ဖက်သတ်အချစ်နှင့် ချစ်ခင်နေမိတော့သည်။

 

အိုးချင်းထား အိုးချင်းထိဆိုသလို စာအုပ်ဆိုင်သွားရင်း စကားစမြည်ပြောမိရာမှ တစ်နေ့တော့ ကျောင်းဆရာကလေးက နွယ်နီ့အား ရွာအပြင် ဇရပ်ပျက်ကလေးတွင် ချိန်းဆိုပြီးနောက် ရည်းစားစကားဖွင့်ပြောလိုက်တော့သည်။

 

“အကို နွယ်နီ့ကို ချစ်မိနေတာကြာပါပြီ နွယ်နီရယ်၊ အကို့အချစ်ကို လက်ခံပေးပါ”

 

နွယ်နီရင်ထဲ တဒုန်းဒုန်းနှင့် ခုန်နေမိသည်။ ရင်ခုန်တတ်စအရွယ်မို့ ကျောင်းဆရာလေးကိုသူကလဲချစ်နေမိသည်။ ထို့အတွက်ကြောင့် မဝံ့မရဲနှင့် ခေါင်းညိတ်လိုက်မိသည်။

 

“ပျော်လိုက်တာနွယ်နီရယ်”

 

ကျောင်းဆရာကလေးက ပြောလိုက်ပြီး နွယ်နီ့ကိုဖက်လိုက်သည်။ လက်တစ်ဖက်ကလဲ နွယ်နီကလေး၏ လက်ဖဝါးလေးကို ဆုပ်ကိုင်ပြီးပွတ်ချေနေမိသည်။ ထိုအခိုက်တွင် သူတို့အနီးရှိ ချုံကြားထဲမှ မြွေဟောက်နက်ကြီးတစ်ကောင် လျှောခနဲထွက်လာတော့သည်။ သူတို့ရှေ့တွင်ရပ်လိုက်ပြီး နှာတွေမှုတ်နေသည်။ နွယ်နီလဲ လန့်သွားပြီး

 

“ဟင်၊ အကိုကြီး”

 

ကျောင်းဆရာကလေးကလဲ အလွန်အံ့သြမိနေသည်။ ထိုစဉ်မှာပင်

 

“ညီမလေး၊ မင်းကလူသားတွေနဲ့ချစ်ခွင့်မရှိဘူး”

 

မြွေပါးစပ်က လူစကားထွက်လာသဖြင့် ကျောင်းဆရာလေး အလွန်အံ့သြနေမိသည်။

 

“မလုပ်ပါနဲ့အကိုကြီးရယ်၊ နွယ်နီက အခုလူဖြစ်နေပြီမဟုတ်လား”

 

“တိတ်စမ်း၊ နင့်ကို လူ့ဘဝမှာ အိမ်ထောင်ပြု၊ သားမွေးဖို့ ငါလွှတ်လိုက်တာမဟုတ်ဘူး၊ နင်အတန်တန်တောင်းပန်လွန်းလို့သာ ငါက ခင်ဦးဆီကိုလွှတ်လိုက်ရတာ”

 

ထို့နောက် မြွေကြီးက ကျောင်းဆရာလေးဘက်သို့လှည့်လိုက်သည်။

 

“ဒီမှာကောင်လေး၊ မင်းအခုချက်ချင်း နောက်ဆုတ်လိုက်ပါ၊ မဟုတ်ရင်တော့ မင်းငါတို့အဆိုးမဆိုနဲ့နော်”

 

“ဒီမှာမြွေကြီး၊ နွယ်နီ့ကို ကျွန်တော်ချစ်တယ်၊ နွယ်နီနဲ့ကျွန်တော့်ကို အတူတူပေါင်းဖက်ခွင့်ပေးပါ”

 

ထိုအချိန်မှာပဲ မြွေကြီးက မပြောမဆိုနှင့် နှာခေါင်းမှ အဆိပ်ရည်များကို ဖြန်းပက်လိုက်ရာ ကျောင်းဆရာကလေး၏ မျက်နှာကိုထိမှန်သွားသည်။ ကျောင်းဆရာကလေးလဲ အော်ဟစ်ပြီးနောက် ရွာထဲသို့ပြေးဝင်သွားတော့သည်။

 

“မှတ်ထား၊ နောက်ထပ်နင်အချစ်စိတ်တွေဖြစ်ပေါ်နေရင် နင့်ဘေးနားကလူတွေအကုန်လုံး ဒုက္ခရောက်ရလိမ့်မယ်”

 

မြွေနက်ကြီးက ပြောဆိုပြီး ချုံကြားထဲသို့ဝင်သွားသည်။ နွယ်နီကလေးကတော့ ငိုရှိုက်ရင်း ကျန်နေခဲ့တော့သည်။ ကျောင်းဆရာကလေးမှာ ဘာကြောင့်မှန်းမသိဘဲ ကောက်ခါငင်ခါ ရူးသွပ်သွားတော့သည်။ ရူးသည်မှာလဲ သွက်သွက်ခါအောင်ရူးသွပ်သွားခြင်းဖြစ်သည်။ ကျောင်းဆရာကလေး၏ မိဘများက လာခေါ်သော်လည်း မလိုက်တော့ဘဲ ကားပေါ်မှခုန်ချသည့်အတွက် ပေါင်ကျိုးသွားသည်။ ထို့ကြောင့်ရွာတွင်သာ ကျန်နေခဲ့တော့သည်။ ရွာထဲတွင်လဲ ခေါ်နေသော်လည်း မနေနိုင်ဘဲ ရွာပြင်ဇရပ်ပျက်ကလေးတွင်သာ တစ်ယောက်တည်း စကားတွေပြောရင်း နေထိုင်နေတော့သည်။

 

အမြဲပျော်ပျော်ရွှင်ရွှင်နေတတ်သည့် နွယ်နီကလေးမှာ တစ်ရက်တော့ မှိုင်တွေငေးမောနေလျှက်ရှိသည်။

 

“သမီး ဘာတွေမှိုင်နေတာလဲ”

 

“သမီးသွားရတော့မယ် မေမေ”

 

“သွားမယ်၊ ဘယ်ကိုသွားမှာလဲသမီးရဲ့”

 

“သမီးသိုက်နန်းကိုပြန်ရတော့မယ်မေမေ၊ အကိုကြီးက ပြန်ခေါ်နေပြီ”

 

ထိုသို့ပြောလိုက်သဖြင့် မခင်ဦးလဲ အလွန်စိုးရိမ်ထိတ်လန့်သွားတော့သည်။ ညရောက်တော့ နွယ်နီလေးအိပ်ချိန်တွင် အဖေအမေတို့နှင့် ထိုကိစ္စကို တိုင်ပင်ရတော့သည်။

 

“အမယ်လေး ဒါဆို ငါ့မြေးလေး၊ မဖြစ်ဘူး မဖြစ်ဘူး၊ အမေ အထက်လမ်းဆရာတစ်ယောက်စုံစမ်းပြိးတော့ သိုက်ကြိုးဖြတ်ကြည့်မယ်”

 

“ဟုတ်တယ်သမီး၊ တို့မြေးလေးကိုတော့ အဆုံးရှုံးမခံနိုင်ဘူး”

 

သူတို့တိုင်ပင်နေသည့်အချိန်တွင်ပင် နွယ်နီက ထလာပြီး သူတို့အခန်းထဲသို့ ဝင်လာခဲ့သည်။

 

“အဘိုးတို့ အဘွားတို့ ဘာမှမလုပ်ကြပါနဲ့၊ လုပ်ရင် ဒုက္ခရောက်ကြမှာပါ၊ အခု နွယ်နီက သိုက်နန်းကပေးလိုက်တဲ့အချိန်ပြည့်ပြီ”

 

ထိုသို့ပြောလိုက်သည့်အချိန်တွင် မြွေဟောက်နက်ကြီးတစ်ကောင်က အိမ်ပေါ်တက်လာပြီး သူတို့ရှေ့သို့ရောက်လာသည်။ ထိုမြွေဟောက်နက်ကြီးမှာ မခင်ဦးအိပ်မက်ထဲတွင် မြင်တွေ့နေကျ မြွေဟောက်ကြီးဖြစ်သည်။ မြွေဟောက်ကြီးက အခန်းထဲဝင်လာပြီး နွယ်နီဘေးနားတွင် နေရာယူလိုက်သည်။

 

“ကဲ အကိုကြီးရေ၊ အကိုကြီးစီစဉ်ထားတဲ့အတိုင်း လုပ်လိုက်ပါအုံး”

 

ထိုအခါ ထိုမြွေဟောက်ကြီးက ပါးစပ်ကြီးကိုဟလိုက်ပြီး အန်ချလိုက်ရာ အမျိုးစုံသော ကျောက်တွေ ပါးစပ်ထဲမှ ထွက်လာတော့သည်။ အစိမ်းရောင်၊ အနီရောင်၊ အဝါရောင်၊ ပြာလဲ့လဲ့အရောင် စသည်ဖြင့် ကျောက်တွေအရောင်စုံလင်နေသည်။ နောက်ဆုံးတော့ ဝိုင်းဝိုင်းစက်စက်နှင့် ပတ္တမြားကြီးတစ်လုံးကို အန်ချလိုက်သည်။

 

“အမေတို့ ဒီရတနာတွေကို ထုခွဲရောင်းချပြီး နေထိုင်ပါ၊ ဒီပတ္တမြားကြီးကိုတော့ ရန်ကုန်ကိုသွားရောင်းပြီးတော့ အမေသွားနေကျ ဂူဘုရားလေးကို ပြုပြင်ပေးပါအမေ”

 

နွယ်နီနှင့် ခွဲရမှာဖြစ်သဖြင့် မခင်ဦးက ငိုကြွေးနေလေရာ နွယ်နီက မခင်ဦးကို ဖက်လိုက်ပြီး

 

“မငိုပါနဲ့အမေရယ်၊ သမီးနဲ့အမေနဲ့ သံသရာမှာ ပြန်ဆုံတွေ့ကြအုံးမှာပါ”

 

နွယ်နီပြောသည့်အတိုင်း ပတ္တမြားကြီးကိုရောင်းချလိုက်ရာ ငွေတော်တော်ရလိုက်သည်။ ထိုရလာသည့်ငွေများနှင့် ညောင်ဦးမြို့သို့ မိသားစုလိုက်တက်ကြသည်။ မခင်ဦးမရောက်တာကြာပြီဖြစ်သော်လည်း ထိုဘုရားကလေးက ထိုအတိုင်းပင်ရှိနေသည်။ နယ်မြေမှ တာဝန်ရှိသူများနှင့် ဆွေးနွေးပြီး ထိုဂူဘုရားလေးကို ပြုပြင်ကြသည်။ ပြိုကျပျက်စီးနေသည့်အပိုင်းများကိုရှင်းလင်းလိုက်ပြီး အသစ်ပြန်လည်တည်ဆောက်ကြသည်။ ထို့နောက် ဂူအတွင်းရှိ ရုပ်ပွားတော်ကိုလဲ ကျွမ်းကျင်သူများနှင့်တိုင်ပင်ပြီး မူလလက်ရာမပျက် ပြည်လည်မွမ်းမံလိုက်ကြသည်။

 

ဘုရားကလေးကိုပြင်ပြီးတော့ ရေစက်ချနှင့် အလှူလုပ်ဖို့ ပြင်ဆင်ကြသည်။ ထိုအချိန်တွင် လူပရိတ်သတ်များ ကတရားနာရန်ပြင်ဆင်နေကြစဉ် မြောက်များစွာသော မြွေများလဲ ရောက်လာကြသည်။ အကုန်လုံးထိတ်လန့်ကြောက်ရွံ့နေသော်လည်း နွယ်နီက မကြောက်ဖို့ပြောထားသဖြင့် လူတွေလဲ ငြိမ်နေရသည်။ ရေစက်ချတရားနာပွဲပြီးတော့မှ ထိုမြွေတွေအကုန်ပြန်သွားကြသည်။ နွယ်နီလဲ အဖြူရောင်ဝမ်းဆက်ကိုဝတ်ဆင်ထားပြီး ဇာများနှင့်အလှဆင်ထားသည်။ ငွေရောင်တဖြပ်ဖြပ်တောက်နေသည့် ပုဝါကလေးကိုခြုံထားကာ ဝတ်ကောင်းစားလှတွေဝတ်ပြီးတော့ အလွန်ပျော်ရွှင်နေသည်။

 

ထိုနေ့ညမှာပင် မခင်ဦးအိပ်နေသည့်အချိန် အိပ်မက်ထဲတွင် နွယ်နီရောက်လာသည်။ နွယ်နီ့ဘေးတွင် အနက်ရောင်အကျီနှင့် ပုဆိုးဝတ်ဆင်ထားသည့် လူတစ်ယောက်လဲ မတ်တပ်ရပ်လျှက်ရှိနေကြသည်။

 

“အမေ၊ သမီးသွားတော့မယ်နော်”

 

“မသွားရဘူး၊ သမီးလေး မသွားရဘူး”

 

မခင်ဦးအော်ဟစ်နေစဉ်မှာပင် နွယ်နီက သူ့အကိုခေါ်ရာနောက်သို့လိုက်ပါသွားသည်။ ခပ်လှမ်းလှမ်းအရောက်တွင်တော့ အကိုဖြစ်သူက မြွေနက်ကြီးဖြစ်သွားပြီး နွယ်နီကလေးကတော့ မြွေဖြူလေးဖြစ်သွားကာ မြေပြင်တွင် လျှောတိုက်လျှက် ထွက်သွားကြသည်။ အလှူကိစ္စပြီးစီး

သဖြင့် မောမောပန်းပန်းနှင့် အိပ်နေသည့် မခင်ဦးမှာ လန့်နိုးလာသည်။ ဘေးနားတွင် အိပ်နေသည့်သမီးလေးကို စမ်းကြည့်လိုက်ရာ သမီးကလေးက နှလုံးမခုန်တော့၊ အသက်မရှုတော့ပေ။

 

“အဖေရေ၊ အမေရေ

လာပါအုံး နွယ်နီကလေး ဆုံးသွားပြီ၊ အီး၊ ဟီး”

 

မခင်ဦး၏ ငိုသံက ညသန်းခေါင်ကျော် အိပ်မောကျနေသည့် ရွာငယ်ကလေးအား ဖုံးလွှမ်းသွားတော့သည်။

 

(ဇ)

 

မခင်ဦးမှာ ဖြေမဆည်နိုင်သော်လည်း သွားသူက သွားပြီမို့ ရွာသချိုင်းတွင် အုတ်ဂူသွင်းပေးထားလိုက်သည်။ မခင်ဦးတို့လဲ မြွေကြီးအန်ချခဲ့သည့် ကျောက်များကိုရောင်းချပြီးနောက် အိမ်တွင် ဈေးဆိုင်ကလေးတစ်ခုတည်ခဲ့သည်။ ရွာထိပ်တွင်လဲ သွားလေသူ နွယ်နီကလေးနှင့် ကိုဖိုးတုတ်အား ရည်စူးကုသိုလ်အဖြစ် ရွာပြင်ဇရပ်ပျက်ကလေးကိုပြန်လည်ပြင်ဆင် ဆောက်လုပ်လှူဒါန်းခဲ့သည်။ ထိုဇရပ်ခေါင်းစီးတွင်တော့ ကွယ်လွန်သူ ဦးဖိုးတုတ်နှင့် မနွယ်နီအားရည်စူး၍ လှူဒါန်းသည်ဟု ကဗ္မည်းရေးထိုးထားလေသည်။ ယခုတိုင် နွယ်နီဇရပ်ဟု သူတို့ရွာသားများက ခေါ်ဆိုကြပြီး ရွာထိပ်တွင်ရှိနေသေးသည်။

 

“သူတို့အိမ်က ကြည့်လိုက်ရင် ဘာမှမဟုတ်ဘူးကွ၊ အလှူတွေလဲလုပ်တာ အကြီးအကျယ်ပဲဆိုတော့ သေချာတာတစ်ခုကတော့ အတွင်းပစ္စည်းတွေ တော်တော်များများရှိရမယ်ကွ”

 

ရွာခံလူမိုက်တစ်ချို့နှင့် အခြားလူမိုက်နှစ်ယောက်တို့တိုင်ပင်ကြသည်။ သူတို့အစီအစဉ်ကို အမြန်စတင်လိုက်သည်။ လကွယ်ညတွင် ဓါးပြခြောက်ယောက် ရုပ်တွေဖျက်ပြီးတော့ အိမ်ပေါ်ကိုတက်လာကြသည်။ ထို့နောက် မခင်ဦးတို့ကို ဖမ်းချုပ်လိုက်ပြီး ဓါးနှင့်ထောက်ထားလိုက်သည်။

 

“ပြောစမ်း၊ ခင်ဗျားတို့ ပစ္စည်းတွေဘယ်မှာလဲ”

 

“ဘာပစ္စည်းမှမရှိပါဘူးရှင် ကျွန်မတို့က ကောင်းရောင်းကောင်းဝယ်လုပ်စားနေတာပါ”

 

“ဟား၊ ဟား ခင်ဗျားတို့ ဗြောင်လိမ်ဗြောင်စားမလုပ်နဲ့၊ ဟေ့ကောင်တွေ တစ်အိမ်လုံးကို ရှာကြကွာ”

 

ဓါးပြတွေလဲ တစ်အိမ်လုံးကိုရှာဖွေလိုက်သည်။ ထိုအခါ ဓါးပြတစ်ယောက်က အော်ဟစ်ပြီး အခန်းထဲမှ ထွက်လာသည်။

 

“သေတ္တာ၊ သေတ္တာထဲမှာ မြွေတွေ၊ မြွေတွေ အများကြီးပဲ”

 

သူတို့ပြောနေစဉ်မှာပင် ထုတ်တန်းပေါ်မှ မြွေသုံးလေးကောင် ပြုတ်ကျလာသကဲ့သို့ ကြမ်းပြင်ပေါ်တွင်လဲ မြွေတွေရောက်လာခဲ့သည်။ နောက်ဆုံး မြွေအနက်ကြီးတစ်ကောင်က အိမ်ပေါ်တက်လာပြီး ပါးပျဉ်းထောင်လိုက်ကာ တရှုးရှုးနှင့်မှုတ်နေသည်။

 

“တောကြီးမြွေဟောက်ကြီးကွ အဆိပ်တွေမှုတ်နေတာဖြစ်မယ်၊ ပြေးကြစို့”

 

ဓါးပြတွေအကုန်ထွက်ပြေးကုန်သည်။ ရွာခံဓါးပြတစ်ယောက်သာ မခင်ဦးတို့ကို ဓါးနှင့်ထောက်ရင်း ကျန်နေခဲ့သည်။ နောက်တော့ ထိုဓါးပြလဲ စူးစူးဝါးဝါးအော်ဟစ်လိုက်သည်။ ထိုဓါးပြ၏ ဇက်ပိုးတွင် မြွေဖြူကလေးတစ်ကောင်က ရစ်ပတ်နေသည်။ ဓါးပြထွက်ပြေးသည့်အခါ မြွေဖြူကလေးက ခုန်ဆင်းလိုက်သည်။

 

“သမီး၊ သမီး နွယ်နီလေး”

 

မခင်ဦးက အော်ဟစ်ပြီးငိုယိုလိုက်သည်။ မြွေဖြူကလေးက မခင်ဦးကိုတစ်ချက်ကြည့်ပြီးနောက် မြွေနက်ကြီးနှင့်အတူ အိမ်ပေါ်မှပြန်ဆင်းသွားတော့သည်။ ဓါးပြတိုက်သူများအနက် ရွာခံဓါးပြမှာ မြွေဆိပ်တက်ပြီးသေဆုံးရှာသည်။ ထိုနောက်ပိုင်းတွင် မခင်ဦးက သူနှင့် နွယ်နီကလေးတွေ့ခဲ့သည့်ဘုရားလေးသို့ မကြာခဏသွားရောက်သော်လည်း မြွေဖြူကလေးကို မတွေ့ရတော့ပေ။

 

မခင်ဦးလဲ နောက်ပိုင်းရွာခံတစ်ယောက်နှင့် အိမ်ထောင်ကျပြီး သားသမီးသုံးယောက်ထွန်းကားခဲ့သည်။ သို့တိုင်အောင် နွယ်နီကလေးကို တစ်နေ့မှ မမေ့နိုင်ခဲ့ပေ။ နွယ်နီကလေး၏ ဓါတ်ပုံကလေးကို မှန်ဘောင်သွင်းပြီး အိမ်မှာထားသည်။

 

ယခုတိုင်အောင် မခင်ဦးလဲ ထိုရွာမှာပင်ရှိနေသေးသလို သူတို့ရွာကလေးလဲ တိုးတက်သင့်သလောက် တိုးတက်လာခဲ့ပြီဖြစ်သည်။ ရွာထိပ် ကတ္တရာလမ်းနံဘေးတွင် နွယ်နီဇရပ်ဟူသည့် ဇရပ်ကလေးတစ်ဆောင်ရှိနေပြီး ထိုဇရပ်ကလေးကိုလဲ မခင်ဦးတို့က တစ်နှစ်တစ်ခါဆိုသလို အမြဲပြုပြင်နေကြ၍ ဇရပ်ကလေးမှာ တောင့်တောင့်တင်းတင်း ခိုင်ခိုင်ခန့်ခန့်နှင့်ရှိနေသေးသည်။ ထိုဇရပ်ကလေးအရှေ့တွင်တော့ အင်္ဂတေနှင့်ပြုလုပ်ထားသည့် မြွေရုပ်ကလေးတစ်ရုပ်ရှိနေပြီး ထိုမြွေရုပ်ကလေးမှာတော့ မြွေမင်းသမီးလေး မနွယ်နီကို ကိုယ်စားပြု၍ ထုလုပ်ထားသည့်အရုပ်ဆိုသည်မှာတော့ မနွယ်နီဇတ်လမ်းကြားဖူးသူတိုင်း သိရှိကြပြီးဖြစ်ပါသည်။ တစ်ခါတစ်ရံတော့ ထိုဇရပ်ကလေးတွင် ခြေထောက်ထော့နဲ့ထော့နဲ့နှင့် အရူးကြီးတစ်ယောက် ထိုင်နေတတ်ပြီး ထိုလူကြီးက ပါးစပ်ကလဲ တတွတ်တွတ် ရွတ်ဆိုနေလေ့ရှိသည်။

 

“နွယ်နီ၊ မြွေမင်းသမီးကလေး နွယ်နီ”

 

ပြီးပါပြီ။

စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီအား အစဉ်လေးစားလျှက်

 

အဂ္ဂဇော်