မှင်စာနီကလေး

မှင်စာနီကလေး(စ/ဆုံး)

————————-
ဤ အကြောင်းအရာသည် မအူပင် မြို့နယ်မှ ရွာကလေး
တစ်ရွာ၌ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကလေးတစ်ခုပင်
ဖြစ်၏။
အသိပေး ပြောကြားသူရဲ့ဆန္ဒအရ ရွာနာမည်အတိအကျ
နှင့် အသိပေးပြောကြားသူရဲ့ နာမည်ကို မဖော်ပြရခြင်းဖြစ်ပါ
၏။

ထိုအဖြစ်အပျက်ကား ဤသို့ပင်ဖြစ်၏။
*** *** *** *** *** *** *** *** *** *** ***

ပန်းရံဆရာကြီး ဦးအောင်သန်းတစ်ယောက် အတော်လေးပင်
ခေါင်းရှုပ်နေ၏။
ဘယ်လိုပင်တွေးတွေးကြံကြံအဖြေက ထွက်မလာပေ။
တပည့်သားတို့က ထင်မြင်ချက်အမျိုးမျိုးပေးကြပေမဲ့၊
ဦးအောင်သန်း က သဘောမတွေ့။

ဦးအောင်သန်းခေါင်းရှုပ်နေရသည့်ကိစ္စကား ……….

ဦးအောင်သန်း တို့အဖွဲ့က သူအပါအဝင် အားလုံး ၁၃ယောက်။
မအူပင်မြို့နယ်မှ ဤရွာကလေးသို့ ဘုန်းကြီးကျောင်းသစ်
ဆောက်လုပ်ရန် ရောက်ရှိနေကြခြင်းဖြစ်၏။

ဘုန်းကြီးကျောင်းမှာ သီးသန့်အသစ်ဆောက်လုပ်ခြင်း
မဟုတ်ပဲ၊ မူလမြေန်ိမ့် ကျောင်းဆောင်ကို လိုအပ်သောနေရာ
ကိုပြုပြင်ပြီး၊
နှစ်ထပ်ကျောင်းဆောင်အဖြစ် ဆောက်လုပ်ရန်ဖြစ်၏။

မူလမြေနိမ့်ကျောင်းဆောင်မှာ နံရံတစ်ချို့ကလွဲလျင်
အကုန်လုံးအကောင်းပကတိပင်။

ဦးအောင်သန်းနှင့် အဖွဲ့ကို တကယ်ခေါင်းရှုပ်စေသည်က…

နေ့လည်က သူတို့လုပ်ထားသမျှ နောက်တစ်နေ့မနက်ရောက်
လျှင် အကုန်လုံး ပျတ်ဆီးထားခံရခြင်းဖြစ်၏။

ဤသို့ ရက်အနည်းငယ်ကြာသည့်တိုင်အောင်ဖြစ်နေ၍
နှစ်ယောက်တစ်တွဲ ကောင်းစောင့် အိပ်ကြသော်လည်း
တရားခံကို မမိပဲ မနက်ရောက်လျင် စောင့်အိပ်နေသူတို့က
ညနေက အိပ်သည့်နေရာတွင် မရှိပဲ မတူညီသော နေရာ
တို့ကို ဘယ်လိုရောက်မှန်းမသိရောက်နေကြ၏။

ထို့ကြောင်း ယနေ့ညတော့ တရားခံကို ဖမ်းဆီးရန်
အစီအစဉ်ဆွဲကြတော့၏။

” ကဲ ငါ့ကောင်တို့ ဒီနေ့ညတော့ တရားခံကို မိမှဖြစ်မယ်၊
တရားခံက ဘယ်သူပဲဖြစ်ဖြစ် အလွတ်ပေးလို့မဖြစ်ဘူး၊
ငါလည်းတော်တော်လဲ ခေါင်းခဲလှပြီ၊
ဒီတော့
ခဲရှိခဲကိုယူ၊ ဒုတ်ရှိ ဒုတ်ကိုယူ၊ လူစုခွဲ၊ ကင်းပုန်းဝပ်မယ်၊
ဒီနေ့ညတော့ တွေ့ကြပြီပေါ့ကွာ”

ဦးအောင်သန်း လက်ထဲ သစ်သားပိုင်းရှည်ကို ကျစ်ကျစ်
ပါအောင် ဆုပ်ကိုင်ကာ ကြုံးဝါးလိုက်၏။
**** *** **** *** **** *****

ထိုနေ့ည၊ ည ၁၂ နာရီ အချိန်။
ဘာမှထူးခြားမလာ၍ အိပ်ငိုက်သူက အိပ်ငိုက်နှင့်ပြီ။

” ဆရာသန်း၊ ခုထိ ဘာမှ မထူးခြားသေးဘူး၊
ဧကန္တတော့ ကျုပ်တို့ စောင့်နေတာသိလို့ မလာတာဖြစ်မယ်၊
ကျုပ် အိပ်ချင်လှပြီဗျ”

” မောင်ဖေ တိုးတိုး နေစမ်းပါကွာ၊ မအိပ်နဲ့အုန်း၊
ငါ့စိတ်ထဲ သိနေတယ်၊ တရားခံ လာကိုလာလိမ့်မယ်ကွ”

ဦးအောင်သန်း က သူ့ဘေးနားမှာရှိတဲ့ မောင်ဖေ ဆိုသူကို
ပြောလိုက်ခြင်းဖြစ်၏။
**** **** **** **** ****

ဤသို့နှင့် ည ၁နာရီ၊ သန်းခေါင်ယံအချိန်သို့ ရောက်လာ၏။

ထိုအခိုက် လေစိမ်းများ တဝေါ ဝေါ တိုက်ခတ်လာ၍
ဘိလပ်မြေဖျော်တဲ့ နေရာရဲ့ အနားမှာရှိတဲ့ ကံ့ကော်ပင်မှာ
အိပ်စက်နားခိုနေကြတဲ့ ညငှက်ကလေးတို့ လန့်ကာ
ထပျံကုန်ကြ၏။

” ဖလပ် ဖလပ် ဖလပ်”

” ဆရာသန်း တစ်ခုခုတော့ ထူးခြားပြီထင်တယ်”
ဦးအောင်သန်း ရဲ့ တစ်ဖက်မှာရှိတဲ့ ပွကြီးဆိုသူက ပြော၏။

” ရှုး တိုး တိုး ၊ မျက်စိရှင်ရှင် ထားကြ”

” အု ဝူး ဝူး ဝူး ”
ကျောင်းတွင်မွေးထားသော ခွေးတို့၏ ဆွဲဆွဲငင်ငင်အူသံက
ကြက်သီးထဖွယ် ထွက်ပေါ်လာပြန်၏။

ခဏကြာတော့ တဝေါ ဝေါ တိုက်ခတ်နေသော လေက
ရုတ်တရက် တိတ်ဆိတ်သွားပြီး၊
ငှက်ဆိုးတစ်ကောင်၏ ကျက်သရေမဲ့စွာ အော်မြည်သံက
ကံ့ကော်ပင်၏ အနီးမှ ထွက်ပေါ်လာပြန်၏။

ထိုအသံများ တိတ်ဆိတ်သွားသောအခါ
ကံ့ကော်ပင်၏ ခြေရင်းမှ အနီရောင်သမ်းနေသော
အလင်းရောင်တစ်ခု ထူးဆန်းစွာ ထွက်ပေါ်လာတော့၏။

” ဟာ၊ ဟေ့ကောင်တွေ ဟိုမှာ ဟိုမှာ ကံ့ကော်ပင်ခြေရင်း
မှာ”
ဦးအောင်သန်း အသံခပ်အုပ်အုပ်ဖြင့်ပြောလိုက်၍
အားလုံးက အနားကပ်လာကာ ကံ့ကော်ပင်ခြေရင်းကို
မျက်တောင်မခတ်စိုက်ကြည့်နေကြတော့၏။

” ဟာ၊ ဘာကြီးလဲ၊ ဘာအကောင်ကြီးလဲ၊ ဆရာသန်း၊
အဲဒါ ဘာလဲ”
ကံ့ကော်ပင်မှ ထွက်လာသော အရာကိုမြင်၍ ပွကြီး
တစ်ယောက်ကြက်သီး ဗျန်းကနဲထသွား၏။

သူတို့မြင်နေရသည်က ………….

အသားအရည် အနီရောင် ကိုယ်ဝတ်အနီရောင် မျက်လုံး
ပြူးပြူး နားရွက်ခပ်ကားကား ခပ်ချွန်ချွန်၊ ဦးထိပ်မှာ
တစ်ထွာခန့်အမောက်ကလေးပါရှိပြီး၊ အရပ်အမောင်းက
တတောင်ကျော်ကျော်ခန့်သာရှိသည့် မှင်စာကလေး
တစ်ကောင်ကိုပင်တည်း။

ထိုမှင်စာကလေး၏ အမောက်ကလေးမှ အရောင်ထွက်နေပြီး
နှာခေါင်းဟု သီးခြားမပါရှိပဲ၊
နှာခေါင်းနေရာ၌ တြိဂံကဲ့သို့ အပေါက်ကလေးနှစ်ခုပါရှိပြီး၊
ပါးစပ်မှာလည်း သာမန်ထက် ကျယ်နေပြီး၊
အပြင်ကို ထွက်လုလုဖြစ်နေသော ချွန်ထက်နေသော
သွားများကိုလည်း မြင်ရသေး၏။

” ဟိ ဟိ ဟိ ”

မှင်စာနီကလေးမှာ တဟိဟိရယ်ကာ ခုန်ပေါက်ပြီး
ဦးအောင်သန်း တို့ နေ့လည်က ဆောက်လုပ်ထားသော
နံရံသစ် နားသို့ ချည်းကပ်လာနေ၏။

” ဆရာသန်း၊ ကျုပ်တို့ ဘာလုပ်ကြမလဲ၊ ကြည့်ရတာ
သရဲလား တစ္ဆေလား သဘက်လား မသိဘူး၊ ကျုပ်
ကြောက်တယ်ဗျ”
မောင်ဖေ က ထိတ်လန့်စွာပြော၏။

” အင်း၊ ငါကြားဖူးသိဖူးသလောက်ဆိုရင်၊ အဲဒါ သရဲလည်း
မဟုတ်ဘူး၊ တစ္ဆေလည်းမဟုတ်ဘူး၊ မှင်စာဟ၊ မှင်စာ၊
လက်စသတ်တော့ ဒင်းလက်ချက်ကိုး၊

အဲအကောင် ဘာလုပ်မလဲ စောင့်ကြည့်ရတာပေါ့၊
ဟေ့ကောင်တွေ ငါမပြောမချင်း ဘာမှမလုပ်ကြနဲ့၊
ဟုတ်ပြီလား”

ဦးအောင်သန်းတို့အဖွဲ့ ငြိမ်သက်စွာစောင့်ကြည့်နေလိုက်ကြ
၏။
မှင်စာနီကလေးမှာ နံရံသစ်နားရောက်တော့
” တဟိ ဟိ” ရယ်ကာ နံရံသစ်ပေါ် ခုန်တတ်ပါတော့၏။

နံရံပေါ် ရောက်သည်နှင့် ခုန်ပေါက်ပြီး ဟိုဘက်သည်ဘက်
ပြေးကာ ဆော့ကစားနေပြန်၏။

အတန်ကြာအောင် ပြေးပြီးတဲ့ခါ အုတ်ချပ်များ တစ်ချပ်ချင်း
ပြုတ်ထွက်လာပြီး နံရံ တစ်ခုလုံးပြိုကျလာပါတော့၏။

ထိုအခါ မှင်စာကလေးမှာ ပြုတ်ကျပြီးသော အုတ်ချပ်များကို
ကောက်ကာ ပြန်လည်စီပြန်၏။

ပြန်စီ၍ မရသောအခါ စိတ်ဆိုးသော အသံဖြင့်
” ဝူး ဝူး ဝါး ဝါး” မြည်ပြီး၊
ဒုတိယ နံရံကို ခုန်တတ်ပြန်၏။

ထိုအခါ
ဦးအောင်သန်း က ” ဟေ့ကောင်တွေ အဲအကောင်
နောက်ထပ်နံရံတစ်ခုကို ဖျတ်ဆီးတော့မယ် ဝိုင်းကြဟ”ဟု

ညာသံပေးကာ ဝိုင်းထားလိုက်ကြတော့
မှင်စာနီကလေးမှာ သူ့ကိုလူတွေတွေ့သွား၍လားမသိ
” ဂိဂိ ဂစ်ဂစ်” အသံမျိုးစုံထွက်ကာ ၊ နံရံအပေါ်မှ ခုန်ချပြီး
မြေကြီးထဲ ငုပ်ချိုးဝင်သွားတော့၏။

” ဆရာသန်း၊ ဆရာသန်း မှင်စာ ဘယ်ရောက်သွားတာလဲ
မှင်စာ ဘယ်ရောက်သွားတာလဲ”
တစ်ယောက်က အော်ပြော၏။

” ငါလည်း မသိဘူးဟ၊ အကုန်လုံးရှေ့မှာ မြေကြီးထဲ ဝင်သွား
တာ မင်းတို့လဲအတွေ့ပဲ၊
စောင့်ကြည့်ထား ပေါ်တာနဲ့ ရိုက်သာရိုက်၊ ငါတို့ကို ဒုက္ခပေးတဲ့
အကောင်၊ မှတ်သားလောက်အောင် ဆုံးမရတာပေါ့ကွာ ”

ဦးအောင်သန်း မှာ ပြောပြောဆိုဆိုနှင့် နောက်ကိုကြည့်လိုက်
တော့ မှင်စာနီကလေး ရပ်နေတာကို တွေ့ရ၍ အားကုန်ရိုက်
ထည့် လိုက်ပါတော့၏။

” အား၊ ဆရာသန်း ကျုပ်ကို ဘာလို့ ရိုက်တာလဲဗျ”

” ဟာ၊ မောင်ဖေ မင်းလား၊ စောနက ငါမှင်စာကလေးကို တွေ့
လိုက်လို့ဟ”
ပြောနေရင်း နှင့် နောက်တစ်ယောက်က တစ်ခြားတစ်ယောက်ကို
ရိုက်သံထွက်ပေါ်လာပြန်၏။

” မင်းဝေ ငါ သန်းတင် ဟ အာ နာလိုက်တာကွ၊ ဘာလို့ ငါ့ကို
ရိုက်တာလဲဟ ”

” ဟာ၊ သန်းတင် ငါလည်း မှင်စာကောင်ကို တွေ့လို့ဟ”

ဤသို့ တစ်ယောက်ကို တစ်ယောက် မှင်စာနီ အမှတ်နဲ့ ရိုက်ကြ
ပြန်၏။
” အာ၊ နာလိုက်တာကွာ၊ ဟေ့ကောင်တွေ၊ ငါပါဟ မင်းတို့ဆရာ
အောင်သန်းပါဟ၊
အင်း ဒီအတိုင်းဆို မလွယ်ဘူး၊ အဲအကောင် ငါတို့ အမြင်တွေကို
ညို့ယူဖမ်းစား လှည့်စားနေတာပဲ၊ သတိထားကြဟေ့”

” ခွပ်” ” အား ”

ဦးအောင်သန်း ၏ စကားမဆုံးမီမှာပင် ပွကြီးက ဦးအောင်သန်းကို
ရိုက်ပြန်၏။

” အောင်မလေး၊ သေပါပြီ၊ ဟေ့ကောင် ပွကြီး ငါပါဟ၊
တောက်စ် ၊ ခတ်တာပဲ ”

ဦးအောင်သန်းမှာ ဦးခေါင်းကို လက်နဲ့ပွတ်သပ်ကာ ညဉ်းနေတုန်း
သူ့တပည့်တွေက တစ်ယောက်ကို တစ်ယောက်ရိုက်ကြပြန်
တော့၏။

” ဟိ ဟိ ဟိ ”

မှင်စာနီကလေး၏ သဘောကျစွာ ရယ်မောသံက
ဟိုနားသည်နားက ထွက်ပေါ်လာပြန်၍၊
ဦးအောင်သန်းတို့က အသံထွက်လာရာကို ရိုက်ထည့်ကြပေမဲ့
မှင်စာကလေးကို မထိပဲ ကို့လူကိုချည်းရိုက်မိပြန်တော့၏။
*** *** **** *** *** **

နောက်တစ်နေ့မနက် ဆရာတော်ဘုရားကြွလာ၏။
ဆရာတော်ဘုရားက တစ်ခြားတစ်ကျောင်းမှာ ခေတ္တခဏသီတင်း
သုံးနေတော်မူခြင်းဖြစ်၏။
ထိုရွာကလေးမှာ တောင်ကျောင်း မြောက်ကျောင်းဟု ရှိပြီး
ယခုကျောင်းကား မြောက်ကျောင်းဖြစ်၏။

” ဟေ့ ဒကာတို့ ရုပ်ပျက်ဆင်းပျက်နဲ့ အကုန်လုံးလည်း ဒဏ်ရာ
တွေနဲ့ပါလား ဘယ်လို ဖြစ်ကြတာတုန်း”

တစ်ကယ်တော့ ဦးအောင်သန်း တို့က မနေ့ညက တစ်ယောက်ကို
တစ်ယောက် မှင်စာအမှတ်နဲ့ ရိုက်ရင်း ထိုနေရာပင် အကုန်လုံး
သတိမေ့လျော့သွားကြခြင်းဖြစ်ပြီး၊
ဆရာတော်ဘုရား မကြွလာမီ သတိရနေကြခြင်းဖြစ်၏။

” တင်ပါ့ဘုရား၊ အဖြစ်ကတော့ တော်တော်လည်း ဆိုးပါတယ်
ဘုရား၊
အား ကျွတ် ကျွတ် နာလိုက်တာ”

ဦးအောင်သန်း က ညဉ်းညူရင်း ဆရာတော်ဘုရားအား
ဖြစ်ကြောင်းကုန်စင်ကိုလျောက်ထားလိုက်တော့၏။

” အိမ်း၊ ကိုယ်တော်ရဲ့ ဆရာကတော့ မှင်စာနီအကြောင်း ကို
မိန့်ဖူးတယ်၊ ဒါပေမဲ့ ဘယ်သူမှ မကြုံဖူးမတွေ့ဖူးတာ နှစ်တွေလည်း
ကြာရောပေါ့၊

ဧကန္တတော့ ဒကာတို့ ဒီကျောင်းသို့ ရောက်တဲ့နေ့က ဘုန်းကြီး
ကျောင်းနဲ့ မသက်ဆိုင်တာ တစ်ခုခုကိုလုပ်လိုက်မိကြတယ်
ထင်တယ်”

ဆရာတော်ဘုရားက ထိုသို့ မိန့်တော့ ဦးအောင်သန်းက သူ့လူ
တွေကို ကြည့်လိုက်ပြီး၊

” ဟေ့ကောင်တွေ၊ မင်းတို့ ငါမသိဘဲ ဘာတွေလုပ်ထားကြသေး
တုန်း ၊ မြန်မြန်ပြောနော် ငါသိပ်စိတ်မရှည်ဘူး၊
အား ကျွတ် ကျွတ် ”

” ဆရာ ဆရာ ကျုပ်တို့ကို ခွင့်လွှတ်ပါဗျာ၊ ကျုပ်တို့ ကျုပ်တို့
ရောက်တဲ့နေ့က ဆရာမသိအောင် အရက် အရက်”

“တိတ်စမ်း မောင်ဖေ၊ မင်းတို့ကွာ ”
ဦးအောင်သန်း ကြိမ်းလိုက်၏။

” ဖြစ်ရမယ်၊ ဒါ့ကြောင်း ဘယ်သူ့ကိုမှ ဒုက္ခမပေးတတ်တဲ့
မှင်စာနီကလေးက ဒကာ တို့ကို ဒုက္ခပေးနေတာကိုး၊

ကဲ ကဲ ဖြစ်ပြီးတာကိုတော့ထားလိုက်တော့၊ နောက်နောင်
ဒီလိုမဖြစ်ကြစေနဲ့ပေါ့ကွယ်၊
ဘုန်းကြီး မှင်စာကလေးနေတဲ့ ကံ့ကော်ပင်မှာ တရားစကား
သွားဟောပြောပေးမယ်၊

ဒကာတို့လည်း တောင်းပန်လိုက်ကြအုန်း၊
ဆင်ခြင်ကြကွယ်တို့ တင်ခြင်ကြ၊

အင်း၊ မသေကောင်းမပျောက်ကောင်း၊
ဒဏ်ရာတွေကို ဆေးထည့်ကြ၊ ပြီးရင် သီလ လာယူလှည့်
ပြီးမှ တောင်းပန်လိုက်ကြ”

“တင်ပါ့ဘုရား”
” မှန်ပါ့ဘုရား”

ဦးအောင်သန်း ကတော့ တပည့်တွေကြိမ်းဝါးလျက်။
*** *** *** *** ***

ဦးအောင်သန်း တို့လည်း ဆရာတော်ဘုရားဆီမှ ငါးပါးသီလ
ခံယူဆောက်တည်ကြပြီး၊ ကံ့ကော်ပင်ဆီသို့ သွားကာ မှင်စာနီ
ကလေးအား အနူးအညွတ်တောင်းပန်လိုက်ကြ၏။

တောင်းပန်စကားတိုနေတုန်း လေမတိုက်ပါပဲ ကံ့ကော်ပင်မှာ
ထူးဆန်းစွာ လှုပ်ခတ်သွားသည်ကို အားလုံးအံ့သြသင့်စွာတွေ့
မြင်လိုက်ကြရတော့၏။

ထိုနေ့မှစ၍ မည်သည့်အနှောက်အယှက်မှ မကြုံရတော့ပေ။

ဦးအောင်သန်းတို့လဲ မနက်ခင်း အလုပ်စမယ်လုပ်တိုင်း
နေ့စဉ် ဆရာတော်ဆီမှ ငါးပါးသီလ ခံယူပြီးမှ အလုပ်စကြ၍၊

များမကြာမီမှာပင် ပြီးစီအောင်မြင်သွားလေတော့သတည်း။။
*******************************
***** ***** ***** ***** ***** ***** ***** ***

{ ပြီးပါပြီ }

ရွှင်လန်းချမ်းမြေ့ကြပါစေ။။

အစဉ် ထာဝရ ရိုသေ လေးစားစွာဖြင့် = wizard